← Chapters

ငါ့ကို လူကြီးလူကောင်း မဟုတ်ဘူးလို့ ဘယ်သူ ပြောရဲလဲ

Vol. 19 Ch. 187

ငါ့ကို လူကြီးလူကောင်း မဟုတ်ဘူးလို့ ဘယ်သူ ပြောရဲလဲ

Vol. 19 Ch. 187

“ အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုချန် “

တိတ်ဆိတ်မှုကို ရွှီချိုက်ချန်က ပထမဆုံး ဖြိုခွင်းလိုက်သည်။

“ ငါ... ငါ ရှုံးသွားပြီ “

ချန်ကျွမ်းသည် သူ့လည်ပင်းတွင် နာကျင်မှုကို ခံစားလိုက်ရ၏။ ထို့နောက် ချွေးများ ရွှဲနစ်နေလျက် ရွှီချိုက်ချန်ကို တစ္ဆေသရဲတစ်ကောင်ကဲ့သို့ စိုက်ကြည့်ကာ ပြောလိုက်သည်။

သောင်းပြောင်းပညာရပ်ဌာနမှ လူများက ဤကဲ့သို့သော အကြိုပွဲစဉ်မျိုးတွင် မပါဝင်သင့်ပေ။

စင်အောက်ရှိ ပရိသတ်များမှာ မှင်တက်သွားကြပြန်သည်။ ပြိုင်ပွဲကို အေးအေးဆေးဆေး ကြည့်ရှုရန် အခွင့်အရေး မရလိုက်ခင်မှာ တိုက်ပွဲက ပြီးဆုံးသွားသည်။

သူတို့နှစ်ဦး အသက်ရှူကြိမ် သုံးကြိမ်ပင် မပြည့်မီ အချိန်လေးမှာပင် တိုက်ခိုက်ပြီးသွားခဲ့သည်။ သူတို့နှစ်ယောက် ငါတို့ကို လာနောက်နေတာလား။

ထိုအခိုက်အတန့်တွင် ဒိုင်လူကြီး၏ အသံက စင်မြင့်ထက်မှ ထွက်ပေါ်လာသည်။

“ ရွှီချိုက်ချန် အနိုင်ရပါတယ် “

ရွှီချိုက်ချန်က သူ့လက်ထဲရှိ ဓားတိုကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး ပြိုင်ဘက်ကို အရိုအသေပေးကာ စင်မြင့်ပေါ်မှ ဆင်းသွားသည်။

စင်မြင့်ပေါ်မှ ဆင်းလာပြီးနောက် ချန်ကျွမ်း နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ ထိုဓားချက်က သူ့ကို သေမင်းနှင့် ချည်တစ်မျှင်စာမျှသာ ကွာဝေးတော့သည့်အလား ခံစားလိုက်ရစေသည်။

ထိုအချိန်တွင် ခန္ဓာကိုယ်သန့်စင်ခြင်းဌာနမှ တပည့်များ ဝိုင်းအုံလာကြပြီး တစ်ယောက်တစ်ပေါက် မေးလာကြသည်။

“ စီနီယာအစ်ကိုချန်... အဆင်ပြေရဲ့လား “

“ စီနီယာအစ်ကိုချန်... စောစောက ဘာလို့ အသက်ရှူကြိမ် သုံးကြိမ်လောက်ပဲ ခံနိုင်လိုက်တာလဲ “

“ … “

အသက်ရှူကြိမ် သုံးကြိမ် ဟု ပြောလိုက်သည်နှင့် ချန်ကျွမ်း၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူက ထိုလူကို ဒေါသတကြီး ကြည့်ပြီး ပြောသည်။ “ ဟမ့်... ငါက အားနည်းတယ်လို့ မင်း ထင်နေတာလား “

“ တကယ်လို့ မင်းသာ အဲဒီပေါ် တက်သွားရင် အသက်ရှူကြိမ် တစ်ကြိမ်တောင် ခံနိုင်မှာ မဟုတ်ဘူး။ ထိပ်ဆုံး အယောက်တစ်ရာ စာရင်း မတိုင်ခင် စီနီယာအစ်ကိုရွှီ ကို အသက်ရှူကြိမ် ငါးကြိမ်အထိ တောင့်ခံနိုင်တဲ့သူ ရှိရင် သူ့ကို ငါ အစ်ကိုကြီးလို့ ခေါ်လိုက်မယ် “

အသက်ရှူကြိမ် ငါးကြိမ်ခံနိုင်တာကို အစ်ကိုကြီးဆိုပါလား။

လူတိုင်း၏ မျက်နှာသည် ထူးဆန်းသွားကြသော်လည်း စီနီယာအစ်ကိုချန်၏ ရှက်ရွံ့နေသော ပုံစံကို မြင်သောအခါ မည်သူကမျှ ဆက်လက်၍ မမေးမြန်းကြတော့ပေ။

ထိုအချိန်တွင် ရွှီချိုက်ချန်သည် ပွဲကြည့်စင်ဆီသို့ ပျံသန်းလာသည်။ သူ ဆင်းသက်လိုက်သည်နှင့် ယဲ့ပေရွှမ်နှင့် နျဲ့ရှို့ယွမ်တို့က သူ့ကို လာရောက် နှုတ်ဆက်ကြသည်။

“ ဂုဏ်ပြုပါတယ် ဂျူနီယာညီလေး “

“ အစကောင်းတဲ့အတွက် ဂုဏ်ပြုပါတယ် စီနီယာအစ်ကိုရွှီ “

ရွှီချိုက်ချန် ပြုံးလိုက်ပြီး ပြောသည်။ “ အခြေအနေကို စမ်းသပ်ကြည့်ရုံပါ၊ သိပ်မထူးခြားပါဘူး။ ကျွန်တော် ထိပ်ဆုံး အယောက်တစ်ရာ စာရင်းထဲ ဝင်သွားတဲ့အခါမှ ဆရာတူဦးလေးနျဲ့ နဲ့ စီနီယာအစ်ကိုတို့ ကျွန်တော့်ကို ဂုဏ်ပြုပါ “

ရွှီချိုက်ချန်သည် ယခင်ကလိုပင် နှိမ့်ချပြီး လူကြီးလူကောင်း ပီသနေဆဲ ဖြစ်သည်ကို မြင်သောအခါ ယဲ့ပေရွှမ်က စကားစလိုက်သည်။

“ ဂျူနီယာညီလေးရွှီ... မင်း နိုင်သွားတာ မှန်ပေမဲ့ တိုက်ပွဲ မစခင်မှာ မင်းရဲ့ တိုက်ကွက်တွေကို ပြောပြလိုက်တာက ပညာရှင်ဆန်တဲ့ လုပ်ရပ်မျိုး မဟုတ်ဘူးနော် “

ပတ်ဝန်းကျင်ရှိ ဌာန အကြီးအကဲများနှင့် တပည့်များက ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။ သူတို့၏ အမြင်တွင် ရွှီချိုက်ချန်၏ အပြုအမူသည် ထူးဆန်းလွန်းသည်။

ရွှီချိုက်ချန်က ငြင်းခုံမနေတော့ပေ။ သူ လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ စီနီယာအစ်ကို ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက အပြင်စည်း ပြိုင်ပွဲလေ။ ကျွန်တော်တို့ အားလုံးက ဂိုဏ်းတူတပည့်တွေပဲဟာ။ ကျွန်တော်က ဘယ်သူ့ကိုမှ မထိခိုက်စေချင်လို့ တမင်တကာ သတိပေးလိုက်တာပါ “

စကားတစ်ဝက်တွင် သူက ခဏရပ်လိုက်ပြီး ဆက်ပြောသည်။ “ သေချာတာပေါ့။ ရန်သူနဲ့ ရင်ဆိုင်ရမယ် ဆိုရင်တော့ သတိပေးမှာ မဟုတ်သလို သူတို့ကိုလည်း အရင်ဆုံး တိုက်ခိုက်ခွင့် ပေးမှာ မဟုတ်ဘူး။ စကားပုံ ရှိတယ်လေ။ လူတစ်ယောက်ကို တမလွန်ဆီ မပို့ခင်မှာ လေးစား ပေးနိုင်တယ်ဆိုရင် လူကြီးလူကောင်း မဟုတ်ဘူးလို့ ဘယ်သူ ပြောရဲလဲတဲ့ “

ထိုသို့ပြောလိုက်သည်နှင့် ပွဲကြည့်စင်ပေါ်ရှိ လူတိုင်းက ရွှီချိုက်ချန်ကို ကြည့်လိုက်ကြသည်။

ယဲ့ပေရွှမ်မှာ ပြောစရာ စကားစမဲ့သွားသည်။ သူ၏ ဂျူနီယာညီလေးသည် စာအုပ်ကြီးဆန်လွန်းပြီး သိုင်းပြိုင်ပွဲ တစ်ခုတွင်ပင် စည်းကမ်းကို ဂရုစိုက်နေသေးသည်ဟု သူ မူလက ထင်ထားခဲ့သည်။

သို့သော် ယခုအခါ ရွှီချိုက်ချန်ကြောင့် သူ အံ့အားသင့်သွားသည်။

စိတ်ကူးထဲတွင် ဂျူနီယာညီလေးက လက်သီးဆုပ်ကာ အရိုအသေပေးပြီးနောက် နောက်တစ်စက္ကန့်တွင် အင်္ကျီလက်ထဲမှ ဓားတစ်လက်ကို ထုတ်ကာ ပြိုင်ဘက်ကို ခုတ်ပိုင်းလိုက်မည်အား သူ ကြိုတင် မြင်ယောင်နေမိသည်။

ထို မြင်ကွင်းက ထိတ်လန့်စရာ ကောင်းလွန်းလှသဖြင့် ယဲ့ပေရွှမ် တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

“ ပြောတာ ကောင်းတယ်။ လူတစ်ယောက်ကို တမလွန်ဆီ မပို့ခင်မှာ လေးစား ပေးနိုင်တယ် ဆိုရင် လူကြီးလူကောင်း မဟုတ်ဘူးလို့ ဘယ်သူ ပြောရဲလဲ “

မလှမ်းမကမ်းမှ အကြီးအကဲပင်း၏ အသံ ထွက်ပေါ်လာသည်။ သူမက ရယ်မောလျက် ပြောလိုက်သည်။ “ တူ‌လေးရွှီ က တကယ်ကို အမျိုးကောင်းသား တစ်ယောက်ရဲ့ အမူအကျင့် ရှိတာပဲ။ မသတ်ခင်မှာတောင် လေးစားမှုကို ပေးသေးတယ်။ ငါတို့ရဲ့ ဝမ်တောက်ကျောင်းတော် မှာ ဒီလို ပါရမီရှင်မျိုးကို မတွေ့ရတာ ကြာပြီ “

အနီးနားရှိ အကြီးအကဲ အချို့ကလည်း သဘောတူညီလိုက်ကြသည်။

“ စာပေတာအိုကို ဒီလိုမျိုး သုံးလို့ရမယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။ တူလေးရွှီ... မင်းက ငါတို့ကို အမြင်ကျယ်အောင် လုပ်ပေးလိုက်တာပဲ “

“ အနာဂတ်မှာ မင်းရဲ့ ရန်သူတွေ မသေခင်လေးမှာ ဘယ်လောက်တောင် မျှော်လင့်ချက် မဲ့သွားမလဲ ဆိုတာကို ငါ မြင်ယောင်ကြည့်လို့ ရနေပြီ “

“ အခုကစပြီး တူလေးရွှီ ကို အမျိုး‌ကောင်းသားဓားသမား လို့ ခေါ်သင့်တယ် “

ရွှီချိုက်ချန် “ ... “

သူ လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။

‘ ငါ လုပ်တာ တစ်ခုခု မှားနေလို့လား။ ဘာလို့ လူတိုင်းရဲ့ ချီးကျူးစကားတွေက နည်းနည်း ထူးဆန်းနေသလို ခံစားရတာလဲ ‘

သူ တွေးလိုက်သည်။

အပြင်စည်းပြိုင်ပွဲက အရှိန်အဟုန် အပြည့်ဖြင့် ကျင်းပနေသည်။

ရွှီချိုက်ချန်သည် ပြိုင်ဘက်တိုင်းကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ သူ ဘာလုပ်မည်ကို လူတိုင်း အတိအကျ သိနေသော်လည်း သူ့ဓားက မြန်ဆန်လွန်းလှသဖြင့် မည်သူကမျှ မကာကွယ်နိုင်ခဲ့ချေ။

ချန်ကျွမ်း မမျှော်လင့်ထားခဲ့သောအရာမှာ သူ၏ ပေါ့ပေါ့ပါးပါး ညည်းညူမှုက အမှန်တကယ်ဖြစ်လာခဲ့ခြင်းပင်။

ရွှီချိုက်ချန်၏ ပြိုင်ဘက် တစ်ယောက်မျှ အသက်ရှူကြိမ် ငါးကြိမ်ထက် ပို၍ မတောင့်ခံနိုင်ခဲ့ကြပေ။

အံ့ဩစရာမကောင်းစွာ ရွှီချိုက်ချန်သည် ထိပ်ဆုံး အယောက်တစ်ရာ စာရင်းသို့ ဝင်ရောက်သွားသည်။ တပည့်များအတွက် တစ်ရက်တာ အနားယူပြီးနောက် ထိပ်ဆုံး အယောက်တစ်ရာ ပြိုင်ပွဲကို တရားဝင် စတင်ခဲ့သည်။

ယဲ့ပေရွှမ်သည် ဂပြိုင်ပွဲ၌ ပထမဆုံး ပွဲစဉ်ကို ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ သူ့ပြိုင်ဘက် နာမည်ကို မြင်လိုက်ရသည့် အခိုက်တွင် တီးတိုးရေရွတ်လိုက်သည်။ “ ဒါက ကံကြမ္မာပဲလား “

၎င်းကို ကြားသောအခါ ရွှီချိုက်ချန်နှင့် နျဲ့ရှို့ယွမ် တို့ နှစ်ဦးစလုံးက ယဲ့ပေရွှမ်ကို လှည့်ကြည့်လိုက်ကြသည်။

နျဲ့ရှို့ယွမ် ယဲ့ပေရွှမ်၏ ပြိုင်ဘက် နာမည်ကို အသံထွက် ဖတ်လိုက်ပြီးနောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် မေးလိုက်သည်။ “ ဂျူနီယာညီလေးယဲ့ ဒီမိန်းကလေးက မင်းကို စေ့စပ်ပွဲ ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တာလား “

“ … “

ယဲ့ပေရွှမ်က နျဲ့ရှို့ယွမ်ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ “ ဆရာတူဦးလေးနျဲ့.. ဘာကို ဆိုလိုတာလဲ။ ကျွန်တော်နဲ့ သူ့ကြားမှာ ဘာမှမရှိပါဘူး “

၎င်းကို ကြားပြီးနောက် နျဲ့ရှို့ယွမ်က စိတ်ပျက်သွားသည်။ “ ငါက အရက်သောက်ရင်း ခံစားလို့ရမဲ့ အချစ်အမုန်း ဇာတ်လမ်းလေး တစ်ခုခုကိုမျှော်လင့်နေတာ။ သာမန် ပွဲစဉ်တစ်ခု သက်သက် ဖြစ်နေတာပဲ။ ပျင်းစရာကောင်းလိုက်တာ။ တကယ့်ကို ပျင်းစရာကောင်းတာပဲ “

“ … “

ယဲ့ပေရွှမ်မှာ ပြောစရာ စကားစမဲ့သွား၏။ ‘ဆရာဦးလေးနျဲ့က ဘာလား’

မကြာမီ ထိပ်ဆုံးအယောက်တစ်ရာ ပွဲစဉ် စတင်လာသည်။ ယဲ့ပေရွှမ် နှင့် စုချင်း။

ယဲ့ပေရွှမ်သည် ခံစားချက် ကင်းမဲ့စွာဖြင့် စင်မြင့်ပေါ်သို့ တက်လှမ်းလာပြီး လက်နှစ်ဖက်နောက်ပစ်ကာ မြင့်မြတ်ပြီး အထီးကျန်ဆန်သော ဟန်ပန်ဖြင့် စုချင်းကို အေးစက်စွာ ကြည့်လိုက်သည်။

ထိုအကြည့်သည် စုချင်း၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားသည်။

သူမ၏ပုံရိပ်ကို လျစ်လျူရှုကာ ပြောလိုက်သည်။ “ ယဲ့ပေရွှမ် နင့်မျက်နှာပေါ်က အဲဒီ ရွံစရာကောင်းတဲ့ အကြည့်ကို ဖယ်လိုက်စမ်း။ ဒီနေ့ နင့်လို လူမျိုးက တစ်သက်လုံး ငါ့ကို မော့ကြည့်နေရုံကလွဲပြီး ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး ဆိုတာ ပြမယ် “

သူမ၏ စကားများက လူအုပ်ကြီးကို မှင်တက်သွားစေသည်။

ပြိုင်ပွဲကို ကြည့်ရှုနေသူတိုင်း အံ့အားသင့်သွားကြပြီး စုချင်းကို အရူးတစ်ယောက်အလား ကြည့်နေကြသည်။

လူအများက ပြင်းပြင်းထန်ထန် ဆွေးနွေးလာကြသည်။

“ဂျူနီယာညီမလေးစုချင်းက ခေါင်း တစ်ခုခု မှားနေတာလား “

“ အဲဒီလိုပဲ ထင်တယ်။ သောင်းပြောင်းပညာရပ်ဌာန က တပည့် တစ်ယောက်ကို ဒီလိုမျိုး ရန်စတဲ့သူ တစ်ခါမှ မမြင်ဖူးဘူး။ နောက်ဆုံး အဲဒီလို လုပ်ခဲ့တဲ့ စီနီယာအစ်ကို ကတော့ သူ့ရဲ့ တာအို နှလုံးသား တစ်စစီ ကွဲကြေသွားတယ် “

“ … “

ယဲ့ပေရွှမ်က စနောက်သလို ပြုံးကာ ပြောလိုက်သည်။ “ စုချင်း... စိတ်လွတ်သွားတာက မင်း ဖြစ်နေပုံပဲ။ အခုချိန်ထိ ငါတို့ကြားက ကွာဟချက်ကို နားမလည်သေးဘူး။ ကောင်းပြီလေ၊ ဒီနေ့ မင်းကို သတိဝင်လာအောင် ကူညီပေးမယ်။ ဝမ်တောက်ကျောင်းတော်မှာ ဒီသုံးနှစ်အတွင်း မင်း ဘာတွေ သင်ယူခဲ့လဲ ဆိုတာကို ငါ့ကို ပြစမ်း “

“ ဒါဆို သေချာ ကြည့်ထား “

စုချင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ အရှိန်အဝါက မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာသည်။

ကလန်။

ဓားမြည်သံ တစ်ခုနှင့်အတူ စုချင်း၏ လက်ထဲရှိ ဓားရှည်ထံမှ ဓားစွမ်းအင် တစ်ခု ထွက်ပေါ်လာပြီး၊ ယဲ့ပေရွှမ်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် တိုးဝင်လာတော့သည်။

All Chapters