← Chapters

ဒီနှစ် တပည့်သစ်လေးတွေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ

Vol. 19 Ch. 190

ဒီနှစ် တပည့်သစ်လေးတွေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ

Vol. 19 Ch. 190

“ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော် ဘာမှမလုပ်နိုင်တော့ဘူး”

နျဲ့ရှို့ယွမ်က ပြောလိုက်၏။

ထိုခဏ၌ သူသည် ဆယ်စုနှစ်ပေါင်းများစွာ အိုမင်းသွားသယောင် ထင်မှတ်ရသည်။

သူ့ဆရာ ပြောခဲ့သည်မှာ မှန်ကန်ပေသည်။

အကယ်၍ လက်တွေ့ဘဝမှ ထွက်ပြေးတိမ်းရှောင်ခြင်းကပင် သူ့ကို မပျော်ရွှင်စေနိုင်လျှင် သူ့ဘဝက ဘာအဓိပ္ပာယ်ရှိတော့မလဲ။

ချူဖုန်းက ပြုံးကာ ပြော၏။ “မင်း ဘာမှမလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ မင်း ဝိုင်ချက်တတ်တယ် မဟုတ်လား”

“ဒီဆင်ခြေကိုသုံးပြီး ငါ့အတွက် ဝိုင်မချက်ပေးဘဲ နေလို့ရမယ် မထင်နဲ့။ မင်းကို ပြင်ပရေးရာဌာနကနေ ဒီကိုပြောင်းလာနိုင်ဖို့ ငါ တော်တော်လေး အားထုတ်ခဲ့ရတာ။ တကယ်လို့ မင်းက မြင့်မြတ်ဝိုင်တစ်အိုးတောင် မချက်ပေးနိုင်ဘူးဆိုရင် ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေက အလကား ဖြစ်ကုန်မှာပေါ့”

မြင့်မြတ်ဝိုင်။

ထိုစကားလုံးများကို ကြားလိုက်ရချိန်တွင် နျဲ့ရှို့ယွမ်၏မျက်လုံးများ တောက်ပလာသည်။

အကယ်၍ သူ ဂရုစိုက်မိသေးသည့်အရာတစ်ခု ရှိနေသေးသည်ဆိုလျှင် ၎င်းမှာ မြင့်မြတ်ဝိုင်ကို ချက်လုပ်ခြင်းနှင့် ထိုဝိုင်ကို သောက်သုံးပြီး ယစ်မူးဖွယ်ရာ အိပ်မက်ဆန်သော ခံစားချက်ကို တစ်ဖန်ပြန်လည် ခံစားလိုခြင်းပင်။

သူသည် ချူဖုန်းကို ရိုသေစွာ ဦးညွှတ်လိုက်၏။ “ဆရာ... မြင့်မြတ်ဝိုင်ကို အမြန်ဆုံး ချက်လုပ်နိုင်အောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်”

ချူဖုန်းက အသာအယာ ခေါင်းငြိမ့်ပြကာ ယဲ့ပေ့ရွှမ်ဘက်သို့ အကြည့်လွှဲလိုက်၍ မေးသည်။ “ပေ့ရွှမ်... မင်းရော ဘာမေးချင်တာ ရှိသေးလဲ”

ယဲ့ပေ့ရွှမ်က ပြတ်သားစွာ ပြောသည်။ “ကျွန်တော့်မှာ မေးစရာ မရှိတော့ပါဘူး ဆရာ။ ကျွန်တော် ကာကွယ်ချင်တဲ့ အရာအားလုံးကို ကာကွယ်နိုင်ဖို့အတွက် ပိုပြီး သန်မာချင်တာပဲ ရှိပါတယ်”

“ကောင်းပြီ။”

ချူဖုန်း ယဲ့ပေ့ရွှမ်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

“ဒါဆိုရင် ကျင့်ကြံခြင်းမှာ ကြိုးစားအားထုတ်ပါ။ တကယ်လို့ တစ်နေ့နေ့မှာ မင်း မဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးနဲ့ ကြုံလာရရင် ငါ့ကိုသာ ပြောပြလိုက်။ မင်းရဲ့ဆရာက မင်းနောက်မှာ အမြဲရှိနေမယ်။ ငါတို့ရဲ့ သောင်းပြောင်းပညာရပ်ဌာန က မင်းအတွက် အကြီးမားဆုံးသော ထောက်တိုင် ဖြစ်နေမှာပါ”

ဤဘဝတွင် မှီခိုရာ ထောက်တိုင် ဟူသော အဓိပ္ပာယ်ကို အမှန်တကယ် နားလည်သွားပြီဖြစ်ရာ ယဲ့ပေ့ရွှမ်က ညှင်သာစွာ ဆိုလိုက်၏။

“ဆရာ့ရဲ့ ဆုံးမသွန်သင်မှုတွေကို ကျွန်တော် အမြဲမှတ်ထားပါ့မယ်”

ချူဖုန်း၏ စကားများက ယဲ့ပေ့ရွှမ်နှင့် နျဲ့ရှို့ယွမ်တို့ နှစ်ဦးစလုံး၏ ရင်ထဲက အပူများကို ဖြေလျှော့ပေးနိုင်သည်။

လူတိုင်းသည် မိမိတို့၏ နေအိမ်များသို့ အသီးသီး ပြန်သွားကြလေ၏။

အကြီးအကဲပင်းသည် တပည့်များ ထွက်ခွာသွားသည်ကို ကြည့်နေရင်း ချူဖုန်းဘက်သို့ လှည့်ကာပြောလိုက်သည်။

“ဌာနမှူးချူ... ရှင့်ကို ဘာကြောင့် ပြိုင်ဘက်ကင်း ဆရာတစ်ယောက်လို့ ခေါ်ကြတာလဲဆိုတာ အခုမှ ကျွန်မ နားလည်တော့တယ်။ တပည့်တွေကို ကျင့်ကြံခြင်းမှာ လမ်းပြပေးရုံတင်မကဘဲ သူတို့ရဲ့ စိတ်ထဲက သောကတွေကိုပါ ဖြေရှင်းပေးနိုင်တာကိုး”

ချူဖုန်းက ပြုံးကာဖြေသည်။ “အကြီးအကဲပင်းကလည်း ချီးမွမ်းလွန်းနေပါပြီ။ စကားပုံတစ်ခု ရှိတယ်လေ... ဆရာဆိုတာ လမ်းမှန်ကို ပြသသူ၊ အတတ်ပညာကို လက်ဆင့်ကမ်းသူနဲ့ သံသယတွေကို ဖြေဖျောက်ပေးသူတဲ့။ ကျွန်တော်က သူတို့ကို လမ်းမှန်ပေါ်ရောက်အောင် လမ်းပြပေးရုံပဲ ရှိပါသေးတယ်။ သူတို့ ဘယ်လောက်အထိ ခရီးပေါက်မလဲ ဆိုတာကတော့ သူတို့ကိုယ်တိုင်အပေါ်မှာပဲ မူတည်ပါတယ်”

…

ဝမ်တောက် ကျောင်းတော်၏ တပည့်သစ်ခေါ်ယူပွဲသည် မကြာမီမှာပင် ပြီးဆုံးသွားခဲ့သည်။

ထိုနေ့ညနေခင်းတွင်

ထုံးစံအတိုင်းပင် ချူဖုန်းသည် သူ့ခြံဝင်းအတွင်း၌ အေးအေးလူလူ ယပ်ခတ်ရင်း ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေသည်။

နေဝင်လုဆဲဆဲ အချိန်တွင် ခြံဝင်းအပြင်ဘက်မှ ခြေသံများကို သူ ကြားလိုက်ရ၏။

လှည့်ကြည့်စရာမလိုဘဲ ၎င်းမှာ သူ့တပည့်များ ဖြစ်ကြောင်း ချူဖုန်း သိလိုက်သည်။

တပည့်သစ် လက်ခံရရှိခဲ့သည်ဖြစ်စေ၊ မရရှိခဲ့သည်ဖြစ်စေ သူ ဂရုမစိုက်ပေ တပည့်စုဆောင်းခြင်းဆိုသည်မှာ ကံပါမှ ဖြစ်လာသည့်အရာ မဟုတ်ပါလား။

သူသည် ဘာမှမကြားသယောင်ဖြင့် စာကို ဆက်လက်ဖတ်ရှုနေသည်။

အဓိကခြံဝင်း၏ အပြင်ဘက်တွင်၊

ချင်းချင်းနှင့် အခြားသူများသည် ခြံဝင်းတံခါးမှတစ်ဆင့် အသာအယာ လျှောက်လှမ်းဝင်ရောက်လာကြ၏။

အနောက်ဆုံးတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပါလာသည်။ အမျိုးသား၏ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း အမျိုးသမီးမှာမူ နန်းတွင်းကိုယ်လုပ်တော်များထက်ပင် သာလွန်သည့် အလွန်အမင်း လှပသူဖြစ်ကာ လှုပ်ရှားမှုတိုင်းတွင် မြင့်မြတ်သောအရှိန်အဝါများ ကိန်းအောင်းနေသည်။

၎င်းတို့နှစ်ဦးစလုံးမှာ ကျင့်ကြံသူများနှင့်ပင် မတူကြချေ။

“ကျွန်တော်တို့ ဆရာ့ကို ဂါရဝပြုပါတယ်” လူတိုင်းက ခြံဝင်းထဲသို့ ဝင်လာပြီးနောက် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။

“အင်း”

ချူဖုန်းက ခပ်ပေါ့ပေါ့ပင် ပြန်ထူးလိုက်ပြီးနောက် စာအုပ်ကို ချကာ ချင်းချင်းကို ကြည့်လိုက်သည်။

မကြာမီမှာပင် သူတို့အနောက်၌ ရပ်နေသော အမျိုးသားနှင့် အမျိုးသမီးကို သူ သတိပြုမိသွားသည်။

“ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြပါဦး”

သူက ဆိုလိုက်၏။

ထိုအမျိုးသားနှင့် အမျိုးသမီးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

လူငယ်လေးက ရှေ့သို့တိုးလာ၏။

“တပည့် ဟန်ပင်း၊ ဆရာ့ကို ဂါရဝပြုပါတယ်”

အမျိုးသမီးကလည်း ရှေ့သို့တိုးလာကာ အသာအယာ ဦးညွှတ်၍ ဆိုလိုက်သည်။

“တပည့် ချိုက်ယီ၊ ဆရာ့ကို ဂါရဝပြုပါတယ်”

“အင်း”

ချူဖုန်းက ခေါင်းငြိမ့်ပြရင်း သူ၏ ကမ္ဘာပျက်မျက်ဝန်း ကို အသုံးပြုကာ ထိုနှစ်ဦးကို ကြည့်လိုက်သည်။

နှစ်ဦးစလုံးသည် မဟာကံတရား များကို သယ်ဆောင်ထားကြ၏။

သို့သော် ထိုကံတရား၏ နောက်ကွယ်တွင် နှစ်ဦးစလုံးအတွက် ကြီးမားသော ကမ္မအကျိုးဆက်များ ရှိနေသည်။

အထူးသဖြင့် ချိုက်ယီဟု ခေါ်သော အမျိုးသမီးဖြစ်သည်။ သူမ၏ ကံကောင်းမှုများသည် မည်းမှောင်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေကာ ကျရောက်တော့မည့် ဘေးဒုက္ခ၏ နိမိတ်လက္ခဏာကို ပြသနေ၏။

သူ သေချာစွာ ထပ်မံကြည့်ရှုလိုက်သောအခါ သူမတွင် ကွဲပြားသော ကံကြမ္မာနှစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

ချူဖုန်းက သူမ၏ ဝိညာဉ်အတွင်းပိုင်းကို စူးစိုက်ကြည့်လိုက်ရာ ထိုဝိညာဉ်အတွင်း၌ အိပ်ပျော်နေရုံမျှမကဘဲ ချိပ်ပိတ်ခံထားရသည့် အခြားဝိညာဉ်တစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။

ထိုဝိညာဉ်၏ ပတ်လည်တွင် ရှေးဟောင်းနတ်ဘုရားစာလုံး ချိပ်ပိတ်ခြင်း တစ်ဆယ့်နှစ်ခုရှိပြီး တစ်ခုချင်းစီမှာ သူတော်စင်နယ်ပယ် ထက်ပင် ပိုမို အားကောင်းလှသည်။

ထိုဝိညာဉ်နှစ်ခုသည် မျက်နှာချင်း တူညီနေသော်လည်း လုံးဝကွဲပြားနေကြောင်း ချူဖုန်း ခံစားမိသည်။

တစ်ခုမှာ သူ၏ရှေ့မှောက်က ချိုက်ယီကဲ့သို့ပင် သာမန်ဖြစ်သော်လည်း၊ ချိပ်ပိတ်ခံထားရသော အခြားတစ်ခုမှာမူ အချိန်ကာလများကို ကျော်လွန်သည့် အတိုင်းအဆမရှိ ကြီးမားသော အစွမ်းအစ အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

‘ဒါက မွေးရာပါ ဝိညာဉ်အမြွှာလား၊ ဒါမှမဟုတ် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်‌ယောက်ရဲ့ လက်ချက်လား။ ဒီလူသစ်တွေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ’

ချူဖုန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“ပေ့ရွှမ်... သူတို့နှစ်ယောက်ကို နေစရာနေရာ ရှာပေးလိုက်ဦး။ ဒီနေ့ ငါ နည်းနည်း ပင်ပန်းနေလို့။ မနက်ဖြန် နေထွက်ပြီးမှ ငါ့ဆီ ပြန်လာခဲ့ကြ”

“ဟုတ်ကဲ့ပါ ဆရာ။”

ထိုအချိန်တွင် ဟန်ပင်းနှင့် ချိုက်ယီတို့ နှစ်ဦးစလုံး စိတ်လှုပ်ရှားနေကြ၏။ သူတို့နှစ်ဦးစလုံးသည် သူတော်စင်တစ်ပိုင်း ချူဖုန်း၏ ကျော်ကြားမှုကို ကြားဖူးထားကြပြီး၊ ဤကျောင်းတော်သို့ မလာခင် သတ္တိအားလုံးကို စုစည်းခဲ့ကြသည်။

လူပေါင်းများစွာ ပယ်ထုတ်ခံရသည်ကို ကြည့်ရင်း စိုးရိမ်ခဲ့ကြသော်လည်း အမှန်တကယ် အရွေးခံရလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

ခဏအကြာတွင် ယဲ့ပေ့ရွှမ်သည် အဓိကခြံဝင်းသို့ ပြန်ရောက်လာသည်။

ချူဖုန်းက သူ့ကိုမြင်လျှင် မေးလိုက်သည်။ “သူတို့ကို နေရာချပေးပြီးပြီလား”

ယဲ့ပေ့ရွှမ်က ပြန်ဖြေသည်။

“ဆရာ... အားလုံး စီစဉ်ပေးခဲ့ပြီးပါပြီ”

ချူဖုန်းက လက်ဖက်ရည်တစ်ငုံကို သောက်လိုက်ရင်း အေးအေးဆေးဆေးပင် မေးလိုက်သည်။

“ကောင်းပြီ။ ဒါဆို အဲဒီ တပည့်သစ် နှစ်ယောက်အကြောင်း ငါ့ကို ပြောပြပါဦး”

နျဲ့ရှို့ယွမ်က ရှေ့သို့တိုးလာ၏။

“ဆရာ... ဟန်ပင်းကို ခေါ်လာတာ ကျွန်တော်ပါ။ သူက ကျင့်ကြံခြင်းမှာရော၊ ရုပ်ရည်မှာပါ သာမန်ပဲလို့ ထင်ရပေမဲ့၊ ထွက်ပြေးတဲ့နေရာမှာတော့ ကျွမ်းကျင်သူတစ်ယောက်ပါ၊ ပြီးတော့ သူက အရမ်းလည်း ပြတ်သားတယ်။ ဆရာ့ရဲ့ တပည့်သတ်မှတ်ချက်တွေနဲ့ ကွက်တိပါပဲ”

ယဲ့ပေ့ရွှမ်က ဖြည့်စွက်ကာပြောသည်။

“သူ့ကို ဟန်ပြောင်ပြောင် လို့ နာမည်ပြောင် ပေးထားကြတာပါ။ သူက လေလွင့်ကျင့်ကြံသူတွေကြားမှာ တော်တော်လေး နာမည်ကြီးပါတယ်”

ပြန်လည်ဝင်စားလာသူဖြစ်သည့် ယဲ့ပေ့ရွှမ်အနေဖြင့် ဟန်ပြောင်ပြောင် ၏ ကျော်ကြားမှုကို သဘာဝကျကျပင် သိရှိထားသည်။ ဤလူသည် နောက်နှစ်ပေါင်း နှစ်ရာအကြာတွင် တာ့ယန် မြင့်မြတ်နယ်မြေ မှ ပါရမီရှင်တစ်ဦးကို တိုက်ပွဲတစ်ခုတည်းဖြင့် သတ်ဖြတ်ပြီးနောက် နာမည်ကျော်ကြားလာမည့်သူ ဖြစ်၏။

တာ့ယန် မြင့်မြတ်နယ်မြေက သူ့ကို နှစ်ပေါင်းတစ်ရာတိုင်တိုင် လိုက်လံဖမ်းဆီးခဲ့သော်လည်း တစ်ခါမျှ မမိခဲ့သဖြင့် သူ့ကို ထွက်ပြေးခြင်းဘုရင် ဟုပင် ဘွဲ့အမည် ပေးခဲ့ကြသည်။

ယဲ့ပေ့ရွှမ်၏ ယခင်ဘဝတွင် ဟန်ပင်းသည် သူတော်စင်တစ်ပိုင်း နယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် ထိပ်တန်း လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည်။

အကယ်၍ ဟန်ပင်းသာ သူတို့ဆရာ၏ တပည့် ဖြစ်လာခဲ့လျှင် သူ၏ အောင်မြင်မှုများသည် ယခင်ဘဝထက် သာလွန်သွားမည်မှာ အသေအချာပင်။

ချူဖုန်းက ချင်းချင်းကို ကြည့်လိုက်သည်။ “မင်းရော ဘာထပ်ပြောချင်သေးလဲ”

ချင်းချင်းက ပြန်ဖြေ၏။

“သူက အစစအရာရာ အဆင်ပြေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ကံမ္မအကျိုးဆက် တစ်ခုပဲ ။ သူ အသက် (၁၂)နှစ်ကစပြီး ဂိုဏ်းငယ်လေးတစ်ခုထဲကို ဝင်ခဲ့ပါတယ်။ အဲ့ကတည်းက သူဝင်သမျှ ဂိုဏ်းတိုင်းဟာ အဖျက်ဆီးခံခဲ့ရတာချည်းပဲ”

ချူဖုန်းက ရယ်မောလိုက်သည်။

“ဒါက ဘာမှမဟုတ်ပါဘူး။ သာမန် တာအိုတည်‌ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ငါတို့ ဝမ်တောက်‌ကျောင်း‌တော်ကို ဖျက်က်ဆီးနိုင်လောက်တဲ့အထိ ဘယ်လောက် ရန်စနိုင်မှာမို့လို့လဲ”

ချင်းချင်းက ခေါင်းငြိမ့်ကာ ဆိုသည်။

“ဆရာ ပြောတာ မှန်ပါတယ်။ ရွှမ်ထျန်းတိုက်ကြီး မှာ ဝမ်တောက်‌ကျောင်းတော်ကို အပြတ်ရှင်းနိုင်တဲ့ အင်အားစုမျိုး မရှိသေးပါဘူး”

“ဟန်ပင်းက အဆင်ပြေတယ်ဆိုတော့၊ အဲဒီမိန်းကလေး ချိုက်ယီအကြောင်း ငါ့ကို ပြောပြပါဦး။”

ထိုသို့ဆိုရင်း ချူဖုန်းသည် စကားဝိုင်းကို ချိုက်ယီဘက်သို့ လွှဲပြောင်းလိုက်လေသည်။

All Chapters