အခန်း (၁၇၁၁-၁၇၁၃)
Vol. 115 Ch. 1711-1713
အခန်း (၁၇၁၁) တစ်နှစ်အတွင်း မရဏတိုက်ပွဲ
၎င်းတို့နှစ်ဦးကြားရှိ တိုက်ပွဲရလဒ်သည် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ယီယွင်ယောင်သည် ဂုဏ်သရေရှိစွာ တည်ငြိမ်နေဆဲဖြစ်သော်လည်း တစ်ဖက်ရှိ ဝမ်ယိဖန်သည် ဆံပင်များ ရှုပ်ပွနေ၍ သူ၏ အသွင်အပြင်၌ မူလမာန်မာနများ မရှိတော့ပေ။
"ဂျူနီယာညီမလေးယီ၊ ဒီနေ့တော့ မင်းမျက်နှာကို ထောက်ထားပြီး ချူးယွင်ဖန်းကို သည်းခံပေးလိုက်မယ်။ ဒါပေမယ့် နတ်ဖြတ်ဓားက ကျုပ်ပစ္စည်းမလို့ ကျုပ် အဲဒါကို ပြန်လိုချင်တယ်" ဝမ်ယိဖန်က ပြောသည်။
ဝမ်ယိဖန်သည် ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပြီဖြစ်ကြောင်း လူတိုင်း သဘောပေါက်လိုက်သည်။ ယီယွင်ယောင် ဂိုဏ်းသို့ ဝင်ရောက်လာသည့် သက်တမ်းသည် ဝမ်ယိဖန်ထက် ပို၍နည်းပါးသော်လည်း ဝမ်ယိဖန်ကို ဖိနှိပ်နိုင်ခဲ့ခြင်းကြောင့် အဖြစ်မှန်ကို သိထားသူအားလုံး အံ့အားသင့်သွားကြသည်။
ယီယွင်ယောင်က ချူးယွင်ဖန်းကို လှည့်ကြည့်၍ ပြောလိုက်သည်။
"ဒီနတ်ဖြတ်ဓားက ဂျူနီယာချူး တိုက်ပွဲနိုင်လို့ ရရှိလာတဲ့ ပစ္စည်းပါ။ အဲဒီအတွက် ကျွန်မမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး"
လူတိုင်း၏ အကြည့်များ ချူးယွင်ဖန်းထံ ရောက်ရှိသွားကြစဉ် မထင်မှတ်ထားသော အရာတစ်ခုကို မြင်တွေ့လိုက်ရသည်။
"ဒါက ကျုပ်ရဲ့ အောင်နိုင် ဘဏ္ဍာပဲ။ ခင်ဗျား ဒါကို ပြန်လိုချင်ရင် ယူလို့ရပါတယ်။ ဒါပေမယ့် အရင်ဆုံး ကျုပ်ကို အနိုင်ယူဖို့တော့ လိုလိမ့်မယ်" ချူးယွင်ဖန်းက အရှေ့တိုးကာ ပြောလိုက်သည်။
"ဘာကွ" ဝမ်ယိဖန်ဒေါသထွက်လွန်းသဖြင့် ရယ်မိသွားသည်။ ချူးယွင်ဖန်းသည် မိမိကို မည်သည့်အတွင်းစည်းတပည့်မဆို စိန်ခေါ်နိုင်သည့် လမ်းဘေးခွေးတစ်ကောင်ဟု ထင်မှတ်နေခြင်းဖြစ်လေသလော။ ချူးယွင်ဖန်းသည် ကောင်းကင်နှင့် မြေကြီး၏ ကျယ်ပြောမှုကို မသိနားမလည်သူဖြစ်သည်။
"တစ်နှစ်ကြာရင် မရဏပြိုင်ကွင်းမှာ တွေ့ကြမယ်။ ခင်ဗျား အနိုင်ရရင် ဒီနတ်ဖြတ်ဓားကို ယူသွားနိုင်တယ်" ချူးယွင်ဖန်းက တည်ငြိမ်စွာ ပြောသည်။
လူတိုင်း အံ့အားသင့်သွားကြသည်။
"သူ အရူးထနေတာလား။ တစ်နှစ်အတွင်း စီနီယာဝမ်ကို တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တာတဲ့လား"
"တစ်နှစ်ဆိုတာ ဘယ်လောက်မှ မကြာဘူး။ ဖြစ်နိုင်ပါ့မလား"
"တစ်နှစ်အတွင်း သူက ရုတ်တရက်ကြီး ဉာဏ်လင်းပွင့်သွားမယ်လို့ ထင်နေတာလား"
"စီနီယာဝမ်က သူပြောတာကို ဂရုစိုက်လိမ့်မယ်လို့ မထင်ဘူး"
"ဟုတ်တယ်လေ။ စီနီယာဝမ်ဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ။ သူက အဆင့်မြင့်ပြီး အထူးဂရုစိုက်ခံရတဲ့ တပည့်ရင်းတစ်ယောက်၊ ချူးယွင်ဖန်းကတော့ အတွင်းစည်း တပည့်တစ်ယောက်ပဲ ရှိသေးတာ။ သူက ဘာအရည်အချင်းနဲ့များ စီနီယာဝမ်ကို စိန်ခေါ်ရဲရတာလဲ။ တကယ်လို့ စီနီယာဝမ်သာ အဲဒီလိုစိန်ခေါ်မှုတွေကို လက်ခံမယ်ဆိုရင် တစ်နေ့လုံး စိန်ခေါ်သမျှတွေကိုပဲ လိုက်ဖြေရှင်းနေရမှာပေါ့"
"မှန်တယ်၊ ကျုပ် အထင်တော့ ချူးယွင်ဖန်းက လူတွေကြားထဲမှာ ဟိတ်ဟန်ထုတ်ပြီး နာမည်ကြီးချင်နေတာပဲဖြစ်မယ်။ သူ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် စီနီယာဝမ်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ နောက်ထပ် တစ်နှစ်ကြာသွားရင်တောင် သူ အခုအတိုင်းပဲ ဖြစ်နေဦးမှာပဲ"
"စီနီယာယီရဲ့ အထောက်အပံ့ကို ရထားတယ်ဆိုရင်တောင် ဒီအတိုင်းဆို သူ ကိုယ့်ကိုယ်ကိုတောင် ကာကွယ်နိုင်ပါ့မလား မသိဘူး"
"ကျုပ်ကတော့ အဲ့လိုမထင်ဘူး။ ချူးယွင်ဖန်းက လိမ္မာပါးနပ်တဲ့လူ။ တကယ်လို့ စီနီယာဝမ်ကသာ ဒီစိန်ခေါ်မှုကို လက်ခံလိုက်မယ်ဆိုရင် အနည်းဆုံး တစ်နှစ်တာကာလအတွင်း သူ ချူးယွင်ဖန်းကို လူသိရှင်ကြား ဒုက္ခပေးလို့မရတော့ဘူးလေ"
"တစ်နှစ်ကြာမှ တိုက်ခိုက်တော့ရော ဘာထူးမှာလဲ။ နောက်ထပ်ဆယ်နှစ်လောက်မှ အခွင့်အရေးရနိုင်လောက်တယ်"
လူအများ ဆူညံစွာ ဆွေးနွေးနေကြသော်လည်း ချူးယွင်ဖန်းကို ယုံကြည်သူ တစ်ဦးတစ်ယောက်မျှ မရှိကြပေ။ ၎င်းတို့၏ အကြည့်များသည် အရူးတစ်ယောက်ကို ကြည့်နေသည့်အလား ထင်မှတ်ရစေသည်။ ယီယွင်ယောင်ပင် မျက်မှောင်ကြုတ်လျက် အံ့အားသင့်နေသည့် အရိပ်အမြွက်များဖြင့် ကြည့်နေသည်။ ချူးယွင်ဖန်းက ထိုသို့ တောင်းဆိုလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
"အင်းပေါ့၊ ခင်ဗျား သတ္တိမရှိဘူးဆိုရင်တော့ ကျုပ်ပြောတာကို လျစ်လျူရှုလိုက်ပါ။ ဒီကြားထဲမှာ လူတွေလွှတ်ပြီး ကျုပ်ကို သတ်ချင်ရင်လည်း သတ်နိုင်ပါတယ်။ ကိစ္စမရှိပါဘူး" ချူးယွင်ဖန်းက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။
"ကျုပ်ကတော့ အချိန်တစ်နှစ်ပဲ လိုတာ။ တစ်နှစ်ပြည့်ရင် ကျုပ် ခင်ဗျားကို သတ်နိုင်ပြီ"
"ကောင်းလိုက်တဲ့ စိန်ခေါ်မှုပဲ" ဝမ်ယိဖန်က ဒေါသစိတ်ကြောင်း ရယ်မောနေမိသည်။
"ကျုပ်သာ သဘောမတူရင် လူတွေက ကျုပ်ကို ကြောက်နေတယ်လို့ ထင်ကြမှာပေါ့။ တစ်နှစ်နေရင် ကျုပ်ကို သတ်မယ်တဲ့လား။ မင်းကိုယ်မင်း ဘာထင်နေတာလဲ။ ကောင်းပြီလေ၊ မင်းကို တစ်နှစ်အချိန်ပေးလိုက်မယ်။ တစ်နှစ်ပြည့်ရင် ကျုပ် မင်းကို သတ်ပစ်မယ်။ အဲဒီအခါကျရင်တော့ မင်း ဘာမှ ပြန်ပြောနိုင်မှာ မဟုတ်တော့ဘူး"
ဝမ်ယိဖန်သည် ပြောပြီးသည်နှင့် အင်္ကျီလက်စကို ဝှေ့ယမ်းကာ ဒေါသတကြီး ထွက်ခွာသွားသည်။ လူတိုင်းသည် ဒေါသထွက်နေသော ဝမ်ယိဖန်ကို ကြည့်ကာ အံ့အားသင့်နေကြသည်။ ဝမ်ယိဖန်က အမှန်တကယ် သဘောတူလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ မရဏပြိုင်ကွင်းဆိုသည် ဂိုဏ်းသားများ၏ ရန်ငြိုးကို ရှင်းလင်းသည့် နေရာဖြစ်သည်။ မရဏပြိုင်ကွင်းသို့ ရောက်ပြီဆိုလျှင် သေရေး ရှင်ရေးနှင့်သာ သက်ဆိုင်တော့သည်။
လူအများသည် ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်ကြသည်။ ချူးယွင်ဖန်းသည် ဝမ်ယိဖန်ကို တစ်နှစ်အတွင်း အနိုင်ယူရန် မည်မျှသော ယုံကြည်မှုများ ရှိနေသနည်း။ ချူးယွင်ဖန်းသည် အနည်းဆုံးလျှင် ဝမ်ယိဖန်ထံမှ အသက်ကို ကာကွယ်နိုင်မည်ဟု ၎င်းတို့ တွေးလိုက်ကြသည်။ သို့သော် အချို့သည် ပိုမိုဆိုးရွားသော ဘက်မှ တွေးတောနေကြသည်။
"သူက အချိန်ဆွဲပြီး တစ်နှစ်ပြည့်တာနဲ့ ရှောင်ပြေးမလို့များလား"
"ဟုတ်တယ်... ဖြစ်နိုင်တယ်။ သူ့စွမ်းရည်နဲ့ဆိုရင် ပြိုင်ကွင်းကို မလာဘဲ နေလိုက်ရင် အရှက်ကွဲရုံလောက်ပဲ ရှိမှာ"
"ဒါက အဲ့လောက်ရိုးရှင်းပါ့မလား။ သူကိုယ်တိုင် စိန်ခေါ်ထားတာလေ။ စီနီယာဝမ်ကတော့ သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ အချိန်ကျလာရင် သူမှာ ဒီလိုဆုံးဖြတ်ပိုင်ခွင့်ရှိပါ့မလား"
လူတိုင်းသည် တစ်နှစ်အကြာ၌ ကျရောက်လာမည့် တိုက်ပွဲကို စိတ်ဝင်တစား စောင့်ဆိုင်းနေကြသည်။ သို့သော် ချူးယွင်ဖန်းက ဝမ်ယိဖန်ကို အနိုင်ယူနိုင်လိမ့်မည်ဟု မည်သူမျှ ယုံကြည်ချက်မရှိကြပေ။ အတွင်းစည်းတပည့်များ၏ ပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်သော်လည်း ဤတိုက်ပွဲသတင်းသည် ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ဂိုဏ်းအတွင်းမှ မည်သူမဆို ဤသတင်းကို ကြားသိသွားကြသည်။
ဂိုဏ်းသို့ အသစ်ရောက်ရှိလာသည့် တပည့်တစ်ဦးက ကောင်းကင်ကို ဖီဆန်ကာ ပထမနေရာကို ရရှိသွားခြင်းသည် အံ့ဩဖွယ် ရလဒ်ဖြစ်သော်လည်း ယခုမူ အဆိုပါ အသစ်တပည့်သည် အစစ်အမှန်တပည့် ဝမ်ယိဖန်ကို စိန်ခေါ်လိုက်သည့် သတင်းသည် ပို၍ပင် မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ တစ်နှစ်အကြာတွင် ၎င်းတို့နှစ်ဦးသည် သေရေး ရှင်ရေးကို ဆုံးဖြတ်ပေးမည့် မရဏပြိုင်ကွင်းတွင် တိုက်ခိုက်ကြတော့မည်ဖြစ်သည်။
ဤသတင်းကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ အစပိုင်းတွင် မည်သူမျှ မယုံကြည်ကြပေ။ ပထမအချက်ကပင် မယုံကြည်နိုင်ဖွယ်ကောင်းလှရာ အတွင်းစည်းတပည့်တစ်ဦးက အစစ်အမှန်တပည့် ဝမ်ယိဖန်ကို စိန်ခေါ်ရဲခြင်းဟူသည် ပို၍ပင် မဖြစ်နိုင်သော အကြောင်းအရာဖြစ်သည်။ ဤကိစ္စသည် လူအများအပြားကြားတွင် ဂယက်ထသွား၍ အစစ်အမှန်တပည့် အများအပြားပင် စိတ်ဝင်စားလာကြသည်။ အစစ်အမှန်တပည့်များပင် ချူယွင်ဖန်အပေါ် စိတ်ဝင်စားမှုများ ပြသလာကြသည်။
တစ်နှစ်ဆိုသည့် အချိန်သည် မရှည်လျားသကဲ့သို့ တိုတောင်းသည်ဟုလည်း မဆိုလိုနိုင်ပေ။ ချူယွင်ဖန်း အနိုင်ရလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ကြသော်လည်း၊ တစ်နှစ်ပြည့်သည့်အခါ ဤတိုက်ပွဲ မည်သို့အဆုံးသတ်မည်ကို လူတိုင်း ပို၍သိချင်လာကြသည်။ ယင်းသတင်းကြောင့် ဤတပည့်သစ်သည် တစ်ညတည်းဖြင့် ဂိုဏ်းတစ်ခုလုံးတွင် ထင်ရှားကျော်ကြားသွားလေသည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းရှိ အရှေ့ပိုင်းဒေသ၌ လမင်းကြည့်မျှော်ခြင်း စံအိမ်ခန်းမဆောင်သည် ယီယွင်ယောင်၏ စံအိမ်ဖြစ်သည်။ ခန်းမဆောင်သည် ခံ့ညားထည်ဝါလှ၍ ပန်းပုထုထားသော တိုင်လုံးများဖြင့် တည်ဆောက်ထားသည်။ ၎င်းအနက် နတ်သမီး နတ်သားဖြင့် ထွင်းထုထားသောကြောင့် အလွန်ထူးခြားဆန်းကြယ်လှသည်။ ယီယွင်ယောင်က အဓိကထိုင်ခုံတွင် ထိုင်နေ၍ ချူးယွင်ဖန်းသည် သူမ အောက်ခြေရှိ ထိုင်ခုံတွင် ထိုင်နေသည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာယီ။ ကျွန်တော် အမြဲတမ်း ကျေးဇူးတင်နေမှာပါ" ချူးယွင်ဖန်းက လက်နှစ်ဖက်ဖြင့် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
ယီယွင်ယောင်က ချူးယွင်ဖန်းကို စိုက်ကြည့်ကာ နီးမြန်းနေသော သူမ၏ နှုတ်ခမ်းနီများကို တင်းတင်းစေ့လိုက်သည်။
"ကျွန်မ ရှင့်ကို ထောက်ခံပေးခဲ့တယ်။ ဝမ်ယိဖန်ရှင့်ကို ဒုက္ခပေးနေတာက ကျွန်မကြောင့်ပဲ။ အမှန်တော့ သူ တကယ် ဒုက္ခပေးချင်တာက ကျွန်မကိုပဲ"
"ပြီးတော့ ရှင်က... ဂိုဏ်းကို ရောက်တာ ခြောက်လပဲ ရှိသေးပေမယ့် ဒီလောက်တောင် တိုးတက်နေပြီကိုး"
ယီယွင်ယောင်သည် စကားပြောနေစဉ် သူမ၏ လှပသော မျက်ဝန်းများတွင် အံ့အားသင့်မှုများဖြင့် တောက်ပနေသည်။ ချူးယွင်ဖန်း၏ ခြောက်လအတွင်း တိုးတက်မှုများကို သိလိုက်ရသည့်အခါ သူမ၏ စိတ်နေသဘောထားဖြင့်ပင် မနာလိုဖြစ်နေမိသည်။
အခန်း (၁၇၁၂) ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာကတော့ ကြိုတင်ဆုံးဖြတ်လို့ မရသေးပါဘူး
ယီယွင်ယောင်သည်လည်း ပါရမီရှင်တစ်ယောက်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် တပည့်အရင်းဖြစ်လာသည်မှာ မကြာသေးသော်လည်း ဝမ်ယိဖန်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူမ၏ ပါရမီနှင့် ဗဟုသုတများဖြင့်ပင် ထိုကဲ့သို့ အံ့ဩဖွယ် တိုးတက်နှုန်းမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ တစ်နှစ်ခွဲအတွင်း သာမန်ပါရမီရှင်တစ်ဦးပင် အဆင့်အနည်းငယ်သာ တိုးတက်နိုင်မည်ဖြစ်သည်။ ချူးယွင်ဖန်း၏ တိုးတက်နှုန်းသည် ခုန်ပျံကျော်လွှား၍ တိုးတက်လာသောကြောင့် သူမကို အလွန်အမင်း တုန်လှုပ်ချောက်ချားသွားစေသည်။
"ကျွန်တော် ကံကောင်းသွားလို့ပါ" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
"ကံကောင်းလို့တဲ့လား။ ကံကောင်းတာချည်းပဲလို့တော့ ကျွန်မ မထင်ဘူး"
ယီယွင်ယောင်သည် ချူးယွင်ဖန်း၏ ကံကောင်းခြင်းဟူသော အကြောင်းပြချက်ကို မယုံကြည်ပေ။ ကံကောင်း၍ ရတနာတချို့ သုံးစွဲမိကာ တစ်နှစ်ခွဲအတွင်း ကျင့်စဥ်များစွာ မြင့်တက်သွားသည့်သူများ အမှန်တကယ် ရှိခဲ့ဖူးသည်။ သို့သော်လည်း ထိုသို့ဖြစ်ရပ်များသည် ကျင့်စဥ်နိမ့်နေချိန်တွင်သာဖြစ်၍ ယခုကဲ့သို့သော ကျင့်စဥ်မျိုးတွင် မဖြစ်နိုင်ပေ။ ထို့အပြင် ချူးယွင်ဖန်း၏ အခြေခံအုတ်မြစ်သည် အလွန်ခိုင်မာကြောင်း သူမ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ချူးယွင်ဖန်းသည် ရုတ်တရက် အဆင့်မြင့်တက်သွားပုံမပေါ်ဘဲ တစ်ဆင့်ချင်းစီ လေ့ကျင့်လာခဲ့ပုံရသည်။ ထိုအချက်သည် သူမကိုပင် အနည်းငယ် အံ့ဩသွားစေသည်။
သို့သော်လည်း ယီယွင်ယောင်သည် ထိုကိစ္စကို ဆက်လက်မမေးမြန်းတော့ပေ။ အကြောင်းမှာ လူတိုင်းတွင် ကိုယ်ပိုင်ကံကြမ္မာနှင့် လျှို့ဝှက်ချက်များရှိကြသောကြောင့်ဖြစ်သည်။ သူမနှင့် ချူးယွင်ဖန်းတို့၏ ဆက်ဆံရေးသည် ထိုသို့သောကိစ္စများကို ပေါ့ပေါ့တန်တန် မေးမြန်းနိုင်သည်အထိ မရင်းနှီးကြပေ။ ဤသည်မှာ သိုင်းပညာရှင်များအတွက် ကြီးမားသည့် တားမြစ်ချက်တစ်ခုဖြစ်သည်။
"ဒါပေမယ့် ရှင်က တော်တော်ရဲတင်းတာပဲ။ ဝမ်ယိဖန်က တပည့်အရင်းဖြစ်လာတာ မကြာသေးပေမယ့် သိုင်းပညာအဆင့်က ရှင့်ထက် အများကြီး သာတယ်" ယီယွင်ယောင်က ချူးယွင်ဖန်းကို ခပ်ဖျော့ဖျော့ ပြုံး၍ ကြည့်လိုက်သည်။
"သူဘယ်သူပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး။ လီချန်းယွမ် ကိုယ်တိုင်ရောက်လာရင်တောင် ကျွန်တော် အရှုံးပေးမှာ မဟုတ်ဘူး" ချူးယွင်ဖန်းက ပြတ်သားစွာ ပြောလိုက်သည်။
"ကျွန်တော့်အဘိဓာန်မှာ အရှုံးပေးတယ်ဆိုတဲ့ စကားလုံးမျိုး မရှိဘူး"
"ရှင် တော်တော် ရဲတင်းပါလား ချူးယွင်ဖန်း" ယီယွင်ယောင်က လက်ခုပ်တီး၍ ရယ်မောလိုက်သည်။
"ရှင့် ခွန်အားကြောင့် ကျွန်မ ရှင့်ကို လေးစားတာ မဟုတ်ဘူး။ အခုထိတော့ ရှင့်ခွန်အားက ကျွန်မ မျက်စိထဲမှာ အဲ့လောက်မဟုတ်သေးဘူး။ အရေးအကြီးဆုံးအချက်က ရှင့်ထက် အင်အားကြီးသူကို ရင်ဆိုင်ဖို့ သတ္တိရှိတာကြောင့်ပဲ"
ချူးယွင်ဖန်းကို အစောပိုင်းက အဘယ်ကြောင့်ကူညီရန် သဘောတူခဲ့မိသည်ကို သူမ နောက်ဆုံးတွင် နားလည်သွားသည်။ သူမသည် ချူးယွင်ဖန်း၏ မောက်မာ၍ ရဲတင်းသည့် စိတ်ဓာတ်ကို သဘောကျမိသောကြောင့်ဖြစ်သည်။ ရှုံးနိမ့်မည်မှန်း သိလျက်နှင့် စိန်ခေါ်ဝံ့ခြင်းသည် လူတိုင်း ပြုလုပ်နိုင်သော အပြုအမူ မဟုတ်ပေ။
"ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် စီနီယာယီ" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
"ဒါပေမယ့် ရှင် စိန်ခေါ်တာကို ဝမ်ယိဖန်က ဘာလို့လက်ခံလိုက်တာလဲဆိုတာ သိလား" ယီယွင်ယောင်က မေးလိုက်သည်။
"ကျွန်တော် ခန့်မှန်းမိတာတွေ ရှိပါတယ်" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။
"ကျွန်မ သူနဲ့ ရန်ဘက်တွေဖြစ်လာတာ နှစ်တော်တော်ကြာပြီဆိုတော့ သူ့စိတ်ကို ကျွန်မ သိတာပေါ့။ သူ ရှင့်ကို သတ်ဖို့ ကြံစည်နေတာ ကြာပြီ။ ရေစီးကြောင်းအတိုင်း ပဲ့ကိုင်လိုက်ဖို့ သူ စီစဥ်နေတာ။ ရှင့်ရဲ့ အဆိုပြုချက်က သူ့ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားတာပေါ့" သူ၏ ဘာသိဘာသာအမူအရာကို မြင်သောအခါ ယီယွင်ယောင်က ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
မှန်သည်၊ ချူးယွင်ဖန်းသည်လည်း ထိုအချက်ကို သတိထားမိသည်။ ဝမ်ယိဖန်သည် ကြမ်းတမ်း၍ မောက်မာတတ်သော်လည်း မိုက်မဲသူ မဟုတ်ပေ။ ချူးယွင်ဖန်းသည် သူ၏ ဒေါသကို နှိုးဆွနေမှန်း သိသော်လည်း စိန်ခေါ်ပွဲကို လက်ခံခဲ့သည်။ သူသည် ချူးယွင်ဖန်းကို လူသိရှင်ကြား သတ်ဖြတ်နိုင်မည့် အခွင့်အရေးကို စောင့်နေခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ တန်ပြန်တိုက်ခိုက်မှုအတွက်မူ ချူးယွင်ဖန်းသည် အတွင်းစည်းတပည့်တစ်ယောက်သာဖြစ်သည်။ ချူးယွင်ဖန်းတွင် အတောင်ပံပေါက်လာလျှင်ပင် တစ်နှစ်အတွင်း မည်မျှအထိ အစွမ်းထက်လာနိုင်မည်နည်း။
"ရှင် တည်ငြိမ်တယ်ဆိုတာ ကျွန်မ သိပေမယ့် တပည့်အရင်းတွေကိုတော့ အထင်မသေးသင့်ဘူး။ ရှင်က အရမ်းသန်မာပြီး မသုံးရသေးတဲ့ ဝှက်ဖဲတွေ ရှိနေသေးတယ်ဆိုတာလည်း ကျွန်မ သိပါတယ်။ သာမန် ထူးချွန်တပည့်တွေကတောင် ရှင့်ကို မယှဉ်နိုင်လောက်ဘူး။ ဒါပေမယ့် တပည့်အရင်းတွေက ထူးချွန်တပည့်တွေထက် နည်းနည်းပဲ ပိုသာတယ်လို့ ထင်ရင်တော့ ရှင် အကြီးအကျယ် မှားသွားလိမ့်မယ်"
ချူးယွင်ဖန်း၏ သာမန်ကာလျှံကာ အမူအရာကို မြင်လိုက်ရသဖြင့် ယီယွင်ယောင်က မျက်မှောင်ကြုတ်လိုက်သည်။
"သာမန် ဒြပ်မဲ့ကျွမ်းကျင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတွေက အယောက်တစ်ရာလောက် စုလာရင်တောင် ကျွန်မရဲ့တိုက်ခိုက်မှုကို တားနိုင်မှာ မဟုတ်ဘူး။ ဝမ်ယိဖန်ရဲ့ ခွန်အားက ကျွန်မ ထက် လျော့နည်းပေမယ့် ရှင်စိတ်ကူးနိုင်မယ့်အဆင့်မျိုး မဟုတ်ဘူး"
"ကျွန်တော် နားလည်ပါတယ်။ အကြံပေးတာ ကျေးဇူးတင်ပါတယ် စီနီယာယီ" ချူးယွင်ဖန်းက ခေါင်းညိတ်၍ အရိုအသေပေးကာ မတ်မတ်ထိုင်လိုက်သည်။
ချူးယွင်ဖန်းသည် သူမကို မပြောပြခဲ့သည့် အချက်တစ်ခုရှိသေးသည်။ ဝမ်ယိဖန်က ချူးယွင်ဖန်းကို သတ်ဖြတ်ရန် အခွင့်အရေးယူနေသည်ကို ယီယွင်ယောင် သိသော်လည်း ချူးယွင်ဖန်းသည်လည်း ဝမ်ယိဖန်ကို သတ်ဖြတ်ရန် ထိုအခွင့်အရေးကို အသုံးပြုနေကြောင်း သူမ မသိခဲ့ပေ။ လီချန်းယွမ်နှင့် နှိုင်းယှဉ်လျှင် ဝမ်ယိဖန်သည် လမ်းပေါ်က အတားအဆီးတစ်ခုသာဖြစ်သည်။ သူသည် လီချန်းယွမ်နှင့် အဆင့်အတန်းခြင်း မတူညီပေ။ သို့သော် ဝမ်ယိဖန်၏ ဖြစ်တည်မှုသည် ချူးယွင်ဖန်း၏ ရှင်သန်မှုအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသည်။ ထို့ကြောင့် သူသည် ဝမ်ယိဖန်ကို ဖယ်ရှားရန် နည်းလမ်းရှာရမည်ဖြစ်သည်။
"ဒါပေမယ့် အနည်းဆုံးတော့ တစ်နှစ်အချိန်ရလိုက်တယ် မဟုတ်လား" ချူးယွင်ဖန်းက ပြုံးလိုက်သည်။
တစ်နှစ်အကြာတွင် အနိုင်ရရှိလာမည့်သူကို မည်သူမျှ သေချာ မသိကြပေ။ တစ်နှစ်အတွင်း လီချန်းယွမ်ကို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှု မရှိသော်လည်း ဝမ်ယိဖန်ကိုဆိုလျှင် ပြဿနာရှိမည် မဟုတ်ပေ။ သူ၏ အနာဂတ် ရည်မှန်းချက်သည် သိုင်းပညာ၏ အထွတ်အထိပ်သို့ တက်လှမ်းရန်နှင့် မသေမျိုးတစ်ဦးဖြစ်လာရန်ဖြစ်သည်။
‘ဝမ်ယိဖန်ဆိုတာ ဘာမို့လို့လဲ’
"တစ်နှစ်လား။ ဝမ်ယိဖန်ရဲ့ စိတ်နေသဘောထားကို ကျွန်မ ကောင်းကောင်း သိတယ်။ သူက ရက်စက်ကြမ်းကြုတ်တဲ့လူမျိုး၊ တစ်နှစ်အချိန်ပေးမယ်လို့ ပြောပေမယ့် တကယ်တမ်း ကတိတည်မယ့်လူ မဟုတ်ဘူး။ သူ ရုတ်တရက် တိုက်ခိုက်လာနိုင်တယ်" ယီယွင်ယောင်က သတိပေးလိုက်သည်။
"သူနဲ့ ကျွန်မနဲ့ကြားက ရန်ငြိုးကို ရှင် သိလား။ အဲ့ဒီတုန်းက ကျွန်မ တပည့်အရင်း မဖြစ်ခင်ပဲ သူ တပည့်အရင်းဖြစ်သွားတာ။ နောက်ပိုင်း ကျွန်မကို လူတစ်ယောက် လိုက်သတ်ဖြတ်လို့ အသက်လုနီးပါးပြီး ထွက်ပြေးခဲ့ရတယ်။ ကျွန်မမှာသာ ဝှက်ဖဲတွေ မရှိရင် သေသွားလောက်ပြီ။ အဲ့ဒီလူက ဘယ်သူလဲဆိုတာ အထောက်အထား မရှာတွေ့သေးပေမယ့် ဝမ်ယိဖန်နဲ့ ပတ်သက်နေတာကို ကျွန်မ သိတယ်။ အဲ့ဒီတုန်းက ကျွန်မ ခွန်အားနဲ့ဆိုရင် သာမန် ဒြပ်မဲ့ကျွမ်းကျင်အဆင့်ရဲ့အထွတ်အထိပ် ကျင့်ကြံသူတွေ ကျွန်မကို မယှဉ်နိုင်ဘူး"
ယီယွင်ယောင်နှင့် ဝမ်ယိဖန်တို့ကြားက ရန်ငြိုးကို ချူးယွင်ဖန်း တစ်ခါမှ မကြားဖူးသေးပေ။
"ဒါကြောင့် ရှင့်မှာ အချိန်တစ်နှစ်ရှိသေးတယ်လို့ မတွေးလိုက်နဲ့" ယီယွင်ယောင်က သတိပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာယီ၊ ဒါပေမယ့် ကျွန်တော် ပြောရဲတဲ့အတွက် အဆင်သင့်ပြင်ထားပြီးသားပါ။ သူပဲ လာလာ၊ တခြားလူကိုပဲ လွှတ်လွှတ် ကျွန်တော် လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်။ သူကိုယ်တိုင် လာသတ်ရင်တော့ အကောင်းဆုံးပေါ့။ အဲ့ဒါဆိုရင် တစ်နှစ်စောင့်စရာ မလိုတော့ဘဲ သူ့ကို ကျွန်တော် အရင်သတ်ပစ်မယ်"
ချူးယွင်ဖန်း၏ အသံသည် ပဲ့တင်ထပ်၍ ပြတ်သားနေသည့်အပြင် အမူအရာသည်လည်း ခိုင်မာနေသည်။ ယီယွင်ယောင်ပင် တုန်လှုပ်သွားလေသည်။ မည်သို့သော ဝှက်ဖဲများရှိနေသည်ကို မသိသော်လည်း သူမ ဝင်မစွက်ဖက်မီ အစွမ်းကုန် ရင်ဆိုင်ရန် ကြိုးစားနေသော ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်များအရ သူသည် ဝမ်ယိဖန်ကို သတ်ဖြတ်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
"ရှင့်မှာ ဘာနည်းလမ်းတွေပဲရှိရှိ နောက်ဆုံးအချိန်အထိ သိမ်းထားတာ အကောင်းဆုံးပဲ" ယီယွင်ယောင်က ချူးယွင်ဖန်းကို အဓိပ္ပာယ်ရှိစွာ စိုက်ကြည့်လိုက်သည်။ "ဒါပေမယ့် ခုလောလောဆယ်မှာ အခက်အခဲတစ်ခု ရှိနေသေးတယ်။ ရှင့်ရဲ့ ခန့်အပ်လွှာက မကြာခင် ရောက်လာတော့မယ်"
အခန်း (၁၇၁၃) သီးသန့်ကျင့်ကြံခြင်း၊ ရရှိလာသောအကျိုးအမြတ်များကို စုပ်ယူခြင်း
"ဧကရာဇ်နန်းတော်က ခန့်အပ်လွှာအကြောင်း ပြောနေတာလား။ ထူးချွန်တပည့်ဖြစ်မှပဲ ခန့်အပ်လွှာရတာ မဟုတ်ဘူးလား" ချူးယွင်ဖန်းက မေးလိုက်သည်။
"ဟုတ်တယ်၊ ဒါပေမယ့် စည်းမျဉ်းတွေအရ အတွင်းစည်းတပည့် ပြိုင်ပွဲမှာ ပထမရတဲ့သူက ထူးချွန်တပည့်အဖြစ် အလိုအလျောက် ချီးမြှင့်ခံရလေ့ရှိတယ်။ ပြီးတော့ အခုအချိန်ထိ ဒြပ်မဲ့ကျွမ်းကျင်အဆင့်ကို မရောက်သေးဘဲ အနိုင်ရတဲ့သူတစ်ယောက်မှ မရှိခဲ့ဖူးဘူး"
ချူးယွင်ဖန်းသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ဖြတ်ကျော်ပြီးနောက် ဧကရာဇ်နန်းတော်၏ ခန့်အပ်လွှာကို ရရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သူသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ရောက်ရှိလျှင် အစစ်အမှန်တပည့်တစ်ဦးကိုပင် ရင်ဆိုင်ရဲမည်ဖြစ်သည်။ ထိုအချိန်တွင် ဧကရာဇ်နန်းတော်၏ မည်သည့်ခန့်အပ်လွှာကိုမဆို လွယ်ကူစွာ လက်ခံနိုင်ပေလိမ့်မည်။ သို့သော် ယခုမူ သူသည် ထူးချွန်တပည့်အဖြစ် ရုတ်တရက် ကြိုတင်ချီးမြှင့်ခံလိုက်ရသဖြင့် အနည်းငယ် အငိုက်မိသွားလေသည်။ သို့သော် သူသည် မထိတ်လန့်မိပေ။ အဘယ်ကြောင့်ဆိုသော် ရုတ်တရက် ရာထူးတိုးမြှင့်ခံလိုက်ရသော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ထူးချွန်တပည့်တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သောကြောင့်ဖြစ်သည်။
"ဒါကြောင့် အခုဆိုရင် စစ်ဘက်အရာရှိလုပ်မလား၊ အစိုးရဌာနရဲ့ အရာရှိလုပ်မလားဆိုတာ ဆုံးဖြတ်ရတော့မယ်။ ဒီကိစ္စကို ရှင် သဘောရှိတဲ့အတိုင်း ရွေးချယ်နိုင်တယ်။ ဒါပေမယ့် ကြယ်ကြွေကောင်းကင်ဂိုဏ်းက တပည့်အများစုကတော့ စစ်တပ် ဒါမှမဟုတ် ဥပဒေစိုးမိုးရေးဌာနကိုပဲ ဝင်လေ့ရှိတယ်။ စစ်တပ်ထဲ ဝင်မယ်ဆိုရင် ကြယ်ကြွေကောင်းကင်ဂိုဏ်းက အကူအညီပေးလိမ့်မယ်။ အစိုးရဌာနကို ဝင်မယ်ဆိုရင်တော့ အဲဒါက မွန်မြတ်ခြင်းကျောင်းတော်ရဲ့ နယ်ပယ်ပဲ။ နန်းတော်ထဲမှာ အရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကြယ်ကြွေကောင်းကင်ဂိုဏ်းက စီနီယာတွေ ရှိပေမယ့် အမြင့်ဆုံးရာထူးက လက်ထောက်ဝန်ကြီးအဆင့်ပဲ ရှိသေးတယ်" ယီယွင်ယောင်က ပြောလိုက်သည်။
"ကျွန်တော် စစ်တပ်ထဲကိုပဲ ဝင်ပါမယ်။ ကျွန်တော် အစီအစဉ်ဆွဲထားပြီးသားပါ" ချူးယွင်ဖန်းသည် ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်။ စစ်တပ်ကို ရွေးချယ်ရသည့်အကြောင်းအရင်းမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် စစ်ဘက်ဆိုင်ရာစနစ်တွင် ပိုမိုအာဏာရှိသောကြောင့်သာမဟုတ်ဘဲ၊ စစ်တပ်ထဲရောက်လျှင် သူ၏အင်အားကို ပွင့်လင်းစွာ ပျိုးထောင်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။
"ကောင်းပြီ၊ ဒါပေမယ့် ရှင် သတိတော့ထားရမယ်၊ ဝမ်ယိဖန်က ဒီကိစ္စကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ ရှင် ကြယ်ကြွေကောင်းကင်ဂိုဏ်းကနေ ထွက်သွားတဲ့အခါ သူ နည်းမျိုးစုံနဲ့ ဒုက္ခပေးလိမ့်မယ်" ယီယွင်ယောင်က သတိပေးလိုက်သည်။
"အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာယီ။ ကျွန်တော် ပြင်ဆင်ပြီးသားပါ" ချူးယွင်ဖန်းက ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကျွန်တော် ရရှိထားတဲ့ ရတနာတွေကို စုပ်ယူပြီး သီးသန့်ကျင့်ကြံဖို့ ပြန်ပါတော့မယ်။ စီနီယာကို ဒီထက်ပိုပြီး အနှောင့်အယှက် မပေးတော့ပါဘူး။ ကျွန်တော် နောက်မှပဲ လာခဲ့ပါမယ်"
"ကောင်းပြီလေ" ယီယွင်ယောင်က ခေါင်းညိတ်ပြလိုက်သည်။
ချူးယွင်ဖန်းသည် ယီယွင်ယောင်ကို နှုတ်ဆက်ပြီးနောက် သူ၏အိမ်တော်သို့ ပြန်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ပြိုင်ပွဲမှရရှိလာသော ဆုလာဘ်များ ထည့်ထားသည့် နေရာလွတ်အိတ်ကို အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။ ယူချူးယွင် ပြောသည့်အတိုင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းအပြင် ကြယ်ကြွေကောင်းကင်သစ်သီးနှင့် အမြင့်ဆုံးအဆင့် ဝိညာဉ်လက်နက်ဖြစ်သည့် စွဲညှို့အလံတို့ ပါရှိသည်။
စွဲညှို့အလံသည် ငွေညိုရောင် အလံတစ်ခုဖြစ်သည်။ ၎င်းသည် ရှေးဆန်၍ ပဟေဠိဆန်သော ပုံသဏ္ဌာန်များဖြင့် ရေးထိုးထားသည်။ ထို့ထက်ပို၍ ထူးခြားသည့်အချက် မရှိပေ။ သို့သော် ချူးယွင်ဖန်းသည် သူ၏ နတ်အာရုံဖြင့် စမ်းသပ်ကြည့်ပြီးနောက် အလံ၏ လုပ်ဆောင်ချက်ကို ချက်ချင်း နားလည်သွားသည်။ ဤပစ္စည်းသည် အလွန်ရှားပါးကြောင်း သက်သေပြနေသည်။ ၎င်းကို တိုက်ခိုက်ရေး သို့မဟုတ် ကာကွယ်ရေးအတွက် အသုံးပြုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည် လူတို့၏စိတ်ကို ထိန်းချုပ်နိုင်သည့် အလံဖြစ်သည်။ သုံးစွဲသူသာ အင်အားကြီးမားမည်ဆိုပါက ပြိုင်ဘက်များကိုပင် စိတ်ညှို့ကာ ကျွန်အဖြစ် ခိုင်းစေနိုင်ပေလိမ့်မည်။ ၎င်းသည် ဖြောင့်မတ်သောလမ်းစဉ်၏ ပစ္စည်းမဟုတ်ဘဲ ကြယ်ကြွေကောင်းကင်ဂိုဏ်းက နတ်ဆိုးဂိုဏ်းတစ်ခုကို တိုက်ခိုက်စဉ် သိမ်းပိုက်ရရှိခဲ့သည့် မှော်ပစ္စည်းဖြစ်၍ ဘဏ္ဍာတိုက်တွင် သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ယင်းကဲ့သို့ မှော်ပစ္စည်းမျိုးသည် ဖြောင့်မတ်သောဂိုဏ်းများ၏ ပုံစံနှင့် မကိုက်ညီသဖြင့် တပည့်များကို ပေးအပ်လေ့မရှိပေ။ သို့သော် ဝမ်ယိဖန်၏ နောက်ကွယ်မှ စီမံမှုကြောင့် ဤပစ္စည်းသည် ပြိုင်ပွဲ၏ ဆုလာဘ်တစ်ခုဖြစ်လာခဲ့သည်။ ချူးယွင်ဖန်းသည် အနည်းငယ် တွေးတောပြီးနောက် နားလည်သွားသည်။ ဝမ်ယိဖန်သည် စွဲညှို့အလံနှင့် ပတ်သက်၍ တစ်စုံတစ်ခု ကြံစည်ထားပုံရသည်။ မဟုတ်ပါက ၎င်းကို ပိုင်ဆိုင်ရန် ဤမျှအလွန်အမင်း ကြိုးစားလိမ့်မည်မဟုတ်ပေ။ ကံမကောင်းစွာဖြင့် ယွီဝမ်ရှင်းသည် ဆိုးရွားစွာ ရှုံးနိမ့်သွားခဲ့သည်။ နောက်ဆုံးတွင် ချူးယွင်ဖန်းသာ ဤအကျိုးအမြတ်ကို ရရှိသွားသည်။
ချူးယွင်ဖန်းသည် ထိုအကြောင်းကို တွေးမိသောအခါ ရယ်ချင်မိသွားသည်။ ကြက်ကို ခိုးယူရန် ကြံစည်ထားသော်လည်း ဆန်ပင် ဆုံးရှုံးရခြင်းဟူသည် ဤသည်ကို ခေါ်ဆိုခြင်းဖြစ်သည်။
"ငါ့ လက်ထဲ ရောက်လာပြီဆိုတော့ အကျိုးရှိအောင် သုံးလိုက်ဦးမယ်" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
ဤစွဲညှို့အလံသည် တိုက်ခိုက်ရေးအတွက် အသုံးမဝင်သော်လည်း ကောင်းစွာ အသုံးပြုတတ်ပါက သာမန်တိုက်ခိုက်ရေး မှော်ပစ္စည်းများထက် ပိုမိုအစွမ်းထက်ပေလိမ့်မည်။ သို့သော် အရေးအကြီးဆုံး ဆုလာဘ်သည် ကြယ်ကြွေကောင်းကင်သစ်သီးဖြစ်သည်။ ၎င်းကို ဝိညာဉ်စွမ်းအင်များ မယိုစိမ့်စေရန် ကျောက်စိမ်းဘူးအတွင်း၌ အလုံပိတ်ထားသည်။ ချူးယွင်ဖန်းသည် ထိုသစ်သီးတွင် ပါဝင်သည့် ကြောက်မက်ဖွယ် စွမ်းအင်ပမာဏကို ခံစားမိလိုက်သည်။
"အရင်ဆုံး ကြယ်ကြွေကောင်းကင်သစ်သီးကို စားပြီး ငါ့ပြောင်းလဲမှုကို အဆုံးသတ်ရမယ်။ အဲဒီအချိန်ကျရင် ဒြပ်မဲ့ကျွမ်းကျင်အဆင့် ထူးချွန်တပည့်တွေကိုတောင် ရင်ဆိုင်နိုင်လိမ့်မယ်။ ဟော့ပုံစံကို မသုံးရင်တောင် ငါ့ တိုက်ခိုက်နိုင်စွမ်းတွေ အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်" ချူးယွင်ဖန်းက အမြန်ဆုံး ဆုံးဖြတ်လိုက်သည်။
သူသည် တောင်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်ကာ လေထုထဲတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်သစ်သီးကို မျိုချလိုက်သည်။ သစ်သီးသည် စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ သူ၏ အရိုးအဆစ်များထဲသို့ စီးဝင်သွားသည်။ ချူးယွင်ဖန်းသည် သစ်သီး၏စွမ်းအင်များ သူ၏ ခန္ဓာကိုယ်ရှိ ဆဲလ်များအတွင်းသို့ ပျံ့နှံ့သွားကာ ဆဲလ်များကို အဆက်မပြတ် ဆွဲဖြဲနေကြောင်း ခံစားလိုက်ရသည်။ ဆွဲဖြဲခံရတိုင်း အလွန်နာကျင်နေသော်လည်း ထိုနာကျင်မှုကို ပိုမိုကြီးမားသော စွမ်းအင်များဖြင့် ချက်ချင်း ပြန်လည်ကုစားနေသည်။
ဤကဲ့သို့ ဖျက်ဆီးခြင်းနှင့် ကုစားခြင်းများ အဆက်မပြတ်ဖြစ်ပေါ်နေသည့် လုပ်ငန်းစဉ်တွင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ သာမန်လူတို့သည် ကြယ်ကြွေကောင်းကင်သစ်သီး၏ ကြီးမားလှသော ဆေးစွမ်းအင်ကို မခံနိုင်ကြရာ ဒြပ်မဲ့ကျွမ်းကျင်အဆင့် ထူးချွန်တပည့်များပင် ထိုနည်းလည်းကောင်းတူဖြစ်သည်။
ထို့ကြောင့် ဝမ်ယိဖန်သည် ဤအသီးကို ယွီဝမ်ရှင်းအတွက် မဟုတ်ဘဲ သူကိုယ်တိုင်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ချူးယွင်ဖန်း သိရှိသွားသည်။ ဤစီမံကိန်းများအားလုံးသည် ယွီဝမ်ရှင်း၏ နာမည်ကို အသုံးချရန်သာ ဖြစ်သော်လည်း ယခုမူ အရာအားလုံးသည် ချူးယွင်ဖန်း၏ အကျိုးအမြတ်များဖြစ်သွားခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် ကွဲပြားခြားနားသည်။ သူတွင် ဧကရာဇ်ခန္ဓာကိုယ်နှင့် မိုးကြိုးကိုယ်ခန္ဓာတို့ ရှိနေသည်။ ထိုနှစ်ခုစလုံးသည် သာမန်လူတို့ စိတ်ကူးမယဉ်နိုင်သော အရာများဖြစ်သည်။ သူသည် လက်ဗလာဖြင့် ဝိညာဉ်လက်နက်များကို ရင်ဆိုင်နိုင်သည်။ ၎င်းတို့သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခန္ဓာကြံ့ခိုင်မှု အရည်အသွေးများဖြစ်သနည်း။
ချူးယွင်ဖန်းသည် နျူကလီးယားပေါက်ကွဲမှုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို အတင်းအကျပ် တားဆီးကာ ဧကရာဇ်လမ်းစဥ်ကို လှည်ပတ်ခြင်းဖြင့် ထိုစွမ်းအင်ကို သူ၏ ကိုယ်ပိုင်အစွမ်းအဖြစ် ပြောင်းလဲလိုက်သည်။ သစ်သီး၏ စွမ်းအင်တစ်ဝက်ကျော်ကို သူ၏ ခန္ဓာကိုယ်အတွင်း စုပ်ယူပြီးနောက် ပိုမိုထိတ်လန့်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ တိုးတက်လာသည်။
ကျန်ရှိသည့် တစ်ဝက်ကိုမူ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်က စုပ်ယူကာ အဆင့်ဖြတ်ကျော်မှုအတွက် အသုံးပြုမည့် စွမ်းအင်များအဖြစ် ပြောင်းလဲလိုက်သည်။ ကနဦးတွင် သူသည် ဒြပ်မဲ့အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း ယခုမူ ဤကြီးမားလှသော စွမ်းအင်၏ ရိုက်ခတ်မှုအောက်တွင် ဒြပ်မဲ့လေ့လာသူအဆင့်သို့ တိုးတက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်း၏ စိတ်ထဲရှိ နတ်ဘုရားဝိညာဥ်သည် အလင်းရောင် ဖျော့ဖျော့များ ထုတ်လွှတ်လိုက်သည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များအနက် ဒြပ်မဲ့လေ့လာသူအဆင့်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များစွာ ပေါ်ထွက်လာခဲ့ရာ ချူးယွင်ဖန်းသည် ၎င်းတို့ကို အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ပေါင်းစပ်လိုက်သည်။