← Chapters

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁) - သူရဲကောင်း စိတ်ဓာတ် (အပိုင်း - ၃)

~ယန်ရှောင်ယွင်၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်ပေါက်လာသည်။ သူမသည် ဖခင်ဖြစ်သူ ယန်ရီဇီကို တစ်လှည့်၊ ဆုမိုကို တစ်လှည့် ကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်နေ၏။

သို့သော် ယန်ရီဇီကမူ တည်ငြိမ်သော မျက်ဝန်းများဖြင့် ဆုမိုကို စိုက်ကြည့်နေလေသည်။

“မင်း ဘာလို့ အဲဒီလို ကောက်ချက်ချလိုက်တာလဲ”

“...ဘာလို့လဲဆိုတော့ ခြေရာခံစရာ သဲလွန်စတွေ ရှိနေလို့ပါ”

ဆုမို ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်၏။

“အဘိုး မဆုံးပါးခင်မှာ ဇီယန်ဂိုဏ်း ဆီ ပို့ပေးဖို့ ပစ္စည်းတစ်ခု မှာထားခဲ့တယ်”

“အဖေကလည်း ဇီယန်ဂိုဏ်းမှာ ပညာသင်ခဲ့ဖူးတယ်... ဒီအချက်နှစ်ချက်ကို ကြည့်ရင် ကျွန်တော်တို့ ဆုမိသားစုနဲ့ ဇီယန်ဂိုဏ်းရဲ့ ဆက်ဆံရေးက သာမန် မဟုတ်ဘူးဆိုတာ သိသာနေတယ်”

“အခုချိန်မှာ ရန်သူ့ဘက်က သတင်းအချက်အလက် လစ်ဟင်းမှု ရှိနေနိုင်တယ်”

“ဒါကို အတည်ပြုဖို့က အရေးကြီးဆုံးပဲ”

“အစတုန်းကတော့ ကျွန်တော် ထင်ခဲ့တာ... ဇီယန် အာမခံဌာန ကို ပြန်သွားပြီး အပြင်ပန်းမှာ လျော့ရဲသလိုလိုနဲ့ အတွင်းပိုင်းမှာ တင်းကျပ်ထားမယ်... ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီး ရန်သူ့ရဲ့ အခြေအနေကို စမ်းသပ်မယ်လို့ တွေးခဲ့တာ”

“တကယ်လို့ သူတို့ရဲ့ သတင်းအချက်အလက်တွေက မှန်ကန်နေတယ် ဆိုရင်... သူတို့ကို ထောင်ချောက်ထဲ ဆွဲသွင်းလို့ ရနိုင်တယ်”

“တကယ်လို့ လမ်းခရီးမှာ သူတို့ကို ဖြတ်တောက်နိုင်ခဲ့ပြီး... သတင်းအချက်အလက် လစ်ဟင်းမှု ရှိနေခဲ့မယ်ဆိုရင်... ရလဒ်အနေနဲ့ ခင်ဗျားတို့ အသက်ရှူချောင်သွားမှာ သေချာတယ်”

“ဒါပေမဲ့... ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်တဲ့ ပြဿနာ တစ်ခု ရှိနေတယ်”

“ဘာပြဿနာလဲ”

ယန်ရီဇီက ဆုမိုကို ဆက်လက် စိုက်ကြည့်နေဆဲ။

“ခင်ဗျားတို့က ရှို့ရွှမ် ကို ကာကွယ်ပေးရင်း (၄) လနီးပါး ကြာသွားတယ်... ပြီးတော့ သူ့မျိုးနွယ်စု နယ်မြေဆီ သွားခဲ့ကြတယ်”

“လီစစ်ယွင် ကို ကယ်တင်ပြီးတဲ့နောက် ဒဏ်ရာကုသဖို့ ရက်နည်းနည်း ထပ်ကြာသွားတယ်... စုစုပေါင်း (၅) လကျော်၊ နှစ်ဝက်နီးပါးလောက် ကြာမြင့်သွားခဲ့တယ်”

“သိုင်းလောကကြီးက ခြောက်ကပ်နေသလို ထင်ရပေမယ့်... တကယ်လို့ တစ်ယောက်ယောက်က သေချာ စုံစမ်းကြည့်မယ်ဆိုရင်... ခင်ဗျားတို့ လော့ရှားမြို့ ကို နှစ်ဝက်လောက် ပြန်မရောက်ဘူး ဆိုတာ သေချာပေါက် သိနိုင်တယ်”

“အဆိုးဆုံးက... ဒီမတိုင်ခင်တုန်းက အဘိုးနဲ့ အာမခံဌာနက လူတွေအကုန်လုံး အာမခံတာဝန် တစ်ခုမှာ ပျောက်ဆုံးသွားခဲ့ကြတာလေ”

“တကယ်လို့ ခင်ဗျားတို့က လက်ဗလာနဲ့ ပြန်လာခဲ့ရင်... ဖြေရှင်းချက် ပေးစရာ မရှိဘူး”

“အဘိုးရဲ့ ရုပ်အလောင်းကို ပြလိုက်မယ်ဆိုရင်လည်း... အမှန်တရားကို ဖုံးကွယ်ထားလို့ မရတော့ဘူး”

“အဖေ့ရဲ့ စရိုက်နဲ့ဆိုရင်... လမ်းမှာ လူတစ်ယောက်ယောက်ကို သတ်ပြီး ရုပ်အလောင်း ဖျက်ဆီးပြီး အလောင်းအစားထိုးမယ့် အလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး”

“ဒါကြောင့် အကောင်းဆုံး နည်းလမ်းကတော့... ဇီယန်ဂိုဏ်းကို အကာအကွယ် ယူလိုက်တာပဲ”

“ဇီယန်ဂိုဏ်းကို သွားပြီး ခရီးသွားအတွေ့အကြုံတွေကို အကုန်ဖွင့်ပြောပြလိုက်မယ်”

“လွန်ခဲ့တဲ့ နှစ်ဝက်လုံးလုံး ဇီယန်ဂိုဏ်းထဲမှာပဲ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ နေနေခဲ့ပါတယ်လို့ ပြောလိုက်ရင် ရပြီ”

“တကယ်လို့ ရန်သူက ခင်ဗျားတို့ရဲ့ အထောက်အထားကို သိနေရင်တောင်... ဇီယန်ဂိုဏ်းက နောက်ခံအနေနဲ့ ရှိနေသေးတယ်”

“မသိဘူးဆိုရင်တော့... သူတို့ဆီမှာ သတင်းအချက်အလက် လစ်ဟင်းမှု ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာပဲ”

“ဒီနည်းနဲ့ ခင်ဗျားတို့က တက်နိုင်သလို ဆုတ်လည်း ဆုတ်နိုင်တဲ့ အနေအထား ရောက်သွားတာပေါ့”

ယန်ရီဇီက ဆုမိုကို တိတ်ဆိတ်စွာ ကြည့်နေပြီးမှ မေးလိုက်၏။

“ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် ဇီယန်ဂိုဏ်းကို ဒုက္ခပေးသလို ဖြစ်မသွားဘူးလား... မင်းအဖေရဲ့ စရိုက်နဲ့ဆိုရင်... ဒီလောက် ကြောက်စရာကောင်းတဲ့ ရန်သူကြီးကို ဇီယန်ဂိုဏ်းဆီ ဘယ်လိုလုပ် ခေါ်သွားမှာလဲ”

“...ကျွန်တော် ထင်တာကတော့... အဲဒီအချိန်တုန်းက ခင်ဗျားတို့ ထဲက ဘယ်သူမှ ဇီယန်ဂိုဏ်းက တစ်စုံတစ်ယောက်ကို မကြောက်ကြပါဘူး.. ဟုတ်တယ် မလား”

ဆုမိုက ယန်ရီဇီကို ပြန်ကြည့်လိုက်၏။

ယန်ရီဇီ နောက်ဆုံးတော့ မနေနိုင်တော့ဘဲ ဟားတိုက် ရယ်မောလိုက်ပြီး ခေါင်းခါလိုက်၏။

“ယွင်အာ ပြောတာ မှန်ပါတယ်... (၂) နှစ်ကျော် အတွင်းမှာ မင်း တကယ်ပဲ လုံးဝ ပြောင်းလဲသွားခဲ့ပြီပဲ”

“မင်း ပြောတာ မှန်တယ်... ငါတို့ တကယ်ပဲ ဇီယန်ဂိုဏ်းကို သွားခဲ့ကြတယ်”

“အဲဒီတုန်းက ငါကတော့ ပုန်းနေသင့်တယ်... ခြေရာလက်ရာ လုံးဝ မပြသင့်ဘူးလို့ ထင်ခဲ့တာ”

“ဒါပေမဲ့ မင်းအဖေက ပြောတယ်... အဲဒီလို လုပ်လိုက်ရင် ငါတို့ ဒီကိစ္စထဲ ပါဝင်ပတ်သက်နေတယ် ဆိုတာ သက်သေပြလိုက်သလို ဖြစ်သွားမယ်တဲ့”

“အကောင်းဆုံး နည်းလမ်းကတော့ ဇီယန်ဂိုဏ်းကို အားကိုးတာပဲတဲ့... တစ်ဖက်လူက အရိပ်ထဲမှာ လှုပ်ရှားနေတာ... သေချာပေါက် သူခိုးလို လူမျိုးတွေပဲ”

“သူခိုးတွေ အကြောက်ဆုံးက မီးရောင်ပဲလေ”

“တုန်းချန် ရဲ့ ဂိုဏ်းကြီး (၇) ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ ဇီယန်ဂိုဏ်းဟာ... တုန်းဟွမ် သိုင်းလောကကို လွှမ်းမိုးထားနိုင်တယ်လို့ မဆိုနိုင်ပေမယ့်... လွယ်လွယ်ကူကူ အနိုင်ကျင့်လို့ ရတဲ့ ဂိုဏ်းတော့ မဟုတ်ဘူး”

“ရန်သူက အင်အားကြီးတယ် ဆိုပေမယ့်... တကယ်လို့ သူတို့သာ ဘာမှ စိုးရိမ်စရာ မရှိရင်... ဘာကိစ္စ တိတ်တဆိတ် လှုပ်ရှားနေမှာလဲ”

“ဒါကြောင့်... ငါတို့ တကယ်ပဲ သွားခဲ့ကြတယ်”

“လမ်းခရီးမှာတော့ ခြေရာလက်ရာ ဖျောက်ပြီး သွားကြပေမယ့်... ရောက်သွားတာနဲ့ ဂိုဏ်းထဲမှာ ပေါ်ပေါ်ထင်ထင် နေလိုက်ကြတယ်”

“ဇီယန်ဂိုဏ်းက စည်းလုံးညီညွတ်မှု ရှိတယ်... မင်းအဖေကလည်း အဲဒီမှာ ရေထဲက ငါးတစ်ကောင်လိုပဲ... အဆင်ပြေနေတာ”

“ဂိုဏ်းချုပ်က ကိစ္စတွေကို သိသွားတဲ့အခါ... ဂိုဏ်းထဲက အကြီးအကဲတွေနဲ့ တိုင်ပင်ပြီး ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပေးလိုက်ကြတယ်”

“အဲဒီလိုနဲ့ ပျောက်ဆုံးနေတဲ့ နှစ်ဝက်အချိန်ကာလကို ဖုံးဖိပေးနိုင်ခဲ့တယ်”

“အဲဒီကာလအတွင်းမှာ... တစ်ယောက်ယောက်က လာချောင်းမြောင်းသလား ဆိုတာ အမြဲ စောင့်ကြည့်နေခဲ့ပေမယ့်... ဘယ်သူမှ ရောက်မလာခဲ့ဘူး”

“အချိန်တွေ ကုန်ဆုံးသွားပြီး... နောက်ထပ် နှစ်ဝက်ကြာမှ ဇီယန် အာမခံဌာနကို ငါတို့ ပြန်ရောက်လာခဲ့ကြတယ်”

“မင်းအမေက မင်းအဖေကို နည်းနည်းပါးပါး ဆူပူတာက လွဲရင်... အာမခံဌာနထဲမှာ အေးဆေးငြိမ်သက်နေခဲ့တယ်”

“အဲဒီတော့မှ ငါတို့ စိတ်အေးသွားပြီး... ရန်သူက ငါတို့ရဲ့ အထောက်အထားမှန်ကို တကယ်ပဲ မသိခဲ့ဘူး ဆိုတာ သေချာသွားတယ်”

“ဒါပေမဲ့ ကိစ္စတွေက ဒီအဆင့်ထိ ရောက်လာမှတော့... ငါတို့ ဘယ်သူမှ စိတ်မအေးနိုင်တော့ဘူး”

“လီစစ်ယွင် က သူ့ဂိုဏ်းထဲက သစ္စာဖောက်ကို ဖမ်းချင်တယ်... စောင့်ရှောက်ထားတဲ့ ပစ္စည်းကို ပြန်ယူချင်တယ်... ငါတို့ကလည်း ယိရွှမ် နတ်ဘုရားသိုင်းကို အလကား ရထားတာ ဆိုတော့... ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ”

“ဒါ့အပြင် လီစစ်ယွင် တို့ မျိုးနွယ်စုရဲ့ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးတဲ့နောက်... သိုင်းလောက နောက်ကွယ်က ဒီအဖွဲ့အစည်းက ဘယ်လောက် ရက်စက်သလဲ ဆိုတာ သိလိုက်ရတော့... ငါတို့လည်း ကြောက်လန့်သွားကြတယ်”

“တစ်ဖက်လူက ဘာလုပ်ချင်ချင်... တားဆီးမယ့်သူ ရှိကို ရှိရမယ်”

“ဒီကိစ္စအတွက်... ငါတို့ ဆုံးဖြတ်ချက် ချလိုက်ကြတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ ဆုမို စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

သူနှင့် ဆုထျန်းယန်၊ ယန်ရီဇီတို့ကြားက အကြီးမားဆုံး ကွာခြားချက်ကတော့... သူရဲကောင်း စိတ်ဓာတ် မရှိတာ ဖြစ်လောက်သည်။

လူအများက ဆုမိုကို မြင့်မြတ်သည့် သူရဲကောင်းလို့ သတ်မှတ်ကြပေမယ့်... သူ ယူချွမ်ဂိုဏ်း က လက်အောက်ငယ်သားတွေကို ကယ်တင်ခဲ့တာတွေက...

မကြာခဏ ဆိုသလို အခြေအနေအရ လုပ်လိုက်ရတာတွေပါပင်။

ထို့အပြင် လှုပ်ရှားလိုက်တိုင်း... ဒီအခြေအနေမှ ဘယ်လို အကျိုးအမြတ် ရနိုင်မလဲ၊ ဘယ်လို အခွင့်ကောင်း ယူမလဲ ဆိုတာကိုပဲ သူ အရင် စဉ်းစားလေ့ ရှိ၏။

အန္တရာယ် ကြုံနေရသူကို တွေ့တာနှင့် ပြေးကယ်တတ်သည့်... လမ်းမှာ မတရားတာ တွေ့လျှင် ဓားဆွဲထုတ်ပြီး ကူညီတတ်သည့် လူမျိုး မဟုတ်ပါ။

နောက်ဆုံး ပြောရလျှင်... ဆုမိုက ကိုယ်ကျိုးကြည့်သော တစ်ကိုယ်ကောင်းသမား တစ်ယောက်ပါပင်။

ကိုယ့်ကို မထိခိုက်သရွေ့... ဘယ်သူသေသေ ငတေမာလျှင် ပြီးရော ဆိုသည့် စိတ်ဓာတ်မျိုး။

သူရဲကောင်း လမ်းစဉ် ဆိုတာက... ဆုထျန်းယန်နှင့် ယန်ရီဇီတို့လို လူမျိုးတွေကို ပြောတာ ဖြစ်လောက်သည်။

သိုင်းပညာ လေ့ကျင့်ပြီး... ရဲရင့်သော နှလုံးသားကို မွေးမြူကာ... သိုင်းလောက ခရီးလမ်းကို လျှောက်လှမ်းကြသူတွေ။

သင်ယူထားသော ပညာတွေကို အလဟဿ မဖြစ်စေရ... ဘဝရဲ့ အကောင်းဆုံး အချိန်တွေကို အချည်းနှီး မကုန်ဆုံးစေရ... သူရဲကောင်း ကျင့်ဝတ်ကို မဖောက်ဖျက်ပေ။

သို့သော်၊... ဒီ သူရဲကောင်း စိတ်ဓာတ်အတွက် ပေးဆပ်ရသည့် တန်ဖိုးကတော့ ကြီးမားလှပါသည်။

ယန်ရီဇီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ... နောက်ဆုံးတွင် စကားပြန်စလိုက်၏။

“ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့... ပထမဆုံး အချက်က ငါတို့ ကိုယ့်ကိုယ်ကို ကောင်းကောင်း ဖုံးကွယ်ထားရမယ်”

“ဒီလူတွေက ငါတို့နဲ့ စည်းကမ်းတကျ ကစားမယ့်သူတွေ မဟုတ်ဘူး... ဉာဏ်ရည်ချင်း ယှဉ်ပြိုင်တဲ့ ကစားပွဲမှာ... ငါတို့ ဘေးနားက လူတွေရဲ့ ဘေးကင်းရေးကို ထည့်စဉ်းစားရမယ်”

“ဒါကြောင့်... ငါတို့ရဲ့ မူလသိုင်းပညာတွေကို သုံးလို့ မရသလောက်ပဲ”

“ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်း နဲ့ ယိရွှမ် နတ်ဘုရားသိုင်း က အကောင်းဆုံး ရွေးချယ်စရာတွေ ဖြစ်လာတာပေါ့”

“ဒါပေမဲ့... ဒီသိုင်းပညာကို စမလေ့ကျင့်ခင်မှာ ရှုပ်ထွေးမှု တချို့ ရှိခဲ့တယ်...”

သူက ဆုမိုကို ကြည့်ပြီး ခေါင်းကို ညင်သာစွာ ခါလိုက်၏။ သူ့မျက်ဝန်းများထဲတွင် သဘောမကျသည့် အရိပ်အယောင် အနည်းငယ် ပေါ်လာ၏။

“မင်းအဖေက ရုပ်အဖြောင့်ကွ... မင်းလိုပဲပေါ့”

“သူကလေ... သူ့ဘဝတစ်လျှောက်လုံး အချစ်ကြွေးတွေ အများကြီး တင်ခဲ့တဲ့ကောင်...”

“....”

ဆုမို မျက်လုံးများ ပြူးကျယ်သွားသည်။ ဘာအကြောင်းတွေ လာပြောနေတာလဲ။

ယန်ရှောင်ယွင်လည်း နားစွင့်လိုက်မိသည်။

သို့သော် ယန်ရီဇီ စကားမဆုံးခင်မှာပင်... အမျိုးသမီးတစ်ယောက်၏ အေးစက်သော အသံ ထွက်ပေါ်လာ၏။

“ယန်ခေါင်းကြီး.. ရှင် သေချင်နေပြီလား”

အခန်း (၃၀၂) - နိဂုံး

~အသံက ရုတ်တရက် ထွက်ပေါ်လာသော်လည်း... မည်သူမှ အံ့သြခြင်း မရှိကြပေ။

တောင်ကြားက မကျယ်ဝန်းလှသလို... ဝင်ပေါက်တွင် လူတစ်ယောက် ပုန်းနေသည်ကို အသက်ငွေ့ ဖုံးကွယ်ခြင်း ပညာ ကျွမ်းကျင်သူများ မဟုတ်လျှင်တောင် အလွယ်တကူ သတိပြုမိနိုင်သည်။

ယန်ရီဇီက သူမ ခိုးနားထောင်နေသည်ကို ဂရုမစိုက်သောကြောင့် ဆုမိုနှင့် ယန်ရှောင်ယွင်တို့လည်း ဘာမှ မပြောဘဲ နေလိုက်ကြခြင်း ဖြစ်သည်။

ရောက်လာသူမှာ... သွေးရောင် မန်ဒရင်းဘဲ ဓား ပိုင်ရှင် လင်းဟုန်ရှ ပင်။

သူမ စကားပြောလိုက်သည်ကို ကြားသောအခါမှ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ လက်သီးဆုပ် အရိုအသေ ပြုလိုက်ကြသည်။

“ခေါင်းဆောင်လင်း”

လင်းဟုန်ရှက လက်ကာပြလိုက်သော်လည်း... သူမ၏ မျက်ဝန်းများက ဆုမို၏ မျက်နှာပေါ်တွင် ဝေ့ဝဲနေပြီး ဖော်ပြမပြနိုင်သော ခံစားချက်များ ပါဝင်နေ၏။

ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ယန်ရီဇီကို စိမ်းစိမ်းကြည့် လိုက်၏။

“ရှင်က အရေးမပါတာတွေ လျှောက်ပြောနေတာပဲ... ပြောစရာရှိတာ ပြောပါလား... ဘာလို့ ဆုထျန်းယန် ရဲ့ အချစ်ဇာတ်လမ်းတွေကို လာဖောက်သည်ချနေရတာလဲ”

“ဒါ ကလေးတွေ နားထောင်သင့်တဲ့ အရာတွေလား”

“ဒီအကြောင်း ပြောမယ်ဆိုရင်... အသေးစိတ် ရှင်းပြမှ ရမှာပေါ့”

ယန်ရီဇီက ပြန်ပြောလိုက်၏။

“ရှောင်မို က ဉာဏ်ရည်ထက်မြက်ပြီး တွေးခေါ်မြော်မြင်မှု ရှိတယ်... ဒီကိစ္စမှာ မင်းနဲ့ ငါတောင် နားမလည်သေးတဲ့ အချက်တွေ ရှိနေသေးတာ”

“မင်း ဒီကိစ္စကို စုံစမ်းနေတာ နှစ်တွေ အများကြီး ရှိနေပြီ... လန်ယွဲ့နန်းတော် ရဲ့ နန်းတော်သခင်က တုန်းချန် မှာ နေတယ် ဆိုပေမယ့်... သူ့ရဲ့ အာရုံက တုန်းဟွမ် ဒေသ အနှံ့အပြားမှာ အမြဲ ရှိနေခဲ့တာ မဟုတ်လား”

“အတိတ်က အမှန်တရားကို ရှာဖွေချင်လို့ မဟုတ်ဘူးလား”

“ဒီနေ့ ငါက ရှောင်မို နဲ့ ယွင်အာ ကို အတိတ်က အကြောင်းအရာတွေ ပြန်ပြောပြနေတာက... အရာအားလုံးကို ပြန်လည် သုံးသပ်ပြီး နားလည်မှုလွဲတာတွေ ရှိမရှိ စစ်ဆေးချင်လို့ပါ”

“...”

လင်းဟုန်ရှ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ယန်ရီဇီ၏ ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်ကို သူမ ငြင်းဆန်နိုင်ခြင်း မရှိပေ။

ခဏအကြာတွင် သူမ လက်ဝှေ့ယမ်းပြလိုက်၏။

“အဲဒီလို ဆိုရင်လည်း...ကျွန်မ ဘက်က ပြောပြတာပေါ့”

“ကောင်းပြီ... မင်းရဲ့ ရှုထောင့်ကနေဆိုရင် ပိုပြီး နက်ရှိုင်းမှာ သေချာတယ်”

ယန်ရီဇီက သူမကို ဆက်ပြောရန် အချက်ပြလိုက်၏။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည်လည်း လင်းဟုန်ရှဘက်သို့ အာရုံစိုက်လိုက်ကြသည်။

လင်းဟုန်ရှ စကားမပြောသေးခင် သူမ၏ မျက်နှာက အရင် နီရဲလာ၏။

နောက်ဆုံးတွင် သက်ပြင်းချလိုက်ပြီး ဆုမိုကို ပြောလိုက်၏။

“မင်းအဖေကလေ... တကယ့်ကို ဒုက္ခပေးတဲ့ ကောင်ဆိုးလေးပါပဲ”

“...”

ဆုမို ဘာပြန်ပြောရမှန်း မသိတော့ပေ။

“ငါ သူ့ကို စတွေ့တုန်းက... ငါ့ရဲ့ အကောင်းဆုံး အချိန်တွေပေါ့... သွေးရောင် ဓားနှစ်လက်ကို ကိုင်ပြီး... အနီရောင် ဝတ်စုံ တောက်တောက်နဲ့ လူဆိုးလူမိုက်တွေကို နှိမ်နင်းနေတဲ့ အချိန်လေ... ရာဇဝတ်ကောင်တွေ ငါ့ကို မြင်တာနဲ့ လေထဲက ဖုန်မှုန့်လို လွင့်စင်ထွက်ပြေးကြရတာ”

“ဒါပေမဲ့ မင်းအဖေလို စိတ်ဝင်စားစရာ ကောင်းပြီး စိတ်ရှုပ်စရာ ကောင်းတဲ့ လူတစ်ယောက်နဲ့ သွားဆုံမိတယ်”

“အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေအပေါ် စွဲလမ်းလွန်းတဲ့ လူစားမျိုး... အစတုန်းကတော့ ငါ့ဓားနှစ်လက်နဲ့ သူ့ကို အသေကောင် ဖြစ်အောင် လုပ်ပစ်ချင်ခဲ့တာ”

“ဒါပေမဲ့ နောက်ဆုံးကျတော့... ငါ မရက်စက်နိုင်ခဲ့ဘူး”

“မင်းအဖေနဲ့ ငါ့အကြောင်း ပြောရမယ်ဆိုရင်... အရမ်း ရှုပ်ထွေးလွန်းတယ်... ငါ အများကြီး မပြောပြတော့ပါဘူး”

“မင်း သိထားရမှာက... ငါ သူ့အသက်ကို ကယ်ဖူးသလို... သူကလည်း ငါ့ကို ကာကွယ်ဖို့ သူ့အသက်နဲ့ရင်းပြီး ကြိုးစားပေးခဲ့ဖူးတယ် ဆိုတာပဲ”

“မင်းအမေသာ ဝင်မရှုပ်ခဲ့ရင်... ဒီနေ့ မင်း 'အမေ' လို့ ခေါ်ရမယ့်သူက ငါ ဖြစ်နေလောက်ပြီ”

ဒီနေရာရောက်တော့ လင်းဟုန်ရှက ခါးထောက်လိုက်ပြီး... စိတ်ဓာတ်ခွန်အားတွေ ပြည့်ဝနေသည့်ဟန် ပေါ်လာ၏။

ဆုမို အနေခက်သွားသည်။

ယန်ရီဇီရဲ့ တည်ငြိမ်သော လေသံက ပိုပြီး ယုံကြည်စရာ ကောင်းသလို ခံစားလိုက်ရသည်။

သို့သော် ယန်ရီဇီကမူ တိတ်ဆိတ်စွာ ပြုံးရင်း ဘေးမှ အေးဆေး နားထောင်နေလေ၏။

“သူ ခိုးကြောင်ခိုးဝှက် လက်ထပ်လိုက်တယ် ဆိုတာ သိလိုက်ရတုန်းက... ငါ အရမ်း စိတ်ဆိုးပြီး သူ့ကို အချိန်အတော်ကြာ လုံးဝ ဂရုမစိုက်ဘဲ နေခဲ့တယ်”

“နောက်ပိုင်းကျမှ သေချာ စဉ်းစားပြီး... သူ့ကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်”

“ငါ့မိသားစုပိုင် သိုင်းပညာတွေထဲမှာ... အသက်ငွေ့ ဖုံးကွယ်ခြင်း ပညာ အကြောင်း ပြောရရင်... ယွီလင်းရှင်းလောက် ခြေရာလက်ရာ မပျောက်ပေမယ့်... သူ့အားသာချက်နဲ့ သူ ရှိပါတယ်”

ဒီအချက်ကိုတော့ ဆုမို ယုံကြည်သည်။

ခုနက ကောင်းကင်ဂိုဏ်းချုပ်နှင့် တိုက်ခိုက်တုန်းက လင်းဟုန်ရှဟာ တိုက်ပွဲဧရိယာ အနီးမှာ ပုန်းအောင်းနေခဲ့တာတောင် ဆုမို လုံးဝ သတိမထားမိခဲ့ပေ။

ဒီစွမ်းရည်က တကယ်ကို အံ့မခန်းပါပင်။

လင်းဟုန်ရှက ဆက်ပြောသည်။

“အပျိုစင် မိန်းကလေး တစ်ယောက်အနေနဲ့... အိမ်ထောင်သည် ယောကျ်ားတစ်ယောက်ကို သွားတွေ့ဖို့ ဆိုတာ ပေါ်ပေါ်ထင်ထင် လုပ်လို့ မရဘူးလေ”

“ဒါကြောင့်... အဲဒီညက ငါ ဇီယန် အာမခံဌာန ထဲကို ခိုးဝင်သွားခဲ့တယ်... မမြင်သင့် မမြင်အပ်တဲ့ မြင်ကွင်းတွေ တွေ့ရမလားလို့ တွေးပူမိပေမယ့်... ရှာကြည့်လိုက်တော့ မင်းအဖေကို မတွေ့ရဘူး”

“မင်းအမေ တစ်ယောက်တည်းပဲ ကုတင်ပေါ်မှာ အိပ်ပျော်နေတာ တွေ့လိုက်ရတယ်”

“နောက်ပိုင်းကျမှ... နောက်ဖေးခြံဝင်းထဲက အခန်းတစ်ခန်းထဲမှာ လူ (၃) ယောက်ကို တွေ့လိုက်ရတယ်”

“တစ်ယောက်က မင်းအဖေ... တစ်ယောက်က ယန် ခေါင်းကြီး... နောက်တစ်ယောက်က လီစစ်ယွင် ပေါ့”

“အဲဒီတုန်းက ငါ စပ်စုချင်စိတ် ပေါက်သွားတယ်... အရွယ်ရောက်ပြီးသား ယောကျ်ားကြီး (၃) ယောက်... အဲဒီထဲက နှစ်ယောက်က အိမ်ထောင်သည်တွေ... ဘာကိစ္စ အကြောင်းမရှိဘဲ ခိုးကြောင်ခိုးဝှက် စုဝေးနေကြတာလဲ ပေါ့”

“ငါ ချက်ချင်းပဲ ခိုးနားထောင်လိုက်တယ်... ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် ငါ ခေါင်မိုးပေါ်ကနေ ပြုတ်ကျမလို ဖြစ်သွားရတယ်”

“လီစစ်ယွင် က သူတို့မျိုးနွယ်စု ဘိုးစဉ်ဘောင်ဆက် ကာကွယ်စောင့်ရှောက်လာခဲ့တာ... တာ့ရွှမ် လက်နက်တိုက် ပါလို့ ပြောလိုက်တာကိုး”

လင်းဟုန်ရှက ပြောရင်း ယန်ရီဇီကို အေးစက်စက် လှမ်းကြည့်လိုက်၏။

ယန်ရီဇီကတော့ မမြင်ချင်ယောင် ဆောင်နေလိုက်၏။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကမူ တစ်စုံတစ်ခုကို ရိပ်မိလိုက်ကြသည်။ ‘ရှို့ရွှမ်’ ဆိုသော နာမည်ကတည်းက အများကြီး ဖော်ပြနေပြီ မဟုတ်ပါလော။

“တာ့ရွှမ် လက်နက်တိုက် ဆိုတာ ဘယ်လို အရာမျိုးလဲ”

“အတိတ်က တာ့ရွှမ် မင်းဆက်ဘယ်လောက် အင်အားကြီးမားခဲ့သလဲ”

“တာ့ရွှမ် ဧကရာဇ် က သိုင်းလောကကို (၇) ကြိမ်တိုင်တိုင် ကျူးကျော်ခဲ့ပြီး... ကမ္ဘာအနှံ့က ထူးဆန်းတဲ့ ရတနာတွေနဲ့ ပြိုင်ဘက်ကင်း သိုင်းပညာတွေကို စုဆောင်းခဲ့တယ်... အကုန်လုံးကို တာ့ရွှမ် လက်နက်တိုက်ထဲမှာ စုစည်းထားခဲ့တာ”

“ကောလာဟလတွေအရ ဆိုရင်... တာ့ရွှမ်ရဲ့ ကံကြမ္မာ တစ်ခုလုံးကို အဲဒီမှာ ချုပ်နှောင်ထားတယ်လို့ ဆိုကြတယ်”

“တာ့ရွှမ် မင်းဆက် ညတွင်းချင်း ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းက... ကံကြမ္မာကို သိုင်းလောကဆီ ပြန်ပေးအပ်လိုက်လို့ပါတဲ့”

“လူအများ ပြောကြတာက... ပြန်ပေးအပ်လိုက်တဲ့ အရာက တာ့ရွှမ် လက်နက်တိုက် ပဲတဲ့”

“ဒါကြောင့်ပဲ... 'တာ့ရွှမ် ကို ထိန်းချုပ်နိုင်သူဟာ လောကကို ပိုင်စိုးမယ်' ဆိုတဲ့ စကား ဖြစ်လာတာပေါ့”

လင်းဟုန်ရှ ခေတ္တမျှ ရပ်တန့်သွားပြီး ခေါင်းကို ဖွဖွလေး ခါလိုက်၏။

“ကံကြမ္မာ ဆိုတာက ဆန်းကြယ်ပြီး ခန့်မှန်းရခက်တယ်... ထားလိုက်ပါတော့”

“ဒါပေမဲ့ ကံကြမ္မာတွေ၊ မင်းဆက်တွေ အကြောင်း မပြောဘဲ... တာ့ရွှမ် လက်နက်တိုက်ထဲက ရတနာတွေနဲ့ သိုင်းပညာ လျှို့ဝှက်ကျမ်းတွေကိုပဲ ကြည့်ဦး”

“သိုင်းလောကသား ဘယ်နှစ်ယောက်လောက်က ဒါတွေကို လိုချင်တပ်မက်နေကြမလဲ”

“တာ့ရွှမ် မင်းဆက် ပျက်သုဉ်းပြီးကတည်းက... ဒီအရာကြောင့် သွေးစွန်းတဲ့ မုန်တိုင်းတွေ ဘယ်လောက်တောင် ဖြစ်ပျက်ခဲ့ရပြီလဲ”

အခန်း (၃၀၃) - နိဂုံး (အပိုင်း - ၂)

~“မင်းအဖေက ကျန်းမာရေး ကောင်းနေရက်နဲ့... ဘာကိစ္စ ဒီလိုကိစ္စတွေထဲ ဝင်ပါရတာလဲ”

“တကယ့်ကို အသက်သေမှာ မကြောက်တဲ့ လူပဲ”

“ငါ့ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပြီး စိတ်မထိန်းနိုင်တော့ဘူး... အထဲမှာ ရှိတဲ့ လူ (၃) ယောက်က ချက်ချင်း ရိပ်မိသွားပြီး ငါ့ကို ဖမ်းလိုက်ကြတော့တာပေါ့”

ပြောပြီးသည်နှင့် သူမက ယန်ရီဇီကို စိမ်းစိမ်းကြီး လှမ်းကြည့်လိုက်၏။

ယန်ရီဇီက ခေါင်းခါလိုက်၏။

“ဒီကိစ္စက အရေးကြီးပြီး လျှို့ဝှက်ချက် ထိန်းရမယ့် ကိစ္စလေ... နည်းနည်းလေး လှုပ်ရှားတာနဲ့ ချက်ချင်း အရေးယူရမှာပဲ... ဒါပေမဲ့ မင်းမှန်း သိလိုက်ရတော့ ဆုထျန်းယန် က နာရီဝက်လောက်တောင် အချိန်ပေးပြီး တောင်းပန်ခဲ့သေးတယ် မဟုတ်လား”

“ဟွန်း... နာရီဝက်လေးပါ”

လင်းဟုန်ရှ က နှာမှုတ်လိုက်ပြီး ဆက်ပြောသည်။

“မင်းအဖေက အခြေအနေ အလုံးစုံကို ရှင်းပြတယ်... လီစစ်ယွင် ရဲ့ မျိုးနွယ်စု ဘယ်လောက်တောင် သနားစရာ ကောင်းလဲ ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ငါက မင်းအဖေကို အန္တရာယ် မပြုစေချင်ဘူး”

“သူသာ ငါ့စကား တစ်ခွန်းလောက် နားထောင်ခဲ့မယ်ဆိုရင်...”

“ဟွန်း... နောက်ပိုင်းကျတော့ ငါ ဘယ်လိုမှ တားမရတော့ဘူး ဆိုတာ သိလိုက်ရတယ်... ဒါနဲ့ ငါ့ကိုပါ ခေါ်သွားဖို့ ကတိတောင်းလိုက်ရတာပေါ့”

“အဲဒီတုန်းက ငါ တွေးထားတာက... တကယ်လို့ အခြေအနေ မဟန်တော့ဘူးဆိုရင်... အရေးကြီးတဲ့ အချိန်ကျမှ သူ့ကို မေ့လဲသွားအောင် ရိုက်ပြီး ခေါ်ပြေးမယ်လို့ ကြံစည်ထားတာ”

“ဒါ ငါ ဒီကိစ္စထဲ ပါလာရတဲ့ အကြောင်းရင်းပဲ”

“ကဲ... ကျွန်မ အပိုင်း ပြီးပြီ... လန်ယွဲ့နန်းတော် နဲ့ ပတ်သက်တဲ့ ကိစ္စကိုတော့... ရှင် ပြောချင်ပြော၊ မပြောချင်နေတော့”

စကားဆုံးသည်နှင့် သူမသည် နောက်တစ်ကြိမ် နှာမှုတ်လိုက်ပြီး ဘေးတစ်ဖက်သို့ ထွက်သွားကာ လက်ပိုက်လျက် ငေးငိုင်နေတော့သည်။

ယန်ရီဇီက သက်ပြင်းချလိုက်၏။

“ငါတို့အတွက်တော့... ဒါက မမျှော်လင့်ထားတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာစေတာ အမှန်ပဲ... ဒါပေမဲ့ တခြား ရွေးချယ်စရာမှ မရှိတာ... မင်းအဖေက သူ့အပေါ် အပြစ်ရှိစိတ် ခံစားနေရတာလေ... သူက ငါတို့ကို တွေ့သွားပြီ ဆိုမှတော့... နှုတ်ပိတ်ဖို့ သတ်ပစ်လိုက်လို့မှ မရတာ”

“နောက်ဆုံးတော့ သဘောတူလိုက်ပြီး ငါတို့နဲ့အတူ ပူးပေါင်းခွင့် ပြုလိုက်ရတာပေါ့”

“အဲဒီနေ့က လီစစ်ယွင် ပြောပြခဲ့တာတွေက... တာ့ရွှမ် လက်နက်တိုက် အကြောင်း သက်သက်ပဲ မဟုတ်ဘူး”

“သူတို့မျိုးနွယ်စု စောင့်ရှောက်နေတာက လက်နက်တိုက် မဟုတ်ဘူး”

“လက်နက်တိုက်ကို ဖွင့်နိုင်တဲ့ သော့ချက်... ဆန်းကြယ်တဲ့ ယန္တရား ပဲ”

“လီစစ်ယွင် ပြောပြချက်အရ... စုစုပေါင်း ဆန်းကြယ်ယန္တရား (၇) ခု ရှိတယ်တဲ့”

“တာ့ရွှမ် မင်းဆက် ပျက်သုဉ်းသွားတဲ့ အချိန်မှာ... အဲဒီ ယန္တရား (၄) ခုက သိုင်းလောကထဲ ပြန့်ကျဲသွားခဲ့တယ်”

“လီစစ်ယွင် တို့ မျိုးနွယ်စုက တာ့ရွှမ် မင်းဆက်ရဲ့ သွေးသားရင်းတွေ ဖြစ်ပြီး... ကျန်ရှိနေတဲ့ ယန္တရား (၃) ခုကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူထားရတာ”

“ဒါပေမဲ့ မင်းဆက် ပျက်သုဉ်းစမှာ နေရာတိုင်းမှာ ဖရိုဖရဲ ဖြစ်နေပြီး... အင်အားကြီးတွေက အာဏာလုနေကြတာ... လောကကြီးတစ်ခုလုံး ဗြောင်းဆန်နေတဲ့ အချိန်ပေါ့”

“သူတို့မျိုးနွယ်စုက မသမာသူတွေရဲ့ လိုက်လံ သတ်ဖြတ်ခံရပြီး... ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ နေထိုင်ခဲ့ကြရတယ်”

“တစ်နေ့နေ့မှာ သူတို့ အသတ်ခံရပြီး... ယန္တရားတွေ အလုခံလိုက်ရမှာကို စိုးရိမ်နေကြတာ”

“ဒါကြောင့်... အကြိမ်ကြိမ် စဉ်းစားပြီးတဲ့နောက်... အဲဒီ ယန္တရား (၃) ခုကို သီးခြားစီ ခွဲပြီး ဝှက်ထားဖို့ ဆုံးဖြတ်လိုက်ကြတယ်”

“တစ်ခုချင်းစီအတွက် ဖွင့်နိုင်မယ့် သဲလွန်စတွေကို ချန်ထားခဲ့ကြတယ်”

“ဥပမာအားဖြင့်... ယွီချင်ကျောင်းတော် ရဲ့ တောင်မြေပုံ၊ လီစစ်ယွင် လက်ထဲက မန်ဒရင်းဘဲစာရင်း နဲ့... ကောင်းကင်ဓားဂိုဏ်း က လျှို့ဝှက် သိမ်းဆည်းထားတဲ့ ရွှေကျောက်စိမ်းကတော့ပေါ့”

“ဒီသုံးခု ပေါင်းစပ်လိုက်မှ... ယန္တရားတွေ ဝှက်ထားတဲ့ 'လျှို့ဝှက်သိုလှောင်ရုံ' ကို ဖွင့်နိုင်မှာ”

“ပြီးတော့ အဲဒီလို လျှို့ဝှက်သိုလှောင်ရုံက စုစုပေါင်း (၃) ခု ရှိတယ်”

“အကုန်လုံးကို လီစစ်ယွင် တို့ မျိုးနွယ်စုက ဖန်တီးထားတာပဲ... ဒါပေမဲ့ သိုလှောင်ရုံ တစ်ခုချင်းစီကို ဖွင့်တဲ့ နည်းလမ်းနဲ့ ကျန်ရစ်ခဲ့တဲ့ သဲလွန်စတွေက မတူကြဘူး”

“အသေးစိတ်ကိုတော့... အတိတ်က လီစစ်ယွင် တောင်မှ ဝါးတားတားလောက်ပဲ သိခဲ့တာ”

“သူ သိတာက... ရွှေကျောက်စိမ်းကတော့ ကို ကောင်းကင်ဓားဂိုဏ်းမှာ ဝှက်ထားသလိုမျိုး... မြေပုံကို ယွီလျိုစံအိမ် မှာ သိမ်းထားတယ် ဆိုတာလောက်ပဲ”

“ကျန်တဲ့ သဲလွန်စတွေကိုတော့... ဂိုဏ်းအသီးသီးနဲ့ အဖွဲ့အစည်း အသီးသီးမှာ ခွဲပြီး ဝှက်ထားကြတယ်”

“လီစစ်ယွင် တို့ မျိုးနွယ်စုက ပစ္စည်း (၃) ခုပဲ ချန်ထားခဲ့တာ”

“အဲဒီအထဲက တစ်ခုက မန်ဒရင်းဘဲစာရင်း ပေါ့”

“အခု သူ သေသွားပြီဆိုတော့... အဲဒီ ပစ္စည်းတွေက ဘာတွေလဲ ဆိုတာ သိတဲ့လူ ဒီလောကမှာ တစ်ယောက်ပဲ ကျန်တော့တယ်လို့ ငါ ထင်တယ်”

ဆုမို မျက်ခုံးပင့်လိုက်၏။

“တစ်ယောက် ကျန်သေးတယ် ဟုတ်လား”

“အင်း...”

ယန်ရီဇီ ခေါင်းညိတ်လိုက်၏။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ထွက်ပြေးလွတ်မြောက်သွားတဲ့ သစ္စာဖောက်တွေထဲက တစ်ယောက်ပဲ”

“ဒီကိစ္စက နောက်ထပ် အလှည့်အပြောင်း တစ်ခု ဖြစ်လာခဲ့တယ်... ပြန်တွေးကြည့်ရင် ကံကောင်းတယ်လို့ ဆိုရမယ်”

“လီစစ်ယွင် က လျှို့ဝှက်ချက်တွေကို ဖွင့်ပြောပြီးတဲ့နောက်... ငါတို့ ခံစားမိတာက... နောက်ကွယ်က ကြိုးကိုင်နေတဲ့သူဟာ အရမ်း ရက်စက်ကြမ်းကြုတ်တယ် ဆိုတာပဲ”

“တကယ်လို့ အဲဒီလူသာ အောင်မြင်သွားရင်... လောကကြီးကို စိုးမိုးနိုင်မယ့် စွမ်းအားတွေ ရသွားရင်တောင်... အဲဒီ မင်းဆက်ဟာ သေချာပေါက် ရက်စက်ကြမ်းကြုတ်တဲ့ မင်းဆက် ဖြစ်လာလိမ့်မယ်”

“ဒီအကြောင်းပြချက် တစ်ခုတည်းနဲ့တင်... သူတို့ကို အောင်မြင်ခွင့် ပေးလို့ မဖြစ်ဘူး”

“မင်းရဲ့ အဒေါ်လင်း ၊ မင်းအဖေနဲ့ ငါတို့ သုံးယောက်စလုံး... ယိရွှမ် နတ်ဘုရားသိုင်း နဲ့ ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်းကို ချက်ချင်း စတင်လေ့ကျင့်ခဲ့ကြတယ်”

“လီစစ်ယွင် ရဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်... နှလုံးကို ဓားနဲ့ အထိုးခံရတာမို့ အသက်မသေပေမယ့်... သူ့သိုင်းပညာတွေကတော့ ပျက်စီးလုနီးပါး ဖြစ်သွားပြီ... အရင်လို ပြန်မကောင်းနိုင်တော့ဘူး”

“ငါတို့ သုံးယောက် တတ်မြောက်လာတဲ့ အချိန်မှာ... လီစစ်ယွင် ကို လက်စားချေပေးဖို့ စီစဉ်ကြတော့တာပဲ”

“သူတို့မျိုးနွယ်စုရဲ့ ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်းနဲ့ ယိရွှမ် နတ်ဘုရားသိုင်းက... မှောင်မိုက်နေတဲ့ ညဉ့်နက်သန်းခေါင်မှာ လင်းလက်နေတဲ့ ပိုးစုန်းကြူးတွေလိုပဲ”

“အာမခံ ပစ္စည်းတွေ ပို့ဆောင်ရင်းနဲ့... မင်းအဖေက တစ်ခါတလေ ရုပ်ဖျက်ပြီး တုန်းဟွမ် ဒေသအနှံ့ လှည့်လည်သွားလာခဲ့တယ်... တစ်ခါတလေ အနက်ရောင်ဝတ် လူအဖြစ် ဟန်ဆောင်ပြီး... ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်းနဲ့ ယိရွှမ် နတ်ဘုရားသိုင်းကို အသုံးပြုပြီး သိုင်းလောကက နာမည်ကြီး ပုဂ္ဂိုလ်တွေကို စိန်ခေါ်ခဲ့တယ်”

“မင်းရဲ့ အဒေါ်လင်း နဲ့ ငါကတော့... တစ်ခါတလေ အဖွဲ့နဲ့ လိုက်သွားတယ်... တစ်ခါတလေ ကိုယ့်လမ်းကိုယ် သွားကြတယ်”

“ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်ကို ငါ မပြောလည်း မင်း သိမှာပါ”

“မြွေကို တွင်းထဲက ထွက်လာအောင် မျှားခေါ်တာပေါ့”

ဆုမို ခေါင်းညိတ်လိုက်၏။

“ထွက်ပြေးသွားတဲ့ သစ္စာဖောက် ဘယ်မှာ ရှိနေလဲ ဆိုတာကို... သုံးပါးအစွန်းရောက်ဂိုဏ်း က သေချာပေါက် သိချင်နေမှာပဲ”

“ပြီးတော့ အဲဒီ သစ္စာဖောက်တွေ စည်းလုံးမှု ရှိမရှိ ဆိုတာကိုလည်း အတည်ပြုရဦးမယ်”

“ဟုတ်တာပေါ့”

ယန်ရီဇီ သက်ပြင်းချလိုက်၏။

“ဒါပေမဲ့ ငါတို့ မထင်ထားခဲ့တာက... သုံးပါးအစွန်းရောက်ဂိုဏ်းက လူတွေက ငါတို့ မျှော်မှန်းထားတာထက် ပိုပြီး သည်းခံနိုင်စွမ်း ရှိနေတာပဲ”

“ငါတို့ကို ပထမဆုံး လာရှာတဲ့ သူက... လီစစ်ယွင် မျိုးနွယ်စုထဲက တစ်ယောက် ဖြစ်နေတယ်”

“မင်းအဖေက အဲဒီလူကို ဖမ်းမိပြီး ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းလိုက်တော့မှ... အတိတ်က အပြောင်းအလဲ တစ်ခု ဖြစ်ပျက်ခဲ့ကြောင်း သိလိုက်ရတယ်”

“မြေကြီးဂိုဏ်းချုပ်က သတင်းပြန်မပို့နိုင်ခဲ့တဲ့ အကြောင်းရင်းက... သုံးပါးအစွန်းရောက်ဂိုဏ်း အတွင်းမှာ ပြဿနာ တက်နေလို့ပါတဲ့”

“သူတို့ အချင်းချင်းကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်နေပြီး... အဲဒီအချိန်မှာပဲ အမည်မသိ အဖွဲ့ တစ်ဖွဲ့ရဲ့ တိုက်ခိုက်ခံလိုက်ရတယ် ဆိုပဲ”

All Chapters