← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄) - နိဂုံး (အပိုင်း - ၃)

~“အဲဒီအချိန်တုန်းက သူတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး... လီစစ်ယွင် ရဲ့ မျိုးနွယ်စုထဲက သစ္စာဖောက်တွေကို လိုက်ဖမ်းနေကြပေမယ့်... နောက်ဆုံးတော့ မအောင်မြင်ဘဲ လွတ်သွားခဲ့တယ်”

“အဲဒီ သစ္စာဖောက်တွေ လုယူသွားတဲ့ ပစ္စည်းကိုတောင်... တခြားတစ်ယောက်က ကြားဖြတ်ပြီး လုယူသွားခဲ့သေးတယ်”

“အဲဒီ ပစ္စည်းက...၇ ပေ နက်မှောင်အလင်းဓား ပဲ”

“ယွီမိသားစု လား”

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ နှစ်ယောက်စလုံး အံ့အားသင့် သွားကြသည်။

“အဲဒီတုန်းက သုံးပါးအစွန်းရောက်ဂိုဏ်း ကို တားဆီးခဲ့တာ သူတို့ ဖြစ်နေတာကိုး”

“ဟုတ်တယ်”

ယန်ရီဇီ ခေါင်းညိတ်လိုက်၏။

“ဒါပေမဲ့ ငါတို့ ဒီအဆင့်ထိ စုံစမ်း သိရဖို့ တော်တော်လေး ကြိုးစားခဲ့ရတယ်”

“ယွီမိသားစုက ဆန်းကြယ်ယန္တရား နဲ့ ပတ်သက်မှုတွေ အများကြီး ရှိနေတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်”

“တာ့ရွှမ် မင်းဆက် ပျက်သုဉ်းသွားပြီးနောက်... ဆန်းကြယ်ယန္တရား (၇) ခုထဲက (၄) ခုက သိုင်းလောကထဲ ရောက်သွားခဲ့တယ်... အဲဒီထဲက တစ်ခုက ယွီမိသားစုဆီမှာ အမြဲ ရှိနေခဲ့တာ”

“ယွီမိသားစုကို အကြိမ်ကြိမ် စမ်းသပ်ပြီးနောက်... သူတို့က လောဘကြောင့် လုပ်နေတာ မဟုတ်ဘူး ဆိုတာ သေချာသွားတယ်... ဆန်းကြယ်ယန္တရား ကို ပိုင်ဆိုင်ထားတဲ့အတွက် သုံးပါးအစွန်းရောက်ဂိုဏ်းရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်ခြင်းကို ခံနေရတာ”

“ဒီလိုနဲ့ သဲလွန်စတွေ ပေါ်လာတာပေါ့”

“သူတို့က သုံးပါးအစွန်းရောက်ဂိုဏ်းရဲ့ ရည်ရွယ်ချက်ကို ရိပ်မိလို့ လီစစ်ယွင် တို့ မျိုးနွယ်စု နယ်မြေဆီ သွားပြီး ဝင်ရောက် ကူညီချင်ခဲ့ကြတာ”

“ဒါပေမဲ့ နောက်ကျသွားတယ်... သူတို့ ရောက်သွားတဲ့အချိန်မှာ သုံးပါးအစွန်းရောက်ဂိုဏ်းသားတွေက သစ္စာဖောက်တွေကို လိုက်ဖမ်းနေတာပဲ တွေ့လိုက်ရတာ... အခြေအနေ အမှန်ကို နားမလည်တော့ သစ္စာဖောက်တွေကို လွတ်ပေးလိုက်မိပြီး... သုံးပါးအစွန်းရောက်ဂိုဏ်းက အသစ်ရထားတဲ့ ၇ ပေ နက်မှောင်အလင်းဓားကိုပဲ လုယူနိုင်ခဲ့ကြတယ်”

“ဒါက ယွီမိသားစုအတွက် ကပ်ဘေးဆိုက်မယ့် မျိုးစေ့ ဖြစ်လာခဲ့တာပဲ”

“ဒါဆို... အရင်တုန်းက မန်ဒရင်းဘဲစာရင်းကို ယွီမိသားစုဆီ ပို့ခိုင်းခဲ့တာကရော...”

ဟွိုင်တောင် ကျားငါးကောင် ပြောခဲ့သော စကားများကို ဆုမို ပြန်သတိရသွားသည်။

“မှန်တယ်”

ယန်ရီဇီ ခေါင်းညိတ်လိုက်၏။

“အဲဒါက မြွေကို တွင်းထဲက ထွက်လာအောင် နောက်ထပ်တစ်ကြိမ် မျှားခေါ်လိုက်တာပဲ... တိုက်တိုက်ဆိုင်ဆိုင် အဲဒီ အပြောင်းအလဲ ဖြစ်ပြီးနောက်မှာ သုံးပါးအစွန်းရောက်ဂိုဏ်းက ငြိမ်သက်သွားခဲ့တယ်”

“အတိတ်က ကျန်ရစ်ခဲ့တဲ့ သူလျှိုဟောင်း တစ်ယောက်ပဲ ပေါ်လာခဲ့တယ်... အဲဒါက အဆုံးမဲ့ ဓား ထုန်းယွင် ပဲ”

ဒီနေရာရောက်တော့ သူ့မျက်နှာထားက အနည်းငယ် ထူးဆန်းသွားသည်။

“ကောင်းကင်ဓားဂိုဏ်း ရဲ့ သိုင်းပညာ သဘောတရားကို မင်း နားလည်ပြီးပြီ မဟုတ်လား”

“ဟုတ်ကဲ့...”

ဆုမို ခေါင်းညိတ်လိုက်သည်။

“ခံစားချက်ကို ဖုံးကွယ်ထားတာ အမြင့်ဆုံးပဲ”

“ဟုတ်တာပေါ့”

ယန်ရီဇီ ပြုံးလိုက်၏။

“ထုန်းယွင် က မူလတုန်းက ရွှေကျောက်စိမ်းကတော့အကြောင်း စုံစမ်းဖို့အတွက်... သုံးပါးအစွန်းရောက်ဂိုဏ်းက ကောင်းကင်ဓားဂိုဏ်းထဲ ထည့်ထားတဲ့ သူလျှိုတစ်ယောက်ပါ”

“အဲဒီတုန်းက အာမခံတာဝန်က သုံးပါးအစွန်းရောက်ဂိုဏ်းသားတွေကို မျှားခေါ်ပြီး... တစ်ခါတည်း အပြတ်ရှင်းပစ်ဖို့ ရည်ရွယ်ခဲ့တာ”

“ဒါပေမဲ့ မထင်မှတ်ထားတာက... ထုန်းယွင် တစ်ယောက်တည်း ရောက်လာခဲ့တယ်”

“သူ လှုပ်ရှားလိုက်တာနဲ့... ခံစားချက် ခုနစ်ပါး သေဆုံးခြင်းမဲ့ ဓားသိုင်း ဆိုတာ ငါတို့ မှတ်မိလိုက်တယ်... ဝါရင့်တဲ့သူမှသာ ဒီဓားသိုင်းကို ဒီလိုအဆင့်ထိ မြှင့်တင်နိုင်မှာလေ”

“အဲဒီအချိန်မှာ မင်းအဖေက ရုတ်တရက် အကြံတစ်ခု ရသွားတယ်... သူ့ကို ပြန်မတိုက်ခိုက်ဘဲ စည်းရုံးဖို့ ဆုံးဖြတ်လိုက်တယ်”

“သူလျှိုတစ်ယောက်အနေနဲ့ ထုန်းယွင်က စိတ်ဓာတ်ခိုင်မာတယ် ဆိုပေမယ့်... ကောင်းကင်ဓားဂိုဏ်းရဲ့ အတွင်းအားကို လေ့ကျင့်ပြီးနောက်မှာ သူက ပိုပြီး တွေးခေါ်မြော်မြင်တတ်လာတယ်... အပြင်ပန်းမှာ အေးစက်နေပေမယ့် သူ့စိတ်နှလုံးက ယိမ်းယိုင်စ ပြုနေပြီ”

“နောက်ဆုံးတော့... မင်းအဖေက သူ့ကို စည်းရုံးနိုင်ခဲ့တယ်”

“ဒါပေမဲ့ အဲဒီတုန်းက သူက မင်းအဖေကိုပဲ တိုးတိုးတိတ်တိတ် ပြောပြခဲ့တာ... နောက်ပိုင်းကျမှ မင်းအဖေဆီကနေ ပြန်ကြားရတာ”

“တကယ်တမ်းကျတော့... သုံးပါးအစွန်းရောက်ဂိုဏ်း ဆိုတာ နောက်ကွယ်က ကြိုးကိုင်သူ အစစ်အမှန် မဟုတ်ဘူးတဲ့”

“ပြောရမယ်ဆိုရင်... ဒီ သုံးပါးအစွန်းရောက်ဂိုဏ်း ဆိုတာက နောက်ကွယ်က အဖွဲ့အစည်းကြီးကနေ တုန်းဟွမ် ဒေသဆီ ဖြန့်ကျက်ထားတဲ့ လက်တံတစ်ခု သက်သက်ပဲ ဖြစ်လောက်တယ်”

“အခုချိန်ထိ ဒီအကြောင်းကို ငါ သိထားတာ နည်းနည်းလေးပဲ ရှိသေးတယ်... လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ လျိုယွင်ပညာရှင် ဆီကနေ သိလိုက်ရတာက... သူတို့ရဲ့ ဌာနချုပ် တည်နေရာက သူတို့အတွက်တောင် လျှို့ဝှက်ချက် ဖြစ်နေတယ် ဆိုပဲ”

“ဒါက ဒီနေ့အထိ ငါ အသိချင်ဆုံး အရာပဲ”

ထိုစကားကို ကြားလိုက်ရသောအခါ ဆုမို၏ မျက်ခုံးများ အလိုအလျောက် တွန့်ချိုးသွားလေ၏။

ထိုနေ့တုန်းက လူသားဂိုဏ်းချုပ်နှင့် လျိုယွင်ပညာရှင် တို့ ပြောခဲ့သည့် စကားတွေကို သူ ပြန်သတိရသွားသည်။

ယန်ရီဇီအား အဆိပ်ခတ်ခဲ့သော လျိုယွင်ပညာရှင်သည် ဟောက်ရန် ကျောင်းတော်၌ ဆက်လက် ခိုအောင်းနေရန် အကြောင်းဖန်မလာတော့။

တုန်းဟွမ်ဒေသတွင် ဆက်နေ၍ မဖြစ်တော့ကြောင်း သူဆိုလာသည့်အခါ၊ လူသားဂိုဏ်းချုပ်က ဌာနချုပ်သို့ ပြန်တော့မည်လော၊ ထိုဌာနချုပ်သည် မည်သည့်နေရာ၌ ရှိသနည်းဟု ဖျတ်ခနဲ မေးခွန်းထုတ်ခဲ့ဖူးသည်။

ထိုစဉ်က ဆုမို တွေးထင်ထားခဲ့သည်မှာ ထိုဌာနချုပ်ဆိုသည်က သုံးပါးအစွန်းရောက်ဂိုဏ်း၏ ဗဟိုဌာနချုပ်သာ ဖြစ်မည်ဟုပင်။

သို့သော်ငြား ယခု အခြေအနေများကို ပြန်လည် ဆန်းစစ်ကြည့်သောအခါ ထိုအရာက လုံးဝကို လွဲချော်နေခဲ့၏။

အသေအချာ ပြန်လည် စဉ်းစားကြည့်မိချိန်တွင် ဤကိစ္စက အလွန်တရာ ကျောချမ်းဖွယ် ကောင်းမနေဘူးလား။

သိုင်းလောက၏ ကန့်လန့်ကာနောက်ကွယ်၌ မည်သို့သော ကြောက်မက်ဖွယ် အဖွဲ့အစည်းကြီးက တိတ်တဆိတ် လှုပ်ရှားနေသနည်း။

ထိုသူတို့သည် ဆန်းကြယ်ယန္တရားကို လိုက်လံ ရှာဖွေနေခြင်းလော။

အကယ်၍ သာမန် အဖွဲ့အစည်း တစ်ခုတည်း သို့မဟုတ် သုံးပါးအစွန်းရောက်ဂိုဏ်း သက်သက်သာ ဆိုပါက ထိုသူတို့ အချည်းနှီး စိတ်ကူးယဉ်နေခြင်းသာ ဖြစ်သည်ဟု ဆိုနိုင်သော်ငြား... နောက်ကွယ်ရှိ အဖွဲ့အစည်းကြီး၏ ဧရာမ ဩဇာတိက္ကမကို တွေးကြည့်လိုက်တိုင်း အမှန်တကယ်ပင် ဆံပင်များ ထောင်ထလာလောက်အောင် ထိတ်လန့်ဖွယ် ကောင်းလှ၏။

သူတို့၏ အစစ်အမှန် ရည်မှန်းချက် ပစ်မှတ်သည်... ဤကမ္ဘာမြေ တစ်ခုလုံးပင် ဖြစ်နေနိုင်သည်။

ဆုမို အတွေးနက်နေသည်ကို မြင်သောအခါ ယန်ရီဇီက ခေတ္တမျှ စောင့်ဆိုင်းပြီးမှ ဆက်ပြောသည်။

“အဲဒီတုန်းက ထုန်းယွင် က မင်းအဖေကို ဘာတွေ ပြောခဲ့လဲ ဆိုတာ ငါ မသိဘူး... ဒါပေမဲ့ အဲဒီနောက်ပိုင်း မင်းအဖေက မကြာခဏ တိတ်ဆိတ်ငြိမ်သက် နေတတ်လာတယ်”

“အထူးသဖြင့် အဲဒီအချိန်မှာ မင်းအမေက ကိုယ်ဝန်ရှိနေပြီ... ယွင်အာ ကလည်း စကားစပြောတတ်စ အရွယ်ပေါ့... ယွင်အာ ကို ကြည့်လိုက်တိုင်း သူက တွေးငေးနေတတ်တယ်”

“နောက်ပိုင်းမှာ မင်းအဖေက ဇီယန်ဂိုဏ်း ကို တစ်ယောက်တည်း သွားခဲ့တယ်”

“အဲဒီ ခရီးစဉ်ကို သူ တစ်ယောက်တည်း သွားခဲ့တာ”

“ကြားရသလောက်တော့... အဲဒီခရီးစဉ်မှာ မမျှော်လင့်ဘဲ အချစ်ရေး ကိစ္စတွေ ရှုပ်ထွေးခဲ့ပြီး... လန်ယွဲ့နန်းတော် က မိုးအေး ကြယ်ပျံဓား ပိုင်ရှင်ကို အခုချိန်ထိ အပျိုကြီး ဖြစ်ကျန်ရစ်စေခဲ့တာပေါ့...”

“တုန်းချန် ကနေ ပြန်ရောက်လာတဲ့အခါ... သူ့ပုံစံ တစ်ခုလုံး ပြောင်းလဲသွားတယ်”

“မန်ဒရင်းဘဲစာရင်း ကိုတောင် လီစစ်ယွင် ဆီ တန်းအပ်ပေးလိုက်တယ်”

“ပြီးတော့ ငါ့ကို စီးပွားရေး လုပ်ငန်းအသစ် စတင်ခိုင်းပြီး... သံမဏိသွေး အာမခံဌာန ကို တည်ထောင်စေခဲ့တယ်”

“နောက်ပိုင်း နှစ်တွေမှာ... အပြင်ပန်းက ကြည့်ရင်တော့ ဘိုးဘွားအမွေ ထိုင်စားနေတဲ့ အသုံးမကျတဲ့ အာမခံဌာန ဂိုဏ်းချုပ်လို နေခဲ့ပေမယ့်... နောက်ကွယ်မှာတော့ လီစစ်ယွင် ကို ကူညီပြီး အတိတ်က သစ္စာဖောက်တွေကို လိုက်ရှာပေးနေခဲ့တာ”

“အဲဒီ ကာလမှာပဲ... သုံးပါးအစွန်းရောက်ဂိုဏ်းက ပြန်ထကြွလာပြီး ယွီမိသားစုကို မျိုးဖြုတ်သတ်ဖြတ်ခဲ့တာ”

“အဲဒီညက ၇ ပေ နက်မှောင်အလင်းဓား ကို မင်းအဖေက ပြန်လုယူခဲ့တာပဲ... ဒါပေမဲ့ ဘာလို့ ငါ့ကို လှုပ်ရှားခွင့် မပေးခဲ့တာလဲ ဆိုတာတော့ အဲဒီတုန်းက ငါ နားမလည်ခဲ့ဘူး”

အခန်း (၃၀၅) - နိဂုံး (အပိုင်း - ၄)

~“၇ ပေ နက်မှောင်အလင်းဓား ကို နောက်ဆုံးမှာ ကျောက်စိမ်းချီလင် (ချီလင် ဓားသမား) လက်ထဲ အပ်နှံလိုက်တယ်”

“ပြီးတော့ မင်းအဖေနဲ့ ငါက ယွီလင်းရှင်း နဲ့ ကျောက်စိမ်းချီလင် တို့ကို ခေါ်ထုတ်ပြီး... သီးခြားစီ သိုင်းသင်ပေးခဲ့ကြတယ်”

“ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ သူက လီစစ်ယွင် ကို မောင်းထုတ်လိုက်တယ်... မင်းရဲ့ အဒေါ်လင်းကိုလည်း သိုင်းလောကထဲ လှည့်လည်သွားလာဖို့ စေလွှတ်လိုက်တယ်... ယိရွှမ် နတ်ဘုရားသိုင်း နဲ့ ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်းကို ဘယ်တော့မှ ထပ်မသုံးဖို့လည်း မှာကြားလိုက်တယ်”

“ငါတို့အားလုံး သူ့အကြောင်း ကောင်းကောင်း သိကြတာပဲ... သူ့စရိုက်က ဒီလို ရုတ်တရက်ကြီး ပြောင်းလဲသွားမယ့် လူမျိုး မဟုတ်ဘူး”

“တစ်ခုခု ဖြစ်တော့မယ်... သူ ဖြေရှင်းရခက်တဲ့ အခြေအနေ တစ်ခုခုနဲ့ ကြုံနေရပြီ ဆိုတာ ငါတို့အားလုံး ရိပ်မိလိုက်ကြတယ်”

“ဒါပေမဲ့ ငါတို့ ဘယ်လိုပဲ မေးမေး... သူက စကားတစ်လုံးမှ ဟမလာခဲ့ဘူး”

“အဲဒီကိစ္စ မဖြစ်ခင်လေးအထိပေါ့... အဲဒီအချိန်မှာ သူ ငါ့ဆီ ရောက်လာခဲ့တယ်”

ယန်ရီဇီ၏ မျက်ဝန်းများထဲတွင် လွမ်းမောတသ ဖြစ်ရသော အရိပ်အယောင်များ ယှက်သန်းလာ၏။

“ငါ မှတ်မိသေးတယ်... အဲဒီညက မိုးဖွဲဖွဲလေး ကျနေတယ်... သူက အရက်အိုးတစ်လုံး ပိုက်ပြီး ငါ့ဆီ ရောက်လာခဲ့တာ”

“စမြင်မြင်ချင်း ငါ ဒေါသထွက်ပြီး ဆဲတောင် ဆဲမိမလို့ပဲ”

“ယွင်အာ မွေးတုန်းက သမီးရဲ့ မင်္ဂလာပွဲကျရင် ဖောက်သောက်မယ်ဆိုပြီး... ငါ မြှုပ်နှံထားတဲ့ ရှေးဟောင်း ဝိုင်အိုး (၂) လုံး ရှိတယ်လေ”

“ဒီကောင်စုတ်က... အဲဒီထဲက တစ်အိုးကို တူးဖော်လာတာကွ”

“ငါ ဒေါသထွက်နေတာကို သူက ဂရုမစိုက်ဘူး... သူ့ပုံစံက ပေါ့ပါးလွန်းနေလို့ အရက်ခွက်နဲ့ သူ့မျက်နှာကို ကောက်ပေါက်ချင်စိတ်တောင် ပေါက်မိတယ်”

“သူက ငါ့ကို အရက်ငှဲ့ပေးရင်း ပြောတယ်... ‘အစ်ကိုကြီး... ကျွန်တော်က သမီးပေးဝိုင် အရသာ ဘယ်လိုရှိလဲ ဆိုတာ အမြဲ သိချင်နေခဲ့တာ... ကျွန်တော့်ပါးစပ်က လောဘကြီးသွားတယ်ဗျာ... အပြစ်မတင်ပါနဲ့နော်’ တဲ့”

“ပြီးတော့ သူက ဆက်ပြောတယ်... ‘ဒီနှစ်ပိုင်းတွေမှာ ညီလေးရဲ့ လုပ်ရပ်တွေက အရမ်း လွန်ကဲလာခဲ့တယ်... ဒီနေ့တော့ အရက်ကို အကြောင်းပြပြီး အစ်ကိုကြီးကို တောင်းပန်ပါတယ်ဗျာ’ တဲ့”

“အဲဒီအချိန်တုန်းက ငါက ဒေါသ မပြေသေးဘူး... သူ့စကားတွေကို သေချာ အာရုံမစိုက်မိလိုက်ဘူး... အရက်ခွက် အနည်းငယ်လောက် ကုန်သွားမှ စကားဝိုင်းက ပွင့်လင်းလာတာ”

“ဒါပေမဲ့ သူပြောတာတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေချည်းပါပဲ”

“သူ့ဘဝမှာ လူတွေအများကြီးအပေါ် အကြွေးတင်ခဲ့မိတယ်တဲ့”

“လန်ယွဲ့နန်းတော် က မိန်းကလေးအပေါ်လည်း အကြွေးတင်ခဲ့တယ်... လမ်းခရီးမှာ တွေ့ဆုံပြီး မိစ္ဆာတွေကို အတူတူ နှိမ်နင်းရင်း... မထင်မှတ်ဘဲ မိန်းကလေးရဲ့ နှလုံးသားကို ဖမ်းစားမိခဲ့တယ်တဲ့”

“အလှမယ်ရဲ့ မေတ္တာက လေးလံလွန်းတယ်... သူ တကယ်ပဲ မထမ်းဆောင်နိုင်ပါဘူးတဲ့”

“ပြီးတော့ မင်းရဲ့ အဒေါ်လင်း အပေါ်မှာလည်း အကြွေးတင်ပါတယ်တဲ့... သူတို့က အစောဆုံး သိကျွမ်းခဲ့ကြတာ... ခံစားချက်ချင်းလည်း တိုက်ဆိုင်ပေမယ့်... ကံတရားက မျက်နှာသာ မပေးခဲ့ဘူး... ရေစက်ပါပေမယ့် ဖူးစာမပါခဲ့ဘူး ပေါ့ကွာ”

ဒီနေရာရောက်တော့ လင်းဟုန်ရှသည် မသိမသာ ခေါင်းလွှဲလိုက်၏။ သူမ၏ မျက်ဝန်းများ အနည်းငယ် နီရဲလာ၏။

“ဒါပေမဲ့ သူ အကြွေးအတင်ဆုံး လူကတော့... မင်းအမေပါပဲတဲ့”

“မင်းအမေက သူ့နောက် လိုက်ပြီး တစ်နေ့မှ စိတ်ချမ်းသာရတယ်လို့ မရှိဘူးတဲ့”

“သူက သိုင်းလောကထဲ ခြေဆန့်နေတော့ အိမ်ပြန်ချိန် နည်းတယ်... ပြန်တွေ့လိုက်တိုင်း လွမ်းဆွတ်မှုတွေပဲ ကျန်ရစ်ခဲ့တာ”

“မင်းကို ဆုံးမသွန်သင်ဖို့လည်း လစ်ဟင်းခဲ့တာကြောင့်... မင်းက တဖြည်းဖြည်းနဲ့ ဆိုးသွမ်းလာရတာပါတဲ့”

“သူ ငါ့ကို ပြောတယ်... ‘အစ်ကိုကြီး... သိုင်းလောကမှာ အသက်ကြီးလာလေ သတ္တိနည်းလာလေပဲ... နောက်ဆုံးတော့ ကျွန်တော် စိတ်ပူမိတယ်... တစ်နေ့နေ့ သိုင်းလောက ခရီးလမ်းမှာ မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့ရင်... သားအမိနှစ်ယောက် အားကိုးရာမဲ့ ကျန်ရစ်ခဲ့မှာ စိုးတယ်... အဲဒီကျရင် အစ်ကိုကြီးကပဲ သူတို့ကို နည်းနည်းပါးပါး စောင့်ရှောက်ပေးပါဗျာ’ တဲ့”

ယန်ရီဇီက စကားပြောရင်း လက်သီးကို တင်းတင်းဆုပ် လိုက်မိသည်။

“အဲဒီညက... အရက်ရှိန် တက်နေတာကြောင့်ရော... ညီအစ်ကိုတွေ သောက်နေကြတာမို့လို့ အတွင်းအားနဲ့ အရက်ပြန်မထုတ်ခဲ့မိတာကြောင့်ရော... ငါ့ခေါင်းတွေ မူးဝေနေခဲ့တယ်... သူ့စကားတွေကို သတိမထားမိလိုက်ဘူး”

“အဲဒီနေ့မှာပဲ... အရက်ရှိန်နဲ့ ထုန်းယွင်.. သူ့ကို ပြောပြခဲ့တဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ဟပြောခဲ့တာ”

“အခု ပြန်စဉ်းစားကြည့်မှ... သူက... သူက သေဖို့ ပြင်ဆင်ပြီးသား ဖြစ်နေခဲ့တာကိုး”

“အဲဒီညက ငါတို့ စကားတွေ အများကြီး ပြောဖြစ်ကြတယ်... သူ ငိုလိုက် ရယ်လိုက်နဲ့ပေါ့... နောက်ဆုံးတော့ ငါ မူးပြီး အိပ်ပျော်သွားတယ်...”

“သူ ငါ့ကို ကုတင်ပေါ် ပို့ပေးပြီး စောင်ခြုံပေးခဲ့တယ်... ငါ မှတ်မိတာ တစ်ခုပဲ ရှိတော့တယ်... ထွက်ခွာသွားတဲ့ သူ့ရဲ့ ကျောပြင်က... ဘာကြောင့်မှန်းမသိ အရမ်းကို ပင်ပန်းနွမ်းနယ်နေတဲ့ပုံ ပေါက်နေတာကိုပဲ”

“ဝန်ထုပ်ဝန်ပိုး အားလုံးကို သူတစ်ယောက်တည်း ထမ်းပိုးထားပြီး... ဘယ်သူ့ကိုမှ ကူညီခွင့် မပေးသလို... မျှဝေခွင့်တောင် မပေးခဲ့တဲ့ ပုံစံမျိုးကွ”

“သောက်ကျိုးနည်း ကောင်စုတ်”

လင်းဟုန်ရှက ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်၏။ သူမ ဆက်နားမထောင်နိုင်တော့ဘဲ နောက်လှည့်ထွက်ခွာသွားတော့သည်။

ယန်ရီဇီက တိတ်ဆိတ်စွာ မော့ကြည့်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။

“အဲဒါ သူ့ကို ငါ နောက်ဆုံး မြင်လိုက်ရတာပဲ...”

“နောက်တစ်ခါ ထပ်မြင်ရတဲ့ အချိန်ကျတော့... သူက ဇီယန် အာမခံဌာနရဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ခန်းမဆောင်ထဲမှာ လဲလျောင်းနေပြီ”

ဒီနေရာရောက်တော့ ယန်ရီဇီ စကားရပ်သွားသည်။ အချိန်အတော်ကြာ ဆက်မပြောလိုတော့သည့် ပုံစံပင်။

ယန်ရှောင်ယွင်သည် ဆုမို၏ လက်ကို မသိမသာ ဆုပ်ကိုင်လိုက်မိသည်။

ဆုမို ခေါင်းမော့ကြည့်လိုက်၏။ ဒီစကားဝိုင်းက တစ်နေကုန် ကြာမြင့်ခဲ့ပြီ။

ညနေစောင်းစ ပြုလာပြီး အေးမြသော လေနုအေးများ တဖြည်းဖြည်း တိုးဝင်လာ၏။

“ဦးလေးယန်... ခင်ဗျားဆီမှာ မန်ဒရင်းဘဲစာရင်းရှိနေတယ် ဆိုတာကို တစ်ဖက်လူက သိသွားခဲ့လား”

ဆုမို ရုတ်တရက် မေးလိုက်၏။

“...မသိဘူး”

ယန်ရီဇီ ပြန်ဖြေလိုက်၏။

“မန်ဒရင်းဘဲစာရင်း ကို စုံစမ်းဖို့က မူလက ထုန်းယွင် လုပ်နေတဲ့ အလုပ်လေ... ထုန်းယွင် ကို မင်းအဖေက စည်းရုံးလိုက်ပြီးတဲ့နောက်... သူတို့ဘက်က မန်ဒရင်းဘဲစာရင်း ရဲ့ သဲလွန်စ ပျောက်သွားတာပေါ့”

“ဒါဆို... ခင်ဗျားနဲ့ ယွီမိသားစု ကြားက ပတ်သက်မှုကိုရော ဘယ်သူသိလဲ”

“ငါတို့ကလွဲရင် ဘယ်သူမှ မသိဘူး”

“ယွီမိသားစု အတွင်းထဲမှာတောင် သတင်းအမှားတွေ ပေးထားတာ”

ဆုမို ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလိုက်၏။

“၇ ပေ နက်မှောင်အလင်းဓား ကို သူ တစ်ယောက်တည်း ယူသွားခဲ့တယ်”

“မန်ဒရင်းဘဲစာရင်း ကို လီစစ်ယွင် ဆီမှာ ထားခဲ့တယ် ဆိုတာ ခင်ဗျားကလွဲရင် ဘယ်သူမှ မသိဘူး”

“လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ... ခင်ဗျားတို့က ယိရွှမ် နတ်ဘုရားသိုင်း နဲ့ ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်း ကို ကိုယ်ပိုင် အထောက်အထားနဲ့ တစ်ခါမှ ထုတ်မသုံးခဲ့ဘူး”

“ဒါ့အပြင် အတူတူလည်း တွဲမသွားခဲ့ကြဘူး... ဒါကြောင့် နောက်ကွယ်က ကြိုးကိုင်သူတွေတောင်မှ ခင်ဗျားတို့က တစ်ယောက်တည်း မဟုတ်ဘဲ လူအများကြီး ဆိုတာ သိချင်မှ သိမှာ”

“အဖေက ဇီယန်ဂိုဏ်းကို တစ်ခေါက် သွားခဲ့တယ်... ဖြစ်နိုင်တာက အဲဒီမှာ တစ်ခုခု သိလာခဲ့တာ နေမှာ”

“အဲဒီနောက်ပိုင်း ဇီယန်ဂိုဏ်းကလည်း သိုင်းလောကထဲ ထွက်တာ လျော့နည်းသွားတယ်... ဒီကိစ္စနဲ့ ပတ်သက်နိုင်တယ်”

“ကျွန်တော် ထင်တာကတော့... သုံးပါးအစွန်းရောက်ဂိုဏ်း ရဲ့ နောက်ကွယ်က တကယ့် အင်အားစုကြီး လှုပ်ရှားလာပြီ ဖြစ်လောက်တယ်”

“ဒီကိစ္စကို နောက်ဆုံးတော့ အဆုံးသတ်ဖို့ လိုအပ်လာပြီ...”

“တကယ်လို့ သူသာ အဆုံးမသတ်လိုက်ရင်... ဦးလေးတို့ အားလုံး ပါဝင် ပတ်သက်သွားရလိမ့်မယ်”

“အဖေက သူရဲကောင်းဆန်ပြီး ကိုယ့်စိတ်ကို သစ္စာရှိတဲ့သူ ဖြစ်ပေမယ့်... သူ့ဘေးနားက လူတွေကို ဆွဲထည့်ရမှာလည်း မလိုလားဘူး”

“ဒါကြောင့်... သူက ဒီကိစ္စကို သူ့အသက်နဲ့ ရင်းပြီး အဆုံးသတ်ဖို့ ကြံစည်ခဲ့တာပါ”

“တစ်ခုပဲ ရှိတာက... အဖေသာ ဒီရည်ရွယ်ချက်ကို တကယ် အောင်မြင်အောင် လုပ်ချင်ခဲ့တယ် ဆိုရင်... မသေခင် နောက်ဆုံး တိုက်ပွဲမှာ ယိရွှမ် နတ်ဘုရားသိုင်း နဲ့ ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်း ကို လုံးဝ ထုတ်သုံးခဲ့မှာ မဟုတ်ဘူး”

အခန်း (၃၀၆) - ပင့်ကူမျှင်နှင့် မြင်းခွာရာ

~တောင်ကြားငယ်လေး အတွင်း၌ ခေတ္တမျှ တိတ်ဆိတ်

ငြိမ်သက်သွားလေ၏။

သူတို့ သုံးဦးစလုံး စကားမပြောနိုင်ဘဲ ငေးငိုင်နေမိကြသည်။

ဆုထျန်းယန်၏ ဇာတ်လမ်းသည် ပျော်ရွှင်စရာ ကောင်းသော ဇာတ်သိမ်း တစ်ခုတော့ မဟုတ်ချေ။

တရားမျှတမှုကို မြတ်နိုးပြီး ကိုယ်ပိုင် ယုံကြည်ချက်ဖြင့် ရပ်တည်ခဲ့သည့် လူငယ်သူရဲကောင်း တစ်ယောက်... သူ့ဘေးနားတွင် အတူတကွ လျှောက်လှမ်းပေးမည့် မိတ်ဆွေကောင်း တချို့ ရှိခဲ့ပေ၏။

သို့သော် သူ.. ရင်ဆိုင်နေရသည့် အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းနေပြီ ဖြစ်ကြောင်း သိလိုက်ရသည့် အချိန်၌...

သူ့ဘေးနားရှိ လူများကို ကပ်ဘေးမဆိုက်ရောက်စေလိုသဖြင့် သူသည် သေခြင်းတရားကို လိုလိုလားလား ရွေးချယ်သွားခဲ့လေသည်။

“ဦးလေးဆုက ... သူ့ဘေးနားက လူတွေကို... ကောင်းကောင်း ကာကွယ်ပေးသွားခဲ့တာပဲ”

ယန်ရှောင်ယွင်သည် ဆုမို၏ လက်ကို တင်းတင်းဆုပ် ကိုင်လိုက်၏။

ဆုမိုက ခေါင်းကို ညင်သာစွာ ညိတ်လိုက်၏။

ထိုအချိန်တွင် ယန်ရီဇီသည် ဆုမိုနှင့် ယန်ရှောင်ယွင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

“ငါ ဘာလို့ မင်းတို့ကို အစကတည်းက မပြောပြခဲ့ရတာလဲ ဆိုတာ... အခု နားလည်လောက်ပြီ မဟုတ်လား”

ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်၏။

“ဦးလေးဆု က သူ့အသက်နဲ့ရင်းပြီး သမီးတို့ကို ကာကွယ်ပေးသွားခဲ့တာ... ဒီမုန်တိုင်းကို သူ့သေဆုံးမှုနဲ့ အဆုံးသတ်သွားစေချင်ခဲ့တာ”

“အဆုံးမသတ်သေးဘူး ထင်တယ်...”

ဆုမို သက်ပြင်းချလိုက်သည်။

“ဦးလေးယန်... ခင်ဗျားက သေချင်ယောင်ဆောင်ပြီး ထွက်ပြေးဖို့ ကြံစည်နေတာ မဟုတ်လား... ပြီးရင် တိတ်တဆိတ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်တော့မလို့မလား”

“...”

ယန်ရီဇီသည် ဆုမိုကို စိမ်းစိမ်းကြည့် လိုက်၏။

“မင်း ရိပ်မိသွားပြီလား”

“အင်း...”

ဆုမို ခေါင်းညိတ်လိုက်သည်။

“ဇီယန်ဂိုဏ်းရဲ့ လောကီအာရုံ ဖြတ်တောက်ခြင်း ခုနစ်ရက် ဆိုတဲ့ ဆေးအကြောင်း ကြားဖူးတယ်လေ”

“...”

ယန်ရီဇီသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားသည့်ဟန် ပြလိုက်လေ၏။

“ဒါကိုတောင် မင်း သိနေတာလား... လန်ယွဲ့နန်းတော်က လူတွေက သွမ့်ဆုန်ကို အထင်သေးတာ မဆန်းပါဘူးကွာ”

“ဒါဆို... ဒါက အဖေ့ရဲ့ အစီအစဉ်ပေါ့”

ယန်ရှောင်ယွင် အခုမှ သဘောပေါက်သွားတော့သည်။

“သမီးက ထင်နေတာ... လျိုယွင်ပညာရှင်ကို လှည့်စားဖို့ သက်သက်ပဲ ထင်ခဲ့တာ... ဘာကိစ္စ လောကီအာရုံ ဖြတ်တောက်ခြင်း ခုနစ်ရက် ဆေးကို သောက်ရတာလဲလို့ တွေးနေတာ”

“ဒါဆို... ဒါဆို... အဖေက သမီးကို စွန့်ပစ်ဖို့ ကြံစည်ထားတာပေါ့”

“ဒါက...”

အရာအားလုံး ပေါ်လွင်ထင်ရှားသွားပြီ ဖြစ်သဖြင့်... ယန်ရီဇီသည် ပြီးခဲ့သည့် နှစ်များအတွင်း ယန်ရှောင်ယွင်ကို လျစ်လျူရှုခဲ့ခြင်း၊ ဟန်ဆောင်ခဲ့ခြင်းများ အားလုံးကို ဆက်လက် ဖုံးကွယ်ထား၍ မရတော့ချေ။

သူ သက်ပြင်းချလိုက်၏။

“ယွင်အာ... တရားမျှတမှု ဆိုတာ ရှိကို ရှိရမယ်လေ... အဖေက ဦးလေးဆု ကို အလကား အသေမခံစေချင်ဘူး... သမီး နားလည်ပေးပါ”

“သမီး နားလည်ပါတယ်...”

ယန်ရှောင်ယွင် အသက်ဝဝ ရှူသွင်းလိုက်၏။

“ဒါကြောင့် အကုန်လုံး အချိတ်အဆက် မိသွားတာကိုး”

“ဒီနှစ်တွေအတွင်း... အဖေက ရက်စက်တဲ့ ပုံစံမျိုး တမင် ဖန်တီးခဲ့တယ်... သစ္စာဖောက်ချင်ယောင် ဆောင်ခဲ့တယ်... သမီးက အဖေ့ကို စိတ်နာပြီး အဆက်အသွယ် ဖြတ်လိုက်ဖို့ မျှော်လင့်ခဲ့တာပေါ့”

“အချိန်အခါ သင့်ပြီ ဆိုတာနဲ့... ဘာပဲဖြစ်ဖြစ်... အဖေက သေချင်ယောင်ဆောင်ပြီး ထွက်ပြေးဖို့ နည်းလမ်းရှာမှာပဲ”

“ပြီးတော့ ဒီနှစ်တွေအတွင်း... သမီးကို တစ်ယောက်တည်း အာမခံတာဝန်တွေ လွှတ်တယ်... အာမခံဌာနရဲ့ လုပ်ငန်းတွေကို စီမံခိုင်းတယ်... ဒါတွေအားလုံးက တမင် ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာတွေပဲ”

“အဖေ 'သေ' သွားပြီးတဲ့နောက်... သံမဏိသွေး အာမခံဌာနက ခေါင်းဆောင်မဲ့သွားမယ်... အဲဒီအခါ လူတိုင်း ပထမဆုံး သတိရမယ့် သူက သမီး ဖြစ်လာမှာ”

“သမီးက အာမခံဌာနကို သဘာဝကျကျ ဆက်ခံလိုက်မယ်... အဖေ တည်ထောင်ခဲ့တဲ့ လောကကို လွှဲပြောင်းယူလိုက်မယ်... ပြီးတော့ ရှောင်မိုကို လက်ထပ်လိုက်မယ်”

“အဲဒီအချိန်ရောက်ရင်... သမီးတို့က သားအဖ အဆက်အစပ် ပြတ်နေပြီမို့လို့... အဖေ သေသွားရင်တောင် အခုလိုမျိုး သမီး ဝမ်းနည်းပူဆွေးနေမှာ မဟုတ်တော့ဘူး”

“ဒါ့အပြင်... အဖေ သေချင်ယောင်ဆောင်ပြီး ထွက်ပြေးသွားတယ် ဆိုတာ ဘယ်သူမှ ထင်မှာ မဟုတ်တော့ဘူး”

“အဖေ အမှောင်ချထားချင်တာက သမီးနဲ့ ရှောင်မို တင် မဟုတ်ဘူး... သိုင်းလောက တစ်ခုလုံးကိုပါ လှည့်စားချင်နေတာ”

“ဒါမှသာ အဖေက အလင်းရောင်အောက်ကနေ အမှောင်ထဲ ကူးပြောင်းသွားနိုင်ပြီး... ဦးလေးဆု သေဆုံးရခြင်းရဲ့ အကြောင်းရင်းမှန်ကို တိတ်တဆိတ် ဆက်လက် စုံစမ်းနိုင်မှာ”

“ပြီးတော့ ပိုပြီး အရေးကြီးတာက...”

ဒီနေရာ ရောက်သော် သူမ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်လာလေ၏။

“အဖေ ပြောဖူးတယ်မလား... ဒီကိစ္စကြောင့် အဖေ သေသွားရင်တောင် သိုင်းလောကမှာ သတင်းထွက်လာမှာ မဟုတ်ဘူးလို့”

“အခု ပြန်စဉ်းစားကြည့်မှ... အဖေ ဆိုလိုတာက... ဘယ်သူမှ မသိစေရဘူး ဆိုတဲ့ သဘောကိုး”

“အဖေက အစကတည်းက ပြင်ဆင်ထားပြီးသားပဲ... အဖေ့မှာ ဘာပဲဖြစ်ဖြစ်... သံမဏိသွေး အာမခံဌာန၊ သမီးနဲ့ ရှောင်မို တို့ဆီ ပြန်ဆက်နွယ်လို့ ရမယ့် သဲလွန်စ တစ်ခုမှ မကျန်ရစ်စေရဘူးပေါ့”

“ဘယ်ကရောက်လာမှန်းမသိ ရောက်လာပြီး... ဘယ်ပျောက်သွားမှန်းမသိ ပျောက်ကွယ်သွားမယ့် ပုံစံမျိုး”

“သိုင်းလောကသားတွေ သိထားမှာက... သံမဏိသွေး နဂါးလှံ ယန်ရီဇီ ဆိုတာ... အတိတ်က ကတိတွေကို ဖောက်ဖျက်ပြီး သစ္စာဖောက်သွားတဲ့လူ... မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့တဲ့လူ”

“ဒါပေမဲ့ နောက်ဆုံးကျတော့... သူ့သမီးက သွေးသောက်ညီအစ်ကိုရဲ့ သားနဲ့ လက်ထပ်သွားခဲ့တယ် ဆိုတာလောက်ပဲ”

“ပြီးတော့ အဖေကိုယ်တိုင်ကတော့... သိုင်းလောကထဲမှာ အသေဆိုးနဲ့ သေဆုံးသွားလိမ့်မယ်”

“အဲဒီအခါကျရင်... ဘယ်သူကများ သမီးနဲ့ ရှောင်မိုဆီ ပြန်ဆက်စပ်တွေးနိုင်တော့မှာလဲ”

“နောက်ဆုံးတော့... သမီးနဲ့ ရှောင်မိုက ဘာမှ မသိထားဘူးလေ... နောင်တစ်ချိန် တစ်ယောက်ယောက်က လာစုံစမ်းရင်တောင်... သူတို့ ဘာမှ ရသွားမှာ မဟုတ်ဘူး”

ယန်ရီဇီသည် သမီးဖြစ်သူ၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေရင်း ခေတ္တမျှ ငြိမ်သက်သွားလေ၏။

ဒါက သူ့ရဲ့ မူလ အစီအစဉ်ပင် ဖြစ်သည်။

သူတို့ကို မပြောပြရုံနှင့် ဒီကိစ္စထဲ မပါဝင်လာအောင် တားဆီး၍ ရမည် မဟုတ်ချေ။

သို့သော် အတိတ်က ဆုထျန်းယန် လုပ်ခဲ့သည်နှင့် ယခု ယန်ရီဇီ လုပ်နေသည်များက ထပ်တူပင် ဖြစ်သည်။

သံသယဖြစ်စရာ သဲလွန်စ တချို့ ရှိနေနိုင်သော်လည်း... ထိုလူများသည် တိတ်တဆိတ်သာ လာစုံစမ်းကြလိမ့်မည်။

သူတို့ကိစ္စ မအောင်မြင်သေးသရွေ့... မုန်တိုင်းထန်အောင် လုပ်ကြမည် မဟုတ်ပေ။ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ဘက်က ဘာမှ မသိထားဘူး ဆိုလျှင်... သဘာဝကျကျ ဘာသဲလွန်စမှ ပေးမိမည် မဟုတ်ချေ။

ဒါက သူတို့၏ ဘေးကင်းလုံခြုံမှုကို အာမခံချက် ပေးနိုင်ပေသည်။

ဒီနှစ်များအတွင်း သူသည် အာမခံဌာနကို ချဲ့ထွင်ပြီး... ဆုမိုနှင့် ယန်ရှောင်ယွင်အတွက် ခိုင်မာသော အုတ်မြစ်ချပေးခဲ့၏။

အချိန်တန်လျှင် သူသည် သေချင်ယောင်ဆောင်မည်... နာမည်ပြောင်းမည်... ရုပ်ရည်ကိုပင် ပြောင်းပစ်မည်... ယန်ရီဇီ ဆိုသော အထောက်အထားကို လုံးဝ ဖျောက်ဖျက်ပစ်မည်... လိုအပ်လျှင် ကိုယ့်မျက်နှာကိုပင် ဖျက်ဆီးပစ်မည်။

ဒါတွေအားလုံးက... သံမဏိသွေး အာမခံဌာန၊ ဇီယန် အာမခံဌာန၊ ဆုမိုနှင့် ယန်ရှောင်ယွင် တို့နှင့် လုံးဝ အဆက်အသွယ် ဖြတ်ချင်၍ပင်။

တကယ်လို့ သူ အောင်မြင်ခဲ့လျှင်... ဂုဏ်ပြုစရာ ဖြစ်ပေမည်။

ဆုထျန်းယန် အတွက် လက်စားချေရန်... အသက်ကို အသက်ချင်း လဲရမည် ဆိုလျှင်ပင် သူ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

တကယ်လို့ မအောင်မြင်ခဲ့လျှင်တောင်... ဆုမိုနှင့် ယန်ရှောင်ယွင်က ဘာမှ မသိဘဲနှင့် ကောင်းကောင်းမွန်မွန် နေသွားနိုင်သေးသည်။

ဒီလောက် ကြီးမားသော အငြိုးအတေးကြီးဖြင့် ပူလောင်နေစရာ မလိုတော့ချေ။

သူ ချန်ထားခဲ့သော အုတ်မြစ်များနှင့်... လော့ဖုန်းမဟာမိတ်အဖွဲ့၏ အကာအကွယ်ကြောင့်... မြို့လေးမြို့၊ မြစ်သုံးစင်း၊ ပင်လယ်အော်နှစ်ခု ဒေသ၌ သူတို့ကို ဘယ်သူမှ ထိရဲမည် မဟုတ်ပေ။

ထိုအခါကျမှ သူ စိတ်အေးလက်အေး ထွက်ခွာသွားနိုင်မည်... အရာရာကို လွှတ်ချပြီး ကံတရားအတိုင်း စွန့်စားနိုင်မည် ဖြစ်၏။

“ဘာလို့ ဒီလောက် ပင်ပန်းခံနေရတာလဲဗျာ”

ဆုမို သက်ပြင်းချလိုက်တော့သည်။

“ကျွန်တော့်အဖေတောင်မှ... ဦးလေးယန် ကို ဒီကိစ္စအတွက် ဒီလောက်ထိ စိတ်ပင်ပန်းစေချင်မှာ မဟုတ်ဘူး... သူ့အတွက်နဲ့ အသက်စွန့်ဖို့ ဆိုတာ ပိုတောင် မလိုလားပါဘူးဗျာ”

All Chapters