အခန်း (၁၄၁၁-၁၄၁၂)
Vol. 142 Ch. 1411-1412
အခန်း (၁၄၁၁) - ရှန်ယန့်မီးဖိုတော်
နတ်မိမယ်ယွီသည် ဖန့်ချန်ကို စိုက်ကြည့်နေသည်။
ဖန့်ချန်ကလည်း သူမကို ပြန်လည်စိုက်ကြည့်နေ၏။
ခေတ္တမျှ ကြာပြီးနောက် ဖန့်ချန်၏ မျက်နှာထက်တွင် ပြုံးရိပ်တစ်ခု ယှက်သန်းလာကာ
“မယ်တော်စီ့ နားမှာပဲ နေပြီးတော့ အလုပ်အကိုင်လေးတွေ သင်ယူထားလိုက်ပါဦး၊ ဒါမှလည်း ပျင်းဖို့မကောင်းမှာ”
ပြောပြီးသည်နှင့် ဖန့်ချန်သည် ထိုင်ရာမှထကာ ထွက်ခွာသွားတော့သည်။
နတ်မိမယ်ယွီမှာ မှင်တက်သွားပြီးနောက် အပြေးအလွှား လိုက်လာကာ
“ရှင် ခုနက ဘာကို စဉ်းစားမိသွားတာလဲ ”
“ဘာမှ မဟုတ်ပါဘူး”
“လိမ်နေတာ ရှင့်အကြောင်း ကျမ အသိဆုံး၊ ခုနက ကျမ ပြောလိုက်တဲ့ထဲမှာ ရှင်သိချင်နေတဲ့ ကိစ္စတစ်ခုခု ပါသွားတယ် မဟုတ်လား ”
“မပါပါဘူး၊ လျှောက်မတွေးနဲ့တော့... ဒီကိစ္စတွေကို မင်းမပြောချင်ရင် ငါလည်း အတင်းအကျပ် မမေးပါဘူး”
ဖန့်ချန်မှာ ထွက်ခွာသွားပြီ ဖြစ်သည်။
နတ်မိမယ်ယွီသည် သူ၏ ကျောပြင်ကို ကြည့်ရင်း သူမ ပြောခဲ့သမျှ စကားလုံးတိုင်းကို အသေးစိတ် ပြန်လည် စဉ်းစားကြည့်နေသော်လည်း မည်သည့် စကားလုံးက အမှားပါသွားသည်ကို တစ်နေကုန် စဉ်းစားသော်လည်း ရှာမတွေ့ခဲ့ချေ။
သူမမှာ တကယ့်ကို ဒေါသထွက်သွားရတော့သည်။
“သူမ တကယ် မသိတာပဲ... ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသားတွေက အကြီးအကျယ် ပျံ့နှံ့နေတာမျိုး မဟုတ်သေးဘူး၊ ဝမ်ချုံစန်းမှာ ကိုယ်ပိုင် ရည်ရွယ်ချက် တစ်ခုခု ရှိနေတာတော့ သေချာတယ်”
“အစကတည်းက ဟင်းလင်ပြင်ထာဝရဓားဂိုဏ်း မှာ ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသားတွေအကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့တာ”
“နောက်ပြီး ယွီလေးနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း ဝမ်ချုံစန်းက ပိတ်ပင်ထားတာမျိုး မရှိခဲ့ဘူး”
“သူက တမင်တကာ သတင်းလွှင့်ပြီးတော့ ထူးခြားသူ တွေ သိအောင် လုပ်နေတာလား”
“ဝမ်ချုံစန်းရဲ့ လက်ထဲမှာ သူတို့ အလေးအနက်ထားတဲ့ သော့ ဆိုတာ တကယ်ပဲ ရှိနေတာလား ဒါမှမဟုတ် ဒီ ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသားဆိုတာပဲ အဲဒီသော့ ဖြစ်နေမလား ”
အတွေးပေါင်းစုံသည် ဖန့်ချန်၏ ဦးနှောက်ထဲတွင် အဆက်မပြတ် ပေါ်ထွက်လာနေသည်။
သူသည် ဝမ်ချုံစန်းနှင့် တွေ့ဆုံကာ လူချင်း မျက်နှာချင်းဆိုင် ထိုင်ပြီး ဝမ်ချုံစန်း၏ စိတ်ထဲတွင် ဘာတွေ ရှိနေသလဲဆိုသည်ကို သေသေချာချာ ဆွေးနွေးကြည့်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေမိသည်။
အကယ်၍ ဝမ်ချုံစန်းသည်လည်း မိစ္ဆာ တစ်ယောက် ဖြစ်နေပါက သူလုပ်ဆောင်သမျှ အရာအားလုံးသည် ဘာကြောင့် မိစ္ဆာတို့၏ လမ်းစဉ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေရသနည်း။
“သူက ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသားကို စမ်းသပ်မှုတစ်ခုအနေနဲ့ သုံးပြီးတော့... မိစ္ဆာရဲ့ မှတ်ဉာဏ်တွေကို ဖြတ်တောက်ပစ်လို့ ရမရဆိုတာကို ကြည့်ချင်နေတာများလား ”
ထိုအတွေး ပေါ်လာသည်နှင့် ဖန့်ချန်သည် မည်သို့မျှ ပြန်လည် ဖိနှိပ်၍ မရတော့ချေ။
အဖြစ်အပျက် အမျိုးမျိုးကို ဆက်စပ်ကြည့်လျှင် သူ၏ ဤခန့်မှန်းချက်မှာ အခြေအမြစ် မရှိဟု ပြော၍မရနိုင်ပေ။
“အဆိုးဆုံး အခြေအနေကနေ အရင် တွက်ထားရမယ်... အကယ်၍ ဝမ်ချုံစန်းသာ လူ့လောက ကိုးနယ်မြေဘက်က ရပ်တည်နေတာဆိုရင်တော့ ကောင်းတဲ့အချက်ပေါ့။ ဒါပေမဲ့ မဟုတ်ဘူးဆိုရင်တော့ ဒီလူဟာ သူတို့ထဲက အမာခံအဖွဲ့ဝင်တစ်ယောက် ဖြစ်နေမှာ သေချာတယ်၊ လျှို့ဝှက်ချက်တွေ အများကြီးကိုလည်း သိထားလိမ့်မယ်။ သတ်ပစ်ရင်သတ်၊ မဟုတ်ရင်တော့ ဘွဲ့ နှင်းအပ်ပြီး ထိန်းချုပ်ရလိမ့်မယ်”
နောက်ရက်အနည်းငယ်တွင် ဖန့်ချန်သည် ကျန်းကွမ်မြို့၌ ယွီထင်ကျဲ၊ ရွှီချန်းရှင်း၊ တန့်ယင်တောင်သခင်နှင့် ချန်လင်တိန် တို့ကို တွေ့ဆုံခဲ့သည်။
ယွီထင်ကျဲထံမှ မကြာသေးမီနှစ်များအတွင်း နတ်မင်းနန်းတော် ၏ လှုပ်ရှားမှုများကို သိရှိခဲ့ရသည်။
ရွှီချန်းရှင်း ထံမှလည်း ဝိညာဉ်နတ်ဘုရားဂိုဏ်း ၏ လှုပ်ရှားမှုများကို သိခဲ့ရသည်။
ရက်အနည်းငယ်အကြာတွင် မယ်တော်စီသည် နောက်ဆုံး၌ စာရင်းများကို တွက်ချက်ပြီးစီးသွားခဲ့သည်။
ဖန့်ချန် အောက်ခြောက်ဘုံမှ ထွက်ခွာပြီး အထက်သုံးဘုံသို့ သွားခဲ့သည့်နေ့မှ ယနေ့အထိ စုစုပေါင်း ခြောက်ဆယ့်ခုနစ်နှစ် တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထိုအတောအတွင်း ကျန်းကွမ်မြို့၏ ဝင်ငွေရှာနိုင်စွမ်းမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုအားကောင်းလာကာ တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။
နောက်ဆုံးတွင် ထိုခြောက်ဆယ့်ခုနစ်နှစ်အတွင်း စုဆောင်းမိခဲ့သော ယင်သက်တမ်း မှာ စုစုပေါင်း တစ်သန်းလေးသိန်းကျော်ပင် ရှိနေပြီဖြစ်သည်။
ထိုယင်သက်တမ်းဒင်္ဂါးများကို ဖန့်ချန်၏ ရှေ့မှောက်သို့ ပို့ဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် ငရဲမင်းအမိန့်တော်ပြား က အလိုအလျောက် ဝါးမြိုပစ်လိုက်တော့သည်။
ငရဲမင်းအမိန့်တော်ပြားကို ပိုင်ဆိုင်လိုက်ကတည်းက ယင်သက်တမ်းဒင်္ဂါးများသည် ဖန့်ချန်အတွက် အထောက်အကူပြု ပစ္စည်းတစ်ခုသာ ဖြစ်လာခဲ့သည်။
သူကိုယ်တိုင် အသုံးပြုချင်သော်လည်း အသုံးပြု၍မရဘဲ လက်နှင့် ထိတွေ့လိုက်သည်နှင့် ငရဲမင်းအမိန့်တော်ပြားက အကုန်အစင် ဝါးမြိုပစ်လေ့ရှိသည်။
“ရှီလုံ... မင်း မိစ္ဆာသန့်စင်မျှော်စင် အကြောင်း သိလား ”
ဖန့်ချန်သည် သူ၏ ရှေ့တွင် ရပ်နေသော၊ အရှိန်အဝါများမှာ အဆင့် ၃ သို့ ရောက်ရှိနေပြီဖြစ်သည့် ရှီလုံကို ကြည့်ကာ မေးလိုက်သည်။
“မိစ္ဆာသန့်စင်မျှော်စင် တစ်ခါမှ မကြားဖူးပါဘူး”
“မင်းရော ”
ဖန့်ချန်က ရှင်းရှန်းကို လှည့်မေးသည်။
ရှင်းရှန်းကလည်း ခေါင်းခါပြသည်
“ကျုပ်လည်း အဲဒီပစ္စည်းအကြောင်း မကြားဖူးပါဘူး”
ရှီလုံနှင့် ရှင်းရှန်းတို့သည် ငရဲမင်းစနစ်ထဲတွင် ဝါရင့်သူများ ဖြစ်ကြသည်။
အကယ်၍ သူတို့ပင် မကြားဖူးပါက ကျွယ်မင် ယင်လောကက ပိုင်ဆိုင်ထားသည့် မိစ္ဆာမျော်စင်သည် မသေမျိုးအစီရင်လှေ ကဲ့သို့ပင် အသစ်ပေါ်လာသည့် အရာတစ်ခု ဖြစ်နိုင်သည်။
ဖန့်ချန်သည် ကျွယ်မင် ယင်လောကတွင် သူမြင်ခဲ့ကြားခဲ့သမျှကို တစ်ခုချင်းစီ ပြန်လည်ပြောပြလိုက်သည်။
ထိုသူနှစ်ဦး ကြားလိုက်ရသောအခါ သိသိသာသာပင် အံ့အားသင့်သွားကြသည်။
ရှင်းရှန်းက ဒေါသတကြီးဖြင့်
“ဒါဟာ စော်ကားတာပဲ၊ သူတို့လိုလူတွေကများ ယင်ရုံးတော်ကို တည်ထောင်ချင်နေတယ်ပေါ့ ”
ရှီလုံမှာမူ အနည်းငယ် ပို၍ တည်ငြိမ်သည်။
သူသည် အဓိကအချက်ကို သတိထားမိသွားကာ တည်ကြည်သော မျက်နှာထားဖြင့် ဆိုသည်
“သခင်လေး... သူတို့ရဲ့ မိစ္ဆာသန့်စင်မျှော်စ်က ယင်မိစ္ဆာ တွေကို သန့်စင်ပြီးတော့ စင်ကြယ်တဲ့ ယင်သက်တမ်းအဖြစ် ပြောင်းလဲနိုင်တယ်လို့ ပြောတာလား ”
“သူတို့ ပြောတာကတော့ အဲဒီအတိုင်းပဲ၊ ဒါပေမဲ့ ကိုယ်တိုင်လည်း မမြင်ဖူးသေးတော့ အမှန်လား အမှားလားဆိုတာ အတည်မပြုနိုင်သေးဘူး”
ဖန့်ချန်က ဆိုသည်။
ရှီလုံက ခေတ္တမျှ စဉ်းစားပြီးနောက်
"ဟိုးရှေးရှေးတုန်းက ယင်မိစ္ဆာ တွေကို သောင်းကျန်းတဲ့ဝိညာဉ် တွေလို့ ခေါ်ကြတယ်။ သူတို့ဟာ ဥပဒေတွေကို ဂရုမစိုက်ဘဲ သူတပါးရဲ့ ယင်သက်တမ်းတွေကို မတရား လုယူခဲ့ကြလို့ ကံကြမ္မာရဲ့ တုံ့ပြန်မှုကို ခံရပြီး အသိစိတ် ပျောက်ဆုံးသွားခဲ့ကြတာ”
ဖန့်ချန်က ခေါင်းငြိမ့်ပြသည်။
ထိုယင်သက်တမ်းများထဲတွင် ကိန်းအောင်းနေသော ကံကြမ္မာအကျိုးဆက်များ ၏ တုံ့ပြန်မှုကို ခံလိုက်ရခြင်းပင်။
“အဲဒီခေတ်တုန်းက ဒီသောင်းကျန်းတဲ့ ဝိညာဉ်တွေကို ယင်စစ်သည်ဌာန က ဖမ်းဆီးနှိမ်နင်းပြီးတော့ နောက်ဆုံးမှာ ဟုန်းလူ လို့ အမည်ရတဲ့ စီရင်ရေးမှူး ဆီကို အုပ်စုလိုက် ပို့ပေးခဲ့ကြတာ။ အဲဒီ ဟုန်းလူ စီရင်ရေးမှူးဟာ သံသရာဌာန မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့လက်ထဲမှာ ရှန်ယန့်မီးဖိုတော် ဆိုတဲ့ ရတနာတစ်ခု ရှိခဲ့တယ်။ သတင်းတွေအရ အဲဒီပစ္စည်းဟာ သောင်းကျန်းတဲ့ ဝိညာဉ်တွေကို သန့်စင်ပေးပြီးတော့ သူတို့ရဲ့ မူလအသိစိတ်တွေကို ပြန်ရစေကာ သံသရာထဲကို ပြန်လည် ပို့ဆောင်ပေးနိုင်တယ်လို့ သိရတယ်”
ရှီလုံက လေသံလေးနက်စွာဖြင့် ဆက်ပြောသည်
“သခင်လေး ပြောတဲ့ မိစ္ဆာသန့်စင်မျှော်စင် ဟာ ဒီ ရှန်ယန့်မီးဖိုတော် နဲ့ ပတ်သက်နေနိုင်သလို အဲဒီ ဟုန်းလူ စီရင်ရေးမှူးရဲ့ အမွေအနှစ်လည်း ဖြစ်နိုင်ပါတယ်”
ရှင်းရှန်းမှာ နားထောင်ရင်း အံ့အားသင့်နေသော်လည်း သူသည် ယခင်က သာမန် ယင်စစ်သည်တစ်ဦးသာ ဖြစ်ခဲ့သဖြင့် ယင်လောက အထက်ပိုင်း၏ လျှို့ဝှက်ချက်များကို မသိရှိခဲ့ခြင်းမှာ သဘာဝကျပါသည်။
“ဒါဆိုရင်တော့ တကယ်ပဲ အဲဒီပစ္စည်းနဲ့ ပတ်သက်နေနိုင်တယ်”
ဖန့်ချန်က တွေးတောရင်း ဆိုသည်။
နောင်တစ်ချိန် ပြန်သွားတဲ့အခါ အခွင့်အရေးရှိရင် မိစ္ဆာသန့်စင်မျှော်စင် ဆီကို သွားကြည့်ရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
“အကယ်၍ ဒီပစ္စည်းကို ပြန်ရှာတွေ့နိုင်မယ်ဆိုရင် သခင်လေးအတွက်တော့ အားကိုးရတဲ့ လက်နက်တစ်ခု ဖြစ်လာမှာပါ။ အဲဒီ သောင်းကျန်းတဲ့ ဝိညာဉ်တွေကို အသုံးမကျတဲ့ အမှိုက်တွေအဖြစ် မထားတော့ဘဲ ပြန်လည် အသုံးချလို့ ရသွားလိမ့်မယ်”
ရှီလုံက ဆိုသည်။
“ပြန်ယူဖို့ကတော့ မလွယ်ဘူး၊ အဲဒါဟာ ဟုန်းလူ စီရင်ရေးမှူးရဲ့ အမွေအနှစ်ဆိုတာ သေချာရင်တောင်မှ ကျွယ်မင်နန်းတော် ရဲ့ အင်အားနဲ့ဆိုရင် သူတို့လက်ထဲကနေ ဒီပစ္စည်းကို ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ရှီလုံမှာ သိသိသာသာပင် စိတ်ပျက်သွားရှာသည်။
ထိုသူနှစ်ဦးနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ဖန့်ချန်သည် နှုတ်ဆက်ထွက်ခွာကာ ယင်လောကငယ် သို့ ဦးတည်လိုက်သည်။
ယင်လောကငယ်၊ ရှန်ကျင်းမြို့
ယခင်နှစ်များကဲ့သို့ပင် ထိုနေရာတွင် ထူးထူးခြားခြား ပြောင်းလဲမှု မရှိချေ။
တကယ်တမ်း ပြောင်းလဲသွားသည်မှာ ဌာနများ ပိုမိုများပြားလာခြင်းနှင့် အချို့သော ဌာနများကို ပြန်လည်အသုံးပြုလာခြင်းကြောင့် လမ်းမပေါ်တွင် အရာရှိဝတ်စုံအမျိုးမျိုးနှင့် လူများကို ပိုမိုတွေ့မြင်လာရခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ယင်လောကကို ဆင်းသက်သူ အရေအတွက်မှာလည်း တိုးတက်လာပုံရသည်။
အစောပိုင်းက ဖန့်ချန်၏ ဦးဆောင်မှုဖြင့် ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ အင်အားစုများကို ယင်လောကငယ်မှ မောင်းထုတ်ခဲ့သည်။
ထို့နောက် ဇောင်းယင်းဌာန ကို တည်ထောင်ခဲ့သည်။
ထို့နောက်တွင် အတော်အတန် ရှုပ်ထွေးသော ကာလတစ်ခုကို ဖြတ်သန်းခဲ့ရသည်။
ထိုစဉ်က ယင်လောကသို့ ဆင်းသက်သူ အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။
လူ့လောကတွင်လည်း ယင်လောကငယ်သည် ဆင်းသက်လာသူများအပေါ် အလွန်ရက်စက်စွာ ဆက်ဆံသည်ဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။
ထို့ကြောင့် ကျင့်ကြံသူအတော်များများသည် ယင်လောကသို့ ဆင်းရန် အချိန်အတော်ကြာအောင် မဝံ့မရဲ ဖြစ်ခဲ့ကြသည်။
သို့သော် နောက်ပိုင်းတွင် ယင်လောကကူးသန်းရေးရုံးတော်၏ စနစ်တကျ စီမံအုပ်ချုပ်မှုအောက်တွင် ယင်လောကသို့ ဆင်းသက်ခြင်းသည် ပိုမိုစံစနစ်ကျလာကာ အကျိုးကျေးဇူးများမှာလည်း ထင်ရှားလာခဲ့သည်။
ယခင်က ယင်လောကသို့ ဆင်းသက်သူများသည် ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ခဲ့ကြပြီး ယင်အစိုးရက ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့သဖြင့် သူတို့အချင်းချင်းကြားတွင် ပဋိပက္ခနှင့် ခိုက်ရန်ဖြစ်ပွားမှုများ များပြားခဲ့သည်။
ယခုအခါတွင်မူ ဆင်းသက်လာသူအားလုံးသည် ဇောင်ယင်းဌာန ၏ စီမံခန့်ခွဲမှုအောက်တွင်သာ လှုပ်ရှားရတော့သည်။
အချင်းချင်း ပွတ်တိုက်မှုများ လျော့နည်းသွားပြီး ယခင်က မရှိခဲ့ဖူးသော ဘေးကင်းလုံခြုံသည့် အစီအစဉ်သစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုသို့ဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းတွန်းအားပေးမှုကြောင့် ယင်လောကငယ်အတွင်းရှိ ဆင်းသက်သူ အရေအတွက်မှာ သဘာဝကျကျပင် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့သည်။
အခြားမပြောနှင့်ဦး၊ အနည်းဆုံးတော့ ယင်လောကသို့ ဆင်းသက်သည့် နည်းလမ်းမှာ မြေဝက်ဝံဂြိုလ် ပေါ်တွင် အလုံးစုံ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
ဖန်တီးရှင်ဂြိုလ် ပေါ်တွင်လည်း ယင်စိန့်ဂိုဏ်း ၏ တမင်တကာ လမ်းညွှန်မှုကြောင့် ကျင့်ကြံသူ အတော်များများသည်လည်း ယင်လောကသို့ ဆင်းသက်သူများအဖြစ် ပါဝင်လာခဲ့ကြသည်။
သူတို့သည် ယင်လောကမှ ယင်သက်တမ်း အမြောက်အမြားကို ရှာဖွေသွားကြမည် ဖြစ်သော်လည်း ၎င်းသည် ယင်လောကအတွင်း ယင်သက်တမ်းများ၏ လည်ပတ်မှုကို ပိုမိုအားကောင်းလာစေသည်။
တစ်ချိန်တည်းမှာပင် ဇောင်ယင်းဌာန၏ သန်းခေါင်စာရင်း အချက်အလက်များသည်လည်း တစ်နေ့တခြား တိုးပွားလာနေပြီး ထိုအချက်အလက်များကို လျှို့ဝှက်အစောင့်အရှောက်ရေးဌာန နှင့် မျှဝေလိုက်သောအခါ ရရှိလာသည့် အကျိုးကျေးဇူးများမှာ မျက်စိဖြင့် မမြင်နိုင်လောက်အောင်ပင် ကြီးမားလှသည်။
ထိုကဲ့သို့သော ကောင်းမွန်သည့် လည်ပတ်မှုစနစ်သည် မိနစ်တိုင်း စက္ကန့်တိုင်းတွင် ယင်လောကငယ်၏ အင်အားကို ဖြည့်တင်းပေးနေသည်။
ဖန့်ချန်သည် ခေါက်ဆွဲဆိုင်တစ်ဆိုင်၏ ရှေ့မှ ဖြတ်သွားစဉ်တွင် ခြေလှမ်းများမှာ အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
ခေါက်ဆွဲပြုတ်နေသော ဆိုင်ရှင်မှာ အလွန်ပင် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
“ဧည့်သည်... တစ်ပွဲလောက် သုံးဆောင်မလား?း ”
ချောမောလှပသော ခေါက်ဆွဲဆရာသည် ခေါင်းမော့ကာ ဖန့်ချန်ကို ကြည့်လိုက်သည်။
ထိုသို့ ကြည့်လိုက်သည်နှင့် သူ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
အခန်း (၁၄၁၂) - ငြင်းချက်ထုတ်ရန် မစွမ်းသာခြင်း
“မောင်ကြီး... ဘာတွေ ငေးနေတာလဲ၊ ခေါက်ဆွဲတွေ ပွကုန်တော့မယ်၊ ဧည့်သည်ဆီ အမြန်သွားပို့လိုက်ဦးလေ ”
နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦး လျှောက်လာပြီး ကျွယ်ဝူတိ ကို ပြုံးလျက် လှမ်းပြောလိုက်သည်။
ကျွယ်ဝူတိသည် သတိပြန်ဝင်လာကာ အိုးထဲမှ ခေါက်ဆွဲများကို အမြန်ဆယ်ယူပြီး ဧည့်သည်ထံ သွားပို့လိုက်ရသည်။
ခေါက်ဆွဲဆိုင်လေးမှာ ရောင်းပန်းလှသည်ဟု ဆိုရမည်။
ဤဧည့်သည်များသည်လည်း ဖောက်သည်ဟောင်းများ ဖြစ်ပုံရပြီး ခေါက်ဆွဲစားရင်း ကျွယ်ဝူတိနှင့် ဟိုဟိုဒီဒီ ဗဟုသုတများကို စကားစမြည် ပြောဆိုနေကြသည်။
ကျွယ်ဝူတိကလည်း ပြုံးရယ်လျက် ပြန်လည်ဖြေကြားနေ၏။
သူသည် မီးဖိုရှေ့သို့ ပြန်ရောက်လာချိန်တွင်မူ ထိုပုံရိပ်မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်သွားရသည်။
“ဆိုင်ရှင်... ခေါက်ဆွဲတစ်ပွဲ ပေးပါ ”
ကျွယ်ဝူတိ လှည့်ကြည့်လိုက်ရာ ဖန့်ချန်သည် စားပွဲတစ်ခုတွင် ထိုင်နေပြီး သူ့ကို ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ကျွယ်ဝူတိသည် အသာအယာ ခေါင်းငြိမ့်ပြကာ ဖန့်ချန်အတွက် ခေါက်ဆွဲတစ်ပွဲ ပြုတ်ပေးလိုက်သည်။
ဖန့်ချန်၏ ရှေ့မှောက်သို့ ခေါက်ဆွဲပန်းကန် ချပေးချိန်တွင်မူ သူသည် ခေတ္တမျှ တုံ့ဆိုင်းနေမိသည်။
“ဝူတိအစ်ကို... ငါတို့ မတွေ့ဖြစ်တာ နှစ်အတော်ကြာပြီနော်၊ ဒီမှာ ဆုံရလိမ့်မယ်လို့ မထင်ထားဘူး၊ ဒါကိုပဲ ရေစက်လို့ ခေါ်ရမလားပဲ ”
ဖန့်ချန်က ပြုံး၍ ဆိုသည်။
ကျွယ်ဝူတိ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
သူသည် ခေါက်ဆွဲပန်းကန်ကို ချထားပေးပြီးနောက် အမျိုးသမီးထံသို့ သွားကာ လေသံတိုးတိုးဖြင့် စကားအနည်းငယ် ပြောလိုက်ရာ အမျိုးသမီးက ခေါင်းငြိမ့်ပြပြီး မီးဖိုရှေ့တွင် ကိုယ်တိုင်ဝင်၍ ခေါက်ဆွဲပြုတ်ပေးနေတော့သည်။
ကျွယ်ဝူတိသည် ဖန့်ချန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး တိုးညှိသော လေသံဖြင့် ဆိုသည်
“ငါတို့ကြားက အငြိုးအတေးတွေကို တခြားသူတွေအပေါ် မပတ်သက်စေပါနဲ့ ”
“မင်းနဲ့ ငါ့ကြားက အငြိုးအတေး ”
ဖန့်ချန်က ဟုတ်သည်လည်းမဟုတ် မဟုတ်သည်လည်းမဟုတ်သော အမူအရာဖြင့် အမျိုးသမီးကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်
“သူက...”
“ကျုပ်ရဲ့ ဇနီးပါ ”
ကျွယ်ဝူတိက သက်ပြင်းသဲ့သဲ့ ချလိုက်သည်
“အဲဒီတုန်းက ကျုပ် မင်းလက်ထဲမှာ သေဆုံးသွားပြီးနောက် ခေတ္တမျှ လေလွင့်ဝိညာဉ် ဖြစ်နေခဲ့သေးတယ်၊ အဲဒီနောက်မှ ယင်လောကထဲကို ရောက်လာတာ။ ကံဆိုးတာက... ဝမ့်ချွမ်းမြစ်ရှေ့မှာ ကျုပ်ကို လာကြိုမယ့်သူ မရှိဘူး။ ကျုပ်မှာ ရွေးချယ်စရာ နှစ်မျိုးပဲ ရှိတယ်၊ ဝမ့်ချွမ်းမြစ်ထဲမှာ နစ်မြုပ်သွားမလား၊ ဒါမှမဟုတ် လူ့လောကကို ပြန်သွားပြီး လေလွင့်ဝိညာဉ်အဖြစ် ဆက်နေမလားပေါ့။ ယင်သက်တမ်း ကုန်သွားတဲ့တစ်နေ့ ကျုပ်လည်း လုံးဝ ပျောက်ကွယ်သွားရမှာပဲ ”
ထိုနေရာသို့ ရောက်သောအခါ သူသည် ဇနီးဖြစ်သူကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ချစ်ခြင်းမေတ္တာနှင့် နူးညံ့မှုများ ပြည့်လျှံနေသည်။
“ဘယ်သူ ထင်ထားမှာလဲ... ဝမ့်ချွမ်းမြစ်ရှေ့မှာ ကျုပ် သူမနဲ့ ဆုံခဲ့တယ်။ ကျုပ် လေလွင့်ဝိညာဉ် ဘဝတုန်းက သူမကို အနှောင့်အယှက်ပေးနေတဲ့ ဝိညာဉ်ဆိုးအချို့ကို မောင်းထုတ်ပေးခဲ့ဖူးတယ်။ ကျုပ်ကတော့ သူမကို မမှတ်မိတော့ဘူး၊ ဒါပေမဲ့ သူမက ကျုပ်ကို မှတ်မိနေခဲ့တယ်။ သူမရဲ့ မိသားစုဝင်တွေက သူမကို ယင်လောကထဲ ရောက်အောင် လာကြိုကြတဲ့အခါမှာ သူမက ကျုပ်ကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့တာပါ ”
ကျွယ်ဝူတိသည် ဖန့်ချန်ကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများထဲတွင် ယခင် မဟာချန်းကကဲ့သို့ စိတ်ကြီးဝင်နေသည့် အရှိန်အဝါမျိုး မရှိတော့ချေ။
ရှိနေသည်မှာ စမ်းရေပမာ ကြည်လင်အေးမြနေသည့် တည်ငြိမ်အေးချမ်းမှုသာ ဖြစ်သည်။
“အဲဒီအချိန်ကစပြီး ကျုပ် ယင်လောကမှာ အခြေချခဲ့တယ်၊ မကြာခင်မှာပဲ သူမနဲ့ လက်ထပ်ခဲ့တာပေါ့။ နောက်ပိုင်း ယင်လောက အပြောင်းအလဲတွေ ဖြစ်လာတော့ ကျုပ်တို့ ရှန်ကျင်းမြို့ကို လာခွင့်ရခဲ့တယ်။ ယင်သက်တမ်း အနည်းငယ် စုဆောင်းမိတော့ ဒီနေရာမှာ အခြေချပြီး အသက်မွေးဝမ်းကျောင်း ပြုနေတာပါ ”
“ကျုပ် မင်းလက်ထဲမှာ သေခဲ့တုန်းက နာကျင်ခဲ့ဖူးတယ်၊ အငြိုးထားခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုတော့ အဲဒီကိစ္စတွေကို ကျုပ် စိတ်ထဲ မထားတော့သလို တော်တော်များများကိုလည်း မေ့ကုန်ပါပြီ။ ကျုပ် မျှော်လင့်တာကတော့ ဒီလောကမှာ သူမနဲ့အတူ နှစ်အနည်းငယ်လောက် ပိုပြီး နေသွားချင်တာပါပဲ။ ဖန့်... ဖန့်မိတ်ဆွေ ၊ ကျုပ်တို့ ဇနီးမောင်နှံကို လွှတ်ပေးလို့ ရမလား မင်းဆီက ထွက်နေတဲ့ အရှိန်အဝါတွေကို ကြည့်ရတာ မင်းက အောက်ဆင်းသူ တစ်ယောက် ဖြစ်မယ်ထင်တယ်။ ရှန်ကျင်းမှာ ဥပဒေတွေ ရှိတယ်ဆိုပေမဲ့ အောက်ဆင်းသူ တစ်ယောက်က ကျုပ်ကို လုပ်ကြံချင်တယ်ဆိုရင် နည်းလမ်းပေါင်း ထောင်သောင်းချီ ရှိနေမှာပဲ ”
ကျွယ်ဝူတိက လေသံအေးအေးဖြင့် ဆက်ပြောသည်
“အကယ်၍ မင်းက ကျုပ်ကို မလွှတ်ပေးနိုင်ဘူးဆိုရင်လည်း အခုပဲ ပွင့်ပွင့်လင်းလင်း ပြောပါ၊ နေရာတစ်ခု ပြောလိုက်ပါ၊ ကျုပ်တစ်ယောက်တည်း သွားပြီး အသေခံပါ့မယ်၊ ဒါပေမဲ့ ကျေးဇူးပြုပြီး ကျုပ်ရဲ့ ဇနီးကိုတော့ ချမ်းသာပေးပါ ”
“ငါက ဘာလို့ မင်းကို သတ်ရမှာလဲ မင်းပြောသလိုပဲ မင်းက လေလွင့်ဝိညာဉ် တစ်ခုပဲ၊ ငါက အောက်ဆင်းသူ တစ်ယောက်။ ငါတို့က ကမ္ဘာနှစ်ခုက လူတွေ ဖြစ်နေပြီလေ၊ အရင်က အငြိုးအတေးလေး တစ်ခုကို ဘာလို့ စိတ်ထဲ ထည့်ထားရမှာလဲ ”
ဖန့်ချန်က ပြုံး၍ ဆိုသည်။
ကျွယ်ဝူတိသည် ချက်ချင်းပင် သက်ပြင်းချနိုင်သွားကာ ဝမ်းသာအားရ ဖြစ်သွားရသည်။
သူသည် အမူအရာ ပျက်ယွင်းစွာဖြင့် ထိုင်ရာမှ ထရပ်လိုက်ပြီး ဝတ်ထားသည့် ခါးစည်းစောင်တွင် လက်နှစ်ဖက်ကို ပွတ်သပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်
“ကျုပ် မင်းအတွက် ခေါက်ဆွဲတစ်ပွဲ ထပ်ပြုတ်ပေးမယ်၊ အသားတွေ အများကြီး ထည့်ပေးမယ်၊ ပြီးတော့ အရက်လည်း သွားဝယ်လိုက်ဦးမယ်...”
“ဒီလောက်ထိ အားနာစရာ မလိုပါဘူး၊ ငါက ဒီနား ဖြတ်လာရင်း ခဏနားတာပါ၊ အကြာကြီး မနေပါဘူး။ မိတ်ဟောင်းဆွေဟောင်းနဲ့ ဆုံတော့ စကားလေး ဘာလေး ပြောချင်လို့ပါ ”
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
ကျွယ်ဝူတိသည် ရှက်ကိုးရှက်ကန်း ပြုံးကာ ပြန်ထိုင်လိုက်သည်။
နှစ်ဦးသား အကြောင်းအရာ အချို့ကို စကားစမြည် ပြောဖြစ်ကြသည်။
ကျွယ်ဝူတိသည် ရုတ်တရက် တစ်ခုခုကို သတိရသွားသကဲ့သို့ အထူးသတိထားကာ မေးလိုက်သည်
“ဖန့်မိတ်ဆွေ... မင်းရဲ့ ပါရမီနဲ့ဆိုရင် အခုဆို... ရွှေအမြုတေအဆင့် ကို ရောက်နေပြီ မဟုတ်လား ”
“အဲဒီလောက်ပါပဲ ”
ဖန့်ချန်က ခေါင်းငြိမ့်ပြသည်။
ကျွယ်ဝူတိ၏ မျက်ဝန်းများထဲတွင် အားကျအတုယူဖွယ် ခံစားချက်များ ပေါ်လာသည်။
ရွှေအမြုတေ။
ဒါဟာ မဟာချန်းခေတ်တုန်းက အထက်တန်းလွှာတွေမှသာ ပိုင်ဆိုင်နိုင်တဲ့ ကျင့်ကြံမှု အဆင့်အတန်း ဖြစ်သည်။
သူ အသက်ရှင်စဉ်တုန်းကလည်း ဒီအဆင့်ကို အလွန် တောင့်တခဲ့ဖူးသလို သူကိုယ်တိုင် ရွှေအမြုတေအဆင့်ကို ရောက်ဖို့ဆိုတာ သေချာပေါက် ဖြစ်လာမယ့် ကိစ္စလို့ ယူဆခဲ့ဖူးသည်။
ဘယ်သူ ထင်ထားမှာလဲ... နောက်ပိုင်းမှာ သူကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်လာလိမ့်မယ်လို့။
“ဝူတိမိတ်ဆွေ... ငါ မသိတာ တစ်ခု ရှိတယ် ”
ဖန့်ချန်သည် ခေါက်ဆွဲကို နှစ်လုပ်ခန့် စားလိုက်သော်လည်း အရသာမှာ ပေါ့ပျက်ပျက် ဖြစ်နေသဖြင့် တူကို ပြန်ချထားလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်
“ဇောင်းယင်းဌာန စတင် တည်ထောင်ကတည်းက ဝိညာဉ်နတ်ဘုရားဂိုဏ်း က ကျင့်ကြံသူတွေကို ယင်လောကထဲကနေ တစ်ယောက်မကျန် မောင်းထုတ်ခဲ့တယ်။ မထွက်တဲ့သူတွေကိုတော့ ဝိညာဉ်ကို ရိုက်ခွဲပစ်လိုက်တာပဲ ”
ချက်ချင်းဆိုသလို ဖန့်ချန်၏ မျက်လုံးများမှာ အလွန်ပင် စူးရှသွားကာ ကျွယ်ဝူတိ၏ ကိုယ်ပေါ်သို့ ဓားတစ်စင်းသဖွယ် စိုက်ဝင်သွားတော့သည်။
ကျွယ်ဝူတိ၏ မျက်နှာမှာ ဖြူလျော်သွားပြီး ထိုင်ခုံပေါ်မှပင် လိမ့်ကျလုနီးပါး ဖြစ်သွားရသည်။
“ဝူတိမိတ်ဆွေက ဝိညာဉ်နတ်ဘုရားဂိုဏ်း ရဲ့ ကျင့်ကြံသူ တစ်ယောက် မဟုတ်လား၊ ဒီအချက်ကို မင်း ဇောင်းယင်းဌာန မှာ သွားပြီး သတင်းပို့ ထားဖူးလား ”
“ဖန့်မိတ်ဆွေ... ကျုပ်... ကျုပ်က...”
ကျွယ်ဝူတိသည် စကားများ ထစ်ငေါ့နေကာ ဘာမှ ပြန်မပြောနိုင်တော့ဘဲ သူ၏ မျက်ဝန်းများထဲတွင် နောင်တကြီးစွာ ရနေသည့် အရိပ်အယောင်များသာ ရှိတော့သည်။
သူ၏ ဇနီးဖြစ်သူမှာလည်း အခြေအနေ မဟန်သည်ကို ရိပ်မိပုံရပြီး စားသောက်နေသည့် ဧည့်သည်များကို နူးညံ့စွာဖြင့် ပြန်ခိုင်းရန် ကြိုးစားနေသည်။
မထင်မှတ်ဘဲ ဧည့်သည်တစ်ဦးမှာ စိတ်တိုတတ်သူဖြစ်ပြီး အမျိုးသမီးကို ပါးတစ်ချက် ရိုက်ကာ လဲကျသွားအောင် လုပ်လိုက်သည်။
ကျွယ်ဝူတိသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ဒေါသတကြီး ဟောက်ကာ အပြေးအလွှား သွားရောက် ထိုးကြိတ်တော့သည်။
နှစ်ဦးသား လုံးထွေးသတ်ပုတ်နေသည်ကို ဖန့်ချန် မတားဆီးဘဲ ငြိမ်သက်စွာသာ ကြည့်နေခဲ့သည်။
ထိုဧည့်သည်သည် ကျွယ်ဝူတိကို မယှဉ်နိုင်သဖြင့် ထွက်ပြေးသွားရပြီး ပြေးစဉ်မှာပင် ခြိမ်းခြောက်စကားများ ပြောသွားသေးသည်။
ကျန်ရှိနေသော ဧည့်သည်များမှာလည်း ကျွယ်ဝူတိ ရန်ငြိုးအဖွဲ့ခံထားရသည်ကို ရိပ်မိသဖြင့် ခေါင်းခါကာ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့သည်။
ခေါက်ဆွဲဆိုင်လေးထဲတွင် ဖန့်ချန်၊ ကျွယ်ဝူတိနှင့် အမျိုးသမီးသာ ကျန်ရစ်တော့သည်။
အမျိုးသမီးသည် ဖန့်ချန်၏ ရှေ့တွင် "ဖုန်း" ခနဲ ဒူးထောက်လိုက်ရာ သူမ၏ မျက်ဝန်းထဲမှ ယင်ဓာတ်များမှာ မျက်ရည်စများအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်နေသည်။
“အရှင်... မောင်ကြီးက ကျမကို ပြောပြဖူးပါတယ်၊ သူ အရင်က အမှားတွေ လုပ်ခဲ့ဖူးတယ်ဆိုတာ။ ဒါပေမဲ့ ဒီနှစ်တွေထဲမှာ မောင်ကြီး ပြုပြင်ပြောင်းလဲနေပါပြီ။ သူနဲ့ ကျမ ဒီမှာ ခေါက်ဆွဲရောင်းပြီး အသက်မွေးနေကြတာပါ၊ မိဘမဲ့ကလေး တစ်ယောက်ကိုလည်း မွေးစားထားပါသေးတယ်။ ကျမတို့ ဥပဒေကို တစ်ခါမှ မချိုးဖောက်ခဲ့သလို အရာရာကို သတိထားပြီး နေထိုင်လုပ်ကိုင်နေကြတာပါ။ အရှင့်အနေနဲ့ အမြစ်ပြတ်အောင် မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်ရှင် ”
“ဖန့်မိတ်ဆွေ... ကျုပ်သာ ဇောင်းယင်းဌာန ကို သွားပြီး သတင်းပို့လိုက်ရင် ယင်လောကထဲကနေ အနှင်ခံရမှာပဲ။ ကျုပ်တစ်ယောက်တည်း ဆိုရင်တော့ ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ အခုတော့...”
ကျွယ်ဝူတိက ဖန့်ချန်ကို ကြည့်လိုက်သည်
“ကျုပ်မှာ စွန့်လွှတ်ရမှာတွေ အများကြီး ရှိနေပြီ ”
“ထိုင်ပါ၊ မေးခွန်းတစ်ခု ဖြေပေးဦး။ ငါ စိတ်ကျေနပ်ရင် မင်း ဘာမှ မဖြစ်စေရဘူး ”
ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်။
ကျွယ်ဝူတိမှာ မှင်တက်သွားပြီးမှ ဇနီးဖြစ်သူကို အမြန်ဆွဲထူကာ ဖန့်ချန်၏ မျက်နှာချင်းဆိုင်တွင် ပြန်ထိုင်လိုက်ကြသည်။
“ဖန့်မိတ်ဆွေ မေးပါ၊ ကျုပ် သိသမျှ အကုန် ပြောပြပါ့မယ် ”
“ဝိညာဉ်နတ်ဘုရားဂိုဏ်း က သာမန်လူသားတွေကို သုံးပြီး သွေးဝိညာဉ်နတ်ဆေး တွေ ဖော်စပ်တယ်ဆိုတာ မင်း သိတာပဲ”
“ဟုတ်ကဲ့... သိပါတယ်”
“ဒါက ဘာအတွက်လဲ”
“ဂိုဏ်းရဲ့ အဆုံးအမအရဆိုရင်... လောကမှာ သာမန်လူသားတွေက အရမ်းများလွန်းတယ်၊ သူတို့ရဲ့ အသက်တွေက အသုံးမကျဘူး။ ဆေးဖော်စပ်ပြီး ကျင့်ကြံသူတွေ သုံးစွဲလိုက်ရင် ကျင့်ကြံသူတွေ နတ်ဘုရားဖြစ်ဖို့ အထောက်အကူ ဖြစ်စေတယ်၊ ဒါဟာ မှန်ကန်တဲ့ လမ်းစဉ်ဖြစ်ပြီး ကိုယ်ကျိုးအတွက် မဟုတ်ဘူးလို့ ပြောပါတယ် ”
“မင်းရဲ့ အမြင်ကကော ”
“ဒါဟာ လောဘဇော တိုက်နေတာပါပဲ... ဒီနည်းနဲ့ အကျိုးအမြတ် ရှာနေကြတာ၊ ဘယ်လိုမှ ငြင်းချက်ထုတ်ဖို့ မစွမ်းသာပါဘူး ”
ကျွယ်ဝူတိက ခေါင်းငုံ့ကာ ဆိုသည်။
“ဟုတ်ပါပြီ ”
ဖန့်ချန်က ပြုံးလိုက်သည်၊ တိုးညှိသော လေသံဖြင့် မိမိကိုယ်ကို ရေရွတ်နေသကဲ့သို့ပင်
“မင်းတို့ အထက်ကလူတွေ ဘယ်လိုပဲ စဉ်းစားစဉ်းစား... အောက်ကလူတွေ လုပ်နေတာ၊ တွေးနေတာတွေကတော့ ဒီအတိုင်းပါပဲ မဟုတ်လား ”
“ဒီမှာပဲ... ရိုက်ခွဲကြစမ်း ”
ခုနက အရိုက်ခံရပြီး ထွက်ပြေးသွားသည့် ဧည့်သည်သည် လူများ ခေါ်လာပြီး ပြန်ရောက်လာခဲ့သည်။
ချက်ချင်းဆိုသလို လေလွင့်ဝိညာဉ် ဆယ်ဂဏန်းခန့်သည် အထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာပြီး ဖျက်ဆီးကြတော့သည်။
လူအချို့က ကျွယ်ဝူတိ ဇနီးမောင်နှံကို တိုက်ခိုက်ကြသလို... သဘာဝကျကျပင် အချို့က ဖန့်ချန်ကိုပါ လှမ်း၍ ထိလိုက်ကြလေတော့သည်။