အခန်း (၃၉၄-၃၉၆)
Vol. 27 Ch. 394-396
အခန်း (၃၉၄)- မြူခိုးဂိုဏ်း၏ ပထမဆုံးသော ဝိညာဉ်ပင်လယ်အဆင့်
~ဆေးရနံ့များက လေထုထဲတွင် သင်းပျံ့မွှေးကြိုင်နေ၏။
လီဇီလုံ မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ရှေ့ရှိ ဆေးလုံး (၃) လုံးကို စိုက်ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် အံ့သြမှင်သက်မှုများနှင့် ပြည့်နှက်နေသည်။
“ဒါတွေက... အံ့ဖွယ် အသွင်ပြောင်း ဝိညာဉ်ဆေးလုံး တွေပဲ... ဝိညာဉ်ပင်လယ်အဆင့် ကို ချိုးဖြတ်မယ့် သူတွေနဲ့ ဝိညာဉ်ပင်လယ်အဆင့် အတွင်းမှာ ကျင့်ကြံခြင်း အဆင့်တက်ချင်သူတွေအတွက် သီးသန့် ဖော်စပ်ထားတဲ့ အဆင့်မြင့် ဆေးလုံးတွေ...”
ယဲ့ဖုန်း က စကားကို အပိုအလိုမရှိ ပြတ်သားစွာ ပြောလိုက်သည်။
“ကောင်းကင်နှင်းရည် ကျဆင်းလာတာနဲ့အမျှ အင်အားကြီး ဂိုဏ်းတွေအားလုံးက လူတွေ အဆင့်ချိုးဖြတ်နေကြပြီ... ငါတို့ မြူခိုးဂိုဏ်း လည်း နောက်ကျကျန်နေခဲ့လို့ မဖြစ်ဘူး...”
လီဇီလုံသည် ဆေးလုံးများကို လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကား ဆိုရန် ပြင်လိုက်သည်။
“ကျေးဇူးတင်နေစရာ မလိုပါဘူး... ခင်ဗျား ဝိညာဉ်ပင်လယ်အဆင့် ကို အောင်မြင်စွာ ချိုးဖြတ်နိုင်ရင် အဲဒါက ကျုပ်အတွက် အကြီးမားဆုံး ကျေးဇူးဆပ်ခြင်းပါပဲ...”
ထိုသို့ပြောပြီးနောက် ယဲ့ဖုန်း လှည့်ထွက်သွား၏။
ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း လီဇီလုံသည် အံ့ဖွယ် အသွင်ပြောင်း ဝိညာဉ်ဆေးလုံး များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်နှာထား တည်ကြည်လေးနက်သွားတော့သည်။
‘ဂိုဏ်းချုပ်... စိတ်ချပါ... ဒီ ကောင်းကင်နှင်းရည် ရယ်... အံ့ဖွယ် အသွင်ပြောင်း ဝိညာဉ်ဆေးလုံး (၃) လုံးရယ်... ပြီးတော့ အဆင့်ချိုးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့ စွမ်းအား ခိုင်မာစေခြင်း နည်းစနစ် ကို မကြာသေးမီက ကြိုးကြိုးစားစား ကျင့်ကြံထားတာရယ် ပေါင်းစပ်လိုက်ရင်... ကျွန်တော် ဝိညာဉ်ပင်လယ်အဆင့် ကို သေချာပေါက် တက်လှမ်းနိုင်ရမယ်...’
သူ မော့ကြည့်လိုက်ပြီး ဆေးလုံး (၃) လုံးစလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး သွေးကြောများတစ်လျှောက် အဆက်မပြတ် စီးဆင်းသွားကာ ဝိညာဉ်ပင်လယ်အဆင့် သို့ ချိုးဖြတ်ဝင်ရောက်ရန် အားဖြည့်ပေးနေတော့သည်။
‘ဝိညာဉ်ပင်လယ်အဆင့် ဆိုတာ ခန္ဓာကိုယ်ထဲက အစစ်အမှန်ယွမ်တွေကို ပင်လယ်ကြီးတစ်စင်းလို ကျယ်ပြောလာအောင် လုပ်ဆောင်ရတာ... ဒါမှ အစစ်အမှန်ယွမ် တွေကို ပိုမို သိုလှောင်နိုင်မယ်... ပြီးတော့ ဝိညာဉ်ပင်လယ် က မျက်ခုံးနှစ်ခုကြားက ဝိညာဉ်အသိပင်လယ် နဲ့ ချိတ်ဆက်ပြီး အဆက်မပြတ် အားဖြည့်ပေးရမယ်... နောက်ဆုံးမှာ အဆင့်မြင့်မားတဲ့ ဝိညာဉ်အာရုံ ကို မွေးဖွားပေးပြီး မူလဝိညာဉ် စုစည်းဖို့အတွက် ခိုင်မာတဲ့ အုတ်မြစ်ချပေးရမယ်...’
လီဇီလုံ သည် အဆင့်ချိုးဖြတ်ခြင်း၏ အဓိက သော့ချက်များကို တိတ်တဆိတ် ရွတ်ဆိုလိုက်ပြီး အဆင့်တိုင်းကို အလွန် သတိထားကာ လှမ်းတက်နေ၏။
သူ ကျရှုံး၍ မဖြစ်ပေ။
အကြောင်းမှာ သူ့ပုခုံးပေါ်တွင် မျှော်လင့်ချက်များစွာကို ထမ်းပိုးထားရသောကြောင့်ပင်။
ရန်ယွင် (၁၃) မြို့ မှ သန်းနှင့်ချီသော ပြည်သူများ၏ ပြင်းပြသော မျှော်လင့်ချက်များ၊ ဂိုဏ်းသားများ၏ စောင့်ကြည့်မှုများနှင့် ဂိုဏ်းချုပ် ၏ မှာကြားချက်များ ရှိနေသည်။
ထို့ပြင် သွေးနတ်ဆိုး ခန်းမဆောင် ၏ ဖိအားကလည်း ရှိနေသေးသည်။
ထိုအချက်များ အားလုံးပေါင်းစပ်လိုက်သောအခါ လီဇီလုံ တစ်ယောက် အခြေအနေကို ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ပေ။
အဆင့်ချိုးဖြတ်နေသူမှာ လီဇီလုံ တစ်ယောက်တည်း မဟုတ်ပေ။
ဟိုယွင်ကျဲ လည်း ပါဝင်သည်။
သူသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၂) အထွတ်အထိပ်သို့ ရောက်ရှိထားပြီး ဖြစ်သည်။ ယခုအခါ (၃) ရက်ဆက်တိုက် ရွာသွန်းနေသော ကောင်းကင်နှင်းရည် ၏ အကူအညီဖြင့် သူ့ကန့်သတ်ချက်ကို စိန်ခေါ်ကာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၃) သို့ တက်လှမ်းရန် ကြိုးစားနေ၏။
ကုန်းချင်းချိုး လည်း တံခါးပိတ် ကျင့်ကြံနေ၏။
သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၆) အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ နှစ်တစ်ထောင်မှ တစ်ခါသာ ကြုံရသော ဤအခွင့်အရေးကို အသုံးချပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၇) သို့ ထိုးဖောက်ဝင်ရောက်လိုနေသည်။
မိုယင်၊ ရှီလေ့၊ ယန်ရူယွီ၊ ချောင်ကျားရှီး၊ လီကျောက်ကျောက်၊ လုံထျန်ရှင်း၊ ကျီဇီလင်း၊ ဝမ်ဖင်းအန်း၊ ရွှီတာလေ...
အစ်ကိုကြီး ခေါင်းပြား၊ သံမဏိလက်သည်း နဂါးလင်းယုန်၊ မြေခွေးတာ့ဟုန်...
တောင်ထိပ်တွင် စိုက်ပျိုးထားသော နှစ်တစ်ထောင် မီးနဂါးသစ်သီး ကိုင်းဆက် နှင့် ကောင်းကင်ထိ နွယ်ပင်စိမ်း အပါအဝင် အခြားသော ဝိညာဉ်အပင်များကလည်း ကောင်းကင်နှင်းရည် ကို လောဘတကြီး စုပ်ယူနေကြ၏။
ဤသည်ကား မည်သူမျှ လက်လွတ်မခံနိုင်သော အခွင့်အရေးကြီး ဖြစ်ပေသည်။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း တွင် ဖြစ်သည်။
နတ်ဆိုးဂိုဏ်းချုပ်ဟောင်း၊ အထွတ်အထိပ် အကြီးအကဲ (၁၂) ဦး၊ လီမိုဟွမ် နှင့် အခြားသူများသည်လည်း မြေပြင်ပေါ်သို့ တက်လာကြပြီး ကောင်းကင်နှင်းရည် ကို စုပ်ယူနေကြသည်။
*
ထိုစဉ်၊ ချိုင့်ဝှမ်းတစ်ခုတွင် ဖြစ်သည်။
ဝိညာဉ်နှုတ် ဆရာသခင် ၏ လူဝင်စား ဖြစ်သော ကျူးယောင်ဖူ သည် ယဇ်ပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူ့ဘေးပတ်လည်တွင် ကောင်းကင်နှင်းရည် များ ပြည့်နေသော ကန်များ ဝိုင်းရံထားပြီး သူ့အရှိန်အဝါများက ရူးသွပ်မတတ် မြင့်တက်လာနေသည်။
လျူယွင်ဂိုဏ်း တွင် ဖြစ်သည်။
တုန်းချန် သည် သူ့ခြံဝင်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေသည်။ တုန်းတုန်းချန် ၏ အကူအညီဖြင့် သူ့ပတ်လည်တွင် ဝိညာဉ်ဆွဲဆောင် ဝင်္ကပါ တစ်ခု တည်ဆောက်ထားပြီး အနီးနားရှိ ကောင်းကင်နှင်းရည် အားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ ဆွဲယူနေသဖြင့် ကျင့်ကြံခြင်း အဆင့်များ ပေါက်ကွဲထွက်မတတ် တိုးတက်လာနေ၏။
မိုယင် ၏ အိမ်ဟောင်း၊ ရှေးဟောင်း ဝိညာဉ် မျိုးနွယ်စု ၏ ကျွန်းပေါ်တွင် ဖြစ်သည်။
ယဇ်ပုရောဟိတ်အိုကြီး နှင့် အခြားသော ဝိညာဉ်သတ္တဝါများသည် ကောင်းကင်နှင်းရည် ဖြင့် ရေချိုးနေကြပြီး သူတို့၏ စွမ်းအားများ အနည်းငယ် တိုးတက်လာသည်ကို တွေ့ရှိလိုက်ကြ၏။
“ဒါက သူတော်စင် တစ်ပါးရဲ့ လက်ရာပဲ...”
ယဇ်ပုရောဟိတ်အိုကြီး သည် ကောင်းကင်ကို မော့ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့မျက်နှာတွင် မိန်းမောနေသော အမူအရာများ ပေါ်နေ၏။
ဝိညာဉ်သတ္တဝါများ ဖြစ်လာကတည်းက သူတို့သည် ကျွန်းမှ ထွက်ခွာ၍ မရတော့သလို စွမ်းအားလည်း တိုးတက်လာခြင်း မရှိတော့ပေ။
သို့သော် ယခုအခါ သူတော်စင် တစ်ပါးက ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို ကောင်းကင်နှင်းရည် အဖြစ် ချပေးလိုက်သဖြင့် သူတို့ မခံစားရသည်မှာ ကြာပြီဖြစ်သော စွမ်းအားတိုးတက်မှု အရသာကို မြည်းစမ်းခွင့် ရလိုက်ကြသည်။
မလှမ်းမကမ်းရှိ မြေအောက်လိုဏ်ဂူ တံဆိပ်ခတ်ရာ နေရာတွင် ဖြစ်၏။
ကောင်းကင်နှင်းရည် ကျဆင်းလာသည်နှင့်အမျှ အချို့သော ရေများသည် မရေမတွက်နိုင်သော အတားအဆီးများကို ဖြတ်ကျော်ပြီး မြေအောက်လိုဏ်ဂူထဲသို့ စိမ့်ဝင်သွားရာ အချို့သော မြေကမ္ဘာခြား မျိုးနွယ် များ၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သလို ဖြစ်သွားသည်။
သူတို့သည် ရူးသွပ်သွားကြပြီး အတားအဆီး တံဆိပ်များကို မနားတမ်း ရိုက်နှက် တိုက်ခိုက်နေကြတော့သည်။
"ဝုန်း"
နောက်ဆုံးတွင် မသိမသာ အက်ကွဲကြောင်းလေးတစ်ခု တံဆိပ်မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့ပြီး မြေကမ္ဘာခြား မျိုးနွယ် များ၏ တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း ကျယ်ပြန့်လာ၏။
တံဆိပ် အက်ကွဲသွားခြင်းသည် အချိန်ကိစ္စသာ ဖြစ်တော့သည်။
ခရိုင်ဘုရင်မြို့တော် တွင် ဖြစ်သည်။
ယဇ်ပလ္လင် တစ်ခုပေါ်တွင်၊
ခရိုင်ဘုရင် သည် လက်ကွက်ဖော်ကာ တင်ပျဉ်ခွေ ထိုင်နေ၏။ သူ့အရှိန်အဝါသည် ကြံ့ခိုင်သန်စွမ်းပြီး စကားဖြင့် ဖော်ပြ၍ မရနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများကို ထုတ်လွှတ်နေသည်။
သူ့ခေါင်းအထက်တွင် မှေးမှိန်သော အပြာရင့်ရောင် လူပုံသဏ္ဌာန် အရိပ်တစ်ခု စုစည်းနေသည်။ ပိုမို ခိုင်မာလာသည်နှင့်အမျှ ခရိုင်ဘုရင် ၏ မျက်နှာနှင့် ထပ်တူကျသော မျက်နှာတစ်ခု ပေါ်လာ၏။
*
မိုင်ရာချီ ဝေးကွာသော နေရာတွင် ဖြစ်သည်။
စံအိမ်ကြီးတစ်ခု အတွင်း၌၊
ဟန်ရီ နှင့် ဟန်အာ တို့သည် ကောင်းကင်နှင်းရည် ဖြင့် ရေချိုးနေကြပြီး သူတို့၏ မျက်နှာများတွင် ရက်စက်သော အပြုံးများ ပေါ်နေကြသည်။
“သိပ်ကောင်းတာပဲကွာ... ကောင်းကင်နှင်းရည် တွေ ကျလာပြီ... ငါတို့ ဒါတွေကို စုဆောင်းပြီး ပြင်ပကမ္ဘာက အစွမ်းထက် နတ်ဆိုးမိစ္ဆာ ကို ဆင့်ခေါ်မယ်... ခရိုင်ဘုရင်မြို့တော် ကို သွေးချောင်းစီးစေမယ်... ပြီးရင် မြူခိုးဂိုဏ်း က အဲဒီ စိတ်ပျက်စရာကောင်းတဲ့ ယဲ့ဖုန်း ကို သွားသတ်ကြတာပေါ့...”
ဟန်ရီ သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မျက်လုံးများ တဖြည်းဖြည်း မည်းမှောင်လာ၏။
မိုင်ထောင်ချီ ဝေးကွာသော နေရာတွင် ဖြစ်သည်။
မိုမင်ရှီ သည် မျက်နှာဖုံးပဝါကို ချွတ်လိုက်ပြီး ကောင်းကင်ယံတွင် တင်ပျဉ်ခွေ ထိုင်နေသော ပုံရိပ်ကို ကြည့်ကာ သူမဘေးရှိ နဂါးပြာဘုရင် ကို ပြောလိုက်၏။
“အဖေက မူလနတ်ဘုရား အဆင့် ကို ချိုးဖြတ်ဖို့ အရေးကြီးတဲ့ အချိန်ရောက်နေပြီ... ကျွန်မတို့ မကျင့်ကြံရင်တောင် အဖေ့ကို ကာကွယ်ပေးရမယ်...”
“မဟာမိတ်ခေါင်းဆောင်ငယ် စိတ်မပူပါနဲ့... မဟာမိတ်ခေါင်းဆောင်ကြီး က အစွမ်းထက်ပြီးသားပါ... အဆင့်ချိုးဖြတ်နေချိန်မှာတောင် သူ့ကို စစ်မှန်သော နဂါးအရှိန်အဝါ က လွှမ်းခြုံထားမှာ... သာမန်ရိုင်းပင် သားရဲလောက်က သူ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး...”
ဟု နဂါးပြာဘုရင် က လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်၏။
*မိုင်သောင်းချီ ဝေးကွာသော နေရာ၊
မြင့်မြတ်သော လေဓားဂိုဏ်း ၌ ဖြစ်သည်။
ဓားကလေး မူရူရွှယ် သည် ဓားကို ကိုင်ဆောင်ကာ ကောင်းကင်ထက်တွင် ကခုန်နေ၏။ သူမ၏ အရှိန်အဝါသည် တရိပ်ရိပ် မြင့်တက်လာနေ၏။ ပေါ့ပေါ့ပါးပါး ဓားဝှေ့ယမ်းမှု တစ်ချက်ကပင် ကောင်းကင်ကို ခွဲခြမ်းနိုင်ပြီး လူကို တုန်လှုပ်သွားစေနိုင်သော စူးရှအေးစက်သည့် ဓားအလင်းတန်းကို ဖြစ်ပေါ်စေသည်။
ခဏအကြာတွင် သူမ ကခုန်ခြင်းကို ရပ်တန့်လိုက်ပြီး လေနှင့် မိုးရေများကြားတွင် မတ်တပ်ရပ်နေလိုက်သည်။
“ကောင်းကင်နဲ့ မြေကြီးရဲ့ ထူးခြားဖြစ်စဉ်က နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ... ဂိုဏ်းချုပ်၊ အထွတ်အထိပ် အကြီးအကဲ၊ မဟာအကြီးအကဲ နဲ့ တခြားသူတွေ အားလုံး အဆင့်ချိုးဖြတ်ဖို့ တံခါးပိတ် ကျင့်ကြံနေကြပြီ... ဒီအချိန်မှာ အစွမ်းထက်တဲ့သူ တစ်ယောက်ယောက်ကများ လာတိုက်ခိုက်ရင် တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံး အန္တရာယ် ရှိနိုင်တယ်...”
မူရူရွှယ် ညင်သာစွာ သက်ပြင်းချလိုက်သည်။
ထို့နောက်၊ မြူခိုးဂိုဏ်း ရှိရာဘက်သို့ လှမ်းမျှော်ကြည့်ရင်း ပုံရိပ်တစ်ခုကို မြင်ယောင်လိုက်မိသည်။
မြူခိုးတောင်ထိပ် ပေါ်တွင် တိတ်ဆိတ်စွာ ရပ်လျက် တပည့်များကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးနေသော မြင့်မားသည့် ပုံရိပ်တစ်ခု။
“ဒီမိုး ရွာပြီးရင်... သူ့ရဲ့ စွမ်းအားတွေက ပိုပြီး ခန့်မှန်းရခက်လာတော့မှာပဲ...”
သူမ တီးတိုးရေရွတ်လိုက်ပြီးနောက် အမြင့်ဆုံးအဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန် အပြစ်ပေးခုံရုံး တောင်ထိပ် ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ တံခါးပိတ် ကျင့်ကြံလိုက်လေတော့သည်။
ကောင်းကင်နှင်းရည် သည် (၃) ရက် (၃) ည တိုင်တိုင် ရွာသွန်းခဲ့၏။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွင်းရှိ တောင်များနှင့် မြစ်များအားလုံး ကောင်းကင်နှင်းရည် များနှင့် ပြည့်လျှံနေပြီး ပေါများကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေကြသည်။
ကောင်းကင်နှင်းရည် ကို မျိုချမိသော သာမန်ငါးအချို့၏ မျက်လုံးများမှာ တက်ကြွလာကြသည်။ သူတို့၏ မှတ်ဉာဏ်သည် (၇) စက္ကန့်မျှသာ မဟုတ်တော့ဘဲ ပိုမို များပြားသော အရာများကို မှတ်မိလာကြသည်။
အချို့သော ငါးများမှာမူ အသွင်ပြောင်းလဲမှုကို ကြုံတွေ့ရပြီး ရေပန်းများ မှုတ်ထုတ်ကာ သားကောင်များကို ထိုးဖောက်တိုက်ခိုက်နိုင်လာကြသည်။ အခြေခံအားဖြင့် အဆင့်နိမ့် နတ်ဆိုးသားရဲ များ ဖြစ်လာကြခြင်းပင်။
မြူခိုးဂိုဏ်း တွင် ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ တောင်များနှင့် မြစ်များတွင် ဝိညာဉ်သွေးကြော အသစ်များ မွေးဖွားလာခြင်း မရှိသော်လည်း ဝိညာဉ်စွမ်းအင် ဝဲကတော့ များ သိသိသာသာ ကျယ်ပြန့်လာကြောင်း ယဲ့ဖုန်း တွေ့ရှိလိုက်ရသည်။ ၎င်းတို့ ထုတ်လွှတ်သော ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် အသေးစား ဝိညာဉ်သွေးကြော များထက် မလျော့နည်းပေ။
မြူခိုးဂိုဏ်း အတွင်းရှိ ဝိညာဉ်သွေးကြော (၄) ခုစလုံးပင်လျှင် အသွင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပုံရပြီး ထုတ်လွှတ်သော ဝိညာဉ်စွမ်းအင် သိပ်သည်းဆ များစွာ မြင့်တက်လာ၏။
အသေးစား ဝိညာဉ်သွေးကြော (၂) ခု၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် နှစ်ဆ တိုးလာသည်။
ကျန်ရှိသော ဝိညာဉ်စမ်းရေတွင်း (၂) ခုသည်လည်း ဝိညာဉ်စွမ်းအင် အရည်အသွေးနှင့် သိပ်သည်းဆ တိုးတက်လာခဲ့သည်။ နှစ်ဆ မတိုးသော်လည်း များစွာ ကွာခြားခြင်း မရှိတော့ပေ။
ဤအရာအားလုံးသည် ရှေးဟောင်း သူတော်စင် ကျောင်းယန် ၏ ကောင်းချီးပေးမှုကြောင့်ပင် ဖြစ်သည်။
“သိပ်ကောင်းတာပဲ...”
ယဲ့ဖုန်း ပြုံးလိုက်သည်။
“ဝှစ်...”
ထိုအချိန်မှာပင် ဖေးလိုင်တောင်ထိပ် ပေါ်မှနေ၍ လီဇီလုံ ၏ ခန္ဓာကိုယ်သည် လေထဲသို့ ပျံတက်လာ၏။ သူ့ပတ်လည်တွင် ကျဆင်းနေသော ကောင်းကင်နှင်းရည် များသည် တုန်ခါသွားပြီး မြူခိုးများအဖြစ် ပြောင်းလဲကာ သူ့ဘေးပတ်လည်တွင် လျင်မြန်စွာ လည်ပတ်နေကြသည်။ သူ့ကို ပိုမို မြင့်မားသော နေရာသို့ မ,တင်ပေးနေသကဲ့သို့ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များလည်း ပိုမို သိပ်သည်းလာ၏။
“သူ အဆင့်ချိုးဖြတ်တော့မှာလား...”
ယဲ့ဖုန်း အစပိုင်းတွင် အံ့သြသွားသော်လည်း ချက်ချင်းပင် ဝမ်းသာသွား၏။
သူ စနစ် ကို အမြန် မေးမြန်းကြည့်လိုက်ရာ လီဇီလုံ ၏ အောင်မြင်နိုင်ချေသည် (၉၀) ရာခိုင်နှုန်းကျော်အထိ ရောက်ရှိနေကြောင်း သိလိုက်ရသည်။
“ကောင်းကင်နှင်းရည် ကျဆင်းလာတာနဲ့အမျှ ကျင့်ကြံခြင်း အဆင့်ချိုးဖြတ်နိုင်တဲ့ အောင်မြင်နိုင်ချေက အများကြီး တိုးတက်လာတာပဲ... ပုံမှန်အချိန်ဆိုရင် လီဇီလုံ ရဲ့ အောင်မြင်နိုင်ချေက (၅၀) ရာခိုင်နှုန်းတောင် ကျော်မှာ မဟုတ်ဘူး...”
ယဲ့ဖုန်း တောင်ထိပ်ပေါ်တွင် ရပ်လျက် လီဇီလုံ ၏ အဆင့်ချိုးဖြတ်မှုကို စောင့်ကြည့်နေလိုက်သည်။
*
မိုင်ပေါင်း ဒါဇင်ချီ ဝေးကွာသော နေရာတွင် ၊
သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် မော့ကြည့်လိုက်ရာ ဖေးလိုင်တောင်ထိပ် ဆီမှ ပေါက်ကွဲထွက်ပေါ်လာသော အားကောင်းသည့် အရှိန်အဝါကို သတိပြုမိလိုက်သဖြင့် မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။
“မြူခိုးဂိုဏ်း က တစ်ယောက်ယောက် ဝိညာဉ်ပင်လယ်အဆင့် ကို တက်လှမ်းသွားတာလား...”
ထိုလူသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ပြဿနာတက်တော့မည့် အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်။
အခန်း (၃၉၅)- ဆက်တိုက် အဆင့်တက်ခြင်းများ၊ ပေါက်ကွဲထွက်လာသော စွမ်းအားများ
~လွန်ခဲ့သော ရက်အနည်းငယ်က သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲ တစ်ခု၏ ခန်းမသခင်သည် အကြီးအကဲများနှင့် ကြီးကြပ်သူများကို အမိန့်ပေးကာ ရေပေါ်ဖြူမြို့တော် ပတ်ဝန်းကျင်ရှိ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းခိုင်းခဲ့သည်။
ယခု ဤနေရာတွင် ရပ်နေသော သွေးရောင်ဝတ်ရုံနှင့် လူသည် သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲတစ်ခု၏ အကြီးအကဲ "ဟွမ်ကျန့်ပိုင်" ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည် ဝူဝူခိုင်နှင့် ယှဉ်လျှင် မတိမ်းမယိမ်း ရှိပေသည်။
ဟွမ်ကျန့်ပိုင်သည် သဘာဝအရ သတိကြီးသူ ဖြစ်သည်။ ဤနေရာသို့ ရောက်ရှိလာသောအခါ သူသည် ချီကျင့်ကြံခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးအသွင် ရုပ်ဖျက်ပြီး ရေပေါ်ဖြူမြို့တော် ထဲသို့ စိမ့်ဝင်ကာ သတင်းများစွာ ရယူခဲ့သည်။
ဥပမာအားဖြင့်... ယဲ့ဖုန်း သည် အမျက်ဒေါသ သတ်ဖြတ်ခြင်း နတ်ဆိုးဘုရင် အဖြစ် ခရိုင်ဘုရင်မြို့တော် ရှိရှုဟွာမို၏ အင်အားစုများကို ရှင်းလင်းခဲ့ကြောင်း၊ ဟူဖေးဖေး သည် ကြွေထည်ဘုရင်ကို အနိုင်ယူခဲ့ကြောင်း စသည့် သတင်းများ ဖြစ်သည်။
ထိုသတင်းများကို ကြားသောအခါ ဟွမ်ကျန့်ပိုင် တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားရသည်။
ယဲ့ဖုန်း နှင့် ဟူဖေးဖေး တို့သည် သူ ယှဉ်ပြိုင်ရဲသော အရာများ မဟုတ်ပေ။ ဌာနခွဲတွင် အသန်မာဆုံးဟု သတ်မှတ်ထားသော ဒုတိယ ခန်းမသခင်ပင်လျှင် ဝိညာဉ်ပင်လယ်အဆင့် မျှသာ ရှိသေးသည်။
ထိုစွမ်းအားသည် ရေပေါ်ဖြူမြို့တော် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်သော်လည်း ဟူဖေးဖေး နှင့် ယဲ့ဖုန်း တို့၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။
ယခု ဟွမ်ကျန့်ပိုင် ပြန်ရန် ပြင်လိုက်သည်။
သို့သော် ဤနေရာတွင် ကောင်းကင်နှင်းရည်များ ကျဆင်းနေသည်ကို သတိရသဖြင့် လောဘတကြီး ခိုးယူ စုဆောင်းလိုက်သေးသည်။ သူပြန်ရောက်လျှင် အဆင့်ချိုးဖြတ်ရာတွင် အသုံးပြုရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ လီဇီလုံ ဝိညာဉ်ပင်လယ်အဆင့် သို့ ချိုးဖြတ်နေသည့် မြင်ကွင်းနှင့် တိုးလေတော့သည်။
ယခင်ကဆိုလျှင် ဟွမ်ကျန့်ပိုင်သည် တုံ့ဆိုင်းနေမည် မဟုတ်ဘဲ လီဇီလုံ အဆင့်ချိုးဖြတ်ရန် အားယူနေသည့် အရေးကြီးဆုံး အခိုက်အတန့်တွင် ဝင်ရောက် လုပ်ကြံသတ်ဖြတ်မိမည် ဖြစ်သည်။
သူ့ကို မသတ်နိုင်လျှင်တောင် အဆင့်ချိုးဖြတ်မှုကို ပျက်စီးသွားအောင် လုပ်ဆောင်နိုင်ပေသည်။
သို့သော် ယခုအခါ အဝေးမှ တောင်ထိပ်ပေါ်တွင် ရပ်နေသော ယဲ့ဖုန်း နှင့် ရေအိုးကြီးကို မ,ကာ ကောင်းကင်နှင်းရည် များကို ရူးသွပ်မတတ် သောက်သုံးနေသော ဟူဖေးဖေး ကို မြင်လိုက်ရသဖြင့် ဟွမ်ကျန့်ပိုင် သေလုမတတ် ကြောက်လန့်သွားတော့သည်။ သူသည် ချက်ချင်းပင် ချုံပုတ်များကြားထဲသို့ ဝင်ရောက် ပုန်းအောင်းလိုက်ပြီး အသံတစ်ချက်ပင် မထွက်ရဲတော့ချေ။
မီတာ (၁၀၀၀) ခန့် မြင့်မားသော ကောင်းကင်ယံတွင် ဖြစ်သည်။
လီဇီလုံ သည် အဆင့်ချိုးဖြတ်ခြင်း၏ အရေးကြီးဆုံး အခိုက်အတန့်တွင် ရှိနေဆဲ ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်နှင်းရည် များသည် ပြီးဆုံးသွားခြင်း မရှိသေးဘဲ သည်းထန်စွာ ဆက်လက် ရွာသွန်းနေဆဲ ဖြစ်ရာ သဘာဝ ဝိညာဉ်စွမ်းအင်များ ပိုမို သိပ်သည်းလာ၏။ ရှူရှိုက်လိုက်သည့် လေတစ်ချက်ကပင် အသက်ကို ရှည်စေနိုင်လောက်ပေသည်။
“ဝုန်း...”
ရုတ်တရက် လီဇီလုံ သည် သူ့အသက်ရှူနှုန်းကို အထွတ်အထိပ်သို့ စုစည်းလိုက်ပြီး ပိတ်ဆို့နေသော လည်ပင်းပိတ်ဆို့မှုကို တစ်ဟုန်ထိုး ချိုးဖြတ်ပစ်လိုက်သည်။ သူ့ဝိညာဉ်အသိပင်လယ်ထဲရှိ ဝိညာဉ်အသိများသည် အနည်းငယ် ပြောင်းလဲသွားပြီး အလွန် သေးငယ်သော အစိတ်အပိုင်းတစ်ခုသည် ပိုမို သန့်စင်သော ဝိညာဉ်အာရုံအဖြစ်သို့ စုစည်းသွား၏။
(၁) ရာခိုင်နှုန်းအောက် လျော့နည်းသော ပမာဏသာ ပြောင်းလဲသွားခြင်း ဖြစ်သော်လည်း ၎င်းသည် သူ ဝိညာဉ်ပင်လယ်အဆင့် သို့ အောင်မြင်စွာ ဝင်ရောက်သွားပြီ ဖြစ်ကြောင်းနှင့် ဝိညာဉ်အာရုံ အနည်းငယ်ကို ပိုင်ဆိုင်သွားပြီ ဖြစ်ကြောင်း သက်သေပြနေသည်။
ချီပင်လယ်မှာမူ ယခုအချိန်တွင် (၁၀) ဆခန့် ကျယ်ပြန့်သွားပြီး ဝိညာဉ်ပင်လယ်အဆင့် ၏ အဆင့်အတန်းသို့ အပြည့်အဝ ရောက်ရှိသွား၏။
သူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်ယွမ်များသည်လည်း ပိုမို သိပ်သည်းပြီး စွမ်းအားကြီးလာသည်။
အဆင့်မချိုးဖြတ်မီက သူ့အစစ်အမှန်ယွမ်များကို သစ်သားတစ်ချောင်းနှင့် နှိုင်းယှဉ်ရမည် ဆိုလျှင် ယခုအခါ သူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်ယွမ် သိပ်သည်းဆသည် သံမဏိနှင့် တူညီနေပြီ ဖြစ်သည်။
ထိုနှစ်ခုကြား ကွာခြားချက်သည် မိုးနှင့် မြေကဲ့သို့ ကွာခြားလှပေသည်။
ဤကွာဟချက်သည် ဝိညာဉ်ပင်လယ်အဆင့် (၁) နှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ်တို့ကြားက ကွာခြားချက်ပင် ဖြစ်တော့သည်။
“ငါ နောက်ဆုံးတော့ အောင်မြင်ပြီ...”
လီဇီလုံ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး ကောင်းကင်သို့ မော့ကာ အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ အစစ်အမှန်ယွမ်များ တုန်ခါသွားပြီး မီတာ (၁၀၀) အတွင်းရှိ မိုးရေများကို ဝိညာဉ်စွမ်းအင် ကြွယ်ဝသော မြူခိုးများအဖြစ် ပြောင်းလဲပစ်လိုက်ကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် စီးဝင်စေပြီး ကျင့်ကြံခြင်း အဆင့်အတန်းကို ခိုင်မာစေလိုက်သည်။
“ဂါး...”
နားကွဲမတတ် ကျယ်လောင်သော နဂါးဟိန်းသံကြီး ထွက်ပေါ်လာသည်။ လူတိုင်း မော့ကြည့်လိုက်ရာ လီဇီလုံ ၏ နောက်ကျောဘက်တွင် မီတာ (၁၀၀) ရှည်လျားသော အဖြူရောင် စစ်မှန်သော နဂါး တစ်ကောင် ရစ်ခွေနေသည်ကို တွေ့လိုက်ရသည်။ ထိုနဂါးထံမှ စူးရှပြီး ထိုးဖောက်နိုင်စွမ်း မြင့်မားသော အရှိန်အဝါများ ထွက်ပေါ်နေ၏။
“ဟင်... ဒါက ဓားဆန္ဒလိုမျိုး နဂါးလှံဆန္ဒ ပါလား...”
ယဲ့ဖုန်း အံ့သြသွား၏။
လီဇီလုံ သည် သူ့ကိုယ်ပိုင် လျှို့ဝှက်သိုင်းဖြစ်သော "ငွေရောင်လှံတံ ဝင်္ကပါခွင်း တိုက်ကွက်" ကို ဖန်တီးခဲ့ပြီး လှံသိုင်းပညာတွင် ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့သည်။
ယခုအချိန်တွင် ဝိညာဉ်ပင်လယ်အဆင့် သို့ အဆင့်ချိုးဖြတ်နေစဉ် ဉာဏ်အလင်း ပွင့်သွားပြီး နဂါးလှံဆန္ဒကို နားလည်သဘောပေါက်သွားခြင်း ဖြစ်ပေသည်။
ငွေရောင်လှံတံ ဝှေ့ယမ်းလိုက်လျှင် ကောင်းကင်နှင့် မြေကြီးပင် ကွဲအက်သွားနိုင်၏။
“ကောင်းတယ်... သိပ်ကောင်းတယ်...”
ယဲ့ဖုန်း လက်ခုပ်တီးကာ အားပါးတရ ဟားတိုက်လိုက်၏။
လီဇီလုံ ၏ အောင်မြင်မှုသည် တကယ့်ကို ဝမ်းသာစရာ အံ့အားသင့်မှု တစ်ခုပင်။
“ဝုန်း...”
ထိုအချိန်တွင် ကုန်းချင်းချိုးလည်း အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီး ကောင်းကင်နှင်းရည် ၏ ကျေးဇူးကြောင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၇) သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။
ယခုဆိုလျှင် (၃) ရက်မြောက် နေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကောင်းကင်နှင်းရည် ကျဆင်းမှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ကျင့်ကြံခြင်း အဆင့်မြင့်မားသူများသည် အဆင့်ချိုးဖြတ်ရန် အရှိန်ယူနေကြဆဲ ဖြစ်ကာ အဆုံးအဖြတ် အခိုက်အတန့်သို့ မရောက်သေးပေ။
သို့သော် အလယ်အလတ်နှင့် အဆင့်နိမ့် ကျင့်ကြံသူများ ဖြစ်ကြသော ကုန်းချင်းချိုး၊ မိုယင် နှင့် ဟိုယွင်ကျဲတို့သည် အဆင့်ချိုးဖြတ်ရန် လုံလောက်သော စွမ်းအားများကို စုဆောင်းမိနေကြပြီ ဖြစ်သည်။
“ဝုန်း...”
နောက်ထပ် လူတစ်ယောက် အဆင့်ချိုးဖြတ်လိုက်ပြန်သည်။
ဒီတစ်ခါတော့ ဟိုယွင်ကျဲ ဖြစ်သည်။
သူ့ကိုယ်ပိုင် စုဆောင်းထားမှုများကို အားပြု၍ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၃) သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။
ထို့နောက် ချက်ချင်းပင် အခြားသူများလည်း ဆက်တိုက် ဆိုသလို အဆင့်ချိုးဖြတ်လာကြသည်။
မိုယင်၊ ချူယွင်အာ၊ ရှီလေ့၊ လုံထျန်ရှင်း၊ ကျားယွိလန်၊ ယန်ရူယွီ နှင့် အခြားသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူများသည် အနည်းဆုံး အဆင့်ငယ် တစ်ဆင့်စီ တက်လှမ်းနိုင်ခဲ့ကြသည်။
ချက်ပြုတ်ခြင်း၌ အချိန်ကုန်လွန်းသဖြင့် ကျင့်ကြံခြင်း နှောင့်နှေးခဲ့ရသော လီကျောက်ကျောက် သည်လည်း သူမ၏ ဆန္ဒအတိုင်း ဒီနေ့တွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၁) သို့ ဝင်ရောက်နိုင်ခဲ့၏။
ဝမ်ဖင်းအန်း၊ ရှချိုး၊ အိုးယန်ဖုန်း၊ အိုးယန်ယွီ၊ ယွီဆု၊ ယွီဝေ နှင့် အခြားသော ပထမမျိုးဆက် တပည့်များ အားလုံးသည်လည်း ချီကျင့်ကြံခြင်း အဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။
အားလုံးထဲတွင် အအံ့သြရဆုံးမှာ ကျီဇီလင်း ပင်။
သူမသည် အထွတ်အထိပ် အဆင့် အမြစ်အရိုး ပိုင်ဆိုင်ထားသူ ဖြစ်ပြီး စတင်ကျင့်ကြံသည်မှာ နောက်ကျသော်လည်း သူမ၏ ကြီးမားသော ပါရမီကြောင့် အခြားသူများကို ဖြတ်ကျော်ကာ ဤ ကောင်းကင်နှင်းရည် အကူအညီဖြင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၁) သို့ တိုက်ရိုက် ခုန်ပျံကျော်လွှား ရောက်ရှိသွား၏။
ထို့ပြင် သူမ၏ ဝိညာဉ်အာရုံ စွမ်းအားသည်လည်း အဆင့် (၄) သို့ ရောက်ရှိသွား၏။
သူမ၏ ကျင့်ကြံခြင်း စွမ်းအားနှင့် ဝိညာဉ်အာရုံ စွမ်းအား ပေါင်းစပ်လိုက်လျှင် သူမ၏ တိုက်ခိုက်စွမ်းရည်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၂) ရှိ ပါရမီရှင် ကျင့်ကြံသူများကိုပင် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နိုင်လောက်ပေသည်။
ထို့ပြင် ရွှီတာလေ့၊ မူစီစီ၊ လန်တယ်၊ နင်ရှန်ရှန်၊ လေရှောင်ဟူ နှင့် အခြားသော ဒုတိယမျိုးဆက် တပည့်များသည်လည်း အနည်းဆုံး အဆင့်ငယ် တစ်ဆင့် တက်လှမ်းနိုင်ခဲ့ကြပြီး အချို့ဆိုလျှင် ဆက်တိုက် အဆင့်ချိုးဖြတ်ကာ ချီကျင့်ကြံခြင်း အဆင့် မြင့်မားသော နေရာများသို့ တစ်ရှိန်ထိုး ရောက်ရှိသွားကြသည်။
အစ်ကိုကြီး ခေါင်းပြားနှင့် အခြားသော ဝိညာဉ်သားရဲများသည်လည်း အသီးသီး အဆင့်တက်သွားကြသည်။
ဂိုဏ်းစောင့် ဝိညာဉ်သားရဲများ အားလုံးထဲတွင် နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး သည် အကျိုးအမြတ် အများဆုံး ရရှိခဲ့သည်။ သဘာဝ ဝိညာဉ်အပင် ဖြစ်သည့်အားလျော်စွာ ကောင်းကင်နှင်းရည် များကို အများဆုံး စုပ်ယူနိုင်ခဲ့ပြီး ဧရာမ နွယ်ပင်ကြီးများကို ဆန့်ထုတ်ထား၏။
ဤ ကောင်းကင်နှင့် မြေကြီး ပြန်လည် နိုးထခြင်း ပြီးနောက် သူသည် အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် အဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားတော့သည်။
တောင်ထိပ်ပေါ်ရှိ ကောင်းကင်ထိ နွယ်ပင်စိမ်း နှင့် မီးနဂါးသစ်သီး ကိုင်းဆက် များသည်လည်း အရွယ်အစား အဆပေါင်းများစွာ ကြီးထွားလာပြီး အားကောင်းသော ရှင်သန်မှု စွမ်းအားများကို ထုတ်လွှတ်နေကြသည်။
“ဖြောင်း...”
ကောင်းကင်ထိ နွယ်ပင်စိမ်း (၃) ပင်သည် ရုတ်တရက် နွယ်ပင်များကို ဝှေ့ယမ်းလိုက်ရာ မီတာ (၁၀၀) အကွာရှိ သားရဲငှက်ဆိုးတစ်ကောင်ကို ရိုက်ချိုးပစ်လိုက်ပြီး ၎င်း၏ စွမ်းအားများကို ဝါးမြိုလိုက်သဖြင့် အရှိန်အဝါ ပိုမို အားကောင်းလာ၏။
ယဲ့ဖုန်း သည် ကောင်းကင်ယံတွင် ပျံဝဲလျက် အောက်ဘက်ရှိ မြင်ကွင်းကို ငုံ့ကြည့်နေသည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူ့အရှိန်အဝါသည် အဆပေါင်းများစွာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
ယခုဆိုလျှင် သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှု သက်သက်ကပင် အလယ်အလတ် နတ်ဆိုးဘုရင်နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။
သူ့စွမ်းရည်အားလုံးကို ထုတ်သုံးလိုက်လျှင် အဆင့်မြင့် နတ်ဆိုးဘုရင်ကို စိန်ခေါ်ရန်မှာ မဖြစ်နိုင်သော ကိစ္စ မဟုတ်တော့ပေ။
“ငါ အားနည်းနေသေးပေမယ့်... ကောင်းကင်နှင်းရည် မကျခင် အချိန်နဲ့ ယှဉ်ရင်တော့ အများကြီး တိုးတက်လာတာပဲ... သိပ်ပြီး လောလို့ မဖြစ်သေးဘူး...”
သူ တီးတိုးရေရွတ်လိုက်ပြီး ဆုပ်ထားသော လက်သီးကို ပြန်ဖြေလျော့လိုက်၏။
သူ အောက်ကို ငုံ့ကြည့်လိုက်ရာ ဟူဖေးဖေး သည် ကောင်းကင်နှင်းရည် များ ပြည့်နေသော အိုးကြီးကို ဖက်ကာ ဂလုဂလု မြည်အောင် အငမ်းမရ သောက်သုံးနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
[ဟူဖေးဖေး၏ အဆင့်မြှင့်တင်မှု စွမ်းအင် - ၃၅.၇ %]
လက်ရှိ စွမ်းအင်သည် အဆင့်မြှင့်တင်ရန် လိုအပ်ချက်၏ သုံးပုံတစ်ပုံသာ ရှိသေးသော်လည်း တိုးတက်မှုနှုန်းမှာမူ ကြောက်ခမန်းလိလိပင်။
အကယ်၍သာ ဒီ ကောင်းကင်နှင်းရည် မရှိခဲ့လျှင် ဟူဖေးဖေး အနေဖြင့် ယခု ရှိနေသော စွမ်းအင်ပမာဏကို စုဆောင်းမိရန် အနည်းဆုံး နှစ်ဝက်ခန့် အချိန်ယူရလိမ့်မည်ဟု ယဲ့ဖုန်း ယုံကြည်သည်။
ယခုတော့ (၃) ရက်နှင့် လုံလောက်သွားခဲ့ချေ၏။
“ဝုန်း...”
ကောင်းကင်ယံရှိ တိမ်မည်းများထံမှ အသံအုပ်အုပ် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် နေရောင်ခြည်သည် တိမ်များကို ဖောက်ထွင်းကာ မြေပြင်ပေါ်သို့ ကျရောက်လာ၏။
ကောင်းကင်က ပြန်လည် ကြည်လင်လာပြီး မိုးစဲသွားတော့သည်။
(၃) ရက် (၃) ည တိုင်တိုင် ရွာသွန်းခဲ့သော ကောင်းကင်နှင်းရည် များလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ ကို ပြန်ဖွင့်ရမယ့် အချိန်ရောက်ပြီ...”
ယဲ့ဖုန်း က ပြောလိုက်ပြီး လက်ချောင်းကို တောက်လိုက်ရာ အနက်နှင့် အဖြူရောင် စစ်တုရင်ခုံ သည် စတင် လင်းလက်လာပြီး မြူခိုးဂိုဏ်း ၏ တောင်ထိပ် (၄) ခုကို ကြီးမားသော မြူခိုးတိမ်တိုက်များဖြင့် လွှမ်းခြုံလိုက်ကာ ပြင်ပလောက၏ စူးစမ်းသော မျက်လုံးများမှ ကာကွယ်လိုက်၏။
ယခင်က ကောင်းကင်နှင်းရည် ကို စုပ်ယူနိုင်ရန်အတွက် ယဲ့ဖုန်း သည် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ ကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခု မိုးတိတ်သွားပြီ ဖြစ်၍ ဝင်္ကပါကို ပြန်လည် အသက်သွင်းရမည့် အချိန်ပင်။
ကောင်းကင်ယံ အမြင့်တွင် ဖြစ်သည်။
ယဲ့ဖုန်း သည် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ဝိညာဉ်မိုးရေဖြင့် ဆေးကြောခံထားရသော မြေပြင်သည် သက်ရှိအငွေ့အသက်များနှင့် ပြည့်နှက်နေပြီး တိမ်တိုက်များ ဝန်းရံနေကာ ရှုခင်းများက ကျယ်ပြောလှပနေသည်။ ကောင်းကင်သည်လည်း ကြည်လင်တောက်ပနေ၏။
ကမ္ဘာကြီး တစ်ခုလုံး အသစ်တဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ပင်။
“ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေ တိုးတက်လာသလို... ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းနဲ့ မြင့်မြတ်သော လေဓားဂိုဏ်း က မဟာအကြီးအကဲ တွေရဲ့ စွမ်းအားလည်း အတော်လေး တိုးတက်သွားလောက်တယ်...”
သူ တွေးတောလိုက်မိသည်။
“ဒီ ကောင်းကင်နှင်းရည် က တကယ့်ကို သန်လျက်ခုတ်ရာ နှစ်ဖက်ပြတ် ပါလား...”
ယဲ့ဖုန်း တိတ်တဆိတ် လက်သီးကို ပြန်ဆုပ်လိုက်မိသည်။
မိုင်အနည်းငယ် အကွာတွင် ဖြစ်သည်။
သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲမှ ဟွမ်ကျန့်ပိုင် သည် နောက်ဆုတ် ထွက်ပြေးနေ၏။
မြူခိုးဂိုဏ်း ၏ စုစုပေါင်း စွမ်းအားသည် အလွန်အမင်း သန်မာလွန်းလှသည်။ သူ ဒီ အရေးကြီးတဲ့ သတင်းကို ဒုတိယ ခန်းမသခင်ထံ အမြန်ဆုံး သွားရောက် တင်ပြရမည်။
သို့မဟုတ်ပါက နောက်ဆက်တွဲ အကျိုးဆက်များကို တွေးကြည့်ရုံမျှဖြင့်ပင် ကြက်သီးထစရာ ကောင်းလှပေတော့သည်။
အခန်း (၃၉၆)- နတ်ဆိုးသတ်ဖြတ်ပွဲ ဖိတ်ကြားစာအပေါ် သတိထားစောင့်ကြည့်ခြင်း
~ကောင်းကင်နှင်းရည် ရွာသွန်းမှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
သို့သော် ကျင့်ကြံသူအများစု၏ ကျင့်ကြံခြင်းခရီးလမ်းမှာမူ မပြီးဆုံးသေးပေ။
လူအများအပြားသည် ကောင်းကင်နှင်းရည် ကို မည်သို့ စုဆောင်းရမည်ကို သိရှိထားကြသည်။
အချို့က တူးမြောင်းများ၊ ရေကန်များနှင့် ရေလှောင်ကန်များကို တူးဖော်ကာ ကောင်းကင်နှင်းရည် များကို စုဆောင်းထားပြီး သူတို့၏ မိသားစု သို့မဟုတ် ဂိုဏ်းအတွက် ရေရှည် ရင်းမြစ်အဖြစ် အသုံးပြုရန် ပြင်ဆင်ထားကြသည်။
ကောင်းကင်နှင်းရည် ရပ်တန့်သွားသော်လည်း သူတို့သည် တံခါးပိတ် ကျင့်ကြံနေကြဆဲ ဖြစ်သည်။
ရက်အနည်းငယ် ကြာသည့်တိုင်အောင် ကျင့်ကြံသူအများစုသည် အပြင်မထွက်ကြသေးဘဲ သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းကို ခိုင်မာအောင် လုပ်ဆောင်ခြင်း သို့မဟုတ် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းနေကြဆဲ ဖြစ်၏။
*
တောင်ပိုင်းမြစ်ဝှမ်း ဒေသ ၏ တောင်ဘက် နယ်စပ်ဒေသတွင် ဖြစ်သည်။
ဒုတိယ ခန်းမသခင် ဟွမ်ကျန့်ပိုင်သည် နောက်ဆုံးတွင် ပျက်စီးနေသော ဘုရားကျောင်းအောက်၌ ဖုံးကွယ်ထားသော ဌာနခွဲ၏ ဗဟိုချက်မသို့ ပြန်ရောက်လာခဲ့သည်။ သူသည် ကောင်းကင်နှင်းရည် များ ပြည့်နေသော မြေအောက်ရေကန်ကြီးအထက်တွင် တင်ပျဉ်ခွေ ထိုင်နေသည့် ခန်းမသခင်ကို တွေ့လိုက်ရပြီး ကပျာကယာ ဒူးထောက်လိုက်၏။
“ခန်းမသခင်... ကျွန်တော် ရေပေါ်ဖြူမြို့တော် ရဲ့ အခြေအနေကို အသေအချာ စုံစမ်းခဲ့ပြီးပါပြီ...”
“ဒီ ရေပေါ်ဖြူမြို့တော် က သာမန် ကြယ်တစ်ပွင့်အဆင့် မြို့လေးပါ... ဘာမှ ထူးခြားမှု မရှိပါဘူး... ဒါပေမဲ့ ဒီမြို့ရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ အင်အားစုတစ်ခု ရှိနေပါတယ်...”
ဟွမ်ကျန့်ပိုင် က အခြေအနေကို အလျင်အမြန် တင်ပြလိုက်သည်။
“အို... ဘယ်လို အင်အားစုမျိုးလဲ...”
ခန်းမသခင် က အနားသို့ တိုးလာသည်။ သူ့မျက်နှာကို အလင်းရောင်ဖြင့် ဖုံးကွယ်ထားသဖြင့် မည်သူမျှ သူ့ရုပ်သွင်အမှန်ကို မမြင်နိုင်ကြချေ။
“မြူခိုးဂိုဏ်းလို့.. ခေါ်တဲ့ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတစ်ခုပါ...”
ဟွမ်ကျန့်ပိုင် က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဖြောင်း...”
ခန်းမသခင် က ဟွမ်ကျန့်ပိုင် ကို ပါးရိုက်ကာ လွင့်စဉ်သွားစေပြီး အေးစက်စွာ ကြိမ်းမောင်းလိုက်၏။
“မင်း ရူးသွားပြီလား... ကြယ်တစ်ပွင့်အဆင့် အင်အားစုက ဘယ်လိုလုပ် အစွမ်းထက်တယ်လို့ ပြောရတာလဲ...”
ဟွမ်ကျန့်ပိုင် ခမျာ ဝမ်းနည်းသွားရရှာသည်။
သူသည် ရောင်ရမ်းနေပြီ ဖြစ်သော သူ့ပါးကို ကိုင်လျက် ကမန်းကတန်း ရှင်းပြလိုက်၏။
“မြူခိုးဂိုဏ်း က သာမန် ကြယ်တစ်ပွင့်အဆင့် အင်အားစု မဟုတ်ပါဘူး... သူတို့ဆီမှာ ဝိညာဉ်ပင်လယ်အဆင့် (၁) ကို အခုလေးတင် ချိုးဖြတ်သွားတဲ့ အကြီးအကဲတစ်ယောက် ရှိပါတယ်... ပြီးတော့ မူလနတ်ဘုရား အဆင့် နီးပါး စွမ်းအားကြီးတဲ့ရှုဟွာမို နဲ့ ကြွေထည်ဘုရင်တို့လို ထိပ်တန်းပညာရှင်တွေကို အရုပ်ကစားသလို ကစားနိုင်တဲ့ ဂိုဏ်းစောင့်တစ်ယောက်လည်း ရှိပါတယ်... ဒါ့အပြင် သူတို့ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ကလည်း အင်မတန် ခန့်မှန်းရခက်ပါတယ်...”
“ယဲ့ဖုန်း က အကြိမ်ကြိမ် လှုပ်ရှားဖူးပေမယ့် တစ်ခါမှ မရှုံးဖူးဘူးလို့ ဆိုပါတယ်...”
ဟွမ်ကျန့်ပိုင် က ထပ်ဖြည့်ပြောလိုက်သည်။
“ဟမ်...”
ခန်းမသခင် မျက်မှောင်ကြုတ်လိုက်၏။
“သာမန် ကြယ်တစ်ပွင့်အဆင့် အင်အားစုတစ်ခုက မဟာ သူတော်စင် တစ်ပိုင်း အဆင့် ရှိတဲ့ ရှုဟွာမို လို ထိပ်တန်းပညာရှင်ကို ဖိနှိပ်နိုင်တဲ့သူ ပိုင်ဆိုင်ထားတယ် ဟုတ်လား...”
“ခန်းမသခင်... ဒီသတင်းကိုလည်း ကျွန်တော် စုံစမ်းခဲ့ပါတယ်... မကြာသေးခင်က ကြွေထည်ဘုရင် က မြူခိုးဂိုဏ်း ရဲ့ ယဲ့ဖုန်း ကို သွားရန်စတော့ မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းစောင့်က သူ့ကို ဝက်ခေါင်းဖြစ်သွားအောင် ရိုက်နှက်လိုက်တယ်လို့ ဆိုပါတယ်...ရှုဟွာမို ဆို ပိုတောင် ဆိုးပါသေးတယ်... ခရိုင်ဘုရင်မြို့တော် မှာ လူသန်းပေါင်းများစွာရဲ့ ရှေ့မှောက်မှာ ပါးစပ်က အမြှုပ်ထွက်တဲ့အထိ အရိုက်ခံခဲ့ရတာပါ...”
ပြောပြီးနောက် ဟွမ်ကျန့်ပိုင် သည် သူ့မျက်နှာကို လက်ဖြင့် အမြန် ကာလိုက်မိသည်။ ခန်းမသခင် က နောက်တစ်ကြိမ် ထပ်ရိုက်မှာ ကြောက်သောကြောင့် ဖြစ်သည်။
“ဒီကိစ္စက လူသိရှင်ကြား ဖြစ်ခဲ့တာဆိုရင်... ဘာလို့ ငါတို့ မြူခိုးဂိုဏ်း အကြောင်း တစ်ခါမှ မကြားဖူးရတာလဲ...”
ခန်းမသခင် မေးလိုက်သည်။ သူ့မျက်နှာထားက လေးနက်နေ၏။
“တောင်ပိုင်းမြစ်ဝှမ်း ဒေသ က ကြယ်အဆင့် ဂိုဏ်းတွေရဲ့ မှတ်တမ်းကို နောက်ဆုံး စာရင်းလုပ်ခဲ့တာက လွန်ခဲ့တဲ့ တစ်နှစ်ကပါ... မြူခိုးဂိုဏ်း က လွန်ခဲ့တဲ့ နှစ်ဝက်အတွင်းမှာမှ အားကောင်းမောင်းသန် ထကြွလာတာပါ...”
ဟွမ်ကျန့်ပိုင် က အလျင်အမြန် ရှင်းပြလိုက်သည်။
ခန်းမသခင် ဘာမှ ဆက်မပြောတော့ပေ။
‘အကယ်၍ ဟွမ်ကျန့်ပိုင် ပြောတာသာ မှန်ခဲ့ရင် မြူခိုးဂိုဏ်း က တကယ်ကို ကြောက်စရာ ကောင်းနေပြီ။ သူတို့ကို ဖိနှိပ်နိုင်ဖို့ဆိုရင် သွေးနတ်ဆိုး ခန်းမဆောင် ပင်မဌာနချုပ်က မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ပါးပါးကို လှမ်းခေါ်မှ ရမယ့် အခြေအနေပဲ။
နီရှန်နန်းတော်နဲ့ ဝူဝူခိုင်လောက်အတွက်နဲ့တော့ အင်အားအလုံးအရင်း သုံးစရာ မလိုပါဘူးလေ။’
နောက်ဆုံးတွင် ခန်းမသခင် ဆုံးဖြတ်ချက် ချလိုက်သည်။
“ဒီကိစ္စကို ခဏ ထားလိုက်ဦး...”
ဟွမ်ကျန့်ပိုင် ကို ပြန်လွှတ်လိုက်ပြီးနောက် သူကိုယ်တိုင် ကျောင်းတော်မှ ထွက်ခွာလာပြီး တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခွင် လှည့်လည်ကာ နေ့ဝက်ခန့် သတင်းစုံစမ်းလိုက်သည်။ ရရှိသော သတင်းအများစုက ဟွမ်ကျန့်ပိုင် တင်ပြသည်နှင့် ကိုက်ညီနေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ခန်းမသခင် သည် ရွှေရောင် စက္ကူကြိုးကြာ တစ်ကောင်ကို ထုတ်ယူလိုက်ပြီး အစစ်အမှန်ယွမ် အမြောက်အမြား မှုတ်ထည့်ကာ လွှတ်တင်လိုက်၏။
“ဒီကိစ္စက အရေးကြီးတယ်... ပင်မခန်းမသခင်ကြီးဆီ သတင်းပို့မှ ဖြစ်မယ်...”
စက္ကူကြိုးကြာ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားသည်ကို ကြည့်ရင်း ခန်းမသခင် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
...
မြူခိုးဂိုဏ်း ၏ တောင်ကြီး (၄) လုံးသည် တိမ်တိုက်များနှင့် မြူခိုးများ လွှမ်းခြုံထားလျက် ရှိသည်။
ယဲ့ဖုန်း သည် ပြုံးရွှင်နေကြသော ပထမနှင့် ဒုတိယမျိုးဆက် တပည့်များကို ကြည့်ရင်း ပျားရည်သောက်ထားရသကဲ့သို့ ရင်ထဲတွင် ချိုမြိန်နေ၏။
“ဒီ ကောင်းကင်နှင်းရည် ကိစ္စပြီးတော့... တပည့်တွေရဲ့ ကျင့်ကြံခြင်း အဆင့်တွေက အနည်းဆုံး ချီကျင့်ကြံခြင်း အဆင့် (၅) ကို ရောက်ကုန်ကြပြီ... အမြင့်ဆုံးကတော့ မိုယင် ပေါ့... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄) ကို ရောက်ပြီး ဂိုဏ်းချုပ်တစ်ယောက်နဲ့ တန်းတူ ဖြစ်နေပြီ...”
“ကုန်းချင်းချိုး က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၇)... လီဇီလုံ က ဝိညာဉ်ပင်လယ်အဆင့် (၁) ကို ရောက်သွားပြီ...”
“အစ်ကိုကြီး ခေါင်းပြား နဲ့ လောင်ဆု (ထင်းရှူးပင်အိုကြီး) တို့လည်း အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် အဆင့်ကို ရောက်ကုန်ကြပြီ... ရေပေါ်ဖြူ နတ်ဆိုး (၅) ဖော်၊ သံမဏိလက်သည်း နဂါးလင်းယုန်၊ ရွှေမွေး ရှဉ့်နဲ့ အခြားသော ဂိုဏ်းစောင့် ဝိညာဉ်သားရဲတွေ အားလုံးလည်း အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အဆင့်ကို ရောက်ကုန်ကြပြီ... တိုးတက်မှုက တကယ့်ကို အံ့မခန်းပါပဲလား...”
“နန်လုတောင်တန်း ဂူသင်္ချိုင်းထဲမှာ ပုန်းအောင်းနေတဲ့ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်တောင် အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်ကို ရောက်သွားပြီတဲ့...”
“သိပ်ကောင်းတာပဲ... ဘာနဲ့မှ လဲလို့ မရဘူး...”
ယဲ့ဖုန်း သည် ဂိုဏ်း၏ အခြေအနေကို ပြန်လည် သုံးသပ်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ ပြုံးလိုက်မိသည်။
ဒီ ကောင်းကင်နှင်းရည် ကိစ္စက အံ့သြစရာ ရလဒ်တွေ ထွက်ပေါ်စေခဲ့သည်ပင်။
မြူခိုးဂိုဏ်း အတွင်း၌သာမက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးရှိ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူတိုင်း အဆင့်ငယ် တစ်ဆင့်စီ တက်လှမ်းသွားကြသည်။
ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူများမှာမူ ယေဘုယျအားဖြင့် အဆင့်ငယ် (၃) ဆင့်ခန့်အထိ သိသိသာသာ မြင့်တက်သွားကြ၏။
ထိုမျှမက ရေပေါ်ဖြူမြို့တော်ရှိ နီရှန်နန်းတော် သခင်မ၊ ဓားသိုင်းအရှင်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ ငှက်မွှေးတောင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဒုတိယမြို့စားမင်း တို့ကဲ့သို့ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ဝါရင့်ကျင့်ကြံသူများသည်လည်း သူတို့၏ အတွေ့အကြုံများကို စုစည်းကာ ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားကြတော့သည်။
“နှမြောစရာကောင်းတာက... ဒီလို ကောင်းကင်နှင်းရည် မျိုးက နှစ်တစ်ထောင်မှ တစ်ခါလောက်ပဲ ကြုံရတာ...”
ယဲ့ဖုန်း ညင်သာစွာ သက်ပြင်းချလိုက်သည်။
အကယ်၍ ဘိုးဘေး လင်မြောင် သာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့်သို့ မတက်ရောက်နိုင်ခဲ့လျှင်၊ ရှေးဟောင်း သူတော်စင် ကျောင်းယန်နှင့် ချိတ်ဆက်မှု မရရှိခဲ့လျှင် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် သည် ဒီလို အသွင်ပြောင်းလဲမှုကို ဘယ်တော့မှ ကြုံတွေ့ရမည် မဟုတ်ပေ။
ယခုအခါ ခိုင်မာသော အုတ်မြစ်ကို ချမှတ်ပြီးဖြစ်ရာ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်အနေဖြင့် ကြယ်လေးပွင့်အဆင့် အင်အားစု တစ်ရပ်အဖြစ်သို့ ရောက်ရှိလာရန် သိပ်မလိုတော့ချေ။
သို့သော်ငြား နောင်တစ်ချိန်တွင် ဤနိုင်ငံတော်အတွင်းမှ ဟင်းလင်းပြင် ဖြိုခွဲခြင်းအဆင့် ပညာရှင်အသစ်များ ထပ်မံ ပေါ်ထွက်လာခဲ့လျှင်တောင်မှ ဒုတိယအကြိမ် ကောင်းကင်နှင်းရည် ရွာသွန်းမှုမျိုး ထပ်မံ ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။
ဤကဲ့သို့သော မဟာကံတရားမျိုးကို ထပ်မံ ကြုံတွေ့လိုပါက၊ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ထဲမှ တစ်စုံတစ်ယောက်သည် ချီငါးပါး ပေါင်းစည်းခြင်းကို အောင်မြင်ပြီး သူတော်စင် အဖြစ်သို့ ချက်ချင်း တက်လှမ်းသွားနိုင်မှသာ ရနိုင်မည် ဖြစ်၏။
အကြောင်းမူကား ထိုအရာက လွန်စွာမှ ခက်ခဲကြမ်းတမ်းသော ကိစ္စရပ်တစ်ခု ဖြစ်နေသောကြောင့်ပင်။
သာမန် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ဆိုသည်မှာ ထားလိုက်ဦး... အထွတ်အထိပ်၊ နတ်ဘုရားနှင့် မြင့်မြတ်သော အဆင့်ရှိ ပါရမီရှင်များပင်လျှင် သူတော်စင်အဖြစ်သို့ ရောက်ရှိရန် ခဲယဉ်းလှသည်။
သူတော်စင် တစ်ပါး ဖြစ်လာရန်မှာ ပါရမီ ပါရုံသက်သက်ဖြင့် မရနိုင်။ ကြီးမားလှသော ပါရမီက ကျင့်ကြံသူများကို ဟင်းလင်းပြင် ဖြိုခွဲခြင်းအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်စွမ်း ရှိလေသည်။
သို့ရာတွင် သူတော်စင်အဖြစ်သို့ ရောက်ရှိရန်အတွက်မူ ပါရမီထက် ပိုမိုနက်နဲသော အရာများစွာ လိုအပ်လှ၏။ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ရှားပါးလှသည့် အခွင့်အလမ်းနှင့် ရဲရင့်သော သတ္တိသွေး... ဤအရာများ အားလုံးမှာ မရှိမဖြစ် လိုအပ်လှပေတော့သည်။
“ဂိုဏ်းချုပ်ယဲ့... ကျုပ် လျူယွင်ဂိုဏ်း က အကြီးအကဲ လူရှန်ယွဲ့ ပါ... မတွေ့တာတောင် ကြာပြီနော်...”
ထိုအချိန်တွင် အကာအကွယ်အတားအဆီး အပြင်ဘက်မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာ၏။
ယဲ့ဖုန်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။
မလှမ်းမကမ်း ကောင်းကင်ယံတွင် ပျံသန်းလှေ တစ်စင်း ရပ်တန့်နေ၏။
လူရှန်ယွဲ့ သည် လှေဦးတွင် ရပ်နေပြီး သူ့နောက်တွင် ပေါက်ကွဲထွက်မတတ် ကိုယ်ခန္ဓာအချိုးအစားနှင့် မျက်နှာဝိုင်းဝိုင်း အမျိုးသမီးငယ်တစ်ဦး ရပ်နေ၏။
လျူယွင်ဂိုဏ်း အတွင်းစည်းတပည့် ဖန်ဟိုင်ယွင်ပင်။
“ဟော... မတွေ့တာ ရက်ပိုင်းပဲ ရှိသေးတယ်... အကြီးအကဲလူ က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၄) ကို ရောက်နေပြီပဲ... မိတ်ဆွေဖန် လည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို ရောက်သွားပြီ... ဂုဏ်ယူပါတယ်ဗျာ...”
ယဲ့ဖုန်း ပြုံးလျက် သူတို့အနားသို့ သွားကာ နှုတ်ဆက်လိုက်သည်။
“ကောင်းကင်နှင်းရည် ကျေးဇူးကြောင့်ပါဗျာ... ရေဆန်လမ်းကို လှော်ခတ်နိုင်ခဲ့ပြီး အခုလို အဆင့်ကို ရောက်လာတာပါ...”
လူရှန်ယွဲ့ ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
သူ့ပါရမီက အဆင့်နိမ့်သာ ရှိသည်။
အကယ်၍ ဒီလို ရှားပါးတဲ့ အခွင့်အရေးမျိုးနဲ့သာ မကြုံခဲ့ရရင် တစ်သက်လုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၃) အထွတ်အထိပ်ကို ရောက်ဖို့တောင် ခက်ခဲမှာ... အခုလို အဆင့် (၄) ရောက်ဖို့ဆိုတာ ဝေလာဝေးပေါ့။
“ဂိုဏ်းချုပ်ယဲ့... နေကောင်းလားရှင်...”
ဖန်ဟိုင်ယွင် က နှစ်လိုဖွယ် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
ယဲ့ဖုန်း ခေါင်းညိတ် အသိအမှတ်ပြုလိုက်ပြီး မေးလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက် အဝေးကြီးကနေ ဘာကိစ္စများ ရှိလို့ပါလိမ့်...”
“ကျွန်တော်တို့က ခင်ဗျားတို့ဂိုဏ်းကို ခရိုင်ဘုရင်မြို့တော် မှာ ကျင်းပမယ့် နတ်ဆိုးသတ်ဖြတ်ပွဲ ဖိတ်ကြားဖို့ လာတာပါ... ဂိုဏ်းချုပ်ယဲ့... ခင်ဗျား ဒီပွဲအကြောင်း မေ့နေတာတော့ မဟုတ်ပါဘူးနော်...”
ဟု လူရှန်ယွဲ့ က စနောက်သလို ပြောလိုက်သည်။
ထိုအခါ၊ ယဲ့ဖုန်း နဖူးကို ရိုက်လိုက်မိသည်။
လူရှန်ယွဲ့သာ ဝင်ရောက် မသတိပေးခဲ့ပါက သူ အမှန်တကယ်ပင် လုံးဝ မေ့လျော့နေခဲ့ပြီ ဖြစ်၏။
လွန်ခဲ့သော လအနည်းငယ်ခန့်က မြူခိုးဂိုဏ်းသည် ရေပေါ်ဖြူမြို့တော်၏ နတ်ဆိုးသတ်ဖြတ်ပွဲ၌ ပထမဆု ဆွတ်ခူးရရှိခဲ့ပြီး၊ ခရိုင်ဘုရင်မြို့တော်တွင် ကျင်းပမည့် ပွဲတော်ကြီးသို့ တက်ရောက်ရန် ရွေးချယ်ခံခဲ့ရသည် မဟုတ်လော။ အချိန်ကာလကို ပြန်လည် တွက်ချက်ကြည့်လိုက်သည့်အခါ ပွဲတော်ရက်မှာ အလွန်ပင် နီးကပ်လွန်းနေလေပြီ။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ နောက်ထပ် ဖိတ်စာတစ်စောင် လက်ခံရရှိထားသည်ကိုပါ ရုတ်တရက် ပြန်လည် အမှတ်ရသွားတော့သည်။ ခရိုင်ဘုရင်မြို့တော်သို့ ခြေချပါက ခရိုင်ဘုရင်စံအိမ်တော်မှ ကြီးမှူးကျင်းပမည့် တွေ့ဆုံပွဲသို့ပါ မလွဲမသွေ တက်ရောက်ရဦးမည် ဖြစ်သည်။
“သြော်... ဒါကြောင့်ကိုး...”
ခဏမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်း မေးလိုက်သည်။
“ခရိုင်ဘုရင်မြို့တော် ကို ဘယ်တော့လောက် သွားကြမလဲ... ပြီးတော့ လူဦးရေ ကန့်သတ်ချက်ရော ရှိလား...”
“ပွဲက (၇) ရက်နေရင် စမှာပါ... လူဦးရေ ကန့်သတ်ချက် မရှိပါဘူး... ဂိုဏ်းချုပ်ယဲ့ သဘောအတိုင်း စီစဉ်နိုင်ပါတယ်... ဒါက တရားဝင် ဖိတ်ကြားစာပါ... သေချာ သိမ်းထားပါဦး...”
လူရှန်ယွဲ့ က ရွှေရောင် ဖိတ်ကြားစာတစ်စောင်ကို ယဲ့ဖုန်း ထံ ကမ်းပေးလိုက်သည်။
အနည်းငယ် စကားစမြည် ပြောပြီးနောက် လူရှန်ယွဲ့ နှင့် ဖန်ဟိုင်ယွင် တို့သည် ရေပေါ်ဖြူမြို့တော် ဘက်သို့ ထွက်ခွာသွားကြပြီး ကျောက်စိမ်း မျှော်စင်သို့ ဝင်ရောက်သွားကြသည်။ ရှင်းကွမ်ရွှမ်နှင့် ပန်းတစ်ရာ ရှောင်တို့၏ ဧည့်ခံမှုအောက်တွင် ကျောက်စိမ်းမျှော်စင် ၏ နာမည်ကြီး ပြည့်တန်ဆာမလေးကို ရွေးချယ်လိုက်ကြလေသည်...
ဒါကိုတော့ ယဲ့ဖုန်း မသိလိုက်ချေ။
ဖိတ်ကြားစာကို ကိုင်ဆောင်လျက် သူသည် ဂိုဏ်းပင်မရင်ပြင် တွင် ရပ်ကာ အကြီးအကဲများနှင့် တပည့်အားလုံးကို စုရုံးလိုက်သည်။ နတ်ဆိုးသတ်ဖြတ်ပွဲ အကြောင်း ကြေညာလိုက်ရာ လူတိုင်း စိတ်ဝင်စားသွားကြ၏။
မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာတွင် ဖြစ်သည်။
သွေးနတ်ဆိုး ခန်းမဆောင် ၏ ဌာနခွဲတွင်။
ခန်းမသခင် သည် နောက်ဆုံးတွင် ပင်မခန်းမကြီး ထံမှ သတင်းစကား ရရှိလိုက်၏။