အခန်း (၄၁၇-၄၁၈)
Vol. 42 Ch. 417-418
အခန်း (၄၁၇) - ကုသိုလ်မှတ် ကိုးသောင်း ၊ နတ်ဘုရားရိပ် ၊ ကြောင်ချော့ခြင်း နှင့် ထူးဆန်းသော လူသေများ
နောက်ဆုံးတွင် ဝေမြို့သို့ ပြန်ရောက်လာခဲ့ပြီဖြစ်ရာ လီယန်ချူ စိတ်ရောကိုယ်ပါ ကြည်လင်ရွှင်ပျလို့နေသည်။
ယခုတစ်ခေါက် နဂါးပြတ်ဂူသို့ ဆင်းခဲ့ရာတွင် စုစုပေါင်း ရရှိခဲ့သည့် ကုသိုလ်မှတ် မှာ ကိုးသောင်းခုနစ်ထောင်တိတိ ဖြစ်ပြီး ၎င်းမှာ အလွန်ပင် များပြားလှသော ပမာဏဟု ဆိုရပေမည်။
အဓိကမှာ သူသည် နဂါးပြတ်ဂူအတွင်းရှိ မိစ္ဆာများနှင့် ထူးဆန်းသော အရာအားလုံးကို အကုန်အစင် သုတ်သင်ရှင်းလင်းပစ်ခဲ့သောကြောင့် ထိုမျှလောက် များပြားသော ဆုလာဘ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုအပြင်
သူ့ထံတွင် တိမ်တိုက်ပုံစံ အစင်းကြောင်းများပါသည့် ရွှေဆေးလုံး တစ်လုံးလည်း ရှိနေသေးသည်။
လက်ရှိတွင် ၎င်းကို ဘယ်လိုအသုံးချရမည်ကို သေချာမသိသေးသော်လည်း၊ လီယန်ချူ၏ အာရုံခံစားမှုအရ ထိုအရာသည် စားသုံးရသည့် ဆေးလုံးမဟုတ်ဘဲ မှော်လက်နက် တစ်မျိုး ဖြစ်နိုင်ကြောင်း ခံစားမိသည်။
၎င်း၏အပေါ်တွင် နတ်ဘုရားအရှိန်အဝါ အချို့လည်း ကျန်ရှိနေသေး၏။
ဝေမြို့၏ နဂါးပြတ်ဂူကို သူသည် တိုက်ရိုက် မြေလှန်ပစ်ခဲ့ခြင်းဖြစ်ရာ အချိန်များစွာ မကုန်ဆုံးခဲ့ချေ။
ထိုနေ့ည၌
သူသည် ကျောင်းတော်အတွင်း ဟွမ်ထင်တာအိုကျမ်း ကို ကျင့်ကြံနေစဉ် ကိုယ်တွင်းရှိ ကျင့်စဉ်စွမ်းအားများမှာ မြစ်ကြီးတစ်စင်းအလား တဟုန်ထိုး စီးဆင်းနေသည်ကို သတိပြုမိသည်။
၎င်းတို့သည် ယခင်ကထက် ပိုမို၍ စင်ကြယ်လှသော ယန်စွမ်းအားစစ်စစ် များအဖြစ် ပြောင်းလဲလာခဲ့သည်။
"ဒီတစ်ခေါက် နတ်ဘုရား ပင့်ဖိတ်ခဲ့တာက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး အများကြီး ရှိပုံရတယ်"
ဟု သူက စိတ်ထဲမှ ဝမ်းသာအားရ ရေရွတ်မိသည်။
ဖုန်းတူး ငရဲပြည်၏ ကြေးညိုတံခါးကြီးကို ပိတ်ဆို့တားဆီးခဲ့စဉ်က ဆင်းသက်လာခဲ့သည့် ထိုကြီးကျယ်ခမ်းနားလှသော နတ်ဘုရားစွမ်းအားများနှင့် ဆက်စပ်နေပေလိမည်။
သို့သော်လည်း... နဂါးပြတ်ဂူအတွင်း ချုပ်နှောင်ခံထားရသည့် ရွှေငါးကြင်းကြီး ပြောပြခဲ့သော စကားများကို ပြန်တွေးမိတိုင်း သူ အနည်းငယ် စိုးရိမ်မိသည်။
ဝေမြို့တွင် လွန်ခဲ့သော နှစ်ပေါင်းသုံးရာကတည်းက မသေဆေး ဒဏ္ဍာရီများ ထွက်ပေါ်ခဲ့ပြီး၊ ထိုအရာကြောင့်ပင် ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားခဲ့ဖူးသည်။
ဒုတိယအဆင့် အထက်ပိုင်းရှိသော မိစ္ဆာကြီးတစ်ကောင်တောင်မှ ဝေမြို့ရေပြင်အောက်တွင် အကျဉ်းချခံထားရသည်ဆိုလျှင် ထိုစဉ်က တိုက်ပွဲမှာ မည်မျှအထိ ပြင်းထန်ခဲ့မည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။
ထို့ပြင် ဝေမြို့တွင် နတ်ဘုရားနယ်မြေ များ နှစ်ကြိမ်တိုင်တိုင် ပေါ်ထွက်ခဲ့ဖူးခြင်းနှင့် တတိယအဆင့်ရှိသော ဘိုင်သခင်မ ချိပ်ပိတ်ခံထားရခြင်းတို့ကြောင့် လီယန်ချူသည် သူအမြဲနေထိုင်လာခဲ့သည့် ထိုမြို့ငယ်လေးအပေါ် ပို၍ပင် စူးစမ်းချင်စိတ် ပြင်းပြလာတော့သည်။
သူပြန်ရောက်လာပြီးနောက် ဆိုင်ရှင်မကြီးနှင့် တွေ့ဆုံရာတွင် သူမက ပြောပြသည်မှာ မကြာသေးမီက ဝေမြို့ထဲသို့ သူစိမ်းမျက်နှာသစ်များစွာ ရောက်ရှိနေကြသည် ။
၎င်းတို့ထဲတွင် ရဟန်းများ၊ တာအိုဆရာများနှင့် လေလွင့် ကျင့်ကြံသူ များ ပါဝင်နေကြသည်။
တစ်စုံတစ်ခု ထူးခြားဖြစ်ပျက်တော့မည့် အသွင်ရှိနေသည်။
ထိုကိစ္စကို လီယန်ချူလည်း စိတ်ထဲတွင် အမှတ်အသား ပြုထားလိုက်သည်။
မကြာသေးမီက ဖြစ်ပေါ်နေသော ပုံမှန်မဟုတ်သည့် ဝိညာဥ်စွမ်းအင် များမှာလည်း နတ်ဘုရားနယ်မြေ မှ ပေါ်ထွက်လာခြင်းနှင့် ပတ်သက်နေနိုင်ပေသည်။
"တကယ်လို့ ဝေမြို့တစ်ခုလုံးကို စောင့်ကြည့်နိုင်တဲ့ မှော်လက်နက်မျိုးရှိရင် သိပ်ကောင်းမှာပဲ"
ဟု သူက တွေးမိသည်။
ဝေမြို့သည် လတ်တလောတွင် အေးချမ်းနေသကဲ့သို့ ရှိသော်လည်း၊ အမှောင်ထုထဲတွင် နဂါးပြတ်ဂူကဲ့သို့သော နေရာမျိုးများ ရှိနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက် ချိကဲဘက်ဂိုဏ်း မှ အကြီးအကဲ မြို့ထဲဝင်ပြီး လူသတ်ခဲ့စဉ်ကလည်း မည်သူမျှ ကြိုတင်မသိရှိခဲ့ကြချေ။
သူသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ကာ ထိုကိစ္စကို ခေတ္တဘေးဖယ်ထားပြီး တရားထိုင်လိုက်သည်။
ကျောင်းတော်အတွင်း တစ်ဦးတည်း ငြိမ်သက်စွာ ကျင့်ကြံရင်း အသက်ရှူသွင်းရှူထုတ်ပြုလုပ်ကာ နောက်တစ်နေ့ နံနက်အထိ ကျင့်ကြံနေလိုက်သည်။
ခန္ဓာကိုယ်တွင်း၌ ဇီဝအသက်ဓာတ်များ ဝေဖြာနေပြီး သွေးသားစွမ်းအားများမှာ အထွတ်အထိပ်သို့ ရောက်ရှိလို့နေသည်။
ထို့ကြောင့် နံနက်စောစောမှာပင် သူသည် ကျောင်းတော်ဝင်းအတွင်း၌ လက်သီးကျင့်စဉ်များကို စတင်လေ့ကျင့်တော့သည်။
ထျန်းကန်းလက်ဝါး မှ ဆင်းသက်လာသော လက်သီးကွက် သုံးမျိုးမှာ အလွန်ပင် ကြမ်းတမ်းလှသည်။
သူဝင်းအတွင်း၌ ကျင့်ကြံနေစဉ် သိုင်းပညာလမ်းစဉ် အပေါ်တွင် နားလည်မှုအသစ်များ ရရှိလာခဲ့သည်။
ဝုန်း
သူ၏ နောက်ကျောဘက်တွင် မြင့်မားသော အရိပ်မည်းကြီး တစ်ခု ပေါ်ထွက်လာသည်။
၎င်းမှာ သိုင်းပညာပုံရိပ် ပင်
ဝုန်း
သူက ဆက်လက်၍ ကွက်စိပ်နင်းကာ လေ့ကျင့်နေစဉ် သူ၏ နောက်ကျောတွင် ရွှေရောင်ချပ်ဝတ်ဆင်ထားသော နတ်ဘုရားရိပ်ကြီးတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။
အရိပ်နှစ်ခုအနက် တစ်ခုမှာ သိုင်းပညာစိတ်ဆန္ဒ ပေါ်လွင်နေပြီး၊ နောက်တစ်ခုမှာ နတ်ဘုရားစွမ်းအား ဖော်ပြနေခြင်း ဖြစ်သည်။
ဤသည်မှာ လီယန်ချူ၏ အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်မှာ နောက်ထပ်တစ်ဆင့် မြင့်တက်သွားပြီး နတ်ဘုရားရိပ် ကို နားလည်သဘောပေါက်သွားပြီဖြစ်ကြောင်း ပြသနေခြင်းပင်။
"ဒီအတိုင်း ဆက်လေ့ကျင့်သွားရင် တစ်နေ့မှာ တကယ့် သိုင်းနတ်ဘုရား ဖြစ်လာနိုင်မှာပဲ "
နံနက်စောစော လီယန်ချူ၏ လက်သီးသံများကြောင့် နိုးလာခဲ့သော ကြောင်လေး မှာ ပြတင်းပေါက်ကို တွန်းဖွင့်ကာ အပြင်သို့ ခုန်ထွက်လာသည်။
သူမသည် လီယန်ချူကို မကျေမနပ်ဖြစ်နေသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။
မျက်ဝန်းအစုံမှာ အလွန်ပင် စိတ်ကောက်နေသလို ရှိနေသဖြင့် လီယန်ချူက သူမကို ပြုံးပြကာ
"လာလေ... လက်ရည်စမ်းကြည့်မလား "
သို့သော် မည်သူက ထင်ထားပါမည်နည်း။
ကြောင်ဝါလေး သည် အထာကြီးစွာဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ဟန်ပါပါ လမ်းလျှောက်ကာ ထွက်သွားတော့သည်။
သူမက သူ့ကို လုံးဝ အဖတ်မလုပ်ချေ။
သူမ၏ အမြင်တွင် ထိုလူသားမှာ ယခုအခါ သွေးသားစွမ်းအားများမှာ ပင်လယ်အလား ပြည့်လျှံနေပြီး၊ သိုင်းပညာစိတ်ဆန္ဒကလည်း ကြမ်းတမ်းလှကာ၊ ကိုယ်ပေါ်တွင်လည်း စင်ကြယ်သော ယန်နတ်ဘုရားအရှိန်အဝါများ ရှိနေသည်။
ထိုကဲ့သို့သော အထွတ်အထိပ်သို့ ရောက်နေသည့် သိုင်းကျင့်ကြံသူ ကို ဘယ်သူက အလကားနေရင်း သွားရန်စချင်ပါမည်နည်း ရိုက်ခံရဖို့ပဲ ရှိတာပေါ့။
သူမသည် ချင်းယွန်းကျောင်းတော်သို့ ရောက်ပြီးကတည်းက ဘာမှမလုပ်ဘဲ ပျင်းပျင်းရိရိနေခြင်း ကို စတင်နေပြီ ဖြစ်သည်။
စိတ်ကြီးကာ မာနထောင်လွှားနေဆဲ ဖြစ်သော်လည်း ထိုတာအိုဆရာလေးအပေါ်တွင်တော့ စိတ်ထဲမှ အနည်းငယ် သဘောကျနေမိသည်။
လီယန်ချူသည် လူတစ်ဖက်သားကို အေးအေးချမ်းချမ်း ခံစားချက်ပေးစွမ်းနိုင်ပြီး သူမကိုလည်း ချုပ်ချယ်ခြင်း မရှိချေ။
တစ်ခါတစ်ရံတွင် စိတ်တိုစရာကောင်းသော်လည်း၊ သူမ ခံစားမိသည်မှာ ထိုလူသား၏ မျက်လုံးထဲတွင် သူမသည် သာမန် ရွှေဝါရောင်ကြောင် တစ်ကောင်နှင့် များစွာ ကွာခြားမှု မရှိခြင်းပင်။
ထားလိုက်ပါတော့လေ။
သူမကိုယ်တိုင်လည်း လူအသွင်မပြောင်းနိုင်သေးသလို၊ ကြောင်ခန္ဓာကိုယ်နှင့်တော့ ထိုမျှ ခွန်အားကြီးသော တာအိုဆရာကို မယှဉ်နိုင်သည်မှာ သဘာဝပင်။
အမှန်အတိုင်းပြောရလျှင် ထိုကဲ့သို့ လျစ်လျူရှုခံရခြင်းကိုပင် သူမက စိတ်ထဲမှ အနည်းငယ် သဘောကျနေမိသည်။
သူမကိုယ်တိုင်လည်း ၎င်းမှာ မည်ကဲ့သို့သော ခံစားချက်မျိုးလဲဆိုသည်ကို မရှင်းပြတတ်ချေ။
လျစ်လျူရှုခံရလေလေ၊ သူမက သူ့အနားသို့ ပိုတိုးချင်လေလေ၊ ပြီးလျှင် သူ့ကို ရန်ပြန်စရသည်ကို ပျော်နေလေလေပင်။
၎င်းမှာပင် သူမအတွက် မရိုးနိုင်သော အပျော်အပါးတစ်ခု ဖြစ်လို့နေသည်။
ထိုသို့ဖြင့် လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ သဟဇာတဖြစ်သော နေထိုင်မှုပုံစံတစ်ခု ရှိနေကြသည်။
လီယန်ချူက ကြောင်ကို စတင် ချော့မြူ သည့်အချိန်အထိပေါ့။
ကြောင်ဝါလေးသည် အစပိုင်းတွင် အတော်လေး ငြင်းဆန်ခဲ့သည်။
အကြောင်းမှာ သူမသည် တစ်ခါမျှ အချော့မြူမခံဖူးသောကြောင့် ဖြစ်သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင်
လီယန်ချူသည် ဝင်းအတွင်းရှိ ကျောက်ခုံပေါ်တွင် ထိုင်ကာ အကြောင်းအရာတစ်ခုကို စဉ်းစားနေစဉ် ကြောင်ဝါလေးက စားပွဲပေါ်တွင် ဝပ်နေသည်။
သူသည် သတိမမူမိဘဲ သူမကို ဆွဲပွေ့လိုက်ကာ လက်ဖြင့် ပွတ်သပ်ချော့မြူလိုက်မိသည်။
ကြောင်ဝါလေးမှာ အစပိုင်းတွင် ကြောင်သွားသော်လည်း၊ လီယန်ချူ၏ လက်ကြီးက သူမ၏ ကိုယ်ပေါ်သို့ ရောက်လာသောအခါ သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး ပူနွေးလာသလို ခံစားလိုက်ရသည်။
"ဟင် "
"နေလို့ ကောင်းသားပဲ..."
လီယန်ချူကတော့ အရင်ဘဝက အလေ့အကျင့်ဟောင်းအတိုင်း လုပ်မိခြင်းသာ ဖြစ်သည်။
သူသည် အရင်ဘဝကလည်း ကြောင်တစ်ကောင် မွေးဖူးခဲ့သည် မဟုတ်ပါလား။
ထို့ကြောင့် ကြောင်ချော့မြူသည့်နေရာတွင် သူ၌ ထူးခြားသော လက်ရာရှိသည်။
နားရွက်နားမှ စတင်၍ ကျွမ်းကျင်စွာ ပွတ်သပ်ပေးလိုက်ရာ ကြောင်ဝါလေးမှာ ခဏချင်းမှာပင် ရှုံးနိမ့်သွားတော့သည်။
သူမသည် မျက်လုံးလေးများကို မှိတ်ထားကာ လီယန်ချူ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ ဝပ်နေမိတော့သည်။
လီယန်ချူ၏ စိတ်ထဲတွင်မူ လင်ရှီးဘုရားကျောင်း မှ ဟွေ့ကျိန်းဆရာတော် ပို့လိုက်သော စာကို တွေးတောနေမိသည်။
ထိုစာမှာ လွန်ခဲ့သော နာရီဝက်ခန့်က ရောက်ရှိလာခြင်း ဖြစ်သည်။
စာထဲတွင် ပါဝင်သည်မှာ ရိုးရှင်းပါသည် ဒီလ (၂၃) ရက်နေ့တွင် လင်ရှီးဘုရားကျောင်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားခြင်း ဖြစ်သည်။
အကြောင်းမှာ ဟွေ့ကျိန်းဆရာတော်သည် ကျောင်းထိုင်ဆရာတော်ရာထူးကို တရားဝင် ဆက်ခံတော့မည်ဖြစ်သောကြောင့်ပင်။
ခရီးလည်း မဝေးလှသဖြင့် လီယန်ချူ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
မွန်းတည့်ခါနီးတွင်
အစိုးရရုံးမှ ဝမ်အရာရှိ ကျောင်းတော်သို့ ရောက်လာသည်။
"ဝမ်အရာရှိ... ဘာလို့ ဒီလောက် ပျာပျာသလဲ ဖြစ်နေရတာလဲ၊ ဘာကိစ္စရှိလို့လဲ "
လီယန်ချူက မေးလိုက်သည်။
"တာအိုဆရာ ... အခုလေးတင် ဝေမြို့ထဲမှာ လူသတ်မှု သုံးခု ဆက်တိုက် ဖြစ်ပွားခဲ့လို့ပါ။ လမ်းဘေးက ဈေးသည်တစ်ယောက်ဟာ လမ်းမပေါ်မှာတင် ဘာအကြောင်းမှမရှိဘဲ ခေါင်းနဲ့ကိုယ် ပြတ်ထွက်သွားတယ်၊ ပြီးတော့ စားသောက်ဆိုင်က အလုပ်သမားတစ်ယောက်ဟာ ဟင်းပွဲသွားချပေးရင်းနဲ့ ရင်ဘတ်မှာ အပေါက်ကြီးဖြစ်ပြီး သေသွားတယ်၊ နောက်ပြီး ရုံးတော်က ရဲမက်တစ်ယောက်ဟာ ကင်းလှည့်နေတုန်းမှာပဲ တစ်ကိုယ်လုံး ခါးကနေ ပြတ်ထွက်ပြီး နေရာတင် ပွဲချင်းပြီး သေသွားပါတယ် "
"ဒီလူသတ်မှု သုံးခုလုံးက တစ်ချိန်တည်းမှာ ဖြစ်ပျက်ခဲ့တာပါ။ အလွန်ကို ထူးဆန်းပြီး ကြောက်စရာကောင်းနေလို့ လူတွေလည်း ထိတ်လန့်ကုန်ကြပါပြီ"
ဝမ်အရာရှိ၏ မျက်နှာမှာ ဖြူလျော့လို့နေသည်။
"ဟင် "
လီယန်ချူ၏ မျက်မှောင်များ ကြုံ့သွားသည်။
ဈေးသည်တစ်ဦး၊ စားသောက်ဆိုင် အလုပ်သမားတစ်ဦးနှင့် မြို့နယ်ရုံး ရဲမက်တစ်ဦးတို့မှာ တစ်ချိန်တည်းမှာပင် ထူးဆန်းစွာ သေဆုံးသွားသည်ဆိုခြင်းမှာ အမှန်တကယ်ပင် ထူးဆန်းလှသည်။
"ငါ မင်းနဲ့အတူ လိုက်ကြည့်ပေးပါ့မယ်"
လီယန်ချူက လေးနက်စွာ ပြောလိုက်သည်။
ယခင်ကဆိုလျှင် သူသည် ငွေကြေးဆုလာဘ်ကို ဂရုစိုက်မိဦးမည် ဖြစ်သော်လည်း၊ ယခုအခါ လီတာအိုဆရာမှာ ကြွယ်ဝချမ်းသာနေပြီ ဖြစ်သည်။
သူ့ထံတွင် လက်ဖက်တောင်တစ်လုံးရှိပြီး နှစ်စဉ် အမြတ်ဝေစုမှာ သောင်းဂဏန်းအထိ ရှိနေသည်။
ယခု သူလုပ်ဆောင်ခြင်းမှာ သန့်စင်လှသော ကုသိုလ်မှတ်များ စုဆောင်းရန် မဟုတ်ပါ၊ မကောင်းမှုကို ဖယ်ရှားပြီး တရားလမ်းကို စောင့်ထိန်းရန်သာ ဖြစ်သည်။
မြို့သူမြို့သားများ ဘေးကင်းစေရန်ပင်
မကြာမီမှာပင်
၎င်းတို့သည် မြို့နယ်ရုံးရှိ အလောင်းပြင်ခန်းသို့ ရောက်ရှိသွားကာ အလောင်း သုံးလောင်းကို တွေ့လိုက်ရသည်။
သေဆုံးပုံမှာ ဝမ်အရာရှိ ပြောပြသည့်အတိုင်းပင် ဖြစ်သည်။
လီယန်ချူ၏ မျက်ဝန်းအစုံတွင် မန္တန်အလင်းများ ဝင်းလက်လာကာ ဝိညာဉ်မျက်စိအတတ် နှင့် အရှိန်အဝါကြည့်အတတ် တို့ကို အသုံးပြုလိုက်သည်။
သူ၏ ကျင့်စဉ်အဆင့် မြင့်တက်လာသည်နှင့်အမျှ ထိုထောက်လှမ်းရေးအတတ်များမှာလည်း ယခင်ကထက် ပိုမို အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။
အလောင်းများပေါ်တွင် မိစ္ဆာအငွေ့အသက်၊ အလောင်းပုပ်အငွေ့အသက် သို့မဟုတ် တစ္ဆေအငွေ့အသက်မျိုး လုံးဝ မရှိချေ။
သေဆုံးသူ သုံးဦးလုံး၏ မျက်နှာကို ကြည့်ရသည်မှာ ခဏချင်းမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ပုံရသည်။
သူတို့၏ ဝိညာဉ်များကို ခေါ်ယူမေးမြန်းလျှင်တောင်မှ ဘာမှ သိရလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သေဆုံးသူ သုံးဦးစလုံး၏ ကိုယ်တွင်း၌ အလွန်ပင် အားနည်းလှသော အရှိန်အဝါတစ်ခုကို သူ ခံစားလိုက်ရသည်။
သူ၏ မျက်ဝန်းများ ဝင်းလက်သွားကာ အလောင်းကို ခွဲစိတ်စစ်ဆေးရန်ပင် မလိုအပ်ဘဲ လက်ကို ဝေဟင်သို့ မြှောက်ကာ လှမ်းဖမ်းလိုက်သည်။
တာအိုအတတ် ဝေဟင်မှ ပစ္စည်းလှမ်းယူခြင်း
ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ပိုးကောင် သုံးကောင်မှာ ဝေဟင်၌ ပေါ်ထွက်လာတော့သည်။
အခန်း (၄၁၈) - ကိုယ်စားပြုအင်းစက် ၊ ရှောင်းရန် ၊ကြေးညိုရုပ်သေးနှင့် လူရိုင်းခေါင်းပြတ်
"တာအိုဆရာလီ... ဒါက ဘာသောက်ကျိုးနည်း အကောင်တွေလဲ "
ဝမ်အရာရှိက တုန်လှုပ်ချောက်ချားစွာ မေးမြန်းလိုက်သည်။
"ကြည့်ရတာ တောင်ပိုင်းနယ်စပ် မှာ ခေတ်စားတဲ့ အင်းစက်ပိုးကောင် တွေနဲ့ တူတယ်"
လီယန်ချူက မျက်မှောင်ကြုတ်လျက် ပြန်ဖြေသည်။
"အင်းစက်ပိုးကောင် ဟုတ်လား"
ဝမ်အရာရှိမှာ အံ့အားသင့်သွားသည်။
"ဟုတ်တယ်"
လီယန်ချူက အနည်းငယ် ခေါင်းညိတ်ပြကာ
"ဒီအကောင်တွေရဲ့ စွမ်းအားက တော်တော်လေး ထူးဆန်းတယ်။ နန်ကျန်းမှာ အင်းစက်ပိုးကောင် အမျိုးအစားတွေ အများကြီးရှိပေမဲ့ ဒီသေဆုံးသူ သုံးယောက်ရဲ့ ပုံစံအရဆိုရင် ဒါဟာ ကိုယ်စားပြုအင်းစက် ဖြစ်ဖို့ များတယ်"
ဝမ်အရာရှိမှာ ဘာမှနားမလည်ဘဲ ဝေခွဲမရသည့် အမူအရာဖြင့် လီယန်ချူကို ကြည့်နေမိသည်။
လီယန်ချူက ဆက်လက်ရှင်းပြသည်မှာ
"ကိုယ်စားပြုအင်းစက် ဆိုတာက အင်းစက်ပိုင်ရှင်ရဲ့ ကိုယ်ထဲမှာ မဟုတ်ဘဲ တခြားသူ ရဲ့ ကိုယ်ထဲမှာ ထည့်သွင်းထားတာမျိုးပါ။ အင်းစက်ပိုင်ရှင်ဟာ သေလောက်တဲ့ ဒဏ်ရာရတဲ့အခါတိုင်း အဲဒီဒဏ်ရာက အင်းစက်ပိုးကောင် ထည့်သွင်းခံရသူ ဆီကို အလိုအလျောက် ကူးပြောင်းသွားတာမျိုးပေါ့"
"ဗုဒ္ဓေါ... ဒီလောက်တောင် ယုတ်မာရက်စက်ရသလား "
ဝမ်အရာရှိမှာ အလန့်တကြား အာမေဍိတ်သံ ထွက်သွားတော့သည်။
"ကြည့်ရတာ ဝေမြို့ထဲမှာ အင်းစက်အတတ်ကို ကျင့်ကြံတဲ့ မိစ္ဆာတစ်ယောက်ယောက်က တခြားသူနဲ့ တိုက်ပွဲဖြစ်နေပုံရတယ်။ ဒီလူ သုံးယောက်ကတော့ အကြောင်းမဲ့ သတ်ဖြတ်ခံလိုက်ရတာပဲ"
လီယန်ချူ၏ လေသံမှာ အေးစက်ခက်ထန်လို့နေသည်။
ဝမ်အရာရှိက သက်ပြင်းချလိုက်ပြီး မျက်ဝန်းထဲတွင် ဒေါသရိပ်များ ဖုံးလွှမ်းလာသည်။
"ဒီမိစ္ဆာကောင်တွေဟာ လူ့အသက်ကို မြက်ပင်လေးတစ်ပင်လို သဘောထားကြတာပဲ။ ဒီလိုဆိုရင်တော့ ဝေမြို့ဟာ နောက်တစ်ခါ မအေးချမ်းနိုင်တော့ပြန်ဘူး "
စကားအဆုံးတွင် သူသည် တစ်စုံတစ်ခုကို တွေးမိကာ မျက်မှောင်ကြုတ်လိုက်ပြန်သည်။
"ဒီမိစ္ဆာက ကိုယ်စားပြုအင်းစက် ကို သုံးကောင်တည်း ချထားမှာ မဟုတ်ဘူး။ ဆိုလိုတာက နောက်ထပ် အပြစ်မဲ့တဲ့ လူသေတွေ ထပ်ရှိလာဦးမှာပဲ "
ဝမ်အရာရှိမှာ ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း ဝါရင့်အရာရှိတစ်ဦးပီပီ အခြေအနေကို ကောင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိပေသည်။
ထိုမိစ္ဆာကောင်မှာ တိုက်ပွဲဖြစ်ရင်း နောက်ထပ် ဘယ်နှစ်ယောက်ကို အသက်ဇီဝိန် ခြွေဦးမည်နည်းဟု သူ စိုးရိမ်မကင်း ဖြစ်နေမိသည်။
"ငါ အဲဒီကောင်ကို ရှာတွေ့အောင် လုပ်ပြီး သတ်ပစ်မယ်"
လီယန်ချူ၏ စကားသံမှာ ရေခဲတမျှ အေးစက်လှသည်။
ဝမ်အရာရှိ၏ မျက်လုံးများ ဝင်းလက်သွားကာ
"အဲဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့ဗျာ"
သာမန်လူဆိုလျှင် ထိုသို့သော အခြေအနေမျိုး၌ လူသေထပ်ပေါ်လာမည့်အချိန်ကိုသာ စောင့်ကြည့်နေရမည် ဖြစ်သော်လည်း လီယန်ချူမှာမူ ထိုသို့မဟုတ်ချေ။
သူသည် ခြေရာခံ တာအိုအတတ်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
အင်းစက်ပိုးကောင်များထံမှ အလွန်အားနည်းလှသော အရှိန်အဝါ သုံးခု ထွက်ပေါ်လာရာ လီယန်ချူက ၎င်းတို့ကို လက်ဝါးထဲတွင် ဖမ်းဆုပ်လိုက်သည်။
ခဏမျှ အာရုံခံကြည့်ပြီးနောက် သူက ဝမ်အရာရှိအား
"အဲဒီမိစ္ဆာရဲ့ ခြေရာကို ရှာတွေ့ပြီ၊ ငါ အခုပဲ သွားလိုက်ဦးမယ် "
ဟု ပြောလိုက်သည်။
ဝမ်အရာရှိမှာ ကြောင်သွားမိသည်။
ဤမျှ မြန်ဆန်လှမည်ဟု သူ ထင်မထားခဲ့ချေ။
သူ ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် လီယန်ချူမှာ အမြန်နှုန်းမြှင့်ကိုယ်ဖော့အတတ်ကို အသုံးပြုကာ ရုံးတော်အတွင်းမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဝေမြို့၏ မြို့ပြင်
တောအုပ်တစ်ခုအတွင်း၌ ကလေးမျက်နှာနှင့် မိန်းကလေးတစ်ဦးမှာ မြေပြင်ပေါ်တွင် အတော်လေး ဖရိုဖရဲ ဖြစ်နေသည့် ပုံစံဖြင့် ထိုင်နေသည်။
သူမ၏ ပြည့်လျှံလှသော ရင်သားအစုံမှာ အသက်ရှူလိုက်တိုင်း သိသိသာသာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
ကြည့်ရသည်မှာ သူမမှာ အသက် (၁၇) (၁၈) နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး ကြည်လင်တောက်ပသော မျက်ဝန်းအစုံမှာ အလွန်ပင် စင်ကြယ်လှသည်။
သို့သော် ယခုအခါ သူမ၏ အရှိန်အဝါမှာ မှေးမှိန်နေပြီး နဖူးပေါ်မှ ချွေးစက်များမှာ ပဲစေ့ခန့်အထိ အဆက်မပြတ် စီးကျနေသည်။
အလွန်ပင် နာကျင်ခံစားနေရပုံ ရပေသည်။
ဖြူဝင်းနုနယ်လှသော သူမ၏ လက်မောင်းမှာ ယခုအခါ မည်းနက်ပြီး ဖူးရောင်လို့နေသည်။
သူမသည် ရင်ခွင်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မော့သောက်လိုက်သည်။
ထိုအခါ မျက်နှာတွင် သွေးရောင် အနည်းငယ် ပြန်တက်လာသော်လည်း လက်မောင်းပေါ်မှ အမည်းရောင် အဆိပ်ငွေ့များမှာ ပျောက်ကွယ်မသွားဘဲ ဝဲလှည့်နေဆဲ ဖြစ်သည်။
သူမ၏ လက်ချောင်းထိပ်မှ တစ်စက်စက် ကျလာသော သွေးစက်များမှာ မြေပြင်ပေါ်သို့ ကျသည်နှင့် တစီစီ မြည်သံပေးကာ အခိုးအငွေ့များ ထွက်လာသည်။
မြက်ပင်၊ သစ်ပင်များမှာလည်း ထိုသွေးနှင့် ထိသည်နှင့် ချက်ချင်း ညှိုးနွမ်းသေဆုံးသွားရာ အဆိပ်မှာ မည်မျှအထိ ပြင်းထန်ကြောင်း သိသာလှသည်။
သူမ အသက်ကို ခက်ခက်ခဲခဲ ရှူနေရစဉ်မှာပင် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ ခါးကြားမှ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်၏ နောက်သို့ အေးစက်စွာ လှမ်းကြည့်လိုက်သည်။
"ထွက်လာခဲ့စမ်း နင်တို့ ယုံမင်ရှန်း က လူတွေဟာ တကယ်ပဲ မြောင်းထဲက ပိုးဟပ်တွေလိုပဲ "
စကားအဆုံးတွင် အရိပ်အမှောင်ထဲမှ လူနှစ်ယောက် ထွက်လာသည်။
တစ်ဦးမှာ ဝတ်စုံနက်နှင့် လူငယ်တစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာမူ ကြင်နာတတ်မည့်ပုံရှိသော အဖိုးအိုတစ်ဦး ဖြစ်သည်။
ဝတ်စုံနက်လူငယ်၏ မျက်ဝန်းများမှာ တောရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ အေးစက်စက် အလင်းတန်းများ ထွက်ပေါ်နေကာ ကြည့်ရသူကို ကျောချမ်းစေသည်။
လှပသော မျက်နှာရှိသော်လည်း ရင်သားအစုံမှာ ထူးထူးခြားခြား ပြည့်ဖြိုးလှသည့် ထိုမိန်းကလေးကို ကြည့်ရင်း သူသည် သားကောင်ကို ဖမ်းမိထားသည့် မုဆိုးတစ်ဦးကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။
"ရှောင်းရန်... အဲဒီ တံဆိပ်ပြားကိုသာ ကောင်းကောင်းမွန်မွန် အပ်လိုက်စမ်းပါ။ ပြီးရင် ကိုယ်တော်နဲ့အတူ ကာမကျင့်စဉ် ကျင့်ကြံကြတာပေါ့၊ မင်းအတွက် နတ်ဘုရားလို ပျော်ရွှင်စေရမယ်လို့ ငါ အာမခံတယ်"
"တောက် ယုတ်မာလိုက်တာ "
မိန်းကလေးက ဒေါသတကြီး အော်ဟစ်လိုက်သည်
"ဒီလို ယုတ်မာတဲ့ အပြုအမူတွေအတွက် နင် ခွေးလို သေဘေးသင့်မှာ သေချာတယ် "
ဝတ်စုံနက်လူငယ်မှာမူ ရှောင်းရန်ကို အေးအေးလူလူ ကြည့်ရင်း အေးစက်စွာ ရယ်မောလိုက်သည်။
သူ့အမည်မှာ ကျိပေါ်ချန် ဖြစ်ပြီး ယုံမင်ရှန်းဂိုဏ်း၏ ထိုမျိုးဆက်တွင် အတော်ဆုံး ပါရမီရှင် တစ်ဦး ဖြစ်သည်။
လွန်ခဲ့သော သုံးနှစ်ကတည်းက ဒုတိယအဆင့် ယင်ဝိညာဉ် အထွတ်အထိပ်သို့ ရောက်ရှိနေသူလည်း ဖြစ်သည် ။
ယခုတစ်ခေါက် ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေ ပေါ်ထွက်လာမှုသည် ပါရမီရှင်များစွာနှင့် အင်အားကြီး ပညာရှင်ဟောင်းများကို ဆွဲဆောင်ထားသည်။
အကယ်၍ သူသာ ရှောင်းရန်လက်ထဲမှ တံဆိပ်ပြားကို ရရှိမည်ဆိုပါက နတ်ဘုရားဆုလာဘ် ရရှိရန် အခွင့်အရေး ပိုများလာမည် မဟုတ်ပါလား။
ထို့ကြောင့် သူ အလွယ်တကူ လက်လွှတ်မည် မဟုတ်ချေ။
ဝေမြို့လေးကဲ့သို့ နေရာမျိုးတွင် ဂိုဏ်းကြီးများမှ ပါရမီရှင်များနှင့် အဆင့်မြင့်ကျင့်ကြံသူကြီးများ ကိုယ်တိုင် လက်မပါသရွေ့ ကျန်သည့်သူများမှာ သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ဟု သူ ယူဆထားသည်။
ယခင်က ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေ ပွင့်စဉ်က သူသည် တရားထိုင်ကျင့်ကြံနေသဖြင့် လွဲချော်ခဲ့ရပြီး အခြားသူတစ်ယောက်ကို နာမည်ကြီးခွင့် ပေးလိုက်ရသည်။
ယခုတစ်ခေါက်တွင်မူ ကျိပေါ်ချန်သည် လူကိုလည်းရ၊ တံဆိပ်ပြားကိုလည်းရအောင် ယူမည်ဟု ဆုံးဖြတ်ထားသည်။
"တာအိုဂိုဏ်းရဲ့ နာမည်ကြီး အလှလေးတွေထဲက တစ်ယောက်ဆိုတော့ တကယ်ကို ချစ်စရာကောင်းတာပဲ"
ကျိပေါ်ချန်၏ အပြုံးမှာ ကြည့်ရသူကို အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ချန်နိုင်ငံ တွင် ဗုဒ္ဓဘာသာနှင့် တာအိုဘာသာမှာ အလွန်ပင် ထွန်းကားလှရာ တာအိုကျောင်းတော်များတွင် ငယ်ရွယ်လှပသော တာအိုမယ် များစွာ ရှိကြသည်။
ရှောင်းရန်မှာ ထိုထဲတွင် ထိပ်တန်း တပည့်တစ်ဦး ဖြစ်သည်။
သူမသည် စကားကိုကြားသော် မျက်နှာအေးစက်သွားကာ ဓားရှည်ကို လှုပ်ယမ်းလိုက်ရာ အေးစက်သော ဓားရိပ်များ ထွက်ပေါ်လာပြီး စိမ်းပြာရောင် ကြာပန်းတစ်ပွင့်အသွင် ဖန်ဆင်းကာ ကျိပေါ်ချန်ကို ဝန်းရံလိုက်သည်။
ကျိပေါ်ချန်က လက်ကို မြှောက်လိုက်ရာ လက်ဖျားမှ ကြေးညိုရုပ်သေးရုပ်လေး တစ်ခု ထွက်လာပြီး ထိုကြာပန်းဓားရိပ်ကို တိုက်ရိုက် တိုက်ခိုက်ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် ရှောင်းရန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ဒေါင်
ရှောင်းရန်၏ ဓားရှည်မှာ ကြေးညိုရုပ်သေးရုပ်နှင့် ထိမှန်သွားကာ နားကွဲလုမတတ် သတ္တုချင်း ထိခိုက်သံ ထွက်ပေါ်လာပြီး မီးပွင့်များ လွင့်စင်သွားသည်။
သူမ၏ ဓားရှည်မှာ အက်ကွဲရာများစွာ ထင်ကျန်ရစ်ခဲ့သည်။
ထိုထူးဆန်းသော ကြေးညိုရုပ်သေးမှာ ရွှေဝတ်ဘီလူးရုပ် ကိုပင် ဆွဲဖြဲနိုင်စွမ်း ရှိပြီး အလွန်မာကျောကာ တိုက်ခိုက်မှု အလွန်ပြင်းထန်လှသည်။
ထိုစဉ် အမည်းရောင် မြူတိမ်ကြီးတစ်ခုက ရှောင်းရန်ကို လွှမ်းခြုံလာသည်။
သေချာကြည့်လိုက်ပါက ၎င်းတို့မှာ အရောင်အသွေး စုံလင်လှသော ပျံလွှားပိုးကောင်များ ဖြစ်နေသည်။
၎င်းမှာ နန်ကျန်း၏ အင်းအတတ်ဖြစ်သော အဆိပ်အင်းစက် ပင် ဖြစ်ပြီး ပြင်းထန်လှသော အဆိပ်အတောက်များ ပါဝင်နေသည်။
သူမ၏ လက်မောင်းမှာလည်း အဆိပ်ပျား အတုပ်ခံရခြင်းကြောင့် ကျင့်စဉ်စွမ်းအားများ လှည့်ပတ်ရာတွင် အဟန့်အတား ဖြစ်နေရခြင်း ဖြစ်သည်။
"ရွှေဝတ်ဘီလူး... မိစ္ဆာကို နှိမ်နင်းစမ်း "
ရှောင်းရန်က အော်ဟစ်လိုက်ရာ သူမ၏ ခါးကြားမှ အဝါရောင် အဆောင်တစ်ရွက် ပျံထွက်လာပြီး လေထုထဲတွင် ကြီးမားထွားကျိုင်းလှသော ဘီလူးရုပ်ကြီးအဖြစ် ပြောင်းလဲသွားသည်။
၎င်းမှာ တာအိုဂိုဏ်း၏ နတ်ဘုရားစေခိုင်းခြင်း အတတ်ပင် ဖြစ်၏။
ထိုရွှေဝတ်ဘီလူး၏ ကိုယ်ပေါ်တွင် မီးတောက်များ ထွက်ပေါ်လာပြီး အမည်းရောင်မြူတိမ်ကို တားဆီးလိုက်သည်။
သို့သော်လည်း အချို့သော အဆိပ်ပိုးကောင်များမှာ ထိုမီးတောက်များကိုပင် မကြောက်ဘဲ ဘီလူးရုပ်ကြီး၏ ကိုယ်ကို ကိုက်ခဲဖျက်ဆီးပစ်လိုက်ကြသည်။
ရှောင်းရန်မှာ ခေါင်းများ ပိုမိုမူးဝေလာပြီး လက်မောင်းမှ အဆိပ်များမှာ နှလုံးသားဆီသို့ ပျံ့နှံ့လာနေသည်။
သူမသည် ကိုယ်တွင်းရှိ ကျင့်စဉ်စွမ်းအားများကို သုံး၍ အတင်းအကျပ် ဖိနှိပ်ထားရရှာသည်။
ရုတ်တရက် သူမ၏ မျက်နှာမှာ ဖြူလျော့သွားသည်။
ကျိပေါ်ချန်၏ လက်ထဲရှိ လူခေါင်းပြတ်တစ်ခုဆီမှ ထူထပ်လှသော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာသည်။
ထိုခေါင်းပြတ်မှာ တိုင်းတစ်ပါးသား ပုံစံရှိပြီး မျက်လုံးများကို စုံမှိတ်ထားသည်။
ထိုလူခေါင်းမှာ ရှောင်းရန်ဆီသို့ တဟုန်ထိုး ပြေးဝင်လာရာ သူမက ဓားဖြင့် တားဆီးလိုက်သော်လည်း
တောက်
ဓားရှည်မှာ ထိုလူခေါင်း၏ ကိုက်ခဲခြင်းကို ခံလိုက်ရပြီး ဝုန်းခနဲ ကျိုးပဲ့သွားတော့သည်။
ရှောင်းရန်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
ထိုမျှအထိ ထူးဆန်းလှသော လူခေါင်းပြတ်ပါတကား။
သူမသည် နန်ကျန်းအင်းစက်အတတ်ကို ကျွမ်းကျင်သော ထိုအဖိုးကြီးကို အလွန်ပင် မုန်းတီးမိသည်။
အကယ်၍ ထိုအဖိုးကြီးသာ မပါလျှင် သူမသည် ထိုမျှအထိ အခြေအနေ ဆိုးမည်မဟုတ်ချေ။
သူမ၏ ပြင်းထန်သော ဓားကွက်များစွာကို ထိုအဖိုးကြီးက အတင်းအကျပ် တားဆီးခဲ့သောကြောင့် ကျင့်စဉ်စွမ်းအားများစွာ ကုန်ခမ်းခဲ့ရခြင်း ဖြစ်သည်။
အဆိပ်မိထားသဖြင့် သူမ၏ အစွမ်းမှာ သုံးပုံတစ်ပုံတောင် မရှိတော့ချေ။
နန်ကျန်းလူမျိုးနှင့် လုံးဝမတူဘဲ ကြင်နာတတ်သည့်ပုံပေါက်သော ထိုအဖိုးအိုက ရာဂစိတ်ပါဝင်သော အပြုံးဖြင့် ပြောလိုက်သည်
"ကျိသခင်လေး... စိတ်မပူပါနဲ့။ ဒီမိန်းကလေး သေသွားရင်တောင်မှ သူမရဲ့ ရုပ်အလောင်းကို အသက်ရှင်နေသလိုမျိုး လှလှပပဖြစ်အောင် အဖိုးကြီး လုပ်ပေးနိုင်ပါတယ်"