အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း (၄၃) အမှန်တရား ပေါ်ပေါက်လာပြီး ပြဿနာကြီးတွေ ဖြစ်လာတယ်
ထိုအချိန်မှာပင် စနစ်၏အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်။
[ဒင်... စနစ်က ယွင်ရှောင်နဲ့ ပတ်သက်တဲ့ အခြား ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသားနှစ်ယောက်နဲ့ ဆက်စပ်နေတဲ့ အထူးဆက်ဆံရေးတစ်ခုကို ထောက်လှမ်းတွေ့ရှိရပါတယ်...]
[စနစ်က သူတို့ရဲ့ မဟာတာအိုတွေက ကာကွယ်မှုကို လျစ်လျူရှုပြီး သူတို့ရဲ့အချက်အလက်တွေကို ဖော်ထုတ်ထားပါတယ်... ကျေးဇူးပြုပြီး စစ်ဆေးပေးပါ သခင်...]
ထိုစကားများ အဆုံးသတ်သွားသည်နှင့်အမျှ ခုံးဝူတောက်၏အသိစိတ် နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။
အချက်အလက်ဇယားအသစ်တစ်ခု ထွက်ပေါ်လာသည်။
[အမည်: ယွင်ရှောင်]
[ဆက်ဆံရေးများ: ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယဲ့ချန် (ဖရိုဖရဲ မြင့်မြတ်နယ်မြေ) ၏ ညီအစ်ကို ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး လျှိုချင်းချန် (ခရမ်းကောင်းကင်ဘုံဂိုဏ်း) ၏ သူငယ်ချင်းကောင်း...]
[သူတို့ မည်သို့ တွေ့ဆုံခဲ့သနည်း: သူတို့သုံးယောက်ခရီးသွားနေစဉ် အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်...သူတို့က အတူတကွ မုန်တိုင်းကို ဖြတ်ကျော်ပြီး အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ပြီးနောက် သူငယ်ချင်း သံယောဇဉ် အထူးဆက်ဆံရေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်]
"ခရမ်းကောင်းကင်ဘုံဂိုဏ်း... လျှိုချင်းချန် လား..."
"ပြီးတော့ ယဲ့ချန်ရဲ့ညီအစ်ကို ယွင်ရှောင် လား..."
ခုံးဝူတောက် ချက်ချင်းဆိုသလိုပင် စိတ်ဝင်စားသွားသည်။
ထိုသို့ဆိုလျှင် ထိုကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသားသုံးယောက်သည် ငှက်အုပ်တစ်အုပ်တည်းက ငှက်များကဲ့သို့ စုရုံးပြီး အတူတူ အမြှစ်တွယ်နေကြခြင်း ဖြစ်ပေမည်။
မည်မျှထိ စိတ်ဝင်စားစရာ ကောင်းလိုက်သနည်း။ ယဲ့ချန် ဆိုသည့် ထိုအသုံးမကျသောကောင်က မသေခင်မှာ ညီအစ်ကိုကောင်းကိုပင် သူ့ဆီ လွှတ်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
တကယ့်ကို 'စစ်မှန်သော' ညီအစ်ကိုပင်။
"ဒါပေမယ့် စကားမစပ်..."
"မင်းက အရင်တုန်းက ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသားတစ်ယောက်ရဲ့ အထူး ဆက်ဆံရေးတွေကို တူးဖော်နိုင်ပြီး သူတို့နဲ့ ဆက်စပ်နေတဲ့ တခြား ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသားတွေကိုတောင် ရှာတွေ့နိုင်ခဲ့တယ်လေ..."
ခုံးဝူတောက်က စနစ်ကို ပြောလိုက်သည်။
"အစတုန်းက ငါ စုချင်းကဲနဲ့ ယဲ့ချန်ကို ကိုင်တွယ်နေတုန်းက မင်းက ဘာလို့ ဘာမှမပြောခဲ့တာလဲ..."
[ဝူး ဝူး ဝူး... စနစ်မှာ အရင်တုန်းက ရန်ပုံငွေ မရှိလို့ပါ... အောင်မြင်တဲ့ အမဲလိုက်မှု အပြီးမှာ သခင်ဆီမှာ ရန်ပုံငွေ နည်းနည်း ရလာတော့... စနစ်က အဲဒါတွေကို အဆင့်မြှင့်တင်ဖို့ ချက်ချင်း သုံးလိုက်တာပါ... ဝူး ဝူး ဝူး...]
[သခင် ကို စောင့်ခိုင်းမိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်... ဝူး ဝူး ဝူး...]
"ကောင်းပြီ... ကောင်းပြီလေ... အမြဲတမ်း ငိုယိုနေတာပဲ... မင်း ထပ်ငိုရင် မင်းနဲ့ ချိတ်ဆက်ထားတာကို ငါ တိုက်ရိုက်ဖြုတ်ပစ်မယ်..."
ထိုစကားကို ကြားသောအခါ စနစ်သည် ချက်ချင်း တိတ်ဆိတ်သွားပေ၏။
တစ်ဖက်လူက ထိုသို့သော အေးစက်သည့် စကားများကို မျက်နှာတည်ကြီးဖြင့် မည်သို့ ပြောထွက်ရသနည်း...
ဖြစ်နိုင်သည်မှာ သူ၏အဆင့်မြှင့်တင်မှုသည် သိပ်မပြည့်စုံသေး၍ ဖြစ်သလော...
ထို့ကြောင့် သခင်ကို အနည်းငယ် မကျေမနပ် ဖြစ်စေခဲ့သလော....
ဤအခိုက်အတန့်တွင် ခုံးဝူတောက်သည် ကောင်းကင်အလင်း မိုးပြာနဂါးပေါ်မှ ခုန်ဆင်းလာပြီး ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရှန်းယွီ ရင်ပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
သူ၏နောက်မှ လူငယ်ပါရမီရှင် အများအပြားသည်လည်း လိုက်ပါလာပြီး သူ၏အနောက်တွင် ရိုသေလေးစားစွာ မတ်တတ်ရပ်နေကြသည်။
"ကြိုဆိုပါတယ်... နတ်ဘုရားသားတော် ဝူတောက်..."
လက်ရှိ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ မြင့်မြတ်အရှင်သည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရာထူးမြင့်အကြီးအကဲများကို ဦးဆောင်ကာ ရှေ့သို့ ထွက်လာပြီး နောက်တစ်ကြိမ် ရိုသေလေးစားစွာ လက်နှစ်ဖက်ကို ပူးဆုပ်ကာ အရိုအသေပေးလိုက်သည်။
ခမ်းနားထည်ဝါသော ရွှမ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ မြင့်မြတ်အရှင်က အပြုံးနှင့် ပြောဆိုသည်။
"နတ်ဘုရားသားတော် ဝူတောက်က ခရီးဝေးကနေ လာခဲ့ရတာ... ကျွန်တော်တို့ရဲ့ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှာ ဧည့်ခံပွဲတစ်ခု ပြင်ဆင်ထားပြီးပါပြီ... ကျေးဇူးပြုပြီး ကျွန်တော်ရဲ့နောက်ကို လိုက်ခဲ့ပါ နတ်ဘုရားသားတော် ဝူတောက်..."
ထိုစကားကို ကြားသောအခါ ခုံးဝူတောက်က သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။
"မလိုပါဘူး... ဒီနေ့ ငါ ဒီကို လာတာ လူတစ်ယောက်ကို ရှာဖို့ပဲ..."
ထိုစကား ထွက်ပေါ်လာသည်နှင့်အမျှ မူလက ဆူညံနေသော လူအုပ်ကြီး ချက်ချင်းတိတ်ဆိတ်သွားသည်။ လူတိုင်း အနည်းငယ် တွေဝေသွားကြပြီး မသိစိတ်မှနေ၍ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
လူတစ်ယောက်ကို ရှာရန်လော...
သူတို့၏ ဖရိုဖရဲ မြင့်မြတ်နယ်မြေထဲတွင် ခုံးဝူတောက်ကို သိကျွမ်းသူ ရှိနေသလော...
သို့သော် လူအုပ်ထဲတွင် ထိုစကားကို ကြားလိုက်ရသော ယဲ့ချန်သည် မိုးကြိုးငါးချက်ဖြင့် ပစ်ခတ်ခံလိုက်ရသကဲ့သို့ ချက်ချင်းခံစားလိုက်ရပြီး သူ၏မျက်နှာက ပြာနှမ်းသွားကာ သူ၏ ဦးနှောက်ပင် အလုပ်မလုပ်တော့ချေ။
အကြောင်းအရင်းမှာ သူသည် သူ့ကို ပြုံးစစဖြင့် ကြည့်နေသော ခုံးဝူတောက်ကို မြင်လိုက်ရသောကြောင့်ပင်။
သူ၏ နှုတ်ခမ်းထောင့်တွင် နောက်ပြောင်ကျီစယ်လိုသော အပြုံးတစ်ခုပင် ကွေးတက်နေပြီး'မင်းကို ငါ ရှာတွေ့သွားပြီ... 'ဟု ပြောနေသည့်အလားပင်။
တစ်ချိန်တည်းမှာပင် ခုံးဝူတောက်သည် တစ်ခုခုကို မြင်လိုက်ရပုံရပြီး မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
"ယဲ့ချန် ရဲ့ ကောင်းကင်အမိန့်တော်အမှတ် တွေက သူ့အလိုလို တိုးလာလိမ့်မယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမယ့် အမှတ် ၁၀၅၀ ပဲ ရှိသေးတယ်..."
"ကြည့်ရတာ သူ့ဆီကနေ ငါ ရုပ်သိမ်းလိုက်တဲ့ ကောင်းကင်ကံကြမ္မာက လုံးဝပျောက်ကွယ်သွားပြီးတော့ သူက ငါ့ရဲ့လက်ထဲကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရခဲ့ရင်တောင်မှ သူ့ရဲ့ ကောင်းကင်အမိန့်တော်အမှတ်တွေ ပြန်ပြီးပြည့်ဖြိုးလာဖို့ ဖြစ်နိုင်ခြေ မရှိဘူးထင်တယ်..."
ယခင်က သူ ယဲ့ချန်ထံမှ သူ လုယူခဲ့သော ကောင်းကင်အမိန့်တော်အမှတ်များသည် ပြန်လည်မွေးဖွားခြင်းအပြီးတွင် အလိုအလျောက် ပြန်လည်ပြည့်ဖြိုးလာမည်လားဟု သူ တွေးမိခဲ့သည်။
ယခုကြည့်ရသည်မှာ သူသည် ကောင်းကင်အမိန့်တော်အမှတ်များကို ရေရှည် ရိတ်သိမ်းရန် ယဲ့ချန်ကို အချုပ်အနှောင်ထဲတွင် ထား၍မရနိုင်တော့ကြောင်း သိသာထင်ရှားသည်။
သို့သော် ဤသည်မှာ ကိစ္စမရှိပေ။
ကောင်းကင်ဘုံများအားလုံး ပြန်လည်သက်သာလာသောခေတ်တွင် ကောင်းကင်ကံကြမ္မာပိုင်ရှင်များ မရေမတွက်နိုင်အောင် ရှိနေသည်။
အဆိုးဆုံးအခြေအနေတွင် သူက အမဲလိုက်ပြီး နောက်တစ်ယောက်ကို ရှာလိုက်ရုံသာဖြစ်သည်။
ဤအကြည့်အောက်တွင် ယဲ့ချန်၌ ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသားတစ်ယောက်၏ အရှိန်အဝါ အနည်းငယ်မျှပင် မရှိတော့ချေ။
သူ၏ခန္ဓာကိုယ် အလိုအလျောက် အနည်းငယ် တုန်ယင်လာသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းက သူ့ကို ရူးသွပ်စွာ သတိပေးနေသည်။ သူ ပြေးရန်နှင့် ဤနေရာမှ မြန်မြန်ထွက်သွားရန်ပင်။
တစ်ချိန်တည်းမှာပင် ခုံးဝူတောက်၏လုပ်ရပ်များသည် တခြားကျင့်ကြံသူများ၏ အာရုံစိုက်မှုကိုလည်း ဆွဲဆောင်နိုင်ခဲ့ပြီး သူတို့အားလုံးသည် သူ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြသည်။
"အဲ့ဒါက ယဲ့ချန် ပဲ... နတ်ဘုရားသားတော်ဝူတောက်က ဒီနေရာကို ယဲ့ချန်အတွက် လာတာများလား..."
"ငါ မှတ်မိတာ မှန်တယ်ဆိုရင် ယဲ့ချန်က စီနီယာအစ်ကိုယွင်ရှောင်ရဲ့ ညီအစ်ကိုကောင်း မဟုတ်ဘူးလား... သူက ဘာလို့ နတ်ဘုရားသားတော် ဝူတောက်ကို သိနေရတာလဲ..."
".........."
ကျင့်ကြံသူများစွာ ဆွေးနွေးနေကြစဉ် ယွင်ရှောင်သည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုလိုက်မိသည်။
ယခင်က ယဲ့ချန် သူ့ထံသို့ 'ခိုလှုံ' ရန် ရောက်လာစဉ်က ထိုအကြောင်းကို ပြောပြခဲ့သည်အား သူ ကြားခဲ့ဖူးသည်။
ယဲ့ချန်က ဖြေရှင်း၍မရသော ပြဿနာကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ပြန်လည်မြင့်တက်လာရန် သူ၏အကူအညီကို လိုအပ်နေကြောင်း ပြောဆိုခဲ့သည်။
ဤကာလအတွင်းတွင် သူသည် ယဲ့ချန်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မေးမြန်းခဲ့သော်လည်း တစ်ဖက်လူက ပြဿနာကြီးမှာ မည်သည့်အရာဖြစ်ကြောင်း အတိအကျပြောပြရန် အမြဲတစေ ငြင်းဆန်ခဲ့သည်။
ယခု ကြည့်ရသည်မှာ ယဲ့ချန် ပြောဆိုသည့်ပြဿနာကြီးသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ ဖြစ်နေသလော....
ထိုအကြောင်းကို တွေးမိချိန်၌ ယွင်ရှောင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
စွမ်းအားအရဆိုလျှင် အချိန်လေဟာနယ် တားမြစ်နယ်မြေသည် သူတို့၏ ဖရိုဖရဲ မြင့်မြတ်နယ်မြေထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းသည်။
အကယ်၍ အမှန်တကယ်ကို ထိုသို့ဖြစ်နေလျှင် ကိစ္စများက ခက်ခဲသွားပေလိမ့်မည်။
"အပြစ်သား ယဲ့ချန်... မင်းက ဘာလို့ မြန်မြန် ထွက်မလာသေးတာလဲ..."
ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်၏နံဘေးရှိ ဧကရာဇ်သားတော်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းက ငါတို့ရဲ့ နတ်ဘုရားသားတော်ကို မင်းကို ဖိတ်ခေါ်စေချင်တာလား..."
သူ၏အသံတွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပါဝင်နေသည်။
ထိုစကားကို ကြားသောအခါ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ ပါရမီရှင် များစွာကို တုန်ယင်သွားစေပြီး သူတို့၏ခြေလှမ်းများက အလိုအလျောက် နံဘေးသို့ရွှေ့သွားကြ၏။
အသက်ရှုချိန်အနည်းငယ် အတွင်းမှာပင်...
ယဲ့ချန်၏ ပတ်ဝန်းကျင်သည် လေဟာနယ်တစ်ခု ဖြစ်သွားပြီး လူတိုင်းက သူ့ကို ကူးစက်ရောဂါ တစ်ခုကဲ့သို့ ရှောင်ရှားသွားကြသည်။
အပြစ်သား ယဲ့ချန်ဟု ဆိုသလော....
လူတိုင်းက ယဲ့ချန်ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ယဲ့ချန်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ခုံးဝူတောက်ကို ရန်စစော်ကားခဲ့ခြင်း ဖြစ်နိုင်ခြေ အလွန်များပုံရသည်။
သူ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း မြင်သောအခါ ယဲ့ချန်သည် သူ ပုန်းကွယ်၍မရနိုင်တော့ကြောင်း သိလိုက်၏။
သူက အံ့ကြိတ်ကာ ခုံးဝူတောက်ကိုကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ခုံးဝူတောက်... မင်းက စုချင်းကဲ ကို သတ်ခဲ့တယ်... ငါ့ရဲ့ ဆရာသခင်ကို သတ်ခဲ့တယ်... ငါ့ဆီက အရာအားလုံးကို လုယူသွားခဲ့တယ်..."
"မင်းက ဘာလို့ ငါ့ကို လိုက်ဖမ်းနေသေးတာလဲ... မင်းက ငါ့ကို အမြစ်ပြတ်သုတ်သင်ရမှ ကျေနပ်မှာလား..."
ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်သည် ချက်ချင်း အေးခဲတောင့်တင်းသွားပြီး အသက်ရှူမှားသွားသည့်အသံများ လေထဲတွင် ပြည့်နှက်သွားသည်။
ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ လူအများအပြားသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
အမှန်အားဖြင့် သူတို့ထဲမှ အများစုသည် ယဲ့ချန် နှင့် စုချင်းကဲတို့၏ နာမည်ကြီးမှုကို ကြားဖူးကြသည်။
အနောက်ဘက်ရွှမ် တာအိုနယ်မြေ၏ ထိပ်တန်း ပါရမီရှင်များ..
သူတို့နှစ်ယောက်သည် အနောက်ဘက်ရွှမ်၏ အမြွှာကြယ်နှစ်ပွင့်ဟုပင် ချီးကျူးခံခဲ့ရပြီး မရေမတွက်နိုင်သော ပါရမီရှင်များ၏ အထက်တွင် ရပ်တည်နေကြခြင်း ဖြစ်ပေ၏။
သို့သော် ယခု စုချင်းကဲ သေသွားရုံတင်မကသူ၏ဆရာသခင်လည်း သေသွားခဲ့သလော....
..........
တခြားတစ်ဖက်တွင်...
ယဲ့ချန်၏ မေးခွန်းထုတ်မှုကို ကြားသောအခါ ခုံးဝူတောက် ရယ်ချင်စိတ် ပေါက်သွားသည်။
"ဟဲဟဲ... မင်းက တကယ်ကို ဟန်ဆောင်ကောင်းတဲ့သူရော သူတော်စင်ရော ဖြစ်နေတာပဲ..."
"မမေ့နဲ့... ဒီကိစ္စအတွက် တာဝန်ရှိတာ မင်းပဲ... ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေ မဟုတ်ဘူး..."
"မင်းက ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေ ကနေတစ်ဆင့် မင်းရဲ့ နာမည်ကြီးမှုကို မြှင့်တင်ချင်နေမှတော့ မင်း သေဖို့ ပြင်ဆင်ထားရမှာပေါ့..."
"ဒါ့ပြင် ဒီနတ်ဘုရားသားတော် မှတ်မိတာ မှန်တယ်ဆိုရင် အစတုန်းက မင်းရဲ့ လှုပ်ရှားမှု ငါးကွက်ကို ငါ တောင့်ခံနိုင်ရင် ငါ နိုင်တယ်လို့ မင်း ကြွားလုံးထုတ်ခဲ့သေးတယ်မလား..."
ခုံးဝူတောက်က လက်နောက်ပစ်၍ မတ်တတ်ရပ်နေပြီး အပြုံးဖျော့ဖျော့ဖြင့် ပြောဆိုသည်။
"ဒါပေမယ့် ရလဒ်ကတော့... မင်းက ငါ့ရဲ့ လှုပ်ရှားမှု တစ်ကွက်ကိုတောင် မခံနိုင်ဘဲ သနားစရာကောင်းလောက်အောင် အားနည်းနေခဲ့တာပဲ..."
"အခု မင်းက လမ်းဘေးခွေး တစ်ကောင်လို ဖြစ်သွားပြီးတော့ ထွက်ပြေးခဲ့ရတယ်... ဒီကိစ္စကြောင့် မင်းရဲ့မိသားစုကိုတောင် စွန့်ပစ်ခဲ့တာကိုတော့ ပြောမနေနဲ့တော့... မင်းက တကယ်ကို သနားစရာကောင်းတာပဲ..."
ထိုစကားကို ကြားသောအခါ ထိုနေရာရှိ ကျင့်ကြံသူများသည် ချက်ချင်းကြက်သေသေသွားကြ၏။
"ဘာ... ဘာ... ယဲ့ချန်က နတ်ဘုရားသားတော် ဝူတောက်ရဲ့ လှုပ်ရှားမှုတစ်ကွက်ကိုတောင် တောင့်မခံနိုင်ဘူးလား... သူက အနောက်ဘက်ရွှမ် တာအိုနယ်မြေရဲ့ ထိပ်တန်း ပါရမီရှင် မဟုတ်ဘူးလား..."
"အဓိက အချက်က အဲ့ဒါတင် မဟုတ်ဘူး... နတ်ဘုရားသားတော် ဝူတောက် ပြောတာကို နားထောင်ကြည့်ရင် ယဲ့ချန်က သူ့ရဲ့ မိသားစုကို စွန့်ပစ်ခဲ့တာလား..."
"ဒါပေမယ့်... သူ ကျင့်ကြံနေတုန်း သွေးလည်ပတ်မှု မှားယွင်းသွားလို့ သူ့ရဲ့ အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း နတ်ဘုရားဖီးနစ် သွေးမျိုးဆက် ဆုံးရှုံးသွားတယ်လို့ ယဲ့ချန် ပြောတာကို အရင်က ငါ ကြားဖူးတယ်..."
"သူ့ကို ပါရမီ မရှိဘူးဆိုပြီး မိသားစုက မနှစ်သက်လို့ နောက်ဆုံးမှာ မိသားစုထဲကနေ နှင်ထုတ်ခံလိုက်ရပြီး ငါတို့ရဲ့ ဖရိုဖရဲ မြင့်မြတ်နယ်မြေထဲကိုဝင်ဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရတာလို့ ပြောခဲ့တယ်..."
"စမ်းသပ်ရေးအကြီးအကဲက ယဲ့ချန် ရဲ့ ပါရမီ ကောင်းလို့သာ ငါတို့ရဲ့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ ကို ဝင်ဖို့ သဘောတူခဲ့တာလို့ အရင်က ပြောတာကိုလည်း ငါ ကြားဖူးတယ်... သူက တကယ်ပဲ သူ့ရဲ့ မိသားစုကို စွန့်ပစ်ခဲ့တာလား..."
".........."
လူအုပ်ကြီး၏ ဆွေးနွေးမှုများကို နားထောင်ရင်း ယဲ့ချန်၏မျက်နှာအမူအရာ အဆက်မပြတ် ပြောင်းလဲနေသည်။
သူက သူ့ကိုယ်သူ ကာကွယ်ရန် ပါးစပ်ဖွင့်လိုက်စဉ်မှာပင်...
ခုံးဝူတောက်က နောက်တစ်ကြိမ် ရယ်မောလိုက်သည်ကိုသာ သူ ကြားလိုက်ရသည်။
"မင်းရဲ့ မိသားစုဝင်တွေအတွက် မင်း စိတ်ပူစရာ မလိုပါဘူး..."
"ဒီနတ်ဘုရားသားတော်က အမြဲတမ်း သနားညှာတာတတ်ပြီး တခြားသူတွေကို စာနာထောက်ထားတတ်တယ်..."
"ဒါကြောင့် မင်းရဲ့ မိသားစုဝင်တွေ အားလုံးနဲ့ မင်းနဲ့ ပတ်သက်တဲ့သူတွေအားလုံးကို ငါ ခေါ်လာခဲ့တယ်..."
ခုံးဝူတောက်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ရွှမ်ယန်... သူတို့ကို ခေါ်လာခဲ့စမ်း..."
...
အခန်း (၄၄) သစ်ပင်လဲတော့ မျောက်တွေ ကွဲကုန်ပြီ.... မင်းက ဒီ နတ်ဘုရားသားတော်ကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးနေတာလား
သူ၏အသံ အဆုံးသတ်သွားသည်နှင့်အမျှ...
ခုံးရွှမ်ယန်သည် ဟင်းလင်းပြင် နတ်ဘုရားရတနာတစ်ခုကို ထုတ်ယူလိုက်သည်။
သူက လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်ပြီး ညွှန်ပြလိုက်သည်နှင့် ဟင်းလင်းပြင် နတ်ဘုရားရတနာသည် တောက်ပစွာ လင်းလက်လာပေ၏။
ထိုအထဲမှ မရေမတွက်နိုင်သော အလင်းတန်းများ ဖြာထွက်လာပြီး နောက်ဆုံးတွင် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ကြီးမားသော ရှန်းယွီ ရင်ပြင်ပေါ်သို့ ကျဆင်းလာသည်။
လွှမ်းခြုံထားသော အလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ လူတိုင်းသည် ထိုအရာအတွင်းရှိ ပုံရိပ်များကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။
အမျိုးသားနှင့်အမျိုးသမီးများ ရောယှက်၍ ပါဝင်နေကာ ဤအချိန်အခိုက်အတန့်တွင် သူတို့အားလုံး ဖရိုဖရဲဖြစ်နေပြီး သူတို့၏ ခန္ဓာကိုယ်များတွင် သံကြိုးများ ချုပ်နှောင်ထားကာ အကျဉ်းသားများကဲ့သို့ သနားစရာကောင်းပုံ ပေါက်နေကြသည်။
ဤပုံရိပ်များကို မြင်တွေ့ပြီးနောက် ယဲ့ချန်သည် ပို၍ပင်တွေဝေမိန်းမောသွားပြီး သူ၏စိတ် ချက်ချင်းဗလာကျင်းသွားသည်။
ထိုလူများအားလုံးကို သူ သိထားပေ၏။ သူတို့အားလုံးသည် သူ၏ဆွေမျိုးများနှင့် သူငယ်ချင်းများပင်။
ဤမြင်ကွင်းက ယဲ့ချန်ကို အနည်းငယ် ကြက်သေသေသွားစေသည်။
သူ သတိပြန်ဝင်လာပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သီးများ အလိုအလျောက် ထလာပြီး အမင်္ဂလာရှိသော ကြိုတင်ခံစားမှုတစ်ခုက ချက်ချင်းလှိုင်းထလာသည်။
"ခုံးဝူတောက်... မင်းက ယုတ်မာပြီး အရှက်မရှိတဲ့ကောင်ပဲ..."
ယဲ့ချန်သည် သူ၏စိတ်နှလုံးသားထဲရှိ ဒေါသကို ဆက်လက်၍ ဖိနှိပ်မထားနိုင်တော့ပေ။
"ဘေးဒုက္ခက မိသားစုအထိ မသက်ရောက်သင့်ဘူး... မင်း ဘာလိုချင်လဲ ငါ့ဆီကိုပဲ လာခဲ့လေ... သူတို့ကို ဒုက္ခပေးတာက ဘယ်လို စွမ်းရည်မျိုးလဲ..."
"ဟဲ ဟဲ... ယဲ့ချန်... မင်း သိလား... မင်းရဲ့ အခုပုံစံနဲ့ ယှဉ်ရင် မင်းရဲ့ အရင်က မောက်မာတဲ့ပုံစံကို ငါ ပိုသဘောကျတယ်..."
ခုံးဝူတောက်၏မျက်နှာအမူအယာ တည်ငြိမ်နေသော်လည်း သူ၏ နှုတ်ခမ်းထောင့်ရှိ လှောင်ပြောင်မှုက ပို၍အားကောင်းလာသည်။
"ဒါပေမယ့်... ဒီ သူတော်စင်ရဲ့ အကျင့်စရိုက်က အတော်လေး ထူးဆန်းတယ်..."
"ငါက အရာရာကို သေချာလုပ်ရတာ မြက်တွေကို အမြှစ်ကနေ နုတ်ပစ်ရတာကို သဘောကျတယ်... မျိုးနွယ်စုတွေ တစ်ခုလုံးကို အမြစ်ပြတ်သတ်ဖြတ်ရတာကို ပိုတောင်သဘောကျသေးတယ်... ငါ ဆိုလိုတာကို မင်း နားလည်လား..."
ပတ်ဝန်းကျင်သည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေပြီး ခုံးဝူတောက်၏အသံသာ ဝေးကွာသောနေရာအထိ ရောက်သွားသည်။
အထူးသဖြင့် ဤစကားများကို ကြားရသော ယဲ့ချန်၏မိသားစုဝင်များသည် ငရဲကိုးထပ်သို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ မျက်နှာများ စက္ကူကဲ့သို့ ဖြူဖျော့သွားကြ၏။
"ဒီကိစ္စက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး... ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ သူတော်စင်..."
ယဲ့ချန်၏ မိသားစုဝင် တစ်ဦးသည် သူ၏ နှလုံးသားထဲရှိ အကြောက်တရားကို ဆက်လက်၍ ဖိနှိပ်မထားနိုင်တော့ပေ။
သူ၏ မရီဒါန်းများ ကြေမွှထားသည့် နာကျင်မှုကို လျစ်လျူရှုကာ ခုံးဝူတောက်ဆီသို့ အပြင်းအထန် ဦးတိုက်အရိုအသေပြုပြီး တောင်းပန်လိုက်သည်။
"ကျေးဇူးပြုပြီး သူတော်စင်... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... ကျွန်တော်က အရှင်ရဲ့ အစေခံ ဖြစ်လာဖို့ ဆန္ဒရှိပါတယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လှိုင်းပေါင်းတစ်ထောင်ကို ဖြစ်ပေါ်စေခဲ့သည်။
ယဲ့ချန်၏မိသားစုဝင်များနှင့် သူနှင့် ပတ်သက်သူ အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရူးသွပ်စွာ ခေါင်းငုံ့ကာ တောင်းပန်လိုက်ကြသည်။
"ကျေးဇူးပြုပြီး သူတော်စင်... ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ..."
အချိန်တခဏအတွင်းမှာပင် သနားညှာတာမှု တောင်းခံသည့် အသံများသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုသို့သော အကြောင်းမဲ့ ဘေးဒုက္ခမျိုး သူတို့အပေါ် ကျရောက်လာလိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ကြပေ။
ခုံးရွှမ်ယန်က အချိန်လေဟာနယ် တားမြစ်နယ်မြေမှ အစွမ်းထက် ကျွမ်းကျင်သူများကို အနောက်ဘက်ရွှမ် တာအိုနယ်မြေသို့ ခေါ်လာစဉ်က သူသည် ယဲ့ချန်နှင့် ပတ်သက်သူများကို ရှာဖွေနေကြောင်း အထူးတလည် ပြောကြားခဲ့သည်။
ယဲ့ချန်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် အစွမ်းထက်သော ကျောထောက်နောက်ခံတစ်ဦးကို ရှာတွေ့ခဲ့ပြီး သူတို့သည်လည်း သူနှင့်အတူ တက်လှမ်းရန် အခွင့်အရေး ရလိမ့်မည်ဟုပင် သူတို့ ထင်ခဲ့ကြသည်။
သို့သော် ရလဒ်သည် လုံးဝဆန့်ကျင်ဘက် ဖြစ်နေလိမ့်မည်ဟု သူတို့ ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ကြပေ။
ထိုအရူးသည် အချိန်လေဟာနယ် တားမြစ်နယ်မြေကို အမှန်တကယ် စော်ကားခဲ့ခြင်းပင်။ ထို့ပြင် သူနှင့် ပတ်သက်သူ အားလုံး သူနှင့်အတူ မြေမြှုပ်ခံရတော့ပေမည်။
ခုံးဝူတောက်က တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ ဤလူများ၏ သနားညှာတာမှု တောင်းခံသံများသည် နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး သူတို့အားလုံးက သူတို့ကိုယ်သူတို့ ရှင်းလင်းရန် စတင်ကြ၏။
"သူတော်စင်... ကျွန်တော်က ယဲ့ချန် ကို တကယ် မသိပါဘူး... ဒါက အထင်လွဲမှုတစ်ခုပါ... ကျေးဇူးပြုပြီး သူတော်စင်... ရှင်းရှင်းလင်းလင်း ကြည့်ပေးပါ..."
"ကျွန်တော်က ယဲ့ချန်နဲ့ ရင်းတောင် မရင်းနှီးပါဘူး... သူနဲ့ ဆက်ဆံရေးကောင်းဖို့ မဆိုထားနဲ့ ယဲ့ချန်က ကျွန်တော့်ရဲ့ ကျိန်ဆိုထားတဲ့ ရန်သူပါ..."
"ကျေးဇူးပြုပြီး သူတော်စင်... ကျွန်တော့်ကို အခွင့်အရေး ပေးပါ... ဒီ လူယုတ်မာကို အရှင်အတွက် ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ သတ်ပေးဖို့ ဆန္ဒရှိပါတယ်..."
"ယဲ့ချန်... တိရစ္ဆာန်ကောင်... မင်းက သူတော်စင် ခုံးဝူတောက်ကို စော်ကားခဲ့ပြီးတော့ အခု ငါတို့ကို မင်းအတွက် အပြစ်ခံခိုင်းနေတယ်..."
".........."
ထိုစကားများကို ကြားသောအခါ ယဲ့ချန်၏ မျက်နှာသည် ပို၍ဖြူဖျော့သွားပြီး သူ၏သွေးချီများ ပြောင်းပြန်စီးဆင်းသွားကာ ဒေါသကြောင့် အတွင်းဒဏ်ရာများပင် ရလုမတတ် ဖြစ်သွားသည်။
ထိုလူများအားလုံးသည် သူ၏ဆွေမျိုးများနှင့် သူငယ်ချင်းများ ဖြစ်ပေ၏။
သို့သော် သူ၏ ယခင်သူငယ်ချင်းများက ယခု သူ့ကို ရူးသွပ်စွာ ရှောင်ဖယ်နေကြပြီး သူ့အကြောင်း မကောင်းပြောကြလိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
ယခင်က သူ့အပေါ် အရမ်းကြင်နာခဲ့သော မိသားစု အကြီးအကဲများပင်လျှင် ယခုချိန်၌ သူ့ကို လူယုတ်မာလေးဟု ခေါ်ဆိုနေကြသည်။
ယခင်က ထိုအကြီးအကဲများအားလုံးသည် သူ့အပေါ် မယုံနိုင်လောက်အောင် ချစ်ခင်ကြင်နာခဲ့ကြပြီး သူ့ကို သားတစ်ယောက်ကဲ့သို့ ဆက်ဆံချင်ခဲ့ကြသည်အထိပင်။
သို့သော် ယခု၌မူ သစ်ပင်လဲတော့ မျောက်များ ကွဲကုန်သည်မှာ အမှန်တကယ် ဖြစ်သလော...
[ဒင်... ယဲ့ချန်ရဲ့ တာအိုနှလုံးသား ထိုးနှက်ခံလိုက်ရတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... တစ်ဖက်လူရဲ့ ကောင်းကင်အမိန့်တော်အမှတ် တွေဟာ အမှတ် ၂၀၀ လျော့ကျသွားပြီး ၈၅၀ မှတ် ကျန်ရှိနေပါတယ်...]
[နှစ်ဆ ပြင်းထန်တဲ့ ထိုးနှက်ချက်အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်... ကောင်းကင်အမိန့်တော်အမှတ် ၄၀၀ ကို အောင်မြင်စွာ ရရှိပါတယ်...]
ယခု တစ်ဖက်လူတွင် ကောင်းကင်အမိန့်တော်အမှတ် ၈၅၀ သာ ကျန်ရှိတော့သဖြင့် သူ့ကို ဆက်လက် ခေါင်းပုံဖြတ်နေရန် မလိုအပ်တော့ပေ။ နောက်ဆုံးရိတ်သိမ်းရမည့် အချိန်သို့ ရောက်နေလေပြီ။
ယဲ့ချန်၏မိသားစုဝင်များကို ကွပ်မျက်ရန် သူ အမိန့်ပေးတော့မည့်ဆဲဆဲ အချိန်မှာပင်...
မှိုင်းညို့သော အသံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။
"သူတော်စင် ခုံးဝူတောက် ရဲ့ သူတို့ကို အမြစ်ပြတ်သတ်ဖြတ်မယ့် လုပ်ရပ်က တကယ်ကို နည်းနည်းတော့ တရားလွန်လွန်းတယ်..."
"စကားပုံတစ်ခုရှိတယ်လေ... လူတစ်ယောက်ကို အမြဲတမ်း ထွက်ပေါက်တစ်ခု ချန်ထားပေးသင့်တယ်..."
ဤအသံ ထွက်ပေါ်လာသည်နှင့်အမျှ...
လောကကြီးသည် ချက်ချင်းပင် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။
လူတိုင်း၏အကြည့်သည် အသံလာရာဆီသို့ အလိုအလျောက် ကျရောက်သွားကြသည်။
စကားပြောသူမှာ အခြားသူမဟုတ်ဘဲ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ သူတော်စင် ယွင်ရှောင်ပင်။
ထိုစကားကို ကြားသောအခါ ခုံးဝူတောက်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
ယဲ့ချန်၏ ညီအစ်ကိုဖြစ်သော ယွင်ရှောင်သည် ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်လာနိုင်ခြေ အလွန်များကြောင်း သူ မျှော်လင့်ထားခဲ့သည်။ သို့သော် တစ်ဖက်လူက ဤမျှထိ မြန်မြန်ဆန်ဆန်ဖြင့် ငြိမ်ငြိမ်မထိုင်နိုင်တော့မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"အော်..."
ခုံးဝူတောက်က လှောင်ပြောင်လိုက်သည်။
"မင်းက ဒီသူတော်စင်ကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးနေတာလား..."
ထို့နောက် သူသည် သူ၏အပြုံးကို ရုတ်တရက် ရုပ်သိမ်းလိုက်၏။
ဝုန်း...
နောက်တခဏတွင် ထိုနေရာရှိ ကျင့်ကြံသူများသည် သူတို့၏နှလုံးသားထဲတွင် ကြီးမားသော အကြောက်တရားကို ခံစားလိုက်ရသည်။
ခုံးဝူတောက်ကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားသော ဖိအားမုန်တိုင်းတစ်ခုသည် ဒေါသတကြီး ပျံ့နှံ့သွားပြီး အရပ်မျက်နှာအားလုံးသို့ လှိုင်းထသွားကာ ကျင့်ကြံသူများစွာ၏ နတ်ဘုရားစိတ်ဝိညာဉ် များကို တုန်ယင်သွားစေသည်။
အထူးသဖြင့် ဤဖိအားကို တိုက်ရိုက်ရင်ဆိုင်နေရသော ယွင်ရှောင်သည် မမြင်ရသည့် ရှေးဟောင်းနတ်ဘုရားတောင်ကြီးတစ်လုံး၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများကို ပြင်းထန်စွာ နာကျင်သွားစေသည်။
ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားအောက်တွင် သူ၏ခရီးစဉ်တလျှောက်လုံး တည်ငြိမ်စွာ တက်လှမ်းလာခဲ့သော ယွင်ရှောင်သည် သူ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော အကြောက်တရားကို သူ၏နတ်ဘုရားစိတ်ဝိညာဉ်အတွင်းတွင် ခံစားလိုက်ရသည်။
[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသား ယွင်ရှောင်က လက်ခံသူရဲ့ ခမ်းနားထည်ဝါတဲ့ အရှိန်အဝါကြောင့် ခြိမ်းခြောက်ခံလိုက်ရတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... ကောင်းကင်အမိန့်တော်အမှတ် ၂၀၀ လျော့ကျသွားပြီး ၈၈၀၀ မှတ် ကျန်ရှိနေပါတယ်...]
[သုံးဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်... ကောင်းကင်အမိန့်တော်အမှတ် ၆၀၀ ကို အောင်မြင်စွာ ရရှိပါတယ်...]
စနစ်၏စကားများကို ကြားသောအခါ ခုံးဝူတောက်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ကွေးတက်သွားသည်။
ထိုယွင်ရှောင်တွင် မည်မျှထိ စွမ်းရည်ရှိသနည်းဟု သူ တွေးတောခဲ့သည်။
သူသည် သူ၏ ဖိအားကို ထုတ်လွှတ်လိုက်ရုံမျှဖြင့် တစ်ဖက်လူကို ဤသို့ ခြိမ်းခြောက်ရန် လုံလောက်နေသလော....
ဤသည်မှာ အမှန်တကယ်ကို စိတ်ဝင်စားစရာ မကောင်းလှပေ။
ထိုအချိန်မှာပင် ထိတ်လန့်နေသော မျက်နှာအမူအရာဖြင့် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ မြင့်မြတ်အရှင်သည် သူ၏တွေဝေမိန်းမောနေမှုမှ ပြန်လည်သတိရလာခဲ့သည်။
သူက ယွင်ရှောင်ကို အလျင်အမြန် ဟန့်တားလိုက်ပြီး ခုံးဝူတောက်ဆီသို့ ဦးတည်၍ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုလိုက်၏
"ကျွန်တော့်တို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေက တပည့်တွေက မိုက်မဲပြီး သူတော်စင် ခုံးဝူတောက်ကို စော်ကားမိပါတယ်... ကျေးဇူးပြုပြီး သူတော်စင် ခုံးဝူတောက်က... ဒေါသမထွက်ပါနဲ့..."
ဖရိုဖရဲ မြင့်မြတ်နယ်မြေ မြင့်မြတ်အရှင်၏ နဖူးမှ ချွေးစေးများ ကျဆင်းနေပြီး သူ အလွန်အမင်း ကြောက်လန့်နေသည်။
ယခင်က ယွင်ရှောင်သည် အခြေအနေကို အကဲဖြတ်နိုင်ပြီး ထက်မြက်သော အမြင်ရှိသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဖြစ်သည်ဟု သူ အမြဲတမ်း ယုံကြည်ခဲ့ပေ၏။
သို့သော် ယခု ကြည့်ရသည်မှာ ချောမွေ့သော ခရီးစဉ်တစ်ခုမှ ရရှိလာသည့် မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသည့် သဘာဝကို တစ်ဖက်လူက မရှောင်လွှဲနိုင်ခဲ့ပုံရသည်။
ခုံးဝူတောက်က ဘယ်သူလဲ...
အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ သူတော်စင်လေ...
လွန်ခဲ့တဲ့ အချိန်သိပ်မကြာခင်ကပင် အချိန်လေဟာနယ် တားမြစ်နယ်မြေက ထိုအကြောင်းကို ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများဆီသို့ ထုတ်ပြန်ကြေညာခဲ့သည်။ ဤသည်မှာ အချိန်လေဟာနယ် တားမြစ်နယ်မြေတွင် ခုံးဝူတောက်သည် မည်မျှထိ အရေးကြီးသည်ကို ပြသနေခြင်းပင်။
ထိုယွင်ရှောင်သည် ခုံးဝူတောက်ကို လူပုံအလယ်တွင် မည်သို့လုပ်ရမည်ဆိုသည်ကို မည်သို့များ သင်ပေးရဲသနည်း။ ဤသည်က မီးတွင်းထဲခုန်ချပြီး သူ၏ ဖရိုဖရဲ မြင့်မြတ်နယ်မြေကိုလည်း ဆွဲခေါ်သွားခြင်း မဟုတ်လော။