← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇) လူတိုင်းကို အံ့အားသင့်သွားစေတယ်...ဘိုးဘေးကြီးက ခေါင်းငုံ့သွားခဲ့တယ်

သို့သော် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ငယ်ရွယ်ပြီး တက်ကြွသော ပါရမီရှင်များ တွေးထင်ထားသည်နှင့် နှိုင်းယှဉ်လျှင် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ယွင်ကျိုးရှေးဟောင်းဘိုးဘေးကြီး နှင့် ထျန်ချန် ရှေးဟောင်းဘိုးဘေးကြီးတို့၏ နဖူးများတွင် ချွေးစေးများ တော်တော်များများ ထွက်နေလေပြီ။

သူတို့၏ကျင့်ကြံခြင်းသည် အထွတ်အထိပ်နယ်ပယ် အဆင့်ခြောက်တွင်ရှိသော ယင်ယန် ထက် ပို၍အစွမ်းထက်သည့် အထွတ်အထိပ်နယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိနေခဲ့သည်။ သို့သော် အချိန်လေဟာနယ် တားမြစ်နယ်မြေသည် ခုံးဝူတောက်၏ တာအိုအစောင့်အရှောက် အဖြစ် ဆောင်ရွက်ရန် အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ဦးကို စေလွှတ်နိုင်ခဲ့သည်။

ထို့ပြင် ထိုပုဂ္ဂိုလ်သည် သူ့ကိုယ်သူ ခုံးဝူတောက်၏ လက်အောက်ငယ်သားဟုပင် နှိမ့်ချစွာ ခေါ်ဆိုသုံးနှုန်းခဲ့ပေ၏။

ဤအရာအတွင်း၌ ပုန်းကွယ်နေသော ကြီးမားသည့် ကြောက်ရွံဖွယ်အချက်မှာ သိသာထင်ရှားနေသည်။

ထိုကိုင်ထျန်ဆိုသည့်ကောင်၏ ခေါင်းထဲတွင် ဝက်အူတစ်ခု ပြုတ်နေသော်လည်း သူတို့ကမူသေချာပေါက် ထိုသို့ မဟုတ်ပေ။

ခုံးဝူတောက်ကို လုံးဝရန်စ၍မရနိုင်ကြောင်း သူတို့ သိထားကြသည်။

"ကိုင်ထျန်... မင်း အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ..."

ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ်သည် အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှုမရှိသည်ကို မြင်သောအခါ ယွင်ကျိုးအထွတ်အထိပ်ပုဂ္ဂိုလ် က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

"မင်းက ဘာလို့ နတ်ဘုရားသားတော် ဝူတောက် ကို မြန်မြန်တောင်းပန်ဖို့ မလုပ်သေးတာလဲ..."

ထိုစကားကို ကြားသောအခါ ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ်၏ မျက်နှာအမူအရာ ပို၍ပင် ပြောင်းလဲသွားပြီး အရှက်ရမှုကြောင့် သူ သွေးအန်ထွက်လုမတတ်ပင် ဖြစ်သွားလေ၏။

သူ... ဂုဏ်သိက္ခာရှိသော အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ဦး....

လက်ရှိ ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများတွင် လူသိရှင်ကြား အသိအမှတ်ပြုခံထားရသော ထိပ်တန်း အစွမ်းထက်ကျွမ်းကျင်သူတစ်ဦးသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ နယ်မြေပေါ်သို့ ကျူးကျော်ဝင်ရောက်လာသူ တစ်ဦးအား အတင်းအကျပ် တောင်းပန်ခိုင်းခံနေရသလော...

ဤသည်က မည်သို့သော အရှက်ရမှုမျိုးနည်း...

သို့သော် အချိန်လေဟာနယ် တားမြစ်နယ်မြေ က ခုံးဝူတောက်၏ လက်အောက်ငယ်သား အဖြစ် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်ခဲ့သည့် အချက်သည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေလေပြီ။ ထို့ပြင် ဤသည်က အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော အခြေခံအုတ်မြစ်ကို သွယ်ဝိုက်၍ ပြသနေခြင်း ဖြစ်ကြောင်းကိုလည်း သူ သိထားသည်။

စကားတစ်ခွန်းတည်းဖြင့် ပြောဆိုရလျှင် သူတို့၏ ဖရိုဖရဲ မြင့်မြတ်နယ်မြေသည် အချိန်လေဟာနယ် တားမြစ်နယ်မြေကို ရန်စရန် မတတ်နိုင်ချေ။

ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လူတိုင်း၏ မယုံကြည်နိုင်လောက်အောင် ကြည့်နေသည့် အကြည့်များအောက်တွင် ခုံးဝူတောက်ဆီသို့ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုလိုက်၏။

"ဒီအဘိုးကြီးက နတ်ဘုရားသားတော် ဝူတောက်ကို ခုဏက စော်ကားမိပါတယ်..."

"ကျေးဇူးပြုပြီး နတ်ဘုရားသားတော်ဝူတောက်... စိတ်ထဲ မထားပါနဲ့..."

ဤမြင်ကွင်းကို မြင်သောအခါ ထိုနေရာရှိ လူတိုင်းသည် သူတို့၏နှလုံးသားထဲရှိ တုန်လှုပ်မှုကို ဖော်ပြရန် စကားလုံးများပင် ရှာမတွေ့နိုင်အောင် ဖြစ်သွားကြသည်။

သူတို့၏ ကိုင်ထျန်ရှေးဟောင်းဘိုးဘေးကြီးက ခေါင်းငုံ့သွားခဲ့လေပြီ။

သူတို့၏ ဖရိုဖရဲ မြင့်မြတ်နယ်မြေတွင် ဒေါသအကြီးဆုံးနှင့် ခေါင်းအမာဆုံး အကျင့်စရိုက် ရှိသည်ဟု နာမည်ကြီးသော ရှေးဟောင်းဘိုးဘေးကြီးသည် ယနေ့တွင် အမှန်တကယ်ကို ခေါင်းငုံ့သွားခဲ့လေပြီ။

ထို့ပြင် ဤသည်က သူတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ နယ်မြေပေါ်တွင်ဖြစ်ပြီး လူငယ် အစွမ်းထက် ကျွမ်းကျင်သူတစ်ဦးကို ခေါင်းငုံ့ခဲ့ရခြင်းဖြစ်သည်။

"ရှေးဟောင်းဘိုးဘေးကြီး..."

ယွင်ရှောင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားမတတ် ဖြစ်သွားသည်။

ဖရိုဖရဲ မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ကတည်းက ကိုင်ထျန်ရှေးဟောင်းဘိုးဘေးကြီး သည် သူ့ကို တန်ဖိုးအထားဆုံးသူ ဖြစ်ခဲ့သည်မှာ သေချာပေါက်ပင်။

သူ့ကို ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ပံ့ပိုးပေးသည့်အပြင် သူ နစ်နာမှုများ ခံစားရတိုင်း ကိုင်ထျန် ရှေးဟောင်းဘိုးဘေးကြီးက သူ့အတွက် မားမားမတ်မတ် ရပ်တည်ပေးရန် ရှေ့သို့ ထွက်လာပေးခဲ့သည်။

သူ၏စွမ်းအားသည်လည်း အလွန်အမင်း အစွမ်းထက်ပေ၏။ သူသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ ၏ ရှေးဟောင်းဘိုးဘေးကြီး တစ်ပါးဖြစ်ရုံသာမက ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများအားလုံးတွင် အလွန်နာမည်ကျော်ကြားသည်။

သို့သော် ယခု၌မူ ဘိုးဘေးကြီးသည် သူ့ကို စော်ကားခဲ့သော လူငယ်ပါရမီရှင် တစ်ယောက် သူ ကို ကိုယ်တိုင်ကိုယ်ကျ ခေါင်းငုံ့ပြီး တောင်းပန်ရန်ပင် ပြုလုပ်ခဲ့ပေ၏။

ဤသည်က ယွင်ရှောင်ကို ထိတ်လန့်တုန်လှုပ်သွားစေကာ သူ၏ အလျှော့မပေးသော မောက်မာမှုသည်လည်း ဤအချိန်အခိုက်အတန့်တွင် အက်ကွဲကြောင်းများ ပြသလာခဲ့သည်။

အဆင့်အတန်းအရဆိုလျှင် သူသည် ခုံးဝူတောက်ထက် မနိမ့်ကျနိုင်ဟု သူ အမြဲတစေ တွေးထင်ထားခဲ့သည်။

သို့သော် ယခုချိန်၌ သူ အလွန်အမင်း မှားယွင်းနေကြောင်းသူ သဘောပေါက်သွားလေပြီ။

[ဒင်... ယွင်ရှောင်ရဲ့ တာအို နှလုံးသားက ကြီးမားတဲ့ ထိုးနှက်ချက်ကို ခံစားလိုက်ရတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... တစ်ဖက်လူရဲ့ ကောင်းကင်အမိန့်တော်အမှတ်တွေက အမှတ် ၅၀၀ လျော့ကျသွားပြီး ၈၃၀၀ မှတ် ကျန်ရှိနေပါတယ်...]

[သုံးဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို အောင်မြင်စွာ ဖြစ်ပေါ်စေနိုင်ခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်... ကောင်းကင်အမိန့်တော်အမှတ် ၁၅၀၀ ကို အောင်မြင်စွာ ရရှိခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်...]

စနစ်၏ ကြေညာချက်ကို ကြားသောအခါ ခုံးဝူတောက်၏ နှုတ်ခမ်းများသည် နောက်ပြောင်ကျီစယ်လိုသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

ကြည့်ရသည်မှာ ဤကိုင်ထျန်အထွတ်အထိပ်ပုဂ္ဂိုလ် ဆိုသူသည် အတိတ်က ယွင်ရှောင် ကို အလိုလိုက်ထားခဲ့ပုံရပေ၏။

ဤရှေးဟောင်းဘိုးဘေးကြီး၏ နောက်ခံရှိမှုဖြင့် ယွင်ရှောင်သည် အမြဲတစေ ချောမွေ့စွာ ရွက်လွှင့်နေခဲ့ပြီး ဖရိုဖရဲ မြင့်မြတ်နယ်မြေတွင် လေကိုဆင့်ခေါ်ကာ မိုးကိုပင့်ဖိတ်နိုင်ခဲ့သည်။

ယခု သူ၏ကျောထောက်နောက်ခံသည် အသုံးမကျဖြစ်သွားသည်ကို မျက်မြင်တွေ့ရှိပြီးနောက် သူ၏တာအို နှလုံးသားသည်လည်း ကြီးမားသော ထိုးနှက်ချက်ကို ခံစားလိုက်ရသည်။

"ဒါပေမယ့်... ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ် ကနေတစ်ဆင့် ယွင်ရှောင်ဆီက ကောင်းကင်အမိန့်တော်အမှတ်တွေကို ငါ ထုတ်ယူနိုင်မှတော့... သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်ရင် အရမ်း နှမြောစရာ ကောင်းလိမ့်မယ်..."

ထို့ထက်ပို၍ အရေးကြီးသည်မှာ အကယ်၍ သူက တစ်ဖက်လူ၏ တောင်းပန်မှု တစ်ခုတည်းဖြင့် ဤကိစ္စကို လွယ်လွယ်ကူကူ လွှတ်ပေးလိုက်မည်ဆိုလျှင် သူသည် တစ်ဖက်လူထံ၌ ကျန်ရှိနေသော ကောင်းကင်အမိန့်တော်အမှတ်များကို ထုတ်ယူနိုင်တော့မည် မဟုတ်ပေ။

ယခုလေးတင် ဖြစ်ပျက်ခဲ့သည့်အရာများအရ ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ်သည် ယွင်ရှောင်၏ နှလုံးသားထဲတွင် မြင့်မားသော နေရာတစ်ခု ရယူထားကြောင်း သိသာထင်ရှားပြီး ထိုအရာကို ဝင်ပေါက်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။

သူ စိတ်ပိုင်းဖြတ်ပြီးနောက် ခုံးဝူတောက်က အပြုံးနှင့် ပြောဆိုလိုက်၏။

"စီနီယာကိုင်ထျန်က ရိုးရိုးသားသား တောင်းပန်နိုင်ရင် ဂျူနီယာက ဒီကိစ္စကို သဘာဝကျကျ အလွတ်ပေးလိုက်လို့ ရပါတယ်..."

"ဒါပေမယ့် ကျုပ် ဘာကို ခံစားနေရတာလဲဆိုတော့... ကိုင်ထျန်အထွတ်အထိပ်ပုဂ္ဂိုလ် ရဲ့ တောင်းပန်မှုက ဝန်လေးနေတဲ့ အရိပ်အယောင်လေး ပါနေသလိုပဲ..."

"ဒီ နတ်ဘုရားသားတော်က ခင်ဗျားကို အတင်းအကျပ် ခိုင်းနေသလိုမျိုးပဲလား..."

သူ၏ စကားများ ဆုံးသွားသည်နှင့်အမျှ လူတိုင်း၏နှလုံးသားများ လေးလံသွားပြီး လျှပ်စီးမိုးကြိုးတစ်ချက်က သူတို့၏စိတ်များကို ဖြတ်သန်းသွားသည့်အလားပင်။

သူ ဘာကို ဆိုလိုတာလဲ....

သူတို့၏ရှေးဟောင်းဘိုးဘေးကြီးသညိ တောင်းပန်ပြီးဘဖြစ်သည့်တိုင် ခုံးဝူတောက်က ဤကိစ္စကို လွှတ်ပေးရန် ဆန္ဒမရှိသေးသလော..

သူက ပြဿနာ ထပ်ရှာချင်နေသေးတာလား ..

သတိပြန်ဝင်လာသော ဖရိုဖရဲ မြင့်မြတ်နယ်မြေ ၏ ပါရမီရှင်အများအပြားသည် သူတို့၏ နှလုံးသားထဲတွင် ဒေါသလှိုင်းတစ်ခု လှိုင်းထလာသည်ကို ခံစားလိုက်ရသည်။

သို့သော် သူတို့သည် ခုံးဝူတောက်၏ အကြည့်နှင့် ဆုံမိသောအခါ ပေါက်သွားသော ဘောလုံးတစ်လုံးကဲ့သို့ ပိန်ချုံးသွားပြီး လုံးဝညှိုးနွမ်းသွားကာ သူ၏ မျက်လုံးများကိုပင် စေ့စေ့မကြည့်ရဲကြတော့ချေ။

အထူးသဖြင့် တခြားရှေးဟောင်းဘိုးဘေးကြီး နှစ်ပါးသည် ခုံးဝူတောက်၏စကားများကို ကြားသောအခါ သူတို့၏နဖူးများမှ ချွေးစေးများ ကျဆင်းလာပြီး သူတို့၏မျက်နှာများ ရုတ်တရက် ဖြူဖျော့သွားကြသည်။

"နတ်ဘုရားသားတော် ဝူတောက်... ဒီကိစ္စက..."

ယွင်ကျိုး အထွတ်အထိပ်ပုဂ္ဂိုလ်၏ စကားမဆုံးမီမှာပင် ခုံးဝူတောက်က သူ့ကို တိုက်ရိုက် ကြားဖြတ်ပြောဆိုလိုက်၏။

"ဒီကိစ္စက စီနီယာတို့နှစ်ယောက်နဲ့ ဘာမှမဆိုင်ပါဘူး...တောင်းပန်မယ်ဆိုမှတော့ ရိုးသားမှုကို ပြသင့်တယ် မဟုတ်ဘူးလား..."

"ဒီလို ဝန်လေးနေတဲ့ တောင်းပန်မှုက ဟန်ဆောင် ယဉ်ကျေးနေတာ သက်သက်ပဲလား ဒါမှမဟုတ်..."

ခုံးဝူတောက်၏အပြုံး ပျောက်ကွယ်သွားပြီး သူ၏အသံသည် ငရဲကိုးထပ်မှ လာသကဲ့သို့ အေးစက်သွားသည်။

"ကျုပ် ခုံးဝူတောက် ကို အထင်သေးနေတာလား... ကျုပ်ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေကို အထင်သေးနေတာလား..."

သူ၏ စကားများအဆုံးသတ်သွားသည့် အခိုက်အတန့်မှာပင် ခုံးဝူတောက်ကို ဗဟိုပြု၍ မမြင်ရသော ဖိအားတစ်ခု ပျံ့နှံ့သွားပြီး အရပ်မျက်နှာအားလုံးသို့ လှိုင်းထသွားသည်။

ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်၏ အမူအရာသည် လုံးဝပြောင်းလဲသွားပုံရပေ၏။ သူသည် အလွန်ခမ်းနားထည်ဝါလာပြီး တခြားသူများက သူ့ကို မော့ကြည့်ရန်ပင် မဖြစ်နိုင်အောင် ဖြစ်သွားစေသည်။

သူထံ၌ ငယ်ရွယ်သော အသက်အရွယ်ရှိသော်လည်း ဤနေရာရှိ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ မရေမတွက်နိုင်သော အစွမ်းထက် ကျွမ်းကျင်သူများသည် ရင်တလှပ်လှပ်ဖြစ်စေလောက်သည့် ဖိနှိပ်မှုခံစားချက်ကို ခံစားလိုက်ရသည်။

အထူးသဖြင့် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရာထူးမြင့်အကြီးအကဲများ၏ မျက်နှာများသည် စက္ကူကဲ့သို့ ရုတ်တရက် ဖြူဖျော့သွားကြ၏။

..........

သူတို့၏တွေဝေမိန်းမောနေမှုမှ ပြန်လည်သတိဝင်လာပြီးနောက် ယွင်ကျိုး အထွတ်အထိပ်ပုဂ္ဂိုလ်နှင့် တခြားသူ၏ မျက်လုံးများ စူးရှသွားကြပြီး သူတို့နှစ်ဦးလုံးသည် ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ် ကို ကြည့်ကာ သူ့ထံသို့ လျှို့ဝှက်စွာ အသံပေးပို့လိုက်ကြသည်။

"ကိုင်ထျန်... မင်း ဖန်တီးထားတဲ့ ပြဿနာကို ကြည့်စမ်း..."

"မင်းရဲ့ဒေါသကို ထိန်းဖို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ... ဒါပေမယ့် မင်းက နားမထောင်ဘူး..."

"တကယ်လို့ မင်းက ဒီကိစ္စကြောင့် ခုံးဝူတောက်နဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေကို တကယ် ဒေါသထွက်စေခဲ့မယ်ဆိုရင် မင်းက ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ အပြစ်သား ဖြစ်သွားလိမ့်မယ်..."

ထိပ်တန်း အစွမ်းထက် ကျွမ်းကျင်သူများအနေဖြင့် သူတို့၏အတွေ့အကြုံများမှာ အလွန် ကြွယ်ဝသည်။

အစောပိုင်းင ခုံးဝူတောက်၏စကားများသည် သူတို့အပေါ် အချိန်လေဟာနယ် တားမြစ်နယ်မြေကို စော်ကားသည့် အပြစ်ကြီးတစ်ခု တင်ရန် ရည်ရွယ်ရုံသာ မဟုတ်ချေ။

ထို့ပြင် ဤသည်က သူတို့ကို ခြိမ်းခြောက်ရန်လည်း ရည်ရွယ်သည်။

အကယ်၍ သူ့အတွက် စိတ်ကျေနပ်စရာ အဖြေတစ်ခု မရခဲ့လျှင် ဤကိစ္စသည် ကောင်းစွာအဆုံးသတ်နိုင်ဖွယ် မရှိပေ။

ဤအချိန်အခိုက်အတန့်တွင် ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ်၏ မျက်နှာသည် နီရဲနေပြီး သူ၏ပါးစပ်မှ သွေးများအန်ထွက်တော့မည်ဟုပင် ခံစားလိုက်ရသည်။

အနိုင်ကျင့်လွန်းတယ်...

တကယ်ကို အနိုင်ကျင့်လွန်းတယ်...

ခုံးဝူတောက်က ဒါကို တမင်သက်သက် လုပ်နေတာ သေချာတယ်...

သူက ဒီကိစ္စကို တမင်သက်သက် ပြဿနာကြီး ဖြစ်အောင် လုပ်ချင်နေတာ....

သို့သော် သူ့ကို နစ်နာသည်ဟု ခံစားရစေသောအရာကို ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရှေးဟောင်းဘိုးဘေးကြီးတစ်ပါးအနေဖြင့် လုံးဝငြင်းဆန်၍ မရနိုင်ခြင်းပင်။ ဤသည်က မည်မျှထိ ရယ်စရာ ကောင်းလိုက်သနည်း။

သူ၏ နှလုံးသားထဲရှိ စိတ်ခံစားမှုများကို ဖိနှိပ်လိုက်ပြီးနောက် ယခုချိန်၌ ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ်သည် နှစ်ပေါင်းများစွာ အိုမင်းသွားသည့်အလားပင်။

သူ့ထံတွင် ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ ရှေးဟောင်းဘိုးဘေးကြီး၏ အမူအရာမျိုး မရှိတော့ပေ။ ထိုအစား သူသည် ညှိုးခြောက်နေသော အဘိုးအိုတစ်ဦးနှင့် တူညီနေပေ၏။

သူ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ဒေါသတကြီး အသံတစ်သံက အရင်ထွက်ပေါ်လာသည်။

"ခုံးဝူတောက်..."

"မင်းက ပြိုင်ဘက်ကင်း ပါရမီရှင်လို့ သတ်မှတ်ခံရတယ်... ဒါပေမယ့် မင်းရဲ့အထောက်အထားကို အားကိုးပြီး တခြားသူတွေကို အနိုင်ကျင့်ပြီး အတင်းအကျပ် ခိုင်းစေတာက ဘယ်လို စွမ်းရည်မျိုးလဲ..."

"မင်းက ငါ့ကို အရေးမပါတဲ့ ပုရွက်ဆိတ်လို့ ပြောနေမှတော့... ငါနဲ့ တိုက်ရိုက် ယှဉ်ပြိုင်တိုက်ခိုက်ရဲလား..."

...

အခန်း (၄၈) ဖရိုဖရဲ ခေါင်းလောင်းက ကိုးကြိမ် မြည်တာလား...ဒီနေရာမှာရှိတဲ့ ဘယ်သူမဆို လုပ်နိုင်တယ်

"မင်းက ဘယ်လိုတောင် အတင့်ရဲရတာလဲ... နတ်ဘုရားသားတော်ကို ဒီလိုမျိုး စကားပြောရဲတဲ့ သတ္တိမျိုး မင်း ဘယ်ကနေရတာလဲ..."

ခုံးကျန်ယွဲ့နှင့်တခြားသူများ ဒေါသထွက်သွားကြပြီး သူ့ကို ဖိနှိပ်ရန်အတွက် သူတို့၏အရှိန်အဝါများကို ထုတ်လွှတ်ရန် ဟန်ပြင်လိုက်ကြသည်။

သို့သော် ခုံးဝူတောက်က သူတို့ကို ရပ်တန့်ရန် အချက်ပြသည့်အနေဖြင့် သူ၏လက်ကို မြှောက်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်သည် ဒေါသမထွက်ပေ။ ထိုအစား သူ၏နှုတ်ခမ်းများတွင် အပြုံးဖျော့ဖျော့တစ်ခု ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် အစမှအဆုံးတိုင် သူ၏မျှော်လင့်ချက်များအတွင်း၌ ရှိနေခဲ့သည်။

လူငယ် ပါရမီရှင်များသည် မွေးရာပါ မောက်မာတတ်ကြရာ ယွင်ရှောင်ကဲ့သို့ အထွတ်အထိပ် ပါရမီရှင်ကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။

သူ၏ အကျင့်စရိုက်အရ ဤကိစ္စကို သူက မည်သို့ လျစ်လျူရှုထားနိုင်မည်နည်း...

သူ ဆက်လက်၍ သူ့ကိုယ်သူ ထိန်းချုပ်မထားနိုင်တော့ဘဲ ဒေါသများထွက်လာကာ ရှေ့သို့တိုက်ရိုက် ခုန်ထွက်လာခဲ့သည်။

"ယွင်ရှောင်..."

ယွင်ကျိုး ရှေးဟောင်းဘိုးဘေးကြီးနှင့် တခြားသူများ၏မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး သူတို့၏စိတ်နှလုံးသားများ လေးလံသွားသည်။

မဟုတ်ဘူး...

ဒီလူအိုကြီးနဲ့ လူငယ်နှစ်ယောက်က သူတို့ရဲ့ စိတ်တွေ လွတ်သွားကြပြီလား...

သူတို့က လူအိုကြီးကို အခုလေးတင် ဖိနှိပ်ထားနိုင်ခဲ့တာကို လူငယ်က ဘာလို့ ထပ်ပြီးခုန်ထွက်လာရပြန်တာလဲ...

သို့သော် သူတို့ ရှေ့သို့ မထွက်နိုင်မီမှာပင် ခုံးဝူတောက် ရယ်မောလိုက်သည်ကို သူတို့ ကြားလိုက်ရသည်။

"ဟဲ ဟဲ... မင်းက သေချင်နေမှတော့... ဒီနတ်ဘုရားသားတော်က မင်းရဲ့ဆန္ဒကို သဘာဝကျကျ ဖြည့်ဆည်းပေးရမှာပေါ့..."

"ဒါပေမယ့် ဒီနတ်ဘုရားသားတော်က စကားအပိုတွေ ပြောနေတယ်လို့ မထင်နဲ့..."

"မင်းရဲ့ပါရမီက တကယ်ကို သာမန်ပါပဲ... ပြီးတော့ မင်း ဂုဏ်ယူနေတဲ့ ဖရိုဖရဲ ခေါင်းလောင်း ကို ကိုးကြိမ်တိုင်တိုင် မြည်အောင် လုပ်နိုင်တယ်ဆိုတာကလည်း ဘာမှ ရှားပါးတဲ့ကိစ္စ မဟုတ်ဘူး..."

ခုံးဝူတောက်၏ မျက်လုံးများတွင် အထင်သေးမှုများ ပြည့်နှက်နေပြီး သူက ရယ်မောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိုင်တိုင် မြည်အောင် လုပ်တယ်ဆိုတာ လက်ရှိနေရာမှာ ရှိတဲ့သူတိုင်း လုပ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလား..."

ဤစကားများ ထွက်ပေါ်လာချိန်၌ ပါရမီရှင်များသည် နောက်တစ်ကြိမ် အံ့အားသင့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် နားမလည်စွာဖြင့် ကြည့်လိုက်ကြ၏။

အဲ့ဒါက ဘာအဓိပ္ပာယ်လဲ...

ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိုင်တိုင် မြည်အောင် လုပ်နိုင်ခဲ့တဲ့ ယွင်ရှောင်ရဲ့ပါရမီက အရမ်းသာမန်ပဲလား...

ပြီးတော့... ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ် ဆက်တိုက် မြည်အောင် လုပ်တယ်ဆိုတာ လက်ရှိနေရာမှာ ရှိတဲ့သူတိုင်း လုပ်နိုင်တဲ့ ကိစ္စလား...

ဒါဆို ဖရိုဖရဲ ခေါင်းလောင်း ကို ကိုးကြိမ်တိုင်တိုင် မြည်အောင် မလုပ်နိုင်ခဲ့တဲ့ သူတို့တွေကရော ဘယ်လိုလဲ...

သူတို့က အမှိုက်ပါရမီရှင်တွေလား... ဒါမှမဟုတ် လက်မပါဘဲ အသုံးမကျတဲ့ သူတွေတောင် ဖြစ်နေမလား....

အသက်ဆယ်ရှိုက်စာမျှ တိတ်ဆိတ်နေပြီးနောက်..

ထိုနေရာရှိ ပါရမီရှင်အများအပြားသည် သူတို့ကိုယ်သူတို့ ဆက်လက်၍ ထိန်းချုပ်ထားနိုင်တော့ဘဲ ရုတ်တရက် ပေါက်ကွဲလာကြသည်။

"နတ်ဘုရားသားတော် ဝူတောက်ရဲ့ စကားက နည်းနည်းတော့ တရားမလွန်လွန်းဘူးလား..."

"ငါတို့ရဲ့ ဖရိုဖရဲ မြင့်မြတ်နယ်မြေကို တည်ထောင်ကတည်းက ယွင်ရှောင် တစ်ယောက်တည်းကပဲ ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်မြည်အောင် လုပ်နိုင်ခဲ့တာ... နတ်ဘုရားသားတော် ဝူတောက် အလှည့်ကျမှ ဘယ်လိုလုပ် အဲဒါ့က လက်ရှိနေရာမှာ ရှိတဲ့သူတိုင်း လုပ်နိုင်တဲ့ ကိစ္စ ဖြစ်သွားရတာလဲ..."

"ဒါဆို ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်မြည်အောင် မလုပ်နိုင်ခဲ့တဲ့ ငါတို့တွေကရော ဘာတွေလဲ... အမှိုက်တွေထဲက အမှိုက်တွေလား..."

"ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်မြည်အောင် လုပ်ဖို့ဆိုရင် ဖရိုဖရဲဥပဒေသနဲ့ ပဲ့တင်ထပ်နိုင်တဲ့ ဖရိုဖရဲရုပ်ခန္ဓာကိုယ်လည်း လိုအပ်တယ်... အဲ့ဒီလိုမှ မဟုတ်ရင် အခြေခံအကျဆုံး အခြေအနေကိုတောင် ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူး..."

"စကားပြောနေရုံနဲ့ ဘာအကျိုးရှိမှာလဲ... လက်တွေ့လုပ်ကြည့်မှ သိမှာပေါ့..."

".........."

ခုံးဝူတောက်၏ မွေးရာပါ ဂုဏ်သိက္ခာနှင့် မြင့်မြတ်သော အဆင့်အတန်းကြောင့်...

ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ တပည့် အများအပြားသည် မကျေနပ်ကြသော်လည်း ခုံးဝူတောက်ကို အလွန်အမင်း မစော်ကားရဲကြပေ။

အကယ်၍ သူသာ ဤကိစ္စကြောင့် ဒေါသထွက်မည်ဆိုလျှင် သူတို့သည် သူ၏ဒေါသကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော် ခုံးဝူတောက်၏ စကားကို ကြားသောအခါ အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ ဧကရာဇ်သားတော်အစဉ်အဆက်များသည် သူ ပြောဆိုသည့်အရာတွင် မည်သည့် ပြဿနာမျှ ရှိသည်ဟု မခံစားရချေ။

တခြားသူများသည် ဤမျှ မောက်မာစွာ စကားပြောရန် အရည်အချင်း မပြည့်မီနိုင်သော်လည်း သူတို့၏ နတ်ဘုရားသားတော် ဝူတောက်က အကြွင်းမဲ့လုပ်နိုင်ပြီး အရည်အချင်း ပြည့်မီသည်။

..........

အလားတူပင် ခုံးဝူတောက်၏ "မောက်မာသော" စကားက ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ ရှေးဟောင်းဘိုးဘေးကြီးနှစ်ပါး၏ မျက်နှာအမူအရာများကို အနည်းငယ် သုန်မှုန်သွားစေသည်။

အသွေးအသားရှိသူတိုင်းတွင် ကိုယ်ပိုင်ဒေါသ ရှိကြသည်။

ယခင်က ခုံးဝူတောက်၏ အဆင့်အတန်းကြောင့် သူတို့၏ ဖရိုဖရဲ မြင့်မြတ်နယ်မြေသည် ခြေတစ်လှမ်း ဆုတ်ပေးခဲ့ပြီးဖြစ်ကာ ပြဿနာရှာနေသော ခုံးဝူတောက်ကိုပင် ဦးညွှတ်ပြီး တောင်းပန်ခဲ့သည်။

သို့သော် တစ်ဖက်လူက ဤကိစ္စကို အလွတ်ပေးရန် ငြင်းဆန်ရုံသာမက ဤကဲ့သို့ မောက်မာသော စကားများဖြင့် သူတို့ကို ထပ်မံ၍ စော်ကားခဲ့ပေ၏။

ဤသည်မှာ သူတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ဂုဏ်သိက္ခာကို သူ၏ခြေဖဝါးအောက်တွင် နင်းချေပြီး အဆက်မပြတ် ခြေမွှကာ နောက်တစ်ကြိမ် ခြေမွှဖျက်ဆီးနေခြင်းပင်။

သို့သော်...

သူတို့ပို၍ ဒေါသထွက်ပြီး ပို၍ နစ်နာသည်ဟု ခံစားရလျှင်ပင် သူတို့၏စိတ်နှလုံးသားထဲတွင်သာ ညည်းညူပြီး ပေါက်ကွဲရဲကြသည်။ ဤကိစ္စကြောင့် အချိန်လေဟာနယ် တားမြစ်နယ်မြေကို သူတို့ မရန်စရဲသေးချေ။

သို့သော် သူတို့ စကားမပြောနိုင်မီမှာပင် ယွင်ရှောင်၏အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

"ဟဲ ဟဲ... နတ်ဘုရားသားတော် ဝူတောက်က တကယ့်ကို ယုံကြည်မှု ရှိတာပဲ..."

"နတ်ဘုရားသားတော် ဝူတောက်က ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်မြည်အောင် လုပ်တာက လက်ရှိနေရာမှာ ရှိတဲ့သူတိုင်း လုပ်နိုင်တဲ့ ကိစ္စလို့ ပြောနေမှတော့... ဒီနေ့ နတ်ဘုရားသားတော် ဝူတောက်က ငါတို့ကို ပြနိုင်မလား..."

"နတ်ဘုရားသားတော် ဝူတောက် ပြောသလိုပဲ လက်ရှိနေရာမှာ ရှိတဲ့သူတိုင်း လုပ်နိုင်တဲ့ ကိစ္စ ဟုတ်မဟုတ် ကြည့်ကြတာပေါ့..."

ယွင်ရှောင်၏စကားများ အဆုံးသတ်သွားသည်နှင့်အမျှ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရှေးဟောင်းဘိုးဘေးကြီး သုံးပါးသည်လည်း တိတ်ဆိတ်နေပြီး စောင့်ကြည့်ရန်ကိုသာ ရွေးချယ်ခဲ့ကြ၏။

ခုံးဝူတောက်ကို ဤမျှထိ မောက်မာသော စကားများ ပြောဆိုရန် ယုံကြည်မှု ပေးသောအရာမှာ မည်သည့်အရာဖြစ်သည်ကို သူတို့လည်း သိချင်ကြသည်။

ထိုစကားကို ကြားသောအခါ ခုံးဝူတောက်သည် တည်ငြိမ်နေဆဲဖြစ်ပြီး ရယ်မောလိုက်သည်။

"ရပါတယ်..."

"ဒါဆိုရင် ကျေးဇူးပြုပြီး ဖရိုဖရဲ ခေါင်းလောင်း ကို ယူလာခဲ့ကြပါ..."

အစီအစဉ်သည် သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည်။ သူ ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဆိုသည့် အချက်ကိုအချိန်လေဟာနယ် တားမြစ်နယ်မြေရှိ လူများသာ သိထားကြသည်။

သူသည် ဤကဲ့သို့ ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်အား ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများရှိ တခြားမည်သူမျှ မသိကြချေ။

ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ဖရိုဖရဲ ခေါင်းလောင်းသည် တစ်ချိန်က ရှေးဟောင်း တည်ရှိမှုတစ်ခု၏ မူလအစတာအိုလက်နက် ဖြစ်ခဲ့ပြီး ထိုအရာတွင် ကြွယ်ဝသော ဖရိုဖရဲ အဆီအနှစ်များ ပါဝင်ကြောင်းသူ ကြားဖူးပေ၏။

အသန့်စင်ဆုံး ဖရိုဖရဲစွမ်းအားမှ ဖွဲ့စည်းထားသော ဖရိုဖရဲအဆီအနှစ်ကို အကယ်၍ သူ စုပ်ယူနိုင်မည်ဆိုလျှင် သူ၏ ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိပေလိမ့်မည်။

ဖရိုဖရဲ မြင့်မြတ်နယ်မြေသို့ ရောက်ရှိပြီးနောက် ခုံးဝူတောက်သည် ဖရိုဖရဲ ခေါင်းလောင်းကိုလည်း မျက်စိကျနေခဲ့သည်။

သူ၏ ယခင်စကားသည် အမှန်အားဖြင့် ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့ခြင်းပင်။

ယွင်ရှောင်ကို ပို၍ကောင်းမွန်စွာ အမဲလိုက်ရန်သာမက ဖရိုဖရဲ ခေါင်းလောင်းကို ဝင်ရောက်ကြည့်ရှုပြီး ထိုအရာအတွင်းရှိ ဖရိုဖရဲ အဆီအနှစ်များကို စုပ်ယူရန်အတွက် ဤအခွင့်အရေးကို အသုံးပြုရန်လည်း ဖြစ်သည်။

သေချာသည်မှာ ဖရိုဖရဲ ခေါင်းလောင်းကို ကိုးကြိမ်တိုင်တိုင် မြည်အောင်လုပ်ခြင်းသည် လက်ရှိနေရာတွင်ရှိသူတိုင်း လုပ်နိုင်သည့် ကိစ္စဟု သူ စောစောက ပြောခဲ့သောအရာမှာ အမှန်ပင်။

............

ခုံးဝူတောက်၏စကားကို ကြားသော ဖရိုဖရဲ မြင့်မြတ်နယ်မြေ ရှေးဟောင်းဘိုးဘေးကြီး သုံးပါးသည်လည်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

"ဖရိုဖရဲ ခေါင်းလောင်းက ငါတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ အဖိုးတန် ရတနာပဲ... ပြီးတော့ အဲ့ဒါက တစ်ချိန်တုန်းက အဲဒီ လေးစားရတဲ့ပုဂ္ဂိုလ် ရဲ့ သက်စောင့်တာအိုလက်နက် ဖြစ်ခဲ့တာ... ငါတို့ရဲ့ ဖရိုဖရဲ မြင့်မြတ်နယ်မြေကို ဝင်တဲ့ တပည့်တွေပဲ အဲ့ဒါကို ထိဖို့ အရည်အချင်း ပြည့်မီတယ်..."

ထျန်ချန် အထွတ်အထိပ်ပုဂ္ဂိုလ်က ပထမဆုံး စကားပြောဆိုလိုက်သည်။

"အပြင်လူ တစ်ယောက်ဖြစ်တဲ့ ခုံးဝူတောက် အသုံးပြုဖို့အတွက် ဖရိုဖရဲ ခေါင်းလောင်းကို ထုတ်လာတာက မသင့်တော်ဘူး မဟုတ်လား..."

"ငါ အမြဲတမ်း ခံစားရတယ်... အဲ့ဒီ ခုံးဝူတောက် ဆိုတဲ့ကောင်က နည်းနည်းတော့ ကောက်ကျစ်သလိုပဲ..."

ယွင်ကျိုး အထွတ်အထိပ်ပုဂ္ဂိုလ်က ဝင်ရောက်ပြောဆိုလိုက်သည်။

"သူ့ရဲ့ အရင် စကားတွေက ငါတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ ဖရိုဖရဲ ခေါင်းလောင်းအနားကိုကပ်ဖို့ သက်သက်များလား..."

"ဟမ့်... ဒီအချိန်ရောက်နေတာတောင် မင်းတို့နှစ်ယောက်က ဒီလောက်တောင် တွေဝေပြီး ကြောက်ရွံ့နေတုန်းပဲလား..."

ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ်သည် အနည်းငယ် ဒေါသထွက်သွားပေ၏။

"ဒီကောင်လေးက ငါတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ ရဲ့ နယ်မြေကိုလာပြီး ငါတို့ အဘိုးကြီးတွေကို အနိုင်ကျင့်နေတာလေ..."

"ခုံးဝူတောက်ရဲ့ အရင်စကားတွေက ယွင်ရှောင် ကို အထင်သေးရုံတင် မကဘူး... ငါတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေက တပည့်တွေအားလုံးကိုလည်း အမှိုက်တွေလို့ ခေါ်လိုက်တာပဲ..."

"ဒါက အကျိုးအမြတ်အကြောင်း မဟုတ်ဘူး...ဂုဏ်သိက္ခာအကြောင်းပဲ... ငါ... ဒီ ရှေးဟောင်းဘိုးဘေးကြီးက 'လက်ရှိနေရာမှာ ရှိတဲ့သူတိုင်း လုပ်နိုင်တယ်' ဆိုတဲ့ စကားမျိုးကို သူ ဘယ်လိုများ ပြောရဲသလဲဆိုတာ ကြည့်ချင်တယ်..."

ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ်သည် ယခုအချိန်တွင် ဒေါသအထွက်ဆုံး ဖြစ်နေသည်မှာ သေချာပေါက်ပင်။

ကောင်းကင်ဘုံများနှင့်အင်္သချေနယ်မြေများမှ ထိပ်တန်း အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ဦးအနေဖြင့် သူသည် ယနေ့လောက် နစ်နာသည်ဟု တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးပေ။

သူသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ နယ်မြေပေါ်၌ လူငယ်ဂျူနီယာတစ်ယောက်ကို ခေါင်းငုံ့ခဲ့ရရုံသာမက တစ်ဖက်လူ၏ခြိမ်းခြောက်မှုကိုလည်း ထပ်ခါတလဲလဲ ခံခဲ့ရသည်။

အကယ်၍ ဤကိစ္စသာ သတင်းထွက်သွားလျှင် အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ဦးအနေဖြင့် သူ၏ မျက်နှာကို မည်သည့်နေရာ၌ သွားထားရမည်နည်း။

တစ်ချိန်တည်းမှာပင် ကိုင်ထျန် အထွတ်အထိပ်ပုဂ္ဂိုလ်၏စကားများသည် တခြား အထွတ်အထိပ်ပုဂ္ဂိုလ်နှစ်ယောက်အပေါ်တွင်လည်း လျှင်မြန်စွာ သက်ရောက်မှု ရှိသွားခဲ့သည်။

ခုံးဝူတောက်၏ အစောပိုင်းက စကားများသည် သူတို့ကိုလည်း အလွန်ဒေါသထွက်စေခဲ့သည်။

အနည်းငယ် စဉ်းစားပြီးနောက် သူတို့သည် အပြင်လူတစ်ယောက်ဖြစ်သော ခုံးဝူတောက်ကို ချွင်းချက်အနေဖြင့် စမ်းသပ်ခွင့်ပြုရန်အတွက် ဖရိုဖရဲ ခေါင်းလောင်းကို ယူဆောင်လာရန် ဆုံးဖြတ်လိုက်ကြ၏။

"ကောင်းပြီ... နတ်ဘုရားသားတော် ခုံးဝူတောက် က စမ်းကြည့်ဖို့ ဆန္ဒရှိနေမှတော့... ဒီတစ်ကြိမ်မှာ နတ်ဘုရားသားတော် ခုံးဝူတောက် အတွက် ငါတို့က ချွင်းချက်အနေနဲ့ လုပ်ပေးမယ်..."

သူ၏စကားများ အဆုံးသွားသည်နှင့်အမျှ ယွင်ကျိုး ရှေးဟောင်းဘိုးဘေးကြီးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝုန်း...

ဖရိုဖရဲ မြင့်မြတ်နယ်မြေ တစ်ခုလုံးသည် သူ၏ သက်ရောက်မှုကြောင့် အဆက်မပြတ် မြည်ဟီးကာ တုန်ခါလာပုံရသည်။

ရွှေရောင်မှော်စာလုံး မရေမတွက်နိုင်အောင် မြင့်တက်လာပြီး ဟင်းလင်းပြင်တွင် ရောယှက်သွားကာ မဟာတာအို ဝင်္ကပါတစ်ခုကို ဖန်တီးလိုက်၏။

မဟာတာအို ဝင်္ကပါက တောက်ပစွာ လင်းလက်လာသည်နှင့်အမျှ မျက်နှာပြင်တွင် မဟာတာအို ပုံစံများ ထွင်းထုထားပြီး အဆုံးမဲ့ ဖရိုဖရဲ အလင်းတန်းများ စိမ့်ဝင်နေသည့် ကြေးဝါရောင်ရှိသော ဧရာမ ရှေးဟောင်းခေါင်းလောင်းကြီးတစ်လုံးသည် ရွှေရောင်ဝင်္ကပါ အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ဤသည်မှာ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ အဖိုးတန် ရတနာဖြစ်သော ဖရိုဖရဲခေါင်းလောင်းပင်။

All Chapters