အခန်း (၆၄၀-၆၄၂)
Vol. 43 Ch. 640-642
Chapter 640: သွေးနတ်ဆိုးအလောင်း
"ဒါက တကယ့်ကို ကံကောင်းခြင်းတစ်ခုပဲ"
ရှိထျန်းဟောက် အားရပါးရ မရယ်ဘဲ မနေနိုင်တော့ပေ။ သူ မတ်တတ်ရပ်ကာ ရှေ့သို့ စတင်လျှောက်လှမ်းလာခဲ့သည်။ ထိုနေရာ တစ်ဝိုက်လုံးတွင် အလောင်းများမှာ ပြန့်ကျဲနေ၏။ အချို့မှာ အရိုးခြောက်များအဖြစ် ပုပ်ပွနေပြီဖြစ်ပြီး၊ အချို့မှာမူ လတ်လတ်ဆတ်ဆတ်ပင် ရှိသေးရာ မကြာသေးမီကမှ ပြုတ်ကျလာခြင်းဖြစ်သည်မှာ ထင်ရှားလှသည်။
"ဒီမှာ အလောင်းတွေ အများကြီးပဲ... ငါ့အတွက် အသုံးချဖို့ အလောင်းကောင်ရုပ်သေးတစ်ရုပ်အဖြစ် သန့်စင်ဖို့ တစ်ခုလောက် ရွေးရရင် ကောင်းမယ်" ရှိထျန်းဟောက်၏ မျက်လုံးများမှာ အတွေးများဖြင့် တောက်ပလာသည်။ အကွာအဝေးတစ်ခုအထိ လျှောက်လာပြီးနောက် သူ ရုတ်တရက် ရပ်တန့်သွားသည်။ ရှေ့တွင် တစ်စုံတစ်ခု လှုပ်ရှားနေသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်၏။
ထိုနေရာမှ ပြင်းထန်ပြီး ပုပ်စော်နံလှသော အလောင်းပုပ် အခိုးအငွေ့များ ထွက်ပေါ်နေသည်။
ရှိထျန်းဟောက်၏ အာရုံများမှာ ထက်မြက်လာ၏။ သူ အကာအကွယ် ဝိညာဉ်လက်နက်တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်ပြီး မုန်ညင်းစေ့ နဂါးအကြေးခွံဝတ်ရုံကိုလည်း ဝတ်ဆင်လိုက်သည်။ ၎င်းကို သန့်စင်ရန် အချိန်မရသေးသော်လည်း ဝတ်ဆင်ထားရုံမျှဖြင့်ပင် သိသိသာသာ အကာအကွယ် ပေးနိုင်စွမ်း ရှိသည်။
အမှန်စင်စစ် ၎င်းမှာ သူတော်စင်လက်နက်တစ်ခု မဟုတ်ပါလား။
၎င်း၏ စွမ်းအားမှာ ၃၀ ရာခိုင်နှုန်းမျှသာ ရှိသော်လည်း ထိပ်တန်း ကောင်းကင်အဆင့် အကာအကွယ် အားလုံးနီးပါးထက် သာလွန်လှသည်။ အသင့်ပြင်ပြီးနောက် ရှိထျန်းဟောက်သည် ဧရာမ ပုံရိပ်ကြီးဆီသို့ တဖြည်းဖြည်း ချဉ်းကပ်ကာ ရှေ့သို့ တိုးသွားလိုက်သည်။ သူ အလောင်းအချို့၏ နောက်ကွယ်တွင် ပုန်းကွယ်ကာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။
မကြာမီမှာပင် ထိုပုံရိပ်မှာ မည်သူမည်ဝါဖြစ်ကြောင်း သူ ခွဲခြားနိုင်ခဲ့သည်။ ၎င်းမှာ နဂါးသင်္ချိုင်းအတွင်း သူတို့ကို တိုက်ခိုက်ခဲ့သော နတ်ဆိုးဧကရာဇ်ကြီးပင်။
"နတ်ဆိုးဧကရာဇ်ကြီး... နတ်ဆိုးဧကရာဇ်ကြီး..."
ရှိထျန်းဟောက်၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပလာသည်။ နတ်ဆိုးမျိုးနွယ်စုတို့၏ ခန္ဓာကိုယ်မှာလည်း အလွန်ပင် ခိုင်မာတောင့်တင်းလှရာ စစ်မှန်သော နဂါးထက် အနည်းငယ်မျှသာ အားနည်းခြင်း ဖြစ်သည်။ အကယ်၍ သူ ဤနတ်ဆိုးဧကရာဇ်ကြီးကို အလောင်းကောင်ရုပ်သေးအဖြစ် သန့်စင်နိုင်ပါက သူ၏ ခွန်အားမှာ ကောင်းကင်သို့ ထိုးတက်သွားပေလိမ့်မည်။
သူ့ထံတွင် သွေးနတ်ဆိုး အလောင်းသန့်စင်ခြင်း နည်းစနစ်ဟု လူသိများသော ရှေးဟောင်း သူတော်စင်အဆင့် အလောင်းသန့်စင်ခြင်း နည်းစနစ်တစ်ခု ရှိသည်မှာ ကြာပြီဖြစ်သည်။ ၎င်းမှာ နက်မှောင်သော ယင်ဂူဗိမာန်မှ ပျောက်ဆုံးသွားခဲ့သော တစ်ခုတည်းသော သူတော်စင်အတတ်ပညာ ဖြစ်သည်။ 'ဗာဂျရ အလောင်းသန့်စင်ခြင်း နည်းစနစ်' နှင့်အပြိုင် ကျော်ကြားလှ၏။ ဒဏ္ဍာရီများအရ ကိုးပါးယင်သူတော်စင်သည် နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲအတွင်း ရူးသွပ်တပ်ဖွဲ့၏ ပြင်းထန်သော ဒေါသနှင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို မြင်တွေ့ခဲ့ရပြီးနောက် ဤနည်းစနစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြ၏။
ဤနည်းဖြင့် သန့်စင်ထားသော အလောင်းများမှာ 'သွေးနတ်ဆိုး ရူးသွပ်အလောင်းကောင်' များ ဖြစ်လာကြပြီး တိုက်ပွဲအတွင်း၌မူ ခွေးရူးများကဲ့သို့ပင် လုံးဝ ရူးသွပ်စွာ တိုက်ခိုက်ကြသည်။
သူတို့သည် တိုက်ခိုက်ရန်သာ သိကြပြီး ကာကွယ်ရန် မသိကြပေ။ တစ်ခါတစ်ရံတွင်မူ သူတို့၏ အရှင်သခင်ကပင် ထိန်းချုပ်၍ မရနိုင်တော့ပေ။ ထို့ကြောင့် သွေးနတ်ဆိုး ရူးသွပ်အလောင်းကောင်ဟု အမည်ပေးထားခြင်း ဖြစ်သည်။ သို့သော် သွေးနတ်ဆိုး အလောင်းသန့်စင်ခြင်း နည်းစနစ်တွင် အလွန်တင်းကျပ်သော လိုအပ်ချက်များ ရှိ၏။ လုံလောက်စွာ အစွမ်းထက်သော ခန္ဓာကိုယ်ရှိသည့် အလောင်းများကိုသာ အသုံးပြုနိုင်သည်။ ရှိထျန်းဟောက်သည် ယခင်က ကြိုးစားခဲ့ဖူးသော်လည်း အကြိမ်တိုင်းမှာ ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ ယခုမူ ဤကဲ့သို့ ပြည့်စုံသော အလောင်းတစ်ခု သူ၏ရှေ့တွင် ရောက်နေပြီဖြစ်ရာ ဤအခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။
"တောက်… ဓမ္မအမှတ်အသား ၇၀ ရှိတဲ့ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အလောင်းက နတ်ဆိုးဧကရာဇ် တစ်ပါးကို ပြန်နိုးထဖို့အတွက်ပဲ မလောက်မင ဖြစ်နေတယ်... အလောင်းနတ်ဆိုးကို ပြန်နိုးထဖို့ဆိုတာ လိုအပ်ချက်တွေနဲ့ အလှမ်းဝေးနေသေးတယ်... ငါ ဘာလုပ်ရမလဲ..."
ရှိထျန်းဟောက်၏ နားထဲတွင် နတ်ဆိုးဧကရာဇ်ကြီး၏ တိုးတိုးလေး ညည်းတွားနေသံကို ကြားလိုက်ရသည်။
"သူ ယင်းစန်းဟွာ၊ ဆင့်ပိုင်နဲ့ တခြားသူတွေကြောင့် ဒဏ်ရာအပြင်းအထန် ရထားတာ ဖြစ်ရမယ်"
"သူ ငါ့ကို မရိပ်မိသေးဘူး"
"အခု တိုက်ခိုက်မယ်ဆိုရင် သူ့ကို အပြတ်အသတ် သတ်ပစ်နိုင်လိမ့်မယ်"
ရှိထျန်းဟောက်၏ အကြည့်မှာ ထက်မြက်လာသည်။ အရာအားလုံး ပြင်ဆင်ပြီးနောက် နတ်ဆိုးဧကရာဇ်ကြီး ယိုင်တိုင်တိုင်ဖြင့် မတ်တတ်ရပ်လိုက်သည့် အချိန်ကို စောင့်ဆိုင်းကာ သတိပေးချက်မရှိဘဲ ရုတ်တရက် တိုက်ခိုက်လိုက်တော့သည်။
"နဂါးအာဏာရှင် လက်သီး"
ရှိထျန်းဟောက် ဟိန်းဟောက်လိုက်၏။ လက်မောင်းနှစ်ဖက်လုံးဖြင့် ရှေ့သို့ ရိုက်ချလိုက်ရာ ဧရာမ နဂါးလက်မောင်းပုံရိပ်ကြီး နှစ်ခုမှာ ချက်ချင်း ထွက်ပေါ်လာသည်။ ဖောင်းကြွနေသော ကြွက်သားများထံမှ ကုန်ကြမ်းစွမ်းအားများ ပြည့်လျှံနေပုံရ၏။
ဝုန်း!
သူ၏ လက်သီးနှစ်ဖက်လုံးမှာ နတ်ဆိုးဧကရာဇ်ကြီး၏ ကျောပြင်ပေါ်သို့ တည့်တည့် ကျရောက်သွားသည်။ ထိုနတ်ဆိုးမှာ ဤနေရာတွင် အသက်ရှင်နေသော သတ္တဝါတစ်ဦးဦး ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။ သူ ပခုံးနှစ်ဖက်ကြားရှိ ထိုတိုက်ကွက်ကို အပြည့်အဝ ခံလိုက်ရသည်။ ပြန်လည် မတုံ့ပြန်နိုင်မီမှာပင် ရှိထျန်းဟောက်မှ အနီးကပ် ပြေးဝင်လာပြီး အင်းစာရွက်တစ်ရွက်ကို ကပ်လိုက်၏။ ဖြူစင်သော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်သွားတော့သည်။ ၎င်းသည် နတ်ဆိုးဧကရာဇ်ကြီး၏ ရင်ဘတ်ကို ပွင့်ထွက်သွားစေလေသည်။ တဒိတ်ဒိတ် ခုန်နေဆဲဖြစ်သော ထိုနတ်ဆိုးနှလုံးသားမှာ မျက်စိတစ်မှိတ်အတွင်း အစိပ်စိပ်အမွှာမွှာ ဖြစ်သွားတော့သည်။
ရှိထျန်းဟောက်သည် ပြာဖြစ်သွားသော အင်းစာရွက်ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ ဤအင်းစာရွက်ကို နတ်ဆိုးနှိမ်နင်းခြင်း အင်းဟု သိကြသည်။ နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲအတွင်း၌ ကောင်းကင်အင်းဆက်ဂိုဏ်းမှ အထွတ်အထိပ်အဆင့် သို့မဟုတ် ထို့ထက်မြင့်သော ကျင့်ကြံသူများသာလျှင် ဤကဲ့သို့သော အင်းမျိုးကို ရေးဆွဲနိုင်ကြသည်။ စစ်ပွဲအပြီးတွင် နတ်ဆိုးမျိုးနွယ်စုများမှာ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့၏။ ရေးဆွဲရန် ခက်ခဲခြင်းနှင့် လိုအပ်သော ကုန်ကြမ်းများ ရှားပါးခြင်းတို့ကြောင့် နတ်ဆိုးနှိမ်နင်းခြင်း အင်းမှာ တဖြည်းဖြည်းနှင့် ရှားပါးလာခဲ့သည်။ ယနေ့ခေတ်တွင်မူ ဤအင်းကို ရေးဆွဲတတ်သည့် ကျင့်ကြံသူ အရေအတွက်မှာ အလွန်ပင် နည်းပါးလှသည်။
ရှိထျန်းဟောက်သည် ဤအင်းစာရွက်ကို ကောင်းကင်အင်းဆက်ဂိုဏ်းမှ လှည့်လည်သွားလာနေသော တပည့်တစ်ဦးကို ချောင်းမြောင်းတိုက်ခိုက်ပြီး သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။ ထိုစဉ်က သူ ဒဏ်ရာရဟန်ဆောင်ကာ ထိုတပည့်၏ သနားမှုကို အသုံးချပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ တရားမျှတသော တိုက်ပွဲဆိုလျှင် သူ အနိုင်ရနိုင်မည် မဟုတ်ပေ။
ဘုန်း!
နတ်ဆိုးဧကရာဇ်ကြီးသည် ဒေါသတကြီးဖြင့် သူ၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး နောက်သို့ လဲကျသွားတော့သည်။ သူ သေဆုံးချိန်အထိပင်လျှင် ဓမ္မအမှတ်အသား ၂၀ မျှသာရှိသော အဆင့်နိမ့် ကျင့်ကြံသူတစ်ဦး၏ လက်ထဲတွင် မည်သို့ ကျဆုံးသွားရသည်ကို နားမလည်နိုင်ခဲ့ပေ။
"ဒါက အလောင်းတပ်ဖွဲ့ရဲ့ အဆင့်မြင့်နတ်ဆိုးပဲ… ငါ သူ့ကို သွေးနတ်ဆိုး ရူးသွပ်အလောင်းကောင်အဖြစ် သန့်စင်နိုင်မယ်ဆိုရင် ဒါက ငါ့ရဲ့ စွမ်းအားတွေအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်လာမှာပဲ”
ရှိထျန်းဟောက်သည် အလွန်အမင်း ဝမ်းသာသွားပြီး အလောင်းသန့်စင်ခြင်း လုပ်ငန်းစဉ်ကို ချက်ချင်း စတင်လိုက်သည်။
သွေးနတ်ဆိုး အလောင်းသန့်စင်ခြင်း နည်းစနစ်မှာ ဗာဂျရ အလောင်းသန့်စင်ခြင်း နည်းစနစ်နှင့် မတူပေ။ ၎င်းသည် မည်သည့် အလောင်းသန့်စင်ဆေးရည်ကိုမျှ မလိုအပ်ပေ။ သူ့ နည်းစနစ်မှာ သဘာဝတရား၏ အကြမ်းထည် စွမ်းအင်ပေါ်တွင်သာ အခြေခံ၏။ သူသည် သခင်နှင့် ကျွန်အဖြစ် ချိတ်ဆက်ရန် နတ်ဘုရားအာရုံကို ထိုအလောင်းအတွင်းသို့ ထည့်သွင်းရုံသာ လိုအပ်သည်။ ထို့နောက် သွေးနတ်ဆိုး အလောင်းသန့်စင်ခြင်း နည်းစနစ်ကို အသက်သွင်းခြင်းဖြင့် သန့်စင်ထားသော သွေးအနှစ်သာရများကို ထိုခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းရမည် ဖြစ်သည်။ ဤသည်မှာ အလောင်းကို အာဟာရကျွေးခြင်း ဖြစ်၏။ ၎င်းကို အတိုင်းအတာတစ်ခုအထိ ပြုစုပျိုးထောင်ပြီးပါက ထိုအလောင်းသည် သူ့အလိုလို နိုးထလာလိမ့်မည်။ ထိုအချိန်တွင် သန့်စင်ခြင်း ပြီးမြောက်သွားပြီး သွေးနတ်ဆိုး ရူးသွပ်အလောင်းကောင် တစ်ရုပ် မွေးဖွားလာတော့သည်။
ဤလုပ်ငန်းစဉ်၏ ကြာချိန်မှာ တစ်ခါနှင့်တစ်ခါ မတူပေ။ ကံကောင်းလျှင် တစ်နာရီ သို့မဟုတ် နှစ်နာရီအတွင်း ပြီးစီးနိုင်၏။ ကံမကောင်းလျှင်မူ တစ်လ သို့မဟုတ် ထို့ထက်မက ကြာမြင့်နိုင်သည်။ ရှိထျန်းဟောက် ယခင်က ကြိုးစားခဲ့ဖူးရာ အကြိမ်တိုင်းတွင် သူ၏ သွေးအနှစ်သာရ အမြောက်အမြားကို ကုန်ဆုံးစေခဲ့သည်။ အလောင်းများမှာ အလွန်အားနည်းလွန်းသဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သော်လည်း ထိုသို့ အလဟဿ ဖြစ်ခြင်းများက သူ၏ ကျင့်ကြံမှု အရှိန်အဟုန်ကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သို့သော်လည်း ရှိထျန်းဟောက်သည် သူ၏ ကံအပေါ်တွင် အမြဲတမ်း ယုံကြည်မှု ရှိသည်။ သူ၏ ကံကြမ္မာမှာ အစဉ်အမြဲပင် ထူးခြားဆန်းပြားခဲ့သည် မဟုတ်ပါလား။ ယခုလည်း ထိုခန္ဓာကိုယ်မှာ လုံလောက်အောင် ခိုင်မာလှသည်။ နောက်ဆုံး ကျန်ရှိနေသည့် အစိတ်အပိုင်းမှာ ကံ ပင် ဖြစ်သည်။
သေချာပေါက်ပင်။
နှစ်နာရီမျှ ကြာပြီးနောက်၊ နတ်ဆိုးအလောင်းအတွင်းသို့ သူ ထိုးသွင်းထားသော သွေးအနှစ်သာရများ စတင်လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။
သူ အရှိန်မြှင့်လိုက်ပြီး သွေးအရှိန်အဝါများကို နတ်ဆိုးဧကရာဇ်ကြီးအတွင်းသို့ ပိုမို လောင်းထည့်လိုက်၏။ နောက်ထပ် တစ်နာရီ ကုန်ဆုံးသွားသည်။ ရုတ်တရက် အလောင်းမှာ တွန့်ခနဲ လှုပ်သွားသည်။ အတွင်းရှိ သွေးအနှစ်သာရများမှာ အကောင်းဆုံးသော အာဟာရများ ဖြစ်လာပြီး သူ၏ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးလိုက်လေ၏။ ဖြတ်တောက်ခံထားရသော လက်မောင်းများပင် ခဏအတွင်း၌ ပြန်လည် ကောင်းမွန်လာခဲ့သည်။ မကြာမီမှာပင် နတ်ဆိုးဧကရာဇ်ကြီးသည် ယိုင်တိုင်တိုင်ဖြင့် မတ်တတ်ရပ်လိုက်ပြီး အသိစိတ်မရှိဘဲ ရှိထျန်းဟောက်ဆီသို့ လျှောက်လာခဲ့သည်။
ရှိထျန်းဟောက်၏ မျက်လုံးများမှာ ဝမ်းသာအားရဖြင့် တောက်ပလာသည်။
သူ စိတ်လှုပ်ရှားစွာ အမိန့်ပေးလိုက်၏။
"မင်းရဲ့လက်ကို မြှောက်စမ်း"
နတ်ဆိုးသည် သူ၏ ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
အောင်မြင်သွားပြီ။
ရှိထျန်းဟောက် အလွန် စိတ်လှုပ်ရှားသွားသည်။ ဤသည်မှာ နတ်ဆိုးအလောင်း တစ်လောင်းပင် ဖြစ်သည်။ ဤနတ်ဆိုးသည် ယင်းစန်းဟွာနှင့် ဆင့်ပိုင်ကဲ့သို့သော ကျင့်ကြံသူများနှင့် အညီအမျှ တိုက်ခိုက်နိုင်ခဲ့သူဖြစ်ရာ သူ၏ ခွန်အားမှာ သံသယဖြစ်ဖွယ်မရှိအောင် အစွမ်းထက်လှသည်။ အကောင်းဆုံး အခြေအနေတွင်မူ သူသည် အနည်းဆုံး ဓမ္မအမှတ်အသား ၉၀ ရှိသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှ၏။ သန့်စင်ခြင်းကြောင့် သူ၏ စွမ်းအား အနည်းငယ် လျော့ကျသွားလျှင်ပင် ဓမ္မအမှတ်အသား ၇၀ သို့မဟုတ် ၈၀ ရှိသူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်ဆဲပင်။ ဤကဲ့သို့သော အင်အားစုတစ်ခု သူ၏ ဘေးတွင် ရှိနေပြီဖြစ်ရာ ရှိထျန်းဟောက်သည် မြစိမ်းရောင် ဂူဗိမာန်အတွင်း မည်သည့်အရာကိုမျှ မကြောက်ဘဲ လျှောက်လှမ်းနိုင်ပြီ ဖြစ်၏။
"ကောင်းကင်ကြီးက တကယ်ပဲ ငါ့ဘက်မှာ ရှိနေတာပဲ"
ရှိထျန်းဟောက် ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူ၏ ရယ်မောသံမှာ တိတ်ဆိတ်နေသော ချောက်နက်အတွင်း၌ ပဲ့တင်ထပ်သွားပြီး ကြမ်းတမ်းကာ နားမခံသာအောင် ဖြစ်နေတော့သည်။
"ဆက်ပြီး လျှောက်ကြရအောင်"
ခဏမျှ ရယ်မောပြီးနောက် ရှိထျန်းဟောက် ခရီးဆက်လိုက်သည်။ သူ၏ စိတ်အာရုံ တစ်ချက်ဖြင့် သွေးနတ်ဆိုး ရူးသွပ်အလောင်းကောင်မှာ သူ၏ နောက်ကနေ ကပ်လျက် လိုက်ပါလာခဲ့သည်။
"မင်းအတွက် နာမည်တစ်ခု ပေးရမလား… ဘာပဲဖြစ်ဖြစ် မင်းက ငါ့ဘက်မှာ အချိန်အတော်ကြာ ရှိနေမှာပဲလေ"
ရှိထျန်းဟောက်သည် တစ်ယောက်တည်း ခေါင်းညိတ်လိုက်ပြီး လမ်းလျှောက်ရင်း နာမည်များကို စဉ်းစားနေတော့သည်။
Chapter 641: ချောက်အောက်ခြေ
တစ်ချိန်တည်းမှာပင်—
ကျောက်စိမ်းတံတားအောက်ခြေ ချောက်နက်ကြီး၏ အခြားတစ်နေရာ၌။
ဝုန်း!
အရပ်ရှည်ရှည် ပုံရိပ်တစ်ခုသည် အထက်မှ ရုတ်တရက် ပြုတ်ကျလာသည်။ သူ၏ ရိုက်ခတ်မှုအရှိန်ကြောင့် အနီးနားရှိ အလောင်းများမှာ လွင့်စင်ထွက်ကုန်၏။ အသားစများနှင့် အရိုးစုများမှာ အရပ်ရပ်သို့ ပျံ့လွင့်သွားတော့သည်။ ထိုပုံရိပ်ထံမှ လေပြင်းတစ်ချက် ဝေ့တိုက်သွားပြီး ဖုန်မှုန့်နှင့် အခိုးအငွေ့များကို ဖယ်ရှားလိုက်သောအခါ သူ၏မျက်နှာ ပေါ်ထွက်လာသည်။
သူသည် ရှန်မို ပင် ဖြစ်သည်။ မတော်တဆ ပြုတ်ကျလာသော ရှိထျန်းဟောက်နှင့် မတူသည်မှာ သူသည် မိမိသဘောဆန္ဒအလျောက် ဆင်းလာခြင်းဖြစ်၏။ ကျင့်ကြံသူအများစုမှာ ကျောက်စိမ်းတံတားအောက်ရှိ ချောက်နက်ကြီးမှာ အဆုံးမရှိဟု ယုံကြည်ကြသဖြင့် ဆင်းရန် မဝံ့ရဲကြပေ။ ထိုသို့ဆင်းရန် ဖြစ်နိုင်သည်ဟု တွေးမိသူပင် အနည်းငယ်သာ ရှိသည်။ သို့သော် ရှန်မိုမှာမူ ဤနေရာ တည်ရှိမှုကို အစောကတည်းက သိရှိထားပြီးဖြစ်၏။ သေချာစွာ ပြင်ဆင်ထားပါက ချောက်အောက်ခြေသို့ သဘာဝကျကျ ရောက်ရှိနိုင်သော်လည်း ဤချောက်၏ ထူးခြားသော ဆွဲငင်အားကြောင့် ပျံသန်းရန် မဖြစ်နိုင်ပေ။ ခုန်ချရုံသာရှိပြီး ပြုတ်ကျသည့်ဒဏ်ကို ခံနိုင်ရည်ရှိရန် ခိုင်မာသော ခန္ဓာကိုယ်ရှိဖို့ လိုအပ်သည်။ ဝိညာဉ်စွမ်းအား တောင့်တင်းသော်လည်း ရုပ်ပိုင်းဆိုင်ရာ အားနည်းသော သာမန်ကျင့်ကြံသူများသာ ပြုတ်ကျခဲ့လျှင် သေချာပေါက် သေဆုံးပေလိမ့်မည်။
သို့သော် ရှန်မိုမှာမူ ဧရာမဆင် အကျဉ်းထောင်နှိမ်နင်းခြင်း နည်းစနစ်ကို ကျင့်ကြံထားသဖြင့် အလွန်အမင်း သန်မာသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ အောက်ခြေသို့ ဆင်းသက်ချိန်တွင် သူ၌ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့၏။ သူ၏ကျင့်စဉ်ကို ခဏမျှ လည်ပတ်စေလိုက်ရုံဖြင့် ထိုဒဏ်ရာများ ချက်ချင်း ပြန်လည်ပျောက်ကင်းသွားရာ မည်သည့်ပြဿနာမျှ မရှိပေ။
"ဒီနေရာက အလောင်းပုပ် အခိုးအငွေ့တွေက တကယ်ပဲ ထူထပ်တာပဲ"
ရှန်မို ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အလောင်းအမြောက်အမြားကို သူ တွေ့လိုက်ရ၏။ လူ၊ သားရဲနှင့် နဂါးများပင် ပါဝင်သည်။ ဖြစ်နိုင်သည်မှာ နတ်ဆိုးကျင့်ကြံသူများ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရသဖြင့် အသည်းအသန် ထွက်ပြေးရင်း တံတားပေါ်မှ ခုန်ချခဲ့ရသော ကံဆိုးသူများ ဖြစ်ပေလိမ့်မည်။
"ဟူရှင်းယွဲ့က ရှေ့နားမှာ ရှိရမယ်… နည်းနည်းလောက် လိုက်ရှာကြည့်ရင် တွေ့မှာပါ"
ရှန်မိုသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တိုးသွားလိုက်သည်။ သူ၏ သွေးအရှိန်အဝါများက ခန္ဓာကိုယ်ကို ဝန်းရံထားသဖြင့် ဤညစ်ညမ်းသော ပတ်ဝန်းကျင်မှ သူ့ကို ဘာမှမလုပ်နိုင်ပေ။
အခြားတစ်နေရာ၌…
နာကျင်လိုက်တာ။
အလွန်အမင်း နာကျင်လှသည်။
မခံမရပ်နိုင်အောင် နာကျင်လှသည်။
ဟူရှင်းယွဲ့ ရုတ်တရက် နိုးလာ၏။
သူ၏ နုနယ်ချစ်စဖွယ်ကောင်းသော မျက်နှာလေးမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။ ထိုမိန်းကလေး၏ နှင်းကဲ့သို့ ဖြူစင်သော ဆံပင်များမှာ သွေးများနှင့် အညစ်အကြေးများကြောင့် ပေပွနေပြီး တစ်ကိုယ်လုံးလည်း ဖရိုဖရဲ ဖြစ်နေတော့သည်။ ထို့အပြင် ခန္ဓာကိုယ် နေရာအနှံ့၌ နက်ရှိုင်းပြီး ကျဉ်းမြောင်းသော ဒဏ်ရာများ ရှိနေသည်။ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာတစ်ခုမှာမူ အရိုးဖြူဖြူပင် မြင်နေရသည်။
ဘာတွေ ဖြစ်သွားခဲ့တာလဲ။
သူ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်ပြီး မှတ်ဉာဏ်များကို တဖြည်းဖြည်း ပြန်လည် စုစည်းလိုက်သည်။
သူ၊ ယင်းစန်းဟွာ၊ ဆင့်ပိုင်နှင့် အောက်ဆန်းတို့သည် နတ်ဆိုးဧကရာဇ်ကြီးကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် ထိုနတ်ဆိုးသည် နဂါးသင်္ချိုင်းအတွင်းရှိ အက်ကြောင်းထဲသို့ ခုန်ချကာ ပျောက်ကွယ်သွားခဲ့၏။ အက်ကြောင်းအတွင်းမှ ထွက်ပေါ်လာသော အလောင်းပုပ် အခိုးအငွေ့များမှာ အလွန်အမင်း ပြင်းထန်လာသဖြင့် သူတို့ ဆုတ်ခွာခဲ့ကြရသည်။ သို့သော် မြစိမ်းတောင်အောက်သို့ ဆင်းလာပြီး ကျောက်စိမ်းတံတား အနီးသို့ ရောက်သောအခါ နတ်ဆိုးကျင့်ကြံသူ အမြောက်အမြား၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ တစ်ဦးချင်းဆိုလျှင် သူတို့မှာ အစွမ်းမထက်သော်လည်း အရေအတွက်မှာ အလွန်များပြားလှပြီး သေဆုံးပြီးသား အလောင်းများကိုလည်း စေခိုင်းနိုင်ကြ၏။
ထို့ကြောင့် ယင်းစန်းဟွာ၊ အောက်ဆန်းနှင့် ဆင့်ပိုင်တို့မှာ လမ်းခွဲ ဆုတ်ခွာရန်မှတစ်ပါး အခြားမရှိတော့ပေ။ အခြားသူများထက် အားနည်းသော ဟူရှင်းယွဲ့မှာမူ တံတားအစွန်းဘက်သို့ တွန်းပို့ခြင်းခံရပြီး အလျင်စလို ထွက်ပြေးရင်း ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။ သူ သေချာပေါက် သေပြီဟု ထင်ခဲ့၏။ သို့သော် မမျှော်လင့်ဘဲ ကျောက်စိမ်းတံတားအောက်ခြေမှာ အဆုံးမရှိသော ဟင်းလင်းပြင်ကြီး မဟုတ်ခဲ့ပေ။ သူ အလောင်းပုံကြီးပေါ်သို့ ကျခဲ့ခြင်း ဖြစ်၏။ ပျော့ပျောင်းသော အလောင်းများက ပြုတ်ကျသည့်ဒဏ်ကို အများစု စုပ်ယူပေးလိုက်သဖြင့် သူ့ အသက်ကို ကယ်တင်နိုင်ခဲ့သည်။
"မေမေက သမီးရဲ့ နတ်ဆိုးဘဝမှာ သေဘေးသုံးခု ကြုံရလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်... အခုက နောက်ထပ် သေဘေးတစ်ခုကနေ အသက်ရှင်ကျန်ရစ်တာလို့ ဆိုရမလား"
ဟူရှင်းယွဲ့သည် သူ့ ခေါင်းလေးကို ပွတ်သပ်ရင်း ခါးသီးစွာ ပြုံးလိုက်သည်။
ဂလု... ဂလု...
ရုတ်တရက် အနီးနားရှိ အလောင်းပုံအတွင်းမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။
သူ့ အမူအရာမှာ တည်ကြည်သွား၏။
ထို့နောက် မြေအောက်နက်နဲ သူတော်စင်ဝိညာဉ် အကာအကွယ်ဒိုင်းကို ချက်ချင်း ထုတ်ယူလိုက်သည်။ အစောပိုင်းက နတ်ဆိုးများ၏ ဝိုင်းရံမှုကို ခံရစဉ်က ဤသူတော်စင်လက်နက်ကြောင့်သာ သူ အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။ ထိုအသံပြုနေသောအရာမှာ အလောင်းများကို စားသုံးတတ်သည့် သတ္တဝါတစ်မျိုး ဖြစ်နိုင်သဖြင့် သူ အပြည့်အဝ သတိထားနေရမည်။
"ထွက်ခဲ့စမ်း"
ဟူရှင်းယွဲ့ အေးစက်စွာ အော်ဟစ်လိုက်သည်။ အလောင်းပုံထဲမှ အရာမှာလည်း ထိတ်လန့်သွားပုံရသည်။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ၎င်းသည် အလောင်းများအတွင်းမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ဟူရှင်းယွဲ့ မှင်တက်သွားရသည်။ ၎င်းမှာ ဖြူစင်တောက်ပသော သားရဲပေါက်လေးတစ်ကောင် ဖြစ်၏။ သူသည် အလွန်ပင် ဖြူစင်ပြီး မျက်စိကျစရာ ကောင်းလှသည်။ သူ့ပုံစံမှ ပတ်ဝန်းကျင်ရှိ သွေးစွန်းနေသော ညစ်ပတ်မှုများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ အနည်းငယ် ပိုပြောရမည်ဆိုလျှင် မှောင်မိုက်နေသော အမှောင်ထုကို ဖောက်ထွက်လာသည့် အလင်းတန်းလေးတစ်ခု ကဲ့သို့ပင်။
"မင်းက... တကယ်ပဲ ဘာလေးလဲ"
ဟူရှင်းယွဲ့ ထိုသတ္တဝါလေးကို စပ်စုသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ဤမျှ လှပချစ်စဖွယ်ကောင်းသော သတ္တဝါလေးမှာ ကြမ်းတမ်းသော မိစ္ဆာတစ်ကောင်နှင့် လုံးဝ မတူပေ။ ကောင်းကင်မြေခွေးမျိုးနွယ်စု၏ နတ်သမီးတစ်ဦးအနေဖြင့် ဟူရှင်းယွဲ့သည် ငယ်စဉ်ကတည်းက သားရဲမျိုးစိတ် အမျိုးမျိုးနှင့် ထိတွေ့ခဲ့ဖူးပြီး နတ်ဆိုးမျိုးနွယ်စု၏ သားရဲမှတ်တမ်း အမြောက်အမြားကိုလည်း ဖတ်ရှုခဲ့ဖူးသည်။
သူသည် အသိဉာဏ် ဗဟုသုတ အလွန်ကြွယ်ဝသူ ဖြစ်သည်။ သို့သော် သူပင်လျှင် ဤသားရဲလေးမှာ မည်သည့်အမျိုးအစား ဖြစ်သည်ကို ချက်ချင်း မခွဲခြားနိုင်ပေ။
"ဂလု၊ ဂလု!"
ဖြူစင်သော သားရဲပေါက်လေးမှာ ဟူရှင်းယွဲ့ထံမှ ရင်းနှီးမှုကို အာရုံခံမိပုံရသဖြင့် နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။ ထို့နောက် သူ့အနီးသို့ စတင် ချဉ်းကပ်လာခဲ့သည်။ ဟူရှင်းယွဲ့မှ သူ၏လက်ကို ကမ်းပေးလိုက်၏။ ခဏအကြာတွင် ထိုသတ္တဝါလေးမှာ ဘေးတွင် ပျော်ရွှင်စွာ ခုန်ပေါက်ပြေးလွှားနေတော့သည်။ လောကကြီးတွင် အကောင်းဆုံးသော အဖော်ကို ရှာတွေ့သွားသည့်အလားပင်။
ရုတ်တရက် ပြင်းထန်သော နာကျင်မှုတစ်ခုက ဟူရှင်းယွဲ့၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။ သူ ငုံ့ကြည့်လိုက်ရာ အလောင်းပုပ် အခိုးအငွေ့များမှာ သူမ၏ ပွင့်နေသော ဒဏ်ရာအတွင်းသို့ ကျူးကျော်ဝင်ရောက်နေပြီ ဖြစ်သည်။
ရင်ထဲတွင် ထိတ်လန့်သွားရ၏။ အလောင်းပုပ် အခိုးအငွေ့များမှာ ဖယ်ရှားရန် အလွန်ခက်ခဲလှသည်ဟု နာမည်ကြီးသည်။ သူ အချိန်မဖြုန်းနိုင်တော့ပေ။ ဤချောက်နက်ကြီးအတွင်းမှ အမြန်ဆုံး ထွက်ခွာရမည်။
ဖြူစင်သော သားရဲလေးမှာ သူ စိတ်မသက်မသာ ဖြစ်မှုကို သတိပြုမိပုံရပြီး ဘေးသို့ ချက်ချင်း ရောက်လာသည်။ ၎င်းသည် ပန်းရောင်သန်းနေသော လျှာလေးကို ထုတ်ကာ ဒဏ်ရာကို ဖြည်းဖြည်းချင်း လျက်ပေးလိုက်၏။ ဟူရှင်းယွဲ့သည် အသိစိတ်ဝင်ကာ ၎င်းကို တွန်းထုတ်ရန် ကြိုးစားလိုက်သော်လည်း ဒဏ်ရာကို ပြန်လည်ငုံ့ကြည့်လိုက်သည့်အခါ မျက်စိရှေ့တင် ပျောက်ကင်းသွားသည်ကို တွေ့လိုက်ရသည်။
သူ မျက်လုံးများ ပြူးကျယ်လျက် မှင်တက်သွားရ၏။
ဒါက ဘယ်လို သားရဲမျိုးလဲ။
၎င်း၏ တံတွေးကပင် ဒဏ်ရာများကို ပျောက်ကင်းစေနိုင်တာလား။
"ဒါက ဟင်းလင်းပြင် နယ်ပယ်က လာတဲ့ ဟင်းလင်းပြင် သားရဲလား"
ဟူရှင်းယွဲ့ ပိုစဉ်းစားလေလေ ဖြစ်နိုင်ခြေ ပိုရှိလေလေ ဖြစ်နေသည်။ သူ တောင်ပိုင်းကျွန်းစုများ၊ အရှေ့တိုက်၊ အလယ်တိုက်နှင့် အနောက်ပိုင်း ရေနစ်ပင်လယ်တို့ရှိ သားရဲမျိုးစိတ် အားလုံးနီးပါးကို မြင်တွေ့ဖူးသည်။ အဆန်းပြားဆုံး သတ္တဝါများပင်လျှင် အနည်းဆုံးတော့ မှတ်တမ်းများတွင် ရှိနေကြ၏။ ဟင်းလင်းပြင် သားရဲများမှာသာ သူ လုံးဝ မသိရှိရသေးသည့် အရာများ ဖြစ်နေသည်။ အကြောင်းမှာ ထိုသတ္တဝါများကို သာမန်သားရဲများအဖြစ်ပင် သတ်မှတ်၍ မရတော့သောကြောင့် ဖြစ်၏။ အချို့သော ပညာရှင်များက သူတို့ကို "ဟင်းလင်းပြင် နတ်သားရဲ" ဟု ခေါ်ရန်ပင် အကြံပြုထားကြသည်။
ဟင်းလင်းပြင် နတ်သားရဲများသည် မွေးရာပါ အလွန်အစွမ်းထက်သော ပါရမီများကို ပိုင်ဆိုင်ထားကြ၏။ ပြင်ပအင်အားစုများ၏ နှောင့်ယှက်မှု မရှိပါက သူတို့သည် အနိမ့်ဆုံး အဆင့် ၁၀ အထိ ရောက်ရှိနိုင်ရာ ၎င်းမှာ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသည်။ အချို့သော ရှားပါးသည့် နတ်သားရဲများမှာမူ ၎င်းတို့၏ မျိုးနွယ်စုတွင် တစ်ကောင်တည်းသာ တည်ရှိတတ်၏။ ထိုကဲ့သို့သော သတ္တဝါများသည် စားသောက်ပြီး အိပ်စက်ရုံမျှဖြင့် အဆင့် ၁၁ သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်ကြသည်။ သူတို့ကို သူတော်စင်သားရဲများဟု သိကြပြီး စိတ်ကူးကြည့်ရန်ပင် ခက်ခဲလောက်အောင် ရှားပါးလှသည်။
"ဂလု!"
ဖြူစင်သော သားရဲလေးသည် ဟူရှင်းယွဲ့ကို မော့ကြည့်ကာ နောက်တစ်ကြိမ် အော်လိုက်ပြန်သည်။ သူ ငုံ့ကြည့်လိုက်ရာ ဒဏ်ရာမှာ လုံးဝ ပိတ်သွားပြီ ဖြစ်သည်။ အလောင်းပုပ် အခိုးအငွေ့များပင် လုံးဝ သန့်စင်သွားခဲ့လေပြီ။
ဟူရှင်းယွဲ့ အလွန်အမင်း စိတ်လှုပ်ရှားသွားရ၏။ ထိုအချိန်မှာပင် သားရဲလေးသည် ခေါင်းငုံ့လိုက်ပြီး သူ၏ နဖူးလေးကို ဟူရှင်းယွဲ့၏ လက်ဝါးထဲသို့ ဖြည်းဖြည်းချင်း အပ်နှံလိုက်သည်။
သူ ကြောင်သွားသည်။ ထို့နောက် ရုတ်တရက် နားလည်သွားသည်မှာ သားရဲလေးမှ ပဋိညာဉ် ဖွဲ့လိုက်ခြင်းပင် ဖြစ်သည်။ သာမန် ပဋိညာဉ်မျိုး မဟုတ်ပေ။ ၎င်းမှာ ရှေးအကျဆုံးနှင့် အမြင့်မြတ်ဆုံးသော ဟင်းလင်းပြင် ဝိညာဉ် ပဋိညာဉ်ပင်။ ၎င်းမှာ သခင်နှင့် ကျွန် အနှောင်အဖွဲ့ မဟုတ်ဘဲ တန်းတူညီမျှသော ပဋိညာဉ် ဖြစ်၏။ အကယ်၍ မည်သည့်ဘက်ကမဆို ပဋိညာဉ်ကို ဖောက်ဖျက်ပါက ဟင်းလင်းပြင် လှိုင်းလေများ၏ ဆွဲဖြတ်ခြင်းကို ခံရပေလိမ့်မည်။ ဤကဲ့သို့သော ပဋိညာဉ်မျိုးကို ဟင်းလင်းပြင် နတ်သားရဲများသာ ဖွဲ့နိုင်သည်ဟု ဒဏ္ဍာရီများတွင် ဆိုကြသည်။
"မင်းက တကယ်ပဲ ဟင်းလင်းပြင် နတ်သားရဲလေး တစ်ကောင်ပဲ..."
ဟူရှင်းယွဲ့ အံ့ဩဝမ်းသာမှုများဖြင့် ပြည့်နှက်သွားသည်။ ချောက်ထဲ ပြုတ်ကျပြီး သေဘေးမှ လွတ်မြောက်ရုံတင်မကဘဲ ဟင်းလင်းပြင် နတ်သားရဲလေးတစ်ကောင်ကိုပါ ရရှိခဲ့သည် မဟုတ်ပါလား။
"သားရဲလေး… မင်း အပြင်ထွက်တဲ့ လမ်းကို သိလား" သူ ကြင်နာစွာ မေးလိုက်သည်။
သားရဲလေးက သူ၏ ခေါင်းလေးဖြင့် တွန်းလိုက်ပြီးနောက် မသိကြောင်း ခေါင်းခါပြလိုက်သည်။
ဟူရှင်းယွဲ့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ ထိုသားရဲလေးမှာ ဤနေရာတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပုံရသော်လည်း ထွက်ပေါက်ကိုတော့ မသိသေးပုံရသည်။
"ငါတို့တွေ တစ်ဆင့်ချင်းစီပဲ သွားကြရမှာပေါ့... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မြစိမ်းရောင် ဂူဗိမာန် မပိတ်ခင်မှာတော့ အပြင်ကို ရောက်အောင် ထွက်ရမယ်… မဟုတ်ရင်တော့ ငါ ဘယ်တော့မှ ထွက်နိုင်တော့မှာ မဟုတ်ဘူး"
သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
ခဏမျှ လမ်းလျှောက်ပြီးနောက် သူ ရှေ့တွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ ထို့နောက် ဟူရှင်းယွဲ့၏ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း ပုန်းကွယ်လိုက်သည်။ သို့သော် ထိုပုံရိပ်မှာ သူ့ကို သတိထားမိပြီးသား ဖြစ်၏။
"ထွက်ခဲ့ပါ… ငါ မင်းကို မြင်ပြီးသား"
ဟူရှင်းယွဲ့ ရှက်ကိုးရှက်ကန်း အပြုံးလေးဖြင့် ထွက်လာခဲ့သည်။ ချောက်အောက်ခြေရှိ မှိန်ပျပျ အလင်းရောင်ကို အသုံးပြု၍ သူ ထိုသူ၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
သူသည် ယင်းစန်းဟွာထက်ပင် စောပြီး နဂါးသင်္ချိုင်းအတွင်းသို့ ဝင်ရောက်သွားခဲ့သော လူသားကျင့်ကြံသူ ဖြစ်၏။
"ကျွန်မ မှတ်မိတယ်... ရှင့်နာမည်က ရှန်မို မဟုတ်လား" သူ ခပ်တိုးတိုးလေး မေးလိုက်သည်။
Chapter 642: ကျီစိမ်းသားရဲပေါက်
ရှန်မို ခပ်မှိန်မှိန်လေး ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဟူရှင်းယွဲ့နှင့် ဤမျှစောစော တွေ့ဆုံလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ချောက်နက်ကြီး၏ အောက်ခြေတွင် အတော်ကြာအောင် လိုက်ရှာရလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်၏။ သူ့လက်မောင်းကြားကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ ပွေ့ပိုက်ထားသော ဖြူစင်သည့် သားရဲပေါက်လေးကို မြင်လိုက်ရသည်။ ထိုသားရဲလေး၏ ကိုယ်ရေးအချက်အလက်ကို တစ်ချက်နှစ်ချက် ကြည့်လိုက်ရုံဖြင့် ၎င်း၏ ရှားပါးမှုနှင့် ပတ်သက်သမျှကို သူ အကုန်သိရှိသွား၏။
ဤသားရဲကို ကျီစိမ်းဟု ခေါ်ပြီး ရှိကျဲ မျိုးစိတ်များကဲ့သို့ပင်။ ၎င်းမှာ ဟင်းလင်းပြင် သားရဲ သို့မဟုတ် ဟင်းလင်းပြင် နတ်သားရဲ တစ်မျိုးဖြစ်သည်။ ကျီစိမ်း၏ အရွယ်အစားမှာ မွေးဖွားလာစဉ်ကတည်းက ပုံသေဖြစ်သည်။ မွေးဖွားချိန်မှ သေဆုံးချိန်အထိ ဤအရွယ်ထက် ဘယ်တော့မှ ပိုကြီးလာမည် မဟုတ်ပေ။ ၎င်းသည် မှောင်မိုက်ခြင်း၊ ညစ်ညမ်းခြင်း၊ ယုတ်မာခြင်းနှင့် ပုပ်ပွခြင်းများကြားတွင် မွေးဖွားလာခဲ့သော်လည်း ကြင်နာတတ်ပြီး နူးညံ့သော သဘာဝကို ပိုင်ဆိုင်ထားသည်။ ဒဏ်ရာရနေသော သက်ရှိတစ်ဦးဦးကို တွေ့ရှိတိုင်း သူ့အသိစိတ်ဖြင့် ကုသပေးရန် ကြိုးစားတတ်သည်။ ဤသည်မှာ ၎င်း၏ မွေးရာပါ တွန်းအားပင်။ ကျီစိမ်း၏ တံတွေး၊ အမွှေးအမျှင်နှင့် သွေးသားများမှာပင် ထိပ်တန်းအဆင့် ကုသရေး ရတနာများ ဖြစ်ကြသည်။ ရှေးဟောင်းခေတ် ကျင့်ကြံသူများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရဖူးသည်။ ထိုအကြောင်းရင်းကြောင့်ပင် ၎င်းတို့၏ အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ ရှန့်ရွှမ်း နယ်ပယ်တစ်ခုလုံးတွင် ကျီစိမ်းတစ်ကောင်ကို ရှာဖွေရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ဟူရှင်းယွဲ့မှာ ဤကဲ့သို့သော နေရာမျိုးတွင် ကျီစိမ်းတစ်ကောင်နှင့် ဆုံတွေ့ရလောက်အောင် ကံကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အခြေအနေကို ကြည့်ရသည်မှာ သူတို့ချင်း ပဋိညာဉ် ဖွဲ့ပြီးသားလည်း ဖြစ်နေသည်။
ဟူရှင်းယွဲ့ ရှန်မိုကို ခဏမျှ အကဲခတ်လိုက်သည်။ ဤကျင့်ကြံသူမှာ အနည်းငယ် အေးစက်ပုံရသော်လည်း သူ၏ အရှိန်အဝါမှာ နူးညံ့ပြီး တည်ငြိမ်လှ၏။ ထို့ကြောင့် သူ သတ္တိမွေးကာ မေးလိုက်သည်။
"ရှင် အပြင်ထွက်တဲ့ လမ်းကို သိလား"
ရှန်မို ခေါင်းခါပြလိုက်၏။
"မသိဘူး"
အမှန်စင်စစ် သူ သိပါသည်။ သို့သော် သူ တစ်စုံတစ်ခုကို ရှာဖွေရန် ဤနေရာသို့ ရည်ရွယ်ချက်ရှိရှိ ဆင်းလာခြင်းဖြစ်ကြောင်း အတိအကျ ပြော၍ မဖြစ်ပေ။ ထို့ကြောင့် မသိသလို ဟန်ဆောင်နေခြင်းကသာ ပိုကောင်းပေလိမ့်မည်။
ဟူရှင်းယွဲ့ စိတ်ပျက်သွားပုံရ၏။ ခဏမျှ စဉ်းစားပြီးနောက် သူ အားနာတကြီးဖြင့် မေးလိုက်သည်။
"ရှင်က အစွမ်းထက်တယ်ဆိုတော့ ကျွန်မ ရှင့်နောက်က လိုက်ခဲ့လို့ ရမလား"
ရှန်မိုမှာ မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်သည်။
"ရပါတယ်… ဒါပေမဲ့ အဖိုးအခတော့ လိုမယ်"
ဟူရှင်းယွဲ့ ခေါင်းညိတ်သည်။
"ကျိုးကြောင်းဆီလျော်ပြီး ကျွန်မဆီမှာ ရှိတာဆိုရင် ပေးပါ့မယ်… အခုချက်ချင်း မပေးနိုင်ရင်တောင် သွေးနတ်ဘုရား နတ်ဆိုးနန်းတော်ကို ပြန်ရောက်ရင် တစ်ယောက်ယောက်ကနေတစ်ဆင့် ပို့ပေးခိုင်းပါ့မယ်"
ရှန်မိုမှာ သူ့လက်မောင်းကြားရှိ သားရဲလေးကို ညွှန်ပြလိုက်သည်။
"အဲဒီ သားရဲလေးက ထူးခြားပုံရတယ်… အဲဒါကို လေ့လာဖို့အတွက် သူ့ရဲ့ အမွှေးတစ်စုလောက် လိုချင်တယ်"
ကျီစိမ်းလေးသည် ရှန်မိုကို သိသိသာသာ ကြောက်ရွံ့နေသဖြင့် ဟူရှင်းယွဲ့၏ လက်မောင်းကြားထဲသို့ ပို၍ တိုးဝင်သွားတော့သည်။ ဟူရှင်းယွဲ့ စဉ်းစားကြည့်လိုက်သည်။ ဤတောင်းဆိုချက်မှာ အလွန်အကျွံ ဖြစ်ပုံမရပေ။ အမှန်စင်စစ် သူသည် သားရဲမျိုးစိတ် အမျိုးမျိုးကို ဗဟုသုတ ကြွယ်ဝသော်လည်း ဤတစ်ကောင်ကိုတော့ မခွဲခြားနိုင်ခဲ့ပေ။ ရှန်မိုမှာလည်း တောင်ပိုင်းကျွန်းစု၏ အင်အားကြီး ငါးခုမှ မဟုတ်သဖြင့် သူ မည်မျှပင် အားထုတ်ပြီး လေ့လာပါစေ၊ ဘာမှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ဟု တွေးမိသည်။ ကျီစိမ်းလေးနှင့် ခဏမျှ စကားပြောပြီးနောက် သူ ၎င်း၏ နောက်မြီးနားမှ ဖြူစင်သော အမွှေးတစ်စုကို ဖြည်းဖြည်းချင်း နုတ်ယူကာ ရှန်မိုကို ပေးလိုက်သည်။
သူ ခေါင်းညိတ်ပြီး လက်ခံလိုက်၏။
"သွားကြမယ်… ဘယ်ကိုပဲ လျှောက်လျှောက် အဆုံးမှာတော့ ထွက်ပေါက်ကို ရှာတွေ့မှာပါ"
သူ ရှေ့က ဦးဆောင်ပြီး ဟူရှင်းယွဲ့မှ ကျီစိမ်းလေးကို ပွေ့ပိုက်ကာ နောက်ကနေ ကပ်လျက် လိုက်ပါလာခဲ့သည်။ သူတို့ကြားရှိ အကွာအဝေးမှာ အလွန်နီးကပ်ခြင်းလည်း မရှိ၊ အလွန်ဝေးကွာခြင်းလည်း မရှိပေ။ ဟူရှင်းယွဲ့၏ မျက်လုံးထဲတွင် ရှန်မိုမှာ အစွမ်းထက်သော သူစိမ်းတစ်ဦးမျှသာ ဖြစ်နေဆဲပင်။ ထို့ကြောင့် သဘာဝကျကျပင် အလွန်နီးကပ်စွာ လျှောက်လှမ်းရန် မဝံ့ရဲပေ။
ချောက်အောက်ခြေတစ်လျှောက် လျှောက်လှမ်းနေစဉ် အထက်ရှိ ကျောက်စိမ်းတံတားပေါ်မှ အလောင်းများမှာ မကြာခဏ ပြုတ်ကျလာတတ်သည်။ တစ်ခါတစ်ရံတွင် ပြုတ်ကျလာစဉ်က အသက်ရှင်နေဆဲ ဖြစ်သော်လည်း ချောက်အောက်ခြေသို့ ရောက်သည့်အခါတွင်မူ သေဆုံးသွားကြပြီ ဖြစ်၏။ နေ့တစ်နေ့ ကုန်ဆုံးသွားချိန်တွင် သူတို့နှစ်ဦးမှာ အသားစိုင်များအဖြစ် ကြေမွသွားသော အလောင်းများကို မြင်တွေ့ရခြင်း၌ ကျင့်သားရနေပြီ ဖြစ်သည်။
ပြုတ်ကျလာသော အလောင်းမှာ သူတို့အပေါ်သို့ ကျလုနီးပါးပင် ဖြစ်ခဲ့ဖူး၏။ ကံကောင်းထောက်မစွာဖြင့် ရှန်မို လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သဖြင့် ထိုဘေးဆိုးများမှ ရှောင်ရှားနိုင်ခဲ့သည်။
ထိုအချိန်မှာပင် ရှန်မိုသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ပြီး ရှေ့ဘက်ရှိ မှောင်မိုက်နေသော နေရာတစ်ခုသို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် အောက်ဘက်သို့ လျှောဆင်းသွားသော ဂူတစ်ခု ပွင့်နေသည်ကို တွေ့လိုက်ရ၏။ ဟူရှင်းယွဲ့၏ လက်မောင်းကြားရှိ ဖြူစင်သော သားရဲလေးသည် ထိုလားရာဘက်သို့ ဦးတည်ကာ အော်ဟစ်နေတော့သည်။ ၎င်းမှာ အရသာရှိသော အရာတစ်ခု၏ အနံ့ကို သေချာပေါက် ရရှိထားပုံရသည်။
ဟူရှင်းယွဲ့မှ စပ်စုလိုသော စိတ်ဖြင့် ပြောလိုက်သည်။
"အတွင်းထဲမှာ တစ်ခုခု ရှိနေနိုင်တယ်"
ရှန်မို ခေါင်းညိတ်သည်။
"အတွင်းထဲ ဝင်ကြည့်ရအောင်"
ဟူရှင်းယွဲ့မှာ တုံ့ဆိုင်းနေသည်။
"အန္တရာယ် ရှိနိုင်တယ်နော်... မသွားတာပဲ ကောင်းမယ် ထင်တယ်… ဘေးကင်းဖို့က ပိုအရေးကြီးတယ်လို့ ကျွန်မ ထင်တယ်"
ရှန်မို: "..."
ကောင်းကင်မြေခွေးမျိုးနွယ်စု၏ ဤနတ်သမီးသည် ဘာဖြစ်လို့ မြေအောက်နက်နဲ သူတော်စင်ဝိညာဉ် အကာအကွယ်ဒိုင်းကို ချက်ချင်း ရွေးချယ်ခဲ့သလဲဆိုတာ အံ့ဩစရာ မရှိတော့ပေ။ သူသည် ခံစစ်ကို အမြင့်ဆုံး မြှင့်တင်ထားရုံတင်မကဘဲ အန္တရာယ်ရှိသော နေရာအားလုံးကိုလည်း အသိစိတ်ဖြင့် ရှောင်ရှားတတ်သေးသည်။ စဉ်းစားကြည့်လိုက်သောအခါ ဤအရာမှာ ဟူရှင်းယွဲ့၏ ကံကြမ္မာ ဖွဲ့စည်းပုံနှင့် သက်ဆိုင်ပေလိမ့်မည်။ ကောင်းကင်မြေခွေးမျိုးနွယ်စုမှာ ဟောပြောချက်အတတ်ပညာတွင် ကျွမ်းကျင်ခြင်းကြောင့် အမြဲတမ်း ကျော်ကြားလှသည်။ လူကြီးမိဘများမှာ သူ့ ကံကြမ္မာ လမ်းကြောင်းကို ဟောကိန်းများမှတစ်ဆင့် မြင်တွေ့ခဲ့ရပြီး ဖြစ်နိုင်သမျှ အန္တရာယ်များကို ရှောင်ရှားရန် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားခြင်း ဖြစ်ရမည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် အခွင့်အလမ်းအချို့နှင့် ရတနာအချို့ကို လက်လွတ်ရနိုင်သော်လည်း အသက်ရှင်နိုင်စွမ်းမှာမူ အမြင့်ဆုံး ဖြစ်နေပေလိမ့်မည်။ ၎င်းသည် မဆိုးလှသော မဟာဗျူဟာတစ်ခုပင်။
"ဒါဆိုရင် ငါတစ်ယောက်တည်းပဲ ဝင်သွားမယ်… အထဲမှာ ရတနာရှိရင် မင်းနဲ့ မဆိုင်ဘူးနော်"
ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။
ဟူရှင်းယွဲ့ နှုတ်ခမ်းစူလိုက်ပြီး
"ကောင်းပါပြီ… လက်ခံနိုင်ပါတယ်"
ရှန်မိုသည် ဂူအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလိုက်ပြီး အောက်ဘက်သို့ တည်ငြိမ်စွာ ဆင်းလာခဲ့သည်။ ဟူရှင်းယွဲ့မှာမူ ဂူအဝင်ဝတွင်သာ ကျန်ရစ်ခဲ့ပြီး အတွင်းသို့ တစ်လှမ်းမျှ မဝင်ပေ။ မကြာမီမှာပင် ရှန်မိုသည် ဂူ၏ အောက်ခြေသို့ ရောက်ရှိသွား၏။ လမ်းခရီးတစ်လျှောက်တွင် အနှောင့်အယှက် အနည်းငယ်သာ ရှိခဲ့သည်။ အသိစိတ်မဲ့သော ဝိညာဉ်သားရဲ အချို့က သူ့ကို တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ချက်ချင်းပင် နှိမ်နင်းခြင်း ခံလိုက်ရသည်။
ထိုအချိန်မှာပင် ရှေ့ဘက်ရှိ လမ်းကြောင်းမှာ ရုတ်တရက် ကျယ်ပြန့်သွားတော့သည်။ ဧရာမ မြေအောက်ခန်းမကြီးတစ်ခုမှာ သူ၏ရှေ့၌ ပေါ်လာ၏။ အခန်း အလယ်ဗဟိုတွင် ကြီးမားသော ကျင်းကြီးတစ်ခု ရှိနေသည်။ ဤနေရာရှိ အပူချိန်မှာ အလွန်ပြင်းထန်လှသည်။ စိတ်အာရုံ နယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးမှာ ဤအပူကို တောင့်ခံနိုင်မည် မဟုတ်ပေ။ အနည်းဆုံးတော့ အဆင့်တက်ခါစ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ပူပြင်းလှသော လေထုဒဏ်မှ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် ခိုင်မာသော ဝိညာဉ်ကာရံမှုကို တည်ဆောက်ရပေလိမ့်မည်။
ကျင်းကြီးအတွင်းမှ ရေစီးသံများ ထွက်ပေါ်နေသော်လည်း ဤကဲ့သို့ မြင့်မားသော အပူချိန်အောက်တွင် မည်သည့်ရေမျှ ရှိမနေသင့်ပေ။ အမှန်စင်စစ် ၎င်းမှာ ရေမဟုတ်ပေ။ ရှန်မို ကျင်း၏ အစွန်းသို့ လျှောက်သွားပြီး ငုံ့ကြည့်လိုက်သည်။ အတွင်း၌ မီးခိုးရောင် အရည်များ စီးဆင်းနေသည်ကို သူ ချက်ချင်း မြင်လိုက်ရ၏။ စီးဆင်းရာ အရင်းအမြစ် မရှိသော်လည်း ၎င်းမှာ သက်ရှိတစ်ခုကဲ့သို့ လှုပ်ရှားနေပြီး ကျင်းအတွင်း၌ အဆုံးမရှိ လည်ပတ်နေသည်။ ကျင်းအတွင်း၌ မရေမတွက်နိုင်သော ပုံရိပ်ငယ်လေးများမှာ အပြိုင်အဆိုင် ပတ်ပြေးနေကြသကဲ့သို့ပင်။
ဤသည်မှာ အခြားမဟုတ်ဘဲ နတ်ဘုရားရိပ် ကောင်းကင်ချောဆီပင်။ ၎င်းမှာ 'နတ်ဘုရားရိပ် ကောင်းကင်မီးလျှံ' ၏ အဖော်မွန်ရတနာ ဖြစ်သည်။ ထိုချောဆီသည် ဤကဲ့သို့ အဆက်မပြတ် လည်ပတ်နေခြင်းဖြင့်သာ နတ်ဘုရားရိပ် ကောင်းကင်မီးလျှံ၏ ကျန်ရှိနေသော စွမ်းအင်များကို ထိန်းသိမ်းထားနိုင်၏။ မဟုတ်ပါက ထိုစွမ်းအင်များ ပျံ့လွင့်ပြီး ပျောက်ကွယ်သွားပေလိမ့်မည်။ အကယ်၍ ထိုစွမ်းအင်များ ယိုစိမ့်သွားပါက ၎င်းမှာ နတ်ဘုရားရိပ် ကောင်းကင်ချောဆီ မဟုတ်တော့ဘဲ ဝိညာဉ်စွမ်းအား ကြွယ်ဝသော အရည်တစ်ခုမျှသာ ဖြစ်သွားပေလိမ့်မည်။ ၎င်းမှာ အသုံးဝင်သေးသည်မှာ မှန်သော်လည်း ရှန်မိုအတွက်မူ သာမန် ဝိညာဉ်စမ်းရေတစ်ခုနှင့် ထူးခြားမှု မရှိတော့ပေ။
သူ၏ စိတ်အာရုံမှာ လှုပ်ခတ်သွားသည်။ သူ မဆိုင်းမတွပင် ရွှေရောင် နဂါးအရှိန်အဝါ သံချပ်ကာကို ချွတ်လိုက်ပြီး ကျင်းအတွင်းသို့ ခုန်ချလိုက်သည်။
ဝှစ်!
နတ်ဘုရားရိပ် ကောင်းကင်ချောဆီမှာ အရပ်မျက်နှာ အားလုံးမှ ချက်ချင်းပင် တိုးဝင်လာပြီး သူ၏ ခန္ဓာကိုယ်ကို နွယ်ပင်များကဲ့သို့ ဝန်းရံကာ ညင်သာစွာ ပွတ်သပ်နေတော့သည်။ ထိုချောဆီသည် သူ၏ အသားစိုင်များကို အပြေးပြိုင်ကွင်းတစ်ခုကဲ့သို့ သဘောထားနေပုံရ၏။ ရှန်မို ငုံ့ကြည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော အရည်စုစုလေးများမှာ မရပ်မနား အဆက်မပြတ် လည်ပတ်နေသည်ကို မြင်လိုက်ရသည်။ သို့သော် တစ်ပတ်လည်တိုင်းတွင် နတ်ဘုရားရိပ် ကောင်းကင်မီးလျှံ၏ စွမ်းအင်မျှင်လေးတစ်ခုကို သူ၏ ခန္ဓာကိုယ်မှ စုပ်ယူလိုက်ပြီး သူ၏ ဝိညာဉ်နန်းတော်အတွင်းသို့ ဆွဲသွင်းလိုက်သည်။
သူ၏ အတွင်းပိုင်းကို ကြည့်လိုက်သောအခါ ထိုမီးလျှံများမှာ ယခုအခါ သူ၏ 'ရှိပိုင်ကျူး' စိတ်အာရုံကို လောင်ကျွမ်းနေပြီ ဖြစ်သည်။
သူ့ထံတွင် ဧရာမဆင်၊ မသေခြင်းမြစ်နှင့် တောက်လောင်နေသော နတ်ဘုရားမျက်လုံး ဟူသော စိတ်အာရုံ သုံးခုမှာ အဆက်မပြတ် သန့်စင်လောင်ကျွမ်းနေပြီးသား ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ သူသည် စိတ်အာရုံများကို လောင်ကျွမ်းစေသည့် နာကျင်မှုဒဏ်ကို ကျင့်သားရနေပြီ ဖြစ်သည်။ သို့သော် ယခုအခါ အသစ်တစ်ခု ထပ်မံ ပေါင်းစည်းလာသောအခါ နာကျင်မှုမှာ ရုတ်တရက် ထိုးတက်သွားတော့သည်။
သူ့ကို သတိလစ်မတတ်ပင် ဖြစ်သွားစေခဲ့သည်။ သို့သော် သွားကို တင်းတင်းစေ့ကာ အံတုခဲ့သည်။ ကျောက်စိမ်းတံတား၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးနောက် သူ့ဝိညာဉ်မှာ ယခင်ကထက် ပိုမို ခိုင်မာတောင့်တင်းလာခဲ့၏။ စိတ်အာရုံများကို လောင်ကျွမ်းစေသည့် နာကျင်မှုမှာ အရိုးထဲအထိ စိမ့်ဝင်နေသော်လည်း စိတ်ဆန္ဒမှာမူ လုံးဝ ယိမ်းယိုင်ခြင်း မရှိပေ။