အခန်း (၆၄၃-၆၄၅)
Vol. 43 Ch. 643-645
Chapter 643: ထွက်လမ်းသိတယ်
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
ကျင်းထဲရှိ နတ်ဘုရားရိပ် ကောင်းကင်ချောဆီများမှာလည်း တဖြည်းဖြည်း နည်းပါးလာ၏။ နောက်ဆုံးတွင်မူ ထိုချောဆီများ လုံးဝ ကွယ်ပျောက်သွားတော့သည်။ ၎င်း၏ ထူးဆန်းသော မီးလျှံစွမ်းအင် အားလုံးကို ရှန်မို စုပ်ယူလိုက်ပြီး သူ၏ ဝိညာဉ်နန်းတော်အတွင်း၌ သိုလှောင်ထားလိုက်လေသည်။ ဤစွမ်းအင်များမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် စိတ်အာရုံကို မရပ်မနား တည်ငြိမ်စွာ လောင်ကျွမ်းနေပေလိမ့်မည်။ ဤသည်မှာ ဓမ္မအမှတ်အသား တစ်ရာအထိ သွန်းလောင်းပြီးဆုံးသည့် အချိန်အထိပင်။
"ဟူး..."
ရှန်မို အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပြီး ကျင်းအတွင်းမှ မတ်တတ်ရပ်လိုက်သည်။ ရှိပိုင်ကျူး စိတ်အာရုံကို လောင်ကျွမ်းခြင်းမှာ သုံးနာရီကျော်မျှသာ ကြာမြင့်ခဲ့သော်လည်း ဓမ္မအမှတ်အသား ၁၂ ခုကို ဖန်တီးပေးနိုင်ခဲ့သည်။ ၎င်းသည် နတ်ဘုရားရိပ် ကောင်းကင်ချောဆီ၏ အာနိသင် မည်မျှ ပြင်းထန်သည်ကို ရှင်းလင်းစွာ ပြသနေ၏။
"သွားရမယ့် အချိန်တန်ပြီ"
"ဒီအချိန်ဆိုရင် ရှိထျန်းဟောက်က ဟူရှင်းယွဲ့နဲ့ ဆုံနေလောက်ပြီ မဟုတ်လား"
ရှန်မို ခပ်မှိန်မှိန်လေး ပြုံးလိုက်သည်။ "ဖြစ်နိုင်တာကတော့ ကံကြမ္မာ ဟောကိန်းထုတ်ထားတဲ့အတိုင်း သူက ဟူရှင်းယွဲ့ ပွေ့ထားတဲ့ ကျီစိမ်းလေးအပေါ် လောဘစိတ်တွေ ဖြစ်နေလောက်ပြီ"
ရှန်မို ခေါင်းကို မော့လျက် ဂူအဝင်ဝဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ ထိုအချိန်တွင် ဂူအပြင်ဘက်၌မူ ဟူရှင်းယွဲ့သည် ရောက်ရှိလာသူကို အလွန်အမင်း သတိထားလျက် စောင့်ကြည့်နေ၏။
သူ ထိုပုံရိပ်ကို မှတ်မိသည်။
နဂါးသင်္ချိုင်းအတွင်း၌ နတ်ဆိုးဧကရာဇ်ကြီး မြေအောက်အက်ကြောင်းထဲမှ တွားသွားထွက်လာပြီး ယွဲ့ရှင်းလောင်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့စဉ်က ဤလူသည် ယွဲ့ရှင်းလောင် အားနည်းနေချိန်ကို အခွင့်ကောင်းယူကာ လက်မောင်းကို ဖြတ်တောက်ပြီး ရွှေရောင်စာမျက်နှာကို လုယူခဲ့သူ ဖြစ်သည်။ ရှုပ်ထွေးမှုများကြားတွင် သူ နောက်ဆုံး သူတော်စင်လက်နက်ဖြစ်သော 'မုန်ညင်းစေ့ နဂါးအကြေးခွံဝတ်ရုံ' ကိုလည်း ခိုးယူသွားခဲ့သေး၏။ သူ ဒါတွေကို အားလုံး ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
ထိုစဉ်က သူ ဤလူ၏ ပုံပန်းသဏ္ဌာန်မှာ ရင်းနှီးသလို ခံစားရသဖြင့် ယုံကြည်ရသူတစ်ဦး ဖြစ်နိုင်သည်ဟု ထင်ခဲ့ဖူးသည်။ သို့သော် ထိုအဖြစ်အပျက်ပြီးနောက်တွင်မူ သူ့ နှလုံးသားထဲ၌ ဤလူကို မပတ်သက်သင့်သူအဖြစ် ချက်ချင်း သတ်မှတ်လိုက်တော့သည်။ ယခု သူ့ကို ထပ်မံ မြင်တွေ့ရသောအခါ သဘာဝကျကျပင် သူ အမြင့်ဆုံး သတိအနေအထားဖြင့် ရှိနေသည်။ ထိုလူမှ မကောင်းသော ရည်ရွယ်ချက်များ ထားရှိပြီး သူ့အပေါ် တစ်ခုခု ကြံစည်မှာကို စိုးရိမ်နေခြင်း ဖြစ်သည်။
ရှိထျန်းဟောက်မှာမူ ဟူရှင်းယွဲ့၏ သတိထားနေသော အမူအရာကို မြင်သောအခါ အားနာတကြီး ပြုံးပြရုံသာ တတ်နိုင်သည်။
"အနားကို တိုးမလာနဲ့"
ဟူရှင်းယွဲ့ ဟိန်းဟောက်လိုက်သည်။
ရှိထျန်းဟောက် ချောင်းတစ်ချက် ဟန့်လိုက်ပြီး
"ကောင်းကင်မြေခွေးမျိုးနွယ်စုရဲ့ နတ်သမီးလေး… ကျွန်တော့်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး… ကျွန်တော်တို့တွေ အတူတူ ခရီးသွားလို့ ရပါတယ်"
ဟူရှင်းယွဲ့ ခေါင်းခါပြလိုက်၏။
"ကျွန်မမှာ အဖော် ရှိပြီးသား"
ရှိထျန်းဟောက်မှ အလေးအနက် ပြောလိုက်သည်။
"ဒီချောက်နက်ထဲကနေ ဘယ်လို ထွက်ရမလဲဆိုတာ ကျွန်တော် သိတယ်… မင်းရဲ့ အဖော်ကတော့ လမ်းသိမယ် မထင်ဘူးနော်"
ဟူရှင်းယွဲ့ သူ့ကို အံ့ဩတကြီး ကြည့်လိုက်သည်။ အပြင်ထွက်မယ့် လမ်းလား။
ရှိထျန်းဟောက်သည် မိမိကိုယ်ကိုယ် ကျေနပ်နေပုံရသည်။ အပြင်ထွက်မည့် နည်းလမ်းကို သူ နတ်ဆိုးဧကရာဇ်ကြီး၏ မှတ်ဉာဏ်များအတွင်းမှ သိရှိခဲ့ခြင်း ဖြစ်သည်။ ဤချောက်နက်ကြီးမှာ သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်သည် ကျောက်စိမ်းတံတားကို တည်ဆောက်စဉ်က ကျင်းတစ်ခု တူးခဲ့သော်လည်း ဤမျှ မနက်ရှိုင်းခဲ့ပေ။ ၎င်းသည် ကိုးဘုံငရဲ ချောက်ကမ်းပါးကဲ့သို့ အောက်ခြေမရှိလောက်အောင် နက်ရှိုင်းသွားရခြင်း အကြောင်းရင်းမှာ နတ်ဆိုးအရှင်သခင် ရှီလွမ်း၏ ရုပ်အလောင်းက နှစ်ပေါင်းများစွာ မြေပြင်ကို တိုက်စားခဲ့သောကြောင့် ဖြစ်သည်။ ရှီလွမ်း၏ လက်အောက်ငယ်သား တစ်ဦးအနေဖြင့် နတ်ဆိုးဧကရာဇ်ကြီးမှာ အပြင်ထွက်မည့် လမ်းကို အလွယ်တကူ သိရှိထားသည်။
ယခုအခါ ရှိထျန်းဟောက်မှ ဟူရှင်းယွဲ့ကို ထွက်ပေါက်လမ်းညွှန်ပေးရန် ပြောနေခြင်းမှာ စေတနာသက်သက်ကြောင့် မဟုတ်ဘဲ သူ့ အဆင့်အတန်းကြောင့် ဖြစ်သည်။
ထိုမိန်းကလေးသည် သွေးနတ်ဘုရား နတ်ဆိုးနန်းတော်၏ မြင့်မြတ်သော မျိုးနွယ်စု သုံးခုအနက်မှ တစ်ခုဖြစ်သည့် ကောင်းကင်မြေခွေးမျိုးနွယ်စု၏ နတ်သမီး မဟုတ်ပါလား။
အကယ်၍ သူ့ကို ကယ်တင်နိုင်ခဲ့လျှင် သွေးနတ်ဘုရား နတ်ဆိုးနန်းတော်က သူ့ကို ကျေးဇူးတင်ကြမည် မဟုတ်ပါလား။
ထိုအရှိန်အဝါဖြင့် အနာဂတ်တွင် အရာအားလုံးမှာ ပို၍ လွယ်ကူသွားပေလိမ့်မည်။
"ရှင် တကယ်ပဲ အပြင်ထွက်တဲ့ လမ်းကို သိတာလား… ကျွန်မ သတိပေးထားမယ်… လိမ်ဖို့တော့ မကြိုးစားနဲ့နော်"
"ကျွန်မမှာ ဝိညာဉ်ကျောက်စိမ်းရှိတယ်… အကယ်၍ ကျွန်မ သေသွားရင် ကျွန်မ မေမေက ဘယ်သူ သတ်လိုက်တာလဲဆိုတာ ချက်ချင်း သိလိမ့်မယ်… ရှင်သာ ကျွန်မကို ရန်ပြုရဲရင် မေမေက ရှင့်ကို လောကကြီးရဲ့ အဆုံးအထိ လိုက်သတ်မှာ"
ဟူရှင်းယွဲ့ တည်ကြည်စွာ သတိပေးလိုက်ပြီး သူ့အမေဖြစ်သော လက်ရှိ ကောင်းကင်မြေခွေးမျိုးနွယ်စု ခေါင်းဆောင်၏ အမည်ကိုပင် ထည့်သွင်း ပြောဆိုလိုက်သည်။
ရှိထျန်းဟောက် ယုံကြည်မှုရှိရှိ ခေါင်းညိတ်ပြလိုက်သည်။
"သေချာတာပေါ့… ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာနဲ့ ရင်းပြီး ကျိန်ဆိုရဲပါတယ်"
ဟူရှင်းယွဲ့ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကျွန်မတို့ သုံးယောက် အတူတူ ထွက်သွားလို့ ရတာပေါ့… ခဏလောက် စောင့်ဦးနော်… သူ့ကို စောင့်ရမယ်"
ထိုအချိန်မှာပင် အထက်မှ အလောင်းတစ်ခု ရုတ်တရက် ပြုတ်ကျလာသည်။ ၎င်းသည် သူတို့နှစ်ဦးနှင့် ဝေးကွာသော နေရာသို့ ကျသွားသော်လည်း ပန်းထွက်လာသော အသားစများနှင့် အရိုးစများမှာ လေထဲသို့ ပျံ့လွင့်လာခဲ့၏။ အရိုးစတစ်ခုမှာ ဟူရှင်းယွဲ့၏ ပါးပြင်ကို တိုက်ရိုက် ထိုးဖောက်သွားသဖြင့် သွေးများ ချက်ချင်း စီးကျလာတော့သည်။ သူ အော်ဟစ်လိုက်မိပြီး မျက်နှာကို အမြန် အုပ်လိုက်ရသည်။
သူ့ လက်မောင်းကြားရှိ ဖြူစင်သော သားရဲလေးမှာ ခေါင်းထွက်လာပြီး ဒဏ်ရာကို လျှာလေးဖြင့် ညင်သာစွာ လျက်ပေးလိုက်ရာ အံ့ဩဖွယ်ကောင်းသော အရှိန်ဖြင့် ပျောက်ကင်းသွားတော့သည်။
ဤမြင်ကွင်းကို စောင့်ကြည့်နေသော ရှိထျန်းဟောက်မှာ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ရှိထျန်းဟောက်၏ စိတ်ထဲတွင် တုန်လှုပ်သွား၏။
တံတွေး အနည်းငယ်မျှက ဤမျှ အံ့ဖွယ် အာနိသင် ရှိတာလား။
ဟောက်ပက်ဖြစ်သွားသော ထိုဒဏ်ရာမှာ စက္ကန့်ပိုင်းအတွင်း ပျောက်ကင်းသွားခဲ့လေပြီ။
နိဗ္ဗာန်အဆင့် ကျင့်ကြံသူများမှာ သာမန်လူသားများ မဟုတ်ပေ။ ဒဏ်ရာမှ ပြန်လည်သက်သာရန် လိုအပ်သော စွမ်းအင်မှာ အလွန်များပြားလှသည်။ သွေးအရှိန်အဝါကြောင့် ကျော်ကြားသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူများ၏ သွေးတစ်စက်မှာ သာမန်လူတစ်ယောက်၏ ဇီဝအနှစ်သာရနှင့် ညီမျှ၏။ သို့သော် ဤတံတွေးလေးကပင် ဤကဲ့သို့ ကုသမှုကို ပေးစွမ်းနိုင်သည်မှာ ထိုသတ္တဝါလေး၏ ထူးခြားဆန်းပြားမှုကို သက်သေပြနေခြင်းပင်။
ရှိထျန်းဟောက်သည် ထိုဖြူစင်သော သားရဲလေးကို မကြာခဏ ထပ်မံ ကြည့်မိနေတော့သည်။ အကယ်၍ ၎င်း၏ တံတွေးက ဒဏ်ရာများကို ပျောက်ကင်းစေနိုင်လျှင် သူ့ သွေးရော။
သူ့ အကြောနှင့် အရိုးတွေကရော။
အဲဒါတွေက ပိုပြီး အစွမ်းထက်မှာ မဟုတ်ဘူးလား။
အကယ်၍ သူသာ ဤရှားပါးသော သားရဲလေးကို ယဉ်ပါးအောင် လုပ်ပြီး သူ့ဘေးမှာ ထားနိုင်မယ်ဆိုရင် သွားလေရာပါသော သွေးအနှစ်သာရ စမ်းရေတွင်းတစ်ခုနှင့် တူပေလိမ့်မည်။ အကယ်၍ သူ ဒဏ်ရာရခဲ့လျှင် ၎င်း၏ အသားတစ်စကို လှီးဖြတ်စားလိုက်ရုံဖြင့် ချက်ချင်း ပြန်လည်သက်သာနိုင်မည် မဟုတ်ပါလား။
ရှိထျန်းဟောက် ပိုစဉ်းစားလေလေ ပိုပြီး မက်မောလာလေလေ ဖြစ်နေသည်။ သူသည် ဟူရှင်းယွဲ့ထံမှ ထိုဖြူစင်သော သားရဲလေးကို မည်သို့ လုယူရမည်နည်းဟု စတင် တွက်ချက်နေတော့၏။ သူ၏ မျက်လုံးထဲတွင်မူ ဤသည်မှာ ခက်ခဲသော ကိစ္စမဟုတ်ပေ။
ဟူရှင်းယွဲ့မှာ လှည့်ကွက်များကို သိသူမျိုး မဟုတ်သဖြင့် ပါးနပ်သော ပရိယာယ် အနည်းငယ် သုံးလိုက်ရုံဖြင့် လှည့်စားရန် လုံလောက်ပေလိမ့်မည်။ ထို့နောက်တွင်မူ ထိုသားရဲလေးမှာ သူ၏အပိုင် ဖြစ်လာတော့မည်။
ထိုအချိန်မှာပင် ရှန်မိုသည် ဂူအတွင်းမှ ထွက်လာခဲ့၏။ ဟူရှင်းယွဲ့ သူ့ကို မြင်သောအခါ ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
"ရှင် နောက်ဆုံးတော့ ထွက်လာပြီပဲ"
ရှိထျန်းဟောက်ကမူ သရဲမြင်လိုက်ရသည့်အလား ဖြစ်နေသည်။
မင်းက ဘာလို့ နေရာတိုင်းမှာ ရှိနေရတာလဲ။
ငါနဲ့ ဝေးဝေးမှာ နေစမ်းပါ။
ရှန်မို ပြုံးလျက်
"မိတ်ဆွေဟောက်… ငါတို့ ပြန်ဆုံကြပြန်ပြီနော်" ရှိထျန်းဟောက် အတင်း ပြုံးလိုက်ရသည်။
"ဟုတ်ကဲ့... ဒီမှာ ပြန်ဆုံတာပဲ"
ရှန်မိုမှာ ပြုံးစစဖြင့်
"ယွဲ့ရှင်းလောင်ရဲ့ လက်မောင်းကို ဖြတ်ပြီး မုန်ညင်းစေ့ နဂါးအကြေးခွံဝတ်ရုံကို လုယူခဲ့တာက... မိတ်ဆွေကတော့ တကယ်ကို သတ္တိရှိတာပဲ"
"ခင်ဗျားကို သတင်းတစ်ခု ပေးရဦးမယ်… ယွဲ့ရှင်းလောင် သေသွားပြီ" "ကောင်းကင်အင်းဆက်ဂိုဏ်းက ဒီသတင်းကို ကြားရင် ဘယ်လို တုံ့ပြန်မလဲဆိုတာ တကယ်ကို စိတ်ဝင်စားမိတယ်"
ရှိထျန်းဟောက်၏ အမွှေးအမျှင်များ ထောင်ထွက်သွားတော့သည်။
ဤသည်မှာ သူ အကြောက်ဆုံးအရာပင်။
သူ ယွဲ့ရှင်းလောင်ကို တိုက်ရိုက် သတ်ခဲ့ခြင်း မဟုတ်သော်လည်း ထိုလူမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီးသား ဖြစ်သည်။ သူ၏ လက်မောင်းကို ဖြတ်လိုက်ခြင်းက ယွဲ့ရှင်းလောင်ကို သေတွင်းထဲသို့ ထိထိရောက်ရောက် တွန်းပို့လိုက်ခြင်း ဖြစ်ပေသည်။ ကောင်းကင်အင်းဆက်ဂိုဏ်းမှာ ဖြောင့်မတ်သော ဂိုဏ်းတစ်ခု ဖြစ်သော်လည်း လက်စားချေရာ၌လည်း နာမည်ကြီးလှသည်။ မည်သည့် နောက်ခံမှ မရှိသော သူသည် တစ်ဖက်မှ လက်စားချေမှုအတွက် အလွယ်ကူဆုံး ပစ်မှတ် ဖြစ်နေပေသည်။ ထို့ကြောင့်ပင် သူ အစောပိုင်းက ဟူရှင်းယွဲ့၏ မျက်နှာသာရရန် ကြိုးစားနေခြင်း ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ဟူရှင်းယွဲ့သည် တောင်ပိုင်းကျွန်းစု၏ ထိပ်တန်း အင်အားကြီး ငါးခုမှ တစ်ခုဖြစ်သော သွေးနတ်ဘုရား နတ်ဆိုးနန်းတော်ကို ကိုယ်စားပြုနေသူ မဟုတ်ပါလား။ အကယ်၍ သူတို့၏ အကာအကွယ်ကို ရရှိခဲ့လျှင် ကောင်းကင်အင်းဆက်ဂိုဏ်း၏ ဒေါသကို ကြောက်နေရန် မလိုတော့ပေ။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေရှန်"
ရှိထျန်းဟောက် လက်အုပ်ချီ နှုတ်ဆက်လိုက်သော်လည်း သူ၏ ရင်ထဲတွင်မူ မအေးချမ်းနိုင်ပေ။
ရှန်မိုသည် သူ့အပေါ်တွင် နက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခုကို ချန်ထားခဲ့ပြီး ဖြစ်သည်။ ယခုမူ သူ ရှန်မို၏ မျက်လုံးများကိုပင် တည့်တည့် မကြည့်ရဲတော့ပေ။
ဟူရှင်းယွဲ့မှာ ရှန်မိုကို ဘေးသို့ ဆွဲခေါ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"သူက အပြင်ထွက်တဲ့ လမ်းကို သိတယ်လို့ ပြောတယ်… ကျွန်မတို့ သုံးယောက် အတူတူ သွားလို့ ရမယ်" "မိတ်ဆွေရှန်ရော… ရှင့်အမြင်က ဘယ်လိုလဲ" ဟူရှင်းယွဲ့သည် ရှန်မိုမှာ သူ့ထက် ပိုပြီး အကဲခတ် တတ်လိမ့်မည်ဟု အသိစိတ်ဖြင့် ခံစားမိနေသည်။ ဆုံးဖြတ်ချက်ကို သူ့ထံတွင် ထားရှိခြင်းက ပိုပြီး ပါးနပ်သော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
ရှန်မိုကတော့ ရှိထျန်းဟောက်တွင် အပြင်ထွက်မည့် လမ်းရှိနေသည်ကို သေချာပေါက် သိပြီးသား ဖြစ်၏။ သို့သော်လည်း သူ အံ့ဩသွားဟန်ဆောင်လိုက်သည်။
"သူက အပြင်ထွက်မယ့် လမ်းကို သိတာလား… ဒါက ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်တယ်လို့ ထင်တယ်နော်"
"ဒါပေမဲ့ သူက တကယ် ယုံကြည်မှု ရှိပုံရတယ်"
ဟူရှင်းယွဲ့မှ တိုးတိုးလေး ပြောသည်။
"ပြီးတော့ ကျွန်မဆီမှာ ဝိညာဉ်ကျောက်စိမ်း ရှိတယ်… သူသာ ကျွန်မကို ရန်ပြုရဲရင် မေမေက သူ့ကို လောကကြီးရဲ့ အဆုံးအထိ လိုက်သတ်မှာ"
သူ ပြောနေစဉ်တွင် ရှန်မိုကိုလည်း ရည်ရွယ်ချက်ရှိရှိ လှမ်းကြည့်လိုက်ရာ ၎င်းမှာ သူ့ကိုပါ သတိပေးလိုက်ခြင်း ဖြစ်ပေသည်။
ရှန်မိုသည် စိတ်ထဲတွင် ခပ်တိုးတိုး ရယ်မောလိုက်သော်လည်း မျက်နှာတွင်မူ မဖော်ပြခဲ့ပေ။ "အဲဒီလိုဆိုရင်လည်း အတူတူ သွားရတာ ဘာမှ မဖြစ်ပါဘူး"
Chapter 644: ပင်လယ်ရေအောက်ခြေ
သူတို့သုံးဦးသား လမ်းတစ်လျှောက် အတူတူ ခရီးနှင်လာခဲ့ကြသည်။ ရှိထျန်းဟောက်သည် မိမိ၏ခွန်အားမှာ ရှန်မိုနှင့် အလှမ်းဝေးကွာလှသည်ကို သိရှိထားသဖြင့် အခွင့်အရေးကိုသာ စောင့်ကြည့်နေသော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် ထူးခြားသော ဖြစ်ရပ်မျိုးလည်း မရှိခဲ့ပေ။
ခရီးစဉ်အတွင်း သားရဲများ၏ တိုက်ခိုက်မှုကို ကြုံတွေ့ရတိုင်း ရှိထျန်းဟောက်သည် အကူအညီပေးတတ်သော လူကောင်းတစ်ဦးအသွင်ဖြင့် ရှေ့ဆုံးမှ ပြေးထွက်ကာ သတ်ဖြတ်ပေးလေ့ရှိသည်။ သို့သော်လည်း ဟူရှင်းယွဲ့၏ မျက်လုံးထဲတွင်မူ သူ၏ဂုဏ်သတင်းမှာ အဖတ်ဆယ်မရအောင် ပျက်စီးနေပြီ ဖြစ်သည်။ ယခု သူ မည်မျှပင် ဂရုတစိုက် ပြုမူနေပါစေ၊ သူ့အမြင်ကို ပြောင်းလဲရန် ခက်ခဲလှသည်။
"ရှေ့မှာ ရေစီးသံ ကြားနေရတယ်"
ဟူရှင်းယွဲ့မှ တစ်စုံတစ်ခုကို အာရုံခံမိပုံရသဖြင့် တိုးတိုးလေး ပြောလိုက်သည်။ ရှိထျန်းဟောက်၏ မျက်လုံးများမှာ တောက်ပသွား၏။
"ရှေ့တည့်တည့်မှာပဲ… ဒီလိုဏ်ဂူက ဝိညာဉ်ပင်လယ်ရဲ့ အောက်ခြေကို တိုက်ရိုက် ရောက်သွားတာ"
သူတို့ သုံးဦးစလုံး အရှိန်မြှင့်လိုက်ကြသည်။ သေချာပေါက်ပင် တောက်ပနေသော အပြာရောင် အကာအကွယ် အလွှာတစ်ခုမှာ ရှေ့တွင် ပေါ်လာတော့သည်။ ထိုအကာအကွယ်၏ အလွန်တွင်မူ မှောင်မည်းပြီး အေးစက်လှသော သမုဒ္ဒရာကြီး ရှိနေ၏။ ရံဖန်ရံခါတွင် နက်ရှိုင်းသော ပင်လယ်ကြမ်းပြင် သတ္တဝါများ မှောင်ရိပ်ထဲ၌ ကူးခတ်နေသည်ကို မြင်တွေ့ရသည်။ ထိုသတ္တဝါများမှာ... အတော်လေး ပုံစံမကျလှပေ။ ဖြစ်နိုင်သည်မှာ ဤနေရာသည် အလွန်နက်ရှိုင်းသဖြင့် မည်သူမျှ သူတို့ကို မမြင်နိုင်သောကြောင့် သူတို့ စိတ်ကြိုက် ပုံစံမျိုးစုံဖြင့် ကြီးထွားလာကြခြင်း ဖြစ်ပေလိမ့်မည်။
"ဒီပင်လယ်ကြမ်းပြင်က ဘယ်လောက်တောင် နက်မလဲဆိုတာ ပြောဖို့ ခက်တယ်… မိတ်ဆွေတို့ အသင့်ပြင်ထားကြဦး"
သူတို့၏ စိုးရိမ်မှုကို လျှော့ချရန်အတွက် ရှိထျန်းဟောက်မှ ဦးဆောင်ကာ အကာအကွယ်ကို အရင် ဖြတ်ကျော်သွားသည်။
ခဏအကြာတွင် သူ လက်တစ်ဖက်ကို အကာအကွယ်ထဲသို့ ပြန်လျှိုသွင်းလိုက်ပြီး
"ဓမ္မအမှတ်အသား ၂၀ ရှိတဲ့ ကျွန်တော့်ရဲ့ နိဗ္ဗာန်အဆင့် ကျင့်ကြံမှုနဲ့တောင် ဒီက ပင်လယ်ရေဖိအားကို အနိုင်နိုင် တောင့်ခံနေရတယ်.. မင်းတို့နှစ်ယောက် ထွက်လာလို့ ရပြီ”
ထိုအခါမှသာ ဟူရှင်းယွဲ့နှင့် ရှန်မိုတို့ အကာအကွယ်ကို ဖြတ်ကျော်လိုက်ကြသည်။ သူတို့ ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် အေးစက်လှသော ခြောက်ခြားဖွယ် အအေးဓာတ်က အရပ်မျက်နှာ အားလုံးမှ ဝန်းရံလာတော့သည်။ ၎င်းမှာ ဝိညာဉ်ကိုပင် ခဲသွားစေနိုင်သည့်အလား ခံစားရ၏။ အောက်ဘက်ကို ငုံ့ကြည့်လျှင် အဆုံးမရှိသော ချောက်နက်ကြီး ဖြစ်နေပြီး အထက်ကို မော့ကြည့်လျှင်မူ မှေးမှိန်သော အလင်းစက်လေးများကိုသာ မြင်ရတော့သည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် မည်သည့်အန္တရာယ်မျှ မရှိလျှင်ပင် ကျင့်ကြံသူအများစုမှာ ထိတ်လန့်တုန်လှုပ်မှုကို ခံစားရပေလိမ့်မည်။
"ဟောက်ထျန်းရှီ ဘယ်ရောက်သွားတာလဲ"
ဟူရှင်းယွဲ့ အံ့ဩတကြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ရှိထျန်းဟောက်ကို မတွေ့ရပေ။
"မသိဘူး... သတိထား”
ရှန်မို အော်ဟစ်လိုက်ပြီး ရုတ်တရက် ရှောင်ထွက်လိုက်သည်။ ဟူရှင်းယွဲ့သည်လည်း အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ရှောင်တိမ်းလိုက်သည်။
ဘုန်း!
ဧရာမ အရိပ်ကြီးတစ်ခုသည် သူတို့ရှိခဲ့သော နေရာကို ဖြတ်သန်းသွားပြီး စက္ကန့်ပိုင်းအလိုက သူတို့ ရပ်နေခဲ့သည့် ကျောက်တန်းတစ်ခုလုံးကို ဝါးမြိုသွားတော့သည်။ ထိုဧရာမ အရိပ်ကြီးသည် လမ်းလယ်တွင် ကိုယ်ကို လိမ်ကျစ်လိုက်ပြီး သူတို့ဆီသို့ နောက်တစ်ကြိမ် ပြေးဝင်လာပြန်၏။
"နတ်ဆိုးနဂါး ဝေလငါး"
ဟူရှင်းယွဲ့သည် ထိုသတ္တဝါ၏ ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ရှန်မိုလည်း ရေထဲရှိ မှိန်ပျပျ အလင်းရောင်ကို အသုံးပြု၍ သေချာကြည့်လိုက်သည်။ ၎င်းမှာ အလွန်ကြီးမားလှပြီး အနည်းဆုံး အတောင်ရှစ်ရာခန့် ရှည်လျားသည်။ ၎င်း၏ ဟောင်းလောင်းပွင့်နေသော ပါးစပ်ကြီးမှာ အတောင်တစ်ရာ ပတ်လည်အတွင်းရှိ အသက်ရှိ၊ အသက်မဲ့ အရာအားလုံးကို အလွယ်တကူ ဝါးမြိုနိုင်သည်။ ၎င်း၏ ဦးခေါင်းတွင် ပင့်ကူတစ်ကောင်ကဲ့သို့ ဧရာမ သွေးရောင်မျက်လုံး ရှစ်လုံး ပါရှိသည်။ ဦးခေါင်းထိပ်တွင်မူ မည်းနက်နေသော ဦးချိုတစ်ခု ရှိ၏။ သူ့ ခန္ဓာကိုယ်မှာ ဝေလငါးများကဲ့သို့ ချောမွေ့သော အရေပြား မဟုတ်ဘဲ နဂါးများကဲ့သို့ အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။
ရှန်မို မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ နတ်ဆိုးနဂါး ဝေလငါးဆိုသည်မှာ စစ်မှန်သော နဂါးတစ်ကောင်နှင့် ဧရာမ ဝေလငါးတစ်ကောင်တို့၏ မျိုးဆက်ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ထိုနဂါးသည် သက်တမ်းတစ်လျှောက် နတ်ဆိုးစွမ်းအင်များဖြင့် ညစ်ညမ်းခဲ့ပြီး ရူးသွပ်လုနီးပါး ဖြစ်ခဲ့ဖူးသည်။ ၎င်း၏ မျိုးဆက်များသည် မွေးရာပါ နတ်ဆိုးအရှိန်အဝါများ ကိန်းအောင်းနေပြီး ဖောက်ပြန်နေကြသည်။ ဤကဲ့သို့သော သားရဲများသည် ပင်လယ်ပြင်ကို စိုးမိုးထားကြပြီး ရေအောက်တွင် ယှဉ်ပြိုင်နိုင်သူ မရှိသလောက်ပင်။ သူတို့ ပေါ်လာသည့် နေရာတိုင်းတွင် ဒီရေလှိုင်းများကို ထကြွစေပြီး ကျင့်ကြံသူများ၏ ကျင့်စဉ်များကို အနှောင့်အယှက် ပေးလေ့ရှိသည်။
ထို့ကြောင့် မည်သည့်ပင်လယ်ပြင်တွင်မဆို ဤနတ်ဆိုးနဂါး ဝေလငါး ပေါ်လာပါက ဂိုဏ်းအားလုံး၏ စုပေါင်းအင်အားဖြင့် လိုက်လံနှိမ်နင်းခြင်း ခံရလေ့ရှိသည်။ ၎င်းတို့မှာ လူမြင်ကွင်းမှ ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်သည်။ အကယ်၍ အချို့ ကျန်ရှိနေသေးလျှင်ပင် လူသူဝေးကွာသော ပင်လယ်ပြင်များတွင်သာ ရှိပေလိမ့်မည်။ မြစိမ်းရောင် ဂူဗိမာန်အတွင်းရှိ ဝိညာဉ်ပင်လယ်ထဲတွင် တစ်ကောင် ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ရွှီး!
ဟူရှင်းယွဲ့သည် အချိန်မီ မရှောင်နိုင်ဘဲ နတ်ဆိုးနဂါး ဝေလငါး၏ ချွန်ထက်လှသော သွားများဖြင့် အခြစ်ခံလိုက်ရရာ သွေးများ ချက်ချင်း ပန်းထွက်လာတော့သည်။ သူ ခပ်တိုးတိုး ညည်းတွားလိုက်ပြီး ပိုမိုနက်ရှိုင်းသော ရေအောက်သို့ လွင့်စင်သွား၏။
သိပ်မဝေးသော ကျောက်တန်းများကြားတွင် ပုန်းကွယ်နေသည့် ရှိထျန်းဟောက်သည် ဤသည်ကို မြင်သောအခါ သူ၏မျက်လုံးများတွင် ထက်ရှသော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသည်။ သူ ချက်ချင်းပင် ရှေ့သို့ ပြေးထွက်လိုက်သည်။ ရှိထျန်းဟောက်သည် နတ်ဆိုးနဂါး ဝေလငါး၏ ဧရာမ အရိပ်ကြီးကို အကာအကွယ်ယူကာ လျင်မြန်စွာ ချောင်းမြောင်း တိုက်ခိုက်လိုက်တော့၏။ သူ့ပစ်မှတ်မှာ ဟူရှင်းယွဲ့၏ လက်မောင်းကြားတွင် တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ထားသော ဖြူစင်သော သားရဲလေးပင် ဖြစ်သည်။
သူ အကာအကွယ်ကို ဖြတ်ကျော်စဉ်ကတည်းက တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိခဲ့သည်။ အထဲမဝင်ခင်က ပင်လယ်ကြမ်းပြင် သတ္တဝါ အမျိုးမျိုး ကူးခတ်နေသည်ကို ရှင်းလင်းစွာ မြင်ခဲ့ရသော်လည်း သူ ဤနေရာသို့ ဝင်လိုက်သည်နှင့် သူတို့အားလုံးမှာ အရိပ်ပင်မကျန် ပျောက်ကွယ်သွားကြသည်။ ၎င်းမှာ တစ်စုံတစ်ခုကို ကြောက်ရွံ့နေကြသည့်အလားပင်။ သတိကြီးသော ရှိထျန်းဟောက်သည် ပတ်ဝန်းကျင်ရှိ ကျောက်တန်းများကြားတွင် ချက်ချင်း ပုန်းကွယ်လိုက်သည်။ သေချာပေါက်ပင် သူ၏ အလိုလိုသိစိတ်မှာ မှန်ကန်ခဲ့သည်။
ရှန်မိုနှင့် ဟူရှင်းယွဲ့တို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ဧရာမ သားရဲကြီး၏ တိုက်ခိုက်မှုကို ခံလိုက်ရ၏။ သာမန်သားရဲလည်း မဟုတ်ဘဲ စစ်မှန်သော နဂါးသွေးပါသည့် နတ်ဆိုးနဂါး ဝေလငါး ဖြစ်နေသည်။ ရှိထျန်းဟောက်သည် သူတို့နှစ်ဦးအနက် တစ်ဦးဦး ဒဏ်ရာရလာပြီး အမြတ်ထုတ်နိုင်မည့် အခွင့်အရေးကိုသာ ငြိမ်ပြီး စောင့်နေခဲ့ခြင်း ဖြစ်သည်။ ရှန်မိုဖြစ်စေ၊ ဟူရှင်းယွဲ့ဖြစ်စေ ဒဏ်ရာရလျှင် သူ့အတွက် အဆင်ပြေသည်။ ယခု ဟူရှင်းယွဲ့မှာ ပြင်းထန်စွာ ဒဏ်ရာရပြီး သူ၏ အနီးအနားသို့ လွင့်စင်လာခဲ့ပြီဖြစ်ရာ... ဤသည်မှာ ပါးစပ်ထဲ အစာလာကျွေးခြင်း မဟုတ်ပါလား။
စားစရာက နှုတ်ခမ်းနားအထိ ရောက်နေတာတောင် မစားဘူးဆိုရင် လူမပီသရာကျပေလိမ့်မည်။
ထို့ကြောင့် ရှိထျန်းဟောက် တိုက်ခိုက်လိုက်၏။
"ဟောက်ထျန်းရှီ… ရှင်"
ဟူရှင်းယွဲ့၏ အသံမှာ ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ သူ ဤအနီးအနားတွင် ပုန်းနေပြီး ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သူ့ လက်မောင်းကြားရှိ သားရဲလေး ကျီစိမ်းသည်လည်း မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။ ၎င်း၏ ပုလဲလုံးလေးကဲ့သို့ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နေ၏။
ရှိထျန်းဟောက် လှောင်ပြုံးပြုံးလိုက်ပြီး သူ၏ လက်သီးကို ဟူရှင်းယွဲ့၏ ဦးခေါင်းနှင့် ရင်ဘတ်ဆီသို့ တည့်တည့် ပစ်လွှတ်လိုက်သည်။ အကယ်၍ သူ ခေါင်းကို ကာကွယ်ချင်ပါက သားရဲလေးကို လွှတ်ပေးရပေလိမ့်မည်။ အကယ်၍ ရင်ဘတ်ကို ကာကွယ်ဖို့ ရွေးချယ်ပါက သူ အစွမ်းကုန် လက်သီးဖြင့် ထိုးကာ တစ်ခါတည်း သတ်ပစ်လိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ၏ ရည်မှန်းချက်ကို အောင်မြင်ပေလိမ့်မည်။
"သေမလား… ဒါမှမဟုတ် အဲဒီ သားရဲလေးကို ငါ့ကိုပေးမလား"
ရှိထျန်းဟောက်မှ အေးစက်စွာ လှောင်ပြောင်လိုက်သည်။
ဟူရှင်းယွဲ့ သွားကို တင်းတင်းကြပ်ကြပ် စေ့လိုက်ပြီး
"ဘယ်တော့မှ မပေးဘူး"
သူ 'မြေအောက်နက်နဲ သူတော်စင်ဝိညာဉ် အကာအကွယ်ဒိုင်း' ကို အသက်သွင်းကာ ခုခံလိုက်သည်။ သို့သော် ဤနေရာရှိ ရေဖိအားမှာ ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှသည်။ ထို့အပြင် သူ၏ဒိုင်းမှာလည်း အပြည့်အဝ သန့်စင်ခြင်း မရှိသေးသဖြင့် အစွမ်းကုန် မထုတ်နိုင်ပေ။ ခဏမျှ ကြာပြီးနောက် ဒိုင်း၏ အလင်းရောင်မှာ မှိန်ဖျော့လာတော့သည်။ နောက်ဆုံးတွင်မူ သူ အသည်းအသန် ကြည့်နေသည့် ကြားမှပင် ထိုဒိုင်းသည် ဝိညာဉ်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။
ဘုန်း!
ဧရာမ လက်သီးကြီးမှာ ဦးခေါင်းကို ထိမှန်သွားသည်။ သူ့ ပါးစပ်မှ သွေးများ ချက်ချင်း ပန်းထွက်လာ၏။ လူသားများနှင့် နှိုင်းယှဉ်ပါက နတ်ဆိုးမျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်မှာ ပိုမို တောင့်တင်းသည်မှာ မှန်ပါသည်။ သို့သော် ကောင်းကင်မြေခွေးမျိုးနွယ်စုမှာ တိုက်ခိုက်ရေးစွမ်းအားကြောင့် ကျော်ကြားသူများ မဟုတ်ပေ။ ဟူရှင်းယွဲ့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ သာမန် နိဗ္ဗာန်အဆင့် လူသားကျင့်ကြံသူထက် အနည်းငယ်မျှသာ ပိုမို သန်မာခြင်း ဖြစ်၏။ ရှိထျန်းဟောက်မှာမူ နဂါးမျိုးနွယ်စု၏ ကိုယ်ခံပညာကို အသုံးပြုနေခြင်းဖြစ်ရာ အလွန်ပင် ပြင်းထန်လှသည်။ လက်သီးနှစ်ချက်မျှ ခံလိုက်ရပြီးနောက် ဟူရှင်းယွဲ့ အသိစိတ်များ ဝေဝါးလာသည်ကို ခံစားလိုက်ရသည်။ သူ့ခွန်အားများမှာ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ယိုစီးသွားတော့သည်။
"ကျွန်မ... သေတော့မှာလား"
သူ့အမြင်အာရုံမှာ ဝေဝါးသွားသည်။
ထိုအချိန်မှာပင် သွေးရောင် လွှမ်းနေသော ပုံရိပ်တစ်ခုသည် အရှေ့တွင် ရုတ်တရက် ပေါ်လာပြီး နောက်ထပ် တိုက်ကွက်ကို ကာကွယ်ပေးလိုက်သည်။
"မင်းပဲကိုး… ရှိထျန်းဟောက်"
အသံမှာ အေးစက်ပြီး ခံစားချက် ကင်းမဲ့လှသည်။
ရှိထျန်းဟောက်၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ခါသွားတော့သည်။ သူ၏ ကိုယ်ခံပညာ တိုက်ကွက်များပင် တုံ့ဆိုင်းသွားပြီး အရှိန်အဟုန် ပျက်သွား၏။
"ငါ အစကတည်းက တစ်ခုခု မှားနေတာကို ရိပ်မိခဲ့တယ်… 'ဟောက်ထျန်းရှီ' တဲ့လား… ဒါက 'ရှိထျန်းဟောက်' ကို နောက်ပြန်လှည့်ထားတာပဲ မဟုတ်လား"
ရှန်မို ခပ်မှိန်မှိန်လေး ပြုံးလိုက်သည်။
"ရှိထျန်းဟောက်… ငါတို့ကြားက ကိစ္စတွေကို ရှင်းရမယ့် အချိန်ရောက်ပြီ"
ထိုသို့ ပြောပြီးနောက် သူ ရှိထျန်းဟောက်၏ ရင်ဘတ်ဆီသို့ လက်သီးတစ်လုံး တည့်တည့် ပစ်လွှတ်လိုက်သည်။ လက်သီး၏ အရှိန်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေ၏။ ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများမှာ ခဲသွားသည့်အလား ထင်ရသည်။ အချိန်ကာလသည်ပင် ရပ်တန့်သွားသကဲ့သို့ပင်။ ၎င်းမှာ သူတော်စင်အဆင့် စစ်မှန်သော နဂါးကိုယ်ခံပညာ— ပလက်တီနမ် နဂါးလက်သီးပင် ဖြစ်သည်။
ရှိထျန်းဟောက်၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး အသိစိတ်ဖြင့် ကာကွယ်ရန် လက်မောင်းများကို မြှောက်လိုက်သော်လည်း သူ၏ လှုပ်ရှားမှုများမှာ ခရုတစ်ကောင်ကဲ့သို့ နှေးကွေးနေသည်ကို စိတ်ပျက်စွာ တွေ့လိုက်ရသည်။ သူသည် မိမိဆီသို့ ပြေးဝင်လာသော ဧရာမ လက်သီးကြီးကိုသာ မျှော်လင့်ချက်မဲ့စွာ ကြည့်နေနိုင်တော့၏။
သို့သော် ထိုအရေးကြီးသော အချိန်မှာပင် နတ်ဆိုးနဂါး ဝေလငါးကြီးသည် ကမ္ဘာမြေကို တုန်ဟည်းသွားစေသော ဟိန်းဟောက်သံကြီးကို ပြုလုပ်ကာ ရှန်မိုဆီသို့ တည့်တည့် ပြေးဝင် တိုက်ခိုက်လိုက်တော့သည်။
Chapter 645: နတ်ဆိုးနဂါးဝေလငါးကြီးအား ရှင်းလင်းခြင်း
ရှန်မို မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်နင်းဟင်းလင်းပြင်ခြေလှမ်းကို အသုံးပြုကာ အတင်းအကျပ် ရှောင်တိမ်းလိုက်ရသည်။ နတ်ဆိုးနဂါး ဝေလငါးကြီးမှာ အလွန်ကြီးမားရုံသာမက ကြောက်မက်ဖွယ်ကောင်းလောက်အောင်လည်း သန်မာလှသည်။ ၎င်း၏ အစွမ်းအကန့်အသတ်ကို မသိရှိဘဲနှင့် သူ ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲပေ။
ဘုန်း!
ထိုသတ္တဝါကြီး၏ ဧရာမ ဦးချိုသည် ပင်လယ်ရေပြင်ကို ဖြတ်သန်းသွားပြီး ရှန်မို၏ ဘေးနားမှ ကပ်ကာ လွဲချော်သွားခဲ့သည်။ နားကွဲမတတ် မြည်ဟီးသံနှင့်အတူ အနီးနားရှိ ကျောက်တန်းတစ်ခုမှာ ချက်ချင်းပင် ကြေမွသွားတော့၏။ ရှန်မို မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ဤကျောက်တန်းများသည် နှစ်ပေါင်းများစွာကြာ ပင်လယ်ရေနက်ပိုင်း ဖိအားကို တောင့်ခံထားခဲ့ခြင်းဖြစ်ရာ ခန္ဓာကိုယ်သန့်စင်ခြင်းကိုသာ အဓိကထားသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူများကဲ့သို့ပင် မာကျောပေလိမ့်မည်။ သို့သော် နတ်ဆိုးနဂါး ဝေလငါးကမူ တစ်ချက်တည်းနှင့် အမှုန့်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
ဤသည်မှာ ထိုဝေလငါး၏ ခွန်အားမှာ မည်မျှအထိ ကြမ်းတမ်းရက်စက်သည်ကို ပြသနေခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် သူ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သည်။ အကယ်၍သာ ထိမိသွားပါက သူ၏ အတွင်းအားနှင့် သွေးအရှိန်အဝါများမှာ ပြင်းထန်စွာ ထိခိုက်သွားပြီး ထိန်းချုပ်ရန် ခက်ခဲသွားပေလိမ့်မည်။ ရှိထျန်းဟောက်နှင့် ဟူရှင်းယွဲ့တို့သည်လည်း နတ်ဆိုးနဂါး ဝေလငါး မည်မျှ ကြောက်စရာကောင်းသည်ကို မြင်တွေ့သွားကြပြီး ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကြ၏။ အကယ်၍ ထိုသတ္တဝါကြီးနှင့်သာ တိုက်မိခဲ့လျှင် အသက်ရှင်ရန် အခွင့်အရေး လုံးဝရှိမည် မဟုတ်ပေ။
ရှိထျန်းဟောက် အလွန် အံ့ဩနေမိသည်။
နတ်ဆိုးနဂါး ဝေလငါးက ဘာဖြစ်လို့ ရှန်မိုကိုမှ တည့်တည့် ပြေးတိုက်ရတာလဲ။
သို့သော် သူ စဉ်းစားနေရန် အချိန်မရှိပေ။ ထိုတိုက်ခိုက်မှုသည် သူ့အတွက် အကောင်းဆုံး အခွင့်အရေးကို ပေးလိုက်ခြင်း ဖြစ်သည်။
သူ ချက်ချင်းပင် လျှာဖျားကို ကိုက်လိုက်ပြီး ဇီဝသွေးအနှစ်သာရကို ထွေးထုတ်ကာ ထွက်ပြေးသည့် နည်းစနစ်တစ်ခုကို အသက်သွင်းလိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် မိုင်တစ်ရာကျော်အကွာသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ပင်လယ်နက်၏ ပြင်းထန်လှသော ရေဖိအားကြောင့် နှောင့်နှေးနေခြင်း ဖြစ်သည်။ အကယ်၍ ရေပြင်ပေါ်တွင်သာ ဖြစ်ပါက မျက်စိတစ်မှိတ်အတွင်း မိုင်သုံးရာမှ ငါးရာအထိ လွတ်အောင် ပြေးနိုင်ပေလိမ့်မည်။ သာမန် နိဗ္ဗာန်အဆင့် ကျင့်ကြံသူများမှာ မြင်းစီးပြီး လိုက်လျှင်ပင် မှီနိုင်မည် မဟုတ်ပေ။
ရှန်မို မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်ပြီး ချက်ချင်းပင် နောက်မှ လိုက်ရန် ပြင်လိုက်သည်။ သို့သော် နတ်ဆိုးနဂါး ဝေလငါးကြီးမှာ အကြောင်းရင်းမရှိဘဲ သူ့ကို နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ပြန်သည်။ ရှေးယခင်ကတည်းက ဖြေဖျောက်၍မရသော ရန်ငြိုးများ ရှိနေသည့်အလား ဖြစ်၏။
ရှန်မို မျက်နှာပျက်သွားပြီး ထိုသတ္တဝါကြီးအား ထိပ်တိုက်ရင်ဆိုင်ရန် အတင်းအကျပ် ဖိအားပေးခံလိုက်ရသကဲ့သို့ပင်။
ဝေါင်း!
ခန့်ညားထည်ဝါပြီး အစွမ်းထက်လှသော ဧရာမဆင် စိတ်အာရုံတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်း၏ ရှည်လျားသော နှာမောင်းမှာ လိမ်ကျစ်နေပြီး လောကရှိ အရာအားလုံးကို ထိုးဖောက်နိုင်စွမ်းရှိသော လှံတစ်စင်းသည် လျှပ်စီးအလား နတ်ဆိုးနဂါး ဝေလငါးဆီသို့ ပြေးဝင်သွားတော့သည်။ ၎င်းမှာ စမ်းချောင်းဝါ နတ်ဘုရားလှံပင် ဖြစ်သည်။ ဧရာမဆင်ကြီး၏ ပါးစပ်မှ ရှေးခေတ် နားလည်ရခက်သော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုအသံလှိုင်းများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မဟာမိတ်များနှင့် အားသာချက်ရှိသော အင်အားစုများမှာ ကံကောင်းခြင်းနှင့် စိတ်ကြည်လင်ခြင်းများကို ရရှိကြသည်။ ရန်သူများနှင့် ဆန့်ကျင်ဘက် အင်အားစုများမှာမူ ကံဆိုးခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများကို ခံစားရလေသည်။
ဤသည်မှာ ဟင်းလင်းပြင် မြင့်မြတ်သော ကောင်းကင်ဂီတ နည်းစနစ်ပင် ဖြစ်၏။
အသိဉာဏ် သိပ်မရှိလှသော နတ်ဆိုးနဂါး ဝေလငါးကြီးမှာ ချက်ချင်းပင် ထိခိုက်သွားရသည်။
သူ မည်သူ့ကို တိုက်ခိုက်ရမည်ကို မသိတော့ဘဲ ဝေဝါးကာ တွေဝေသွားတော့သည်။ ထိုစဉ် နတ်ဘုရားလှံမှာ ဝင်းခနဲ လက်သွားပြီး ဝေလငါးကြီး၏ နူးညံ့သော ဝမ်းဗိုက်ပိုင်းကို တိကျစွာ ထိုးစိုက်လိုက်ကာ မာကျောလှသော ဦးခေါင်းနှင့် ကျောဘက် အကြေးခွံများကို ရှောင်ကွင်းသွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးများ ပန်းထွက်လာတော့သည်။ ပတ်ဝန်းကျင်ရှိ ပင်လယ်ရေပြင်မှာ သွေးရောင် လွှမ်းသွားခဲ့ပြီ ဖြစ်သည်။
ရှန်မို လက်ချောင်းများကို စုစည်းလိုက်ပြီး နောက်ထပ် အမိန့်တစ်ခု ပေးလိုက်သည်။ ထိုလှံသည် ဝေလငါး၏ ဝမ်းဗိုက်အတွင်း၌ မရပ်မနား ထိုးခွဲကာ သောင်းကျန်းနေတော့သည်။
နတ်ဆိုးနဂါး ဝေလငါး၏ ဧရာမ မျက်လုံးကြီးများတွင် မခံမရပ်နိုင်သော နာကျင်မှုများ ပေါ်ပေါက်လာသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ရုန်းကန်နေပြီး ထိန်းချုပ်မရအောင် တုန်ခါနေတော့၏။ ပင်လယ်ရေပြင်ပင်လျှင် လှိုင်းထန်ကာ နောက်ပြန် လည်နေတော့သည်။ ထိုသတ္တဝါကြီးသည် ရှန်မိုနှင့် ပိုမိုဝေးကွာရာသို့ တွန်းပို့ခြင်း ခံလိုက်ရသော်လည်း စမ်းချောင်းဝါ နတ်ဘုရားလှံမှာ ရှန်မို၏ သွေးအနှစ်သာရဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ အလွန်ဝေးကွာသွားသောအခါ သဘာဝအလျောက် ပျောက်ကွယ်သွားတော့သည်။
ရှန်မိုသည် ဟူရှင်းယွဲ့ကို ဆွဲကာ ကျောက်တန်းတစ်ခု၏ နောက်တွင် ပုန်းကွယ်လိုက်ပြီး ရူးသွပ်နေသော သတ္တဝါကြီး၏ ရန်မှ ရှောင်လိုက်၏။ ထို့နောက် သူသည် နဂါးနက် ကတ်ကြေးကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။
"သတ်စမ်း"
နဂါးနက် ကတ်ကြေးသည် ရုတ်တရက် မည်းနက်နေသည့် စစ်မှန်သော နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သတ်ဖြတ်ရန်အတွက် ရှေ့သို့ လိမ်ကျစ်ကာ ပြေးဝင်သွားသည်။
နတ်ဆိုးနဂါး ဝေလငါးမှာ ရုတ်တရက် ထိတ်လန့်သွားပြီး နေရာမှာတင် တောင့်ခဲသွားတော့သည်။ ထိုအချိန်တွင် နဂါးနက် ကတ်ကြေးသည် ၎င်း၏ ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာမှတစ်ဆင့် တိုးဝင်သွားပြီး နတ်ဘုရားလှံနှင့် ပူးပေါင်းကာ အတွင်းပိုင်းမှနေ၍ အပိုင်းပိုင်း ပြတ်အောင် လုပ်လိုက်တော့သည်။ ခဏအတွင်းမှာပင် ကတ်ကြေးသည် ၎င်း၏ ဦးခေါင်းခွံသို့ ရောက်ရှိသွားပြီး ဦးနှောက်ကို အမှုန့်ဖြစ်အောင် ကြိတ်ခြေလိုက်၏။ ပြင်းထန်သော အင်အားဖြင့် နတ်ဆိုးနဂါး ဝေလငါးကြီးမှာ အသတ်ခံလိုက်ရလေပြီ။
ရှန်မို နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သို့သော် ရှိထျန်းဟောက် လွတ်သွားသည်မှာ ကြာပြီဖြစ်သည်။
သူ ခေါင်းခါရုံသာ တတ်နိုင်၏။ သူတို့နှစ်ဦးစလုံးမှာ ကျင့်ကြံမှုချင်း တူညီသော နိဗ္ဗာန်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ရှိထျန်းဟောက်၌ သူ့ကို အကာအကွယ်ပေးထားသော ကံကြမ္မာကို အံတုသည့် ဖွဲ့စည်းပုံရှိနေသဖြင့် သူ့ကို သတ်ရန်မှာ မလွယ်ကူပေ။ အကယ်၍ ရှန်မို အတင်းအကျပ် လိုက်လံတိုက်ခိုက်မည်ဆိုပါက နတ်ဆိုးနဂါး ဝေလငါးတစ်ကောင်တည်းသာ မဟုတ်ဘဲ ဝိညာဉ်ပင်လယ်၏ အနက်ရှိုင်းဆုံးပိုင်းမှ ထူးဆန်းပြီး ကြောက်စရာကောင်းသော ပင်လယ်သားရဲ အမြောက်အမြား ထွက်ပေါ်လာပြီး သူ၏ လိုက်လံမှုကို နှောင့်ယှက်ပေလိမ့်မည်။
ဟူရှင်းယွဲ့ အလွန်အားယူ၍ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ ပထမဆုံး မြင်လိုက်ရသည်မှာ ရှန်မို၏ တည်ငြိမ်သော မျက်နှာပင် ဖြစ်သည်။ အကြောင်းရင်းကို သူ မသိသော်လည်း ဤလူသားကျင့်ကြံသူမှာ အမြဲတမ်း ခံစားချက်ကင်းမဲ့သော မျက်နှာကို ထားရှိတတ်သည်။ သို့သော် သူ့ကို ကြည့်လိုက်တိုင်း စိတ်ထဲတွင် ရှင်းပြမရအောင် စိတ်အေးလက်အေး ဖြစ်သွားရသည်။ သူ့၌ ထူးခြားသော အရှိန်အဝါတစ်ခု ရှိနေပုံရလေ၏။ အရာအားလုံး ဘာဖြစ်လာမည်ကို ကြိုသိနှင့်နေသကဲ့သို့ပင်။ အမြဲတမ်း တည်ငြိမ်နေပြီး ဘယ်တော့မှ ယိမ်းယိုင်ခြင်း မရှိပေ။
ဤသည်မှာ သူ့ မေမေမှ သူ့ကို အမြဲ သင်ယူစေချင်သော အရည်အချင်းပင် ဖြစ်သည်။ ကံဆိုးစွာဖြင့် သူ ဘယ်တုန်းကမှ မသင်ယူနိုင်ခဲ့ပေ။
"မိတ်ဆွေရှန်… ဟောက်ထျန်းရှီက..."
ဟူရှင်းယွဲ့ အားယူကာ ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တွင် မှောင်မည်းပြီး နက်ရှိုင်းလှသော၊ အရိုးထဲအထိ အေးစက်လှသော ပင်လယ်ပြင်သာ ရှိနေဆဲပင်။
"သူ့ရဲ့ နာမည်အမှန်က ရှိထျန်းဟောက်… သူက နဂါးပုန်းကျွန်းရဲ့ ကျွန်းရှင်လေးပဲ… ငါနဲ့ သူနဲ့က ရန်ငြိုး နည်းနည်း ရှိထားလို့ပါ"
ရှန်မို တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ဟူရှင်းယွဲ့ လေးနက်စွာဖြင့်
"ကျွန်မ အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရှန်မို လက်ကာပြလိုက်သည်။
"ဒါက အလကားရတဲ့ အလုပ်တစ်ခုပါပဲ… ငါ မင်းကို ကယ်ခဲ့တာ မဟုတ်ဘူး… မင်းရဲ့ လက်မောင်းကြားက ဒီသားရဲလေးက ကယ်ခဲ့တာ"
ဟူရှင်းယွဲ့ ငုံ့ကြည့်လိုက်ရာ ဖြူစင်သော သားရဲပေါက်လေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီ ဖြစ်သည်။ သို့သော် ၎င်းမှာ သာမန် အိပ်ပျော်ခြင်းမျိုး မဟုတ်ဘဲ အလွန်အမင်း မောပန်းနွမ်းနယ်မှုကြောင့် သတိလစ်သွားပုံရ၏။
"သူက သူ့ခြေထောက်ကိုတောင် ကိုက်ပြီး မင်းကို သူ့ရဲ့ သွေးတွေ အများကြီး တိုက်ခဲ့တာ… အဲဒါကြောင့် မင်း အသက်ရှင်ခဲ့တာ"
ရှန်မို ရိုးရှင်းစွာ ပြောလိုက်သည်။
ကျီစိမ်းလေး အစောပိုင်းက လုပ်ခဲ့သမျှကို သူ မြင်တွေ့ခဲ့သော်လည်း ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။ ဤဟင်းလင်းပြင် သားရဲမှာ ဟူရှင်းယွဲ့၏ ကံပါလာသော အခွင့်အရေး ဖြစ်သည်။
ယခု ထိုသတ္တဝါမှာ ဟူရှင်းယွဲ့နှင့် ပဋိညာဉ် ဖွဲ့ပြီးသားဖြစ်ရာ မည်သူမျှ လုယူ၍ မရတော့ပေ။ သူသည်လည်း လုယူရန် ရည်ရွယ်ချက် မရှိပေ။
"ကျေးဇူးတင်ပါတယ်… သွေးနတ်ဘုရား နတ်ဆိုးနန်းတော်ရဲ့ ကောင်းကင်မြေခွေးမျိုးနွယ်စုက ရှင့်ရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"
ဟူရှင်းယွဲ့မှ ထပ်မံ အလေးအနက် ပြောလိုက်သည်။
ရှန်မို ခေါင်းညိတ်ပြကာ
"သွားကြရအောင်… ရေပြင်ပေါ် ရောက်တာနဲ့ ငါတို့ လမ်းခွဲကြတာပေါ့"
"ပင်လယ်ရေပြင်ကတော့ အန္တရာယ် ရှိနေသေးတယ်… ငါ မင်းကို ကာကွယ်ပေးမှာ မဟုတ်ဘူးနော်"
ဟူရှင်းယွဲ့မှာ မှင်တက်သွားရသည်။
သူသည် သွေးနတ်ဘုရား နတ်ဆိုးနန်းတော်၏ လက်အောက်ခံ ကောင်းကင်မြေခွေးမျိုးနွယ်စုမှ နတ်သမီးဖြစ်ကြောင်း သူ ရှင်းလင်းစွာ သိထားပါလျက်နှင့် မျက်နှာသာပေးရန် စိတ်မဝင်စားသေးဘူးလား။
ဤလူသားကျင့်ကြံသူမှာ... တကယ်ကို ထူးခြားလှသည်။
"မိတ်ဆွေရှန်ရယ်… ကျေးဇူးပြုပြီး ကျွန်မကို ဘေးကင်းမှုအောင် စောင့်ရှောက်ပေးပါ… မြစိမ်းရောင် ဂူဗိမာန်ထဲကနေ ထွက်သွားတဲ့အထိပဲ လိုက်ပို့ပေးပါ… ကျွန်မ ရှင့်ကို ငွေလမင်း စိတ်စွမ်းအင် ပုလဲတစ်လုံး ပေးနိုင်ပါတယ်"
ဟူရှင်းယွဲ့ အလေးအနက် ကမ်းလှမ်းလိုက်သည်။ ငွေလမင်း စိတ်စွမ်းအင် ပုလဲမှာ ကောင်းကင်မြေခွေးမျိုးနွယ်စု၏ အဖိုးတန် ရတနာများအနက် တစ်ခုဖြစ်သည်။ ၎င်းကို အသုံးပြုပါက အနာဂတ်၏ ကြီးမားသော အဖြစ်အပျက်တစ်ခုကို ဟောကိန်းထုတ်နိုင်သည်။ ကျင့်ကြံသူ အမြောက်အမြားမှာ ၎င်းကို ရရှိရန်အတွက် အလွန်အမင်း အားထုတ်ကြရ၏။
သို့သော် ရှန်မို ခေါင်းခါပြလိုက်သည်။
"ငါ အဲဒါကို မလိုချင်ဘူး"
ဟူရှင်းယွဲ့ အံ့ဩသွားရ၏။
အဲဒါကိုတောင် မလိုချင်ဘူးလား။
သူ ခဏမျှ စဉ်းစားပြီးနောက် ပြော၏။
"ဒါဆိုရင် လောင်မြိုက်နှလုံးသား ခန်းမအတွက် စမ်းသပ်မှု အမှတ်အသား ဆိုရင်ရော"
လောင်မြိုက်နှလုံးသား ခန်းမဆိုသည်မှာ သွေးနတ်ဘုရား နတ်ဆိုးနန်းတော်က ထိန်းချုပ်ထားသော လျှို့ဝှက် နယ်မြေတစ်ခု ဖြစ်သည်။ ၎င်း၏ အတွင်း၌ ထူးခြားဆန်းပြား မီးလျှံများစာရင်းတွင် အဆင့် ၃၃ ရှိသော ကျောက်ဝေါ လောင်မြိုက်နှလုံးသား မီးလျှံ၏ ကျန်ရှိနေသော မီးလျှံစွမ်းအားများ ရှိနေသည်။ ထိုအတွင်းသို့ ဝင်ရောက်သူများသည် သုံးနှစ်တိုင်တိုင် ဝိညာဉ်လောင်ကျွမ်းသော ဝေဒနာကို ခံစားရမည်ဖြစ်ပြီး ထို့နောက်တွင်မူ သုံးနှစ်တိုင်တိုင် အတွင်းစိတ်မိစ္ဆာ၏ စမ်းသပ်မှုကို ခံယူရမည် ဖြစ်သည်။ အကယ်၍ ထိုခြောက်နှစ်ကို ကျော်ဖြတ်နိုင်ခဲ့ပါက သူတို့ ပိုင်ဆိုင်ထားသော ဓမ္မအမှတ်အသား အရေအတွက်မှာ လုံးဝ ထိုးတက်သွားပေလိမ့်မည်။ လောင်မြိုက်နှလုံးသား ခန်းမမှာ ပြင်ပလူများအတွက် ဘယ်တော့မှ မဖွင့်ပေးပေ။ တောင်ပိုင်းကျွန်းစုမှ အခြားသော ထိပ်တန်း အင်အားကြီးများသာ ဆယ်နှစ်လျှင် တစ်ကြိမ် အနည်းငယ်မျှသော နေရာများကို ရရှိနိုင်ခြင်း ဖြစ်သည်။
"ဒါလည်း မလိုချင်သေးဘူး"
ရှန်မို နောက်တစ်ကြိမ် ခေါင်းခါလိုက်ပြန်သည်။
သူ၏ စိတ်ဆန္ဒနှင့် ဝိညာဉ်မှာ အလွန်အမင်း သန်မာပြီးသား ဖြစ်ရာ ထိုမီးလျှံ သို့မဟုတ် မိစ္ဆာတို့၏ ဝေဒနာကို ခံစားရန် မလိုအပ်ပေ။ ကျောက်ဝေါ လောင်မြိုက်နှလုံးသား မီးလျှံ၏ ကျန်ရှိနေသော စွမ်းအားမှာ အခြားသူများ၏ စိတ်အာရုံကို လောင်ကျွမ်းစေရန်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင်အတွက်မူ အကောင်းဆုံး မဟုတ်ပေ။
"ဒါဆို ရှင် ဘာလိုချင်တာလဲ"
ဟူရှင်းယွဲ့က မတတ်သာဘဲ မေးလိုက်သည်။
"ရှစ်မျက်နှာ တိုက်ပွဲဖြိုခွင်းခြင်း အင်းပြား"
ရှန်မိုမှ ပြတ်သားစွာ ပြောလိုက်သည်။
"သွေးနတ်ဘုရား နတ်ဆိုးနန်းတော်မှာ ကောင်းကင်အင်းဆက်ဂိုဏ်းနဲ့ ကုန်သွယ်နိုင်တဲ့ လမ်းကြောင်းတွေ ရှိသင့်တယ်… ငါ အဲဒါ သုံးခု လိုချင်တယ်"
သူ လိုချင်သည်မှာ ထိုအင်းပြားများကို မဟုတ်ဘဲ ၎င်းတို့အတွင်း၌ ကျန်ရှိနေသော ရှစ်မျက်နှာ တိုက်ပွဲဖြိုခွင်းခြင်း မီးလျှံကို ဖြစ်သည်။ ၎င်းမှာ သူ၏ စစ်နတ်ဘုရား စိတ်အာရုံကို လောင်ကျွမ်းစေရန်အတွက် အကောင်းဆုံး မီးလျှံ ဖြစ်သည်။
"သုံးခုက အရမ်းများတယ်… တစ်ခုပဲ… တစ်ခုတော့ ကျွန်မ ရှင့်အတွက် ရအောင် လုပ်ပေးနိုင်မယ် ထင်တယ်"
ဟူရှင်းယွဲ့ အတော်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
ရှန်မိုလည်း ခေါင်းညိတ်ပြလေ၏။
"သဘောတူပါတယ်"
သူ ကြိုဈေးဆစ်ရန်အတွက်သာ သုံးခုဟု ပြောလိုက်ခြင်း ဖြစ်သည်။
တစ်ဖက်မှ လုံးဝ သဘောတူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။