အခန်း (၁၇၁)
Vol. 18 Ch. 171
ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ချက်ချင်း ဆင်းမလာကြသေးပါ။ ကျို့ယိုစင်မြင့်ပေါ်ရှိ နတ်ဆိုးကျင့်ကြံသူ ပမာဏ များသထက် များလာသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ သို့သော် နတ်ဆိုးဘုရင် ၅ ပါးကိုတော့ ဘယ်မှာမှ ရှာမတွေ့ခဲ့ပေ။
ယန်ရုန်ရုန် ဇဝေဇဝါဖြစ်သွားခဲ့သည်။
“အဲ့ဒီ ငါးယောက် ဘယ်ရောက်သွားတာလဲ”
အမည်တပ်မပြောလျှင်တောင် သူမ ဘယ်သူတွေကို ဆိုလိုမှန်း လင်းယွမ်ကောင်းကောင်း သိပါသည်။ ထို့ကြောင့် ပန်းပင်လယ်ထဲရှိ နေရာတစ်ခုကို မေးငေါ့ပြကာ ပြောလိုက်သည်။
“ဟိုမှာ၊ အဲ့ဒီမှာ ပုန်းနေကြတယ်”
ယန်ရုန်ရုန် သူ့အကြည့်နောက် လိုက်ကြည့်လိုက်ရာ ထူထဲလှသော ပန်းခင်းထဲတွင် ပုန်းနေကြသည့် သံသယဖြစ်စရာ လူငါးယောက်ကို မြင်လိုက်ရပါသည်။
ကွဲပြားခြားနားနေသည့် သူတို့မျက်နှာများကို ကြည့်ရင်း ယန်ရုန်ရုန် မေးလိုက်သည်။
“သူတို့ ရုပ်ဖျက်ထားကြတာလား”
လင်းယွမ်ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်”
နတ်ဆိုးဘုရင်များက အသွင်ပြောင်းပညာများကို သုံးကာ ရုပ်ဖျက်ထားကြခြင်း ဖြစ်သော်လည်း ထိုကဲ့သို့ လှည့်ကွက်မျိုးက သူတို့အောက် ကျင့်ကြံခြင်းအဆင့်နိမ့်သော ကျင့်ကြံသူများအပေါ်မှာသာ အလုပ်ဖြစ်နိုင်ပါသည်။
လင်းယွမ်၏ ကျင့်ကြံခြင်းအဆင့်က သူတို့ထက် များစွာ သာလွန်သည်။ ထို့ကြောင့် တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် သူတို့၏ လှည့်ကွက်များကို ဖောက်ထွင်းမြင်နိုင်နေခြင်း ဖြစ်သည်။
ယန်ရုန်ရုန် မျက်လုံးများ ဂနာမငြိမ်ဖြစ်သွားပြီး အကြံတစ်ခု ပေါ်လာခဲ့သည်။
“ကျွန်မ သူတို့နဲ့ သွားကစားလိုက်ဦးမယ်၊ ဒီမှာ ခဏစောင့်နေ”
ထို့နောက် ဓားပျံဖြင့် အောက်သို့ ဦးတည်လိုက်ပြီး နတ်ဆိုးဘုရင် ၅ ပါး၏ ဘေးတွင် ယန်ရုန်ရုန် အတိအကျ ဆင်းသက်လိုက်ပါသည်။
၎င်းတို့၏ သရုပ်မှန်ကို ပိုမို ဖုံးကွယ်ထားနိုင်ဖို့လား မသိသော်လည်း နတ်ဆိုးဘုရင် ၅ ပါးစလုံး နတ်ဆိုးမများအဖြစ် အသွင်ပြောင်းလဲထားကြပါသည်။
ထို့အပြင် လူအများ၏ အာရုံစိုက်မှုကို မခံရစေဖို့အတွက် ရုပ်ရည်အသွင်အပြင်၊ ခန္ဓာကိုယ်အနေအထားများကလည်း သာမန်ဆန်လွန်းလှသည်။ ချောလည်းမချောလွန်း၊ ရုပ်လည်း မဆိုးလွန်းဘဲ လူအုပ်ထဲတွင် ပျောက်ကွယ်လွယ်တတ်သည့် ပုံစံမျိုးပင်။
ယန်ရုန်ရုန် မြေပြင်ပေါ်ရောက်ရှိသည်နှင့် သူတို့ကို အားတက်သရော လက်ပြနှုတ်ဆက်လိုက်ပါသည်။
“အစ်မတို့! အစ်မတို့လည်း အဆုံးမဲ့ အသူရာချောက်နက်ထဲ ရတနာ လာရှာကြတာလား”
‘အစ်မကြီး’ ၅ ယောက် ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။
သူတို့ထံဦးတည်ပြီး ယန်ရုန်ရုန် ဆင်းသက်လာသည်ကို အစောကြီးကတည်းက သတိထားမိကြသဖြင့် နတ်ဆိုးဘုရင်များ တိုက်ခိုက်ဖို့ အသင့်ပြင်ထားခဲ့ကြပါသည်။ သို့သော် သူတို့ကို ယန်ရုန်ရုန် မှတ်မိသည့်ပုံမပေါ်ပါ။
သူတို့ မလိုအပ်ဘဲ စိုးရိမ်ခဲ့ကြခြင်းသာ။
သံသယဖြစ်စရာ မကောင်းစေဖို့အတွက် နတ်ဆိုးဘုရင် ၅ ပါးစလုံး အကြည့်ချင်းပင် မဖလှယ်ရဲကြတော့ပေ။
ခေတ္တတိတ်ဆိတ်သွားပြီးနောက် စမ့်ရှန်းမင်က ပြန်ပြောလိုက်သည်။
“ဟုတ်တယ်၊ အဆုံးမဲ့ အသူရာချောက်နက်ထဲ သံသရာခွင်းဘုံ ဝင်ပေါက်ရှိနေတယ်လို့ ကြားမိလို့ လာကြည့်တာ၊ နတ်ဆိုးကျင့်ကြံသူတွေ ဒီလောက်အများကြီး ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး”
ယန်ရုန်ရုန်က သူတို့ရုပ်ဖျက်ထားသည်ကို လုံးဝ မရိပ်မိသည့် ပုံစံမျိုးဖြင့် ပြုံးရွှင်စွာ ပြောလိုက်ပါသည်။
“ဪ သံသရာခွင်းဘုံတစ်ခုတည်း ရှိတာ မဟုတ်ဘူး၊ အသူရာချောက်နက်ထဲမှာ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးလည်း ရှိတယ်လို့ ကြားမိတယ်၊ အဲ့ဒီသစ်ပင်ကြီးက သစ်သီးတစ်လုံးက ကျင့်ကြံသူတစ်ယောက်ရဲ့ အမြုတေနဲ့ စွမ်းအင်တွေကို သန့်စင်ပေးပြီး ကောင်းကင်ဘုံ နတ်ဆိုးသစ်မြစ်အဖြစ် အသွင်ပြောင်းလဲပေးနိုင်တယ်တဲ့၊ အရမ်းဆန်းကြယ်တာပဲ!”
ထိုအကြောင်းကို ပထမဆုံးကြားဖူးခြင်းဖြစ်သည့် နတ်ဆိုးဘုရင် ၅ ပါးစလုံး ကြက်သေသေသွားခဲ့ကြသည်။ သံသရာခွင်းဘုံတစ်ခုတည်းကြောင့်တော့ ဒီလောက်ပမာဏအများကြီး ရောက်မလာနိုင်ဟု သူတို့ ခန့်မှန်းထားခဲ့ကြသည်။
ယခုတော့ အများစုက သစ်သီးကြောင့် ရောက်လာခြင်းဖြစ်ကြောင်း သိလိုက်ရလေပြီ။
စမ့်ရှန်းမင် သဘာဝကျကျ ပြုံးကာ ပြောလိုက်သည်။
“အဲ့တာဆို ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်လည်း ရှိနေတာပေါ့၊ အစ်မတို့ ဘာမှ မကြားမိဘူး၊ မင်းကော အဲ့ဒီသစ်ပင်ကို ရှာဖို့ ဒီရောက်လာတာလား”
ယန်ရုန်ရုန် ခေါင်းခါပြီး ခေါင်းညိတ်ပြလိုက်သည်။
စမ့်ရှန်းမင် ဆွံ့အသွားလေသည်။
“အဲ့တာ ဘာကိုဆိုလိုတာလဲ”
“သစ်ပင်အတွက်လာခဲ့တာက တစ်ဝက်လောက်ပဲ မှန်တယ်”
ထိုစကားကိုကြားပြီး ဖုန့်ကျင်းရှားက လွှတ်ခနဲ ဝင်မေးလိုက်ပါသည်။
“အဲ့တာဆို အဆုံးမဲ့ အသူရာချောက်နက်ထဲ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်တစ်ပင် တကယ်ရှိနေတာလား!”
ဟိုက်မင်က သူ့ကို ပါးစပ်ပိတ်ထားဖို့ တံတောင်ဖြင့်တွတ်ရင်း အချက်ပြလိုက်ပါသည်။
သူတို့၏အပြုအမူများကို ယန်ရုန်ရုန် မမြင်ချင်ယောင် ဆောင်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေါ့၊ တချို့ဆို အဲ့ဒီသစ်ပင်က သစ်သီးကို စားလိုက်လို့ လင်းယွမ် နတ်ဆိုးအရှင်သခင်ဖြစ်လာတာလို့တောင် ပြောနေကြပြီ!”
ထိုကောလဟာလက ရယ်ချင်စရာကောင်းသည့်အလား ယန်ရုန်ရုန် တခစ်ခစ်ပင် ရယ်မောပြလိုက်ပါသည်။
ဒီတစ်ခါတော့ ဖုန့်ကျင်းရှားသာမက ဟိုက်မင်လည်း စိတ်မထိန်းနိုင်ဘဲ ဝင်မေးမိတော့သည်။
“အဲ့တာ တကယ်ပဲလား”
ယန်ရုန်ရုန် ပခုံးတွန့်ပြလိုက်သည်။
“ကျွန်မက ဘယ်လိုလုပ်သိမှာလဲ၊ ဘာပဲဖြစ်ဖြစ် အားလုံးကတော့ အဲ့လို ပြောနေကြတာပဲ၊ ယုံတာ မယုံတာက အစ်မတို့ဆုံးဖြတ်ချက်ပဲလေ”
ဖုန့်ကျင်းရှားတစ်ယောက် အသူရာချောက်နက်ထဲ ခုန်ဆင်းပြီး ထိုသစ်ပင်ကို ကိုယ်တိုင် သွားရှာချင်နေပါပြီ။ သို့သော် ဟိုက်မင်ကတော့ ချက်ချင်းစိတ်ပြန်ထိန်းနိုင်ခဲ့သည်။
“ကောလဟာလဆိုတာ ကောလဟာလပဲ၊ အမှန်တရားလို့ မှတ်ယူလို့မရဘူးး၊ လင်းယွမ်က စွမ်းအားကြီးမားတာ မှန်တယ်၊ ဒါပေမယ့် သစ်သီးတစ်လုံးကြောင့် အဲ့လောက်ထိ စွမ်းအားကြီးမားလာတာတော့ မဖြစ်နိုင်ဘူး”
ဟိုက်မင် စကားခေတ္တရပ်တန့်လိုက်ပြီး ယန်ရုန်ရုန့်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ကာ မေးလိုက်သည်။
“ညီမက အစ်မတို့ကို အဲ့တာတွေ ဘာလို့ လာပြောပြနေတာလဲ”
ယန်ရုန်ရုန် မသိချင်ယောင် ဆောင်နေခြင်းဖြစ်မည်ဟု ဟိုက်မင် သံသယဝင်မိသည်။
ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်ပြလိုက်သည်။
“ဘာရယ်မဟုတ်ပါဘူး၊ ဒီတိုင်း ကောင်းကင်ပေါ်မှာ ပျံရတာ ပင်ပန်းလာလို့ အောက်ဆင်းပြီး အညောင်းအညာဖြေတာ၊ ဒီကို ရောက်လက်စနဲ့ အစ်မတို့ကို ကျို့ယိုစင်မြင်နဲ့ အသူရာ ချောက်နက်တို့အကြောင်း မေးကြည့်မလို့၊ တကယ်တော့ အစ်မတို့သာ ဆန္ဒရှိရင် အသူရာချောက်နက်ထဲ အတူတူဆင်းဖို့ ကမ်းလှမ်းချင်လို့လေ”
ဟိုက်မင်၏ မျက်နှာထားက အလွန်ထူးဆန်းလာခဲ့ပါသည်။
“ညီမက အစ်မတို့နဲ့အတူတူသွားချင်တယ် ဟုတ်လား၊ ဘာလို့လဲ”
“အားလုံးက မိန်းမသားတွေမို့လို့လေ၊ အဲ့တာကြောင့် အတူ တူသွားရင် လွတ်လွတ်လပ်လပ်ရှိတာပေါ့၊ ပြီးတော့ ချောက်နက်ထဲရောက်ရင် တစ်ယောက်ကိုတစ်ယောက်လည်း ကူညီပေးလို့ရတယ်၊ အဲ့တာ မကောင်းဘူးလား”
သူတို့ကို ယန်ရုန်ရုန် ဇဝေဇဝါဖြစ်စွာ ကြည့်ရင်း မေးလိုက်သည်။
“အစ်မတို့က… ကျွန်မနဲ့ အတူတူမသွားချင်လို့လား”
စမ့်ရှန်းမင် အားနာပါးနာ ပြုံးပြလိုက်ပါသည်။
“စိတ်မရှိပါနဲ့၊ အစ်မတို့က အခုမှတွေ့ဖူးတာဆိုတော့ သိပ်မရင်းနှီးသေးဘူးလေ၊ အဲ့တာကြောင့် အတူတူသွားဖို့ ကိစ္စကို မေ့ထားလိုက်ရအောင်”
အသူရာချောက်နက်ထဲ ဝင်ရောက်ဖို့ဆို ကျို့ယိုစင်မြင့်ပေါ်မှ ဖြတ်သန်းသွားရပါလိမ့်မည်။ ထိုကျို့ယိုစင်မြင့်ပေါ်တွင် ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင်ကို ခင်းကျင်းထားသည်။
သူတို့သာ ကျုံးရှောင်းရှောင်းနှင့်အတူတူ သွားရမည်ဆိုလျှင် ကိုယ့်ထောင်ချောက်ထဲကိုယ် ပြန်မိပြီး နတ်ဆိုးစွမ်းအင်များ ချိပ်ပိတ်စည်းနှောင်ခံရပါလိမ့်မည်။ ကိုယ့်သေတွင်းကိုယ် တူးသည်နှင့် မခြားပေ။
ယန်ရုန်ရုန် အလွန် စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ဆိုလိုက်သည်။
“ဟုတ်ပါပြီ၊ အစ်မတို့ဘက်က ဆန္ဒမရှိရင် ကျွန်မ အတင်းမတိုက်တွန်းတော့ပါဘူး”
သူမ လက်လျှော့ပြီးထွက်သွားလိမ့်မည်ဟု နတ်ဆိုးဘုရင်များ ထင်ထားကြသော်လည်း ယန်ရုန်ရုန်က ရုတ်တရက် လေသံ ပြောင်းသွားခဲ့ပါသည်။
“အဲ့တာဆို အတူတူသွားဖို့ ကျွန်မ တန်ရာတန်ကြေးပေးမယ်လေ”
စမ့်ရှန်းမင် မဲ့ပြုံးပြုံးလိုက်သည်။
“အစ်မတို့ ငါးယောက်က ဝိညာဉ်ကျောက်တုံးမရှားဘူး၊ တခြားနေရာမှာပဲ သွားရှာလိုက်နော်”
“ကျွန်မပြောတဲ့ ‘တန်ရာတန်ကြေး’ဆိုတာ သာမန် ဝိညာဉ်ကျောက်တုံးကို ပြောတာမဟုတ်ဘူး”
ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ ဒဏ်ရာရွှေ့ပြောင်း အဆောင်စက္ကူ ငါးရွက်ကို ထုတ်ကာ သူတို့မျက်နှာရှေ့ ခါရမ်းပြလိုက်ပါသည်။
ထိုကဲ့သို့ အဆောင်မျိုးကို မြင်ဖူးသည့် နတ်ဆိုးဘုရင် ၅ ပါးစလုံး ကြက်သေသေသွားခဲ့ကြသည်။
ယန်ရုန်ရုန်က ဆက်ပြောလိုက်သည်။
“ဒီဒဏ်ရာရွှေ့ပြောင်းအဆောင်တွေကို နတ်ဆိုးဘုရင် ၅ ပါးရဲ့ နှလုံးသွေးတွေနဲ့ ဖန်တီးထားတာ၊ ကျွန်မ ဒဏ်ရာတစ်ခုခု ရခဲ့သည်ရှိသော် အဲ့ဒီဒဏ်ရာက နှစ်ဆတိုးပြီး အဲ့ဒီ နတ်ဆိုးဘုရင် ၅ ပါးပေါ်ကို သက်ရောက်မှုရှိလိမ့်မယ်၊ ဒီအဆောင်တွေက အရမ်းရှားတာနော်၊ အသူရာချောက်နက်ထဲ ကျွန်မနဲ့အတူတူလိုက်ခဲ့မယ်ဆိုရင် တန်ရာတန်ကြေးအနေနဲ့ ဒီအဆောင်တွေ လက်ဆောင်ပေးမယ်လေ၊ ဘယ်လိုသဘောရလဲ”
နတ်ဆိုးဘုရင် ၅ ပါးစလုံး ချက်ချင်း မျက်နှာပျက်သွားခဲ့ကြသည်။ ဖုန့်ကျင်းရှားက ထိုအဆောင်စက္ကူများကို ဖြတ်လုဖို့ ကြိုးစားပါသည်။
ယန်ရုန်ရုန်က ထိတ်လန့်သွားဟန်ဖြင့် အဆောင်စက္ကူ ၅ ရွက်စလုံးကို သူမကိုယ်ပေါ်တွင် ချက်ချင်းကပ်ပစ်လိုက်သည်။ နတ်ဆိုးဘုရင် ၅ ပါးရှေ့တွင် အဆောင်စက္ကူများ အရောင်လက်သွားပြီး မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
ယခုချိန်မှစပြီး ဒဏ်ရာရွှေ့ပြောင်းအဆောင်စက္ကူများ၏ အာနိသင် တရားဝင်သက်ရောက်ပါတော့မည်။
ယန်ရုန်ရုန် အိုဗာဖြစ်နေသော လေသံဖြင့် အော်လိုက်သည်။
“ဟာ သွားပြီ! ကျွန်မ မတော်တဆ သုံးလိုက်မိပြီ၊ အစ်မတို့ကိုပေးဖို့ အဲ့တာတွေကို ပြင်ထားတာ! အင်းလေ… ကျွန်မ သုံးလိုက်မိပြီဆိုတော့လည်း အစ်မတို့ကို ငှားလို့မရတော့ဘူးပေါ့၊ တခြားသူတွေကိုပဲ သွားရှာလိုက်ပါ့မယ်”
ယန်ရုန်ရုန် သက်ပြင်းချလိုက်ပြီး လှည့်ထွက်သွားဖို့ ပြင်လိုက်ပါသည်။
စမ့်ရှန်းမင်က အမြန်လှမ်းတားလိုက်သည်။
“ခဏနေဦး!”
ကျန်နတ်ဆိုးဘုရင် ၄ ပါးလည်း ရှေ့တိုးလာပြီး ယန်ရုန်ရုန့်ကို ဝိုင်းရံလိုက်ကြသည်။ ဒဏ်ရာရွှေ့ပြောင်း အဆောင်စက္ကူ အာနိသင် သက်ရောက်နေပြီ ဖြစ်သဖြင့် ကျုံးရှောင်းရှောင်းသာ ဒဏ်ရာရသွားလျှင် သို့မဟုတ် သေသွားလျှင် သူတို့ ၅ ယောက်စလုံး ဒုက္ခရောက်ပါလိမ့်မည်။
ကျုံးရှောင်းရှောင်းကို ဒီတိုင်း ထွက်သွားခွင့်ပြုလို့ မဖြစ်ပေ။