← Chapters

အခန်း (၁၇၂)

Vol. 18 Ch. 172

အခန်း (၁၇၂)

Vol. 18 Ch. 172

ယန်ရုန်ရုန် အံ့အားသင့်ချင်ယောင် ဆောင်ကာ မေးလိုက်သည်။

“အစ်မတို့ စိတ်ပြောင်းသွားကြပြီလား”

စမ့်ရှန်းမင် တိတ်ဆိတ်နေခဲ့သည်။ သူ့ရှေ့ရှိ မိန်းကလေးက တမင်တကာ တုံးချင်ယောင် ဆောင်နေခြင်းလား အမှန်တကယ်ပဲ တုံးအနေခြင်းလား ဝေခွဲမရသဖြင့် တွန့်ဆုတ်နေမိပါသည်။

နဂိုကတည်းက စိတ်ဆတ်လွယ်သည့် ဖုန့်ကျင်းရှားက သည်းမခံနိုင်တော့ပေ။

“မင်းငါတို့ကို တမင် လာကစားနေတာလား!”

ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်။

“ရှင်တို့ ဘာတွေလာပြောနေတာလဲ၊ ကျွန်မက ရှင်တို့ကို ဘယ်လိုကစားမိလို့လဲ”

သူတို့ ၅ ယောက်ကို ယန်ရုန်ရုန် သေသေချာချာ အကဲခတ်ကြည့်လိုက်ပြီး တစ်ခုခုကို နားလည်သွားသကဲ့သို့ ပြုမူကာ မဝံ့မရဲ မေးကြည့်လိုက်ပါသည်။

“ဧကန္တ… ရှင်တို့က နတ်ဆိုးဘုရင် ၅ ပါးရဲ့အသိမိတ်ဆွေတွေလား”

သူမကို ဖုန့်ကျင်းရှား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ရူးချင်ယောင် ဆောင်မနေနဲ့၊ ငါတို့က..”

ထိုစဉ် ဟိုက်မင်က ရုတ်တရက် စကားဖြတ်ပြောလိုက်ပါသည်။

“နတ်ဆိုးဘုရင် ၅ ပါးကို အစ်မတို့က သိပါတယ်၊ ဒါပေမယ့် နတ်ဆိုးဘုရင် ၅ ပါးကတော့ အစ်မတို့ကို သိမှာ မဟုတ်ဘူး”

သူ့စကားကို ဖုန့်ကျင်းရှား နားမလည်နိုင်ဘဲ အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ ဟိုက်မင်က သူ့ကို စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့ မျက်လုံးဖြင့် အချက်ပြကာ ယန်ရုန်ရုန့်ကို စကားဆက်ပြောလိုက်ပါသည်။

“ညီမက အစ်မတို့ကို ငှားချင်တယ်ဆိုတော့ အစ်မတို့အချင်းချင်း အရင်ဆုံး တိုင်ပင်ရဦးမယ်၊ အချိန်ခဏလောက် ပေးနိုင်မလား”

ယန်ရုန်ရုန် ပြဿနာမရှိကြောင်း ပြန်ပြောလိုက်သည်။

“တိုင်ပင်ချင်သလောက် တိုင်ပင်ပါ၊ ကျွန်မ ဒီနားမှာပဲ ရှိနေမယ်နော်”

ထို့နောက် ဝူဝမ့်ဓားကို ဆင့်ခေါ်ပြီး ယန်ရုန်ရုန် ထွက်သွားဖို့ ပြင်လိုက်ပါသည်။

ထိုစဉ် ဟိုက်မက်က လက်တစ်ချက် ဝှေ့ရမ်းလိုက်ရာ အနက်ရောင် အိတ်ငယ်တစ်လုံး ထွက်လာပြီး အရွယ်အစားက တဖြည်းဖြည်း ကြီးမားလာရင်း ယန်ရုန်ရုန့် ဦးခေါင်းတည့်တည့်ထံသို့ ဦးတည်သွားခဲ့လေသည်။

ယန်ရုန်ရုန်ကလည်း တစ်ချိန်လုံး သတိကပ်ထားသဖြင့် ဟိုက်မင်အနည်းငယ်လှုပ်ရှားသည်ကို မြင်လိုက်သည်နှင့် မြေပြင်ပေါ်တွင်လှိမ့်ကာ အနက်ရောင်အိတ်ကို သီသီလေး ရှောင်ရှားလိုက်ပါသည်။

သို့သော် ယန်ရုန်ရုန် အလျှင်လိုသွားသဖြင့် သေမင်းပန်းတစ်ပွင့်ပေါ်သို့ လက်ဖဝါးဖြင့် မတော်တဆ ဖိမိသွားခဲ့ပြီး လက်ချောင်းတစ်ချောင်းလည်း အကိုက်ခံလိုက်ရပါသည်။

ယန်ရုန်ရုန်ကိုယ်တိုင်က ဘာမှမခံစားရသော်လည်း ဟိုက်မင်၊ စမ့်ရှန်းမင်နှင့် ကျန်နတ်ဆိုးဘုရင်များအားလုံး ညာဘက်လက်တွင် စူးစူးရှရှ နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ကိုယ့်လက်ကိုယ် ငုံ့ကြည့်လိုက်ကြရာ ၎င်းတို့၏ညာဘက်လက်များပေါ်တွင် ဒဏ်ရာတစ်ခု ရုတ်တရက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ယန်ရုန်ရုန် မြေကြီးပေါ်မှ ပြန်ထရင်း မကျေမနပ်ပြောလိုက်ပါသည်။

“ကျွန်မက စေတနာနဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းတာကို ရှင်တို့က အလစ်တိုက်ခိုက်တယ်ပေါ့! တရားလွန်လိုက်တာ! ရှင်တို့လို့ ဉာဏ်နီဉာဏ်နက်များပြီး အကြံအစည်ကြီးတဲ့ မဟာမိတ်တွေကို အလိုမရှိဘူး!”

ထို့နောက် ဝူဝမ့်ဓားပေါ် ခုန်တက်ပြီး ယန်ရုန်ရုန် ထွက်သွားလေတော့သည်။

ဖုန့်ကျင်းရှားက နောက်မှ လိုက်သွားချင်သော်လည်း ခပ်လှမ်း လှမ်းတွင် ရင်းနှီးနေသော လူတစ်ယောက်ကို လှမ်းမြင်လိုက်ရပါသည်။

နတ်ဆိုးအရှင်သခင် လင်းယွမ်ပင်…

ယန်ရုန်ရုန်က လင်းယွမ်ဘေးသို့ ပြန်လည်ရောက်ရှိသွားပါပြီ။ အကွာအဝေးက လှမ်းသဖြင့် သူတို့အသံတွေကို ဖုန့်ကျင်းရှား မကြားနိုင်ပါ။

သို့သော် သူတို့ဘက်ကို လက်ညှိုးထိုးပြီး ယန်ရုန်ရုန် တစ်ခုခုပြောနေသည်ကိုတော့ သေသေချာချာ မြင်နိုင်ပါသည်။

လင်းယွမ်ကို သူမ သွားတိုင်နေခြင်းဖြစ်မည်ဟု ဖုန့်ကျင်းရှား သံသယဖြစ်မိကာ ကျိန်ဆဲလိုက်လေသည်။

“အဲ့ဒီကောင်မက ငါတို့ကို မနိုင်တာနဲ့ပဲ လင်းယွမ်ကို သွားတိုင်နေတယ်၊ သူတကယ် အစွမ်းအစရှိနေရင် ငါနဲ့ တစ်ယောက်ချင်း လာတိုက်စမ်းပါ!”

ကျန်နတ်ဆိုးဘုရင် ၄ ပါးက ဖုန့်ကျင်းရှားကို လျစ်လျူရှုထားကြပါသည်။ ဟိုက်မင်က သူ့လက်ပေါ်ရှိ ဒဏ်ရာကို သေချာ စစ်ဆေးကြည့်နေသည်။

ဒဏ်ရာ၏ အနားသတ်များက မည်းနက်နေပြီဖြစ်ကာ သွေးများလည်း စိမ့်ထွက်နေဆဲပင်။ သေမင်းပန်းများက အလွန် အဆိပ်ပြင်းပြီး စိတ်ကို ကယောင်ချောက်ချားဖြစ်စေကာ တစ်ခါတစ်ရံ တစ်ကိုယ်လုံး အကြောလုံးဝ သေသွားစေပါသည်။

ယခု နတ်ဆိုးဘုရင် ၅ ပါးစလုံး ၎င်းတို့၏ ညာဘက်လက်များ ထုံကျင်လာသည်ကို စတင်ခံစားနေရပါပြီ။ ခေါင်းတွေလည်း တဖြည်းဖြည်း လေးလံမူးဝေလာခဲ့သည်။

ကံကောင်းစွာဖြင့် နတ်ဆိုးဘုရင် ၅ ပါးစလုံးတွင် အဆိပ်ဖြေဖို့အတွက် ကိုယ့်နည်းလမ်းနှင့်ကိုယ် ရှိကြပါသည်။ အချို့က ကျင့်ကြံခြင်းနည်းလမ်းများကို ထုတ်သုံးကြသည်။ အချို့က အဆိပ်ဖြေဆေးကို ထုတ်သောက်ကြသည်။ အချို့ကတော့ နတ်ရတနာများကို ထုတ်သုံးကြပါသည်။

ငါးယောက်စလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီးနောက် အဆိပ်ကိုဖယ်ရှားနိုင်ခဲ့ပြီး သွေးတိတ်အောင်လည်း တားဆီးနိုင်ခဲ့ကြသည်။

ယခုဆို ဖုန့်ကျင်းရှားလည်း ပြန်လည် တည်ငြိမ်သွားပါပြီ။ ကျန်နတ်ဆိုးဘုရင် ၄ ပါးကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း သူ မေးလိုက်သည်။

“ကျုံးရှောင်းရှောင်းနဲ့အတူတူ အဆုံးမဲ့အသူရာချောက်နက်ထဲ ဝင်ဖို့ စဉ်းစားနေကြတာတော့ မဟုတ်ပါဘူးနော်၊ ကျို့ယို စင်မြင့်ပေါ်မှာ ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင်တစ်ခုကို ခင်းကျင်းထားတာ မင်းတို့ သိကြတယ်မလား၊ အဲ့ဒီထဲ ဝင်သွားတာနဲ့ ငါတို့နတ်ဆိုးစွမ်းအင်တွေ ပိတ်လှောင်ခံရမှာနော်”

ဟိုက်မင်က အလွန်အေးစက်နေသော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။

“ငါတို့မှာ ရွေးချယ်စရာရှိလို့လား၊ အဲ့ဒီမိန်းမက ဒဏ်ရာရွှေ့ပြောင်းအဆောင်တွေကို သုံးထားတာ မင်းလည်း မြင်ရဲ့သားနဲ့၊ သူဒဏ်ရာတစ်ခုခုရရင် နှစ်ဆတိုးပြီး ငါတို့အပေါ် ကျရောက်လာမှာ၊ အသူရာချောက်နက်ထဲ သူမတော်တဆ သေသွားခဲ့သည်ရှိသော် ငါတို့ပါ သူနဲ့ သေလမ်းကို လိုက်သွားရလိမ့်မယ်”

ဖုန့်ကျင်းရှား ကျိန်ဆဲလိုက်မိသည်။

“လခွီးပဲ! အဲ့ဒီကောင်မ တမင်သက်သက်လုပ်ထားတာ!”

စမ့်ရှန်းမင် နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်ပါသည်။

“ငါတို့ နှလုံးသွေးကို အစကတည်းက မပေးခဲ့သင့်ဘူး”

ဟိုက်မင် သုန်မှုန်စွာ ဝင်ပြောလိုက်သည်။

“အခုချိန်မှ နောင်တရနေလို့လည်း ဘာမှမထူးတော့ဘူး၊ ငါတို့ မသေချင်ရင် ကျုံးရှောင်းရှောင်းကို ကာကွယ်ပေးရမယ်၊ သူ ဒဏ်ရာနည်းနည်းလေးတောင် ရသွားလို့ မဖြစ်ဘူး”

ထိုအကြောင်းကို တွေးမိလေလေ ဖုန့်ကျင်းရှား စိတ်မွန်းကြပ်လာလေလေပင်။

“အဲ့ဒီကောင်မ ဒီလောက် အန္တရာယ်များမှန်း အစောကြီးကတည်းကသာ ကြိုသိခဲ့ရင် စတွေ့ကတည်းက သတ်ပစ်ခဲ့ပါတယ်!”

ထိုစဉ် ကျင်းသျောင်မူဟု အမည်ရသော နတ်ဆိုးဘုရင်တစ်ပါးက ရယ်မောလိုက်ပါသည်။

“စကားနဲ့ပြောတာလောက်တော့ လူတိုင်း လုပ်တတ်တယ်၊ အဲ့ဒီတုန်းက သတ်ချင်ရင်တောင် သူ့ကို မင်းသတ်နိုင်မှာ မို့လို့လား၊ သူ့ဘေးမှာ လင်းယွမ်တစ်ယောက်လုံးရှိနေတာ၊ လင်းယွမ်ကို မင်းအနိုင်ယူနိုင်လို့လား”

နဂိုကတည်းက ဒေါသထွက်နေသည့် ဖုန့်ကျင်းရှားတစ်ယောက် ကျင်းသျောင်မူ၏ အရွဲ့တိုက်စကားကို ကြားပြီး အလွန်ပေါက်ကွဲသွားခဲ့သည်။

ကျင်းသျောင်မူ၏ ဝတ်ရုံလည်ခွံကို ဆွဲကာ ဖုန့်ကျင်းရှား ခြိမ်းခြောက်လိုက်ပါသည်။

“လင်းယွမ်ကို မသတ်နိုင်ပေမယ့် ငါ မင်းကိုတော့ သတ်နိုင်သေးတယ်နော်!”

ကျင်းသျောင်မူက သူ့လက်ကို ရုတ်ထုတ်ပစ်လိုက်ပြီး ဝတ်ရုံကို သပ်ကာ ခပ်သဲ့သဲ့ ရယ်မောလိုက်ပါသည်။

“ရတယ်လေ၊ သတ်နိုင်တယ်ဆို သတ်ကြည့်လိုက်ပေါ့”

သူ့အပြုအမူကို ကြည့်ခြင်းအားဖြင့် ဖုန့်ကျင်းရှားကို မကြောက်ရွံ့မှန်း သိသာပါသည်။

ဖုန့်ကျင်းရှား ဒေါသပိုထွက်သွားပြီး သူ့ကို အမှန်တကယ် တိုက်ခိုက်ဖို့ ပြင်လိုက်သည်။ သို့သော် စမ့်ရှန်းမင်က အမြန်ဝင်တားလိုက်ပါသည်။

“တော်ကြတော့! အခြေအနေတွေက အရမ်းအဆင်ပြေနေတယ်လို့ မင်းတို့ထင်နေတာလား!”

ဖုန့်ကျင်းရှား၏ အမျက်ဒေါသအကြည့်ကို လျစ်လျူရှုရင်း ဟိုက်မင်ကို ကျင်းသျောင်မူ လှည့်ပြောလိုက်ပါသည်။

“မင်းအကြံပေးတာကို ငါထောက်ခံတယ်၊ လင်းယွမ်ကို သတ်နိုင်ရင် သူ့ထီးနန်းကို ငါတို့သိမ်းပိုက်ခွင့်ရမှာ မှန်တယ်၊ ဒါပေမယ့် ငါတို့ကလည်း အသက်ရှင်နေဦးမှကိုး၊ ကျုံးရှောင်း ရှောင်းနဲ့အတူ ငါမြေမြှုပ်မခံချင်ဘူး၊ အခုလောလောဆယ်တော့ သူ့ကို ကာကွယ်ပေးရမယ်”

စမ့်ရှန်းမင်လည်း ခေါင်းညိတ်လိုက်ပါသည်။

“ငါလည်းထောက်ခံတယ်၊ ဘယ်အဆောင်စက္ကူရဲ့ အာနိသင်ကမှ ရာသက်ပန် မတည်မြဲပါဘူး၊ အဲ့ဒီ ဒဏ်ရာရွှေ့ပြောင်းအဆောင် အာနိသင်ပြယ်သွားတာနဲ့ အဲ့ဒီမိန်းမကို ငါတို့ သတ်ပစ်လို့ရတယ်”

ဖုန့်ကျင်းရှား ဒေါသထွက်နေသော်လည်း ဒီ့ထက် ပိုကောင်းသည့် အစီအစဉ်မရှိမှန်းတော့ နားလည်ပါသည်။ သူရှင်သန်နိုင်ဖို့အတွက် အများနည်းတူ လက်ခံရလိမ့်မည်။

နောက်ဆုံးတော့ စကားဝင်မပြောသေးသည့် တစ်ဦးတည်းသော နတ်ဆိုးဘုရင် ဟေးယန်ကို အားလုံး လှည့်ကြည့်လိုက်ကြသည်။

နတ်ဆိုးဘုရင် ၅ ပါးအနက် ဟေးယန်က အငြိမ်သက်ဆုံးဖြစ်သည်။ ပုံမှန်အားဖြင့် တစ်ကိုယ်လုံးကို အနက်ရောင် အဝတ်အစားများဖြင့်သာ ဆင်မြန်းထားတတ်ပြီး မျက်နှာကိုလည်း ပတ်တီးထူထူများဖြင့် ရစ်ပတ်ထားသဖြင့် မျက်လုံးနှင့် ပါးစပ်တို့ကိုသာ မြင်ရသည်။

ထိုပတ်တီးများပေါ်တွင် ဆန်းကြယ်သည့် မှော်သင်္ကေတပေါင်းစုံ ရေးထိုးထားပါသည်။ သူစကား မပြောသည့်အခါ တစ္တေတစ်ကောင်လိုပင် တိတ်ဆိတ်လွန်းလှပြီး အများ၏ လျစ်လျူရှုမှုကို ခံရလေ့ရှိသည်။ ထို့ကြောင့် သူ့ကို ‘တစ္ဆေနက်’ဟုလည်း ခေါ်ဝေါ်လေ့ ရှိကြပါသည်။

အမြဲလိုလိုအများ၏ ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာတတ်သူဖြစ်ပြီး ကိုယ်ပိုင် ထင်မြင်ချက် ပေးခဲလှသည်။

ဒီတစ်ခါလည်း တိုတိုတုတ်တုတ်သာ ပြန်ဖြေခဲ့ပါသည်။

“ငါက ဘာဖြစ်ဖြစ် အဆင်ပြေတယ်”

စမ့်ရှန်းမင် အားလုံးကို ဝေ့ကြည့်လိုက်ပြီး စိတ်လေးလံစွာ ပြောလိုက်ပါသည်။

“ကျုံးရှောင်းရှောင်းနဲ့အတူ အဆုံးမဲ့ အသူရာချောက်နက်ထဲ ဆင်းဖို့ အားလုံးသဘောတူလိုက်ကြပြီဆိုတော့ အရင်ဆုံး ငါတို့ ဝူထျန် နတ်ဆိုးနှိမ်နင်းရေး အစီအရင်ကို ဖျက်သိမ်းရလိမ့်မယ်၊ မဟုတ်ရင် ငါတို့ရဲ့ နတ်ဆိုးစွမ်းအင်တွေပါ အပိတ်လှောင်ခံရလိမ့်မယ်”

အခြားနတ်ဆိုးဘုရင်များလည်း ကန့်ကွက်စရာမရှိပါ။

သို့သော် ပြဿနာအသစ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုအစီအရင်ကို ဘယ်လိုဖျက်သိမ်းရမလဲ သူတို့ မသိကြချေ။

ထိုအစီအရင်ကို ခင်းကျင်းသွားသူက ‘ဆန်းကြယ်သည့် ကျင့်ကြံသူတစ်ဦး’ဖြစ်သည်ဟု ယိုပီလောက ပြောသွားခဲ့ပါသည်။ ယခု ယိုပီလောက သေသလားရှင်သလားပင် မသေချာဘဲ၊ ထိုဆန်းကြယ်သည့် ကျင့်ကြံသူကိုလည်း ဘယ်မှာ သွားရှာရမှန်း မသိကြပေ။

နတ်ဆိုးဘုရင် ၅ ပါးစလုံး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ကြပါသည်။

ထိုအချိန်တွင် နတ်ဆိုးကျင့်ကြံသူ ပထမအသုတ်က ကျို့ယိုစင်မြင့်ပေါ်မှ ခုန်ဆင်းသွားကြလေပြီ။ ပုံမှန်အခြေအနေမှာဆို မျက်စိတစ်မှိတ်အချိန်အတွင်း အသူရာချောက်နက်ထဲ ရောက်ရှိသွားကြမည် ဖြစ်သော်လည်း ယခုတော့ ‘မတော်တ ဆမှု’တစ်ခုကို ကြုံတွေ့ခဲ့ကြရပါသည်။

ကျို့ယို စင်မြင့်ပေါ်မှ နတ်ဆိုးကျင့်ကြံသူများ ဆင်းသွားသည်နှင့်တစ်ပြိုင်တည်း ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင် စည်းဝိုင်းထဲ ရောက်ရှိသွားကြသည်။

အစီအရင်စည်းဝိုင်းက ချက်ချင်းအသက်ဝင်လာခဲ့ပြီး နတ်ဆိုးကျင့်ကြံသူများ၏ စွမ်းအင်များလည်း ရုတ်ခြည်းဆိုသလို အပိတ်လှောင်ခံလိုက်ရပါသည်။

အဆုံးမဲ့အသူရာချောက်နက်ထဲ ၎င်းတို့ ရောက်ရှိသွားချိန်တွင် ဘယ်လိုကျင့်ကြံခြင်း ပညာမျိုးကိုပဲ ထုတ်သုံးကြပါစေ နတ်ဆိုးစွမ်းအင်စိုးစင်းမျှပင် အသုံးမပြုနိုင်တော့ကြောင်း သိရှိလိုက်ရလေသည်။

All Chapters