← Chapters

အခန်း (၁၇၃)

Vol. 18 Ch. 173

အခန်း (၁၇၃)

Vol. 18 Ch. 173

အသူရာချောက်နက်ထဲတွင် ရှေးဟောင်းအကာအရံများ ရှိနေသဖြင့် အထဲသို့ ရောက်သွားကြသော နတ်ဆိုးကျင့်ကြံသူများမှာ ပြင်ပကမ္ဘာသို့ သတင်းစကားပေးပို့၍ မရသလို အပြင်လူများကလည်း အတွင်းကအခြေအနေကို သိနိုင်စွမ်းမရှိကြပေ။

ထို့ကြောင့် ယခုလက်ရှိ ကျို့ယိုစင်မြင့်ပေါ်တွင် ရှိနေသည့် နတ်ဆိုးကျင့်ကြံသူများက ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင်အကြောင်းကို လုံးဝ မသိကြသေးပါ။

တစ်ယောက်ပြီးတစ်ယောက် ဆူပွက်နေသည့် ရေနွေးအိုးထဲ ဖက်ထုပ်တွေလို ခုန်ဆင်းနေကြပြီး အနက်ရောင် မြူခိုးမြူငွေ့များအကြား တိုးဝင်ပျောက်ကွယ်နေကြပါသည်။

ကျုံးရှောင်းရှောင်းပါ ခုန်ချသွားမည်ကို စမ့်ရှန်းမင် အလွန်စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် ကျန်နတ်ဆိုးဘုရင် ၄ ပါးကို ခေါ်ဆောင်ပြီး ကျို့ယိုစင်မြင့်ပေါ်သို့ အမြန်ဆုံး ပြန်တက်လာခဲ့ကြသည်။

အသူရာချောက်နက်ထဲ နတ်ဆိုးပေါင်းများစွာ ခုန်ဆင်းနေကြသော်လည်း စင်မြင့်ပေါ်တွင် နတ်ဆိုးများ အုံအုံကျက်ကျက် ပြည့်နှက်နေဆဲပင်။

လင်းယွမ်နှင့် ယန်ရုန်ရုန်တို့လည်း စင်မြင့်ပေါ်မှာ ရှိနေကြပါသည်။ လင်းယွမ်၏ အရှိန်အဝါကြောင့် အခြား နတ်ဆိုးကျင့်ကြံသူများက သူ့နားမကပ်ရဲကြပါ။

ထို့ကြောင့် လင်းယွမ်၏ ဘေးပတ်ပတ်လည် ပေ ၃၀ တွင် လူသူကင်းမဲ့ဇုန်တစ်ခုဖြစ်နေပေါ်နေကာ သူနှင့် ယန်ရုန်ရုန်တို့ကို နတ်ဆိုးအုပ်များအကြား အထင်းသား ပေါ်လွင်နေစေပါသည်။

ထို့ကြောင့် ယန်ရုန်ရုန့်ကို ရှာဖွေဖို့ စမ့်ရှန်းမင် အများကြီး အားထုတ်စရာ မလိုခဲ့ပါ။ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် လှမ်းမြင်နိုင်ပါသည်။

လင်းယွမ်လည်းရှိနေသဖြင့် ရုပ်ဖျက်ထားလို့ ဘာမှမထူးတော့မှန်း စမ့်ရှန်းမင်တို့ နားလည်လိုက်သည်။

သူတို့ ရုပ်ဖျက်ထားသည်ကို လင်းယွမ် ဖောက်ထွင်းမြင်နိုင်မှာ သေချာပါသည်။ ထို့ကြောင့် ၎င်းတို့၏ မူလအသွင်များသို့ ပြန်ပြောင်းခဲ့ကြသည်။

နတ်ဆိုးအုပ်ထဲမှ နတ်ဆိုးဘုရင် ၅ ပါး ထွက်လာပြီး လူသူကင်းမဲ့ဇုန်ကို ဖြတ်သန်းကာ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့ကို မြင်လိုက်သည်နှင့် ယန်ရုန်ရုန် မျက်မှောင်ကြုတ်လျက် မေးလိုက်ပါသည်။

“ရှင်တို့ ငါးယောက် ဒီမှာ ဘာလုပ်နေကြတာလဲ”

စမ့်ရှန်းမင် အကြောင်းပြချက် ပေးလိုက်သည်။

“ကျုပ်တို့လည်း ကောလဟာလတွေကြားမိလို့ အသူရာချောက်နက်ဆီ လာကြည့်ကြတာ၊ ကံကောင်းရင် ကျုပ်တို့လည်း ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးဆီက သစ်သီးတစ်လုံး နှစ်လုံးလောက် ခူးချင်ခူးနိုင်မှာပေါ့”

ယန်ရုန်ရုန် အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။

“ရှင်တို့က နတ်ဆိုးဘုရင်တွေလေ၊ နတ်ဆိုးနယ်မြေထဲမှာ ရာထူးအမြင့်ဆုံး နတ်ဆိုးတွေပဲ၊ ရှင်တို့အထက်မှာ တစ်ယောက်ပဲရှိတော့တယ်၊ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်က သစ်သီးကို ဘာလို့ လိုချင်ကြတာလဲ၊ ဧကန္တ… လင်းယွမ်ကို တွန်းလှန်ပြီး နတ်ဆိုးအရှင်သခင် ဖြစ်ချင်နေကြတာလား”

စမ့်ရှန်းမင် စကားနင်သွားလေသည်။

သူတို့ နတ်ဆိုးအရှင်သခင် ဖြစ်ချင်ကြောင်းကို မေးခွန်းထုတ်စရာပင်မလိုပါ။ သို့သော် ထိုစကားက ကွယ်ရာမှာသာ ပြောသင့်သည့် စကားမျိုးဖြစ်သည်။

လင်းယွမ်က ရှေ့တည့်တည့်မှာရှိနေသဖြင့် စမ့်ရှန်းမင် မသေချင်လျှင် ထိုအချက်ကို ဝန်ခံစရာအကြောင်း မရှိပေ။

စမ့်ရှန်းမင် အားတင်းကာ ရယ်မောပြလိုက်သည်။

“သခင်မလေးကျုံးက နောက်တတ်တာပဲ၊ ကျုပ်တို့က ဒီတိုင်း အပျော်သဘောနဲ့ ရောက်လာတာပါ၊ သစ်သီးတွေ ရနိုင်ရင် ကောင်းပေမယ့် မရနိုင်ရင်လည်း ကိစ္စမရှိဘူးလေ”

ယန်ရုန်ရုန်လည်း ပြန်ပြုံးပြလိုက်ပါသည်။

“ဒီလို လူစုပြီး အပျော်သဘော ရောက်လာရအောင် တော်တော် အားနေကြတဲ့ပုံပဲနော်”

ထိုစဉ်လင်းယွမ်က အချိန်ကိုက် ဝင်ပြောလိုက်လေသည်။

“သိပ်မကြာသေးခင်က နတ်ဆိုးအမာရွတ်နယ်မြေမှာ ဝိညာဉ်ကျောက်တွင်း အသစ်တစ်ခု ရှာတွေ့ထားကြတယ်၊ အဲ့ဒီကျောက်တွင်းမှာ အလုပ်လုပ်မယ့်သူမရှိမှာ ငါစိတ်ပူနေတာ၊ မင်းတို့ ငါးယောက် အဲ့လောက် အားနေတယ်ဆိုတော့ နတ်ဆိုးအမာရွတ်နယ်မြေကိုအတူတူသွားပြီး ဝိညာဉ်ကျောက်တွေ သွားတူးကြပါလား”

နတ်ဆိုးအမာရွတ်နယ်မြေ ဟူသည်မှာ နတ်ဆိုးနယ်မြေ၏ အနောက်တောင်ဘက်စွန်းတွင် တည်ရှိပါသည်။ အလွန်ဝေးလံခေါင်ဖျားပြီး အလုပ်များကလည်း ခက်ခဲကြမ်းတမ်းလွန်းလှသဖြင့် နတ်ဆိုးဘုရင် ၅ ပါးစလုံး သွားချင်စိတ် မရှိကြပေ။

စမ့်ရှန်းမင်က အမြန်ပြန်ပြောလိုက်ပါသည်။

“နတ်ဆိုးအရှင်ရဲ့ အမိန့်ကို နာခံရမှာ ဂုဏ်ယူစရာပါ၊ ဒါပေမယ့် အခုချိန်မှာ နံပါတ်တစ် အရေးအကြီးဆုံး တာဝန်က နတ်ဆိုးအရှင်ကို ကာကွယ်ပေးဖို့ပဲလေ၊ နတ်ဆိုးအရှင်နဲ့ သခင်မလေးရှောင်းတို့ ဒီကို ရောက်နေကြတာဆိုတော့ အဆုံးမဲ့အသူရာချောက်နက်ထဲ ဆင်းပြီး ရတနာတွေ ရှာဖို့ စီစဉ်ထားကြတာမလား၊ ကျုပ်တို့ နတ်ဆိုးအရှင်နဲ့အတူ လိုက်လာပြီး လမ်းခရီးမှာ အကာအကွယ်ပေးပါ့မယ်၊ နတ်ဆိုးအရှင် ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်”

ကျန်နတ်ဆိုးဘုရင် ၄ ပါးလည်း ထိုနည်းလည်းကောင်း တောင်းဆိုခဲ့ကြသည်။

လင်းယွမ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

‘ဒီငါးယောက် ဝူထျန်နတ်ဆိုးနှိမ်နင်းရေးအစီအရင်ကို ခင်းကျင်းထားကြတာ မဟုတ်ဘူးလား’

ယုတ္တိရှိရှိ တွေးကြည့်လျှင် သူ့ကို သတ်ဖို့ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြမည့်လူများ ဖြစ်ကြသည်။ ထို့ကြောင့် အသူရာချောက်နက်ထဲတွင် သူ့ကို ကာကွယ်ပေးမည်ဟု ကမ်းလှမ်းလာခြင်းမှ ယုံရခက်လှပါသည်။

‘ဒီကောင်တွေ ဘာတွေကြံစည်နေကြတာလဲ’

လင်းယွမ်က အကြောင်းအရင်းကို မသိသော်လည်း ယန်ရုန်ရုန်ကတော့ အခြေအနေကို ကောင်းကောင်းကြီး နားလည်နေပါသည်။

ဒဏ်ရာရွှေ့ပြောင်းအဆောင်၏ အာနိသင် သက်ရောက်နေပြီဖြစ်မှန်း ထိုနတ်ဆိုးဘုရင် ၅ ပါး သိရှိပြီးကြလောက်ပါပြီ။ ထို့ကြောင့် အသူရာချောက်နက်ထဲတွင် သူမ အန္တရာယ်ကြုံရခြင်းက သူတို့အန္တရာယ်ရှိခြင်းနှင့် ညီမျှနေသည်။ ယန်ရုန်ရုန်၏ ရည်ရွယ်ချက်ကလည်း ဒီလို ဖြစ်လာစေဖို့ပင်။

‘လင်းယွမ်နဲ့ ငါ့ကို ဒုက္ခပေးချင်တယ်ပေါ့ ဟုတ်လား၊ ရတယ်လေ နင်တို့ကိုပါ အသူရာချောက်နက်ထဲ ရအောင် ခေါ်သွားမယ်!’

သူမကို နတ်ဆိုးဘုရင် ၅ ပါး အန္တရာယ် မပြုနိုင်ရုံတင်မကဘဲ သူမ အန္တရာယ်ကျရောက်လာသည့်အခါ ကာကွယ်ပေးကြရလိမ့်မည်။

ယန်ရုန်ရုန် သူတို့ ငါးယောက်ကို ‌ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်လိုက်ပြီး စက်ဆုပ်အထင်သေးစွာ ပြောလိုက်သည်။

“ရှင်တို့ ငါးယောက်က ဘာအသုံးကျမှာမို့လို့လဲ၊ စိတ်မဝင်စားဘူး”

နဂိုကတည်းက ဖုန့်ကျင်းရှား ရင်ထဲ ဒေါသစိတ်တွေ တောင်လိုပုံနေခဲ့ပါသည်။ ယခု ယန်ရုန်ရုန်က သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်း အထင်သေးစကား ပြောလာသဖြင့် ဖုန့်ကျင်းရှား သည်းမခံနိုင်တော့ဘဲ ပြန်ငေါက်လိုက်လေသည်။

“ငါတို့က နတ်ဆိုးအရှင်သခင်ရဲ့ သဘောထားကို မေးနေတာ၊ မင်းကို မေးတာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ဘဝင်ခိုက်မနေနဲ့!”

လင်းယွမ်ပြုံးကာ ဝင်ပြောလိုက်သည်။

“ရှောင်းရှောင်းရဲ့ သဘောထားက ငါ့သဘောထားပဲ၊ သူက မင်းတို့ကို မလိုဘူးလို့ ပြောရင် ငါလည်း မလိုအပ်ဘူး၊ မင်းတို့ သွားကြတော့”

ဖုန့်ကျင်းရှား မျက်နှာ နီရဲသွားခဲ့သည်။ ဒေါသထွက်လွန်းသဖြင့် နှလုံးဖောက်ပြီး အမှန်တကယ် သေသွားနိုင်လောက်သည်။

သူ့ခေါင်းထဲမှာလည်း ရှေ့က ‘ခွေးစုံတွဲ’ကို အကြိမ်ပေါင်း တစ်သောင်းမက ကျိန်ဆဲနေမိပါသည်။

ထိုစဉ် ကျင်းသျောင်မူက တလေးတစား ဝင်ပြောလိုက်လေသည်။

“သခင်မလေးကျုံး၊ ကျေးဇူးပြုပြီး ဖုန့်ကျင်းရှားကို ဗွေမယူပါနဲ့၊ သူက ဦးနှောက်နည်းနည်း မကောင်းလို့ စကားကို မဆင်မခြင် ပြောလေ့ရှိလို့ပါ”

ဖုန့်ကျင်းရှား ဝင်ငေါက်ချင်သော်လည်း စမ့်ရှန်းမင်က သူ့ကို ဆွဲခေါ်ပြီး စူးစူးရှရှအကြည့်ဖြင့် သတိပေးလိုက်ပါသည်။ ထို့ကြောင့် ဖုန့်ကျင်းရှားလည်း ဒေါသများကို ပြန်မျိုသိပ်ထားလိုက်ရသည်။

လူမှုဆက်ဆံရေးအပိုင်းတွင် ကျင်းသျောင်မူက ဖုန့်ကျင်းရှားထက် အဆပေါင်းများစွာ ပိုသာပါသည်။ ဒီအခြေအနေမှာ ကျုံးရှောင်းရှောင်း၏ ဆုံးဖြတ်ချက်က အဓိကကျမှန်း ကျင်းသျောင်မူ နားလည်ထားပါသည်။

ကျုံးရှောင်းရှောင်းကြောင့်သာ လင်းယွမ် ဒီကို ရောက်လာရခြင်းဖြစ်သည်။ လင်းယွမ်၏ ခွင့်ပြုချက်ကို ရရှိဖို့အတွက် ကျုံးရှောင်းရှောင်းကို ခေါင်းညိတ်အောင် အရင်လုပ်ရပါမည်။

ထို့ကြောင့် ကျင်းသျောင်မူ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကာ တောင်းဆိုလိုက်သည်။

“ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဆိုးအရှင်အောက် အများကြီး နိမ့်ကျပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့က လုံ့လဝီရိယရှိပြီး ကြိုးစားချင်စိတ်လည်းရှိကြတယ်၊ လမ်းခရီးမှာ သခင်မလေး သို့မဟုတ် နတ်ဆိုးအရှင်တို့ လိုအပ်တာ ရှိခဲ့ရင် ကျွန်တော်တို့ကို စေခိုင်းလိုက်ရုံပါပဲ၊ အခါးရည် ငှဲ့ပေးဖို့ပဲဖြစ်ဖြစ်၊ ရေခပ်ပေးဖို့ပဲဖြစ်ဖြစ်၊ လမ်းရှင်းပေးဖို့ပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး ဆောင်ရွက်နိုင်တယ်၊ အဲ့တာကြောင့် ကျွန်တော်တို့ကို အမှုထမ်းခွင့်ပြုပါလို့ သခင်မလေးကျုံးကို တောင်းဆိုပါတယ်”

ထို့နောက် ကျင်းသျောင်မူ ရိုသေကျိုးနွံစွာ ဦးညွှတ်လိုက်ပါသည်။

ယန်ရုန်ရုန် အနည်းငယ် ဆုံးဖြတ်ရခက်သွားဟန်ဖြင့် တွန့်ဆုတ်သွားခဲ့သည်။ ဒါကိုမြင်ပြီး စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့လည်း ဝင်တောင်းဆိုခဲ့ကြပါသည်။

“ကျုပ်တို့ ဘာမဆိုလုပ်နိုင်ပါတယ်! ကျေးဇူးပြုပြီး ခေါ်သွားပေးပါ သခင်မလေးကျုံး!”

ဖုန့်ကျင်းရှားလည်း နှုတ်ခမ်းကို ဖိကိုက်ထားပြီး အရှက်တကွဲ ခေါင်းငုံ့လိုက်ရပါသည်။

“ဟုတ်ပါတယ်… ဘယ်လိုညစ်ပတ် ပင်ပန်းတဲ့ အလုပ်မျိုးကိုမဆို လုပ်ပေးပါ့မယ်”

ဟေးယန်ကတော့ ထုံးစံအတိုင်း တိုတိုတုတ်တုတ်သာ ပြောခဲ့သည်။

“အင်း… တူတူပဲ”

ထိုအခါ ယန်ရုန်ရုန် မေးပွတ်လျက် မေးလိုက်ပါသည်။

“အဲ့တာဆို… ရှင်တို့ကို အရင်ဆုံး စမ်းသပ်ကြည့်လို့ရမလား”

ကျင်းသျောင်မူ ခံစားချက် သိပ်မကောင်းသော်လည်း ခေါင်းညိတ်လိုက်ရသည်။

“သခင်မလေး ကြိုက်သလိုသာ စမ်းသပ်ပါ”

ယန်ရုန်ရုန် သူတို့ကို ခေါင်းအစခြေအဆုံး အကဲခတ်ကာ လူယုတ်မာ အပြုံးဖြင့် ပြောလိုက်သည်။

“ရှင်တို့ အခုဝတ်ထားတာတွေကို သဘောမကျဘူး၊ အဝတ်အစားလဲလိုက်”

နတ်ဆိုးဘုရင် ၅ ပါးစလုံး စိတ်ထဲမှ သက်ပြင်းချမိကြသည်။

အဝတ်အစား လဲရတာက ကိစ္စအသေးအမွှားလေးပဲ မဟုတ်လား…

သို့သော်လည်း စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ယန်ရုန်ရုန်က စကားဆက်လိုက်ပါသည်။

“မိန်းမအဝတ်အစားတွေ ပြောင်းဝတ်လိုက်ကြ”

နတ်ဆိုးဘုရင် ၅ ပါး ကြက်သေသေသွားခဲ့ကြသည်။

ကျင်းသျောင်မူ မနေနိုင်ဘဲ ပြန်မေးမိပါသည်။

“ဘာလို့လဲ”

ယန်ရုန်ရုန် ချေပလိုက်သည်။

“ကျွန်မ ခုနလေးတင် ပြောလိုက်တယ်လေ၊ ရှင်တို့ပုံစံကို မကြိုက်ဘူးလို့၊ ရှင်တို့ကို မိန်းမအဝတ်အစားတွေနဲ့ မြင်ချင်တယ်၊ ပြီးတော့ အရင်က မဝတ်ဖူးကြတာလည်း မဟုတ်ဘဲနဲ့”

သူမ မျက်နှာပေါ်က လူယုတ်မာအပြုံးကို ကြည့်ရင်း သူတို့အကြောင်းကို အစောကြီးကတည်းက ယန်ရုန်ရုန် ကြိုသိထားခြင်းဖြစ်မှန်း ကျင်းသျောင်မူ နားလည်သွားခဲ့ရပါသည်။

စောနက နတ်ဆိုးမများအသွင်ပြောင်းပြီး သူမကို အရူးလုပ်နိုင်ခဲ့သည်ဟု အားလုံး ထင်ခဲ့ကြသည်။ သို့သော် သူတို့ လှည့်ကွက်ကို ယန်ရုန်ရုန် အစောကြီးကတည်းက ဖောက်မြင်ခဲ့ပါသည်။

ထိုအချိန်တုန်းကကော၊ ယခုကော သူတို့ကို ရည်ရွယ်ချက်ရှိရှိ ကစားနေခြင်းသာ…

‘ယုတ်မာလိုက်တာ!’

နတ်ဆိုးဘုရင် ၅ ပါး၏ ရင်ထဲ မီးများတောက်လောင်နေပါပြီ။ သို့သော် ထုတ်ပြလို့မဖြစ်ပေ။

သူမကို တိုက်ခိုက်ဖို့ တစ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ယခု သူမဘေးတွင် လင်းယွမ်ပါ ရှိနေပြီဖြစ်သဖြင့် အောင်မြင်ဖို့ လမ်းစ မရှိတော့ပေ။

ထို့အပြင် သူမ ဘေးကင်းလုံခြုံမှုနှင့် သူတို့၏အသက်များက ဆက်နွယ်နေပြီဖြစ်သဖြင့် သူတို့ကို ဘယ်လိုပဲ နှိပ်စက်ပါစေ သည်းခံထားရပါမည်။

ကျင်းသျောင်မူ တောင့်တောင့်တင်းတင်း ပြုံးလိုက်သည်။

“ကောင်းပါပြီ၊ သခင်မလေးကျုံးက ကျွန်တော်တို့ကို မိန်းမလိုဝတ်စေချင်တယ်ဆိုရင် ကျွန်တော်တို့ ဝတ်လိုက်ပါ့မယ်”

All Chapters