အခန်း (၁၇၄)
Vol. 18 Ch. 174
နတ်ဆိုးဘုရင် ၅ ပါး ပုံရိပ်ယောင်ပညာများကို ချက်ချင်း ထုတ်သုံးလိုက်ပြီး ၎င်းတို့၏ ဝတ်ရုံများကို မိန်းမ အဝတ် အစားများအဖြစ် ပြောင်းလဲခဲ့ပါသည်။
သို့သော် သူတို့၏ မျက်နှာနှင့် ခန္ဓာကိုယ်တို့ကတော့ ပြောင်းလဲသွားခြင်း မရှိပေ။
ထို့ကြောင့် မိန်းမအဝတ်အစားဝတ်ထားသည့် ယောက်ျားကြီးများဖြစ်မှန်း အတော်လေး သိသာလွန်းလှပါသည်။ ရုတ်တ ရက် ကြည့်လိုက်လျှင် မိန်းမလျာ ဖျော်ဖြေရေးအဖွဲ့တစ်ဖွဲ့ ပွဲထွက်လာသလိုပင်။
ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ နတ်ဆိုးများအားလုံး အလွန်မှင်သက်သွားခဲ့ရသည်။ နတ်ဆိုးအတော်များများက နတ်ဆိုးဘုရင် ၅ ပါး၏ မျက်နှာကို ကောင်းကောင်းကြီးမှတ်မိနေကြသဖြင့် ဒီအဖြစ်က သူတို့အတွက် အလွန် တုန်လှုပ်စရာ ကောင်းနေခဲ့ပါသည်။
ထိုအကြည့်များကို သတိထားမိသည့် ဖုန့်ကျင်းရှားက အငွေ့တစ်ထောင်းထောင်း ထနေလေပြီ။ နတ်ဆိုးများကို ဝေ့ကြည့်ရင်း သူလှမ်းငေါက်လိုက်သည်။
“မင်းတို့ကောင်တွေ ဘာကြည့်နေတာလဲ၊ မျက်လုံးတွေ အကုန်ဖောက်ထုတ်ပစ်လိုက်လို့!”
နတ်ဆိုးကျင့်ကြံသူများ ကြောက်လန့်သွားကြပြီး ဂုတ်တိုသွားကြကာ အကြည့်ကို အမြန်လွှဲလိုက်ရပါသည်။
ကျင်းသျောင်မူလည်း ရင်ထဲမှာ ဗလောင်ဆူနေသည်။ သို့သော် အနာခံမှ အသာစံရမည်ဟူသော သဘောတရားကို သူကောင်းကောင်းကြီး နားလည်ပါသည်။ ထို့ကြောင့် မျက်နှာလိုမျက်နှာရ ဆက်ပြုံးကာ သူမေးလိုက်သည်။
“သခင်မလေးကျုံး၊ ဒီလောက်ဆို ရပြီမဟုတ်လားဟင်”
ယန်ရုန်ရုန် ခေါင်းညိတ်ပြလိုက်သည်။
ကျို့ယိုစင်မြင့်ကြီးကို အရပ်သုံးမျက်နှာတွင် သေမင်းပန်းပင်လယ်များက ဝန်းရံထားပြီး ကျန်အရပ်မျက်နှာတွင်တော့ အဆုံးမဲ့ အသူရာချောက်နက်ကြီး ရှိနေပါသည်။ ကျို့ယိုစင်မြင့်ပေါ်မှ ခုန်ချမှသာ အဆုံးမဲ့ အသူရာချောက်နက်အတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည်။
ကျို့ယိုစင်မြင့်၏ အစွန်းတွင် ယန်ရုန်ရုန် မတ်တပ်ရပ်ရင်း အောက်သို့ ငုံ့ကြည့်လိုက်ပါသည်။ သူမ ပထမဆုံး မြင်လိုက်ရသည့် မြင်ကွင်းက ထူထဲလှသည့် အနက်ရောင် မြူခိုးမြူငွေ့များပင်။
သို့သော် ယခင်တုန်းက ခုန်ချဖူးသည့် အတွေ့အကြုံရှိသဖြင့် အောက်မှာ ဘာတွေရှိနေသလဲ ကောင်းကောင်းကြီး သိနေ ကာ ယန်ရုန်ရုန် ကြောက်ရွံ့မှု မရှိခဲ့ပါ။
ထိုစဉ် လင်းယွမ်က သူမလက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်ပါသည်။
“မကြောက်နဲ့နော်၊ ဒီတစ်ခါ ကိုယ်လည်းပါတယ်”
ယန်ရုန်ရုန် လင်းယွမ်ကို လှည့်ကြည့်ကာ တဲ့တိုးပြောလိုက်သည်။
“ကြုံဖူးပြီးသား အရာတစ်ခုကို နှစ်ခါပြန် ကြောက်နေရင် ကျွန်မ ညံ့ရာ ကျမှာပေါ့၊ ကျွန်မ မကြောက်ဘူး”
လင်းယွမ် မျက်နှာ မချိုမချဉ်ဖြစ်သွားလေသည်။
“ကိုယ့်ကို သူရဲကောင်းလုပ်ခွင့်လေး တစ်ခါလောက်တောင် မပေးနိုင်ဘူးလား”
ပထမတော့ ယန်ရုန်ရုန် ပွင့်ပွင့်လင်းလင်း ငြင်းဆန်ချင်ခဲ့သော်လည်း သေချာ ပြန်စဉ်းစားခဲ့ပါသည်။ လင်းယွမ်က သူမကို ကူညီပေးဖို့အတွက် ဒီအထိ လိုက်လာခဲ့ရခြင်းဖြစ်သည်။ ရလဒ်က ဘာပဲဖြစ်နေပါစေ သူ့စေတနာကတော့ စစ်မှန်ပါသည်။
သူမအပေါ် စေတနာထားသဖြင့် သူမဘက်ကလည်း သူ့ခံစားချက်ကို လုံးလုံးလျစ်လျူရှုပစ်လိုက်၍ မရပါ။ ထို့ကြောင့် ယန်ရုန်ရုန် ပါးနပ်သော နည်းလမ်းကို ရွေးချယ်လိုက်သည်။
“ရှင်အမြဲတမ်း ကျွန်မကို ကာကွယ်ပေးဖို့ပဲ စဉ်းစားနေစရာမလိုပါဘူး၊ အဲ့လိုဆို ကျွန်မက ဘာမှအသုံးမကျတဲ့ပုံစံမျိုး ဖြစ်သွားမှာပေါ့၊ ကျွန်မတို့က ပခုံးချင်းယှဉ်တိုက်ခိုက်ပြီး တစ်ယောက်ကိုတစ်ယောက် အကူအညီပေးနိုင်တဲ့ ဆက်ဆံရေးမျိုး ဖြစ်သင့်တာလေ”
လင်းယွမ်ကလည်း ထိုစကားကို သဘောကျပုံပေါ်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးပါးပါးတစ်ခု ပေါ်လာခဲ့ပါသည်။ ယန်ရုန်ရုန်နှင့် ပခုံးချင်း ယှဉ်နိုင်အောင် ဒူးအနည်းငယ် ကွေးလိုက်ပြီး သူမေးလိုက်သည်။
“ဒီလိုပခုံးချင်း ယှဉ်တာမျိုးကို ပြောတာလား”
ကလေးဆန်သော သူ့အပြုအမူများကြောင့် ယန်ရုန်ရုန် ရယ်မောမိသည်။ လင်းယွမ်က အသက်ရာနှင့်ချီ ရှိနိုင်သော် လည်း တစ်ခါတလေ ကလေးတစ်ယောက်လိုပြုမူတတ် သည်။
လင်းယွမ်နှင့် ယန်ရုန်ရုန်တို့နှစ်ယောက် လွန်လွန်ကြူးကြူးစကားများ မပြောကြသော်လည်း စမ့်ရှန်းမင်၊ ဟိုက်မင်နှင့် အခြားသူများအားလုံး သွားကျိန်းနေကြပါပြီ။
ဖုန့်ကျင်းရှား စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ‘ဒီခွေးစုံတွဲက ဒီလိုအချိန်မျိုးမှာတောင် ခွေးစာလာကျွေးနိုင်သေးတယ်ပေါ့! သူတို့ခွေးစာအကျွေးလွန်ပြီး သေသွားမှာ မကြောက်ကြဘူးလား!’
ထိုစဉ် ကျင်းသျောင်မူက ကမ်းလှမ်းလိုက်သည်။
“မတော်တဆ ဘာမှမဖြစ်ရအောင် ကျွန်တော် အရင်ဆုံးဆင်းပြီး လမ်းရှင်းပေးပါရစေ”
သူ့အလိုက်သိမှုကို ယန်ရုန်ရုန် ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်ပါသည်။
“ကောင်းပြီလေ၊ ရှင်အရင် ဆင်းလိုက်၊ လင်းယွမ်နဲ့ ကျွန်မနဲ့ ခဏနေ လိုက်လာခဲ့မယ်”
ကျင်းသျောင်မူက စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ကျို့ယိုစင်မြင့်ပေါ်မှ တွန့်ဆုတ်မှုမရှိ ခုန်ချသွားလေတော့သည်။ သူ့ခန္ဓာကိုယ်လည်း အနက်ရောင် မြူခိုးမြူငွေ့များအကြား တိုးဝင်ပျောက်ကွယ်သွားခဲ့ပါသည်။
ကျင်းသျောင်မူ ပေးခဲ့သည့် အရိပ်အမြွက်ကို စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ နားလည်သွားကြသည်။ ကျင်းသျောင်မူက အဆုံးမဲ့ အသူရာချောက်နက်ထဲ အရင်ဆုံးဆင်းပြီး ထောင်ချောက်ဆင်ဖို့ ရည်ရွယ်ထားပုံရသည်။
လင်းယွမ်နှင့် ကျုံးရှောင်းရှောင်းတို့ ထိုထောင်ချောက်ထဲ ရောက်သွားသည်နှင့် သူတို့နှစ်ယောက်ကို ထိန်းချုပ်နိုင်ပါလိမ့်မည်။ ကျုံးရှောင်းရှောင်းကို ထိခိုက်အောင် မလုပ်သရွေ့ ဒဏ်ရာရွှေ့ပြောင်းအဆောင်ကလည်း အာနိသင်ပြမည် မဟုတ်ပေ။
လင်းယွမ်လည်း ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်တည်း နတ်ဆိုး စွမ်းအင်များကို အသုံးချနိုင်စွမ်းမရှိတော့ဘဲ သာမန်လူတစ်ယောက်လို ဖြစ်သွားပါလိမ့်မည်။ ကျင်းသျောင်မူ သေသေ ချာချာ ပြင်ဆင်ထားပြီး အငိုက်ဖမ်းတိုက်ခိုက်မည်ဆိုလျှင် သူ့ကို ဖမ်းဆီးနိုင်လောက်သည်။
စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့၏ မျက်နှာက တည်ငြိမ်နေသော် လည်း စိတ်ထဲမှာတော့ အားလုံး အစီအစဉ်ဆွဲထားပြီးပါပြီ။
အသူရာချောက်နက်ထဲ ရောက်ရှိသည်နှင့် လင်းယွမ်ကို ပထမဦးဆုံး သတ်ပစ်မည်။ ထို့နောက် ဒဏ်ရာရွှေ့ပြောင်းအဆောင်၏ အာနိသင်ပြယ်သွားမည့် အချိန်ကို စောင့်ပြီး ကျုံးရှောင်းရှောင်းကိုပါ စာရင်းရှင်းပါမည်။
အစီအစဉ်က အဆင်သင့်ဖြစ်နေပြီး လင်းယွမ်တို့နှစ်ယောက် ခုန်ချဖို့သာ လိုပါတော့သည်။
သို့သော် ယန်ရုန်ရုန်က လောလောဘက်သို့ ရုတ်တရက်လှည့်ကာ ပြောလိုက်သည်။
“လျို့လန်ကို ခေါ်ပြီး အရင်ဆင်းလိုက်”
လောလောက ဘယ်အချိန်ဆင်းရဆင်းရ ဂရုမစိုက်သဖြင့် ခေါင်းညိတ်လိုက်ပါသည်။
“ဟုတ်ပြီ”
လျို့လန်က သူ့မေမေနှင့် မခွဲချင်သော်လည်း သူ့မေမေကို စိတ်ညစ်အောင် မလုပ်ချင်ပါ။ ထို့ကြောင့် သနားကမားမျက်နှာလေးနှင့် ခေါင်းငုံ့နာခံလိုက်ရပါသည်။
ယန်ရုန်ရုန်က သူ့ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး အနားကပ်ကာ တစ်ခုခု တီးတိုးပြောလိုက်သည်။
စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ နားစွင့်ထားကြသော်လည်း ယန်ရုန်ရုန် ဘာပြောသွားမှန်း မကြားနိုင်ကြပေ။ ထိုစကားကို ကြားပြီး လျို့လန် ပျော်သွားမှန်းသာ သူတို့ မြင်နိုင်ပါသည်။
လျို့လန် အားတက်သရော ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့!”
စမ့်ရှန်းမင် ခံစားချက်တွေ မကောင်းတော့ပါ။
‘ငါတို့အစီအစဉ်ကို ကျုံးရှောင်းရှောင်း ရိပ်မိသွားပြီလား၊ ဘာလုပ်ဖို့ ကြံနေတာလဲ’
စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဟိုက်မင်လည်း ထိုနည်းလည်းကောင်း စိတ်ပူနေမှန်း စမ့်ရှန်းမင် မြင်နိုင်ပါသည်။
ဟိုက်မင်က ဝင်မေးလိုက်သည်။
“သခင်မလေးကျုံး… ခုနက ခဏနေ လိုက်လာခဲ့မယ်လို့ ကျင်းသျောင်မူကို ပြောခဲ့တာ မဟုတ်ဘူးလား”
ယန်ရုန်ရုန် ခပ်ပါးပါး ပြုံးလိုက်သည်။
“ဟုတ်တယ်လေ ခဏနေ လိုက်သွားမှာ”
“အဲ့တာဆို ဒါက ဘယ်လိုဖြစ်ရတာလဲ”
ယန်ရုန်ရုန် ထိုမေးခွန်းကို နားမလည်သယောင်ဖြင့် ခေါင်းလေးစောင်းကာ ပြန်မေးလိုက်ပါသည်။
“ဘာက ဘယ်လိုဖြစ်ရမှာတုန်း၊ ခဏနေ လိုက်လာမယ်လို့ ပြောတာက ကျင်းသျောင်မူနောက်ကနေ ချက်ချင်းလိုက်သွားမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ၊ လောလောနဲ့ လျို့လန်တို့နောက်မှ ဆင်းလည်း လိုက်လာတာပဲ မဟုတ်ဘူးလား၊ ဒါမှမဟုတ် ကျွန်မတို့ ဘယ်အချိန်မှာဆင်းရမယ်ဆိုတာ ကြိုသတ်မှတ်ထားကြလို့လား၊ ကျွန်မကို မေးခွန်းလာထုတ်နေတာလား”
သူမ လေသံတွင် အန္တရာယ်အရိပ်အယောင်များ ပါဝင်နေပါသည်။
ဟိုက်မင် ရင်ထဲ တင်းကြပ်သွားခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်က သူ့အောက် အများကြီးနိမ့်သော်လည်း သူ့ရင်ထဲ စိုးရိမ်ကြောက်ရွံ့မိဆဲပင်။
ဟိုက်မင် အမြန်ငြင်းဆန်လိုက်သည်။
“မဟုတ်ဘူး၊ သခင်မလေးကျုံး နားလည်မှုလွဲနေပြီ၊ ကျွန်တော်က ဒီတိုင်း သိချင်လို့ မေးကြည့်တာပါ၊ တခြားဘာအဓိပ္ပာယ်မှ မပါဘူး”
ယန်ရုန်ရုန် ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။
“ကျွန်မတို့နဲ့ လိုက်ခွင့်ပြုတယ်ဆိုပေမယ့် ကိုယ့်အဆင့်ကိုယ်တော့ မမေ့နဲ့လေ၊ ရှင်တို့က တိုက်ခိုက်ရေးသမားတွေ၊ တောက်တိုမယ်ရသမားတွေ၊ အစေခံတွေပဲ၊ ကျွန်မခိုင်းတာကိုပဲလုပ်၊ မမေးသင့်တဲ့ မေးခွန်းတွေကို မမေးနဲ့ နားလည်လား”
ဟိုက်မင် တောင့်တောင့်တင်းတင်း ခေါင်းညိတ်လိုက်လေသည်။
“နားလည်ပါပြီ”
စမ့်ရှန်းမင်၊ ဖုန့်ကျင်းရှားနှင့် ဟေးယန်တို့ကိုပါ ယန်ရုန်ရုန် လှည့်ကြည့်လိုက်သည်။ အားလုံးက ခေါင်းညိတ်ပြကြပါသည်။
ထိုအခါမှ ယန်ရုန်ရုန် စိတ်ကျေနပ်စွာ အကြည့်ပြန်လွှဲလိုက်သည်။ ထို့နောက် လောလောကို ပြောလိုက်ပါသည်။
“ဆင်းတော့၊ လမ်းမှာ သတိထားဦး”
“အင်း”
ယန်ရုန်ရုန့်၏ စိတ်ကို မပြောင်းလဲနိုင်ခဲ့သဖြင့် ကျို့ယိုစင်မြင့်ပေါ်မှ လောလောနှင့် လျို့လန်တို့ ခုန်ဆင်းသွားကြသည်ကို ဟိုက်မင် ဒီအတိုင်း ရပ်ကြည့်နေခဲ့ရပါသည်။
အနက်ရောင် မြူခိုးမြူငွေ့များကို ဖြတ်သန်းပြီးနောက် ပိန်းပိတ်အောင် မှောင်မိုက်သည့် ရွှံ့ညွန်မြေတစ်ခုသို့ ရောက်ရှိသွားခဲ့ကြသည်။
ရွှံ့ညွန်မြေက စိုထိုင်းပြီး စေးထန်းလှသဖြင့် ခြေတစ်လှမ်းချမိရုံနှင့် နွံထဲ နစ်သွားနိုင်ပြီး ပြန်တက်ဖို့ ခဲယဉ်းပါလိမ့်မည်။
ပုံမှန်ဆို နတ်ဆိုးကျင့်ကြံသူများက ၎င်းတို့၏ နတ်ဆိုးစွမ်းအင် အနည်းငယ်ကို ထုတ်သုံးပြီး ရွှံ့ညွန်မြေအထက်မှ ပျံသန်းသွားနိုင်သည်။
သို့သော် ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင်တည်ရှိနေသဖြင့် အသူရာချောက်နက်ထဲ ဝင်ရောက်လာသည့် နတ်ဆိုးကျင့်ကြံသူတိုင်း နတ်ဆိုးစွမ်းအင်များ ချိပ်ပိတ်ခံရပါသည်။
ထို့ကြောင့် ရွှံ့ညွန်မြေထဲ အားလုံး တန်းတန်းမတ်မတ် ပြုတ်ကျသွားခဲ့ကြသည်။ အတောင်ပံပါသည့် နတ်ဆိုးများက အတောင်များကို အလျှင်အမြန်ခတ်ရင်း ပျံသန်းနိုင်ကြသော်လည်း အတောင်ပံမပါသူများကတော့ နတ်ရတနာ ကိုယ်စီ ဆွဲထုတ်ကာ ရွှံ့ညွန်မြေမှ လွတ်မြောက်ဖို့ အသည်းအသန်ကြိုးစားရတော့သည်။