အခန်း (၁၇၅)
Vol. 18 Ch. 175
အသူရာချောက်နက်ထဲ ပထမဆုံးအကြိမ် ရောက်ဖူးသည့် ကျင်းသျောင်မူတစ်ယောက် သတိလွတ်သွားပြီး ရွှံ့ညွန်မြေထဲ အရှိန်ဖြင့် ပြုတ်ကျသွားခဲ့ပါသည်။
သူ့ဝတ်ရုံထဲမှ သွေးဘူးခွံခွက်တစ်ခုကို ချက်ချင်းထုတ်လိုက်သည်။ ထိုဘူးခွံခွက်က ရုတ်တရက် အရွယ်အစားကြီးမားသွားခဲ့ပြီး ရွှံ့နွံများ၏ အထက်တွင် ပေါလော ပေါ်နေခဲ့ပါသည်။
ထိုဘူးခွံခွက်ပေါ် ကျင်းသျောင်မူ အမြန်ကုန်းတက်လိုက်ပြီး ရွှံ့နွံထဲမှ လွတ်မြောက်လာခဲ့သည်။ သူ့အဝတ်အစားများကတော့ နံစော်ညစ်ပတ်နေသည့် ရွှံ့ဗွက်များဖြင့် ပေကျံနေပါပြီ။
လောလောဆယ် နတ်ဆိုးစွမ်းအင်များ ချိပ်ပိတ်ခံထားရသဖြင့် သူ့ကိုယ်ပေါ်မှ ရွှံ့ဗွက်များကို နတ်ဆိုးစွမ်းအင် အသုံးပြုပြီး ဖယ်ရှားပစ်ဖို့ မဖြစ်နိုင်ပါ။ ထို့ကြောင့် ရှေးအကျဆုံး နည်းလမ်းကိုသာ သုံးလိုက်ရသည်။
ညစ်ပေနေသည့် သူ့အဝတ်အစားများကို အသည်းအသန်ဆွဲချွတ်ပြီး ချန့်ခွင်းအိတ်ထဲမှ အဝတ်အစားအသစ်တစ်စုံကို ထုတ်ဝတ်လိုက်ပါသည်။
ထို့နောက် ချန့်ခွင်းအိတ်ထဲမှ ခရမ်းရောင်ကျောက်စိမ်း အဆိပ်ပျားနှစ်ကောင်ကိုလည်း ထုတ်လိုက်သည်။
ကျင်းသျောင်မူက အဆိပ်ပြင်းသည့် ပိုးကောင်များကို မွေးမြူထိန်းချုပ်သည့် ကဏ္ဍတွင် အလွန်ထူးချွန်ပါသည်။
ထိုပျားနှစ်ကောင်က ကျင်းသျောင်မူ၏ အကောင်းဆုံး လက်ရာနှစ်ခုဖြစ်ပြီး ကိုယ်ရောင်ဖျောက်နိုင်ကာ လူတစ်ယောက်ကို သတိမထားမိအောင် တုပ်နိုင်စွမ်း ရှိသည်။
အတုပ်ခံလိုက်ရသူက ပထမတော့ ဘာမှခံစားရမည် မဟုတ်ပါ။ သို့သော် မကြာမီ ခေါင်းမူးလာပြီး ခြေလက်များ အကြောသေကာ နောက်ဆုံးတော့ သတိလစ်မေ့မျောသွားပါလိမ့်မည်။ သူဖော်စပ်ထားသည့် အထူးအဆိပ်ဖြေဆေး တစ်မျိုးကိုသာ အသုံးမပြုလျှင် တစ်သက်လုံး နိုးလာနိုင်မှာ မဟုတ်ပါ။
လင်းယွမ်နှင့် ကျုံးရှောင်းရှောင်းတို့အတွက် ထိုပျားများကို ကျင်းသျောင်မူ သီးသန့် ပြင်ဆင်ထားခြင်းဖြစ်သည်။
သူတို့နှစ်ယောက် ချောက်နက်ထဲ ဆင်းလာပြီး ရွှံ့ညွန်မြေထဲ ကျရောက်လာသည်နှင့် ခရမ်းရောင်ကျောက်စိမ်း အဆိပ်ပျား နှစ်ကောင်က တိုက်ခိုက်ပါလိမ့်မည်။
အဆိပ်ပျားနှစ်ကောင်ကို ရွှံ့ညွန်မြေထဲ ပုန်းခိုင်းထားလိုက်ပြီး သူကတော့ ဘူးခွံခွက်ပေါ်ထိုင်လျက် ရွှံ့ညွန်ကမ်းစပ်နားအထိ ဆက်သွားခဲ့ပါသည်။
ထို့နောက် ကမ်းပေါ်တက်ကာ ဘူးခွံခွက်ကိုသိမ်းလိုက်ပြီး အပေါ်ကို စောင့်ကြည့်နေခဲ့သည်။ အချိန်ကို တွက်ချက်ကြည့်သောအခါ လင်းယွမ်နှင့် ကျုံးရှောင်းရှောင်းတို့ မကြာခင် ရောက်လာသင့်နေပါပြီ။
ထိုစဉ် လူရိပ်နှစ်ခု ပြုတ်ကျလာသည်ကို ကျင်းသျောင်မူ မြင်လိုက်ရသည်။ လူကောင်သေးသေးတစ်ကောင်နှင့် လူကောင်ကြီးကြီးတစ်ကောင်တို့ ပါဝင်သည်။
‘သူတို့ ရောက်လာကြပြီ!’
ကျင်းသျောင်မူ မျက်လုံးပြူးလိုက်ပြီး ထိုလူရိပ်နှစ်ခုကို မျက်တောင်မခတ်စိုက်ကြည့်နေခဲ့ကာ အဆိပ်ပျားများကိုလည်း အသင့်ပြင်ခိုင်းထားပါသည်။
ထိုလူရိပ်နှစ်ခု ရွှံ့ညွန်မြေပေါ် ကျလာသည်နှင့် သူတို့ထံ ပျားနှစ်ကောင် တန်းတန်းမတ်မတ် ပျံသန်းလာခဲ့ပြီး ၎င်းတို့၏ စူးရှလှသော အဆိပ်စူးများဖြင့် စတင်တုပ်ကြလတော့သည်။
သို့သော် ထိုနှစ်ယောက်၏ အရေပြားကို အဆိပ်စူးများက မဖောက်ထွင်းနိုင်ခဲ့ချေ။
ပျားနှစ်ကောင် တုပ်ဖို့ ကြံလိုက်တိုင်း ထိုနှစ်ယောက်၏ အရေပြားများက ထူထဲမာကျောသော အကြေးခွံများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ခရမ်းရောင်ကျောက်စိမ်း အဆိပ်ပျားများက လက်မလျှော့သေးဘဲ အားထပ်စိုက်ကာ ထပ်တုပ်ဖို့ ကြိုးစားပါသည်။
ထိုစဉ် ဂျွတ်ခနဲမြည်သံနှင့်အတူ အဆိပ်ပျားများ၏ ဆူးများ ကျိုးပဲ့သွားလေသည်။
သူ့ပျားနှစ်ကောင် တစ်ခုခု မူမမှန်သည်ကို ကျင်းသျောင်မူ ချက်ချင်း အာရုံခံမိပါသည်။ ခံစားချက်တွေ မကောင်းတော့ဘဲ သူ့ရင်တွေ တုန်ယင်လာခဲ့သည်။
‘အစီအစဉ်လွဲချော်သွားပြန်ပြီလား’
သူ့ သွေးဘူးခွံခွက်ကို ပြန်ဆင့်ခေါ်လိုက်ပြီး ထိုလူရိပ်နှစ်ခုထံ ဦးတည်လာခဲ့သည်။
ပန်းတိုင်နှင့် နီးကပ်လာသည်နှင့်အမျှ ထိုလူရိပ်နှစ်ခုက လင်းယွမ်နှင့် ကျုံးရှောင်းရှောင်းတို့မဟုတ်မှန်း ပိုမို သိသာ ထင်ရှားလာပါသည်။
ထိုနှစ်ယောက်က လောလောနှင့် လျို့လန်ပင်…
တစ်ကောင်က ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်ပြီး နောက်တစ်ကောင်ကလည်း ရှေးဟောင်းနတ်သားရဲတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်အပေါ် ဝူထျန်နတ်ဆိုးနှိမ်နင်းရေး အစီအရင်က သက်ရောက်မှု မရှိပါ။
လောလောနှင့် လျို့လန်တို့ ပျံသန်းပြီး ရွှံ့ညွန်မြေထံမှ ထွက်လာခဲ့ကြသည်။
လျို့လန်က အကြေးခွံများပေါ်လာသည့် သူ့လက်ဖမိုးကို ပွတ်ရင်း မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
“ငါ့ကို ခုနက အကောင်တစ်ကောင် ကိုက်ဖို့ ကြိုးစားလိုက်သလိုပဲ၊ သွေးစုပ်တဲ့ ပိုးကောင်တွေများလား”
လောလောလည်း သူ့လက်ဖမိုးပေါ်ရှိ အကြေးခွံများကို ကြည့်ရင်း အတွေးများသွားခဲ့ပါသည်။
သူတို့နှစ်ယောက်က ပုံမှန်ဆို လူသားအသွင်ဖြင့်သာ နေတတ်သော်လည်း အန္တရာယ်ကြုံလာသည့်အခါ သူတို့ ခန္ဓာကိုယ်များက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သားရဲအသွင် အလိုလို ပြန်ပြောင်းတတ်ပါသည်။
စောနက သူတို့ကို တစ်စုံတစ်ခု တိုက်ခိုက်ဖို့ ကြိုးစားခဲ့သဖြင့် အကြေးခွံများပေါ်လာခြင်း ဖြစ်နိုင်သည်။
သို့သော် အသူရာချောက်နက်ထဲ ခုန်ချလာကြသည့် အခြားနတ်ဆိုးကျင့်ကြံသူများကို ကြည့်လိုက်ပြန်တော့လည်း သူတို့ဖာသာ သူတို့ပင် ရွှံ့ဗွက်များထဲ ရုန်းကန်နေကြရသည်။
ထို့အပြင် အခြားဘယ်သူမှ အတိုက်ခိုက် မခံခဲ့ရပါ။ ဆိုလိုသည်က လောလောနှင့် လျို့လန်တို့ နှစ်ဦးတည်းသာ ပစ်မှတ်ထားခံခဲ့ရခြင်းပင်။
ထိုစဉ် ကျင်းသျောင်မူ ရောက်ရှိလာပြီး သူတို့နှစ်ယောက်ကို အားတက်သရော နှုတ်ဆက်လိုက်ပါသည်။
“ဪ မင်းတို့နှစ်ယောက်ပါလား၊ နတ်ဆိုးအရှင်နဲ့ သခင်မလေးကျုံးတို့ ရောက်လာတယ် ထင်နေတာ”
လောလောက သူ့ကို သံသယကြီးစွာ ကြည့်လိုက်ပါသည်။ ယခု ဒီနေရာမှာရှိနေသည့် နတ်ဆိုးကျင့်ကြံသူမျာအနက် ကျင်းသျောင်မူတစ်ယောက်တည်းသာ သူတို့၏ သရုပ်မှန်ကို သိပါသည်။ ထို့ကြောင့် သူပြောလိုက်သည့် စကားလုံးများနှင့် ပေါင်းစပ်လိုက်သောအခါ လောလော ကောက်ချက်တစ်ခု အမြန်ချနိုင်ခဲ့လေသည်။
“မင်းက လင်းယွမ်နဲ့ ကျုံးရှောင်းရှောင်းတို့ကို မျှော်နေတာာဆိုတော့… မင်း တကယ်ဒုက္ခပေးချင်တာက သူတို့ကိုလား”
ကျင်းသျောင်မူ မျက်နှာပေါ်က အပြုံး ရုတ်တရက် အေးခဲသွားခဲ့သည်။ သို့သော် စိတ်ကို အမြန်ပြန်ထိန်းကာ ချက်ချင်း ငြင်းဆန်လိုက်ပါသည်။
“မင်း ဘာတွေပြောနေတာလဲ၊ ငါက ဘာလို့အဲ့လိုလုပ်ရမှာလဲ! ငါဒီကို ရောက်ကတည်းက ကမ်းပေါ်မှာပဲ မင်းတို့ကို စောင့်နေတာ ကြာလှပြီ၊ တခြားဘာမှ လုပ်မထားဘူး၊ သက်သေမခိုင်လုံဘဲ ငါ့ကို မစွပ်စွဲနဲ့လေ၊ သူများတွေ အထင်လွဲကုန်မှာပေါ့”
လောလောမှာ အမှန်တကယ်ပဲ သက်သေမရှိပါ။ ကျင်းသျောင်မူကို ဘယ်လိုစာရင်းရှင်းရမလဲ သိနိုင်ဖို့အတွက် ယန်ရုန်ရုန် ရောက်လာမည့်အချိန်ကိုသာ စောင့်ရန်ရှိသည်။
ထိုစဉ် လျို့လန်က စိတ်လှုပ်ရှားစွာ ရုတ်တရက်ဝင်ပြောလိုက်သည်။
“ငါတို့ကို အန္တရာယ်ပေးဖို့ ကြိုးစားတဲ့လူနဲ့တွေ့ရင် စားပစ် လိုက်လို့ရတယ်လို့ မေမေက မှာလိုက်တယ်!”
ပြောပြောဆိုဆိုနှင့် ကျင်းသျောင်မူကို လျို့လန် တောက်ပစွာကြည့်ရင်း ပါးစပ်ထဲမှ သွားရည်များပင် စီးကျလာပါပြီ။
ထိုအကြည့်ကြောင့် ကျန်းသျောင်မူ ခေါင်းကျိန်းသွားခဲ့သည်။ ဝူထျန် နတ်ဆိုးနှိမ်နင်းရေး အစီအရင်ကြောင့် ကျင်းသျောင်မူ နတ်ဆိုးစွမ်းအင် တစ်မျှင်ပင် ထုတ်သုံး၍ မရပါ။
သူ့ရှေ့က ရှေးဟောင်းသားရဲသာ သူ့ကို တိုက်ခိုက်လာလျှင် ထွက်ပြေးလွတ်မြောက်ဖို့ ခဲယဉ်းပါလိမ့်မည်။
ထို့ကြောင့် ကျင်းသျောင်မူ ကိုယ့်ကိုယ်ကိုယ် အမြန်ကာကွယ်ပြောဆိုလိုက်သည်။
“အဲ့တာ မတရားစွပ်စွဲတာပဲ! ငါဘာမှ မလုပ်ထားဘူး! အခြေ အမြစ်မရှိတဲ့ စကားလုံးတွေနဲ့ ငါ့အပေါ် အပြစ်လွှဲချနေတာ မတရားဘူးနော်”
လောလော ခပ်ပါးပါး ပြုံးလိုက်ပါသည်။
“မင်းတို့ကောင်တွေ မဟုတ်တာ ကြံစည်နေမှန်း ကျုံးရှောင်း ရှောင်းက ကြိုသိနေတာ ထင်တယ်၊ မဟုတ်ရင် လျို့လန်ကို အဲ့လိုစကားမျိုး မှာလိုက်မှာ မဟုတ်ဘူး၊ အမှန်အတိုင်း ပြောရရင် မင်းသာ အေးအေးဆေးဆေးနေခဲ့ရင် ငါတို့မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး၊ ကံမကောင်းစွာနဲ့ မင်းက သောက်ကျင့်မကောင်းဘူး ဖြစ်နေတယ်၊ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ခံရတယ်ဆိုတာ အဲ့တာမျိုးကို ဆိုလိုတာ၊ မင်းကံကြမ္မာကို လက်ခံလိုက်ပါတော့”
ထို့နောက် လျို့လန်၏ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး စတင်သုံးဆောင်လို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်ပါသည်။
လျို့လန်လည်း ရှေ့သို့ ခုန်အုပ်လိုက်ရာ လေထဲတွင် သူ့ခန္ဓာကိုယ်က ထောင်ထျဲသားရဲအသွင် ပြောင်းသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်ပြီး ရွှံ့ညွန်ထဲတွင် ရုန်းကန်နေရသည့် နတ်ဆိုးများသာမက ကမ်းပေါ်ရောက်နေပြီဖြစ်သည့် နတ်ဆိုးများပါ အလွန်သွေးပျက် ချောက်ချားသွားခဲ့ကြသည်။
ရွှံ့ညွန်ထဲရှိ နတ်ဆိုးများက ကမ်းပေါ်တက်ဖို့ အသည်းအသန် ပိုကြိုးစားခဲ့ကြသည်။ ကမ်းပေါ်ရောက်နေသည့် နတ်ဆိုးများကလည်း ထောင်ထျဲသားရဲနှင့် အဝေးဆုံးကို ရောက်အောင် ထွက်ပြေးနေကြပါပြီ။
ထောင်ထျဲသားရဲ၏ ပစ်မှတ်ကတော့ ရှင်းလင်းပါသည်။ ထွက်ပြေးနေကြသော နတ်ဆိုးကျင့်ကြံသူများကို လျစ်လျူရှုထားပြီး သူ့ရွှေရောင် မျက်လုံးသူငယ်အိမ်များက ကျင်းသျောင်မူကိုသာ စိုက်ကြည့်နေသည်။ ထို့နောက် သူ့ဧရာမ ပါးစပ်ကြီးကို ဟလျက် ဝါးမျိုဖို့ ပြင်လိုက်ပါသည်။
ကျင်းသျောင်မူလည်း သူ့သွေးဘူးခွံခွက်ထံ အသည်းအသန် ပြန်ပြေးသွားပြီး ဝတ်ရုံထဲမှ အဆိပ်ပိုးကောင်များစွာကိုလည်းစေလွှတ်ကာ ထောင်ထျဲသားရဲကို တိုက်ခိုက်ခိုင်းခဲ့သည်။
ရလဒ်ကတော့ အဆိပ်ပိုးကောင်များလုံး ထောင်ထျဲသားရဲ၏ သရေစာ ဖြစ်သွားခြင်းပင်။
ထိုပိုးကောင်များက ကျင်းသျောင်မူ ခက်ခက်ခဲခဲ ပျိုးထောင်ခဲ့ရသည့် အဖိုးတန် အဆိပ်ပိုးကောင်များဖြစ်ကြသဖြင့် မျက်စိတစ်မှိတ်အချိန်အတွင်း ဝါးမျိုခံလိုက်ရသည်ကိုမြင်ကာ အလွန်ရင်နာသွားခဲ့ရပါသည်။
သို့သော် ယခုက ဝမ်းနည်းနေရမည့်အချိန် မဟုတ်သဖြင့် ကျင်းသျောင်မူ သွေးဘူးခွံခွက်ပေါ်တက်ပြီး ထွက်ပေါက်ထံ ပျံသန်းသွားကာ အဆုံးမဲ့အသူရာချောက်နက်ထဲမှ ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။
ထွက်ပေါက်နား ရောက်ခါနီးတွင် သွေးဘူးခွံခွက်ကြီးက ရုတ်တရက် ရပ်တန့်သွားခဲ့ပါသည်။ ထို့အပြင် သူ့ကို အနောက်ဘက်မှ စွမ်းအင်တစ်ခုက အတင်းဆွဲငင်နေသလို ခံစားလိုက်ရသည်။
ထိုစွမ်းအင်က ကျင်းသျောင်မူနှင့် သွေးဘူးခွံခွက်တို့ကို အရှိန်အဟုန်ဖြင့် ဆွဲငင်နေခဲ့သည်။ နတ်ဆိုးစွမ်းအင်များ ထုတ်သုံး၍ မရသဖြင့် သွေးဘူးခွံခွက်၏ စွမ်းအားတစ်ခုတည်းနှင့် ထိုဆွဲငင်အားကို တွန်းလှန်ဖို့ မဖြစ်နိုင်ပါ။
ကျင်းသျောင်မူ နောက်လှည့်ကြည့်လိုက်ရာ ထောင်ထျဲသားရဲနှင့် နီးသထက် နီးကပ်လာသည်ကို မြင်လိုက်ရပြီး အလွန် စိတ်ချောက်ချားသွားခဲ့သည်။
ထောင်ထျဲသားရဲက သားကောင်ကို စောင့်နေသည့် မုဆိုးပမာ အေးအေးဆေးဆေးထိုင်နေရင်း ၎င်း၏ ပါးစပ်ကြီးကို ဟထားပါသည်။ ကျင်းသျောင်မူကို ပြန်လည်ခေါ်ဆောင်နေသည့် ဆွဲငင်အားကြီးက ထောင်ထျဲ လည်ချောင်းအတွင်းမှ တိုက်ရိုက်ထွက်ပေါ်နေခြင်းပင်။
ကျင်းသျောင်မူ ဘယ်လောက်ပဲ ရုန်းကန်ပါစေ၊ ဘယ် လောက်ပဲ အသနားခံပါစေ ထောင်ထျဲသားရဲ၏ ဆာလောင်မှုကိုတော့ မတားဆီးနိုင်ခဲ့ပေ။
နောက်ဆုံးတွင် ကျင်းသျောင်မူကော၊ သွေးဘူးခွံခွက်ပါ အကုန်ဝါးမျိုခံလိုက်ရတော့သည်။
ကျင်းသျောင်မူ၏အော်သံများလည်း ရုတ်ခြည်း ရပ်တန့်သွားခဲ့ရလေသည်။