အခန်း (၁၇၆)
Vol. 18 Ch. 176
ကျို့ယိုစင်မြင့်ပေါ်တွင် ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ အသူရာချောက်နက်ထဲ ဆင်းသက်ဖို့ ပြင်နေစဉ် ဟိုက်မင်က ရုတ်တရက် ပြောလိုက်သည်။
“ကျွန်တော်တို့ပါ တစ်ခါတည်း လိုက်ခဲ့မယ်လေ၊ အချိန်ကုန် သက်သာတာပေါ့”
စမ့်ရှန်းမင်ကလည်း ထောက်ခံပါသည်။
“ဟုတ်တယ်၊ အားလုံး အတူတူ သွားရအောင်”
နတ်ဆိုးဘုရင်များက ကိုယ့်စိတ်နှင့်ကိုယ်နှိုင်းကာ ယန်ရုန်ရုန်တို့ အောက်အရင်ရောက်သွားလျှင် သူတို့ကို သတ်ဖို့ထောင် ချောက် ဆင်ထားမည်ကို စိတ်ပူနေကြပါသည်။ အတူတူ ဆင်းမည်ဆိုလျှင် ယန်ရုန်ရုန်တို့ ထောင်ချောက်ဆင်ဖို့ အခွင့်အရေးရမည် မဟုတ်ပေ။
ယန်ရုန်ရုန် သူတို့ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ ရင်တုန်သွားကြပါသည်။
ဒီမိန်းမက သူတို့စိတ်တွေကို ဖတ်နိုင်သည်ဟု စမ့်ရှန်းမင်တို့ ခံစားနေရသည်။ သူမ ငြင်းဆန်လိုက်မည်ကိုလည်း စိုးရိမ်မိကြသည်။
သို့သော် ယန်ရုန်ရုန်က အလွယ်တကူ သဘောတူလိုက်လေသည်။
“ကောင်းပြီလေ”
စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချမိကြပါသည်။
ထို့နောက် သူတို့အဖွဲ့ ကျို့ယိုစင်မြင့်ပေါ်မှ အတူတူ ခုန်ဆင်းခဲ့ကြသည်။ ယန်ရုန်ရုန့်လက်ကို လင်းယွမ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အမှောင်ထုထဲသို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားခဲ့ကြသည်။ လေထုကြောင့် သူတို့နားထဲ တဝူးဝူး မြည်သံများ ဆူညံနေခဲ့ပါသည်။
မကြာမီ မမြင်နိုင်သည့် အကာအရံတစ်ခုကို ဖြတ်သန်းသွားသလို ယန်ရုန်ရုန် ခံစားလိုက်ရသည်။ ထိုအကာအရံက အဆုံးမဲ့ အသူရာချောက်နက်အတွင်းသို့ ဝင်ရောက်သည့် ‘ဝင်ပေါက်’ဖြစ်မှန်း သူမ သိပါသည်။ ထိုအကာအရံကို ဖြတ်ကျော်လိုက်သည်နှင့် အသူရာ ချောက်နက်ထဲ သူတို့ အမှန်တကယ် ရောက်ရှိသွားခဲ့လေပြီ။
အောက်ဘက်မှာ ရွှံ့ညွန်မြေတစ်ခု ရှိမှန်း ယန်ရုန်ရုန် သိသဖြင့် ဝူဝမ့်ဓားကို အမြန်ဆင့်ခေါ်လိုက်သည်။ ထို့နောက် လင်းယွမ်ကို ဆွဲခေါ်ကာ ဓားပေါ်ဆင်းသက်လိုက်ပြီး ရွှံ့ညွန်မြေ၏ အပေါ်ဘက်မှ ခပ်နိမ့်နိမ့် ပျံသန်းခဲ့ပါသည်။
သူတို့၏ ဝတ်ရုံများက ကြွေလွင့်နေသော ကြယ်များအလား အရိပ်များထင်ကျန်နေခဲ့ကာ ဓားက အရှိန်ပြင်းပြင်းကွေ့လျက် အထက်သို့ ပျံတက်သွားတော့သည်။
ဓား၏ အရှိန်ကြောင့် သူတို့ခန္ဓာကိုယ်များ အနည်းငယ် ယိမ်းယိုင်သွားကြသည်။ လင်းယွမ်က ဒါကို အခွင့်ကောင်းယူပြီး ယန်ရုန်ရုန့်ခါးကို နောက်မှ ပွေ့ဖက်လိုက်ပါသည်။
ယန်ရုန်ရုန် နောက်လှည့်ကြည့်လာသောအခါ လင်းယွမ်က ချက်ချင်း ကြောက်ရွံ့ချင်ယောင် ဆောင်လိုက်ပါသည်။
“ဓားပျံက အရမ်းမြန်တာပဲ၊ ကြောက်လိုက်တာနော်~”
ယန်ရုန်ရုန်: “…”
လင်းယွမ်က ဆက်ပြောသည်။
“ကိုယ်အခု နတ်ဆိုးစွမ်းအင်တွေ သုံးလို့မရတာ ရှောင်းရှောင်းသိတယ်မလား၊ အဲ့တာကြောင့် အခု ကိုယ်က အားနည်းပျော့ညံ့ပြီး ခိုကိုးရာမဲ့နေတဲ့ သာမန်လူတစ်ယောက်လိုပဲ၊ ဒီလို အန္တရာယ်တွေများတဲ့နေရာတစ်ခုမှာ ကိုယ်ရှင်သန်နိုင်ဖို့ ရှောင်းရှောင်းကိုပဲ အားကိုးရတော့မှာ”
ယန်ရုန်ရုန် အသက်ဝဝ ရှူလိုက်ပြီး အေးတိအေးစက် ငေါက်လိုက်သည်။
“ပါးစပ်ပိတ်ထား”
လင်းယွမ်လည်း လိမ်လိမ်မာမာနှင့် ပါးစပ်ပိတ်ထားလိုက်ပါသည်။ သို့သော် သူ့လက်တွေကတော့ ယန်ရုန်ရုန့် ခါးပေါ်မှာ ရှိနေဆဲပင်။
စမ့်ရှန်းမင်၊ ဟိုက်မင်၊ ဖုန့်ကျင်းရှားနှင့် ဟေးယန်တို့က အောက်မှာ ရွှံ့ညွန်မြေရှိနေမှန်း မသိကြပေ။ နတ်ဆိုးစွမ်းအင်များလည်း ထုတ်သုံး၍ မရသဖြင့် ရွှံ့ဗွက်များထဲ ဘုတ်ခနဲမြည်အောင် တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားခဲ့ကြသည်။
ထို့နောက် နတ်ရတနာကိုယ်စီထုတ်သုံးရင်း ရွှံ့နွံများထဲမှ အမြန်ထွက်လာကြရပါသည်။
ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်ရာ လင်းယွမ်နှင့် ယန်ရုန်ရုန်တို့က ဓားပျံစီးရင်း ကမ်းဆီ ပျံသန်းသွားကြမှန်း မြင်လိုက်ရသည်။ ထို့ကြောင့် သူတို့လည်း အမြန်လိုက်သွားခဲ့ရသည်။
ကမ်းပေါ်တွင် လောလောနှင့် လျို့လန်တို့ စောင့်နေရသည်မှာ အတော်လေး ကြာနေပါပြီ။ ယန်ရုန်ရုန်တို့ ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း လာကြိုဆိုခဲ့ကြသည်။
“မေမေ!” လျို့လန်က ပျော်ပျော်ကြီး အော်ခေါ်လိုက်ပါသည်။
ထိုစဉ် လင်းယွမ်က ချန့်ခွင်းအိတ်ထဲမှ သစ်သီးအချို့ ထုတ်ပေးလိုက်သည်။ ထိုသစ်သီးများကို လျို့လန်ဆွဲယူလိုက်ပြီး ပို၍ပင် ဝမ်းသာအားရ အော်ခေါ်လိုက်လေသည်။
“ဖေဖေ!”
လင်းယွမ် သဘောကျသွားပြီး သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
“လိမ္မာလိုက်တာ”
လျို့လန်၏ တွေးခေါ်ပုံက ရိုးရှင်းပါသည်။ အစားကြီးခြင်းက ထောင်ထျဲသားရဲ၏ သဘာဝဖြစ်၍ ပြုပြင်ပေးလို့မရမှန်း ယန်ရုန်ရုန်သိသည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး လောလောကိုသာ လှည့်မေးလိုက်သည်။
“ဒီကိုရောက်တော့ ဘာအန္တရာယ်တွေ ကြုံခဲ့ရသေးလဲ”
လောလောက အမှန်အတိုင်း ပြန်ဖြေလိုက်ပါသည်။
“ငါတို့ကို အလစ်ဝင်တိုက်ဖို့ ကြိုးစားတဲ့လူတော့ ရှိတယ်၊ ဒါပေမယ့် မအောင်မြင်ပါဘူး”
ထိုအချိန်တွင် စမ့်ရှန်းမင်နှင့် အခြားနတ်ဆိုးဘုရင်များလည်း ကမ်းပေါ် ရောက်ရှီလာကြပါပြီ။ လောလော၏ စကားကို ကြားပြီး စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ ရင်ထဲ ထိတ်ခနဲဖြစ်သွားခဲ့သည်။
ယန်ရုန်ရုန်က ဆက်မေးလိုက်သည်။
“အဲ့ဒီလူ အခုဘယ်မှာလဲ”
လောလောက လျို့လန်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။ လျို့လန်က ရုတ်တရက် ခါးမတ်မတ် ရပ်ကာ သူ့ဗိုက်ကလေးကို ပုတ်ပြလျက် ဂုဏ်ယူဝံ့ကြွားစွာ ကြေညာလိုက်သည်။
“သားဗိုက်ထဲမှာ!”
စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ ထိတ်လန့်တုန်လှုပ်ကာ အလွန်စိတ်ချောက်ချားသွားခဲ့ကြပါသည်။ သို့သော် ယန်ရုန်ရုန် သံသယဖြစ်သွားမည်စိုးရိမ်သဖြင့် ရုတ်တရက် ဘာမှ ဝင်မပြောရဲကြပါ။ ထို့ကြောင့် ယန်ရုန်ရုန် မေးခွန်းထပ်မေးမည့် အချိန်ကိုသာ စောင့်နေခဲ့ကြသည်။
သို့သော် ယန်ရုန်ရုန်က ဘာမှ ဆက်မမေးတော့ပေ။ စကားလမ်းကြောင်းကို သာမန်ကာလျှံကာ ဖြတ်တောက်လိုက်ပါသည်။
“အားလုံး အဆင်ပြေရင် ပြီးတာပါပဲ၊ သွားကြစို့၊ အဲ့ဒီ သံသရာခွင်းဘုံနဲ့ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကို အမြန်ရှာရမယ်”
စမ့်ရှန်းမင် စိတ်မထိန်းနိုင်တော့ဘဲ ယန်ရုန်ရုန့်ကို သတိပေးလိုက်ပါသည်။
“သခင်မလေးကျုံး၊ ကျုပ်တို့ တစ်ယောက် လိုနေသေးတယ်လေ”
ထိုအခါမှ ယန်ရုန်ရုန် ရုတ်တရက်သတိရသွားသကဲ့သို့ ပြုမူကာ ရေရွတ်လိုက်သည်။
“ဟုတ်သားပဲ! ကျင်းသျောင်မူ ဘယ်မှာလဲ၊ တစ်နေရာရာမှာ အပျင်းသွားထူနေတာတော့ မဟုတ်လောက်ပါဘူးနော်”
စမ့်ရှန်းမင်က ချက်ချင်း ပြောလိုက်သည်။
“ကျင်းသျောင်မူက အဲ့လိုလူမျိုး မဟုတ်ဘူး၊ သခင်မလေးကျုံးနဲ့ နတ်ဆိုးအရှင်တို့ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားရင် သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ့် လူမျိုးပါ၊ ကျုပ်တို့ သူ့ကို လိုက်ရှာသင့်တယ်”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ အဲ့တာဆို လူစုခွဲကြတာပေါ့၊ ရှင်နဲ့ ဟိုက်မင်တို့ ဒီမှာနေခဲ့ပြီး သူ့ကို လိုက်ရှာလိုက်၊ ကျန်တဲ့သူတွေ သံသရာခွင်းဘုံ ဝင်ပေါက်ကို ရှာဖို့ ကျွန်မနဲ့လိုက်ခဲ့ကြ”
နောက်မှာ မကျန်ခဲ့ချင်သဖြင့် စမ့်ရှန်းမင် အမြန်ပြောလိုက်ပါသည်။
“ကျုပ်တို့နှစ်ယောက်တည်းနဲ့ မလုံလောက်ဘူး ထင်တယ်နော်”
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။
“အဲ့တာဆို ရှင်က ဘာဖြစ်စေချင်လို့လဲ၊ ကျွန်မတို့အားလုံး ဒီမှာဆက်နေပြီး ကျင်းသျောင်မူကို စောင့်နေရမှာလား၊ သူက သုံးနှစ်သား မဟုတ်ဘူး၊ လမ်းပျောက်သွားမယ့် လူမျိုးမှ မဟုတ်တာ”
စမ့်ရှန်းမင်က အကြောင်းပြချက်ပေးဖို့ ကြိုးစားပါသည်။
“သူအန္တရာယ်နဲ့ ကြုံနေရမှာ စိတ်ပူလို့ပါ၊ ဒီနေရာက အဆုံးမဲ့ အသူရာချောက်နက်လေ၊ ပြီးတော့ သူ့စွမ်းအင်တွေကိုလည်း သုံးလို့မရဘူး၊ မှော်သားရဲတွေဘာတွေနဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ”
ယန်ရုန်ရုန် ရုတ်တရက် မေးခွန်းတစ်ခု ထုတ်လိုက်သည်။
“ရှင့်ပုံစံက သိပ်အံ့ဩတဲ့ပုံစံ မပေါက်ဘူးနော်”
စမ့်ရှန်းမင် ကြက်သေသေသွားသည်။
“ဘာကို အံ့ဩရမှာလဲ”
“ဒီနေရာမှာ နတ်ဆိုးစွမ်းအင် သုံးလို့မရတာကိုလေ၊ တခြား ကျင့်ကြံသူတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ကြပါဦး၊ ရှင်တို့က တည်ငြိမ်လွန်းနေတယ် မထင်ဘူးလား”
ပြောပြောဆိုဆိုနှင့် ကမ်းပေါ်တက်လာသည့် အခြားနတ်ဆိုးကျင့်ကြံသူများကို ယန်ရုန်ရုန် လက်ညှိုးထိုးပြလိုက်သည်။ အားလုံးက အတော်လေး သွေးလန့်ချောက်ချားနေကြပါသည်။
အချို့က သူတို့ နတ်ဆိုးပညာများကို အသုံးပြုဖို့ အသည်းအ သန် ကြိုးစားနေကြပြီး အခြားသူတွေကတော့ နတ်ဆိုးစွမ်းအင် အသုံးမပြုနိုင်ရခြင်း အကြောင်းအရင်းကို ရှာဖွေနေကြသည်။
တစ်ဦးနှင့်တစ်ဦးလည်း သိပ်မကပ်ရဲကြဘဲ ခပ်ခွာခွာသာ ရပ်နေကြပါသည်။
သူတို့နှင့် ယှဉ်လိုက်လျှင် နတ်ဆိုးဘုရင် ၄ ပါးက တည်ငြိမ်လွန်းလှသည်။ ဒီကိုရောက်လာလျှင် သူတို့၏ နတ်ဆိုးစွမ်းအင်များ ချိပ်ပိတ်ခံရမည်ကို ကြိုသိနေသည့်အလား…
စမ့်ရှန်းမင် ရင်တုန်းသွားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုလိုက်ပါသည်။
“ဒါအဆုံးမဲ့ အသူရာချောက်နက်လေ၊ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေ ဘာမဆိုဖြစ်လာနိုင်တာပဲ၊ ဒီကိုမလာခင် အဆိုးဆုံးအတွက် ကြိုတွက်ထားပြီးသားမို့လို့ ကျုပ်တို့ ခပ်မြန်မြန် အသားကျသွားကြတာပါ”
ယန်ရုန်ရုန်က သူ့ဆင်ခြေကို ယုံကြည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“အဲ့လိုကိုး”
ထို့နောက် ယန်ရုန်ရုန် ချက်ချင်း ဆက်ပြောလိုက်သည်။
“ရှင်တို့က အဆိုးဆုံးအတွက် ကြိုတွက်ထားတာဆိုတော့ ကျွန်မ စိတ်ပူပေးဖို့ လိုမယ်မထင်ဘူး၊ ကျင်းသျောင်မူ သေတာရှင်တာက သူ့အကြောင်းနဲ့သူပဲလေ၊ ကျွန်မနဲ့ ဘာမှမဆိုင်ဘူးမလား”
ဖုန့်ကျင်းရှား မနေနိုင်ဘဲ ဝင်ငေါက်လိုက်ပါသည်။
“မင်းတော်တော် နှလုံးသားမဲ့ပါလား! ငါတို့ မင်းကို ကာကွယ်ပေးဖို့ ဒီအထိ လိုက်လာခဲ့တာလေ!”
ယန်ရုန်ရုန် ရယ်မောလိုက်သည်။
“ကျွန်မက ရှင်တို့ကို အကူအညီတောင်းခဲ့လို့လား၊ ရှင်တို့ကသာ အရှက်မရှိတဲ့ ကပ်ပါးကောင်တွေလို ကျွန်မတို့နဲ့ လိုက်လာချင်ပါတယ်လို့ တောင်းဆိုခဲ့ကြတာ မဟုတ်ဘူးလား၊ အခု မတော်တဆ တစ်ခုခုဖြစ်တော့ ကျွန်မကို အပြစ်လွှဲချနေတယ်ပေါ့၊ ‘အရှက်မရှိဘူး’ဆိုတဲ့ စကားလုံးက ရှင်တို့လို လူမျိုးတွေအတွက် သီးသန့်ထွင်ထားတာပဲ”
“မင်းတော့!”
ဖုန့်ကျင်းရှား အလွန်ဒေါသထွက်သွားပြီး သူ့ရှေ့က မိန်းမကို ရိုက်နှက်ပစ်ချင်နေပါပြီ။ သို့သော် သူ့မှာ ဘာစွမ်းအားမှ မရှိမှန်း သတိရသွားကာ ဒေါသကို မျိုသပ်လိုက်ရသည်။ သူ့မျက်နှာတစ်ခုလုံးလည်း နီရဲသွားခဲ့သည်။
ယန်ရုန်ရုန် မေးငေါ့ကာ မေးလိုက်သည်။
“ကျွန်မ ပြောတာ မှားလို့လား”
စမ့်ရှန်းမင်က အမြန်ကြားဝင်ဖြေပေးလိုက်ရသည်။
“သခင်မလေးကျုံးပြောတာ မှန်ပါတယ်၊ သူက အမြဲတမ်း စကားကို မစဉ်းစားဘဲ ပြောတတ်လို့ပါ၊ စိတ်မရှိပါနဲ့”