← Chapters

အခန်း (၁၇၈)

Vol. 18 Ch. 178

အခန်း (၁၇၈)

Vol. 18 Ch. 178

ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားပြီး မျက်နှာအမူအရာကလည်း တရားမျှတမှုကို လိုလားသူတစ်ယောက်အလား ချက်ချင်းပြောင်းလဲသွားကာ နတ်ဆိုးဘုရင် ၂ ပါးကို စတင်ဝေဖန်တော့သည်။

“လျို့လန်က ကလေးပဲရှိသေးတာလေ၊ ရှင်တို့လို အရွယ် ရောက်ပြီးသား သန်သန်မာမာ ယောက်ျားကြီးနှစ်ယောက်က ကလေးတစ်ယောက်ကို ကြောက်စရာ မှော်သားရဲကြီးဆီ တစ်ယောက်တည်းလွှတ်ချင်တယ်ပေါ့၊ ရှင်တို့ကိုယ်ရှင်တို့ မရှက်ကြဘူးလား”

ဟိုက်မင်နှင့် ဟေးယန်တို့ ဆွံ့အသွားခဲ့ကြသည်။

‘ဘယ်လို သာမန်ကလေးတစ်ယောက်က အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ကို တစ်လုတ်တည်းနဲ့ ဝါးမျိုပစ်နိုင်လို့လဲ!’

ယန်ရုန်ရုန်က လျို့လန်၏ ခေါင်းလေးကို ပွတ်ပေးရင်း ကြင်ကြင်နာနာ ပြောလိုက်ပါသည်။

“စိတ်မပူနဲ့နော်၊ မေမေဒီမှာ ရှိနေသေးသရွေ့ သားကို အမြှောက်စာအဖြစ်မခံဘူး”

လျို့လန်၏ ကြည်လင်တောက်ပနေသော မျက်လုံးပြူးပြူးလေးများတွင် ကြည်နူးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

“မေမေက အကောင်းဆုံးပဲ!”

ဟိုက်မင် အကြောင်းပြချက် ထပ်ပေးဖို့ ကြိုးစားပါသည်။

“သခင်မလေးကျုံး… လျို့လန်က သာမန်ကလေးမဟုတ်ဘူးလေ၊ သူက…”

ယန်ရုန်ရုန် စူးစူးရှရှ လေသံဖြင့် စကားကို ဖြတ်ပြောလိုက်သည်။

“သူ့အသွင်အစစ်က ဘာပဲဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး၊ ကျွန်မရင်ထဲမှာတော့ လျို့လန်က အမြဲတမ်း ကလေးလေးပဲ၊ ရှင်တို့ကို မေးပါဦးမယ်၊ ကျွန်မနေရာမှာ ရှင်တို့သာဆိုရင်ကော ကလေးတစ်ယောက်ကို မှော်သားရဲတစ်ကောင်အတွက် ငါးစာအဖြစ် သုံးရက်မှာလား၊ သုံးရက်မှာလားလို့”

ဟိုက်မင် ဆွံ့အသွားခဲ့သည်။ ဟေးယန်ကတော့ အမှန်အတိုင်း ပြန်ဖြေလိုက်ပါသည်။

“ငါ့မှာ ကလေးမရှိဘူး”

ကိုယ့်သားသမီးကိုယ် ကာကွယ်ဖို့ အသင့်ဖြစ်နေသည့် အမေတစ်ယောက်ပမာ ယန်ရုန်ရုန် ခါးထောက်လိုက်ပါသည်။ ထို့နောက် နတ်ဆိုးဘုရင် ၂ ပါးကို နှစ်ဆတိုးကာ ထပ်ငေါက်တော့သည်။

“အဲ့လို ကလေးမရှိလို့ပဲ ကလေးဆိုတာ ဘယ်လောက်ထိ ပျော့ပြောင်းနူးညံ့သလဲ ရှင်တို့ နားမလည်တာပေါ့! ရှင်တို့ဘေးကင်းဖို့အတွက် အပြစ်မရှိတဲ့ကလေးတစ်ယောက်ကို လူသားဒိုင်းလုပ်ချင်နေကြတယ်၊ ရှင်တို့လို တစ်ကိုယ်ကောင်းဆန်တဲ့ လူတွေက ကလေးယူဖို့ လုံးဝ မထိုက်တန်ဘူး!”

နဂိုကတည်းက စကားနည်းသည့် ဟေးယန်တစ်ယောက် ဘယ်လိုပြန်ချေပရမှန်းပင် မသိတော့ချေ။ အချိန်အတော်ကြာအောင် ထစ်ငေါ့သွားပြီးမှ ခက်ခက်ခဲခဲ ပြောလိုက်ပါသည်။

“ငါ ကလေးမယူနိုင်တာ မဟုတ်ဘူး၊ မလိုချင်လို့ကို မယူတာ”

နတ်ဆိုးများက အသက်ရှည်ကြသဖြင့် မျိုးပွားဖို့ သိပ်မလို အပ်ကြပါ။ ထို့ကြောင့် နတ်ဆိုးအများစုက အိမ်ထောင်မပြုဘဲ ကလေးလည်း မယူတတ်ကြပေ။

ယန်ရုန်ရုန် ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာနေသည်ဟု ဟိုက်မင် ခံစားမိပါသည်။ အင်တာနက်ခေတ်မှာသာဆို သူဘူလီခံနေရကြောင်းကို ဟိုက်မင် နားလည်လိမ့်မည်။ ကံမကောင်းစွာဖြင့် ယခုက အင်တာနက်ခေတ်မဟုတ်ပါ။

ထို့ကြောင့် ဟိုက်မင် ပစ်မှတ်သာ ပြောင်းလိုက်ပါသည်။

“လျို့လန်ကို လွှတ်ဖို့ အဆင်မပြေရင် လောလောကိုလွှတ် လိုက်လေ၊ သူက အရွယ်ရောက်ပြီးသားမလား၊ သူ့စွမ်းအင်တွေလည်း ချိပ်ပိတ်ခံမထားရဘူး၊ သူသာဆို အဆင်ပြေမှာ သေချာတယ်”

တစ်ချိန်လုံး ဘေးမှ ပွဲထိုင်ကြည့်နေသည့် လောလောတစ်ယောက် မဆီမဆိုင် ပြဿနာထဲရောပါလာခဲ့သည်။ ချက် ချင်းဆိုသလို လောလော ခေါင်းငုံ့သွားပြီး ရင်ဘတ်ကို ဖိရင်း ချောင်းဆိုးပြလေတော့သည်။

“အဟွတ် အဟွတ် အဟွတ်… ငါကျန်းမာရေး မကောင်းဘူး၊ လေမီးကြောင်းမြီးတိုတစ်ကောင်လက်ကနေ လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး၊ ငါ့ကို မိသွားရင်း သူ့လက်သည်းကြီးတွေနဲ့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲပစ်မှာ၊ မလုပ်ပါနဲ့ မလုပ်ကြပါနဲ့… ငါ့အပေါ် အဲ့လောက် မရက်စက်ကြပါနဲ့”

ဟိုက်မင် မကျေမနပ် ငေါက်လိုက်သည်။

“ဟန်ဆောင်မနေနဲ့! တစ်လမ်းလုံး မင်းကျန်းမာသန်စွမ်းနေတာ၊ အခုမှ ဘာကို ကျန်းမာရေး မကောင်းတာလဲ!”

လောလော ခန္ဓာကိုယ် ယိမ်းယိုင်လာခဲ့သည်။ သူ့နားရွက်များကို လက်ဖြင့်အုပ်ရင်း ကယောင်ချောက်ချား ရေရွတ်လိုက်သည်။

“အား! ငါ့နားတွေ ဘာဖြစ်သွားတာလဲ! ဘာမှမကြားရတော့ဘူး၊ ဘယ်လိုလုပ်ရမလဲ ငါနားကန်းသွားပြီလား”

ပြောပြောဆိုဆိုနှင့် ယန်ရုန်ရုန့်ကို ပြေးဖက်ဖို့ ကြံလိုက်ပါသည်။

“ကျွန်တော့်ကို ကယ်ပါဦး သခင်မလေး!”

သို့သော် ယန်ရုန်ရုန့် ဝတ်ရုံကို မထိနိုင်ခင်မှာပင် လင်းယွမ်က လောလောကို ဆောင့်တွန်းလိုက်ပါသည်။ ယန်ရုန်ရုန့်ကို သူကိုယ်တိုင်မှအပ ဘယ်သူ့ကိုမှ ထိခွင့် မပြုနိုင်ပါ။

လောလောက ဒါကိုအခွင့်ကောင်းယူပြီး ခြေလှမ်းများ ယိမ်းယိုင်ကာ မြေကြီးပေါ် ဒရမ်မာဆန်ဆန် လဲကျသွားခဲ့ပါသည်။

“ပြီးသွားပြီ… ငါနားကန်းသွားတော့မှာပဲ၊ ငါဘာမှ အသုံးမဝင်တော့လို့ မင်းတို့အားလုံး ငါ့ကို အမြှောက်စာအဖြစ် အသုံးချတော့မှာမလား”

ပုံမှန်ဆို တည်တည်ငြိမ်ငြိမ်နေတတ်သည့် ဟိုက်မင်ပင် ဒေါသထွက်လာပါပြီ။

“မင်းငါတို့ကို အရူးထင်နေတာလား!”

လောလောမျက်ရည်များ ဝဲလာခဲ့သည်။

“ငါတကယ် ဘာမှမကြားရတော့ဘူး! သခင်မလေး! သခင်မလေး ကျွန်တော့်ကို ယုံကြည်ပေးပါ!”

အိုဗာဖြစ်လွန်းသည့် သူ့သရုပ်ဆောင်စွမ်းရည်ကြောင့် ယန်ရုန်ရုန် ခေါင်းကျိန်းသွားပါသည်။ သို့သော် သူမလည်း အလိုက် သင့် တုန့်ပြန်ပေးရမည်။

ထို့ကြောင့် ခေါင်းကို အသည်းအသန်ညိတ်ရင်း ယန်ရုန်ရုန် ဝင်ပြောလိုက်သည်။

“ကျွန်မယုံပါတယ်! ရှင့်လို ရိုးသားပြီး ဖြောင့်မတ်မှန်ကန်တဲ့ လူမျိုးက ဘယ်တော့မှ လိမ်ညာမှာ မဟုတ်ဘူး၊ ရှင်က ကျန်းမာရေးမကောင်းဘူးဆိုတော့ ကြောင်မြီးတိုကို အာရုံလွှဲရမယ့်တာဝန်ကို တခြားသူပဲ ယူသင့်တာပေါ့၊ ဒီအဖွဲ့ထဲက လူတိုင်းက သဘောကောင်းကြပါတယ်၊ နာမကျန်းဖြစ်နေတဲ့ ဒုက္ခိတစ်ယောက်ကို အနိုင်ကျင့်လို့တော့ မဖြစ်ဘူးမလား”

နောက်ဆုံးမေးခွန်းက ဟိုက်မင်နှင့် ဟေးယန်တို့အတွက်ဖြစ်သည်။

ထိုစဉ် ငှက်ပေါက်လေးလည်း ယန်ရုန်ရုန့်ဝတ်ရုံထဲမှ ထွက်လာပြီး တီးတိုးပြောလိုက်သည်။

“ရိုးသားပြီး ဖြောင့်မတ်မှန်ကန်တယ်ဆိုတဲ့စကားလုံးထက် တခြားစကားလုံးကို ရွေးသုံးလို့မရဘူးလားဟင်”

ထိုစကားလုံးများကို ကြားရသည်မှာ ငှက်ပေါက်လေးအတွက် ရင်ထဲ တစ်မျိုးကြီးဖြစ်စေပါသည်။

လင်းယွမ်လည်း သရော်ပြုံးပြုံးလိုက်သည်။ လောလောက သူ့လို နတ်ဆိုးအရှင်သခင်ကိုပင် စုတ်စုတ်ပဲ့ပဲ့စာအုပ်များ လိမ်ရောင်းသွားဖူးသည်။ ဒီကောင်က ‘ရိုးသားပြီး ဖြောင့်မတ်မှန်ကန်ခြင်း’နှင့် ဆန့်ကျင်ဘက်ပင်။

ဟိုက်မင် ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိသည်။

“အဲ့လောက်ကြီးကြီးကျယ်ကျယ်တွေ ပြောပြီး နောက်ဆုံးကျတော့လည်း ငါတို့နှစ်ယောက်ကိုပဲ သေလမ်းဆီ ပို့ဖို့စီစဉ်ထားတာပေါ့ ဟုတ်လား!”

သူ့လေသံကို ယန်ရုန်ရုန် သဘောမကျပါ။

“ကျွန်မက ရှင်တို့ကို သေစေချင်တာ မဟုတ်ဘူးလေ၊ ရှင်တို့ကိုယ်တိုင် ကျွန်မ ဘာပဲခိုင်းခိုင်း စွန့်စွန့်စားစား လုပ်ပေးပါ့မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ အခု ကြောင်မြီးတိုတစ်ကောင်ကို ခဏလောက် အာရုံလွှဲထားပေးဖို့ပဲ တောင်းဆိုနေတာကို ဆင်ခြေဆင်လက်တွေ ပေးလို့မပြီးတော့ဘူး၊ ဟား… ရှင်တို့ရဲ့ ကတိစကားဆိုတာ အီးပေါက်သလောက်တောင် တန်ဖိုးမရှိပါလား”

ဟိုက်မင် အကြောင်းပြချက် ထပ်ပေးလိုက်ပါသည်။

“ငါတို့လည်း ကူညီချင်ပါတယ်၊ ဒါပေမယ့် ငါတို့စွမ်းအင်တွေ ထုတ်သုံးလို့မရတာ မင်းလည်းသိနေတာပဲ မဟုတ်ဘူးလား၊ ဒီလိုပုံစံမျိုးနဲ့ လေမီးကြောင်မြီးတိုတစ်ကောင်ကို အာရုံလွှဲရမှာ ကိုယ့်ကိုယ့်ကိုယ်သေကြောင်းကြံတာနဲ့ ဘာကွာဦးမှာလဲ!”

ယန်ရုန်ရုန် သရော်ပြုံးပြုံးလိုက်သည်။

“ပြီးတာပဲ! ပြီးတာပဲ! ရှင်တို့က ကျွန်မအစီအစဉ်ကို မနာခံနိုင်ဘူးဆိုတော့လည်း အခုချက်ချင်း ထွက်သွားကြတော့! သွားကြလေ! ကျွန်မရှေ့ ထပ်ပေါ်မလာစေနဲ့နော်!”

ဟိုက်မင်မျက်နှာ ဖြူဖပ်သွားပြီး အရှက်ရမှုကြောင့် နီမြန်းသွားပြန်သည်။ ယခုတော့ ဖုန့်ကျင်းရှားနှင့် ယိုပီလောတို့၏ ခံစားချက်ကို သူကိုယ်ချင်းစာနိုင်ပါပြီ။

ဒီမိန်းမက တကယ်ပဲ စက်ဆုပ်စရာ ကောင်းလွန်းသည်။ စက်ဆုပ်စရာကောင်းလွန်းသဖြင့် ချက်ချင်း သတ်ပစ်ချင်စိတ်ပင် တဖွားဖွား ပေါ်လာမိသည်။

ဟိုက်မင် အသက်ဝဝရှူလိုက်ပြီး ဒေါသကို ချုပ်တည်းလိုက်သည်။ သူထွက်သွားလို့မဖြစ်ပါ။ အခုချိန်မှာ ထွက်သွားလို့ မဖြစ်သေးပါ။၊

ဒဏ်ရာရွှေ့ပြောင်းအဆောင်၏ အာနိသင်က မပြယ်သေးသဖြင့် သူ့အသက်က သူမအသက်နှင့် စည်းနှောင်နေဆဲဖြစ်သည်။

နောက်ဆုံးတွင်တော့ ဟိုက်မင် အရှုံးပေးလိုက်ရပါသည်။

“ကောင်းပြီလေ၊ ဟေးယန်နဲ့ ငါ လေမီးကြောင်မြီးတိုကို အာရုံလွှဲထားလိုက်မယ်”

ယန်ရုန်ရုန့် မျက်နှာလည်း ပျော့ပြောင်းသွားခဲ့သည်။

“ကျွန်မကို နှလုံးသားမဲ့တယ်လို့ မထင်နဲ့နော်၊ ကျွန်မနောက်ကို ရှင်တို့သဘောနဲ့ရှင်တို့ လိုက်လာတာ၊ ရှင်တို့က ကျွန်မအတွက် အသုံးဝင်ကြောင်း သက်သေပြရမှာပေါ့၊ မဟုတ်ရင် ရှင်တို့ကို ခေါ်လာတာ အလကားဖြစ်သွားမယ်လေ”

ဟိုက်မင် တောင့်တောင့်တင်းတင်း ပြုံးကာ ကျေးဇူးတင်လိုက်သည်။

“ဟုတ်ပါတယ်… ကျွန်တော်တို့ ဘာလုပ်နိုင်သလဲဆိုတာ ပြသသင့်တာပေါ့၊ ကျွန်တော်တို့ရဲ့ အစွမ်းအစကို ဒီလိုထုတ်ပြဖို့ အခွင့်အရေးပေးတဲ့အတွက် သခင်မလေးကျုံးကို ကျေးဇူးတင်ပါတယ်”

ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။

“ကျွန်မရဲ့ စေတနာကို အခုလိုနားလည်သွားကြတာ ဝမ်းသာပါတယ်၊ သွားကြတော့ သွားကြတော့”

ဟိုက်မင်နှင့် ဟေးယန်တို့နှစ်ယောက် လေမီးသစ်တောထဲ ဦးစွာ ဝင်သွားခဲ့ရသည်။

သူတို့ ဝင်သွားပြီး သိပ်မကြာလိုက်ဘဲ သစ်ပင်များနောက်ကွယ်မှ လေမီးကြောင်မြီးတိုကြီး ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်က အလွန်ကြီးမားပြီး လေးဖက် ထောက်ထားချိန်မှာတောင် လူသုံးရပ်စာလောက် အမြင့်ရှိပါသည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ချောချောမွတ်မွတ် အနက်ရောင် သားမွေးများဖုံးအုပ်နေပြီး နားရွက်ချွန်ချွန်နှစ်ဖက်ပေါ်တွင်တော့ အနီရောင်သားမွေးများ ရှိနေပါသည်။ သွေးချင်းနီနေသော မျက်လုံးများက အလွန်ကြီးမားပြီး ဝိုင်းစက်နေလေသည်။

သူ့ပိုင်နက်ထဲ ကျူးကျော်လာသူများကို သတိထားမိသွားသည်နှင့် ကြောင်မြီးတိုကြီး၏ မျက်လုံးသူငယ်အိမ်များ မျဉ်းဖြောင့်သဏ္ဌာန်ပြောင်းလဲသွားခဲ့ပါသည်။

၎င်း၏ ကြောင်မျက်နှာပေါ်တွင် ခံစားချက်မပေါ်လွင်သော်လည်း ဒီသားရဲကြီး စိတ်လှုပ်ရှားနေသည်ကို ဟိုက်မင်နှင့် ဟေးယန်တို့ ခံစားနိုင်ကြသည်။

သားကောင်တစ်ကောင်ကို မြင်လိုက်ရသည့် သားရဲတစ်ကောင်ပမာ စိတ်လှုပ်ရှားခြင်းမျိုးပင်။

သူတို့ထံ လေမီးကြောင်းမြီးတိုကြီး စပြေးလာသည်နှင့် နှစ်ယောက်သား မဆိုင်းမတွ သုတ်ခြေတင် ထွက်ပြေးကြတော့သည်။

All Chapters