← Chapters

အခန်း (၁၇၉)

Vol. 18 Ch. 179

အခန်း (၁၇၉)

Vol. 18 Ch. 179

လေမီးကြောင်မြီးတိုကြီးက ဟိုက်မင်နှင့် ဟေးယန်တို့နောက် ထပ်ကြပ်မကွာ ပြေးလိုက်လာခဲ့သည်။

ယန်ရုန်ရုန်တို့ အုပ်စုလည်း အခွင့်အရေးကို အသုံးချကာ သစ်တောထဲ ချက်ချင်း ဝင်ခဲ့ကြသည်။ သစ်ပင်များအကြားမှ အလျှင်အမြန် ဖြတ်သန်းခဲ့ကြရာ သာမန်မျက်စိဖြင့် ကြည့်လိုက်လျှင် အရိပ်များသာ မြင်နိုင်ပါလိမ့်မည်။

သစ်တောထဲတွင် နတ်ဆိုးသားရဲငယ်အချို့ ရှိသေးသော် လည်း ၎င်းတို့၏ အဆင့်က အလွန်နိမ့်ပါသည်။ လောလောနှင့် လျို့လန်တို့၏ အရှိန်အဝါကို အာရုံခံမိကြပြီး ကြောက်ရွံ့ကြသဖြင့် အနားကပ်မလာရဲကြပေ။

ထို့ကြောင့် ယန်ရုန်ရုန်တို့အုပ်စု လေမီးသစ်တောကြီးကို အခက်အခဲမရှိ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့ကြသည်။

ထို့နောက် တစ်ခဏပင် မရပ်တန့်ဘဲ ခရီးဆက်ခဲ့ကြသည်။

လောလောက စပ်စုလိုက်သည်။

“သူတို့ကို စောင့်ဖို့မလိုဘူးလား”

‘သူတို့’ဆိုသည်မှာ ဟိုက်မင်နှင့် ဟဲယန်တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။

ယန်ရုန်ရုန် မဆိုင်းမတွ ပြန်ဖြေလိုက်ပါသည်။

“မေ့ထားလိုက်”

သူမ ကျုံးရှောင်းရှောင်းအဖြစ် နေထိုင်ခဲ့ရစဉ်က ဟိုက်မင်နှင့် ဟေးယန်တို့ သူမကို ပေါ်တင် အနိုင်မကျင့်ဖူးကြသော်လည်း နောက်ကွယ်မှာတော့ အကြိမ်ပေါင်းများစွာ ကြံစည်ဖူးကြပါသည်။

ယခုတော့ သူမကို ပိုလို့တောင် မုန်းတီးနေလောက်ပြီဖြစ် သည်။ ဒဏ်ရာရွှေ့ပြောင်းအဆောင်ကြောင့်သာ မဟုတ်လျှင် သူမကို သတ်ဖို့ ကြိုးစားနေကြလောက်ပါပြီ။

သူမက သူတော်စင် မဟုတ်ပါ။ သူမအပေါ် အငြှိုးထားသည့်လူတွေဆီမှ ရနိုင်သမျှကို ညှစ်ထုတ်ပြီး အသုံးမဝင်တော့သည့်အခါ သူတို့သေသေရှင်ရှင် ဂရုစိုက်မှာ မဟုတ်ပေ။

လောလောက နှာခေါင်းရှုံ့သည်။

“မင်းတော်တော် ရက်စက်တာပဲ”

ယန်ရုန်ရုန် ဘာမှ မပြောနိုင်ခင် လင်းယွမ် မကျေမနပ်ဖြစ်သွားကာ မျက်မှောင်ကြုတ်လျက် ဖြတ်ပြောလိုက်သည်။

“နှလုံးသားမဲ့တယ်ဆိုတာ နှလုံးသားထဲမှာ ရှိနေတဲ့သံယောဇဉ် ပျောက်ကွယ်သွားလို့ ဖြစ်လာရတာ၊ ဥပမာ ငါ့အပေါ် ရှောင်းရှောင်း သဘောထားသလိုမျိုးပေါ့၊ ဒါပေမယ့် တခြားသူတွေအပေါ် ရှောင်းရှောင်းက အစကတည်းက သံယောဇဉ်မရှိခဲ့တာ၊ အစကတည်းက ‘နှလုံးသား’ မရှိခဲ့လို့ နှလုံးသားမဲ့တယ်လို့ ဘယ်လိုခေါ်လို့ရမှာလဲ၊ မင်းစကားမပြောတတ်ရင် ပါးစပ်ကို ပိတ်ထားစမ်းပါ”

ထူးဆန်းလှသော သူ့အတွေးအခေါ်ကြောင့် လောလော အရှုံးပေးလိုက်ရသည်။ လင်းယွမ်၏ စိတ်ထဲတွင် ‘နှလုံးသားမဲ့သည်’ဟူသော စကားလုံးကပင် သူ့တစ်ယောက်တည်းအတွက် ဖြစ်ရမည်ဟု သတ်မှတ်ထားပုံရသည်။

‘အချစ်ကြောင့် လူတွေရူးသွားတတ်တယ်ဆိုတာ တကယ်ပါပဲလား…’

--- --- ---

တစ်ဖက်တွင်လည်း ဟိုက်မင်နှင့် ဟေးယန်တို့နှစ်ယောက် နတ်ရတနာပျံများကို အားကိုးပြီး လေမီးကြောင်မြီးတိုကြီးကို သစ်တောထဲ ပတ်ပြေးနေအောင် မျှားခေါ်ခဲ့ပါသည်။

ကြောင်မြီးတိုကြီး မောဟိုက်သွားလျှင် ရပ်တန့်သွားလိမ့်မည်ဟု သူတို့ ထင်ထားခဲ့ကြသည်။

သို့သော် ကြောင်မြီးတိုကြီး၏ သက်လုံက အလွန်ကောင်းမွန်လှသည်။ သူတို့နောက်ကို ပြေးလိုက်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း နှေးသွားရမည့်အစား ပို၍ပင် မြန်ဆန်လာခဲ့ပါသည်။ ထို့အပြင် အလွန်လည်း ခေါင်းမာပုံရသည်။

သားကောင်တစ်ကောင်ကို ပစ်မှတ်ထားပြီးလျှင် မရမချင်း လိုက်တတ်ပါသည်။

သူတို့နှစ်ယောက်နှင့် ကြောင်မြီးတိုကြီး၏ အကွာအဝေးက တဖြည်းဖြည်းနီးကပ်လာသည်ကို သတိထားမိပြီး ဟိုက်မင်နှင့် ဟေးယန်တို့ စိတ်ချောက်ချားသွားခဲ့ကြသည်။

နတ်ဆိုးစွမ်းအင်များကို တိုက်ရိုက်ထုတ်မသုံးနိုင်သဖြင့် ဝိညာဉ်ကျောက်တုံးများထဲတွင် သိုလှောင်ထားသည့် စွမ်းအင်များကိုသာ အားကိုးပြီး နတ်ရတနာများကို သုံးစွဲနေရပါသည်။

နတ်ရတနာပျံများထဲ ဝိညာဉ်ကျောက်တုံးများကို လောင်စာအဖြစ် အသည်းအသန်ထိုးထည့်ရင်း ဒီ့ထက်မြန်မြန် ပျံနိုင်ဖို့ ဆုတောင်းခဲ့ကြသည်။ သို့သော် သူတို့ မြန်မြန်ပျံလေလေ ကြောင်မြီးတိုကြီးက စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး အကွာအဝေးက ပိုမို နီးကပ်လာလေလေပင်။

နောက်ဆုံးတော့ သူတို့ကို ကြောင်းမြီးတိုကြီး လိုက်မီသွားခဲ့သည်။

ကြောင်မြီးတိုကြီးက လက်တစ်ချက် ဝှေ့ရမ်းလိုက်ပြီး နတ်ရတနာပျံများပေါ်မှ သူတို့နှစ်ယောက်ကို ရိုက်ချပစ်လိုက်ပါသည်။ နှစ်ယောက်သား မြေကြီးပေါ် ဆိုးဆိုးရွားရွား ပြုတ်ကျသွားကြပြီး သားရဲကြီးကို ခုခံဖို့အတွက် နတ်ရတနာများ အသည်းအသန် ထုတ်သုံးကြတော့သည်။

ပထမတော့ ကြောင်မြီးတိုကြီးက စိတ်ဝင်စားနေပုံရပြီး သူတို့နှစ်ယောက်နှင့် ကစားနေပါသေးသည်။ သို့သော် နတ်ရတနာများ ကုန်ခါနီးပြီဖြစ်ကာ ဟိုက်မင်တို့ ဘာအသစ်အဆန်းမှ ထုတ်မပြနိုင်တော့သဖြင့် ကြောင်မြီးတိုကြီး ငြီးငွေ့သွားခဲ့သည်။

ထို့ကြောင့် ဆက်မကစားတော့ဘဲ သားကောင်များကို ဒီအတိုင်း စားပစ်လိုက်ဖို့သာ ဆုံးဖြတ်လိုက်ပါသည်။

သူတို့နှစ်ယောက်ကို ကြောင်းမြီတိုကြီးက လက်နှစ်ဖက်ဖြင့် ဖိထားရင်း ကိုက်စားဖို့ ပြင်လိုက်သည်။

နှစ်ယောက်သား သေခါနီးဆဲဆဲ အချိန်တွင် စမ့်ရှန်းမင်နှင့် ဖုန့်ကျင်းရှားတို့ အချိန်မီ ရောက်ရှိလာပြီး ဟိုက်မင်နှင့် ဟေးယန်တို့ကို ကယ်တင်နိုင်ခဲ့သည်။

လေးယောက်သား ကြောင်မြီးတိုကြိးလက်မှ အသက်လုပြေးကြရင်း နောက်ဆုံးတော့ လေမီးသစ်တောထဲမှ လွတ်မြောက်လာခဲ့ကြပါသည်။

သို့သော် တောအုပ်အပြင်ဘက်တွင် ဘယ်သူမှ ရှိမနေပေ။ ယန်ရုန်ရုန်တို့အုပ်စုကိုလည်း မတွေ့ရတော့ပါ။ သူတို့ကို ထားခဲ့ခြင်းဖြစ်မှန်း သိသာပါသည်။

ဟိုက်မင်တစ်ယောက် ယခင်တုန်းက တည်ငြိမ်အေးဆေးခဲ့ဖူးသော်လည်း ဒီတစ်ကြိမ်တော့ စိတ်မထိန်းနိုင်တော့ဘဲ ဒေါသတကြီး ကျိန်ဆဲမိလေသည်။

“အဲ့ဒီမိန်းမယုတ်က ငါတို့ကို ကြောင်မြီးတိုကြီးဆီပို့ပြီး စွန့်စွန့်စားစား အာရုံလွှဲခိုင်းခဲ့တာ၊ သူ့ကျတော့ သူ့လူတွေကို ခေါ်ပြီး ထွက်ပြေးသွားတယ်ပေါ့! လခွီးပဲ! အဲ့ဒီမိန်းမယုတ် သေသင့်တယ်!”

စမ့်ရှန်းမင်က သူ့ကို စိတ်လျှော့ခိုင်းလိုက်ပါသည်။

ဖုန့်ကျင်းရှားက အေးစက်စွာ ရယ်မောလိုက်သည်။

“တွေ့လား၊ ကျုံးရှောင်းရှောင်းလို မိန်းမမျိုးနဲ့ ကြုံရတဲ့လူတိုင်း သူ့ကို သတ်ချင်မှာပဲ၊ အရင်တုန်းက ငါဒေါသထွက်တုန်းကကျတော့ မင်းတို့တွေ ငါ့ကို စိတ်ဆတ်လွန်းတယ်လို့ အပြစ်တင်ကြတယ်၊ အခုတော့ မင်းတို့လည်း အတူတူဖြစ်နေပြီ မဟုတ်ဘူးလား”

စမ့်ရှန်းမင် သူ့ကို လှည့်ကြည့်လိုက်သည်။

“အခုက တစ်ယောက်နဲ့တစ်ယောက် လှောင်ပြောင် အရွဲ့တိုက်နေရမယ့်အချိန် မဟုတ်ဘူး၊ ကျုံးရှောင်းရှောင်းနဲ့ လင်းယွမ်တို့ကို ရှာဖို့ နည်းလမ်းတစ်ခုခု စဉ်းစားကြစမ်းပါ!”

ထိုစဉ် ဟေးယန်က သူ့ဝတ်ရုံထဲမှ သံလိုက်အိမ်မြှောင်ကဲ့သို့ နတ်ရတနာတစ်ခုကို ထုတ်လိုက်ပါသည်။

“ဒီပေါ်မှာ နတ်ဆိုးစွမ်းအင်ဆွဲငင်တဲ့အစီအရင်တစ်ခု ရေးထွင်းထားတယ်၊ နတ်ဆိုးစွမ်းအင် အများဆုံးနေရာကိုပဲ အမြဲတမ်း ညွှန်ပြနေလိမ့်မယ်”

ဖုန့်ကျင်းရှား နားမလည်ပေ။

“အဲ့တော့ဘာဖြစ်လဲ”

ဟိုက်မင်က ဝင်ဖြေပေးလိုက်သည်။

“ကျုံးရှောင်းရှောင်းက ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကို ရှာနေတာလေ၊ ယုတ္တိရှိရှိ ပြောရရင် အဲ့လိုသစ်ပင်မျိုး ရှင်သန်နိုင်ဖို့ဆိုတာ အဲ့ဒီနေရာမှာ နတ်ဆိုးစွမ်းအင်တွေ အများကြီး ရှိနေလို့ပဲနေမှာ”

စမ့်ရှန်းမင်လည်း နားလည်သွားပါသည်။

“အဲ့တာဆို အဆုံးမဲ့အသူရာချောက်နက်ထဲ နတ်ဆိုးစွမ်းအင်အမြင့်ဆုံးနေရာကိုပဲ ရှာဖို့လိုတာပေါ့၊ အဲ့ဒီနေရာကို ရှာတွေ့ရင် ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကိုလည်း ရှာတွေ့လိမ့်မယ်”

ဖုန့်ကျင်းရှား သဘောပေါက်သွားခဲ့သည်။

“သစ်ပင်ကို ရှာတွေ့ရင် ကျုံးရှောင်းရှောင်းနဲ့ လင်းယွမ်တို့ကိုလည်း ရှာတွေ့ပြီပေါ့! အဲ့တာဆို ဘာတွေစောင့်နေကြတာလဲ သွားမယ်လေ!”

ဟေးယန်က သံလိုက်အိမ်မြှောင်ထဲ ဝိညာဉ်ကျောက်တုံးတစ်တုံး ထည့်သွင်းလိုက်သည်။ မှောင်အတိကျနေသည့် မျက်နှာ ပြင်ပေါ်တွင် ခပ်ဖျော့ဖျော့ အလင်းရောင်လေးတစ်ခု ပေါ်လာပြီး အလယ်တည့်တည့်ရှိ မြှားဦးက ဖြည်းညှင်းစွာ လည်ပတ်လာပါသည်။

ခေတ္တကြာပြီးနောက် အရှေ့တောင်ဘက်ကို ညွှန်ပြရင်း ရပ်တန့်သွားခဲ့သည်။ နတ်ဆိုးဘုရင် ၄ ပါးလည်း ထိုအရပ်သို့ ဦးတည်ရင်း ထွက်လာခဲ့တော့သည်။

--- --- ---

မှတ်ဉာဏ်ထဲက လမ်းကြောင်းအတိုင်း ယန်ရုန်ရုန် ခရီးနှင်ခဲ့သည်။ လမ်းတွင် နတ်ဆိုးသားရဲအချို့က တိုက်ခိုက်လာသော်လည်း သူမ ဘာမှလုပ်ဖို့ပင် မလိုအပ်ပါ။ လျို့လန်က ထိုသားရဲများကို မောင်းထုတ်နိုင်ခဲ့သည်။

အမှားအယွင်းမရှိလျှင် မကြာမီ ကောင်းကင်ဘုံ နတ်ဆိုးသစ်ပင်ကြီးကို သူမတို့ ရှာတွေ့ပါတော့မည်။ သို့သော် ထုံးစံအတိုင်း ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရပါသည်။

သူမတို့အားလုံး မြူထူထပ်သော နေရာတစ်ခုထံသို့ ရောက်ရှိသွားခဲ့သည်။

မြူခိုးမြူငွေ့များက အလွန်ထူထပ်ပြီး ပိန်းပိတ်အောင် မှောင်မိုက်နေသဖြင့် ကိုယ့်လက်ကိုယ်ပင် ပြန်မမြင်နိုင်ပါ။

ယန်ရုန်ရုန် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

“အရင်တုန်းက ဒီမှာ ဘာမြူမှ မရှိပါဘူး”

လင်းယွမ်လည်း တွန့်ဆုတ်သွားခဲ့သည်။ ယခင်တုန်းက ဒီနေရာမှာ မြစ်နီတစ်စင်းသာ ရှိမှန်း သူမှတ်မိပါသည်။ ထိုမြစ်နီကို ဖြတ်သန်းလိုက်လျှင် ကောင်းကင်ဘုံနတ်ဆိုးသစ်ပင်ကြီးအား တွေ့ရလိမ့်မည်။

ယခုတော့ ထိုမြစ်နီကြီး မရှိတော့ဘဲ အနက်ရောင်မြူခိုးမြူငွေ့များသာ ရှိနေသည်။

‘ငါတို့ လမ်းမှားသွားတာလား…’

သူတို့တစ်ဖွဲ့လုံး မီးလင်းပုလဲလုံးများ သယ်ဆောင်လာကြသဖြင့် ချက်ချင်းထုတ်လိုက်ကြသည်။ မီးလင်းပုလဲလုံးများ၏ အလင်းရောင်က အမှောင်ထုကို ဖြိုခွင်းပေးသော် လည်း သူတို့ခြေဖျားအောက်ရှိ လမ်းကို မြင်နိုင်သည် ဆိုရုံလောက်သာ ရှိပါသည်။

ရှေ့သို့ ဆက်လက်လျှောက်လှမ်းလာခဲ့ရာ မကြာမီ မြစ်ကမ်းနံဘေးတစ်ခုကို ရောက်ရှိလာခဲ့ကြသည်။

ရင်းနှီးနေသည့် မြစ်နီကြီးကို မြင်လိုက်ရခါမှ ယန်ရုန်ရုန်နှင့် လင်းယွမ်တို့ အနည်းငယ် စိတ်အေးသွားခဲ့ပါသည်။ သူတို့လမ်းမပျောက်သေးပေ။

မြစ်နီကို ဖြတ်ကျော်ဖို့ ယန်ရုန်ရုန်တို့ နတ်ရတနာပျံများ အသင့်ပြင်ဆင်လိုက်ကြပါသည်။

ထိုစဉ် သူတို့လက်ထဲ ကိုင်ဆောင်ထားသည့် မီးလင်းပုလဲလုံးများ ရုတ်တရက် အလင်းကွယ်သွားခဲ့သည်။ အရာအားလုံးကို အမှောင်ထုက ဖုံးလွှမ်းသွားသဖြင့် ဘာမှ မမြင်နိုင်ကြတော့ပေ။

ကံကောင်းစွာဖြင့် လင်းယွမ်က ယန်ရုန်ရုန့်လက်ကို ဆွဲထားဆဲဖြစ်ပြီး တစ်ခဏလေးပင် မလွှတ်ခဲ့ပါ။ ယန်ရုန်ရုန် ဘာမှ မမြင်နိုင်သော်လည်း သူမလက်ကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်ထားမှန်း ခံစားမိပါသည်။

သူမလည်း ထိုလက်ကို ပြန်ဆုပ်ကိုင်ကာ စိုးရိမ်တကြီး ခေါ်လိုက်သည်။

“လင်းယွမ်လား”

သူမနားထဲသို့ လင်းယွမ်၏အသံ တိုးဝင်လာသည်။

“ကိုယ်ရှိတယ်”

ထို့နောက် လျို့လန်နှင့် လောလောတို့ကိုပါ ယန်ရုန်ရုန် ခေါ်ကြည့်လိုက်သည်။ သို့သော် တုံ့ပြန်မှုမရှိသဖြင့် သူမ ရင်ထဲ ထိတ်ခနဲဖြစ်သွားခဲ့ရသည်။

အားလုံးအတူတူ လမ်းလျှောက်လာခြင်းဖြစ်သဖြင့် အလင်း ရောင် ပျောက်ကွယ်သွားချိန်တွင် လျို့လန်နှင့် လောလောတို့က ကိုယ့်သဘောနှင့်ကိုယ် ထွက်သွားကြမည် မဟုတ်ပေ။ ထို့ကြောင့် သူမတို့အနားမှာသာ ရှိနေသင့်ပါသည်။

သို့သော်လည်း ယခု သူတို့ထံမှ တုံ့ပြန်သံမကြားရပါ။

သူမ ခေါ်တာကို မကြားနိုင်တာလား… ဒါမှမဟုတ် ကြားပေမယ့် ပြန်မထူးနိုင်တဲ့ အခြေအနေရောက်နေလို့လား…

All Chapters