အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
🍁 Chapter 71
တစ်ခါတုန်းက ကုမ္ပဏီ ပူးပေါင်းခြင်းနှင့် ဝယ်ယူခြင်း ကိစ္စရပ်တစ်ခုအတွက် စာရွက်စာတမ်းများအား တစ်ညလုံး အိပ်ရေးပျက်ခံ ပြင်ဆင်နေချိန် သူမ အဖျားကြီးကာ ရုံးခန်းထဲတွင် မေ့လဲသွားခဲ့ဖူးသည်။ နောက်တစ်နေ့ သူမ ဆေးရုံတွင် သတိရလာသောအခါ သူမ လုပ်ဖော်ကိုင်ဖက်များက ကျောင်းသားတစ်ယောက် သူမကို ပို့ပေးသွားခဲ့ခြင်းဖြစ်ပြီး နာမည်ပင် မချန်ထားခဲ့ကြောင်းသာ ပြောခဲ့သည်။
သူမ ဆေးရုံဆင်းသောနေ့တွင် ဖြတ်ခနဲ အရိပ်တစ်ခုကိုသာ သူမ မြင်လိုက်ရပြီး သူမ ထွက်သွားသည်အား အဝေးမှ စောင့်ကြည့်နေပုံရသော်လည်း သူမ လှည့်ကြည့်လိုက်ချိန်တွင် ထိုလူ၏ကျောပြင်ကိုသာ အရိပ်အယောင်လေး မြင်လိုက်ရသည်။ သို့သော် ယခုအချိန် ထိုအရိပ် ပိုင်ရှင်မှာ သူမရှေ့တည့်တည့်မှာ ရောက်နေပြီဖြစ်ပြီး ပြန်စဉ်းစားကြည့်ပါလျှင် တဖြည်းဖြည်း ပိုရှင်းလင်းလာသလိုပင်။ ဒါဆို အဲ့ဒါ သူပဲပေါ့...
ကျင်းလီသည် သူမ၏ စူးစမ်းနေသော အကြည့်ကို သတိ ထားမိလိုက်သော်လည်း နောက်မတွန့်သွားဘဲ သူမ အကြည့်ကို ရဲရင့်စွာ ရင်ဆိုင်လိုက်သည်။ သူ့ ကြည်လင်သော မျက် ဝန်းများက သူမမျက်ဝန်းများနှင့် ဆုံသွားကာ သူ့ တည်ငြိမ်သော မျက်လုံးများအစုံက အဆုံးမဲ့သောချစ်ခြင်းမေတ္တာကို သယ်ဆောင်ထားသလို နူးညံ့နေသည်။ ရှုယန်ဝေသည် အလျင်အမြန် မျက်လွှာချကာ အကြည့်လွှဲလိုက်ပြီး သူမ လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းတစ်ခုအား ထုတ်၍ သူ့ထံသို့ ကမ်းပေးလိုက်သည်။
"ဒါက ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် စာချုပ်ပါ၊ ရှင် ဒါကို ယူသွားပြီး အရင်ဖတ်ကြည့်လို့ ရပါတယ်၊ အပြောင်းအလဲလုပ်စရာ ရှိရင် မှတ်သားထားခဲ့ပြီး နောက်မှ ကျွန်မတို့ ထပ်ဆွေးနွေးကြတာပေါ့"
"ကောင်းပါပြီ"
ကျင်းလီသည် စာရွက်စာတမ်းကို ယူကာ ညင်သာစွာ တုံ့ပြန်လိုက်သည်။
"ယင်းယင်း စားလို့ ပြီးပြီလား၊ ဒေါ်လေးတို့ ပြန်သင့်ပြီ၊ ဒီနေ့ နေ့လယ် ဒေါလေး အစည်းအဝေးရှိတယ်"
"ဟုတ်၊ ပြီးပါပြီ"
ရှုယင်းယင်းက သူ့ဒေါ်လေး သူ့ကို မှတ်မိသွားသည်ဟု မထင်ဘဲ တကယ်အလုပ်များနေသည်ဟုသာ ယူဆလိုက်သည်။
"ဒါဆို ကျွန်မတို့ ပြန်ခွင့်ပြုပါဦး"
ရှုယန်ဝေသည် သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ထွက်သွားလေသည်။ ကျင်းလီမှာ သူမ ကျောပြင်လေး လုံးဝပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ လှည့်ထွက်သွားသည်။
သူသည် စာချုပ်ပေါ်ရှိ ရှုယန်ဝမ်၏နာမည်ကို တစ်ချက်ကြည့်လိုက်ရာ သူ့ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ခိုတွဲသွားပြီး သူ့ ခွေးပေါက်စလေးပမာ မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ လျှံကျနေလေသည်။
"ကျဲကျဲ... မတွေ့ရတာ တကယ်ကြာပြီနော်"
နောက်ရက်အနည်းငယ်အတွင်းတွင် ရှုယင်းယင်းသည် အစည်းအဝေးခန်းထဲ၌ အတင်းအဖျင်းအဖွဲ့နှင့်အတူ စကား ပြောခြင်းအပြင်၊ ရုပ်ရှင်ကြည့်ခြင်နှင့် ဖဲကစားခြင်းတို့ဖြင့် သူမအချိန်များကို ဆက်လက်ကုန်ဆုံးနေခဲ့သည်။ သန့်ရှင်းရေးအဒေါ်ကြီးသည် အားလပ်ချိန်ရတိုင်း သူတို့ထံသို့ အရည်ရွှမ်းသော အတင်းအဖျင်းအချို့ သယ်ဆောင်လာလေ့ရှိသည်။ ဘဝက ပူပင်သောကကင်းပြီး သက်တောင့်သက် သာ ရှိလှပေသည်။
တစ်ဖက်တွင် ရှုယန်ရွေ့မှာမူ အမြဲတမ်း သွားလာလှုပ်ရှားနေရပြီး ဉာဏ်ရည်တု၏ လက်တွေ့အသုံးချမှုများနှင့် အလား အလာရှိသော ဈေးကွက်ကို သုတေသနပြုနေရုံသာမက အစီအစဉ်များ ဆွေးနွေးရန် အလားအလာရှိသော ဖောက် သည်များနှင့်လည်း တွေ့ဆုံနေရသည်။ သူသည် စက်တစ်လုံးပမာ အလုပ်များနေပြီး ထိုင်လျက်ပင် အိပ်ပျော်သွားနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေလေသည်။
"မစ္စတာရှု၊ မစ္စတာရှု၊ ကျွန်တော်တို့ ရောက်ပါပြီ"
နောက်ခန်းတွင် ပင်ပန်းနွမ်းနယ်စွာ အိပ်မောကျနေသော သူဌေးဖြစ်သူကို လက်ထောက်ဖြစ်သူက တိတ်တဆိတ် နှိုးလိုက်သည်။ ရှုယန်ရွေ့သည် လန့်နိုးသွားပြီး ကားပြတင်း ပေါက်မှ အပြင်သို့ ကြောင်အမ်းအမ်း ကြည့်လိုက်သည်။
"ကျစ်၊ စောက်ကားကလည်း၊ ကုမ္ပဏီကို ရောက်တောင်သွားပြီလား"
မနက်ခင်း အိပ်ရေးမဝမှုကြောင့် သူ သက်ပြင်းကြီးတစ်ခုကို ချလိုက်လေသည်။ လက်ထောက်က အလျင်အမြန် ကားပေါ်မှဆင်းကာ သူ့အတွက် ကားတံခါး ဖွင့်ပေးလိုက်သည်။
"ရှုယင်းယင်း အစည်းအဝေးခန်းထဲ သွားပြီလား"
ယနေ့သည် ပရောဂျက်အသစ်အတွက် ပထမအဆင့် အစီရင်ခံရမည့် နေ့ဖြစ်ပြီး သူသာမက ရှုယင်းယင်းပါ အထက်လူကြီးများထံ အပတ်စဉ် တိုးတက်မှု အစီရင်ခံစာ တင်ပြရမည်ဖြစ်သည်။
"မသွားသေးပါဘူး၊ သူက ဇာတ်သိမ်းပိုင်း စာတန်းထိုးကြည့်ပြီးမှ သွားမယ်တဲ့"
"..."
ရှုယန်ရွေ့သည် တိတ်တဆိတ် အံ့ကြိတ်လိုက်သည်။
"သူမက ကုမ္ပဏီကို ကစားကွင်းလို့များ ထင်နေတာလား"
သူ နားမလည်နိုင်အောင် ဖြစ်ရသည်။ ရှုယင်းယင်းကို ဒီလောက် မောက်မာလာအောင် ဘယ်သူကများ အလိုလိုက်ထားတာလဲ?
အထက်လူကြီးများ- အဘိုးရှုကိုယ်တိုက်က သူမကို အလို လိုက်ထားတာလေ...
သူတို့ အစည်းအဝေးခန်းသို့ ရောက်နေပြီဖြစ်သော်လည်း ရှုယင်းယင်းအ အရိပ်အယောင်မျှ မတွေ့ရသေးပေ။ ဤမတိုင်မီက ကုမ္ပဏီအတွင်း ကောလာဟလများစွာ ထွက်ပေါ်နေခဲ့သည်မှာ ရှုယင်းယင်းသည် ပရောဂျက် လုပ်ဆောင်နေသည်ဟု အကြောင်းပြကာ သူမ၏အဖွဲ့အား အလုပ်မလုပ်ခိုင်းဘဲ ပျော်ပွဲရွှင်ပွဲများသာ ဦးဆောင်လုပ်နေသည်ဟူ၍ ဖြစ်သည်။ ဤအချက်က အထက်လူကြီးများကို အံ့အားသင့်စေခဲ့သည်။
သူမက ဥက္ကဋ္ဌကြီး၏ မြေးမဖြစ်ပြီး တရားဝင် အမွေဆက်ခံသူများထဲမှ တစ်ဦးဖြစ်သော်လည်း ကြိုးစားအားထုတ်မှုလေးတော့ ပြသသင့်သည် မဟုတ်လား။ မည်သို့ပင်ဖြစ်စေ မိသားစုထဲမှ လူကြီးပိုင်းများပင် ကြိုးကြိုးစားစား လုပ်ကိုင်နေကြသေးသည်ဖြစ်ရာ မျိုးဆက်သစ် တစ်ယောက်က အဘယ်ကြောင့် ထိုမျှလောက် ပျင်းရိနေသနည်း။
အထက်လူကြီးအချို့က ရှုယန်ဝမ်ထံသို့ သွယ်ဝိုက်သောနည်းဖြင့် သမီးဖြစ်သူကို ဆုံးမသင့်ကြောင်းအပြင် သူမ ထိုမျှ မောက်မာမနေသင့်ကြောင်း အကြံပြုခဲ့ကြသည်။ တစ်ဖက်လူက အပေါ်ယံတွင် သဘောတူခဲ့သော်လည်း လက်တွေ့မှာ ဘာမှမလုပ်ခဲ့ပေ။ သူက ဘာလုပ်နိုင်မှာလဲ...
အချို့က မယုံကြည်နိုင်သဖြင့် အဘိုးရှုထံ သွားရောက် တိုင်ကြားခဲ့သော်လည်း အပေါ်ယံ သဘောတူညီမှုသာရခဲ့ပြီး လျစ်လျူရှုထားခဲ့သည်။
သို့ဖြစ်ရာ အထက်လူကြီးများသည် ရှုယင်းယင်းအပေါ် မကျေနပ်ချက်များစွာ ရှိနေကြသော်လည်း ကံမကောင်းစွာဖြင့် ကုမ္ပဏီအတွင်း သစ္စာမရှိသူ အများစုကို အဘိုးရှုက ရှင်းလင်းပြီးဖြစ်နေသည်။ အပေါ်ယံကြည့်လျှင် ဖုန်းရိမှာ အစုရှယ်ယာ ကုမ္ပဏီတစ်ခုဖြစ်သော်လည်း မိသားစုလုပ်ငန်း တစ်ခုနှင့် ဘာမှမကွာခြားပေ။ သူတို့ စိုးရိမ်ပူပန်ရုံမက မကျေနပ်လျှင်တောင်မှ ဘာမှမတတ်နိုင်ပေ။
အဘိုးရှုသည် လူအုပ်ကြီးကို တည်ငြိမ်စွာ ဝေ့ကြည့်လိုက်ပြီး သူ့အပြုံးက ညင်သာနေဆဲဖြစ်ကာ ပတ်ဝန်းကျင်ရှိ မကျေနပ်မှုများကို လုံးဝသတိမထားမိသည့်အလား ကျေနပ်စွာဖြင့် မျက်လုံးများကိုပင် မှေးစင်းထားလိုက်သေးသည်။ အထက် လူကြီးများသည် တစ်ယောက်ကိုတစ်ယောက် မသိမသာ အကဲခတ်ကြည့်လိုက်ကြပြီး တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။
ဤရှုပ်ထွေးသော လေထုထဲသို့ ရှုယန်ရွေ့ ဝင်ရောက်လာခဲ့သည်။ အထက်လူကြီးများသည် သူ့အား ကြည့်လိုက်ကြရာ သူတို့၏ ပုံမှန်အထင်သေးသော အမူအရာများ နေရာတွင် ယခုအခါ ကယ်တင်ရှင် တစ်ဦးကို မြင်လိုက်ရသည့်အလား မျှော်လင့်ချက် အရိပ်အယောင်များ အစားထိုးဝင်ရောက်လာသည်။
သူ အလွန်ဝမ်းသာသွားသည်။ လူတစ်ယောက်တန်ဖိုးဆိုတာ ကိုယ့်ရဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်လိုက်မှ ပိုပေါ်လွင်လာတတ်တာမျိုးလေ၊ ရွှီယင်ယင်က အသုံးမကျလေလေ၊ သူက မျက်နှာသာပိုရလေလေပဲ။
ရှုယန်ရွေ့ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှုယင်းယင်းသည် သူမအဖွဲ့ ကိုယ်စားလှယ် ရွှယ်ဝေဝေနှင့်အတူ ရောက် လာလေသည်။ သူတို့နှစ်ယောက်သည် ကျန်လူများ၏ စူးစမ်းလေ့လာနေသော အကြည့်များထဲမှ ဒေါသများကို လျစ်လျူ ရှုကာ တည်ငြိမ်စွာ ဝင်ထိုင်လိုက်ကြသည်။
"လူစုံပြီဆိုတော့ တိုးတက်မှု အစီရင်ခံစာကို စလိုက်ကြရအောင်"
အဘိုးအို၏ အမိန့်ပေးသံနှင့်အတူ ရှုယန်ရွေ့၏ အဖွဲ့သည် သူတို့၏ PowerPoint presentation ကို ချက်ချင်းဖွင့်လိုက်ပြီး၊ အနာဂတ်အလားအလာမှစ၍ ဖြစ်နိုင်ခြေများအထိ လက် တွေ့အသုံးချမှုများမှစ၍ နိုင်ငံတော်အဆင့် ထောက်ပံ့ပေးနိုင်ခြေများ အရာအားလုံးကို ဆွေးနွေးတင်ပြကြလေသည်။ သူတို့သည် နည်းပညာဆုများကို အခြေခံအဖြစ် အသုံးပြုကာ သုတေသန အချက်အလက်များကို အထောက်အထားအဖြစ်သုံးပြီး သူတို့၏ တင်ပြမှုမှာ စိတ်အားထက်သန်ဖွယ်ကောင်းကာ စိတ်ဓာတ်တက်ကြွစေသည်။
အထက်လူကြီးများသည် ခေါင်းညိတ်ကာ ပြုံးနေကြသော် လည်း ရှုယင်းယင်းမှာမူ လုံးဝ ကြောင်အမ်းအမ်းဖြစ်နေပြီး သတိလစ်နေသည့်အလားပင်။ ရွှယ်ဝေဝေမှာမူ စိတ်ထဲတွင် တုန်ရီနေခဲ့သည်၊ သူမတို့အဖွဲ့က တကယ်ကို အသုံးမကျတာ...
တစ်ဖက်အဖွဲ့၏တင်ပြမှု ပြီးဆုံးသွားပြီးနောက် ရှုဟုန်ရှန်းသည် ရှုယင်းယင်းကို ကြည့်လိုက်သည်။
"ယင်းယင်း... သမီးအလှည့်ရောက်ပြီ"
ရှုယင်းယင်းသည် အဘိုးရှု၏ အကြည့်ကို ရင်ဆိုင်ကာ ယုံကြည်မှုရှိစွာ ပြုံးလိုက်ပြိး "ကျွန်မတို့က အစီအစဉ် ဆွဲနေတုန်းပဲ ရှိပါသေးတာ၊ ဒုတိယဦးလေးလောက်တော့ မမြန်သေးပါဘူး"
လူတစ်ယောက်က မနေနိုင်ဘဲ လှောင်ပြောင်လိုက်သည်။
"မင်းတို့အဖွဲ့က နေ့တိုင်း စီးပွားရေးရုပ်ရှင်တွေ ကြည့်နေတယ်လို့ ကြားတယ်၊ အတွင်းရေးမှူးရှုက ဟောလိဝုဒ်ကနေ သေသေချာချာ ဖန်တီးထားတဲ့ ဇာတ်လမ်းတိုင်းကို လေ့လာဖို့ အစီအစဉ်ရှိနေတာလား"
ရှုယင်းယင်းသည် ထွက်ပေါ်လာသော ရယ်သံများကြားတွင် အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့၊ အဲ့ဒီလို လုပ်ဖို့ စီစဉ်ထားပါတယ်"
လူတိုင်း နင်သွားကြပြီး ဝါဂွမ်းအား လက်သီးဖြင့် ထိုးလိုက်ရသလို ခံစားလိုက်ရသဖြင့် ဒေါပွသွားရသည်။ ရှုဟုန်ရှန်းက ရယ်မောလိုက်သည်။
"သတိထားတာ မမှားဘူး၊ ကိုယ့်အရှိန်နဲ့ကိုယ် သွားပါ၊ တခြားသူတွေကို ဂရုစိုက်မနေနဲ့"
"ဟုတ်ကဲ့၊ နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ဘိုးဘိုး"
လူတိုင်း: "..."
လွန်ခဲ့သည့် တစ်မိနစ်ခန့်ကမှ အလုပ်ပြုတ်မည်ကို စိုးရိမ်နေခဲ့သော ရွှယ်ဝေဝေသည် ရုတ်တရက် တည်ငြိမ်သွားခဲ့သည်။ မင်းသမီးလေး ယင်းယင်းက ဥက္ကဋ္ဌကြီးရဲ့ မျက်နှာသာပေးမှုကြောင့် ဒီလောက်တောင် မောက်မာရဲတာကိုး၊ ဥက္ကဋ္ဌရှု (ရှုယန်ရွေ့) က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
အဘိုးအိုက ရှုယန်ရွေ့ကို ထပ်ကြည့်လိုက်ပြီး "မင်းက သီအိုရီတွေတော့ အများကြီး ပြောသွားတယ်၊ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိတဲ့ ဖောက်သည် ဘယ်နှယောက်ကို လက်တွေ့မှာ တွေ့ခဲ့ပြီးပြီလဲ၊ စာချုပ်ဘယ်နှခုကို အပြီး သတ် ချုပ်ဆိုနိုင်ခဲ့ပြီလဲ"
🍁 Chapter 72
"ကျွန်တော်တို့ ဒီအပတ်ထဲမှာ ဖောက်သည် အယောက်နှစ်ဆယ်နဲ့ တွေ့ဆုံခဲ့ပြီး ရည်ရွယ်ချက် စာချွန်လွှာ နှစ်ခုကို အပြီးသတ်နိုင်ခဲ့ပါတယ်၊ နှေးကွေးပေမယ့်လည်း အနည်းဆုံးတော့ ကျွန်တော်တို့ တိုးတက်မှုတော့ ရှိပါတယ်၊ ရပ်တန့်မနေပါဘူး"
သူ့ဖခင်က ဤအောင်မြင်မှု အသေးစားလေးကို အထင်သေးမည်ကို သူ အစက စိုးရိမ်ခဲ့သော်လည်း ရှုယင်းယင်း၏ ညံ့ဖျင်းသော စွမ်းဆောင်ရည်က သူ့ကို ပို၍ ကြည့်ကောင်းသွားစေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူက သူမထက်တော့ ပိုတော်နေသေးတာပဲ...
အဘိုးရှုက ရယ်မောလိုက်ပြီး သူတို့အဖွဲ့မှ တင်ပြလာသော ငွေတောင်းခံလွှာများကို ဖွင့်ပြရန် အတွင်းရေးမှူးကို လက်ဟန်ပြလိုက်သည်။ ချက်ချင်းပင် ယွမ်သုံးသန်းခန့်တန်ဖိုးရှိ သော ကုန်ကျစရိတ် တောင်းခံလွှာတစ်ခုသည် မျက်နှာပြင်အကြီးပေါ်တွင် ပေါ်လာလေသည်။ အထက်လူကြီးများမှာ ထိုအရာကိုမြင်ချိန် ဆူညံသွားကြသည်။
"အားလုံးပဲ ကြည့်ကြပါ၊ ဖောက်သည်တွေနဲ့ ကနဦး တွေ့ဆုံမှုတွေအတွက်တင် ကျွန်တော်တို့က သန်းနဲ့ချီ သုံးစွဲခဲ့ရပြီး ကျွန်တော်တို့ အပြီးသတ်လိုက်တဲ့ အော်ဒါတွေက အမြတ်ငွေ သိန်းဂဏန်းလောက်ပဲ ရတယ်၊ ရင်းနှီးမြှုပ်နှံမှုက ပြန်ရမယ့် အကျိုးအမြတ်ထက် အများကြီးပိုများနေတယ်၊ ဒါက အရှုံးပေါ်မယ့် အလုပ်မဟုတ်ရင် ဘာလဲ"
ဤတန်ပြန်မေးခွန်းကြောင့် ရှုယန်ရွေ့မှာ ဆွံ့အသွားခဲ့သည်။ သူက အတင်းကာရော ကာကွယ်ပြောဆိုလိုက်သည်။
"ဉာဏ်ရည်တုဆိုတာ နည်းပညာမြင့် နယ်ပယ်တစ်ခုပါ၊ ဖောက်သည်တွေနဲ့ တွေ့ဆုံတဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်ရင်းမှန်နဲ့ သုတေသန လုပ်နိုင်စွမ်းကို ပြသဖို့ သူတို့ကို အဆင့်မြင့်နေရာတွေဆီ ခေါ်သွားဖို့ လိုအပ်ပါတယ်"
"အဆင့်မြင့်နေရာတွေဆီ သွားတာ ပြဿနာမရှိပါဘူး၊ ဒါပေမယ့် မင်းက သူတို့ကို ဖျောင်းဖျနိုင်တယ်လို့ ယုံကြည်ချက်ရှိရင် ဘာလို့ စာချုပ်ကို အပြီးသတ်မချုပ်ခဲ့တာလဲ၊ သူတို့က မင်းကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတယ်လို့ မင်းမထင်ဘူးလား"
"ကျွန်တော့်ကို ထောင်ချောက်ဆင်တယ် ဟုတ်လား"
ရှုယန်ရွေ့ လန့်သွားသည်။ အဘိုးရှု၏ အတွင်းရေးမှူးသည် နောက်ထပ် စာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်ရာ ကုန်ကျစရိတ် ပိုမိုသက်သာပြီး အကျိုးအမြတ် ပိုမိုများပြားသော စီးပွားရေး အစီအစဉ်တစ်ခုက မျက်နှာပြင်ပေါ်တွင် ချက်ချင်း ပေါ်လာလေသည်။ ၎င်းတွင်လည်း ဉာဏ်ရည်တု၏ လက်တွေ့အသုံးချမှုများ ပါဝင်ကာ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး နယ်ပယ်တွင်ဖြစ်ပြီး အောက်ခြေဈေးကွက်ကို အဓိကထားလေသည်။
ဤသည်မှာ အဆင့်မြင့်ဈေးကွက်ကို ဝန်ဆောင်မှုပေးရန် အာရုံစိုက်ထားသော ရှုယန်ရွေ့၏ လုပ်ဆောင်ချက်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပြီး ၎င်းမှာ အဆင့်မြင့်ဈေးကွက်တွင် အောင်မြင်စွာ ကြော်ငြာနိုင်ပြီးနောက် အောက်ခြေဈေးကွက်သို့ တိုးချဲ့ရန် သူ၏အစီအစဉ်ပင်ဖြစ်သည်။ ယခုမူ ဤလူက ၎င်းကို ခိုးယူသွားပြီး မရှက်မကြောက် မူပိုင်ခွင့်ပင် မှတ်ပုံ တင်ထားလိုက်သေးသည်။
ဒါက သူ့ရဲ့ ဈေးကွက် ခွဲခြမ်းစိတ်ဖြာမှုနဲ့ အနာဂတ်အမြင်ကနေ ရလာတဲ့ အကြံဉာဏ်ဆိုတာ သိသာနေတာပဲ မဟုတ်လား၊ ဒီလူက အရမ်းယုတ်မာလွန်းတာပဲ...
ရှုယန်ရွေ့ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားသည်။ သူ့ အကြည့်တွင်သာ မီးများရှိနေပါက ထိုလူနှင့် သူ့အစီရင်ခံ စာကိုပါ ပြာဖြစ်သည်အထိ လောင်ကျွမ်းပစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
ယခုအခါ အထက်လူကြီးများလည်း ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ပေ။ ဘုရားရေ၊ အဲ့ဒီလောက် အားထုတ်ထားရတဲ့အပြင် PPT ကြီးကလည်း အရမ်းလှနေတာကို၊ အဲ့ဒီအကြံဉာဏ်ကို တခြားလူကခြေတစ်လှမ်း ဦးသွားသေးတယ်၊ ဒါက လုံးဝ အရူးလုပ်ခံရတာ မဟုတ်ဘူးလား၊ ဘာမှမလုပ်ဘဲ နေတာကမှ ပိုကောင်းဦးမယ်၊ အယ်... ဘာမှမလုပ်ဘဲနေတာဆိုမှ...
လူတိုင်းက ရှုယင်းယင်းကို ကြည့်လိုက်ကြပြီး သူတို့မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေကာ မည်သူ့ကို ချီးကျူးရမှန်း မသိတော့ပေ။
ရွှယ်ဝေဝေသည် သူမ၏ နှုတ်ခမ်းကို သွေးထွက်မတတ် ကိုက်ထားပြီး ပေါက်ကွဲထွက်လာတော့မည့် ဝမ်းသာမှုကို မနည်း ဖိနှိပ်ထားရသည်။ တကယ်တော့ အသုံးအမကျဆုံးက ဥက္ကဋ္ဌရှုဖြစ်နေတာကိုး၊ တကယ်ပါပဲ၊ ထူးချွန်မှုဆိုတာ ကိုယ့်ရဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်လိုက်မှ ပေါ်လွင်လာတာဆိုတာ တကယ်ကို...
"မင်းသာ ယင်းယင်းလောက် တည်ငြိမ်မယ်ဆိုရင်၊ ငါ စိတ်အေးရမှာပဲ... ဟူး"
အဘိုးရှုက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ ရှုယန်ရွေ့မှာ စိတ်ထဲတွင် ခါးသီးနေခဲ့သည်။ ရှုယင်းယင်းက ဘာတစ်ခုမှ မလုပ်ခဲ့ဘူးလေ၊ တည်ငြိမ်တယ်ဆိုတာက ဘာတုန်း၊ သူမက လုံးဝကို အသုံးမကျတာလေ...
[ဟင်၊ ဘိုးဘိုးက ငါ့ကို အဲ့ဒီလိုကြီးတောင် ချီးကျူးနိုင်တယ်ပေါ့၊ ငါက တကယ်ကြီး အသုံးမကျတာလေ၊ ဒုတိယဦးလေးက ဘိုးဘိုးရဲ့ သွေးသားအရင်း မဟုတ်ဘူးဆိုတာ ငါ သေချာနေပြီ၊ ဘိုးဘိုးရဲ့ မျက်လုံးထဲမှာ ဦးလေးလုပ်သမျှ အားလုံးက မှားနေတာပဲ၊ ဒါကြောင့် ဘာမှမလုပ်ဘဲ နေတာက ပိုကောင်းတယ်]
"မင်း..."
ရှုယန်ရွေ့၏ နှုတ်ခမ်းများ တုန်ယင်နေပြီး ရှက်ရွံ့မှုကြောင့် မျက်ရည်များ ဝဲတက်လာကာ ရှုယင်းယင်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"အရမ်းကြီး ဘ၀င်မြင့်မနေနဲ့"
ရှုယင်းယင်းမှာ လုံးဝကို ကြောင်အမ်းအမ်း ဖြစ်သွားသည်။
[မဟုတ်ဘူးလေ၊ ငါ ဝင့်ကြွားနေတာကို နင် ဘယ်နားက မြင်လိုက်လို့လဲ၊ ငါက အရမ်းကို စိတ်ပျက်နေတာ ဟုတ်ပြီလာ၊ နင့်ကို ပိုပေါ်လွင်သွားအောင် ငါ့ဘက်က အသုံးမကျဖြစ်ဖို့ အစွမ်းကုန် ကြိုးစားပေးခဲ့တာတောင်၊ နင်က ကိစ္စတွေကို ပေါက်ကွဲသွားအောင် လုပ်နိုင်သေးတယ်၊ အဘိုးသာ နင်ဒီလောက်တောင် တုံးအမှန်းသိခဲ့ရင် နင့်ကို နံရံမှာပဲ ဖြန်းလိုက်ပြီး လူဖြစ်ခွင့်တောင် ပေးခဲ့မှာ မဟုတ်ဘူးလို့ ငါလောင်းရဲတယ်]
ရှုယန်ရွေ့: "..."
အဘိုးအိုသည် အနည်းငယ် ရှက်ရွံ့စွာဖြင့် လည်ချောင်းဟန့်လိုက်ပြီး အထက်လူကြီးများမှာမူ သူတို့ နှုတ်ခမ်းများကို တင်းတင်းကိုက်ထားကာ ရယ်ချင်စိတ်ကို အတင်းအောင့်ထားရသဖြင့် ရူးတော့မတတ်ပင်။
ရွှယ်ဝေဝေလည်း ပေါင်များအား လိမ်ဆွဲခံထားရသဖြင့် ညိုမဲနေပြီဖြစ်ပြီး သူမ၏ရယ်ချင်စိတ်ကို မနည်း ဖိနှိပ်ထားရသည်။ မင်းသမီးလေး ယင်းယင်းက အရမ်းကို ပွင့်လင်းလွန်းတာပဲ၊ ဟားဟားဟား... သူမ အရမ်းရယ်ချင်နေလို့ ပေါက်ကွဲထွက်တော့မလိုပဲ။
ရှုယန်ရွေ့: အူးဝါး... သူတို့အကုန်လုံး ငါ့ကို အနိုင်ကျင့်နေကြတယ် QAQ.
အဘိုးရှုက ရှုယန်ရွေ့ကို ကြည့်ကာ တင်းမာစွာ ပြောလိုက်သည်။
"ငါ မင်းတို့နှစ်ယောက်အတွက် ပါတနာတွေ ရွေးပေးထားတယ်၊ မင်းတို့နှစ်ယောက် စာချုပ်တွေယူပြီး သူတို့နဲ့ သွားညှိနှိုင်းကြ၊ အောင်မြင်တဲ့သူက ပရောဂျက်မန်နေဂျာ ဖြစ်မယ်၊ ရှုံးတဲ့သူကတော့ ဘယ်လိုတောင်းပန်ရမလဲဆိုတာ သေချာစဉ်းစားထား၊ ငါထပ်ပြောမယ်၊ ဖုန်းရိက ရှုလို့ နာမည်ပါတာပဲဖြစ်ဖြစ် မပါတာပဲဖြစ်ဖြစ် အလကားနေတဲ့လူတွေကို မကျွေးထားဘူး"
ထိုသို့ပြောပြီးနောက် အဘိုးရှုသည် ခပ်သွက်သွက် လျှောက်ထွက်သွားပြီး အခြားသော အထက်လူကြီးများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြလေသည်။
အဘိုးအို၏ စကားများက ရှုံးနိမ့်သူသည် နှုတ်ထွက်သင့်ကြောင်း ရှင်းလင်းစွာ ဆိုလိုနေသည်။ ယခုအခါ သူတို့ နှစ်ယောက်၏ စွမ်းရည်များကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်သွားကြပြီ ဖြစ်သည်။ ရှုယန်ရွေ့၏ မောက်မာမှုနှင့် ယှဉ်လျှင် ရှုယင်းယင်းတွင် လျှို့ဝှက်လက်နက် တစ်ခုရှိနေသည်။ ထို့အပြင်ပြီးခဲ့သည့်အကြိမ်က ထန်ဝမ်သည် ရှန်းတာ့နှင့် စာချုပ်ကို အပြီးသတ် ချုပ်ဆိုနိုင်ခဲ့ချိန် ရှုယင်းယင်းက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး သူမ၏ ညှိနှိုင်းရေးစွမ်းရည်ကို ပြသနိုင်ခဲ့သည်မှာ သေချာသည်။
ဒီတစ်ပွဲမှာတော့ ရှုယန်ရွေ့ ရှုံးဖို့ သေချာနေပြီ...
အမှန်တွင် အထက်လူကြီးများအတွက် မည်သူက တာဝန်ယူသည်ဖြစ်စေ အမြင့်ဆုံး အာမခံချက်မှာ ကုမ္ပဏီအနေဖြင့် ချောမွေ့စွာနှင့် တည်ငြိမ်စွာ အထက်သို့ ဆက်လက်တက်လှမ်းနိုင်ရေးပင်ဖြစ်သည်။ အဆုံးတွင် ၎င်းသည် စွမ်းဆောင်ရည်အပေါ်၌သာ မူတည်သည်။ သူတို့သည် အနီးကပ် စောင့်ကြည့်လာသူများဖြစ်သဖြငိ့ အဘိုးရှု၏ ဆုံးဖြတ်ချက်ကို ယုံကြည်ကြသည်။
ဘာပဲဖြစ်ဖြစ် သူက သူ့သားအရင်းကိုတောင် အလုပ်ဖြုတ်ပစ်ဖို့ ဝန်မလေးတဲ့အထိ ရက်စက်တတ်တာပဲ၊ ရှုယင်းယင်းသာ တကယ် အသုံးမကျခဲ့ဘူးဆိုရင် ဘယ်လိုလုပ် သူမကို ဒီလောက်တောင် မြှောက်စားထားမှာလဲ...
လူတိုင်း ထွက်သွားကြပြီးနောက် ရှုယန်ရွေ့သည် ရှုယင်းယင်းကို ဒေါသတကြီး လက်ညှိုးထိုးကာ အော်တော့သည်။
"မင်း စောင့်ကြည့်နေလိုက်၊ မင်းကို ရှုံးရမယ့်အစား ငါသေသွားတာကမှ ပိုကောင်းဦးမယ်"
"ဒုတိယဦးလေး၊ ကျွန်မ တကယ်ကို ဦးလေးနဲ့ မပြိုင်ချင်ပါဘူး၊ ကျွန်မ အတင်းအကျပ် ခိုင်းစေခံရတာပါလို့"
ရှုယင်းယင်းက အပြစ်ကင်းဟန်ဖြင့် ပြောလိုက်ရာ သူမက အမှန်ကို နစ်နာနေပုံရသည်။
"မင်း... မင်း ပါးစပ်ကိုပိတ်ထားလိုက်"
ရှုယန်ရွေ့သည် အမြီးအနင်းခံလိုက်ရသော ကြောင်တစ်ကောင်ပမာ ရုတ်တရက် အမွှေးများထောင်လာပြီး သူ့ စကားများမှာ ထစ်အကုန်သည်။ ရှုယင်းယင်း အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူမပါးစပ်အား ဇစ်ဆွဲပိတ်လိုက်သည့် လက်ဟန်အမူအရာ လုပ်ပြလိုက်ရာ သူမ၏ အပြစ်ကင်းစင်သော သမင်ပေါက်လေးကဲ့သို့ မျက်လုံးများကြောင့် အနိုင်ကျင့်ခံနေရသူနှင့် ပိုတူသွားစေသည်။
ရှုယန်ရွေ့မှာ ပိုဒေါသထွက်သွားရသည်။ သူမက ဒီလောက်စကားနားထောင်နေရက်နဲ့ သူ့ကို ဒေါသထွက်အောင် ဘယ်လိုလုပ် ဆွနိုင်ရတာလဲ...
အဓိပ္ပာယ်မရှိလိုက်တာ! (╯‵□′)╯︵┻━┻
ရှုယင်းယင်း: အဲ့တာ ကျွန်မလည်း သိချင်တာ (ကောင်းကင်ကို ဝမ်းနည်းစွာ မော့ကြည့်နေသော အီမိုဂျီ)