← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

🍁 Chapter 73

ရှုယင်းယင်းသည် ရွှယ်ဝေဝေနှင့်အတူ အစည်းအဝေးခန်းသို့ ပြန်လာခဲ့သည်။ သူတို့ ဝင်ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် စွင်းမင် ရောက်လာသည်။

"အို... အတွင်းရေးမှူးစွင်းပါလား"

ရှုယင်းယင်းက သူမရောက်လာမှုအပေါ် အနည်းငယ် အံ့သြသွားဟန်ဖြင့် မေးလိုက်သည်။

"ဒုတိယအန်တီက ကျွန်မဆီက တစ်ခုခု ခိုင်းစရာရှိလို့များလား"

"မဟုတ်ပါဘူး၊ ကျွန်မ ရှင့်ကို သီးသန့်စကားလေး နည်းနည်းပြောချင်လို့ပါ"

စွင်းမင်သည် လက်ထဲတွင် စာရွက်စာတမ်းတစ်ခုကို ကိုင်ထားပြီး အနည်းငယ် နေမထိထိုင်မသာဖြစ်ကာ ပြောရခက်နေပုံရသည်။ ရှုယင်းယင်းလည်း သူမတွင် အကူအညီလိုနေသည့် ကိစ္စတစ်ခုခု ရှိမည်ဟု ယူဆကာ သဘောတူလိုက်သည်။

"ရပါတယ်၊ လမ်းပြပါဦး"

စွင်းမင်က သူမကို ခေါင်မိုးထပ် ဥယျာဉ်ဆီသို့ ခေါ်သွားလေသည်။ ထို့နောက် ပါလာသော စာချုပ်အား ကမ်းပေးလိုက်ချိန်တွင် သူမ၏တင်းမာနေသော မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွားတော့သည်။

"ဒါက ဉာဏ်ရည်တု နည်းပညာရဲ့ ဖွံ့ဖြိုးတိုးတက်မှု အလား အလာနဲ့ ဈေးကွက်ရေစီးကြောင်းတွေနဲ့ ပတ်သက်ပြီး ကျွန်မကိုယ်တိုင် ရေးဆွဲထားတဲ့ အစီရင်ခံစာပဲ၊ ရှင့်အတွက် တစ်ထောင့်တစ်နေရာကနေ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်"

ရှုယင်းယင်းသည် ထိုစာရွက်စာတမ်းကို လှမ်းယူကာ တစ်ချက် လှန်လှောကြည့်လိုက်သည်။ သူမ၏ ဒုတိယဦးလေး ရေးဆွဲထားသော အပေါ်ယံသာ ကောင်းပြီး လက်တွေ့မကျသည့် အစီရင်ခံစာနှင့် နှိုင်းယှဉ်လိုက်လျှင် အတွင်းရေးမှူးစွင်း၏ အစီရင်ခံစာသည် ဈေးကွက်လိုအပ်ချက်များနှင့် ပိုမိုကိုက်ညီရုံသာမက သေချာစွာ သုတေသနပြုလုပ်ထားကြောင်း အထင်းသားတွေ့နေရသည်။

စစ်တမ်းတွင် ဝင်ငွေအလွှာသုံးရပ်ဖြစ်သော အမြင့်၊ အလယ်အလတ်နှင့် အနိမ့်ဟူ၍ သုံးပိုင်းခွဲခြား လွှမ်းခြုံထားပြီး ဉာဏ်ရည်တုအပေါ် သူတို့၏ နားလည်နိုင်စွမ်းနှင့် မျှော်လင့်ချက်များကိုပါ စာရင်းပြုစုထားသည်။ ထို့အပြင် ထိုလူတန်းစား သုံးရပ်၏ မတူညီသော လိုအပ်ချက်များအပေါ် အခြေခံ၍ သက်ဆိုင်ရာ ထုတ်ကုန်ဖြေရှင်းချက်များကိုပါ တင်ပြထားပြီး သူတို့၏တူညီသော လိုအပ်ချက်များကိုပါ အထူးပြု ဖော်ပြထားသေးသည်။ ရိုးရှင်းသော်လည်း ရှင်းလင်းပြတ်သားပြီး နားလည်ရ အလွန်လွယ်ကူပေသည်။

လက်ဗလာဖြင့် ဖောက်သည်နှင့် တွေ့ဆုံရန် ပြင်ဆင်နေရသော ရှုယင်းယင်းအတွက်မူ ဤစာရွက်သည် ကောင်းကင် ဘုံက လက်ဆောင်ချပေးလိုက်သည်နှင့် တူနေသဖြင့် သူမ မည်သို့များ ဝမ်းမသာဘဲနေနိုင်မည်နည်း။ ယခုအချိန် သူမ မလုပ်ချင်လျှင်တောင် ရွေးချယ်စရာ မရှိတော့ပေ။ ၎င်းသည် အတွင်းရေးမှူးစွင်း၏ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ထားမှုများ ဖြစ်နေသည်မဟုတ်ပါလား။

[အို ဒုက္ခပါပဲ၊ ဒီတစ်ခါတော့ နင် ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်မှရတော့မယ်၊ မဟုတ်ရင် နင်က အတွင်းရေးမှူးစွင်းကို စိတ်ပျက်အောင်လုပ်သလို ဖြစ်သွားပြီး ပါရမီရှင်တစ်ယောက်ကို အလဟဿ ဖြစ်သွားစေလိမ့်မယ်]

[ပါးစပ်ပိတ်ထားစမ်းပါ၊ ငါ အတွင်းရေးမှူးစွင်းလို ပါရမီရှင်မျိုးကို ဘယ်တော့မှ အလဟဿ အဖြစ်မခံပါဘူး၊ ငါက အသုံးမကျရင်တောင် ကိစ္စမရှိဘူး၊ ငါ့ကို ထောက်ပံ့ဖို့ ချမ်းသာတဲ့ မိဘတွေရှိတယ်၊ ငါ့ဘဏ်အကောင့်ထဲက လက်ကျန်ငွေက နင့်ရဲ့ သက်တမ်းထက်တောင် ပိုရှည်သေးတယ်၊ အတွင်းရေးမှူးစွင်းကကျ မတူဘူး၊ သူမရဲ့ အရာအားလုံးက သူမရဲ့ အလုပ်ထဲမှာပဲ ရှိတာ၊ ပြီးတော့ အဘိုးကလည်း သူမလိုလူမျိုးကို လိုအပ်နေတာပဲ၊ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေပဲလေ]

စွင်းမင်သည် အစက သူမ နယ်ကျွံသွားမည်ကို စိုးရိမ်နေခဲ့သော်လည်း ရှုယင်းယင်း အတွေးများကို ကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး အတိုင်းမသိ ကျေးဇူးတင်သွားသည်။

"ကျွန်မက ရှင့်ရဲ့ အောင်မြင်မှုကို လုယူချင်လို့ မဟုတ်ပါဘူး၊ ကျွန်မရဲ့ အမြင်လေးတွေကို ရှင် လိုအပ်ကောင်း လိုအပ်နိုင်မယ်လို့ ထင်လို့ပါ၊ ရှင် သဘောကျရင် သုံးလို့ရပါတယ်၊ မသုံးလည်း ဘာကိစ္စမှမရှိပါဘူး"

ရှုယင်းယင်းက ဒေါသထွက်သွားဟန်ဆောင်ကာ ခက်ထန်စွာ ပြောလိုက်သည်။

"အတွင်းရေးမှူးစွင်း... အဲ့ဒီလိုပြောတာ မမှန်ဘူးလေ၊ ဒီလောက် ကောင်းမွန်တဲ့ အစီရင်ခံစားကိုများ သာမန်အမြင်လေးလို့ ပြောရက်လား၊ ပြီးတော့ ဒါက အချိန်တိုအတွင်း ဖြစ်ကတတ်ဆန်း လုပ်ထားတဲ့အရာ မဟုတ်ဘူးဆိုတာ သိသာတယ်၊ ရှင် ဉာဏ်ရည်တုအကြောင်းကို သုတေသန လုပ်နေတာ ကြာပြီမလား၊ နင် တိတ်တိတ်လေး ကြိုလုပ်နေခဲ့တာမလား"

စွင်းမင် အနည်းငယ် ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မ ဒီသုတေသနကို တကယ် စိတ်ဝင်စားတယ်၊ အရင်က ဥက္ကဋ္ဌထန်ကို ပြောပြဖူးပေမယ့် အကောင်အထည် မပေါ်လာခဲ့ဘူးလေ၊ အခု ကုမ္ပဏီက ဒီဘက်နယ်ပယ်ကို တိုးချဲ့ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ကြားရတော့၊ လမ်းကြောင်းရှာဖို့ ရှင့်ရဲ့ အကူအညီကို ယူပြီး ရှင့်ကို အသုံးချချင်လို့ပါ"

[သေချာတာပေါ့၊ ငါ့ရဲ့ ဒုတိယအန်တီက နင့်ကို ဖိနှိပ်ထားမှာပေါ့၊ သူဌေးတွေက လက်အောက်ငယ်သားတွေ အရည် အချင်းပြတာကို အမုန်းဆုံးပဲ၊ နင် ပိုတော်လေလေ၊ ပိုပြီး ဖိနှိပ်ခံရလေလေပဲ၊ အဲ့ဒါကြောင့် သူမက နင့်ကို ထိန်းချုပ်ဖို့ လောင်းကစားသမားယောကျာ်းကို အသုံးပြုမယ့် ယုတ်မာတဲ့ အကြံကို စဉ်းစားခဲ့တာ၊ စကားစပ်လို့ ပြောရရင် ဒါက ငါ့ဒုတိယအန်တီကို ဖယ်ရှားဖို့ အဘိုးကို ကူညီပေးမယ့် အကောင်းဆုံး အခွင့်အရေးပဲ၊ အတွင်းရေးမှူးစွင်း...ကျွန်မ ရှင့်ကို အသုံးချရတော့မယ် ထင်တယ်]

ရှုယင်းယင်း မျက်လုံးများထဲမှ ဖြတ်ခနဲ ပေါ်လာသော အပြစ်ရှိသလို ခံစားချက်ကို ဖမ်းမိလိုက်သဖြင့် စွင်းမင်သည် ပိုလို့ရှက်ရွံ့သွားခဲ့သည်။ သူမ ရှုယင်းယင်း၏ အတွေးများကိုသာ မကြားခဲ့လျှင် ယခုတိုင် အသုံးချခံနေရဆဲဖြစ်မည်ဟု သူမ ပြောပြချင်မိသည်။

သူမကိုယ်သူမ ကယ်တင်နိုင်ခဲ့ခြင်းမှာ ရှုယင်းယင်း လမ်းညွှန်မှုကြောင့်ဖြစ်ပြီး ဤအစီရင်ခံစာသည် သခင်မလေးအား ကျေးဇူးဆပ်ရန် ပထမဆုံး ခြေလှမ်းသာ ဖြစ်သည်။

"အစီရင်ခံစာကို ကျွန်မ လက်ခံပါတယ်၊ ဖောက်သည်က ဒါကို လက်ခံခဲ့ရင် ပရောဂျက်ထဲမှာ ရှင့်နာမည်ကို ကျွန်မ ထည့်ပေးမယ်၊ ပြီးတော့ ရလာမယ့် အကျိုးအမြတ်ကို ငါးဆယ်စီ ခွဲကြတာပေါ့"

"ဟင့်အင်း၊ ဟင့်အင်း၊ အဲ့ဒီလို လုပ်စရာ မလိုပါဘူး၊ ကျွန်မလုပ်တာ ဝန်ထမ်းတစ်ယောက်ရဲ့ တာ၀န်ပါပဲ"

"ဘာတွေပြောနေတာလဲ၊ ငါတို့က အဲ့ဒီ လစာနည်းနည်းလေးအတွက် အလုပ်လုပ်နေတာမှ မဟုတ်တာ၊ ကိုယ်ကြိုးစားသလောက် ပြန်ရတယ်ဆိုတာကမှ တရားမျှတတာပေါ့၊ ကောင်းပြီ၊ ကောင်းပြီ... သဘောတူတယ် ဟုတ် ကျေးဇူးတင်ပါတယ် အတွင်းရေးမှူးစွင်းရေ၊ ဒါနဲ့ ဒီကိစ္စကို ဥက္ကဋ္ဌထန် မသိအောင် လျှို့ဝှက်ထားပေးပနော်"

အနည်းဆုံးတော့ အလုပ်မပြီးမချင်း ထန်ဝမ်ကို အသိမပေးလျှင် အစီအစဉ်ကို မထိခိုက်စေလောက်ပေ။

"သေချာတာပေါ့၊ ကျွန်မ နားလည်ပါတယ်"

ရှုယင်းယင်းက သူမအား မျက်စိတစ်ဖက် မှိတ်ပြလိုက်ရာ သခင်မလေး၏ နောက်ပြောင်နေသော အမူအရာက စွင်းမင်ကို ရယ်ချင်စိတ် ဖြစ်စေသည်။

"ရှင် မေးစရာရှိရင် ရှင်ခေါ်တဲ့အချိန်တိုင်း ကျွန်မ အရောက် လာခဲ့ပါ့မယ်"

"ကောင်းပါပြီ"

စနစ်က စွင်းမင် ထွက်သွားသည်ကို ကြည့်ပြီးနောက် မေးလိုက်သည်။

[နင်က အတွင်းရေးမှူးစွင်းအတွက် တကယ်ကြီး အစွမ်းကုန် ကြိုးစားပေးဖို့ စီစဉ်နေတာလား]

[ဘယ်ကလာ... ငါသာ အဲ့ဒီလိုလုပ်ရင် အသုံးမကျတဲ့ဘဝနဲ့ ဇိမ်ကျကျ နေနိုင်ပါတော့မလား]

[ငါ ညှိနှိုင်းရေးတွေကိုတော့ သွားရဦးမှာပဲ၊ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ကတော့၊ ငါ့ဒုတိယဦးလေး သနားစရာပုံစံနဲ့ ပြန်ရောက်လာတာနဲ့ တစ်ပြိုင်နက် ငါက အဲ့ဒါကို မျက်နှာလို မျက်နှာရ လုပ်ဖို့ သုံးမှာ၊ သူသာ သဘောကျသွားရင် အတွင်းရေးမှူးစွင်းရဲ့ အကူအညီကို သေချာပေါက်လိုအပ်လာလိမ့်မယ်၊ အောင်မြင်သွားရင် အတွင်းရေးမှူးစွင်းလည်း ရာထူးတိုးမှာ မဟုတ်ဘူးလား]

[နင့်ရဲ့ ဒုတိယဦးလေးထပ်ပြီး ရှုံးနိမ့်ဦးမယ်ဆိုတာ နင် အဲ့လောက်တောင် သေချာနေတာလား]

[စနစ်၊ နင်က အတင်းအဖျင်း စနစ်တစ်ခုပဲ ဆိုပေမယ့်လည်း အနည်းဆုံးတော့ ဉာဏ်ရည်ဉာဏ်သွေးလေး နည်းနည်းပါးပါးတော့ ရှိဦးလေ ဟုတ်ပြီလား၊ ငါ့ဒုတိယဦးလေး အနားမှာသာ အရည်အချင်းရှိတဲ့လူတွေရှိနေရင် သူက ဒီလို အမှိုက်လို အရာမျိုးကို ထုတ်လုပ်နိုင်ပါ့မလား၊ သူက ဒုတိယအန်တီရဲ့ ဖိနှိပ်မှုကို ခံနေရဦးမှာလား၊ အဘိုးက သူ့ကို ရာထူးမတိုးပေးချင်ဘူးလို့ နင်ထင်နေတာလား၊ အဟမ်း... သူက အရင်ဆုံး အရည်အချင်းရှိဖို့တော့ လိုတာပေါ့]

[နေပါဦး၊ နင်ပြောပုံအရဆိုရင် နင်က နင့်ဒုတိယဦးလေးကို တကယ်ပဲ ကူညီချင်နေတာလား]

[ဒုတိယဦးလေးက သတ္တိကြောင်ပြီး အရည်အချင်း မရှိဘူးဆိုရင်တောင် သူက အဘိုးရဲ့ သားအရင်း၊ ရှုယောင်ရဲ့ အဖေအရင်းပဲလေ၊ သူက နည်းနည်းတုံးအပြီး မောက်မာတယ်၊ ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်ဘဝကလည်း နည်းနည်းရှုပ်ထွေးတယ်ဆိုပေမယ့် သူ့စိတ်ရင်းကတော့ မဆိုးပါဘူး၊ သူက သူ့မိသားစုကို မောင်းထုတ်ပြီး အရာအားလုံးကို တစ်ယောက် တည်း သိမ်းပိုက်ထားချင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ဒုတိယအန်တီကတော့ မတူဘူး၊ သူမက ကုမ္ပဏီကို တကယ်ထိန်း ချုပ်ချင်နေတာ၊ ရှုမိသားစုတစ်ခုလုံးကို မောင်းထုတ်ပြီး ရှုယောင်ကို အရုပ်လေးတစ်ရုပ်ဖြစ်အောင် လုပ်ချင်နေတာ]

[အရင်တုန်းက ကူးချန်က သူမနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်၊ အခု သူမလည်း အားကိုးရမယ့်သူ ပျောက်သွားပြီ‌ဆိုတော့ အားနည်းသွားတော့ ငါလှုပ်ရှားဖို့ အကောင်းဆုံး အခွင့်အ ရေးပဲ၊ ရှုမိသားစုက ငါတို့လက်ထဲမှာပဲ ဆက်လက်ကြီးပွားတိုးတက်နေဖို့ သေချာသရွေ့ ငါက ဒီမိသားစုထဲမှာ ဇိမ်ကျကျ ဘဝကို ဆက်လက်ဖြတ်သန်းသွားနိုင်မှာပဲ၊ ပြီးတော့ အခုချိန်မှာ ငါက ယောင်ယောင်ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးဆိုတော့ မူရင်းဇာတ်ညွှန်းက အဖြစ်ဆိုးဇာတ်သိမ်းကို အစပြုမိမှာ မဟုတ်ဘူး၊ ငါ့အနာဂတ်က တောက်ပနေမှာ၊ ငါ့အကျိုးငါကြည့်ပြီး ဒုတိယဦးလေးရဲ့ အောင်မြင်မှုတွေကို ငါမြှင့်တင်ပေးရမယ်]

[ပွင့်ပွင့်လင်းလင်း ပြောရရင် နင်က ဘာမှမလုပ်ဘဲ တိတ်တိတ်လေး ဇိမ်ကျကျ နေချင်တဲ့ အချောင်သမား ဖြစ်ချင်နေတာပဲ မဟုတ်လား]

[အေးလေ၊ ကိုယ့်အတွက် ပိုက်ဆံရှာပေးမယ့်သူ ရှိနေတာ မကောင်းဘူးလား၊ နာမည်ကြီးတာတွေ၊ ချမ်းသာတာတွေကို ဘယ်သူက ဂရုစိုက်မှာလဲ၊ ငါက ပျော်ပျော်ပဲ နေချင်တာ၊]

[ဘုရားရေ၊ နင်က တကယ် လည်တာပဲ]

[ဟီးဟီး]

ရှုယင်းယင်းသည် ကောက်ကျစ်စွာ ရယ်မောလိုက်သည်။ ငါလေးက အခု ချမ်းသာတဲ့ မိသားစုမှာ မွေးလာတာကို၊ အရူးမှပဲ အပင်ပန်းခံ အလုပ်လုပ်မှာပေါ့...

ရှုယန်ရွေ့သည် သူ့အဖွဲ့ကို ညတွင်းချင်း စုစည်းကာ အစီရင်ခံ စာကို ပြင်ဆင်ပြီး ဖောက်သည်နှင့် မတွေ့ဆုံမီ သုံးနာရီအလိုတွင် နောက်ဆုံးအစီအစဉ် အပြီးသတ်သည်အထိ မနားတမ်း အလုပ်လုပ်ခဲ့လေသည်။

🍁 Chapter 74

သူသည် ရေချိုးပြီး အဝတ်အစားလဲရန် အိမ်သို့ အမြန်ပြန်ကာ၊ ဖောက်သည်နှင့် တွေ့ဆုံရန် ကားပေါ်မတက်မီ သေသေ ချာချာ ပြင်ဆင်ခဲ့သည်။ သို့သော် သူတံခါးကို ဖွင့်လိုက်သောအခါ၊ တစ်ဖက်လူမှာ ယန်ဖုန်းဖြစ်နေလေသည်။

မိသားစု ပြန်လည်ဆုံစည်းပွဲ ညစာစားပွဲတွင် ယန်ယီယီ ယောက္ခမအိမ်မှ သနားစရာ အတွေ့အကြုံမှာ လူတိုင်းသိသော ကိစ္စကြီးဖြစ်သွားခဲ့သည်။ ထိုနောက်ပိုင်း ရက်အနည်း ငယ်ကြာသည်အထိ အထက်တန်းလွှာများကြားတွင် ထိုအ ကြောင်းကို ပွက်လောညံအောင် ပြောဆိုနေကြပြီး ကောလဟလများမှာ ကပ်ရောဂါထက် အဆတစ်ရာပိုမို မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့လေသည်။

ထိုသို့သော ကောလာဟလများအောက်တွင် လူတိုင်းက အိမ်မှာပဲပုန်းနေပြီး မုန်တိုင်းစဲသွားမည့်အချိန်ကို စောင့်နေရမည်ဟု သူထင်ထားခဲ့သည်။ သို့သော် ဤမျှလောက် စီးပွားရေးဆွေးနွေးရန် မြန်မြန်ထွက်လာလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။ သူတို့အသိုင်းအဝိုင်းမှာ မျက်နှာပန်းလှဖို့ကိစ္စကို အဲ့ဒီလောက်တောင် ဂရုမစိုက်ကြတော့ဘူးလား။ ဒါပေမယ့် တစ်ဖက်က ပြန်တွေးကြည့်ရင် အဘိုရှုက ယန်ဖုန်းကို ရှုယင်းယင်းနဲ့ စကားပြောဖို့ ခေါ်ပြီး အကျိုးအမြတ်တွေ ပေးမလို့လား၊ ဒါမှမဟုတ် ယန်ဖုန်းက သူမကို အခက်တွေ့အောင် လုပ်ဖို့ အခွင့်အရေး ဖန်တီးပေးနေတာများလား။

ယန်ဖုန်းအပေါ် ရှုယန်ရွေ့ အမြင်အရဆိုလျှင် ထိုအမျိုးသားက ရှုယင်းယင်းကို လက်စားချေရန် ကိုယ်ပိုင်ဆန္ဒအလျောက် လာခဲ့ခြင်းနှင့် ပိုတူသည်။ မည်သို့ပင်ဖြစ်စေ သူ့မိသားစု၏ ရှက်စရာကောင်းသေည ကိစ္စကို ဖွင့်ချခဲ့တာ သူမသာဖြစ်သောကြောင့် မည်သူမဆို ဒေါသထွက်မှာသေချာသည်။

အဲ့အချိန်တုန်းကခည်း သူ့သမီး အရှက်ကွဲရမှာကို စိုးရိမ်လို့ ပြဿနာကို ဖြေရှင်းဖို့ သမီးကို အမြန်ခေါ်သွားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမယ့် သမီးဖြစ်သူ လုံခြုံသွားတာနဲ့ သူက ရှုယင်းယင်းနဲ့ သေချာပေါက် စာရင်းရှင်းမှာပဲ။ အဲ့လူစိတ်ထဲမှာ မင်း ငါ့ကို ကူညီခဲ့တော့ရော ဘာဖြစ်လဲ၊ အဲ့တာက ငါ့မိသားစုကို လုံးဝ အရှက်ခွဲလိုက်တာပဲ၊ ငါတို့ စရင်းရှင်းတာ‌ပေါ့၊ မင်းကျိန်းသေပေါက်ပြန်ဆပ်ရမယ်လို့ တွေးနေမှာသေချာတယ်။ ဒီမြေခွေးအိုကြီးတွေကို သူကောင်းကောင်း သိတယ်၊ သူတို့က ချေးစားရမယ်ဆိုရင်တောင် အရှုံးမခံတတ်ကြဘူး။

သူလစိတ်ထဲတွင် ဟာကွက်များကို အလိုလို ဖြည့်တွေးတောပြီးနောက် ရှုယန်ရွေ့သည် ပြန်လည်လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် သူ မရရင်တောင် ရှုယင်းယင်းလည်း အဆင်ပြေမှာ မဟုတ်ဘူး...

"ဥက္ကဋ္ဌယန်... ခင်ဗျား ကိုယ်တိုင်လာတာ တကယ်ကို ဂုဏ်ယူစရာပါပဲ"

ရှုယန်ရွေ့က ပြုံးလျက် တစ်ဖက်လူကို လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်သည်။

ယန်ဖုန်းသည် စစ်တပ်မှ ထွက်ပြီးနောက် မိသားစုလုပ်ငန်းကို ဆက်ခံခဲ့သော ယခင်စစ်သားဟောင်း စစ်တပ်တွင် နေခဲ့ရသော နှစ်များမှ ရရှိလာသည့် မွေးရာပါ ဖြောင့်မတ်တည် ကြည်သော အငွေ့အသက်ကို ပိုင်ဆိုင်ထားလေသည်။ သူ၏ စူးရှသော မျက်နှာသွင်ပြင်များနှင့် ခေါင်းဆောင်တစ်ဦး၏ ကြီးစိုးနိုင်စွမ်းရှိသော ဟန်ပန်တို့ ပေါင်းစပ်လိုက်သောအခါ သူသည် အေးစက်ခက်ထန်ပြီး ချဉ်းကပ်ရခက်သည့် အငွေ့ အသက်ကို ဖြာထွက်နေစေသည်။ ပြုံးလေ့မရှိသော သူ၏ပုံမှ အေးတိအေးစက် သူ့အသွင်အပြင်ကို ပိုပံ့ပိုးပေးနေသည်။

ရှုယန်ရွေ့၏ စိတ်အားထက်သန်သော နှုတ်ဆက်မှုများကို ရင်ဆိုင်ရချိန်တွင် ယန်ဖုန်းသည် စိတ်လှုပ်ရှားမှု သိပ်မပြဘဲ တိုတောင်းသော အသံသာ ပြုလိုက်လေသည်။ အထူးသဖြင့် ယန်ဖုန်း၏မျက်နှာပေါ်မှ စိတ်မရှည်သော အရိပ်အယောင်ကို သတိထားမိလိုက်ချိန်တွင် ရှုယန်ရွေ့ အပြုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူသည် ရောင့်မတက်ရဲဘဲ စာရွက်စာတမ်းများအား ကမ်းပေးရန် အတွင်းရေးမှူးကို အမြန်လက်ဟန်ပြလိုက်ပြီး ယန်ဖုန်း၏ ပြန်လည်သုံးသပ်ချက်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။

ယန်ဖုန်းသည် မျက်နှာဖုံးကို တစ်ချက်ကြည့်လိုက်ပြီး စာရွက် စာတမ်းများကို သူ့ဘေးရှိ လက်ထောက်ထံသို့ စိတ်မပါတပါဖြင့် တွန်းပေးလိုက်ကာ ရှုယန်ရွေ့ကို မေးလိုက်သည်။

"ဥက္ကဋ္ဌရှု ပြောတာတော့ မင်းတို့ဆီမှာပရောဂျက် အစီရင်ခံစာ နှစ်ခုရှိတယ်ဆို၊ နောက်တစ်ခုကို တာဝန်ယူထားတဲ့သူက ရှုယင်းယင်းလား"

"ဟုတ်ပါတယ်၊ သူပါ"

"သူ ဘာလို့ မရောက်လာသေးတာလဲ"

ရှုယန်ရွေ့မှာ စိတ်ထဲထဲတွင် ကျေနပ်သွားသည်။ ထင်တဲ့အတိုင်းပဲ၊ သူက စာရင်းရှင်းဖို့ စောင့်နေတာပဲ။

"သူက ကျွန်တော် ခင်ဗျားနဲ့ စကားပြောလို့ပြီးတဲ့အထိ စောင့်နေချင်လို့ နေမှာပါ"

ယန်ဖုန်းက ခေါင်းအနည်းငယ် ညိတ်ပြပြီး သူ့ကို ပြောလိုက်သည်။

"ဒါဆို မင်း သွားလို့ရပြီ၊ စာရွက်စာတမ်းတွေကို ငါဖြည်း ဖြည်းချင်း ဖတ်ကြည့်လိုက်မယ်"

"ဘယ်လို"

ရှုယန်ရွေ့သည် သူ အကြားအာရုံ မှားသွားသည်ဟု ထင်လိုက်သည်။

"ကျွန်တော် ရှင်းပြပေးဖို့ မလိုဘူးလား၊ ကျွန်တော် အကုန်လုံး ပြင်ဆင်လာခဲ့တာပါ"

"မလိုဘူး"

ယန်ဖုန်းက လက်ကာပြလိုက်သည်။ တံခါးဝတွင် စောင့်နေသော အတွင်းရေးမှူးက သူ့ဆီသို့ အမြန်လျှောက်လာပြီး "ဒီဘက်ကို ကြွပါ မစ္စတာရှု"

ရှုယန်ရွေ့: "..."

မဟုတ်ဘူးလေ... ငါ တစ်ညလုံး ပြင်ဆင်လာတာကို၊ ဒီလိုကြီး နှင်ထုတ်ခံလိုက်ရတာလား၊ ဒါမှမဟုတ် သူက ရှုယင်းယင်းကို လက်စားချေဖို့ကိုပဲ အာရုံစိုက်နေပြီး သူပြောတာတွေကို နားထောင်ဖို့ စိတ်မပါတာလာ၊ အင်း၊ ဒုတိယအကြောင်းပြချက်ပဲ ဖြစ်ရမယ်၊ သေချာတယ်။

ရှုယန်ရွေ့သည် မကျေမချမ်းဖြင့် ထရပ်ကာ အတွင်းရေးမှူးနှင့်အတူ ထွက်သွားလေသည်။သူတို့ အဖွဲ့သည် ဓာတ်လှေကားဆီသို့ ရောက်သည်နှင့် ရှုယင်းယင်းနှင့် ဆုံမိကြလေသည်။

"အို... ဒုတိယဦးလေး၊ ကိစ္စတွေ အဲ့ဒီလောက်မြန်မြန် ပြီးသွားပြီလား"

သူမက တကယ်ကို အံ့သြသွားသည်။

ရှုယန်ရွေ့က ရယ်မောလိုက်သည်။

"ဒါပေါ့၊ ဒီတစ်ခါတော့ ငါနိုင်မှာ သေချာတယ်"

"တကယ်လား၊ ဒါဆိုလည်း ကြိုတင်ပြီး ဂုဏ်ပြုပါတယ်နော်"

ရှုယင်းယင်းက ရိုးသားစွာ တုံ့ပြန်လိုက်သည်။ သို့သော် ရှုယန်ရွေ့က သူ့ကို လှောင်ပြောင်နေသည်ဟု ထင်ကာ ရုတ်တရက် ပြောလိုက်သည်။

"ယင်းယင်း... နောက်မှ ငိုမနေနဲ့နော်၊ ငါသွားနှင့်ပြီ"

သူက သူမအား လှောင်ပြောင်သည့်ဟန်ဖြင့် လက်ပြနှုတ် ဆက်လိုက်ပြီး ဓာတ်လှေကားထဲသို့ ခပ်သုတ်သုတ် မဝင်မီတွင် သူ့အတွင်းရေးမှူးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ အတွင်းရေးမှူးက သန့်စင်ခန်းသွားမည်ဟု ခွင့်တောင်းကာ ဖြစ်လာမည့်ကိစ္စများကို စောင့်ကြည့်ရန် တိတ်တဆိတ် ကျန်ရစ်ခဲ့လေသည်။

သူထွက်သွားသည်ကို ကြည့်ပြီးနောက် ရှုယင်းယင်းသည် သူ့စကားများကို အလေးအနက်မထားဘဲ ချိန်းဆိုထားသော အစည်းအဝေးခန်းသို့ လှည့်ဝင်သွားလေသည်။

သို့သော် သူမ အစည်းအဝေးခန်းထဲသို့ ခြေချလိုက်ပြီး ဖောက်သည်မှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူမ ကြောင်အမ်းသွားခဲ့သည်။

တကယ်ကို အဲ့ဒီ မိန်းမကလေးရဲ့ အဖေဖြစ်နေတာပဲ၊ သူ့ရဲ့ တည်ကြည်ပြီး အေးစက်နေတဲ့ မျက်နှာအမူအရာကို ကြည့်ရတာ၊ သူက ရေခဲကျောက်ဆောင်လို အငွေ့အသက်မျိုး ပေးနေတာပဲ။

"မင်္ဂလာပါ"

ရှုယင်းယင်းက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ဆဲပင်။

"အင်း၊ ထိုင်ပါ"

ယန်ဖုန်းက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

[ဘုရားရေ... သူက ဘယ်လိုလုပ် အဲ့ဒီမိန်းကလေးရဲ့ အဖေ ဖြစ်နေရတာလဲ၊ လူတိုင်းက သူ့ကို အကြွေးတင်နေသလို ဖြစ်နေတဲ့ သူ့ရဲ့မျက်နှာထားကို ကြည့်ရတာ အဲ့ဒီမိန်းကလေးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တစ်ခုခုများ အပြောင်းအလဲဖြစ်သွားလို့လား]

ထိုအတွေးမှာ သူမစိတ်ထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင် နက် ယန်ဖုန်း၏တည့်မတ်နေသော ကျောပြင်သည် ချက်ချင်း အနည်းငယ် ပြေလျော့သွားလေသည်။

သူ ရှုယင်းယင်းကို တွေ့ချင်နေခဲ့တာကြာပြီ။ အဲ့ဒီညက သူ့သမီးကို အိမ်ခေါ်သွားပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ သိပြီးတဲ့အချိန် အဲ့ဒီသားအမိကို စုံစမ်းဖို့ လူတွေကို ချက်ချင်း လွှတ် လိုက်တယ်။ သူတို့ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေက ရှုယင်းယင်းရဲ့ အတွေးတွေနဲ့ ကိုက်ညီနေတယ်။

ပိုပြီးအံ့သြစရာကောင်းတာက ချန်ရှုက ပြင်ဆင်ဖို့ စတင်ရုံသာ ရှိသေးတဲ့ အချို့ကိစ္စတွေကိုတောင် ရှုယင်းယင်းရဲ့ ကြိုတင်သိမြင်နိုင်တဲ့ စွမ်းရည်တွေကြောင့် သူက လက်ဦးမှုယူပြီး သူတို့ကို အလွယ်တကူ တရားစွဲဆိုနိုင်ခဲ့တယ်၊ ဒါက တကယ်ကို အံ့သြစရာကောင်းလွန်းတယ်၊ သူမရဲ့ ရင်တွင်းအသံတွေရော၊ သူမနဲ့အတူ ပါလာတဲ့ အခြားအသံကပါ သာမန်ခူတွေ နားလည်နိုင်စွမ်းထက် ကျော်လွန်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခု ပိုင်ဆိုင်ထားပုံရတယ်။ အဲ့ဒါကို ကြိုတင်သိမြင်နိုင်စွမ်းလို့ ခေါ်ရင်တောင် လွန်မယ်မထင်ဘူး။

ထို့နောက် သူ သူမအကြောင်းကို အမြဲတစေ စုံစမ်းနေခဲ့သည်။ သူမအား ပရောဂျက်အသစ်တစ်ခု တာဝန်ပေးထားပြီး ထိုအရာမှာ သူတို့ကုမ္ပဏီက ဉာဏ်ရည်တု နယ်ပယ်အား တိုးချဲ့မည့် အစီအစဉ်နှင့် တိုက်ဆိုင်နေသည်ဆိုတာ ကြားချိန် ရှုဟုန်ရှန်းဆီ ချက်ချင်း ဖုန်းဆက်ပြီး ပူးပေါင်းဆောင်ရွက်ရန် ကိုယ်တိုင်ပြောခဲ့သဖြင့် ယနေ့ အစည်းအဝေးဖြစ်လာရခြင်းဖြစ်သည်။

ရှုယင်းယင်းမှာ သူ့ချစ်လှစွာသော သမီးလေးကို ဒုက္ခတွင်းထဲက လွတ်မြောက်အောင် ကူညီပေးခဲ့တာလေး တစ်ခုတည်းနှင့်တင် သူမကို ကျေးဇူးဆပ်သင့်သည်ဟာ သူခံစားရသည်။ အထူးသဖြင့် ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသေည ပူးပေါင်းဆောင်ရွက်မှု ဖြစ်နေသောကြောင့် ပိုပြီးတောင် သင့်လျော်သေးသည်။

သို့သော် ဖုန်းရိ၏ စည်းကမ်းချက်များက မည်မျှတင်းကျပ်နေပါစေ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမည်ဟု သူ ဆုံးဖြတ်ပြီးသားဖြစ်သည်။

ယန်ဖုန်း၏ တမင်တကာ မျက်နှာသာပေးလိုသော အားထုတ်မှုကို ရှုယင်းယင်း မသိခဲ့ပေ။ သူမနေရာတွင် ထိုင်ကာ အစီရင်ခံစာကို တင်ပြပြီးနောက် ရှောင်ချီ သူမအတွက် အတင်းအဖျင်းကို ပြောပြမည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။

[မိန်းကလေးရဲ့ ကိစ္စက ချောချောမွေ့မွေ့ ဖြစ်သွားတယ်၊ အဲ့သားအမိ နှစ်ယောက်လုံးကို ဖမ်းဆီးထားပြီး အထောက်အ ထားတွေကိုလည်း တရားလိုဘက်ကို တင်ပြထားပြီးပြီ၊ တရားခွင်က မကြာခင် စတော့မှာ သူတို့က အနည်းဆုံးတော့ ဆယ်နှစ်လောက် လွတ်နိုင်မှာမဟုတ်ဘူး၊ ဒီလို စီးပွားရေး ရာဇဝတ်မှုမျိုးက ဘဏ္ဍာရေး ပါရမီရှင်တစ်ယောက်အနေနဲ့ ချန်ရှုရဲ့ အနာဂတ်ကို လုံးဝဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ၊ သူလွတ်လာရင်တောင် လုပ်ငန်းခွင်ကနေ နာမည်ပျက်စာရင်း သွင်းခံရလိမ့်မယ်၊ ပြီးတော့ ထောင်ကျဖူးတဲ့သူတွေက သင့်တင့်လျောက်ပတ်တဲ့ အလုပ်ရဖို့ခက်ခဲတယ်လေ၊ သူတို့ဘဝတွေ လုံး၀ပျက်စီးသွားပြီ]

All Chapters