အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
🍁 Chapter 77
သို့ဖြစ်ရာ သူသည် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ရရှိရန်အတွက် မာနကိုချကာ ရှုယင်းယင်းနှင့် အပေးအယူလုပ်ရန် ဝန်မလေးခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ရှုယင်းယင်း၏ သဘောထားက သူ့ကို နားလည်ရခက်စေသည်။ သူမက ပြိုင်ဆိုင်ချင်စိတ် မရှိဘူးဆိုလျှင်တောင် စာချုပ်ကို ရအောင်ယူနိုင်ခဲ့သည်။ သူမသာ လိုချင်ပါက သူ အကျိုးအမြတ်များ ပေးသော်လည်း အကုန်လုံးကို ငြင်းပယ်ခဲ့သည်။
"တကယ်ပဲ အဲ့ဒီလောက် ရိုးရှင်းတာလား၊ တခြား စည်းကမ်းချက်တွေ မရှိတော့ဘူးလား"
ရှုယန်ရွေ့က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"မရှိဘူး၊ ကျွန်မက ကုမ္ပဏီကိစ္စ ဘာတစ်ခုကိုမှ ဝင်မစွက် ဖက်ချင်ခဲ့တာ၊ ဦးလေးလည်း သိသားပဲ၊ ကျွန်မက အသုံးမကျတဲ့လူ၊ ဘာကိုမှ မကြိုးစားချင်တဲ့သူလေ၊ ကုမ္ပဏီသာ ကျွန်မလက်ထဲ ရောက်သွားရင် ပြီးသွားမှာပဲ"
"..."
ရှုယန်ရွေ့၏ နှုတ်ခမ်းများ တွန့်သွားသည်။ သူမက သွယ် ဝိုက်ပြီး သူ့ကို စော်ကားလိုက်သည်ဟုပင် ခံစားလိုက်ရသည်။
"ဒုတိယဦးလေး... အဘိုးက ကျွန်မကို ဦးလေးနဲ့ ပြိုင်ခိုင်းလိမ့်မယ်လို့ တကယ်မမျှော်လင့်ထားခဲ့ဘူး"
ရှုယင်းယင်းသည် ဖိုင်တွဲစင်ဆီသို့ လျှောက်သွားပြီး ရုန်မောင်ဂရုထံမှ စာချုပ်ကို သူ့ထံ ကမ်းပေးလိုက်သည်။
"ကြည့်... ကျွန်မ စာချုပ်မှာ လက်မှတ်မထိုးရသေးဘူး"
ရှုယန်ရွေ့သည် ၎င်းကို အနည်းငယ် သံသယဖြင့် ကြည့်လိုက်ပြီးနောက် သူမ မျက်လုံးများကို စိုက်ကြည့်ကာ အလေးအနက်မေးလိုက်သည်။
"မင်းက ဘာလို့ ငါနဲ့ မပြိုင်တာလဲ၊ မင်းမှာ အားသာချက်တွေ အကုန်ရှိနေတာ သိသာကြီးကို"
"ကိုယ်ပိုင်တန်ဖိုးကို ရှာဖွေနေမယ့်အစား အပျင်းကြီးတဲ့လူတစ်ယောက် လုပ်ပြီး အေးအေးဆေးဆေးနေရင်း အချိန် ဖြုန်းရတာကို ပိုသဘောကျလို့ပါ"
"တော်တော် ပွင့်လင်းတာပဲ"
ရှုယန်ရွေ့ အနည်းငယ်ရယ်ချင်သွားသည်။
"အွန်း"
[မိသားစုထဲက လူတိုင်းက ရည်မှန်းချက်ကြီးပြီး ကြိုးစားလေလေ ငါ့ရဲ့ ဇိမ်ကျကျ ဘဝလေးကပိုလုံခြုံလေလေပဲလေ၊ လူတိုင်းက အေးအေးဆေးဆေး နေနေကြရင် ဘယ်သူက အလုပ်လုပ်ပြီး ပိုက်ဆံရှာတော့မလဲ၊ ဘာမှမလုပ်ဘဲ အနိုင်ရနိုင်နေတာကို ဘာလို့ ပင်ပန်းခံနေဦးမှာလဲ၊ အရူးကျလို့]
ရှုယန်ရွေ့: "..."
[ပြီးတော့ ငါက ဦးလေးနဲ့မှ မတူတာ၊ ဦးလေးက ကိုယ်အရည်အချင်းမရှိမှန်း သိရက်နဲ့ တစ်ခုခုအောင်မြင်အောင် ကြိုးစားနေတာ၊ ပိုကြိုးစားလေ ကိုယ့်ရဲ့ အသုံးမကျမှုတွေက ပိုပေါ်လွင်လာလေဆိုတာကိုတောင် သတိမထားမိဘူး၊ ဦးလေး လေ့လာသင့်တာက ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်တတ်ဖို့ပဲ၊ အရည်အချင်းရှိချင်ယောင် ဆောင်ဖို့မဟုတ်ဘူး၊ အဘိုးရဲ့ ချမ်းသာကြွယ်ဝမှုတွေသာ မရှိရင် ဦးလေး အကုန်လုံးကို ဖြုန်းတီးပစ်ပြီးတာကြာလှပေါ့၊ ငါ့ရဲ့ ချမ်းသာတဲ့အဖေရဲ့ အသုံးမကျမှုနဲ့ ယှဉ်လိုက်ရင် ဦးလေးရဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ မောက်မာမှုက ပိုပြီးတောင် ဒုက္ခပေးသေးတယ်၊ ကျွတ် ကျွတ်... အဘိုးက တကယ်ကို သနားစရာကောင်းတာပဲ]
ရှုယန်ရွေ့ တိတ်တဆိတ် အံ့ကြိတ်လိုက်သည်။ ငါ သည်းခံရမယ်။
"အစီအစဉ်ဆွဲတဲ့နေရာမှာ ဦးလေးက အဓိကတာဝန်ယူသရွေ့ စာချုပ်က ဦးလေးအတွက်ပဲ၊ ဒီအပေးအယူက တကယ်ကို တန်ပါတယ်"
ရှုယင်းယင်း သွယ်ဝိုက်သောနည်းဖြင့် သူ့ကို မြှူဆွယ်လိုက်သည်။
"နင် အဲ့လောက်တောင် ရာထူးတိုးပေးချင်နေတဲ့သူက ဘယ်သူလဲ"
ရှုယန်ရွေ့၏ စပ်စုချင်စိတ်များ နိုးကြားလာသည်။
"ဦးလေးလည်း ဒီလူကို သိပါတယ်၊ စွင်းမင်လေ"
"သူ လား"
ရှုယန်ရွေ့ မျက်မှောင်ကုတ်သွားသည်။
"သူမက နင့်ဒုတိယအန်တီရဲ့ လူလေ၊ နင် သူ့ကို လုယူဖို့ ငါ့ကို ခိုင်းနေတာလား"
သူမမှာ နောက်ကွယ်က ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာ သူသိသားပဲ။
"မဟုတ်ဘူး... ဦးလေးမှာ လူကြည့်တတ်တဲ့ မျက်စိရှိလို့ အတွင်းရေးမှူးစွင်းက သူမရဲ့လမ်းဟောင်းကို စွန့်လွှတ်လိုက်တာလေ"
ရှုယန်ရွေ့သည် အနည်းငယ် ရှုပ်ထွေးသွားသည်။
"ဘာ သဘောလဲ"
"အတွင်းရေးမှူးစွင်းက ဉာဏ်ရည်တုရဲ့ လက်တွေ့အသုံးချမှုအပေါ်မှာ နက်နက်ရှိုင်းရှိုင်း သုတေသနလုပ်ထားတယ်၊ အဲ့ဒါကြောင့်မို့လို့ သူမက ဒီအစီရင်ခံစာကို ထုတ်ပေးနိုင်ခဲ့ပြီး အပြစ်ရှာတတ်တဲ့ ဖောက်သည်ကိုတောင် လက်ခံအောင် လုပ်နိုင်ခဲ့တာ၊ အတွင်းရေးမှူးစွင်းက ဒီဈေးကွက်ရဲ့ အလားအ လာကို ဒုတိယအန်တီကို တစ်ကြိမ်မကပြောပြဖူးပေမယ့် ချွင်းချက်မရှိ အကုန်ပယ်ချခံခဲ့ရတယ်၊ ဒုတိယအန်တီက ရာထူးကြီးကြီးယူထားပြီး စီးပွားရေးလောကမှာ ဆယ်စုနှစ်ချီ ရှိနေခဲ့တာလေ၊ စဉ်းစားကြည့်ရင် သူမရဲ့ စီးပွားရေးအမြင်က လူတစ်ဝက်လောက်ထက် ပိုစူးရှသင့်ပေမယ့် သူမက ဒီလောက် အလားအလာကောင်းတဲ့လုပ်ငန်းကို တကယ်ကြီး လက်လွှတ်ခံခဲ့တယ်၊ ဘာဖြစ်လို့လဲလို့ ဦးလေးထင်လဲ"
ရှုယန်ရွေ့သည် မျက်လွှာချကာ စဉ်းစားခန်းဝင်သွားပြီး ထန်ဝမ်၏လှောင်ပြောင်သရော်မှုများနှင့် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည့် နာကြည်းမှုများကို ပြန်လည်အမှတ်ရသွားသည်။ ထို့အပြင် ကူးချန် ထုတ်ပယ်ခံရပြီးကတည်းက သူမသည် အခြားအစုရှယ်ယာရှင်များနှင့် တိတ်တဆိတ် တွေ့ဆုံနေခဲ့ပြီး သူမ၏ ရည်ရွယ်ချက်များမှာ သိသာထင်ရှားနေပြီဖြစ်သည်။ သူ့ လေးနက်သော အမူအရာကိုမြင်လိုက်ရသဖြင့် ရှုယင်းယင်းသည် ထန်ဝမ်၏ရည်မှန်းချက်ကြီးမားမှုအကြောင်း တွေးနေသည်ကို သိလိုက်ပြီး ဆက်ပြောသည်။
"တကယ်တော့ ဘိုးဘိုးက ဦးလေးကိုမပျိုးထောင်ချင်လို့ မဟုတ်ပါဘူး၊ ဦးလေးရဲ့ထွန်းတောက်မှုတွေက တခြားသူတွေရဲ့ ဖုံးကွယ်တာကို ခံထားရလို့ပါ၊ ဦးလေးက ဘာအောင် မြင်မှု မပြနိုင်ရင် တခြားသူတွေကို ဘယ်လိုလုပ် ယုံကြည်အောင်လုပ်နိုင်မလဲ၊ ကျွန်မ အမြင်ကိုပြောရရင် ဦးလေးအနေနဲ့ ဒီအခွင့်အရေးကိုယူပြီး တောက်ပတဲ့အောင်မြင်မှုတစ်ခုနဲ့ ပြန်လာသင့်တယ်၊ ပြီးတော့ ကိုယ်တိုင် မကျွမ်းကျင်ရင် တောင် စူးရှတဲ့အမြင်ရှိပြီး လူမှန်နေရာမှန် ခန့်ထားတတ်တယ်ဆိုတာ အဘိုးကိုပြသသင့်တယ်၊ အဲ့ဒါကလည်း စီမံခန့်ခွဲမှု စွမ်းရည်တစ်မျိုးပဲ မဟုတ်လား"
ရှုယန်ရွေ့သည် သူမ၏ချီးကျူးသယောင်ယောင်နှင့် သရော်ထားသော စကားများကြောင့် ရယ်ချင်သွားသည်။ ဒီကောင်မလေးရဲ့ ပါးစပ်က တကယ်ကို ရယ်လည်းရယ်ရသလို ဒေါသလည်း ထွက်ဖို့ကောင်းတယ်၊ သူမက အတင်းပြောနေချိန်မှာ တခြားသူတွေရဲ့ ခံစားချက်ကို ဂရုမစိုက်တတ်ပေမယ့် သူမရဲ့ ရိုးသားတဲ့ စကားတွေက အမြဲတမ်းကွက်တိကျနေတတ်တယ်။
"ယင်းယင်း... မင်းကို ငါဘယ်တုန်းကမှ အသုံးမကျတဲ့လူလို့ မထင်ခဲ့ဖူးဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ မင်းက တခြားလူတွေထက် ပိုပိုပြီးဉာဏ်ကောင်းတယ်၊ မင်းရဲ့ အကြံပြုချက်ကို ငါလက်ခံတယ်၊ ပြီးတော့ အဲ့ဒီလူကိုလည်း ငါ တာဝန်ယူလိုက်မယ်"
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဒုတိယဦးလေး၊ ဒါပေမယ့် ဦးလေးကို တင်ပြစရာ နောက်တစ်ခုရှိသေးတယ်"
"ဘာလဲ၊ ပြောသာ ပြော"
ရှုယန်ရွေ့သည် အလွန်တန်သော အပေးအယူတစ်ခု ရထားသဖြင့် သဘာဝကျကျပင် စကားပြောရ လွယ်ကူနေလေသည်။ ရှုယင်းယင်း အခွင့်အရေးကို အရယူကာ ထန်ဝမ်က စွင်းမင်ကို ထိန်းချုပ်ရန် သူမ၏ လောင်းကစားသမား ယောကျာ်းကို မည်သို့အသုံးပြုခဲ့ကြောင်း ပြောပြလိုက်ပြီး အဆုံးတွင် ပိုးဖဲကတ္တီပါပေါ် ပန်းထိုးပေးတာက နှင်းကျနေချိန် မီးသွေးသွားပို့ပေးတာလောက် ဘယ်တော့မှ မကောင်းနိုင်ဘူးလေဟုပင် ဖြည့်စွက်ပြောလိုက်သည်။
ရှုယန်ရွေ့က ပြုံးကာ "ကောင်းပြီ၊ ငါ ဘာလုပ်ရမလဲဆိုတာ ငါသိပါပြီ၊ အတွင်းရေးမှူးစွင်းကို ရအောင်ယူဖို့ ငါဆုံးဖြတ်ထားတယ်၊ သူမက တကယ် အရည်အချင်းရှိရင် သူမအပေါ် မတရားမလုပ်ပါဘူး"
"ဒါဆို ကောင်းတာပေါ့၊ အတွင်းရေးမှူးစွင်း ကိုယ်စား ဒုတိယဦးလေးကို ကျေးဇူးတင်ပါတယ်"
ရှုယန်ရွေ့ သူမပခုံးကို ပုတ်လိုက်သည်။
"နင့်အဖေက နင့်ကိုရထားတာ တကယ်ကံကောင်းတာပဲ"
တကယ့် ဉာဏ်များတဲ့ ကောင်မလေးပဲ...
ရှုယင်းယင်းသည် ရှုယန်ရွေ့ ထွက်သွားသည်ကိုကြည့်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခု ချနိုင်သွားတော့သည်။
[တွေ့လား... အဘိုးရဲ့ကုမ္ပဏီမှာ ဆက်ခံမယ့်သူ ရှိနေသရွေ့ ငါ့ရဲ့ ဇိမ်ကျကျ ဘဝလေးက ဆက်လက်ရှင်သန်နေမှာပဲ၊ ကြိုးစားပမ်းစား အလုပ်လုပ်တာက ကောင်းတဲ့အရာမှ မဟုတ်တာ၊ ဘာမှမလုပ်ဘဲ အနိုင်ရတာကမှ ဘဝရဲ့ တကယ့် အဓိပ္ပာယ်အစစ်ပဲ]
[ရှောင်ယင်း ငါနင့်ကို ပိုပိုပြီးလေးစားလာပြီ၊ နင့်ရဲ့ ဦးနှောက်လေးက အရမ်းထက်တာပဲ]
ရှုယင်းယင်းသည် အလွန်ကျေနပ်စွာ ပြုံးလိုက်သည်။ သူမက အတင်းအဖျင်းအဖွဲ့ကို ခေါ်ရန် ပြင်လိုက်ချိန်မှာပင် ရွှယ်ဝေဝေသည် အလောတကြီးရောက်လာလေသည်။
"ယင်းယင်း... ဥက္ကဋ္ဌယန်ရဲ့ သမီး ယန်ယီယီက နင့်ကို လာရှာတယ်"
"ယန်ယီယီလား"
ရှုယင်းယင်း အံ့သြသွားသည်။
"သူမက ဘာကိစ္စရှိလို့လဲ၊ ပူးပေါင်းဆောင်ရွက်မှုများ အပြောင်းအလဲ ဖြစ်သွားလို့လား"
"ဖြစ်နိုင်ချေ မရှိဘူး၊ သူမကြည့်ရတာ စီးပွားရေးဆွေးနွေးမယ့်ပုံ မပေါက်ဘူး၊ သူ တစ်ယောက်တည်း လာတာ"
"အို... ဟုတ်ပြီ၊ ငါ သွားတွေ့လိုက်ပါ့မယ်"
"သူမက နင့်အလုပ်စားပွဲဘေးက အစည်းအဝေးခန်းထဲမှာ"
"အိုကေ"
ရှုယင်းယင်းသည် စဉ်းစားမရဖြစ်ကာ လျှောက်သွားလိုက်သည်။
[ယန်ယီယီက ငါ့ကို ဘာလို့ လာတွေ့ရတာလဲ၊ ငါသူမကိုတောင် မသိဘူး]
[တွေ့လိုက်ရင် သိသွားမှာပေါ့]
ယန်ရီရီသည်ရှုယင်းယင်းကို မြင်လိုက်သည်နှင့် တောက်ပစွာ ပြုံးပြလိုက်ရာ သူမ၏ မျက်ခုံးလေးများ ကွေးသွားပြီး မျက်လုံးလေးများက တောက်ပနေလေသည်။ သူမ၏ အပြစ်ကင်းစင်ပြီး အိမ်နီးချင်း ကောင်မလေးကဲ့သို့ အသွင်အပြင်နှင့် ပေါင်းစပ်လိုက်သောအခါ၊ သူမသည် လူတို့၏ နှလုံးသားကို ချက်ချင်းပင် ဖမ်းစားနိုင်သည်။
[ဝိုး... ယန်ယီယီက အရမ်းလှတာပဲ၊ တော်သေးတာပေါ့ အဲ့ဒီ ယုတ်မာတဲ့ သားအမိရဲ့ လက်တွင်းကနေ သူမ လွတ်မြောက်လာလို့၊ မဟုတ်ရင် ဒီလိုလှပတဲ့ ပန်းလေးက အဲ့ဒီလို ပုပ်ပွနေတဲ့ လူတွေလက်ထဲမှာ ပျက်စီးသွားရတော့မှာ]
[ဒါပေါ့၊ အဲ့ဒီ စောက်ကောင်ချန်ရှုက သေကို သေသင့်တာ၊ သူက ဒီမိန်းမငယ်လေးနဲ့ မထိုက်တန်ဘူး]
ယန်ရီရိသည် သူတို့ စကားဝိုင်းကို တိတ်တဆိတ် နားထောင်နေရင်း သူမ အပြုံးများ ပိုမိုတောက်ပလာလေသည်။
ရှုယင်းယင်းသည် သူမအတွက် ကျေးဇူးရှင်ကြီး ဖြစ်သည်။ ရှုယင်းယင်းသာ မရှိခဲ့လျှင် သူမသည် ယခုထက်တိုင် ရွှံ့နွံထဲတွင် နစ်မွန်းနေဆဲ ဖြစ်မည်။ သူမနှင့် သူငယ်ချင်းကောင်းတွေဖြစ်အောင် လုပ်ပြီး အတူတူ အတင်းပြောရန် သူမ ဆုံးဖြတ်ထားသည်။
"မင်္ဂလာပါ မမလေးရှု.. အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
ယန်ယီယီ အားနာဟန်ဖြင့် ပြောလိုက်သည်။
"ရပါတယ်၊ ရပါတယ် တကယ်က ကျွန်မသာ ရှင်တို့ရဲ့ အိမ်ကိုလာပြီး ရှင့်အဖေကို ကျေးဇူးတင်စကားပြောရမှာ၊ ကျွန်မတို့ကို ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ထိုင်ပါဦး အေးဆေးစကား ပြောကြတာပေါ့"
🍁 Chapter 78
ရှုယင်းယင်းက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မိသားစု ပြန်လည်ဆုံစည်းပွဲ ညစာစားပွဲအတွက် ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မမိသားစုရဲ့ ကိစ္စတွေကြောင့် ရှင့်ရဲ့ စိတ်အခြေအနေကို ပျက်စီးသွားစေခဲ့လို့၊ ဒီနေ့ တောင်းပန်ဖို့လာခဲ့တာပါ၊ ကျွန်မ တကယ် အပြစ်ရှိသလိုခံစားရလို့ပါ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"မဟုတ်တာ၊ မဟုတ်တာ၊ ဒါက သေးငယ်တဲ့ ကိစ္စလေးပါ၊ ငါ တောင် မေ့နေပြီ၊ စိတ်ထဲမထားပါနဲ့၊ ပြီးတော့ အဲ့ဒီလို ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေ ဆက်မသုံးပါနဲ့တော့၊ ငါတို့က အသက်အရွယ်ချင်းလည်း သိပ်မကွာပါဘူး၊ ယင်းယင်းလို့ပဲ ခေါ်ပါ"
ယန်ယီယီက သူမကို ပြုံးပြပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ယင်းယင်း"
"တွေ့လား၊ အဲ့ဒီလို ခေါ်လိုက်တော့ ငါတို့ ပိုရင်းနှီးသွားသလို မခံစားရဘူးလား"
"ယင်းယင်း... တောင်းပန်တဲ့အနေနဲ့ ဒီပိတ်ရက်ကျရင် ကျွန်မမိသားစုရဲ့ မြင်းမွေးမြူရေးခြံကိုလာဖို့ ဖိတ်ခေါ်ချင်ပါတယ်၊ လိုက်ခဲ့မလားဟင်"
"မြင်းမွေးမြူရေးခြံ ? မြင်းစီးလို့ရတဲ့ နေရာမျိုးလား"
ရှုယင်းယင်း တိုက်ရိုက်ပင် မေးလိုက်သည်။
"မြင်းလည်း စီးလို့ရတယ်၊ ပြီးတော့ မီးပုံးပျံနဲ့ လေထီးတွေလည်း စီးလို့ရတယ်"
"ဝိုး... ငါ သွားချင်တယ်၊ အရမ်းပျော်စရာကောင်းမှာပဲ"
ရှုယင်းယင်း မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက် သွားသည်။ ချမ်းသာတဲ့သူတွေက ဘယ်လိုပျော်ရမလဲသိတာပဲ။
"ဒါနဲ့... ဥက္ကဋ္ဌယန်ရော အဲ့ဒီမှာ ရှိနေမှာလား"
ရှုယင်းယင်းက စိုးရိမ်တကြီး မေးလိုက်သည်။
[ဥက္ကဋ္ဌယန်သာ ရှိနေရင် အဲ့ဒါက စီးပွားရေး အစည်းအဝေးကြီး ဖြစ်သွားမှာပေါ့၊ စိတ်ပျက်စရာကြီး]
"ကျွန်မအဖေက အလုပ်ကိစ္စနဲ့ ဇာတိရွာကိုပြန်သွားလို့ လိုက်နိုင်မှာ မဟုတ်ဘူး၊ ဒါ ကိုယ်ပိုင်ဖိတ်ကြားချက်ပါ"
"အိုကေ... ငါ သေချာပေါက်လာခဲ့မယ်"
"အဆက်အသွယ်လေးတွေ ဖလှယ်ထားရအောင်၊ ပြီးရင် ငါ လာကြိုမယ်လေ"
"အိုကေ"
[ဒါနဲ့... ဥက္ကဋ္ဌယန်က ဘာလို့ ရုတ်တရက် သူ့ဇာတိရွာကို ပြန်သွားရတာလဲ]
[ဘာအတွက်ဖြစ်ရမှာလဲ၊ သူ့ မိသားစုကို ရှင်းလင်းရေးလုပ်ဖို့ပေါ့]
[ဘယ်လိုမျိုးလဲ]
ယန်ယီယီသည် ဤသည်ကို ကြားသောအခါ တိတ်တဆိတ် နားစွင့်လိုက်သည်။ သူမအဖေက ဖြေရှင်းစရာ ကိစ္စတစ်ခုရှိသည်ဟုသာပြောပြီး တိကျသောအကြောင်းအရာ ဘာတစ်ခုမှ မပြောပြခဲ့ပေ။ သူမအမေကို မေးကြည့်တော့လည်း ရေငုံနှုတ်ပိတ်နေသဖြင့် သူမ၏ စပ်စုချင်စိတ်များမှာ ပိုတိုးလာခဲ့သည်။
[သူ့ရဲ့တတိယညီက သူ့ယောက်ဖနဲ့ ကလေးရထားတယ်လို့ အရင်က ငါ မပြောခဲ့ဘူးလား၊ သားလေးမွေးလာကတည်းက လင်မယားနှစ်ယောက်က သူ့ကို အရမ်းအလိုလိုက်ထားတာ၊ ကလေးက အခုဆို တော်တော်လေးဆိုးသွမ်းနေပြီ၊ ပြဿနာတွေ အမြဲရှာပြီး အိမ်ကိုလည်း ရှုပ်ပွနေအောင် လုပ်တတ်တယ်၊ လင်မယားနှစ်ယောက်က ဒီသားကတော့ ပျက်စီးသွားပြီလို့ ထင်ပြီး သူ့ယောက်ဖနဲ့ နောက်ထပ်ကလေးတစ်ယောက် ထပ်ယူဖို့နဲ့ ပြီးရင် အရင်အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး လိမ္မာရေးခြားရှိတဲ့ ကလေးတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ဖို့ စဉ်းစားနေကြတာ]
[... ဘုရားရေ၊ ဒါက ဘယ်လို အတွေးအခေါ်ကြီးလဲ၊ နင် သေချာလို့လား၊ ဒါ လောဘကြီးတာပဲ မဟုတ်ဘူးလား]
ယန်ယီယီမျက်လုံးများ ပြူးကျယ်သွားသည်။ ဒါဆို... သူမရဲ့ တတိယဦးလေးရဲ့ အငယ်ဆုံးသားက တကယ်တော့ သူမ တတိယအန်တီနဲ့ ဦးလေးတို့ဆီက မွေးလာတာပေါ့။ အဲ့ဒါက ဆွေမျိုးသားချင်း စပ်ယှက်တာ မဟုတ်ဘူးလား၊ ပြီးတော့ သူတို့က နောက်ထပ် တစ်ယောက် ထပ်ယူဖို့ စီစဉ်နေကြသေးတယ် ဟုတ်လား။ သူမ ခဏတာဆွံ့အသွားပြီး လန့်ရမလား မလန့်ရဘူးလားတောင် မသိတော့ပေ။
[အဲ့ဒါ လောဘကြီးတာ အမှန်ပဲ]
[သူ့တတိယညီရဲ့ မိသားစုက ဒီလောက်ယုတ္တိမတန်တဲ့ တောင်းဆိုမှုမျိုးလုပ်တော့ သူ့ယောက်ဖက သူ့ကို သတိဝင်လာအောင် ပါးမရိုက်ဘူးလား]
[ဟင့်အင်း၊ သူ မရိုက်ဘူး၊ အဲ့ဒီညက အမြန်ပြန်လာတဲ့ ယန်ဖုန်းက ရိုက်လိုက်တာ၊ ပါးရိုက်ရုံတင် မကဘူး၊ တစ်ဖက်လူ သတိလစ်သွားတဲ့အထိ လက်သီးတွေနဲ့ ထိုးကြိတ်ပစ်တာ၊ ပြီးတော့ အသင့်ခေါ်လာတဲ့ လူနာတင်ယာဉ်နဲ့ သူ့ကို သေချာကုသဖို့ ကိုယ်ပိုင်ဆေးရုံကိုခေါ်သွားတယ်]
[ဟားဟားဟား... လူနာတင်ယာဉ် ခေါ်လာပြီး လူကို ရိုက်တယ်ဟုတ်လား]
ယန်ယီယီလည်း လန့်သွားသော ထိုမြင်ကွင်းကို မြင်ယောင်ကြည့်လိုက်ချိန် အတော်လေး ကျေနပ်စရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူမ တတိယဦးလေးမှာ သားတစ်ယောက်ရရန် အစွဲအလမ်းကြီးမှုမှာ သူမအဖေအတွက် အမြဲတမ်း ခေါင်းအကိုက်ရဆုံးကိစ္စဖြစ်ခဲ့သည်။ အသက် အရွယ် ရလာသည်နှင့်အမျှ သူတို့ ခံစားချက်များ မှေးမှိန်သွားပြီဟု သူမ ထင်ခဲ့သော်လည်း သူတို့ ထိုမျှလောက်တောင် ကိုယ်ကျင့်တရားမဲ့သော အလုပ်ကိုလုပ်လိမ့်မည်ဟု သူမ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ အမှန်ကို ထိတ်လန့်စရာပင်။
ထို့အပြင် ဤကိစ္စကို ယင်းယင်းအတင်းပြောနေစဉ် အတွင်းမှာပင် ဖွင့်ချလိုက်ခြင်းဖြစ်လောက်သည်။ အဘယ်ကြောင့်ဆိုသော် သူမအဖေသည် ပုံမှန်အားဖြင့် ဇာတိရွာမှ ကိစ္စများကို ဂရုစိုက်ရန်အချိန်မရှိပေ။ သူတို့အတွက် ရုပ်ဝတ္ထုဆိုင်ရာ လိုအပ်ချက်များအား ထောက်ပံ့ပေးခြင်းမှလွဲ၍ တခြားမည်သည့်အရာအတွက်မျှ အချိန်မရှိချေ။
ထို့အပြင် သူမ၏ ဦးလေးနှစ်ယောက်နှင့် အန်တီတို့မှာ အသက်လေးဆယ်ကျော်နေပြီဖြစ်ပြီး စောင့်ကြည့်နေရန် မလိုအပ်တော့ပေ။ သူတို့သည် ထိုမျှလောက် နားလည်ရခက် သော လုပ်ရပ်မျိုး လုပ်လိမ့်မည်ဟု မည်သူမှ ထင်ထားမည်မဟုတ်ပေ။
[ငါ ထင်တာတော့ တတိယညီရဲ့မိန်းမက ဒီကိစ္စကိုလွယ်လွယ်နဲ့ ကျေအေးပေးမှာ မဟုတ်ဘူး]
[သေချာတာပေါ့ သူမက လွယ်လွယ်နဲ့ ကျေအေးမှာ မဟုတ်ဘူး၊ ဒါပေမယ့် ယန်ဖုန်းက အစ်ကိုကြီးအနေနဲ့ မိသားစုထဲမှာ ဩဇာအာဏာကြီးမားတယ်၊ ပြီးတော့ မိသားစုကို ရှာကျွေးနေတဲ့သူလေ၊ မိသားစု တစ်ခုလုံးရဲ့ ဘဝရပ်တည်ရေးက သူ့အပေါ်မှာ မူတည်နေတာ၊ သူတို့ ဒေါသထွက်ပြီး မကျေနပ်ရင်တောင် ပြဿနာကြီးအောင် မလုပ်ရဲကြဘူး၊ ပထမအချက်က ဒါက မိသားစု အရှုပ်တော်ပုံဖြစ်နေလို့၊ ဒုတိယအချက်က သူတို့သာ အစ်ကိုကြီးကို တကယ်ဒေါသထွက်အောင် လုပ်မိရင် သူတို့ရဲ့ ကောင်းမွန်တဲ့ ဘဝတွေပြီးဆုံးသွားမှာကိုး]
[ဒါပေမယ့် တတိယညီရဲ့ မိသားစုက ဘိုးဘေးတွေ သင်္ချိုင်းထဲမှာ ထလာလောက်တဲ့အထိ ဒေါသထွက်စေမယ့် အလုပ်ကို လုပ်ခဲ့တာပဲ၊ ပြစ်ဒဏ်တစ်ခုခုတော့ရှိရမှာပေါ့၊ မဟုတ်ရင် ဥက္ကဋ္ဌယန်က ဘာလို့ အဝေးကြီးကို ပြန်သွားရမှာလဲ]
[ယန်ဖုန်းမှာ သေချာပေါက် အကြောင်းပြချက်ရှိတာပေါ့၊ သူက သတင်းဖြန့်လိုက်တယ်၊ တတိယညီရဲ့ မိသားစုက သားတစ်ယောက် အရမ်းလိုချင်လွန်းလို့ ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာနဲ့ မိသားစု စည်းမျဉ်းတွေကိုတောင် ဂရုမစိုက်တော့ပဲ လုပ်ချင်တာလုပ်နေတာ၊ ဒါကြောင့် သူက မိသားစု အိမ်ထောင်စုစာရင်းကနေ သူ့နာမည်ကို ချက်ချင်းဖယ်ရှားပစ်လိုက်တယ်၊ ဆိုလိုတာက အဲ့ဒီအချိန်ကစပြီး ယန် မိသားစုမှာ သူ့အတွက် နေရာမရှိတော့ဘူးပေါ့]
[ဝိုး... ဥက္ကဋ္ဌယန်က တကယ်ပဲ အဲ့ဒီလောက် ရက်စက်တာလား]
[ရက်စက်တယ်လို့ ပြောရမှာပေါ့၊ ဒါပေမယ့် သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ ယှဉ်ရင်တော့ ဒါက သက်ညှာပေးလိုက်တာပဲ]
[အဲ့ဒါလည်း ဟုတ်တာပဲ]
[အိမ်ထောင်စုစာရင်းကနေ နာမည်ဖယ်ရှားလိုက်ရုံတင် မကဘူး၊ ယန်ဖုန်းက လင်မယားနှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ထိန်းချုပ်လိုက်ပြီး သူတို့ကို ဘာမှမကျန်အောင် လုပ်ပစ်ဖို့ ရည်ရွယ်ထားတာ၊ ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာအတွင်းမှာ အဲ့ဒီလင်မယားက နှစ်စဉ်ကုမ္ပဏီကနေ အမြတ်ငွေသန်းနဲ့ချီ ရနေတာကလွဲရင် ဘာမှမလုပ်ဘဲ ပူပင်သောကကင်းတဲ့ဘဝကို ဖြတ်သန်းနေခဲ့တာလေ]
[အစ်ကိုကြီး တစ်ယောက်အနေနဲ့ ယန်ဖုန်းက ကုမ္ပဏီကိုစီမံခန့်ခွဲပြီး မိဘတွေကွယ်လွန်သွားပြီးတော့ သူပဲ ညီငယ်၊ နှမငယ်တွေကို ဂရုစိုက်ခဲ့တယ်၊ သူက ကိုယ့်ကိုယ်ကိုယ် မိသားစုရဲ့ ကျောထောက်နောက်ခံအဖြစ် သတ်မှတ်ပြီး ကိစ္စအကြီးအသေးအားလုံးကို ဆုံးဖြတ်ချက်ချခဲ့တယ်၊ ကုမ္ပဏီ ကြီးပွားတိုးတက်လာပြီး သူတို့ဘ၀တွေ ကောင်းမွန်လာတာနဲ့အမျှ သူ့ရဲ့ ညီငယ်၊ နှမငယ်တွေလည်း လိုလေသေးမရှိတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတယ်၊ သူက ဒီလောက်ဆို ကွယ်လွန်သွားတဲ့ မိဘတွေအပေါ် တာဝန်ကျေပြီလို့ ထင်ခဲ့ပေမယ့် ဘဝက အရမ်း သက်တောင့်သက်သာရှိလွန်းနေလို့ ဒီလို အရှက်ရစရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာရတယ်ဆိုတာ သူ ဘယ်သိပါ့မလဲ]
[ဒါဆို ဥက္ကဋ္ဌယန်က သူတို့ဘဝကို ဇိမ်ကျကျ ဖြတ်သန်းခွင့်ကို ရုပ်သိမ်းပြီး ဒုက္ခရောက်အောင် လုပ်လိုက်ရင် သဘာဝကျကျပဲ သူတို့သားရချင်တဲ့ လောဘတွေ ပျောက်သွားမယ်လို့ ထင်တာပေါ့]
[ဒါပေါ့၊ နေ့တိုင်း ဝမ်းရေးအတွက် ရုန်းကန်နေရချိန်မှာ ကြက်မတွန်ခင် အစောကြီးထပြီး ခွေးတွေအိပ်မှ အိပ်ရချိန်နဲ့ သူတောင်းစားထက်တောင် ဝင်ငွေနည်းနေချိန်ရယ် ပြီးတော့ ပိုက်ဆံအများစုက ကလေးကို ကျွေးမွေးဖို့ သုံးနေရချိန်ဆိုရင် သဘာဝကျကျပဲ သူတို့ရဲ့ ဆန္ဒတွေနဲ့ ရည်မှန်းချက်တွေ အားလုံးက ပျောက်ကွယ်သွားမှာပဲ၊ ပြီးတော့ ကလေးက ပိုဆိုးလေလေ သူတို့ ပိုစိတ်ညစ်ရလေလေပဲ၊ အဓိကက ကိုယ်စိုက်ထားတဲ့အပင် ကိုယ်ရိတ်သိမ်းရမယ်ဆိုတာလေ၊ သူတို့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့ ပြစ်ဒဏ်ပဲ]
[ဒီပြစ်ဒဏ်က တော်တော်လေး ကောင်းတယ်လို့ ငါထင်တယ်၊ လင်မယားနှစ်ယောက်အတွက် သေချာပေါက် နက်ရှိုင်းတဲ့ အမှတ်တရ ဖြစ်သွားမှာပဲ]
[ဒါဆို ဥက္ကဋ္ဌယန်က တော်တော်လေး မြင့်မြတ်ပြီး ဖြောင့်မတ်တဲ့သူပဲ၊ မိသားစုဝင် တစ်ယောက် အမှားလုပ်ရင်တောင် သူက တုံ့ဆိုင်းမနေဘဲ အပြစ်ပေးတယ်]
[ဥက္ကဋ္ဌယန်ရဲ့ ဖြောင့်မတ်မှုနဲ့ စည်းကမ်းကြီးမှုက လေးစားစရာ ကောင်းပေမယ့်လည်း သမီးဖြစ်သူနဲ့ ပတ်သက်လာရင်တော့ သူက တင်းမာပြီး ခေါင်းမာတဲ့ဘက် ပါသေးတယ်၊ ကံကောင်းလို့ ရီရီကို အဲ့ဒီ ယုတ်မာတဲ့ သားအမိအနိုင်ကျင့် နေတာကို သူ သတိထားမိလိုက်လို့ပေါ့၊ မဟုတ်ရင် ယီယီက ဒုတိယမြောက် ကျန့်စစ်စစ်ဖြစ်သွားလောက်ပြီ]
ထိုအကြောင်းကို ရောက်ချိန်တွင် ယန်ယီယီသည် ရှုယင်းယင်းကို ကျေးဇူးတင်စွာ ထပ်ကြည့်လိုက်မိသည်။ သူမ၏ စကားများကြောင့် သူတို့ မိသားစုတစ်ခုလုံးကယ်တင်ခံလိုက်ရပြီး ယီယီရင်ထဲတွင်မူ သူမသည် အမြဲတမ်းကာကွယ်ပေးချင်သော သူတစ်ယောက် ဖြစ်လာခဲ့သည်။
သူမနှင့် ပိုမိုရင်းနှီးစွာ ပေါင်းသင်းနိုင်ရန်အတွက် သေချာ ပေါက် သူငယ်ချင်းများအဖြစ်စတင်သင့်သည်။ ပိတ်ရက်သို့ အမြန်ရောက်လာပြီး ယန်ယီယီသည် ချိန်းဆိုထားသောအချိန်တွင် ရှုယင်းယင်းအားကားဖြင့် လာကြိုလေသည်။