← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

🍁 Chapter 79

ရှုယင်းယင်းသည် ပြတင်းပေါက်မှ အပြင်သို့ ကြည့်ကာ လာမည့် ပျော်စရာ လှုပ်ရှားမှုများကို မျှော်လင့်နေမိသည်။ သူမက အရှက်ကွဲမည်ကို စိုးရိမ်သဖြင့် အွန်လိုင်းတွင် ကြိုတင်လေ့လာမှုများ ပြုလုပ်ထားခဲ့သည်။ မိသားစုပြန်လည်ဆုံစည်းပွဲ ညစာစားပွဲ ပြီးကတည်းက သူမသည် ချမ်းသာ သော မိန်းကလေးများနှင့် ဇနီးမယားများထံမှ ဖိတ်ကြားချက်များစွာကိုရရှိခဲ့ပြီး သူဌေးသမီးတစ်ယောက်၏ ဘဝကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနေရလေသည်။

သူမက အသုံးမကျသေည သူဌေးသားသမီးဖြစ်ရန် ဆုံးဖြတ်ထားသော်လည်း အသုံးမကျခြင်းဆိုသည်မှာ ရိုင်းစိုင်းခြင်းကို မဆိုလိုပေ။ လူမှုရေးအခြေအနေများစွာတွင် သင့်လျော်သော ကျင့်ဝတ်များကို သူမ လိုက်နာရန်လိုအပ်ဆဲဖြစ်သည်။ မဟုတ်လျှင် ရှုမိသားစုအား အရှက်ကွဲစေလိမ့်မည်။

သူမ မိဘများ၊ အဘိုးနှင့် အန်တီတို့က မည်သည့်အခြေအနေမျိုးတွင်မဆို သူမကိုယ်သူမ နှမြောတွန့်တိုနေရန်မလိုကြောင်းနှင့် သူမအား သက်တောင့်သက်သာဖြစ်စေမည့်အရာ မှန်သမျှကို လုပ်သင့်ကြောင်း ထပ်ခါတလဲလဲ အလေးအနက် ပြောကြားခဲ့သော်လည်း မိသားစု၏အလိုလိုက်မှုများကို သူမအလွဲသုံးစား မလုပ်သင့်ကြောင်း သူကောင်းကောင်း သိသည်။

သို့မဟုတ်လျှင် သူမသာ တကယ်ပြဿနာရှာပြီး အမုန်းခံရမည်ဆိုပါက ချမ်းသာသော မိသားစုထဲတွင် သူမ ဘဝကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါဦးမလား။

"ယင်းယင်း... အဲ့ဒီကိုရောက်ရင် နင်ကစားချင်တာ အကုန်ကစားလို့ရတယ်၊ မရှက်နဲ့နော်"

"အင်း၊ ငါ အရင်က မြင်းတစ်ခါမှ မစီးဖူးဘူး၊ ငါ့ကို သင်ပေးဖို့ နည်းပြတစ်ယောက် လိုလိမ့်မယ်ထင်တယ်"

ယန်ယီယီ ရယ်မောလိုက်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ့မိသားစုမှာ မြင်းမွေးမြူရေးခြံ ရှိတယ်ဆိုပေမယ့် ငါလည်း မြင်းတစ်ခါမှ မစီးဖူးဘူး"

"ဟင်"

"ငါတို့ အတူတူ သင်ကြတာပေါ့"

"အိုကေ၊ အိုကေ"

သို့သော် သူတို့နှစ်ယောက် မြင်းမွေးမြူရေးခြံသို့ ရောက်သောအခါ တိတ်တိတ်ဆိတ်ဆိတ် မြင်းစီးသင်ရန် စီစဉ်ထားမှုမှာ စိတ်အားထက်သန်နေသော မိန်းကလေး တစ်ဒါဇင်ခန့်ကြောင့် လုံးဝဖျက်ဆီးခံလိုက်ရကြောင်း တွေ့ရှိလိုက်ရသည်။

သူမတို့ကားသည် ကိုယ်ပိုင်ကားလမ်းပေါ်သို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သပ်ရပ်လှပစွာဝတ်ဆင်ပြင်ဆင်ထားသော မိန်းကလေးတစ်စုမှာ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေကြသည်ကို သူတို့ မြင်လိုက်ရသည်။ သူတို့ကားကို မှတ်မိသွားသည်နှင့် တစ်ပြိုင်နက် ပျော်ရွှင်စွာခုန်ပေါက်နေကြလေသည်။

"အာ... သူတို့ရောက်လာပြီဟေ့၊ မြန်မြန် မြန်မြန်..."

ယန်ယီယီသည် အလျင်အမြန် ချဉ်းကပ်လာသော လူအုပ်ကြီးကို မြင်သောအခါ ဘရိတ်နင်းလိုက်ရသည်။ ရှုယင်းယင်းသည် လိပ်ပြာလေးများပမာ သူတို့ဆီသို့ ပြေးလာနေကြသော လှပသည့် မိန်းကလေးများကို အံ့သြတကြီးကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားပြီး လုံးဝကြောင်အမ်းသွားခဲ့သည်။

[ဘုရားရေ၊ မသိရင် သူတို့က Fangirlsတွေ လို့တောင် ထင်သွားကြမယ်၊ အရမ်းစိတ်အားထက်သန်နေကြတာပဲ]

[သူတို့အားလုံးက အရင်က မိသားစုပြန်လည်ဆုံစည်းပွဲ ညစာစားပွဲမှာ ရှိခဲ့ကြပုံရတယ်၊ သူတို့ရဲ့လည်ပတ်ကတ်ပြားတွေကိုပဲကြည့်...]

ရှောင်ချီ၏သတိပေးချက်ကြောင့် ရှုယင်းယင်းသည် သူမရှေ့ရှိ လူများအား တဖြည်းဖြည်း တွဲစပ်ကြည့်လိုက်သည်။ အားလုံးက ချမ်းသာပြီး အာဏာရှိသော မိသားစုများမှ သမီးများဖြစ်ကြပြီး သူတို့မိသားစုနောက်ခံများမှာ ရှုမိသားစုနှင့် ယှဉ်နိုင်လေသည်။

"သူတို့အားလုံးက ယင်းယင်းအတွက် ရောက်လာကြတာထင်တယ်"

ယန်ယီယီ ပြုံးလျက် ပြောသည်။

သို့သော် ရှုယင်းယင်း မြင်လိုက်ရသည်မှာ မိန်းကလေး တစ်စုမျှသာ မဟုတ်ဘဲ လမ်းလျှောက်နေသော အတင်းအဖျင်း စွယ်စုံကျမ်းကြီး တစ်အုပ်ပင်။

[ရှောင်ချီ အဲ့လူတွေကို သိအောင်လုပ်ဖို့ နင့်မှာ တစ်မိနစ် အချိန်ရှိတယ်၊ နောက်ကျရင် ဘယ်သူက ဘယ်သူလဲဆိုတာ ငါ့ကို သတိပေးဖို့ မမေ့နဲ့၊ အတင်းအဖျင်းတစ်ခုခု‌တွေ့ရင် ပြောဦး]

[အိုကေ]

ရှောင်ချီသည် မျက်နှာမှတ်မိစနစ်ကို အလျင်အမြန် ဖွင့်လိုက်ပြီး သူတို့ ကိုယ်ရေးအချက်အလက်များကို အတည်ပြုလိုက်သည်နှင့် တစ်ပြိုင်နက် အချက်အလက်အားလုံး ပေါ်လာလေသည်။ ရှောင်ချီသည် မိန်းကလေးများကို ရှုယင်းယင်းအား တစ်ယောက်ချင်းစီ မိတ်ဆက်ပေးပြီးနောက် ထပ်ပြောလိုက်သည်။

[ကံမကောင်းတာက ဒီအလိမ်မာလေးတွေဆီမှာ ဘာအတင်း အဖျင်းမှ မရှိဘူး၊ ဒါပေမယ့် နင်နဲ့ သိပ်မဝေးတဲ့နေရာက သူမှာတော့ ရှိတယ်၊ နားထောင်ချင်လား]

ဤသည်ကို ကြားလိုက်ရသောအခါ၊ လူတိုင်းသည် ညာဘက်လမ်းကြောတွင် ရပ်ထားသော ကားဆီသို့ အလိုလိုလှမ်းကြည့်လိုက်မိကြသည်။

ထိုတွင် အရပ်ရှည်ပြီး သပ်ရပ်ကျော့ရှင်းသော အမျိုးသားတစ်ဦးသည် ခရီးသည်ထိုင်ခုံမှ အမျိုးသမီးအတွက် ကားတံခါးကို လူကြီးလူကောင်းဆန်စွာ ဖွင့်ပေးနေလေသည်။ သူ့ သီးသန့်ချုပ်လုပ်ထားသော ဝတ်စုံက သူ့ခန့်ညားသော ကိုယ်ခန္ဓာကို ပိုမိုပေါ်လွင်စေပြီး ဆန့်တန်းထားသော လက် မောင်းမှ ထွက်ပေါ်နေသည့် လက်ပတ်နာရီက သူ၏အဆင့် အတန်းမြင့်မားမှုကို မီးမောင်းထိုးပြနေလေသည်။

သူ၏ ချောမောသော မျက်နှာနှင့် ယဉ်ကျေးသိမ်မွေ့သော ဟန်ပန်တို့က သူသည် ချမ်းသာသော သူဌေးသားတစ်ဦး ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။

ခရီးသည်ထိုင်ခုံမှ အမျိုးသမီးသည် ခွဲကြောင်းရှည်ပါသော ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်သည့် ဂါဝန်အရှည်ကိုဝတ် ဆင်ထားပြီး သူ့ကျော့ရှင်းသော ခန္ဓာကိုယ်အချိုးအစားကို ပိုမိုပေါ်လွင်စေသည်။ သူမ၏ ငန်းတစ်ကောင်အလား ရှည်လျားသော လည်တိုင်နှင့် ဖြောင့်မတ်သော ပခုံးများက ငယ်စဉ်ကတည်းက အကသင်တန်းတက်ခဲ့သူတစ်ဦး၏ လက္ခဏာများပင်။ သူမ၏ နက်မှောင်သော ဆံပင်များအား အောက်ဘက်တွင် ခပ်လျော့လျော့ထုံးထားပြီး မျက်နှာဘေးတွင် ဆံစအနည်းငယ် ကျနေပုံမှာ အားစိုက်စရာမလိုဘဲ သဘာဝကျကျလှပနေသည့် အငွေ့အသက်ကို ဖြာထွက်နေစေသည်။

[ဝိုး... ဒါက ဒဏ္ဍာရီထဲက နတ်သမီးလေးလား၊ အရမ်းလှတာပဲ]

[အဲတာက မျက်နှာသစ်ကြယ်ပွင့်လေး စုန့်ချင်းလေ၊ ဟိုယောကျာ်းကတော့ သန်းတစ်ရာကျော်ကြွယ်ဝတဲ့ ဒုတိယမျိုးဆက်သူဌေးသား ကျီခိုင်၊ သူက စုန့်ချင်းရဲ့စပွန်ဆာလေ]

[စီးပွားရေးသူဌေးကြီးနဲ့ မျက်နှာသစ် မင်းသမီးလေးလား၊ ဒါလက်တွေ့ဘဝထဲ ရောက်လာတဲ့ ခါးသက်သက်အချစ်ဇာတ် လမ်း မဟုတ်ဘူးလား၊ ရှလွတ်...]

[ဟင့်အင်း၊ ဒါက ခါးသက်သက်အချစ်ဇာတ်လမ်း မဟုတ်ဘူး၊ နှစ်ဦးနှစ်ဖက် အကျိုးဖလှယ်တာ သက်သက်ပဲ]

[ငါ ခန့်မှန်းကြည့်မယ်၊ ဖျော်ဖြေရေးလောကကို အခုမှ ရောက်လာတဲ့ မင်းသမီးလေးက နောက်ခံမရှိရင် ဘယ်မှမရောက်နိုင်ဘူးဆိုတာ သိသွားပြီးတော့ ကုမ္ပဏီက စီစဉ်တဲ့ ပါတီတစ်ခုမှာ အဲ့ဒီသူဌေးနဲ့ တွေ့ခဲ့တာ၊ အရင်းအမြစ်တွေရဖို့အတွက် အလှအပနဲ့ လဲလှယ်တယ်၊ အလှအပအတွက် ပိုက်ဆံပေးတယ်၊ မှန်တယ်မလား]

[တစ်ဝက်မှန်တယ်၊ အဲ့ဒီသူဌေးက သူမ သူ့ဆီမလာခင်ကတည်းက သူမကို စုံစမ်းပြီးသား]

[အိုး၊ ဒါဆို သူဌေးက ကြိုတင်ပြီး နောက်ကွယ်က ရည်ရွယ် ချက်တွေ ရှိနေတာများလား]

[အင်း၊ နင်သိတဲ့အတိုင်းပဲ၊ လရောင်ဖြူလေးနဲ့ အစားထိုးခံ ဇာတ်ကွက်အတိုင်းလေ]

[ဘာလို့ ယောကျာ်းတွေ အားလုံးမှာ လရောင်ဖြူရှိနေရတာလဲ၊ သူတို့ မငြီးငွေ့ကြဘူးလား]

[နင် သိတဲ့အတိုင်းပဲ၊ ကိုယ်မရနိုင်တဲ့အရာက အမြဲတမ်းပိုပြီး ဆွဲဆောင်မှုရှိနေတာကိုး]

[ရယ်စရာကောင်းလိုက်တာ... သူက သန်းရာနဲ့ချီပြီး ချမ်းသာနေတာကို ဘယ်လို မိန်းမမျိုးကိုများ မရနိုင်မှာမို့လို့လဲ၊ သူမက သူ့ကို တစ်ချက်တောင် လှည့်မကြည့်လို့ဆိုရင်တော့ တစ်မျိုးပေါ့]

မိန်းကလေးများသည် တိတ်တဆိတ် သဘောတူညီစွာ ခေါင်း ညိတ်လိုက်ကြသည်။ အဲ့ဒါ ဟုတ်တယ်လေ။

[သေချာတာပေါ့၊ သူက မိန်းမတွေကို အလွယ်လေးရနိုင်တယ်၊ ဒါပေမယ့် အဓိကအချက်က သူက ယောကျာ်းတွေကို စိတ်ဝင်စားတာ]

[ဘယ်လို]

[ပြီးတော့ ပိုဆိုးတာက... သူ စိတ်၀င်စားတဲ့ယောကျာ်းက အဲ့ဒီမင်းသမီးလေးရဲ့ အမွှာအစ်ကိုဖြစ်နေတာပဲ]

[ဝိုး... အဲ့ဒီလောက်တောင် စိတ်လှုပ်ရှားစရာကောင်းတာလား၊ ထပ်ပြောပြပါဦး]

ထိုစကားကို ကြားလိုက်ရသောအခါ မိန်းကလေးများအား လုံးသည် ချက်ချင်းသွေးဆာနေသော နတ်ဆိုးလေးများအဖြစ်သို့ ပြောင်းလဲသွားကြပြီး သူတို့စိတ်ထဲတွင် ခုန်ပေါက်ကာ ပြိုင်တူအော်မိကြသည်။

'မြန်မြန် ထပ်ပြောပြစမ်းပါ၊ ငါတို့ကို ဒူးထောက်တောင်းပန်ရတဲ့အထိ မလုပ်ပါနဲ့လို့'

🍁 Chapter 80

စနစ်လေးက အရည်ရွှမ်းလှသော အတင်းအဖျင်းအား ဖွင့်ချတော့မည့်ဆဲဆဲမှာပင် ကာယကံရှင် နှစ်ဦးက သူတို့ဆီသို့ လျှောက်လာကြလေသည်။

[သူတို့ ရောက်လာပြီဟေ့... သူတို့ လာနေကြပြီ]

လူတိုင်းအကြည့်က ထိုနှစ်ဦးထံသို့ အလိုလို ရောက်ရှိသွားသည်။ သူတို့ အကြည့်များနှင့် ဆုံသွားသည်နှင့် တစ်ပြိုင်နက် မျက်နှာသစ် မင်းသမီးလေး၏ နှုတ်ခမ်းထက်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုက ကွေးတက်သွားလေသည်။

[ဝိုး... သူမ အပြုံးက အရမ်းလှတာပဲ၊ ပတ်ဝန်းကျင်ကြီးတောင် မှေးမှိန်သွားသလို ခံစားရတယ်၊ ကြယ်ပွင့်တွေ အများကြီးရှိတဲ့ ဖျော်ဖြေရေးလောကမှာတောင် သူမရုပ်ရည်က ထိပ်တန်းအဆင့်မှာ ရှိနေမှာ အသေအချာပဲ၊ သူမက သူများမွေးထားတဲ့ မိန်းမတစ်ယောက်အဖြစ် ခံယူတာတော့ အံ့သြစရာတော့ မဟုတ်ပါဘူး၊ ရည်မှန်းချက်က ကြီးလွန်းတာကိုး]

စုန့်ချင်း အပြုံးက ရုတ်တရက် အေးခဲသွားသည်။ အဲ့ဒါ ဘယ်သူ့အသံလဲ၊ ဘယ်သူကမှ စကားမပြောဘဲနဲ့ သူ ရည်မှန်း ချက်ကြီးတယ်ဆိုတာကို ဘယ်လိုလုပ် သိနေရတာလဲ။

သူမဘေးတွင် ရပ်နေသော ကျီခိုင်သည်လည်း ကြောင်အမ်းသွားခဲ့သည်။ ရုတ်တရက် ထွက်ပေါ်လာသောအသံက လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းလွန်းနေသည်။

စုန့်ချင်းသည် ဂုဏ်သတင်းကြီးမားသော မိသားစုများမှ သခင်မလေးများစွာနှင့် ရင်ဆိုင်ရချိန်တွင် မိတ်ဆွေဖွဲ့ရန်နှင့် အဆက်အသွယ် ကွန်ရက်အား ချဲ့ထွင်ရန် မည်မျှအရေးကြီးကြောင်း သူမ ကောင်းကောင်းသိသည်။ သူမသည် သံသယများကို အလျင်အမြန်ဖိနှိပ်လိုက်ပြီး ရင်းနှီးသော မျက်နှာများအား နွေးထွေးစွာပြုံးပြနှုတ်ဆက်လိုက်သည်။

ရှုယင်းယင်း အလှည့်ရောက်သောအခါ သူမ ပြုံးလျက် ယဉ်ကျေးစွာမေးလိုက်သည်။

"ဒီသခင်မလေးက ဘယ်မိသားစုကများလဲ မသိဘူးရှင်"

"ကျွန်မ မကြာသေးခင်ကမှ မိသားစုပြန်လည်ဆုံစည်းပွဲ ညစာစားပွဲလုပ်ခဲ့တဲ့ ရှုမိသားစုက ရှုယင်းယင်းပါ"

ရှုယင်းယင်း ယုံကြည်မှုအပြည့်ဖြင့် မိတ်ဆက်လိုက်သည်။ စုန့်ချင်းက နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မနာမည်က စုန့်ချင်းပါ၊ သာမန် သရုပ်ဆောင်လေး တစ်ယောက်ပါပဲ"

မိသားစု ပြန်လည်ဆုံစည်းပွဲ ညစာစားပွဲပြီးနောက် ရှုမိသားစု၏ ပျောက်ဆုံးနေသော သမီးကြီးအကြောင်းမှာ အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် ရေပန်းစားသော အတင်းအဖျင်းတစ်ခုဖြစ်လာခဲ့သည်။ သူမသာ ထိုနေ့က ကုမ္ပဏီကိစ္စ မရှိခဲ့လျှင် တက်ရောက်ဖြစ်မည်မှာ သေချာသည်။ ယခုတွင် ရှုယင်းယင်းအား သခင်မလေးများစွာ ဝန်းရံနေသည်ကို မြင်လိုက်ရသောအခါ စုန့်ချင်း မတတ်သာဘဲ နောင်တရမိသွားသည်။

ရှုသခင်မလေးရဲ့ အဆင့်အတန်းက သူတို့အားလုံးထက် အများကြီး ပိုမြင့်နေမှာသေချာတယ်၊ ဒါပေမယ့် အခုမှ သိကျွမ်းအောင်လုပ်လည်း နောက်မကျသေးပါဘူးလေ...

"ရှင်က အရမ်းနှိမ့်ချလွန်းနေပါပြီ၊ လက်ရှိ နာမည်ကြီးနေတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းတွဲကို မနေ့ညကမှ ကျွန်မ ကြည့်လို့ ပြီးသွားတာ၊ ရှင်က အဲ့ဒီကားမှာ ခေါင်းဆောင်မင်းသမီးလေ၊ တကယ့် ထိပ်တန်းကြယ်ပွင့်ပါ"

ဤသည်မှာ ရှုယင်းယင်းအတွက် အနုပညာရှင် တစ်ဦးနှင့် ပထမဆုံးအကြိမ် စကားပြောဖူးခြင်းဖြစ်ပြီး ထိုမိန်းမငယ်လေးမှာ အတော်လေးဖော်ရွေကြောင်း တွေ့ရှိလိုက်ရသည်။

[တကယ်တော့ နင့်ရဲ့ ပါရမီနဲ့ဆို ယောကျာ်းတွေကို အားကိုးနေစရာလုံးဝမလိုဘူး၊ အထူးသဖြင့် ဒီလို ယုတ်မာတဲ့ရည် ရွယ်ချက်တွေရှိတဲ့ ယောကျာ်းမျိုးကိုပေါ့၊ ထွီ...]

စုန့်ချင်းနှင့် ကျီခိုင် နှစ်ယောက်စလုံးကြောင်အမ်းသွားကြသည်။ တစ်ယောက်မှာ အံ့သြသွားပြီး ကျန်တစ်ယောက်မှာ စွပ်စွဲခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက ဘယ်လိုလုပ် ယုတ်မာတဲ့လူ ဖြစ်သွားရတာလဲ၊ သူတို့ ခုလေးတင်မှ တွေ့ဖူးတာကို...

ကျီခိုင် အတွေးလွန်နေလျက် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်ရာ သခင်မလေးများက သူ့ကို ရွံရှာစက်ဆုပ်သည့် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်ကို သတိထားမိလိုက်သည်။

"..." ဒါကတော့ လွန်လွန်းသွားပြီ။

စုန့်ချင်းသည် ကျီခိုင်၏မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာကို သတိထားမိလိုက်ပြီး လူတိုင်းက ရှုယင်းယင်း ၏အတွေးများကို ကြားနေရပုံပေါ်သည်ကို ရုတ်တရက် နားလည်သွားသဖြင့် သူမအား နေမထိထိုင်မသာ ဖြစ်သွားစေသည်။ စုန့်ချင်းသည် လူတစ်ယောက်အတွေးမှတစ်ဆင့် သူများအကြောင်းကို ဖွင့်မထုတ်စေချင်သည့်အပြင် သူမ အစီအစဉ်ကိုလည်း အပျက်စီးမခံနိုင်ပေ။

"မမလေးရှုက မြှောက်ပြောနေပါပြီ၊ ကျွန်မက ကံအကောင်းဆုံး အနုပညာရှင်တွေထဲကတစ်ယောက်ပါ၊ ထိပ်တန်းကြယ် ပွင့်နေရာကို ဘယ်လိုလုပ် မက်မောရဲမှာလဲ"

"ဒီမှာ ရပ်မနေကြနဲ့တော့၊ အထဲဝင်ကြရအောင်၊ ဒီနေ့ ရာသီဥတုက သာယာတယ်၊ မြင်းစီးဖို့ အကောင်းဆုံးပဲ"

ကျီခိုင်သည် သူ့အား မုန်းတီးစွာကြည့်နေကြသော မိန်းမများထံမှ တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးချင်နေသည်။

[သူ့ကို ကြည့်စမ်း၊ အခုကတည်းက စိတ်မရှည်ဖြစ်နေပြီ၊ ဘယ်လိုတောင်လဲ၊ ဒီမိန်းမငယ်လေးကို အစားထိုးတစ်ယောက်လို သဘောထားပြီး၊ ဘာလေးစားမှုမှလည်း မပြဘူး၊ ဒီလို ယောကျာ်းမျိုးရှိနေတာ ဘာအဓိပ္ပာယ်ရှိမှာလဲ]

ကျီခိုင် မျက်နှာအမူအရာ အေးခဲသွားသည်။ ဘယ်လို အစားထိုး ဟုတ်လား ?

"မင်း..."

ကျီခိုင် မည်သည့်အရာမှ မပြောနိုင်တော့ပဲ ဆွံ့အသွားသည်။ သေစမ်း၊ ဒီနေ့ ဘာလို့ အားလုံးက ဒီလောက်တောင် ထူးဆန်းနေရတာလဲ။

"လမ်းလျှောက်ရင်း စကားပြောကြတာပေါ့၊ နေပူလာပြီ"

စုန့်ချင်းက အကြံပြုလိုက်ပြ ကျီခိုင်၏ လက်မောင်းကိုဆွဲကာ အတွင်းဘက်သို့ ဦးဆောင်လျှောက်သွားသည်။ စုန့်ချင်း၏ မသိမသာ သတိထားနေမှုနှင့် ကျီခိုင်၏ အနည်းငယ် အံ့သြနေသော မျက်နှာအမူအရာတို့က အတင်းသမားများနှင့် ရှုယင်းယင်းအား တစ်ပြိုင်နက်တည်း ဇဝေဇဝါ ဖြစ်သွားစေ သည်။

[ဟင်း... သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ မှားနေတယ်လို့ ခံစားရတယ်၊ မိန်းကလေးကသာ နောက်ကွယ်ကကြိုး ကိုင်သူဆိုပြီး ဘာဖြစ်လို့ ခံစားနေရတာပါလိမ့်၊ ငါ့စိတ်ထင်လို့များလား]

[နင့်စိတ်ထင်တာ မဟုတ်ဘူ၊ ငါ့ဆီ သတင်းရောက်တာ နောက်ကျသွားတာ၊ နောက်ဆုံးရ သတင်းတွေအရဆိုရင် အဲ့ဒီမိန်းမငယ်လေးက အကြီးမားဆုံး အကြံသမားပဲ]

[ဘာ]

အတင်းသမားများသည် ကျောပြင်ကိုမတ်လိုက်ကြပြီး အာရုံ စိုက် နားစွင့်လိုက်ကြသည်။ စုန့်ချင်းသည် ကျောရိုးတစ် လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရပြီး သူမကိုယ်ဘေးရှိ လက်များကို အလိုလိုတင်းတင်းဆုပ်မိလိုက်ကာ ကျီခိုင် စိတ်ထဲတွင်မူ မေးခွန်းများနှင့် ပြည့်နှက်သွားတော့သည်။

[ဒါဆို မိန်းမငယ်လေးက ကျီခိုင်ဆီချဉ်းကပ်တာက သေသေ ချာချာ စီစဉ်ထားတဲ့ အကြံအစည်တစ်ခုပေါ့၊ တကယ်က ကျီခိုင်မှာ လရောင်ဖြူလည်းမရှိဘူး၊ သူက ဂေးလည်း မဟုတ်ဘူး၊ ယောကျာ်းစစ်ကြီးဟ]

စကားကို ကွေ့ကောက်မနေပဲ လိုရင်းကို ပြောပါတော့...

အတင်းသမားများအားလုံးသည် ကျီခိုင်အား တညီတညွတ်တည်း လှမ်းကြည့်လိုက်ကြရာ သူမှာ ဇဝေဇဝါဖြစ်နေသော အမူအရာအပြည့်ဖြင့် စိတ်ပျက်လက်ပျက် ခေါင်းကုတ်နေသည်ကို တွေ့လိုက်ရသည်။

မြန်မြန်သာ ပြောပြပါတော့၊ ငါတို့ ဘယ်လောက်တောင် စိတ်မရှည်ဖြစ်နေပြီလဲဆိုတာ ကြည့်ပါဦး။

[အဲ့ဒီမိန်းမငယ်လေးမှာ အမွှာအစ်ကိုတစ်ယောက်ရှိတယ်လို့ ငါ အရင်က မပြောခဲ့ဘူးလား၊ တကယ်တော့ အဲ့ဒါက ယောကျာ်းလေးယောင်ဆောင်ထားတဲ့ သူ့ အစ်မပဲ]

[ဘာကြီး]

အတင်းသမားများသည် တိတ်တဆိတ်သက်ပြင်းချလိုက်ကြပြီး လျှို့ဝှက်ကြံစည်မှုတစ်ခု ဖွင့်ချခံရတော့မည့်အလား တင်းမာမှုကို ခံစားလိုက်ရသည်။

[ညီအစ်မ နှစ်ယောက်က ငယ်ငယ်ကတည်းက အရမ်းပါရမီပါတာ၊ အစ်မက အကကို ဝါသနာပါပြီး၊ ညီမက သရုပ် ဆောင်တာကို ဝါသနာပါတယ်၊ သူတို့ရဲ့ ထူးခြားတဲ့ ရုပ်ရည်နဲ့ ပါရမီတွေကြောင့် အသက်ခြောက်နှစ်အရွယ်မှာပဲ အရည် အချင်းရှာဖွေသူ တစ်ယောက်ရဲ့မျက်စိကျခြင်းကို ခံခဲ့ရပြီး ကြယ်ပွင့်လေးတွေ ဖြစ်လာခဲ့တယ်၊ ဒါပေမယ့် ဖျော်ဖြေရေးလောကရဲ့ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေနဲ့ယှဉ်ရင် အစ်မက ရိုးရှင်းတဲ့ အကလောကကို ပိုသဘောကျတယ်၊ ပြီးတော့ သူမက အသက်ဆယ့်ခြောက်နှစ်အရွယ်မှာပဲ နိုင်ငံတကာ ဘဲလေးအကဆုကို ရထားပြီးသား၊ သူမက တကယ့်အထက် တန်းလွှာ အသိုင်းအဝိုင်းက လူတစ်ယောက်ပဲ]

[အစ်မဖြစ်သူရဲ့ချောမွေ့တဲ့ အောင်မြင်မှု လမ်းကြောင်းနဲ့ ယှဉ်ရင် ညီမဖြစ်သူရဲ့ သရုပ်ဆောင်ဘဝက အဲ့ဒီလောက် မချော မွေ့ခဲ့ဘူး ဖျော်ဖြေရေးလောကဆိုတာက မပြောသင့်တဲ့ စည်းမျဉ်းတွေနဲ့ ပြည့်နှက်နေပြီး နာမည်ကြီး ကြယ်ပွင့်တော် တော်များများ နောက်ကွယ်မှာခိုင်မာတဲ့ ကျောထောက် နောက်ခံတွေ ရှိကြတယ်၊ ညီမဖြစ်သူလို ထူးချွန်တဲ့စွမ်းရည်ရှိပေမယ့် အဆက်အသွယ်အားနည်းတဲ့သူ တစ်ယောက်အတွက်ကတော့ တိုးတက်ဖို့က အရမ်းကိုမှခက်တယ်၊ သူမ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူမရဲ့ သရုပ်ဆောင်စွမ်းရည်က ဘယ်လောက်ပဲ ကောင်းကောင်း၊ အာဏာရှိတဲ့သူက ကျောထောက်နောက်ခံပေးထားတဲ့ ရုပ်လှလှအနုပညာရှင် တစ်ယောက်ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး၊ အချိန်ကြာလာတော့ ညီမဖြစ်သူက ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မယ့် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့တယ်]

[မဟုတ်မှ အဲ့ဒီအစီအစဉ်က သူ့အစ်မကို အသုံးချပြီး အာဏာရှိတဲ့လူကို မြှူဆွယ်မယ်၊ ပြီးတော့ သူတကယ် နစ်မွန်းသွားတဲ့အချိန်ကျရင် ရုတ်တရက် ပျောက်ကွယ်သွားမယ်၊ သူက ရှာမတွေ့တော့တဲ့အခါ သူမကို အစားထိုးခံအနေနဲ့ အသုံးချပြီး သူ့ကိုယ် သူ နှစ်သိမ့်မယ်ပေါ့၊ အစ်မဖြစ်သူအပေါ် စွဲလမ်းနေတာတွေကို သူမဆီ အစားထိုးမယ်ဆိုတာပေါ့]

[ဟုတ်တယ်၊ ဟုတ်တယ်၊ နင်ပြောတာမှန်တယ်၊ ဇာတ်လမ်းက အဲ့ဒီမှာတင် ပြီးသွားသင့်တာ၊ ညီမဖြစ်သူက လရောင်ဖြူရဲ့အစားထိုးခံ နေရာမှာ သရုပ်ဆောင်မယ်၊ အစ်မဖြစ်သူက ပျောက်ကွယ်သွားမယ်၊ ပြီးတော့ အာဏာရှိတဲ့လူက တဖြည်း ဖြည်းနဲ့ သူ့ရဲ့သံယောဇဉ်တွေကို ညီမဖြစ်သူဆီ ပြောင်းသွားမယ်၊ နောက်ဆုံးကျရင် အစ်မဖြစ်သူရဲ့နေရာကို လုံးဝအစား ထိုးနိုင်သွားပြီး ပျော်ရွှင်စရာ ဇာတ်သိမ်းလေးဖြစ်သွားမှာပေါ့]

[နေပါဦး၊ အဲ့ဒီလိုသာဆိုရင် အစက ယောကျာ်းလေးယောင် ဆောင်ထားတာက အဓိပ္ပာယ်မရှိဖြစ်မသွားဘူးလား၊ ညီမဖြစ်သူမှာ တခြားအစီအစဉ်တွေ ရှိဦးမယ်လို့ ငါလောင်းရဲတယ်]

ရှုယင်းယင်းက သူမ ခန့်မှန်းချက်ကို ထုတ်ပြောလိုက်သည် နှင့် တစ်ပြိုင်နက် နားထောင်နေသူများသည် အသက်ရှူအောင့်ကာ အာရုံစိုက်နားထောင်နေကြသည်။

စုန့်ချင်း ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုကြောင့် အနည်းငယ် တုန်ယင်လာသည်။ အစက ဇဝေဇဝါဖြစ်နေခဲ့သော ကျီခိုင်လည်း တဖြည်းဖြည်း မျက်နှာထားတင်းမာလာပြီး မုန်တိုင်းတစ်ခုကျရောက်တော့မည့်အလား သူ့မျက်လုံးများထဲတွင် မည်းမှောင်သော တိမ်တိုက်များစုဝေးလာတော့သည်။

All Chapters