အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
🍁 Chapter 85
စနစ်အသံမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေသည်။ သူတို့ မြင်းစီးသင်ပြီးနောက် လေထီးခုန်ခြင်းနှင့် မီးပုံးပျံစီးခြင်းတို့ကိုပါ ဆက်လက် ပြုလုပ်ခဲ့ကြပြီ ညဘက်ရောက်မှသာ အိမ်သို့မပြန်ချင်ပြန်ချင်စိတ် ပြန်ကြရသည်။
"ဒီနေ့ အရမ်းပျော်ဖို့ကောင်းတာပဲ၊ ကျေးဇူးပါ ယီယီ"
"ငါကသာ နင့်ကို ကျေးဇူးတင်ရမှာပါ"
"ငါ့ကို ကျေးဇူးတင်တာလား"
ရှုယင်းယင်းသည် နားမလည်နိုင်ဖြစ်သွား၏။ သူမက ယီယီကို ကူညီပေးခဲ့တာ ဘာမှမရှိခဲ့ချေ။
"ငါနဲ့အတူ ဆော့ပေးလို့ ကျေးဇူးတင်တာပါ၊ ပြီးတော့ ငါ အကူအညီလိုတိုင်း အမြဲတမ်း ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"
"အို... ရပါတယ်၊ နင်က သဘောကောင်းတာကိုး၊ နင့်ကို တွေ့ဖူးတဲ့သူတိုင်းက နင့်သူငယ်ချင်း ဖြစ်ချင်ကြမှာပဲ"
"ဒါဆို ငါတို့က အခု သူငယ်ချင်းတွေ ဖြစ်သွားပြီပေါ့"
"သေချာတာပေါ့"
ထိုကတိစကားကို ရရှိပြီးနောက် ယန်ယီယီသည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ ဟူမ ရှုယင်းယင်းအား အိမ်လိုက်ပို့ပေးပြီးနောက် လက်ဆောင်များစွာကိုပါ ပေးခဲ့လေ၏။
ရှုယင်းယင်းသည် ယန်ယီယီ ပြန်သွားပြီးနောက် သူမလက်ထဲရှိ လေးလံသော လက်ဆောင်များကို ကြည့်လိုက်ရာ သူမပျော်ရွှင်မှုမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားတော့သည်။
[အဲ့သူဌေးသမီးလေးက တော်တော်လေး ယဉ်ကျေးတာပဲ၊ ငါတို့ သူ့ကို ပြန်ပေးမယ့် လက်ဆောင်တွေကိုသွားရွေးကြရအောင်၊ ငါ့ရဲ့ သူဌေးမေမေ ပိုက်ဆံပေးထားကတည်းက ဘာမှ မဝယ်ရသေးဘူး]
[သွားကြမယ်၊ ငါ ကူရွေးပေးမယ်]
စနစ်သည် သိချင်စပ်စုနေသော ကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့ ခုန်ပေါက်နေတော့သည်။ လေထီးခုန်ရခြင်းနှင့် မီးပုံးပျံစီးခြင်းမှာ ပျော်ဖို့ကောင်းသည့်အပြင် ဖရဲသီးများလည်း အလွန်ချိုခဲ့သည်။ သူ့ Host နောက် သို့ လိုက်ရသည်မှာ အလွန်ပင်ပျော်စရာကောင်းလှသည်။
ရှုယင်းယင်းတစ်ယောက် ပူပင်သောကကင်းဝေးစွာဖြင့် နေ့ရက်များကို ပျော်ရွှင်စွာ ဖြတ်သန်းနေချိန်တွင် ကျိုးရှင်းရီနှင့် ချန်ချွမ်တို့မှာမူ သူတို့အကြံအစည်များ တစ်ခုပြီးတစ်ခုသဲထဲ ရေသွန်ဖြစ်ကုန်သောကြောင့် ပူလောင်နေသော မီးတောက်ပေါ်မှ ပုရွက်ဆိတ်များပမာ ပြာယာခတ်နေကြတော့သည်။
"တောက်... ယုတ်မာလိုက်တာ၊ အမေရိကန်ကနေ အဲ့ဒီဉာဏ်ရည်တုပရောဂျက်ကို တရုတ်ပြည်ထဲသွင်းလာဖို့ ငါ သန်း ၃၀ တောင် အကုန်ခံခဲ့ရတာ၊ အစက ရှုယန်ရွေ့ကိုထောင်ချောက်ဆင်ပြီး သူ့ဆီကနေ သန်းရာချီ လိမ်ယူမယ်ပြီးမှ ရှုမိသားစုကိုလည်း ဒုက္ခပေးမယ်လို့ စီစဉ်ထားခဲ့တာ၊ ဒါပေမဲ့ ယန်ဖုန်းက ရုတ်တရက် ဝင်ပါလာပြီး ငါ့အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်တယ်၊ ငါ ရှုယန်ရွေ့ဆီကနေ လိမ်မယူနိုင်ခဲ့တဲ့အပြင် ဖုန်းရီကိုတောင်အမြတ်ငွေ ဘီလီယံချီ ရသွားအောင်လမ်းခင်းပေး လိုက်သလို ဖြစ်သွားတယ်၊ ကိစ္စတွေက ဘာလို့ ဒီလို ဖြစ်သွားရတာလဲကွာ"
ချန်ချွမ်သည် ကံဆိုးမိုးမှောင်ကျနေသည်ဟု ခံစားနေရပြီး သူလုပ်သမျှ မည်သည့်အရာကမျှ အဆင်မပြေဖြစ်နေသည်။
"ဒါနဲ့ စကားမစပ်၊ ယောင်ယောင်နဲ့ အခြေအနေ ဘယ်လိုရှိလဲ"
ကျိုးရှင်းရီသည် သူမ ရှုယောင်ယောင်နှင့် တွေ့ဆုံနေသည်ကို ရှုယန်ဝမ် မိသွားကြောင်း ချန်ချွမ်အားမပြောရဲပေ။
သူမသည် တမင်ပင် ပြဿနာ သေးသွားအောင် လျှော့ပြောလိုက်သည်။
"သူမက မကြာသေးခင်က သူမရဲ့ အခက်အခဲတွေကို ငါ့ဆီ လာရင်ဖွင့်တယ်၊ သူမ ပြောတာက အဲ့ဒီ ပရောဂျက်အတွက် အဖိုးကြီးက ရှုယင်းယင်းနဲ့ ရှုယန်ရွေ့ကို ပြိုင်ခိုင်းပြီး အနိုင်ရတဲ့သူက တာဝန်ယူရမယ်တဲ့၊ သူမက ရှုယင်းယင်းထက် ခြောက်လစောပြီး ကုမ္ပဏီကိုဝင်ခဲ့ပေမဲ့ အဖိုးကြီးက သူ့ကို ဘာပရောဂျက်မှ မပေးဘူးလေ၊ ဘယ်သူက ပိုအရေးပါလဲဆိုတာ သိသာနေတာပဲ"
ချန်ချွမ်၏ စိတ်အခြေအနေမှာ အနည်းငယ် ကောင်းမွန်သွားသည်။
"နောက်ဆုံးတော့ သတင်းကောင်းတစ်ခု ကြားရပြီထ ဒီပရောဂျက်ကို သုံးပြီး ရှုယန်ရွေ့ကို မြူဆွယ်ရတဲ့ ငါ့ရဲ့ မူလ ရည်ရွယ်ချက်က သူ့ကို ကြွားလုံးထုတ်ခိုင်းပြီး အကြီးအ ကျယ် ကျရှုံးသွားအောင် လုပ်ဖို့ပဲ၊ အခုတော့ အဖိုးကြီးက ငါ့ကို အကူအညီကြီး ပေးလိုက်တာပဲ"
"အဖိုးကြီးက ရှုယင်းယင်းကို တန်ဖိုးထားပေမဲ့ သူတို့နှစ်ယောက်ကြားမှာ သွေးကွဲအောင် လုပ်တဲ့နေရာမှာလည်း သူက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်"
"အဲ့ဒါက သမီးအစစ်နဲ့အတုကြားမှာ သွေးကွဲအောင်လုပ်ရုံတင်မကဘူး၊ ရှုယန်ရွေ့နဲ့ ရှုယင်းယင်းကြားက ပဋိပက္ခကိုပါ ပိုဆိုးသွားစေတာ၊ အကြီးဆုံးနဲ့ ဒုတိယမိသားစုတွေက အခုကတည်းက သင့်မြတ်မှုမရှိကြဘူး၊ တကယ်လို့ အခုအချိန်မှာ ရှုယင်းယင်း နိုင်သွားရင် ရှုယန်ရွေ့က သူ့ဒေါသတွေကို အကြီးဆုံးမိသားစုအပေါ် ပုံချမှာ သေချာတယ်၊ အဲ့ဒါက တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုဆိုးသွားစေလိမ့်မယ်၊ ပြီးတော့ တကယ်လို့ ရှုယန်ရွေ့နိုင်သွားရင်လည်း သူက ရလာတဲ့ အခွင့်အရေးကို သုံးပြီး အကြီးဆုံးမိသားစုကို ကုမ္ပဏီကနေ ဖယ်ရှားပစ်မှာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် အကုန်လုံးက ငါတို့အတွက် အကျိုးရှိတာချည်းပဲ"
ကျိုးရှင်းရီ သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။
"ဒီလို ကြည့်မယ်ဆိုရင်တော့ အစီအစဉ်က ငါတို့ရဲ့ ခြေလှမ်းတွေအတိုင်း ချောချောမွေ့မွေ့ ဆက်သွားနေတုန်းပဲ"
"ဟုတ်တယ်၊ ဒါပေမဲ့ ရှုယောင်ယောင်ကို ငါတို့ဘက် ပါလာအောင် သိမ်းသွင်းတဲ့ လုပ်ငန်းစဉ်ကို မင်း အရှိန်မြှင့်ဖို့တော့ လိုသေးတယ်၊ ရှုမိသားစုရဲ့ ဂရုမစိုက်မှုကို သူမ မြန်မြန် မြင်လာအောင် လုပ်ပြီး ငါတို့ဘက် ပြောင်းလာအောင် လုပ်ရမယ်"
"အင်း၊ ကျွန်မ လုပ်လိုက်မယ်"
တနင်္လာနေ့သို့ ရောက်ရှိလာသောအခါ ရုံမောင်အုပ်စုနှင့် ဖုန်းရီတို့ကြားမှ ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်ရေး ပရောဂျက်ကြီးအား တရားဝင် စတင်လိုက်လေသည်။
ရှုဟုန်ထျန်သည် ကုမ္ပဏီ၏အကြီးတန်း စီမံခန့်ခွဲသူများ အားလုံးရှေ့တွင် ရှုယန်ရွေ့အား ပထမဆုံးအကြိမ်အဖြစ် ချီးကျူးစကားဆိုခဲ့ပြီး စွန်းမင်၏ဌာနပြောင်းရွှေ့မှုအား လက်မှတ်ရေးထိုးပေးကာ သူမအား ပရောဂျက်အသစ်၏ မန်နေဂျာအဖြစ် ခန့်အပ်လိုက်သည်။
ထိုသတင်းကို ကြားသိရသောအခါ ထန်ဝမ်သည် ရှုယန်ရွေ့အား သူမ ရုံးခန်းသို့ ချက်ချင်းခေါ်ကာ ဆူပူကြိမ်းမောင်းတော့သည်။ သူသည် သူမလူများကို ခိုးယူရုံသာမက သူ၏ ကိုယ်ပိုင်ပုံရိပ်ကို အလှဆင်ရန် စွန်းမင်၏အရည်အချင်းများအား အသုံးချခြင်းမှာ အရှက်မရှိကာ အောက်တန်းကျပြီး ယုတ်မာသော လုပ်ရပ်ဖြစ်ကြောင်း စွပ်စွဲပြောဆိုသည်။
ရှုယန်ရွေ့သည် တစ်ခွန်းမျှ ပြန်လည်မချေပဘဲ တချိန်လုံး ပြုံးနေခဲ့ပြီး ဂရုမစိုက်သည့်ဟန် ပြုမူနေပုံက ထန်ဝမ့်ရင်တွင်း ဒေါသမီးတောက်ကို ပိုမိုလောင်ကျွမ်းစေခဲ့သည်။
ရှုယန်ရွေ့ အောင်မြင်လိမ့်မည်ဟု သူမ ဘယ်သောအခါကမျှ မယုံကြည်ခဲ့သည့်အပြင် သူသည် အရည်အချင်းရှိသူများအား အသိအမှတ်ပြုကာ အသုံးချတတ်မည်ဟုလည်း မထင်ခဲ့ပေ။ သို့သော် ဤမျှ တိုတောင်းသောအချိန်ကာလအတွင်းတွင် ရှုယန်ရွေ့ ရုတ်တရက်ပါးနပ်လာခဲ့သည်။ ထိုအရာမှာ ဆရာကောင်းတစ်ဦး၏လမ်းညွှန်မှုမပါဘဲ မည်သို့လုပ်နိုင်မည်နည်း။
ထန်၀မ်သည် ရှုယန်ရွေ့အား ဆူပူကြိမ်းမောင်းပြီးနောက် စွန်းမင်ကိုခေါ်ကာ သစ္စာဖောက်တစ်ဦးအဖြစ် သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်သည်။ ထို့နောက် လောင်းကစားစွဲနေသော ထန်၀မ့်ခင်ပွန်းအား သတိပေးချက်တစ်ခုအနေဖြင့် အသုံးပြုကာ ပရောဂျက်၏တိုးတက်မှုအား အမြဲတစေ သတင်းပို့ရန် အတင်းအကျပ် ခိုင်းစေလိုက်သည်။ သူမသည် ပရောဂျက်ကို ဖျက်ဆီးရန်ပြင်ဆင်နေခြင်းပင်။
စွန်းမင်သည်တော့ သူမအမိန့်လိုက်နာရန် ဆန္ဒမရှိသဖြင့် ပွင့်ပွင့်လင်းလင်းပင်ငြင်းသည်။
"ဥက္ကဋ္ဌထန်၊ ကျွန်မက လူနှစ်ယောက်ကို တစ်ပြိုင်တည်း သစ္စာမခံနိုင်ပါဘူး၊ ငြင်းရတဲ့အတွက် ကျွန်မ စိတ်မကောင်းပါဘူး၊ ဒါနဲ့ စကားမစပ်ပြောရရင် ဥက္ကဋ္ဌရှုက လောင်းကစားစွဲနေတဲ့ ကျွန်မယောက်ျားရဲ့အကြွေးတွေကို ဖြေရှင်းပေးပြီးပါပြီ၊ ရဲတွေကလည်း အဲ့ဒီမြေအောက် ကာစီနိုရုံကိုဝင်ဖမ်းလိုက်ပြီ၊ တာဝန်ရှိသူတွေရဲ့ စကားအရတော့ လောင်းကစားစွဲနေတဲ့ ကျွန်မယောက်ျားအတိုးကြီးစားတွေဆီက ငွေချေးတာဟာ တစ်စုံတစ်ယောက်ရဲ့ အကြံအစည်နဲ့ လုပ်ထားတဲ့ ထောင်ချောက်တစ်ခုတဲ့၊ သူတို့ အစွမ်းကုန် စုံစမ်းစစ်ဆေးနေပါတယ်၊ ဥက္ကဋ္ဌရှုကနောက်ကွယ်က ကြိုးကိုင်တဲ့သူကို အမြန်ဆုံး ဖမ်းမိအောင် စောင့်ကြည့်ပေးပြီး ကျွန်မအတွက် တရားမျှတမှု ရစေရမယ်လို့ ကတိပေးထားပါတယ်"
ထိုသို့ပြောပြီးနောက် စွန်းမင်လည်း ထန်ဝမ်အား ခေါင်းညိတ်အရိုအသေပေးကာ လှည့်ထွက်သွားရာ ထန်ဝမ်မှာ မျက်နှာ ပျက်သွားပြီ ကုလားထိုင်ပေါ်တွင် အရုပ်ကြိုးပြတ်ကျန်ရစ်ခဲ့လေသည်။
သူမ သိနေတာလား...
သူမသည် ဖုန်းကို အလျင်အမြန်ထုတ်ကာ ယုံကြည်ရသော လူယုံတစ်ဦးထံ ဆက်သွယ်ပြီး အမှုအခြေအနေကို အနီးကပ် စောင့်ကြည့်ရန်နှင့် တစ်ဖက်လူက သူမအား အမှုတွဲထဲဆွဲမသွင်းစေရန် သေချာအောင်လုပ်ရန် ညွှန်ကြားလိုက်သည်။ လိုအပ်လျှင် သူမ ကြမ်းတမ်းသော နည်းလမ်းများသုံးနိုင် သည်။
ထန်၀မ်မှာသင့်သလောက်မှာပြီးနောက် ဆိုဖာပေါ်သို့ ပင်ပန်းနွမ်းနယ်စွာ မှီချလိုက်ပြီး ပုရွက်ဆိတ်များပမာ ရည်ရွယ်ချက်မဲ့ ပြေးလွှားနေကြသော အောက်ဘက်ရှိ လမ်းသွားလမ်းလာများကို ဗလာကျင်းသော အကြည့်များဖြင့် ငုံ့ကြည့်နေသည်။
ဗုဒ္ဓဟူးနေ့ ညနေခင်းတွင်ရှုယင်းယင်းသည် သူမအဒေါ်ဖြစ်သူထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့သည်။ ထိုသည်မှာ နောက် နေ့တွင် ယန်ယာရှန်းအား ပရဟိတ လေလံပွဲတစ်ခုတွင် အဖော်ပြုပေးရန် ဖိတ်ကြားခြင်းဖြစ်သည်။ ထို့အပြင် ယန်ယာရှန်း၏ မြေးဖြစ်သူလည်း လိုက်ပါလာမည်ဟု ပြောလေသည်။
"အန်တီ အဖွားယန်နဲ့ သူ့မြေးအကြောင်း ပြောနေတာ ငါ ကြားလိုက်တယ်၊ ကျဲကို သူ့မြေးနဲ့ သဘောတူပေးဖို့ ကြိုးစားနေတာများလား"
ရှုယောင်သည် အိမ်နီးချင်းမြို့၌ ပြိုင်ပွဲတစ်ခုပြီးဆုံးခါစဖြစ်သောကြောင့် ရှုယင်းယင်းက သူ့အား ညစာစားရန် သွားကြိုခဲ့ခြင်းဖြစ်သည်။ ရှုယန်ဝေ ဖုန်းခေါ်လာချိန်တွင် သူသည် ရှုယင်းယင်းနှင့်အတူ ဂိမ်းကစားနေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ရှုယင်းယင်း စားနေသောအာလူးကြော်များမှာ ရုတ်တရက် အရသာပျက်သွားသလို ခံစားလိုက်ရသည်။
🍁 Chapter 86
"ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ အန်တီက ငါ့ကို လေလံပွဲလိုက်သွားစေချင်ရုံ သက်သက်ပဲနေမှာ၊ ဘယ်သူက အဲ့ဒီလို နေရာမျိုးမှာ blind date လုပ်မှာလဲ"
"အဲ့ဒါက ပြောရခက်တယ်လေ၊ ဘာပဲဖြစ်ဖြစ် ကျဲက အိမ် ထောင်ပြုရမယ့် အရွယ်ရောက်နေပြီပဲဟာ"
ရှုယောင် တမင်သက်သက် မီးလောင်ရာ လေပင့်လိုက်လေသည်။ ရှုယင်းယင်း မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။
"အဖွားယန်ရဲ့ မိသားစုက ရာစုနှစ်ချီ သက်တမ်းရှိတဲ့ သူဌေးမိသားစုလေ၊ အဖိုးရဲ့ ကိုယ့်ထူးကိုယ်ချွန် အောင်မြင်မှုနဲ့ လုံးဝကို ကွာခြားတယ်၊ ငါက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တာဆိုဝောာ့ သူဌေးသမီးအစစ်ဆိုပေမဲ့ ငါ့ဘဝရဲ့ ပထမဆုံး ၂၅ နှစ်က သူဌေးအသိုင်းအဝိုင်းတွေနဲ့ ဘာမှ မသက်ဆိုင်ခဲ့ဘူး၊ တကယ်လို့ အိမ်ထောင်ဘက် ညှိနှိုင်းချင်တာဆိုရင် သူတို့က ဘာလို့ ငါ့ကို ရွေးရမှာလဲ"
"ဒါလည်း ဟုတ်တာပဲ၊ ဒါပေမဲ့ အဖွားယန်က ကျဲကို သဘော ကျတယ်လေ"
ရှုယောင်မှာ သူမ အတွေးများမှာ အစွမ်းထက်ကြောင်းနှင့် လူယုတ်မာများအ အပြစ်ပေးရုံသာမက လူတိုင်းအား အရည်ရွှမ်းသော အတင်းအဖျင်းများပါ ပြောပြနိုင်သဖြင့် ဖြောင့်မတ်သော လုပ်ရပ်ဖြစ်ကြောင်း ပြောလိုက်ချင်သည်။
အဖွားယန် မျက်လုံးထဲတွင် သူမအပေါ် လေးစားအားကျမှုနှင့် ချစ်ခင်မှုများ အပြည့်အဝရှိနေသောကြောင့် သဘာဝကျကျပင် သူမအား မြေးဖြစ်သူနှင့် အောင်သွယ်ပေးရန်ကြိုး စားပေလိမ့်မည်။ ကောင်းသောအရာများဆိုလျှင် မိသားစုထဲတွင်သာ ဖွက်ထားသင့်သည် မဟုတ်ပါလား။
"ဒီမိသားစု ညစာစားပွဲက ငါတို့ရဲ့ပထမဆုံး အတွေ့အကြုံပဲ ရှိသေးတာလေ၊ ငါ အဲ့လောက်ထိ ဆွဲဆောင်မှု ရှိတယ်လို့မထင်ပါဘူး"
[ဘဝမှာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် သိစိတ်ပဲ၊ ငါ့ရဲ့ အကန့်အသတ်တွေကို ငါ ကောင်းကောင်း သိပါတယ်၊ မျက်စိစုံမှိတ်ပြီး လာမြှောက်မနေနဲ့]
ရှုယောင်သည် သူမ အတွေးများကြောင့် ရယ်ချင်သွားပြီး အလျင်အမြန် ထောက်ခံလိုက်သည်။
"ကျွန်တော် အစ်ကိုယန်နဲ့ နည်းနည်းတွေ့ဖူးတယ်၊ သူက အဖွားယန်ရဲ့ မြေးလေ၊ အရပ်ရှည်တယ်၊ ချောတယ်၊ ချမ်းသာတယ် ပြီးတော့ အရမ်း ဉာဏ်ကောင်းပြီး အံ့မခန်း စွမ်းဆောင်ရည်တွေ ရှိတယ်၊ သူက အမေရိကန် စီးပွားရေးနယ်ပယ်မှာ ထိပ်တန်းက နေရာယူထားတဲ့သူဖြစ်သလို ကမ္ဘာ့သူဌေးစာရင်း ထိပ်တန်း ၁၀ ဦးစာရင်းမှာ ပါဝင်တဲ့ တစ်ဦးတည်းသော တရုတ်လူမျိုးပဲ၊ သူက တကယ်ကိုတော်တာ ကျဲရဲ့"
"အေးပါ၊ အေးပါ... အဲ့လောက် စွမ်းဆောင်ရည်ရှိတဲ့သူက တစ်ယောက်တည်းနေတာ အကောင်းဆုံးပါပဲ၊ သူ့ရဲ့ လုပ်ငန်းကလွဲပြီး တခြားဘယ်အရာနဲ့ ဘယ်သူမဆို သူ့အတွက် တားဆီးမှုတွေချည်းပဲ ဖြစ်မှာ၊ ဒါကြောင့် အဲ့ဒီအတွေးကို စွန့်လွှတ်လိုက်တော့"
[အဲ့ဒီလို အံ့မခန်း စွမ်းဆောင်ရည်ရှိတဲ့ ယောက်ျားတွေက များသောအားဖြင့် ဘဝင်မြင့်ပြီး အာဏာရှင်ဆန်ကြတယ်၊ မိန်းမတွေက သူတို့ရဲ့တိုးတက်မှု အမြန်နှုန်းကိုနှေးကွေးသွားစေရုံပဲရှိမှာ၊ ငါကတော့ သူတို့နဲ့ သွားမရှုပ်ချင်ဘူး၊ သူတို့က ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး]
[ရှောင်ယင်း၊ နင် သူ့ဓာတ်ပုံကိုကြည့်ချင်လား၊ သူ တကယ်ကို ချောတာဟေ့]
စနစ်သည် ဟော်ယန်၏ကိုယ်ရေးရာဇ၀င်အကျဉ်းအား ရှုယင်းယင်းကို ပြလိုက်သည်။ ထိုအကျဉ်းချုပ်မှာ ရှုယောင် ပြောခဲ့သည်များနှင့် ကိုက်ညီသော်လည်း သူ၏ ရုပ်ရည်သွင်ပြင်မှာ ပို၍ပင် ထူးချွန်ပြောင်မြောက်နေသည်။ သူသည် ဝတ္ထုထဲမှ အာဏာရှင် ဇာတ်လိုက်တစ်ဦး၏ အငွေ့အသက်မျိုးရှိပြီး အဝတ်အစားများအောက်ရှိ သူ့ တောင့်တင်းလှသော ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်မတက် ဖောင်းကြွနေပြီး အေးစက်စက်နှင့် မာနကြီးသော အမျိုးသားတစ်ဦးပုံစံဖြစ်လေသည်။
ရှုယင်းယင်းလို ချောချောလှလှလေးဆို ကြိုက်သူမှာ ပိုလိုပင် တုန်လှုပ်သွားခဲ့သည်။
[နတ်ဘုရားတစ်ပါးလိုမျိုး ဒီလောက်ချောတဲ့သူ တကယ်ရှိလို့လားဟယ်၊ အဲ့ဒါ ဖိုတိုရှော့နဲ့ ပြင်ထားတာ မဟုတ်ဘူးဆိုတာ သေချာလို့လား]
[စနစ်က အမှန်ကန်ဆုံး ဒေတာတွေကိုပဲ ပေးတာ၊ ဒါ သေချာ ပေါက် အစစ်အမှန် လူတစ်ယောက်ရဲ့ မူရင်း ဓာတ်ပုံပဲ]
[အိုက်ရား... သူ တကယ်ချောတာပဲ၊ သူ့ကို ရှားပါးရတနာတစ်ပါးလို့တောင် ခေါ်ရမယ်၊ နက်ရှိုင်းတဲ့ မျက်လုံးတွေ၊ ဖြောင့်စင်းတဲ့ နှာတံနဲ့ ပြီးပြည့်စုံတဲ့ မေးရိုးတွေဟ၊ သူဝတ်ထားတဲ့ ရိုးရှင်းတဲ့ ရှပ်အင်္ကျီအဖြူကတောင် သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ ပုံစံကိုမပျက်စီးစေဘူး၊ သူ့ရဲ့ မွေးရာပါ အေးစက်ပြီး မြင့်မြတ်တဲ့ အရှိန်အဝါက လရောင်အောက်က တိမ်တိုက်လိုလို ဒါမှမဟုတ် တောင်ပေါ်စမ်းချောင်းထဲက ကြာပန်းလေးလိုပဲ၊ သူက လူတွေကို ဆွတ်ခူးချင်စိတ်နဲ့ ညစ်နွမ်းအောင် လုပ်ချင်စိတ်ကို ပေါက်လာအောင် သွေးဆောင်နိုင်တာပဲ၊ ဒါပေမဲ့ သူ့မျက်လုံးတွေကိုကြည့်... အေးစက်ပြီး မောက်မာလိုက်မယ့်ပုံစံပဲ၊ ငါ့အကြိုက်လုံး၀ မဟုတ်ဘူး၊ ဒါနဲ့ စကား မစပ်... သူ့အကြောင်း အတင်းအဖျင်းတွေ မရှိဘူးလား]
[ကံမကောင်းစွာနဲ့ပဲ မရှိဘူးဟ၊ သူ့ဆီမှာ ယုံနိုင်စရာမရှိလောက်အောင် အထင်ကြီးစရာကောင်းတဲ့ အလုပ်အတွေ့အ ကြုံရယ်၊ စီးပွားရေးလောကမှာ ဘယ်တော့မှ မရှုံးနိမ့်ဖူးတဲ့ ဂုဏ်ကျက်သရေရှိတဲ့ မှတ်တမ်းရယ်ပဲ ရှိတာ]
[အော်... သူက အလုပ်ကြိုးစားလွန်းသူကြီးပေါ့၊ ဒါဆိုရင်လည်း အဆင်ပြေပါတယ်၊ ငါ blind date အလုပ်ခံရမှာကို မကြောက်တော့ဘူး၊ ဘာလို့လဲဆိုတော့ အဲ့အာဏာရှင် CEO ကြီးက အလုပ်ကိုပဲ ဂရုစိုက်မှာသေချာနေတာလေ၊ သူ့အတွက် ကျန်တဲ့လူတွေ အကုန်လုံးက အသုံးမဝင်ဘူး]
[နင် တကယ်ကြီး အဲ့လောက်တောင် ချဲ့ကားပြောစရာလိုလို့လား]
[နင် အဲ့ဒီကို ရောက်ရင်မြင်ရမှာပေါ့၊ စောင့်သာကြည့်လိုက်]
"ကြည့်ရတာ အစ်ကိုယန်က တစ်ခါမှ ရည်းစားမထားဖူးတဲ့ပုံပဲ၊ သူက လူပျိုစစ်စစ်လေး ဖြစ်လောက်တယ်"
ရှုယောင် လက်မလျှော့ချင်ဘဲ သူမအား ဖြောင့်ဖျရန်ဆက် လက် ကြိုးစားနေသည်။
"ဖူး"
ရှုယင်းယင်း ပါးစပ်ထဲမှ ဆိုဒါများ ထွေးထုတ်လိုက်မိသည်။
"အဲ့ဒါက နင့်လို ကလေးတွေကို လှည့်စားတာပဲနေမှာ၊ အရွယ် ရောက်ပြီးရင် ဘယ်ယောကျာ်းမှ လူပျိုမဖြစ်နိုင်ဘူး၊ သူ တစ်တိုင်းပြည်လုံးမှာ ရည်းစားတွေ မှိုပေါက်သလိုထားတာပဲနေမှာ"
ရှုယင်းယင်း သေချာစွာ ပြောလိုက်သည်။
ရှုယောင် "ကျဲ... ကျွန်တော် အရွယ်မရောက်သေးဘူးလေ၊ ဒီလို မသင့်တော်တဲ့ ကိစ္စတွေကို ပြောပြနေတာရပ်လိုက်ပါတော့"
ရှုယင်းယင်း သူ့အား လှောင်ပြောင်လိုက်သည်။
"နင် အရွယ်မရောက်သေးဘူးဆိုတာသိရင် လူကြီးကိစ္စတွေမှာ ဝင်စွက်ဖက်တာ ရပ်လိုက်တော့၊ ဂိမ်းက ဆက်ဆော့ဦးမှာလား"
"ဆော့မှာပေါ့"
နောက်နေ့နံနက်တွင် ရှုယင်းယင်းအား ကျန်းရှင်း လာနှိုးလိုက်သည်။ ရှုယင်းယင်းအား ပြင်ဆင်ပေးရန်အတွက် ကိုယ်ပိုင်စတိုင်လစ်ကိုလည်း ခေါ်ထားပြီးပြီဖြစ်သည်။ ကျန်းရှင်းသည် သူအား အသစ်ချုပ်ထားသော ဂါဝန်များစွာအား တစ်ထည်ချင်းစီ၀တ်ခိုင်းနေသဘ်။
"သမီး... ဒီည လေလံပွဲကို ဝတ်သွားဖို့ သမီး တစ်စုံတော့ သေချာပေါက် ရွေးရမယ်နော်၊ အဲ့ဒါက သမီးအတွက် ပထမဆုံးအကြိမ်ဖြစ်မှာဆိုတော့ မားက သေချာလေး မှတ်တမ်းတင်ထားချင်လို့ပါ"
ကျန်းရှင်းသည် သူမလက်ထဲရှိ ကင်မရာကို ပြသလိုက်ရာ သူငယ်တန်းကလေးတစ်ယောက်အား ကျောင်းပွဲအတွက် အဝတ်အစား ရွေးချယ်ရန် ချော့မော့နေသည့်အလားထင်ရသည်။
[ဟူး... မားက ငါ ကလေးဘဝတုန်းက လွတ်သွားခဲ့တဲ့ အချိန်တွေအတွက် ပြန်ပြီး အစားထိုးပေးဖို့ ကြိုးစားနေတာလား၊ သူမ တကယ် မလိုဘူး]
"မား... အန်တီနဲ့ သမီးက အဖွားယန်ရဲ့ လေလံပွဲကို သွားရမှာလေ၊ အရမ်းတောက်ပြောင်တာတွေ ဝတ်သွားရင် အဖွားရဲ့ နေရာကိုလုသလို ဖြစ်သွားမှာပေါ့၊ ပေါ့ပေါ့ပါးပါးလေး ဝတ်တာ အကောင်းဆုံးပဲ"
"ဟင့်အင်း၊ ဒါက ပရဟိတလေလံပွဲလေ၊ ပြီးတော့ အဖွားယန်ကကျင်းပတာဆိုတော့၊ သမီး တစ်ခုခုကိုတော့ သေချာ ပေါက်လေလံဆွဲရမယ်၊ မား သမီးအတွက် ချက်လက်မှတ် ပြင်ထားပြီးပြီ၊ သမီး သဘောကျတာ ဘာမဆို လေလံဆွဲလိုက်၊ ဈေးနှုန်းအတွက် စိတ်မပူနဲ့"
[အရမ်းကို ဖြုန်းတီးလွန်းတာပဲ၊ လေလံပွဲတွေမှာ လေလံဆွဲတာက သောင်းဂဏန်းကနေ စတာကို၊ လူတွေ အများကြီး လေလံဆွဲကြရင် မျက်စိတစ်မှိတ်အတွင်းမှာ သန်းရာချီပြီး ပျောက်ကွယ်သွားနိုင်တယ်၊ တွေးကြည့်ရုံနဲ့တင် ငါ့ရင်တွေနာလာပြီ၊ ပိုက်ဆံရှိရင်တောင်မှ ဒီလိုမျိုးတော့ သုံးလို့ မရဘူးလေ]
"သမီးရဲ့ အမြင်က အရမ်းကျဉ်းလွန်းတယ်၊ ဒါက ပရဟိတ လေလံပွဲလေ... ပိုက်ဆံတွေ အကုန်လုံးက ပရဟိတလုပ်ငန်းတွေဆီ ရောက်သွားမှာ၊ ပြီးတော့ အနိုင်ရသွားတဲ့ ပစ္စည်းတွေက လေလံဆွဲသူရဲ့ စေတနာကိုထင်ဟပ်နေတာပဲ၊ သူဌေးတွေက ပိုက်ဆံကို လေလံဆွဲနေတာ မဟုတ်ဘူး၊ စေတနာကို လေလံဆွဲနေကြတာ နားလည်လား"
ရှုယင်းယင်း တိတ်တဆိတ် နှုတ်ခမ်းစူလိုက်သည်။
"ဟုတ်၊ သမီးက အခုမှ သူဌေးဖြစ်ခါစဆိုတော့ သမီးရဲ့စိတ်က ဆင်းရဲတဲ့သူတစ်ယောက်လို တွေးမိနေတုန်းပဲ"
ကျန်းရှင်းသည် သူမကြောင့် ရယ်ချင်သွားပြီး အလျင်အမြန် ဖြည့်ပြောလိုက်သည်။
"မားတို့ မိသားစုက ပိုက်ဆံမရှားဘူး၊ သမီး သုံးမယ့် ပိုက်ဆံက မိသားစုရှာနိုင်တာထက် အများကြီးနည်းတယ်၊ မိဘတွေအတွက် ပိုက်ဆံစုထားဖို့လည်း စိတ်မပူပါနဲ့၊ မိသားစုပိုင်တာတွေက သမီးအတွက်ချည်းပဲ၊ ဒါကြောင့် လွတ်လွတ်လပ်လပ် သုံးပါ၊ ပိုက်ဆံသုံးတယ်ဆိုတာ သူဌေးသမီးတွေအတွက် မဖြစ်မနေသင်ယူရမယ့် သင်ခန်းစာပဲ၊ မားက သမီးအပေါ် မျှော်လင့်ချက်တွေ အများကြီးထားထားတာနော်"
"ဟုတ်ကဲ့၊ သမီး အကောင်းဆုံး ကြိုးစားပြီး သင်ယူပါ့မယ်"
ရှုယင်းယင်းသည် အပြင်ပန်းတွင် ဣန္ဒြေရရရှိနေသော် လည်း အတွင်းစိတ်ထဲတွင်မူ ကြက်တစ်ကောင်ပမာအော် ဟစ်နေသည်။ သူမ မိခင်၏မျှော်လင့်ချက်တွေက ဘယ် လောက်တောင် ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းလိုက်သလဲ၊ သူမ ပိုက်ဆံမသုံးရင်တော့ သူမက မိဘကျေးဇူးမဆပ်တဲ့သူ ဖြစ်သွားတော့မယ်။
သုံးပစ်၊ အကုန်လုံး သုံးပစ်လိုက်မယ်။
ပစ္စည်းတွေ ဝယ်ရုံသက်သက်ပဲဟာ၊ အဲ့ဒါကို ဘယ်သူက မလုပ်တတ်ဘဲ နေမှာလဲ
ရှုယင်းယင်း ထိုသို့စိတ်နှလုံးသွင်းပြီး ကားပေါ်သို့ တက်လိုက်ကာ လမ်းတစ်လျှောက် တခြားသူများ မည်ကဲ့သို့ လေလံဆွဲကြသည်ကို လေ့လာရန် ဝဘ်ဆိုဒ်များပေါ်မှ လေလံပွဲ ဗီဒီယိုအမျိုးမျိုးကို ရှာဖွေကြည့်ရှုရန် မမေ့ခဲ့ပေ။ သူမ မှန်ကန်စွာ လေ့ကျင့်ထားဖို့လိုသည်။
လေလံပွဲကျင်းပရာ နေရာသို့ ရောက်ရှိချိန်တွင် ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် မိသားစု ညစာစားပွဲတုန်းက တွေ့ခဲ့ရသော အဝါရောင်ဂါဝန်နှင့် အမျိုးသမီး၏ရင်းနှီးနေသော ပုံရိပ်တစ်ခုအား အဝေးမှ လှမ်းမြင်လိုက်ရသည်။
[ဟင်၊ သူ ဒီမှာ ဘာလုပ်နေတာလဲ၊ အိမ်က ကိစ္စတွေ အကုန် ရှင်းသွားပြီလား မသိဘူး]
[သေချာပေါက် မရှင်းသေးဘူးလေ၊ ဒီတစ်ခေါက်တော့ သားကောင်တွေက အရင်ကထက် ပိုပြီးညီညွတ်နေကြလို့ နောက်ဆုတ်ဖို့ လမ်းမရှိသလောက်ပဲ၊ သူ့မောင်က ဖမ်းဆီးခံထားရပြီဆိုတော့ မိသားစုက ပြာယာခတ်နေလို့ ပရဟိတလေလံပွဲကိုသုံးပြီး လူတွေရဲ့ အာရုံစိုက်မှုကိုရယူဖို့နဲ့ သတင်း စာ မျက်နှာဖုံးမှာပါဖို့လုပ်နေတာ၊ ဒါမှ ပုံရိပ်ကောင်းတစ်ခု ဖန်တီးနိုင်ပြီး အထက်ပိုင်းလူကြီးတွေလည်း မျက်နှာသာပေးမှာပေါ့]
[ဟက်၊ အပေါ်ယံ ဂုဏ်သတင်းတွေနဲ့ လူယုတ်မာကိုလွတ် မြောက်အောင် လုပ်ပေးဖို့ မျှော်လင့်နေတာလား၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ငါ့မှာ ဘာပဲဖြစ်ဖြစ် လေလံဆွဲချင်တဲ့ ဟာမရှိတော့ သူမနဲ့အတူ ဝင်ကစားပေးလိုက်တာပေါ့]
[နင် ဘာလုပ်ဖို့ စီစဉ်နေတာလဲ]
[မကောင်းမှုကို အပြစ်ပေးပြီး တရားမျှတမှုကို ထိန်းသိမ်းဖို့လေ]