အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
🍁 Chapter 87
ကားပေါ်မှ ရှုယင်းယင်း ဆင်းလာသည်နှင့် တစ်ပြိုင်နက် ကျိုးကျင့်ကျင့်လည်း သူမအား လှမ်းမြင်သွားလေသည်။ ကျိုးကျင့်ကျင့်၏ နူးညံ့ဖော်ရွေသော အပြုံးမှာ ချက်ချင်းပင် မကျေနပ်မှုနှင့် မနှစ်မြို့မှုများ ရောစပ်လာသည်။
"တောင်းပန်ပါတယ်၊ ခဏလောက် ခွင့်ပြုပါဦးရှင်"
ကျိုးကျင့်ကျင့်သည် သူမနှင့် စကားပြောနေသူအား ကမန်းကတန်း နှုတ်ဆက်လိုက်ပြီး ရှုယင်းယင်းထံသို့ တည့်တည့်မတ်မတ် လျှောက်သွားသည်။
"နင် ဒီမှာ ဘာလာလုပ်တာလဲ၊ နင့်မှာ ဖိတ်စာ ရှိလို့လား"
ကျိုးကျင့်ကျင့်က သူမအား အထက်စီးမှ ငုံ့ကြည့်ကာ မောက်မာစွာ မေးလိုက်သည်။
ကျိုးကျင့်ကျင့်၏ အဘိုးခေတ်မှာ သူတို့မိသားစုသည် ချမ်းသာကြွယ်ဝသည်ဟု ဆိုနိုင်သော်လည်း သူမ ဖခင်လက်ထက်သို့ လုပ်ငန်းများ လက်ဆင့်ကမ်း ရောက်ရှိလာချိန်တွင်မူ စီးပွားရေးမှာများစွာ ယိမ်းယိုင်လာခဲ့သည်။ ထိုအပြင် သူမမောင်၏အရှုပ်တော်ပုံကြောင့် စတော့ရှယ်ယာဈေးကွက်မှာ ထိုးကျသွားကာ မိသားစုမှာ ပြိုလဲလုနီးပါး အခြေအနေသို့ပင် ဆိုက်ရောက်နေသည်။
လူလုံးလှစေရန်နှင့် တစ်မိသားစုလုံးမှာ ဖြောင့်မတ်သော လူကြီးလူကောင်း ပရဟိတသမားများဖြစ်ကြောင်း အထက် လူကြီးများထံ ပြသနိုင်ရန်အတွက် သူမ၏ဖခင်သည် ယန်မိသားစုခေါင်းဆောင် ကိုယ်တိုင် ကြီးမှူးကျင်းပသော ဤလေလံပွဲသို့ သူမအား မဖြစ်မနေတက်ရောက်စေကာ ဂုဏ်သတင်း မြှင့်တင်ခိုင်းခဲ့ခြင်းဖြစ်သည်။
သူမ ဤအခွင့်အရေးအား စေ့စပ်ထားသူ မိသားစုထံမှ အတင်းအကြပ် တောင်းဆိုခြင်းဖြင့်ရရှိခဲ့ခြင်းဖြစ်၏။ သို့ဖြစ်ရာ နောက်မှသာ အသိအမှတ်ပြုခံရသော သူဌေးသမီးရှုယင်းယင်းကိုမူ သူမ မည်သည့်အခါကမျှ အလေးအနက်မထားခဲ့ပေ။ အဘယ့်ကြောင့်ဆို သူဌေးအသိုင်းအဝိုင်းများတွင် အရှုပ်တော်ပုံများ သိပ်များလွန်းလှသဖြင့် သူမသည် တရားမဝင်ကလေးတစ်ယောက် ဖြစ်နေမလားဆိုသည်ကို မည်သူကမှ အသေအချာသိနိုင်မည်မဟုတ်ပေ။ အဘိုးရှုက သူမအား လူလုံးထွက်ပြခိုင်းခြင်းမှာ ဆွေမျိုးတော်စပ်ကြောင်း အသိ အမှတ်ပြုခြင်းမှတစ်ဆင့် လူမှုဆက်ဆံရေးပလက်ဖောင်းတစ်ခု တည်ဆောက်ရန် နည်းလမ်းတစ်ခုမျှသာ ဖြစ်ပေမည်။
ထို့ကြောင့် ရှုယင်းယင်းသည်လည်း သူမကဲ့သို့ပင် သူဌေးသားတစ်ယောက်ယောက်နှင့် ချိတ်ဆက်မိပြီး မျက်နှာပန်းလှစေရန်အတွက် သူမကိုပါ ခေါ်သွားပေးရန် တောင်းဆိုထားခြင်း ဖြစ်နိုင်သည်ဟု သဘာဝကျကျပင် မှတ်ယူထားသည်။ ရှုယင်းယင်း၏အနေရခက်သော အခြေအနေအရ ရှုယင်းယင်း ရှာတွေ့သော အမျိုးသားမှာ သူမ အမျိုးသားလောက် အဆင့်အတန်းမမီနိုင်ကြောင်း သေချာလှသဖြင့် မောက်မာစွာ မေးခွန်းထုတ်ရဲခြင်းဖြစ်သည်။
"ဖိတ်စာလား"
ရှုယင်းယင်းသည် သံသယဖြစ်ဟန်ဖြင့် မေးလိုက်သည်။
"ငါ့မှာ မရှိဘူး"
ကျိုးကျင့်ကျင့်သည် သူမ၏ မသိနားမလည်မှုနှင့် ကြောက်ရွံ့မှုကင်းမဲ့သော ပွင့်လင်းမှုတို့ကြောင့် ရယ်ချင်သွားပြီး လှောင် ပြောင်သော လေသံဖြင့်ရယ်မောလိုက်သည်။
"အေးပေါ့လေ၊ ဒါက နင့်အတွက် ဒီလိုပွဲမျိုးကို ပထမဆုံးအကြိမ်လာဖူးတာဖြစ်မှာပေါ့၊ မသိတာလည်း ပုံမှန်ပါပဲ"
သူမသည် စိုးရိမ်ဟန်ဆောင်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး "နင် တစ်ယောက်တည်း လာတာတော့ မဟုတ်ဘူးမလား"
"ငါ တစ်ယောက်တည်းဆိုတော့ရော ဘာဖြစ်လဲ၊ ပြဿနာရှိလို့လား"
ရှုယင်းယင်းသည် ကျိုးကျင့်ကျင့်၏ လှည့်ကွက်လေးများကို ကြည့်ချင်သဖြင့် ဆက်၍မသိချင်ယောင်ဆောင်နေလိုက်သည်။
"တခြားသူတွေကတော့ ကိုယ့်ဘာသာ ကိုယ် အဆင်ပြေအောင် လုပ်နိုင်ကြပေမဲ့ နင်ကတော့ မရဘူးလေ၊ ဒီပွဲကို ဘယ်သူက ကျင်းပတာလဲဆိုတာ နင် သိရဲ့လား၊ ရှုမိသားစုရဲ့ အဆင့်အတန်းနဲ့ဆိုရင် နင်က ဝင်ခွင့်တောင်မရှိဘူး၊ ဒီပလက်ဖောင်းကို အသုံးချပြီး နင့်ရဲ့ ပုံရိပ်ကို မြှင့်တင်ချင်တယ်ဆိုရင်တော့ အရင်ဆုံး ဖားလို့ရမယ့် အဆင့်မြင့်တဲ့သူ တစ်ယောက် ယောက်ကို ရှာထားတာ ပိုကောင်းမယ်"
ရှုယင်းယင်းက ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး
"ဪ... နင့်အဓိပ္ပာယ်က လှေကားထစ်အနေနဲ့ အသုံးချလို့ရမယ့် ငွေပေါပြီး အသုံးချရလွယ်တဲ့ ငတုံးတစ်ယောက်ကို ရှာခိုင်းတာပေါ့၊ ဟုတ်လား"
ကျိုးကျင့်ကျင့် အပြုံးမှာ ချက်ချင်း အေးခဲသွားလေသည်။ ထိုစကားများမှာ အနည်းငယ် ရိုင်းစိုင်းသော်လည်း သူမ ဆိုလိုရင်းမှာ အမှန်တကယ်ပင် ထိုသို့ဖြစ်သည်။
"နင် စကားပြောတာ အရမ်းရိုင်းတာပဲ၊ အမြဲတမ်း ဒီလိုပဲလား"
"မဟုတ်ပါဘူး၊ ငါက နင့်ကိုပဲ ဒီလိုပြောတာ၊ ဘာလို့လဲဆိုတော့ နင်က ဒီလို ရိုင်းစိုင်းတဲ့စကားတွေနဲ့ တန်လို့လေ၊ ဒီလိုပြောတာက ပိုပြီးရင်းနှီးသလို မခံစားရဘူးလား"
"နင်..."
"ကျင့်ကျင့်"
ကျန်းကန်သည် ကျိုးကျင့်ကျင့်အနားသို့ လျှောက်လာရင်း သူ့ အကြည့်များက ရှုယင်းယင်းအပေါ်သို့ ဖြတ်ပြေးသွားပြီးနောက် မေးလိုက်သည်။
"ဒါက မင်းရဲ့ သူငယ်ချင်းလား"
ကျိုးကျင့်ကျင့်မှာ မောက်မာသောဟန်အမူအရာများ ပျောက်ကွယ်သွားပြီး နူးညံ့စွာ ပြုံးလိုက်ကာ "မဟုတ်ပါဘူး၊ ရင်းနှီးတဲ့သူ တစ်ယောက်ပါ"
ကျန်းကန်သည် ယဉ်ကျေးမှုအရ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
"မင်္ဂလာပါ၊ ကျွန်တော်က ကျန်းကန်ပါ၊ ကျင့်ကျင့်ရဲ့ စေ့စပ်ထားတဲ့သူပါ"
ရှုယင်းယင်း ရုတ်တရက် သဘောပေါက်သွားသော လေသံဖြင့် ရေရွတ်လိုက်သည်။
"ကျင့်ကျင့်က ရှင့်အကြောင်း ကျွန်မကို ပြောပြဖူးတယ်၊ တွေ့ရတာ ဝမ်းသာပါတယ်"
ကျန်းကန် မျက်လုံးများတွင် ဂုဏ်ယူဝင့်ကြွားမှု အရိပ်အ ယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ ကျိုးကျင့်ကျင့်သည် အမှန်တကယ်ပင် သူမ၏အဆင့်အတန်းထက် ပိုမြင့်သူနှင့် လက်ထပ်ရမည်ဖြစ်သောကြောင့် သူမ ဤအကြောင်းကို အမြဲတမ်းကြွားလုံးထုတ်နေခြင်းမှာ သဘာဝကျပေသည်။
"ဟုတ်လား၊ ကျင့်ကျင့်က သူ့ သူငယ်ချင်းတွေရှေ့မှာ ကိုယ့်အကြောင်း အမြဲပြောနေတော့ နည်းနည်းတော့ရှက်စရာကောင်းသား"
ရှုယင်းယင်းက အပြုံးတစ်ခုဖြင့် "ရှင် ရှက်နေစရာမလိုပါဘူး၊ ဘာလို့လဲဆိုတော့ သူက ရှင့်အကြောင်း ကောင်းတာ ဘာတစ်ခုမှ မပြောခဲ့လို့လေ"
"ဒါနဲ့ စကားမစပ်၊ သူ ရှင့်ကို ဘယ်လိုမြင်လဲ သိလား၊ သူက ပြောတယ်၊ ရှင်က ငွေပေါပြီး အသုံးချရလွယ်တဲ့ငတုံးတဲ့ ပြီးတော့ ကျွန်မကိုတောင်မှ မြန်မြန်နေရာရလာအောင် အဲ့ဒီလိုလူမျိုးတစ်ယောက်လောက် ရှာထားပါလားလို့ ပြောသေးတယ်"
ကျန်းကန်၏အပြုံးများ ချက်ချင်းပျောက်ကွယ်သွားပြီး ကျိုးကျင့်ကျင့်အား အေးစက်စွာ ကြည့်လာသည်။ ကျိုးကျင့်ကျင့်၏မျက်နှာနှင့် နားရွက်များမှာ ရှက်ရွံ့မှုတစ်ဝက်၊ ဒေါသတစ်ဝက်ဖြင့် နီရဲတက်လာတော့သည်။
"ကျွန်မ မပြောခဲ့ပါဘူး၊ သူ လျှောက်ပြောနေတာပါ"
"အေးပါ အေးပါ၊ ငါ တကယ်ပဲ လျှောက်ပြောနေတာ၊ သူ့ကို မယုံနဲ့၊ သူ့မိသားစုက တရားစွဲခံရတော့မယ့်ဟာကို၊ ရှင့်ကိုတောင် ဂရုစိုက်ဖို့ သူ အချိန်ရမှာမဟုတ်ဘူး။
ကျန်းကန်၏ နားထင်ကြောများ ထောင်တက်လာလေသည်။ မကြာသေးမီက ကျိုး မိသားစုနှင့်ပတ်သက်သော အတင်း အဖျင်းများစွာကို သူ ကြားခဲ့ရသော်လည်း အလေးမထားခဲ့ပေ။ ယခုအချိန်မှသာ သူ တစ်ယောက်ကို စုံစမ်းခိုင်းလိုက်သင့်သည်ဟု တွေးလိုက်မိ၏။ သူသည် ကျိုးကျင်းကျင်းကို အထက်စီးမှ ငုံ့ကြည့်ကာ တိုးညင်းသောအသံဖြင့် သတိပေးလိုက်သည်။
"မင်းငါ့ကို ရှင်းပြချက်တစ်ခုပေးရင် ပိုကောင်းမယ်"
"ကျွန်မ မလုပ်ခဲ့ပါဘူး၊ ကျွန်မ ဘာမှမလုပ်ခဲ့ဘူး၊ သူ တမင်သက်သက်ပြောနေတာ"
ကျိုးကျင့်ကျင့်သည် သူမ၏ဂါဝန်စကိုမကာ သူ့နောက်သို့ ပြေးလိုက်ပြီး အသည်းအသန် ရှင်းပြနေသည်။ ကြည့်ရသည်မှာ သူမအနေဖြင့် သူ့အား အလွယ်တကူစိတ်ပြေအောင် လုပ်နိုင်မည့်ပုံ မပေါ်ချေ။
[ကောင်မစုတ်လေး၊ ငါ့ကို လာပြီး လှည့်ကွက်တွေ သုံးချင်နေတာလား ဟမ့်၊ နင်က အရမ်းနုလွန်းပါသေးတယ်]
[ရှောင်ယင်း... နင် တကယ်ကို လှည့်ကွက်တွေ သုံးတဲ့နေရာမှာ တော်တာပဲ၊ အရမ်းမိုက်တယ်]
[ဒီလိုပါပဲဟာ၊ လူယုတ်မာတွေကို နှိမ်နင်းဖို့ဆိုရင်တော့ ညစ်ပတ်တဲ့ လှည့်ကွက်တွေကို သုံးရမှာပဲလေ]
"ယင်းယင်း"
ရှုယင်းယင်းသည် ရှုယန်ဝေ ခေါ်သံကို အနောက်ဘက်မှ ကြားလိုက်ရသည်။ ရှုယင်းယင်း လှည့်ကြည့်လိုက်သောအခါ အလွန်တရာမှ လှပကျော့ရှင်းလှသော ပုံရိပ်သုံးခုကို တွေ့လိုက်ရလေသည်။
သူမ အဒေါ်ဖြစ်သူသည် တောက်ပသော အနီရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ငါးမြီးပုံစံ အောက်နားစက သူမ၏ ပြည့်စုံလှသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုမိုပေါ်လွင်စေကာ ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိစေလေသည်။ သူမ၏ ပေါ့ပေါ့ပါးပါး ထုံးဖွဲ့ထားသော ဆံပင်များက အလှကို ပိုမိုတိုးစေပြီး နူးညံ့သော အပြုံးကငြင်းပယ်၍မရနိုင်သော အလှတရားကို ထုတ်လွှင့်နေ၏။
ယန်ယာရှန်းမှာမူ အနက်ရောင် ကတ္တီပါ ဂါဝန်ရှည်ကို လိုက် ဖက်သော ပုဝါနှင့် တွဲဖက် ဝတ်ဆင်ထားသည်။ သူ့ငွေရောင်ဆံကေသာမှာ မီးရောင်အောက်တွင် တလက်လက် တောက်ပနေပြီး သေသပ်လှပသော မိတ်ကပ်ပြင်ဆင်မှုက သူမ၏ကျက်သရေရှိပြီး သပ်ရပ်သော အသွင်အပြင်ကို ပိုမိုပီပြင်စေလေသည်။
သူမဘေးတွင် အရပ်မြင့်မြင့်နှင့် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးသည် အနက်ရောင်ဝတ်စုံပြည့်ဖြင့် ရပ်နေလေသည်။ သူ့ကျယ်ပြန့်သော ပခုံးများ၊ သွယ်လျသော ခါးနှင့် ရှည်လျားသော ခြေတံများက သူ့ အေးစက်ပြီးမြင့်မြတ် သော မျက်နှာသွင်ပြင်နှင့် ပေါင်းစပ်သွားသောအခါ ကြီးမြင့်သော အဆင့်အတန်းနှင့် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါကို ဖော်ပြနေလေသည်။
ထိုသုံးဦးပေါ်လာသည်နှင့် တစ်ပြိုင်နက် ရေတွက်၍မရနိုင်သော အားကျမှုများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး ခပ်တိုးတိုးလေး ရေရွတ်လိုက်ကြသော အသံများလည်း နေရာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
[ဘုရားရေ၊ တကယ့်ကို အံ့မခန်း အလှတရားတွေပဲ၊ တစ်ယောက်ထက် တစ်ယောက်ကိုပိုလှပြီး ပိုကျက်သရေရှိနေကြတာပဲ၊ ဟို ဟော်ယန်ဆိုတဲ့လူက ဓာတ်ပုံထဲကထက်တောင် ပိုချောနေသေးတယ်]
ရှုယင်းယင်း၏အတွေးများကြောင့် လူအုပ်ကြီးထံမှ အံ့ဩတကြီးပြောသံများထွက်လာသည်။ သူတို့ရှေ့ရှိ ဤအမျိုး သားမှာ အခြားသူမဟုတ်ဘဲ ကမ္ဘာ့သူဌေးစာရင်းတွင် ထိပ်တန်းသုံးဦးစာရင်းဝင်ဖြစ်သော လွန်ခဲ့သောငါးနှစ်ကတည်းက ဉာဏ်ကြီးရှင်တစ်ဦးဖြစ်ခဲ့ပြီး စီးပွားရေးလောက ၏ရက်စက်သော ဘုရင်တစ်ပါးဖြစ်သည့် နာမည်ကျော် လင်းရှန်းဥက္ကဋ္ဌဖြစ်သူ ဟော်ယန်ပင်။
[ယင်ယင်၊ နင် ပစ်ကြွေသွားပြီလား]
[နိုးပါ၊ ဒီလောက် စွမ်းဆောင်ရည်နဲ့ ဆွဲဆောင်မှုရှိတဲ့ ယောက်ျားက ငါတို့လို သာမန်လူတွေနဲ့ လက်လှမ်းမမီနိုင်ဘူး၊ ပြိုင်ဘက်တွေက အရမ်းများလွန်းတယ်၊ ငါ လုံးဝကိုမတိုက် ခိုက်နိုင်ဘူး]
ရှုယင်းယင်းသည် လူတိုင်းကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ ဟော်ယန်အား နှုတ်ဆက်ရမည့် အလှည့်ရောက်သောအခါ သူမက ယဉ်ကျေးစွာဖြင့် ကိုယ်တိုင်မိတ်ဆက်လိုက်သည်။
"မင်္ဂလာပါ၊ ကျွန်မနာမည်က ရှုယင်းယင်းပါ၊ တွေ့ရတာ ဝမ်းသာပါတယ်"
🍁 Chapter 88
ဟော်ယန်သည် မည်သည့် စိတ်ခံစားမှုမျှ မပြဘဲ ရှုယင်းယင်းအား တစ်ချက် ကြည့်လိုက်ပြီး သူ့လက်ကိုကမ်းကာ သူမ၏ လက်ချောင်းထိပ်လေးများကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး အထက်စီးဆန်သောဟန်ဖြင့် စကားလုံးနှစ်လုံးတည်းကိုသာ ပြောလိုက်သည်။
"ဟော်ယန်"
[တွေ့လား၊ ဒါက အာဏာရှင် ဇာတ်လိုက်တစ်ယောက်ရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်တဲ့ မောက်မာမှုပဲ၊ အဲ့ဒါက ရွှေလိုပဲ အဖိုးတန်တယ်ဟ၊ သူနဲ့မှ အဲ့စကားက တကယ်ကိုက်ညီတာပဲ]
[ဟုတ်တယ် ဟုတ်တယ်၊ ဒါပေမဲ့ သူက တကယ်ကို ချောတာပဲ]
[ဟီးဟီး...]
ထိုရယ်သံကြောင့် ဟော်ယန် မျက်ခုံးတစ်ဖက် ပင့်တက်သွားလေသည်။ ဒါ သူ့ကို လှောင်ချင်တာလား။
ရှုယန်ဝေသည် လူတိုင်းအား အထဲသို့၀င်ကြရန် ပြောလိုက်ပြီး ရှုယင်းယင်း လက်မောင်းအားကိုင်ကာ သူတို့နောက်မှ လိုက်လာသည်။
ယန်ယာရှန်းက ဟော်ယန်အားပြုံးပြပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
"ယင်းယင်းက စိတ်ဝင်စားစရာ မကောင်းဘူးလား"
ဟော်ယန်က မထူးဆန်းစွာဖြင့် "ဒီလောက်ပါပဲ"
သူမက သူ့ကိုတောင် လှောင်လိုက်သေးတယ် ဟမ့်...
"ခုနက နင် စကားပြောနေတဲ့သူက သူငယ်ချင်းအသစ်လား"
ရှုယန်ဝမ်သည် ကျိုးကျင့်ကျင့်အား မှတ်မိသွားပြီး သူမ တူမလေး အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သဖြင့် ဂရုတစိုက်မေးလိုက်သည်။
"မဟုတ်ဘူး၊ သမီးတို့ မိသားစု ညစာစားပွဲမှာ သူက ယောင် ယောင်ကိုအနိုင်ကျင့်ခဲ့လို့ သင်ခန်းစာလေး နည်းနည်းပေး လိုက်ရုံပါ"
ထိုစကားကို ကြားသောအခါ ဟော်ယန်သည် သူ့ စိတ်ထဲတွင် တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။ သူမ ကိုယ်တိုက်က ဒီလောက် အငြိုးကြီးတာကိုများ ငါ့ကိုတောင် မောက်မာတဲ့သူလို့ ပြောရဲသေးတယ် ဟမ့်...
"ယင်းယင်းလုပ်တာ မှန်တယ်၊ မတရားမှုတွေနဲ့ ကြုံလာရင် ပြန်တိုက်ခိုက်ရမှာပဲ၊ ပြဿနာတက်ရင်တောင် အန်တီက အနောက်မှာရှိနေတယ်၊ မကြောက်နဲ့"
"ဟုတ်ကဲ့ အန်တီ၊ စိတ်မပူပါနဲ့၊ သမီး ကိုယ့်ကိုယ်ကိုယ်တော့ အနာခံမှာ မဟုတ်ဘူး"
ဟော်ယန်သည် စိတ်ထဲတွင် တိတ်တဆိတ် မျက်လုံးလန်ပြလိုက်လေသည်။ ဒါပဲလား၊ အဖွားက ဒီလိုကောင်မလေးကို ထူးချွန်တယ်လို့ ပြောရဲတယ်ပေါ့၊ ဒါက အလိုလိုက်ခံထားရတဲ့ ကလေးဆိုးလေးပဲ မဟုတ်ဘူးလား ?
ယန်ယာရှန်းသည် မြေးဖြစ်သူ၏အတွေးများကို ခန့်မှန်းမိသည့်အလား တိုးတိုးလေး ပြောလိုက်သည်။
"ယင်းယင်းရဲ့ဆွဲဆောင်မှုက သူမရဲ့ အတွင်းစိတ်ထဲမှာရှိတယ်၊ မြေးလေး အရမ်းကြီးမအေးစက်နေတာ ကောင်းမယ်နော် မဟုတ်ရင် နောက်ကျမှနာကျင်ရလိမ့်မယ်"
"ဟမ်၊ ကျွန်တော်တော့ နာကျင်ရမယ်လို့ မထင်ပါဘူး"
ဟော်ယန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေသည်။ ယန်ယာရှန်းသည် ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်၏။ အချစ်၏ ခါးသီးမှုကိုခံစားရခြင်းမှာလည်း ကောင်းသော အရာတစ်ခုဖြစ်သော ကြောင့် သူမ စိတ်မပူမိချေ။
လူတိုင်းထိုင်ပြီးသွားသောအခါ ဝန်ထမ်းများက ပစ္စည်းတစ်ခုစီ၏ နောက်ခံအကြောင်းအရာအား ပိုမိုရှင်းလင်းစွာ နားလည်စေရန် ဓာတ်ပုံများနှင့် စာသားများ ပါဝင်သော အသေးစိတ် အချက်အလက်များ ဖော်ပြထားသည့် စာအုပ်ငယ်တစ်ခုကို သူတို့ထံသို့ ယူဆောင်လာပေးလေသည်။
ရှုယင်းယင်းသည် အတင်းအဖျင်းများဖြင့်သာ စိတ်ဝင်စားနေသဖြင့် စာအုပ်ကို စိတ်မပါတပါဖြင့် လှန်လှောကြည့်နေသည်။
[ငါ ပြောပြမယ်၊ ကျိုးကျင့်ကျင့်က သူမရဲ့စေ့စပ်ထားတဲ့သူကို စိတ်ပြေအောင်လို့ နားနေခန်းထဲမှာ အလုပ်များနေတာ၊ နောက်ကျရင် သူ သေချာပေါက် အကြီးအကျယ်လေလံဆွဲရဲမှာ မဟုတ်ဘူး၊ နင် သူနဲ့ ပစ္စည်းတစ်ခုနှစ်ခုလောက်ပဲ အပြိုင်ဆွဲလို့ ရမယ်၊ အများကြီး ကုန်ကျမှာမဟုတ်တော့ဘူး]
[အေးပါ၊ ငါ နားလည်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ငါ့ရဲ့ ရည်ရွယ်ချက်က သူ့ကို ဒုက္ခရောက်အောင်လုပ်ဖို့ပဲ၊ သူ့မိသားစုရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ ပရဟိတကို အသုံးချဖို့ဆိုတာ မေ့ထားသင့်ပြီ၊ သူ့အစ်ကိုက အဲ့ဒီလိုအရှက်ရစရာကောင်းတဲ့ လုပ်ရပ်မျိုးလုပ်ခဲ့တဲ့အတွက် အပြစ်ပေးခံရတာနဲ့ကို တန်တယ်]
[သေချာတာပေါ့၊ ငါ နင့်ကို ထောက်ခံတယ်]
အထက်တန်းလွှာ အသိုင်းအဝိုင်းဆိုသည်မှာ သိပ်မကျယ်ဝန်းလှပေ။ ကျိုးမိသားစုနှင့် ပတ်သက်၍ မကြာသေးမီကဖြစ် ပွားခဲ့သော ဆူညံပွက်လောရိုက်မှုများကို လူတိုင်း ကြားသိပြီးဖြစ်သည်။ သို့သော် သတင်းများ အပြည့်အဝမပျံ့နှံ့သေးသောကြောင့် လူအများစုမှာ ဇာတ်လမ်း၏တစ်စိတ်တစ်ပိုင်းကိုသာ သိရှိခဲ့ကြရခြင်း ဖြစ်၏။ ယခုအခါ ဤမျှော်လင့်မထားသော အသံကိုကြားလိုက်ရသောအခါ သူတို့ ချက်ချင်းပင် နားစွင့်လာကြလေတော့သည်။
လူတိုင်းသည် ကျိုးကျင့်ကျင့်ရှိရာဘက်သို့ တိတ်တဆိတ် လှမ်းကြည့်လိုက်ကြသည်။ သူမနှင့် သူမ စေ့စပ်ထားသူတို့ နားနေခန်းထဲတွင် ချစ်တင်းနှီးနှောနေကြသည်ဟူသော အတင်းအဖျင်းထက် သူမ မောင်ဖြစ်သူတွင် မည်သည့်အရာဖြစ်သွားသနည်းဆိုသည်ကို သူတို့ ပိုသိချင်နေကြခြင်းဖြစ် ၏။
သို့ဖြစ်ရာ သူတို့အားလုံးသည် ဖုန်းများကိုထုတ်ကာ ကျိုးကျွင်းနာမည်အား ရိုက်ထည့်ရှာဖွေလိုက်ကြသော်လည်း စိတ် ပျက်မှုဖြင့်သာ ရင်ဆိုင်လိုက်ကြရသည်။ သူတို့ ဘာမျှ မတွေ့ရှိခဲ့ရပေ။
ကျိုးကျင့်ကျင့်မှာ အလွန်ဒေါသထွက်နေသည်။ ရှုယင်းယင်း အသံအား လူတိုင်း ကြားနိုင်သည်ဆိုသည်ကို သူမ မေ့နေခဲ့ခြင်းဖြစ်သည်။ သူမသည် ရှုယင်းယင်းအား ဒေါသတကြီးဖြင့်စိုက်ကြည့်လိုက်၏။
ရှုယင်းယင်းလည်း သတိပြုမိသွားပြီး ထိုအကြည့်များလာရာဘက်သို့ လှမ်းကြည့်ကာ မောက်မာသောအပြုံးတစ်ခု ပြုံးပြရင်း လက်ပြလိုက်လေသည်။
[ဘုရားရေ၊ သူက ငါ့ကို စိုက်ကြည့်ရဲသေးတယ်ပေါ့၊ ငါပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်သေးဘူးလို့ သူ ထင်နေတာလား]
[အို... သူ ဒေါသထွက်နေတာပဲ၊ စဉ်းစားကြည့်တော့ သူလည်း သနားစရာကောင်းတဲ့သူ တစ်ယောက်ပဲ]
[ဘာလို့လဲ]
ရှုယင်းယင်းသည် သူမ ကျောကို တိတ်တဆိတ် မတ်လိုက်ပြီး နားစွင့်လိုက်သည်။ အတင်းအဖျင်း နားထောင်သူများသည်လည်း အာရုံစိုက်နားထောင်နေသယောင် တိတ်တဆိတ် ဟန်ဆောင်လိုက်ကြလေ၏။
ဟော်ယန် တစ်ယောက်တည်းသာ လေလံပစ္စည်း အချက်အ လက်များအား အာရုံစိုက်နေခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အတင်းအဖျင်း နားထောင်သူများကြားတွင် ထင်ရှားနေသည်။
တစ်စုံတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကို စပ်စုနေတယ်၊ ဒါက ဘယ်လိုတောင် မယဉ်ကျေးတဲ့ အမျိုးသမီးမျိုးလဲ၊ အဖွားက အသက်ကြီးလာလေ လူကဲခတ်တာ ပိုဆိုးလာလေပဲ။
[တကယ်တော့ သူက ပါးပါးကျိုးနဲ့ မိသားစုအိမ်အကူတို့ကနေ မွေးလာတဲ့ တရားမဝင်သမီးလေ၊ အိမ်အကူက အဲ့ဒီအချိန်တုန်းက အသက် ၁၄ နှစ်ပဲ ရှိသေးတာ၊ ပြီးတော့ ပါးပါးကျိုးရဲ့ လုပ်ရပ်က ပြစ်မှုမြောက်တယ်လို့တောင် ပြောလို့ရတယ်]
[ဘယ်လို]
ဘေးလူများသည် အံ့သြတကြီး အသက်ရှူမှားသွားကြသည်။ ဘုရားရေ၊ အဲ့တာက ထုတ်ပြောသင့်တဲ့ကိစ္စ မဟုတ်ဘူးလေ။
[အခြေအနေက ကျိုးကျွင်းရဲ့ကိစ္စနဲ့ ဆင်တယ်၊ သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးရဲ့ မိဘတွေက သိသွားပြီးတဲ့နောက် ကျိုးမိသားစုကို တရားစွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပေမဲ့ အဖိုးကြီးက သူတို့ကို တားဆီးနိုင်ခဲ့တယ်]
[ပိုက်ဆံနဲ့ နှုတ်ပိတ်တာမဟုတ်ရင် တခြားနည်းသုံးလိုက်တာ ဖြစ်ရမယ်]
[သူတို့က ပိုက်ဆံယူရုံတင်မကဘူး၊ ကလေးကို ကျိုးမိသားစုရဲ့ အိမ်ထောင်စာစာရင်းထဲ ထည့်သွင်းပေးပြီး အမွေတစ်စိတ်တစ်ပိုင်း ခံစားခွင့်ပေးမယ်လို့လည်းပြောခဲ့တယ်၊ ဒါပေမဲ့ မိခင်ဖြစ်သူကတော့ ကလေးကို စွန့်လွှတ်ပြီး ထွက်သွားပေးရမယ်၊ ကလေးကိုတော့ ကျိုးကျွင်းရဲ့မိခင်အရင်းဖြစ်နဲ့ ပါးပါးကျိုးရဲ့တရားဝင် ဇနီးဖြစ်တဲ့ သခင်မမကြီးက မွေးစားရမယ်ဆိုတဲ့ အချက်တွေပါတယ်]
[အရေးအကြီးဆုံးက ပါးပါးကျိုး အဲ့ဒီအချိန်တုန်းက လက်တောင် မထပ်ရသေးဘူး]
[အိုဘုရားရေ... ဒါဆို သတို့သမီးသစ်လေးက မိသားစုထဲဝင်လာတာနဲ့ ချက်ချင်းမိခင်တစ်ယောက်ဖြစ်သွားရတော့မယ်ဆိုတဲ့သဘော မဟုတ်ဘူးလား၊ အဲ့ဒါ မတရားဘူး မဟုတ်ဘူးလား]
[သေချာတာပေါ့၊ တရားဝင်ဇနီးကတော့ သဘောတူမှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူဌေးအသိုင်းအဝိုင်းတွေမှာက အိမ်ထောင်ပြုတယ်ဆိုတာ မိသားစုတွေကြားမှာ စီစဉ်ပေးလေ့ရှိတာလေ၊ နင်က သဘောမတူချင်ဘူးဆိုပေမဲ့ မိသားစုဘက်က သဘောမတူဘူးလို့ ဆိုလိုတာမှ မဟုတ်တာ၊ ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့အတွက် တရားဝင်ဇနီးသည်ခမျာ သူမရဲ့ ဂုဏ်သိက္ခာကို မြိုသိပ်ပြီး၊ ဝန်ထုပ်ဝန်ပိုးဖြစ်တဲ့ ကျိုးကျင့်ကျင့်ကို လက်ခံလိုက်ရတော့တာပဲ]
[ဒါပေမဲ့ အလိုမရှိတဲ့ကလေးတွေက များသောအားဖြင့် နှိပ်စက်ခံရတတ်တယ်]
[မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူဌေးမိသားစုက သခင်မကြီးတွေက လူတွေကို ရုပ်ပိုင်းဆိုင်ရာ မနှိပ်စက်ဘူး၊ သူမက စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်ရတာကိုကြိုက်တာ၊ သူမက အိမ်အကူကို ယုတ်မာပြီး အရှက်မရှိတဲ့ သွေးဆောင်ဖြားယောင်းသူလို့ပြောပြီး ကျိုးကျင့်ကျင့်ဆီမှာ အဲ့ဒီယုတ်မာတဲ့သူရဲ့ သွေးတွေ စီးဆင်းနေတယ်လို့တောင် ပြောသေးတယ်၊ ကျိုးမိသားစုသာ မရှိခဲ့ရင် သူမ အခု ဘယ်ရောက်နေမယ်ဆိုတာတောင် သိမှာမဟုတ်ဘူးလို့ ပြောပြီးတော့ သူမကို ကျေးဇူးတင်တတ်ဖို့အပြင် မိခင်အရင်းနဲ့ အဆက်အသွယ်ဖြတ်ပြီး ကျိုးမိသားစုကိုပဲ ကျေးဇူးဆပ်တက်ဖို့ သင်ပေးခဲ့တာ]
[ဒါကြောင့်မလို့ သူမက ဟိုလူစိတ်မရှိတဲကောင်ကို သူမခန္ဓာကိုယ်ကိုထိခွင့်ပြုတာကို၊ ဒါတွေအားလုံးက သူမကို ငယ်ငယ်ကတည်းက စိတ်ပိုင်းဆိုင်ရာခြယ်လှယ်ခဲ့တဲ့ မွေးစားမိခင်ရဲ့ လက်ချက်ပဲ]
[ဟုတ်တယ်၊ ပြီးတော့ သူမရဲ့မွေးစားမိခင်က သူ့သားရဲ့စရိုက်ကို အမြဲသိနေခဲ့တာ၊ ပါးပါးကျိုးရဲ့ အပြစ်တွေ သူမသားအပေါ်ကို ထပ်ကျရောက်လာမှာကို ကြောက်လို့ အိမ်အကူကို အလုပ်ဖြုတ်ပစ်ခဲ့တာ၊ ကျိုးကျင့်ကျင့် ကိုယ်တိုင် သွားပြီးကမ်းလှမ်းခဲ့တဲ့ ကိစ္စကျတော့လည်း အဲ့ဒါက သူမရဲ့ မွေးစားမိခင် ဖန်တီးခဲ့တာပဲ၊ တကယ်လို့များ ကျိုးကျင့်ကျင့် ကိုယ်ဝန်ရသွားရင် သူမကို သွေးဆောင်ဖြားယောင်းတယ်လို့ စွပ်စွဲပြီး သူမရဲ့ မိခင်အရင်းလိုမျိုး ယုတ်မာတဲ့သူအဖြစ် ဖန်တီးပြီး၊ အဖိုးကြီးနဲ့ ပါးပါးကျိုးတို့ကို သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို မြင်အောင်လုပ်လို့ရမယ်လို့ တွေးခဲ့တာ၊ ဒါ လက်စားချေတဲ့ ပုံစံတစ်မျိုးပဲ]
[ဒါပေမဲ့ အဲ့ဒါက အရမ်းရက်စက်လွန်းမနေဘူးလား၊ အရင်မျိုးဆက်တွေရဲ့ ရန်ငြိုးတွေအတွက် နောက်မျိုးဆက်တွေက ဘာလို့ ပေးဆပ်ရမှာလဲ]
အတင်းအဖျင်း နားထောင်သူများသည် ကျိုးကျင့်ကျင့်ကို ကြည့်ကာ တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ သို့သော် ကျိုးကျင့်ကျင့်သည် သူတို့မျှော်လင့်ထားသလို အံ့သြတုန် လှုပ်မှုမျိုးကိုမပြသဘဲ တည်ငြိမ်စွာ ပြုံးနေ၏။
[နေပါဦး၊ အပြောင်းအလဲတစ်ခု ရှိသေးတယ်]