← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

🍁 Chapter 91

[ဒါဆို ငါ သူ့ကို အထင်လွဲခဲ့တာပေါ့၊ ငါ သူနဲ့ အပြိုင် လေလံဆွဲသင့်ရဲ့လား]

၎င်းမှာ မေးသင့်သော မေးခွန်းတစ်ခုပင်။ အကြောင်းမှာ လေလံကျင်းပသူသည် စင်မြင့်ပေါ်သို့ ပြန်လည်ရောက်ရှိလာသောကြောင့်ဖြစ်သည်။ သူသည် စူးရဲသောအကြည့်များကို ရှောင်ရှားနိုင်ရန်အတွက် လိမ္မာပါးနပ်စွာဖြင့် ကျန်ရှိသော ပစ္စည်းများအားလုံးကို တစ်ပါတည်း ယူဆောင်လာကာ စင်မြင့်ပေါ်တွင် ခင်းကျင်းပြသပြီးနောက် ပုံမှန်မိတ်ဆက်မှုများအား စတင်သည်။

သူ စတင်လေလံကြေး ယွမ် ၇ သန်းဟု ကြေညာလိုက်ပြီးနောက် ဟော်ယန်က ချက်ချင်းအော်လိုက်လေသည်။

"သန်းတစ်ရာ၊ အကုန်လုံးယူမယ်"

လေလံကျင့်ပသူ : "..."

ကောင်းပါပြီလေ၊ ကောင်းပါပြီ၊ ခင်ဗျားက ချမ်းသာတော့လည်း လုပ်ချင်တာလုပ်ပါ။

ရှုယင်းယင်း မာနကို ချိုးနှိမ်ဖို့အတွက် တစ်ခုခု လေလံဆွဲမည်ဟု ဆုံးဖြတ်ထားပြီး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သော ကျိုးကျင့်ကျင့် : "..."

သောက်ကျိုးနည်း၊ အတင်းအဖျင်းတွေရဲ့ ပစ်မှတ်ဖြစ်ရတဲ့အပြင် လေလံပွဲမှာပါ အပြတ်အသတ် အနိုင်ယူခံလိုက်ရတာ၊ ဒီနေ့က သူမရဲ့ ကံအဆိုးဆုံးနေ့လား။ အားလုံးကို ဖျက်ဆီးပစ်လိုက်ချင်တော့တာပဲ

ရှုယင်းယင်း : [ဝါး ဒါက အာဏာရှင် CEO တစ်ယောက်ရဲ့ နေ့စဉ်ဘဝလား၊ သူက လေလံပွဲတွေမှာလည်း အကုန်သိမ်းရတာ ကြိုက်တာလား]

[ဒုက္ခပါပဲ၊ ဒီက ဘယ်သူမှ အခွင့်အရေး မရှိတော့ဘူး]

[ထားလိုက်ပါ၊ ငါလေး ပိုက်ဆံစုမိတယ်လို့ပဲ သဘောထားလိုက်ပါမယ်၊ ဟီးဟီး]

ဟော်ယန် အနည်းငယ်ပြုံးလိုက်သည်။ ဤအမျိုးသမီးသည် အငြိုးကြီးတတ်သော်လည်း လွယ်လွယ်ကူကူပင် ကျေနပ်တတ်ပုံရသည်။ အတင်းအဖျင်းများ ပြောဆိုပြီးစီးသွားပြီးနောက် လေလံပွဲမှာလည်း ပြီးဆုံးသွားသည်။ ထို့နောက် ပါဝင်ဆင်နွှဲသူများမှာ စားသောက်ကာ စကားစမြည်ပြောဆိုကြသည့် စားပွဲတစ်ခုအား ဆက်လက်ကျင်းပကြသည်။

ရှုယင်းယင်း၏အကြီးမားဆုံး ဝါသနာမှာ အတင်းအဖျင်း ပြောခြင်းအပြင် အရသာရှိသော အစားအစာအမျိုးမျိုးကို မြည်းစမ်းခြင်းပင်။ ဤကဲ့သို့သော အဆင့်မြင့် စားပွဲမျိုးဆိုပါလျှင် သူမ အဝအပြဲ စားသောက်ချင်နေသည်။

သူဌေးသမီးဟူသော သူမ အဆင့်အတန်းကြောင့်သာစိတ် တိုင်းကျ စားချင်နေသည့်တိုင် ဖြည်းဖြည်းနှင့် သပ်သပ်ရပ်ရပ် စားသောက်ရသည်။

ဟော်ယန်သည် အဖွားဖြစ်သူ လိုက်လံနှုတ်ဆက်သည့်နောက် အဖော်ပြုပေးနေရသည်။ ပရဟိတအတွက် ရန်ပုံငွေရှာဖွေခြင်းအပြင် ဤပရဟိတပွဲကြီးသည် သူမ၏ချစ်လှစွာသော မြေးဖြစ်သူအား နိုင်ငံအတွင်းရှိ သြဇာလွှမ်းမိုးမှုရှိသော မိသားစုခေါင်းဆောင်များနှင့် မိတ်ဆက်ပေးရန်နှင့် သူ့ အနာဂတ် တိုးတက်မှုအတွက် လမ်းခင်းပေးရန်ဟူသော ရည်ရွယ် ချက်လည်းရှိသည်။

ဟော်ယန်၏အရည်အချင်းများနှင့်ဆိုလျှင် ဤကဲ့သို့လူမှု ဆက်ဆံရေးမျိုး မလိုအပ်သော်လည်း အခြားသော သြဇာတိက္ကမရှိသူများကမူ သူတို့၏သမီးများအား သူနှင့် မိတ်ဆက်ပေးရန် စိတ်အားထက်သန်နေကြသည်။

ဟော်ယန်နှင့် အိမ်ထောင်ရေးအရဆွေမျိုးတော်စပ်သွားခြင်းသည် ငွေရှာသည့် ဒုံးပျံအား စီးနင်းလိုက်ရသကဲ့သို့ဖြစ်ပြီး နောင်လာနောက်သား မျိုးဆက်များအတွက် ကြီးပွားတိုး တက်မှုကို သေချာစေမည်ဖြစ်ရာ သေချာပေါက် အကျိုး အမြတ်ရမည့် ကိစ္စပင်။

"အိုး ... နှစ်ဆယ်ကျော်အရွယ်လေးအတွင်းမှာ အားယန်က ဒီလောက်တောင် ရင့်ကျက်လာလိမ့်မယ်လို့ ငါ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး၊ သူ့ကို ပထမဆုံးအကြိမ် မြင်ဖူးတုန်းက ကလေးလေးပဲရှိသေးတာ အခုထိ မှတ်မိနေတုန်းပဲ"

သူဌေးကတော် တစ်ယောက်သည် တရင်းတနှီး လာမိတ် ဆက်သည်။

"ဟုတ်တယ်၊ အချိန်တွေက တကယ်ကို မြန်တာပဲ အားယန်၊ ဒါက မစ္စချီလေ၊ ဟွာယန်ဂရုရဲ့ ဥက္ကဋ္ဌချီ ပေါ့"

"မင်္ဂလာပါ"

ဟော်ယန်သည် မြင့်မြတ်သောအသွင်အပြင်ဖြင့် ခေါင်းညိတ်ပြလိုက်စဉ် မစ္စချီဘေးမှ ဖြတ်ပြေးသွားသော အကြည့်တစ်ခုအား သတိပြုမိသွားပြီး အလိုအလျောက် လှမ်းကြည့်မိလိုက်သည်။

ထိုအမျိုးသမီးသည် ကြမ်းပြင်ထိရှည်လျားသော ခရမ်းဖျော့ရောင် ပိုးသားဂါဝန်အားဝတ်ဆင်ထားပြီး သူမ၏ ကိုယ်လုံး ကိုယ်ပေါက်မှာ အလွန်တရာလှပကာ မျက်နှာလေးမှာလည်း အပြစ်ကင်းစင်ပြီး ရိုးသားပုံရသည်။ သူမအား လှမ်းကြည့်နေသည်ဟု ထင်သွားသဖြင့် အနည်းငယ်နောက်ဆုတ်လိုက်ရာ သူမ နားထင်ဘေးမှကျဆင်းနေသော ဆံနွယ်လေးများ အနည်းငယ် လှုပ်ခါသွားမှုက စိတ်၀င်စားမှုကိုပိုနှိုးကြွစေသည်။

မစ္စချီသည် ထိုမြင်ကွင်းအား မျက်လုံးထောင့်မှ မြင်လိုက်ရသဖြင့် သူမ နောက်တွင် ပုန်းနေသော မြေးမလေးအား အလျင်အမြန် ဆွဲခေါ်ကာပြုံး၍ မိတ်ဆက်ပေးသည်။

"ဒါက ငါ့မြေးမလေး၊ ဝမ်ရိုတဲ့"

"မြန်မြန် အဖွားယန်နဲ့ အစ်ကိုဟော်ကို နှုတ်ဆက်လိုက်လေ"

မစ္စချီ ရင်းနှီးစွာဖြင့် မိတ်ဆက်ပေးသည်။

ဟော်ယန်သည် အစ်ကိုဟူသော စကားလုံးကြောင့် မနှစ်မြို့ဖြစ်သွားသည်။ ဤအမျိုးသမီးကြီးသည် သူမ၏ရည်ရွယ် ချက်များကို ဖုံးကွယ်မထားပဲ ပွင့်လင်းလွန်းသည်ဟု ပြောရမည်လား အရှက်မဲ့လွန်းသည်ဟုသာ ပြောရမည်လား သူမသိတော့‌ချေ။

"မင်္ဂလာပါ အဖွားယန်၊ မင်္ဂလာပါ အစ်ကိုဟော်"

"မင်္ဂလာပါ"

ယန်ယာရှန်းသည် သူမရှေ့ရှိ ချစ်စရာကောင်းသော ကောင်မ လေးအား ချစ်ခင်မြတ်နိုးစွာဖြင့် ကြည့်လိုက်သော်လည်း၊ သို့သော် သူမ စိတ်ထဲတွင်မူတွေးနေမိည်။ သနားစရာ ကလေးလေး၊ အခုလို သိသိသာသာကြီးနီးစပ်ဖို့ ကြိုးစားတာက အားယန်ကိုပိုပြီး ရွံရှာသွားစေရုံပဲ ရှိမှာ...

"အင်း"

ဟော်ယန် စိတ်မပါတပါဖြင့် ဖြေလိုက်ပြီး သူ့မျက်လွှာကို ချကာ လက်ထဲရှိ ခွက်ကိုသာ စိုက်ကြည့်နေလိုက်သည်။

ထိုစဉ် သူ မျက်လုံးထောင့်မှ ပုံရိပ်တစ်ခုကို ဖမ်းမိလိုက်သဖြင့် ချထားသော မျက်လွှာအား မသိမသာပင့်တင်ကာ ထိုသူရှိရာသို့ ပေါ့ပေါ့ပါးပါးပင် လှမ်းကြည့်လိုက်လေသည်။

ဝမ်ရိုသည် သူမ၏အလှတရားမှာ တက်ရောက်လာသူ အထက်တန်းလွှာ အမျိုးသမီးများအားလုံးထက် ပိုမိုတောက် ပနိုင်မည်ဟု ယုံကြည်မှုရှိနေပြီး မည်ကဲ့သို့သော ပုံရိပ်နှင့် ကိုယ်ဟန်အမူအရာက အမျိုးသားတစ်ဦးကို ကြွေဆင်းသွားစေနိုင်မည်ဆိုသည်ကို သူမ သိသည်။ သူမသည် အကောင်းဆုံး လှည့်ကွက်များအား အသုံးပြုခဲ့ပြီးဖြစ်သော်လည်း ဟော်ယန်ထံမှ မည်သည့် တုံ့ပြန်မှုမျှမရရှိခဲ့ပေ။

သူမသည် သူ၏ အေးစက်သောအမူအရာမှ အရိပ်အမြွက်တစ်ခုခု ရရှိနိုင်ရန်အတွက် သူ့အား တိတ်တဆိတ် အကဲခတ်နေစဉ် သူ့ အကြည့်များက နေရာတစ်ခုတွင် အဓိပ္ပာယ်ပါပါ ရပ်တန့်နေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ သူမ ဟော်ယန်၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်သောအခါ တောက်ပသော အဝါရောင် ပခုံးလျှောဂါဝန်အား ဝတ်ဆင်ထားပြီး သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် အပြစ်ကင်းကာ သွက်လက်သော မျက်နှာလေးရှိသည့် အမျိုးသမီးတစ်ဦး စားပွဲရှည်ကြီးနားတွင် လှည့်ပတ်သွားလာနေသည်ကို တွေ့လိုက်ရသည်။

သူမသည် ပန်းကန်ပြားတစ်ခုနှင့် ခက်ရင်းတစ်ချောင်းကို ကိုင်ထားကာ အစားအစာများကို နည်းနည်းချင်းကိုက်စားနေပြီး၊ သူမ၏မျက်လုံးများက စားပွဲပေါ်မှ လုံးဝ မခွာပေ။

စားပွဲထိုးက ဟင်းလျာအသစ်တစ်ခု ယူလာတိုင်း သူမမျက်လုံးများမှာ တောက်ပသွားပြီး ၎င်းကို စားပွဲပေါ်တွင်ချသည်အထိ မျက်လုံးထောင့်မှနေ၍ လိုက်ကြည့်နေသည်။ ထို့နောက် သူမသည် ပေါ့ပေါ့ပါးပါးပင် လျှောက်သွားကာ ခက်ရင်းဖြင့် အတုံးသေးသေးလေးများထိုးယူပြီး ကျေနပ်အားရသော အမူအရာဖြင့် အရသာခံ၍ စားသုံးလေတော့ သည်။

ဝမ်ရိုစိတ်ထဲတွင် ဒါ ရှုမိသားစုက အသစ်ပြန်လည်အသိ အမှတ်ပြုထားတဲ့ သမီးအရင်း မဟုတ်ဘူးလား၊ အဲ့ဒါကြောင့် သူက အရမ်းရိုင်းစိုင်းပြီး၊ မစားရမသောက်ရသူလို ဖြစ်နေတာကို၊ ဟော်ယန်က သူမကို အရူးလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ကြည့်နေတာ ဖြစ်ရမယ်။

သူမ အကြည့်ကိုလွှဲကာ ဟော်ယန်ဘက်သို့ လှည့်ကြည့်လိုက်ရာမျက်နှာထား တင်းမာပြီး အေးစက်သော လေသံဖြင့်ပင် စကားပြောဆိုတတ်သော ထိုအမျိုးသားသည် အမှန်ပင်ပြုံးနေသည်ကိုတွေ့လိုက်ရသည်။ ၎င်းမှာ အလွန် ရှားပါးသော ဖြစ်ရပ်တစ်ခုပင်။

တောက်... သူက တောသူတွေကိုများ သဘောကျနေတာလား၊ ဘယ်လိုလုပ် အဲ့လိုထူးဆန်းတဲ့ အကြိုက်ရှိနေရတာလဲ။

"အို... အဲ့ဒါ ရှုမိသားစုရဲ့သခင်မလေး မဟုတ်လား၊ လေလံပွဲတုန်းက သူ့ကို မတွေ့မိပါဘူး"

ဝမ်ရိုသည် အံ့ဩသွားဟန်ဆောင်ကာ ပြောလိုက်သည်။ ဟော်ယန် သာမန်ကာလျှံကာပင် မေးလိုက်သည်။

"မင်း သူ့ကို သိလို့လား"

ထင်တဲ့အတိုင်းပဲ၊ သူ ဒီကောင်မလေးကို မမှတ်မိဘူးကိုး၊ ငမ်းငမ်းတက်စားနေတဲ့ တောသူမလေးဆိုပြီး သူ လှောင်နေတာ သေချာတယ်..

ဝမ်ရို စိတ်ထဲမှ ကြိတ်ပျော်သွားသည်။

"သူက ရှုမိသားစုက အခုမှ ပြန်ခေါ်လာတဲ့ သမီးအရင်းလေ၊ မွေးကတည်းက လူမှားသွားလို့ မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရတာတဲ့၊ မကြာသေးခင်ကမှ ရှုမိသားစုအကြီးအကဲက သူ့အတွက် ကြီးကျယ်ခမ်းနားတဲ့ မိသားစုပြန်လည်ဆုံဆည်းခြင်း ပွဲကြီးကိုကျင်းပပေးခဲ့တာလေ၊ အဲ့ဒီပွဲတုန်းက သူ့ကို အဝေးကနေ လှမ်းမြင်ခဲ့တာ၊ ဆက်ဆံရတာ မလွယ်ကူမယ့်ပုံပဲ၊ ဒါပေမဲ့ သူ့မရဲ့ စရိုက်အမှန်က ဘယ်လိုမျိုးလဲဆိုတာတော့ မသိဘူး"

"အို... မင်းက ဘာကိုဆိုလိုချင်တာလဲ"

ဟော်ယန်သည် သူမ စကားနောက်ကွယ်မှ အဓိပ္ပာယ်အား ရှင်းရှင်းလင်းလင်း နားလည်နေသော်လည်း စိတ်ဝင်စားသွားဟန်ဖြင့် လိုက်လျောညီထွေ မြှောက်ပေးလိုက်သည်။ သူ စိတ်ဝင်စားသွားသည်ကို မြင်သောအခါ ဝမ်ရိုက အားတက် သရော ဆက်ပြောသည်။

"မိဘမဲ့ဂေဟာက ကလေးအများစုက စွန့်ပစ်ခံရတာ ဒါမှမဟုတ် အလိုမရှိလို့ ပစ်ထားခံရတာတွေလေ၊ အဲ့ဒီလို နေရာမျိုးမှာ ကြီးပြင်းလာရတော့ သူလည်း စိတ်ဒဏ်ရာတွေ ရှိမှာပေါ့၊ သူ့ကိုယ်သူ အပိုအလို အရာဝတ္ထုတစ်ခုလို့ ခံစားနေရမှာပဲ၊ အခု အိမ်ကို ပြန်ခေါ်လာတော့လည်း သူ့နေရာမှာ အတုအယောင် သမီးလေးက နေရာယူထားတယ်ဆိုတော့ သူ့ဆီမှာ မကျန်းမာတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ ရှိလာဖို့က ရှောင်လွှဲလို့မရဘူးလေ"

ဟော်ယန် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ သူရှေ့ရှိ အမျိုးသမီးသည် ဖြူစင်ရိုးသားဟန် ပေါက်သော်လည်း အမှန်တွင်မူ အတော်လေး ကောက်ကျစ်လည်ဝယ်သူ ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

သူမသည် ဟော်ယန်အနားသို့ ပိုတိုးကပ်လာကာ အသံကို နှိမ့်လိုက်ပြ "ပြီးတော့ ကြားရသလောက် သူ သူဌေးအသိုင်း အဝိုင်းထဲကို ရောက်မလာခင်တုန်းက အတော်လေးဆင်းဆင်းရဲရဲနေခဲ့ရပြီး အလုပ်ရှာရတာတောင် ဒုက္ခရောက်ခဲ့တယ်တဲ့၊ နိုင်ငံတွင်းက လက်ရှိအခြေအနေကို အစ်ကို သိပ်မသိလောက်ဘူး၊ လူ့အဖွဲ့အစည်းရဲ့အောက်ခြေမှာ အဲ့ဒီလို နေထိုင်ရတာက မကောင်းတဲ့စရိုက်ကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်တယ်လေ၊ ကံကောင်းတာက သူ့ရဲ့ မိဘအရင်းတွေက သူ့အပေါ် အရမ်းကောင်းကြတော့ သူ့မှာ အမှောင်ဘက်ခြမ်း ရှိနေရင်တောင် တဖြည်းဖြည်း ကုစားလို့ ရသွားမှာပါ ဟုတ်တယ်မလား"

၀မ်ရို စကားပြောပြီးသောအခါ အပြစ်ကင်းဟန်ရှိသော်လည်း အမှန်တွင်မူ ကောက်ကျစ်မှုများ ပြည့်နှက်နေသည့် သူမ၏ လှပစွာ သေချာခြယ်သထားသော သမင်မျက်လုံးလေးများအား ပုတ်ခတ်ပုတ်ခတ် လုပ်ပြရန် မမေ့ခဲ့ပေ။ ဟော်ယန် အံ့ဩဟန်ဆောင်ကာ ပြောလိုက်သည်။

"အဘိုးရှုက သူ့မြေးမလေးရဲ့ နောက်ခံဇာတ်ကြောင်းကို လူပုံလယ်မှာ ဒီလောက် ရှင်းရှင်းလင်းလင်းကြီးချပြလိမ့်မယ်လို့ ငါ မထင်ထားဘူး"

ဝမ်ရိုသည် အစပိုင်းတွင် အနည်းငယ် ကြောင်အသွားသော် လည်း သူမ သူတစ်ပါး၏ ကိုယ်ရေးကိုယ်တာများကို ကျူးကျော်စွက်ဖက်နေခြင်းအား ဟော်ယန် ခနဲ့နေခြင်းဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားသည်။

"တကယ်ကလေ..."

"ဒါပေမဲ့ မင်း သူ့အကြောင်း အဲ့ဒီလို ပြောလိုက်တော့ ငါက သူ့ကို ပိုပြီးတောင် စိတ်ဝင်စားသွားပြီ၊ အဲ့ဒါ မင်းအတွက် နည်းနည်းတော့ နစ်နာသွားမှာပေါ့"

နေပါဦး၊ ရှင်က ဘာလို့ ဇာတ်ညွှန်းသွားအတိုင်း မသွားရတာလဲ ?

ဟော်ယန်သည် သူမအနားသို့ တိုးကပ်သွားပြီး သူမပုံစံအတိုင်းအသံကို နှိမ့်ကာ ပြန်ပြောလာသည်။

"ဒါနဲ့လေ တခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာကို ကျူးကျော်တာက သခင်မလေးတစ်ယောက်ရဲ့ အမူအကျင့် မဟုတ်ဘူးနော် မစ္စဝမ်ရို၊ ငါ့အဖွားက မင်း ဒီလိုအတင်းအဖျင်းပြောတာကို သဘောကျမှာ မဟုတ်ဘူး၊ ခွင့်ပြုပါဦး"

ထိုသို့ပြောပြီးနောက် သူသည် ကျောခိုင်းကာ လှည့်ထွက်သွားသည်။ ဝမ်ရိုကမူ ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"အဲ့ဒီမိန်းမက ငါ့ထက်တောင် အတင်းအဖျင်းပိုပြောသေးတယ်၊ မိသားစုဆုံဆည်းတဲ့ပွဲတုန်းက တခြားလူတွေရဲ့ လုံခြုံရေးကိုတောင် ဂရုမစိုက်ဘဲ အတင်းတွေကို အရသာခံနေတာ၊ ငါ့ထက်တောင် ဆိုးသေးတယ်"

‌ဟော်ယန် ခြေလှမ်းများ ရပ်တန့်သွားပြီး ပြန်လှည့်လာရာ သူ့ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ ပြန်လည် ချေပပြောဆိုတော့မည့် ဆဲဆဲတွင်ပင် ရုတ်တရက် အသံတစ်သံ ကြားလိုက်ရသည်။

[ရှောင်ယင်းရေ... တစ်ယောက်ယောက်က နင့်အကြောင်း မကောင်းပြောနေတယ်]

[ဘယ်သူလဲ]

[နင့် ညာဘက်အရှေ့ ၇ နာရီအရပ်လောက်မှာ၊ ဟော်ယန်ရဲ့ဘေးက ခရမ်းနုရောင်ဂါဝန်နဲ့ အမျိုးသမီးလေ၊ သူက အပြင်ပန်းကတော့ နူးညံ့တဲ့ပုံပေါက်ပေမဲ့ တကယ်တော့ တော်တော်လေး ကောက်ကျစ်တာ]

အတင်းအဖျင်း ဝါသနာရှင်များအားလုံး ချက်ချင်းနားစွန်နားဖျား ထောင်လိုက်ကြပြီး သူတို့ ရှောင်ချီ ပြောသည့်အရပ်ဘက်သို့ တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။

ရုတ်တရက် စိုက်ကြည့်ခံလိုက်ရသော ဟော်ယန် : "..."

တစ်ခုခု မှားနေသလို ခံစားလိုက်ရသော ဝမ်ရို : "..."

【ငါက သူ့ကို သိတောင်မသိတာကို၊ ဘာလို့ ငါ့အကြောင်း မကောင်းပြောနေရတာလဲ】

ရှုယင်းယင်း ရှုပ်ထွေးနေရသဖြင့် စနစ်က ရှင်းပြလာသည်။

🍁 Chapter 92

【အဲ့ဒါက သူက သူမကိုချစ်တယ်၊ သူမကျတော့ သူ့ကိုပဲချစ်တယ်၊ ပြီး‌တော့ သူက သူမရဲ့ အသေးအဖွဲ အကြံအစည်လေးတွေကို သဘောကျတယ်ဆိုတဲ့ ဇာတ်လမ်းမျိုးပေါ့ဟာ၊ ဟက်... မိန်းမတွေလေ!】

【ငါ နားမလည်ဘူးဟဲ့၊ နင် လူနားလည်တဲ့စကား ပြောလို့မရဘူးလား】

【အဓိပ္ပာယ်က သူက ဟော်ယန်ကို စိတ်ဝင်စားနေတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဟော်ယန်က သူ့ကို စိတ်မဝင်စားဘူး။ သူက ဟော်ယန်နဲ့ စကားပြောစရာ အကြောင်းအရာ ရှာမရတော့၊ နင့်ကို အပျင်းပြေ စနောက်စရာအနေနဲ့ သုံးလိုက်တာပေါ့၊ သူ့ကိုယ်သူ မြှင့်တင်ဖို့ နင့်ကို နှိမ့်ချလိုက်တာလေ၊ ဘာပဲဖြစ်ဖြစ် နင်က အခုမှ သူဌေးအသိုင်းအဝိုင်းထဲကို အသိအ မှတ်ပြုခံထားရတာဆိုတော့ လောလောဆယ် အထက်တန်းလွှာအသိုင်းအဝိုင်းမှာ နင့်အကြောင်းက ရေပန်းစားနေတာကိုး】

【အင်း... အဲ့ဒါဆိုလည်း ပြောပါစေ၊ လူတိုင်းက ကွယ်ရာမှာ အပြောခံရတတ်တာပါပဲ၊ ငါ စားဖို့သောက်ဖို့ အနှောင့်အ ယှက်မဖြစ်ရင် ပြီးတာပါပဲ】

【ရှောင်ယင်း... နင်က တော်တော်ပူပင်သောက ကင်းတာပဲ၊ သူက နင် မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရလို့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်နေပြီလို့ သွယ်ဝိုက်ပြောနေတာဟ၊ နင့်နေရာကို ယူထားတဲ့ အတုအယောင်သမီးလေးအပေါ်မှာ အငြိုးအတေးတွေ ထားပြီး ကလဲ့စားချေဖို့ အခွင့်အရေးကို စောင့်နေတယ်လို့တောင် ပြောသေးတာ】

【ကောလဟလတွေက ပညာရှိတွေဆီရောက်ရင် ရပ်တန့်သွားမှာပါဟာ၊ စိတ်လျှော့ထားစမ်းပါ】

【ဘယ်ရမလဲ၊ နင့်ကို အနိုင်ကျင့်တာက ငါ့ကို အနိုင်ကျင့်တာပဲ၊ နေဦး... သူ့မှာ အတင်းအဖျင်းပြောစရာများ ရှိမလား ငါ သွားရှာလိုက်ဦးမယ်၊ ငါက ကွယ်ရာမှာ အတင်းပြောတဲ့လူတွေကို အရမ်းမုန်းတာ၊ ငါ့ဒေါသတွေ ပြေသွားအောင် အတင်းအဖျင်းလေး နည်းနည်းတော့လိုမယ်】

ရှောင်ချီ အတင်းအဖျင်း သွားတူးဆွတော့မည်ဟု ကြားလိုက်သောအခါ အတင်းအဖျင်း ဝါသနာရှင်များအားလုံး ချက်ချင်းတက်ကြွလာကြသည်။ ဟော်ယန်ပင်လျှင် ထွက်သွားမည့် ခြေလှမ်းများကိုရပ်ကာ ဝမ်ရိုဘက်သို့ ပြန်လှည့်လာပြီး စောင့်နေသည်။

ဝမ်ရို ရူးချင်သွားသည်။ အတင်းအဖျင်း အပြောဆုံးကဘယ်သူလဲ။

【ရှိလို့လား】

ရှုယင်းယင်း၏မေးခွန်းထုတ်သံတွင် မျှော်လင့်တကြီးစောင့် စားနေသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေ သည်။ ရှောင်ချီက ခနဲ့တဲ့တဲ့ဖြင့် ပြန်ပြောသည်။

【နင်က အခု စားဖို့သောက်ဖို့ အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား】

【ရှုပ်တော့ ရှုပ်တာပေါ့ ဒါပေမဲ့ စားမြိန်သွားအောင် အတင်း အဖျင်းလေးနားထောင်ရင်း စားမလို့လေ】

ဟော်ယန့် နှုတ်ခမ်းများ နောက်တစ်ကြိမ် အနည်းငယ်တွန့်ကွေးသွားပြီး ဤတစ်ကြိမ်တွင်မူ ဝမ်ရို သေချာပေါက်မြင်လိုက်ရသည်။ သူမက မယုံနိုင်စွာဖြင့် မေးလိုက်သည်။

"ရှင် သူ့ကို တကယ်ကြီးသဘောကျနေတာ မဟုတ်ပါဘူးနော်"

ဟော်ယန်သည် လက်ညှိုးအား နှုတ်ခမ်းပေါ်သို့ ဖွဖွလေး တင်လိုက်ပြီး "ရှူး..."

【လာပြီ လာပြီ၊ သူ့အိမ်က အတင်းအဖျင်း အမိုက်စားကြီးရလာပြီဟေ့】

【ဘာများလဲ】

【သူ့အမေ မကြာသေးခင်ကမှ ဖောက်ပြန်နေတာကို သူ့ယောက်ျားက မိသွားတာလေ၊ ယောက်ျားက ကွာရှင်းဖို့ အပြတ်ပြောနေပေမဲ့ သူ့အမေကတော့ လုံးဝလက်မခံဘူး၊ မကွာရှင်းရရင် ဘာပဲလုပ်ပေးရ လုပ်ပေးရဆိုပြီး ငိုယိုတောင်း ပန်နေတာ၊ အဲ့ဒါ သူ့ယောက်ျားက ဘာတောင်းဆိုလိုက်လဲ နင် ခန့်မှန်းကြည့်]

【နေပါဦး မဟုတ်မှ သူက ယောက္ခမကို တစ်ညလောက် အဖော်လာအိပ်ပေးဖို့များ တောင်းဆိုလိုက်တာလား】

【ဟုတ်တယ်လေ၊ အဲ့ဒါက လွန်လွန်းတယ် မဟုတ်ဘူးလား】

အတင်းအဖျင်း ဝါသနာရှင်များအားလုံး : Σ( ° △°|||)︴ ဘုရားရေ... ဘယ်လောက်တောင် ရွံစရာကောင်းတဲ့ အတင်းအဖျင်းကြီးလဲ။

ထိုအခိုက် လူတိုင်း၏အကြည့်တို့သည် အတင်းအဖျင်းဇာတ်လမ်းထဲမှ ဇာတ်လိုက်ဖြစ်နေသော ယောက္ခမဖြစ်သူ တစ်နည်းအားဖြင့် ဤနေရာရှိ မစ္စချီထံသို့ ပြိုင်တူ ကျရောက်သွားကြတော့သည်။

သူမသည် လူငယ်နှစ်ဦးကို မိတ်ဆက်ပေးရန်သာ ရည်ရွယ်ခဲ့သော်လည်း မထင်မှတ်ဘဲ အတင်းအဖျင်းလေဆင်နှာမောင်းထဲ ပါသွားသဖြင့် ဆွံ့အလျက်သား ဖြစ်သွားလေသည်။ ဟော်ယန်သည် အစပိုင်းတွင် အနည်းငယ်ကြောင်အသွားသော် လည်း ချက်ချင်းပင် ကူးစက်ရောဂါတစ်ခုအား ရှောင်ရှားသကဲ့သို့ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရာ သူ့ တစ်ကိုယ်လုံးမှ ရွံရှာစက်ဆုပ်မှုများ အထင်းသားဖြာထွက်နေ သည်။

တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ယခုလေးတင် ခံစားမိသွားသော ဝမ်ရိုသည် သူမ ထင်ထားသည်ထက် ပိုမိုကြောက် မက်ဖွယ်ကောင်းသော အမှန်တရားကြောင့် ဆတ်ဆတ်တုန်သွားလေသည်။ သူမ ဘယ်နေရာမှစတင်ပြီး ရှက်ရမှန်းပင် မသိတော့ချေ။

【အိုး... ယောက်ျားက မိန်းမကို ကွာရှင်းချင်လွန်းလို့ ဒေါသထွက်ပြီး သက်သက်မဲ့ ဖန်တီးပြောလိုက်တာ နေမှာပါ】

【ဟီးဟီး... အဲ့ဒါက ဒေါသထွက်ပြီး ပြောလိုက်တာ သေချာတယ်၊ တကယ်လို့ သူသာ လက်ခံလိုက်ရင် ကမ္ဘာပျက်သွားမှာပေါ့၊ ဒါပေမဲ့လေ... 】

အတင်းအဖျင်း ဝါသနာရှင်များမှာ ရှောင်ချီ၏ဟန်ဆောင်အံ့ဩမှုကို လှောင်ပြောင် ရှုတ်ချတော့မည့်ဆဲဆဲတွင် ဒါပေမဲ့ ဟူသော စကားလုံးအား ကြားလိုက်ရသဖြင့် ရင်ခုန်သွားကြပြန်သည်။ ဒါပေမဲ့ ဘာဖြစ်လဲ၊ မြန်မြန်ပြောစမ်းပါ... အသဲယားအောင် လုပ်မနေနဲ့။

【ဒါပေမဲ့ ဘာဖြစ်လဲ၊ မိန်းမက သဘောတူလိုက်လို့လား】

【အေး... သူ သဘောတူလိုက်တယ်ဟ၊ တကယ်ကြီးကို သဘောတူလိုက်တာ】

【ဘုရားရေ... သူ ရူးနေတာလား၊ အဲ့ဒါ သူ့အမေအရင်းလေ၊ သူ သဘောတူရင်တောင် သူ့အမေက ဒီတိုင်း လိုက်လျောလို့ မရဘူးလေ】

အတင်းအဖျင်းသမားများ၏အကြည့်တို့က မစ္စချီထံသို့ ထပ်မံ စူးစိုက်သွားကြပြန်ရာ သူမ မျက်နှာပူပူဖြင့် မျက်လုံးလွှဲနေသည်ကို မြင်လိုက်ရသောအခါ သူတို့၏သံသယများမှာ တဖြည်းဖြည်း ဒေါသမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။

【ဟုတ်တယ်၊ နင် တွေးထားတဲ့အတိုင်းပဲ၊ ယောက္ခမကလည်း သဘောတူလိုက်တယ်၊ ပြီးတော့ နောက်နေ့ကျ မိန်းမက သူ့ယောက်ျားကို ဖုန်းဆက်ပြီး ပြောလိုက်တာပဲ】

အတင်းအဖျင်းသမားများ : Σ( ° △°|||)︴

ဝမ်ရိုမှာ သတိလစ်မတတ်ပင် ဖြစ်သွားရသည်။ ဟော်ယန်၏ ပါးစပ်မှာလည်း O ပုံစံ ဟသွားမတတ်ဖြစ်သွားရ၏။ ဒေါ်လာ သန်းချီတန်သည့် စီးပွားရေး စကားပြောရသည့် စားပွဲဝိုင်းကတောင် ထိုမျှလောက် ရင်ခုန်စိတ်လှုပ်ရှားဖို့ မကောင်းပေ။

【အဆိုးဆုံးအပိုင်းက အခုမှ လာမှာ၊ အဲ့ဒီယောက်ျားကလည်း ရိုးရိုးသားသားတော့ မဟုတ်ဘူးဟ၊ သူ့ယောက္ခထီး ခရီးထွက်သွားတုန်း သူက ယောက္ခမအခန်းထဲကို ဝင်သွားပြီး နောက်နေ့ရောက်တဲ့အထိ ထွက်မလာတော့ဘူး၊ အဲ့ဒီနောက် ဘာဆက်ဖြစ်လဲ ခန့်မှန်းကြည့်စမ်း】

ရှုယင်းယင်း ခဏမျှတွးပြီး မေးလိုက်သည်။

【အလိုဆန္ဒပြည့်ဝသွားလို့ ကွာရှင်းပေးလိုက်တာလား】

အတင်းအဖျင်းသမားများသည် ထောက်ခံသည့်အနေဖြင့် ခေါင်းကို တဆက်ဆက် ညိတ်လိုက်ကြသော်လည်း ရှောင်ချီက ပြောလာသည်။

【ဟက်... ဘယ်လိုလုပ် အဲ့လိုဖြစ်မှာလဲ၊ သူတို့ ကွာမရှင်းပေးချင်တုန်းပဲတဲ့】

【ဘုရားရေ... ဒါက သူများဆီက အမြတ်ထုတ်လိုက်တာပဲ မဟုတ်ဘူးလား၊ အရှက်မရှိလိုက်တာ】

အတင်းအဖျင်းသမားများသည် စိတ်ထဲမှ တိတ်တဆိတ် တံတွေးထွေးလိုက်ကြသည်။ တောက်... အမှိုက်ကောင်

【အေးလေ... အဲ့ဒါက ယုံနိုင်စရာမရှိလောက်အောင် အရှက်မရှိတာ၊ သေချာတာပေါ့... မိန်းမက ဒီတိုင်း ကြည့်မနေဘူးလေ၊ အဲ့ဒါကြောင့် သူက ဓားနဲ့ ခြိမ်းခြောက်ပြီး ကွာမရှင်းရင် သူ့ရှေ့မှာတင် သေပြမယ်လို့ ပြောတာပေါ့၊ ယောက်ျားလုပ်သူလည်း ရွေးချယ်စရာမရှိလို့ ရဲခေါ်လိုက်ရတယ်】

【ဘုရားရေ... သူက ဘယ်လို မျက်နှာပြောင်တိုက်ပြီး ရဲကို ခေါ်ရဲရတာလဲ၊ ဒါ... ဒါက လုံးဝကို အရှက်မရှိတာပဲ】

မစ္စချီ၏ နှုတ်ခမ်းများ တုန်ယင်သွားသည်။

၀မ်ရိုသည် သူမအဖွား၏ မချိတင်ကဲဖြစ်ကာ ရှက်ဒေါသထွက်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ မြေကြီးထဲ ဝင်ပုန်းချင်စိတ်ပင် ပေါက်သွားသည်။ သူမ ဤအရှက်ကွဲမှုကို ဆက်၍ သည်းမခံနိုင်တော့ချေ။

【ရဲတွေက ကြားဝင်ဖျန်ဖြေပေးတော့ သုံးယောက်စလုံးက တစ်ယောက်တစ်ပေါက် ပြောကြတာပဲ၊ အမေလုပ်သူက သမီးရဲ့ အိမ်ထောင်ရေးကို ကယ်တင်ဖို့အတွက် သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို စွန့်လွှတ်ခဲ့ပြီး ဥပဒေကိုတောင် ချိုးဖောက်ခဲ့သေးတယ်၊ သမီးလုပ်သူကကျတော့ သူ့အမေကို ကြားဝင်ခိုင်းလိုက်တာက သူ့ရဲ့ နောင်တရမှုနဲ့ ပြန်လည်သင့်မြတ်ချင်တဲ့ ရိုးသားမှုကို ပြသဖို့ လုံလောက်တယ်လို့ ခံစားနေတယ်၊ သမက်လုပ်သူကတော့ ဒါက သူမသဘောနဲ့သူလုပ်တာလေ၊ သူ ဘယ်သူ့ကိုမှ အတင်းအကျပ် မခိုင်းထားဘူး ပြီးတော့ အလကားရတဲ့ အသားကို ဘာလို့ မစားဘဲ နေရမှာလဲတဲ့】

"..." နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်း

【ဘုရားရေ၊ ဘယ်လို ရှုပ်ထွေးမှုကြီးလဲ၊ အဆိုးဆုံးကတော့ ဘာမှမသိဘဲ အလိမ်ခံ၊ ဖောက်ပြန်ခံလိုက်ရတဲ့ ယောက္ခထီးပဲ】

【ဒါပေါ့၊ ဒါပေမဲ့ ဥက္ကဋ္ဌကြီးက ဝါရင့်ကြီးလေ၊ ဖြစ်ချင်ရာဖြစ်၊ ဘာပဲဖြစ်ဖြစ် ဆွေမျိုးတွေပဲဟာ၊ စည်းစိမ်တွေ မိသားစုအပြင်ဘက် မထွက်သွားတာ ကောင်းတယ်တဲ့】

【ဟယ်】

သူဌေး အတင်းအဖျင်းသမားများအားလုံး သူတို့နဖူးသူတို့ရိုက်ကာ ရင်ဘတ်ကို ဖိထားလိုက်ကြသည်။ ဒါကြီးက ကမ်းကုန်အောင် ဆိုးရွားလွန်းတယ်။

【အဘိုးကြီးက ဖောက်ပြန်ခံရတာကို လုံးဝဂရုမစိုက်ဘူး၊ သူ ဂရုစိုက်တာက ဒီကိစ္စကြီး လူသိရှင်ကြား မဖြစ်ခင်မှာ သူ့မြေးမလေးကို ဘယ်လို အိမ်ထောင်ချပေးလိုက်ရမလဲ ဆိုတာပဲ၊ အဲ့ဒါမှ သူ့လက်ထဲမှာ ထိုးထည့်မခံရမှာလေ】

【...】

အတင်းအဖျင်းသမားများအားလုံး ဝမ်ရိုထံသို့ သနားကြင်နာ သော အကြည့်များ ပို့လွှတ်လိုက်ကြသည်။ ဘုရားရေ... တကယ့် ပြဿနာကြီးပါလား။

ဝမ်ရို ထပ်၍ သည်းမခံနိုင်တော့ပေ။ သူမသည် ပါးစပ်ကိုအုပ်ကာ ရှိုက်ကြီးတငင်ငိုကြွေးပြီး ထိုနေရာမှ ပြေးထွက်သွားတော့သည်။ သူမသည် မည်သူ့ကိုမျှ မျက်နှာမပြရဲလောက်အောင်ပင် ရှက်ရွံ့နေသည်။

"ဝမ်ရို... ဝမ်ရို"

မစ္စချီသည် သူမနောက်သို့ အမြန် လိုက်သွားလေသည်။

【ဟင်၊ သူ ဘာလို့ ရုတ်တရက် ငိုပြီးပြေးသွားတာလဲ၊ ဘယ်သူက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်လိုက်တာလဲ】

【သူနဲ့ အနီးဆုံးမှာ ဘယ်သူရှိလဲ ကြည့်လိုက်လေ】

ကြားညပ်သွားသော အပြစ်ကင်းသည့် ဟော်ယန် : "..."

【ကျွတ် ကျွတ် ကျွတ်... ငါ နင့်ကို ဘာပြောခဲ့လဲ၊ ဟော်ယန်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ငယ်ရွယ်တဲ့ သခင်မလေးတွေ မရေမတွက်နိုင်အောင် သူ့ဆီ ဝိုင်းအုံလာမှာပေါ့၊ သူက မိန်းမကိစ္စမှန်သမျှကို ရက်ရက်စက်စက် ဖြတ်တောက်တတ်တာ၊ သူ့ရဲ့ အသည်းနှလုံးမရှိမှုကြောင့် အထက်တန်းလွှာ သခင်မလေး ဘယ်နှယောက်များ အသည်းကွဲခဲ့ရပြီလဲ၊ တကယ့် မိစ္ဆာကောင်ပဲ】

ဟော်ယန် အံ့ကြိတ်လိုက်မိသည်။ မင်းကြောင့် ငိုသွားတာကွ။

All Chapters