← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

🫧 Chapter 23

"ချန်စန်းဝေ... အဲ့တစ်ယောက်က ဘယ်ကလဲ "

ချန်ကျာ့မင်မှာ ကြောင်တောင်တောင် ဖြစ်နေတုန်းပင်။

တံခါးဝသို့ လျှောက်သွားစဉ် ရုတ်တရက် ခြေလှမ်းတုံ့ဆိုင်းသွား၏။

'နေဦး'

'မျိုးရိုးက 'ချန်' '

'ချန်စန်းဝေ '

'ဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးသလိုလိုပဲ'

"ဟာ ဒါ... ဒါ ငါ့အဖေ အမြဲတမ်း တတွတ်တွတ် ရွတ်နေတဲ့ နာမည် မဟုတ်လား"

ချန်ကျာ့မင် လန့်သွားသလို ကြောင်လည်း ကြောင်သွားသည်။

တစ်ကိုယ်လုံးလည်း ကြက်သီးတဖြန်းဖြန်း ထလာတော့၏။

သူ့အဖေ ခုနလေးတင် အိမ်မက်ထဲလာသွားသည်ပင်။

"တံခါးပြင်ပကလူက တကယ်ကြီးဘိုးဘေးများလား"

တံခါးအပြင်ဘက်မှ အေးစက်သော အသံတစ်သံထွက်ပေါ်လာသည်

"အေး ငါပဲ"

"..."

ချန်ကျာ့မင်မှာ နေရာမှာတင် ကျောက်ရုပ်လို ဖြစ်သွားပြီး လွန်ခဲ့သော ရက်အနည်းငယ်က မက်ခဲ့သော အိမ်မက်များကို ပြန်သတိရသွားသည်။

' ထိုစဉ်က အိမ်မက်ထဲတွင် အဘိုးကြီးတစ်ယောက်ရှိခဲ့သည်...'

ထိုသူက မိမိကိုယ်ကို ဘိုးဘေးဟု ပြောကာ ရာစုနှစ်နှင့် ချီသော ဟင်းချက်ပညာကို သင်ပေးမည်ဟု ဆိုခဲ့သည်။

ထိုစဉ်က သူ ဘာပြောခဲ့သနည်းဆိုလျှင် ...

"ဘယ်သူက ခင်ဗျားဆီမှာ စွပ်ပြုတ်ချက်နည်း သင်မှာလဲ၊ ငါ့ဘာသာ ငါ သင်နေတာ ကောင်းနေတာပဲကို"

"ဘိုးဘေး၊ ဟုတ်လား ငါကတောင် ခင်ဗျားအဖေ ဖြစ်ဦးမယ်"

"အားနေရင်လည်း စောစောစီးစီး လူသွားဖြစ်လိုက်ပါလား၊ ရူးနေလား"

ရှေးလူကြီးတွေရဲ့ အယူအဆအရဆိုလျှင်...

အကယ်၍ မကောင်းသော အရာများကို အိမ်မက်မက်လျှင် သို့မဟုတ် သေဆုံးသွားသောလူကြီးများ အကြောင်းမရှိဘဲ အိမ်မက်ထဲပေါ်လာလျှင် ဆဲဆိုရမည်၊ အားရပါးရ ဆဲဆိုပြီး သူတို့ကို မောင်းထုတ်ရမည်ဟု ဆိုကြသည်။

"..."

အတိတ်ကို ပြန်တွေးမိသော ချန်ကျာ့မင်မှာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်၏။

ထို့နောက် နားနှစ်ဖက်ကို ပိတ်ထားလိုက်ကာ

'အခု ဘာမှမကြားသလိုဟန်ဆောင်ရင် မှီသေးရဲ့လား' ဟုတွေးလိုက်သည်။

တံခါးခေါက်သံက ထပ်မံ ထွက်ပေါ်လာကာ စကားသံကထွက်ပေါ်လာသည်။

"မင်းပြောတာ မှန်တယ်လို့ ငါထင်တယ်၊ ဟင်းချက်တာက စကားနှစ်ခွန်းပြောရုံနဲ့ မရဘူးလေ"

"လက်တွေ့ သင်ပေးဖို့ လိုတယ်၊ ဒါကြောင့် ငါ ရောက်လာတာ"

"..."

ချန်ကျာ့မင် မှာ ထိုစကားကို ပြောခဲ့သော မိမိကိုယ်မိမိ ပါးရိုက်ချင်စိတ် ပေါက်သွားတော့သည်။

'ငါ ပါးစပ်သရမ်းတာနဲ့ ထိုက်တန်တယ်'

'ငါ ဘာသာ ငါ ပေါက်ကရတွေ ပြောခဲ့တာလေ'

'ငါ မှ မယုံခဲ့တာ'

ကောင်းကင်ယံထက်တွင် ကျန်းလင်မှာ လက်ပိုက်ကြည့်ရင်း ပွဲကြည့်ကောင်းနေသည်။

အကယ်၍ တစ္ဆေတစ်ကောင်မှာ ပြစ်မှုမှတ်တမ်းမရှိဘဲ၊ ဝိညာဉ်တမန်‌တော်က လုံလောက်သော ယုံကြည်မှုဖြင့် အာမခံပေးနိုင်လျှင် ဝိညာဉ်ကို လူ့လောကသို့ ခေတ္တခဏ ခေါ်ဆောင်လာရန် လျှောက်ထားနိုင်သည်။

သူ ထွက်လာချိန်တွင် အမှတ်အနည်းငယ်သုံးကာ စနစ်ဈေး ဆိုင်ထဲမှ ပစ္စည်းလေးတစ်ခုဝယ်ခဲ့သည်။

၎င်းက ချန်စန်းဝေကို ဝိညာဉ်အခြေအနေအတိုင်း လူ့လောကတွင် ကြာရှည်စွာနေထိုင်ခွင့်ပေးနိုင်ပြီး ချန်ကျာ့မင်ကိုလည်း ထိခိုက်မှု မရှိစေပေ။

'အိမ်မက်ပေးတာထက်စာရင် လက်တွေ့သင်ပေးတာက ပိုမြန်တယ် မဟုတ်ပါလား'

ထိုအချိန်မှစ၍...

ချန်ကျာ့မင် မှာ ငရဲကျသကဲ့သို့ ဘဝကို ဖြတ်သန်းရတော့ သည်။

ချန်တဟိုင်၏ လွှမ်းမိုးမှုနှင့် အင်တာနက်ပေါ်တွင် ကိုယ်တိုင်လေ့လာမှုများကြောင့် ချန်ကြားမင်းတွင် အခြေခံဟင်းချက်ပညာ အချို့ ရှိပြီးသားဖြစ်သည်။

ထို့အပြင် ဘိုးဘေးကိုယ်တိုင်က နေ့မနား ညမနား အနီးကပ် သင်ကြားပြသပေးမှုကြောင့်...

သုံးရက်အကြာတွင် ချန်ကြားမင်းသည် စစ်မှန်သော ချန်မိသားစု စွပ်ပြုတ်တစ်မျိုးကို တတ်မြောက်သွားတော့သည်။

သို့သော် ဘိုးဘေးနှင့် နှိုင်းယှဉ်လျှင်မူ သူ့စွပ်ပြုတ်မှာ ဘိုးဘေး၏အရည်အချင်း ၃၀၊ ၄၀ ရာခိုင်နှုန်းခန့်သာ ရှိလိမ့်ဦးမည်။

ဘိုးဘေး၏လက်ရာကို မြည်းစမ်းကြည့်ပြီးနောက် ချန်ကြားမင်း ဝန်ခံလိုက်ရသည်မှာ

ဖြစ်နိုင်တာက...

သူ့အဖေ အရင်က ကြွားခဲ့တာတွေက လိမ်ပြောနေတာ မဟုတ်ဘူးဆိုတာပါပဲ။

အကြောင်းမှာ ဤချန်မိသားစု စွပ်ပြုတ်မှာ တကယ့်ကိုတစ်ကမ္ဘာလုံးကို ကျော်ကြားစေနိုင်သော စွမ်းအားရှိသောကြောင့် ဖြစ်သည်။

ဘိုးဘေး၏ နှစ်ပေါင်းများစွာ တီထွင်ဖန်တီးထားမှုများအရ ဤစွပ်ပြုတ်မှာ သာမန်စားဖိုမှူးများ ယှဉ်နိုင်သောအရာမဟုတ်ပေ။

"အင်း... ပါရမီတော့ နည်းနည်း ရှိသားပဲ၊ ဒီလောက်ဆိုရင်တော့ မဆိုးပါဘူး"

ချန်စန်းဝေက စွပ်ပြုတ်ကို မြည်းကြည့်ကာ မုတ်ဆိတ်ကို သပ်လိုက်သည်။

"မင်းအဖေ ပြောတာတော့ မင်းက အင်တာနက်ပေါ်မှာပဲ သင်ပြီး အဲ့ဒီလူတွေက ငါတို့ ချန်မိသားစုထက် ပိုတော်တယ်လို့ ထင်နေတယ်ဆို"

"..."

ချန်ကျာ့မင်မှာ ငိုက်မြည်းနေရာမှ ချက်ချင်းမျက်လုံးပွင့်သွားကာ အိပ်မက်ဆိုးကနေ နိုးလာသလို ဖြစ်သွားသည်။

ဘိုးဘေးက ဆက်ပြောလိုက်သည်။

"အခု မင်းကို စမ်းသပ်မှုလေး တစ်ခု ပေးမယ်၊ ဆိုင်ကို ပြန်ဖွင့်လိုက်"

"ဒီလောကက လူတွေကို ဆုံးဖြတ်ခိုင်းကြည့်ရအောင်၊ ငါတို့ ချန်မိသားစုစွပ်ပြုတ်က တကယ်ပဲ အသုံးမကျဘူးလား ဆိုတာကို"

ချန်ကျာ့မင် တိုးတိုးလေး ပြောလိုက်၏

"... ကျွန်တော် ပညာမစုံသေးဘူးလေ"

'သူ မှားသွားပါပြီ ဆိုတာ မရတော့ဘူးလား'

' သူက ဒီလောက် အားနည်းတာကို၊ တကယ်လို့ လူတောမတိုးဖြစ်သွားရင် ဘယ်လိုလုပ်မလဲ'

ချန်စန်းဝေက စူးစူးဝါးဝါး တစ်ချက်ကြည့်လိုက်ရုံနှင့် ချန်ကျာ့မင်မှာ ချက်ချင်း ငြိမ်သက်သွားတော့သည်။

ဤသုံးရက်အတွင်း ခံခဲ့ရသော မာရသွန်သင်တန်းများကြောင့် သူသည် ဤဘိုးဘေးကို ကြောက်လည်း ကြောက်၊ ရိုလည်း ရိုသေနေမိပြီဖြစ်သည်။

ဤမြင်ကွင်းကိုလည်း ကျန်းလင်က Live လွှင့်ပြနေသည်။

အကြောင်းမှာ သူကိုယ်တိုင်လည်း စိတ်ဝင်စားမိ‌သော ကြောင့်ဖြစ်၏။

ဤရာစုနှစ်ချီသော ဟင်းချက်ပညာမှာ ယခုခေတ်ကာလတွင် မည်မျှအထိ လှိုင်းထန်စေဦးမည်နည်း။

...

နောက်တစ်နေ့...

တစ်ညလုံး အားမွေးပြီးနောက် ချန်ကျာ့မင်သည် ပိတ်ထား သည်မှာ ကြာပြီဖြစ်သောဆိုင်သို့ ရောက်လာသည်။

ထို့နောက် လိုအပ်သော ကုန်ကြမ်းများကို မှာလိုက်သည်။

သူ မထင်မှတ်ထားသည်မှာ တံခါးဖွင့်လိုက်သည်နှင့် ဆိုင်ထဲတွင် လူတွေပြည့်သွားခြင်းပင်။

ထိုအထဲတွင် လောင်ကျန်းကိုခေါ်လာသော ကျန်းယွဲ့မှာ ထိပ်ဆုံးကဖြစ်သည်။

ယနေ့ ရောက်လာသူ အများစုမှာ လင်ချန်မြို့ခံများ ဖြစ်ကြသည်။

ဝေးသောနေရာက လူများကတော့ အခြေအနေကို စောင့်ကြည့်နေကြတုန်းပင်။

'ဘိုးဘေးဆီက ပညာဆက်ခံတယ်ဆိုတာ ပြောရတာတော့ ကောင်းသော်လည်း ဘယ်လောက်လွယ်ပါ့မလဲ'

ဥပမာအားဖြင့် အခုအချိန်မှာ ကျန်းလင်၏ Live မလွှင့်သေးသော်လည်း Screen ပေါ်တွင် Comment များစွာ တက်နေဆဲဖြစ်ပြီး ၎င်းမှာ Live ၏ ပုံမှန် အခြေအနေလို ဖြစ်နေပြီဖြစ် သည်။

[မိတ်ဆွေတို့ အရင်သွားနှင့်ကြပါ၊ ငါလည်း ခဏနေလာခဲ့မယ်]

[စားပြီးရင် အရသာ ဘယ်လိုလဲဆိုတာ ပြောကြဦးနော်]

[ဘိုးဘေးရဲ့ လက်ရာကို မယုံတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရက်ပိုင်းလေးပဲ ရှိသေးတာဆိုတော့ အရင်သွားမြည်းကြည့်ကြဦးလေ]

[ 👏 emoji]

[ဆိုင်ထဲမှာ ရောက်နေပါပြီ၊ စွပ်ပြုတ်ကို စောင့်နေပါတယ်။]

Comment ရေးပြီးနောက် ကျန်းယွဲ့ ဖုန်းကို သိမ်းလိုက်၏။

သို့သော် သူမသည် အဖိုးကို Live ထပ်ကြည့်ခိုင်းဖို့ မရဲတော့ပေ။

ပြီးခဲ့သည့် တစ်ခေါက်က အဖိုးကို 'တမလွန်သို့ပို့' လုနီးပါး ဖြစ်ခဲ့သည် မဟုတ်‌ပါလော။

သူမ ဆိုင်ထဲကို ဝေ့ကြည့်လိုက်သော် မြင်လိုက်ရသည်မှာ

'လူတွေ အများကြီးပင် ချန်ကျာ့မင်း တစ်ယောက်တည်းမနိုင်မနင်း ဖြစ်နေ၏'

သို့သော် စားသုံးသူများမှာ မလောကြဘဲ ဖုန်းလေးတွေကြည့်ရင်း တိတ်တိတ်ဆိတ်ဆိတ် စောင့်နေကြသည်။

ဤသူများမှာ Live ကြည့်ပြီး ရောက်လာကြသူများဖြစ်လိမ့်မည်ဟု ကျန်းယွဲ့ နားလည်လိုက်သည်။

...

မီးဖိုချောင်ထဲတွင်တော့ ချန်ကျာ့မင်မှာ အလုပ်ရှုပ်နေသည်။

ဘဲသားတွေကို ပြင်ဆင်ခြင်း၊ ကုန်ကြမ်းတွေ ထည့်ခြင်း၊ စွပ်ပြုတ်တည်ခြင်း...

မှန်ပါသည်၊ ချန်ကျာ့မင် သင်ခဲ့ရသည်မှာ ဘဲစွပ်ပြုတ်တစ်မျိုးတည်း ဖြစ်သည်။

သာမန်တွေ့နေကျ မုန်လာချဉ် ဘဲစွပ်ပြုတ်ပင်။

သို့သော် ဘိုးဘေး၏ထူးခြားသော နည်းစနစ်များဖြင့် ပြုလုပ်ပြီးနောက်တွင် ဤစွပ်ပြုတ်မှာ သာမန်ထက် ထူးခြားလာတော့သည်။

အစပိုင်းတွင်...

စားသုံးသူများမှာ ငြိမ်ငြိမ်လေး ထိုင်နေနိုင်ကြသေးသည်။

သို့သော် တဖြည်းဖြည်းနှင့် မီးဖိုချောင်ထဲမှ ရနံ့များမှာ ဆိုင်တစ်ခုလုံးသို့ ပျံ့လွင့်လာသည်နှင့် ဂနာမငြိမ်ဖြစ်လာကြ၏။

"စားပွဲနံပါတ် (၁) အတွက် စွပ်ပြုတ် ရပါပြီ"

ချန်ကျာ့မင်က ပထမဆုံး စွပ်ပြုတ်အိုးကို လာချပေးပြီး မီးဖိုချောင်ထဲသို့ ချက်ချင်ပြန်ဝင်သွားသည်။

နံပါတ် (၁) စားပွဲမှာ ကျန့်ယွဲ့ တို့ မိသားစုပင်။

သူတို့က အနီးဆုံးမို့ အစောဆုံးရောက်ခဲ့သည်လေ။

စွပ်ပြုတ်မှာ အိုးလိုက်ကြီး လာချပေးခြင်းဖြစ်ပြီး ကျန်းယွဲ့က အဖုံးကို သတိထားကာ ဖွင့်လိုက်သည်။

ထိုခဏမှာပင်...

အလွန်အမင်း မွှေးပျံ့လှသော ရနံ့များမှာ အိုးထဲမှ အလုအ ယက် ထွက်ပေါ်လာကာ ဆိုင်အပြင်ဘက်အထိပင် ပျံ့လွင့်သွားတော့သည်။

အထူးသဖြင့် ချဉ်ပြုံးပြုံး ရနံ့မှာ စားသုံးသူများ၏ နှာခေါင်းနှင့် အရသာခံအာရုံကို သိမ်းပိုက်လိုက်ပြီး ဗိုက်ထဲကဆာ လောင်မှုကို နှိုးဆွပေးလိုက်ကာ သွားရည်များပင် မသိမသာ ထွက်လာတော့သည်။

"ဒါ... ဒါက"

လောင်ကျန်း၏လက်များ တုန်ရီနေ၏။

သူသည် မစောင့်နိုင်တော့ဘဲ ယောက်ချိူဇွန်းကို ကိုင်ကာ စွပ်ပြုတ်တစ်ပန်းကန် ခပ်လိုက်သည်။

"အဖိုး... သတိထားဦး၊ ပူမယ်"

ကျန်းယွဲ့ တားချိန်ပင် မရလိုက်ပေ။

အဖိုးက ခပ်ဖွဖွ နှစ်ချက်လောက် မှုတ်ပြီးနောက် အမြန် သောက်ပစ်လိုက်သည်။

တစ်ပန်းကန် သောက်ပြီးနောက်...

အဖိုး၏မျက်လုံးများတွင် မျက်ရည်များ ဝဲလာပြီး ပါးပြင်ပေါ်တွင် နီမြန်းသော အသွေးအ‌ရောင်များ ပေါ်လာသည်။

' မုန်လာချဉ် ဘဲစွပ်ပြုတ်မှာ အစာအိမ်ကို အားကောင်းစေကာ ခန္ဓာကိုယ်ကို ကျန်းမာစေသော အာနိသင်ရှိသည် မဟုတ်လား'

"ဒီအရသာပဲ"

'သူ ဆယ်စုနှစ်ချီ သောက်လာတာ၊ မမှားဘူး'

ပြီးတော့ ဒီအရသာက အရင်ချန်တဟိုင် လုပ်တာထက်တောင် ပိုပြီးကောင်းနေသေးသည်။

ဆိုင်ထဲက တခြားသူတွေလည်း မစောင့်နိုင်တော့ပေ။

"ဆိုင်ရှင်... ငါ့ဟာ မရသေးဘူးလား"

"ဆိုင်ရှင်လေး... ဘယ်လောက်ကြာဦးမှာလဲ"

"ဆိုင်ရှင်... နောက်ထပ် တစ်ပွဲ ထပ်မှာလို့ ရမလား"

ဘယ်သူတွေ ဘယ်လောက်မှာမှာ ချန်ကျာ့မင်ကတော့ ဘဲ ၁၀ ကောင်စာချက်ပြီးသည်နှင့် လက်စသတ်လိုက်သည်။

"ဆိုင်ရှင်... ခင်ဗျား စီးပွားရေးလုပ်တာ ကုန်ကြမ်းတွေ အလုံအလောက် မပြင်ထားဘူးပဲ"

"ဆိုင်ရှင်... မနက်ဖြန်အတွက် ကြိုတင်မှာလို့ ရမလား"

"နောက်ထပ် ဘဲအကောင် တစ်‌ရာလောက်ဝယ်ခဲ့စမ်းပါ၊ ငါတို့ တစ်ဆိုင်လုံးကို သိမ်းကျုံးဝယ်စားမယ်"

ဤသည်ကိုကြားသော ချန်ကျာ့မင်မှာ ရယ်ရခက် ငိုရခက် ဖြစ်နေကာတွေးလိုက်မိသည်။

သူ မချက်တာ မဟုတ်ဘဲ ဘိုးဘေးက ၁၀ ကောင်ပဲ ချက်ခိုင်းခြင်းဖြစ်၏။

'ကောင်းတဲ့အရာတွေက အမြဲတမ်းအကန့်အသတ်နဲ့ပဲ ရှိရမယ်တဲ့'

' ပြီးတော့ သူက ပညာသင်ဆဲအဆင့်ပဲ ရှိသေးတာမို့ အချိန်အားလုံးကို ဟင်းချက်တာမှာပဲ မသုံးသင့်ဘူးတဲ့'

' အခုက စမ်းသပ်မှုလေးပဲ ရှိသေးတာမို့ သူ့ရဲ့ ရလဒ်ကို စစ်ဆေးရုံပဲတဲ့'

"ဒီပုံစံအတိုင်းဆိုရင် စမ်းသပ်မှု အောင်လောက်မယ် ထင်တယ်နော်"

ဘိုးဘေး၏မာရသွန် နည်းလမ်းတွေကို တွေးမိတိုင်း ချန်ကျာ့မင် မှာ တစ်ကိုယ်လုံး တုန်သွားမိသည်။

တကယ်ပဲ အောင်မြင်၊ မအောင်မြင်ကတော့ မနက်ဖြန်ကျမှ သိရတော့မည်။

🫧 Chapter 24

နောက်တစ်နေ့တွင် Hot Search များ ပေါက်ကွဲသွားတော့ သည်။

#ချန်စားသောက်ဆိုင်ရဲ့_ဘဲစွပ်ပြုတ်#

#ရာစုနှစ်ချီအမွေအနှစ်_နောက်ဆုံးတော့_ပြန်လည်‌ရောက်ရှိလာခဲ့ပြီ#

#နှစ်ပေါင်းငါးထောင်သမိုင်းတစ်လျှောက်_ပြတ်တောက်သွားတဲ့_အမွေအနှစ်များ#

#အသက်ရှင်စဉ်မကြိုးစားရင်_သေရင်_ဘိုးဘေးတွေကိုတွေ့ဖို့_မျက်နှာမရှိတော့ဘူး#

#ဘိုးဘေးတွေတောင်_ကြိုးစားနေတာ_မင်းမှာ_မကြိုးစားရအောင်_ဘာအကြောင်းပြချက်ရှိလဲ#

#လက်ရာမကောင်းဘူးလား_ဘိုးဘေး‌တွေရဲ့_‌ရှေးခေတ်ကအဆင့်အတန်းကို_စစ်ဆေးလိုက်ပါ#

ချန်ကြားမင်း၏ ဟင်းချက်လက်ရာမှာ အတွေ့အကြုံမရင့် ကျက်သေးသော်လည်း ထွက်လာသည့် အရသာမှာမူတကယ့်ကို လက်မထောင်ရလောက်အောင် ကောင်းမွန်လှသည်။

အထူးသဖြင့် ဆွဲဆောင်မှုရှိသောရနံ့နှင့် အစာစားချင်စိတ်ကို နှိုးဆွပေးသည့် အာနိသင်မှာ ထိပ်တန်းပင်။

ကောလာဟလများအရ လူကြီးအများအပြားမှာ အိမ်ပြန်ရောက်သည့်အခါ ထမင်းနှစ်ပန်းကန်အထိ ပိုစားနိုင်ခဲ့ကြသည်ဟု ဆိုသည်။

ထိုနေ့က လမ်းကြုံ၍ဝင်သောက်မိသော အစားအသောက်ပျက်ရောဂါ ရှိသူတစ်ဦးပင် စွပ်ပြုတ်နှစ်ပန်းကန် ချက်ချင်းသောက်နိုင်ခဲ့သည်ဟု ဆိုသည်။

ဤအချက်များက ချန်ကျာ့မင်၏ဟင်းချက်ပညာနှင့် ဤနှစ်ပေါင်းရာချီသော အမွေအနှစ်မှာ... အမှန်တကယ် ပြန်လည်ရှင်သန်လာပြီဖြစ်ကြောင်း သက်သေပြနေသည်။

'ဤသည် တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချက်ပင်'

နှစ်ပေါင်းငါးထောင် သမိုင်းတစ်လျှောက် အချိန်ရေယာဉ်ကြောထဲမှာ ပျောက်ဆုံးသွားခဲ့တဲ့ အမွေအနှစ်တွေကမနည်းမ နောပါပဲ။

'တကယ်လို့သာ အဲ့ဒီအမွေအနှစ်တွေက အချိန်ကြောင့်မပျက်စီးဘဲ ဆက်လက်စီးဆင်းနေခဲ့မယ်ဆိုရင်... အခုခေတ်က ဘယ်လောက်တောင် စည်ကားသာယာပြီး ပညာရပ်ပေါင်းစုံ ထွန်းကားနေတဲ့ ခေတ်ကြီး ဖြစ်နေမလဲ'

[နားလည်ပြီ၊ အခုပဲ အိမ်ပြန်ပြီး ဆွေစဉ်မျိုးဆက်စာရင်း သွားစစ်တော့မယ်]

[ငါ့မှာတော့ စာရင်းမရှိဘူး၊ အခု ငါ့အဘွားကိုတော့ လိုက်မေးနေတယ်၊ ငါတို့မျိုးရိုးမှာ နာမည်ကြီးသူ ပါသလားလို့]

[ငါ့ဘိုးဘေးတွေထဲမှာ နန်းတွင်းကိုယ်လုပ်တော်ဖြစ်ခဲ့သူပါတယ်လို့ ကြားဖူးတယ်ဟေ့ ဟားဟားဟား]

[အပေါ်ကလူကို ကြိုတင်ဂုဏ်ပြုပါတယ်၊ စောင်းတီး၊ စစ်တုရင်၊ စာရေး၊ ပန်းချီ ပညာရပ်တွေ တတ်မြောက်တော့မယ်လေ]

[သီချင်းဆိုပညာ +၁၊ အကပညာ +၁ လို့ ကြိုတင်ဂုဏ်ပြုလိုက်ပါတယ်]

[အားကျလိုက်တာ၊ ငါနဲ့တော့မတူဘူး၊ ငါ့ဘိုးဘေးတွေက ဘဝလောကဓံထဲ လျှောက်သွားနေခဲ့တဲ့ သာမန်လူတွေပဲ]

[ဟာ...အဖေ..တပည့်အဖြစ် လက်ခံပါဦး ကျွန်တော် ရှေးဟောင်းသိုင်းပညာ သင်ချင်တယ်]

[စစ်ဆေးနေတုန်းပါပဲ... အဖိုးပြောတာတော့ ဘိုးဘေးတွေထဲမှာ သင်္ချိုင်း‌ဖောက်တဲ့သူ တစ်ယောက်ပါတယ်တဲ့၊ ဒါပေမဲ့ ငယ်ငယ်ကတည်းက အိမ်ကထွက်သွားတာတဲ့]

[ဆရာကြီး... တပည့်အဖြစ်လက်ခံပါ အမေ မတားနဲ့‌တော့ ၊ သမီး သင်္ချိုင်းဖောက်ပညာ သွားသင်တော့မလို့]

[ဖုန်းကို ဘာလို့ ဒူးထောက်ကြည့်နေတာလဲလို့ အမေက မေးတယ်၊ ငါကတော့ ဆရာကန်တော့နေတာလို့ ပြောလိုက်တယ်]

[မိသားစုထဲမှာ နတ်ဝိဇ္ဇာကျင့်စဉ်ကျင့်တဲ့သူ ပါသလားရှင့်၊ သမီးကို ခေါ်သွားပေးလို့ ရမလား၊ ချွဲလည်းချွဲတတ်တယ်၊ ချစ်ဖို့လည်း ကောင်းတယ်နော်]

ထိုအချိန်မှစ၍ လှိုင်းလုံးအသစ်တစ်ခု စတင်ရိုက်ခတ်လာတော့သည်။

မကြာသေးမီက မိဘများမှာ အံ့ဩနေကြသည်။

သူတို့၏ကလေးများ ဘာဖြစ်ကုန်ကြမှန်း မသိပေ။

အရင်က မိသားစုသင်္ချိုင်းဘယ်မှာလဲ လိုက်မေးနေကြရာမှ အခုတော့ မိသားစုသမိုင်းကြောင်းတွေကို လိုက်မေးနေကြသည်။

"မိသားစုထဲမှာ နတ်ကျင့်စဉ်ကျင့်တဲ့သူ ရှိလား"

"သိုင်းပညာ တတ်တဲ့သူ ရှိလား"

"အဲ့ဒါတွေ မရှိရင်တောင် သီချင်းဆို၊ ကတာ တတ်တဲ့သူ ရှိလား"

'ဒါတွေက ဘာမေးခွန်းတွေလဲ'

မိဘအချို့ကတော့ ဂရုမစိုက်ဘဲ ထားလိုက်ကြသော်လည်း အိမ်က အဖိုးအဖွားများမှာ ထိုအကြောင်းများကို ပြောပြချင်နေကြသဖြင့် လူငယ်များမှာ လူကြီးများနောက်သို့ တကောက်ကောက် လိုက်နေကြတော့သည်။

နယ်ဝေးတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်နေသူများမှာလည်း ဖုန်းများ အဆက်မပြတ်ဆက်လာကြသည်။

တစ်ချိန်က တိတ်ဆိတ်နေသော အိမ်ဟောင်းကြီးများမှာ ရုတ်တရက် စည်ကားလာတော့သည်။

ဤလှိုင်းလုံးမှာ အရင်က အိမ်မက်ပေးသည့် လှိုင်းလုံးထက်ပင် ပိုပြင်းထန်လှသည်။

အိမ်မက်ပေးခြင်းမှာ အိမ်မှာ ရတနာရှိ၊ မရှိ မေးခြင်းဖြစ်ပြီး မရှိလျှင် ဘာမှလုပ်၍မရပေ။

သို့သော် ယခုမှာမူ ဘိုးဘေးများအကြောင်း မေးခြင်းဖြစ် သည်။

'မျက်မှောက်ခေတ်အထိ အသက်ရှင်နေကြသူတိုင်းမှာ သမိုင်းကြောင်း ကိုယ်စီ ရှိကြသည်မဟုတ်လား'

လူငယ်တွေက အသည်းအသန် လိုက်မေးကြတော့မှ မိမိတို့မိသားစုတွင် ဤမျှ ရှည်လျားသော သမိုင်းကြောင်းရှိမှန်း သိလာကြသည်။

အချို့မိသားစုမှာ မည်သည့်မင်းဆက်အထိရှိခဲ့သည်ကို ရှာဖွေနိုင်ခဲ့ကြ၏။

အချို့မှာ အရာရှိကြီးဖြစ်ခဲ့ပြီး အလွန်မင်း ရိုးသားဖြောင့်မတ်ခဲ့ကြသူများ ဖြစ်သည်။

အချို့ဆိုလျှင် သုံးပြည်ထောင်ခေတ်အထိပင် သမိုင်း ကြောင်း လိုက်နိုင်လိုက်ကြသည်။

လူကြီးများကလည်း မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာသော သမိုင်းကြောင်းများကို ဖြည်းဖြည်းချင်း ပြောပြကြသည်။

လူငယ်များမှာ မျက်လုံးအပြူးသားဖြင့် နားထောင်ရင်း

"ဪ"

"အာ"

"ဒါကြောင့်ကိုး"

ဟု အံ့ဩတကြီး ရေရွတ်နေကြတော့သည်။

ကျောင်းဝင်းထဲတွင်လည်း...

အရင်က သမိုင်းသင်ရမှာ အပျင်းဆုံးသူများမှာ အခုတော့ ဖုန်တက်နေသော သမိုင်းစာအုပ်များကိုပြန်ထုတ်လာကြသည်။

အင်တာနက်ပေါ်တွင်လည်း သမိုင်းဝင် ပုဂ္ဂိုလ်ကျော်များ၊ သမိုင်းစာအုပ်များကို ရှာဖွေကာ မှတ်စုများ တန်းစီထုတ်နေကြသည်။

' မိမိတို့မိသားစုတွင် နာမည်ကြီး ဘိုးဘေးမရှိလျှင်တောင် သမိုင်းထဲက ဆရာကြီးတစ်ဦးဦးကို ရှာတွေ့ရင် ရပြီမဟုတ်ပါလား'

သမိုင်းဆရာများမှာ ရုတ်တရက် လူကြိုက်အများဆုံး ဖြစ်လာကြသည်။

စိတ်အားထက်သန်နေသော ကျောင်းသားများမှာ အတန်းထဲတွင် မေးခွန်းထုတ်ရုံတင်မကဘဲ အတန်းဆင်းလျှင်လည်း ဆရာများနောက်သို့ လိုက်မေးနေကြသည်။

'အစပိုင်းတွင် သမိုင်းဆရာများမှာ ဝမ်းသာအားရဖြင့် တတွတ်တွတ် ရှင်းပြကြသော်လည်း... နောက်ဆုံးတွင် ကျောင်းသားများ၏သိလိုစိတ်မှာ... အတိုင်းအဆ မရှိကြောင်း သိလိုက်ရချိန်တွင်တော့ ...'

ကျောင်းတစ်ကျောင်းမှ ဆရာတစ်ဦးဆိုလျှင် အိမ်သာသွားချိန်မှာပင် ထိုဒုက္ခနှင့်ကြုံရလိုက်ရသည်။

ဘေးတွင် အပေါ့သွားနေသော ကျောင်းသားက ဆရာ့မျက်နှာကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

"ဆရာ... ချင်ရှီဟွမ်က သူ့ရဲ့မြေအရုပ်စစ်သည်တွေကို ကျွန်တော့်ကို ငှားပေးချင်ပါ့မလား"

"ဆရာ... ကျူးကော်လျန့် က တကယ်ပဲ ကောင်းကင်လျှို့ ဝှက်ချက်တွေကို တွက်ချက်နိုင်တာလား၊ ဗေဒင်ဟောတာနဲ့ မှော်ပညာတွေကော တကယ်တတ်တာလား"

"ဆရာ..."

ကျောင်းသားမေးလို့ မပြီးသေးခင်မှာပင် "ဗုန်း" ဆိုသော အသံနှင့်အတူ ဆရာမှာလဲကျသွားကာပါးစပ်မှလည်း အမြှုပ်များ ထွက်နေတော့သည်။

"..."

ဆရာ ဆေးရုံမှာ နိုးလာပြီးနောက် ပထမဆုံး ပြောသည့် စကားမှာ

"မမေးကြနဲ့တော့... မမေးကြနဲ့တော့... မသိဘူး၊ မဖြစ်နိုင်ဘူး၊ ဘာစိတ်ကူးမှ မရှိဘူး"

သမိုင်းဆရာများ မည်မျှအထိ အကျပ်ရိုက်နေသည်ကို ဤအချက်က သိသာစေသည်။

သတင်းများတွင်လည်း ဤအကြောင်းကို ထည့်သွင်းဖော်ပြလာသည်။

တင်ဆက်သူက အားလုံးကို သတိရှိရှိနှင့် တည်တည်ငြိမ်ငြိမ် နေကြရန် တိုက်တွန်းသည်။

ဘိုးဘေးကိစ္စက လောလို့မရပေ။

သမိုင်းဝင် ပုဂ္ဂိုလ်ကျော်များကို ရှာဖွေနိုင်သော Website များကိုလည်း ညွှန်းပေးကာ သမိုင်းဆရာများကို သွားမနှောင့် ယှက်ကြရန် ပြောရတော့သည်။

ကျောင်းများတွင်လည်း ကျောင်းအုပ်ကြီးများက သမိုင်းဆရာများ၏ ကိုယ်စိတ်ကျန်းမာရေးကို ကာကွယ်ရန် စည်းကမ်းအသစ်များ ထုတ်ပြန်ရသည်။

အမှန်တော့ ကျောင်းသားတွေတင်မကဘဲ သမိုင်းသုတေသန လုပ်သူများကလည်း ဤ Live ကို စိတ်ဝင်စားနေကြသည်။

ဝါရင့်ပညာရှင်ကြီးအချို့မှာ ရင်ထဲက စိတ်လှုပ်ရှားမှုကို မနည်းထိန်းထားရသည်။

'နှစ်ပေါင်းများစွာက မျှော်လင့်ချက်တွေ အကောင်အထည် ဖော်ဖို့ အခွင့်အရေးရလာပြီ မဟုတ်လား'

သူတို့က ချင်ရှီဟွမ် ကို မေးချင်ကြသည်။

'ထိုစဉ်က ဘာကြောင့် ဒီလို လုပ်ခဲ့တာလဲ'

ဝူမြစ်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ စစ်သူကြီးကို မေးချင်ကြသည်။

"နောင်တရသလား"

ပိုပြီးတော့ မေးချင်တာက မိမိတို့ ဘိုးဘေးတွေကိုပါ

"သမိုင်းက တကယ်ပဲ မှတ်တမ်းတင်ထားသလိုမျိုးလား"

ပရိသတ်တွေရဲ့ အင်အားကတော့ တကယ်ကြီးမားလှသည်။

ဤကဲ့သို့ သမိုင်းကို ရှာဖွေခြင်း၊ ဘိုးဘေးကို ရှာဖွေခြင်း လှိုင်းလုံးကြီးအောက်တွင် သူတို့သည် 'ဘိုးဘေးရှာပုံတော် ဖိုရမ်' တစ်ခုကို အမြန် တည်ထောင်လိုက်ကြသည်။

အကြီးအကျယ်ကြော်ငြာကာ ပညာရှင်ကြီးများကိုလည်း ဖိတ်ခေါ်ကြတော့သည်။

[အတတ်ပညာ မရှိဘူးလား]

[မျိုးရိုးစာရင်း မရှိဘူးလား]

[ဘယ်က စရမှန်း မသိဘူးလား]

[မကြောက်ပါနဲ့၊ Forum ကို လာခဲ့ပါ၊ ပရိသတ်အားလုံးက မိသားစုဝင်တွေပါပဲ]

[ဖိုရမ်အထဲမှာ ကွန်ပျူတာကျွမ်းကျင်သူတွေ ရှိတယ် မင်းရဲ့ မျိုးရိုးသုံးဆက်၊ ဒါမှမဟုတ် ရှေးကျတဲ့ ခေတ်တွေအထိ ရှာပေးနိုင်လိမ့်မယ်]

[သမိုင်းပညာရှင်တွေလည်း ရှိတယ်၊ သမိုင်းဝင် ပုဂ္ဂိုလ်ကျော်တွေအကြောင်း ရှင်းပြပေးလိမ့်မယ်]

[ဗျူဟာပညာရှင် တွေကလည်း မင်းအတွက် နည်းဗျူဟာတွေ ချပေးလိမ့်မယ်]

...

[ဆရာကြီးတို့... ကျွန်တော့်ကိုလည်း ခေါ်သွားကြပါဦး]

လမ်းဘေးတွင် လူငယ်တစ်ဦးမှာ ဖုန်းကိုကြည့်ရင်း Forum ထဲတွင် မှတ်ချက်တွေ အသည်းအသန်ပေးနေသည်။

ဆရာတစ်ယောက်ယောက် ရှာတွေ့ဖို့ မျှော်လင့်နေခြင်းဖြစ် သည်။

'အကောင်းဆုံးကတော့ ချမ်းသာတဲ့သူပေါ့၊ကျား၊ မ မရွေးပါဘူး'

ဘေးနားတွင် ကျန်းလင်တစ်ယောက် အလုပ်ပြီး၍ လမ်း လျှောက်လာရင်း ထိုလူငယ်၏ဖုန်းထဲက ဖိုရမ်ကို ကြည့်မိကာ မဆိုးဘူးဟု ခံစားရသည်။

:ဒီခေတ်က လူတွေကတော့ တကယ်ကို တီထွင်နိုင်စွမ်းရှိကြတာပဲ'

' ဘိုးဘေး ဘယ်နှစ်ဆက်ကိုမဆို ရှာနိုင်ကြတာပဲ'

ထိုသူများမှာ မျိုးရိုးထဲက ဘယ်သူမှာ တရားမဝင် သားသမီး ရှိခဲ့လဲ၊ ဘယ်သူမှာ ဘာဝါသနာထူးရှိခဲ့လဲ ဆိုတာတွေအထိ ရှာတွေ့ကုန်ကြသည်။

အဖွဲ့အစည်း၊ စည်းကမ်းနှင့် စိတ်အားထက်သန်မှုနှင့် ဤလူငယ်များ လုပ်ထားသောဖိုရမ်ကို ကြည့်ရင်း ကျန့်လင်းသည် ငရဲပြည်အလုပ်ဌာနရှိ အဆင့်ဇယားကို သတိရသွားကာ ရုတ်တရက် စိတ်ကူးတစ်ခုရလာသည်။

'အခုက ခေတ်မတူတော့ဘူး မဟုတ်လား'

'ဖြစ်နိုင်တာက... ဒီခေတ်က လူတွေက တကယ်ပဲ အဲ့ဒါကို လုပ်နိုင်ကြလိမ့်မယ်'

...

'သို့သော်လည်း တွေးရုံသာ ရှိသေးသည်'

ဖိုရမ်၏ နာမည်ကျော်ကြားမှုက မလုံလောက်သေးပေ။

ဖိုရမ်ပေါ်က အချက်အလက်တွေကလည်း မှန်ချင်မှ မှန်လိမ့်မည်။

ထိုဘိုးဘေးများ အားလုံးကိုလည်း ရှာတွေ့နိုင်ချင်မှ တွေ့လိမ့်မည်၊ အချို့က စောစောစီးစီး လူပြန်ဖြစ်သွားကြပြီလေ။

ပြီးတော့ ဘိုးဘေးတိုင်းကလည်း နှစ်ပေါင်းရာချီ ကြာသွားတဲ့ သူတို့ရဲ့ မြေးမြစ်တွေကို ပြန်ကြည့်ချင်ကြမှာ မဟုတ်ပါချေ။

အသက်ရှင်ခြင်းနှင့် သေခြင်းက ခြားနားသွားပြီဖြစ်၍ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ဘဝတွေ ရှိနေကြပြီပင်။

ထို့ကြောင့် ဘိုးဘေးဆီက ပညာသင်ဖို့ တောင်းဆိုနိုင်ခြင်း၊ မနိုင်ခြင်းက ထိုလူတွေက ဘိုးဘေးကို ဘယ်လောက်အထိ နားချနိုင်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်‌နေသည်။

သို့သော် ဤအခြေခံပေါ်မှာတင်...

ကျန်းလင် တစ်ယောက် ငရဲပြည်ဘက်ကနေလည်း မီးလောင်ရာလေပင့်ပေးဖို့လည်း ဝန်မလေးပါပေ။

All Chapters