← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇) - မိစ္ဆာသားရဲများ သောင်းကျန်းခြင်း

တစ်ချိန်တည်းမှာပင် အခြားတစ်နေရာ၌ ဖုန်တထောင်းထောင်းနှင့် ကျန်ရစ်ခဲ့သော လျိုဟန်သည် သူ၏လက်ထဲမှ သိုလှောင်အိတ်ကို ကြည့်ရင်း ကြောင်အမ်းနေမိသည်။

"ချီသန့်စင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်က.... ဒီလောက်တောင် ဆင်းရဲရလား"

သူ့အနေဖြင့် အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးများ အမြောက်အမြား ရှိနေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။ အကြောင်းမှာ ချိုးပိုင်သည် နဂါးရတနာ မှောင်ခိုဈေးကွက်တွင် ထိပ်တန်းအဆင့် မှော်လက်နက်ကို လေလံဆွဲစဉ်က ဝိညာဉ်ကျောက် မလောက်သဖြင့် အဖိုးတန်ပစ္စည်းအချို့နှင့် အစားထိုး ပေးချေခဲ့ရသည်ကို သူသိထားသောကြောင့် ဖြစ်သည်။

သို့သော် လျိုဟန် လုံးဝ မျှော်လင့်မထားသည်မှာ အိတ်ထဲတွင် အဆင့်မြင့် မှော်လက်နက်တစ်ခုနှင့် အလယ်အလတ်အဆင့် ကာကွယ်ရေးလက်နက်တစ်ခုမှလွဲ၍ ကျန်ဘာမျှ ရှိမနေခြင်းပင် ဖြစ်သည်။

အမှန်ပင် ဘာမှမရှိခြင်း ဖြစ်ပေသည်။

မှော်စာရွက် မရှိ၊ ဆေးလုံး မရှိ၊ ကျမ်းစာ၊ ရုပ်သေးသားရဲ၊ ဆေးဖက်ဝင်အပင်…. အဖိုးတန်ရာဟူသမျှ ဘာတစ်ခုမှ မရှိချေ။

ဤလူ၏ ကြွယ်ဝမှုမှာ လျိုဟန်၏ မျက်နှာထက်ပင် ပို၍ ပြောင်စင်နေသေးသဖြင့် ထိုသူ အပြင်ဘက်တွင် လူသတ်လုယက်ရန် အဘယ်ကြောင့် ဤမျှ စိတ်အားထက်သန်နေရသည်ကို သူ နားလည်သွားတော့သည်။

“ကျင့်ကြံသူတစ်ယောက်က ဒီလောက်တောင် ပြာပုံအတိ ဖြစ်နေရလား၊ ငါ တကယ် ကံဆိုးတာပဲ….”

လျိုဟန်မှာ ငိုချင်ရက် လက်တို့ ဖြစ်နေသော်လည်း မျက်ရည်ကမူ ထွက်မလာနိုင်တော့ပေ။ ဤတန်ဖိုးမရှိသော အိတ်ကလေးအတွက်နှင့် သူသည် အလွန်အဖိုးတန်လှသော ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုကို အဆုံးရှုံးခံခဲ့ရသည် မဟုတ်ပါလော။

….

မွန်းတည့်ချိန်တွင် ဆေးဖော်စပ်ခြင်းလုပ်ငန်း ပြီးဆုံးပြီးနောက် လော့ချန်သည် သူ၏ အစောင့်များကို ခေါ်၍ မြို့ပြင်ပိုင်းတွင် လှည့်လည်သွားလာခဲ့သည်။

မြို့တွင်းပိုင်းတစ်လျှောက် လမ်းလျှောက်ရင်း လော့ချန်သည် မြို့ပြင်ရှိ နယ်မြေအသီးသီး၏ အခြေအနေ၊ နယ်ဝေးကျင့်ကြံသူများ စုဝေးရာနေရာ၊ ဒေသခံဆိုင်အရေအတွက်နှင့် ဖိုရှန်းဂိုဏ်း၏ စီးပွားရေး ဖြန့်ကျက်မှုများကို အမှတ်မထင် မေးမြန်းနေခဲ့သည်။

အစောင့်ငါးဦးစလုံးမှာ ဂိုဏ်း၏ ဝါရင့်အဖွဲ့ဝင်များဖြစ်ကြသဖြင့် သူ၏ မေးခွန်းများကို လွယ်ကူစွာပင် ဖြေကြားနိုင်ကြလေသည်။ ထိုအခါမှသာ ဖိုရှန်းဂိုဏ်းမှာ အပေါ်ယံ မြင်ရသည်ထက် များစွာ ပိုမို ရှုပ်ထွေးနက်နဲကြောင်း လော့ချန် သဘောပေါက်သွားတော့သည်။

မြို့တွင်းရှိ ဆိုင်ခန်းများ၊ မြို့ပြင်ရှိ ပြည့်တန်ဆာအိမ်များနှင့် အရက်ဆိုင်များ၊ ပြီးခဲ့သည့် ဆောင်းရာသီက အသစ်ဖွင့်လှစ်ခဲ့သော အဝတ်အထည်ဆိုင် စသဖြင့် အားလုံးမှာ အောင်မြင်နေသော စီးပွားရေးလုပ်ငန်းများ ဖြစ်ကြလေသည်။ သို့သော် ကံမကောင်းစွာဖြင့် လက်ရှိ မငြိမ်မသက်မှုများကြောင့် အမြတ်အစွန်းများမှာ သိသိသာသာ ကျဆင်းနေခဲ့သည်။

"ဂိုဏ်းချုပ်သာ ရွှေအမြုတေဂူသင်္ချိုင်းကနေ ရတနာတွေအလုံအလောက် ရပြီး နောင်မှာ သူ့ရဲ့ ရွှေအမြုတေကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်မယ်ဆိုရင် ဖိုရှန်းဂိုဏ်းက ရွှေအမြုတေအဆင့် အင်အားစုတစ်ခု ဖြစ်လာလိမ့်မယ်၊ ငါတို့ ကိုယ်ပိုင်ဂိုဏ်း တစ်ခုတောင် တည်ထောင်နိုင်လိမ့်မယ် "

ဂိုဏ်းတည်ထောင်မည့် အတွေးကြောင့် တုန်းဖန်းလျန် ၏ စိတ်အားထက်သန်မှုမှာ မြင့်တက်လာသည်။ ထိုအချိန်ကျလျှင် သူတို့မှာ ဂိုဏ်းသားများ ဖြစ်လာကြမည်ဖြစ်ရာ သွားလေရာရာ၌ ဂုဏ်သိက္ခာ ရှိတော့မည် မဟုတ်ပါလော။

လော့ချန်ကမူ ထိုစကားများကို ပြုံးရုံသာ ပြုံးလျက် နားထောင်နေမိသည်။

ရွှေအမြုတေအဆင့် ဆိုသည်မှာ ပြောသလောက် မလွယ်ကူပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်မှာ အရင်းအမြစ်၊ ပါရမီနှင့် ကံ အနည်းငယ်ရှိလျှင် ဖြစ်နိုင်သော်လည်း၊ ရွှေအမြုတေအတွက်မူ သင့်တော်သော တတိယအဆင့် ဝိညာဉ်ကြောတစ်ခု လိုအပ်ပေသည်။

တတိယအဆင့် ဝိညာဉ်ကြော မရှိဘဲနှင့် ရွှေအမြုတေအဆင့်သို့ ရောက်ရန်မှာ မျှော်လင့်ချက် မရှိသလောက်ပင်။ ထို့ပြင် မီရှုဟွာ အောင်မြင်သွားမည်ကိုလည်း လော့ချန် အမှန်တကယ် မလိုလားပေ။ ထိုသို့သာ ဖြစ်လာပါက သူသည် မီရှုဟွာ၏ လက်အောက်တွင် အသုံးချခံ ဆေးဖော်စက်ရုပ်လေး တစ်ရုပ်အဖြစ်သာ ဆက်လက် တည်ရှိနေတော့မည် မဟုတ်ပါလော။

စကားပြောရင်း လော့ချန်သည် မှောင်ခိုဈေးကွက် အကြောင်းကို မသိမသာ မေးမြန်းလိုက်လေသည်။ ဤတစ်ကြိမ်တွင် သူသည် အခြေခံကျသော အဆင့်နိမ့် မှောင်ခိုဈေးကွက်များအကြောင်း မေးမြန်းခြင်း ဖြစ်ရာ ၎င်းတို့မှာ အနှံ့အပြား ရှိနေကြောင်း သိလိုက်ရသဖြင့် အံ့ဩသွားမိသည်။

ကိုယ်ရံတော် ငါးဦးစလုံးက တစ်ယောက်တစ်ပေါက် ဝင်ပြောကြသဖြင့် လော့ချန်သည် ပုံရိပ်အပြည့်အစုံကို လျင်မြန်စွာပင် ပုံဖော်နိုင်ခဲ့သည်။

"အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်တိုင်းမှာ မှောင်ခိုဈေးကွက်လေးတွေ တစ်ခုစီ ရှိတယ် "

ထိုအထဲမှ တစ်ခုမှာ ဖိုရှန်းဂိုဏ်း ကိုယ်တိုင် ဦးစီးခြင်း ဖြစ်ပြီး ချီကျင့်ကြံခြင်း အဆင့်လတ် ကျင့်ကြံသူများအတွက် အသုံးဝင်သော ပစ္စည်းများကို လေလံတင်လေ့ရှိသည်။ လော့ချန် ဖော်စပ်ထားသော ကျောက်စိမ်းအမြုတေဆေးလုံး များမှာ ထိုနေရာ၌ လူကြိုက်အများဆုံး ပစ္စည်းများ ဖြစ်ခဲ့ဖူးလေသည်။

“တကယ်လား၊ အဲ့ဆေးလုံးတွေက တကယ်ပဲ ရောင်းကောင်းနေတာလား”

လော့ချန်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။

"ကျွန်တော်တို့က ဒါတွေကို အသုတ်လိုက် ခွဲရောင်းခဲ့တာလေ "

တုန်းဖန်းလျန်က ဂုဏ်ယူစွာ ပြန်ဖြေလေသည်။ သူသည် လော့ချန်၏ အစောင့်မဖြစ်မီက ထိုမှောင်ခိုဈေးကွက် တစ်ခုတွင် တံခါးစောင့်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။

လော့ချန်အား အကြံပေးခဲ့ဖူးသော နဂါးရတနာမှောင်ခိုဈေးကွက်မှ ကျင့်ကြံသူဝမ်နှင့် အလုပ်ချင်း တူသည်ဟု ဆိုရမည်။ သူ၏ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်မှာ ထိုအလုပ်အတွက် အံကိုက်ပင် ဖြစ်သည်။

“ပြီးတော့ လေလံပွဲတွေမှာလည်း တခြားပစ္စည်းတွေနဲ့ တွဲပြီး ရောင်းပေးပါတယ်၊ ခေါင်းဆောင်လော့ မသိတာက…. တစ်ချိန်တုန်းက ခေါင်းဆောင်လော့ရဲ့ ဆေးလုံးတွေကြောင့်ပဲ ဖိုရှန်းမှောင်ခိုဈေးကွက်က မြို့ပြင်ပိုင်းမှာ လူစည်ကားဆုံး ဖြစ်ခဲ့ရတာပါ”

လော့ချန်၏ မျက်ခုံးများ တွန့်သွားတော့သည်။ တန်ချန်ဇီ ဟူသော သူ၏ အမည်ဝှက်မှာ အဘယ်ကြောင့် ဤမျှအထိ လူသိများနေရသနည်းဟု သူ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းက သူ့အား လျှို့ဝှက်စွာ ကြော်ငြာပေးနေခဲ့ခြင်း မဟုတ်လော။

စကားတပြောပြောဖြင့် လျှောက်သွားရင်း လော့ချန်သည် ချင်းဟယ် တောင်ခြေရင်းသို့ ရောက်ရှိသွားလေသည်။

အဝေးမှနေ၍ ကျောက်စိမ်းကဲ့သို့ ချောမောသော်လည်း အေးစက်သော အမူအရာရှိသည့် လူငယ်တစ်ဦးကို သူ တွေ့လိုက်ရသည်။ သူသည် အပေါ်ပိုင်းဗလာဖြင့် သူ၏ ကြွက်သားများကို ထုတ်ဖော်လျက် လေးလံသော သံတူကြီးဖြင့် သံတုံးများကို အဆက်မပြတ် ထုရိုက်နေလေသည်။

“အင်း…. တကယ်ကို ကြည့်ကောင်းတဲ့ မြင်ကွင်းလေးပဲ”

"ရှောင်တွမ်.... အလုပ်ရှုပ်နေတာလား"

လော့ချန် လှမ်း၍ နှုတ်ဆက်လိုက်သော်လည်း တွမ်ဖုန်း ခေါင်းမော့ကြည့်လိုက်ရာတွင်မူ သူ၏ နှုတ်ခမ်းမှာ တွန့်သွားသည်။

‘ငါ အလုပ်များနေတာ မမြင်ဘူးလား’ ဟူသော အကြည့်မျိုးပင်။

လော့ချန် လက်ယမ်းပြလိုက်ပြီး အစောင့်ငါးဦးကို အနောက်တွင် တန်းစီရပ်ရန် အမိန့်ပေးလိုက်သည်။ အစောင့်များမှာ ခေတ္တမျှ မှင်သက်သွားသော်လည်း အလိုအလျောက်ပင် သွားရောက် တန်းစီလိုက်ကြလေသည်။

လော့ချန်က သူပြောသည့်အတိုင်း အကျယ်ကြီး လိုက်ဆိုကြရန် ပြောလိုက်သည်။

‘ဘာတွေလုပ်ဦးမလဲ မသိဘူးကွာ’ ဟု တွေးကာ တွမ်ဖုန်းတစ်ယောက် ကြောင်တောင်တောင် ရပ်ကြည့်နေမိသည်။

လော့ချန် တစ်ချက် ပြုံးလိုက်သည်။

"လေတိုက်တိုက်၊ မိုးရွာရွာ၊ မှော်လက်နက်ပျက်တာ ဘာမှမပူနဲ့ "

ကျိုးယွမ်လီသည် တွန့်ဆုတ်စွာဖြင့် ထိုစကားစုကို လိုက်ဆိုသည်။ အခြားသူများကလည်း လိုက်ဆိုကြသော်လည်း သူတို့၏ အသံမှာ ပုရွက်ဆိတ်သံလောက်သာ ရှိသည်။

လော့ချန်က ရုတ်တရက် ငေါက်လိုက်ပြီး ကျယ်ကျယ် ဆိုကြရန်နှင့် ထိုသို့မှ မလုပ်နိုင်ပါက ဂိုဏ်းချုပ်မီထံ ပြန်သွားကြရန် ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။

"ကဲ…. မင်းတို့အားလုံး မနက်စာ မစားလာကြဘူးလား၊ အကျယ်ကြီး ဆိုစမ်း"

ကျိုးယွမ်လီ၏ မျက်နှာမှာ ခရမ်းချဉ်သီးကဲ့သို့ နီမြန်းသွားတော့သည်။ သူ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှ အရှက်ရစရာ ကောင်းသော အလုပ်ကို တစ်ခါမျှ မလုပ်ခဲ့ဖူးပေ။ သို့သော် တုန်းဖန်းလျန်ကမူ ဘေးမှနေ၍ အသံကုန် အော်ဟစ်နေသည်။

"လေတိုက်တိုက်၊ မိုးရွာရွာ၊ မှော်လက်နက်ပျက်တာ ဘာမှမပူနဲ့ "

“ဟမ်”

လော့ချန် ကျိုးယွမ်လီကို စိုက်ကြည့်လိုက်သည်။ ဤလူ စောနက အချောင်ခိုနေခဲ့ခြင်း ဖြစ်သည်။

"နောက်တစ်ခေါက်…. မင်းတို့ ခိုနေရင် ငါ သိတယ်နော်၊ သေချာ လိုက်မဆိုနိုင်ရင် ဂိုဏ်းချုပ်မီဆီ ပြန်သွားကြ၊ ပါးစပ်တောင် သေချာမဟနိုင်တဲ့ လူပိုတွေကို ငါ မလိုဘူး….”

“ကဲ…. ဆက်နားထောင်၊ ဝိညာဉ်ကျောက်တုံး အနည်းငယ်နဲ့ တန်စေရမယ်၊ ဖုန်းဟိုင် ပန်းပဲဖိုနဲ့ လက်နက်ပြင်ဆိုင်က အကောင်းဆုံး သံမဏိတွေ ပေးတယ်ဟေ့ "

ကျိုးယွမ်လီတစ်ယောက် အံတင်းတင်းကြိတ်ကာ မျက်လုံးမှိတ်၍ အားကုန် အော်လိုက်တော့သည်။

"ဝိညာဉ်ကျောက်တုံး အနည်းငယ်နဲ့ တန်စေရမယ်၊ ဖုန်းဟိုင် ပန်းပဲဖိုနဲ့ လက်နက်ပြင်ဆိုင်က အကောင်းဆုံး သံမဏိတွေ ပေးတယ် "

ချီသန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူ ငါးဦး၏ တပြိုင်နက်တည်း အော်ဟစ်သံမှာ ချီစွမ်းအင်များ ပါဝင်နေသဖြင့် ကောင်းကင်ယံအထိ ဟိန်းထွက်သွားပြီး အဝေးရှိ တိမ်တိုက်များနှင့် ကြိုးကြာငှက်များကိုပင် လန့်ဖျန့်သွားစေသည်။

အနားရှိ တစ်ကိုယ်တော်ကျင့်ကြံသူများမှာလည်း ‘ဘာဖြစ်တာလဲ’ ဟု ဆိုကာ ဝိုင်းကြည့်လာကြသည်။

ကျိုးယွမ်လီမှာမူ မျက်စိစုံမှိတ်၍သာ အော်နေမိတော့သည်။ မီရှုဟွာဆီ ပြန်ပို့ခံရလျှင် ဤထက် ပို၍ အရှက်ရပေလိမ့်မည်။

လော့ချန်သည် နောက်ထပ် ကြော်ငြာစာသား အချို့ကို ထပ်မံ ဆိုခိုင်းကာ မှော်လက်နက်ဆိုင်ကို ကြော်ငြာပေးနေခဲ့သည်။ တွမ်ဖုန်းက သူ့အား တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့် ကြည့်လာမှသာ သူ မရပ်ချင် ရပ်ချင်ဖြင့် ရပ်တန့်လိုက်တော့သည်။

လော့ချန် လက်ကာပြလိုက်သည်။

"ကဲ.... သွားကြတော့၊ မင်းတို့ပုံစံကို ကြည့်ဦး၊ ကြော်ငြာစာသားလေးတောင် သေချာမဆိုနိုင်ဘူး၊ လုယက်သူတွေနဲ့ တွေ့ရင် မင်းတို့ကို ငါ ဘယ်လို အားကိုးရမလဲ"

ကျိုးယွမ်လီ၊ လျိုချန်းနှင့် အခြားသူများမှာ လန့်ဖျန့်သွားသော ငှက်များအလား မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားကြသည်။

….

သူတို့ ထွက်သွားသောအခါ လော့ချန်၏ အမူအရာမှာ တည်ကြည်သွားပြီး အခြေအနေကို မေးမြန်းလိုက်လေသည်။

"အစ်ကိုတွမ်…. အခုတလော စီးပွားရေး ဘယ်လိုလဲ"

တွမ်ဖုန်း သက်ပြင်းတစ်ချက် ချလိုက်သည်။

တွမ်ဖုန်း၏ တုံ့ပြန်မှုကို ကြည့်ပြီး လော့ချန်၏ ကျောထဲတွင် စိမ့်သွားသည်။ သို့သော် တွမ်ဖုန်း၏ နောက်ထပ်စကားများက သူ့အား စိတ်အေးသွားစေသည်။

"ငါ အရင်က အရမ်း ခေါင်းမာခဲ့တယ်၊ မင်းရဲ့ အကြံဉာဏ်တွေကို တကယ် နားမထောင်ခဲ့ဘူး၊ ဒီမှော်လက်နက် ပြင်တဲ့အလုပ်က.... အမှန်အတိုင်း ပြောရရင် အသက်နဲ့ရင်းပြီး တိုက်ခိုက်နေရတာထက် အများကြီး ပိုမြတ်တယ်"

တွမ်ဖုန်းက လက်ချောင်းများဖြင့် ဂဏန်းတစ်ခုကို ပြလိုက်ရာ လော့ချန်၏ မျက်လုံးများ ပြူးသွားတော့သည်။ ဖွင့်သည်မှာ တစ်လတောင် မပြည့်သေးဘဲ ဝိညာဉ်ကျောက်တုံး နှစ်ထောင်အထိ အမြတ်ထွက်နေသည်မှာ မယုံနိုင်စရာပင်။

တွမ်ဖုန်း ရှင်းပြပြီးနောက်တွင်မှ လော့ချန် သဘောပေါက်သွားတော့သည်။ မှော်လက်နက် ပြင်ဆင်ခမှာ ရာဂဏန်းသာ ရသော်လည်း၊ အဓိက အမြတ်မှာ ပျက်စီးနေသော လက်နက်ဟောင်းများကို ဈေးပေါပေါနှင့် ဝယ်ယူပြီး ပြန်လည် ပြုပြင်ကာ ဈေးကြီးကြီးနှင့် ပြန်ရောင်းခြင်း ဖြစ်ကြောင်း တွမ်ဖုန်း တိုးတိုးတိတ်တိတ် ရှင်းပြလေသည်။

ချင်းဟယ်တောင်မှာ မှော်လက်နက် အသုံးအများဆုံး နေရာဖြစ်နေခဲ့သည်။ ယခုအခါ တိုက်ပွဲများ ပို၍ စိပ်လာသဖြင့် ဝယ်လိုအားမှာလည်း ပို၍ မြင့်တက်လာချေပြီ။

အချိန်တိုအတွင်းမှာပင် တွမ်ဖုန်းသည် ဈေးပေါပေါဝယ်၊ ဈေးကြီးကြီးရောင်းသည့် နည်းလမ်းဖြင့် အမြတ်ထုတ်နိုင်ခဲ့သည်။ ထိုအမြတ်အစွန်းမှာ လူတိုင်း သတိထားမိလောက်အောင်ပင် များပြားလှသည်။

"ငါ့မှာ ပြင်းပြင်းထန်ထန် ပျက်စီးနေတဲ့ အလယ်အလတ်အဆင့် မှော်လက်နက် အချို့ ရှိသေးတယ်" ဟု တွမ်ဖုန်းက ဆိုသည်။

"ငါ အဲ့ဒါတွေကို ဝိညာဉ်ကျောက်တုံး နှစ်ရာ၊ သုံးရာလောက်နဲ့ပဲ ဝယ်ခဲ့တာ။ ငါ့ကို အချိန်နည်းနည်းပေးရင် အဲ့ဒါတွေကို ပြင်ပြီး တစ်ခုချင်းစီကို ခုနစ်ရာ၊ ရှစ်ရာလောက်နဲ့ ပြန်ရောင်းလို့ ရတယ်။ ငါ့ကို တားဆီးနေတာက လူအင်အားပဲ"

သူ ရှေ့ရှိ သံတုံးများကို လက်ညှိုးထိုးပြလိုက်သည်။

"သံကို သန့်စင်တာမျိုးကို ကြည့်ဦး၊ ဒါက အခြေခံအလုပ်ဆိုပေမဲ့ အချိန်နဲ့ လူအင်အား အရမ်းကုန်တယ်၊ ဒါကို ချီသန့်စင်အဆင့် အလယ်တန်း ကျင့်ကြံသူတွေ ဒါမှမဟုတ် အစောပိုင်းအဆင့် ကျင့်ကြံသူတွေတောင် လုပ်နိုင်တာပဲ၊ ငါသာ အချိန်အလုံအလောက် ရမယ်ဆိုရင် ငါ့မှာရှိတဲ့ အစီအရင်နည်းစနစ်တွေကို လေ့လာဖို့ အာရုံစိုက်နိုင်လိမ့်မယ်။ ဘယ်သူ သိနိုင်မလဲ... တစ်နေ့ကျရင် ငါ ထိပ်တန်းအဆင့် မှော်လက်နက်တွေကိုတောင် ပြင်နိုင်လာမှာပေါ့"

လော့ချန်သည် တွမ်ဖုန်း တစ်ခါတည်းနှင့် စကားဤမျှအထိ အများကြီး ပြောသည်ကို တစ်ခါမျှ မတွေ့ဖူးပေ။ ၎င်းမှာ တွမ်ဖုန်း၏ ကျွမ်းကျင်မှုနယ်ပယ် ဖြစ်သဖြင့် သူ သေချာ နားထောင်နေမိသည်။

စကားတစ်ဝက်အရောက်မှာပင် လော့ချန်သည် တွမ်ဖုန်း ရင်ဆိုင်နေရသော ပြဿနာကို သဘောပေါက်သွားသည်။ အလွယ်ပြောရလျှင် ၎င်းမှာ ယခင်က သူ ဆေးဖော်စပ်ရာတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲမျိုးပင် ဖြစ်သည်။

အချို့သော အလုပ်များမှာ အလွန်အခြေခံကျသဖြင့် ကျွမ်းကျင်မှု မလိုသော်လည်း တစ်ဦးတည်း လုပ်ကိုင်ရသဖြင့် အချိန်ကုန်လွန်းလှသည်။

“ဒါက ဖြေရှင်းရ လွယ်ပါတယ်၊ ကျွန်တော်….”

လော့ချန် စကားပြောရန် ပြင်စဉ်မှာပင် ရုတ်တရက် ရပ်တန့်သွားသည်။

သူနှင့် တွမ်ဖုန်း နှစ်ဦးစလုံးသည် ချင်းဟယ်တောင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

တောင်ဆင်းလမ်း မြေလမ်းမကြီးပေါ်တွင် ရှေးဟောင်းသစ်ပင်များကြားမှ ကျင့်ကြံသူ အုပ်ကြီး အသည်းအသန် ထွက်ပြေးလာကြသည်။ ရာနှင့်ချီသော ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်နေသော လှိုင်းလုံးကြီးများအလား တိုးဝှေ့ထွက်လာကြသည်။

ပထမကြည့်လိုက်လျှင် သူတို့မှာ ရက်စက်ကြမ်းကြုတ်သော သားရဲအုပ်ကြီး၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသည့်အလားပင်။ တောင်အပြင်ဘက်ရှိ ကျင့်ကြံသူများမှာလည်း မိမိတို့လုပ်နေသောအလုပ်များကို ရပ်တန့်ကာ ထွက်ပြေးလာကြသော တစ်ကိုယ်တော်ကျင့်ကြံသူအုပ်ကြီးကို အံ့ဩတုန်လှုပ်စွာ ကြည့်နေကြသည်။

သူတို့၏ ဝတ်ရုံများမှာ သွေးများ၊ သားရဲလက်သည်းရာများဖြင့် ပြည့်နှက်နေသည်။ အသက်လု တိုက်ခိုက်ခဲ့ရပုံပေါ်သည်။

မကြာမီမှာပင် ထိပ်ဆုံးမှ ပြေးလာသူများ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

လော့ချန် တွန့်ဆုတ်မနေဘဲ လျိုချန်းထံ လက်ရိပ်ပြလိုက်ရာ လျိုချန်းသည် လူအုပ်ထဲမှ ချီသန့်စင် အလယ်အလတ်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးကို ဖမ်းဆီးလိုက်တော့သည်။

အခြေအနေကို မေးမြန်းလိုက်သောအခါ တောင်ထဲရှိ မိစ္ဆာသားရဲများမှာ ရူးသွပ်နေကြပြီး လူသားမှန်သမျှကို လိုက်လံ တိုက်ခိုက်နေကြကြောင်း ထိုကျင့်ကြံသူက တုန်တုန်ရီရီဖြင့် ပြန်လည်ဖြေကြားလေသည်။

သားရဲသောင်းကျန်းမှုလား….။

လော့ချန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဒါဆို စူးစမ်းရှာဖွေရေးကို ဦးဆောင်နေတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကော ဘယ်လိုလဲ"

ထိုကျင့်ကြံသူက ထိတ်လန့်တုန်လှုပ်စွာဖြင့် ဖြေသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကောင်းကင်ဝိညာဉ်သိမ်းပိုက်ခြင်း အစီအရင်က ရုတ်တရက် ကျုံ့သွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့်အောက်က ကျင့်ကြံသူအားလုံးကို အပြင်ကို တွန်းထုတ်လိုက်တာ။ အထဲက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ဘာဖြစ်သွားလဲဆိုတာ ကျွန်တော်တို့ လုံးဝမသိဘူး"

‘အစီအရင်က ကျုံ့သွားတာလား….’

တွမ်ဖုန်းက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"အဲ့ဒါက များသောအားဖြင့် အစီအရင်မှာ စွမ်းအင်နည်းလာပြီး အချက်အခြာကိုပဲ ဦးစားပေး ကာကွယ်တော့တဲ့အခါမျိုးမှာ ဖြစ်တတ်တာ"

ရွှေအမြုတေဂူသင်္ချိုင်း တိုက်ပွဲမှာ အဆုံးအဖြတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပုံရသည်ဟု လော့ချန် တွေးတောရင်း အဝေးသို့ လှမ်းကြည့်လိုက်သည်။

သူ၏ နတ်မျက်စိကို အားမြှင့်လိုက်ချိန်တွင် အမြင်အာရုံမှာ ချီသန့်စင်အဆင့် ကျင့်ကြံသူတိုင်းထက် များစွာ သာလွန်သွားပြီး အဝေးကြည့်မှန်ပြောင်းငယ်လေး တစ်ခုနှင့်ပင် တူနေတော့သည်။

သူ ကြည့်လိုက်သော နေရာတွင် သန်မာထွားကြိုင်းသော ပုံရိပ်များမှာ ရှေးဟောင်းသစ်ပင်ကြီးများကြားတွင် လျင်မြန်ဖြတ်လတ်စွာ လှုပ်ရှားနေကြသည်။ တောနက်ပိုင်းတွင်မူ ဆယ်ပေကျော် မြင့်မားသော ဧရာမ ပုံရိပ်ကြီးများမှာ တောအုပ်ကို ဖြတ်ကျော်ကာ တစ်ကိုယ်တော်ကျင့်ကြံသူများကို ရက်စက်စွာ လိုက်လံသတ်ဖြတ်နေကြသည်။

“ပြန်ကြစို့ ” ဟု လော့ချန် တည်ငြိမ်စွာ ပြောလိုက်သည်။

ပညာရှိသူသည် ပြိုကျတော့မည့် တံတားအနီးတွင် မနေသင့်သည်မှာ အမှန်ပင် ဖြစ်လေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၁၆၈) - ကပ်ဘေးမုန်တိုင်းကြားမှ အေးရိပ်မြုံနှင့် ကျင့်ကြံခြင်းလမ်းစ

ဘေးဒုက္ခမုန်တိုင်းများ ဝိုင်းရံလာချိန်တွင် မည်သည့်နေရာသို့ ခြေဆန့်လျှင် အကောင်းဆုံးဖြစ်မည်နည်း။

အဖြေကား ရိုးရှင်းလှပေသည်။ သေချာပေါက် မြို့တွင်းပိုင်းသို့သာ ဖြစ်ပေတော့မည်။

တာဟဲစျေးမြို့တော်၏ လက်ရှိမငြိမ်မသက်မှုများသည် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကြောင့် စတင်ခဲ့ခြင်း ဖြစ်သော်လည်း ယနေ့တိုင် မြို့တွင်းပိုင်းသည်သာ အားကိုးထိုက်ဆုံးသော နားခိုရာဖြစ်နေဆဲပင်။

မြို့တွင်းပိုင်းကို အလွှာသုံးထပ် အစီအရင်ကြီးများဖြင့် ကျောက်တောင်ကြီးသဖွယ် အခိုင်အမာ ကာကွယ်ထားသလို၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးကလည်း စောင့်ကြပ်ကြည့်ရှုနေသည် ဖြစ်သောကြောင့်ပင်။ မိစ္ဆာသားရဲများ မည်မျှပင် သောင်းကျန်းလာပါစေ၊ ဤနေရာသည်သာ အလုံခြုံဆုံးသော ကျွန်းတစ်ကျွန်း ဖြစ်နေပေလိမ့်မည်။

ဤသို့ တွေးမိသူမှာ လော့ချန်တစ်ဦးတည်း မဟုတ်ပေ။

သူ မြို့ထဲသို့ ခြေချလိုက်သောအခါ လမ်းမများပေါ်တွင် လူများမှာ ပုရွက်ဆိတ်အုံသဖွယ် ပြည့်နှက်နေပြီး တစ်ဦးနှင့်တစ်ဦး ပုခုံးချင်းတိုက်လုနီးပါး အသက်ရှူရပင် ခက်ခဲလောက်အောင် ဖြစ်နေလေသည်။

ကံကောင်းထောက်မစွာဖြင့် လော့ချန်တွင် လမ်းရှင်းပေးမည့် အစောင့်အရှောက်များအပြင်၊ ချီသန့်စင်အဆင့် ၉ ရှိပြီး ပါရမီရှင်စာရင်းဝင် ကျင့်ကြံသူအဖြစ် ကျော်ကြားသော တွမ်ဖုန်းလည်း ပါရှိနေသဖြင့် အိမ်သို့ အခက်အခဲမရှိ ပြန်ရောက်ခဲ့သည်။

အိမ်ပြန်ရောက်ရောက်ချင်းမှာပင် လော့ချန်သည် ပြီးခဲ့သည့် တစ်လအတွင်း ရရှိခဲ့သော အမြတ်အစွန်းများကို တွမ်ဖုန်းနှင့် စာရင်းရှင်းလိုက်တော့သည်။ အခြေအနေကား မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးနှင့် တူနေလေရာ သူတို့၏ လက်နက်ဟောင်းများ ပြုပြင်ရောင်းချသည့် လုပ်ငန်းကို ခေတ္တ ရပ်ဆိုင်းထားရမည် မဟုတ်ပါလော။

ဤလုပ်ငန်းကို စတင်စဉ်ကပင် သူနှင့် တွမ်ဖုန်း သဘောတူညီမှု ရယူထားပြီးသား ဖြစ်သည်။ လော့ချန်ဘက်မှ မတည်ရင်းနှီးငွေနှင့် ကုန်ကြမ်းများအားလုံးကို ထုတ်ပေးပြီး တွမ်ဖုန်းဘက်မှ ကျွမ်းကျင်မှုနှင့် လုပ်အားကို စိုက်ထုတ်ရန် ဖြစ်သည်။

ရလဒ်အနေဖြင့် လော့ချန်သည် အမြတ်အစွန်းကို တစ်ဝက်စီခွဲရန် ရက်ရက်ရောရော ကမ်းလှမ်းခဲ့သည်။ ဤကာလအတွင်း သူတို့သည် ဝိညာဉ်ကျောက်တုံး နှစ်ထောင် ရရှိခဲ့ရာ တစ်ယောက်လျှင် တစ်ထောင်စီ ခွဲဝေယူခဲ့ကြသည်။

ထို့ပြင် လော့ချန်၏ မတည်ရင်းနှီးငွေ အများစုမှာ ဝယ်ယူထားသော တစ်ပတ်ရစ် မှော်လက်နက်များထဲတွင် ရောက်နေသဖြင့် ချက်ချင်း ငွေဖော်ရန် ခက်ခဲနေသေးသည်။

ရေတို ကြည့်လျှင် ဤရင်းနှီးမြှုပ်နှံမှု၌ လော့ချန် အရှုံးပေါ်နေသကဲ့သို့ပင်။

“နှမြောဖို့ကောင်းလိုက်တာ၊ အချိန်က အရမ်းနည်းသွားတယ်” ဟု လော့ချန် သူ၏ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို သိမ်းရင်း ပြောလိုက်သည်။

တွမ်ဖုန်းကလည်း မကျေမနပ်ဖြစ်ဟန်ဖြင့် သက်ပြင်းကြီး ချလိုက်ရင်း ခါးသီးစွာ ပြန်ပြောလိုက်သည်။

“ဟုတ်တယ်၊ အချိန် နည်းနည်းလောက်သာ ပိုရရင် ဒီထက် အဆပေါင်းများစွာ ပိုမြတ်မှာပဲ”

သို့သော် လောကတွင် အရာအားလုံးမှာ မိမိအလိုအတိုင်း ဖြစ်လာသည်က ရှားလှသည်။ တည်ငြိမ်သော အခြေအနေကသာ ကျင့်ကြံသူများကို အေးချမ်းစွာ ကျင့်ကြံနိုင်ပြီး သာယာမှုကို ခံစားနိုင်စေခြင်း ဖြစ်သည်။

သို့သော် မငြိမ်မသက်ဖြစ်နေသော အချိန်မျိုးတွင်လည်း ထူးခြားသော ပါရမီရှင်အချို့ ထင်ရှားကျော်ကြားလာတတ်သည်။ သို့သော် လော့ချန်ကမူ သွေးချောင်းစီးသော စစ်ပွဲများထက် တည်ငြိမ်အေးချမ်းသော ကျင့်ကြံမှု ပတ်ဝန်းကျင်ကိုသာ ပို၍ မြတ်နိုးမိလေသည်။

….

တိတ်ဆိတ်သော ညဉ့်နက်ပိုင်းတွင် ခြံဝင်းအိမ်လေးမှာ လုံးဝ ငြိမ်သက်နေသည်။

လရောင်မြက်မှာ ပြတင်းတံခါးမှ ကျရောက်လာသော လရောင်အောက်ဝယ် သူ၏ ဖြူလွှလွှအရွက်များကို ဖြန့်ကားလျက် ချီစွမ်းအင်များကို ငမ်းငမ်းတက် စုပ်ယူနေလေသည်။ အခန်းထဲရှိ အမွှေးတိုင်အိုးလေးမှလည်း စိတ်ကို တည်ငြိမ်စေသော ရနံ့များ သင်းပျံ့ထွက်ပေါ်နေသည်။

အနှစ်သာရ မွေးမြူရည်ဖြင့် ရေစိမ်ပြီးနောက် လော့ချန်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ညစဉ်ပြုလုပ်မြဲအတိုင်း နွေဦးကျင့်စဉ်ကို ကျင့်ကြံနေသည်။

အချိန်အတော်ကြာပြီးနောက် သူသည် ကျင့်ကြံမှုမှ ဖြည်းဖြည်းချင်း နိုးထလာကာ ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို အဖြူရောင် အသက်ရှူငွေ့များအဖြစ် နဂါးငွေ့တန်းသဖွယ် မှုတ်ထုတ်လိုက်သည်။ သူ၏ အကြည့်မှာ မျက်စိရှေ့တွင် ပေါ်လာသော အခြေအနေပြကြေးမုံပြင် ပေါ်ရှိ ကျင့်ကြံခြင်း တိုးတက်မှုဆီသို့ ရောက်သွားတော့သည်။

အဆင့် - ချီသန့်စင် အဆင့် ၈ (၃၀/၁၀၀)

ချီသန့်စင် အဆင့်ရှစ်သို့ ရောက်ခဲ့သည်မှာ သုံးလေးလခန့် ရှိပြီဖြစ်သော်လည်း တိုးတက်မှုမှာ ထက်ဝက်ပင် မရှိသေးပေ။ သာမန် ကျင့်ကြံသူတစ်ဦးအတွက်ဆိုလျှင် ဤအရှိန်မှာ အံ့ဩလောက်အောင် မြန်ဆန်နေပြီဟု ဆိုရမည် ဖြစ်သော်လည်း၊ အဆင့်ခုနစ်မှ အဆင့်ရှစ်သို့ သုံးလအတွင်း တက်လှမ်းနိုင်ခဲ့ဖူးသော လော့ချန်အတွက်မူ ဤနှေးကွေးမှုမှာ သိသာလွန်းလှသဖြင့် မကျေမနပ် ဖြစ်မိလေသည်။ အကြောင်းမှာ သူသည် သာမန် ကျင့်ကြံသူ မဟုတ်သောကြောင့်ပင် ဖြစ်သည်။

သူ၏ ဝိညာဉ်အမြစ်မှာ ညံ့ဖျင်းသော်လည်း သူ အသုံးပြုခွင့်ရသော အရင်းအမြစ်များမှာ ကျန်လူများထက် များစွာ သာလွန်ပေသည်။

သူသည် မြူသန့်စင် ဆေးလုံး များကို အမြဲသောက်သလို၊ စိမ်ငြိမ်အမွှေးတိုင်များကိုလည်း အမြဲထွန်းထားလေသည်။ လရောင်မြက်နှင့်အတူ ကျင့်ကြံသလို၊ ဝိညာဉ်ကြောဂူများနှင့် ချီစုဆုံအစီအရင် အောက်တွင်လည်း ကျင့်ကြံလေ့ရှိသည်။ ထို့ပြင် အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံး များကိုလည်း အချိန်မှန် မှန်မှန် သောက်သုံးနေခဲ့သူ ဖြစ်သည်။

ဤမျှ ပေါများလှသော အရင်းအမြစ်များသည် ဂိုဏ်းကြီးများမှ တပည့်ရင်းများပင် ခံစားခွင့် မရနိုင်သောအရာများ ဖြစ်ပေလိမ့်မည်။ ဂိုဏ်းကြီးများမှ တပည့်များသည် ပိုမိုနက်နဲသော ပညာရပ်များနှင့် ဆရာကောင်းများ၏ လမ်းညွှန်မှုကို ရရှိနိုင်သော်လည်း၊ လော့ချန်တွင်မူ စနစ်မှ အပြစ်အနာအဆာများ ပြင်ဆင်ပေးထားသော နွေဦးကျင့်စဉ် ရှိနေသည် မဟုတ်ပါလော။

ထို့ကြောင့် သူ၏ လက်ရှိ ကျင့်ကြံခြင်း အခြေအနေမှာ ဂိုဏ်းကြီးများမှ တပည့်များထက်ပင် ပိုကောင်းသည်ဟု ဆိုနိုင်သည်။

"ချီသန့်စင်အဆင့် ၈ မှာ ရှိနေတာက အခုထိတော့ မလုံခြုံသေးဘူး၊ ဒါပေမဲ့ ဒါက လောလောဆယ် ငါ အကောင်းဆုံး လုပ်နိုင်တဲ့ အခြေအနေပဲ၊ အခုကစပြီး အဆင့် ၉ မရောက်မချင်း အရာရာမှာ လူမသိအောင် နေရမယ်၊ မဟုတ်ဘူး…. အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်တဲ့အထိကို ငြိမ်ငြိမ်လေး နေရမယ်"

လော့ချန် ပတ်ဝန်းကျင်ကို ကြည့်ရင်း မကျေမနပ် ရေရွတ်လိုက်သည်။

ဝိညာဉ်ကြောလိုဏ်ဂူများ၏ ကြွယ်ဝလှသော ချီစွမ်းအင်များကို ယဉ်ပါးနေပြီဖြစ်ရာ သာမန် မြို့တွင်းနေအိမ်၏ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာ နှိုင်းယှဉ်စရာပင် မရှိတော့ပေ။

“ငါ လခြမ်းတောင်ကြားကို ပြန်ပြီး ကျင့်ကြံဖို့ လိုတယ်၊ ဒီနေရာက ငါ့ကို အများကြီး နှောင့်နှေးစေတယ်၊ မိစ္ဆာသားရဲတွေ သောင်းကျန်းတာက သိပ်မကြာပါစေနဲ့လို့ပဲ မျှော်လင့်ရမှာပဲ ’

….

နောက်တစ်နေ့ နံနက်စောစောတွင် လော့ချန်သည် ချင်းဟယ်တောင်နှင့် ပတ်သက်သော သတင်းများကို စုံစမ်းရန် တုန်းဖန်းလျန်ကို လွှတ်လိုက်သည်။

မွန်းတည့်ချိန်တွင် တုန်းဖန်းလျန် အပြေးအလွှား ပြန်ရောက်လာပြီး သတင်းကောင်း ပါလာခဲ့သည်။ သားရဲသောင်းကျန်းမှုမှာ အမှန်တကယ် ပေါက်ကွဲထွက်လာခြင်း မရှိသေးပေ။ မြို့ပြင် အရှေ့ဘက်ပိုင်း၏ နေရာအချို့ကို တိုက်ခိုက်ပြီးနောက် သားရဲများမှာ အရှေ့ပိုင်းလွင်ပြင်အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားကြပြီ ဖြစ်သည်။

ကျောက်စိမ်းအိုးဓားဂိုဏ်းမှ တာဝန်ခံမြောင် နှင့် တပည့်ရင်းလော့ တို့ကိုယ်တိုင် ဝင်ရောက် ဖြေရှင်းခဲ့ကြပြီး အဖွဲ့ကို ဦးဆောင်ခဲ့ကြသည်ဟု ဆိုသည်။ သူတို့သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖန်ရင်ရှုံ၏ ဓားအမြုတေ အစအနကိုပင် အသုံးပြုကာ သားရဲများကို မောင်းထုတ်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် အရှေ့ဘက်ခရိုင်မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်။ လူအများမှာလည်း အရှေ့ပိုင်းလွင်ပြင်ရှိ ရွှေအမြုတေဂူသင်္ချိုင်း၏ အသေးစိတ် အချက်အလက်များကို စုံစမ်းနေကြပြီ ဖြစ်သည်။

လော့ချန် အများနည်းတူ စိတ်ဝင်စားမိသော်လည်း သူ၏ ပထမဦးစားပေးမှာ လခြမ်းတောင်ကြားသို့ ပြန်ရန် ဖြစ်သည်။ ကျင့်ကြံခြင်းကို လစ်ဟင်း၍ မဖြစ်ပေ။

ထို့ပြင် လခြမ်းတောင်ကြားနှင့် အရှေ့ပိုင်းလွင်ပြင်မှာ ထိစပ်နေခြင်း မရှိဘဲ တာဟဲဈေးမြို့တော်၏ တစ်ဖက်တစ်ချက်စီဖြစ်သော အရှေ့နှင့် အနောက်တွင် တည်ရှိနေသည်။ နှိုင်းယှဉ်ကြည့်လျှင် ဤဘက်အခြမ်းမှာ များစွာ ပို၍ ဘေးကင်းသည်။

အိမ်နီးချင်း လပြည့်ညတောင်တန်းတွင် ဘာပြဿနာမှ မရှိပါက ထိုသို့ ယူဆနိုင်သည်။ သို့သော် လော့ချန်၏ အမြင်အရ လပြည့်ညတောင်တန်းမှာ ယခုအခါ များစွာ ပို၍ ဘေးကင်းနေပြီဖြစ်သည်။

ဟွေ့ယဲ့တောင် အနားတွင် ဝိညာဉ်ဝံပုလွေများ မရှိတော့ရုံတင်မကဘဲ အလှမ်းဝေးသော ချန်ယင်းတောင် တွင်ပင် အနည်းငယ်သာ ကျန်တော့သည်။ ထိုဝိညာဉ်ဝံပုလွေများ အားလုံး ဘယ်ရောက်ကုန်သည်ကိုမူ မည်သူမျှ မသိကြပေ။

စီကုန်းရှို့ကျားမှာမူ အန္တရာယ်များကြားတွင် လော့ချန်တစ်ယောက် လခြမ်းတောင်ကြားသို့ ပြန်လာပြီး တာဝန်ယူသည်ကို မြင်ရသဖြင့် အတော်လေး အံ့ဩသွားသည်။

လော့ချန်၏ အကြောင်းပြချက်မှာ ရိုးရိုးလေးပင်။

"ဆေးဖော်စပ်တဲ့ ကြီးမြတ်တဲ့ လုပ်ငန်းကြီးက ရပ်တန့်သွားလို့ မဖြစ်ဘူး၊ ဒါက ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမ ထောင်ပေါင်းများစွာရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ဆိုင်တယ်၊ သူတို့ ဒုက္ခရောက်နေတာကို ကျွန်တော် မကြည့်ရက်ဘူး "

ဤအကြောင်းပြချက်ကြောင့် စီကုန်းရှို့ကျား တွေးလိုက်မိသည်။

‘ဒီလော့လေးက ဘယ်လိုများ စကားတွေကို အေးအေးဆေးဆေး ပြောထွက်နေရတာလဲ၊ ပြောလိုက်ရင်လည်း အမြဲတမ်း တရားမျှတနေတာပဲ’

လော့ချန် ဆေးဖော်စပ်ခြင်းလုပ်ငန်းများကို ပြန်လည် လုပ်ဆောင်လိုက်သည်နှင့် ဂိုဏ်းအတွင်းရှိ စိုးရိမ်ထိတ်လန့်နေသော လေထုမှာ ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။

ဂိုဏ်း၏ လေထု ဆိုသည်မှာ ဆေးဖော်ခန်းမ နှင့် ကပ်လျက်ရှိသော ဆေးဝါးခန်းမ တို့ကိုသာ ဆိုလိုခြင်း ဖြစ်သည်။ အခြားသော သားရဲခန်းမနှင့် သတ္တုတွင်းခန်းမ တို့မှာမူ ခန်းမခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်ကိုယ်တိုင် အရှေ့ပိုင်းလွင်ပြင်သို့ သွားနေကြသဖြင့် ခေါင်းဆောင်မဲ့ ဖြစ်နေကြသည်။

မကြာသေးမီက အခြေအနေများမှာ အတော်လေး ရှုပ်ထွေးနေသည်။ ထို့ကြောင့် မီကျွင်းဖျင်မှာ အလုပ်များလွန်းသဖြင့် အသက်ရှူပင် မဝနိုင်အောင် ဖြစ်နေရသည်။

မွန်းလွဲပိုင်းတွင် ဆေးဖော်စပ်ပြီးနောက် လော့ချန်သည် စီကုန်းရှို့ကျားနှင့် ထပ်မံ စကားစမြည် ပြောဖြစ်ကြသည်။

"ဂူသင်္ချိုင်း တိုက်ပွဲက ဘယ်လိုအခြေအနေ ရှိနေပြီလဲ မသိဘူးနော်"

စီကုန်းရှို့ကျားက အလွန်စိုးရိမ်သော အမူအရာဖြင့် "သိပ်တော့ အခြေအနေ မကောင်းလှဘူးလို့ ထင်တယ်" ဟု ဆိုသည်။

"ခင်ဗျားက အမြဲတမ်း အတွင်းသတင်းတွေ သိနေတာပဲ၊ ပြောပါဦး"

လော့ချန်၌ ဂိုဏ်းအတွင်းရေး အဆက်အသွယ် ရှိသော်လည်း အရှေ့ပိုင်းလွင်ပြင်နှင့် ပတ်သက်သော သတင်းအချက်အလက်များတွင်မူ ရှေ့ရှိ အဘိုးကြီးက သူ့ထက် များစွာ ပိုသိသည်။

စီကုန်းရှို့ကျားက ခါးသီးစွာ ပြုံးလိုက်ပြီး ဆိုသည်။

"ဒါက အတွင်းသတင်း မဟုတ်ပါဘူး၊ ပတ်ဝန်းကျင်ကို လျှောက်မေးကြည့်ရင်တောင် အရှေ့ပိုင်းလွင်ပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သိနိုင်ပါတယ်"

သူ ရှင်းပြလိုက်သောအခါမှ လော့ချန်သည် အရှေ့ပိုင်းလွင်ပြင်ရှိ အခြေအနေများ မည်မျှအထိ ဆိုးရွားနေကြောင်း သဘောပေါက်သွားတော့သည်။

အစပိုင်းတွင် အရာရာမှာ စနစ်တကျ ရှိနေပြီး လူတိုင်းက ရတနာများနှင့် ရှားပါးဆေးပင်များကို တူးဖော်ရန်သာ အာရုံစိုက်ခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်ကိုယ်တော်ကျင့်ကြံသူများမှာ အခွင့်ကောင်းယူကာ အကြီးအကျယ် လုယက်တိုက်ခိုက်မှုများကို စတင်လာကြသည်။

အဆုံးစွန် ပြောရလျှင် ဆေးပင်တစ်ပင် ရရန် ရက်ပေါင်းများစွာ ပင်ပင်ပန်းပန်း တူးနေရမည့်အစား အခြားလူဆီမှ လုယူလိုက်ခြင်းက ပို၍ မြန်ဆန်သည် မဟုတ်ပါလော။

ဤအခြေအနေမှာ ဖိုရှန်းဂိုဏ်း နှင့် ရွှမ်ယီအဖွဲ့ တို့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာချိန်တွင် အနည်းငယ် ငြိမ်သက်သွားခဲ့သည်။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ကောင်းကင်ဝိညာဉ်သိမ်းပိုက်ခြင်း အစီအရင် ရုတ်တရက် ကျုံ့သွားပြီး ချီသန့်စင်အဆင့် ကျင့်ကြံသူအားလုံးကို အပြင်သို့ နှင်ထုတ်ကာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုသာ အတွင်း၌ ကျန်ရစ်စေခဲ့ချိန်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

အပြင်ဘက်တွင် ကျန်ရစ်ခဲ့သော ထောင်ပေါင်းများစွာသော ကျင့်ကြံသူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူများ၏ ထိန်းချုပ်မှု မရှိတော့သဖြင့် မိမိကိုယ်ကိုယ် မထိန်းနိုင်ကြတော့ပေ။

ဖိုရှန်းဂိုဏ်း၊ ရွှမ်ယီအဖွဲ့နှင့် တာကျန်းဂိုဏ်းမှ ကျင့်ကြံသူ အနည်းငယ်တို့မှာ အချင်းချင်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ ကျန်ရှိသော တစ်ကိုယ်တော် ကျင့်ကြံသူများမှာလည်း ထိုရှုပ်ထွေးမှုများကြားတွင် အခွင့်အရေးရရန် အသည်းအသန် တိုက်ခိုက်နေကြသည်။

"မင်း လော့အာဒူ ကို မှတ်မိသေးလား" ဟု စီကုန်းရှို့ကျားက မေးလိုက်သည်။

"ဟက်…. အဲ့ဒီကောင်စုတ်လေးကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ"

လော့အာဒူမှာ လော့ချန် စည်းကမ်းချက်များ ထုတ်ပြန်ပြီးပြီးချင်းမှာပင် ဆေးဖော်ဆောင်မှ ထွက်ခွာပြီး ရွှေအမြုတေ နယ်မြေဟောင်းသို့ သွားမည်ဟု ပထမဦးဆုံး ကြေညာခဲ့သူ ဖြစ်ကြောင်း လော့ချန် ကောင်းကောင်း မှတ်မိသည်။

ထွက်သွားခြင်းက ပြဿနာမဟုတ်သော်လည်း လော့ချန် စည်းကမ်းထုတ်ပြီးချင်းမှာမှ ထိုသို့လုပ်ခြင်းမှာ သူ၏မျက်နှာကို ဖျက်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။

"သူ သေပြီ "

စီကုန်းရှို့ကျား သက်ပြင်းချလိုက်သည်။

"မနေ့က ဆေးဖော်ဆောင်က မီးထိန်းသမားတစ်ယောက် အသက်လုပြီး ပြန်ပြေးလာတယ်။ သူက အရမ်းလန့်နေပြီးတော့ ပုံမှန်လစာရတဲ့ မီးဖိုစောင့်အလုပ်ကပဲ ပိုဘေးကင်းတယ်လို့ တွေးမိသွားပုံရတယ်၊ အဲ့ဒါကြောင့် ဆေးဖော်ဆောင်ကို ပြန်လာချင်နေတာ"

"အော"

လော့ချန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

စီကုန်းရှို့ကျားက အမြန်ပင် စိတ်အေးအောင် ပြောလိုက်သည်။

"မင်းရဲ့ အမိန့်ရှိနေတော့ ငါ သူ့ကို ပြန်လက်မခံခဲ့ပါဘူး၊ ဒါပေမဲ့ သူ့ကို မငြင်းခင်မှာ တောင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သူ့ဆီကနေ အများကြီး သိခဲ့ရတယ်၊ ကျင့်ကြံသူ ထောင်ပေါင်းများစွာက ထိန်းမရအောင် ရှုပ်ထွေးနေတဲ့ တိုက်ပွဲတွေထဲမှာ ပိတ်မိနေကြတာ၊ လူတိုင်းက သွေးဆာပြီး ရူးသွပ်နေကြတာပဲ၊ လော့အာဒူလို အညတရကောင်မျိုးကတော့ အသက်ရှင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး"

ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ တိုက်ခိုက်နေကြသည်ကို တွေးမိသောအခါ လော့ချန်၏ ဦးရေပြားပင် တုန်သွားသည်။

"ဒါဆို သားရဲသောင်းကျန်းမှုကော ဘယ်လိုလဲ"

"သားရဲသောင်းကျန်းမှု ဖြစ်ရတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ် "

စီကုန်းရှို့ကျားက လက်ကို ဖြန့်ပြလိုက်သည်။

"သားရဲတွေရဲ့ နယ်မြေထဲမှာ လူတွေအများကြီး တိုက်ခိုက်နေကြတာကို သားရဲတွေက ဒီအတိုင်း ငြိမ်နေမယ်လို့ မင်းထင်လို့လား၊ သူတို့ အချိန်အတော်ကြာအောင် အောင့်ထားခဲ့ကြတာ၊ ဒါပေမဲ့ အရင်က ဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေတောင် အခုတော့ အန္တရာယ်ရှိနေပြီ….”

“အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ပေါ်မလာတော့တဲ့အခါမှာ ရွှေဝိညာဉ်မျောက် တွေနဲ့ မျောက်ဝံတွေ ဦးဆောင်တဲ့ သားရဲတွေက ကျင့်ကြံသူတွေကို လိုက်လံ သတ်ဖြတ် စားသောက်ကြတော့တာပဲ၊ အဲ့ဒီတော့ အဆင့်နိမ့် တစ်ကိုယ်တော်ကျင့်ကြံသူတွေက အုပ်စုလိုက် ထွက်ပြေးကြတယ်၊ သားရဲတွေကလည်း လိုက်ကြတယ်၊ အဲ့ဒီကနေ သားရဲသောင်းကျန်းမှု အသေးစားလေး ဖြစ်လာရတာပဲ"

ထိုနေ့က လော့ချန် ချင်းဟယ်တောင်ကို ခဏမျှ လှမ်းကြည့်ခဲ့စဉ်က မြင်တွေ့ခဲ့ရသော ထိုကြီးမားလှသော သားရဲအုပ်ကြီးမှာ အသေးစားမျှသာ ဖြစ်သည် ဆိုပါလား။

အကြီးစားသာ ဆိုပါက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်ကို လော့ချန် စိတ်ပင် မကူးကြည့်ဝံ့တော့ပေ။

"အဓိက တပ်ဖွဲ့တွေလည်း မကြာခင် ပြန်လာကြတော့မှာပါ" ဟု လော့ချန် ပြောလိုက်သည်။

"အဲ့ဒီလိုပဲ မျှော်လင့်ရတာပေါ့"

ကောင်းကင်ဝိညာဉ်သိမ်းပိုက်ခြင်း အစီအရင် ကျုံ့သွားခြင်းကြောင့် ချီသန့်စင်အဆင့် ကျင့်ကြံသူအားလုံးမှာ အခွင့်အရေးများအတွက် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားကြပြီ ဖြစ်သည်။

တောင်ထဲတွင်လည်း သားရဲသောင်းကျန်းမှု ဖြစ်ပွားနေသဖြင့် အောက်ခြေအဆင့် ကျင့်ကြံသူများမှာ ဆုတ်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

စီကုန်းရှို့ကျားသည် သူ၏ သားဖြစ်သူကို တွေးတောရင်း "မြန်မြန်ပြန်လာရင် ပိုကောင်းတာပေါ့ " ဟု နောက်တစ်ကြိမ် ရေရွတ်လိုက်မိတော့သည်။

All Chapters