အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
အခန်း ၂၆၁ - ကံကြမ္မာ၏အချစ်တော် ၊ တစ်နေ့တာ မိုင်သုံးထောင်ခရီး
မိမိ၏စိတ်အာရုံထဲ၌ အသံတစ်ခု ပဲ့တင်ထပ်လာသည်ကို ကြားလိုက်ရသော်လည်း လုချင်းမှာ အံ့သြသွားခြင်း မရှိပေ။ ၎င်းမှာ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများသာ အသုံးပြုနိုင်သည့် စိတ်ဝိညာဉ်စွမ်းအားဖြင့် စကားပြောခြင်းဖြစ်ပြီး သူ့ဆရာ သမားတော်ကြီးချန်က သူ့အား စိတ်ချင်းဆက်သွယ်ကာ ပြောဆိုနေခြင်းဖြစ်ကြောင်း သူသိနေသည်။
"မိန်းကလေးဟူက တစ်ခုခု ထူးခြားနေတယ်... ဆရာ သတိထားမိရဲ့လား" လုချင်းကလည်း ထိုနည်းလမ်းအတိုင်း စိတ်ချင်းဆက်သွယ်ကာ ပြန်လည်မေးမြန်းလိုက်သည်။
သမားတော်ကြီးသည် ရှောင်ယန်နှင့် ရင်းရင်းနှီးနှီး စကားပြောဆိုနေသော ဟူကျိကျစ်ကို လှမ်းကြည့်လိုက်သည်။ သူမကို ခေတ္တမျှ အာရုံခံကြည့်ပြီးနောက် နောက်ဆုံး၌ ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိပြုမိသွားလေ၏။
"ဒီမိန်းကလေးရဲ့ အရှိန်အဝါက... နည်းနည်း ထူးခြားနေသလိုပဲ" သမားတော်ကြီးသည်လည်း မရေမရာ ဖြစ်နေပုံရသည်။
"ဟုတ်တယ်ဆရာ၊ ကျွန်တော့်အထင်သာ မမှားဘူးဆိုရင် ဒီမိန်းကလေးဟူက ဒဏ္ဍာရီထဲကအတိုင်း ကံကြမ္မာရဲ့အချစ်တော်တွေထဲက တစ်ယောက် ဖြစ်လောက်ပါတယ်" လုချင်းက ဆိုလိုက်သည်။
အစပိုင်းတွင် သူလည်း အတော်လေး အံ့သြခဲ့ရသည်။ အကယ်၍သာ နတ်မျက်စိစွမ်းရည် မရှိခဲ့ပါက ချီနှင့်သွေးအဆင့်မျှသာ ရှိသော ဟူကျိကျစ်ကဲ့သို့ အမျိုးသမီးတစ်ယောက်သည် ကံကြမ္မာ၏အချစ်တော်တစ်ဦး ဖြစ်နေသည်ကို သူယုံကြည်နိုင်ခဲ့မည် မဟုတ်ပေ။
"ကံကြမ္မာရဲ့အချစ်တော် ဟုတ်လား" သမားတော်ကြီးမှာ တုန်လှုပ်သွားပြီး "အားချင်း... မင်း သေချာရဲ့လား"
"ကျွန်တော် တော်တော်လေး သေချာပါတယ်" လုချင်းက ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါမှ သမားတော်ကြီးသည် ရုတ်တရက် သဘောပေါက်သွားလေသည်။ သူသည် လုချင်း၏ စကားကို သံသယဝင်မည် မဟုတ်ပေ။ လုချင်းသည် လျှို့ဝှက်ဆန်းကြယ်သော အမွေအနှစ်များကို ပိုင်ဆိုင်ထားပြီး ထူးခြားသည့် နည်းစနစ်များစွာကို တတ်မြောက်ထားသူ ဖြစ်သည်။
ကံတရားကို ကြည့်ရှုခြင်းသည် ဆန်းကြယ်သည်ဟု ထင်ရသော်လည်း သူ့အတွက်တော့ ခက်ခဲလှမည် မဟုတ်ချေ။ လုချင်းက ဤမိန်းကလေးကို အဘယ်ကြောင့် ဤမျှ အလေးထားနေရသနည်း ဆိုသည်ကို သူနားလည်သွားပြီ ဖြစ်သည်။ ကံကြမ္မာ၏အချစ်တော် တစ်ယောက်ဆိုသည်မှာ အမှန်တကယ်ပင် အာရုံစိုက်သင့်သည့် သူမျိုး မဟုတ်ပါလော။
"ဆရာ... နောက်ထပ် တပည့်တစ်ယောက် ထပ်လက်ခံဖို့ စိတ်ကူးရှိလားဗျ" လုချင်းက စိတ်ချင်းဆက်သွယ်ကာ ဆက်မေးလိုက်သည်။
သမားတော်ကြီးမှာ ကြောင်အမ်းသွားပြီး ပြန်မေးလိုက်သည်။ "တပည့်လက်ခံရမယ် ဟုတ်လား"
"ဟုတ် ဆရာ၊ မိန်းကလေးဟူက ကံကြမ္မာရဲ့အချစ်တော် တစ်ယောက်ဖြစ်တဲ့အတွက် သူမရဲ့ အနာဂတ် အောင်မြင်မှုတွေက သေချာပေါက် ကြီးကျယ်ခမ်းနားမှာပါ။ သူမသာ ချောချောမွေ့မွေ့ ကြီးပြင်းလာရင် ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်ပါတယ်ဗျ"
"ဒါပေမဲ့ သူက ရွှမ်ရှင်းဂိုဏ်းရဲ့ တပည့်ရွေးချယ်ပွဲ အခမ်းအနားကို သွားမလို့ မဟုတ်လား။ သူမ့ရဲ့ ကံတရားနဲ့ဆိုရင် သေချာပေါက်ကို အလွယ်တကူနဲ့ အရွေးခံရမှာပဲလေ"
"မပြောနိုင်ပါဘူးဗျ" လုချင်းက ခေါင်းကို အသာခါလိုက်ပြီး "ရွှမ်ရှင်းဂိုဏ်းရဲ့ တပည့်ရွေးချယ်ပွဲ အခမ်းအနားဆိုတာကြီးက တရားဝင်ဟုတ် ၊ မဟုတ် မသေချာတဲ့အပြင် လူတိုင်းကလည်း သူ့ရဲ့ ကံတရားကို မြင်နိုင်တာမှ မဟုတ်တာ"
ပိုပြီးတိကျစွာ ပြောရလျှင် သူမှလွဲ၍ ဟူကျိကျစ်၏ ကံတရားကို အာရုံခံနိုင်သူ ရှိရန် ခဲယဉ်းလှသည်။ ကံတရားဟူသော သဘောတရားသည် ဖမ်းဆုပ်ရခက်ခဲပြီး နက်နဲလှပါ၏။ မသေမျိုး ကျင့်ကြံခြင်းလောကတွင် ကံတရားကြည့်ရှုသည့် နည်းစနစ်များ ရှိသော်လည်း အလွန်မြင့်မားသော ကျွမ်းကျင်မှုအဆင့် လိုအပ်သည်။ ဝိညာဉ်စွမ်းအင်များ ယခုမှ ပြန်လည်နိုးထလာသော ဤကမ္ဘာလောကတွင် ထိုအဆင့်ထိ ရောက်နိုင်သူ ရှိလိမ့်မည်ဟု လုချင်း မယုံကြည်ပေ။
"မိန်းကလေးဟူရဲ့ ခြေထောက် ဒဏ်ရာပျောက်တဲ့အထိ စောင့်ကြည့်ကြတာပေါ့" သမားတော်ကြီးက ခေါင်းကို အသာခါလိုက်သည်။ အနာဂတ်တွင် ကြီးကျယ်သော အောင်မြင်မှုများ ရနိုင်သူ ဖြစ်စေကာမူ နောက်ထပ်တပည့်တစ်ဦး လက်ခံရန် သူ သိပ်မလိုလားပေ။ သူသည် တပည့်တစ်ဦး၏ ပါရမီထက် စိတ်နေသဘောထားနှင့် ကိုယ်ကျင့်တရားကို ပိုတန်ဖိုးထားသူ ဖြစ်သည်။ လုချင်းကဲ့သို့ တပည့်တစ်ယောက် ရှိနေခြင်းကပင် သူ့အတွက် လုံလောက်နေပြီပင်။
ဆရာဖြစ်သူ စိတ်မဝင်စားသည်ကို မြင်သောအခါ၌ လုချင်းလည်း ဇွတ်အတင်း မပြောတော့ပေ။ သူက စကားစပ်မိ၍ အကြံပြုကြည့်ခြင်းသာ ဖြစ်သည်။ တပည့်လက်ခံချင် ၊ မခံချင် ဆိုသည်မှာ သူ့ဆရာ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်။
သူတို့၏ စကားဝိုင်းမှာ စိတ်ချင်းဆက်သွယ် ပြောဆိုနေခြင်း ဖြစ်သဖြင့် ဟူကျိကျစ်မှာမူ သူမအား ဒဏ္ဍာရီလာ ကံကြမ္မာ၏အချစ်တော်တစ်ယောက်အဖြစ် သတ်မှတ်နေကြသည်ကို လုံးဝ မသိရှာပေ။
လုချင်း၏ ညွှန်ကြားချက်ကြောင့် မာကူးသည် မြင်းလှည်း၏ အရှိန်ကို မလျှော့ချခဲ့ပေ။ အစိမ်းရောင် အလင်းတန်းများ လွှမ်းခြုံထားသော မြင်းလှည်းသည် လမ်းတစ်လျှောက် အရှိန်ပြင်းစွာ ပြေးလွှားနေပြီး မကြာမီမှာပင် ရှေ့ရှိ ကုန်သည်အဖွဲ့များနှင့် ခရီးသွားများကို ကျော်တက်သွားလေသည်။ ဤထူးခြားဆန်းပြားသော မြင်ကွင်းကြောင့် လူအများထံမှ အံ့အားသင့်မှုများ ထွက်ပေါ်လာကြသည်။
"ဘာဖြစ်သွားတာလဲ" ကြီးမားသော လှည်းတန်းကြီးတစ်ခုရှိ ဇိမ်ခံ မြင်းလှည်းတစ်စီးပေါ်မှ လိုက်ကာပွင့်လာပြီး ချောမောခန့်ညားသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
"သခင်လေးကို သတင်းပို့ပါတယ်ဗျ... ခုနကပဲ မြင်းလှည်းတစ်စီးက ကျွန်တော်တို့ကို အရှိန်နဲ့ ကျော်တက်သွားပါတယ်။ အဲဒီလှည်းက ထူးဆန်းတဲ့ အစိမ်းရောင် အလင်းတွေ ဝန်းရံထားပြီး ရွေ့လျားတာကလည်း အရမ်းမြန်သလို အရမ်းလည်း ဆန်းကြယ်ပါတယ်ဗျ" သံချပ်ကာ ဝတ်ဆင်ထားသော မြင်းစီးသူရဲကောင်းတစ်ဦးက လေးစားစွာ သတင်းပို့လိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် တုန်လှုပ်မှု အရိပ်အယောင်များ ကျန်ရှိနေသေးပါ၏။ ထိုကဲ့သို့သော မြင်ကွင်းမျိုး သူတစ်ခါမျှ မမြင်ဖူးခဲ့ပေ။
"ဘာ... အစိမ်းရောင် အလင်းတွေ ဝန်းရံထားတဲ့ မြင်းလှည်း ဟုတ်လား" လူငယ်မှာ တုန်လှုပ်သွားပြီး မေးလိုက်၏။ "မင်း အဲဒီမြင်းလှည်းကို မှတ်လိုက်လား"
"မမှတ်လိုက်ရပါဘူးဗျ၊ မြင်းလှည်းနဲ့ မြင်းတွေတစ်ခုလုံးကို အစိမ်းရောင် အလင်းတွေ ဖုံးလွှမ်းထားလို့ အသေးစိတ် ကြည့်ဖို့ ခက်ပါတယ်။ ရှေ့မှာ မြင်းကြီးနှစ်ကောင် ရှိပြီး လူတစ်ယောက် မောင်းနှင်နေတာလောက်ပဲ ဝိုးတိုးဝါးတား မြင်လိုက်ရပါတယ်ဗျ" သံချပ်ကာ သူရဲကောင်းက ပြန်ဖြေသည်။
"လေဟုန်စီးတဲ့မြင်းလှည်း... အဲဒီလို ဒဏ္ဍာရီလာ အရာမျိုးက တကယ် ရှိတာလား။ ဒါပေမဲ့ ဘယ်သူကများ ဒီလို ဝိညာဉ်လက်နက်မျိုးကို ပိုင်ဆိုင်ပြီး အသက်သွင်းနိုင်ရတာလဲ" လူငယ်မှာ မယုံနိုင်စွာ ရေရွတ်လိုက်ပြီး စောစောက သက်သောင့်သက်သာ ဖြစ်စေရန် မြင်းလှည်းထဲ၌ ပုန်းအောင်းနေမိသည်ကို နောင်တရသွားသည်။ အကယ်၍ သူသာ အပြင်ရောက်နေခဲ့လျှင် ထိုမြင်းလှည်းကို တားဆီးပြီး မိတ်ဖွဲ့ခွင့် ရကောင်းရနိုင်မည် မဟုတ်ပါလော။
"အဘိုးရဲ့ ဟောကိန်းက မှန်တဲ့ပုံပဲ။ ကျုံးကျိုးနယ်မြေက တကယ်ကို အပြောင်းအလဲကြီးတွေ ဖြစ်နေပြီပဲ။ လေဟုန်စီးတဲ့မြင်းလှည်းတောင် ပေါ်လာပြီဆိုတော့ မကြာခင် ရှေးဟောင်းစွမ်းအားတွေ ပါဝင်တဲ့ ပိုပြီးထူးဆန်းတဲ့ အရာတွေ ပေါ်လာဦးမှာပဲ။ အဘိုးက ကျုံးကျိုးမှာ အခွင့်အရေးကြီးတွေ ပေါ်လာမယ်လို့ ဟောကိန်းထုတ်ထားတယ်။ ငါကော အဲဒီ အခွင့်အရေးတချို့ကို ဆုပ်ကိုင်နိုင်ပါ့မလား မသိဘူး"
လုချင်းကတော့ သူ မွမ်းမံထားသော မြင်းလှည်းကို ရှေးဟောင်း လေဟုန်စီးမြင်းလှည်းဟု အထင်မှားသွားကြမှန်း မသိခဲ့ပေ။
သို့သော် သူတို့၏ ဟိတ်ဟန်ကြီးသော ခရီးနှင်မှုက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်မှန်းတော့ သူသိပါ၏။ သို့သော် သူ ဂရုမစိုက်ပေ။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ မြင့်မြတ်သော တောင်တော်ဆီသို့ အမြန်ဆုံး ရောက်ရှိရန် ဖြစ်သည်။ သူတို့ ကျော်ဖြတ်ခဲ့သော လူများမှာ မည်သို့မျှ အမီလိုက်နိုင်မည် မဟုတ်ချေ။
မြင်းလှည်းသည် ထမင်းစားရန်အတွက်ပင် ရပ်နားခြင်း မရှိဘဲ ယာဉ်ပေါ်၌သာ စားသောက်ကြသည်။ ကျုံးကျိုးနယ်မြေ၏ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကြောင့် မြင်းလှည်းပေါ်ရှိ အစီအရင်များသည် ပိုမို အားကောင်းလာပြီး အရှိန်နှုန်းကို မြှင့်တင်ပေးကာ မြင်းများကိုလည်း ပင်ပန်းနွမ်းနယ်မှု သက်သာစေသည်။
နေ့လည်ခင်း ရောက်သောအခါ၌ ဟူကျိကျစ်မှာ စိုးရိမ်လာလေသည်။ "အစ်ကိုလုချင်း... ကျွန်မတို့ ခရီးနှင်လာတာ တော်တော်ကြာနေပြီ၊ မြင်းတွေကို အနားပေးဖို့ မနားသင့်ဘူးလားဟင်"
"ကိစ္စမရှိပါဘူး" လုချင်းက ပြုံး၍ ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့ မြင်းတွေက တစ်ရက်ကို မိုင်တစ်ထောင် ခရီးနှင်နိုင်စွမ်း ရှိပါတယ်ဗျ။ ဒီလောက် အကွာအဝေးက သူတို့အတွက် ဘာမှ မဟုတ်ပါဘူး။ ပြီးတော့ မြင်းလှည်းမောင်းနေတဲ့ ဆရာမာကလည်း မြင်းတွေ ပင်ပန်းရင် ရပ်ပေးမှာပါ"
"ဪ... အစ်ကိုလုချင်းရဲ့ မြင်းတွေက ဒီလောက် ထူးခြားမယ်လို့ မထင်ထားမိဘူး" ဟူကျိကျစ်သည် ဤစကားကို ကြားပြီးနောက် စိတ်သက်သာရာရသွားသည်။
လုချင်းက ပြုံးလိုက်သော်လည်း စကားဆက်မပြောတော့ပေ။ သူပြောသည့် စကားများမှာ အမှန်ပင် ဖြစ်သည်။
မူလကတည်းက ကြံ့ခိုင်သော ဤမြင်းများသည် ခရီးလမ်းတစ်လျှောက် အစီအရင်၏ စွမ်းအားဖြင့် အားဖြည့်ပေးထားသောကြောင့် ခံနိုင်ရည်နှင့် ခွန်အားများ တိုးတက်လာခဲ့သည်။
ဆက်ပြီးတော့သာ ပြုစုပျိုးထောင်ပေးပါက ၎င်းတို့သည် ဉာဏ်အလင်းပွင့်လာပြီး ဝိညာဉ်သားရဲများပင် ဖြစ်လာနိုင်သည်ဟု သူ ယုံကြည်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူရရှိထားသည့်အမွေအနှစ်ထဲတွင် သားရဲထိန်းကျောင်းသည့် ဂိုဏ်းများကဲ့သို့ ဝိညာဉ်သားရဲ မွေးမြူသည့် နည်းလမ်းများ မပါရှိခြင်းပင်။ သို့မဟုတ်ပါက ၎င်းတို့၏ ဆင့်ကဲပြောင်းလဲမှုကို မြန်ဆန်အောင် လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။
လုချင်း အတွေးလွန်နေစဉ် ခရုပက်ကျိလိုမျိုး ပျင်းပျင်းရိရိဖြင့် တွားသွားလာသော သတ္တဝါလေးတစ်ကောင်သည် သူ့ဘေးရှိ အသိုက်ငယ်လေးထဲမှ ထွက်လာသည်။ ရှောင်လီသည် အိပ်ချင်မူးတူးဖြင့် လုချင်း၏ ပေါင်ပေါ်သို့ တက်လာသည်။
"ရှောင်လီ... နိုးပြီလား။ ဗိုက်ဆာနေပြီလား" လုချင်းက ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
ရှောင်လီက အမြီးလေးကို လှုပ်ယမ်းပြကာ ဗိုက်မဆာကြောင်း ပြလိုက်သော်လည်း မျက်လုံးတော့ မဖွင့်ပေ။ "ရှောင်လီကလေ ဒီရက်ပိုင်း အရမ်းပျင်းတာပဲ၊ အမြဲတမ်းကို အိပ်နေတော့တာပဲ" ရှောင်ယန်က စနောက်လိုက်သည်။
သို့သော် ရှောင်လီမှာ အိပ်ချင်နေဆဲဖြစ်ပြီး ရှောင်ယန်နှင့် ကစားရန် စိတ်မပါပေ။
လုချင်းက ရှောင်လီ၏ အမွှေးပွပွလေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ၎င်း၏ စိတ်ထဲရှိ အမွေအနှစ် နည်းစနစ်ကို စတင်လေ့ကျင့်ကတည်းက ရှောင်လီသည် ပို၍ အိပ်ငိုက်လာတတ်သည်။ ညဘက်တွင်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သလို နေ့ဘက် အချိန်အများစုတွင်လည်း အိပ်စက်နေတတ်ပါ၏။
သို့သော် လုချင်းသည် ၎င်း၏ တိုးပွားလာသော ခွန်အားကို ခံစားမိသဖြင့် နည်းစနစ်က ထိရောက်မှု ရှိကြောင်း သိနေသည်။ ကျင့်ကြံမှု အောင်မြင်သွားပါက ဤအိပ်ငိုက်ခြင်းက ပိုဆိုးလာမည်လား၊ သက်သာသွားမည်လား ဆိုသည်ကိုတော့ သူ စဉ်းစားနေမိသည်။
ဟူကျိကျစ်သည် ရှောင်လီကို စူးစမ်းစွာ ကြည့်နေသည်။ သူမ မြင်းလှည်းပေါ် တက်စက သားရဲလေးကို မြင်ဖူးသော်လည်း ၎င်းက အိပ်ပျော်သွားပြီး နေ့လည်စာစားချိန်ထိ နိုးမလာခဲ့ပေ။ လုချင်းနှင့် အခြားသူများက သားရဲလေးကို စကားပြောကြပြီး ၎င်းကလည်း နားလည်ပုံရသည်ကို မြင်သောအခါ၌ သူမ၏ စပ်စုချင်စိတ် ကလည်း တိုးလာခဲ့သည်။
"အစ်ကိုလုချင်း... ဒါလေးက ဘာကောင်လေးလဲဟင်" သူမက မေးလိုက်သည်။
"ဪ... ဒါက ရှောင်လီပါ၊ ညီမလေး ရှောင်ယန်ရဲ့ ကစားဖော်နဲ့ ကျွန်တော်တို့ရဲ့ ခရီးသွားဖော်ပေါ့" လုချင်းက ပြုံး၍ ပြော၏။
"ခုနက အစ်ကိုလုချင်း ပြောတာကို သူ နားလည်သွားသလိုပဲနော်"
"ဟုတ်တယ်၊ ရှောင်လီက ကျွန်တော်တို့ ပြောတာကို နားလည်တယ်" လုချင်းက ခေါင်းညိတ်လိုက်သည်။
"အံ့သြစရာပဲနော်။ ကျွန်မ သူ့ကို ကိုင်ကြည့်လို့ ရမလား" ဟူကျိကျစ်၏ မျက်လုံးများ တောက်ပလာသည်။
"မရလောက်ဘူး ထင်တယ်" လုချင်းက ခေါင်းခါလိုက်သည်။ "ရှောင်လီက သူစိမ်းတွေ သူ့ကို လာထိတာ မကြိုက်ဘူး"။
ရှောင်လီသည် ဟူကျိကျစ်ကို မျက်လုံးမှေး၍ တစ်ချက်ကြည့်လိုက်ပြီးနောက် လုချင်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဆက်လက် အိပ်စက်သွားလေသည်။
ဆူညံလိုက်တာ၊ နောက်ထပ် မိန်းမတစ်ယောက်ပါလား... ခြေနှစ်ချောင်း သတ္တဝါတွေက တကယ်ပဲ စပ်စုတတ်ကြတာပဲ...
ဟူကျိကျစ် : ...
သူပဲ ထင်လို့ပဲလား၊ သားရဲလေးက သူ့ကို အထင်သေးသလို ကြည့်သွားသလားလို့။
မြင်းလှည်းသည် နေဝင်ရီတရောအချိန်အထိ လျင်မြန်စွာ ခရီးဆက်ခဲ့လေ၏။
"ဆရာ... မှောင်တော့မယ်။ ရှေ့မှာ မြို့တစ်မြို့ ရှိတယ်ဗျ။ အဲဒီမှာ ညအိပ်နားကြမလား" မြင်းလှည်း အရှေ့ဘက်မှ မာကူး၏ အသံ ထွက်ပေါ်လာသည်။
"ကောင်းပြီ၊ မြို့ထဲ ဝင်ကြတာပေါ့။ မိန်းကလေးဟူရဲ့ ခြေထောက်လည်း ကောင်းကောင်း အနားယူဖို့ လိုသလို ကျွန်တော်လည်း ဆေးဖက်ဝင် အပင်တချို့ ဝယ်ဖို့ လိုတယ်" လုချင်းက ပြောလိုက်သည်။
သူ့စကားကြောင့် ဟူကျိကျစ်၏ ရင်ထဲ နွေးထွေးသွားပြီး မျက်နှာ အနည်းငယ် ရဲသွားလေ၏။
မာကူးက မြင်းလှည်းကို မြို့ဘက်သို့ ဦးတည် မောင်းနှင်လိုက်သည်။ လုချင်းက ပြတင်းပေါက်ကို ဖွင့်ပြီး အပြင်သို့ ကြည့်လိုက်သည်။ သူတို့ နီးကပ်လာသည်နှင့်အမျှ မြို့အမည် ရေးထိုးထားသော ကြီးမားသည့် ကျောက်တိုင်ကြီးကို မြင်လိုက်ရပြီး "ယွင်လွိုက်မြို့" ဟု တိုးတိုးလေး ဖတ်လိုက်သည်။
အတွေးလွန်နေသော ဟူကျိကျစ်မှာ လန့်သွားပြီး မေးလိုက်၏။ "အစ်ကိုလုချင်း... ဘာပြောလိုက်တာလဲ"
"ဒီမြို့နာမည်က ယွင်လွိုက်မြို့တဲ့။ နာမည်လေးက စိတ်ဝင်စားစရာ ကောင်းသားပဲလို့ ပြောတာပါ"
"ယွင်လွိုက်မြို့" ဟူကျိကျစ် မျက်လုံးများ ပြူးကျယ်သွားသည်။ "အစ်ကိုလုချင်း... ယွင်လွိုက်မြို့ ဆိုတာ သေချာလို့လား"
"ကိုယ်တိုင် လာကြည့်ပါလား။ မြို့အပြင်က ကျောက်တိုင်ကြီးမှာ နာမည် ရေးထားတယ်လေ" လုချင်းက သူမကြည့်ရန် နေရာဖယ်ပေးလိုက်၏။ ဒဏ်ရာရထားသော ခြေထောက်နှင့်ပင် ဟူကျိကျစ်သည် အပြင်ကို လှမ်းကြည့်လိုက်သည်။ ကျောက်တိုင်နှင့် မြို့ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများ အံ့သြတုန်လှုပ်မှုဖြင့် ပြူးကျယ်သွားလေသည်။
"တကယ်ပဲ ဖေဖေ ပြောဖူးတဲ့ ယွင်လွိုက်မြို့ပဲ။ ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဘာဖြစ်လို့လဲ မိန်းကလေးဟူ။ ယွင်လွိုက်မြို့က ဘာပြဿနာ ရှိလို့လဲ" လုချင်း မေးလိုက်သည်။
"မဟုတ်ဘူး... ကျွန်မ မြေပုံ ကြည့်ရမယ်" ဟူကျိကျစ်သည် အိတ်ထဲမှ သားရေမြေပုံတစ်ခုကို ကမန်းကတန်း ထုတ်ယူလိုက်၏။ မှတ်သားထားသောနေရာများကို မြင်လိုက်ရသောအခါ၌ သူမ ကြောင်အမ်းသွားသည်။
"မိန်းကလေးဟူ၊ ဘာဖြစ်လို့လဲဗျ" လုချင်း စိုးရိမ်တကြီး မေးလိုက်သည်။ သမားတော်ကြီးနှင့် ဝေ့ကျိအန်းတို့လည်း သိချင်စိတ် ဖြစ်ပေါ်လာကြသည်။
"အစ်ကိုလုချင်း... အမှန်တိုင်း ပြောပါ၊ ကျွန်မ မြင်းလှည်းပေါ် ရောက်ပြီးတော့ ခြေထောက်နာတာကြောင့် ရက်တော်တော်ကြာတဲ့အထိ အိပ်ပျော်သွားခဲ့တာလားဟင်"
"မဟုတ်ပါဘူး၊ မိန်းကလေးဟူ နိုးနေပြီး ကျွန်တော်တို့နဲ့ စကားပြောနေတာပဲလေ။ ပြီးတော့ ဒီမနက်မှ နဂါးပြာမြို့တော်ကနေ ထွက်လာတာ မဟုတ်လား" လုချင်း နားမလည်စွာ ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ နဂါးပြာမြို့တော်ကနေ မိုင်သုံးထောင် ဝေးတဲ့ ယွင်လွိုက်မြို့ကို တစ်ရက်တည်းနဲ့ ဘယ်လိုလုပ် ရောက်နိုင်မှာလဲ" ဟူကျိကျစ်၏ မျက်နှာတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်နေသည်။
"ဪ... အဲဒါကြောင့်လား" လုချင်း ရယ်မောလိုက်သည်။ "ယွင်လွိုက်မြို့မှာ တခြား ပြဿနာ ရှိနေတယ် ထင်လို့ပါ။ ကျွန်တော် ပြောသားပဲ၊ ကျွန်တော်တို့ရဲ့ မြင်းတွေက ထူးခြားပါတယ်လို့။ တစ်ရက်ကို မိုင်တစ်ထောင် ပြေးနိုင်တယ်လေ။ ကဲ... ဆင်းပြီး တည်းခိုဖို့ နေရာရှာကြရအောင်။ ညီမလေး ရှောင်ယန်... မိန်းကလေးဟူကို တွဲကူပေးလိုက်ပါဦး"
"ဟုတ်ကဲ့ပါ ကိုကို" ရှောင်ယန်က ချိုသာစွာ ပြန်ဖြေလာသည်။
"လာပါ မမဟူ၊ ညီမလေး တွဲကူပေးမယ်" ရှောင်ယန်က ပြောပြီး ကြောင်တောင်တောင် ဖြစ်နေဆဲ ဖြစ်သော ဟူကျိကျစ်ကို ကူညီလိုက်ကာ အောက်သို့ ဆင်းစေသည်။
"ကျေးဇူးပါပဲ ရှောင်ယန်" ဟူကျိကျစ်မှာ ယောင်နနဖြင့် ပြောရင်း မြင်းလှည်းပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာသည်။
သူမ ခေါင်းရှုပ်နေပြီး လုချင်း၏ စကားများကို စိတ်ထဲတွင် ပြန်ကြားယောင်နေသည်။
ဟုတ်တယ်၊ လုချင်းက သူတို့မြင်းတွေ ထူးခြားတယ်လို့ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ရက်တည်းနဲ့ မိုင်သုံးထောင် ခရီးနှင်တာက တစ်ရက် မိုင်တစ်ထောင်နှုန်းဆိုတာနဲ့ ကိုက်ညီလို့လား။
"မိန်းကလေးဟူ... ကျွန်တော် ဂျိုင်းထောက်လုပ်ပေးဖို့ မေ့သွားတယ်။ လောလောဆယ် ဒီတုတ်ချောင်းကို အရင် သုံးလိုက်ပါဦး" လုချင်းက သစ်သားတုတ်ချောင်းတစ်ချောင်း ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုလုချင်း" ဟူကျိကျစ်က လှမ်းယူလိုက်ပြီး တည်ငြိမ်စွာ ရပ်နိုင်ရန် ဂျိုင်းထောက်သဖွယ် အသုံးပြုလိုက်သည်။
သူမသည် ချီနှင့်သွေးအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် ခြေထောက် ဒဏ်ရာရနေသော်လည်း အထောက်အကူ တစ်ခုခု ပါလျှင် လမ်းလျှောက်၍ ရပါသေး၏။ သို့သော် တစ်ရက်တည်းဖြင့် မိုင်သုံးထောင် ခရီးကို ဆွဲခေါ်လာပြီး လမ်းဘေးရှိ မြက်များကို အေးဆေးစွာ စားနေကြသော မြင်းနှစ်ကောင်ကို ကြည့်ပြီး သူမ တစ်ဖန် နားမလည်နိုင် ဖြစ်ရပြန်လေသည်။
...
အခန်း ၂၆၂ - ရန်ရှင်းဆေးခန်း၊ ဗီဇပြောင်း အဆိပ်
ဟူကျိကျစ် တည်းခိုခန်းထဲသို့ ဝင်ရောက်ချိန်တွင် သူမ၏ စိတ်အာရုံမှာ ဝေဝါးနေဆဲ ဖြစ်သည်။ အခန်းရွေးချယ်ပြီး ပစ္စည်းများ နေရာချပြီးနောက် လုချင်းသည် တည်းခိုခန်း အရှေ့ဘက်သို့ ထွက်လာခဲ့သည်။
"ဆိုင်ရှင်... ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ"
"မေးပါခင်ဗျာ၊ ဘာကူညီပေးရမလဲ" တည်းခိုခန်းပိုင်ရှင်က ချက်ချင်း တုံ့ပြန်လာ၏။
လုချင်းနှင့် သူ့အဖွဲ့သည် ဈေးမဆစ်ဘဲ အကောင်းဆုံး အခန်းများကို ငှားရမ်းသော ရက်ရောသည့် ဧည့်သည်များ ဖြစ်ကြသည်။
ဆိုင်ရှင်အတွက်မူ သူတို့သည် အမှန်တကယ် အလွန်အရေးကြီးသည့် ဧည့်သည်တော်ကြီးများ ဖြစ်ကြသည်။
"ဒီမြို့မှာ ဆေးဆိုင်ကောင်းကောင်းလေးများ ရှိလားဗျ။ ကျွန်တော် ဆေးဖက်ဝင်အပင်တချို့ ဝယ်ချင်လို့ပါ" လုချင်းက မေးလိုက်သည်။
"ဆေးဖက်ဝင်အပင် ဝယ်မလို့လား" ဆိုင်ရှင်က ခဏမျှ စဉ်းစားပြီး ဖြေလိုက်၏။ "ယွင်လွိုက်မြို့မှာ ဆေးခန်း နှစ်ခု ရှိတယ်။ ဆေးပင် ဝယ်ချင်ရင်တော့ ရန်ရှင်းဆေးခန်းကို သွားတာ အကောင်းဆုံးပဲ။ အဲဒီက သမားတော်ကျောက်က အရမ်းတော်သလို မြို့မှာ ဂုဏ်သတင်း အကြီးဆုံးပဲ။ ဈေးနှုန်းလည်း မျှတတယ်၊ ဘယ်တော့မှ ပိုမယူဘူး"
"ရန်ရှင်းဆေးခန်းပေါ့၊ သတင်းအချက်အလက်အတွက် ကျေးဇူးပါပဲဗျာ"
ထို့နောက် ရန်ရှင်းဆေးခန်းသည် နာမည်ကောင်း ရှိပြီး စိတ်ချရသော ဆေးပင်များ ရှိမည်ဟု လုချင်း မှတ်ယူလိုက်သည်။
"ရပါတယ်။ တည်းခိုခန်းကနေ ထွက်ပြီးရင် ညာဘက်ကို ချိုးပြီး တည့်တည့် ဆက်သွားလိုက်ပါဗျ။ ရန်ရှင်းဆေးခန်း ဆိုင်းဘုတ်ကို တွေ့ပါလိမ့်မယ်"
ဆိုင်ရှင်၏ လမ်းညွှန်မှုအတိုင်း လုချင်းသည် တည်းခိုခန်းမှ ထွက်ပြီးနောက် ညာဘက်သို့ ချိုးကာ တည့်တည့် လျှောက်လာခဲ့သည်။ နောက်ဆုံးတွင်တော့ လမ်းဆုံးသို့ ရောက်သောအခါ ရန်ရှင်းဆေးခန်းကို မြင်လိုက်ရတော့၏။
သူ ဆေးခန်းထဲသို့ ဝင်လိုက်သည်။
ထိုအချိန်တွင် ဆေးခန်း၌ လူနာမရှိဘဲ ကောင်တာပေါ် မှီ၍ ငိုက်မြည်းနေသော ဆေးဖော်စပ်သည့် တပည့်လေးတစ်ယောက်သာ ရှိသည်။ လုချင်း ကောင်တာကို ဖွဖွလေး ခေါက်လိုက်၏။
"ဆရာ... ကျွန်တော် အိပ်နေတာ မဟုတ်ပါဘူး..." တပည့်လေးမှာ လန့်နိုးလာပြီး သူ့ကို နှိုးသူမှာ ဆရာဖြစ်သူ မဟုတ်ဘဲ တခြားသူ ဖြစ်နေသည်ကို မြင်သောအခါ၌ သက်ပြင်းချလိုက်လေ၏။
"လန့်လိုက်တာဗျာ။ ကျွန်တော့်ဆရာ ပြန်လာပြီတောင် ထင်သွားတာဗျ"
"တောင်းပန်ပါတယ်ကွာ"
တပည့်လေး ဤမျှလောက် လန့်သွားလိမ့်မည်ဟု မထင်ထားသဖြင့် လုချင်း တောင်းပန်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။
"ရပါတယ်၊ ဆရာ ပြန်လာတာ မဟုတ်ရင် ပြီးတာပါပဲ" တပည့်လေးက စိတ်ဆိုးပုံမရပေ။ "လူကြီးမင်းက ဘာကိစ္စ ရှိလို့ပါလဲဗျ။ ရောဂါ လာပြတာလား၊ ဆေးပင် လာဝယ်တာလား။ ဆေးပင် လာဝယ်တာဆိုရင် ဆေးစာ ပါလားဗျ။ ရောဂါ လာပြတာဆိုရင်တော့ ခဏ စောင့်ရလိမ့်မယ်။ ဆရာနဲ့ ဆရာတူအစ်ကိုတို့က အိမ်တိုင်ရာရောက် ဆေးသွားကုနေကြလို့ ပြန်လာဖို့ လိုဦးမယ်ဗျ"
"ကျွန်တော် ဆေးပင်တချို့ ဝယ်ချင်လို့ပါ။ ဒီမှာ ဆေးစာရင်း၊ စုပေးလို့ ရမလား"
လုချင်းက ဆေးပင်စာရင်းကို ကမ်းပေးလိုက်သည်။
"ကျွန်တော့်ကို သမားတော်လေးလို့ မခေါ်ပါနဲ့ဗျာ။ ကျွန်တော်က အရည်အချင်း မပြည့်မီသေးပါဘူး။ ဆရာ ကြားရင် အဆူခံနေရဦးမယ်"
တပည့်လေးက လက်ကာပြရင်း သူ့ဆရာ၏ ဆူပူမှုကို မကြာခဏ ခံရကြောင်း ပြသလိုက်သည်။
သူက စာရင်းကို ယူကြည့်လိုက်ပြီး အံ့သြသွား၏။ "ဒီလောက် အများကြီး ဝယ်မလို့လား"
လုချင်းက ပြုံးလိုက်သည်။ "ကျွန်တော်တို့က ခရီးသွားတွေပါ၊ ဆေးပညာလည်း နည်းနည်းပါးပါး နားလည်ပါတယ်ဗျ။ လက်ရှိ ဆေးပင်တွေ ကုန်သွားလို့ ပြန်ဖြည့်ချင်လို့ပါ။ ခင်ဗျားတို့ ဆေးခန်းမှာ ဒီဆေးပင်တွေ အားလုံး ရနိုင်မလား"
"တခြားဆေးပင်တွေက ရပေမဲ့ ပိုင်ကျစ်နဲ့ ဟွမ်ချီက နည်းနည်းပဲ ကျန်တော့တယ်" တပည့်လေးက ရှင်းပြရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။ "ဒီနေ့ ဆေးပင်စိုက်တဲ့ လယ်သမားတွေ လာပို့ရမဲ့ရက်ပဲ၊ ဘာလို့ မလာကြသေးပါလိမ့်"
လုချင်း ပြန်မပြောနိုင်ခင်မှာပင် လူတစ်စု အလောတကြီး ဝင်ရောက်လာပြီး အော်ဟစ်လိုက်ကြသည်။ "သမားတော်ကျောက် သမားတော်ကျောက် ကယ်ပါဦး ဦးလေးဝမ် မြွေကိုက်ခံလိုက်ရလို့"
သူတို့က ထမ်းစင်ကို ကြမ်းပြင်ပေါ် ချလိုက်ရာ မျက်နှာတစ်ခုလုံး မည်းနက် ရောင်ရမ်းနေပြီး သတိမေ့နေသော လူတစ်ယောက် ပေါ်လာ၏။ ၎င်း၏ ညာဘက် ခြေထောက်ကို ကြိုးအနီဖြင့် စည်းထားပြီး ရောင်ရမ်းကာ မည်းနက်နေသည်။
"ဦးလေးလီ... ဦးလေးဝမ် ဘာဖြစ်တာလဲဗျ"
တပည့်လေးမှာ လန့်သွားပြီး ဆေးစာရင်းကို လွှတ်ချကာ ပြေးသွားသည်။
"ရှောင်ယိ... မင်းတစ်ယောက်တည်းလား။ သမားတော်ကျောက် ဘယ်သွားလဲ" ဦးလေးလီက အရေးတကြီး မေးလိုက်သည်။
"ဆရာနဲ့ ဆရာတူအစ်ကိုတို့က အပြင်ထွက်ပြီး ဆေးသွားကုကြတယ်။ ပြန်မရောက်သေးဘူး"
"ဘာ... သမားတော်ကျောက် အပြင်ထွက်သွားတယ် ဟုတ်လား။ ဒုက္ခပါပဲ၊ ဦးလေးဝမ် တောင်ပေါ် ဆေးပင်သွားခူးရင်း မြွေကိုက်ခံရတာ။ အခု သတိမေ့နေပြီ။ အမြန် မကုရင် အသက်မှီတော့မှာ မဟုတ်ဘူး"
ဦးလေးလီက ပေါင်ကို လက်ဖြင့် ရိုက်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ "ရှောင်ယိ... မင်း မြွေကိုက်တာ ကုတတ်လား"
"ကျွန်တော်လား။ မကုတတ်ဘူး၊ ဆရာက ကျွန်တော့်ကို လူနာ အကုမခံသေးဘူး"
ဦးလေးလီ မအံ့သြပေ။ တပည့်လေး၏ အရည်အချင်းကို သူသိသည်။ ဦးလေးဝမ်၏ အခြေအနေ ပိုဆိုးလာသည်ကို မြင်သောအခါ သူ အံကြိတ်ပြီး "ဦးလေးဝမ်ကို ဖူလွိုက်ဆေးခန်းကို ပို့ကြစို့။ သမားတော်ချန်းက နည်းနည်း ငွေမက်ပေမဲ့ သူ့အရည်အချင်းက မဆိုးပါဘူး။ မြန်မြန်လုပ်ကြ"
သူတို့ အမြန် ပြင်ဆင်လိုက်သော်လည်း လူငယ်တစ်ယောက်က ထမ်းစင်နားတွင် ထိုင်ချလိုက်ကာ ငွေအပ်တစ်ချောင်းကို ကိုင်ပြီး ဦးလေးဝမ်၏ ရောင်ရမ်းနေသော ခြေထောက်ကို စိုက်လိုက်သည်ကို တွေ့လိုက်ရသည်။
"လူကြီးမင်း... ဘာလုပ်တာလဲဗျ"
ဦးလေးလီ လန့်ဖျပ်သွားပြီး တားဆီးရန် ပြေးဝင်သွားသည်။ သို့သော် မမြင်ရသော စွမ်းအင်တစ်ခုက သူ့ကို တားဆီးထားသဖြင့် ရှေ့ဆက်မတိုးနိုင် ဖြစ်သွားသည်။
"ဒီလူရဲ့ သွေးတွေက အဆိပ်အတောက် လုံးဝနီးပါး ဖြစ်နေပြီ။ အဆိပ်ကို ချက်ချင်း မထုတ်ရင် နတ်ဘုရားတောင် ဆင်းကယ်နိုင်မှာ မဟုတ်တော့ဘူး" လုချင်းက တည်ငြိမ်စွာ ပြောရင်း ဦးလေးဝမ်၏ ခြေထောက်ကို အပ်များ ဆက်စိုက်နေလိုက်သည်။
လုချင်း၏ ကျွမ်းကျင် ပြတ်သားသော လုပ်ဆောင်ချက်များနှင့် သူ့ကို တားဆီးထားသည့် မမြင်ရသော စွမ်းအင်ကြောင့် ဤလူငယ်သည် သာမန်လူ မဟုတ်ကြောင်း ဦးလေးလီ သဘောပေါက်လိုက်သည်။
လုချင်း အာရုံပျက်သွားမည်စိုးသဖြင့် သူ အသံမထွက်ရဲတော့ပေ။ ကျန်လူများကလည်း အသက်အောင့်ကာ လုချင်း၏ ကုသမှုကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ထိုလူစု အခြေအနေကို သဘောပေါက်သွားသည်ကို မြင်တော့ လုချင်း စိတ်သက်သာရာရသွား၏။ အကယ်၍ သူတို့သာ ဆက်ပြီး ဆူညံနေပါက သူလည်း ကြမ်းတမ်းသည့် နည်းလမ်းကို သုံးရပေလိမ့်မည်။
ဦးလေးဝမ်၏ ခြေထောက်မှ ဒဏ်ရာကို ပိတ်ဆို့ပြီးနောက် လုချင်းသည် ထိုလူ၏အင်္ကျီကို ဖွင့်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်မိသွား တော့သည်။ ဦးလေးဝမ်၏ ရင်ဘတ်တစ်ခုလုံးမှာ အမည်းကွက်များ ဖုံးလွှမ်းနေပြီး နှလုံးနေရာသာ လွတ်နေသေးသည်။ သို့သော် အမည်းကွက်များက သိသာစွာ ပျံ့နှံ့လာနေပါ၏။
အကယ်၍ ထိုအမည်းကွက်များ နှလုံးထိ ရောက်သွားပါက မြွေဆိပ်သည် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားပြီဟု ဆိုလိုပြီး ကုသရန် အလွန် ခက်ခဲသွားတော့မည် ဖြစ်သည်။
အချိန်မဆိုင်းဘဲ လုချင်းသည် နောက်ထပ် ငွေအပ်တစ်စုံ ထုတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဦးလေးဝမ်၏ နှလုံးပတ်လည်၌ အပ် ၁၈ ချောင်း စိုက်လိုက်ကာ ထူးဆန်းသော အပ်အစီအရင်တစ်ခု ဖန်တီးပြီး နှလုံးဧရိယာကို လုံးဝ ပိတ်ဆို့ထားလိုက်သည်။
အပ်အစီအရင် ချိတ်ဆက်သွားပြီးနောက်၌ တုန်ခါလာကာ ငွေရောင်အလင်း ထွက်ပေါ်လာပြီး အမည်းကွက်များ ဆက်လက် ပျံ့နှံ့ခြင်းကို တားဆီးလိုက်တော့၏။
ဤအံ့ဖွယ်မြင်ကွင်းကြောင့် ဘေးမှ ကြည့်နေသူများ၊ အထူးသဖြင့် တပည့်လေးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဦးလေးဝမ်၏ နှလုံးကို ကာကွယ်ပြီးနောက် လုချင်း သက်ပြင်းချလိုက်သည်။ အကယ်၍ ဦးလေးဝမ်အား အနည်းငယ် နောက်ကျမှ ခေါ်လာခဲ့လျှင် သို့မဟုတ် သူသာ မရှိခဲ့လျှင် ဦးလေးဝမ်ကို ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
"လူကြီးမင်း... ဦးလေးဝမ်ကို ကယ်လို့ ရပါ့မလား" ဦးလေးလီက သတိထားပြီး မေးလိုက်သည်။
"ပြောရခက်တယ်" လုချင်း ခေါင်းခါလိုက်သည်။ "မြွေဆိပ်က ပုံမှန် မဟုတ်ဘူး။ အဆိပ်တက်တာ မမြန်ပေမဲ့ အရမ်းကို ပြင်းတယ်။ ခင်ဗျားတို့ သူ့ကို မြွေဆိပ်ဖြေဆေး တိုက်ခဲ့သေးတယ် မဟုတ်လား၊ ဒါပေမဲ့ သိပ်မထိရောက်ဘူးထင်တယ်"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်" ဦးလေးလီ ခေါင်းညိတ်လိုက်သည်။ "အကိုက်ခံရပြီးတာနဲ့ ချက်ချင်း ဆေးတိုက်ခဲ့ပါတယ်ဗျ။ အစတုန်းက အဆင်ပြေမယ်ထင်ပေမဲ့ နောက်ပိုင်း ပိုဆိုးလာလို့ ဒီကို ခေါ်လာတာပါဗျ"
အတွေ့အကြုံရှိသော ဆေးပင်ခူးသူများဖြစ်ကြသဖြင့် ဦးလေးလီနှင့် သူ့အဖွဲ့သည် မြွေနှင့် ပိုးမွှားများကို ကာကွယ်ရန် အဆိပ်ဖြေဆေးများနှင့် ဆေးအိတ်များကို အမြဲ ဆောင်ထားလေ့ ရှိသည်။
"ပြီးတော့ ထူးဆန်းတာက ဦးလေးဝမ်ကို ကိုက်တဲ့ မြွေက ရိုးရိုး စပါးအုံးမြွေနဲ့ တူတယ်။ ပုံမှန်ဆို အဲဒီမြွေက ကြောက်တတ်ပြီး လူကို သိပ်မတိုက်ခိုက်တတ်ဘူး။ အဆိပ်ကလည်း မပြင်းလို့ အချိန်မီ ကုရင် ရတယ်။ ဒါပေမဲ့ ဒီနေ့ကျမှ မြွေက ရန်လိုနေပြီး မြင်မြင်ချင်း ဦးလေးဝမ်ကို တန်းကိုက်တော့တာပဲ"
ဦးလေးလီက ဖြစ်စဉ်ကို ပြောပြလိုက်ရာ လုချင်း တစ်စုံတစ်ခုကို စဉ်းစားမိလိုက်သော်လည်း ဦးလေးဝမ်ကို ကယ်တင်ရန်သာ ဦးစားပေးလိုက်သည်။
"သမားတော်လေး... ကျွန်တော် ဒီလူရဲ့ သွေးထဲက အဆိပ်ကို ဆေးပင်တွေ သုံးပြီး ထုတ်ဖို့ လိုတယ်။ ကျွန်တော် ဆေးစာ ရွတ်ပြမယ်၊ ဆေးပင်တွေ အမြန် ပြင်ဆင်ပေးနိုင်မလား"
လုချင်း၏ အပ်စိုက်ပညာကို အံ့သြနေဆဲဖြစ်သော တပည့်လေးက အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်... ဟုတ်ကဲ့၊ ရပါတယ်"
"ကြာတစ်ခြမ်း ဆယ်ကျပ်သား၊ မြွေဖြူမြက် အစိတ်သား..." လုချင်းက ကုသမှုကို ဆက်လုပ်ရင်း ဆေးစာ ရွတ်ပြလိုက်သည်။
ရုတ်တရက် သူ့လက်ထဲတွင် ထက်ရှသော ငွေရောင် ဓားငယ်တစ်ချောင်း ပေါ်လာသည်။ သူက ဦးလေးဝမ် ခြေထောက်မှ အပ်များကို ဖယ်ရှားလိုက်ပြီး မြွေကိုက်ခံရသည့်နေရာကို ကြက်ခြေခတ် ပုံစံ ခွဲလိုက်ကာ မည်းနက်သော သွေးများကို စီးကျစေလိုက်၏။
"ပန်းကန်လုံးတစ်လုံး ယူခဲ့" လုချင်း ညွှန်ကြားလိုက်သည်။
ဦးလေးလီက ကြွေပန်းကန်လုံးအကြီးတစ်လုံး ယူလာပေးသည်။ "ရော့ပါ လူကြီးမင်း"
လုချင်းက ပန်းကန်လုံးကို ဒဏ်ရာအောက် ခံလိုက်ပြီး ဦးလေးဝမ်၏ နှလုံးဘက်သို့ လက်ချောင်းဖြင့် တစ်ချက် ပုတ်လိုက်ရာ အပ်အစီအရင် တုန်ခါသွားပြီး မည်းနက်သော သွေးများကလည်း ပိုမို လျင်မြန်စွာ စီးကျလာလေသည်။
အဆိပ်သွေးများမှ ဆိုးရွားသော အနံ့အသက်များ ထွက်ပေါ်လာသဖြင့် ဘေးလူများပင် ခေါင်းမူးသွားကြသည်။
"နောက်ဆုတ်နေကြ။ ဒီအဆိပ်က ပြင်းတယ်၊ အနံ့ကို အများကြီး ရှူမိရင် ခင်ဗျားတို့ပါ အဆိပ်သင့်လိမ့်မယ်" လုချင်း သတိပေးလိုက်သည်။
ထိုအခါ၌ ဦးလေးလီနှင့် အခြားသူများမှာ အလန့်တကြားဖြင့် အနောက်သို့ အမြန် ဆုတ်လိုက်ကြကာ နှာခေါင်းများကို အုပ်ထားလိုက်ကြသည်။ ရိုးရိုးမြွေတစ်ကောင်က ဤမျှလောက် သေစေနိုင်သော အဆိပ်မျိုး မည်သို့ ရှိနိုင်သနည်းဟု သူတို့ နားမလည်နိုင် ဖြစ်နေကြလေ၏။
သူတို့ နောက်ဆုတ်သွားသည်ကို မြင်တော့ လုချင်းလည်း အဆိပ်ထုတ်ခြင်းကို ဆက်လုပ်လိုက်သည်။ ဦးလေးဝမ်၏ ဒဏ်ရာမှ သွေးများ အနီရောင် ပြောင်းသွားသည့်အချိန်အထိ မည်းနက်သော သွေးများဖြင့် ပန်းကန်လုံးကြီးသုံးလုံး ပြည့်သွားခဲ့သည်။
သွေးအများကြီး ထွက်သွားသဖြင့် ဦးလေးဝမ် အသက်ရှင်ပါ့မလားဟု စိုးရိမ်ကာ ဦးလေးလီတို့ မျက်နှာပျက်နေကြသည်။ သို့သော် အဆိပ်သွေးများ ကုန်သွားသည်နှင့် ဦးလေးဝမ်၏ အသက်ရှူသံမှာ ပိုပြီးတော့တောင် မှန်လာပြီး ခြေထောက် ရောင်ရမ်းမှုကလည်း ကျသွားသလို မျက်နှာပေါ်ရှိ အမည်းကွက်များလည်း မှေးမှိန်သွားကာ အရောင်အနည်းငယ် ပြန်ထွက်လာသည်။
ထိုအချိန်တွင် တပည့်လေးက ဆေးရည်တစ်ခွက် ယူဆောင်လာသည်။ "ဆရာ... ဆေးရပြီဗျ"
"ပေးပါ"
လုချင်းက ဆေးရည်ကို ယူလိုက်ပြီး ၎င်း၏ အာနိသင်ကို စစ်ဆေးကြည့်ရာ အနည်းငယ် လျော့နည်းနေသော်လည်း သုံး၍ ရကြောင်း တွေ့လိုက်ရသည်။ သူက ဦးလေးဝမ်ကို ဆေးတိုက်လိုက်ပြီး ဆေးအာနိသင် ပိုထိရောက်စေရန် အပ်စိုက်ပညာဖြင့် ကူညီပေးလိုက်၏။ ထို့နောက် အပ်များကို ဖယ်ရှားပြီး အဆိပ်သွေးအိုးကို ပိတ်လိုက်သည်။
"ဦးလေးဝမ် ဘယ်လိုနေလဲဟင်" ဦးလေးလီနှင့် အခြားသူများ သတိထားပြီး ကပ်လာကြသည်။
"မြွေဆိပ် အကုန်နီးပါး ထွက်သွားပါပြီ။ ဒီဆေး သောက်ပြီးရင်တော့ ကျန်တဲ့ အဆိပ်တွေလည်း ပျောက်သွားမှာပါ။ ဒါပေမဲ့ အဆိပ်က သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့အတွက် ပြန်ကောင်းဖို့ အချိန်တော်တော်ယူရလိမ့်မယ်။ သူ ပုံမှန် သောက်ဖို့ အားဆေး ဖော်ပေးလိုက်မယ်။ အချိန်တန်ရင် ပြန်ကောင်းသွားမှာပါ"
"ကျေးဇူးတင်ပါတယ် လူကြီးမင်း၊ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ" ဦးလေးလီက လုချင်း၏ လက်ကို ကိုင်ကာ ကျေးဇူးတင်စကား ဆိုလေသည်။
"ဦးလေးဝမ်မှာ ကလေးသုံးယောက်နဲ့ မသန်မစွမ်း ဇနီးသည် ရှိတယ်ဗျ။ တစ်မိသားစုလုံးက သူ့ကိုပဲ မှီခိုနေရတာ။ သူသာ အသက်ဘေးက မလွတ်ခဲ့ရင် ကျန်တဲ့သူတွေ ဘယ်လိုလုပ်ကြမလဲ မသိဘူး"
ဦးလေးလီ အသံတိမ်ဝင်သွားပြီး ကျန်သူများကလည်း ကျေးဇူးတင်စကားပြောလာကြသည်။
"ကျေးဇူးတင်စရာ မလိုပါဘူးဗျ။ သမားတော်တစ်ယောက်အနေနဲ့ အသက်ကယ်ဖို့က ကျွန်တော့်တာဝန်ပါ" လုချင်းက ပြုံး၍ ပြောလိုက်သည်။ "လူနာကို ကုသပေးဖို့က သမားတော်ရဲ့ တာဝန်ပဲလို့ ကျွန်တော့်ဆရာက အမြဲ သင်ပေးထားပါတယ်"
"ဪ... ဒီလောက် ထူးချွန်တဲ့ သမားတော်လေးကို မွေးထုတ်ပေးထားတဲ့ မင်းရဲ့ဆရာက ဘယ်သူများလဲကွဲ့"
ဆေးခန်းအပြင်ဘက်မှ နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဆရာ"
အသံကြားလိုက်သည်နှင့် တပည့်လေးမှာ ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
...