အခန်း (၂၆၃-၂၆၄)
Vol. 27 Ch. 263-264
အခန်း ၂၆၃ - အရာရာပြောင်းလဲခြင်း၊ ကောင်းကင်နှင့် မြေကမ္ဘာ လှုပ်ခတ်ခြင်း
"ဆရာ... ဆရာတူအစ်ကို... ပြန်ရောက်လာကြပြီလား"
အပြင်မှ ဝင်လာသူနှစ်ဦးကို မြင်လိုက်ရသည့်အခါ၌ တပည့်ကျော်လေးမှာ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"အေး... ငါတို့ ပြန်ရောက်နေတာ ကြာပြီ။ ဒါပေမဲ့ ဒီလူငယ်လေးက လူနာကို အသက်ကယ်နေတာ တွေ့လို့ မနှောင့်ယှက်ချင်တာနဲ့ ဒီအတိုင်း ကြည့်နေလိုက်တာ"
သမားတော်ကျောက်က ခေါင်းညိတ်ပြရင်း သူလွယ်ထားသော ဆေးသေတ္တာကို တပည့်လေးလက်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် လုချင်းကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
လုချင်းကလည်း တစ်ဖက်လူကို ပြန်ပြီးအကဲခတ်နေ၏။
အမှန်တကယ်တော့ သူ၏ သိုင်းပညာအဆင့်အတန်းအရ အပြင်ဘက်တွင် လူတစ်ယောက် ရောက်နေသည်ကို သတိထားမိသည်မှာ ကြာပေပြီ။ သို့သော် လူကယ်ဖို့က ပိုအရေးကြီးနေသလို တစ်ဖက်လူကလည်း ဝင်ရောက် နှောင့်ယှက်ခြင်းမရှိသောကြောင့် သူ သိပ်အာရုံမစိုက်ခဲ့ခြင်း ဖြစ်သည်။
ဝင်လာသူ နှစ်ဦးမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် လူငယ်တစ်ဦးတို့ ဖြစ်ကြသည်။
အသက်ကြီးသူမှာ စာပေပညာရှင်တစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့သော အရှိန်အဝါရှိပြီး သမားတော်တစ်ဦးထက် စာတတ်ပေတတ် ပုဂ္ဂိုလ်တစ်ဦးနှင့် ပိုတူသည်။ လူငယ်မှာမူ ရိုးသားဖြူစင်သည့် ရုပ်သွင်ရှိပြီး ကြည့်လိုက်သည်နှင့် ဟန်ဆောင်မှုကင်းမည့်သူဟု ထင်မြင်စေသည်။
"သမားတော်ကျောက် ပြန်ရောက်လာပြီပဲ။ ဦးလေးဝမ် မြွေကိုက်ခံရလို့လေ၊ ကံကောင်းလို့ ဆရာမရှိတုန်း ဒီလူငယ်လေးက ဝင်ကုပေးလိုက်တာ။ သူသာ မရှိရင် ဦးလေးဝမ်တစ်ယောက်တော့ အသက်မှီတော့မှာကို မဟုတ်ဘူး။ အခု ဦးလေးဝမ်ရဲ့ အခြေအနေကို တစ်ချက်လောက် ကြည့်ပေးပါဦးလားဗျာ"
ဦးလေးလီမှာ သမားတော်ကျောက် ပြန်ရောက်လာသည်ကို မြင်သောအခါ၌ ဝမ်းသာအားရ ရှေ့တိုးကာ ပြောလိုက်သည်။
လုချင်းကို မယုံကြည်၍ မဟုတ်သော်လည်း လုချင်းမှာ ငယ်ရွယ်လွန်းနေသေးပါ၏။ ဂုဏ်သတင်းကြီးသော သမားတော်ကျောက်က ကြည့်ရှုပေးလျှင် သူတို့ ပိုစိတ်အေးရမည် မဟုတ်ပါလော။
"ကောင်းပါပြီ၊ ဦးလေးဝမ်ရဲ့သွေးခုန်နှုန်းကို ကျွန်တော် စမ်းကြည့်ပါ့မယ်။ လူငယ်လေး... မင်း စိတ်မရှိဘူး မဟုတ်လား"
သမားတော်ကျောက်က ငြင်းဆန်ခြင်း မပြုဘဲ လုချင်းကို လှမ်းမေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဒါက သူ့လူနာဖြစ်ပြီး သူက ဇွတ်ဝင်လုပ်လိုက်လျှင် မာနကြီးသူများနှင့် ထိပ်တိုက်တွေ့ကာ ပဋိပက္ခ ဖြစ်သွားနိုင်သည်။
"စိတ်မရှိပါဘူးဗျာ။ တကယ်တော့ ကျွန်တော်က လူကုတဲ့ အတွေ့အကြုံ သိပ်မရှိသေးပါဘူး။ သမားတော်ကျောက်လို ပုဂ္ဂိုလ်က ဝင်ကြည့်ပေးတာ ပိုကောင်းတာပေါ့"
လုချင်းသည် ဆေးပညာရှင်အချင်းချင်း ပြိုင်ဆိုင်လိုစိတ် လုံးဝမရှိဘဲ ဝမ်းမြောက်ဝမ်းသာပင် သဘောတူလိုက်သည်။
ထို့ပြင် သူက သူများဆေးခန်းထဲ ဝင်ပြီး ဆရာလုပ်ခဲ့ခြင်း ဖြစ်ရာ မယဉ်ကျေးရာ ရောက်နေပါ၏။ တော်ကြာ တစ်ခုခု လွဲချော်သွားပါက ဆေးခန်း၏ စီးပွားရေးကိုပါ ထိခိုက်စေနိုင်သည်ပင်။
ထို့ကြောင့် သမားတော်ကျောက်က သွေးခုန်နှုန်းစမ်းချင်သည် ဆိုလျှင် လုချင်းကလည်း လိုလိုလားလားပင် လက်ခံလိုက်လေ၏။
လုချင်းတွင် မည်သည့်သံသယမှ မရှိသည်ကို တွေ့ရသောအခါ သမားတော်ကျောက်၏ မျက်လုံးထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားပြီး လုချင်း၏နောက်ခံကို ပို၍ စိတ်ဝင်စားလာသည်။
သို့သော် သူ အလျင်စလို မမေးမြန်းသေးပေ။ ဦးလေးဝမ်နားသို့ ကပ်သွားပြီး လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်း သုံးချောင်းတင်ကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
စောစောက လုချင်းသည် အပ်အစီအရင်ကို အသုံးပြု၍ အဆိပ်ထုတ်ခဲ့သည်ကို မြင်လိုက်ရသောအခါ သူ အလွန် တုန်လှုပ်အံ့သြခဲ့ရသည်။ ထို့ကြောင့် ဦးလေးဝမ်၏ လက်ရှိ ကျန်းမာရေး အခြေအနေကို သူ အလွန် သိချင်နေမိပါ၏။
ခဏအကြာတွင်တော့ သမားတော်ကျောက်၏ မျက်နှာပေါ်ရှိ အံ့သြမှင်သက်မှုများ ပိုမိုနက်ရှိုင်းလာလေသည်။
အဘယ်ကြောင့်ဆိုသော် ဦးလေးဝမ်၏ သွေးခုန်နှုန်းမှာ တည်ငြိမ်အားကောင်းနေပြီး အသက်ရှူနှုန်းမှာလည်း ပုံမှန်ဖြစ်နေကာ သေမင်းလက်တွင်းမှ ဆွဲထုတ်ခံလိုက်ရသူတစ်ယောက်နှင့် လုံးဝ မတူတော့သောကြောင့် ဖြစ်သည်။
သာမန် ဒဏ်ရာရထားပြီး အနားယူနေသည့် လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေလေ၏။
"ဘယ်လိုနေလဲ သမားတော်ကျောက်"
ဦးလေးလီနှင့် အခြားသူများက မျှော်လင့်ချက်သန်းနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
သမားတော်ကျောက်က လက်ကို ဖယ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဒီလူငယ်လေးရဲ့ ဆေးပညာက တကယ့်ကို ပြောင်မြောက်လွန်းပါတယ်ဗျာ။ ဦးလေးဝမ် အန္တရာယ်ကင်းသွားပါပြီဗျ။ မကြာခင် သတိရလာတော့မှာပါ"
"ဝမ်းသာစရာပဲဗျာ"
ဦးလေးလီတို့အဖွဲ့မှာ ပျော်ရွှင်သွားကြပြီး လုချင်းကို နောက်တစ်ကြိမ် ထပ်မံ ကျေးဇူးတင်စကားဆိုကြပြန်သည်။
လုချင်းကလည်း နှိမ့်ချစွာဖြင့် တုံ့ပြန်နေစဉ် သမားတော်ကျောက်၏ မျက်လုံးများထဲတွင်လည်း စူးစမ်းလိုစိတ်များ တောက်လောင်လာလေ၏။
သူ ခုနက ပြောခဲ့သည့် စကားများမှာ ယဉ်ကျေးမှုအရ ပြောခဲ့ခြင်း မဟုတ်ပေ။ သူ့အမြင်တွင် လုချင်း၏ ဆေးပညာမှာ အမှန်တကယ်ပင် အဆင့်မြင့်လွန်းလှ၏။
အဆိပ်ပြင်း မိနေသော သေလုမျောပါးဖြစ်နေသူ တစ်ယောက်ကို အပ်စိုက်ပညာသက်သက်ဖြင့် ကယ်တင်ကာ အဆိပ်သွေးများကို ထုတ်ပစ်နိုင်ခြင်းမှာ သူကိုယ်တိုင်ပင် မလုပ်ဆောင်နိုင်သော စွမ်းဆောင်ရည်မျိုး ဖြစ်သည်။
ထို့ကြောင့် လုချင်း၏နောက်ခံကို သူ အလွန် သိချင်နေမိသည်။ ဤမျှ ငယ်ရွယ်သူတစ်ယောက်က ဤကဲ့သို့ အံ့ဖွယ်ဆေးပညာကို မည်သို့ တတ်မြောက်ထားသနည်း။
ကျုံးကျိုးနယ်မြေတွင် ဤကဲ့သို့ ပါရမီရှင် လူငယ်တစ်ယောက် အကြောင်း သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
"လူငယ်လေး... မင်းရဲ့ နာမည်လေးများ သိခွင့်ရမလား"
ဦးလေးလီတို့၏ ကျေးဇူးတင်စကားများကို လုချင်း တုံ့ပြန်ပြီးနောက် သမားတော်ကျောက်က လက်ကို အသာယှက်ကာ မေးမြန်းလိုက်သည်။
"သမားတော်ကျောက်... ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ။ ကျွန်တော့်မျိုးရိုးနာမည်က လု ပါ၊ နာမည်ကတော့ ချင်း လို့ ခေါ်ပါတယ်။ ခုနက အခြေအနေက အရေးကြီးနေလို့ ခင်ဗျားဆေးခန်းထဲမှာ ဝင်ပြီး ဆရာလုပ်မိသလို ဖြစ်သွားတယ်။ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ဗျ" လုချင်းက ယဉ်ကျေးစွာ ဦးညွှတ်ရင်း ပြန်ဖြေလိုက်သည်။
"လူငယ်လေး လု... အဲဒီလို မပြောပါနဲ့ဗျာ။ မင်းသာ ဝင်မကူညီရင် ဦးလေးဝမ်တော့ ကံဆိုးမိုးမှောင်ကျသွားမှာ သေချာတယ်။ အသက်ကယ်ဖို့က အရေးအကြီးဆုံးပဲလေ၊ ဘာလို့ သာမန် ယဉ်ကျေးမှု စည်းကမ်းတွေအပေါ် အာရုံထားနေမှာလဲ"
သမားတော်ကျောက်က ကိစ္စမရှိကြောင်း လက်ကာပြလိုက်၏။
"ဒါနဲ့ သခင်လေးလု... မင်းရဲ့ ဆေးပညာက ဒီလောက်တောင် ထူးချွန်နေတာဆိုတော့ မင်းရဲ့ဆရာက ဘယ်သူများလဲမသိဘူး"
"ကျွန်တော့်ဆရာရဲ့ မျိုးရိုးနာမည် ချန် ပါ။ ကျေးလက်ဒေသမှာ သိုသိုသိပ်သိပ် နေထိုင်တဲ့ နယ်လှည့်ခရီးသွား သမားတော်တစ်ယောက်ပါပဲ။ သမားတော်ကျောက် သိမှာ မဟုတ်ပါဘူးဗျ" လုချင်းက နှိမ့်ချစွာ ဖြေလိုက်သည်။
သူ ပြောသည့် စကားမှာ အမှန်တရားလည်း ဖြစ်သည်။ သူ့ဆရာက သူ့ကိုယ်သူ သာမန် သမားတော်တစ်ယောက်အနေဖြင့်သာ သတ်မှတ်ထားသဖြင့် ဆရာ့ဂုဏ်သိက္ခာကို နှိမ့်ချရာ မရောက်ပေ။
"သမားတော်ချန် ဟုတ်လား"
သမားတော်ကျောက်သည် ကျုံးကျိုးနယ်မြေတွင် ချန်မျိုးရိုးနှင့် နာမည်ကြီး သမားတော် ရှိ ၊ မရှိ အသည်းအသန် စဉ်းစားကြည့်သည်။
လုချင်း ပြောသော နယ်လှည့်ခရီးသွားသည့် သမားတော်ဆိုသည်ကိုတော့ သူက နှိမ့်ချပြောသည်ဟုသာ မှတ်ယူလိုက်သည်။
လုချင်းကဲ့သို့ ကျွမ်းကျင်သူကို သင်ပေးနိုင်မှတော့ သူ့ဆရာက ဘယ်လိုလုပ် သာမန်သမားတော်ဖြစ်နိုင်ပါ့မလဲ။
ကံဆိုးစွာဖြင့် သူ ဘာမှ စဉ်းစားမရပေ။ ကျုံးကျိုးရှိ နာမည်ကျော် သမားတော်များထဲတွင် ချန်မျိုးရိုးနှင့် လူတစ်ယောက်မှ မရှိချေ။
"ဒါနဲ့ သမားတော်ကျောက်... ကျွန်တော် လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦးဗျ"
သမားတော်ကျောက်က သူ့နောက်ခံကို စိတ်ဝင်စားနေမှန်း လုချင်း သိသော်လည်း သူ ဘာမှ ပိုမပြောတော့ပေ။
ဂါရဝပြု နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်တော့၏။
"ဟေ... ပြန်တော့မလို့လား" သမားတော်ကျောက် အံ့သြသွားသည်။
"ဟုတ်တယ်ဗျ၊ လုပ်စရာလေးတွေ ရှိသေးလို့ မနှောင့်ယှက်တော့ပါဘူး။ ဒါနဲ့ ညီလေး... ငါ မှာထားတဲ့ ဆေးပင်တွေကို စုပေးထားပါဦး။ မနက်ဖြန် မနက်ကျမှ လာယူတော့မယ်။ ဒီမှာ စရန်ငွေ ထားခဲ့မယ်နော်"
လုချင်းက ငွေတုံးတစ်တုံး ထုတ်၍ ကောင်တာပေါ် တင်လိုက်ပြီးနောက် ကျက်သရေရှိစွာ ထွက်ခွာသွားလေသည်။
မထွက်ခွာမီ သူသည် အဆိပ်သွေးများ ထည့်ထားသော အိုးကိုပါ ယူဆောင်သွားခဲ့သည်။
သမားတော်ကျောက်က သူ့ကို တားပြီး စကားပြောချင်သေးသော်လည်း လုချင်း၏ ထူးကဲသော သိုင်းပညာကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးခန်းအပြင် ရောက်သွားပြီး ပျောက်ကွယ်သွားလေသည်။
ဒါကို ကြည့်ခြင်းအားဖြင့် လုချင်းသည် ဆေးပညာတွင်သာ ထူးချွန်သည်မဟုတ်ဘဲ သိုင်းပညာတွင်လည်း ကြောက်ခမန်းလိလိ တော်ကြောင်း သမားတော်ကျောက် သဘောပေါက်လိုက်၏။
"ဟာ... သခင်လေးက ဘာလို့ ဒီလောက် မြန်မြန်ထွက်သွားရတာလဲ။ ဆေးကုခတောင် မပေးလိုက်ရဘူး"
ဦးလေးလီတို့မှာ လုချင်း၏ ရုတ်တရက် ထွက်ခွာမှုကြောင့် ကြောင်အမ်းသွားကြသည်။
သမားတော်ကျောက် ခဏမျှ စဉ်းစားလိုက်ပြီးနောက် "ရှောင်ယိ... ခုနက သခင်လေးလုက ဘာဆေးပင်တွေ လာဝယ်တာလဲ"
"ဆရာ... သူလိုချင်တာတွေက တော်တော်များတယ်။ ဪ... သူ ဆေးစာရင်း ထားခဲ့တယ်"
တပည့်လေးက ကောင်တာဆီ ပြေးသွားပြီး လုချင်း ပေးခဲ့သော ဆေးစာရင်းကို ယူကာ ဆရာ့လက်ထဲ ထည့်ပေးလိုက်သည်။
သမားတော်ကျောက်လည်း စာရင်းကို အမြန် ဖတ်ကြည့်လိုက်သည်။ "ဒါတွေ အကုန်လုံးက ရောင်ရမ်းတာကျစေတဲ့၊ ပြင်ပဒဏ်ရာကို ကုတဲ့ ဆေးတွေပဲ။ အနာကျက်မြန်စေတဲ့ ဆေးစာပဲ။ အဲဒီသခင်လေးလုရဲ့ အဖွဲ့ထဲမှာ တစ်ယောက်ယောက် ဒဏ်ရာရထားလို့လား"
ဆေးခန်းမှ ထွက်လာပြီးနောက် ကောင်းကင်ကြီး လုံးဝ မှောင်သွားသည်ကို လုချင်း သတိပြုမိလိုက်သည်။
လူကယ်နေရင်း အချိန်တော်တော် ကုန်သွားပုံရသည်။ ဆရာနှင့် တခြားသူများ စိတ်မရှည်ဖြစ်နေကြမလား မသိပေ။
ထိုအတွေးဖြင့် လုချင်းသည် တည်းခိုခန်းဆီသို့ ခြေလှမ်းသွက်သွက် လျှောက်လာခဲ့သည်။
အဆိပ်သွေးအိုးကို ကိုင်ထားရင်း လူသူကင်းမဲ့သော လမ်းကြားလေးတစ်ခုထဲသို့ ဝင်လိုက်ကာ ဘယ်သူမှ မရှိသည်ကို သေချာအောင် ကြည့်ပြီးနောက် မှောင်ရိပ်ခိုရာနေရာတစ်ခုတွင် ဟင်းလင်းပြင်ချီအိတ်ထဲသို့ အိုးကို သိမ်းဆည်းလိုက်သည်။
သူ အဆိပ်သွေးအိုးကို ယူလာရသည့် အကြောင်းရင်းမှာ ဦးလေးဝမ်၏ ခန္ဓာကိုယ်ထဲမှ အဆိပ်ကို ထုတ်နေစဉ် သူ၏ အထူးစွမ်းရည်ကို သုံး၍ အဆိပ်၏ အရင်းအမြစ်ကို စစ်ဆေးခဲ့သောကြောင့် ဖြစ်သည်။
သူ ထင်ထားသည့်အတိုင်းပင် ဦးလေးဝမ်၏ ကိုယ်ထဲမှ မြွေဆိပ်မှာ သာမန်မြွေဆိပ် မဟုတ်ပေ။
၎င်းမှာ မကောင်းဆိုးဝါး စွမ်းအင်များကို မတော်တဆ စုပ်ယူမိပြီး သန့်စင်မိသွားသော စပါးအုံးမြွေတစ်ကောင်၏ အဆိပ်ဖြစ်ပြီး ဗီဇပြောင်းလဲသွားခြင်း ဖြစ်သည်။
ဤအဆိပ်မှာ အလွန် ထူးဆန်းသည်။ ကိုယ်ထဲ ဝင်ရောက်ပြီးနောက် ချက်ချင်း အာနိသင် မပြသော်လည်း အလွန်တရာ မြဲမြံခိုင်ခံ့ပါ၏။
လူတစ်ယောက်၏ ကိုယ်တွင်းအင်္ဂါများအတွင်းပိုင်းထိ ထိုးဖောက် ဝင်ရောက်နိုင်ပြီး ဖယ်ရှားရန် အလွန် ခက်ခဲသည်။
အကယ်၍ သူ၏ အပ်အစီအရင် နည်းစနစ်သာ သာမန်ထက် မထူးကဲခဲ့လျှင် ဦးလေးဝမ်၏ ကိုယ်ထဲမှ အဆိပ်သွေးများကို အကုန်ထုတ်ပစ်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။
ပို၍ အရေးကြီးသည်မှာ ဤအဆိပ်တွင် ကြောက်မက်ဖွယ် ကောင်းသော ဂုဏ်သတ္တိတစ်ခု ရှိနေ၏။ ၎င်းသည် သွေးနှင့် ထိတွေ့မိပါက အဆိပ်ပြေသွားခြင်းမရှိဘဲ သွေး၏ သဘာဝကို စတင် ပြောင်းလဲပစ်ကာ အလားတူ အဆိပ်မျိုး ဖြစ်လာအောင် ဖန်တီးပစ်ခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ဦးလေးဝမ်၏ ကိုယ်ထဲမှ ထုတ်လိုက်သော အဆိပ်သွေး တစ်ဝက်ခန့် ရှိသည့် အိုးထဲမှ သွေးများသည် မူလမြွေဆိပ်ကဲ့သို့ပင် အဆိပ်ပြင်းနေဆဲ ဖြစ်သည်။
အကယ်၍ သာမန်လူတစ်ယောက် သွားထိမိပါက ထပ်မံ အဆိပ်သင့်သွားနိုင်ပြီး ကူးစက်မှုအသစ် ဖြစ်ပွားနိုင်သည်။
သူ့အရင်ဘဝက ရုပ်ရှင်တွေထဲမှာ ပါသည့် ဖုတ်ကောင်ဗိုင်းရပ်စ်လိုမျိုး အကန့်အသတ်မရှိ ပြန့်ပွားနိုင်သည့်သဘော ရှိနေသည်။
ဤကဲ့သို့ မဖြစ်ပွားစေရန်အတွက် လုချင်းသည် အဆိပ်သွေးများကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပြီး နောင်တွင် အန္တရာယ် မဖြစ်စေရန် ဖျက်ဆီးပစ်မည့် နည်းလမ်းကို ရှာဖွေရန် ရည်ရွယ်ထားပါ၏။
အဆိပ်သွေးကို သိမ်းဆည်းပြီးနောက်၌ လုချင်း လမ်းမပေါ်တွင် တိတ်ဆိတ်စွာ လျှောက်လာခဲ့သည်။
ဒီနေ့ လူတစ်ယောက်ကို ကယ်တင်နိုင်ခဲ့သော်လည်း သူ့စိတ်ထဲတွင် ပေါ့ပါးမသွားဘဲ လေးလံနေသလို ခံစားရသည်။
လွန်ခဲ့သည့် အချိန်က ကမ္ဘာ့စည်းမျဉ်းများ ပြောင်းလဲခြင်းသည် ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာခြင်းတစ်ခုတည်း မဟုတ်နိုင်ကြောင်း သူနှင့် သူ့ဆရာတို့ ခန့်မှန်းခဲ့ကြဖူးသည်။
ထိုနိုးထမှုနှင့်အတူ အမျိုးမျိုးသော မကောင်းဆိုးဝါး စွမ်းအင်များ၊ မိစ္ဆာစွမ်းအင်များ၊ အဆိပ်ငွေ့များနှင့် အခြားကြောက်မက်ဖွယ် အရာများလည်း ပါဝင်လာနိုင်သည်။
ဥပမာအားဖြင့် တိမ်လွှာစီးဂိုဏ်းမှ မော့ကျန်းကဲ့သို့ လူများသည် မကောင်းဆိုးဝါး စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်များကို ကျင့်ကြံပြီးနောက် လူစိတ် လုံးဝ ကုန်ခမ်းသွားခဲ့ကြသည်။
သို့သော် ဒီနေ့ ဖြစ်ရပ်ကြောင့် ဤမကောင်းဆိုးဝါး စွမ်းအင်များနှင့် မိစ္ဆာစွမ်းအင်များသည် လူများကိုသာ ထိခိုက်စေနိုင်သည် မဟုတ်ဘဲ ကမ္ဘာလောကရှိ အခြားသက်ရှိများကိုပါ လွှမ်းမိုးနိုင်ကြောင်း သူ သဘောပေါက်လာခဲ့သည်။
ဥပမာအားဖြင့် အန္တရာယ်ရှိပြီးသား အဆိပ်ပြင်း ပိုးမွှားများ၊ မြွေများနှင့် ကင်းမြီးကောက်များသည် အခွင့်အရေး ရပါက ကမ္ဘာလောကရှိ မကောင်းဆိုးဝါး စွမ်းအင်များကို သန့်စင် ရယူပြီး ပိုမို ကြောက်မက်ဖွယ်ကောင်းလာနိုင်ပါ၏။
ထိုသို့ ဖြစ်လာပြီးနောက်၌ သာမန်လူများက သတိမထားမိဘဲ သွားရောက် ထိတွေ့မိပါက အသက်ရှင်နိုင်ဖို့ မလွယ်ကူတော့ပေ။
ဒီနေ့ ဦးလေးဝမ်သာ လုချင်းနှင့် မတွေ့ခဲ့ပါက သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။
"ကျိုးလီရွာက တောင်တန်းကြီးတွေရဲ့ အစပ်မှာ ရှိနေတာ။ နောက်ကျောဘက်မှာ တောင်တန်းတစ်သိန်းလောက် ရှိနေတယ်။ အဲဒီမှာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေနဲ့ အဆိပ်ရှိတဲ့ သတ္တဝါတွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ ဘယ်သူသိမှာလဲ။
အဲဒီ သတ္တဝါတွေထဲက တစ်ကောင်ကောင်၊ ဥပမာ ခုနက စပါးအုံးမြွေလိုမျိုး ကံတရား အထောက်အပံ့ ရပြီး ဗီဇပြောင်းသွားမယ်ဆိုရင်၊ ပြီးတော့ ရွာကို ဝင်တိုက်ခိုက်ရင် ဘာဖြစ်သွားမလဲ"
လုချင်း စဉ်းစားမိလိုက်သည်နှင့် စိတ်သောက ရောက်လာရသည်။
ကျုံးကျိုးသို့ မလာခင်က ဤနေရာရှိ အခြေအနေများ မည်မျှအထိ ပြောင်းလဲသွားသည်ကို သူ သတိမထားမိခဲ့ဘဲ ပေါ့ဆနေမိသည်။
"လမ်းတစ်လျှောက် လေ့လာမိသလောက်ဆိုရင် ဒီဝိညာဉ်စွမ်းအင် နိုးထမှုက ကျုံးကျိုးကို ဗဟိုပြုပြီး တခြားဒေသတွေကို ပျံ့နှံ့နေတဲ့ပုံပဲ။
ချန်းကျိုးက ဝေးလံခေါင်ဖျားပြီး ကျုံးကျိုးနဲ့ အဝေးဆုံးမှာ ရှိတာဆိုတော့ လတ်တလောမှာတော့ ဒီလို အပြောင်းအလဲကြီးတွေ ဖြစ်လာဦးမှာ မဟုတ်လောက်ပါဘူး။
ဒါကြောင့် အချိန်ရပါသေးတယ်"
လုချင်း ကိုယ့်ဘာသာ တွေးတောလိုက်သည်။
ကျိုးလီရွာသည် ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက သူ့အတွက် အိမ်ဟု သတ်မှတ်ထားသော နေရာဖြစ်သည်။
ရွာသူရွာသားများသည် ရိုးသားပြီး ကြင်နာတတ်ကြသဖြင့် သူက မိမိ၏ ဇာတိမြေအဖြစ် သတ်မှတ်ထားသည်မှာ ကြာပေပြီ။
ထို့ကြောင့် ရွာကို ပျက်စီးခွင့် သူ ဘယ်တော့မှ ပေးမည် မဟုတ်ပေ။
ကျုံးကျိုးရှိ ကိစ္စများ ပြီးပြတ်သည်နှင့် ရွာသို့ ပြန်ပြီး ရွာသူရွာသားများ၏ လုံခြုံရေးကို အနည်းဆုံးတော့ အာမခံချက် ပေးနိုင်အောင် လုပ်ဆောင်မည်ဟု ဆုံးဖြတ်လိုက်တော့၏။
ထိုအတွေးများဖြင့် လုချင်းတစ်ယောက် တည်းခိုခန်းသို့ ဖြည်းညှင်းစွာ ပြန်လာခဲ့သည်။
အခန်းထဲ ဝင်လိုက်သည်နှင့် သူ့ဆရာနှင့် အခြားသူများ ထိုင်နေကြပြီး စားပွဲပေါ်တွင် ဟင်းပွဲအချို့ ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။
"အားချင်း... ဘယ်တွေသွားနေတာလဲ။ ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ" သမားတော်ကြီးက မေးလိုက်သည်။
လုချင်း၏ စွမ်းရည်ကိုသာ မသိလျှင်၊ ဆေးပင်သွားဝယ်သည်ဟု တည်းခိုခန်းပိုင်ရှင် ပြောသည်ကိုသာ မကြားထားလျှင် သူကိုယ်တိုင် လိုက်ရှာမိတော့မည်ပင်။
"ဆရာ... ကျွန်တော် ဆေးပင်ဝယ်ဖို့ ဆေးဆိုင် သွားရှာရင်း လမ်းမှာ ကိစ္စလေးတစ်ခု ကြုံလို့ နည်းနည်း ကြာသွားတာပါဗျ"
လုချင်းက သူ့အတွေးများကို စီစဉ်လိုက်ပြီးနောက်၌ ပြုံးကာ ဆေးခန်းတွင် ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ပြောပြလိုက်သည်။
ထိုအခါမှ လုချင်း ဆေးသွားဝယ်ရင်း လူကယ်နေခဲ့ရမှန်း အားလုံး သိသွားကြသည်။
ကျန်သူများက သိပ်ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိသော်လည်း ဟူကျိကျစ်၏ မျက်လုံးများမှာ လုချင်းအပေါ် လေးစားမှုဖြင့် ပြည့်နှက်နေလေသည်။
အစ်ကိုလုချင်းက တကယ်ကို ကြင်နာတတ်တဲ့သူပဲ၊ လူတစ်ယောက်ရဲ့ အသက်ကိုတောင် ဒီလိုပဲ ပေါ့ပေါ့ပါးပါး ကယ်တင်ပေးလိုက်တာပဲ
သူမ တွေးနေမိသည်။
သမားတော်ကြီး တစ်ယောက်သာလျှင် လုချင်း ပြောပြသည်ကို ကြားပြီးနောက် မျက်မှောင်ကြုတ်သွားလေသည်။
"အားချင်း... မင်းပြောပုံအရဆိုရင် အဲဒီလူက စပါးအုံးမြွေ ကိုက်ခံရတာပေါ့။ ဒါပေမဲ့ စပါးအုံးမြွေ အဆိပ်က ဘယ်တုန်းက ဒီလောက် ပြင်းသွားရတာလဲ"
"ကျွန်တော်လည်း အဲဒါကို ထူးဆန်းတယ်လို့ ထင်တယ်။ ဒါပေမဲ့ အဲဒီလူ့ဆီက ထုတ်လိုက်တဲ့ အဆိပ်သွေးနည်းနည်းကို ကျွန်တော် ယူလာခဲ့တယ်။ ညစာစားပြီးရင် ဆရာ တစ်ချက်လောက် ကြည့်ပေးပါဦး၊ ဘာလျှို့ဝှက်ချက် ရှိလဲဆိုတာပေါ့" လုချင်းက ပြောလိုက်သည်။
"ဟေ... မင်း အဆိပ်သွေး ယူလာခဲ့တယ်ဟုတ်လား။ ကောင်းတာပေါ့"
သမားတော်ကြီး၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူသည် ဆေးပညာနှင့် ပတ်သက်သည့် မည်သည့်အရာကိုမဆို အမြဲ စိတ်ဝင်စားသူ ဖြစ်သည်။
ထို့ကြောင့် ညစာစားပြီးနောက် လုချင်းသည် အဆိပ်သွေး ပုလင်းငယ်ကို ယူပြီး ဆရာ့အခန်းသို့ သွားကာ ပြသလိုက်သည်။
"ဆရာ... ဒီအဆိပ်သွေးက အရမ်း ထူးဆန်းတယ်။ အဆိပ်ပြင်းအား မလျော့ဘဲ လူ့ခန္ဓာကိုယ်ထဲက သွေးတွေကိုပါ တဖြည်းဖြည်း ပြောင်းလဲပစ်နိုင်တယ်။ ဂရုစိုက်ကြည့်ပါ"
"တကယ်ပဲ အဲဒီလောက် သေစေနိုင်တဲ့ အဆိပ်မျိုး ရှိတာလား" သမားတော်ကြီး၏ မျက်နှာ တည်သွားသည်။
"ဒါကြောင့် ဒါက ရိုးရိုးမြွေဆိပ် မဟုတ်ဘဲ အဆိပ်နဲ့ မကောင်းဆိုးဝါး စွမ်းအင် ပေါင်းစပ်ထားတာလို့ ကျွန်တော် သံသယရှိတာပါ..."
လုချင်းသည် သူ့နတ်မျက်စိစွမ်းရည်ဖြင့် ရရှိထားသော သတင်းအချက်အလက်များနှင့် သူ့ခန့်မှန်းချက်များကို ဆရာ့အား မျှဝေလိုက်သည်။
ထိုအခါ သမားတော်ကြီး၏ မျက်နှာထားမှာ အလေးအနက် ဖြစ်သွားလေသည်။
"ဟုတ်တယ်၊ မင်းပြောတာအရဆိုရင် စပါးအုံးမြွေက မကောင်းဆိုးဝါး စွမ်းအင်တစ်ခုခု ရရှိသွားပြီး သူ့အဆိပ်က ဗီဇပြောင်းသွားလို့ ဒီလောက် ကုရခက်သွားတာ ဖြစ်နိုင်ခြေများတယ်"
"ဆရာ... အခု ကမ္ဘာကြီး ပြောင်းလဲနေတာနဲ့အမျှ အရာရာတိုင်းက ဆင့်ကဲပြောင်းလဲနေကြပြီ။ ဒီလို အဆိပ်စွမ်းအင်တွေက အနာဂတ်မှာ ပိုပြီးတော့တောင် အဖြစ်များလာနိုင်တယ်။
ပုံမှန် အဆိပ်ဖြေဆေးတွေက ဒီလို အဆိပ်မျိုးတွေကို နိုင်ချင်မှ နိုင်တော့မှာ။
အဲဒီ စပါးအုံးမြွေလို ဗီဇပြောင်း အဆိပ်ရှိ သတ္တဝါတွေ များလာရင် နေရာအနှံ့က လူတွေ ဒုက္ခရောက်ကြလိမ့်မယ်"
လုချင်းက သူ့စိုးရိမ်မှုကို ဖွင့်ပြောလိုက်သည်။
"မင်းပြောတာ မှန်တယ်" သမားတော်ကြီးက သူ့မုတ်ဆိတ်ကို သပ်ရင်း ကျေနပ်အားရသည့် အမူအရာ ပေါ်လာသည်။ "အားချင်း... လူတွေရဲ့ ကျန်းမာရေးအတွက် မင်း စိုးရိမ်ပေးတာက သမားတော်တစ်ယောက်ရဲ့ စိတ်ဓာတ်ကို မင်း တကယ် နားလည်သဘောပေါက်သွားပြီဆိုတာ ပြနေတာပဲ"
"ဆရာက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီဗျာ။ ကျွန်တော့်မှာ အဲဒီလောက် မြင့်မြတ်တဲ့ နှလုံးသား မရှိပါဘူးဗျ"
လုချင်း ပြုံးလိုက်သည်။ သူသည် သူ့ဆရာလောက် သဘောထား မကြီးပေ။ သူ့စိုးရိမ်မှုသည် သူ ဂရုစိုက်သော လူများအတွက်သာ ဖြစ်သည်။
"ဒါပေမဲ့ သိပ်စိုးရိမ်မနေပါနဲ့။ ဒီလောကမှာ ရှိတဲ့ အရာရာတိုင်းက အပြန်အလှန် အမှီသဟဲပြုခြင်း၊ ယင်နဲ့ ယန်ဖြည့်ဆည်းခြင်း ဆိုတဲ့ မူဝါဒအတိုင်း လည်ပတ်နေတာလေ။
ဒါက အရာခပ်သိမ်းရဲ့ သဘောတရားပဲ။ ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာတယ်ဆိုပေမဲ့ ဒီအခြေခံ အမှန်တရားတွေကနေတော့ လွတ်ကင်းသွားမှာ မဟုတ်ပါဘူး။
ဒီ မကောင်းဆိုးဝါး အဆိပ်က ကြောက်စရာကောင်းပေမဲ့လည်း မင်းပြောသလို အရာရာက ပြောင်းလဲနေတာလေ။ ဒီလို အဆိပ်မျိုးတွေကို ဖြေရှင်းနိုင်မဲ့ ဆေးနည်းတွေလည်း ပေါ်လာနိုင်ခြေ ရှိတာပဲ။
ငါတို့ရဲ့ တာဝန်က အဲဒီလို ဖြေရှင်းနည်းတွေကို ရှာပြီး ဆေးနည်းတွေအဖြစ် ပြုစုပြီး ဖြန့်ဝေပေးဖို့ပဲ။ ဒါမှ လူတွေ အန္တရာယ် ကြုံလာရင် မှီခိုအားထားစရာ ရှိပြီး မျှော်လင့်ချက်မဲ့မသွားကြမှာပေါ့။
ဒါက သမားတော်တွေအဖြစ် ငါတို့ ရှိနေခြင်းရဲ့ တာဝန်နဲ့ အဓိပ္ပာယ်ပဲ"
ဆရာဖြစ်သူ၏ လေးနက်သော အမူအရာကို မြင်သောအခါ လုချင်း၏ မျက်နှာထားလည်း တည်ကြည်သွားလေ၏။ "ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော် နားလည်ပါပြီ"
"ကောင်းပြီ၊ ဒါဆို ဒီ ထူးဆန်းတဲ့ မြွေဆိပ်ကို လေ့လာပြီး ဘာက သူ့ကို ဒီလောက် ပုံမှန်မဟုတ်စေတာလဲဆိုတာ ကြည့်ကြရအောင်"
လုချင်းက သူ့စကားများကို နှလုံးသွင်းလိုက်သည်ကို မြင်တော့ သမားတော်ကြီး ပြုံးလိုက်သည်။
သို့သော် ဆရာတပည့်နှစ်ယောက် မြွေဆိပ်ကို အတူတကွ လေ့လာရန် ပြင်ဆင်လိုက်စဉ်မှာပင် သူတို့၏ ရင်ထဲ၌ တုန်ခါမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ကောင်းကင်ယံထက်မှ ကျယ်ပြောလှသော လွှမ်းမိုးမှုကြီးမားသည့် အသံတစ်ခု ကမ္ဘာလောက အနှံ့ ပဲ့တင်ထပ်လာလေသည်။
...
အခန်း ၂၆၄ - ကောင်းကင်နှင့် မြေကမ္ဘာ၏ တာအိုစည်းချက်များ ပြန်လည်ပေါ်ထွက်ခြင်း၊ လရောင်အမြုတေ
"ဒါက... ကောင်းကင်နှင့် မြေကမ္ဘာ၏ တာအိုစည်းချက်သံများလား"
အဆိပ်သွေးကို လေ့လာရန် ပြင်ဆင်နေကြသော လုချင်းနှင့် သမားတော်ကြီးတို့သည် ကောင်းကင်နှင့် မြေကြီး၏ ကြီးမားသော တုန်ခါမှုကို ခံစားလိုက်ရသည်။ အစပိုင်းတွင် သူတို့ လန့်သွားကြသော်လည်း မကြာမီ သူတို့၏ မျက်နှာများတွင် အံ့သြမှုများ ပေါ်လာလေ၏။
ဤတုန်ခါမှုသည် ကောင်းကင်နှင့် မြေကမ္ဘာ၏ စည်းမျဉ်းများ စတင်ပြောင်းလဲစဉ်က အချက်ပေးခဲ့သည့် တာအိုစည်းချက်များနှင့် ထပ်တူညီကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။
ချက်ချင်းပင် သူတို့နှစ်ဦးသည် အဆိပ်သွေးကို ဂရုမစိုက်တော့ပေ။
အခန်းထဲမှ အမြန်ထွက်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
"ကိုကို"
ရှောင်လီကို ပွေ့ချီထားရင်း ရှောင်ယန်လေးသည် အခန်းထဲမှ ပြေးထွက်လာသည်။
သူမနှင့် ရှောင်လီတို့လည်း တာအိုစည်းချက်များကို ကြားခဲ့ရသည်မှာ ထင်ရှားပါ၏။
"အစ်ကိုလုချင်း" ခြေထောက်ဒဏ်ရာကြောင့် တရွတ်တိုက် လျှောက်ရင်း အခန်းထဲမှ ထွက်လာသော ဟူကျိကျစ်ကလည်း ထိတ်လန့်တကြား မေးလိုက်သည်။ "အဲဒါ ဘာအသံလဲဟင်"
"နောက်မှ ရှင်းပြမယ်။ ခေါင်မိုးပေါ် အရင်တက်ကြရအောင်"
လုချင်း၏ မျက်နှာထားမှာ လေးနက်နေသည်။ သူက ရှောင်ယန်ကို လက်တစ်ဖက်ဖြင့် ပွေ့ချီလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဟူကျိကျစ်ကို တွဲကူလိုက်၏။ ခုန်ပျံကျော်လွှားမှုအနည်းငယ်ဖြင့် သူတို့ တည်းခိုခန်း ခေါင်မိုးပေါ်သို့ ရောက်ရှိသွားကြသည်။
သမားတော်ကြီးမှာမူ ခေါင်မိုးပေါ်သို့ လေထဲတွင် လွင့်မျောကာ တက်သွားလေသည်။ သူ့လှုပ်ရှားမှုများမှာ အလွန် ပေါ့ပါးလွန်းသဖြင့် ဟူကျိကျစ်မှာပင် အံ့သြမှင်သက်သွားရသည်။
ထိုအခါမှ ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့သော သမားတော်ကြီးသည် သူမ ထင်ထားသည်ထက် ပိုမို အစွမ်းထက်သော သိုင်းပညာရှင်ကြီးတစ်ဦးဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။
တည်းခိုခန်း ခေါင်မိုးမှာ အတော်အတန် ပြန့်ပြူးပါ၏။ ဟူကျိကျစ်ကို ထိုင်ခိုင်းပြီးနောက် လုချင်း ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
ဝုန်း...
ဤအချိန်တွင် နောက်ထပ် မမြင်နိုင်သော ကောင်းကင်နှင့် မြေကမ္ဘာ၏ တာအိုစည်းချက်တစ်ခု ထပ်မံ ပဲ့တင်ထပ်လာပြီး ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားလေ၏။
"အစ်ကိုလုချင်း... ဒါက..."
သူမ ခုနက ကြားလိုက်ရသည့် အသံမှာ အထက်ကောင်းကင်ယံမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်း ဟူကျိကျစ် သဘောပေါက်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"တိုးတိုးနေ"
သို့သော် လုချင်းတွင် သူမကို ရှင်းပြရန် အချိန်မရှိပေ။
သူက ကောင်းကင်မှ အခြေအနေကို စောင့်ကြည့်နေသည်။
ဒီညက လပြည့်ည ဖြစ်သည်။
သို့သော် ယခုမှသာ ညကောင်းကင်ကြီးသည် ထူးကဲစွာ ကြည်လင်တောက်ပနေပြီး လမင်းကြီးမှာလည်း အလွန် ထွန်းလင်း တောက်ပနေကြောင်းနှင့် မသိမသာသော်လည်း ဖော်ပြမရနိုင်သည့် ဖိအားတစ်ခု ပေးစွမ်းနေကြောင်း သူ သတိထားမိလိုက်သည်။
ဒါကို မြင်တော့ ဟူကျိကျစ်လည်း မေးခွန်းများကို မျိုချလိုက်ပြီး ကောင်းကင်ကိုသာ ဆက်လက် ငေးမောကြည့်ရှုနေလိုက်တော့၏။
ဝုန်း...
နောက်ထပ် တာအိုစည်းချက်တစ်ခု ပဲ့တင်ထပ်လာပြန်သည်။
ထိုသို့ဖြင့် သူတို့အားလုံး ခေါင်မိုးပေါ်တွင် တိတ်ဆိတ်စွာ နေရင်း ရင်တုန်ဖွယ်ရာ ကောင်းကင်နှင့် မြေကမ္ဘာ၏ တာအိုစည်းချက်များကို တစ်ခုပြီးတစ်ခု နားထောင်နေကြသည်။
နောက်ဆုံးတွင် ကိုးခုမြောက်အသံ ပြီးဆုံးသွားသောအခါ၌ ကမ္ဘာလောကကြီးလည်း ငြိမ်သက်သွားတော့၏။
သို့သော် လုချင်းနှင့် သမားတော်ကြီးတို့မှာတော့ စိတ်မလျှော့ကြသေးပေ။
ကောင်းကင်နှင့် မြေကြီးကြားရှိ ဖိအားတစ်မျိုးမျိုး တိုးမြင့်လာနေကြောင်း သူတို့ နှစ်ယောက်လုံး ခံစားနေရသည်။
ကောင်းကင်ရှိ တောက်ပနေသော လမင်းကြီးသည် ပိုမို ဝိုင်းစက်လာပြီး ပိုကြီးလာသည်။
၎င်း၏ အတွင်းပိုင်းတွင် တစ်စုံတစ်ခု အရှိန်ယူနေပြီး အပြင်သို့ ထိုးထွက်လာရန် အဆင်သင့် ဖြစ်နေပုံရ၏။
လုချင်းသည် တစ်စုံတစ်ခုကို ပိုင်းခြားသိမြင်နိုင်ရန် လမင်းကြီးကို စိုက်ကြည့်လိုက်သည်။
သို့သော် ယခုအကြိမ်တွင် သူ့၏ ပုံမှန် အနိုင်ယူမရနိုင်သော နတ်မျက်စိစွမ်းရည်က ပထမဆုံးအကြိမ်အဖြစ် အလုပ်မလုပ်တော့ပေ။
လမင်းကြီးကို မြင်နေရသော်လည်း သူ့အမြင်အာရုံထဲတွင် မည်သည့် စာလုံးမျှ ပေါ်မလာပေ။ အလွန် ဝေးကွာလွန်းနေသောကြောင့်သော်လည်းကောင်း၊ လမင်း၏ တည်ရှိမှု အဆင့်အတန်း မြင့်မားလွန်းသောကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။
သူ့နတ်မျက်စိစွမ်းရည်က အသုံးဝင်သော သတင်းအချက်အလက် မပေးနိုင်သော်လည်း ကောင်းကင်နှင့် မြေကြီးကြားတွင် တစ်စုံတစ်ခုသော အရှိန်အဝါ ကြီးထွားနေကြောင်း လုချင်း ခံစားနေရဆဲ ဖြစ်သည်။
"ဝူး..."
ဤထူးဆန်းသော အရှိန်အဝါ ကြီးထွားလာသည်နှင့်အမျှ ရှောင်ယန်၏ ရင်ခွင်ထဲရှိ ရှောင်လီသည် ဂနာမငြိမ် စတင် ဖြစ်လာတော့၏။
"ရှောင်လီ... ဘာဖြစ်လို့လဲ" ရှောင်ယန်က သူ့ကို ငြိမ်သွားအောင် ခေါင်းလေး ပွတ်သပ်ပေးလိုက်သည်။
လုချင်း မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် တည်းခိုခန်း မြင်းဇောင်းထဲရှိ သူတို့၏ မြင်းနှစ်ကောင်၏ စိတ်လှုပ်ရှားစွာ မြင်းဟီးသံများကိုပါ ကြားလိုက်ရတော့၏။
ထို့ပြင် ယွင်လွိုက်မြို့ ပတ်ဝန်းကျင်ရှိ တောတောင်များထဲမှ တောရိုင်းတိရစ္ဆာန်များ၏ အူသံများကိုပါ ဝိုးတဝါး ကြားနေရပါ၏။
ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို လုချင်း မစဉ်းစားနိုင်ခင်မှာပင် ရုတ်တရက် ကောင်းကင်သို့ လှည့်ကြည့်လိုက်မိသည်။
တစ်ချိန်တည်းမှာပင် သမားတော်ကြီးက အော်ဟစ်လိုက်၏။ "အားချင်း... လာနေပြီ"
သမားတော်ကြီး၏ အသံဆုံးသည်နှင့် ကောင်းကင်နှင့် မြေကြီးရှိ ထူးဆန်းသော အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပုံရပြီး ကောင်းကင်ယံမှ လမင်းကြီးသည် မျက်စိကျိန်းမတတ် အလင်းရောင်များ ရုတ်တရက် ထုတ်လွှတ်လိုက်လေသည်။
ချက်ချင်းပင် မရေမတွက်နိုင်သော လရောင်တန်းများသည် ကြယ်တာရာလေးများ အသွင်ပြောင်းကာ ကြယ်ကြွေသည့်အလား မြေကမ္ဘာဆီသို့ သက်ဆင်းလာသည်ကို လုချင်း မြင်လိုက်ရသည်။
"ဒါက..."
ဤမမေ့နိုင်စရာ မြင်ကွင်းကို မြင်လိုက်ရသောအခါ လုချင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး လီဟော်ဂိုဏ်း၏ အမွေအနှစ်မှတ်တမ်းများထဲမှ ဒဏ္ဍာရီတစ်ခုကို ပြန်လည် သတိရလိုက်သည်။
"ဝူး"
ကောင်းကင်မှ ကျဆင်းလာသော လရောင်များကို မြင်သောအခါ၌ ရှောင်လီမှာ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
၎င်းသည် မယုံနိုင်စရာ အရှိန်ဖြင့် ကောင်းကင်သို့ ခုန်တက်လိုက်ပြီး ပေတစ်ရာကျော်အထိ ရောက်သွားသည်။
သို့သော် နီးကပ်သည်ဟု ထင်ရသော်လည်း လရောင်များမှာ သူတို့နှင့် အတော် ဝေးကွာနေသေး၏။
ထို့ကြောင့် ရှောင်လီမှာ လွဲချော်သွားပြီး ခေါင်မိုးပေါ်သို့ ပြန်လည် ကျဆင်းလာရသည်။
"ရှောင်လီ... စိတ်မလောနဲ့၊ ခဏလေး စောင့်ဦး"
ရှောင်လီ ခေါင်မိုးပေါ် ပြန်ကျလာပြီး နောက်တစ်ကြိမ် ထပ်ခုန်ရန် ပြင်နေသည်ကို မြင်သောအခါ လုချင်းက လှမ်းတားလိုက်ရသည်။
ထို့နောက် သူ့ဆရာဘက်သို့ လှည့်ပြီး "ဆရာ... ဒီ လရောင်အမြုတေက ရှောင်လီအတွက် အခွင့်အရေးကြီးပဲ။ ကျွန်တော် တတ်နိုင်သမျှ အများကြီး စုဆောင်းဖို့ လိုတယ်။ ကျွန်တော့်ကို ကူပြီး စောင့်ရှောက်ပေးပါဦး"
"ကောင်းပြီ"
သမားတော်ကြီးက ဘာမှ ထပ်မမေးဘဲ ခေါင်းညိတ်လိုက်သည်။
ဆရာဖြစ်သူ သဘောတူသည်ကို မြင်တော့ လုချင်း ချက်ချင်း ခေါင်မိုးပေါ် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
အချိန်က အရေးကြီးသဖြင့် သူ့ဝတ်ရုံထဲမှ လက်ဖဝါးအရွယ်အစားရှိ ကျောက်စိမ်းပုလင်းတစ်လုံးကို အမြန် ထုတ်လိုက်သည်။
ထို့နောက် ကျောက်စိမ်းပုလင်းကို သူ့ရှေ့တွင် ချထားလိုက်သည်။
နောက်တစ်ခဏတွင် သူ စိတ်အာရုံ စုစည်းလိုက်သည်နှင့် မြေကမ္ဘာဝိညာဉ်ပုလဲအတွင်း ကိန်းအောင်းနေသော ဝိညာဉ်အဆောင်သည် မျက်ခုံးနှစ်ခုကြားရှိ စွမ်းအင်အချက်အချာနေရာမှ ရုတ်တရက် ထွက်ပေါ်လာတော့၏။
၎င်းသည် လေထဲတွင် လျင်မြန်စွာ ကြီးထွားလာပြီး ကြီးမားသော မန္တန်အဖြစ် ပြောင်းလဲကာ မြေကမ္ဘာဝိညာဉ်ပုလဲကို အောက်သို့ ဖိချလိုက်ပြီး စွမ်းအင်အချက်အချာနေရာ၏ အလယ်ဗဟို၌ ပြန်လည် နေရာယူလိုက်သည်။
ဝိညာဉ်အဆောင်မှ စွမ်းအားများ ထုတ်လွှတ်လိုက်သည်နှင့် လုချင်းဆီမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင် တုန်ခါမှုကြောင့် သမားတော်ကြီးပင် လန့်သွားရသည်။
သူ့တပည့်၏ ဝိညာဉ်စွမ်းအား မည်မျှ ကြီးမားကြောင်း သူ ပထမဆုံးအကြိမ် အမှန်တကယ် သတိပြုမိခြင်း ဖြစ်သည်။
သို့သော် လုချင်းတွင် ဤအသေးအဖွဲကိစ္စများကို အာရုံစိုက်ရန် အချိန်မရှိပေ။
ဝိညာဉ်အဆောင်ကို အသက်သွင်းပြီးနောက် သူသည် လက်သင်္ကေတများကို လျင်မြန်သော နှုန်းဖြင့် စတင် ပြုလုပ်လေသည်။
မကြာမီ သူ့လက်နှစ်ဖက်ကြားတွင် ဝိညာဉ်အလင်းစက် တစ်ခု ပေါ်လာပြီး လေထဲတွင် တွဲလွဲခိုနေသည်။
ဝိညာဉ်အလင်း ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များ လှုပ်ရှားလာပြီး လုချင်းဆီသို့ စုဆုံလာကြောင်း သမားတော်ကြီး ခံစားလိုက်ရသည်။
သူ့လက်နှစ်ဖက်ကြားရှိ ဝိညာဉ်အလင်းကို ဗဟိုပြု၍ ဝိညာဉ်စွမ်းအင်များ စုဝေးလာကြသည်။
ဝိညာဉ်စွမ်းအင်များ ဝင်ရောက်လာသည်နှင့်အမျှ ဝိညာဉ်အလင်းသည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး နောက်ဆုံးတွင် မြူခိုးကဲ့သို့ ဖြူဖွေးသော ဆန်းကြယ်သည့် အရှိန်အဝါမန္တန်တစ်ခုအဖြစ် ဖောင်းပွလာသည်။
"သွားစမ်း"
အရှိန်အဝါမန္တန် ဖွဲ့စည်းပြီးသည်နှင့် လုချင်း တွန့်ဆုတ်မနေဘဲ လက်သင်္ကေတဖြင့် ရှေ့သို့ ညွှန်ပြလိုက်သည်။ ထိုအခါ၌ မန္တန်သည် သူ့ရှေ့တွင် ချထားသော ကျောက်စိမ်းပုလင်းဖြူဆီသို့ ချက်ချင်း ပျံသန်းသွားသည်။
မန္တန်နှင့် ပုလင်း ပေါင်းစပ်သွားသောအခါ ကျောက်စိမ်းပုလင်းမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ နောက်တစ်ခဏတွင် အလင်းရောင် မှေးမှိန်သွားသည်နှင့် ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော ပုံစံများ ပေါ်လာ၏။
အနီးကပ် ကြည့်လိုက်လျှင် ဤပုံစံများသည် လုချင်း ခုနက ဖွဲ့စည်းလိုက်သော အရှိန်အဝါမန္တန်နှင့် ထပ်တူညီကြောင်း တွေ့ရမည် ဖြစ်သည်။
ကျောက်စိမ်းပုလင်းပေါ်တွင် အရှိန်အဝါမန္တန်တစ်ခု ရိုက်နှိပ်ပြီးနောက် လုချင်း မရပ်တန့်ပေ။ နောက်ထပ် အရှိန်အဝါမန္တန်နှစ်ခုကို အမြန် ဖွဲ့စည်းပြီး ကျောက်စိမ်းပုလင်းထဲသို့ ထပ်မံ ပို့လွှတ်လိုက်ပြန်၏။
ထိုအခါမှသာ သူ့နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ "ကံကောင်းလို့ အချိန်မီသွားတယ်"
ကံကောင်းစွာဖြင့် မကြာသေးမီကမှ မြေကမ္ဘာဝိညာဉ်ပုလဲ၏ အာဟာရဖြည့်ပေးမှုကြောင့် သူ့ဝိညာဉ်စွမ်းအား များစွာ တိုးတက်လာခဲ့သည်။
သို့မဟုတ်ပါက ဤမျှ တိုတောင်းသော အချိန်အတွင်း အရှိန်အဝါ မန္တန် သုံးခုကို ဆက်တိုက် ဖွဲ့စည်းရန် မဖြစ်နိုင်ပေ။
ဤအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေလေ၏။
လုချင်း၏ ကျောက်စိမ်းပုလင်းကို ပြုပြင်မွမ်းမံနေသည့် မြင်ကွင်းကြောင့် အားလုံး အံ့သြမှင်သက်နေကြသည်။
အထူးသဖြင့် ဟူကျိကျစ်မှာ လုချင်း၏ နတ်ဘုရားဆန်သော နည်းလမ်းများကြောင့် လုံးဝ တုန်လှုပ်သွားရှာပြီး ဦးနှောက်ထဲ ဗလာ ဖြစ်သွားရသည်။
လုချင်းသည် ကျောက်စိမ်းပုလင်းကို ကောက်ယူပြီး သူ့ဝိညာဉ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သည်။
"မဆိုးဘူး၊ နည်းနည်း ကြမ်းတမ်းပေမဲ့ သုံးလို့တော့ ရလောက်တယ်"
"ဝူး... ဝူး..."
ထိုအချိန်တွင် ရှောင်လီသည် လုချင်း၏ ပခုံးပေါ် ခုန်တက်လာပြီး ကောင်းကင်ကို လက်ညှိုးထိုးပြကာ သူ့ကို ပြောနေသည်။
အထက်ကောင်းကင်ယံမှ ကျဆင်းလာသော လရောင်အမြုတေများမှာ နောက်ဆုံးတွင် မြေပြင်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
"မပူပါနဲ့၊ အခုကစပြီး စုတော့မှာပါကွ"
လုချင်းက ရှောင်လီ စိတ်ငြိမ်သွားအောင် ခေါင်းကို ပုတ်ပေးလိုက်ပြီး ကျောက်စိမ်းပုလင်းကို ရှေ့သို့ ပစ်လိုက်ကာ စိတ်အာရုံကို အနည်းငယ် လှုပ်ရှားလိုက်သည်။ "သွားစမ်း"
ကျောက်စိမ်းပုလင်းသည် ခေါင်မိုး၏ အမြင့်ဆုံးနေရာတွင် ညင်သာစွာ ကျရောက်သွားသည်။ နောက်တစ်ခဏတွင်တော့ ၎င်း၏ မျက်နှာပြင် စတင် တောက်ပလာသည်။
ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
မိုင်ပေါင်းများစွာ ပတ်လည်အတွင်း ပြန့်ကျဲပြီး မြေပြင်သို့ ကျဆင်းတော့မည့် လရောင်အမြုတေများသည် ရုတ်တရက် ဆန်းကြယ်သော စုပ်ယူအားတစ်ခု၏ သက်ရောက်မှုကို ခံလိုက်ရသည်။
အားလုံးသည် ဦးတည်ချက် စတင် ပြောင်းလဲလာပြီး လုချင်းနှင့် အခြားသူများဆီသို့ စုဆုံလာကြ၏။
"တကယ် အလုပ်ဖြစ်တာပဲ"
ဒါကို မြင်တော့ လုချင်း ဝမ်းသာသွားသည်။
အစပိုင်းတွင် သူက စမ်းသပ်ကြည့်သည့်သဘောဖြင့်သာ လုပ်ခဲ့ခြင်း ဖြစ်ပြီး တကယ် အလုပ်ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထပ်မံ တွန့်ဆုတ်မနေဘဲ ကျောက်စိမ်းပုလင်းပေါ်ရှိ အရှိန်အဝါ မန္တန်များ၏ စွမ်းအားကို အပြည့်အဝ အသက်သွင်းလိုက်သည်။
နောက်တစ်ခဏတွင် ကျောက်စိမ်းပုလင်းသည် တောက်ပသော အလင်းရောင် ထုတ်လွှတ်လိုက်ပြီး ၎င်း၏ စုပ်ယူအား ရုတ်တရက် အဆများစွာ တိုးလာသည်။
ကောင်းကင်မှ လရောင်အမြုတေများသည် ပိုမိုမြန်ဆန်စွာ လမ်းကြောင်းလွဲလာပြီး တည်းခိုခန်းအပေါ်တွင် စုဝေးလာကာ နောက်ဆုံးတွင် ငှက်များ အသိုက်ပြန်သကဲ့သို့ ကျောက်စိမ်းပုလင်းထဲသို့ ဝင်ရောက်သွားကြတော့၏။
"ဝူး ဝူး"
ဤမျှ များပြားသော လရောင်အမြုတေများ ကျောက်စိမ်းပုလင်းထဲ စုပ်ယူခံနေရသည်ကို မြင်သောအခါ၌ ရှောင်လီမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အပေါ်အောက် ခုန်ပေါက်နေပြီး နားရွက်လေးများပါ လှုပ်ယမ်းနေလေ၏။
ကောင်းကင်မှ လရောင်အမြုတေများမှာ လာတာလည်း မြန်သလို ပြန်သွားတာလည်း မြန်သည်။
မကြာမီ ကောင်းကင်ကြီးမှာ ပြန်လည် ငြိမ်သက်သွားပြီး ယခင်က မျက်စိကျိန်းမတတ် တောက်ပခဲ့သော လမင်းကြီးမှာလည်း ပုံမှန် အသွင်အပြင်သို့ ပြန်ရောက်သွားတော့သည်။
သို့သော် လမင်းကြီးသည် ဖော်ပြ၍ မရနိုင်သော အရှိန်အဝါ တစ်မျိုး ရရှိသွားကြောင်း လုချင်း ခံစားနေရဆဲပင်။
သေချာသည်မှာ ဒါက ထိုကိစ္စများကို တွေးတောနေရမည့်အချိန် မဟုတ်ပေ။
လရောင်အမြုတေ အားလုံး ကျဆင်းပြီးသည်ကို မြင်သောအခါ၌ လုချင်း ချက်ချင်း လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ ကျောက်စိမ်းပုလင်း၏ အလင်းရောင်မှာလည်း မှေးမှိန်သွားတော့၏။ ထို့နောက် ၎င်းသည် သူ့လက်ထဲသို့ ပြန်လည် ပျံသန်းရောက်ရှိလာသည်။
လုချင်းသည် ကျောက်စိမ်းအဖုံးတစ်ခုကို ယူ၍ ပုလင်းကို ပိတ်လိုက်၏။
"ဝူး"
ရှောင်လီမှာ ဆက်မစောင့်နိုင်တော့ဘဲ လုချင်း၏ ပခုံးပေါ် ခုန်တက်ကာ သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေသည်။
"အချိန်မကျသေးဘူး။ အခု ဒါကို စားလိုက်ရင် မင်း ဘယ်လောက်ကြာကြာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားဦးမလဲ ဘယ်သူသိမှာလဲ။ ငါ အရင် လေ့လာကြည့်ပါရစေဦး" လုချင်းက တည်ကြည်စွာ ပြောလိုက်၏။
ပုလင်းထဲရှိ အရာများမှာ သူခန့်မှန်းထားသည့်အတိုင်း ဟုတ် ၊ မဟုတ် မသေချာသေးသဖြင့် ရှောင်လီကို ဇွတ်ပေး၍ မဖြစ်ပေ။
ဒါကို ကြားတော့ ရှောင်လီမှာ စိတ်လောနေသော်လည်း ဤကိစ္စများတွင် ခြေနှစ်ချောင်း သတ္တဝါကို နားထောင်ရမည် ဖြစ်ကြောင်း သိသည်။
ထို့ကြောင့် မလိုလားသော်လည်း သဘောတူလိုက်ပြီး ရှောင်ယန်၏ ဘေးသို့ စိတ်ဓာတ်ကျစွာဖြင့် အမြီးကုပ်၍ ပြန်သွားလေသည်။
"အားချင်း... ခုနက ဘာတွေ ဖြစ်သွားတာလဲ ပြောပြလို့ရမလား" သမားတော်ကြီးက မေးလိုက်သည်။
"ဆရာ... ကျွန်တော်တို့ရဲ့ အရင် ခန့်မှန်းချက်တွေ မှန်လာပြီနဲ့ တူတယ်" လုချင်း သက်ပြင်းချလိုက်သည်။
"မင်း ဆိုလိုတာက..."
"ဒီည ကောင်းကင်နဲ့မြေကမ္ဘာရဲ့ တာအိုစည်းချက်တွေ ပြန်ပြီးပေါ်ထွက်လာတာက ကမ္ဘာ့စည်းမျဉ်းတွေ နောက်ထပ် အဆင့်တစ်ခုကို တိုးတက်ပြောင်းလဲသွားပြီ ဆိုတာကို ပြနေတာပါဗျ၊ အပြောင်းအလဲသစ်တွေ ဖြစ်ပေါ်လာတော့မယ် ဆရာ။
ဒီတစ်ခါ အပြောင်းအလဲတွေက ပိုကြီးမားပြီး သက်ရှိအားလုံးကိုပါ ထိခိုက်စေလိမ့်မယ်ဗျ။
ကျွန်တော်သာ မမှားဘူးဆိုရင် ခုနက လရောင်အမြုတေက တကယ်ပဲ အဲဒီအရာ ဖြစ်ပါလိမ့်မယ်။
ဒီ လရောင်အမြုတေက ဝိညာဉ်အသိဉာဏ်ကို နိုးကြားစေနိုင်ပြီး သက်ရှိအားလုံးရဲ့ သွေးမျိုးဆက်တွေကို သန့်စင်ပေးနိုင်တယ် ဆရာ။
အပင်တွေ၊ ကျောက်တုံးတွေနဲ့ ဝါးပင်တွေတောင်မှ လုံလောက်အောင် စုပ်ယူသန့်စင်ခွင့်ရမယ်ဆိုရင် တစ်နေ့ကျရင် အသိဉာဏ်ရှိတဲ့ ဝိညာဉ်တွေ ဖြစ်လာနိုင်တယ်ဗျ။
ဒီည လမင်းကြီးဆီကနေ ရွာချလိုက်တဲ့ လရောင်အမြုတေတွေက အများကြီးပဲ။
သတ္တဝါ ဘယ်နှကောင်များ ပြောင်းလဲနိုင်မဲ့ အခွင့်အရေး ရသွားကြမလဲ ဘယ်သူသိမှာလဲ။
ဒီနောက်ပိုင်း ကမ္ဘာလောကမှာ ရှားပါးသားရဲတွေ၊ ဝိညာဉ်သားရဲတွေနဲ့ ဝိညာဉ်ဆေးပင်တွေအမျိုးမျိုး တဖြည်းဖြည်း ပေါ်ထွက်လာတော့မယ် ထင်တယ်"
လုချင်း၏ စကားများကြောင့် ဟူကျိကျစ်မှာ လုံးဝ ကြောင်အမ်းသွားရသည်။
သမားတော်ကြီးမှာမူ နက်နဲစွာ စဉ်းစားနေပုံရ၏။
"ဒါဆို မင်းပြောပုံအရ ဒီ လရောင်အမြုတေက ကောင်းကင်နဲ့ မြေကမ္ဘာကနေ သက်ရှိအားလုံးကို ပေးသနားတဲ့ လက်ဆောင်ပေါ့"
"ဟုတ် ဆရာ၊ ဒီ လရောင်အမြုတေရဲ့ အရေးအကြီးဆုံး အာနိသင်က မာကျောခိုင်ခံ့မှုတွေထဲမှာ အသိဉာဏ်ကို နိုးကြားစေပြီး အရာခပ်သိမ်းအတွက် ဝိညာဉ်ဉာဏ်ပညာကို ဖွင့်ပေးတာပါ။
မွေးရာပါ အသိဉာဏ် ရှိပြီးသား ကျွန်တော်တို့ လူသားတွေအတွက်တော့ အာနိသင် ရှိပေမဲ့ သိပ်ပြီးများများစားစားတော့ မဟုတ်ပါဘူးဗျ" လုချင်းက ပြန်ဖြေသည်။
"တကယ်ပဲ၊ ကောင်းကင်နဲ့ မြေကမ္ဘာကတော့ တရားမျှတပါတယ်။ သူပေးသနားတဲ့ အခွင့်အရေးက လူသားတွေအတွက် သီးသန့် အကျိုးရှိတာ မဟုတ်ဘဲ သက်ရှိအားလုံး တန်းတူညီမျှ ရရှိနိုင်တာပဲ"
သမားတော်ကြီးက နောင်တရစိတ် အနည်းငယ်မျှ မရှိဘဲ ချီးကျူးလိုက်သည်။
"ဆရာ... ဒီည ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ တာအိုစည်းချက် ဒုတိယအကြိမ် ပေါ်ထွက်လာတာနဲ့အတူ ကမ္ဘာ့စည်းမျဉ်းတွေက သေချာပေါက် အတိုင်းအတာတစ်ခုအထိ တိုးတက်သွားပါပြီဗျ။
အခုကစပြီး ပိုများပြားတဲ့ အပြောင်းအလဲတွေကို မြင်တွေ့ရတော့မယ်လို့ ထင်ပါတယ်"
"အေး... ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ စည်းမျဉ်းတွေ ပိုပြီး သိမ်မွေ့နက်နဲလာတာ ငါ ခံစားမိနေပြီ" သမားတော်ကြီးက ခေါင်းညိတ်လိုက်သည်။
မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူသည် ကမ္ဘာ့စည်းမျဉ်းများ၏ မသိမသာ ပြောင်းလဲမှုများကို ပိုမို ကောင်းမွန်စွာ အာရုံခံနိုင်သည်။
"ဆရာ... မြင့်မြတ်သောတောင်တော်မှာ မကြာခင် ကိစ္စကြီး တစ်ခု ဖြစ်ပေါ်လာတော့မယ်လို့ ကျွန်တော် ခံစားမိတယ်။ ကျွန်တော်တို့ အဲဒီကို အမြန်ဆုံး သွားသင့်တယ်"
ကောင်းကင်နှင့် မြေကမ္ဘာ၏ တာအိုစည်းချက် ဒုတိယအကြိမ် ပေါ်ထွက်လာပြီးနောက် လုချင်းသည် ယခင်က ခံစားခဲ့ရသော ဆွဲဆောင်မှုကို ပိုမို ပြင်းထန်စွာ ခံစားလိုက်ရ၏။
သူ ကာလကြာရှည် အာရုံခံခဲ့ရသော အခွင့်အရေးကြီးမှာ အမှန်တကယ် ရှိနေကြောင်း သူ ကြိုတင်သိမြင်လိုက်သည်။
ပြီးတော့ အဲဒီအခွင့်အရေး ပေါ်လာဖို့ သိပ်မလိုတော့ဘူး။
"မနက်ဖြန် မိုးလင်းတာနဲ့ ငါတို့ ထွက်ခွာကြမယ်"
တူညီသော ကြိုတင်သိမြင်မှု ရှိနေသည့် သမားတော်ကြီးက တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်လိုက်သည်။
"ပြီးတော့ မိန်းကလေးဟူ..."
ဆရာ့သဘောတူညီချက် ရပြီးနောက် လုချင်းသည် ကြောင်တောင်တောင် ဖြစ်နေဆဲ ဖြစ်သော ဟူကျိကျစ်ဘက်သို့ လှည့်လိုက်သည်။
"ရှင်... ဘာလဲ" ဟူကျိကျစ် အသိပြန်ဝင်လာသော်လည်း သူမ၏ မျက်နှာထားမှာ ဝေခွဲမရ ဖြစ်နေဆဲပင်။
သူမလည်း မတတ်နိုင်ပေ၊ ဒီည ဖြစ်ရပ်များက သူမအတွက် ရုတ်တရက် လက်ခံရန် များပြားလွန်းနေသည်။
"မိန်းကလေးဟူ... အစကတော့ ကျွန်တော် မိန်းကလေးဟူရဲ့ ခြေထောက်ကို ကုပေးပြီးမှ ရွှမ်ရှင်းဂိုဏ်းကို လိုက်ပို့ပေးမလို့ပါ။
ဒါပေမဲ့ အခု အခြေအနေက အရေးကြီးနေတဲ့အတွက် ကျွန်တော်တို့ မြင့်မြတ်သောတောင်တော်ကို အမြန်ဆုံး သွားရတော့မယ်၊ ရွှမ်ရှင်းဂိုဏ်းကို ဝင်ပို့ပေးဖို့ လမ်းကြုံတော့မှာ မဟုတ်ဘူး"
"ရှင်တို့ မြင့်မြတ်သောတောင်တော်ကို သွားကြမလို့လား" ဟူကျိကျစ် အံ့သြတကြီး ရေရွတ်လိုက်သည်။
သေချာတာပေါ့၊ ကျုံးကျိုး၏ အမြင့်မြတ်ဆုံးနေရာဖြစ်သော မြင့်မြတ်သောတောင်တော်အကြောင်း သူမ သိပါ၏။
သို့သော် လုချင်းနှင့် အခြားသူများ ထိုနေရာသို့ သွားမည်မှန်း သူမ မသိခဲ့ပေ၊ နေ့လည်က သူတို့ ထည့်မပြောခဲ့ကြသောကြောင့် ဖြစ်သည်။
"ဟုတ်တယ်၊ ဒါကြောင့် မိန်းကလေးဟူ နားလည်ပေးဖို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်ဗျ။ ယွင်လွိုက်မြို့က အေးချမ်းပုံ ရသလို မြို့သူမြို့သားတွေကလည်း ကြင်နာကြပါတယ်။ မိန်းကလေးဟူ ဒီမှာပဲ နေပြီး ခြေထောက်ဒဏ်ရာကုရင် ကောင်းမလားလို့။ ကျွန်တော်တို့ မထွက်ခွာခင် မိန်းကလေးဟူအတွက် အရာရာ စီစဉ်ပေးခဲ့ပါ့မယ်"
လုချင်းသည် မူလကတော့ ကံတရား၏ မျက်နှာသာပေးခံရသူ တစ်ယောက်၏ ထူးခြားချက်များကို လေ့လာရန် ဤကံကြမ္မာ၏အချစ်တော်နှင့် အချိန်ပိုကုန်ဆုံးချင်ခဲ့ပါ၏။
ဒါပေမဲ့ အခုတော့ သူ အချိန်မပေးနိုင်တော့ပေ။
ဒါကို ကြားတော့ ဟူကျိကျစ်၏စိတ်အာရုံများ ရှုပ်ထွေးသွားသည်။
အမှန်တိုင်း ပြောရလျှင် ယွင်လွိုက်မြို့မှာ နေပြီး ဆေးကုသမှု ခံယူခြင်းက ကောင်းမွန်သည့် ရွေးချယ်မှု တစ်ခုပါပဲပင်။
ဘာပဲဖြစ်ဖြစ် သူမက လုချင်းနှင့် သမားတော်ကြီးတို့၏ စကားဝိုင်းကို ကြားခဲ့ရပြီး သူတို့၏ မြင့်မြတ်သောတောင်တော်ခရီးစဉ်က အန္တရာယ် များနိုင်ကြောင်း သိနေသည်။
သို့သော် အကြောင်းတစ်ခုခုကြောင့် သူမ ဒီမှာ မကျန်ခဲ့ချင်ပေ။
စိတ်ထဲတွင် အတော်အတန် တိုက်ပွဲဝင်ပြီးနောက်၌ ဟူကျိကျစ်တစ်ယောက် သတ္တိမွေးလိုက်ပြီး လုချင်းကို ကြည့်ကာ ပြောလိုက်တော့၏။
"သခင်လေးလု... ကျွန်မ ရှင်တို့နဲ့တူတူ မြင့်မြတ်သောတောင်တော် ခရီးစဉ်မှာ လိုက်ပါလို့ ရမလားဟင်"