← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း ၂၆၅ - လမင်း၏စည်းမျဉ်း၊ ဧကရာဇ်စီးကြောင်း အမြုတေ၊ အစာကျွေးခြင်း

"မိန်းကလေးဟူ၊ ကျွန်တော်တို့နဲ့အတူ မြင့်မြတ်သောတောင်တော်ကို လိုက်ချင်တာလား" လုချင်းက မေးလိုက်သည်။

"ဟုတ်ကဲ့" ဟူကျိကျစ်က ခေါင်းညိတ်သည်။

ထိုသို့ပြောပြီးနောက် သူမသည် စိတ်အနည်းငယ် လျှော့လိုက်ပြီး လုချင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မြင့်မြတ်သောတောင်တော် ခရီးစဉ်က အန္တရာယ်များနိုင်တယ်။ ပြီးတော့ မိန်းကလေးဟူက ရွှမ်ရှင်းဂိုဏ်းကို ဝင်ပြီး ပညာသင်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးလား" လုချင်းက ဆက်ပြောသည်။

"ကျွန်မခြေထောက်ကျိုးသွားပြီဆိုတော့ ခဏလေးနဲ့ ပြန်ကောင်းလာဖို့ မလွယ်တော့ဘူးလေ။ ရွှမ်ရှင်းဂိုဏ်းရဲ့ လူရွေးပွဲ အခမ်းအနားကို သေချာပေါက် မီတော့မှာ မဟုတ်ဘူး။ အတင်းသွားပြိုင်မယ်ဆိုရင်တောင် သေချာပေါက် အရွေးခံရမှာ မဟုတ်လို့ ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲမခံတော့ပါဘူး" ဟူကျိကျစ်က လုချင်းကို ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်သည်။

"ဒါကြောင့် ရှင်တို့နဲ့အတူ မြင့်မြတ်သောတောင်တော်ကို လိုက်ပြီး အတွေ့အကြုံ ရှာတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒီလိုဆိုရင် အနည်းဆုံးတော့ ကျွန်မရဲ့ ကျုံးကျိုးခရီးစဉ်က အလဟဿ ဖြစ်မသွားတော့ဘူးပေါ့။ အန္တရာယ်ဆိုတာကတော့ ခရီးသွားရင် ရှိစမြဲပါ။ ကိုယ့်မိသားစုဝင်လောက် ရင်းနှီးတဲ့သူတောင်မှ ကိုယ့်ကို နောက်ကျောကနေ ဓားနဲ့ထိုးဖို့ တိတ်တိတ်လေး ကြံစည်နေနိုင်တာပဲလေ"

ပြောရင်းနှင့် ဟူကျိကျစ်၏ မျက်နှာထားမှာ မှောင်မိုက်သွားသည်။ နဂါးပြာမြို့အပြင်ဘက်တွင် အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ လက်ချက်ဖြင့် သေလုမျောပါး ဖြစ်ခဲ့ရသည့် အဖြစ်အပျက်က သူမအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှု ရှိခဲ့ကြောင်း ထင်ရှားပါ၏။

"ဒါကြောင့် သခင်လေးလု နဲ့ ဆရာကြီး... ကျွန်မကို ခေါ်သွားပေးဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ အန္တရာယ် ကြုံလာပြီး ကျွန်မက ဝန်ထုပ်ဝန်ပိုး ဖြစ်လာရင်လည်း ကျွန်မအတွက် စိတ်ပူပေးစရာ မလိုပါဘူး။ ဒါက ကျွန်မရဲ့ ရွေးချယ်မှုမို့ ဘယ်သူ့ကိုမှ အပြစ်တင်မှာ မဟုတ်ပါဘူး" ဟူကျိကျစ်က ပြတ်သားစွာ ပြောလိုက်သည်။

လုချင်း အနည်းငယ် အံ့သြသွားပြီး သူ့ရှေ့မှ မိန်းကလေးကို ပထမဆုံးအကြိမ် အမြင်သစ်ဖြင့် မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ရုတ်တရက် သူပြုံးလိုက်ပြီး "အဲဒီလောက်လည်း အလေးအနက်ထားစရာ မလိုပါဘူးဗျာ။ ကျွန်တော်တို့က မိန်းကလေးဟူရဲ့ ခြေထောက်ဒဏ်ရာကို စိတ်ပူတာပါဗျ။ မိန်းကလေးဟူကို မပင်ပန်းစေချင်လို့ပါ။ တကယ်လို့ မိန်းကလေးဟူက လိုက်ချင်တယ်ဆိုမှတော့ ကျွန်တော်တို့ ငြင်းလိုက်ရင် မကြင်နာရာရောက်သွားမှာပေါ့"

"ဒါဆို သခင်လေးလုက သဘောတူတယ်ပေါ့နော်" ဟူကျိကျစ် ဝမ်းသာသွားသည်။

"ဟုတ်ကဲ့၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြင်းလှည်းပေါ်မှာ နေရာလွတ် ရှိပါသေးတယ်။ ဒါပေမဲ့ မနက်ဖြန်ကစပြီး ကျွန်တော်တို့ ခရီးဆက်တိုက် နှင်ရမှာမို့ နားချိန် သိပ်ရှိမှာ မဟုတ်ဘူး။ စိတ်ကို ပြင်ဆင်ထားပါ" လုချင်းက သတိပေးလိုက်၏။

"စိတ်မပူပါနဲ့ သခင်လေးလု၊ ကျွန်မ ညည်းညူမှာ မဟုတ်ပါဘူး" ဟူကျိကျစ်က ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

"ကဲ... အောက်ဆင်းကြရအောင်။ ခုနက လှုပ်ရှားမှုက မသေးဘူးဆိုတော့ လူတွေ လာစစ်ဆေးကောင်း စစ်ဆေးနိုင်တယ်"

မွေးရာပါနယ်ပယ် အဆင့်ရှိသူများ သို့မဟုတ် ထူးကဲသော ပါရမီရှင်များသာ ကောင်းကင်တာအို၏ အသံများကို ကြားနိုင်သော်လည်း စောစောက လရောင်အမြုတေများ ဆင်းသက်လာသည့် ဖြစ်စဉ်ကိုမူ လူတိုင်း မြင်တွေ့နိုင်သည်။

လုချင်းက ကျောက်စိမ်းပုလင်းဖြင့် လရောင်အမြုတေများကို သိမ်းဆည်းရာတွင် ဖြစ်ပေါ်ခဲ့သော လှုပ်ရှားမှုမှာလည်း မသေးငယ်သောကြောင့် တစ်စုံတစ်ယောက် သတိထားမိခြင်း ရှိ ၊ မရှိ ပြောရန် ခက်ခဲလှပါ၏။

သူတို့ မကြောက်သော်လည်း ပြဿနာများကို နှိုးဆွရန် မလိုအပ်ပေ။

ထို့နောက်တွင်တော့ ရှောင်ယန်၊ ဟူကျိကျစ်တို့နှင့်အတူ လုချင်းတို့ အဖွဲ့သည် တည်းခိုခန်း ခေါင်မိုးပေါ်မှ ဆင်းလာခဲ့ကြသည်။

ကံကောင်းစွာဖြင့် တည်းခိုခန်းပိုင်ရှင်နှင့် ဝန်ထမ်းများမှာ သာမန်လူများသာ ဖြစ်ကြပြီး ထူးခြားမှု တစ်စုံတစ်ရာကို သတိမထားမိကြသဖြင့် လုချင်းတို့ ရှင်းပြရန် မလိုအပ်တော့ပေ။

မာကူးနှင့် ဝေ့ကျိအန်းတို့မှာလည်း တစ်နေ့လုံး ခရီးပန်းလာသဖြင့် အိပ်မောကျနေကြပြီး နိုးပင်နိုးမလာကြပေ။

"မိန်းကလေးဟူ၊ အခန်းပြန်ပြီး စောစော နားလိုက်ပါဦး။ မနက်ဖြန် ခရီးစဖို့ စောစောထရလောက်တယ်" လုချင်းက အကြံပြုလိုက်သည်။

"ဟုတ်ကဲ့"

ဟူကျိကျစ်၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိသော်လည်း ဒါက မေးရမည့်အချိန် မဟုတ်မှန်း သိသဖြင့် လိမ်လိမ်မာမာဖြင့်ပင် အခန်းပြန်သွားလိုက်လေ၏။

ဟူကျိကျစ် တံခါးပိတ်သွားသည်ကို မြင်ပြီးနောက် လုချင်းက သမားတော်ကြီးဘက် လှည့်ကာ "ဆရာ၊ ဒီ လရောင်အမြုတေကို ဘယ်လို သုံးရမလဲဆိုတာ ကျွန်တော် စဉ်းစားဖို့ လိုသေးတယ်၊ ဒါကြောင့် လောလောဆယ် အဆိပ်သွေး သုတေသန လုပ်တာကို မကူညီနိုင်သေးဘူး"

"ကိစ္စမရှိပါဘူး၊ ဆရာ့ဘာသာ ကြည့်လုပ်လိုက်မယ်။ မင်း သွားလုပ်စရာ ရှိတာ လုပ်ပါ" သမားတော်ကြီးက လုံးဝ ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်သည်။

လုချင်း ဤမျှ ဂရုစိုက်နေသည်ကို ကြည့်ခြင်းအားဖြင့် လရောင်အမြုတေသည် ရှောင်လီအတွက် သူထင်ထားသည်ထက် ပို၍ အရေးပါပုံရကြောင်း သူ သိလိုက်၏။

လုချင်း အခန်းထဲသို့ ပြန်ရောက်သည်နှင့် ရှောင်လီက မျှော်လင့်တကြီးမျက်လုံးများဖြင့် သူ့ထံ ချက်ချင်း တိုးကပ်လာသည်။

"ခဏလောက် စောင့်ဦး၊ လိမ်လိမ်မာမာ နေနော်" လုချင်းက ပြောရင်း ရှောင်လီ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ခုတင်ဘေးတွင် ထိုင်ကာ ကျောက်စိမ်းပုလင်းကို ထုတ်လိုက်၏။

ပုလင်းကို မြင်သည်နှင့် ရှောင်လီ၏ မျက်လုံးများ ပိုမို တောက်ပလာပြီး လုချင်းဘေးတွင် စိတ်ရှည်လက်ရှည် ထိုင်စောင့်နေသည်။

ရှောင်ယန်ကပါ ကျောက်စိမ်းပုလင်းကို စပ်စုသော မျက်လုံးများဖြင့် ကြည့်နေသည်။

"ကိုကို... ကျောက်စိမ်းပုလင်းထဲကဟာက ရှောင်လီအတွက် အရေးကြီးတာလားဟင်" ရှောင်ယန်က မေးလိုက်သည်။

"ကိုကိုလည်း မသေချာသေးဘူး။ အရင် စစ်ဆေးကြည့်လိုက်ဦးမယ်" လုချင်းက ပြန်ဖြေရင်း ပုလင်းကို ကိုင်ထားသော်လည်း ချက်ချင်း မဖွင့်သေးပေ။ ထိုအစား သူ့ဝိညာဉ်စွမ်းအားတစ်မျှင်ကို လွှတ်ထုတ်၍ ပုလင်းပေါ်ရှိ ပုံစံများကို စစ်ဆေးလိုက်သည်။

ဒီည ကောင်းကင်ဖြစ်စဉ်က ရုတ်တရက် ဖြစ်လာခဲ့သဖြင့် သူ ပြင်ဆင်ချိန် မရခဲ့ပေ။ လရောင်အမြုတေကို ယာယီ ထိန်းသိမ်းနိုင်ရန် သူ့၏ အားကောင်းသော ဝိညာဉ်စွမ်းအားကို သုံး၍ တားဆီးမှု မန္တန် သုံးခုကို အလျင်စလို ပြုလုပ်ခဲ့ရသည်။

သို့မဟုတ်ပါက သာမန် ပုလင်းတစ်လုံးသည် ဤကဲ့သို့ ကောင်းကင်ဘုံ၏ ဖန်တီးမှုကို ထိန်းထားနိုင်မည် မဟုတ်ပေ။

သေချာ စစ်ဆေးပြီးနောက် လုချင်း ခေါင်းခါလိုက်သည်။

"ထင်တဲ့အတိုင်းပဲ၊ အလျင်စလို လုပ်ထားတဲ့ ပုလင်းဆိုတော့ ကြမ်းတမ်းနေသေးတယ်။ လရောင်အမြုတေကို ယာယီ ထိန်းထားနိုင်ပေမဲ့ လုံးဝ ပိတ်လှောင်ထားနိုင်တာတော့ မဟုတ်သေးဘူး။ ကြာလာရင် တဖြည်းဖြည်း လွင့်ပါးသွားဦးမှာပဲ" လုချင်းက ပြောရင်း သူ၏ နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ ကျောက်စိမ်းပုလင်းကို စစ်ဆေးလိုက်သည်။

နောက်တစ်ခဏတွင်တော့ ပုလင်းမှ ထွက်ပေါ်နေသော သိပ်သည်းသည့် အနီရောင် အလင်းတန်းများက သူ့အမြင်အာရုံတွင် ပြည့်နှက်သွားပြီး စာသားအချို့ ပေါ်လာသည်။

【ပိတ်ထားသည့် ကျောက်စိမ်းပုလင်း - တားဆီးမှု မန္တန်များကို အသုံးပြု၍ အတင်းအကျပ် ပြုလုပ်ထားသော ကျောက်စိမ်းပုလင်း ဖြစ်ပြီး ဝိညာဉ်အရည်များကို သိုလှောင်နိုင်သည်။】

【ဤကျောက်စိမ်းပုလင်းသည် ရှေးဟောင်းပစ္စည်း စွမ်းအားတစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားသည်။】

【ပြုလုပ်သည့် နည်းစနစ်မှာ ကြမ်းတမ်းပြီး တိုးတက်ရန် လိုအပ်ချက်များ ရှိနေသေးသည်။】

ဤစာသားများကို မြင်သောအခါ လုချင်း ချွေးပြန်မတတ် ဖြစ်သွားသည်။ သူ့နတ်မျက်စိစွမ်းရည်ကပင် သူ ပြုလုပ်ခဲ့သည့် နည်းစနစ်မှာ ကြမ်းတမ်းသည်ဟု မှတ်ချက်ပေးနေခဲ့၏။

ခါးသက်သက် အပြုံးဖြင့် လုချင်း ပုလင်းကို ဖွင့်လိုက်သည်။

ချက်ချင်းပင် ငွေရောင်အလင်းများ အတွင်းမှ လျှံကျလာပြီး ထူးဆန်းသော ရနံ့တစ်ခု လေထဲတွင် ပျံ့လွင့်သွားသည်။ ရှူရှိုက်လိုက်သည်နှင့် လုချင်း၏ စိတ်အာရုံများ ကြည်လင်သွားပြီး မျက်ခုံးကြားရှိ စွမ်းအင်အချက်အချာနေရာမှ ဝိညာဉ်စွမ်းအားများပင် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။

ရှောင်လီကမူ ပုလင်းကို မျက်လုံးပြူးကာ စိုက်ကြည့်နေသည်။

"ကိုကို... အနံ့က အရမ်းမွှေးတာပဲ" ရှောင်ယန်က မျက်လုံးလေးများ မှေးစင်းလျက် ပြောလိုက်သည်။

"ဒါက အသိဉာဏ်ကို နိုးကြားစေနိုင်တဲ့ ကောင်းကင်ဘုံရဲ့ ဖန်တီးမှုပဲ။ အနံ့လေး ရှူလိုက်ရုံနဲ့တင် စိတ်ကို ကြည်လင်စေပြီး အတွေးတွေကို ထက်မြက်စေတယ်" လုချင်းက အံ့သြမှင်သက်စွာ ပြောလိုက်သည်။

ထို့နောက် သူ ကျောက်စိမ်းပုလင်းကို မျက်လုံးနားသို့ မြှောက်ပြီး အတွင်းသို့ ကြည့်လိုက်၏။

အတွင်းတွင် ငွေရောင်အလင်းများမှာ လမင်းငယ်လေးတစ်စင်းအလား တောက်ပနေလေသည်။

လုချင်း သူ့နတ်မျက်စိစွမ်းရည်ဖြင့် စိုက်ကြည့်လိုက်သောအခါ၌ ခရမ်းရောင် အလင်းတန်းများ စတင် တောက်ပလာတော့သည်။

【လရောင်အမြုတေ - လမင်း၏စည်းမျဉ်းမှ စစ်ထုတ်လိုက်သော အံ့ဖွယ် အမြုတေဖြစ်ပြီး စည်းမျဉ်းစွမ်းအားအနည်းငယ် ပါဝင်သည်။】

【လရောင်အမြုတေသည် အရာခပ်သိမ်းကို ဉာဏ်ပွင့်စေပြီး အသိဉာဏ် နိုးကြားစေကာ သွေးမျိုးဆက်များကို သန့်စင်ပေးနိုင်သော ထူးကဲသည့် အာနိသင် ရှိသည်။】

【ဒဏ္ဍာရီများအရ မရေမတွက်နိုင်သော လရောင်အမြုတေများကို စုစည်းပြီး "ဧကရာဇ်စီးကြောင်း အမြုတေ" အဖြစ် သန့်စင်နိုင်သည်။ ၎င်း တစ်စက်တည်းဖြင့် သားရဲတစ်ကောင်ကို မိစ္ဆာကြီး အဖြစ် ပြောင်းလဲစေနိုင်ပြီး နှစ်တစ်ထောင် ကျင့်ကြံခြင်း စွမ်းအားကို တိုးပွားစေနိုင်သည်။】

...

လရောင်အမြုတေ၏ ဖော်ပြချက်ကို ဖတ်ပြီးနောက် လုချင်းတစ်ယောက် စိတ်လှုပ်ရှားသွားတော့၏။

ဤစာသားများတွင် ဖော်ပြထားသော သတင်းအချက်အလက်များမှာ အလွန် အရေးပါသည်။

ပထမဆုံးအနေဖြင့် "လမင်း၏စည်းမျဉ်း" ဆိုသည့် စကားလုံး။

ဒီည လပြည့်ဝန်းသည် ယခင် လပြည့်များထက် ပိုမို တောက်ပပြီး ကြီးမားနေသည်မှာ ထင်ရှားသည်။

သူ့စွမ်းရည်ကပင် ၎င်းနှင့်ပတ်သက်ပြီး ဘာမှ အာရုံမခံနိုင်ခဲ့ပေ။

၎င်းသည် "လမင်း၏စည်းမျဉ်း" ဟု ခေါ်ဆိုသည့် အရာနှင့် ဆက်စပ်နေပုံရသည်။

"လမင်းရဲ့စည်းမျဉ်း ဆိုတာက... ဒီည လမင်းကြီးက ငါ့အရင်ဘဝကလို ရုပ်ဝတ္ထုသက်သက် မဟုတ်ဘဲ စည်းမျဉ်းတွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ပုံသဏ္ဌာန်တစ်ခုလို့ ပြောချင်တာလား" လုချင်း တိတ်တဆိတ် တွေးတောရင်း ဤကမ္ဘာကြီးအကြောင်း ပိုမို နက်ရှိုင်းစွာ နားလည်လာသည်ဟု ခံစားလိုက်ရသည်။

"ပြီးတော့ လရောင်အမြုတေကို သန့်စင်လို့ ရတယ်တဲ့လား။ ကံဆိုးတာက ငါ့ကျင့်ကြံမှုအဆင့်က မလုံလောက်သေးဘူး။ မဟုတ်ရင် ဒီည လရောင်အမြုတေတွေကို ပိုပြီး စုဆောင်းနိုင်ခဲ့ရင် ဧကရာဇ်စီးကြောင်းအမြုတေ နည်းနည်းလောက် သန့်စင်နိုင်လောက်တယ်"

ဧကရာဇ်စီးကြောင်း အမြုတေ တစ်စက်တည်းဖြင့် သားရဲတစ်ကောင်ကို မိစ္ဆာကြီးအဖြစ် ပြောင်းလဲစေနိုင်ပြီး နှစ်တစ်ထောင် စွမ်းအား တိုးစေနိုင်သည်တဲ့။

အကယ်၍ ရှောင်လီသာ ဒါကို စားလိုက်ရလျှင် ဘယ်လောက်တောင် သန်မာလာမလဲ ဆိုသည်ကို လုချင်း မတွေးရဲတော့ပေ။

နှမြောစရာပဲ...

လုချင်း၏ စိတ်ထဲတွင် နောင်တရသလို ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။

သို့သော် သူ အမြန်ပင် စိတ်ပြန်ထိန်းလိုက်သည်။

လူဆိုသည်မှာ အလွန်အကျွံ လောဘမကြီးသင့်ပေ။

ဒီညတွင် လရောင်အမြုတေ အများအပြား စုဆောင်းနိုင်ခဲ့သည်ကပင် ကံကောင်းလှပြီ ဖြစ်၏။

အကယ်၍ သူသာ မိုင်ပေါင်းများစွာ၊ မိုင်တစ်ရာ ပတ်လည်လောက်အထိ ရှိသမျှ လရောင်အားလုံးကို သိမ်းယူခဲ့မည် ဆိုလျှင် ဤဧရိယာ အတွင်းရှိ မရေမတွက်နိုင်သော သက်ရှိများ၏ အခွင့်အရေးကို လုယူရာ ရောက်ပေမည်။

ဒါက ကောင်းသလား ဆိုးသလားကို ဘယ်သူကများ ပြောနိုင်မှာလဲ။

ထိုကဲ့သို့ ဗြောင်ကျကျ လုပ်ရပ်သည် ကောင်းကင်တာအို၏ ငြိုငြင်မှုကိုပင် ခံရနိုင်သည်။

သူ့ဆရာ၏ ထပ်ခါတလဲလဲ သတိပေးချက်များမှသည် ဟူကျိကျစ်ကဲ့သို့ ကံတရား ကြီးမားသူ ပေါ်လာခြင်း အထိ တွေးကြည့်လျှင် လုချင်းသည် ကောင်းကင်တာအို၏ အလိုဆန္ဒကို ကြောက်ရွံ့မှု အနည်းငယ် ရှိနေဆဲ ဖြစ်သည်။

ဤသို့ တွေးလိုက်ပြီးနောက် လုချင်း နောင်တ မရတော့ပေ။

သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေသော ရှောင်လီကို ကြည့်ပြီး ပြုံးလိုက်သည်။

"ကဲပါ ရှောင်လီရယ်၊ ငါ စစ်ဆေးပြီးပြီ။ လရောင်အမြုတေက ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ ငါ မင်းကို အကူအညီတစ်ခုလောက် တောင်းလို့ ရမလား"

လုချင်း၏ အတည်ပြုချက်ကို ကြားသောအခါ ရှောင်လီ၏ မျက်လုံးများ ဝမ်းသာမှုဖြင့် ပြည့်နှက်သွားသော်လည်း နောက်ပိုင်း စကားကြောင့် ကြောင်သွားသည်။

"ကျောက်စိမ်းပုလင်းထဲမှာ လရောင်အမြုတေတွေ အများကြီးပဲ၊ မင်း တစ်ခါတည်းနဲ့တော့ အကုန် စုပ်ယူနိုင်မှာ မဟုတ်လောက်ဘူး။ ငါတို့မြင်းလှည်းကို ဆွဲပေးနေတဲ့ မြင်းနှစ်ကောင်ကို နည်းနည်းလောက် ပေးလိုက်ချင်လို့။ မင်း အဆင်ပြေရဲ့လား။ သူတို့က နေ့တိုင်း ပင်ပင်ပန်းပန်း လုပ်ပေးနေတာဆိုတော့ ဆုချသင့်တယ်လေ" လုချင်းက အကြံပြုလိုက်သည်။

ဒါကို ကြားတော့ ရှောင်လီ၏ မျက်နှာတွင် မလိုလားသည့် ပုံစံ ချက်ချင်း ပေါ်လာသော်လည်း သေချာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် မတတ်သာသလို ခေါင်းညိတ်လိုက်ရရှာ၏။

"ငါ သိသားပဲ၊ ရှောင်လီက နားလည်ပေးနိုင်ဆုံးပဲလို့" လုချင်းက ပြုံးလျက် ပြောလိုက်ပြီး ရှောင်လီ၏ ခေါင်းကို ပွတ်သပ်ပေးကာ ကျောက်စိမ်းပုလင်းကို မြှောက်လိုက်သည်။

"ကဲ... ပါးစပ်ဟထား"

လရောင်အမြုတေကို သူပြုလုပ်ထားသော ကျောက်စိမ်းပုလင်းမှ လွဲ၍ အခြား ပုလင်းများဖြင့် ထည့်၍ မရသဖြင့် တိုက်ရိုက် လောင်းထည့်ပေးရမည် ဖြစ်သည်။

ရှောင်လီက ခေါင်းကို အမြန် မော့လိုက်ပြီး ပါးစပ်ကို ကျယ်ကျယ် ဟထားကာ ကျောက်စိမ်းပုလင်းကို မျှော်လင့်တကြီး စောင့်နေသည်။

လုချင်းကလည်း သူ့ကို မစတော့ဘဲ ပုလင်းကို ပါးစပ်နား တေ့ပေးလိုက်တော့၏။

ဂလု... ဂလု...

လုချင်း ပြောသကဲ့သို့ပင် ပုလင်းထဲတွင် လရောင်အမြုတေ အများအပြား ရှိပြီး အားလုံးမှာ ဝိညာဉ်အရည်များအဖြစ် ငွေ့ရည်ဖွဲ့နေကာ ပုလင်းတစ်လုံးနီးပါး ပြည့်နေလေ၏။

ဘာပဲဖြစ်ဖြစ် သူက မိုင်အနည်းငယ်ပတ်လည်မှ စုဆောင်းခဲ့ခြင်း မဟုတ်ပါလော။

ရှောင်လီသည် ပျော်ရွှင်စွာ သောက်သုံးလိုက်ပြီး ပုလင်းတစ်ဝက်ကျော်ခန့် ကုန်သွားသောအခါမှ သူ၏ အကန့်အသတ်သို့ ရောက်သွားကာ ပုလင်းကို လက်သည်းဖြင့် အသာအယာ တွန်းဖယ်လိုက်တော့သည်။

လုချင်းလည်း ပုလင်းကို ဖယ်လိုက်ပြီး အဖုံးပြန်ပိတ်လိုက်၏။

"ဘာဖြစ်လို့လဲ၊ တော်ပြီလား"

"ဝူး~" ရှောင်လီက အသံတိုးတိုးလေး အော်လိုက်ရာ သူမပါးစပ်မှ ငွေရောင်အလင်းများက သဘာဝအတိုင်း လျှံထွက်လာသည်။

သို့သော် သူမက သတိမထားမိဘဲ ကုတင်ပေါ်ရှိ သူမ၏ အသိုက်လေးဆီသို့ ယိုင်နဲ့နဲ့ လျှောက်သွားကာ ချက်ချင်းပင် အိပ်ပျော်သွားလေသည်။

"ကိုကို... ရှောင်လီ အိပ်ပျော်သွားပြန်ပြီ" ရှောင်ယန်က တီးတိုး ပြောလိုက်သည်။

"ဒီတစ်ခါ ဘယ်လောက်ကြာကြာ အိပ်ဦးမလဲ မသိဘူး" လုချင်း ခေါင်းခါရင်း ရေရွတ်လိုက်သည်။ သူက ရှောင်ယန်ကို ကြည့်ပြီး ပုလင်းကို ပြန်ဖွင့်လိုက်သည်။ "ရှောင်ယန်... လာ၊ နည်းနည်းလောက် မြည်းကြည့်ပါလား"

စောစောက ရှောင်လီ သောက်နေတုန်း ကလေးမလေးက တံတွေးမြိုချရင်း အားကျသော မျက်လုံးများဖြင့် ကြည့်နေသည်ကို သူ သတိထားမိသည်။

"ဒါပေမဲ့ ကိုကို... မြင်းတွေကို ချန်ထားပေးမယ်ဆို" ရှောင်ယန်က စားချင်နေသော်လည်း တွန့်ဆုတ်စွာ မေးလိုက်သည်။

"မပူပါနဲ့၊ အဲဒီနှစ်ကောင်အတွက် ပုလင်းထဲမှာ အများကြီး ကျန်ပါသေးတယ်" လုချင်းက သူမကို စိတ်ချစေရန် ပြောလိုက်သော်လည်း စိတ်ထဲတွင် ဂုဏ်ယူမိသွားသည်။ ကလေးမလေးက အရွယ်ရောက်လာပြီ ဖြစ်သလို စားစရာ မက်မောရုံသက်သက် မဟုတ်ဘဲ တွေးခေါ်တတ်လာပြီပင်။

အစ်ကိုဖြစ်သူ၏ ပြောစကားကို ကြားမှ ရှောင်ယန်လည်း ပါးစပ် ဟလိုက်တော့၏။

လရောင်အမြုတေ၏ အရသာကို သူမ တကယ် သိချင်နေမိသည်။

အနံ့က အရမ်း မွှေးတာကိုးလို့။

ထို့နောက်၌ လုချင်းက လရောင်အမြုတေ အနည်းငယ်ကို ရှောင်ယန်၏ ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။

ကလေးမလေးမှာ အစပိုင်းတွင် တုန်တက်သွားပြီးနောက် နှုတ်ခမ်းကို သပ်ကာ ပြုံးလိုက်သည်။

"ကိုကို...သူကလေ အရသာကလေ ချိုပြီး အေးမြနေတာပဲ၊ အဘိုးချန် လုပ်ကျွေးဖူးတဲ့ ပူစီနံသကြားလုံးလိုပဲ"

လုချင်း : ...

သားရဲများနှင့် သက်ရှိပေါင်းများစွာ လိုချင်တပ်မက်ကြသော အစွမ်းထက် လရောင်အမြုတေကို ကလေးမလေးက ပူစီနံသကြားလုံးနှင့် နှိုင်းယှဉ်လိုက်သည်။

တကယ့်ကို ထူးခြားပါပေတယ်။

သို့သော် လရောင်အမြုတေ၏ အဓိက အာနိသင်မှာ တိရစ္ဆာန်များ၊ အပင်များနှင့် ပိုးမွှားများ၏ အသိဉာဏ်ကို နိုးကြားစေခြင်း ဖြစ်ကြောင်း သူ နားလည်သည်။

သက်ရှိအားလုံး၏ ဝိညာဉ်ဖြစ်သော လူသားများအတွက်မူ အာနိသင်မှာ များစွာ ပိုနည်းပါးသည်။ အထူးသဖြင့် ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိသည့် ရှောင်ယန်ကဲ့သို့လူအတွက် ပို၍ပင် သက်ရောက်မှု နည်းပါးပါ၏။

သူမအတွက် လရောင်အမြုတေသည် သကြားလုံးကဲ့သို့ သရေစာ တစ်ခုထက် မပိုပေ။

"ကဲ... ညီမလေး ဒီမှာနေပြီး ရှောင်လီကို စောင့်ကြည့်ပေးထားနော်။ ကိုကို ခဏနေရင် ပြန်လာခဲ့မယ်"

တစ်ခုခု ဖြစ်လျှင် လှမ်းခေါ်ရန် ရှောင်ယန်ကို မှာကြားပြီးနောက် လုချင်းသည် ကျောက်စိမ်းပုလင်းကို ယူကာ အခန်းမှ ထွက်လာပြီး တည်းခိုခန်း၏ မြင်းဇောင်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ဟီးးးးး...

တစ်စုံတစ်ယောက် လာနေသည်ကို အာရုံခံမိသော မြင်းများက လှုပ်ရှားလာကြသည်။

"ငြိမ်ငြိမ်နေ၊ ငါပါ" လုချင်းက မြင်းများ ငြိမ်သက်သွားစေရန် နူးညံ့သော ဝိညာဉ်စွမ်းအားကို ပို့လွှတ်လိုက်သည်။

ယွင်လွိုက်မြို့သည် မြို့ငယ်လေးသာ ဖြစ်ပြီး ဖြတ်သန်းသွားလာသူ သိပ်မရှိပေ။

သူတို့ တည်းခိုသည့် နေရာတွင် ဒီည အခြား ဧည့်သည် မရှိသဖြင့် မြင်းဇောင်းတွင် သူတို့၏ မြင်းနှစ်ကောင်သာ ရှိသည်။

လုချင်းကို မြင်သောအခါ၌ မြင်းနှစ်ကောင်မှာ ချက်ချင်း ငြိမ်ကျသွားသော်လည်း သူတို့၏ မျက်လုံးများက သူ့လက်ထဲမှ ကျောက်စိမ်းပုလင်းကို စိုက်ကြည့်နေကြသည်။

"မင်းတို့နှာခေါင်းက တော်တော့်ကို အနံ့ခံကောင်းတာပဲ" လုချင်းက ရယ်မောလိုက်ရင်း ပုလင်းကို ဖွင့်လိုက်သည်။ "ကဲ... မင်းတို့အတွက် ကောင်းတာလေး ယူလာတယ်"

ပုလင်းဖွင့်လိုက်သည်နှင့် ရနံ့များ ထွက်ပေါ်လာရာ မြင်းနှစ်ကောင်သည်လည်း ဂနာမငြိမ် ဖြစ်လာကြတော့၏။

"ငြိမ်ငြိမ်နေကြစမ်း။ မင်းတို့ ထပ်ပြီး အသံထွက်ရင် ပုလင်းကို ပြန်သိမ်းသွားပြီး ဘယ်တော့မှ မကျွေးတော့ဘူးနော်" လုချင်းက ပြတ်ပြတ်သားသား သတိပေးလိုက်သည်။

ထိုအခါ၌ မြင်းများမှာ ချက်ချင်းပင် တိတ်သွားပြီး အသံထပ်မထွက်ရဲကြတော့ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဝိညာဉ်စွမ်းအင်နှင့် အစီအရင် စွမ်းအားများဖြင့် ပြုစုပျိုးထောင်ထားသဖြင့် ၎င်းတို့သည် အတော်အတန် ဉာဏ်ရည်မြင့်လာပြီး လုချင်း၏ စကားအချို့ကို နားလည်နိုင်နေပြီပင်။

ငြိမ်သက်နေသော်လည်း သူတို့၏ မျက်လုံးများက လုချင်းလက်ထဲမှ ကျောက်စိမ်းပုလင်းတွင် ကပ်နေ၏။

"တစ်ကောင်ချင်းစီနော်၊ မလုရဘူး"

မကြာမီ လုချင်းသည် ကျန်ရှိသော လရောင်အမြုတေများကို မြင်းနှစ်ကောင်အား ခွဲဝေတိုက်ကျွေးလိုက်သည်။

သောက်ပြီးနောက် မြင်းများမှာ အိပ်ငိုက်လာကြသည်။

"ဒုက္ခပါပဲ၊ မင်းတို့နှစ်ကောင်ပါ အကြာကြီး အိပ်ပျော်သွားဦးမလို့လား။ ငါတို့ မနက်ဖြန် ခရီးဆက်ရဦးမှာလေ" လုချင်း ရေရွတ်လိုက်သည်။ သူ သေချာ မစဉ်းစားမိဘဲ လုပ်လိုက်မိသဖြင့် စိုးရိမ်မိသွား၏။

သို့သော် ယခုမှ နောင်တရလို့လည်း မမှီတော့ပေ။ မနက်မိုးလင်းလျှင် မြင်းနှစ်ကောင် နိုးလာပါစေဟုသာ ဆုတောင်းရတော့မည်။

ကျောက်စိမ်းပုလင်းကို ဟင်းလင်းပြင်ချီအိတ်ထဲသို့ ထည့်ပြီးနောက်၌ လုချင်းတစ်ယောက် မြင်းဇောင်းမှ ထွက်လာခဲ့သည်။

အခန်းပြန်ရောက်သောအခါ ရှောင်ယန်သည် ရှောင်လီကို မှီရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။

ဒါကို မြင်တော့ လုချင်းထံလည်း အိပ်ချင်စိတ်များ ဝင်ရောက်လာတော့သည်။

ဒီည တားဆီးမှု မန္တန် သုံးခုကို အလျင်စလို ပြုလုပ်ခဲ့ရသဖြင့် စိတ်စွမ်းအားများစွာ ကုန်ခမ်းခဲ့သည်။ မြေကမ္ဘာဝိညာဉ်ပုလဲက ပြန်လည် ဖြည့်ဆည်းပေးခဲ့သော်လည်း သူကတော့ အတော်ပင် ပင်ပန်းနေဆဲဖြစ်၏။

ထို့ကြောင့် ဖယောင်းတိုင်ကို ငြှိမ်းသတ်ပြီးနောက် အိပ်ရာဝင်ကာ အိပ်ပျော်သွားတော့လေသည်။

ထိုညက လုချင်းမှာ အိပ်မက်ပင်မမက်နိုင်ဘဲ အလွန် နှစ်ခြိုက်စွာဖြင့် အိပ်ပျော်သွားခဲ့လေ၏။

ဘယ်အချိန်မှန်း မသိရသည်အထိ အိပ်ပျော်နေစဉ် သူ့စိတ်ထဲတွင် ကလေးအသံ တစ်သံက "အား... အားချင်း..." ဟု ခေါ်နေသည်ကို ဝိုးတဝါး ကြားလိုက်ရတော့သည်။

...

အခန်း ၂၆၆ - စိတ်အလိုရှိရာ ဝိညာဉ်အစွမ်း ၊ နဂါးသွေးမျိုးဆက် မြင်း

"အား... အားချင်း"

မှုန်ဝါးဝါး အိပ်မက်ကြားထဲတွင် ကလေးသံလေးတစ်သံ သူ့စိတ်ထဲ၌ ပဲ့တင်ထပ်နေသည်ကို လုချင်း ကြားလိုက်ရသည်။

သူ အိပ်မက်မက်နေသည်ဟု ထင်လိုက်သော်လည်း နောက်တစ်ခဏတွင်တော့ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး ရုတ်တရက် နိုးလာသည်။

"အား... အားချင်း၊ နိုးလာပြီပဲ"

ဒီတစ်ခါတွင် ကလေးသံလေးမှာ ပျောက်မသွားဘဲ ရှိနေဆဲပင်။ သူ အိပ်မက်မက်နေခြင်း၊ သို့မဟုတ် စိတ်ခြောက်ခြားနေခြင်း မဟုတ်ဘဲ တစ်စုံတစ်ယောက်က သူ့ကို တကယ် လှမ်းခေါ်နေကြောင်း လုချင်း သိလိုက်ရ၏။

သို့သော် ဤအသံကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

သူ ထထိုင်လိုက်ပြီး အသံလားရာကို လိုက်ရှာရာ နောက်ဆုံးတွင် သေးငယ်သော ပုံရိပ်လေးတစ်ခုအပေါ် အကြည့်ရောက်သွားသည်။

ထို့နောက် သူ့ပါးစပ် အနည်းငယ် ပွင့်ဟသွားသည်။ "ရှောင်လီ"

"ဟုတ်တယ်၊ ငါပါ ငါပါ" ရှောင်လီက ပျော်ရွှင်စွာဖြင့် သူ့ပခုံးပေါ် ခုန်တက်လာသည်။ "အားချင်း... ငါ စကားပြောတတ်နေပြီထင်တယ်"

"အင်း... ငါ ကြားပါတယ်"

လုချင်း ခေါင်းညိတ်လိုက်သော်လည်း သူ့မျက်နှာထားမှာ အနည်းငယ် ကြောင်အမ်းနေဆဲ ဖြစ်သည်။

အခြေအနေက ရုတ်တရက် ဖြစ်ပျက်သွားသဖြင့် သူ ကောင်းကောင်း မတုံ့ပြန်နိုင်သေးပေ။

သို့သော် သူ အမြန်ပင် စိတ်ပြန်စုစည်းလိုက်၏။ သူသည် သာမန်လူ မဟုတ်ပေ။

"ရှောင်လီ... မင်း လရောင်အမြုတေကို စားလိုက်လို့ စကားပြောတတ်သွားတာလား။ နေပါဦး၊ ဒါက ပါးစပ်ကနေ ပြောတာ မဟုတ်ဘူး၊ စိတ်ဝိညာဉ်အသံလွှင့်ခြင်းပဲ"

လုချင်း နောက်ဆုံးတွင် ထူးခြားချက်တစ်ခုကို သတိထားမိလိုက်သည်။

ရှောင်လီ၏ အသံမှာ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသော်လည်း သူမ၏ ပါးစပ်ကတော့ လှုပ်ရှားမနေပေ။

ရှောင်လီက ခေါင်းလေး စောင်းပြီး ခဏ စဉ်းစားလိုက်သည်၊ ထို့နောက် ပြောလာ၏။ "ငါလည်း မသိဘူး။ မနေ့ညက လရောင်အမြုတေ သောက်ပြီး ဒီမနက် နိုးလာတော့ စကားပြောလို့ ရသလို ခံစားရတယ်။ ဒါပေမဲ့ ငါ ရှောင်ယန်ကို ခေါ်ကြည့်တော့ သူက ငါပြောတာ မကြားရဘူးတဲ့"

ရှောင်လီသည် အမှန်တကယ် စကားပြောနေခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ်အသံလွှင့်ခြင်းကို အသုံးပြုနေကြောင်း လုချင်း အပြည့်အဝ ယုံကြည်သွားသည်။

စိတ်ဝိညာဉ်အသံလွှင့်ခြင်း ဆိုသည်မှာ ပြောသူက အလွန် အစွမ်းထက်နေပါက မလိုအပ်သော်လည်း ပုံမှန်အားဖြင့် ဝိညာဉ်စွမ်းအား ကျင့်ကြံထားသူများသာ အာရုံခံနိုင်သည်။

"လာ၊ ငါ တစ်ချက်လောက် ကြည့်ပါရစေ"

လုချင်း ခဏ စဉ်းစားပြီး ရှောင်လီကို သူ့ရှေ့သို့ ခေါ်လိုက်သည်။

ရှောင်လီက ရုန်းကန်ခြင်းမပြုပေ။ သူမလည်း သူမဘာဖြစ်နေသည်ကို သိချင်နေပါ၏။

လုချင်းက သူ့နတ်မျက်စိစွမ်းရည်ကို အသက်သွင်းပြီး ရှောင်လီ၏ ခန္ဓာကိုယ်ကို အာရုံစိုက်လိုက်သည်။

မကြာမီ ခရမ်းရောင် အလင်းဖျော့ဖျော့လေး ရှောင်လီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့၏။

"ခရမ်းရောင်လား"

လုချင်း အနည်းငယ် အံ့သြသွားပြီး စာသားအချို့ကို အမြန် ဖတ်လိုက်သည်။

【ဗီဇပြောင်း ညဝိညာဉ် ကြောင်မြီးတို - ဗီဇပြောင်း မွေးရာပါ ဝိညာဉ်သားရဲ၊ ငယ်ရွယ်၊ အမ။】

【အလွန် လျင်မြန်ပြီး ကျောက်တုံးများကို ကြေမွစေနိုင်ကာ သတ္တုများကို ဖြတ်တောက်နိုင်သော ထက်မြက်သည့် လက်သည်းများ ရှိသည်။ မည်သည့်အရာကိုမဆို ပိုင်းဖြတ်နိုင်သည်။】

【သားရဲဝိညာဉ်သီးကို စားသုံးပြီးနောက် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲကာ မွေးရာပါ ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲပြီး သွေးမျိုးဆက် အမွေအနှစ် နိုးကြားလာသည်။】

【စည်းမျဉ်းစွမ်းအား အနည်းငယ် ပါဝင်သော လရောင်အမြုတေ အများအပြားကို စားသုံးပြီးနောက် ဉာဏ်ရည်များစွာ တိုးတက်လာပြီး ဝိညာဉ်စွမ်းအား မွေးဖွားလာသည်။ သွေးမျိုးဆက် ထပ်မံ ဆင့်ကဲပြောင်းလဲပြီး ဝိညာဉ်အစွမ်းသစ်တစ်ခု နိုးကြားလာသည်။】

【အမှောင်ထု ကိုယ်ဖျောက်ခြင်း - သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲပြီးနောက် မွေးရာပါ ပါရမီသည် ဝိညာဉ်အစွမ်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏ သားမွေးများသည် ဟင်းလင်းပြင်ကို ပုံပျက်စေနိုင်ပြီး အမှောင်ထုထဲတွင် လုံးဝ ပေါင်းစပ်ကာ ခြေရာလက်ရာ အားလုံးကို ဖျောက်ဖျက်နိုင်သည်။】

【စိတ်လိုလက်ရ အရွယ်အစား - လရောင်အမြုတေ အများအပြား စားသုံးပြီးနောက် နိုးကြားလာသော ဝိညာဉ်အစွမ်း ဖြစ်ပြီး ခန္ဓာကိုယ် အရွယ်အစားကို စိတ်အလိုရှိရာ ထိန်းချုပ်နိုင်သည်။】

【ညဝိညာဉ်ကြောင်မြီးတိုများသည် ငါးစားရသည်ကို နှစ်သက်သော်လည်း မွေးရာပါ ရေကြောက်တတ်သဖြင့် ငါးများကို မျှော်လင့်တကြီး ငေးကြည့်နေတတ်သည်ဟု ဆိုသည်။】

"တကယ်ကြီး ဗီဇပြောင်းသွားတာပဲ"

ရှောင်လီ၏ ခန္ဓာကိုယ်ပေါ်မှ စာသားများကို ဖတ်ပြီးနောက် လုချင်း အံ့သြသွားသည်။

လရောင်အမြုတေသည် ကောင်းကင်ဘုံမှ ပေးသော ကြီးမားသည့် လက်ဆောင်ဟူသော ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်ပေသည်။

ရှောင်လီသည် ပုလင်းတစ်ဝက်ကျော် သောက်သုံးပြီးနောက်၌ အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့သည်။

ဝိညာဉ်စွမ်းအား ရရှိလာသည်သာမက ဝိညာဉ်အစွမ်းသစ်တစ်ခုပါ နိုးကြားလာခဲ့သည်။

"ရှောင်လီ... မင်း ဟင်းလင်းပြင်ထဲ ဝင်လို့ရတဲ့ စွမ်းရည်နဲ့ တူတဲ့ အစွမ်းအသစ်တစ်ခု ရလာတာလား" လုချင်းက မေးလိုက်သည်။

"စဉ်းစားကြည့်ဦးမယ်"

ရှောင်လီက ခေါင်းလေးစောင်းပြီး အပြင်းအထန် ပြန်စဉ်းစားနေသည်။

ရုတ်တရက် သူမ၏ မျက်လုံးများ အရောင်တောက်လာသည်။ "ဟုတ်တယ်၊ ငါ အစွမ်းသစ်တစ်ခု ရလာတဲ့ပုံပဲ... အားချင်း၊ ငါ လုပ်ပြမယ်"

ပြောပြီးသည်နှင့် ရှောင်လီ မြေကြီးပေါ် ခုန်ဆင်းလိုက်ရာ ထူးဆန်းသော အရှိန်အဝါတစ်ခုက သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ရုတ်တရက် အနက်ရောင်အလင်းတစ်ခုက သူမကို လွှမ်းခြုံသွားတော့သည်။

နောက်တစ်ခဏတွင် ကြောင်မြီးတိုလေးအရွယ်သာ ရှိသော ရှောင်လီသည် စတင် ကြီးထွားလာသည်ကို လုချင်း တွေ့လိုက်ရသည်။

မကြာမီ သူမသည် နှစ်မီတာခန့် အမြင့်သို့ ရောက်ရှိသွားပြီး သားမွေးများမှာလည်း ရှည်ထွက်လာကာ အနက်ရောင် မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေပြီး အလွန် ခန့်ညားထည်ဝါနေသည်။

သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း နှစ်ဆ တိုးလာသဖြင့် လုချင်း စိုးရိမ်စိတ် အနည်းငယ် ဝင်လာသည်။

အကယ်၍ သူတို့အခန်းက မြေညီထပ်တွင် မဟုတ်ပါက ကြမ်းပြင်သည် သူမ၏ ကိုယ်အလေးချိန်ကြောင့် ပြိုကျသွားနိုင်သည်။

"ဘယ်လိုလဲ အားချင်း၊ ငါ မိုက်တယ်မလား" ရှောင်လီက လုချင်းကို ငုံ့ကြည့်ပြီး ဂုဏ်ယူစွာ မေးလိုက်သည်။

"အားချင်း... ဘာဖြစ်တာလဲ။ ဘာလို့ မင်းဘက်ကနေ စွမ်းအားကြီးကြီးနဲ့ မရင်းနှီးတဲ့ အရှိန်အဝါတစ်ခု ရုတ်တရက် ပေါ်လာတာလဲ"

ထိုအချိန်တွင် သမားတော်ကြီး၏ အသံသည် လုချင်း၏ စိတ်ထဲ၌ ရုတ်တရက် ပဲ့တင်ထပ်လာသည်။

"ဆရာ... ဘာမှ မဟုတ်ပါဘူးဗျ၊ ကျွန်တော် အသစ်အဆန်းလေးတွေ စမ်းသပ်နေလို့ပါ။ နောက်မှ ရှင်းပြပါ့မယ်ဗျ" လုချင်းက စိတ်ဝိညာဉ်အသံလွှင့်ခြင်းဖြင့် ပြန်ဖြေလိုက်သည်။

ဒါကို ကြားတော့ သမားတော်ကြီးက ထပ်မမေးတော့ပေ။

"ရှောင်လီ... မင်းခန္ဓာကိုယ်ပေါ်က အရှိန်အဝါကို ထိန်းထားလို့ ရမလား" လုချင်းက မေးလိုက်သည်။

ရှောင်လီ ခဏ စဉ်းစားပြီး ပြောလိုက်၏။ "ငါ ကြိုးစားကြည့်မယ်"

ထို့နောက် သူမ တစ်စုံတစ်ခုကို အာရုံခံလိုက်ရာ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် တဖြည်းဖြည်း လျော့ကျသွားပြီး နောက်ဆုံးတွင် လုံးဝ ပြန်လည်သိမ်းဆည်းသွားတော့သည်။

"အားချင်း... ဒီလို အဆင်ပြေလား"

"အင်း... အရမ်း ကောင်းတယ်" လုချင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ရှောင်လီ၏ 'အမှောင်ထု ကိုယ်ဖျောက်ခြင်း' ဝိညာဉ်အစွမ်းသည် ခြေရာလက်ရာ အားလုံးကို ပြီးပြည့်စုံစွာ ဖုံးကွယ်နိုင်သော အလွန် ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီတစ်ခု ဖြစ်ကြောင်း သူသိသည်။

ထို့ကြောင့် အရှိန်အဝါကို ထိန်းချုပ်ခြင်းသည် သူမအတွက် ခက်ခဲမည် မဟုတ်ပေ။

"ရှောင်လီ... အခု မင်း တခြား ဝိညာဉ်အစွမ်းတစ်ခုကို သုံးပြီး ကိုယ်ဖျောက်လို့ ရမလား"

ရှောင်လီ အရှိန်အဝါ ထိန်းလိုက်သည်ကို မြင်ပြီးနောက် လုချင်း ဆက်မေးလိုက်သည်။

ရှောင်လီ ကြိုးစားကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။ "မရဘူး၊ ငါ တစ်ချိန်တည်းမှာ အစွမ်းတစ်ခုပဲ သုံးလို့ရမယ်ထင်တယ်။ ဒါပေမဲ့ ငါ ပိုသန်မာလာရင်တော့ လုပ်နိုင်လောက်တယ်"

"ငါ သဘောပေါက်ပြီ..."

လုချင်း တွေးတောနေမိသည်။

ရှောင်လီသည် မွေးရာပါ ဝိညာဉ်အစွမ်းနှစ်ခု နိုးကြားလာသော်လည်း လောလောဆယ်တွင် တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်သေးပုံ ရသည်။

ဒါကလည်း ဖြစ်သင့်ပါသည်။ သူမ၏ လက်ရှိ ခန္ဓာကိုယ်ဖြင့် ကိုယ်ဖျောက်ရန် လိုအပ်သော ဟင်းလင်းပြင် ပုံပျက်စေသည့် စွမ်းအားသည် အလွန် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မည်။

ရှောင်လီသည် မွေးရာပါ ဝိညာဉ်သားရဲအဆင့်သာ ရှိသေးသဖြင့် ကန့်သတ်ချက် ရှိနေခြင်းမှာ ပုံမှန်ပင်။

ထိုအချိန်တွင် ရှောင်လီ၏ ခန္ဓာကိုယ်သည် သူမ၏ ပုံမှန် အရွယ်အစားသို့ ပြန်လည် ကျုံ့ဝင်လာသည်။

"ဘာလို့ ဒီလောက် မြန်မြန် ပြန်ပြောင်းသွားတာလဲ" လုချင်း အံ့သြစွာ မေးလိုက်သည်။

ဒီကောင်မလေး ကြွားချင်တာနဲ့ နည်းနည်းတော့ ကြာကြာနေမယ် ထင်ထားတာ။

"ပြောင်းရတာ အရမ်း ပင်ပန်းတယ်။ ငါ ဒီအတိုင်း နေရတာပဲ ပိုကြိုက်တယ်"

ရှောင်လီသည် ကုတင်ပေါ် ခုန်တက်ပြီး လှဲချကာ လျှာထုတ်လိုက်သည်။ ဆက်မလှုပ်ချင်တော့ပေ။

"ပုံစံ ကြီးနေရင် ပင်ပန်းလို့လား" လုချင်း မျက်ခုံးပင့်လိုက်၏။

"ဟုတ်တယ်၊ အရမ်း ပင်ပန်းတယ်။ ခုနက အကြီးဆုံးပဲ။ ငါ ၁၅ မိနစ်လောက်ပဲ တောင့်ခံနိုင်တယ်။ နည်းနည်း ပိုသေးမယ်ဆိုရင်တော့ ပိုကြာကြာနေနိုင်တယ်"

"ကြည့်ရတာ မင်းက 'စိတ်လိုလက်ရ အရွယ်အစား' ဝိညာဉ်အစွမ်းကို သုံးပြီး ကြီးထွားလာရင် ခွန်အား တိုးလာပေမဲ့ စွမ်းအင် ကုန်ခမ်းမှုလည်း ပိုများလာတဲ့ သဘောပဲ"

လုချင်း နားလည်လိုက်သည်။

အနှစ်ချုပ်ရလျှင် ရှောင်လီ၏ ပြောင်းလဲခြင်း ဝိညာဉ်အစွမ်းသည် သိုင်းပညာရှင်တစ်ဦး၏ ပေါက်ကွဲအားကောင်းသော လျှို့ဝှက်နည်းစနစ်နှင့် တူသည်။ အချိန်တိုအတွင်း ပိုမိုကြီးမားသော စွမ်းအားကို ထုတ်သုံးနိုင်သော်လည်း စွမ်းအင် အကုန်အကျ မြန်ဆန်စေသည်။

သို့သော် ယှဉ်ကြည့်လျှင် ရှောင်လီ၏ ဝိညာဉ်အစွမ်းက ပို၍ ဆန်းကြယ်သည်။

"အဲဒါဆိုရင် ရှောင်လီ... မင်း ဒီ ဝိညာဉ်အစွမ်းကို ခဏခဏ မသုံးနဲ့။ ပြီးတော့ တခြားသူတွေကိုလည်း ပေါ့ပေါ့တန်တန် မပြောပြနဲ့"

ရှောင်လီ၏ ကြီးမားသော ပုံစံနှင့် ကြောက်မက်ဖွယ် အရှိန်အဝါသည် လုချင်းကိုပင် လန့်သွားစေခဲ့ပါ၏။

သူမ၏ ပြောင်းလဲခြင်း ဝိညာဉ်အစွမ်းကို ဝှက်ဖဲတစ်ခုအနေဖြင့် သေချာပေါက် အသုံးပြုနိုင်သည်ပင်။

"အင်း... ငါ နားလည်ပါပြီ"

ရှောင်လီက အားမပါစွာဖြင့် သဘောတူလိုက်သည်။

ဒီအစွမ်းသစ်က အရမ်း ပင်ပန်းလွန်းလို့ သူမလည်း သိပ်မသုံးချင်ပါဘူးနော်။

"ပြီးတော့ မင်း စကားပြောတတ်တာကိုလည်း ထုတ်မပြနဲ့နော်"

"အင်းပါ" ရှောင်လီ သဘောတူလိုက်သည်။

လုချင်းနှင့် ရှောင်ယန်က လွဲရင် သူကလည်း တခြား ဘယ်သူနဲ့မှ စကားပြောရတာ မကြိုက်ဘူးလေ။

ပြီးတော့ ရှောင်ယန်က အခု သူ ပြောတာကို မကြားရဘူးဆိုတော့ လုချင်းတစ်ယောက်တည်းနဲ့ပဲ ပြောရမှာပေါ့။

"ညီလေးလု... နိုးပြီလား"

လုချင်း တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် မာကူး၏ အသံသည် အခန်းအပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

"နိုးပြီ၊ ဘာကိစ္စ ရှိလို့လဲဗျ"

"ငါတို့ မြင်းတွေမှာ ပြဿနာတစ်ခုခု ရှိနေသလိုပဲ။ ညီလေး လာကြည့်ပေးရင် ကောင်းမယ်"

"မြင်းတွေမှာ ပြဿနာ ရှိတယ်တဲ့လား" လုချင်း၏ စိတ်နှလုံး လှုပ်ရှားသွားသည်။ "ကောင်းပြီ၊ ခင်ဗျား အရင်သွားနှင့်၊ ကျွန်တော် ချက်ချင်း လိုက်ခဲ့မယ်"

"ရှောင်လီ... မင်း ခဏနားလိုက်ဦး။ ငါ အပြင်သွားပြီး ဘာဖြစ်တာလဲ သွားကြည့်လိုက်ဦးမယ်"

ရှောင်လီကို မှာကြားပြီးနောက် လုချင်း အခန်းမှ ထွက်ကာ မြင်းဇောင်းဆီသို့ ဦးတည်သွားလိုက်သည်။

ရောက်သွားသောအခါ၌ မာကူးတစ်ယောက် မြင်းဇောင်း အပြင်ဘက်တွင် ကြောင်တောင်တောင် ရပ်နေသည်ကို လုချင်း တွေ့လိုက်ရတော့၏။

"ဆရာမာ... ဘာဖြစ်နေတာလဲဗျ"

"ညီလေးလု ရောက်လာပြီလား" မာကူး အသိပြန်ဝင်လာပြီး ဘေးသို့ အမြန် ဖယ်ပေးလိုက်သည်။ "ကြည့်ပါဦး၊ မနေ့ညက ဘာဖြစ်သွားလဲ မသိဘူး။ ငါတို့ မြင်းနှစ်ကောင်က ပုံစံနည်းနည်းပြောင်းနေသလိုပဲ"

လုချင်း အနားတိုးသွားပြီး မြင်းဇောင်းထဲ ကြည့်လိုက်ရာ သူလည်း အံ့သြသွားရသည်။

တစ်ညတည်းနှင့် မြင်းနှစ်ကောင်သည် အရပ်ရှည်လာသည်သာမက သူတို့၏ မူလ မီးခိုးရောင် အမွေးများမှာလည်း ဖြူဖွေးသွားကြလေသည်။

ယခင်ကထက် ဆယ်ဆမျှ ပို၍ ခန့်ညားထည်ဝါနေကြလေ၏။

အထူးခြားဆုံးမှာ မြင်းတစ်ကောင်စီ၏ နဖူးပေါ်တွင် အဖြူရောင် ဦးချိုငယ်လေးတစ်ခုစီ ပေါက်နေပြီး ဦးချိုပေါ်တွင် ထူးဆန်းသော ပုံစံများ ပါရှိနေသည်။

"ညီလေးလု... ဒါတွေက ငါတို့ မြင်းနှစ်ကောင်ကော ဟုတ်သေးရဲ့လားဟေ" မာကူး မယုံနိုင်စွာ မေးလိုက်သည်။

မြင်းဇောင်းထဲတွင် ခန့်ညားသော မြင်းနှစ်ကောင်သည် လုချင်းထံ တိုးကပ်လာပြီး သူ့လက်ကို ချစ်ခင်စွာ လာရောက်ပွတ်သပ်နေကြသည်။

လုချင်းက သူတို့ခေါင်းကို ပုတ်ပေးပြီး ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်၊ သူတို့က ကျွန်တော်တို့ မြင်းနှစ်ကောင်ပါပဲ။ မနေ့ညက ခင်ဗျားနဲ့ ဝေ့ကျိအန်း အိပ်နေတုန်း တစ်ခုခု ဖြစ်ခဲ့တယ်လေ။ ဒါကြောင့် ခင်ဗျားတို့ မမြင်လိုက်ရတာ..."

လုချင်းက မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ မာကူးမှာလည်း အံ့သြမဆုံး ဖြစ်သွားပြီး နောင်တလည်း ရသွားသည်။

ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့် ဖြစ်ရပ်ကို အံ့သြမိသလို ပင်ပန်းလွန်း၍ အိပ်ပျော်သွားသဖြင့် ဤကဲ့သို့ အံ့ဖွယ်အရာကို လွဲချော်ခဲ့ရသည့်အတွက်လည်း နောင်တရမိသည်။

"ဒါဆို... ညီလေးပြောတဲ့ လရောင်အမြုတေ သောက်ပြီးနောက်ပိုင်း ဒီမြင်းနှစ်ကောင်က ဒီလို ဖြစ်သွားတာပေါ့လေ" မာကူးက မေးလိုက်သည်။

"ဟုတ်တယ်၊ ဒါပေမဲ့ ဒီပြောင်းလဲမှုက သူတို့အတွက် ကောင်းပါတယ်။ လရောင်အမြုတေက သက်ရှိအားလုံးကို အများကြီး အကျိုးပြုတယ်။ သူတို့ရဲ့ သွေးမျိုးဆက်တွေ ဆင့်ကဲပြောင်းလဲသွားတဲ့ပုံပဲ"

"ဒါကြောင့်ကိုး" မာကူး ရုတ်တရက် သဘောပေါက်သွားသည်။ "ဒီမနက် ငါတို့ မြင်းတွေ ထွက်ပြေးသွားပြီလို့တောင် ထင်လိုက်မိတာ"

စောစောက သူ မြင်းလာကြည့်တုန်းက တကယ် လန့်သွားခဲ့တာပင်။

သူတို့၏ မြင်းလှည်းကို နေ့တိုင်း မောင်းနှင်ပေးနေသော မြင်းနှစ်ကောင်နှင့် သူ သိပ်မရင်းနှီးလျှင်၊ သူတို့ပေါ်ရှိ အမှတ်အသား အချို့ကို မမှတ်မိလျှင် တစ်ယောက်ယောက်က မြင်းတွေ လဲထားခဲ့သည်ဟု သူ ထင်မိမည် ဖြစ်သည်။

လုချင်း ရယ်မောလိုက်ပြီး သူ့ကို လာပြီးပွတ်သီးပွတ်သပ် လုပ်နေသော မြင်းနှစ်ကောင်၏ ခေါင်းကို ပုတ်ကာ နတ်မျက်စိစွမ်းရည်ဖြင့် ကြည့်လိုက်သည်။

မကြာမီမှာပဲ တောက်ပသော အနီရောင် အလင်းတန်းများက မြင်းနှစ်ကောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့၏။

【နဂါးသွေးမျိုးဆက် မြင်း - ရှေးဟောင်းနဂါးသွေးမျိုးဆက် အနည်းငယ် နိုးကြားလာသော အထူးတန်းဝင် မြင်း။】

【စည်းမျဉ်းစွမ်းအား ပါဝင်သော လရောင်အမြုတေကို စားသုံးပြီးနောက် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲကာ ရှေးဟောင်းနဂါး သွေးမျိုးဆက် အနည်းငယ် နိုးကြားလာသည်။ ခွန်အားနှင့် ခံနိုင်ရည် အဆမတန် တိုးတက်လာသည်။】

【သက်ရှိအားလုံးတွင် အများစု၌ ရှေးဟောင်းနဂါးသွေးမျိုးဆက် အနည်းငယ် ပါဝင်တတ်ကြပြီး တစ်ကြိမ် နိုးကြားလာပါက နဂါးတစ်ကောင်၏ စွမ်းအားကို ရရှိနိုင်သည်ဟု ဆိုသည်။】

...

"သူတို့ရဲ့သွေးမျိုးဆက်တွေ တကယ် ပြောင်းလဲသွားတာပဲ"

မြင်းနှစ်ကောင်၏ အချက်အလက်များကို ဖတ်ပြီးနောက် လုချင်း၏ မျက်လုံးများတွင် အံ့သြရိပ်များသန်းလာခဲ့၏။

သူတို့၏ ပြောင်းလဲမှုကို မြင်ကတည်းက သူ ခန့်မှန်းမိပြီးသား ဖြစ်သည်။

သို့သော် ဒီမြင်းနှစ်ကောင် ရရှိလိုက်သော အကျိုးကျေးဇူးများက သူ မျှော်လင့်ထားသည်ထက် အနည်းငယ် ပိုနေသည်။

သူတို့သည် ရှေးဟောင်းနဂါး စွမ်းအား အနည်းငယ် နိုးကြားလာပြီး 'နဂါးသွေးမျိုးဆက် မြင်း' များ အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဒါပေမဲ့ ဒါက ကောင်းသောကိစ္စပင်။

ဒီ နဂါးသွေးမျိုးဆက် မြင်းနှစ်ကောင်နှင့်ဆိုလျှင် သူတို့၏ မြင့်မြတ်သောတောင်တော်ခရီးစဉ်သည်လည်း များစွာ ပိုမြန်ဆန်လာနိုင်သည်။

"ဆရာမာ... ဒီမြင်းနှစ်ကောင်က သွေးမျိုးဆက်တွေ ပြောင်းလဲသွားပြီဗျ။ သူတို့ခွန်အားတွေ အများကြီး တိုးလာသလို အမြန်နှုန်းလည်း ပိုမြန်လာလိမ့်မယ်။ နောက်ကျရင် ခရီးထွက်တဲ့အခါကျ ခင်ဗျား သတိထားဖို့ လိုလိမ့်မယ်" လုချင်းက ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ညီလေးလုချင်း။ သူတို့ ဘယ်လောက်ပဲ မြန်မြန် ငါ ထိန်းချုပ်နိုင်ပါတယ်" မာကူးက ယုံကြည်မှု ရှိစွာ ပြန်ဖြေသည်။

သူ ကြွားနေခြင်း မဟုတ်ပေ။

လွန်ခဲ့သည့် ရက်များအတွင်း နေ့စဉ် မြင်းလှည်း မောင်းနှင်လာခဲ့ရာ မာကူးသည် မြင်းကိုင်တွယ်ခြင်း ကျွမ်းကျင်မှုတွင် အနည်းဆုံး မဟာသခင်အဆင့် ရှိသည်ဟု ယုံကြည်ထားသည်။

"သူတို့နဲ့ အရင် ရင်းနှီးအောင် လုပ်လိုက်ပါဦး။ ဒီမြင်းနှစ်ကောင်ကလည်း ပိုပြီး ဉာဏ်ကောင်းလာပြီဆိုတော့ ကိုင်တွယ်ရ ပိုလွယ်ကူမှာပါ။

ကျွန်တော် အပြင်ခဏ သွားစရာရှိတယ်။ ကျွန်တော် ပြန်လာပြီး မနက်စာ စားပြီးရင် ခရီးထွက်ကြမယ်။

မနေ့ညက ဆရာနဲ့ ကျွန်တော် တိုင်ပင်ပြီးပြီ။ ခရီးထွက်ပြီးတာနဲ့ မြင့်မြတ်သောတောင်တော်ကို အမြန်ဆုံး ရောက်အောင် သွားကြမယ်၊ လမ်းမှာ သိပ်နားမှာ မဟုတ်ဘူးဗျ"

"ငါ နားလည်ပြီ" မာကူး၏ မျက်နှာထား တည်ကြည်သွားပြီး လေးနက်စွာ ပြန်ဖြေလိုက်သည်။

နဂါးသွေးမျိုးဆက် မြင်းနှစ်ကောင်နှင့် ရင်းနှီးအောင် လုပ်ရန် မာကူးကို ထားခဲ့ပြီးနောက် လုချင်းသည် တည်းခိုခန်းမှ ထွက်ကာ ရန်ရှင်း ဆေးခန်းသို့ ဦးတည်လိုက်သည်။

"သခင်လေးလု၊ ရောက်လာပြီလား"

ရန်ရှင်း ဆေးခန်းသို့ ရောက်သည်နှင့် ဝင်ပေါက်တွင် စောင့်နေသော တပည့်ကျော်လေးမှာ မျက်နှာ ဝင်းပသွားပြီး အလျင်အမြန် လာရောက် နှုတ်ဆက်လာ၏။

"မင်း စောစောထလှချည်လား" လုချင်း ပြုံးလိုက်သည်။

"ဆရာက သခင်လေးကို စောင့်ဖို့ စောစောထခိုင်းထားလို့ မိုးလင်းတာနဲ့ ကျွန်တော် ထနေတာဗျ။

သခင်လေးလု... သခင်လေး မှာထားတဲ့ ဆေးပင်တွေ ကျွန်တော် ပြင်ထားပြီးပါပြီ" တပည့်လေးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"ကျေးဇူးပါပဲကွာ။ ဒါနဲ့ မနေ့ညက လူနာ ဘယ်လိုနေသေးလဲ" လုချင်း မေးလိုက်သည်။

"သခင်လေး ထွက်သွားပြီး မကြာခင်မှာပဲ ဦးလေးဝမ် သတိရလာတယ်။ အိမ်ပြန်ပြီး အနားယူနေပါပြီ" တပည့်လေးက ပြန်ဖြေသည်။

"တော်သေးတာပေါ့"

လုချင်း စိတ်သက်သာရာ ရသွားပြီး တပည့်လေး နောက်မှ ဆေးခန်းထဲ ဝင်သွားရာ သမားတော်ကျောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

"သမားတော်ကျောက်... ခင်ဗျားလည်း စောစောထတာပဲလား" လုချင်း အနည်းငယ် အံ့သြသွားသည်။

"ကျွန်တော်က အမြဲ စောစောထပါတယ်" သမားတော်ကျောက်က ကြင်နာစွာ ပြောလိုက်သည်။ "သခင်လေးလု... မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား"

"တော်တော် ကောင်းပါတယ်" လုချင်း ခေါင်းအနည်းငယ် ညိတ်ပြသည်။ "သမားတော်ကျောက်... ကျွန်တော် မနေ့က မှာထားတဲ့ ဆေးပင်တွေ လာယူတာပါဗျ"

"ဆေးပင်တွေ အဆင်သင့်ပါပဲ။ ရှောင်ယိ... သခင်လေးလုအတွက် ဆေးပင်တွေ ယူလာခဲ့"

"ဟုတ်ကဲ့ ဆရာ" တပည့်လေးက ရိုသေစွာ ပြန်ထူးပြီး ကောင်တာအောက်မှ အထုပ်ကြီးတစ်ထုပ်ကို ထုတ်ယူလာသည်။ "သခင်လေးလု... ဒါ သခင်လေး မှာထားတဲ့ ဆေးပင်တွေပါ။ စစ်ဆေးကြည့်ပါဦး"

"မလိုပါဘူး" လုချင်းက အထုပ်ကို တန်းယူလိုက်ပြီး ပိုက်ဆံအိတ် ထုတ်လိုက်သည်။ "စုစုပေါင်း ဘယ်လောက်လဲ"

"သခင်လေးလု... သခင်လေးက အရမ်း ယဉ်ကျေးနေပါပြီ။ သခင်လေး မှာထားတဲ့ ဆေးပင်တွေက အဲဒီလောက် တန်ဖိုးမကြီးပါဘူး။ မနေ့က သခင်လေး ထားခဲ့တဲ့ ငွေတုံးက တန်ဖိုးကာမိရုံမကဘူး၊ ကျွန်တော်တို့ကတောင် ငွေတစ်တုံး ပြန်အမ်းရဦးမယ်ဗျ"

သမားတော်ကျောက်က နွေးထွေးစွာ ပြောလိုက်သည်။

ထို့နောက် ရှောင်ယိကို ငွေတစ်တုံး ထုတ်ခိုင်းပြီး လုချင်းလက်ထဲ ထည့်ပေးလိုက်သည်။

"ကျေးဇူးပါပဲဗျာ" လုချင်းက ငြင်းမနေတော့ဘဲ ငွေကို လက်ခံလိုက်ပြီး ပိုက်ဆံအိတ်ထဲ ထည့်လိုက်သည်။ "သမားတော်ကျောက်... ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ ကြာကြာမနေတော့ပါဘူး။ သွားခွင့်ပြုပါဦး"

"ဂရုစိုက်သွားပါ သခင်လေးလု"

မထင်မှတ်ဘဲ ဒီတစ်ကြိမ်တွင် သမားတော်ကျောက်က လုချင်းကို ဆွဲမထားဘဲ ဆေးခန်းအပြင်ဘက်ထိ ယဉ်ကျေးစွာ လိုက်ပို့လေသည်။

လုချင်း ထွက်သွားပြီးနောက် သမားတော်ကျောက်၏ နောက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

"ဆရာ... ဘာလို့ သခင်လေးလုကို မနေ့ညက ကောင်းကင်မှာ ဖြစ်ခဲ့တဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်အကြောင်း မမေးလိုက်တာလဲ"

All Chapters