အခန်း (၂၆၉-၂၇၀)
Vol. 27 Ch. 269-270
အခန်း ၂၆၉ - ကျိယွဲ့နှင့် ပြန်ဆုံခြင်း၊ တွက်ချက်၍ မရနိုင်ခြင်း
"ကျိယွဲ့... ဘာက မင်းကို ဒီလောက်တောင် ပျော်ရွှင်စေတာလဲ" လင်းကျိယွဲ့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မုတ်ဆိတ်ဖြူနှင့် ပညာရှိ ဆန်သော အဘိုးအိုက မေးလိုက်သည်။
"အဝေးက မိတ်ဆွေတွေ ရောက်လာလို့ပါ၊ ဒါကြောင့် သဘာဝကျကျပဲ ကျွန်တော် ဝမ်းသာနေတာပါဗျ" လင်းကျိယွဲ့က ကျောက်စိမ်း သံလိုက်အိမ်မြှောင်ကို သိမ်းလိုက်ရင်း ပြုံး၍ ပြောသည်။
"အော်... ဘယ်လို လူငယ် အရည်အချင်းရှင်မျိုး ဖြစ်မလဲ" သူ့မျက်နှာပေါ်မှ အပြုံးကို မြင်တော့ ပညာရှိ အဘိုးအို စူးစမ်းလိုစိတ် ဖြစ်လာသည်။ သူ၏ ဒီတပည့်သည် အမြဲတမ်း တည်ငြိမ်နေပြီး လူတိုင်းကို ကြင်နာစွာ ဆက်ဆံတတ်သော်လည်း တကယ်တမ်းတွင် သူ့စံချိန်စံညွှန်းများက အလွန်မြင့်မားသည်။ သာမန်လူများသည် သူ့အာရုံကို ဖမ်းစားနိုင်ခဲသည်။ ထို့ကြောင့် သူ၏ အထူးချွန်ဆုံး တပည့်ကို ဤမျှ ပျော်ရွှင်စေနိုင်သော သူမှာ မည်သူဖြစ်မည်နည်းဟု သူ အလွန် သိချင်သွားမိ၏။
"ဆရာ၊ ဆရာလည်း ဒီလူကို သိမှာပါ။ သူက အရင်တုန်းက ဆရာ့ကို ကျွန်တော် ပြောပြဖူးတဲ့ ချန်းကျိုးဒေသက ချန်ပေ့ ၊ အကြီးအကဲချန်ပါ"
"အော်... ကုသိုလ်အလင်းပိုင်ဆိုင်ထားတဲ့ မွေးရာပါနယ်ပယ်ကျွမ်းကျင်သူလို့ မင်းပြောဖူးတဲ့လူလား" ပညာရှိ အဘိုးအို ချက်ချင်း စိတ်ဝင်စားသွားသည်။
"ဟုတ်ပါတယ်ဗျ ၊ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ကျွန်တော် အကြီးအကဲချန်ကို ကျောက်စိမ်းပြား ပေးခဲ့ဖူးတယ်။ တစ်နှစ်၊ နှစ်နှစ်လောက်အတွင်း ကျုံးကျိုးကို လာလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ အခုမှပဲ ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး"
"ကမ္ဘာလောကကြီးရဲ့ အပြောင်းအလဲတွေကို သူ အာရုံခံမိလို့ ကျုံးကျိုးကို လာတာ ဖြစ်လောက်တယ်" ပညာရှိ အဘိုးအိုက ခန့်မှန်းလိုက်သည်။ ကမ္ဘာကြီး ပြောင်းလဲပြီးနောက် ဝိညာဉ်စွမ်းအင်များ ပြန်လည် နိုးထလာခဲ့ရာ အထင်ရှားဆုံး ပြောင်းလဲမှုများက ကျုံးကျိုးတွင် ဖြစ်ပေါ်ခဲ့သည်။ အမြော်အမြင်ရှိသော မည်သည့် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူမဆို ဤကဲ့သို့သော အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။
"ဖြစ်နိုင်ပါတယ်။ သူ့တပည့် လုချင်းရော ပါလာမလား မသိဘူး" လင်းကျိယွဲ့ ပြောလိုက်သည်။
"အရိုးနဲ့ကြွက်သားအဆင့်မှာ ရှိနေတုန်းက ထျန်းချန်းဂိုဏ်းရဲ့ မဟာသခင်အဆင့်ကို အနိုင်ယူခဲ့တဲ့ လူငယ်လေးလား"
"အတိအကျပါပဲ ဆရာ။ အဲဒီလူငယ်လေးက သိုင်းပညာလမ်းကြောင်းမှာ ထူးကဲတဲ့ ပါရမီရှင်ပါ။ ဒီနှစ်နှစ်အတွင်း သူ မွေးရာပါနယ်ပယ်ကို ရောက်သွားပြီလားလို့ ကျွန်တော် တွေးမိတယ်" လင်းကျိယွဲ့သည် လုချင်း၏ တည်ငြိမ်သော မျက်နှာကို ပြန်လည် မြင်ယောင်လာသည်။ ထိုလူငယ်သည် သူတွေ့ဖူးသမျှ လူများထဲတွင် အဆန်းကြယ်ဆုံး လူတစ်ယောက် ဖြစ်ပြီး ဂိုဏ်းပိုင်ရတနာကို အသုံးပြုထားသည့်တိုင် သူ လုံးဝ ထွင်းဖောက်မမြင်နိုင်သော တစ်ဦးတည်းသော သူလည်း ဖြစ်သည်။
"ဆရာ... အကြီးအကဲချန်တို့ ဒီနား ရောက်နေလောက်ပြီ။ ကျွန်တော် သွားကြိုလိုက်ပါဦးမယ်၊ ဆရာနဲ့ ကစားနေတဲ့ ဒီပွဲကို ဆက်မကစားနိုင်တော့ဘူး ထင်တယ်"
"သွားချေ။ အခု မြို့ထဲမှာ အခြေအနေတွေက တင်းမာနေတာ။ အစွမ်းထက်ပြီး စေတနာကောင်းတဲ့ လူတစ်ယောက် ရောက်လာတာ ကောင်းချီးတစ်ခုပါပဲ" ပညာရှိ အဘိုးအို ပြောလိုက်သည်။
လင်းကျိယွဲ့သည် မကြာသေးမီက မြို့တော်မြတ်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို တွေးမိပြီး စိတ်မသက်မသာ ဖြစ်သွားသည်။ သမားတော်ကြီးကို အလစ်အငိုက် ဒုက္ခမရောက်စေရန် မြို့၏ အခြေအနေကို သေချာပေါက် ပြောပြရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
"ဆရာ... ဒီနေရာ ဖြစ်လောက်တယ်" လုချင်းသည် သူ့ရှေ့ရှိ မိုးမျှော်အဆောက်အအုံကို ကြည့်လိုက်သည်။ ၎င်းတွင် နဂါးပြာမြို့ရှိ ထျန်းကျီမျှော်စင်နှင့် ထပ်တူညီသော အမှတ်အသားတစ်ခု ပါရှိသည်။
"ဟုတ်တယ်၊ ကျောက်စိမ်းပြားရဲ့ တုန်ခါမှုက ဒီနေရာက လာနေတာ ငါ ခံစားရတယ်" သမားတော်ကြီး ခေါင်းညိတ်လိုက်သည်။
မာကူးက မေးလိုက်၏။ "ကျွန်တော်တို့ ဘယ်လို ဝင်ကြမလဲ ဆရာကြီး။ တွေ့ဆုံခွင့်တောင်းစာ ပေးလိုက်ရမလားဗျ"
"မလိုပါဘူး" လုချင်း၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး ပြုံးလိုက်သည်။ "မိတ်ဆွေဟောင်းတစ်ယောက် ကျွန်တော်တို့ကို လာတွေ့နေပြီ" သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရိုးရှင်းသော အဝတ်အစား ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက မျှော်စင်ထဲမှ ထွက်လာသည်။ လွန်ခဲ့သည့် နှစ်နှစ်ကျော်ကတည်းက သူတို့ မတွေ့ခဲ့ရသော လင်းကျိယွဲ့မှလွဲ၍ ဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။
"အဝေးက မိတ်ဆွေ ရောက်လာတာပဲ... ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ" လင်းကျိယွဲ့၏ အမူအရာသည် လွန်ခဲ့သော နှစ်နှစ်ကထက် ပို၍ နူးညံ့သိမ်မွေ့လာသည်။ သူက အပြုံးဖြင့် လျှောက်လာသည်။ "အကြီးအကဲချန်၊ မိတ်ဆွေလေး လုချင်း... နှစ်နှစ်ကျော်တောင် ရှိသွားပြီပဲ။ နေကောင်းကျန်းမာကြရဲ့လားဗျ"
"မတွေ့တာ ကြာပြီပဲ ကျိယွဲ့" သမားတော်ကြီး ပြုံးလိုက်သည်။
"သခင်လေးကျိယွဲ့ရဲ့ ကျေးဇူးကြောင့် အရာအားလုံး အဆင်ပြေပါတယ်ဗျ" လုချင်း ဦးညွှတ်လိုက်သည်။
"မင်္ဂလာပါ သခင်လေးကျိယွဲ့" မာကူးနှင့် ဝေ့ကျိအန်းတို့လည်း ဦးညွှတ်လိုက်ကြသည်။ ဝေ့ကျိအန်းမှာ ပို၍ လေးစားသမှု ရှိနေသည်။ ထိုစဉ်က သခင်လေးကျိယွဲ့သာ ဝင်မပါခဲ့လျှင် သူ့ဝေမိသားစု ရှိတော့မည် မဟုတ်ကြောင်း သူသိထားသည်။
"သခင်လေးဝေ့လည်း ပါလာတာလား" ဝေ့ကျိအန်းကို တွေ့တော့ လင်းကျိယွဲ့ အနည်းငယ် အံ့သြသွား၏။ "အကြီးအကဲ ဝေ့ရှန်ဟိုင်ကော နေကောင်းရဲ့လား"
"ဘိုးဘေးကြီးလည်း ကျန်းမာပါတယ်ဗျ။ သခင်လေးကျိယွဲ့ကို နှုတ်ဆက်စကား ပါးလိုက်ပါတယ်" ဝေ့ကျိအန်းက ရိုသေစွာ ပြောလေ၏။
"အကြီးအကဲ ဝေ့ရှန်ဟိုင်ကတော့ ယဉ်ကျေးလွန်းနေပါပြီ" လင်းကျိယွဲ့သည် လုချင်းနှင့် သမားတော်ကြီးကို တိတ်တဆိတ် အကဲခတ်လိုက်သည်။ နှစ်နှစ်ကျော် ကြာပြီးနောက် လုချင်းသည် အရပ်ရှည်လာပြီး ပို၍ ခန့်ညားလာခဲ့ပါ၏။
သမားတော်ကြီးမှာမူ မပြောင်းလဲဘဲ ထိုအတိုင်း ရှိနေဆဲပင်။ သို့သော် လင်းကျိယွဲ့ကို အံ့အားသင့်စေသည်မှာ လုချင်းနှင့် သမားတော်ကြီး၏ ကျင့်ကြံမှု အဆင့်များကို သူ အကဲခတ်၍ မရခြင်းပင်။ သူ့ဂိုဏ်းပိုင် ရတနာ၏ စွမ်းအားကို တိတ်တဆိတ် အသုံးပြုကြည့်သည့်တိုင် ဘာမှ မတွေ့ရပေ။
ဤအံ့သြမှုမှာ သာမန်မဟုတ်သဖြင့် လင်းကျိယွဲ့ မယုံနိုင် ဖြစ်နေသည်။ သူသည် ယခုအခါ မွေးရာပါနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ တံခါးပိတ် ကျင့်ကြံပြီးနောက် မွေးရာပါနယ်ပယ် အစောပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိကာ 'အောင်မြင်မှု အသေးစား အဆင့်' သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ထို့အပြင် ဂိုဏ်းမှ ပေးသနားထားသော ရတနာကိုလည်း နှစ်ပေါင်းများစွာ နေ့ညမပြတ် သန့်စင်ပြီးနောက် အပြည့်အဝ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။
သို့တိုင်အောင် လုချင်းနှင့် သူ့ဆရာ၏ ကျင့်ကြံမှု အဆင့်များကို သူ မမြင်နိုင်ပေ။ သူတို့၏ ကျင့်ကြံမှု အဆင့်များသည် သူ လှမ်းမမီနိုင်သော အမြင့်သို့ ရောက်နေခြင်းလား၊ သို့မဟုတ် သူ့တွက်ချက်မှုနှင့် စူးစမ်းမှုများကို လုံးဝ ပိတ်ဆို့ထားနိုင်သော ရတနာများကို ပိုင်ဆိုင်ထားခြင်းလား။
လင်းကျိယွဲ့၏ ရင်ထဲတွင် လှိုင်းထန်နေသော်လည်း မျက်နှာထားမှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး လုချင်းတို့နှင့် စကားဆက်ပြောနေသည်။
စကားစမြည် ပြောပြီးနောက် လင်းကျိယွဲ့ ရုတ်တရက် နဖူးကို ရိုက်လိုက်သည်။ "ကြည့်စမ်း၊ ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ ဧည့်ဝတ်ပြုဖို့ မေ့နေတယ်။ လာပါ... အထဲ ဝင်ကြတာပေါ့"
ထို့နောက် သူက လုချင်းတို့ကို မျှော်စင်ထဲ ခေါ်သွားရန် ပြင်လိုက်သည်။
"သခင်လေးကျိယွဲ့... ကျွန်တော်တို့ မြင်းလှည်းကို ဘယ်လို လုပ်ရမလဲ" မာကူး မေးလိုက်သည်။
"စိတ်မပူပါနဲ့" လင်းကျိယွဲ့ စီစဉ်ရန် ပြုလုပ်စဉ် မြင်းလှည်းကို ရုတ်တရက် သတိထားမိပြီး အံ့သြသွားသည်။ "အကြီးအကဲချန်... ခင်ဗျားတို့ရဲ့ ဒီမြင်းလှည်းက..."
"ကျွန်တော်တို့ လာတဲ့လမ်းမှာ ပြီးခဲ့တဲ့ညလောက်က ကောင်းကင်ဖြစ်စဉ် ထူးဆန်းတာ တစ်ခု ဖြစ်ခဲ့တယ်။ လရောင်တန်းတွေ အများကြီး ဆင်းသက်လာပြီး ဒီမြင်းနှစ်ကောင်က ကံကောင်းပြီးတော့ အဲဒီထဲက နှစ်ခုကို စုပ်ယူနိုင်ခဲ့လို့ အခုလို ပြောင်းလဲသွားတာပါဗျ" လုချင်းက နောက်ပြောင်သလိုလိုဖြင့် ပြောလိုက်သည်။
"မိတ်ဆွေလေး လုချင်း... ပြီးခဲ့တဲ့ညလောက်က ဖြစ်ခဲ့တဲ့ ကောင်းကင်ဖြစ်စဉ်ကို ပြောနေတာလား" လင်းကျိယွဲ့ မျက်လုံးများ အရောင်လက်သွားသည်။ "ဟုတ်ပါတယ်၊ အဲဒီညက ဒီမြင်းနှစ်ကောင် လရောင်တန်းနှစ်ခုကို စုပ်ယူလိုက်တာ နောက်နေ့ကျတော့ ဘယ်လိုဖြစ်လဲ မသိပါဘူး... ရုပ်ပြောင်းသွားတယ်လေ။ ကံကောင်းတာက ရုပ်ပြောင်းသွားပေမဲ့ စိတ်နေစိတ်ထား မပြောင်းသွားဘူး။ အဲဒီအစား ခွန်အားတွေ သိသိသာသာ တိုးလာပြီး ခရီးမြန်မြန် ရောက်အောင် လုပ်ပေးနိုင်ခဲ့တယ်လေ"
"ဒီမြင်းနှစ်ကောင်ကတော့ တကယ် ကံကောင်းတာပဲ" လင်းကျိယွဲ့ ချီးကျူးလိုက်ပြီး စိတ်ကို ပြန်ထိန်းလိုက်သည်။ "စိတ်မပူပါနဲ့၊ ဒီ မြင့်မြတ်တဲ့ မြင်းတွေကို ဂိုဏ်းက တပည့်တွေ ကောင်းကောင်း စောင့်ရှောက်ပေးဖို့ စီစဉ်လိုက်ပါ့မယ်" လင်းကျိယွဲ့ အမိန့်ပေးလိုက်သည်နှင့် ထျန်းကျီမျှော်စင်မှ တပည့်တစ်ဦးက မြင်းများကို ကူညီရန် ထွက်လာသည်။
"ခဏလေး၊ မြင်းလှည်းထဲမှာ ဒဏ်ရာရထားတဲ့ လူတစ်ယောက် ရှိတယ်" လုချင်း မြင်းလှည်းနား လျှောက်သွားပြီး တံခါးကို ခေါက်လိုက်၏။ "ရှောင်ယန်... မမဟူကို ရထားပေါ်က ဆင်းဖို့ ကူညီပေးလိုက်ပါဦး"
"ရှောင်ယန်လည်း ပါလာတာလား" လင်းကျိယွဲ့ ပို၍ အံ့သြသွားသည်။ သို့သော် ဟူကျိကျစ် ရထားပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားသည်။ "မိတ်ဆွေလေး လုချင်း... ဒီမိန်းကလေးက..."
"သခင်လေးကျိယွဲ့... သတိထားမိလား" လုချင်း လေးနက်စွာ မေးလိုက်သည်။ လင်းကျိယွဲ့သည် ဟူကျိကျစ်၏ မျက်ခုံးများကို အရင် အာရုံစိုက်ကြည့်ပြီးနောက် လုချင်းကို နက်နက်နဲနဲ ကြည့်လိုက်၏။ သို့သော် သူ ဘာမှ ထုတ်မပြောဘဲ မျက်နှာထား လေးနက်သွားသည်။ "ကဲ... အားလုံးပဲ၊ ကျွန်တော့်နောက် လိုက်ခဲ့ကြပါ"
လုချင်းနှင့် အဖွဲ့တို့ လင်းကျိယွဲ့နောက်သို့ လိုက်ကာ ထျန်းကျီမျှော်စင်ထဲ ဝင်သွားကြသည်။ သို့သော် မီတာတစ်ရာခန့်အကွာအဝေးရှိ ထောင့်တစ်နေရာတွင် ပုန်းကွယ်လျက် သူတို့ကို စောင့်ကြည့်နေသော ဝတ်ရုံနက်နှင့် လူတစ်ယောက်ကို သူတို့ သတိမထားမိလိုက်ကြပေ။ ထိုလူ၏ မျက်လုံးများတွင် သူငယ်အိမ်နှစ်ခု ပါရှိပြီး အန္တရာယ်ရှိသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
"ကံတရားရဲ့အချစ်တော်တွေ ၊ 'တာအိုခန္ဓာကိုယ်' ပြီးတော့ ဟိုဟာက ဘာလဲ... ကုသိုလ်အလင်းလား။ ဒီမြင်းလှည်းသေးသေးလေးထဲမှာ ထူးကဲတဲ့ ပါရမီရှင်တွေ အများကြီး ပါလာပါလား။ ကောင်းကင်ဘုံက တကယ်ပဲ ငါ့ကို ကူညီနေတာများလား"
ဝတ်ရုံနက်နှင့် လူ၏ မျက်လုံးများတွင် ရူးသွပ်သော အကြည့်များ ပေါ်လာသည်။ သူသာ သူ့ရှေ့က လူများကို ဝါးမျိုနိုင်လျှင် သူ့၏ မိစ္ဆာခန္ဓာသည် စိတ်ကူးမယဉ်နိုင်သော ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ ဤမြို့ပျက်ကြီးထဲက အစီအရင်တွေက သူ့ကို မဖိနှိပ်နိုင်ရုံသာမက မြင့်မြတ်သောတောင်တော်ပေါ်က ဘိုးတော်ကြီးတွေတောင် သူ့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။
"ဒီကိစ္စက သေချာ စီစဉ်ဖို့ လိုတယ်။ ဒီလူတွေကို ဝါးမျိုနိုင်သရွေ့ ငါ့ရဲ့ အထွတ်အထိပ် မိစ္ဆာအခြေခံအုတ်မြစ်က ပထမဆုံး ခြေလှမ်းကို စတင်နိုင်ပြီ" ဝတ်ရုံနက်နှင့် လူ၏ မျက်လုံးများတွင် ရူးသွပ်မှုများ ပေါ်နေသော်လည်း သူ့စိတ်ကမူ ထူးကဲစွာ တည်ငြိမ်နေလေ၏။
သူ မြို့တော်မြတ်ကို အထင်သေးသော်လည်း လက်ရှိတွင် မြို့ထဲ၌ စိတ်တိုင်းကျ ပြုမူနိုင်လောက်အောင် အစွမ်းမထက်သေးကြောင်း ဝန်ခံရမည်။
ထျန်းကျီမျှော်စင်ထဲက အဘိုးကြီးအနည်းငယ်ကပင် သူ့အတွက် ပြိုင်ဘက်ကောင်း ဖြစ်နိုင်ပြီး မြင့်မြတ်သောတောင်တော်ပေါ်က ဘိုးတော်ကြီးများကို ဆိုဖွယ်ရာ မရှိပေ။
ထို့ကြောင့် အရာအားလုံးကို တိတ်တဆိတ်နှင့် တစ်ဆင့်ချင်း လုပ်ဆောင်ရမည်။
ဝတ်ရုံနက်နှင့် လူသည် ထျန်းကျီမျှော်စင်ကို အကြာကြီး စိုက်ကြည့်ပြီးနောက်၌ သူ၏ ပုံရိပ်မှာ ဖြည်းညှင်းစွာ မှေးမှိန်ပျောက်ကွယ်သွားတော့၏။
...
လုချင်းနှင့် အဖွဲ့သည် လင်းကျိယွဲ့နောက်သို့ လိုက်ကာ မျှော်စင်ကြီးထဲ ဝင်လာကြသော်လည်း အပေါ်ထပ်သို့ တက်မည့်အစား မျှော်စင်ကို ဖြတ်သန်းပြီး နောက်ဘက်ရှိ အဆောက်အအုံများ စုဝေးရာ နေရာသို့ ရောက်ရှိလာကာ နောက်ဆုံးတွင် တိတ်ဆိတ်သော ခြံဝင်းတစ်ခု၌ ရပ်တန့်လိုက်သည်။
"အကြီးအကဲချန်... ဒါ ကျွန်တော် နေတဲ့ နေရာပါ။ နည်းနည်းတော့ ရိုးရှင်းပါတယ်၊ စိတ်မရှိပါနဲ့" လင်းကျိယွဲ့က တောင်းပန်သော အပြုံးဖြင့် ပြောသည်။ "ဒါကို ရိုးရှင်းတယ် ခေါ်ရင် ငါ့နေရာဆို တဲအိမ်လို့ပဲ ခေါ်ရတော့မယ်" သမားတော်ကြီးက ရယ်မောလိုက်၏။
"နှိုင်းယှဉ်လို့ မရပါဘူး။ ခင်ဗျားအိမ်က 'ဝိညာဉ်ဇီးပင်' ရှိနေတာနဲ့တင် မရေမတွက်နိုင်တဲ့ ခမ်းနားထည်ဝါတဲ့ အိမ်တော်တွေထက် အများကြီး သာလွန်နေပါပြီဗျ" လင်းကျိယွဲ့ ခေါင်းခါလိုက်သည်။
"ဒါဆို ကျိယွဲ့... မင်း ဇီးပွင့်လက်ဖက်ရည်ကို လွမ်းနေပြီပေါ့။ ကံကောင်းလို့ ငါ ဒီတစ်ခေါက် အများကြီး ယူလာတယ်ကွ၊ ကောင်းကောင်း ဖျော်သောက်လို့ ရတာပေါ့" သမားတော်ကြီးက ကြိုတင် ပြင်ဆင်လာသော ဇီးပွင့်လက်ဖက်ခြောက်အိတ်ကို ထုတ်လိုက်သည်။
"ခင်ဗျား ကျွန်တော့်အကြောင်း ကောင်းကောင်း သိတာပဲ အကြီးအကဲချန်" မွေးရာပါနယ်ပယ်သို့ ရောက်ရှိပြီး ခန္ဓာကိုယ်ကို သန့်စင်ပြီး ဖြစ်သော လင်းကျိယွဲ့သည် ဇီးပွင့်လက်ဖက်ရည်၏ သင်းပျံ့သော ရနံ့ကို ရလိုက်သည်နှင့် ပြုံးလိုက်သည်။ သူ ချက်ချင်း လက်ဖက်ရည်ပွဲ ပြင်ဆင်ရန် သွားလိုက်၏။
လက်ဖက်ရည်ပွဲ ပြင်ဆင်ပြီးသည်နှင့် လုချင်းက ရင်းနှီးပြီးသား အလုပ်ဖြစ်သော လက်ဖက်ရည် ဖျော်ခြင်းကို တာဝန်ယူလိုက်သည်။
သူ ကျွမ်းကျင်စွာ ရေနွေးတည်ပြီး လက်ဖက်ခြောက် ခတ်လိုက်ရာ မကြာမီ ပြည့်စုံကောင်းမွန်သော ဇီးပွင့်လက်ဖက်ရည် တစ်အိုး ရရှိလာသည်။
လင်းကျိယွဲ့ ခွက်ကို ကိုင်လိုက်ပြီး တစ်ငုံသောက်ကာ ဖြည်းဖြည်းချင်း အရသာခံလိုက်ရာ ကျေနပ်သော မျက်နှာထား ပေါ်လာခဲ့၏။
အတော်ကြာမှ သူ သက်ပြင်းချလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်တွေမှာ ကျွန်တော် ကမ္ဘာအနှံ့ လျှောက်သွားပြီး နာမည်ကြီး လက်ဖက်ရည်တွေ မရေမတွက်နိုင်အောင် သောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဘယ်အရာကမှ ခင်ဗျားရဲ့ ဇီးပွင့်လက်ဖက်ရည်ကို မမီပါဘူး အကြီးအကဲချန်"
"သခင်လေးကျိယွဲ့... ခင်ဗျား မွေးရာပါနယ်ပယ် ရောက်ရင် ဇီးပွင့်လက်ဖက်ပင် စိုက်ပျိုးမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ မအောင်မြင်ခဲ့ဘူးလား" လုချင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
တောင်ခါးပန်းအိမ်လေးရှိ ဝိညာဉ်ဇီးပင်သည် သမားတော်ကြီး မွေးရာပါနယ်ပယ်သို့ ဝင်ရောက်စဉ် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို ဆွဲယူလိုက်ခြင်းဖြင့် မတော်တဆ စိုက်ပျိုးမိခဲ့ခြင်း ဖြစ်သည်။
လင်းကျိယွဲ့သည် ၎င်း၏ မူလအစကို သိရှိပြီးနောက် သူ မွေးရာပါနယ်ပယ် ရောက်လျှင် အလားတူ ကြိုးစားကြည့်ချင်ကြောင်း ပြောခဲ့ဖူးသည်။ ယခု လင်းကျိယွဲ့ မွေးရာပါနယ်ပယ် ရောက်နေပြီ ဖြစ်သည်ကို မြင်သောအခါ၌ လုချင်း မမေးဘဲ မနေနိုင် ဖြစ်သွားလေ၏။
လင်းကျိယွဲ့မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ "ကျွန်တော် အဆင့်တက်တုန်းက ခရီးထွက်နေတာ၊ ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားတာနဲ့ ဇီးပင် ရှာချိန်တောင် မရဘဲ အဆင့်တက်လိုက်ရတယ်လေ" သိုင်းပညာရှင် အများစုအတွက် မွေးရာပါနယ်ပယ်သို့ တက်လှမ်းခွင့် ရရှိခြင်းသည် ကံကောင်းမှသာ ကြုံရတတ်သော အရာဖြစ်သည်။ ဉာဏ်အလင်းဆိုသည်မှာ ခဏတာသာ ဖြစ်ပေါ်ပြီး ဖမ်းမိသည်နှင့် လက်လွတ်ခံမည့်သူ ရှားသည်။
လင်းကျိယွဲ့လည်း ခြွင်းချက် မဟုတ်ပေ။ သူ အဆင့်တက်တော့မည်ဟု ခံစားလိုက်ရသည်နှင့် တုံ့ဆိုင်းမနေဘဲ ချက်ချင်း လုပ်ဆောင်လိုက်၏။ ပြီးမှသာ ဇီးပင်ကိစ္စကို သတိရသော်လည်း အချိန်နှောင်းသွားခဲ့ပြီပင်။
"နှမြောစရာပဲ" လုချင်း နောင်တရစွာ ပြောလိုက်၏။ လင်းကျိယွဲ့ လက်ဖက်ရည် ဘယ်လောက် ကြိုက်ကြောင်း သူ သိသည်။
"အရာအားလုံးက ကံတရားပါပဲ၊ နောင်တရစရာ မရှိပါဘူး" လင်းကျိယွဲ့ ခေါင်းခါလိုက်သည်။ "ကျွန်တော်နဲ့ ကံမပါလို့ပဲ သဘောထားလိုက်ပါတယ်"
"ကျိယွဲ့ရဲ့ စကားတွေက တော်တော် အမြင်ကျယ်တာပဲ" သမားတော်ကြီးက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သူသည် လင်းကျိယွဲ့၏ တည်ငြိမ်အေးဆေးသော သဘောသဘာဝကို အမြဲ လေးစားခဲ့သည်။
"အကြီးအကဲချန်... ခင်ဗျား မြှောက်လွန်းနေပါပြီ။ ဒါနဲ့... ခင်ဗျား ဘာလို့ အခုမှ ကျုံးကျိုးကို ရောက်လာတာလဲ။ လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကတည်းက လာမယ်လို့ ကျွန်တော် ထင်ထားတာ"
"ရိုးရိုးသားသား ပြောရရင် ငါက အသက်ကြီးပြီး ပျင်းလာလို့ပါ။ တောနယ်မှာ အကြာကြီး နေပြီးတော့ ခရီးထွက်ဖို့ အားမထုတ်ချင်တော့ဘူးလေ။ ဒါကြောင့် အခုမှ ရောက်လာတာ" သမားတော်ကြီး ပြန်ဖြေသည်။
"ခင်ဗျားက နှိမ့်ချလွန်းနေပါပြီ အကြီးအကဲချန်။ ကျွန်တော် ထင်တာကတော့ တကယ့် အကြောင်းရင်းက ခင်ဗျား အဲဒီ အခွင့်အရေး ဆိုတာကြီးကို သိပ်စိတ်မဝင်စားလို့ နေမှာပါ။ ကျွန်တော် မမှားဘူးဆိုရင် အခု ခင်ဗျား ကျုံးကျိုးကို ရောက်လာတာ မြင့်မြတ်သောတောင်တော်က အခွင့်အရေးအတွက် သက်သက်မဟုတ်ဘူး မလား" လင်းကျိယွဲ့သည် သမားတော်ကြီးနှင့် အချိန်နည်းနည်းသာ တွေ့ခဲ့ဖူးသော်လည်း သူသည် စိတ်ထားကောင်းပြီး ဖြောင့်မတ်သော သူတစ်ယောက် ဖြစ်ကြောင်း သိထားသည်။
မြင့်မြတ်သောတောင်တော်သို့ စောစော မလာခဲ့ခြင်းက ထိုအခွင့်အရေးကို သူ သိပ်တန်ဖိုးမထားကြောင်း ပြသနေပါ၏။ ယခု ရုတ်တရက် ရောက်လာခြင်းက အခြား အကြောင်းရင်းတစ်ခု ရှိရပေမည်။ ကံမကောင်းစွာဖြင့် လင်းကျိယွဲ့က ဒါကို တွက်ချက်ကြည့်သော်လည်း ဘာမှ မပေါ်ခဲ့ပေ။
"ငါ အဲဒီလောက်ကြီး လောကကို မစွန့်နိုင်သေးပါဘူးကွာ" သမားတော်ကြီး ပြုံးလိုက်သည်။ "ဒါပေမဲ့ မြင့်မြတ်သောတောင်တော်က အခွင့်အရေးအပြင် ရှင်းလင်းချင်တဲ့ ကိစ္စတချို့တော့ ရှိတယ်"
"အဲ့ဒီမိန်းကလေးနဲ့ ဆက်စပ်နေတာလား" လင်းကျိယွဲ့က ဟူကျိကျစ်ကို ကြည့်လိုက်သည်။
စိတ်ဝင်တစား နားထောင်နေသော မိန်းကလေးမှာ ရုတ်တရက် စကားဝိုင်းက သူမဘက် လှည့်လာသဖြင့် နားမလည်ဘဲ ကြောင်သွား၏။
"ဒါက အကြောင်းရင်း တစ်ခုပါပဲ၊ ဒါပေမဲ့ လက်ရှိ အရေးအကြီးဆုံး ကိစ္စပဲ။ ကျိယွဲ့... မင်း ဟူမိန်းကလေးရဲ့ ပြဿနာကို မြင်နေရတယ်မလား" သမားတော်ကြီး မေးလိုက်သည်။
"ဒီမိန်းကလေးရဲ့ မျက်ခုံးနှစ်ခုကြားမှာ မပျောက်ကွယ်နိုင်တဲ့ မမြင်ရတဲ့ အနက်ရောင် အရှိန်အဝါတစ်ခု တွဲခိုနေတယ်။ ဒါက ကြီးမားတဲ့ အန္တရာယ် ကျရောက်တော့မယ့် နိမိတ်ပဲ။ မကြာခင်မှာပဲ သူ သေခြင်းတရားထက် ပိုကြောက်စရာကောင်းတဲ့ အရာတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ ပြနေတယ်" လင်းကျိယွဲ့က လေးနက်စွာ ပြောလိုက်၏။
"ဟုတ်တယ်၊ အားချင်းနဲ့ ငါလည်း ဟူမိန်းကလေးကို ဝိုင်းရံထားတဲ့ ဘေးဒုက္ခကို အာရုံခံမိတယ်။ ဒါပေမဲ့ ဘယ်က စလာလဲ ဆိုတာ ရှာမရဘူး။ မင်းမှာ တွက်ချက်နိုင်မယ့် နည်းလမ်းရှိမလား ကျိယွဲ့" သမားတော်ကြီး မေးလိုက်သည်။
ထျန်းကျီမျှော်စင် မျိုးဆက်သည် တွက်ချက်မှု ပညာရပ်တွင် နာမည်ကြီးသည်။ တစ်စုံတစ်ယောက်က တစ်ခုခုကို ကောက်ချက်ချနိုင်မည်ဆိုလျှင် ထိုသူမှာ လင်းကျိယွဲ့သာ ဖြစ်လိမ့်မည်။
သို့သော် သမားတော်ကြီး အံ့သြသွားသည်မှာ လင်းကျိယွဲ့က ချက်ချင်း ခေါင်းခါလိုက်ခြင်းပင်။
"ဘာမှ မရဘူး။ ရိုးရိုးသားသား ပြောရရင် ဒီမိန်းကလေးကို စမြင်ကတည်းက ကျွန်တော် တွက်ချက်ကြည့်ပြီးပြီ။ ဒါပေမဲ့ မီးခိုးရောင် မြူမှုန်တွေပဲ တွေ့ရပြီး ဘာမှ မမြင်ရဘူးဗျ"
"မင်းတောင် တွက်ချက်လို့ မရဘူးဆိုရင် ဒုက္ခပဲ" သမားတော်ကြီး မျက်မှောင်ကြုတ်လိုက်သည်။ "အကြီးအကဲချန်၊ သခင်လေးကျိယွဲ့... ရှင်တို့ ဘာတွေ ပြောနေကြတာလဲ။ ကျွန်မ နားမလည်ဘူး" ဟူကျိကျစ်မှာဆော့ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်ရတော့၏။
...
အခန်း ၂၇၀ - ဟူကျိကျစ်၏ တောင်းဆိုမှု၊ မြင့်မြတ်သော နှလုံးသား ကျောက်ကမ်းပါး
လင်းကျိယွဲ့နှင့် သမားတော်ကြီးတို့၏ စကားဝိုင်းကို ကြားပြီးနောက် ဟူကျိကျစ် လုံးဝ စိတ်ရှုပ်ထွေးသွားသည်။
သူမမျက်နှာပေါ်တွင် အနက်ရောင် အရှိန်အဝါ ရှိနေပြီး ကြီးမားသော ဘေးဒုက္ခ ရောက်တော့မည်ဟု ပြောနေကြသည်မှာ ဘာအဓိပ္ပာယ်လဲ။
သူမ မကြာခင် သေဘေးအန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်ဟု ဆိုလိုတာလား။
သိချင်စိတ်ကို မထိန်းနိုင်တော့သဖြင့် သူမ တိုက်ရိုက် မေးလိုက်သည်။
အံ့သြစရာကောင်းသည်မှာ လင်းကျိယွဲ့ရော သမားတော်ကြီးပါ သူမကို သနားသော အကြည့်ဖြင့် ကြည့်လာကြသည်။
ဒါက ဟူကျိကျစ်ကို ပို၍တောင် စိုးရိမ်ပူပန်စေမိခဲ့ပါ၏။
"ဟူမိန်းကလေး... ဒီလိုပါ..." ထိုအချိန်တွင် လုချင်း ဝင်ပြောလိုက်ပြီး အခြေအနေကို အတိုချုပ် ရှင်းပြလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဟူကျိကျစ်တွင်လည်း ဤကိစ္စကို သိခွင့်ရှိပါ၏။
သို့သော် လုချင်းက သူမ သေရတော့မည်ဟု ထည့်မပြောပေ။ မကြာခင် ကြီးမားသော ဘေးဒုက္ခနှင့် ကြုံတွေ့ရနိုင်ကြောင်းလောက်သာ ပြောလိုက်သည်။ ဤမျှ လျှော့ပေါ့ပြောလိုက်သော်လည်း ဟူကျိကျစ်မှာ စိတ်မသက်မသာ ဖြစ်နေဆဲပင်။ သူမရှေ့တွင် ထိုင်နေသောသူများမှာ သူမ၏ အတိတ်ဘဝက တွေ့ဆုံရန် စိတ်ကူးပင် မယဉ်နိုင်ခဲ့သော ပုဂ္ဂိုလ်များ ဖြစ်သည်။ သူတို့ကပင် အခြေအနေကို ခက်ခဲသည်ဟု ယူဆနေလျှင် သူမတစ်ယောက်တည်း ဤဘေးဒုက္ခကို မည်သို့ ရှောင်လွှဲနိုင်မည်နည်း။
မိန်းကလေး၏ စိတ်ဆင်းရဲမှုကို အာရုံခံမိပြီး သမားတော်ကြီးက ထပ်မေးလိုက်၏။ "ကျိယွဲ့... ဒီလို အခြေအနေမျိုးမှာ ဖြေရှင်းဖို့ နည်းလမ်း ရှိမလား။ ဘေးဒုက္ခ ဖြစ်လာတာကို ဒီတိုင်း လက်ပိုက်ကြည့်နေရတော့မှာလား" ဟူကျိကျစ်သည် မျှော်လင့်ချက် ပြည့်ဝသော မျက်လုံးများဖြင့် လင်းကျိယွဲ့ကို ချက်ချင်း ကြည့်လိုက်သည်။
လင်းကျိယွဲ့ ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေသည်။ "ကံကြမ္မာဆိုတာ ဆန်းကြယ်ပြီး အမြဲ ပြောင်းလဲနေတတ်တယ်။ မရေရာမှုတွေနဲ့ ပြည့်နှက်နေတာပါ။ ဘယ်သူ့ကံကြမ္မာမှ ပုံသေ သတ်မှတ်ထားတာ မရှိပါဘူး။ အနာဂတ်ဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ 'ဗေဒင်ပညာ လမ်းစဉ်' ဆိုတာ လူတစ်ယောက်ရဲ့ အနာဂတ်မှာ ဖြစ်နိုင်ခြေများစွာထဲက ဖြစ်နိုင်ခြေအရှိဆုံး လမ်းကြောင်းကို တွက်ချက်တာ သက်သက်ပါပဲ။ ဒါပေမဲ့ ကံကြမ္မာမှာ မရေတွက်နိုင်တဲ့ ဖြစ်နိုင်ခြေတွေ ရှိတယ်။ တခါတလေ ရုတ်တရက် ပေါ်လာတဲ့ အတွေးတစ်ချက်က လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ပြီး ဟောကိန်းထုတ်ထားသမျှကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေနိုင်တယ်လေ။ အဲ့ဒါကြောင့် ဟူမိန်းကလေး... အရမ်း စိတ်ပူစရာ မလိုပါဘူး။ မျက်ခုံးနှစ်ခုကြားက အနက်ရောင်အရှိန်အဝါက မင်း မကြာခင် ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်ဆိုတာလောက်ပဲ ပြတာပါ။ မင်း သေချာပေါက် သေရမယ်လို့ မဆိုလိုပါဘူး။ သတိထားပြီး မဆင်မခြင်မလုပ်သရွေ့တော့ ၊ ပြီးတော့ 'ကံကောင်းသူတွေ' နဲ့ များများ ထိတွေ့ဆက်ဆံသရွေ့ ဒီဘေးဒုက္ခက သူ့အလိုလို ပြေပျောက်သွားနိုင်ပါတယ်"
ဟူကျိကျစ်မှာ သူမ အလိုချင်ဆုံး အဖြေကို မရလိုက်သော်လည်း လင်းကျိယွဲ့၏ စကားကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။
သို့သော် ကံကောင်းသူများနှင့် ထိတွေ့ဆက်ဆံရမည် ဆိုသည်ကို ကြားသောအခါ လုချင်းနှင့် အဖွဲ့ကို မကြည့်ဘဲ မနေနိုင်တော့ပေ။
သူမ စိတ်ထဲတွင် လူဆိုးများ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့သော ထိုနေ့က သူမကို ကယ်တင်ခဲ့သူများမှာ လုချင်းနှင့် အဖွဲ့ပင် ဖြစ်သည်။ သူမဘဝတွင် ကံကောင်းသူများရှိသည်ဆိုလျှင် လုချင်းနှင့် သူငယ်ချင်းများသည် သေချာပေါက် သူမ၏ အကြီးမားဆုံး ကျေးဇူးရှင်များ ဖြစ်ကြပါ၏။
ဟူကျိကျစ်၏ အကြည့်ကို သတိထားမိပြီး လုချင်း ညင်သာစွာ ပြုံးလျက် ပြောလာ၏။ "ဟူမိန်းကလေး... စိတ်မပူပါနဲ့။ ကျွန်တော်တို့က မိတ်ဆွေတွေ ဖြစ်တဲ့အတွက် မင်းကိစ္စကို ဒီတိုင်း လက်ပိုက်ကြည့်မနေပါဘူး"
တကယ်တော့ လုချင်းသည် ဤမျှ ကံတရားကြီးမားသူ တစ်ဦးကို သေမင်းနိမိတ် ထင်စေလောက်သည့် အန္တရာယ်မျိုးက ဘာဖြစ်မလဲ ဆိုသည်ကို သိချင်နေသည်။
လူတွေကြောင့်လား၊ ဒါမှမဟုတ် မသိနိုင်တဲ့ သဘာဝ ဘေးဒုက္ခလား။
ယုတ္တိအရကြည့်လျှင် ဟူကျိကျစ်ကဲ့သို့ ကံကောင်းခြင်း ကောင်းချီး ရရှိထားသူသည် ကံတရား၏ စောင့်ရှောက်မှုကို ခံရပြီး အခြေအနေ တိုင်းတွင် ကံဆိုးခြင်းမှ ကံကောင်းခြင်းသို့ ပြောင်းလဲနိုင်သင့်သည်။
ဤဘေးဒုက္ခက ကြီးမားသော ကံတရားရှိသူတစ်ဦး၏ ကံကို ကျော်လွှားနိုင်သည်အထိ စွမ်းအားကြီးနေသလား။
လုချင်း၏ နှစ်သိမ့်စကားကို ကြားသောအခါ ဟူကျိကျစ်လည်း ပို၍ပင် စိတ်အေးသွားတော့သည်။
လုချင်းနှင့် အဖွဲ့က သူမကို ကယ်တင်ခဲ့သောကြောင့် သူမ၏ အသက်သည် သက်တမ်းစေ့သွားခဲ့ပြီ ဖြစ်ကြောင်း သူမ တွေးလိုက်သည်။ အကယ်၍ ထိုနေ့က လုချင်းသာ အချိန်မီ မကယ်တင်ခဲ့လျှင် သူမသည် ကမ်းပါးအောက်ခြေတွင် ပုပ်ပွနေသော အလောင်းကောင် ဖြစ်နေပြီး ဆိုးရွားသော ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရပေလိမ့်မည်။ ထိုသဘောအရ သူမသည် 'ငှားထားသော အသက်' ဖြင့် ရှင်သန်နေခြင်း ဖြစ်သည်။
ဒါဆို သူမ ဘာကြောက်စရာ ရှိသနည်း။
ဘေးဒုက္ခဆိုသည်က ထိုနေ့က သူမ ကြုံတွေ့လုနီးပါး ဖြစ်ခဲ့သည်ထက် ပိုဆိုးနိုင်ဦးမည်လား။
ဤသို့ တွေးလိုက်ပြီးနောက် ဟူကျိကျစ်၏ မျက်နှာထား တည်ငြိမ်ပြတ်သားသွားသည်။
သူမ မတ်တတ်ရပ်လိုက်ပြီး လုချင်းကို ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် သခင်လေးလု။ ဒါပေမဲ့ ကျွန်မမှာ တောင်းဆိုစရာတစ်ခု ရှိပါသေးတယ်။ ရှင် ခွင့်ပြုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ဘာများလဲ။ လွတ်လွတ်လပ်လပ် ပြောပါ"
"နဂါးပြာတောင်ကြားလမ်းမှာတုန်းက ကျွန်မ လူဆိုးတွေရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရပြီး တောထဲမှာ သေလုနီးပါး ဖြစ်ခဲ့တယ်။ ကံကောင်းလို့ ရှင် ကျွန်မကို ရက်စက်တဲ့ကံကြမ္မာကနေ ကယ်တင်ပေးခဲ့တယ်။ ရှင် ကျွန်မအပေါ် ထားတဲ့ စေတနာက တောင်လောက် ကြီးမားပါတယ်။ ဒီဘဝရော နောက်ဘဝအထိပါ ဘယ်တော့မှ မမေ့ပါဘူး။ ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်မ တစ်ခုပဲ တောင်းဆိုချင်ပါတယ်" ဟူကျိကျစ် ခေတ္တ ရပ်လိုက်ပြီး ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ဆက်ပြောသည်။ "သခင်လေးကျိယွဲ့ ပြောသလိုပဲ အနာဂတ်ဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ အကယ်၍ ဘေးဒုက္ခ ကြုံရဖို့ ကျွန်မရဲ့ ကံကြမ္မာ ဖြစ်လာခဲ့ရင် ကျွန်မ တည်တည်ငြိမ်ငြိမ်ပဲ လက်ခံလိုက်ပါ့မယ်။ သခင်လေးလုက သစ္စာတရားကို တန်ဖိုးထားတယ် ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မ တောင်းဆိုချင်တာက... တကယ်လို့ ဘေးဒုက္ခကို ရှောင်လွှဲလို့ မရဘဲ ရှင်တို့အတွက် အန္တရာယ် ဖြစ်လာမယ် ဆိုရင် ကျေးဇူးပြုပြီး ကျွန်မအတွက်နဲ့ ရှင့်အသက်ကို အဆုံးရှုံးမခံပါနဲ့။ ကျွန်မ ရင်ဆိုင်ရမယ့် ကံကြမ္မာကို ကျွန်မဘာသာ ရင်ဆိုင်ပါရစေ။ မဟုတ်ရင် ကျွန်မအသက်ကို ကယ်ဖို့အတွက်နဲ့ ရှင်တို့ ဘေးကင်းမှု ပျက်စီးသွားမယ် ဆိုရင် ကျွန်မ ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ ကံကြမ္မာကို လက်ခံလိုက်တာကမှ ပိုကောင်းပါလိမ့်မယ်"
ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဒါက သူမ၏ တောင်းဆိုမှု ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားကြသဖြင့် အားလုံး အံ့သြမှင်သက်သွားကြသည်။ လုချင်းသည် ဟူကျိကျစ် မျက်နှာပေါ်မှ ပြတ်သားမှုကို တိတ်တဆိတ် အကဲခတ်နေသည်။ ရုတ်တရက် သူက အနည်းငယ် ပြုံးလိုက်၏။ "ဟူမိန်းကလေး... စိတ်ချပါ။ ကျွန်တော့်ကိုယ်ကျွန်တော် စွမ်းဆောင်နိုင်တယ်လို့ ယူဆပေမဲ့ မဆင်မခြင်တော့ မလုပ်ပါဘူးဗျ။ အကယ်၍ အခြေအနေက ကျွန်တော့် ထိန်းချုပ်မှုအောက်ကနေ လွတ်သွားပြီဆိုရင် ကျွန်တော်လည်း မိုက်မဲတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ပါဘူး"
"ဒါဆို ကျွန်မ စိတ်အေးရပါပြီ"
လင်းကျိယွဲ့သည် ဤမြင်ကွင်းကို ကြည့်ရင်း ခေါင်းအနည်းငယ် ခါလိုက်သည်။
ဟူကျိကျစ်၏ စကားများက ရိုးသားကြောင်း သူ မြင်နိုင်သည်။
သူမကြောင့် လုချင်းနှင့် အဖွဲ့ အန္တရာယ် အတွင်းသို့ မျောပါသွားမည်ကို သူမ တကယ် မလိုလားပေ။ သို့သော် လုချင်းနှင့် သမားတော်ကြီး၏ စိတ်ဓာတ်ကိုလည်း သူ နားလည်ပါ၏။
မိန်းကလေးငယ်တစ်ဦး သူတို့မျက်စိရှေ့တွင် သေဆုံးသွားသည်ကို လက်ပိုက်ကြည့်နေခြင်းမျိုး သူတို့ ဘယ်တော့မှ လုပ်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် သူတို့နှင့် သိကျွမ်းသူ ဖြစ်နေလျှင် ပို၍ မလုပ်နိုင်ပေ။ သို့သော် ဒီမိန်းကလေး အသက်ရှင်ရန် အခွင့်အရေး အနည်းငယ် ရှိသည် ဆိုလျှင် ၎င်းသည် လုချင်းနှင့် အဖွဲ့အပေါ်တွင်သာ မူတည်ကြောင်းလည်း သူ သိထားသည်။
အဘယ်ကြောင့်ဆိုသော် ဒီနှစ်ယောက်သည် သူပင် အပြည့်အဝ နားမလည်နိုင်သော သူများ ဖြစ်ကြပြီး သမားတော်ကြီးသည်လည်း 'ကုသိုလ်အလင်း' ကို ပိုင်ဆိုင်ထားကာ အမှန်တကယ် ကံတရား ကြီးမားသူတစ်ဦး ဖြစ်သောကြောင့်ပင်။
ဒါပေမဲ့ နှစ်နှစ်အတွင်း သမားတော်ကြီးရဲ့ ကုသိုလ်အလင်းက ဘယ်လိုလုပ် ဒီလောက် ပိုအားကောင်းလာရတာလဲ။
သာမန်လူများ မမြင်နိုင်သော သမားတော်ကြီး ပတ်လည်ရှိ ဖျော့တော့သော ရွှေရောင် အလင်းတန်းကို ကြည့်ရင်း လင်းကျိယွဲ့ စူးစမ်းချင်စိတ် ဖြစ်မိသည်။
လွန်ခဲ့သော နှစ်နှစ်နှင့် ယှဉ်လျှင် သမားတော်ကြီး၏ ကုသိုလ်အလင်းမှာ အမှန်တကယ် ပိုမို ပြင်းထန်လာသည်။
ဒီနှစ်နှစ်အတွင်း သမားတော်ကြီးက ကောင်းမှုကုသိုလ်ကြီးတွေ ပိုလုပ်ခဲ့လို့များလား။
ဟူကျိကျစ် စိတ်ငြိမ်သွားပြီးနောက် လုချင်းလည်း လင်းကျိယွဲ့ဘက်သို့ လှည့်ကာ အခြား ကိစ္စများကို မေးမြန်းလိုက်သည်။ "သခင်လေးကျိယွဲ့... ကျွန်တော်တို့ လာတဲ့လမ်းမှာ ကိစ္စတွေအများကြီး ကြုံတွေ့ခဲ့ရတယ်။ နဂါးပြာမြို့မှာ ဆရာကြီး ရွှမ်ကျီကျီကိုလည်း ဝင်တွေ့ခဲ့တယ်။ အခု ခင်ဗျားကို မေးစရာ မေးခွန်းတချို့ ရှိလို့ပါ"
"ကျွန်တော့်ဦးလေး ဆရာကြီး ရွှမ်ကျီကျီနဲ့ တွေ့ခဲ့တယ်လား" လင်းကျိယွဲ့ အနည်းငယ် အံ့သြသွားသည်။ "ဟုတ်ပါတယ်၊ မကြာသေးခင်က တာအိုအသံတွေ ကောင်းကင်နဲ့ မြေကြီးမှာ ပဲ့တင်ထပ်ခဲ့ပြီး ဝိညာဉ်စွမ်းအင်တွေ ပြန်လည် နိုးထလာတယ်၊ ပြီးတော့ ကျုံးကျိုးမှာ လျှို့ဝှက်ရေစီးကြောင်းတွေ စတင် လှုပ်ရှားလာပြီး ဂိုဏ်းကြီးတွေတောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်လို့ ဆရာကြီး ရွှမ်ကျီကျီ ပြောပြခဲ့ပါတယ်။ နောက်ပိုင်းမှာ မြင့်မြတ်သော သခင်ကြီး သုံးပါးက ပဋိပက္ခကို ငြိမ်းသတ်လိုက်တယ်လို့ သိရတယ်။ ကျွန်တော် မေးချင်တာက... သခင်လေးကျိယွဲ့၊ ကျုံးကျိုးရဲ့ လက်ရှိ အခြေအနေက ဘယ်လိုရှိလဲဗျ။ မြင့်မြတ်သောတောင်တော်နဲ့ မြို့တော်မြတ်ရဲ့ အခြေအနေကရော ဘယ်လို ရှိနေလဲဗျ"
လုချင်းသည် ကွေ့ဝိုက်မနေဘဲ တိုက်ရိုက် မေးလိုက်သည်။
လင်းကျိယွဲ့ကဲ့သို့ ဉာဏ်ကောင်းသူနှင့် ဆက်ဆံရာတွင် ရိုးသားခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း သူ သိသည်။ ထင်ထားသည့်အတိုင်း လုချင်း၏ ပွင့်လင်းမှုကို လင်းကျိယွဲ့ စိတ်မဆိုးသည့်အပြင် စတင် စဉ်းစားလိုက်သည်။ ခဏကြာတော့ သူက ဖြည်းညှင်းစွာ ပြောလာ၏။ "ကျုံးကျိုးရဲ့ အခြေအနေက သိပ်မကောင်းလှဘူး"
"အော်... ဘယ်လို ဆိုလိုတာလဲ"
"ခင်ဗျားတို့ ကျွန်တော့်ဦးလေး ဆရာကြီး ရွှမ်ကျီကျီနဲ့ တွေ့ပြီးပြီ ဆိုတော့ ဂိုဏ်းကြီးနှစ်ခု ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြလဲ ဆိုတာ သိမှာပေါ့"
လုချင်း ခေါင်းညိတ်လိုက်သည်။ "ဂိုဏ်းနှစ်ခုက မျိုးဆက်ပေါင်းများစွာ ရန်ဘက်တွေ ဖြစ်ခဲ့ကြပြီး ရှေးဟောင်း ကျင့်ကြံနည်း တစ်ခုအတွက် သွေးထွက်သံယို တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြတယ်လို့ ဆရာကြီး ရွှမ်ကျီကျီ ပြောပြပါတယ်ဗျ"
"ဟုတ်တယ်၊ ဂိုဏ်းနှစ်ခုက တကယ့် ရန်ဘက်ဟောင်းတွေပါ။ ဒါပေမဲ့ စည်းမျဉ်းအားလုံးကို ချိုးဖောက်ပြီး သေရေးရှင်ရေး တိုက်ပွဲ ဖြစ်လာအောင် တွန်းပို့လိုက်တာက ဝိညာဉ်စွမ်းအင်ကို ကိုယ့်အကျိုးအတွက် သန့်စင်ပေးနိုင်တဲ့ ရှေးဟောင်း ကျင့်ကြံနည်းကြောင့်ပေါ့"
"ဒါပေမဲ့ နောက်ဆုံးမှာ သခင်ကြီး သုံးပါး ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ပြီး ရှေးဟောင်း ကျင့်ကြံနည်း အနည်းငယ်ကို ထုတ်ပေးလိုက်တယ်၊ ဂိုဏ်းကြီးတွေ အားလုံးကို လေ့လာခွင့် ပေးလိုက်ပြီး ပဋိပက္ခကို ရပ်တန့်လိုက်တယ်လို့ ဆရာကြီး ရွှမ်ကျီကျီ ပြောခဲ့တယ် မဟုတ်လား"
"သခင်ကြီး သုံးပါးက ရှေးဟောင်း ကျင့်ကြံနည်း သုံးခုကို ထုတ်ပေးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့က ဒီနည်းလမ်းတွေကို ဂိုဏ်းအသီးသီးကို တိုက်ရိုက် ပေးလိုက်တာ မဟုတ်ပါဘူး။ အဲဒီအစား မြင့်မြတ်သောတောင်တော်ပေါ်မှာ ကမ္ပည်းထိုးပေးလိုက်ပြီး ကမ္ဘာပေါ်က သိုင်းပညာရှင်အားလုံးကို လေ့လာခွင့် ပေးလိုက်တာပါ" လင်းကျိယွဲ့က အံ့သြဖွယ် သတင်းအချက်အလက် တစ်ခုကို လုချင်းအား ဖွင့်ဟလိုက်၏။
"မြင့်မြတ်သောတောင်တော်ပေါ်မှာ ကမ္ပည်းထိုးထားတယ်" သမားတော်ကြီးလည်း အံ့သြသွားသည်။ "ဟုတ်တယ်၊ အခု အဲဒီ နည်းလမ်းသုံးခုကို မြင့်မြတ်သောတောင်တော်ရဲ့ 'မြင့်မြတ်သော နှလုံးသား ကျောက်ကမ်းပါး'ပေါ်မှာ ကမ္ပည်းထိုးထားတယ်။ ကျောက်ကမ်းပါးဆီ ရောက်အောင် လာနိုင်သရွေ့ ဘယ်သူမဆို၊ ဘယ်သိုင်းပညာရှင်မဆို ဒီနည်းလမ်းတွေကို လေ့လာနိုင်တယ်လို့ သခင်ကြီး သုံးပါးက ကြေညာထားပါတယ်။ ဒါပေမဲ့ ဘယ်လောက် နားလည်သဘောပေါက်နိုင်မလဲဆိုတာကတော့ ကိုယ့်ရဲ့ ဉာဏ်ပညာနဲ့ ကံတရားအပေါ် မူတည်ပါတယ်"
"အဲဒီလိုလား။ သခင်ကြီး သုံးပါးရဲ့ သဘောထားကြီးမှုက တကယ် လေးစားစရာကောင်းပါပေတယ်" လုချင်း ရိုးသားစွာ ချီးကျူးလိုက်သည်။ သူသာဆိုလျှင် သူ့ရတနာ နည်းလမ်းများကို ကမ္ဘာလောကသို့ ဤမျှ ကိုယ်ကျိုးမငဲ့ဘဲ ပေးလှူရန် ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။
"သခင်ကြီးတွေရဲ့ စိတ်နှလုံးက သဘာဝကျကျပဲ ကျွန်တော်တို့ လိုက်မမီနိုင်ပါဘူး" လင်းကျိယွဲ့ ပြန်ပြောသည်။ "ဒါ့အပြင် သခင်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို အများပြည်သူ သိအောင် ကြေညာပြီးနောက်တော့ ကျုံးကျိုးတစ်ခွင်လုံးမှာ ကြီးမားတဲ့ လှုပ်ရှားမှုကြီး ဖြစ်ပေါ်စေခဲ့တယ်လေ။ ကျုံးကျိုးအနှံ့အပြားက စွမ်းအားကြီး သိုင်းပညာရှင်အများကြက မြင့်မြတ်သောတောင်တော်ကို အပြေးအလွှား ရောက်လာကြတာပေါ့။ သူတို့က တောင်ပေါ် ကို အရင်ဦးအောင် တက်ပြီး အထွတ်အထိပ် နည်းလမ်းတွေကို ဦးဆုံး နားလည်သဘောပေါက်သူ ဖြစ်ဖို့ မျှော်လင့်နေကြတာလေ။ ခုဆို သတင်းက တခြား ပြည်နယ်တွေအထိပါ တဖြည်းဖြည်း ပြန့်သွားပြီလို့ ပြောနေကြတာပဲ။ နောက်ထပ် သိုင်းပညာရှင် ဘယ်လောက်များများ ထပ်ရောက်လာဦးမလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူး။ အခု မြို့တော်မြတ်ထဲမှာ လျှို့ဝှက် သိုင်းပညာ ကျွမ်းကျင်သူတွေနဲ့ပဲ ပြည့်နေတော့တာပဲလေ။ သူတို့ထဲက အများစုက အချင်းချင်း ရန်ငြိုးဟောင်းတွေလည်း ရှိကြသေး။ အဲ့တော့ အချင်းချင်း တွေ့ကြတဲ့အခါကျ သဘာဝကျကျပဲ ရန်ပွဲတွေ ပြန်စကြတာပေါ့။ ဒီရက်ပိုင်း မြို့တော်မြတ်ထဲမှာ နေ့တိုင်းလိုလို တိုက်ခိုက်မှုတွေကြောင့် လူတွေ သေနေကြတယ်။ မြို့တော်မြတ်က အခု မငြိမ်မသက် ဖြစ်နေပြီး ဘယ်အချိန် ကိစ္စကြီးကြီးမားမား ဖြစ်လာမလဲဆိုတာ မသေချာတော့ဘူး"
"ဘာဖြစ်လို့လဲ" လုချင်း နားမလည်ဖြစ်သွားသည်။ "သူတို့က နည်းလမ်းတွေကို လေ့လာဖို့ မြို့တော်မြတ်ကို လာကြတာ မဟုတ်ဘူးလား။ ဘာလို့ တိုက်ခိုက်နေကြတုန်းပဲလဲ"
"ဘာဖြစ်လို့လဲဆိုတော့ သခင်ကြီးတွေက ကျောက်ကမ်းပါးပေါ်က နည်းလမ်းတွေကို မည်သည့် သိုင်းပညာရှင်မဆို လေ့လာခွင့်ပြုထားပေမဲ့ လူတိုင်း မြင့်မြတ်သောတောင်တော်ကို တက်နိုင်တာ မဟုတ်လို့ပါပဲ"
လုချင်း စိတ်ဝင်စားသွားသည်။ "သခင်လေးကျိယွဲ့... ကျောက်ကမ်းပါးမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေလို့လား"
"ဒါပေါ့ လုချင်း... သာမန်လူတွေ မြင့်မြတ်သောတောင်တော်ကို တက်ခွင့်မရှိဘူး ဆိုတာ ခင်ဗျား ကြားဖူးတယ်မလား"
"ကြားဖူးပါတယ်"
"မြင့်မြတ်သောတောင်တော်က ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုနဲ့ ဝန်းရံထားလို့ သခင်ကြီးတွေက ဒီတားမြစ်ချက်ကို ထုတ်ထားတာပါ။ ဒီစွမ်းအားက ခန္ဓာကိုယ်ကို လေးလံစေရုံတင်မကဘူး ၊ စိတ်နဲ့ ဆန္ဒကိုပါ ဖိနှိပ်ထားတယ်လေ။ သာမန် သိုင်းပညာရှင်တွေ၊ အတွေ့အကြုံရှိတဲ့သူတွေတောင် တက်ဖို့ ကြိုးစားရင် ခြေလှမ်းနည်းနည်းလေးလောက်ကိုတောင် လှမ်းဖို့ ခက်ခဲလိမ့်မယ်။ ပြီးတော့ တောင်ထိပ်နဲ့ နီးလေ ဒီစွမ်းအားက ပိုပြင်းထန်လေပဲ။ တချို့နေရာတွေက ပြင်းထန်လွန်းလို့ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေတောင် မသွားရဲကြဘူး။ 'မြင့်မြတ်သော နှလုံးသား ကျောက်ကမ်းပါး' က မြင့်မြတ်သောတောင်တော်ရဲ့ တောင်ခါးပန်းလောက်မှာ ရှိတယ်။ အဲဒီမှာ ဆန်းကြယ်တဲ့ စွမ်းအားက တော်တော်လေး ထူပြောနေပြီ။ ဖိနှိပ်မှုက ပြင်းထန်လွန်းလို့ သာမန် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေတောင် အကြာကြီး မခံနိုင်ကြဘူးလေ။ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေတောင် နေဖို့ ခက်ခဲနေရင် အဲဒီအောက် နယ်ပယ်က လူတွေဆို ဘယ်လိုလုပ် ကျောက်ကမ်းပါးဆီ ရောက်နိုင်မှာလဲ"
"..."
လုချင်း တိတ်ဆိတ်သွားသည်။
သို့သော် သခင်ကြီး သုံးပါး၏ လုပ်ရပ်နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို သူ ဝေဝေဝါးဝါး ခန့်မှန်းမိပါ၏။
ဝိညာဉ်စွမ်းအင်ကို သန့်စင်နိုင်သော ရှေးဟောင်းနည်းလမ်းဆိုသည်မှာ ထူးကဲသော အရာဖြစ်ရမည် ဖြစ်ပြီး ကျင့်ကြံမှု လိုအပ်ချက်များ အလွန် မြင့်မားဖွယ် ရှိသည်။ သာမန် သိုင်းပညာရှင်များ ရရှိခဲ့လျှင်ပင် သူတို့ နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။ ၎င်းသည် ထူးကဲသော ပါရမီ ရှိပြီး 'ချီသွေးကြောအမှတ်များနှင့် မရီးဒျန်' ပွင့်ပြီးသူများ သို့မဟုတ် စွမ်းအားကြီး မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများသာ လက်လှမ်းမီနိုင်သည့် အရာ ဖြစ်နိုင်သည်။
"သခင်လေးကျိယွဲ့... ခင်ဗျားကော အဲ့နည်းလမ်းတွေကို လေ့လာဖို့ ကျောက်ကမ်းပါးကို သွားခဲ့လား" တိတ်ဆိတ်စွာ နားထောင်နေသော ဝေ့ကျိအန်းက ရုတ်တရက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"မသွားခဲ့ပါဘူးဗျ" လင်းကျိယွဲ့ ခေါင်းခါလိုက်သည်။ "သခင်ကြီးတွေ နည်းလမ်းတွေကို စပြီး ကမ္ပည်းထိုးတုန်းက ကျွန်တော် သွားကြည့်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ဆရာက ကျွန်တော် အဆင့်တက်ခါစမို့ အခြေခံ အုတ်မြစ် မခိုင်မာသေးဘူးလို့ ပြောတယ်လေ။ ပိုပြီး နက်နဲတဲ့ နည်းလမ်းတွေကို မဆင်မခြင်နဲ့ နားလည်ဖို့ ကြိုးစားလိုက်မိရင် အန္တရာယ်ရှိရုံတင်မကဘူး ၊ စိတ်ကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်ပြီး သိုင်းပညာ လမ်းကြောင်းတိုးတက်မှုကိုပါ အဟန့်အတား ဖြစ်စေနိုင်တယ်တဲ့။ ဒါကြောင့် ကျောက်ကမ်းပါးကို မသွားခင် အခြေခံ အုတ်မြစ်ကို အရင် တည်ငြိမ်အောင် လုပ်ဖို့ ဆရာက အကြံပေးခဲ့တယ်ဗျ"
"ကြည့်ရတာ သခင်ကြီးတွေ ပေးတဲ့ နည်းလမ်းတွေက မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ရဲ့ စိတ်ကိုတောင် အနှောင့်အယှက်ဖြစ်စေနိုင်တယ် ဆိုတော့ တကယ် နက်နဲမယ့်ပုံပဲ" လုချင်း အံ့သြစွာ ပြောလိုက်သည်။
"သဘာဝကျကျပဲပေါ့။ သခင်ကြီးတွေ နည်းလမ်းတွေကို ကမ္ပည်းထိုးပေးခဲ့တာ အချိန်အတော်ကြာခဲ့ပြီလို့ ပြောကြတယ်။ ဒါပေမဲ့ ဂိုဏ်းကြီးတွေရဲ့ အဓိပတိ အကြီးအကဲတွေနဲ့ စွမ်းအားကြီး မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေတောင် တိုးတက်မှု အနည်းငယ် ရှိပေမဲ့ သူတို့ရဲ့ ပိတ်ဆို့တားဆီးနေတာတွေကို ချိုးဖျက်ပြီး ပိုပြီး ထူးကဲတဲ့ နယ်ပယ်ကို မရောက်နိုင်ကြသေးဘူးလေ။ ဒါက ဒီနည်းလမ်း သုံးခုကို နားလည်ဖို့ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာ ပြနေတာပဲ။ ဒါနဲ့... အကြီးအကဲချန်၊ ခင်ဗျားက ကံတရားရဲ့ ကြီးမားတဲ့ ကောင်းချီးကိုလည်း ရထားပြီး နက်နဲတဲ့ ဉာဏ်ပညာလည်း ရှိတယ်မလား။ ဘာလို့ သွားမလေ့လာကြည့်တာလဲ။ တစ်ခုခု ရကောင်း ရနိုင်တာပေါ့" လင်းကျိယွဲ့က သမားတော်ကြီးကို ရုတ်တရက် အကြံပြုလိုက်၏။
"ဟဟ... ဒီလောက် စွမ်းအားကြီးတဲ့ ဂိုဏ်းခေါင်းဆောင်တွေတောင် နားမလည်နိုင်ကြတာ၊ ငါ့လို ဉာဏ်ထိုင်းတဲ့ လူက ဘယ်လိုလုပ် တိုးတက်မှု ရှိမှာလဲ။ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလိုပဲ ဖြစ်နေမှာပေါ့" သမားတော်ကြီးက တဟားဟား ရယ်မောလိုက်သည်။
"ခင်ဗျားကတော့ နောက်နေပါပြီ အကြီးအကဲချန်ရယ်။ ခင်ဗျားသာ ဉာဏ်ထိုင်းတယ်ဆိုရင် ကျန်တဲ့ ကျွန်တော်တို့တွေက ဝက်လောက်တောင် ဉာဏ်မရှိတဲ့သူတွေ ဖြစ်ကုန်တော့မှာပေါ့" လင်းကျိယွဲ့ ရယ်မောလိုက်သည်။
သမားတော်ကြီးတွင် ကုသိုလ်အလင်းနှင့် ကြီးမားသော ကံတရား ရှိရုံသာမက ထူးကဲသော သိုင်းပညာပါရမီလည်း ရှိကြောင်း သူ ကောင်းကောင်း သိပါ၏။ လွန်ခဲ့သော နှစ်နှစ်က ချန်းခရိုင် မြို့တံခါး အပြင်ဘက်တွင် တိုက်ခိုက်စဉ် သမားတော်ကြီးက 'မွေးရာပါနယ်ပယ်ပိုင်နက်' အရိပ်အယောင်ကို ထုတ်သုံးလိုက်တုန်းက သူ ခံစားခဲ့ရသော ထိတ်လန့်မှုကို အခုထိ မမေ့နိုင်သေးပေ။
ထိုသည်ကို သတိရတော့ လင်းကျိယွဲ့က တစ်ခုခုကို ရုတ်တရက် သတိရသွားလေ၏။ "ဒါနဲ့... အကြီးအကဲချန်၊ အခု ခင်ဗျား မြို့တော်မြတ် ရောက်နေပြီဆိုတော့ သတိထားရမယ့် လူတစ်ယောက် ရှိတယ်။"
"ဘယ်သူလဲ"
"ဝမ်ချန်းရီပါ။ မကြာသေးခင်က မြောက်ပိုင်းနယ်စပ် ထျန်းချန်းဂိုဏ်းက အဓိပတိ အကြီးအကဲ အများကြီး မြို့တော်မြတ်ကို ရောက်လာကြတယ်လေ။ အဲဒီထဲမှာ ခင်ဗျားနဲ့ ပြဿနာ ဖြစ်ခဲ့ဖူးတဲ့ ဝမ်ချန်းရီလည်း ပါတယ်"
"သူလား" ဝမ်ချန်းရီ နာမည်ကို ကြားလိုက်ရသောအခါ၌ သမားတော်ကြီးရော လုချင်းပါ အံ့သြသွားကြသည်။ ဝေ့ကျိအန်းနှင့် မာကူးပင် လန့်သွားကြ၏။