အခန်း (၂၇၁-၂၇၂)
Vol. 28 Ch. 271-272
အခန်း ၂၇၁ - ကောင်းကင်လှေကားထစ်ကို တက်ရောက်ခြင်းနှင့် ကျုံးကျိုးနယ်မြေမှ သူရဲကောင်းဆယ်ဦး
ဝမ်ချန်းယီနှင့် လုချင်းတို့ကြားတွင် နက်ရှိုင်းသော အတိတ်ဇာတ်ကြောင်းများ ရှိခဲ့ဖူးလေသည်။ ထိုစဉ်က ဝေ့မိသားစုကို ကူညီရန်အတွက် ခရိုင်မြို့သို့ သွားရောက်ဖို့ လုချင်းတို့ ဆုံးဖြတ်ချက်ကြီးတစ်ခု ချခဲ့ရသည်။
ထိုအချိန်က ဝေ့မိသားစုသည် ပျက်စီးလုနီးပါးအထိ ဖိနှိပ်ခံခဲ့ရဖူးသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က လုချင်းနှင့် သူ့အဖွဲ့သားများ ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်များထဲတွင် ဝမ်ချန်းယီသည် အသန်မာဆုံးဟု ဆိုနိုင်ပေ၏။ မထင်မှတ်ထားစွာဖြင့် အချိန်အတော်ကြာပြီးမှ ထိုနာမည်ကို ပြန်ကြားလိုက်ရခြင်း ဖြစ်သည်။
"ကောလာဟလတွေအရတော့ ဝမ်ချန်းယီက ချန်းခရိုင်ကနေ ဆုတ်ခွာသွားပြီးနောက်ပိုင်း ထျန်းချန်းဂိုဏ်းကို ပြန်ရောက်ပြီး တံခါးပိတ် ကျင့်ကြံနေခဲ့တာတဲ့။ အခုဆိုရင် သူက မွေးရာပါနယ်ပယ်ရဲ့ အသေးစားအောင်မြင်မှုအဆင့်ကို ရောက်နေတဲ့ ကျွမ်းကျင်သူတစ်ယောက်တောင် ဖြစ်နေပြီလေ။
ဒါ့အပြင် သူ့ရဲ့ တပည့်ကြီး လူသန်ကြီးကလည်း လွန်ခဲ့တဲ့ ခြောက်လလောက်က မွေးရာပါနယ်ပယ်ကို ရောက်သွားပြီလို့ ကြားတယ်။ ဒီတစ်ခေါက်မှာ ထျန်းချန်းဂိုဏ်းက အဓိပတိအကြီးအကဲ သုံးယောက်တောင် သူနဲ့အတူ ပါလာကြတယ်လေ။ အကယ်၍ သူသာ ခင်ဗျားနဲ့ ပြန်တွေ့ရင် တမင်သက်သက် ရန်စလာနိုင်တယ်ဗျ။ သမားတော်ကြီးချန်... ခင်ဗျား သတိထားမှ ဖြစ်မယ်"
လင်းကျိယွဲ့၏ သတိပေးစကားကို ကြားသောအခါ လုချင်းက စိတ်ဝင်တစား မေးလိုက်သည်။
"ဘာ... ကျွန်တော်တို့က အခု မြို့တော်မြတ်ထဲ ရောက်နေတာလေ။ ဝမ်ချန်းယီက မြို့စည်းကမ်းကို ဖောက်ဖျက်ပြီး မြို့ထဲမှာ လက်ရဲဇက်ရဲ လုပ်ရဲလို့လား"
လင်းကျိယွဲ့က ပြုံးလိုက်ပြီး ပြန်ဖြေသည်။
"လုချင်း... မင်း မသိသေးတဲ့ အချက်တစ်ချက် ရှိနေတာပဲ။ မြင့်မြတ်သောတောင်တော်ရဲ့ စည်းကမ်းဖြစ်တဲ့ မွေးရာပါနယ်ပယ် အဆင့်ရှိသူတွေ မြို့ထဲမှာ မတိုက်ခိုက်ရဘူးဆိုတာက တစ်ကမ္ဘာလုံးအတွက် အကျုံးဝင်ပေမဲ့... ဒီစည်းကမ်း အကျုံးမဝင်တဲ့ မြို့တစ်မြို့တော့ ရှိတယ်ဗျ"
"မြို့တော်မြတ်လား" လုချင်း ရိပ်မိသွားလေသည်။
"ဟုတ်တယ်... မြို့တော်မြတ်ပဲ" လင်းကျိယွဲ့က ရယ်မောလိုက်သည်။ "မြို့တော်မြတ်ထဲမှာ သိုင်းပညာရှင်တွေရဲ့ အင်အားကို ဖိနှိပ်ထားတဲ့ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေတာကို မင်းလည်း သတိထားမိမှာပါ။ ဒါကြောင့် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေ မြို့ထဲမှာ တိုက်ခိုက်ရင်တောင် သိပ်ပြီး ထိခိုက်မှု မရှိနိုင်ဘူးလေ။ ဒါ့အပြင် မြို့တော်မြတ်မှာ ပုဂ္ဂိုလ်ရေး အာဃာတတွေကို ဖြေရှင်းဖို့အတွက် သေရေးရှင်ရေး စိန်ခေါ်တိုက်ခိုက်နိုင်တဲ့ ကွင်းပြင်လည်း ရှိသေးတယ်။ မြို့တော်မြတ်ရဲ့ စည်းကမ်းတွေကို သေချာမသိထားရင် မင်း နစ်နာသွားနိုင်တယ်နော်"
"သြော်... အဲဒီလိုကိုး" လုချင်း ခေါင်းညိတ်လိုက်သည်။
ကမ္ဘာ့နံပါတ်တစ် မြို့တော်ဆိုသည့်အတိုင်း အခြားနေရာများနှင့်မတူသော စည်းမျဉ်းများ ရှိနေသည်မှာ အမှန်ပင်။ သို့သော်...
မြို့တော်မြတ်ထဲမှာ တိုက်ခိုက်ခွင့် ရှိတယ်ဆိုတော့ ငါသာ ဝမ်ချန်းယီကို မတော်တဆ သတ်မိလိုက်ခဲ့ရင် စည်းကမ်းဖောက်ဖျက်ရာ မရောက်ဘူးပေါ့။
လုချင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာလေသည်။ ဝန်ချန်းယီနှင့် ပတ်သက်လျှင် လွန်ခဲ့သော နှစ်နှစ်က ဖြစ်ပျက်ခဲ့သည်များကို သူ မေ့ပျောက်သွားလိမ့်မည်ဟု လုချင်း မယုံကြည်ပေ။
ဝမ်ချန်းယီ၏ တပည့်အရင်းနှစ်ယောက်ကို သူကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဝမ်ချန်းယီ မသိခဲ့လျှင်တောင် အချိန်ကာလတစ်ခု ကြာလာသည်နှင့်အမျှ သူတို့လက်ချက်မှန်း ရိပ်မိသွားလောက်ပြီ ဖြစ်၏။
ဤမျှ ကြီးမားသော အငြိုးအတေးကို ဝမ်ချန်းယီကဲ့သို့ လက်စားချေတတ်သူတစ်ဦးက လွယ်လွယ်နှင့် ခွင့်လွှတ်လိမ့်မည်ဟု လုချင်း မထင်မိပါ။ ထို့ကြောင့် အရိပ်ထဲတွင် ပုန်းအောင်းနေသော ရန်သူကို အခွင့်အရေးရလျှင်ရချင်း ရှင်းပစ်လိုက်သည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
လုချင်း၏ စိတ်ထဲတွင် လူသတ်လိုသော ရည်ရွယ်ချက်များ ပေါ်လာသည်ကို လင်းကျိယွဲ့ သတိထားမိလိုက်၏။ ထို့ပြင် လုချင်းနှင့် သမားတော်ကြီးချန်တို့သည် ဝမ်ချန်းယီ ရောက်ရှိနေသည့်သတင်းကို ကြားရသော်လည်း တုန်လှုပ်ခြင်း မရှိသည်ကို သူ တွေ့လိုက်ရသည်။ မာကူးနှင့် ဝေ့ကျိအန်းတို့ပင် အံ့သြသွားကြသော်လည်း ကြောက်ရွံ့သည့် အရိပ်အယောင်တော့ မပြပေ။ ဤအချက်က သမားတော်ကြီးချန်၏ အင်အားနှင့်ပတ်သက်ပြီး လင်းကျိယွဲ့ကို ပို၍ သတိထားမိစေသည်။
"သခင်လေးကျိယွဲ့... ကျွန်တော့်ဆရာအတွက် မြင့်မြတ်သောတောင်တော်မှာ ကံကောင်းခြင်းတစ်ခု စောင့်ကြိုနေတယ်လို့ ခင်ဗျား ပြောဖူးတယ်နော်။ အဲဒါ အခုထိ အကျုံးဝင်သေးရဲ့လားဗျ"
"ဒါပေါ့ဗျာ" လင်းကျိယွဲ့က ခေါင်းညိတ်ကာ ထောက်ခံသည်။ "မြင့်မြတ်သော သခင်ကြီးသုံးပါးကိုယ်တိုင် ကတိပေးထားတဲ့ အခွင့်အရေးပဲဟာ... သေချာပေါက် အစစ်အမှန် ဖြစ်ရမှာပေါ့"
"ဒါဆို ကျွန်တော့်ဆရာက အဲဒီ ကံကောင်းခြင်းကို ယူဖို့ ဘယ်အချိန်များ မြင့်မြတ်သောတောင်တော်ကို သွားလို့ရမလဲဗျ"
"ထုံးစံအရတော့ ဘယ်အချိန်သွားသွား ရပါတယ်။ ဒါပေမဲ့ မင်းတို့ ရောက်လာတာက ရုတ်တရက်ကြီး ဖြစ်နေတော့ မြင့်မြတ်သောရေကန်မှာ လက်ရှိ လေ့လာနေသူတွေ ရှိ ၊ မရှိ စစ်ဆေးဖို့အတွက် မြင့်မြတ်သောတောင်တော်ကို အရင် သတင်းပို့ရဦးမယ်"
"ဒါဆို သခင်လေးကျိယွဲ့ကိုပဲ ဒုက္ခပေးရတော့မယ်ဗျာ"
"ရပါတယ်ဗျာ... ဒါ ကျွန်တော့်တာဝန်ပဲလေ"
စကားစမြည် ပြောနေကြရင်း အပြင်ဘက်မှ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားလောက်အောင် ကျယ်လောင်သော ဆူညံသံများကို ရုတ်တရက် ကြားလိုက်ကြရ၏။
"သခင်လေးကျိယွဲ့... အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ"
လုချင်း နားစွင့်ကြည့်လိုက်ရာ စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် စူးစမ်းချင်စိတ် ဖြစ်ပေါ်လာသည်။ လင်းကျိယွဲ့လည်း နားထောင်ကြည့်ပြီးနောက် သဘောပေါက်သွားကာ ပြုံးလိုက်၏။
"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူးဗျာ... လူငယ်ပါရမီရှင်တစ်စု မြင့်မြတ်သောတောင်တော်ရဲ့ ကောင်းကင်လှေကားထစ်ကို တက်ဖို့ စုဝေးနေကြတာ နေမှာပါ"
"မြင့်မြတ်သောတောင်တော်ရဲ့ ကောင်းကင်လှေကားထစ်ကို တက်တာ ဟုတ်လား"
လုချင်းနှင့် အဖွဲ့သားများ အံ့သြသွားကြသည်။
"မြင့်မြတ်သောတောင်တော်က နှစ်ပေါင်းများစွာကြာအောင် လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ ဖုံးလွှမ်းနေလို့ တောင်ထိပ်ကို ရောက်ဖို့ ခက်ခဲတယ်လို့ ကျွန်တော် ပြောဖူးတယ်မလား။ မြင့်မြတ်သောတောင်တော်ရဲ့ ခြေရင်းမှာ တောင်ထိပ်အထိ တိုက်ရိုက်ရောက်နိုင်တယ်လို့ ဆိုကြတဲ့ ကောင်းကင်လှေကားထစ် တစ်ခုရှိတယ်။
ဒါပေမဲ့ ဒီလှေကားထစ်က တခြားလမ်းတွေထက် တက်ရတာ ပိုခက်ခဲတယ်ဗျ။ ခြေတစ်လှမ်း တက်လိုက်တိုင်း ဖိအားက ပိုတိုးလာတာလေ။ ခိုင်မာတဲ့ အခြေခံနဲ့ ကြီးမားတဲ့ အင်အားရှိတဲ့သူတွေမှပဲ ဒီလှေကားကို တက်လှမ်းဖို့ အရည်အချင်း ပြည့်မီကြတာ။ နှစ်သောင်းချီ ကြာမြင့်ခဲ့တဲ့ကာလတစ်လျှောက်မှာ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေ အပါအဝင် မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေ အဲ့ဒီကောင်းကင်လှေကားထစ်ကို တက်ဖို့ ကြိုးစားခဲ့ကြဖူးတယ်။
ပါရမီအရှိဆုံး လူတချို့ကတော့ လှေကားထစ်ပေါ်မှာ သူတို့နာမည်ကို ချန်ထားရစ်နိုင်ခဲ့ကြတယ်လေ။ ဒါက မြို့တော်မြတ်ရဲ့ ထူးခြားချက်တွေထဲက တစ်ခုပေါ့။ မြို့တော်ကို ရောက်လာတဲ့ သိုင်းပညာရှင် အများစုက သူတို့နာမည်ကို မှတ်တမ်းတင်နိုင်မလားဆိုတာ သိချင်ကြလို့ လှေကားထစ်ကို တက်ကြည့်ကြတာချည်းပဲလေ။ ဒါမှမဟုတ်လည်း သမိုင်းတစ်လျှောက်က ဒဏ္ဍာရီလာ သူရဲကောင်းတွေနဲ့ ယှဉ်ရင် သူတို့အဆင့်အတန်း ဘယ်လောက်ရှိလဲဆိုတာ တိုင်းတာချင်ကြလို့ပေါ့"
"အဲဒီလောက်တောင် ထူးခြားတာလား"
လုချင်းတို့အဖွဲ့ စိတ်ဝင်စားသွားကြသည်။ မြင့်မြတ်သောတောင်တော်သည် ကမ္ဘာလောက၏ ဗဟိုချက်မ ဖြစ်နေသည်မှာ မဆန်းပေ။ ဒီလို ကောင်းကင်လှေကားထစ်မျိုး ရှိမှန်း သူတို့ တစ်ခါမှ မကြားဖူးခဲ့ချေ။
"လူတိုင်း စိတ်ဝင်စားနေမှတော့ ကျွန်တော်တို့လည်း သွားပြီး ဝင်နွှဲကြည့်ကြမလား" လင်းကျိယွဲ့က ရုတ်တရက် အကြံပြုလာလေသည်။
"မသွားဘဲ နေမလားဗျာ"
လုချင်းလည်း မြင့်မြတ်သောတောင်တော်၏ အံ့ဖွယ်များကို လေ့လာချင်နေသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်၏။
ဟူကျိကျစ်တစ်ယောက်သာ တွန့်ဆုတ်နေလေသည်။ "ဒါပေမဲ့..."
သူမ၏ အခြေအနေကို တွေးမိပြီး စိုးရိမ်နေခြင်း ဖြစ်သည်။
"မိန်းကလေးဟူ... မင်းရဲ့ ကံဆိုးမိုးမှောင်ကျမှုက ဘယ်ကလာလဲဆိုတာ ကြိုမခန့်မှန်းနိုင်မှတော့ အဲဒါကို ခဏလောက် ဘေးဖယ်ထားလိုက်ပါလား။ ဖြစ်လာမယ့်အရာကတော့ ဖြစ်လာမှာပါပဲလေ... အရမ်းကြီး စိုးရိမ်မနေပါနဲ့။ အတွေးလွန်တာက ကျန်းမာရေးကို ထိခိုက်စေပြီး ခန္ဓာကိုယ်ကို အားနည်းစေတတ်တယ်ကွဲ့" သမားတော်ကြီးချန်က နှစ်သိမ့်လိုက်သည်။
"ဟုတ်တယ်" လုချင်းကလည်း ထောက်ခံလိုက်၏။ "မင်း ကျွန်တော်တို့နဲ့ အရမ်းအကွာကြီးမှာ မနေသရွေ့တော့ ဒီမှာ ပုန်းနေတာထက် အပြင်ထွက်တာက ပိုကောင်းပါလိမ့်မယ်။ မင်းရဲ့ ကံဆိုးမှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတောင် တွေ့ချင်တွေ့လာနိုင်တာပဲ"
ဟူကျိကျစ် စဉ်းစားကြည့်လိုက်ရာ သူတို့စကားများက အဓိပ္ပာယ်ရှိသည်ဟု ယူဆလိုက်သည်။ သူမ၏ ကံဆိုးမှုအကြောင်း သူမ ဘာမှ မသိရ။ ကြောက်ရွံ့စိတ်ဖြင့် နေထိုင်နေမည့်အစား လုချင်းတို့နှင့်အတူ ပျော်ရွှင်စွာ နေထိုင်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
နောက်ဆုံးတွင် ကံကြမ္မာကို မလွန်ဆန်နိုင်လျှင်တောင် မြင့်မြတ်သောတောင်တော်သို့ လာရကျိုးနပ်သွားပေမည်။
ထို့ကြောင့် သူမ ခေါင်းညိတ်လိုက်တော့၏။ "သမားတော်ကြီးချန် ပြောသလို လုပ်ပါ့မယ်"
ထို့နောက် လုချင်းတို့အဖွဲ့သည် လင်းကျိယွဲ့ ဦးဆောင်မှုဖြင့် မြို့၏ မြောက်ဘက်သို့ ထွက်ခွာလာကြသည်။ မြင့်မြတ်သောတောင်တော်အား ဝန်းရံ၍ မြို့တော်မြတ်ကို တည်ဆောက်ထားခြင်း ဖြစ်ပြီး မြို့၏မြောက်ဘက်ပိုင်းသည် တောင်ခြေရင်းတွင် ရှိလေသည်။
"လူတွေ အများကြီးပါလား"
လုချင်းတို့ ရောက်သွားသောအခါ တောင်ခြေရင်းရှိ လူအုပ်ကြီးကို မြင်ပြီး အံ့သြသွားကြသည်။ တောင်ခြေရှိ မြေကွက်လပ်တွင် လူထောင်ပေါင်းများစွာ စုဝေးနေကြသည်။ ထိုလူများကတော့ သွေးစွမ်းအင်များ ပြည့်ဝနေသော သိုင်းပညာရှင်များ ဖြစ်ကြသည်။ ဝေ့ကျိအန်းတို့ပင် အံ့သြသွားရသည့် ဤမြင်ကွင်းသည် လုချင်းကိုလည်း မှင်သက်သွားစေမိ၏။ သိုင်းပညာရှင် အများအပြား တစ်နေရာတည်းတွင် စုဝေးနေခြင်းကို သူ တစ်ခါမှ မမြင်ဖူးသလို ကြီးမားလှသော သွေးစွမ်းအင် အရှိန်အဝါကိုလည်း ခံစားလိုက်ရသည်။
"ဟိုဟာက ဒဏ္ဍာရီလာ ကောင်းကင်လှေကားထစ်လား"
တောင်နံရံပေါ်တွင် ကျောက်စိမ်းရောင် လှေကားထစ်ကြီးတစ်ခုက နဂါးတစ်ကောင်သဖွယ် တွန့်လိမ်ကောက်ကွေ့ကာ မြင့်မြတ်သောတောင်တော်အထက်သို့ ထိုးတက်သွားသည်ကို လုချင်း မြင်လိုက်ရသည်။ တောင်ခါးပန်းရှိ မြူခိုးများကြားတွင် ပျောက်ကွယ်သွားပြီး အဆုံးသတ်ကို မမြင်နိုင်ချေ။ လှေကားထစ်တစ်ခုစီသည် တစ်မီတာခန့် မြင့်ပြီး လူပေါင်းများစွာ တစ်ပြိုင်နက် ရပ်နိုင်လောက်အောင် ကျယ်ဝန်းလှ၏။
ဤအံ့ဖွယ်မြင်ကွင်းကြောင့် လုချင်းတို့ အံ့သြမှင်သက်သွားကြသည်။ လင်းကျိယွဲ့က ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ရှေ့ရှိ လူအုပ်ကြီးထံမှ အံ့ဩတကြီးပြောသံများ ထွက်ပေါ်လာခဲ့၏။
"ဟေ့... တစ်ယောက်ယောက် ကောင်းကင်လှေကားထစ်ကို တက်နေပြီဟ"
လုချင်းတို့ မော့ကြည့်လိုက်ရာ အဖြူရောင်ပုံရိပ်တစ်ခု လေပေါ်သို့ မြင့်မားစွာ ခုန်တက်သွားပြီး ကျောက်စိမ်း လှေကားထစ်ပေါ်သို့ ပေါ့ပါးစွာ ကျဆင်းသွားသည်ကို တွေ့လိုက်ရသည်။ လှုပ်ရှားမှု တစ်ခုတည်းဖြင့် လှေကားထစ် ဆယ်ဆင့်ကျော်ကို ကျော်တက်သွားခြင်း ဖြစ်သည်။
ထိုသူမှာ ကျောက်စိမ်း ယပ်တောင်အဖြူကို ကိုင်ဆောင်ထားသည့် ချောမောခန့်ညားသော လူငယ်တစ်ဦး ဖြစ်၏။
"မိုက်လိုက်တာကွာ... ကျုံးကျိုးနယ်မြေရဲ့ သူရဲကောင်းဆယ်ဦးထဲက တစ်ယောက်ဖြစ်တဲ့ သခင်လေးပိုင်ဆိုမှတော့ တကယ်ပဲ ထူးခြားတာပဲ။ ပထမဆုံးအကြိမ် ခုန်လိုက်တာနဲ့ လှေကားထစ် ၁၃ ဆင့်ကို ကျော်သွားနိုင်တယ်တဲ့ဟေ့"
လူအုပ်ကြီးထံမှ အားပေးသံများ ဆူညံစွာ ထွက်ပေါ်လာသည်။
"သူ ဖြစ်နေတာလား"
ထိုအချိန်တွင် လင်းကျိယွဲ့က တီးတိုး ရေရွတ်လိုက်၏။
"သခင်လေးကျိယွဲ့... အဲဒီလူကို သိလို့လား" ဝေ့ကျိအန်းက စပ်စုလိုက်သည်။
"သိတာပေါ့ဗျာ... ကျုံးကျိုးမှာ သူ့နာမည်ဂုဏ်သတင်းက မသေးဘူးလေ။ သူက ချင်းယွိဂိုဏ်း ရဲ့ တပည့်ကြီး ပိုင်ပုဖန်ပါ။ သိုင်းပညာ အရမ်းတော်တယ်။ မွေးရာပါနယ်ပယ်ကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ အဆင့်ကို ရောက်နေပြီလို့ ပြောကြတယ်။
ကျုံးကျိုးက လူငယ်ပါရမီရှင်တွေကြားမှာ သူ့ဂုဏ်သတင်းက ကြီးတယ်လေ။ တစ်ခါတုန်းက မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရဲ့ တိုက်ကွက် ၁၀ ကွက်ကို သူ့ရဲ့ ချင်းယွိသိုင်းကွက်နဲ့ ခုခိုံင်ခဲ့တယ်တဲ့။ အဲ့ဒါကြောင့်နဲ့ပဲ ကျုံးကျိုးတစ်ခွင် ဟိုးလေးတကျော် ဖြစ်သွားခဲ့တာလေ။ ဒါ့အပြင် သူ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့်လည်း အမျိုးသမီး တပည့်အများကြီးရဲ့ သည်းသည်းလှုပ် အားပေးတာကို ခံရတာပေါ့။ ကျုံးကျိုးနယ်မြေရဲ့ သူရဲကောင်းဆယ်ဦးထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတယ်"
လင်းကျိယွဲ့က ပိုင်ပုဖန်၏ နောက်ခံသမိုင်းကြောင်းကို အသေးစိတ် ရှင်းပြလေသည်။ သို့သော် ထိုအကြောင်းများကို ကြားပြီးနောက်၌ မာကူးနှင့် အခြားသူများ၏ မျက်နှာထားများက တစ်မျိုးဖြစ်သွားကြသည်။
အထူးသဖြင့် ဝေ့ကျိအန်းဆိုလျှင် ခေါင်းကုတ်နေလေသည်။ 'ကျုံးကျိုးနယ်မြေရဲ့ သူရဲကောင်းဆယ်ဦးဆိုတာ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူရဲ့ တိုက်ကွက် ၁၀ ကွက်လောက်ကိုပဲ ခံနိုင်ရည်ရှိတာလား... ဒါလောက်ပဲလား' ဟု သူ တွေးနေမိသည်။
လုချင်းက သူတို့ဘိုးဘေးနှင့် ယှဉ်ပြိုင်ခဲ့သည်ကို ဝေ့ကျိအန်းတစ်ယောက် ပြန်သတိရသွားသည်။ ထိုစဉ်က အကယ်၍သာ အမှန်တကယ် တိုက်ခိုက်ခဲ့လျှင် လုချင်းကို နိုင်ချင်မှ နိုင်လိမ့်မည်ဟု ဘိုးဘေးကိုယ်တိုင် ပြောခဲ့သည်ကို သူ ကြားခဲ့ဖူးသည်။ လုချင်းသည် လျှို့ဝှက်ဆန်းကြယ်သော မသေမျိုးလမ်းစဉ်ကိုလည်း တတ်ကျွမ်းထားသေးပါ၏။ ဤသို့ တွေးမိလိုက်သောအခါ ကျုံးကျိုးနယ်မြေ၏ သူရဲကောင်းဆယ်ဦး ဆိုသူများသည် ဘာမှ သိပ်မထူးခြားဟု ဝေ့ကျိအန်း ခံစားလိုက်ရသည်။ လုချင်းနှင့် ယှဉ်လိုက်လျှင် သူတို့သည် ပြောပလောက်အောင် မကောင်းပေ။
သိပ်သေချာသည်ကတော့ ဝေ့ကျိအန်းသည် ထိုစကားများကို ဘယ်တော့မှ ထုတ်ပြောမည် မဟုတ်ပါ။ သို့သော် အကင်းပါးသော လင်းကျိယွဲ့ကတော့ ပိုင်ပုဖန် အကြောင်း မိတ်ဆက်ပေးပြီးနောက်၌ သူတို့၏ ထူးဆန်းနေသော မျက်နှာထားများကို သတိထားမိလိုက်သည်။ ကံကောင်းစွာဖြင့် ထိုအချိန်မှာပင် အရှေ့ဘက်မှ နောက်ထပ် အားပေးသံများ ထွက်ပေါ်လာခဲ့၏။
လူအုပ်ကြီးထဲမှ အခြားပုံရိပ်တစ်ခု ခုန်ထွက်လာပြီး ကျောက်စိမ်းလှေကားထစ်ပေါ်ရှိ ပိုင်ပုဖန်၏ ဘေးနားသို့ ရောက်ရှိလာပါ၏။ ထိုသူမှာ ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။
"အဲ့ဒါ စစ်ထူကျင်းပဲကွ"
"ဟေ့... ပွဲကောင်းတော့ ကြည့်ရတော့မယ်"
"အဲဒီနှစ်ယောက် အပေါ်မှာ တိုက်ကြဦးမလား"
"မတိုက်လောက်ပါဘူး... မြင့်မြတ်သောတောင်တော်ပေါ်မှာ ဘယ်သူက တိုက်ရဲမှာလဲ"
"တိုက်စေချင်တာကွာ... ဘယ်သူ ပိုစွမ်းလဲဆိုတာ မြင်ရတာပေါ့"
လူအုပ်ကြီးက ထိုသူကို ချက်ချင်း မှတ်မိသွားကြပြီး မျှော်လင့်တကြီး ပြောဆိုနေကြသည်။
လုချင်းတို့အဖွဲ့ကတော့ လင်းကျိယွဲ့ကို ပြန်ကြည့်လိုက်ကြ၏။
လင်းကျိယွဲ့ကလည်း ပြုံးလိုက်ပြီး "ဒါက ထျန်းယွမ်ဂိုဏ်း ရဲ့ တပည့်ကြီး စစ်ထူကျင်း ပါ။ ပိုင်ပုဖန်လိုပဲ သူကလည်း ကျုံးကျိုးနယ်မြေရဲ့ သူရဲကောင်းဆယ်ဦးထဲက တစ်ယောက်ပဲ။ သူတို့နှစ်ယောက်က အမြဲတမ်း မသင့်မြတ်ကြဘူးလေ။ ခဏခဏကို ပြိုင်နေကြတာ။ ဘယ်သူမှ အလျှော့မပေးကြဘူး "
"သခင်လေးကျိယွဲ့... ကျုံးကျိုးနယ်မြေရဲ့ သူရဲကောင်းဆယ်ဦး ဆိုတာကို ခင်ဗျား ခဏခဏ ပြောနေတယ်နော်။ အဲဒါ ဘာဘွဲ့ထူးမလို့လဲဗျ။ ပြီးတော့ အဲဒီ အဆင့်သတ်မှတ်ချက်ကို ဘယ်သူက ဆုံးဖြတ်တာလဲဗျ" မာကူးက မနေနိုင်တော့ဘဲ မေးလိုက်သည်။
"ကျုံးကျိုးနယ်မြေရဲ့ သူရဲကောင်းဆယ်ဦး ဆိုတာက စိတ်ပါဝင်စားသူတချို့က ကျုံးကျိုးမှာ အကျော်ကြားဆုံးနဲ့ အစွမ်းထက်ဆုံး လူငယ်ပါရမီရှင်တွေကို စာရင်းပြုစုပြီး သတ်မှတ်ထားတာမျိုးပေါ့ဗျာ။ အဲဒီလို အဆင့်သတ်မှတ်ချက်တွေ အများကြီး ရှိပါသေးတယ်။ ဥပမာ - အလှပဂေး ဆယ်ဦး၊ ဓားသမား ဆယ်ဦး၊ လူသတ်သမား ဆယ်ဦး စသဖြင့်ပေါ့။ ဒီအဆင့်သတ်မှတ်ချက်တွေက အမြဲတမ်းတော့ မမှန်ကန်နိုင်ပေမဲ့ စာရင်းဝင်တဲ့သူတွေကတော့ သေချာပေါက် ထူးခြားတဲ့သူတွေလို့ ပြောလို့ရတာပေါ့ဗျာ"
လုချင်းက အနည်းငယ် ထူးဆန်းသည်ဟု ထင်မိသော်လည်း နားလည်လိုက်သည်။ သိုင်းပညာရှင်များသည် ကြိုးစားအားထုတ်ပြီး ဂုဏ်သတင်းနှင့် ကြွယ်ဝချမ်းသာမှုကို ရှာဖွေကြသည် မဟုတ်ပါလော။ ဤသို့သော အဆင့်သတ်မှတ်ချက်များ ပေါ်ပေါက်လာခြင်းမှာ မဆန်းပေ။ ထျန်းကျီမျှော်စင်၏ လျှို့ဝှက်နဂါးစာရင်းကဲ့သို့ပင် ဖြစ်သည်။
"အလှပဂေး ဆယ်ဦး ဟုတ်လား... အဲဒီစာရင်းဝင်ဖို့ အမျိုးသမီးတွေက ဘယ်လောက်တောင် လှရမှာလဲ"
အခြားသူများနှင့်မတူဘဲ ဟူကျိကျစ်က ထိုအကြောင်းအရာကို စိတ်ဝင်စားသွားသည်။
"အမှန်ပဲ... အဲဒီစာရင်းဝင်တဲ့သူတွေက ကမ္ဘာပေါ်မှာ ထိပ်တန်း အလှပဂေးတွေချည်းပဲ။ တချို့က အပြုံးလေးတစ်ချက်နဲ့တင် မြင်သူတိုင်းကို ဖမ်းစားနိုင်တယ်။ တချို့ကျတော့ ရေခဲတမျှ အေးစက်ပေမဲ့ သူတို့ ရှိနေရုံနဲ့တင် မကောင်းတဲ့အတွေးတွေကို ပျောက်ကွယ်သွားစေပြီး စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်တယ်လေ။ တချို့ဆိုရင် အကြည့်တစ်ချက်နဲ့တင် လူတွေကို ညှို့ယူဖမ်းစားနိုင်ပြီး ကျွန်အဖြစ် လာပြီးပြုစုအောင်အထိ ပြုစားနိုင်ကြတယ်" လင်းကျိယွဲ့က သက်ပြင်းချရင်း ပြောပြသည်။
ထိုစကားကို ကြားသောအခါ ဝေ့ကျိအန်းနှင့် အခြားသူများမှာ အကြည့်တစ်ချက်ဖြင့် လူကို ပြုစားနိုင်လောက်အောင် လှပသော အမျိုးသမီးများ ရှိနိုင်မည်ဟု စိတ်ကူးမယဉ်နိုင်အောင် ဖြစ်သွားကြသည်။
"သခင်လေးကျိယွဲ့ ပြောပုံအရဆိုရင် အဲဒီ အလှပဂေးတွေထဲက တစ်ယောက်ယောက်နဲ့ တွေ့ဖူးတဲ့ပုံပဲတော်"
လင်းကျိယွဲ့၏ မျက်လုံးထဲတွင် လွမ်းဆွတ်မှု အရိပ်အယောင် ဖြတ်ပြေးသွားသည်ကို သတိထားမိလိုက်သဖြင့် လုချင်းက စနောက်လိုက်သည်။
"နောက်ပါနဲ့ဗျာ လုချင်းရာ... ဟိုမှာ ကြည့်လိုက်ဦး။ ပိုင်ပုဖန် နဲ့ စစ်ထူကျင်းက အမြဲတမ်း ရန်ဆောင်နေကြတာ။ အခု နှစ်ယောက်စလုံး ကောင်းကင်လှေကားထစ်ပေါ် ရောက်နေကြပြီဆိုတော့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ကြတော့မယ်"
လင်းကျိယွဲ့က ပြုံးလိုက်သော်လည်း ဝန်မခံပေ။ လုချင်းလည်း အသာအယာပြုံးပြီး ဆက်မစတော့ဘဲ ရှေ့သို့ အာရုံစိုက်လိုက်သည်။ ကျောက်စိမ်း လှေကားထစ်ပေါ်တွင် လူနှစ်ဦး စကားပြောနေကြ၏။
"ညီလေး စစ်ထူ... ကောင်းကင်လှေကားထစ် တက်ဖို့ ခင်ဗျားလည်း စိတ်ဝင်စားမယ်လို့ မထင်ထားဘူးဗျာ" ပိုင်ပုဖန်က ကျောက်စိမ်းယပ်တောင်ကို ဖြည်းညှင်းစွာ ခါရင်း ပြောလိုက်သည်။ သူ၏ ပေါ့ပါးသော အမူအရာကြောင့် အောက်ဘက်ရှိ အမျိုးသမီးများ ထပ်မံ အော်ဟစ် အားပေးလိုက်ကြပြန်သည်။
ထိုအသံများကို ကြားသောအခါ၌ စစ်ထူကျင်း၏ မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သို့သော် သူ ကချက်ချင်း ထိန်းချုပ်လိုက်ပြီး ပြုံးကာ ပြန်ပြောသည်။
"တိုက်ဆိုင်သွားတာပါ။ ကျွန်တော်က ကျွန်တော်အရည်အချင်းကို စမ်းသပ်ဖို့ လှေကားထစ်ကို တက်မယ်လို့ ရည်ရွယ်ထားတာ။ ခင်ဗျား အရင်ရောက်နေမယ်လို့ မထင်ထားဘူး။ အစ်အစ်အစ်အစ်ကိုပိုင် ရောက်နေမှတော့ ကျွန်တော်တို့ ပြိုင်ပွဲလေး တစ်ခုလောက် လုပ်ပြီး ဘယ်သူ ပိုမြင့်မြင့် တက်နိုင်မလဲဆိုတာ ကြည့်ကြမလား"
"ဪ... ကျွန်တော်နဲ့ ပြိုင်ချင်တာလား" ပိုင်ပုဖန်၏ မျက်လုံးများ အရောင်တောက်လာသည်။
"ဟုတ်တယ်... ကျွန်တော်တို့ နှစ်ယောက်စလုံးကို ကျုံးကျိုးနယ်မြေရဲ့ သူရဲကောင်းဆယ်ဦးလို့ ခေါ်ကြတယ်။ အနှစ်သာရမရှိတဲ့ ဘွဲ့ထူးဖြစ်ပေမဲ့ လူတွေက နှိုင်းယှဉ်ရတာ ကြိုက်ကြတယ်လေ။ ကျွန်တော်ကတော့ အဲဒီလို နှိုင်းယှဉ်ခံရတာကို ငြီးငွေ့နေပြီ။ ဒီအခွင့်အရေးကို အသုံးချပြီး ဘာလို့ တကယ် မပြိုင်ကြရမှာလဲ။ ဒီ ကောင်းကင်လှေကားထစ်ပေါ်မှာ ဘယ်သူ ပိုမြင့်မြင့် တက်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့။ အဲဒီကျရင် ဘယ်သူ ပိုသန်မာလဲဆိုတာ ရှင်းသွားမှာပါ"
"ညီလေးစစ်ထူက တော်တော် ယုံကြည်မှု ရှိနေတဲ့ပုံပဲ" ပိုင်ပုဖန်က ပြုံးရင်း ပြောလိုက်၏။
"ဘာဖြစ်လို့လဲ... အစ်ကိုပိုင်က ကြောက်နေတာလား" စစ်ထူကျင်းက ရန်စလိုက်သည်။
"ဘာကိစ္စ ကြောက်ရမှာလဲ" ပိုင်ပုဖန်က ယပ်တောင်ကို ပိတ်လိုက်ပြီး အပြုံးကလည်း ပျောက်ကွယ်သွားတော့လေ၏။ "ကောင်းပြီလေ... ဒီတစ်ခါ ခင်ဗျားနဲ့ ပြိုင်ပေးမယ်"
…
အခန်း ၂၇၂ - ကောင်းကင်လှေကားထစ် မှတ်တမ်း၊ တောအုပ်ထဲက အမြင့်ဆုံးသစ်ပင်ဟာ လေတိုက်တာကို ခံရစမြဲ
"အစ်ကိုပိုင်... အစ်ကိုစစ်ထူ... ဒါ မတရားဘူးဗျာ။ ဒီလောက် ပျော်စရာကောင်းတဲ့ပွဲမှာ ကျွန်တော်တို့ကို ဘာလို့ ချန်ထားခဲ့ရတာလဲ"
ပိုင်ပုဖန်နှင့် စစ်ထူကျင်းတို့ ထိပ်တိုက်တွေ့နေစဉ် လူအုပ်ကြီးထဲမှ နောက်ထပ် ပုံရိပ်အချို့ ရုတ်တရက် ခုန်ထွက်လာပြီး သူတို့ဘေးတွင် ဝင်ရပ်လိုက်ကြသည်။
ထိုသူများသည်လည်း အားကောင်းသော အရှိန်အဝါရှိသည့် လူငယ်များ ဖြစ်ကြပြီး ထူးခြားသော စရိုက်သဘာဝနှင့် ထင်ရှားသော ရုပ်ရည်သွင်ပြင်များကို ပိုင်ဆိုင်ထားကြသည်။ ဂိုဏ်းကြီးများမှ တပည့်များဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သိသာပေသည်။ မျှော်လင့်ထားသည့်အတိုင်း ထိုသူများကို မြင်လိုက်ရသည်နှင့် လူအုပ်ကြီးထံမှ အံ့ဩတကြီးပြောသံများ ထပ်မံ ထွက်ပေါ်လာပြန်၏။
"ဟေ့... တခြား သူရဲကောင်းတွေလည်း ရောက်လာကြပြီဟ"
"ဘာဖြစ်တာလဲဟ... သူတို့အားလုံး ဒီနေ့ ကောင်းကင်လှေကားထစ်ကို အတူတူ တက်ကြဖို့ သဘောတူထားကြတာလား"
"ဒီပွဲကတော့ ကြည့်ကောင်းတော့မှာပဲ"
"ကျုံးကျိုးနယ်မြေရဲ့ သူရဲကောင်းဆယ်ဦးက ပုံမှန်ဆိုရင် အဆင့်သတ်မှတ်ချက် မရှိကြဘူး... ဒီတစ်ခေါက် သူတို့အချင်းချင်း အဆင့်သတ်မှတ်ကြတော့မှာလား"
"ဒီကို လာရကျိုးနပ်ပြီဟေ့... ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ မြင်ကွင်းမျိုး မြင်ရမယ်လို့ ထင်မထားဘူး"
...
အောက်ဘက်ရှိ လူအုပ်ကြီးမှာ ဆွေးနွေးငြင်းခုံသံများဖြင့် ဆူညံနေပြီး စိတ်လှုပ်ရှားမှုများ မြင့်တက်နေကြသည်။ ကျောက်စိမ်းရောင် ကောင်းကင်လှေကားထစ်ပေါ်တွင် ရပ်နေသော ပိုင်ပုဖန်နှင့် စစ်ထူကျင်းပင်လျှင် ခေတ္တမျှ ကြောင်အသွားကြသည်။
"မင်းတို့ပါ ရောက်လာကြတာလား"
"ဒါပေါ့... ကောင်းကင်နဲ့မြေကြီးတို့ရဲ့ နိမိတ်တွေ ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာလောကရဲ့ ဗဟိုချက်ဖြစ်တဲ့ မြင့်မြတ်သောတောင်တော်ကလည်း စည်ကားလာမှာ သေချာနေတာပဲဟာ။ ကျွန်တော်တို့ကကော ဘယ်လိုလုပ် မလာဘဲ နေမလဲ"
"အစ်ကိုပိုင်... အစ်ကိုစစ်ထူ... ခင်ဗျားတို့ နှစ်ယောက်တည်း ပြိုင်တာ ပျင်းစရာ မကောင်းဘူးလား။ ကျွန်တော်တို့ကိုပါ ဝင်ပါခွင့် ပေးပါလား"
"ဒီနေ့လို လူစုံတုန်းလေး အတူတူ ပြိုင်လိုက်ကြရင် မကောင်းဘူးလား"
"ဟုတ်တယ်... ကျွန်တော်တို့အရှေ့က နှစ်ယောက်က ဦးဆောင်နေပြီ။ ကျွန်တော်တို့သာ မကြိုးစားရင် နောက်ကျ ကျန်ရစ်ခဲ့လိမ့်မယ်"
...
"သူတို့ ရောက်လာကြပြီလား။ သူရဲကောင်းဆယ်ဦးစလုံး စုဝေးမိမယ်လို့ မထင်ထားဘူး။ ဒီဘွဲ့ထူးကို သတ်မှတ်ပြီးကတည်းက သူတို့အားလုံး အတူတူ ရှိနေတာ ဒါ ပထမဆုံးပဲ" လင်းကျိယွဲ့မှာ အနည်းငယ် အံ့အားသင့်သွားမိ၏။
"အားလုံး ဟုတ်လား" ဝေ့ကျိအန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဒါပေမဲ့ အပေါ်မှာ ၇ ယောက်ပဲ ရှိတာလေ။ ၃ ယောက် လိုနေသေးတယ် မဟုတ်လား"
"ကျုံးကျိုးနယ်မြေရဲ့ သူရဲကောင်းဆယ်ဦးက မူလက ဆယ်ယောက် ရှိပေမဲ့... လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကပဲ တစ်ယောက်က မတော်တဆမှုဖြစ်ပြီး သေသွားလို့ ဒီကို မလာနိုင်တော့ဘူးလေ။ ကျန်တဲ့ နှစ်ယောက်ကတော့ မကြာသေးမီကပဲ မွေးရာပါနယ်ပယ်ကို ရောက်သွားလို့ စာရင်းထဲကနေ အလိုအလျောက် ထွက်သွားပြီ။ အဲ့ဒါကြောင့် အခု အဲဒီ ၇ ယောက်ပဲ ကျန်တော့တာ" လင်းကျိယွဲ့က ရှင်းပြလိုက်၏။
"မွေးရာပါနယ်ပယ်ကို ရောက်သွားတာ ဟုတ်လား" လုချင်းက သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ရုတ်တရက် ကြည့်လိုက်သည်။ "သခင်လေးကျိယွဲ့... သူရဲကောင်းဆယ်ဦးထဲမှာ ခင်ဗျားများ..."
အခြားသူများလည်း သဘောပေါက်သွားကြပြီး သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။ လင်းကျိယွဲ့ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "မျှော်လင့်ထားတဲ့အတိုင်း မိတ်ဆွေလေးလုချင်းကို ဖုံးကွယ်ထားလို့ မရပါလား။ ဟုတ်ပါတယ်... ကျွန်တော်လည်း တစ်ချိန်က သူရဲကောင်းဆယ်ဦးထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်ဗျ"
"ဟားဟား... ကျွန်တော် ထင်သားပဲ။ သခင်လေးကျိယွဲ့ရဲ့ အရည်အချင်းနဲ့ဆိုရင် ဘယ်လိုလုပ် စာရင်းမဝင်ဘဲနေမလဲဗျာ"
လင်းကျိယွဲ့တစ်ယောက် နေရခက်နေပုံကို ကြည့်ပြီး လုချင်း မနေနိုင်ဘဲ ရယ်မောလိုက်သည်။ အမြဲတမ်း တည်ငြိမ်ပြီး ယုံကြည်မှုရှိသော လင်းကျိယွဲ့ကဲ့သို့ ထျန်းကျီမျှော်စင်၏ ထူးချွန်သော တပည့်တစ်ဦးထံမှ ဤကဲ့သို့သော အမူအရာမျိုး မြင်ရခဲလှသည်။
"ဟုတ်တယ် သခင်လေးကျိယွဲ့... ခင်ဗျားရဲ့ ပါရမီက အပေါ်ကလူတွေထက်တောင် သာလွန်ပါသေးတယ်ဗျာ" ဝေ့ကျိအန်းကလည်း ရိုးသားစွာ ချီးကျူးလိုက်သည်။
"ကဲပါဗျာ... ကျွန်တော်ကို ဝိုင်းမစကြပါနဲ့တော့" လင်းကျိယွဲ့၏ မျက်နှာ အနည်းငယ် ရဲနေပြီး ရှေ့သို့ အမြန် ညွှန်ပြလိုက်သည်။ "သခင်လေးပိုင်တို့ ကောင်းကင်လှေကားထစ်ကို စတက်တော့မယ်"
လုချင်းတို့ လှည့်ကြည့်လိုက်ကြသည်။ ထင်ထားသည့်အတိုင်းပင် ခဏတာ စကားပြောပြီးနောက် ပိုင်ပုဖန်နှင့် အခြားသူများ ကောင်းကင်လှေကားထစ်ကို စတင် တက်ရောက်နေကြပြီ ဖြစ်သည်။
ကောင်းကင်လှေကားထစ်၏ ကျောက်စိမ်းရောင် ခြေနင်းတုံး တစ်ခုစီသည် သုံးပေခန့် မြင့်၏။ အစပိုင်းတွင် လူငယ် ခုနစ်ဦးသည် လှေကားထစ် ဆယ်ဆင့်ကျော်ကို ပေါ့ပါးစွာ ကျော်လွှားပြီး ဆယ်မီတာကျော် အမြင့်သို့ ခုန်တက်ကာ လွယ်ကူစွာ တက်ရောက်သွားကြသည်။ သို့သော် မီတာပေါင်းများစွာ အမြင့်သို့ ရောက်သောအခါတွင်တော့ သူတို့၏ အရှိန်ကလည သိသိသာသာကို လျော့ကျသွားတော့၏။ ခုန်တက်နိုင်သည့် အမြင့်သည်လည်း ပေသုံးဆယ် ၊ လေးဆယ်ခန့်မှ ပေ တစ်ဆယ် ၊ နှစ်ဆယ်ခန့်အထိ ကျဆင်းသွားတော့၏။ တဖြည်းဖြည်းနှင့် ကျောက်စိမ်း လှေကားထစ်ကို တစ်ဆင့်ချင်းသာ တက်နိုင်တော့သည်။
"သခင်လေးကျိယွဲ့... ဘယ်သူ နိုင်မယ် ထင်လဲ" လုချင်းက မေးလိုက်သည်။
"ပြောရခက်တယ်ဗျ" လင်းကျိယွဲ့ ခေါင်းခါလိုက်သည်။ "ဒီလူတွေအားလုံးက ဂိုဏ်းကြီးတွေက ထူးချွန်တဲ့ တပည့်တွေချည်းပဲ။ အခြေခံ ခိုင်မာရုံတင်မက သူတို့ရဲ့ ဝိညာဉ်စွမ်းအားကိုလည်း ကောင်းကောင်း လေ့ကျင့်ထားကြတယ်လေ။ ဒါ့အပြင် တစ်ယောက်စီတိုင်းမှာ လျှို့ဝှက်သိုင်းကွက်တွေ ရှိကြတယ်။ နောက်ဆုံးအချိန် မရောက်မချင်း ဘယ်သူနိုင်မယ်ဆိုတာကို ဘယ်သူမှ တပ်အပ် မပြောနိုင်ဘူး"
ပိုင်ပုဖန်နှင့် အခြားသူများ ယှဉ်ပြိုင်နေကြစဉ် မြို့တော်မြတ်ရှိ နေရာမြင့်တစ်ခုမှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးအချို့ကလည်း ထိုမြင်ကွင်းကို ကြည့်ရှုရင်း ဆွေးနွေးနေကြသည်။
"အစ်ကိုချိုး... ဒီတစ်ခေါက် ဘယ်သူ နိုင်မယ် ထင်လဲ" အပြာရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်တစ်ဦးက ပြုံးရင်း မေးလိုက်သည်။
"ကျွန်တော်အမြင်ကတော့ အဲ့ဒီကလေး ပိုင်ပုဖန်က မဆိုးဘူး။ သူ သက်သောင့်သက်သာ ဖြစ်နေပုံကြည့်ရင် ပထမနေရာယူဖို့ မခဲယဉ်းလောက်ဘူး ထင်တယ်" အခြားတစ်ဦးက ပြန်ဖြေသည်။
"မပြောနိုင်ဘူးဗျ... ကျွန်တော်ကတော့ စစ်ထူကျင်းကို ပိုသဘောကျတယ်။ သူက စိန်ခန္ဓာကျင့်စဉ်ကို သံမဏိခန္ဓာအထွတ်အထိပ်အဆင့်ထိ ရောက်အောင် ကျင့်ကြံထားပြီးပြီလို့ ကြားတယ်။ မွေးရာပါနယ်ပယ်ရဲ့ ကြေးခန္ဓာအဆင့်ကို ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တာ။ ကောင်းကင်လှေကားထစ် တက်ရတာက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အဓိက စမ်းသပ်တာဆိုတော့ သူက နောက်ဆုံးအထိ တောင့်ခံထားနိုင်မယ်လို့ ကျွန်တော် ထင်တယ်"
"ဟုတ်တယ်... ရုပ်ပိုင်းဆိုင်ရာ သန်မာတဲ့သူတွေက ကောင်းကင်လှေကားထစ်ကို တက်တာမှာ အားသာချက် ရှိကြတယ်လေ။ ဒါပေမဲ့ မမေ့နဲ့ဦး... ကောင်းကင်လှေကားထစ်ရဲ့ ဖိအားကိုလည်း လျှော့တွက်လို့ မရဘူး။ ပိုင်ပုဖန်တို့ကလည်း မွေးဖွားပြီးနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေကြပြီ။ ရုပ်ပိုင်းဆိုင်ရာ ခွန်အား ကွာခြားမှု ရှိရင်တောင် သိပ်မများပါဘူးဗျာ။ ဒါကြောင့် နောက်ဆုံးမှာ သူတို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကသာ အဆုံးအဖြတ် ပေးသွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်"
"ထိုင်ငြင်းနေလို့ ဘာထူးမှာလဲ... စောင့်ကြည့်ကြတာပေါ့။ ကောင်းကင်လှေကားထစ်ရဲ့ တကယ့် စိန်ခေါ်မှုက မီတာတစ်ရာကျော်မှ စတာလေ။ အဲဒီအမှတ်ကို ကျော်သွားရင် ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲဆိုတာ ရှင်းသွားမှာပါ"
"ဟုတ်တယ်... မီတာတစ်ရာကျော်မှ တကယ့်ပြိုင်ပွဲ စတာ"
ထိုစကားကို ကြားသောအခါ အခြားပုဂ္ဂိုလ်ကြီးများလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြ၏။ သူတို့လည်း ကောင်းကင်လှေကားထစ်ကို တက်ရောက်ဖူးကြသဖြင့် လျှို့ဝှက်ချက်အချို့ကို သိရှိထားကြသည်။
ကျောက်စိမ်းရောင် ကောင်းကင်လှေကားထစ်သည် အစပိုင်းတွင် တက်ရောက်ရ လွယ်ကူသည်။ သို့သော် အမြင့် မီတာတစ်ရာ ကျော်သွားသည်နှင့် လှေကားထစ်များပေါ်ရှိ ဖိအားမှာလည်း နှစ်ဆ တိုးလာပြီး လုံးဝ ကွဲပြားခြားနားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာလေသည်။
မြို့တော်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများကဲ့သို့ပင် တောင်ခြေရင်းတွင် ကြည့်ရှုနေသူ အများစုသည်လည်း ဤလျှို့ဝှက်ချက်ကို သိထားကြသည်။ ထို့ကြောင့် ပိုင်ပုဖန်နှင့် အခြားသူများ နောက်ထပ် လှေကားတစ်ထစ်သို့ ခုန်တက်လိုက်သည်ကို မြင်သည်နှင့် တစ်စုံတစ်ယောက်က "အဆင့် ၁၀၀ မြောက်ဟေ့" ဟု အော်ပြောလိုက်သည်။
ထိုစကားသံ ဆုံးသည်နှင့် ပိုင်ပုဖန်တို့ ရုတ်တရက် ယိုင်နဲ့သွားကြပြီး ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားကြသည်။ လှေကားထစ်များပေါ်တွင် ဖိအား ရုတ်တရက် တိုးလာသည်ကို သူတို့ မခံနိုင်ကြကြောင်း သိသာလှ၏။
"သခင်လေးကျိယွဲ့... အဲဒီ အဆင့် ၁၀၀ မြောက်မှာ ထူးခြားမှု တစ်ခုခု ရှိလို့လား" ထိုသည်ကို မြင်တော့ လုချင်း လှည့်မေးလိုက်သည်။
"ကောင်းကင်လှေကားထစ်ပေါ်က ဖိအားက တဖြည်းဖြည်း တိုးလာတာ မဟုတ်ဘူးဗျ။ အဆင့် ၁၀၀ ရောက်တိုင်း နှစ်ဆ တိုးလာတာ။ ပြီးတော့ နောက်ထပ် လှေကားထစ် တစ်ဆင့်ချင်းစီကလည်း အရင်အဆင့်ထက် ဖိအား ပိုများလာတယ်လေ။ ဥပမာ ပထမအဆင့်မှာ ဖိအားက တစ် ဆိုပါစို့။ နောက်တစ်ဆင့်စီမှာ ဆယ်ပုံတစ်ပုံလောက်ပဲ တိုးတယ်။ ၉၉ ဆင့်မြောက်ကျတော့ ဖိအားက ၁၀ လောက် ဖြစ်သွားရော။
ဒါပေမဲ့ အဆင့် ၁၀၀ မြောက်ကို ရောက်တဲ့အခါကျ ဖိအားက နှစ်ဆတိုးပြီး ၂၀ ဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း အဆင့်တွေက ၂၀ ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီး ဆယ်ပုံတစ်ပုံစီ ထပ်တိုးသွားတာ။ ဒါကြောင့် သူတို့ အခု ခံစားနေရတဲ့ ဖိအားက အရင်ကထက် အများကြီး ပိုများတယ်" လင်းကျိယွဲ့က ရှင်းပြသည်။
"သြော်... အဲဒီလိုကိုး"
လုချင်းတို့ ရုတ်တရက် သဘောပေါက်သွားကြသည်။
"တကယ်တော့ ကောင်းကင်လှေကားထစ်နဲ့ ပတ်သက်ပြီး နောက်ထပ် ပြောစမှတ်တစ်ခု ရှိသေးတယ်" လင်းကျိယွဲ့က စိတ်အားထက်သန်စွာ ဆက်ပြောလာ၏။
"ဘာများလဲဗျ"
"ကောင်းကင်လှေကားထစ်ရဲ့ ပထမ အဆင့် ၁၀၀ က သိုင်းပညာရှင်တစ်ယောက်ရဲ့ မွေးဖွားပြီးနယ်ပယ်ကျင့်ကြံခြင်းအဆင့်နဲ့ ကိုက်ညီတယ်လို့ ဆိုကြတယ်။ အဆင့် ၁၀၀ မြောက်ကို ရောက်ဖို့ဆိုရင် ကိုယ်တွင်းအင်္ဂါအဆင့် အထွတ်အထိပ် ရောက်နေတဲ့ မဟာသခင်အဆင့် ကျင့်ကြံမှု ရှိရမယ်။
ရှေ့ဆက်သွားဖို့ဆိုရင် ဖိအားကို ခံနိုင်ရည်ရှိအောင် ဝိညာဉ်စွမ်းအားကိုပါ လေ့ကျင့်ထားရမယ်။ မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တစ်ယောက် အဆင့် ၁၀၀ ကို ကျော်ပြီး ဆက်တက်နိုင်ရင် လှေကားထစ် တစ်ဆင့်ချင်းစီက သူတို့ရဲ့ အလားအလာကို ကိုယ်စားပြုတယ်ဆိုတဲ့ ပြောစကား ရှိတယ်။ ပိုမြင့်မြင့် တက်နိုင်လေ အလားအလာ ပိုကောင်းလေပဲ။ မွေးရာပါနယ်ပယ်ကို ရောက်သွားတဲ့အခါကျ သူတို့ရဲ့ အနာဂတ် အောင်မြင်မှုတွေက ပိုပြီး ကြီးမားလေပဲလို့ ဆိုကြတယ်"
"အဲဒီလို ဖြစ်နေတာကိုး... သခင်လေးပိုင်တို့ ခက်ခဲနေမှန်း သိသာပေမဲ့ ဇွဲမလျှော့ဘဲ ဆက်ကြိုးစားနေကြတာ မဆန်းပါဘူး" မာကူးက မှတ်ချက်ချသည်။
သူတို့ စကားပြောနေကြစဉ် ပိုင်ပုဖန်တို့ နောက်ထပ် ၁၀ ဆင့်ခန့် ထပ်တက်သွားကြသည်။ သို့သော် ဤအခြေအနေတွင် သူတို့ အတော်လေး ရုန်းကန်နေရပြီ ဖြစ်သည်။ အရင်ကလို တရစပ် ခုန်တက်၍ မရတော့ပေ။ တစ်လှမ်းတက်ပြီးတိုင်း အနားယူကာ အားမွေးပြီးမှ နောက်ထပ် ခုန်တက်ကြရသည်။
"တစ်ယောက်က နောက်ကျကျန်နေခဲ့ပြီ"
တစ်စုံတစ်ယောက်သည် အခြားသူများထက် ပိုကြာကြာ အနားယူနေရပြီး နှစ်ဆင့်ခန့် ပြတ်ကျန်နေသည်ကို လုချင်း သတိထားမိလိုက်သည်။
လင်းကျိယွဲ့ လှမ်းကြည့်လိုက်၏။ "အဲဒါ ရွှမ်ရှင်းဂိုဏ်းရဲ့ တပည့်ကြီး ချင်းယွင်ထင်း ပဲ။ သူ့ရဲ့ သိုင်းလမ်းစဉ်က ပေါ့ပါးမှုအပေါ် အလေးပေးထားတော့ ကောင်းကင်လှေကားထစ် တက်တာမှာ အားနည်းချက် ဖြစ်နေတာပေါ့"
ရွှမ်ရှင်းဂိုဏ်းမှ တပည့်ဖြစ်ကြောင်း ကြားသောအခါ လုချင်းတို့ ဟူကျိကျစ်ကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားကြသည်။ သူမ နဂါးပြာမြို့တော်မှ ထွက်ခွာလာရသည့် မူလရည်ရွယ်ချက်မှာ ရွှမ်ရှင်းဂိုဏ်း၏ တပည့်ရွေးချယ်ပွဲ ဝင်ပြိုင်ရန် ဖြစ်သည် မဟုတ်ပါလော။
ဟူကျိကျစ်၏ ခံစားချက်များ ရောထွေးနေသည်။ ချင်းယွင်ထင်းနှင့် တိုက်ရိုက် ပတ်သက်မှု မရှိသော်လည်း တစ်ချိန်က သူမ ဝင်ရောက်ချင်ခဲ့သည့် ဂိုဏ်းမှ တပည့်တစ်ဦး နောက်ကျကျန်ရစ်နေသည်ကို မြင်ရသောအခါ စိတ်ထဲ တစ်မျိုး ဖြစ်သွားရ၏။
"သခင်လေးကျိယွဲ့... ခင်ဗျားရော ကောင်းကင်လှေကားထစ်ကို တက်ဖူးလားဗျ" ဝေ့ကျိအန်းက စပ်စုလိုက်သည်။
"တက်ဖူးတာပေါ့" လင်းကျိယွဲ့က ပြုံးလိုက်သည်။ "ကျွန်တော်က မြို့တော်မြတ်မှာ ကြီးပြင်းလာတာလေ။ ကောင်းကင်လှေကားထစ် တက်တာက မြို့ထဲက သိုင်းပညာရှင်တွေ မကြာခဏ ယှဉ်ပြိုင်လေ့ရှိတဲ့ အရာပဲဟာ... ဘယ်လိုလုပ် အလွတ်ခံနိုင်မလဲဗျ"
"ဘယ်လောက်အမြင့်ထိ ရောက်ခဲ့လဲဗျ"
ဒီတစ်ခါတော့ လုချင်းတို့ပါ စိတ်ဝင်စားသွားကြသည်။
"အမှန်အတိုင်း ပြောရရင် မွေးရာပါနယ်ပယ်ကို မရောက်ခင်တုန်းက ကျွန်တော်ရဲ့ အမြင့်ဆုံးစံချိန်က ၁၇၁ ဆင့်ပါ"
"၁၇၁ ဆင့် ဟုတ်လား... အဲဒါတောင် တော်တော် မြင့်နေပြီပဲ" ဝေ့ကျိအန်းက အံ့ဩတကြီးပြောလိုက်၏။
လက်ရှိ ကောင်းကင်လှေကားထစ်ပေါ်မှ အဆင့် ၁၃၀၊ ၁၄၀ လောက်သာ ရောက်ရှိပြီး ရုန်းကန်နေရသော ပိုင်ပုဖန်တို့ကို သူ လှမ်းကြည့်လိုက်သည်။ သူတို့မှာ နောက်ထပ် တစ်ဆင့်တက်နိုင်ဖို့ အကြာကြီး အနားယူနေရသည်။
သခင်လေးကျိယွဲ့က သူရဲကောင်းဆယ်ဦး စာရင်းဝင်ခဲ့ပေမဲ့ လှေကားထစ်ပေါ်က လူတွေထက် စောစောစီးစီး မွေးရာပါနယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တာ မဆန်းပါဘူး။ သူတို့ရဲ့ ပါရမီ ကွာခြားချက်က တော်တော် သိသာတာကိုး။
"သခင်လေးကျိယွဲ့က တကယ် အထင်ကြီးစရာပဲဗျာ"
မာကူးတို့လည်း အံ့သြသွားကြသည်။
"၁၇၁ ဆင့်လောက်နဲ့ ကြွားစရာ မဟုတ်ပါဘူးဗျာ" လင်းကျိယွဲ့ ခေါင်းခါလိုက်သည်။ "လောကကြီးမှာ ပါရမီရှင်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်ထက် ပိုတော်တဲ့သူတွေ အများကြီးပါ။ ဥပမာ မွေးရာပါနယ်ပယ်ကို ရောက်သွားပြီးတဲ့ သူရဲကောင်းဆယ်ဦးထဲက တစ်ယောက်ဆိုရင် ကျွန်တော်ထက် အများကြီး ပိုသန်မာတယ်လေ။ ကောင်းကင်လှေကားထစ်ပေါ်မှာ သူ့စံချိန်က ၁၈၉ ဆင့်လေ"
"၁၈၉ ဆင့် ဟုတ်လား" ဝေ့ကျိအန်းတို့ ထပ်ပြီး အံ့အားသင့်သွားရပြန်၏။
လင်းကျိယွဲ့၏ အသေးစိတ် ရှင်းပြချက်အရ ကောင်းကင်လှေကားထစ် တက်ခြင်းသည် ရှေ့ရောက်လေ ပိုခက်ခဲလေ ဖြစ်ကြောင်း သူတို့ နားလည်ထားကြသည်။ တစ်ဆင့် ကွာခြားရုံဖြင့် အင်အားနှင့် အလားအလာ ကြီးမားစွာ ကွာခြားနိုင်ပေသည်။
ဒီလူက လင်းကျိယွဲ့ထက် ဆယ်ဆင့်ကျော် သာလွန်နေသည်ဆိုတော့ သူ့အလားအလာက အလွန် ကြီးမားကြောင်း ပြသနေသည်။
"သခင်လေးကျိယွဲ့ ပြောပုံအရဆိုရင် ကောင်းကင်လှေကားထစ်ရဲ့ သမိုင်းကြောင်းက တော်တော် ရှည်တဲ့ပုံပဲ။ ဒါဆို နှစ်ကာလတွေတစ်လျှောက် မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တွေထဲမှာ ဘယ်သူ အမြင့်ဆုံး တက်နိုင်ခဲ့လဲဗျ" လုချင်း စိတ်ဝင်တစား မေးလိုက်သည်။
"အင်း..." လင်းကျိယွဲ့ ခဏ စဉ်းစားပြီးမှ ပြန်ဖြေသည်။ "ထျန်းကျီမျှော်စင်ရဲ့ မှတ်တမ်းတွေအရတော့ မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တွေထဲမှာ အမြင့်ဆုံး တက်နိုင်ခဲ့သူက 'တီယွိ' လို့ ခေါ်တဲ့ သိုင်းပညာရှင် တစ်ယောက်ပါ"
"တီယွိ ဟုတ်လား"
"ဟုတ်တယ်... ဒါပေမဲ့ ဒါက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က ကိစ္စပါ။ တီယွိက ဆုံးပါးသွားတာ ကြာပါပြီ။ ကောင်းကင်လှေကားထစ်ပေါ်မှာ သူ့စံချိန်က ၁၉၉ ဆင့်လို့ ဆိုကြတယ်"
"၁၉၉ ဆင့်တောင်လား"
မာကူးတို့ ချက်ချင်း အော်ဟစ်လိုက်ကြ၏။ ဤအောင်မြင်မှုသည် လင်းကျိယွဲ့ ခုနက ပြောခဲ့သော သူရဲကောင်းဆယ်ဦးဝင် တစ်ယောက်၏ စံချိန်ထက် ၁၀ ဆင့်တိတိ ပိုများနေသည်။
"ဟုတ်တယ်... ဒါက မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တစ်ယောက် စွမ်းဆောင်နိုင်တဲ့ အမြင့်ဆုံးအဆင့် ဖြစ်လောက်တယ်။ အဆင့် ၂၀၀ မှာ ရှိတဲ့ ဖိအားက ၁၉၉ ဆင့်က ဖိအားထက် အဆပေါင်းများစွာ ပိုများတယ်လို့ ပြောကြတယ်လေ။ အဲ့ဖိအားမျိုးက မွေးရာပါနယ်ပယ် အစစ်အမှန် ကျွမ်းကျင်သူတွေတောင် သတိထား ကိုင်တွယ်ရတဲ့ အနေအထားမျိုးလေ။ ပြီးတော့ အဲဒီဖိအားက မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တွေရဲ့ ခံနိုင်ရည်ထက် ကျော်သွားပြီလို့ ပြောလို့ရတယ်"
"ဒါဆို တီယွိက မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ အဆုံးစွန် အလားအလာကို ကိုယ်စားပြုတာပေါ့။ အဲဒီချန်ပေ့က နောက်ဆုံးမှာ ဘယ်အဆင့်ထိ ရောက်သွားလဲဗျ" လုချင်း စိတ်ဝင်တစား မေးလိုက်သည်။
သို့သော် သူ့အား အံ့သြသွားအောင်ပင် လင်းကျိယွဲ့က ခေါင်းခါလိုက်သည်။
"ဟင့်အင်း... သူက မွေးရာပါနယ်ပယ်ကို မရောက်နိုင်ခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်ဗျ"
"မွေးရာပါနယ်ပယ်ကို မရောက်ခင် သေသွားတာ ဟုတ်လား"
အားလုံး တုန်လှုပ်သွားကြသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲဒီလို ပါရမီမျိုးနဲ့ ဘယ်လိုလုပ် အဆင့်မတက်နိုင်ဘဲ နေမှာလဲ" ဝေ့ကျိအန်းခင်မျာ မယုံကြည်နိုင် ဖြစ်နေလေ၏။
သို့သော် နက်နက်နဲနဲ စဉ်းစားနေသော လုချင်းက တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရသည်။ "ဒါ ဖြစ်နိုင်တာက..."
"ဟုတ်တယ်... တီယွိက ၁၉၉ ဆင့်ကို တက်ရောက်ပြီး နောက်တစ်ရက်မှာပဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာလေ" လင်းကျိယွဲ့က သက်ပြင်းချရင်း ခေါင်းညိတ်လိုက်၏။
"တောအုပ်ထဲက အမြင့်ဆုံးသစ်ပင်က လေတိုက်တာကို ခံရစမြဲပဲလေ။ တီယွိရဲ့ အလားအလာက အရမ်း ကြီးမားလွန်းတော့ သူသာ ဆက်ပြီး တိုးတက်လာရင် သူ့ခေတ်သူ့အခါမှာ ပြိုင်ဘက်ကင်းတဲ့ သိုင်းဧကရာဇ် ဖြစ်လာလိမ့်မယ်။ ရည်မှန်းချက်ကြီးတဲ့ လူတချို့အတွက်တော့ ဒီလို ပါရမီရှင်မျိုး ရှိနေတာက ခြိမ်းခြောက်မှု တစ်ခုပဲ။ ဒါ့အပြင် တီယွိက ကျောထောက်နောက်ခံ သိပ်မရှိတဲ့ ဂိုဏ်းငယ်လေးက လာတာလေ။ အဲ့ဒါကြောင့် လှေကားထစ်တက်ပြီး နောက်တစ်နေ့မှာပဲ သူ တည်းခိုတဲ့ ဧည့်ရိပ်သာမှာ အသတ်ခံထားရတာကို တွေ့လိုက်ရတယ်။ ဒီနေ့အထိ ဘယ်သူ့ လက်ချက်လဲဆိုတာ ဘယ်သူမှ မသိကြဘူးပေါ့"
လုချင်းတို့အဖွဲ့ တိတ်ဆိတ်သွားကြသည်။ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က အကြီးကျယ်ဆုံး ပါရမီရှင်တစ်ယောက်အတွက် ဤကဲ့သို့သော ဆိုးရွားသည့် ဇာတ်သိမ်းမျိုး ရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
အထူးသဖြင့် မာကူးနှင့် ဝေ့ကျိအန်းတို့ ကျောချမ်းသွားကြသည်။ တကယ်တော့ လုချင်း၏ အင်အားမှာ မွေးရာပါနယ်ပယ်နှင့် ယှဉ်နိုင်လောက်အောင် နက်ရှိုင်းသဖြင့် ကောင်းကင်လှေကားထစ်ကို တက်ရောက်ကြည့်ရန် တိုက်တွန်းဖို့ သူတို့ စဉ်းစားနေခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိ ရုန်းကန်နေရသော သူရဲကောင်းဆယ်ဦးဆိုသူများထက် လုချင်းက ပိုပြီး တောက်ပနိုင်မည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။
သို့သော် လင်းကျိယွဲ့၏ စကားကို ကြားပြီးနောက် သူတို့မှာ ထိုသို့ မစဉ်းစားရဲတော့ပေ။ မာကူးဖြစ်စေ၊ လုချင်းဖြစ်စေ သူတို့အားလုံးသည် ဂိုဏ်းဂဏအဖွဲ့အစည်း မရှိကြသူများ ဖြစ်သည်။ ကျောထောက်နောက်ခံ အနည်းငယ် ရှိသူမှာ ဝေ့ကျိအန်း တစ်ယောက်သာ ရှိသော်လည်း ဝေ့မိသားစုသည် ကျုံးကျိုးနယ်မြေတွင် ဘာမှ မဟုတ်ပေ။ အကယ်၍သာ ဂိုဏ်းကြီးများက မသမာသော ရည်ရွယ်ချက် ရှိလာပါက သူတို့ကို ရှင်းပစ်ရန် အလွန် လွယ်ကူပေလိမ့်မည်။
ထို့ကြောင့် သူတို့နှစ်ဦး ထပ်ပြီး မစဉ်းစားရဲကြတော့ချေ။ သို့သော် လင်းကျိယွဲ့၏ စကားထဲတွင် သတိပေးချက် ပါနေသည်ကို လုချင်း ရိပ်ဖမ်းသံဖမ်း သိလိုက်ပါ၏။
သူ ထုတ်မပြောဘဲ ရှေ့သို့ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
"သူတို့ရဲ့ အနိုင်အရှုံးကို တွေ့ရတော့မယ်..."