← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း ၂၇၃ - ယွင်ရွှေ လျှို့ဝှက်နယ်မြေနှင့် ပါရမီရှင်များကြားမှ ကွာဟချက်

လုချင်း၏ စကားကို ကြားသောအခါ အားလုံးက ကောင်းကင်လှေကားထစ် ဆီသို့ မော့ကြည့်လိုက်ကြသည်။

အပေါ်ဆုံးတွင် ရောက်နေသော ပိုင်ပုဖန်နှင့် အခြားသူများမှာ ယခင်ကကဲ့သို့ တည်ငြိမ်ပေါ့ပါးသော အမူအရာများ မရှိတော့ချေ။ သူတို့၏ မျက်နှာများမှာ နီရဲနေပြီး အသက်ကို ပြင်းပြင်းရှူနေကြရသည်။ ဒူးများကို လက်ဖြင့်ထောက်ကာ ချွေးဒီးဒီးကျလျက် လှေကားထစ်များပေါ်တွင် ရပ်နေကြသည်။

သူတို့၏ ခံနိုင်ရည် အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဆိုတာ ထင်ရှားလှသည်။ သို့သော် သူတို့ ရပ်နေသည့် နေရာများတွင် အနိမ့်အမြင့် ကွာခြားချက်များ စတင် ပေါ်ပေါက်လာပြီ ဖြစ်သည်။

ပိုင်ပုဖန်နှင့် စစ်ထူကျင်းတို့ နှစ်ယောက်သည် အမြင့်ဆုံးနေရာတွင် အတူယှဉ်တွဲ ရပ်နေကြသည်။ အခြားသူများမှာ သူတို့နောက်ဘက် အနည်းငယ်တွင် ရှိနေကြသော်လည်း ကွာဟချက်မှာ သုံးလေးဆင့်ခန့်သာ ရှိသည်။ အနောက်ဆုံးတွင် ကျန်ရစ်နေသူမှာ ရွှမ်ရှင်းဂိုဏ်းမှ ချင်းယွင်ထင်း ဖြစ်သည်။ လင်းကျိယွဲ့ ခန့်မှန်းခဲ့သည့်အတိုင်း ပေါ့ပါးသွက်လက်သော သိုင်းပညာကို အားပြုရသည့် ချင်းယွင်ထင်းသည် ကောင်းကင်လှေကားထစ်ကို တက်ရောက်ရာတွင် ရုန်းကန်နေရလေ၏။

"ပိုင်ပုဖန်နဲ့ စစ်ထူကျင်းတို့ အဆင့် ၁၆၅ ကို ရောက်နေကြပြီ" ဝေ့ကျိအန်းက အမြန်ရေတွက်ကြည့်ပြီး အံ့အားသင့်‌နေသည့်အသံဖြင့် ပြောလိုက်သည်။

"သူတို့ အကန့်အသတ်ကို ရောက်နေတဲ့ပုံပဲ။ တကယ်ပဲ သူတို့ရဲ့ အလားအလာက သခင်လေးကျိယွဲ့လောက်တောင် မကောင်းပါဘူး" မာကူးက အံ့သြစွာ မှတ်ချက်ချသည်။

ကောင်းကင်လှေကားထစ်ကို တက်ရောက်ပြီး အလားအလာကို တိုင်းတာသည့် ဤနည်းလမ်းမှာ အတော်လေး ယုံကြည်စိတ်ချရပုံ ပေါ်သည်။

"အစ်ကိုပိုင်... ခင်ဗျား အပေါ်ထပ်တက်ဖို့ အားကျန်သေးရဲ့လား"

လှေကားထစ်ပေါ်တွင် ချွေးများ ရွှဲနစ်နေသော စစ်ထူကျင်းက ပိုင်ပုဖန်ကို လှမ်းမေးလိုက်သည်။ သူ၏ ကြွက်သားများ တုန်ခါနေပုံကို ကြည့်ခြင်းအားဖြင့် သူ၏ ဝရဇိန်ခန္ဓာသိုင်းပညာသည် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိသာနေသည်။

"အဲဒါက ညီလေးစစ်ထူ့မှာ အားကျန်သေးလားဆိုတဲ့အပေါ် မူတည်တာပေါ့"

ပိုင်ပုဖန်က ပြန်ဖြေလိုက်သော်လည်း သူ၏ မျက်နှာထားမှာလည်း တင်းမာနေ၏။ ပုံမှန်အားဖြင့် ဖြူဖပ်ဖြူရော ဖြစ်နေတတ်သည့် သူ့မျက်နှာသည် ယခုအခါ နီမြန်းနေပြီး မျက်လုံးများမှာ သွေးကြောမျှင်များ ယှက်သန်းနေလေ၏။ သူလည်း အကန့်အသတ်သို့ ရောက်နေပြီမှာ ထင်ရှားသည်။ သို့သော် စစ်ထူကျင်း၏ ရှေ့တွင် အားနည်းချက်မပြလိုသည့်အတွက် သူ တင်းခံထားခြင်းပင်။

"ကျွန်တော့်မှာ အားနည်းနည်းတော့ ကျန်ပါသေးတယ်။ အတင်းလုပ်မယ်ဆိုရင် တစ်ဆင့်နှစ်ဆင့်လောက်တော့ ထပ်တက်နိုင်လောက်တယ်"

စစ်ထူကျင်း၏ စကားကြောင့် ပိုင်ပုဖန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ထပ်တက်ရန် အားအင် လုံးဝ မကျန်တော့သောကြောင့် ဖြစ်သည်။ သို့သော် စစ်ထူကျင်း ပြောလိုက်သော နောက်ထပ် စကားတစ်ခွန်းကြောင့် သူ အံ့သြသွားရသည်။

"ကျွန်‌တော်တို့ သရေပွဲလို့ပဲ သတ်မှတ်လိုက်ရင်ရော ဘယ်လိုလဲ"

"ခင်ဗျားက သရေပွဲ လုပ်ချင်တာလား" ပိုင်ပုဖန် ကြောင်အသွားပြီး စစ်ထူကျင်းကို မယုံနိုင်သလို ကြည့်လိုက်သည်။

နှစ်ပေါင်းများစွာ ကြာအောင် စစ်ထူကျင်းသည် သူ့ကို အချိန်တိုင်း ယှဉ်ပြိုင်ခဲ့ပြီး အမြဲတမ်း ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့သူ ဖြစ်သည်။

ယခု လူအများရှေ့တွင် အနိုင်ယူနိုင်မည့် အခွင့်အရေး ရှိပါလျက်နှင့် သူက လက်လွှတ်ခံချင်နေသည်လား။

"ဟုတ်တယ်... ကျွန်တော် ဝရဇိန်ခန္ဓာသိုင်းကို သုံးပြီး နောက်ထပ် တစ်ဆင့်နှစ်ဆင့်လောက် အတင်းတက်လို့ ရတာတော့ မှန်တယ်။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် ကောင်းကင်လှေကားထစ်ရဲ့ ဖိအားကြောင့် ပြန်ကန်ထွက်တဲ့ ဒဏ်ကို ကျွန်တော် သေချာပေါက် ခံရလိမ့်မယ်။ အဲဒါက ကျွန်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေခံကို ထိခိုက်စေပြီး မွေးရာပါနယ်ပယ်ကို ဖောက်ထွက်ဖို့ နှောင့်နှေးသွားစေနိုင်တယ်။

ကျွန်တော်တို့က ဟိုနှစ်ယောက်ရဲ့ နောက်မှာ ကျန်ရစ်ခဲ့ပြီးသားလေ။ ခဏတာ အငြင်းပွားမှုလေးကြောင့် ကျွန်တော်တို့ကြားက ကွာဟချက်ကို ပိုကျယ်သွားအောင် မလုပ်ချင်တော့ဘူး"

ပိုင်ပုဖန် တိတ်ဆိတ်သွားသည်။

စစ်ထူကျင်း ဘယ်သူ့ကို ရည်ညွှန်းနေမှန်း သူ ကောင်းကောင်း သိသည်။ ယခင်က ကျုံးကျိုးနယ်မြေ၏ သူရဲကောင်းဆယ်ဦးထဲတွင် ထိုနှစ်ယောက်ကို သူ သိပ်အလေးမထားခဲ့ပေ။

တစ်ယောက်က ဟောကိန်းထုတ်ရာတွင် ကျွမ်းကျင်သော ထျန်းကျီဂိုဏ်းမှ ဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မိမိအောက် တစ်ဆင့်နိမ့်မည်ဟု ယူဆထားခဲ့သည်။ နောက်တစ်ယောက်ကမူ အရင်းအမြစ် နည်းပါးပြီး တိုးတက်မှု နှေးကွေးသော ကျဆင်းနေသည့် ဂိုဏ်းငယ်လေးတစ်ခုမှ ဖြစ်သည်။

ထို့ကြောင့် သူ့အာရုံမှာ စစ်ထူကျင်းနှင့် အခြား နောက်ခံအင်အားတောင့်တင်းသူများအပေါ်တွင်သာ ရှိခဲ့သည်။ သူတို့အချင်းချင်း ပြိုင်ဆိုင်နေကြစဉ်တွင် အထင်မကြီးခဲ့သော ထိုနှစ်ယောက်က မွေးရာပါနယ်ပယ်ကို အရင်ဆုံး ဖောက်ထွက်သွားလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။ ဤအချက်ကို တွေးမိသောအခါ ပိုင်ပုဖန် စိတ်ပျက်သွားတော့၏။

"ခင်ဗျား ပြောတာ မှန်တယ်။ သေးငယ်တဲ့ ပြိုင်ဆိုင်မှုလေးအတွက်နဲ့ ကျွန်တော်တို့ရဲ့ သိုင်းလမ်းစဉ်ကို စွန့်စားရတာ မတန်ပါဘူး။ ကျွန်တော်တို့ အာရုံစိုက်ရမှာက မွေးရာပါနယ်ပယ်ကို အမြန်ဆုံး ရောက်နိုင်ဖို့ပါပဲ။ ဒီလို သေးဖွဲတဲ့ ပြိုင်ပွဲတွေ မဟုတ်ဘူး။ ညီလေးစစ်ထူ... ဒီတစ်ခေါက် ခင်ဗျား နိုင်ပါတယ်"

ပိုင်ပုဖန်က ရိုးသားစွာ ဝန်ခံပြောဆိုလိုက်သည်။ စစ်ထူကျင်း အံ့သြသွားသည်။ ပိုင်ပုဖန် အရှုံးပေးတော့မည့်ဆဲဆဲတွင် အပေါ်ဘက်ဆီမှ ရယ်သံလွင်လွင်လေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒါများ ကျုံးကျိုးနယ်မြေရဲ့ သူရဲကောင်းဆယ်ဦးတဲ့လား... လှေကားထစ်လေး တစ်ခုတက်တာနဲ့တင် ဒီလောက်တောင် မောပန်းနေကြပြီကိုး။ ကျုပ်ဆရာ ပြောတာ မှန်တာပဲ... ပြင်ပလောကက သိုင်းပညာရှင်တွေရဲ့ အခြေခံက ယေဘုယျအားဖြင့် အားနည်းကြတယ်။ အပြင်ပန်းက ကြည့်ကောင်းပေမဲ့ အတွင်းမှာတော့ ပုပ်သိုးနေတာပဲ"

ထိုအသံမှာ မကျယ်လောင်သော်လည်း မိုင်ပေါင်းများစွာအထိ ပျံ့လွင့်သွားသဖြင့် အနီးနားရှိ လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ကြရသည်။ လှောင်ပြောင်သော လေသံကြောင့် လူအုပ်ကြီး ဆူညံသွားသည်။

"ဘယ်သူလဲကွ... လေကြီးလေကျယ် ပြောရဲတာ"

"ကျုံးကျိုးနယ်မြေရဲ့ သူရဲကောင်းဆယ်ဦးကိုတောင် တည့်တိုး လှောင်ပြောင်ရဲတယ်ဆိုတော့ ဘယ်သူများလဲ"

"ကြည့်ရတာ ပွဲကောင်းတော့ လာတော့မယ်နဲ့ တူတယ်"

လူအများက အသံလာရာ အရပ်သို့ မော့ကြည့်လိုက်ကြသည်။ နောက်တစ်ခဏတွင်တော့ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ကောင်းကင်ယံတွင် ငှက်ကြီး ၇ ကောင်၊ ၈ ကောင်ခန့် ပျံဝဲနေသည်ကို တွေ့လိုက်ရပြီး ငှက်တစ်ကောင်စီ၏ ကျောပေါ်တွင် လူတစ်ယောက်စီ စီးနင်းလိုက်ပါလာကြသည်။ ထိုငှက်ကြီးများ၏ အတောင်ပံများသည် ၁၀ မီတာကျော် ရှည်လျားပြီး အတောင်ခတ်လိုက်တိုင်း ပြင်းထန်သော လေပြင်းများကို ဖြစ်ပေါ်စေသည်။

ပိုင်ပုဖန်နှင့် အခြားသူများသည် လှောင်ပြောင်သံကြောင့် အစပိုင်းတွင် ဒေါသထွက်သွားကြသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၌ ဒေါသမထွက်နိုင်တော့ဘဲ ကြောင်အသွားကြသည်။

လုချင်းနှင့် အခြားသူများမှာမူ ပို၍ပင် အံ့သြမှင်သက်နေကြသည်။ ဝေးလံခေါင်ဖျားသော ဒေသမှ လာကြသူများ ဖြစ်သည့်အတွက် ဤကဲ့သို့သော မြင်ကွင်းမျိုး တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။ သူတို့ မျက်လုံးပြူးကာ အံ့သြတကြီး ငေးကြည့်နေမိသည်။

"သူတို့ပဲ..."

လင်းကျိယွဲ့၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားပြီး အံ့အသင့်စွာဖြင့် ရေရွတ်လိုက်သည်။

"သခင်လေးကျိယွဲ့... သူတို့ကို သိလို့လား" လုချင်းက စပ်စုလိုက်သည်။

"လူကိုတော့ မသိဘူး။ ဒါပေမဲ့ သူတို့ ဘယ်ကလာလဲ ဆိုတာတော့ သိတယ်" လင်းကျိယွဲ့က ကောင်းကင်ကို စူးစိုက်ကြည့်ရင်း ပြောသည်။ "တိမ်လွှာနဲ့ ရေစီးကြောင်းပုံစံ ဝတ်ရုံတွေကို ဝတ်ဆင်ထားပြီး နတ်သားရဲငှက်တွေကို စီးနင်းနိုင်တယ်ဆိုမှတော့ သူတို့က လျှို့ဝှက်နယ်မြေကြီးလေးခုထဲက တစ်ခုဖြစ်တဲ့ ယွင်ရွှေ လျှို့ဝှက်နယ်မြေက လူတွေပဲဖြစ်ရမယ်"

"လျှို့ဝှက်နယ်မြေကြီးလေးခု ဟုတ်လား"

လုချင်း စိတ်လှုပ်ရှားသွားသည်။ ဝမ်ချန်းယီ၏ တပည့်နှင့် တိုက်ခိုက်စဉ်က ထိုသူသည် သူ့ကို လျှို့ဝှက်နယ်မြေတစ်ခုမှ တပည့်ဖြစ်မည်ဟု အစပိုင်းတွင် ထင်မှတ်ခဲ့ဖူးကြောင်း ပြန်သတိရလိုက်သည်။ နောက်ပိုင်းတွင် သူ ဤသတင်းအချက်အလက်ကို ဂရုတစိုက် လေ့လာခဲ့ဖူးသည်။

ရလဒ်မှာ လျှို့ဝှက်နယ်မြေကြီးလေးခု ဆိုသည်မှာ အလွန် လျှို့ဝှက်ဆန်းကြယ်သော နေရာလေးခု ဖြစ်သည်။ ၎င်းတို့ ဘယ်နေရာတွင် ရှိသည်ကို မည်သူမျှ မသိကြပေ။ သို့သော် ထိုလျှို့ဝှက်နယ်မြေများမှ တပည့်များ ပြင်ပလောကသို့ ထွက်ပေါ်လာတိုင်း အကြီးအကျယ် လှုပ်ခတ်မှု ဖြစ်စေလေ့ရှိ၏။

မြင့်မြတ်သောတောင်တော် တည်ထောင်နိုင်ခြင်းသည်ပင်လျှင် လျှို့ဝှက်နယ်မြေကြီးလေးခု၏ တိတ်တဆိတ် သဘောတူညီမှုနှင့် ပံ့ပိုးမှု ရှိခဲ့သောကြောင့်သာ ဖြစ်နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ထို့ကြောင့်လည်း ကမ္ဘာပေါ်ရှိ ဂိုဏ်းကြီးများအားလုံးက အသိအမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။ အတိုချုပ်ပြောရလျှင် ၎င်းတို့သည် အလွန် လျှို့ဝှက်ပြီး အစွမ်းထက်သော အင်အားစုကြီး ၄ ခု ဖြစ်သည်။ သူတို့ ဒီနေရာကို ရုတ်တရက် ရောက်လာကြလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

လုချင်း ချက်ချင်းပင် သူ့နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

"ဒီလို အခင်းအကျင်း၊ ဒီလို ဝတ်စားဆင်ယင်မှုမျိုးနဲ့ ဆိုတော့ တကယ်ပဲ ယွင်ရွှေ လျှို့ဝှက်နယ်မြေက လူတွေပဲလား"

မြို့တော်မြတ်၏ အမြင့်ပိုင်းနေရာများတွင် ရှိနေကြသော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများလည်း ကောင်းကင်ယံမှ မြင်ကွင်းကြောင့် တုန်လှုပ်နေကြသည်။

"မမှားနိုင်ဘူး... အဲဒီ တိမ်လွှာနဲ့ရေစီးကြောင်းပုံစံက ယွင်ရွှေ လျှို့ဝှက်နယ်မြေရဲ့ သင်္ကေတပဲ"

"ကမ္ဘာလောကကြီး ပြောင်းလဲလာပြီး ဝိညာဉ်စွမ်းအင်တွေ ပြန်လည် နိုးထလာတော့ လျှို့ဝှက်နယ်မြေကြီးလေးခုတောင် ငြိမ်မနေနိုင်ကြတော့ဘူးပေါ့လေ"

"ယွင်ရွှေ လျှို့ဝှက်နယ်မြေက လူတွေ ရောက်လာပြီဆိုတော့ ကျန်တဲ့ လျှို့ဝှက်နယ်မြေ ၃ ခုက လူတွေလည်း သိပ်လိုတော့မယ် မထင်ဘူး"

"သူတို့ကို သွားကြိုဆိုကြမလား"

"မလောပါနဲ့ဦး... အခြေအနေကို အရင် စောင့်ကြည့်တာ ပိုကောင်းမယ်။ ပြီးတော့ သွားကြိုဆိုရမယ်ဆိုရင်တောင် အဲဒါက ကျွန်တော်တို့အလုပ် မဟုတ်ဘူးလေ"

အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ ဆွေးနွေးနေကြစဉ် ငှက်ကြီးတစ်ကောင်၏ ကျောပေါ်တွင် စီးနင်းလိုက်ပါလာသော ပိုးထည်ဝတ်စုံနှင့် လူငယ်တစ်ဦးက ကောင်းကင်လှေကားထစ်ပေါ်ရှိ ပိုင်ပုဖန်တို့ကို ရုတ်တရက် လှမ်းပြောလိုက်သည်။

"ဘာဖြစ်လို့လဲ... ခင်ဗျားတို့ မျက်နှာထားတွေ ကြည့်ရတာ ကျုပ်စကားကို မကျေနပ်ကြလို့လား"

စောစောက သူတို့ကို လှောင်ပြောင်ခဲ့သည့် အသံမှာ ဤလူငယ်၏ အသံမှန်း လူတိုင်း ရိပ်မိလိုက်ကြသည်။

"သခင်လေးကလည်း မနောက်ပါနဲ့ဗျာ။ ကျွန်တော်တို့ဆီမှာ ဘာအငြိုးအတေးမှ မရှိပါဘူး"

ပိုင်ပုဖန်နှင့် အခြားသူများသည် လူသစ်များ၏ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျ မသိကြသော်လည်း ဤကဲ့သို့သော နတ်သားရဲငှက်များကို ယဉ်ပါးအောင် မွေးမြူနိုင်သူများမှာ အလွန်အင်အားကြီးမားသော အဖွဲ့အစည်းမှ ဖြစ်ရမည်ဟု နားလည်ထားကြသည်။ သူတို့ ဂိုဏ်းအကြီးအကဲများထံမှ ကြားဖူးနားဝ ရှိထားသည်များကို အခြေခံ၍ အကြမ်းဖျင်း ခန့်မှန်းကြည့်နိုင်သည်။ ဤလူများသည် ဒဏ္ဍာရီလာ လျှို့ဝှက်နယ်မြေများမှ ဖြစ်ဖို့ များသည်။ ထို့ကြောင့် သူတို့က မည်သို့ ဒေါသထွက်ရဲပါမည်နည်း။

"ဟုတ်လို့လား... ခုနက ခင်ဗျားတို့ မျက်နှာထားတွေက သိပ်မကျေနပ်တဲ့ ပုံစံပဲ" ပိုးထည်ဝတ်စုံနှင့် လူငယ်က ရယ်မောလိုက်သည်။ "ကောင်းပြီလေ... ခင်ဗျားတို့ နားမလည်ဘူးဆိုရင်လည်း လူတစ်ယောက်ချင်းစီတိုင်းမှာ သူ့ထက်သာတဲ့လူ အမြဲ ရှိတယ် ဆိုတာ ဘာလဲကို ကျုပ် ပြရသေးတာပေါ့"

ထိုသို့ပြောပြီးနောက် လူငယ်က လက်ထဲရှိ ကြိုးကို ဆွဲလိုက်ရာ သူစီးနင်းထားသော ငှက်ကြီးက ကျယ်လောင်စွာ အော်မြည်လိုက်သည်။ ထို့နောက် အတောင်ပံများကို ခတ်ကာ ပြင်းထန်သော လေပြင်းများ ဖန်တီးလျက် တောင်အောက်သို့ ထိုးဆင်းလာသည်။

၎င်း၏ ကြောက်မက်ဖွယ် အရှိန်အဟုန်ကြောင့် တောင်ခြေရင်း၌ စုဝေးနေသော သိုင်းပညာရှင်များမှာ ကြောက်လန့်တကြား အော်ဟစ်ကာ ဘေးဖက်သို့ ဆုတ်ခွာကုန်ကြသည်။ ငှက်ကြီး၏ အတောင်ပံများအောက်တွင် အဖိခံရမည်ကို ကြောက်ကြသောကြောင့် ဖြစ်သည်။

ကံကောင်းစွာဖြင့် ပိုးထည်ဝတ်စုံနှင့် လူငယ်တွင် မည်သူ့ကိုမျှ ထိခိုက်စေလိုသော ဆန္ဒ မရှိပေ။ ငှက်ကြီး မြေပြင်နှင့် နီးကပ်လာသောအခါ သူက ခုန်ဆင်းလိုက်ပြီး ကောင်းကင်လှေကားထစ်ပေါ်သို့ သက်ဆင်းလိုက်သည်။ ငှက်ကြီးမှာမူ အတောင်ပံများကို အားပြင်းပြင်း ခတ်လိုက်ပြီး လေပွေတစ်ခု ဖန်တီးကာ ကောင်းကင်ယံသို့ ပြန်လည် ပျံတက်သွားသည်။

လူငယ်မှာမူ လှေကားထစ်ပေါ်သို့ ရောက်သည်နှင့် လုံးဝ ရပ်တန့်မနေပေ။ ခြေတစ်လှမ်းလှမ်းလိုက်ပြီး လေးညှို့မှ လွှတ်လိုက်သော မြှားတစ်စင်းအလား လေပေါ်သို့ ခုန်တက်လိုက်သည်။

ကျောက်စိမ်း လှေကားထစ်ပေါ်သို့ သူ ပြန်လည် ကျရောက်ချိန်တွင် အောက်ဘက်ရှိ လူအုပ်ကြီးမှာ အံ့သြလွန်း၍ အသက်ရှူမှားလုမတတ် ဖြစ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုခုန်လိုက်သည့် တစ်ချက်တည်းဖြင့် သူသည် လှေကားထစ် အဆင့် ၂၀ ကျော်ကို ကျော်လွှားခဲ့ပြီး ပေ ‌၇၀ ၊ ၈၀ ခန့် အကွာအဝေးကို ရောက်ရှိသွားသောကြောင့် ဖြစ်သည်။ ဤအမြင့်သည် ပိုင်ပုဖန် အစပိုင်းတွင် ခုန်တက်ခဲ့သည့် အမြင့်၏ နှစ်ဆနီးပါး ရှိ၏။

ဒါတင် မကသေးပေ။ ကျောက်စိမ်း လှေကားထစ်ပေါ်သို့ ပြန်ကျလာပြီးနောက် လူငယ်သည် တစ်ခဏမျှပင် မရပ်နားဘဲ ပေါ့ပါးသော ခြေလှမ်းဖြင့် အပေါ်သို့ ထပ်မံ ခုန်တက်လိုက်ပြန်သည်။ ကောင်းကင်လှေကားထစ်၏ ဖိအားသည် သူ့အတွက် လုံးဝ မရှိသကဲ့သို့ပင်။

ဒုတိယအကြိမ် ခုန်တက်ရာတွင် ပထမအကြိမ်လောက် မမြင့်သော်လည်း ပေ ၆၀ ၊ ၇၀ ခန့် မြင့်တက်သွားသည်။ ကျောက်စိမ်း လှေကားထစ်ပေါ် ပြန်ကျလာသောအခါ၌ သူ နောက်တစ်လှမ်း လှမ်းလိုက်ပြန်ပြီး ခန္ဓာကိုယ်မှာ အပေါ်သို့ ထပ်မံ မြင့်တက်သွားပြန်သည်။

မတ်စောက်သော ကျောက်ကမ်းပါးကို တွယ်တက်နေသည့် မျောက်တစ်ကောင်ကဲ့သို့ ထိုလူငယ်သည် ကောင်းကင်လှေကားထစ်ပေါ်တွင် လျင်မြန်စွာ ခုန်တက်နေသည်။ မကြာမီတွင် ပိုင်ပုဖန်နှင့် အခြားသူများ ရပ်နေသည့်နေရာသို့ ရောက်ရှိလာသည်။ လူငယ်သည် လုံးဝ ရပ်တန့်ခြင်း မရှိဘဲ သူတို့ကို အထင်သေးသော အပြုံးဖြင့် တစ်ချက်ပြုံးပြကာ ဘေးမှ ဖြတ်ကျော်ပြီး အပေါ်သို့ ဆက်တက်သွားသည်။

ပိုင်ပုဖန်နှင့် အခြားသူများမှာမူ ဒေါသထွက်ချိန်ပင် မရလိုက်ကြပေ။ လူငယ်က သူတို့ကို လွယ်ကူစွာ ကျော်တက်သွားပြီး အပေါ်သို့ ဆက်သွားနေသည်ကို ကြည့်ကာ အလွန်အမင်း တုန်လှုပ်နေကြသည်။ တောင်ခြေရင်းရှိ လူအုပ်ကြီးလည်း တိတ်ဆိတ်သွားသည်။

လူငယ် အပေါ်သို့ တက်သွားသည်ကို သူတို့ ကြောင်ငေးကြည့်နေမိ၏။ အစပိုင်းနှင့် ယှဉ်လျှင် အရှိန်အနည်းငယ် လျော့သွားသော်လည်း အံ့သြဖွယ် ကောင်းလောက်အောင် မြန်ဆန်နေဆဲပင်။

အဆင့် ၁၇၀၊ ၁၈၀၊ ၁၉၀...

ပိုင်ပုဖန်တို့ကို ကျော်တက်သွားပြီးနောက်တွင်ပင် ထိုလူငယ်သည် တစ်ခါခုန်လျှင် လှေကားထစ် အများအပြားကို ကျော်တက်နေဆဲ ဖြစ်သည်။ ဒဏ္ဍာရီလာ အမြင့်သို့ သူ တဖြည်းဖြည်း နီးကပ်လာသည်ကို လူတိုင်း စောင့်ကြည့်နေကြသည်။

နောက်ဆုံးတွင် လူငယ်၏ ခန္ဓာကိုယ်သည် အဆင့် ၂၀၀ မြောက် လှေကားထစ်ပေါ်သို့ ခိုင်မာစွာ ကျရောက်သွားပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေသည်ကို တွေ့လိုက်ရသောအခါ၌ အောက်ဘက်ရှိ လူအုပ်ကြီး ပွက်လောရိုက်သွားသည်။

"အဆင့် ၂၀၀ ဟေ့... သူ တကယ်ပဲ အဆင့် ၂၀၀ ကို ရောက်သွားတယ်"

"မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တွေက အများဆုံး အဆင့် ၁၉၉ အထိပဲ ရောက်နိုင်တယ်လို့ ပြောကြတယ် မဟုတ်လား။ အဲဒီအကျော်က မွေးရာပါနယ်ပယ်ရဲ့ နယ်ပယ်ပဲလေ။ ဒီလူက မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ ဖြစ်နေတာများလား"

"မဖြစ်နိုင်တာ... သူ့ဆီကနေ မွေးရာပါနယ်ပယ်ရဲ့ ထူးခြားတဲ့ အရှိန်အဝါမျိုး မခံစားရပါဘူး"

"မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တွေရဲ့ ကောင်းကင်လှေကားထစ် စံချိန်ကို လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က 'ဧကရာဇ်ယွိ' စံချိန်တင်ခဲ့တာလေ။ ဒီနေ့မှ တစ်ယောက်ယောက်က အဲဒီစံချိန်ကို ချိုးဖျက်လိုက်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ"

"လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က 'ဧကရာဇ်ယွိ' ထက်တောင် ပါရမီပါတဲ့ ဒီလူက ဘယ်သူလဲဟ"

...

မြို့တော်မြတ်၏ အမြင့်ပိုင်းနေရာများတွင် ရှိနေကြသော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများလည်း တုန်လှုပ်သွားကြသည်။

"သူ တကယ်ပဲ အဆင့် ၂၀၀ ကို ရောက်သွားတာပဲ။ အဲဒီလူငယ်က မွေးဖွားပြီးနယ်ပယ်မှာပဲ ရှိသေးတာ သေချာရဲ့လား"

"သေချာတာပေါ့... မဟုတ်ရင် ဒီလောက် ကြွားဝါတဲ့ ပုံစံမျိုးနဲ့ ပိုင်ပုဖန်တို့ကို လှောင်ပြောင်ပါ့မလား။ တကယ်လို့ သူက မွေးရာပါနယ်ပယ်သာ ဖြစ်နေရင် အားနည်းသူကို အနိုင်ကျင့်ပြီး ကိုယ့်သိက္ခာ ကိုယ်ချသလို ဖြစ်နေမှာပေါ့"

"လျှို့ဝှက်နယ်မြေက တပည့် ဖြစ်နေတာ မဆန်းပါဘူး။ အဆင့် ၂၀၀ နေရာမှာရှိတဲ့ ဖိအားက မွေးရာပါနယ်ပယ်ကို အခုမှ ရောက်ခါစ ကျွမ်းကျင်သူတစ်ယောက်တောင် ရုန်းကန်ရမယ့် အနေအထားလေ။ ဒါကို ဒီလူငယ်ကတော့ လွယ်လွယ်ကူကူပဲ တက်သွားနိုင်တယ်။ သူ့ပုံစံ ကြည့်ရတာ အများကြီး ထပ်တက်နိုင်ဦးမယ့်ပုံပဲ။ သူက မွေးဖွားပြီးနယ်ပယ်မှာ ရှိနေလျက်နဲ့ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူကို ယှဉ်တိုက်နိုင်တဲ့သူများလား"

"မွေးဖွားပြီးနယ်ပယ်မှာ ရှိနေပြီး မွေးရာပါနယ်ပယ် ကျွမ်းကျင်သူကို ယှဉ်တိုက်နိုင်တယ်ဆိုတာ သိပ်တော့ မထူးဆန်းပါဘူး။ လျှို့ဝှက်နယ်မြေကြီးလေးခုက လူတွေ အရင်ကလည်း လုပ်ဖူးကြတာပဲလေ"

"လျှို့ဝှက်နယ်မြေတွေရဲ့ အမွေအနှစ်တွေက ကျုပ်တို့နဲ့ တကယ် မတူတာပဲ။ မဟုတ်ရင် သူတို့က ဒီကမ္ဘာကြီးကို အရိပ်ထဲကနေ ဒီလောက်ကြာကြာ ထိန်းချုပ်ထားနိုင်မှာ မဟုတ်ဘူး"

"အရင်တုန်းက လျှို့ဝှက်နယ်မြေက တပည့်တွေ အပြင်ထွက်ပြီး လေ့ကျင့်ရင် အများဆုံး တစ်ယောက်နှစ်ယောက်ပဲ လာတာ။ ဒါပေမဲ့ ဒီတစ်ခေါက်ကျတော့ ယွင်ရွှေ လျှို့ဝှက်နယ်မြေက လူတွေ အများကြီး ထွက်လာပြီး ဒီလောက်တောင် အထင်ကရ လုပ်ပြနေကြတယ်။ ကမ္ဘာကြီးက တကယ်ပဲ ပြောင်းလဲတော့မယ့်ပုံပဲ"

...

"သူ အဆင့် ၂၀၀ ကို ဒီလောက် လွယ်လွယ်ကူကူ တက်သွားနိုင်တယ်ပေါ့..."

တခြားတစ်ဖက်တွင်တော့ လင်းကျိယွဲ့သည်လည်း ကောင်းကင်လှေကားထစ်ပေါ်ရှိ ပုံရိပ်ကို ကြည့်ရင်း မှင်သက်နေသည်။ ကောင်းကင်လှေကားထစ်ကို တစ်ကြိမ်မက တက်ဖူးသူ ဖြစ်သည့်အတွက် လှေကားထစ်ပေါ်ရှိ ဖိအား မည်မျှ ပြင်းထန်ကြောင်း သူ သိပါ၏။

အထူးသဖြင့် အဆင့် ၁၅၀ ကျော်သွားလျှင် ဖိအားသည် မဟာသခင်တစ်ယောက်၏ ခံနိုင်ရည် အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူ့အတွက်ပင်လျှင် အဆင့် ၁၇၁ ကို ရောက်ဖို့ ဖြည်းဖြည်းနှင့် ပင်ပင်ပန်းပန်း တက်ခဲ့ရခြင်း ဖြစ်သည်။

မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က ကောင်းကင်လှေကားထစ်ကို ဤမျှ လွယ်ကူစွာ တက်ရောက်ပြီး အဆင့် ၂၀၀ သို့ ရောက်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဟုတ်သည်။ လင်းကျိယွဲ့သည် ဤမျှ အကွာအဝေးမှနေ၍ လူငယ်၏ အရှိန်အဝါကို မခံစားနိုင်သော်လည်း ထိုလူငယ်သည် မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း သေချာနေသည်။ ယွင်ရွှေ လျှို့ဝှက်နယ်မြေမှ တပည့်များသည် မာန်မာန ကြီးကြ၏။ သူတို့သည် အားနည်းသူကို အနိုင်ကျင့်ဖို့ ဘယ်တော့မှ ကိုယ့်ကိုကိုယ် နှိမ့်ချမည် မဟုတ်ပေ။ သို့သော် ဤအချက်ကို သူ နားလည်ထားသောကြောင့်ပင် လင်းကျိယွဲ့၏ စိတ်ထဲ၌ တုန်လှုပ်မှု ပိုကြီးမားနေရခြင်း ဖြစ်၏။

"သခင်လေးကျိယွဲ့... ခင်ဗျားရဲ့ သတင်းအချက်အလက်တွေ မှားနေပုံရတယ်။ အဆင့် ၂၀၀ ကို ရောက်နိုင်တဲ့ မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တွေ ရှိနေသေးတာပဲ။ ဒဏ္ဍာရီလာ လျှို့ဝှက်နယ်မြေက လာသူတွေ ဖြစ်နေတာ မဆန်းပါဘူး။ အဲဒီက လာတဲ့ သာမန်လူတစ်ယောက်တောင် ဒီလောက် ကြောက်စရာ ကောင်းနေတာကိုး" လုချင်းက လေးစားစွာ ပြောလိုက်သည်။

"လုချင်း... မင်းက ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေနိုင်ရတာလဲ" လင်းကျိယွဲ့က လုချင်း၏ မျက်နှာထားကို သတိထားမိပြီး ရုတ်တရက် မေးလိုက်သည်။

"ဟင်" လုချင်းကလည်း သူ့ကို ကြောင်တောင်တောင် ကြည့်လိုက်သည်။

"ဒီလောက်ကြီးမားတဲ့ ကွာဟချက်ကို မြင်နေရတာတောင် ခင်ဗျား စိတ်ပျက်အားငယ်တာမျိုး နည်းနည်းလေးတောင် မဖြစ်ဘူးလား" လင်းကျိယွဲ့က မေးလာ၏။

"ကြီးမားတဲ့ ကွာဟချက် ဟုတ်လား... ယွင်ရွှေ လျှို့ဝှက်နယ်မြေက ဒီကျွမ်းကျင်သူကို ပြောတာလား" လုချင်းက လင်းကျိယွဲ့ မျက်နှာပေါ်မှ ရှုပ်ထွေးနေသော အမူအရာကို မြင်လိုက်ရပြီး သူ၏ မေးခွန်းကို ရုတ်တရက် နားလည်သွားကာ ညင်သာစွာ ပြုံးလိုက်သည်။

"သခင်လေးကျိယွဲ့... လူတွေမှာ မတူညီတဲ့ ပါရမီတွေနဲ့ ကံတရားတွေ ရှိကြစမြဲပါဗျာ။ ကျင့်ကြံခြင်း လမ်းခရီးမှာလည်း ပိုတော်တဲ့သူ၊ ပိုညံ့တဲ့သူ၊ ပိုမြန်တဲ့သူ၊ ပိုနှေးတဲ့သူဆိုတာ ရှိမှာပါပဲ။

ဒါပေမဲ့ ဒီလမ်းကို လျှောက်လှမ်းခဲ့ပြီးမှတော့ ကိုယ့်ပါရမီက တခြားသူတွေလောက် မကောင်းလို့ဆိုပြီး ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်လို့ မဖြစ်ဘူးလေ... ဟုတ်တယ်မလား။ အဲဒီလိုဆိုမှတော့ ဘာလို့ တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင် လုပ်နေမှာလဲ။

ကျင့်ကြံသူတွေအနေနဲ့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ ပြန်နှိုင်းယှဉ်ဖို့ လိုပါတယ်။ မနေ့က ကိုယ့်ထက် ဒီနေ့ကိုယ်က ပိုတော်နေရင် ပြီးတာပါပဲ... အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ ကျင့်ကြံအားထုတ်မှုတွေ အလဟဿ မဖြစ်ဘူးလို့ ဆိုလိုတာပေါ့။

ဇွဲလုံ့လသာ ရှိမယ်ဆိုရင်... လက်ရှိမှာ အဲဒီ ပြိုင်ဘက်ကင်း ပါရမီရှင်တွေကို အမီမလိုက်နိုင်သေးရင်တောင် တစ်နေ့ကျရင် ကျွန်တော်တို့လည်း ကိုယ်ပိုင် အခွင့်အလမ်းတွေနဲ့ ကြုံတွေ့လာရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ရှေးလူကြီးတွေ ပြောသလိုပေါ့ဗျာ... 'ကောင်းကင်ဘုံရဲ့ လမ်းစဉ်က ကြမ်းတမ်းတယ်။ လူတော်လူကောင်းဆိုတာ မိမိကိုယ်ကို အားကိုးပြီး မနားမနေ ကြိုးစားအားထုတ်ရတယ်' တဲ့။ သခင်လေးကျိယွဲ့ရော အဲဒီလို မထင်ဘူးလား"

လုချင်း၏ စကားကို ကြားပြီးနောက် လင်းကျိယွဲ့ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။

အခန်း ၂၇၄ - မိစ္ဆာ၏ ခြေရာများနှင့် ဟူကျိကျစ်၏ ကြိုတင်အာရုံခံစားမှု

"ကောင်းကင်ဘုံရဲ့ လမ်းစဉ်က ကြမ်းတမ်းတယ်။ လူတော်လူကောင်းဆိုတာ မိမိကိုယ်ကို အားကိုးပြီး မနားမနေ ကြိုးစားအားထုတ်ရတယ်"

ထိုစကားကို ကြားလိုက်ရသည့်အခါ၌ လင်းကျိယွဲ့တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူ့နှုတ်ကနေ ဒီစကားကို တိုးတိုးလေး ရေရွတ်လိုက်ရင်း စိတ်ထဲမှာ အကြီးအကျယ် လှုပ်ခတ်သွားပုံရ၏။

သူ့စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းဖို့ အချိန်အတော်ကြာ ယူလိုက်ရသည်။ နောက်ဆုံးမှာတော့ သူ့အကြည့်တွေ ကြည်လင်ပြတ်သားလာပြီး လုချင်းကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေးလုချင်း။ လမ်းပြပေးတဲ့အတွက် ကျေးဇူးပါဗျာ။ မဟုတ်ရင် ကျွန်တော် အတွေးလွန်တဲ့ ထောင်ချောက်ထဲ ရောက်သွားပြီး ကျင့်ကြံခြင်း စိတ်ဓာတ်တွေ ကစဉ့်ကလျား ဖြစ်သွားနိုင်တယ်ဗျ"

"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ။ သခင်လေးကျိယွဲ့က ဉာဏ်ကောင်းတဲ့သူပဲဟာ။ ကျွန်တော် သတိမပေးရင်တောင် နောက်ကျရင် ကိုယ့်ဟာကိုယ် သဘောပေါက်သွားမှာပါ" လုချင်းက ပြုံးရင်း ပြန်ပြောသည်။

ခုနက ယွင်ရွှေ လျှို့ဝှက်နယ်မြေမှ ပိုးထည်ဝတ်စုံနှင့် လူငယ် ကောင်းကင်လှေကားထစ် တက်သွားသည့် စွမ်းဆောင်ရည်ကြောင့် လင်းကျိယွဲ့ အကြီးအကျယ် တုန်လှုပ်သွားပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်သွားသည်ကို လုချင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

ထိုကဲ့သို့သော ကိစ္စများသည် သေးငယ်သည်ဟု ထင်ရသော်လည်း ကြီးမားနိုင်ပါ၏။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤအတွေးထဲတွင် ပိတ်မိသွားပါက အနည်းငယ် လွဲချော်ရုံဖြင့် 'သိုင်းနှလုံးသား' မတည်မငြိမ် ဖြစ်သွားနိုင်ပြီး ကျဆုံးခန်းသို့ ရောက်သွားနိုင်သည်။

ထို့ကြောင့် လုချင်းက လမ်းပြပေးခဲ့ခြင်း ဖြစ်သည်။ လင်းကျိယွဲ့၏ စိတ်ထဲရှိ အတားအဆီးများကို ရှင်းလင်းပေးရန် ဘိုးဘေးများ လက်ဆင့်ကမ်းခဲ့သော ရှေးဟောင်း ဉာဏ်ပညာကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

"ကောင်းကင်ဘုံရဲ့ လမ်းစဉ်က ကြမ်းတမ်း။ လူတော်လူကောင်းဆိုတာ မိမိကိုယ်ကို အားကိုးပြီး မနားမနေ ကြိုးစားအားထုတ်ရတယ်..."

ဘေးနားတွင် ရပ်နေသော မာကူးနှင့် ဝေ့ကျိအန်းတို့လည်း လုချင်း၏ စကားကို ကြားပြီး စိတ်လှုပ်ရှားသွားကြသည်။ မြို့တော်မြတ်တွင် သိုင်းပညာ ပါရမီရှင်များ စုဝေးနေသည်ကို မြင်ရသောအခါ သူတို့ စိတ်ဓာတ်မကျဘဲ နေနိုင်မည် မဟုတ်ပေ။

လူအချင်းချင်းကြား ကွာဟချက်က တကယ်ပဲ ကြီးမားလွန်းလှပါ၏။ ထိုသို့သော စိတ်ပျက်အားငယ်မှုသည် မိမိတို့၏ ကျင့်ကြံခြင်း အဓိပ္ပာယ်ကိုပင် သံသယဝင်လာစေနိုင်သည်။ သို့သော် လုချင်း၏ စကားများသည် သူတို့ စိတ်ထဲရှိ ဝေခွဲမရဖြစ်မှုများကို ဖယ်ရှားပေးလိုက်ပြီး စိတ်ဓာတ်ကျခြင်း အရိပ်အယောင်များကို တိုက်ထုတ်ကာ တက်ကြွလန်းဆန်းစေသည်။

လုချင်း ယခင်အတိုင်း တည်ငြိမ်နေသည်ကို ကြည့်ရင်း လင်းကျိယွဲ့ စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ လွန်ခဲ့သော ၂ နှစ်ကျော်က ချန်းခရိုင်တွင် လုချင်းကို စတင်တွေ့ရှိစဉ်က လုချင်းသည် ငယ်ရွယ်ပြီး အတွေ့အကြုံနုနယ်သော ကောင်လေးတစ်ယောက်သာ ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ အနည်းငယ် နုနယ်သော ရုပ်သွင်မှလွဲ၍ လုချင်းသည် အမူအရာနှင့် အပြုအမူပိုင်းတွင် အခြားအဆင့်တစ်ခုသို့ လုံးဝ ရောက်ရှိနေပြီ ဖြစ်သည်။

လင်းကျိယွဲ့သည် မွေးရာပါနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း လုချင်းနှင့် ရင်ဆိုင်ရသောအခါ သူသည် သေးနုပ်သည်ဟု ခံစားနေရဆဲပင်။

သခင်လေးလုချင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ထိ ရောက်နေပြီလဲ...

ဤအတွေးသည် လင်းကျိယွဲ့၏ စိတ်ထဲတွင် တစ်ဖန် ပေါ်လာပြန်သည်။

"ဘယ်လိုလဲ... ခင်ဗျားတို့ အရှုံးပေးပြီလား"

လင်းကျိယွဲ့ စဉ်းစားခန်း ဖွင့်နေစဉ် ကောင်းကင်လှေကားထစ် ထိပ်ဆုံးရှိ ပိုးထည်ဝတ်စုံနှင့် လူငယ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သို့သော် ကောင်းကင်လှေကားထစ်ပေါ်တွင် တိတ်ဆိတ်ခြင်းသာ ရှိသည်။ လူတိုင်း ထိုလူငယ်ကို အံ့သြတကြီး ငေးကြည့်နေကြသည်။ ပိုင်ပုဖန်နှင့် အခြားသူများမှာမူ မျက်နှာများ ဖြူဖပ်ဖြူရော ဖြစ်နေပြီး အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။

"ဆရာတူအစ်ကိုကြီးရေ... မောင်လေး ၅ ကတော့ ကြွားချင်တဲ့အကျင့် မပျောက်သေးပါလား"

ကောင်းကင်ယံရှိ ငှက်ကြီးတစ်ကောင်၏ ကျောပေါ်မှ မျက်လုံးတောက်တောက် သွားဖြူဖြူနှင့် မိန်းကလေးတစ်ဦးက တိုးတိုးလေး ရယ်မောလိုက်သည်။

"အဲဒါက ညီလေး ၅ရဲ့ သဘာဝပဲလေ..." ငှက်ကြီးတစ်ကောင်ပေါ်ရှိ နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် အခြားလူငယ်တစ်ဦးက ခေါင်းခါလိုက်သည်။ "သူသာ ဒီ စိတ်မရှည်တဲ့ စိတ်ဓာတ်ကို ဖျောက်နိုင်ရင် မွေးရာပါနယ်ပယ်ကို ရောက်နေပြီးလောက်ပြီ"

"တကယ်တော့ အဲ့တာက ပြဿနာ မဟုတ်ပါဘူး။ ဒါက သူ့ပုံစံပဲလေ။ သူသာ ကြွားဝါရတာ မကြိုက်ရင် ညီလေး ၅ ဘယ်ဟုတ်ပါတော့မလား။ ဒါ့အပြင် ကျွန်တော်တို့တွေ ယွင်ရွှေ လျှို့ဝှက်နယ်မြေထဲမှာ ပုန်းအောင်းနေတာ ကြာလှပြီ။ ရှေးဟောင်းဂိုဏ်းတချို့ကလွဲရင် ကျွန်တော်တို့ ရှိနေမှန်း သိတဲ့လူ နည်းတယ်။

ဒီနေ့ ကမ္ဘာကြီး ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ ရှိနေတယ်ဆိုတာ လူသိအောင် လုပ်ရမယ့် အချိန်ရောက်ပြီပဲဟာ။ ဒါမှ လူတချို့က သူတို့ပဲ အရာရာကို ဦးစီးနေတယ်လို့ မထင်ကြမှာ" အေးစက်သော မျက်နှာထားရှိသည့် အခြားလူငယ်တစ်ဦးက ဂရုမစိုက်သလို ပြောလိုက်၏။

"မှန်တယ်... ကျွန်တော်တို့ မထွက်လာခင် ဆရာက မှာလိုက်တယ်။ ဒီကိုလာတာ အခွင့်အရေးကို အရယူဖို့ သက်သက် မဟုတ်ဘူး၊ ကျွန်တော်တို့ ယွင်ရွှေ လျှို့ဝှက်နယ်မြေရဲ့ နာမည်ဂုဏ်သတင်းကို ကျော်ကြားအောင် လုပ်ဖို့လည်း ပါတယ်တဲ့။ ညီလေး ၅ရဲ့ လုပ်ရပ်က မျှတပါတယ်"

"ဒါပေမဲ့..." ဆရာတူအစ်ကိုကြီးက တစ်ခဏ တွန့်ဆုတ်နေပြီးမှ ခေါင်းခါလိုက်သည်။ "ထားလိုက်ပါတော့... ငါတို့ မြင့်မြတ်သော သခင်ကြီးသုံးပါးကို သွားပြီး ဂါရဝပြုရဦးမယ်။ ညီလေး ၅ကို ပြန်ခေါ်လိုက်ကြစို့"

"ညီမ ခေါ်လိုက်မယ်" မိန်းကလေးက ချက်ချင်းပင် အားယူပြီး အော်ခေါ်လိုက်သည်။ "မောင်လေး ၅... ပျော်လို့ ဝပြီလား။ ဆရာတူအစ်ကိုကြီးက ပြန်လာခဲ့တော့တဲ့"

ခေါ်သံကို ကြားသောအခါ ပိုးထည်ဝတ်စုံနှင့် လူငယ်က မျက်ခုံးပင့်လိုက်သည်။ သူ အောက်ဘက်ရှိ လူများကို ငုံ့ကြည့်လိုက်ရာ အားလုံး တိတ်ဆိတ်ငြိမ်သက်ပြီး သူ့ကို လေးစားအားကျစွာ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူ တိုးတိုးလေး ရယ်မောလိုက်ပြီး ငှက်အော်သံကဲ့သို့ စူးရှသော အသံတစ်ခု ရုတ်တရက် ပြုလုပ်လိုက်သည်။

ထို့နောက် သူ လေပေါ်သို့ မြင့်မားစွာ ခုန်တက်ပြီး ကောင်းကင်လှေကားထစ်ပေါ်မှ ခုန်ဆင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ ကြည်လင်ပြတ်သားသော ငှက်အော်သံ တစ်ခု ထွက်ပေါ်လာသည်။ ယခင်က လူငယ်ကို သယ်ဆောင်လာသော ငှက်ကြီးသည် အတောင်ပံများကို ဖြန့်ကာ ပြင်းထန်သော လေပြင်းများ ဖန်တီးလျက် သခင်ဖြစ်သူဆီသို့ လျင်မြန်စွာ ထိုးဆင်းလာသည်။

လူငယ် ပြန်လည် ကျဆင်းလာချိန်မှာပင် ငှက်ကြီးက သူ့ဆီသို့ ရောက်ရှိလာပြီး သူ့ကို တည်ငြိမ်စွာ ဖမ်းယူလိုက်သည်။ ထို့နောက် အတောင်ပံ ခတ်ကာ ကောင်းကင်သို့ မြင့်မားစွာ ပျံတက်သွားပြီး ဆရာတူအစ်ကို၊အစ်မများ၏ ဘေးသို့ ပြန်ရောက်သွားသည်။

"သွားကြစို့"

ဆရာတူအစ်ကိုကြီးက အောက်ဘက်ရှိ တုန်လှုပ်နေဆဲ လူအုပ်ကြီးကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ ငှက်ကြီးများ အားလုံး အတောင်ပံခတ်ကာ မြင့်မြတ်သောတောင်တော်၏ အခြားတစ်ဖက်သို့ ပျံသန်းသွားကြသည်။

ငှက်ကြီးများအုပ်စု မြင့်မြတ်သောတောင်တော်၏ အခြားတစ်ဖက် ကွယ်ပျောက်သွားသည်ကို ကြည့်ရင်း ယခင်က တိတ်ဆိတ်နေသော လူအုပ်ကြီးမှာ ရုတ်တရက် ဆူညံသွားတော့လေ၏။

"အဲ့ဒီလူတွေက ဘယ်သူတွေလဲဆိုတာ ဘယ်သူများ ပြောပြနိုင်မလဲ"

"ပျော်အောင် ဆော့ကစားရုံသက်သက် ဟုတ်လား။ ပိုးထည်ဝတ်စုံနှင့် လူငယ်က ကောင်းကင်လှေကားထစ် အဆင့် ၂၀၀ ကို တက်သွားတာတောင် အပျော်သဘောပဲ ရှိသေးတာလား"

"ဟုတ်တယ်လေ... သူ ဘယ်လောက် လွယ်လွယ်ကူကူ လုပ်သွားလဲ မြင်တယ်မလား။ အဆင့် ၂၀၀ က သူ့အကန့်အသတ် မဟုတ်သေးဘူးလို့ ကျွန်တော် ထင်တယ်။ သူသာ ဆန္ဒရှိရင် ဒီထက် ပိုမြင့်မြင့် တက်နိုင်လောက်တယ်"

"အခုတော့ ပိုင်ပုဖန်တို့ အခြေအနေ ဆိုးသွားပြီ။ သူတို့ရဲ့ ဂုဏ်ယူစရာ ပြိုင်ပွဲက ရုတ်တရက် ပေါ်လာတဲ့ နာမည်မရှိတဲ့ သူတစ်ယောက်ကြောင့် လုံးဝ အရိပ်အကွယ် ခံလိုက်ရမယ်လို့ ဘယ်သူ ထင်မှာလဲ"

...

"သူတို့ ဒီတိုင်း ထွက်သွားကြတာလား"

ယွင်ရွှေ လျှို့ဝှက်နယ်မြေမှ လူများ ငှက်ကြီးများ စီးကာ ထွက်ခွာသွားသည်ကို မြင်တော့ လုချင်း အနည်းငယ် အံ့သြသွားသည်။

"သူတို့ မြင့်မြတ်သော သခင်ကြီးသုံးပါးကို သွားပြီး ဂါရဝပြုကြတာ နေမှာပါ။ လျှို့ဝှက်နယ်မြေကြီးလေးခုက လူတွေ လာရင် မြင့်မြတ်သောတောင်တော်ပေါ်မှာပဲ တည်းခိုကြတယ်၊ မြို့တော်မြတ်ထဲမှာ ဘယ်တော့မှ မတည်းခိုဘူး" လင်းကျိယွဲ့က ရှင်းပြသည်။

"သြော်... အဲဒီလိုကိုး"

လုချင်း ခေါင်းညိတ်လိုက်သည်။ စောစောက သူ အာရုံခံစားမိခဲ့သော အချက်အလက်များကို ပြန်သတိရလိုက်ပြီး သူ့မျက်လုံးထဲတွင် လေးနက်မှု အရိပ်အယောင် ဖြတ်ပြေးသွားသည်။

"ဒီလောက် ထဲထဲဝင်ဝင် သိမြင်ခွင့်ရမယ်လို့ မထင်ထားဘူး။ လျှို့ဝှက်နယ်မြေကြီးလေးခုက လူတွေတောင် ဒီလောက် အလေးထားရတဲ့ အခွင့်အရေးဆိုတာ ဘယ်လိုမျိုးလဲ။ ကျွန်တော် အာရုံခံစားနေရတဲ့ အခွင့်အရေးနဲ့ အတူတူပဲ ဖြစ်နေမလား"

မြို့တော်မြတ်သို့ ရောက်ကတည်းက လုချင်း သေချာနေခဲ့သည်။ သူနှင့် သူ့ဆရာကို ဆွဲဆောင်နေသော ထူးဆန်းသည့် အင်အားသည် မြင့်မြတ်သောတောင်တော်ပေါ်မှ လာခြင်း ဖြစ်သည်။ သို့သော် ယခု မြင့်မြတ်သောတောင်တော် ရှေ့တွင် ရောက်နေချိန်၌ပင် မည်သည့်အရာက သူတို့ကို ဆွဲဆောင်နေသည်ကို သူ သေချာ မသိရသေးပေ။

"အခွင့်အရေးက သေသေချာချာကို ဖုံးကွယ်ခံထားရလို့လား... ဒါမှမဟုတ် အချိန်မတန်သေးလို့လား" လုချင်း တိတ်တဆိတ် တွေးတောနေမိသည်။

ယွင်ရွှေ လျှို့ဝှက်နယ်မြေမှ လူများ ပေါ်ထွက်လာခြင်းက သူ့ကို ပို၍ သတိထားစေသည်။ အကယ်၍ သူတို့၏ ပစ်မှတ်က ထူးဆန်းသော အခွင့်အရေးတစ်ခုတည်း ဖြစ်နေပါက ၎င်းကို အရယူရန် လွယ်ကူမည် မဟုတ်ပေ။

ဒါ့အပြင် ယွင်ရွှေ လျှို့ဝှက်နယ်မြေက လူတွေ ရောက်လာမှတော့ ကျန်တဲ့ လျှို့ဝှက်နယ်မြေ ၃ ခုက လူတွေ ရောက်လာဖို့ကလည်း သိပ်မကြာတော့ဘူး ဆိုတဲ့ သဘောပဲ။

"ကျွန်တော်နဲ့ ဆရာ ဒီအခွင့်အရေးကို အရယူချင်ရင် သေချာ စီစဉ်မှ ဖြစ်မယ်"

ဤသို့ တွေးမိပြီး လုချင်းက ပြောလိုက်သည်။ "သခင်လေးကျိယွဲ့... စိတ်လှုပ်ရှားစရာတွေလည်း ပြီးပြီဆိုတော့ ကျွန်တော်တို့ ပြန်ကြမလား။ ဒီကို အလျင်စလို လာခဲ့ရတော့ တည်းခိုခန်းတောင် မရှာရသေးဘူး"

"တည်းခိုဖို့နေရာ မရှာရသေးဘူးလား။ ဒါဆို ကွက်တိပဲ။ ကျွန်တော်နေတဲ့နေရာ ဘေးမှာ အိမ်ရာအလွတ်တစ်ခု ရှိတယ်။ ခင်ဗျားတို့ ဆန္ဒရှိရင် အဲဒီမှာ ခဏ တည်းခိုလို့ ရပါတယ်ဗျ"

"ကျွန်တော်တို့ ဒုက္ခမပေးချင်ပါဘူး... ဒါပေမဲ့ ကောင်းပြီလေ... ခင်ဗျားရဲ့ စေတနာကို လက်ခံပါ့မယ်"

လုချင်း ငြင်းပယ်ရန် ရည်ရွယ်ခဲ့သော်လည်း တည်းခိုခန်းများသည် ရှုပ်ထွေးလေ့ရှိပြီး ရှောင်ယန်နှင့် ခန့်မှန်းရခက်သော ဟူကျိကျစ်တို့ ပါလာသဖြင့် တည်းခိုခန်းတွင် နေလျှင် ပြဿနာ ရှိနိုင်ကြောင်း စဉ်းစားမိသည်။ ထို့ကြောင့် သူ ခေါင်းညိတ် သဘောတူလိုက်သည်။

"ပြန်ရောက်တာနဲ့ ကျွန်တော် ချက်ချင်း စီစဉ်ပေးပါ့မယ်"

လုချင်း လက်ခံလိုက်သဖြင့် လင်းကျိယွဲ့ ဝမ်းသာသွားသည်။

"အမှန်အတိုင်း ပြောရရင် မြို့တော်မြတ်က အခု ကမ္ဘာအနှံ့က သိုင်းပညာရှင်တွေနဲ့ ပြည့်နှက်နေတာလေ။ တည်းခိုခန်းတိုင်း လူပြည့်နေတော့ နေရာရှာဖို့ မလွယ်ဘူး။ ကျွန်တော်တို့ ထျန်းကျီမျှော်စင်မှာ တည်းခိုတာက လုံခြုံရုံတင်မကဘူး။ တိတ်ဆိတ်ပြီး ဘယ်သူမှ လာမနှောင့်ယှက်နိုင်ဘူးလေ"

"သခင်လေးကျိယွဲ့က ဒီလောက် ပြောနေမှတော့ ကျွန်တော်တို့ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်ဗျာ" လုချင်း ပြုံးလိုက်သည်။

ထို့နောက် သူတို့ မြို့ထဲသို့ ပြန်လျှောက်လာကြ၏။ ပိုင်ပုဖန်နှင့် အခြားသူများ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ သူတို့ စိတ်မဝင်စားတော့ပေ။

"ဟင်"

မြို့ထဲသို့ ဝင်လာစဉ် လုချင်း အန္တရာယ် အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရပြီး အနီးနားရှိ ထောင့်တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ သို့သော် သူ ကြည့်လိုက်ချိန်တွင် အနက်ရောင် ဝတ်စုံအစက ထောင့်ချိုးတစ်ခု၏အကွယ်သို့ ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရပြီး လူကို မတွေ့ရပေ။

သို့သော် ထိုတစ်ချက် ကြည့်လိုက်ရုံဖြင့် လုချင်း အနည်းငယ် စိတ်သက်သာရာရသွားသည်။

သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။ "တစ်ယောက်ယောက်က ကျွန်တော်တို့ကို တကယ်ပဲ စောင့်ကြည့်နေတာကိုး။ မိန်းကလေးဟူ ရဲ့ ကံဆိုးမိုးမှောင်ကျမှုလား... ဒါမှမဟုတ် ကျွန်တော်တို့ကို ပစ်မှတ်ထားတာလား။ ကောင်းပြီလေ... ခင်ဗျား ပုန်းနေသရွေ့တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အခု ခင်ဗျား ခြေရာလက်ရာ ပြလာပြီဆိုတော့ ကိုင်တွယ်ရ ပိုလွယ်သွားပြီပေါ့"

သံသယသာ ရှိသေးသည့်အတွက် လုချင်း ဘာမှ ထုတ်မပြောဘဲ ထျန်းကျီမျှော်စင်ဘက်သို့ ဆက်လျှောက်လာခဲ့သည်။

ထိုအချိန်တွင် အခြားလမ်းကြားတစ်ခု၏ ဝေးလံသော ထောင့်တစ်နေရာ၌ အနက်ရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခုသည် ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့ခြင်း ရောထွေးနေသော ခံစားချက်ကို ခံစားနေရသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အဲဒီကောင်လေးက ငါ့ကို ဘယ်လို လုပ်ပြီး သိသွားတာလဲ။ တိုက်ဆိုင်မှုလား... ဒါမှမဟုတ် သူ တကယ်ပဲ တစ်ခုခု သတိထားမိသွားတာလား"

အနက်ရောင်ဝတ် ပုံရိပ်သည် အနည်းငယ်တော့ စိတ်သက်သာရာ ရနေသေးပါ၏။ သူ့တုံ့ပြန်မှုသာ မမြန်ဆန်ခဲ့လျှင် သူ့သရုပ်မှန် ပေါ်သွားနိုင်သည်။ သို့သော် စိတ်သက်သာရာရမှုနှင့်အတူ နက်ရှိုင်းသော ဝေခွဲမရဖြစ်မှုကိုလည်း ခံစားနေရသည်။

သူ၏ အရှိန်အဝါ ဖုံးကွယ်သည့် နည်းလမ်းသည် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်ဟု သူ ယုံကြည်ထားပါ၏။ မွေးရာပါနယ်ပယ် အထွတ်အထိပ် ရောက်နေသော ကျွမ်းကျင်သူတစ်ယောက်တောင် သူ့အကြည့်ကို သတိထားမိမှာ မဟုတ်ဘူးဟု သူ ထင်ထားခဲ့သည်။

သို့သော် ထိုကောင်လေးကတော့ သူ နောက်ယောင်ခံလိုက်ကာစမှာပင် ဖမ်းမိလုနီးပါး ဖြစ်လောက်အောင် အာရုံခံစားမှုကောင်းလွန်းနေလေ၏။

ဒါပေမဲ့ သူ့အာရုံခံစားမှုအရတော့ အဲဒီကောင်လေးက မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်သက်သက်ပါပဲ။

"အဲဒီကောင်လေးဆီမှာ နောက်ယောင်ခံလိုက်တာကို သတိပေးနိုင်တဲ့ ရတနာ တစ်ခုခု ရှိနေတာများလား"

ရုတ်တရက် အနက်ရောင်ဝတ် ပုံရိပ်က ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်သည်။ လွန်ခဲ့သော နှစ်သောင်းချီက ဤကမ္ဘာတွင် ထွန်းကားခဲ့သော မသေမျိုးကျင့်ကြံခြင်း ယဉ်ကျေးမှု ရှိခဲ့ဖူးပြီး နောက်ပိုင်း ဝိညာဉ်စွမ်းအင် လျော့နည်းလာမှုကြောင့် မှေးမှိန်သွားခဲ့သည်ကို သူ သိသည်။ သို့သော် ကျင့်ကြံသူများ ပျောက်ကွယ်သွားသော်လည်း သူတို့၏ မှော်ရတနာအချို့ကတော့ ကျန်ရစ်ခဲ့ပါသေး၏။

ယခု ကမ္ဘာကြီး ပြောင်းလဲလာပြီး ဝိညာဉ်စွမ်းအင်များ ပြန်လည် နိုးထလာသည်နှင့်အမျှ ထိုရှေးဟောင်း ရတနာများသည်လည်း တဖြည်းဖြည်း စွမ်းအား ပြန်ရလာနိုင်သည်။

အဲ့ဒီကောင်လေးဆီမှာ ထောက်လှမ်းရေး ရတနာတစ်ခုခုများ ရှိနေတာ ဖြစ်နိုင်မလား။

အနက်ရောင်ဝတ် ပုံရိပ်က ထိုဖြစ်နိုင်ချေကို စဉ်းစားလေ ပိုဖြစ်နိုင်လေဟု ယူဆလာသည်။ မဟုတ်လျှင် သူ့ရဲ့ 'နှလုံးသားမိစ္ဆာ ပုန်းကွယ်ခြင်းနည်းစနစ်'ကို သာမန် မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က ဘယ်လိုလုပ် သတိထားမိနိုင်မလဲ ဆိုတာ နားမလည်နိုင်အောင် ဖြစ်နေသည်။

"တကယ်လို့ ရတနာ ဖြစ်နေရင်တော့ အရမ်းကောင်းသွားပြီ။ ဒီလို ဆုလာဘ်မျိုး ရမယ်လို့ မထင်ထားဘူး။ ပြီးတော့ ဟို ယွင်ရွှေ လျှို့ဝှက်နယ်မြေက တပည့်တွေ... လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက မြေကြီးကို သုံးပေလောက် တူးပြီး ရှာခဲ့တာတောင် လျှို့ဝှက်နယ်မြေကြီးလေးခုရဲ့ ဝင်ပေါက်ကို ရှာမတွေ့ခဲ့ဘူး။

အခု မင်းတို့ဘာသာ ထွက်လာကြလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ မင်းတို့ကိုသာ စားလိုက်ရင် ငါ့ရဲ့ မိစ္ဆာခန္ဓာကလည်း ပြည့်စုံသွားပြီ။ အဲဒီအချိန်ကျရင် ဒီကမ္ဘာကြီးက တကယ်ပဲ ငါ့လက်ထဲ ရောက်ပြီ"

အနက်ရောင်ဝတ် ပုံရိပ်၏ အသံမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး မျက်လုံးများက နက်မှောင်သော မကောင်းဆိုးဝါး အလင်းရောင်များ တောက်ပနေကာ အလွန် ကြောက်မက်ဖွယ် ကောင်းလှချေ၏။

"ဒါပေမဲ့ အရင်ဆုံး ကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားတဲ့ ကောင်မလေးနဲ့ ကုသိုလ်ကံအလင်းရောင် ရှိတဲ့ အဘိုးကြီးကို အရင် စားရမယ်။ သူတို့ရဲ့ ကံကောင်းခြင်းနဲ့ ကုသိုလ်ကံကို စုပ်ယူလိုက်ရင် ငါ့ရဲ့ အထွတ်အထိပ် မိစ္ဆာခန္ဓာအတွက် အခြေခံအုတ်မြစ်ချနိုင်လိမ့်မယ်။ ငါ့ခန္ဓာကိုယ်ထဲမှာ ဖြောင့်မတ်ခြင်းနဲ့ မိစ္ဆာစွမ်းအား နှစ်ခုစလုံး ပေါင်းစည်းသွားပြီဆိုရင်တော့ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒတောင် ငါ့ကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး"

ထိုပုံရိပ်က ကိုယ့်ဘာသာ ရေရွတ်နေရင်း အရိပ်ထဲသို့ ပျောက်ကွယ်သွားပြီး လေထဲတွင် အနက်ရောင် မြူခိုးမျှင်လေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ထျန်းကျီမျှော်စင်သို့ ပြန်ရောက်ပြီးနောက်၌ လင်းကျိယွဲ့က သူ့အိမ်ရာဘေးရှိ ခြံဝင်းငယ်လေးကို ရှင်းလင်းရန် လူလွှတ်လိုက်သည်။ ခြံဝင်း အဆင်သင့်ဖြစ်ပြီးနောက် လုချင်းတို့ ပြောင်းရွှေ့ နေရာချပြီးသည်နှင့် လင်းကျိယွဲ့ ထွက်ခွာသွားသည်။ သမားတော်ကြီးချန် မြင့်မြတ်သောရေကန်ကို သွားရောက်လေ့လာရန် အချိန်စီစဉ်ခြင်းအပါအဝင် သူ လုပ်စရာများ ရှိသေးပါ၏။

"ဆရာ... အပြန်လမ်းမှာ မိန်းကလေးဟူ ရဲ့ ကံဆိုးမိုးမှောင်ကျမှုနဲ့ ဆက်စပ်နိုင်တဲ့ ထူးဆန်းတဲ့အရာတစ်ခုကို ကျွန်တော် သတိထားမိခဲ့တယ်ဗျ"

လင်းကျိယွဲ့ ထွက်သွားပြီးနောက် လုချင်းက လေးလေးနက်နက် ပြောလိုက်သည်။

"ဘာများလဲ" သမားတော်ကြီးချန်၏ မျက်နှာထားမှာ တည်ကြည်သွားတော့၏။

ကျန်လူများလည်း လုချင်းကို ကြည့်လိုက်ကြသည်။ အထူးသဖြင့် ဟူကျိကျစ်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေ၏။

"စောစောက မြို့ထဲ ဝင်လာတုန်း လမ်းထောင့်တစ်နေရာကနေ ကျွန်တော်တို့ကို တိတ်တဆိတ် နောက်ယောင်ခံလိုက်နေတဲ့ လူတစ်ယောက်ကို သတိထားမိလိုက်တယ်။ ကံဆိုးတာက အဲဒီလူက အရမ်း သတိကြီးတယ်လေ။ သူ့ကို ကျွန်တော် သတိထားမိမှန်း သိတာနဲ့ ချက်ချင်း ထွက်သွားတော့ ကျွန်တော်လည်း သေချာ မမြင်လိုက်ရဘူး"

လုချင်းက နောင်တရစွာ ပြောလိုက်သည်။ အကယ်၍ ထိုလူသာ ဤမျှ လျင်မြန်စွာ မတုံ့ပြန်ခဲ့လျှင်၊ လုချင်းသာ သူ့ကို ပိုကြာကြာ လေ့လာခွင့်ရခဲ့လျှင် သူ့နတ်မျက်စိအစွမ်းဖြင့် အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့ပေလိမ့်မည်။

"သေချာ မမြင်လိုက်ရရင် သူက မိန်းကလေးဟူရဲ့ ကံဆိုးမိုးမှောင်ကျမှုနဲ့ ဆက်စပ်နေတယ်လို့ ဘယ်လိုလုပ်ပြီး သေချာနေရတာလဲ" သမားတော်ကြီးချန်က မေးသည်။

"လုံးဝကြီး မသေချာပေမဲ့ သူ ထုတ်လွှတ်လိုက်တဲ့ ဖျော့တော့တော့ အရှိန်အဝါက မိန်းကလေးဟူ မျက်နှာပေါ်က ဘေးဒုက္ခ အငွေ့အသက်နဲ့ နည်းနည်း ဆင်တူနေလို့ သံသယ ဖြစ်မိတာပါဗျ"

"သြော်... အဲဒီလိုကိုး" သမားတော်ကြီးချန် ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် ဒီလူက မိန်းကလေးဟူရဲ့ ဘေးဒုက္ခနဲ့ တကယ်ပဲ ဆက်စပ်နေဖို့ များတယ်"

"ဒါပေမဲ့ သူက ဘယ်သူလဲ။ ကျွန်မက သူနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး။ သူက ဘာလို့ ကျွန်မကို ပစ်မှတ်ထားရတာလဲ" ဟူကျိကျစ် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

သူမ တစ်သက်လုံး နဂါးပြာမြို့တော်မှာပဲ နေခဲ့ပြီး ဘယ်သူ့ကိုမှ ရန်မစခဲ့ဖူးပါဘူး။

ထို့ကြောင့် တစ်စုံတစ်ယောက်က သူမကို ဘာကြောင့်များ ဒုက္ခပေးချင်ရတာလဲ ဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေရပါ၏။

ဒါ့အပြင် သခင်လေးလုချင်းတောင် သတိမထားမိလုနီးပါး ဖြစ်ရလောက်အောင် ကြောက်စရာကောင်းတဲ့လူတစ်ယောက်က ဘာကြောင့်များလဲ။

သမားတော်ကြီးချန်နှင့် လုချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အခြေအနေကို နားလည်လိုက်ကြသည်။ ဟူကျိကျစ်၏ အထူးခြားဆုံးအချက်မှာ သူမ၏ အားကောင်းသော ကံကောင်းခြင်းပင်။ အကယ်၍ ဤမျှ အစွမ်းထက်သော သူတစ်ယောက်က သူမကို ပစ်မှတ်ထားနေလျှင် ရည်ရွယ်ချက်က ရှင်းနေသည်။ သူက ဟူကျိကျစ် ပိုင်ဆိုင်ထားသော ကံကောင်းခြင်းကို လိုချင်နေခြင်း ဖြစ်၏။

"ဘာပဲဖြစ်ဖြစ် ဒါက အနည်းဆုံးတော့ သဲလွန်စတစ်ခု ရလိုက်တာပါပဲ" လုချင်းက ဤအချက်ကို ထုတ်မပြောဘဲ ဟူကျိကျစ်ကို နှစ်သိမ့်လိုက်သည်။ "မင်းရဲ့ ဘေးဒုက္ခက လူတစ်ယောက်နဲ့ ပတ်သက်နေတယ်ဆိုတာ အခု သိလိုက်ရပြီဆိုတော့ ကိုင်တွယ်ရတာ ပိုလွယ်သွားပါပြီ။ မိန်းကလေးဟူ... အဲဒီလူက လက်ရဲဇက်ရဲ မလုပ်ရဲဘူးဆိုတော့ သူ့မှာ စိုးရိမ်စရာတစ်ခုခု ရှိနေပုံရတယ်။ ကျွန်တော်တို့နဲ့ နီးနီးကပ်ကပ်နေသရွေ့တော့ မင်း လုံခြုံမှာပါ"

"ဟုတ်... ကျွန်မ နားလည်ပါပြီ"

သူမ၏ ဘေးဒုက္ခက လူတစ်ယောက်နှင့် ပတ်သက်နေမှန်း သိလိုက်ရတော့ ဟူကျိကျစ်မှာလည်း ပိုပြီး စိတ်သက်သာရာရသွားသည်။ စိတ်အားပြန်တက်လာပြီးနောက်၌ တစ်စုံတစ်ခုကို သူမ ရုတ်တရက် သတိရသွား၏။

"သြော်... သခင်လေးလု၊ သမားတော်ကြီးချန်... ကျွန်မ ပြောပြချင်နေတာ တစ်ခု ရှိတယ်။ စောစောက မြင့်မြတ်သောတောင်တော်နား ရောက်တုန်းက တောင်ပေါ်က တစ်ခုခုက ကျွန်မကို လှမ်းခေါ်နေသလိုမျိုး ဝေဝေဝါးဝါး ခံစားလိုက်ရတယ်"

All Chapters