အခန်း (၂၇၅-၂၇၆)
Vol. 28 Ch. 275-276
အခန်း ၂၇၅ - မာကူး အဆင့်တက်ခြင်း
"မြင့်မြတ်သောတောင်တော်ထဲကနေ တစ်ခုခုက မင်းကို လှမ်းခေါ်နေတယ်လို့ ခံစားရတယ် ဟုတ်လား"
လုချင်း အနည်းငယ် အံ့သြသွားသည်။ ဘေးနားရှိ သမားတော်ကြီးကလည်း လှည့်ကြည့်လာသည်။
"ဟုတ်တယ်... အဲဒီခေါ်သံက အရမ်း ထူးဆန်းတယ်။ မြင့်မြတ်သောတောင်တော်ထဲက ဆိုတာကို အာရုံခံမိပေမဲ့ နေရာအတိအကျကိုတော့ ပြောပြလို့ မရဘူး"
ဟူကျိကျစ်က တွန့်ဆုတ်စွာ ပြောလိုက်၏။
လုချင်းနှင့် သမားတော်ကြီးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကံကောင်းခြင်းများ ပိုင်ဆိုင်ထားသူ ပီသပါပေ၏။ သူမ၏ ကျင့်ကြံမှုသည် 'သွေးနှင့်ချီအဆင့်' တွင်သာ ရှိသေးသော်လည်း သူမသည် သူတို့ကဲ့သို့ပင် မြင့်မြတ်သောတောင်တော်အတွင်းရှိ အခွင့်အလမ်းများကို အာရုံခံမိနေသည်။
"မိန်းကလေးဟူလည်း မြင့်မြတ်သောတောင်တော်ထဲက ထူးခြားမှုတစ်ခုခုကို အာရုံခံမိမယ်လို့ ကျွန်တော် မထင်ထားဘူး" လုချင်းက ပြုံးရင်း ပြောလိုက်သည်။ "ဒါပေမဲ့ စိတ်မပူပါနဲ့။ အဲဒီအရာက သူ့အလိုလို ပေါ်လာမယ့်အချိန် မရောက်သေးလို့ ဖြစ်ပါလိမ့်မယ်"
"သခင်လေးလုလည်း အာရုံခံမိတယ်ပေါ့။ အဲဒါက ဘာကြီးလဲဟင်" ဟူကျိကျစ်က မေးလိုက်သည်။
"ကျွန်တော်လည်း မသိဘူး" လုချင်း ခေါင်းခါလိုက်၏။ "အချိန်တန်မှပဲ သိရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ မိန်းကလေးဟူ... ဒါက ကောင်းတဲ့ကိစ္စ ဖြစ်လောက်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်လိုက်ပါဗျ"
ဒါကို ကြားတော့မှ ဟူကျိကျစ်တစ်ယောက် စိတ်သက်သာရာရသွားတော့၏။ မဟုတ်လျှင် သူမ၏ လက်ရှိ နားလည်နိုင်စွမ်းဖြင့် ဆိုပါက ဤသို့ အကြောင်းပြချက်မရှိသော ခံစားချက်များကြောင့် အတော်လေး စိုးရိမ်ပူပန်နေမိမည်ပင်။
ထို့နောက် လုချင်းနှင့် အခြားသူများသည် လင်းကျိယွဲ့၏ နေအိမ်ဘေးရှိ ခြံဝင်းထဲတွင် ယာယီ တည်းခိုရင်း အပြင်ထွက်ခဲကာ တိတ်တဆိတ် နေထိုင်ခဲ့ကြသည်။
နှစ်ရက်အကြာ မနက်ခင်းတစ်ခုတွင် လင်းကျိယွဲ့ ရောက်လာပြီး လက်ဖက်ရည်သောက်ရင်း သတင်းအချို့ ယူလာခဲ့သည်။ သတင်းတစ်ခုက လုချင်း၏ ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုပေးလိုက်၏။
ယွင်ရွှေ လျှို့ဝှက်နယ်မြေမှ လူများ ရောက်ရှိလာပြီး နောက်တစ်နေ့တွင် အခြား လျှို့ဝှက်နယ်မြေကြီး သုံးခုမှ လူများလည်း ပေါ်လာခဲ့ကြသည်။ သို့သော် သူတို့သည်လည်း မြို့တော်မြတ်တွင် အချိန်ကြာမြင့်စွာ မနေဘဲ မြင့်မြတ်သောတောင်တော်ပေါ်သို့ တန်းတက်သွားကြ၏။ ထို့ကြောင့် မြို့တော်မြတ်ရှိ လူအများစုက ဤကိစ္စကို သိပ်မသိကြပေ။
နောက်ထပ် သတင်းတစ်ခုမှာ သမားတော်ကြီး မြင့်မြတ်သောရေကန်သို့ သွားရောက်ပြီး တရားမှတ်၊ အာရုံပြုမည့် အကြောင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မကြာသေးမီက မြင့်မြတ်သောရေကန်ကို အသုံးပြုရန် လိုအပ်သည့် မွေးရာပါနယ်ပယ်သို့ အဆင့်တက်ခါစ ကျင့်ကြံသူများ မရှိဖြစ်နေသည်။
ထို့ကြောင့် လင်းကျိယွဲ့က မြင့်မြတ်သောတောင်တော်သို့ လျှောက်ထားလိုက်သောအခါ ချက်ချင်းပင် ခွင့်ပြုချက် ရရှိခဲ့သည်။ သမားတော်ကြီးအနေဖြင့် မည်သည့်အချိန်တွင်မဆို မြင့်မြတ်သောရေကန်သို့ သွားရောက်နိုင်ကြောင်း အကြောင်းပြန်လာခဲ့၏။
"ဒါဆိုရင် ဆရာ... ဘယ်အချိန်လောက် သွားချင်လဲ" လုချင်းက မေးလိုက်သည်။
သမားတော်ကြီးက တစ်ခဏမျှ စဉ်းစားပြီးနောက် "ဒီနေ့ပဲ သွားကြတာပေါ့။ မြို့တော်မြတ်ထဲမှာ သိုင်းပညာရှင်တွေ ပိုပိုများလာပြီဆိုတော့ နောက်ထပ် ဘာတွေ ဖြစ်လာမယ်မှန်း မသိနိုင်ဘူးလေ။ မြင့်မြတ်သောရေကန်မှာ လုပ်စရာရှိတာ စောစောစီးစီး ပြီးသွားရင် ငါတို့ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခု ပြည့်မြောက်သွားတာပေါ့"
ဒါကို ကြားတော့ လင်းကျိယွဲ့က ချက်ချင်းပင်ပြောလိုက်၏။ "အဲ့လိုဆိုရင် ကျွန်တော် အခုပဲ သွားစီစဉ်လိုက်ပါ့မယ် သမားတော်ကြီးချန်"
ထိုနေ့ နေ့လယ်ခင်းတွင် သမားတော်ကြီးသည် လင်းကျိယွဲ့နှင့်အတူ မြင့်မြတ်သောတောင်တော်သို့ လိုက်ပါသွားခဲ့သည်။
လုချင်းမှာမူ လုပ်စရာ မရှိသဖြင့် ခြံဝင်းထဲတွင် ဆရာနှင့် တပည့်ဖြစ်သော မာကူးနှင့် ဝေ့ကျိအန်းတို့ လေ့ကျင့်နေသည်ကို ထိုင်ကြည့်နေလိုက်၏။ ရုတ်တရက် ဆန္ဒတစ်ခု ဖြစ်ပေါ်လာသဖြင့် သူတို့၏ ကျင့်ကြံမှုအပေါ် လမ်းညွှန်မှုအချို့ ပေးရန် ဆုံးဖြတ်လိုက်သည်။
"ညီလေးလုချင်းက ငါတို့ရဲ့ ကျင့်ကြံမှု တိုးတက်တဲ့အခြေအနေကို စစ်ဆေးပေးမလို့လား"
လုချင်းက သူတို့၏ ကျင့်ကြံမှုကို လမ်းညွှန်ပေးလိုသည်ဟု ကြားသောအခါ မာကူးနှင့် ဝေ့ကျိအန်းတို့ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။
"ဟုတ်တယ်... ဆရာမာ... ခင်ဗျားက အားအင်တွေ ပြည့်ဝနေပြီး ဓားသိုင်းကွက်တွေကလည်း ချောမွေ့သေသပ်နေတာ တွေ့ရတယ်။ အများကြီး တိုးတက်လာပုံပဲ။ ကျိအန်းလည်း ဒီလိုပဲ... မင်းရဲ့ တုတ်သိုင်းက ပြည့်စုံလုနီးပါး ဖြစ်နေပြီ။ အရင်တုန်းက ကျွန်တော်တို့အားလုံး ခရီးသွားနေရလို့ မအားကြဘူးလေ။ အခုတော့ ခင်ဗျားတို့ ကျင့်ကြံမှု ဘယ်လောက်ခရီးရောက်နေပြီလဲဆိုတာ ကြည့်ကြတာပေါ့"
"ဒါဆို ငါတို့တွေ နောက်တစ်ခေါက် ထပ်ပြမယ်လေ"
လုချင်း၏ လက်ရှိ ကျင့်ကြံမှု အဆင့်သည် ခန့်မှန်း၍ မရနိုင်လောက်အောင် နက်ရှိုင်းကြောင်း မာကူးနှင့် ဝေ့ကျိအန်းတို့ သိထားကြသည်။ သာမန် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ယခု သူက လမ်းညွှန်ပေးမည်ဟု ပြောလာသဖြင့် သူတို့ ချက်ချင်းပင် သိုင်းကွက်များ စတင် ထုတ်ဖော်ပြသလာကြတော့၏။
"ဆရာမာ... ခင်ဗျားရဲ့ ကျင့်ကြံမှု တိုးတက်လာတာ အထင်ကြီးစရာပဲ။ ကြွက်သားနဲ့အရိုးအဆင့်အထွတ်အထိပ်ကိုတောင် ရောက်နေပြီ။ ကိုယ်တွင်းအင်္ဂါအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်"
မာကူး၏ 'တောင်နှင့်ပင်လယ် ဓားသိုင်း' ကို ကြည့်ရှုပြီးနောက် လုချင်း အနည်းငယ် အံ့သြသွားသည်။ ယခင်နှင့် ယှဉ်လျှင် မာကူး၏ ဓားသိုင်းသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားရုံသာမက ကျင့်ကြံမှုလည်း သိသိသာသာ တိုးတက်လာသည်။ သူသည် ကြွက်သားနှင့်အရိုးများကို ပြီးပြည့်စုံအောင် သွေးသားဆူပွက်စေခဲ့ပြီး ကိုယ်တွင်းအင်္ဂါအဆင့်သို့ ဖောက်ထွက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ကျိုးလီရွာမှ စတင်ထွက်ခွာလာစဉ်က မာကူး၏ ကျင့်ကြံမှုသည် ကြွက်သားနှင့်အရိုးအဆင့် အောင်မြင်မှုအကြီးစားအဆင့်၌သာ ရှိသေးသည်ကို သတိပြုမိ၏။
"ဘာကြောင့်လဲတော့ မသိဘူး... ဒီရက်ပိုင်း မြင်းလှည်းမောင်းရင်းနဲ့ ကိုယ့်ဘာသာတောင် သတိမထားမိဘဲ အဆင့်တက်သွားတာ" မာကူးက ခေါင်းကုတ်ရင်း ပြောသည်။
လုချင်း ခေါင်းညိတ်လိုက်ပြီး အကြောင်းရင်းကို နားလည်လိုက်သည်။ မြင်းလှည်းပေါ်တွင် သူ အစီအရင်များ ရေးထိုးပေးလိုက်ကတည်းက မြင်းလှည်း၏ အရှိန်သည် သိသိသာသာ မြင့်တက်လာခဲ့သည်။ မြင်းလှည်းဆွဲသော မြင်းနှစ်ကောင် 'နဂါးသွေးမျိုးဆက် မြင်း' များအဖြစ် ပြောင်းလဲသွားသောအခါ၌ အရှိန်သည် အရည်အသွေးပိုင်းအရပါ ခုန်တက်သွားခဲ့သည်။
ထိုမျှ လျင်မြန်သော မြင်းလှည်းကို မောင်းနှင်ရခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ပေ။ မာကူးသည် အမှားအယွင်း အနည်းငယ်မျှ မရှိစေဘဲ မြင်းလှည်းကို ထိန်းချုပ်ရန် အပြည့်အဝ အာရုံစိုက်ထားရသည်။ သို့မဟုတ်ပါက တစ်ချက်လေး သတိလွတ်သွားရုံဖြင့် မြင်းလှည်း လမ်းချော်ပြီး ပျက်စီးသွားနိုင်သည်။
ဤကာလတစ်လျှောက်လုံး ရက်ပေါင်းများစွာ နားမနေဘဲ ခရီးဆက်လာခြင်းသည် မာကူးအတွက် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကြီးတစ်ခု ဖြစ်ခဲ့သည်။ ဤလေ့ကျင့်မှုကာလမှ ရလဒ်များကို အပြည့်အဝ စုပ်ယူနိုင်လိုက်သည်နှင့် ကိုယ်တွင်းအင်္ဂါအဆင့်သို့ အဆင့်တက်ရောက်ရန်မှာ သေချာသလောက် ဖြစ်သွားပြီဟု ဆိုနိုင်သည်။ အချိန်အနည်းငယ်ယူပြီး ခိုင်မာအောင် လုပ်လိုက်လျှင် မဟာသခင်အဆင့်သို့ ရောက်ရန်ပင် မဖြစ်နိုင်စရာ မရှိပေ။
ဤအကြောင်းအရာကို မာကူးအား ရှင်းပြလိုက်သောအခါ ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားကြီးသည် မယုံနိုင်အောင် ဖြစ်သွားလေ၏။
"ညီလေးလုချင်း... ငါ့မှာ မဟာသခင် ဖြစ်ဖို့ အခွင့်အရေး ရှိတယ်လို့ မင်းက ပြောချင်တာလား"
"အဲဒါက ဆရာမာ့အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမဲ့ အခု ခင်ဗျားရဲ့ စိတ်စွမ်းအား ကြံ့ခိုင်မှုက အရမ်း အားကောင်းနေပြီ။ ကိုယ်တွင်းအင်္ဂါအဆင့်ကို ပြီးပြည့်စုံအောင် လုပ်ထားတဲ့ သူတွေထက်တောင် မနိမ့်ကျတော့ဘူး။ ဇွဲရှိရှိနဲ့သာ ဆက်ကြိုးစားရင် သေချာပေါက် ဖြစ်နိုင်ပါတယ်"
မာကူး ကြောင်အသွားသည်။ ရုတ်တရက် ကြားလိုက်ရသည့်သတင်းစကားကြောင့် ဦးနှောက်တွေ ဗလာဖြစ်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။ လုချင်းက သူ့ကို မနှောင့်ယှက်ဘဲ သတင်းအချက်အလက်များကို တိတ်တဆိတ် လက်ခံစဉ်းစားခွင့် ပေးလိုက်သည်။
ခဏကြာတော့ မာကူး သတိပြန်ဝင်လာပြီး လုချင်းကို ကြည့်လိုက်သည်။ "ညီလေးလုချင်း... ငါ နောက်ထပ် ဘာဆက်လုပ်သင့်လဲ"
"ရိုးရှင်းပါတယ်... ကိုယ်တွင်းအင်္ဂါအဆင့်ကို အရင် ဖောက်ထွက်လိုက်ပါ" လုချင်းက ပြုံး၍ ပြောသည်။ "ခင်ဗျား စုဆောင်းထားတာတွေ လုံလောက်နေပါပြီ။ နောက်ဆုံး တွန်းအားပေးလိုက်ဖို့ပဲ လိုတော့တာ"
ထိုသို့ပြောရင်း လုချင်းက လက်ညှိုးတစ်ချောင်း ထောင်ကာ မာကူး၏ ခန္ဓာကိုယ်သို့ ချိန်ရွယ်လိုက်သည်။
"မခုခံပါနဲ့။ စိတ်ကို ငြိမ်ငြိမ်ထားပြီး အာရုံစိုက်ပါ။ ကျွန်တော် ပို့လွှတ်လိုက်မယ့် စွမ်းအင်ရဲ့ ပြောင်းလဲမှုတွေကို သတိထားကြည့်ပါ"
ဒါကို ကြားတော့ မာကူး ချက်ချင်း မျက်လုံးမှိတ်ပြီး အာရုံစိုက်လိုက်သည်။ ဒါကိုမြင်တော့ လုချင်း အနည်းငယ် ခေါင်းညိတ်လိုက်၏။ ဒါဟာ မာကူး မြင်းလှည်းမောင်းရင်း ရရှိလာသည့် လေ့ကျင့်မှု ရလဒ်ပင်။ သူက စိတ်စွမ်းအားကို လွယ်ကူစွာ စုစည်းနိုင်နေပြီ ဖြစ်သည်။
အချိန်မဆွဲတော့ဘဲ လုချင်းသည် မာကူး၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာအနှံ့ကို လက်ချောင်းဖြင့် ဖွဖွလေး စတင် ထောက်လိုက်၏။ ထောက်လိုက်သည့် နေရာတိုင်းတွင် ထူးခြားသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မာကူး၏ 'သွေးနှင့်ချီ' များကို ပြန့်ကားသွားစေကာ ကလီစာများထဲသို့ စိမ့်ဝင်သွားအောင် လမ်းညွှန်ပေးလိုက်သည်။
မာကူးသည် လုချင်း၏ လက်ချောင်းမှ ထွက်ပေါ်လာသော ထူးခြားသည့် စွမ်းအား တုန်ခါမှုနှင့်အတူ ကလီစာများထဲသို့ စိမ့်ဝင်သွားသော သူ၏ 'သွေးနှင့်ချီ' ပြောင်းလဲမှုများကို အပြည့်အဝ အာရုံစိုက်ထားသည်။
တဖြည်းဖြည်းနှင့် သူ့စိတ်ထဲတွင် ကြည်လင်ပြတ်သားသော ခံစားမှုတစ်ခု ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် သူ၏ 'သွေးနှင့်ချီ' များသည် သူ၏ အတွေးနှင့်အညီ လည်ပတ်စီးဆင်းလာပြီး လုချင်း ထုတ်လွှတ်လိုက်သော ထူးခြားသည့် စွမ်းအားနှင့် ထပ်တူကျလျက် တုန်ခါကာ ညင်သာစွာ ပဲ့တင်ထပ်လာသည်။
"ခင်ဗျား သဘောပေါက်တာ မြန်သားပဲ"
ဒါကို မြင်တော့ လုချင်းက လက်ချောင်းကို ရုတ်သိမ်းလိုက်ပြီး လှုပ်ရှားမှုကို ရပ်လိုက်၏။ သို့သော် လှည့်ကွက်ကို နားလည်သွားပြီဖြစ်သော မာကူးသည် သူ၏ 'သွေးနှင့်ချီ' များကို ထူးခြားသော ကြိမ်နှုန်းတစ်ခုဖြင့် ဆက်လက် တုန်ခါစေပြီး ကိုယ်တွင်းအင်္ဂါများထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်စေလိုက်သည်။
ခဏကြာတော့ ရုတ်တရက် မာကူး တစ်ကိုယ်လုံး တုန်ခါသွားပြီး အားကောင်းသော အရှိန်အဝါတစ်ခု သူ့ဆီမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဝမ်းသာပီတိ ဖြစ်မှုများနှင့် ပြည့်နှက်နေသော သူ့မျက်လုံးများ ပွင့်လာခဲ့တော့၏။
အခန်း ၂၇၆ - သမားတော်ကြီး၏ အကျပ်အတည်း၊ လုချင်း၏ ဒေါသ
"ဆရာ... အဆင့်တက်သွားပြီလား"
ဝေ့ကျိအန်းက သူ့ဆရာထံမှ ထွက်ပေါ်လာသော အားကောင်းသည့် အရှိန်အဝါကို အာရုံခံမိပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဟုတ်တယ်... ညီလေးလုချင်းကို ကျေးဇူးတင်ရမယ်။ သူသာ လမ်းညွှန်မပေးရင် ဒီလောက်မြန်မြန် အဆင့်တက်နိုင်မှာ မဟုတ်ဘူး"
မာကူးလည်း အလွန် ဝမ်းသာနေပါ၏။ ကိုယ်တွင်းအင်္ဂါအဆင့်သို့ ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
လုချင်း ပြုံးလိုက်ပြီး ပြောသည်။ "ခင်ဗျား စုဆောင်းထားတာတွေက ပြည့်စုံနေပါပြီ။ ကျွန်တော်က နောက်ဆုံး အတားအဆီးလေးကို ကူပြီး ဖောက်ပေးလိုက်ရုံပါပဲ"
"သမားတော်လေး လုချင်း... ကျွန်တော်ရော၊ ကျွန်တော်ရော"
လုချင်း၏ လမ်းညွှန်မှုအောက်တွင် သူ့ဆရာ အဆင့်တက်သွားသည်ကို မြင်သောအခါ၌ ဝေ့ကျိအန်းလည်း စိတ်အားထက်သန်စွာ မေးလိုက်တော့၏။
"မင်းရဲ့ တုတ်သိုင်းကလည်း ဒီရက်ပိုင်း အများကြီး တိုးတက်လာတာပဲ..."
ထို့နောက် လုချင်းက ဝေ့ကျိအန်းကိုလည်း လမ်းညွှန်မှုအချို့ ပေးလိုက်သည်။ ချက်ချင်း အဆင့်တက်သွားခြင်း မရှိသော်လည်း ဝေ့ကျိအန်းအတွက် အကျိုးကျေးဇူးများစွာ ရရှိစေခဲ့ပါ၏။
ဘေးမှ ကြည့်နေသော ဟူကျိကျစ်သည်ပင် လုချင်း၏ လမ်းညွှန်မှုအောက်တွင် မာကူးနှင့် ဝေ့ကျိအန်းတို့ သိသိသာသာ တိုးတက်လာသည်ကို မြင်ပြီး လုချင်းကို ပို၍ လေးစားအားကျသွားလေသည်။
ကံဆိုးသည်မှာ သူမ၏ ခြေထောက်ဒဏ်ရာ အပြည့်အဝ မပျောက်သေးခြင်းပင်။ လမ်းကောင်းကောင်း လျှောက်နိုင်ပြီ ဖြစ်သော်လည်း သိုင်းပညာ လေ့ကျင့်၍ မရသေးပေ။ မဟုတ်လျှင် သူမလည်း လုချင်းကို လမ်းညွှန်ပေးရန် တောင်းဆိုမိမည် ဖြစ်သည်။
နောက်ပိုင်းအချိန်များတွင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သော မာကူးနှင့် ဝေ့ကျိအန်းတို့သည် ခြံဝင်းထဲတွင် ဆက်လက် လေ့ကျင့်နေကြသည်။ တစ်နာရီကျော် ကြာပြီးနောက် နေဝင်စပြုလာသော်လည်း ဆရာနှင့် လင်းကျိယွဲ့တို့ ပြန်မရောက်လာကြသေးပေ။
လုချင်း မြင့်မြတ်သောတောင်တော် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
"ထူးဆန်းတယ်... ကျိယွဲ့ ပြောပြချက်အရဆိုရင် မြင့်မြတ်သောရေကန်မှာ အာရုံပြုရတဲ့အချိန်က သိပ်မကြာသင့်ဘူး။ ဘာလို့ ဆရာတို့ ပြန်မရောက်သေးတာလဲ"
"သမားတော်ကြီးက ထိုးထွင်းသိမြင်မှု တစ်ခုခု ရသွားလို့ ပြန်လာတာ နည်းနည်း နောက်ကျနေတာ ဖြစ်မှာပါ" မာကူးက ပြောသည်။
"ဖြစ်နိုင်ပါတယ်..."
လုချင်း ခေါင်းညိတ်လိုက်သော်လည်း အကြောင်းတစ်ခုခုကြောင့် စိတ်ထဲတွင် မသိုးမသန့် ခံစားမှုတစ်ခု ဝင်ရောက်လာသည်။ ထိုခံစားမှုကို သတိပြုမိသည်နှင့် လုချင်း၏ နှလုံးသား တင်းကြပ်သွားပြီး သတိရှိသွား၏။
ဤအဆင့်သို့ ရောက်နေပြီဖြစ်သော လုချင်း၏ ဝိညာဉ်စွမ်းအားသည် မွေးရာပါနယ်ပယ်သို့ ရောက်ရှိထားသူများထက်ပင် များစွာ သာလွန်နေပြီ ဖြစ်သည်။ ထို့အပြင် 'ဝိညာဉ်အဆောင်' နှင့် 'မြေကမ္ဘာ ဝိညာဉ်ပုလဲ' တို့၏ မြှင့်တင်ပေးမှုကြောင့် မမြင်နိုင်သော ကိစ္စရပ်များနှင့် ပတ်သက်သည့် သူ့အာရုံခံစားမှုသည် သဘာဝကျကျ ပိုမို ထက်မြက်လာ၏။ သူ့ကို မသိုးမသန့် ဖြစ်စေသည် ဆိုမှတော့ နောက်ကွယ်တွင် အကြောင်းရင်း တစ်ခုခု ရှိရပေမည်။
"ဆရာ တစ်ခုခု ဖြစ်နေတာများလား"
လုချင်း ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး စူးရှသော အကြည့်ဖြင့် မြင့်မြတ်သောတောင်တော်ရှိရာဘက်သို့ စိုက်ကြည့်လိုက်သည်။
"ညီလေးလုချင်း... ဘာဖြစ်လို့လဲ" မာကူးက နားမလည်စွာ မေးလိုက်သည်။
"ဆရာ တစ်ခုခု ဖြစ်နေပြီလို့ ကျွန်တော် သံသယရှိတယ်"
လုချင်း၏ မျက်နှာထား လေးနက်နေပြီး စိတ်ထဲရှိ မသိုးမသန့် ခံစားမှုကလည်း ပိုပြင်းထန်လာတော့၏။
"သမားတော်ချန် တစ်ခုခု ဖြစ်တယ် ဟုတ်လား" မာကူး လန့်သွားပြီး စိုးရိမ်ပူပန်လာသည်။ "ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ဟူကျိကျစ်နှင့် ဝေ့ကျိအန်းတို့လည်း စိုးရိမ်သွားကြသည်။
လမ်းခရီးတစ်လျှောက် လုချင်း၏ အံ့သြဖွယ်ရာ စွမ်းရည်များကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရသဖြင့် သူတို့ လုချင်း၏ စကားကို သံသယ မဝင်ကြပေ။ သမားတော်ကြီး ဒုက္ခရောက်နေနိုင်သည်ဟု သူ ပြောမှတော့ ခံစားမှုတစ်ခုခု ရှိလို့ ဖြစ်ပေလိမ့်မည်။
"ကျွန်တော် မြင့်မြတ်သောတောင်တော်ကို သွားရမယ်။ ခင်ဗျားတို့ ဒီမှာပဲ နေပြီး စောင့်နေကြ။ မှတ်ထားပါ... ခြံဝင်းထဲက အပြင်မထွက်ပါနဲ့။ ဒီနေရာက ထျန်းကျီမျှော်စင်ရဲ့ ပိုင်နက်မို့ သာမန်လူတွေ ကျူးကျော်ရဲမှာ မဟုတ်ဘူး။ ဟုတ်တယ်မလား ချန်ပေ့"
နောက်ဆုံးစကားကိုတော့ လုချင်းက ခြံဝင်းအပြင်ဘက်သို့ လှမ်းပြောလိုက်ခြင်း ဖြစ်သည်။ မာကူးနှင့် အခြားသူများ အစပိုင်းတွင် ကြောင်သွားကြပြီးနောက် အပြင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
"မောင်ရင်က တကယ့်ကို အထင်ကြီးစရာပဲ"
ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်မွေးများ ရှိပြီး ပညာရှိဆန်သော အရှိန်အဝါ ထွက်ပေါ်နေသည့် အဘိုးအိုတစ်ဦး ခြံဝင်းထဲသို့ ဝင်လာသည်။ လုချင်းကို ကြည့်နေသော သူ့မျက်လုံးများထဲတွင် အံ့သြမှု အရိပ်အယောင်များ ရှိနေသည်။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ရောက်ရှိနေမှုကို မွေးရာပါနယ်ပယ်သို့ပင် မရောက်သေးသော ဤလူငယ်လေးက အာရုံခံမိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဂါရဝပြုပါတယ် ချန်ပေ့... ခင်ဗျားက သခင်လေးကျိယွဲ့ရဲ့ ဆရာ... ထျန်းကျီမျှော်စင်ရဲ့ သခင်ကြီး ဖြစ်ရမယ်" လုချင်းက ပညာရှိအသွင်ရှိသော အဘိုးအိုကို အရိုအသေပြုပြီး လိုရင်းကို တန်းပြောလိုက်သည်။
"ယဉ်ကျေးနေစရာ မလိုပါဘူး။ မောင်ရင်က မြင့်မြတ်သောတောင်တော်ကို သွားချင်တယ်လို့ ပြောလိုက်တာလား"
အဘိုးအိုက မငြင်းပေ။
"ဟုတ်ပါတယ်... ကျွန်တော့်ဆရာက မြင့်မြတ်သောတောင်တော်ကို တရားမှတ်ဖို့ သွားတာကနေ ပြန်မလာသေးလို့ပါဗျ။ ကျွန်တော် စိတ်ပူလို့ သူ့ကို သွားပြန်ခေါ်ချင်တာပါ။ ကျွန်တော့်ဆရာ ဘာလို့ ပြန်မလာသေးတာလဲဆိုတာ ချန်ပေ့ သိလားဗျ"
လုချင်းက အဘိုးအိုကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထျန်းကျီမျှော်စင်၏ သခင်ကြီးသည် လွန်ခဲ့သော နှစ်ရက်က အပြင်မထွက်ခဲ့ဘဲ ယခုမှ ရုတ်တရက် ပေါ်လာခြင်းသည် အကြောင်းရှိရမည်။ လုချင်း၏ အကြည့်ဖိအားအောက်တွင် အဘိုးအိုသည် ကျင့်ကြံမှု မြင့်မားသော်လည်း ကျောထဲတွင် စိမ့်ခနဲ ဖြစ်သွားသည်။ သူ တုန်လှုပ်သွားသည်။ ဤခံစားချက်သည် အန္တရာယ်ကို အာရုံခံမိမှသာ ပေါ်လာတတ်သည်။ သူ့ရှေ့က လူငယ်သည် သူ ထင်ထားသည်ထက် ပိုမို ကြောက်စရာကောင်းမည့်ပုံပေါ်၏။
သို့သော် ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် အဘိုးအိုသည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မြင့်မားသည်။ အတွင်းစိတ်တွင် တုန်လှုပ်သွားသော်လည်း မျက်နှာပေါ်တွင် မည်သည့်အရာမှ မပေါ်လွင်စေပေ။
"မောင်ရင် ပြောတာ မှန်ပါတယ်။ ကျိယွဲ့ဆီက သတင်းစကား ငါ အခုလေးတင် ရလိုက်တာ။ မောင်ရင့်ဆရာ မြင့်မြတ်သောတောင်တော်မှာ ပြဿနာတချို့နဲ့ ကြုံနေရတယ်"
"ဘယ်လို ပြဿနာမျိုးလဲဗျ"
ဒါကို ကြားတော့ လုချင်း၏ မျက်လုံးများ အရောင်လက်သွားပြီး အေးစက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားတော့၏။ ဒါက အဘိုးအို ခံစားနေရသော အေးစိမ့်မှုကို ပို၍ပင် ပြင်းထန်သွားစေခဲ့ပါ၏။
သူ အံ့သြမိသည်။
သူ့လိုလူတစ်ယောက်ကိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ဒီလူငယ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။
"ကျိယွဲ့ရဲ့ သတင်းစကားအရ မောင်ရင့်ဆရာက မြင့်မြတ်သောရေကန်မှာ တရားမှတ်ပြီးလို့ တောင်ပေါ်က ပြန်ဆင်းလာတော့ 'ရွှမ်ခုန်းတောင်'က ဘုန်းကြီးတွေနဲ့ တွေ့တယ်။ သူတို့က မောင်ရင့်ဆရာဆီက 'ကုသိုလ်ကံအလင်းရောင်'ကို သတိထားမိပြီး တားထားလိုက်ကြတာ"
"ရွှမ်ခုန်းတောင်လား... အဲ့ဒါက လျှို့ဝှက်နယ်မြေကြီးလေးခုထဲက တစ်ခုမလား" လုချင်း အံ့သြသွားသည်။
"ဟုတ်တယ်"
"ရွှမ်ခုန်းတောင်က လူတွေက ကျွန်တော့်ဆရာကို ဘာလို့ တားထားတာလဲဗျ"
"မောင်ရင့်ဆရာ ပိုင်ဆိုင်ထားတဲ့ ကုသိုလ်ကံအလင်းရောင်ဆိုတာက ရွှမ်ခုန်းတောင်မှာတောင် ကျင့်ကြံအောင်မြင်သူ ရှားပါးတဲ့ အကာအကွယ် အလင်းရောင်ပဲ။ ဘုန်းကြီးတွေက စူးစမ်းချင်စိတ်နဲ့ မောင်ရင့်ဆရာနဲ့ တရားဆွေးနွေးချင်ကြတာပါ။ မောင်ရင် စိတ်မပူပါနဲ့။ ရွှမ်ခုန်းတောင်က ဘုန်းကြီးတွေက ကရုဏာတရား ကြီးမားတဲ့သူတွေမို့ မောင်ရင့်ဆရာကို အန္တရာယ်ပြုမှာ မဟုတ်ပါဘူး"
"သူတို့က အဲဒီလောက် ကရုဏာကြီးမားရင် ဘာလို့ ကျွန်တော်ဆရာကို တောင်အောက်ဆင်းခွင့်မပေးဘဲ တားထားရတာလဲ" လုချင်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။ "ကျွန်တော့်ဆရာရဲ့ ရိုးသားတဲ့ စိတ်နေစိတ်ထားကို အခွင့်ကောင်းယူပြီး သူ မငြင်းရက်မှန်း သိလို့ တမင်လုပ်နေကြတာများလား"
အဘိုးအို တစ်ခဏမျှ စကားဆွံ့အသွားသည်။ သူကိုယ်တိုင်လည်း ရှင်းပြလို့ မရပေ။ ရွှမ်ခုန်းတောင်မှ ဘုန်းကြီးများက သမားတော်ကြီးကို တားဆီးထားခြင်းမှာ ထူးဆန်းသည်ဟု သူလည်း ထင်မိပါ၏။ ကုသိုလ်ကံအလင်းရောင်သည် ရှားပါးသော်လည်း ရွှမ်ခုန်းတောင်တွင် မကြုံဖူးသော အရာတော့ မဟုတ်ပေ။ ဤမျှလောက် အုတ်အော်သောင်းတင်း ဖြစ်စရာမလိုပေ။
ထိုအချိန်တွင် အဘိုးအို၏ ဝတ်ရုံ အနည်းငယ် တုန်ခါသွားသည်။ ဝတ်ရုံထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ပြီး စိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်နှာထားကလည်း ပိုမို လေးနက်လာတော့၏။
"ချန်ပေ့ သခင်လေးကျိယွဲ့ဆီကနေ သတင်း ထပ်ရောက်လာတာလားဗျ"
အဘိုးအို လက်ထဲရှိ ကျောက်စိမ်းပြားသည် လင်းကျိယွဲ့က သူ့ဆရာကို ပေးခဲ့ဖူးသော တစ်ခုနှင့် တူညီကြောင်း လုချင်း မှတ်မိလိုက်သည်။
"ကျိယွဲ့ဆီက ဟုတ်ပါတယ်"
အဘိုးအိုက မျက်နှာထား လေးလံစွာဖြင့် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"သခင်လေးကျိယွဲ့က ဘာပြောလာလဲဗျ"
အဘိုးအို၏ မျက်နှာထားကို မြင်လိုက်ရသဖြင့် လုချင်း မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။
"ရွှမ်ခုန်းတောင်က ဘုန်းကြီးတွေက မောင်ရင့်ဆရာကို သူတို့ ဂိုဏ်းထဲ ဝင်စေချင်နေကြတယ်လို့ ကျိယွဲ့ ပြောတယ်။ မောင်ရင့်ဆရာက ငြင်းလိုက်တော့ သူတို့က အခု အစီအရင်တစ်ခု သုံးပြီး သူ့ကို ပိတ်လှောင်ထားတယ်တဲ့။ ပြီးတော့ အတင်းအကျပ် သိမ်းသွင်းဖို့ ကြိုးစားနေကြတယ်"
"ဘာ..."
ဒါကို ကြားလိုက်ရတဲ့အခါ၌ လုချင်းမှာ ဒေါသကို မထိန်းနိုင်တော့ဘဲ ကြောက်မက်ဖွယ် ကောင်းသည့် အေးစက်စက် အလင်းရောင်တစ်ခုက သူ့မျက်လုံးထဲမှာ လက်ခနဲ ဖြစ်သွားတော့၏။ သူ့ဆီက ထွက်လာသည့် အရှိန်အဝါကြောင့် အဘိုးအိုမှာ သူ့နှလုံးသား ကျုံ့သွားသလိုတောင် ခံစားလိုက်ရလေ၏။
လုချင်းဆီကနေ အလွန် အန္တရာယ်များသည့် စွမ်းအင်တစ်ခု၊ သူ့အသက်ကိုတောင် ခြိမ်းခြောက်နိုင်သော စွမ်းအင်တစ်ခုကို သူ အာရုံခံလိုက်မိသည်။
"ညီလေးလုချင်း... ဘာစောင့်နေဦးမှာလဲ။ သမားတော်ကြီးချန်ကို သွားကယ်ကြစို့" ဘေးနားရှိ ဒေါသထွက်နေသော မာကူးက အော်ပြောလိုက်သည်။
'အတင်းအကျပ် သိမ်းသွင်းတယ်' ဆိုတာ ဘာလဲလို့ သူ နားမလည်ပေမဲ့ အဲဒီ ဘုန်းကြီး ဆိုသူတွေက အစီအရင်တစ်ခု သုံးပြီး သမားတော်ကြီးကို ဖမ်းထားတယ် ဆိုတာကိုတော့ သူ နားလည်ပါ၏။
"ဟုတ်တယ်... သမားတော်လေး လုချင်း၊ မြင့်မြတ်သောတောင်တော်ကို ဝင်စီးကြစို့" ဝေ့ကျိအန်းက သူ့သံတုတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
သို့သော် သူတို့၏ စကားများက လုချင်း၏ စိတ်ကို ကြည်လင်သွားစေခဲ့၏။
"မဖြစ်ဘူး... ကျွန်တော် တစ်ယောက်တည်း သွားမယ်။ ခင်ဗျားတို့ ဒီမှာနေပြီး သတင်းစောင့်နေ"
"ဒါပေမဲ့..."
"ဒါပေမဲ့ဆိုတာ မရှိဘူး" မာကူး စကားပြောမည် ပြုသည်ကို လုချင်း လက်ကာပြပြီး တားလိုက်သည်။ "မြင့်မြတ်သောတောင်တော်ပေါ်က ဖိနှိပ်မှု စွမ်းအားက ခင်ဗျားတို့ ခံနိုင်ရည်ရှိတာမျိုး မဟုတ်ဘူး။ ခင်ဗျားတို့ လိုက်လာရင် ခန္ဓာကိုယ်အတွက် ဝန်ထုပ်ဝန်ပိုး အရမ်း ဖြစ်လိမ့်မယ်"
မာကူးနှင့် ဝေ့ကျိအန်း ကြောင်အသွားကြသည်။
စောစောက ပိုင်ပုဖန်နှင့် အခြားသူများ ကောင်းကင်လှေကားထစ် တက်ခဲ့ကြသည်ကို သူတို့ ပြန်သတိရလိုက်သည်။ ပိုင်ပုဖန်လို မဟာသခင်တစ်ယောက်တောင် မြင့်မြတ်သောတောင်တော်ပေါ်ကို သိပ်မြင့်မြင့် မတက်နိုင်ခဲ့ချေ။ သူတို့သာ သွားရင် တောင်တစ်ဝက်တောင် ရောက်မှာ မဟုတ်။
ဒါကို တွေးမိတော့ နှစ်ယောက်စလုံး ပြင်းထန်သော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ကြရသည်။ ဒီလို အရေးကြီးသည့် အခြေအနေမှာ ကူညီနိုင်စွမ်းမရှိသော သူတို့၏ အားနည်းချက်ကို မုန်းတီးမိကြသည်။
"စိတ်မပူပါနဲ့... ဆရာ့ကို ကျွန်တော် ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့ပါ့မယ်"
သူတို့ မျက်နှာပေါ်က စိတ်ပျက်မှုကို မြင်တော့ လုချင်းက နှစ်သိမ့်ပေးလိုက်၏။
"မောင်ရင်... မြင့်မြတ်သောတောင်တော်ကို သွားမယ်ဆိုတာ သေချာရဲ့လား" အဘိုးအိုက မေးသည်။
"ကျွန်တော့်ဆရာက အန္တရာယ် ကြုံနေရတာလေ။ တပည့်တစ်ယောက်အနေနဲ့ ကျွန်တော်က ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ" လုချင်းက တည်ငြိမ်စွာ ပြောသည်။ "ဒါပေမဲ့ ချန်ပေ့ ၊ ကျွန်တော် တောင်းဆိုစရာ တစ်ခုတော့ ရှိတယ်"
"ပြောပါ မောင်ရင်"
"ဒီ မိန်းကလေးဟူ ရဲ့ မျက်ခုံးနှစ်ခုကြားမှာ ကံဆိုးမိုးမှောင်ကျတဲ့ နိမိတ် ရှိနေတယ်။ ချန်ပေ့လည်း သတိထားမိမှာပါ။ ဒီဘေးဒုက္ခက ဘယ်အချိန် ဖြစ်မလဲဆိုတာ ခင်ဗျား ပြောနိုင်မလား။ ကျွန်တော် မရှိတုန်း သူ့ကို တစ်ခြားသူတွေ အခွင့်ကောင်းမယူနိုင်အောင် ချန်ပေ့ကပဲ ကူညီ စောင့်ရှောက်ပေးထားလို့ ရမလား"
အဘိုးအို၏ ဘေးပတ်လည်တွင် ဝဲပျံနေသော စာလုံးများကို လုချင်း သတိပြုမိပြီး သူသည် လောလောဆယ် ယုံကြည်စိတ်ချရသူ ဖြစ်ကြောင်း သိလိုက်သည်။ သို့သော် အိမ်ထဲတွင် ရှောင်ယန် တစ်ရေးအိပ်နေသည်ကို အဖော်ပြုပေးနေသော ရှောင်လီကိုလည်း ဝိညာဉ်အသံလွှင့်ပြီး တိတ်တဆိတ် မှာကြားထားလိုက်သေးပါ၏။
အဘိုးအိုက ဟူကျိကျစ်၏ မျက်ခုံးကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ "စိတ်ချပါ မောင်ရင်။ မောင်ရင် ပြန်လာတဲ့အထိ ငါ ဒီခြံဝင်းထဲမှာပဲ နေပေးပါ့မယ်"
"ဒါဆိုရင်တော့ ချန်ပေ့ကို ကြိုပြီး ကျေးဇူးတင်ပါရစေဗျာ"
လုချင်းက အဘိုးအိုကို လေးလေးနက်နက် ဦးညွှတ်လိုက်၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ပုံရိပ်သည် ခြံဝင်းအပြင်သို့ ရောက်ရှိနေပြီပင်။
"မာကူး... ရှောင်ယန်ကို သတိထား ကြည့်ပေးဦး။ သူ နိုးလာရင် လျှောက်မပြေးစေနဲ့"
ထိုနောက်ဆုံး စကားများကို ပြောပြီးနောက် လုချင်း၏ ပုံရိပ် ပျောက်ကွယ်သွားသည်။
သူ့အရှိန်က အလွန်အံ့သြဖွယ် ကောင်းလှသဖြင့် အဘိုးအိုပင် တုန်လှုပ်သွားသည်။
"ဒီလူငယ်လေး လုချင်းက ဘယ်သူများပါလိမ့်"
အဘိုးအို ဝေခွဲမရ ဖြစ်နေသည်။ ဘယ်လူငယ်ကမှ သူ့ကို ဒီလောက် ခန့်မှန်းရခက်အောင် မလုပ်ဖူးပေ။ လုချင်း၏ မြင့်မြတ်သောတောင်တော် ခရီးစဉ်သည် မုန်တိုင်းကြီးတစ်ခုကို ဖြစ်စေလိမ့်မည်ဟု သူ ကြိုတင် ခံစားနေရပါ၏။
ထျန်းကျီမျှော်စင်မှ ထွက်ခွာလာပြီးနောက် လုချင်းသည် ကိုယ်ဖော့သိုင်းကို အသုံးပြုကာ မြင့်မြတ်သောတောင်တော်သို့ ချက်ချင်း ဦးတည်လိုက်သည်။ အရှိန်မြှင့်တင်ရန်အတွက် သူ့မျက်ခုံးကြားရှိ အဆောင်ကိုပင် အသက်သွင်းလိုက်သည်။
ဖျော့တော့သော အဝါရောင် အလင်းတန်းတစ်ခုက သူ့အရေပြားပေါ်တွင် လက်ခနဲ ဖြစ်သွားပြီး လုချင်း၏ အရှိန်ကလည်း ရုတ်ချည်းပင် မြင့်တက်သွားတော့လေ၏။ သူ့တစ်ကိုယ်လုံးသည် မီးခိုးငွေ့တစ်မျှင်အလား မြင့်မြတ်သောတောင်တော်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
သူ့အရှိန်က မြန်လွန်းသဖြင့် လမ်းတစ်လျှောက်ရှိ သိုင်းပညာရှင်များသည် ပုံရိပ်တစ်ခု ဖြတ်ခနဲ ဖြစ်သွားသည်ကိုသာ အာရုံခံလိုက်မိကြသည်။ သူတို့ သတိထားမိပြီး သေချာ ကြည့်ဖို့ ကြိုးစားချိန်တွင် လုချင်းသည် ဝေးကွာလွန်းသော နေရာသို့ ရောက်ရှိနေပြီပင်။
မကြာမီ လုချင်းသည် မြို့၏ မြောက်ဘက်ပိုင်း၊ ကောင်းကင်လှေကားထစ်အနီးသို့ ရောက်ရှိလာသည်။ ယခုအချိန်ထိ လှေကားထစ် ခြေရင်းတွင် လူများစွာ စုဝေးနေကြဆဲ ဖြစ်ပြီး ရံဖန်ရံခါ အားပေးသံများ ထွက်ပေါ်နေသည်။
တကယ်တော့ လူအုပ်ကြီးသည် ပိုင်ပုဖန်နှင့် အခြားသူများ ပြိုင်ပွဲဝင်စဉ်ကထက်ပင် ပိုကြီးမားနေသေးသည်။ ကောင်းကင်လှေကားထစ်ပေါ်တွင် နောက်ထပ် ပြိုင်ပွဲတစ်ခု ကျင်းပနေပုံရ၏။
"ဝါး... နတ်မိမယ်လေး လီက ကွေ့ယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်ဆိုတာနဲ့ တကယ် ထိုက်တန်တာပဲ။ အလှမယ်စာရင်းမှာ ပါရုံတင်မကဘူး သိုင်းပညာ စွမ်းရည်ကလည်း အရမ်း နက်ရှိုင်းတယ်။ သူ အဆင့် ၁၆၀ ကိုတောင် ရောက်နေပြီကွ။ ဟိုတစ်နေ့က ပိုင်ပုဖန်တို့နဲ့ သိပ်မကွာတော့ဘူးပဲ"
"နတ်မိမယ်လေး ကျောက်ကလည်း မခေဘူးနော်။ နတ်မိမယ်လေး လီရဲ့ နောက်မှာ တစ်ဆင့်ပဲ ကွာတယ်။ သူ မကြာခင် မီတော့မယ် ထင်တယ်"
"ဒါပေမဲ့ လုံမိသားစုက မင်းသမီးလေးကတော့ နည်းနည်း နောက်မှာကျန်နေတယ်ဟ။ သုံးလေးဆင့်လောက် နောက်ကျနေတယ်"
"အလှမယ်စာရင်းဝင် နတ်သမီးသုံးပါးရဲ့ ပြိုင်ပွဲကို မြင်ခွင့်ရမယ်လို့ မထင်ထားဘူး။ ဒါက တစ်သက်မှာ တစ်ခါ ကြုံရခဲတဲ့ အတွေ့အကြုံပဲ"
"နှမြောစရာကောင်းတာက သူတို့အားလုံး မျက်နှာဖုံးပုဝါတွေ အုပ်ထားကြတာပဲ။ သူတို့ရဲ့ ပြိုင်ဘက်ကင်း မျက်နှာလေးတွေကို မမြင်ရဘူး"
"မျက်နှာ မမြင်ရလည်း ကိစ္စမရှိပါဘူး။ သူတို့ရဲ့ ကျော့ရှင်းတဲ့ ကိုယ်လုံးလေးတွေကို ကြည့်ရရုံနဲ့တင် ငါ့ဘဝကြီးက ပြည့်စုံသွားပါပြီကွာ"
...
လုချင်း ကောင်းကင်လှေကားထစ်အနီးသို့ ချဉ်းကပ်လာသောအခါ ဆွေးနွေးသံအမျိုးမျိုးက သူ့နားထဲသို့ ဝင်ရောက်လာသည်။
လှေကားထစ်ပေါ်ရှိ ပြိုင်ပွဲတွင် ကျော့ရှင်းသော အမျိုးသမီး သိုင်းပညာရှင်အချို့ ပါဝင်နေကြောင်း သူ သိလိုက်သည်။ စကားသံများကို ထောက်ရှုရလျှင် သူတို့သည် အလှမယ်စာရင်းဝင် နာမည်ကျော် အလှပဂေးများ ဖြစ်ပုံရသည်။
ပုံမှန် အခြေအနေမျိုးတွင်ဆိုလျှင် လုချင်း ရပ်တန့်ပြီး စိတ်ဝင်တစား ကြည့်ရှုမိကောင်း ကြည့်ရှုမိပေမည်။ သို့သော် ယခုအခါ သူ့ဆရာ၏ လုံခြုံရေးကိုသာ စိတ်ပူနေသဖြင့် ထိုကဲ့သို့ အာရုံလွှဲစရာများအတွက် အချိန်မရှိပေ။ သူ လူအုပ်ကြားမှ ရှောင်ကွင်းပြီး လှေကားထစ်ခြေရင်းသို့ ရောက်သွားသည်။ ခုန်တက်လိုက်သည်နှင့် တစ်ခါတည်း လှေကားထစ် ဒါဇင်ပေါင်းများစွာကို ကျော်တက်သွားသည်။
နောက်ထပ် ခြေတစ်လှမ်း ပေါ့ပါးစွာ လှမ်းလိုက်ပြန်ရာ သူ့ခန္ဓာကိုယ်အပေါ်သို့ ဒုံးပျံသဖွယ် တက်သွားပြီး နောက်ထပ် ဒါဇင်ပေါင်းများစွာကို လျင်မြန်စွာ ကျော်ဖြတ်သွားပြန်၏။
ဤနည်းဖြင့် လုချင်း၏ ခြေထောက်များသည် မြေကြီးနှင့် မထိလုနီးပါး ဖြစ်ကာ အပေါ်သို့ ပျံတက်နေပြီး တစ်ခါတက်လျှင် ဒါဇင်နှင့်ချီသော လှေကားထစ်များကို ဖြတ်ကျော်နေသည်။
ခဏအကြာတွင်တော့ သူသည် ကျော့ရှင်းသော အမျိုးသမီး သိုင်းပညာရှင်များ၏ အနီးသို့ ရောက်ရှိလာသည်။ သို့သော် မရပ်တန့်ဘဲ သူတို့ကို ကျော်ဖြတ်ကာ အပေါ်သို့ လျင်မြန်စွာ ဆက်တက်သွားသည်။
မယုံနိုင်စရာ အရှိန်အဟုန်ဖြင့် သူ လှေကားထစ်ကို တက်သွားပြီး နောက်ဆုံးတွင် တိမ်တိုက်များကြားသို့ ဝင်ရောက်ကာ လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့၏။
ဤရုတ်တရက် အပြောင်းအလဲသည် လူတိုင်းကို အငိုက်မိသွားစေသည်။ လုချင်း၏ ပုံရိပ် မြူခိုးများထဲသို့ ပျောက်ကွယ်သွားမှသာ လူအုပ်ကြီး ဘာဖြစ်သွားမှန်း သဘောပေါက်လိုက်ကြသည်။
ထို့နောက် လူအုပ်ကြီးခင်မျယ ပွက်လောရိုက်သွားတော့၏။
"ငါ ခုနက တစ်ယောက်ယောက် လှေကားထစ်ပေါ် တက်သွားတာကို မြင်လိုက်သလားလို့"
"မင်း အမြင် မမှားပါဘူး။ တစ်ယောက်ယောက် တက်သွားတာ သေချာတယ်ကွ"
"ဒါပေမဲ့ အဲဒီအရှိန်က မြန်လွန်းတယ်။ လှေကားထစ်ရဲ့ ထူးခြားဆန်းကြယ်တဲ့ စွမ်းအား ပျောက်သွားတာများလား"
"ပျောက်ရမလားကွ... နတ်မိမယ်လေး လီနဲ့ တခြားသူတွေ မောနေတာ မမြင်ဘူးလား"
"ဒါဆိုရင် လှေကားထစ်ကို ဒီလောက် လွယ်လွယ်ကူကူ တက်သွားနိုင်တာ ဘယ်သူများလဲ"
"လွယ်ကူရုံတင် မကဘူး... ပျံသန်းသွားသလိုပဲဟ။ သူ့အရှိန်က လွန်ခဲ့တဲ့ နှစ်ရက်က အဆင့် ၂၀၀ ကို တက်သွားတဲ့ ပိုးထည်ဝတ်စုံနှင့် လူငယ်ထက် အနည်းဆုံး ဆယ်ဆလောက် မြန်တယ်ကွ"
"အရှိန်က ဆယ်ဆလောက် ပိုမြန်တာတင် မဟုတ်ဘူး... အမြင့်ကလည်း အများကြီး ပိုသာတယ်။ မမြင်လိုက်ဘူးလား... သူ တိမ်တွေထဲတောင် ဝင်သွားပြီ။ အဲဒါ အနည်းဆုံး အဆင့် ၃၀၀ လောက် ရှိမယ်"
"ဒီလူက ဘယ်သူလဲ... မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်တောင် အဆင့် ၃၀၀ ကို ဒီလောက် လွယ်လွယ်ကူကူ မတက်နိုင်ဘူးလေ"
...
တစ်ခဏချင်းမှာပင် လှေကားထစ် အောက်ခြေရှိ လူအုပ်ကြီး ဆူညံသွားပြီး လုချင်း၏ စွမ်းဆောင်ရည်ကြောင့် အားလုံး မှင်သက်သွားကြတော့သည်။