အခန်း (၂၇၇-၂၇၈)
Vol. 28 Ch. 277-278
အခန်း ၂၇၇ - အစီအရင်ကို အကြမ်းပတမ်း ဖျက်ဆီးခြင်းနှင့် တိုက်ရိုက်ချေမှုန်းခြင်း
တောင်ခြေမှ လူအုပ်ကြီး တုန်လှုပ်သွားရုံသာမက ကောင်းကင်လှေကားထက်တွင် ယှဉ်ပြိုင်နေကြသည့် မိန်းမလှလေးများပင် မယုံကြည်နိုင်အောင် ဖြစ်နေကြလေသည်။
"လီနတ်မိမယ်လေး... ခုနကလူရဲ့ ပုံစံကို မြင်လိုက်လား"
"ကြည့်ရတာ လူငယ်လေးတစ်ယောက်လိုပဲ"
"လူငယ်လေးတစ်ယောက်က ကောင်းကင်လှေကားကို ဒီလောက် လွယ်လွယ်ကူကူ တက်သွားတာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"လူငယ်ပုံစံ ဖန်ဆင်းထားတဲ့ မကောင်းဆိုးဝါးကြီးတစ်ကောင်များ ဖြစ်နေမလား"
"မျကာင်းဆိုးဝါးကြီးဆိုရင်တောင် ကောင်းကင်လှေကားက သူတို့အတွက် ဒီလောက် မပြောပလောက်တဲ့အရာ မဖြစ်သင့်ဘူးလေ"
"ဒါမှမဟုတ် တခြား လျှို့ဝှက်နယ်မြေတစ်ခုခုက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်များလား"
လူတိုင်းက လုချင်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းပြောဆိုနေကြချိန်တွင် လုချင်းကတော့ ကောင်းကင်လှေကားမှ ထွက်ခွာသွားပြီဖြစ်ပြီး မြင့်မြတ်သောတောင်တော်၏ အခြားတစ်ဖက်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။
လင်းကျိယွဲ့သည် မြင့်မြတ်သော ရေကန်တည်ရှိရာ နေရာအနီးစပ်ဆုံးကို သူ့အား ပြောပြဖူးသည်။
ထျန်းကျီမျှော်စင်သခင်၏ စကားအရဆိုလျှင် ဆရာသမားသည် မြင့်မြတ်သော ရေကန်မှ ထွက်လာပြီးပြီးချင်း ရွှမ်ခုန်းဘုရားကျောင်းမှ လူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ရာ ထိုနေရာသည် အနီးအနားတွင်သာ ရှိရပေမည်။
"ငါ့ဆရာသာ တစ်ခုခုဖြစ်သွားရင် ခင်ဗျားတို့ ရွှမ်ခုန်းဘုရားကျောင်းက ခေါင်းပြောင်မြည်းတွေအကုန်လုံး ခင်ဗျားတို့ရဲ့ လျှို့ဝှက်နယ်မြေကြီးတစ်ခုလုံးနဲ့အတူ အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ကြပေတော့"
လုချင်း၏ မျက်လုံးများတွင် အေးစက်ခြင်းများ ပြည့်နှက်နေပြီး သူ၏ ခန္ဓာကိုယ်မှ အဝါရောင်အလင်းတန်းဖျော့ဖျော့ ထွက်ပေါ်လာကာ တောင်တော်ပေါ်၌ လျင်မြန်စွာ ရွေ့လျားသွားလေသည်။
မြင့်မြတ်သောတောင်တော်၏ ဖိနှိပ်မှုစွမ်းအားသည် သူ့အတွက် လုံးဝ မရှိသကဲ့သို့ပင်။
"ငါ့အထင် မှန်နေတာပဲ... ဒီတောင်တော်ပေါ်က ဖိအားဆိုတာ တကယ်တော့ မြေကမ္ဘာသံလိုက်စွမ်းအားပဲ။ တခြားသူတွေအတွက်တော့ ဒီတောင်ရဲ့ဖိအားက ဝန်ထုပ်ဝန်ပိုး ဖြစ်ပေမဲ့ 'မြေကမ္ဘာဝိညာဉ်ပုလဲ' ကို ပိုင်ဆိုင်ထားတဲ့ ငါ့အတွက်ကျတော့ ဒါက အထောက်အကူတောင် ဖြစ်နေသေးတယ်"
လင်းကျိယွဲ့က မြင့်မြတ်သောတောင်တော်အကြောင်း မိတ်ဆက်ပေးစဉ်ကပင် လုချင်းသည် ဖိနှိပ်မှုစွမ်းအား၏ သဘောသဘာဝကို သံသယရှိခဲ့ပြီးနှင့်ပြီဖြစ်သည်။
ယခု ကိုယ်တိုင်ကိုယ်ကျ တောင်ပေါ်သို့ တက်ရောက်လာပြီးနောက်တွင်မူ သူ၏ သံသယများက ပို၍ပင် ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။
ဤအချက်က ဆရာ့ကို ကယ်တင်ရာတွင် သူ့အား ယုံကြည်မှု ပိုမိုရှိစေသည်။
"ဟမ်..."
လုချင်း စိတ်ထဲ၌ တွက်ချက်နေစဉ် ရုတ်တရက် ရှေ့မှ စွမ်းအင်အတက်အကျတစ်ခုကို အာရုံခံမိလိုက်သည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ ဆရာ့၏ အငွေ့အသက်ကိုပါ သူ ခံစားမိလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်မှာပင် စိုးရိမ်ပူပန်နေသော အသံတစ်သံကို သူ ကြားလိုက်ရသည်။
"ဆရာတော်တို့... ကျေးဇူးပြုပြီး ညှာတာပေးကြပါဦး။ ဒီသမားတော်ကြီးချန်က ထျန်းကျီမျှော်စင်ရဲ့ အရေးပါတဲ့ ဧည့်သည်တော်ပါ။ တစ်ခုခု မှားယွင်းသွားလို့ မဖြစ်ပါဘူး"
"ဒါက အစ်ကိုကြီးကျိယွဲ့ရဲ့ အသံပဲ"
နောက်ဆုံးတော့ လိုရာခရီးရောက်ပြီမှန်း သိလိုက်ရသဖြင့် လုချင်း၏ မျက်လုံးများ စူးရှသွားတော့၏။
ခန္ဓာကိုယ်မှ အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး အရှိန်မြှင့်တင်လိုက်ရာ သစ်တောတစ်ခုကို လျင်မြန်စွာ ဖြတ်ကျော်ပြီးနောက်၌ ကျယ်ဝန်းသော ကွင်းပြင်တစ်ခုသို့ ရောက်ရှိသွားလေသည်။
ထိုကွင်းပြင်ကို ကျောက်ပြားများဖြင့် ခင်းထား၏။
ထိုနေရာတွင် ဝတ်ရုံနီ ဝတ်ဆင်ထားသော ခေါင်းပြောင်ဘုန်းကြီး ခုနစ်ပါးသည် ထူးဆန်းသော ပုံစံဖြင့် နေရာယူထားကြပြီး တင်ပျဉ်ခွေ ထိုင်နေသူတစ်ဦးကို ဝိုင်းရံထားကြသည်။
အနီးအနားတွင်လည်း အခြားသူများစွာက စောင့်ကြည့်နေကြသည်။
ထိုခေါင်းပြောင်ဘုန်းကြီးများအပြင် လွန်ခဲ့သော နှစ်ရက်က လုချင်း တွေ့ဆုံခဲ့ဖူးသည့် ယွင်ရွှေလျှို့ဝှက်နယ်မြေမှ တပည့်အချို့ အပါအဝင် အခြားသော စွမ်းအားကြီး ပုဂ္ဂိုလ်များလည်း ရှိနေကြသည်။
ခေါင်းပြောင်ဘုန်းကြီး ခုနစ်ပါး ဝိုင်းရံထားသော အစီအရင်၏ အလယ်ဗဟိုတွင် အဝါရောင်အလင်းတန်းများ ထုတ်လွှတ်နေသော ရွှေရောင်သပိတ်တစ်ခုက လေထဲတွင် ဝဲပျံနေလေ၏။
ထိုသပိတ်၏ အောက်တွင်မူ ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် မျက်လုံးများကို မှိတ်လျက် တင်ပျဉ်ခွေ ထိုင်နေသည်။ ထိုသူ၏ မျက်နှာမှာ နီရဲနေပြီး ခန္ဓာကိုယ်မှာလည်း တုန်ယင်နေလေသည်။ ထိုသူမှာ သမားတော်ကြီးမှလွဲ၍ အခြားသူ မဟုတ်ပေ။
"ဆရာ..."
ထိုမြင်ကွင်းက လုချင်းကို ဒေါသအမျက် ခြောင်းခြောင်းထွက်စေခဲ့ပါ၏။
ဆရာသည် သည်းခံနိုင်စွမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသည်ကို သူ မည်သို့ မမြင်ဘဲ နေနိုင်မည်နည်း။
ပြင်းထန်သော ဒေါသကြောင့် လုချင်းသည် ဘာကိုမျှ မစဉ်းစားတော့သလို သတင်းအချက်အလက် စုံစမ်းရန် သူ၏ နတ်မျက်စိစွမ်းရည်ကို သုံးဖို့ပင် အချိန်မရတော့ပေ။
သူသည် ဟင်းလင်းပြင်ချီအိတ်ထဲမှ လေးနှင့် မြားကို ချက်ချင်း ထုတ်ယူလိုက်ပြီး လေးကြိုးကို အဆုံးထိ ဆွဲတင်လိုက်တော့၏။
နောက်တစ်ခဏတွင်တော့ လေတိုးသံ တရွှီရွှီ မြည်ဟီးသွားပြီး မြားခုနစ်စင်း လေထဲသို့ ပျံသန်းသွားကာ လမ်းကြောင်း ခုနစ်ခု ကွဲထွက်လျက် ခေါင်းပြောင်ဘုန်းကြီး ခုနစ်ပါး၏ ဦးခေါင်းများဆီသို့ တည့်မတ်စွာ ဦးတည်သွားလေသည်။
'ကြယ်တာရာခုနစ်ပွင့် စီတန်းခြင်း' နည်းစနစ်ကို အသုံးပြု၍ လုချင်းသည် တွန့်ဆုတ်ခြင်းမရှိဘဲ မြားများကို ပစ်လွှတ်လိုက်ပြီး လေးကို ချက်ချင်း ပြန်သိမ်းလိုက်၏။
ထို့နောက် သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာပြီး လျှပ်စီးအလား လျင်မြန်စွာ ရှေ့သို့ ပြေးဝင်သွားလေသည်။
တင်... တင်... တင်...
ထိုအရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
လုချင်း၏ လေးမှ ပစ်လွှတ်လိုက်သော မြားများသည် အလွန် လျင်မြန်လှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဘုန်းကြီးများ၏ ခေါင်းထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဘုန်းကြီးများ၏ ဦးခေါင်းများကို မြားများ ဖောက်ထွင်းတော့မည့်ဆဲဆဲတွင် ရွှေရောင် အလင်းတန်းအကာအရံတစ်ခု ရုတ်တရက် ပေါ်လာပြီး မြားများကို တားဆီးလိုက်သည်။
လုချင်း ပစ်လွှတ်လိုက်သော မြားခုနစ်စင်းသည် သတ္တုကို ဝင်တိုက်မိသကဲ့သို့ ရွှေရောင်အလင်းတန်းအလွှာတွင် ရပ်တန့်သွားသည်။
ရွှေရောင်အလင်းတန်းမှာ လှိုင်းထသွားသော်လည်း မြားခုနစ်စင်းကို ခိုင်မာစွာ တားဆီးထားနိုင်ပြီး ဆက်လက် ထိုးဖောက်နိုင်ခြင်း မရှိတော့ပေ။
"ဘယ်သူကများ လုပ်ရဲတာလဲကွ"
မမျှော်လင့်ထားသော အပြောင်းအလဲကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
အထူးသဖြင့် အနီးအနားတွင် စောင့်ကြပ်နေသော ဘုန်းကြီးများမှာ ပို၍ပင် လန့်ဖျပ်သွားကြသည်။ အကြီးအကဲများကို ခြုံခိုတိုက်ခိုက်ရဲမည့်သူ ရှိလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
ထိုအချိန်မှသာ လူတိုင်း လုချင်း ရောက်ရှိနေသည်ကို သတိထားမိလိုက်ကြသည်။
သူ့ကို သတိမထားမိဘဲ နေရန် မဖြစ်နိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ ထုတ်လွှတ်နေသော အရှိန်အဝါမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသောကြောင့်ပင်။
မျက်မမြင်တစ်ယောက်ပင်လျှင် သူ့ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်ကို ခံစားမိနိုင်ပေ၏။
"သခင်လေးလု..."
လုချင်းကို မှတ်မိလိုက်သောအခါ လင်းကျိယွဲ့ခင်မျာ ကြောင်အသွားတော့၏။
"ရပ်လိုက်စမ်း"
အခြားတစ်ဖက်တွင်မူ လူငယ် ဘုန်းကြီးအချို့သည် လုချင်းကို တွေ့လိုက်သည်နှင့် ကြားဖြတ်တားဆီးရန် ခုန်ထွက်လာကြသည်။
"ငါ့လမ်းကို ပိတ်တဲ့ကောင် သေစမ်း"
သူ့လမ်းကို ပိတ်ဆို့ရဲသူ ရှိနေသည်ကို မြင်သောအခါ၊ အထူးသဖြင့် ထိုသူများမှာ ဘုန်းကြီးများ ဖြစ်နေသဖြင့် လုချင်းသည် ဒေါသတကြီးဖြင့် ဓားရှည်ကို ဝှေ့ယမ်းကာ သူတို့ရှိရာ လေထဲသို့ ပိုင်းချလိုက်တော့၏။
လုချင်း၏ ဒေါသဖြင့် လောင်မြိုက်နေသော ဤတိုက်ကွက်သည် အရပ်မျက်နှာအနှံ့အပြားသို့ သတ်ဖြတ်ခြင်း အငွေ့အသက်များကို ပျံ့နှံ့သွားစေခဲ့လေသည်။
ဤသတ်ဖြတ်ခြင်း အငွေ့အသက်ကို ခံစားလိုက်ရသူတိုင်း၊ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် မလှုပ်မယှက် ဖြစ်သွားကြရာ မွေးဖွားပြီးနယ်ပယ်အဆင့်သာ ရှိသေးသော ဘုန်းကြီးငယ်လေးများအဖို့ ဆိုဖွယ်ရာ မရှိတော့ပေ။
လုချင်း၏ သတ်ဖြတ်လိုစိတ် လွှမ်းမိုးမှုအောက်တွင် သူတို့၏ စိတ်အာရုံများ ဗလာကျင်းသွားကြတော့၏ယ
အေးစက်သော မျက်လုံးများဖြင့် လုချင်းသည် အရှိန်မသတ်ဘဲ ဓားကို ဝှေ့ယမ်းလိုက်ပြီး သူ့ရှေ့မှ ဘုန်းကြီးငယ်များကို ပိုင်းဖြတ်ပစ်လိုက်ရန် ရည်ရွယ်လိုက်သည်။
"အောမိတောဖော... ဒကာလေး... ညှာတာပါဦး"
လုချင်း၏ ဓားသွားက ဘုန်းကြီးငယ်များကို ပိုင်းဖြတ်တော့မည့် ဆဲဆဲတွင် ကျယ်လောင်သော ဘုရားစာ ရွတ်ဖတ်သံတစ်သံ ထွက်ပေါ်လာသည်။ ဘုန်းကြီးခုနစ်ပါး၏ ပတ်လည်ရှိ အကာအကွယ် ရွှေရောင်အလင်းတန်းသည် ရုတ်တရက် ကျယ်ပြန့်လာပြီး ဘုန်းကြီးငယ်များကိုပါ လွှမ်းခြုံသွားလေသည်။
ခလွမ်...
လုချင်း၏ ဓားရှည်သည် အားကုန်ထုတ်၍ ရွှေရောင်အလင်းတန်းကို ရိုက်ခတ်လိုက်သည်။
ဤတိုက်ကွက်သည် ယခင် မြားခုနစ်စင်းထက် များစွာ ပိုမိုပြင်းထန်ပါ၏။
အကာအကွယ် ရွှေရောင်အလင်းတန်းသည် ခိုင်ခံ့သော်လည်း လုချင်း၏ ခွန်အားကို ခံနိုင်ရည်မရှိပေ။
၎င်းသည် ပြင်းထန်စွာ တုန်ခါသွားပြီး ပြိုလဲတော့မည့် လက္ခဏာများ ပြသလာသည်။
"ဟမ်..."
အစီအရင်ကို ဦးဆောင်နေသော ဘုန်းကြီးသည် ရွှေရောင်အလင်းတန်း ပျက်စီးတော့မည့် လက္ခဏာကို မြင်လိုက်ရသဖြင့် မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်လိုက်သည်။ စွမ်းအားပြင်းထန်သော စိတ်စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်သပိတ်ထဲသို့ စီးဝင်သွားသည်။
ပြိုကွဲလုနီးပါး ဖြစ်နေသော ရွှေရောင်အလင်းတန်းသည် တစ်ဖန် ပြန်လည် တည်ငြိမ်သွားလေသည်။
"ငါ့ခွင့်ပြုချက်မရဘဲ အစီအရင်ကို ပြန်တည်ငြိမ်အောင် လုပ်လို့ရမယ် ထင်နေတာလား"
လုချင်းသည် ဓားရှည်ကို ဘေးနားရှိ မြက်ခင်းပြင်ထဲ စိုက်ချလိုက်ပြီး ဝတ်ရုံထဲသို့ လက်နှိုက်ကာ သံမဏိလက်အိတ်တစ်စုံကို ထုတ်ယူလိုက်တော့၏။
ဝေါင်း...
နောက်တစ်ခဏတွင်တော့ ရှေးဟောင်း ကျားရိုင်းတစ်ကောင် သူ့ခန္ဓာကိုယ်ထဲမှ နိုးထလာသကဲ့သို့ ကြီးမားသော ဟိန်းသံကြီးတစ်ခုက လုချင်းထံမှ ထွက်ပေါ်လာသည်။
ရင်ကိုတုန်ခါစေသော အော်ဟစ်သံနှင့်အတူ လုချင်းသည် ခါးကို လှည့်၍ အားယူလိုက်ကာ လက်သီးဖြင့် ထိုးနှက်လိုက်တော့၏။ သူ၏ ကြီးမားလှသော ခွန်အားအောက်တွင် လက်သီးချက်သည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ရွှေရောင်အလင်းတန်းကို ဝင်ဆောင့်လေသည်။
လက်သီးထိမှန်လိုက်သည်နှင့် လုချင်းပတ်လည်ရှိ လေထုသည် ပေါက်ကွဲသွားပြီး အဖြူရောင် မြူခိုးတန်းများ ထွက်ပေါ်လာသည်။
အစီအရင်၏ ရွှေရောင်အလင်းတန်းသည် လုချင်း၏ လက်သီးချက်အောက်တွင် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ကြွေမွပျက်စီးသွားလေတော့၏။
"မကောင်းတော့ဘူး"
အစီအရင်ကို ထိန်းသိမ်းထားသော ဘုန်းကြီးခုနစ်ပါးမှာလည်း ထိတ်လန့်သွားကြရသည်။ 'စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းရေး အစီအရင်' ၏ ရွှေရောင်အလင်းတန်းကို လုချင်းက လက်ဗလာဖြင့် ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
သူတို့၏ စိတ်စွမ်းအင်များ မြင့်တက်လာပြီး သပိတ်ကို ပြန်လည် အသက်သွင်းရန် ကြိုးစားလိုက်ကြသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
အစီအရင်၏ အလင်းတန်း ပျက်စီးသွားသည်နှင့် နာကျင်မှု လက္ခဏာများ ပြသနေခဲ့သော အလယ်ဗဟိုမှ သမားတော်ကြီးသည် ရုတ်တရက် တည်ငြိမ်သွားပြီး မျက်နှာသွင်ပြင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
"မကောင်းတော့ဘူး... အမြန်ဆုတ်"
သမားတော်ကြီး မျက်လုံးပွင့်လာသည်နှင့် တစ်ပြိုင်နက် ဘုန်းကြီးများမှာ ကြောက်ရွံ့မှုကြီးစိုးသွားကြသည်။ သူတို့သည် သပိတ်ကိုပင် ချက်ချင်း စွန့်လွှတ်ကာ အလျင်အမြန် နောက်ဆုတ်လိုက်ကြ၏။
နောက်တစ်ခဏတွင် သမားတော်ကြီး၏ ပတ်ဝန်းကျင် လေထုထဲ၌ မရေမတွက်နိုင်သော ဓားချီများ ပေါ်ပေါက်လာပြီး ဓားချီမုန်တိုင်းတစ်ခုအသွင် ဖန်တီးကာ ဘုန်းကြီးခုနစ်ပါး ထိုင်နေခဲ့သည့် နေရာများဆီသို့ တိုက်ခတ်သွားလေသည်။
ဓားချီမုန်တိုင်းသည် ဆယ်ကြိမ်ခန့် အသက်ရှူချိန်ကြာမြင့်အောင် မွှေနှောက်တိုက်ခတ်ပြီးမှ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ဓားချီများ ပျောက်ကွယ်သွားပြီး သမားတော်ကြီး၏ ပုံရိပ် ပေါ်လာသောအခါ၌ လူတိုင်း အသက်ရှူမှားသွားကြသည်။
သမားတော်ကြီး၏ ပတ်လည် ပေအနည်းငယ် အတွင်းတွင် သူထိုင်နေသော နေရာမှလွဲ၍ ကျန်အရာအားလုံးသည် ဓားချီများကြောင့် တစ်စစီ ဆုတ်ဖြဲခံထားရသည်။
မြေပြင်တစ်ခုလုံးတွင် မရေမတွက်နိုင်သော ဓားရာများနှင့် ထူထဲသော ကျောက်မှုန့်လွှာများ ဖုံးလွှမ်းနေလေ၏။
အကယ်၍ ဘုန်းကြီးများသာ နောက်မဆုတ်ခဲ့ပါက ဓားချီကြောင့် အမှုန့်ကြိတ်ခံရပြီး ရုပ်အလောင်းပင် ရှာမရ ဖြစ်သွားမည်မှာ ထင်ရှားလှသည်။
"ဓားချီနယ်မြေ... တစ်ယောက်ယောက်က ဒီလို မွေးရာပါနယ်ပယ်ကို တကယ်ပဲ ကျင့်ကြံအောင်မြင်ထားတာလား"
ဗဟုသုတပြည့်စုံသူတစ်ဦးက တိုးညှင်းစွာ မရေရွတ်ဘဲ မနေနိုင်တော့ပေ။
"ဆရာ... အဆင်ပြေရဲ့လား"
လုချင်းသည် ဓားချီများ၏ ရိုက်ခတ်မှုကို မခံရစေရန် သမားတော်ကြီးနှင့် လုံလောက်သော အကွာအဝေးတွင် ရှိနေခဲ့သည်။
သူ့ဆရာက ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ဓားချီမုန်တိုင်းကို ထုတ်လွှတ်လိုက်သည်ကို မြင်သောအခါ သူ စိတ်အေးသွားပြီး မေးလိုက်သည်။
လူတိုင်း လှည့်ကြည့်လိုက်ကြပြီး တစ်ဖန် မှင်သက်သွားကြပြန်သည်။
လုချင်းသည် ဘုန်းကြီးငယ်လေးတစ်ပါး၏ လည်ပင်းကို ညှစ်ကိုင်ထားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဘုန်းကြီးခုနစ်ပါးသည် သမားတော်ကြီး၏ ဓားချီကို ရှောင်တိမ်းနေစဉ် လုချင်းက အခွင့်ကောင်းယူကာ ဘုန်းကြီးငယ်လေးတစ်ပါးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
"ဟွေရှင်း..."
ဘုန်းကြီးများမှာ ထိုသည်ကိုမြင်တော့ ထိတ်လန့်သွားကြသည်။
"မောက်မာတဲ့ ကောင်စုတ်လေး... ဟွေရှင်းကို လွှတ်လိုက်စမ်း"
ဘုန်းကြီးတစ်ပါးသည် လုချင်းလက်ထဲတွင် မျက်နှာနီရဲလာပြီး အသက်ရှူရန် ရုန်းကန်နေရသော ဘုန်းကြီးငယ်လေးကို မြင်သောအခါ၌ ဒေါသထွက်သွားပြီး လုချင်းကို ဝင်ရောက်တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် နောက်တစ်ခဏတွင် စူးရှသော ဓားချီတစ်ခုက သူ့ဘေးမှ ဖြတ်သန်းသွားသဖြင့် သူ ရပ်တန့်လိုက်ရသည်။
လှည့်ကြည့်လိုက်သောအခါ သမားတော်ကြီးသည် မျက်လုံးများ ဖွင့်ထားပြီး ကြည်လင်သောအကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဆရာတော်တို့... ဆေးပညာ ဆွေးနွေးမယ်လို့ ပြောပြီးမှ ကျွန်တော့်ရဲ့ ဝိညာဉ်ကို ချုပ်နှောင်ဖို့ ထူးဆန်းတဲ့ ရတနာတစ်ခုကို သုံးပြီး တိတ်တဆိတ် တိုက်ခိုက်တာက တကယ်ကို မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စပါပဲ။ ဒီကိစ္စအတွက် ဘယ်လို ဖြေရှင်းချက်ပေးဖို့ ရည်ရွယ်ထားပါသလဲ"
ပြီးခဲ့သော အဖြစ်အပျက်များကို ပြန်စဉ်းစားလိုက်သောအခါ သမားတော်ကြီးသည် ကြောက်ရွံ့မှုကို ခံစားနေရဆဲ ဖြစ်သည်။
စောစောက သူသည် ထူးဆန်းသော ရွှေရောင်သပိတ်ဖြင့် ဖမ်းချုပ်ခံထားရပြီး ပြင်ပလောကကို အာရုံမခံနိုင်ခဲ့ပေ။
ရွှေရောင်နယ်မြေတစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားရပြီး ပတ်လည်တွင် ဘုရားစာ ရွတ်ဖတ်သံများက သူ့ကို ညှို့ယူကာ ဘာသာပြောင်းရန် တိုက်တွန်းနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ စိတ်စွမ်းအား ခိုင်မာပြီး စိတ်ဓာတ်ကြံ့ခိုင်သောကြောင့်သာပင်။ သို့မဟုတ်ပါက ယခုအချိန်တွင် သူသည် အခြားလူတစ်ယောက် ဖြစ်သွားလောက်ပြီ။
ထိုအကြောင်း တွေးမိသည်နှင့် သမားတော်ကြီး၏ အကြည့်များ အေးစက်သွားလေ၏။
သူသည် သဘောထားကြီးသူ ဖြစ်သော်လည်း သူ့ရင်ထဲတွင် ဒေါသအရှိန်အဟုန် မြင့်တက်လာခြင်းကိုတော့ မတားဆီးနိုင်ပေ။
သမားတော်တစ်ယောက်အနေဖြင့် လူတစ်ယောက်က မိမိကိုယ်ကိုမိမိ ဆုံးရှုံးသွားခြင်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ကောင်းကောင်း သိသည်။
သူသည် စိတ်ဖောက်ပြန်နေသူများကို ကုသပေးဖူးပြီး ထိုလူနာများသည် သနားစရာကောင်းလောက်အောင် ဆိုးရွားလှသည်။
သူကိုယ်တိုင်ပင် ထိုကဲ့သို့ ဖြစ်လုနီးပါး ဖြစ်ခဲ့သည်ကို တွေးမိသောအခါ၌ သမားတော်ကြီး၏ နှလုံးသားသည် ဒေါသများဖြင့် ပြည့်နှက်သွားတော့လေ၏။
"ဆရာ... သူတို့နဲ့ ဘာလို့ စကားပြောပြီး အချိန်ကုန်ခံနေမှာလဲ။ အကုန်သတ်ပစ်လိုက်ရအောင်"
လုချင်း၏ အကြည့်က ဘုန်းကြီးခုနစ်ပါးအပေါ် ဖြတ်သန်းသွားပြီး ပေါ်လာသော စာသားများကို တိတ်တဆိတ် ဖတ်ရှုလိုက်သည်။
သူ့ရင်ထဲမှ သတ်ဖြတ်လိုစိတ်များကလည်း ပို၍ပင် ပြင်းထန်လာခဲ့လေ၏။
ဤခေါင်းပြောင်မြည်းများသည် သူထင်ထားသည်ထက်တောင် ပို၍ ယုတ်မာကြောင်း သူ သိလိုက်ရပါ၏။
"ဆရာ... ကယ်ပါဦး"
ထိုအချိန်တွင် လုချင်း၏ လက်ထဲမှ ဘုန်းကြီးငယ်လေးလေးသည် မနည်း အားယူကာ ပြောလိုက်သည်။
"အောမိတောဖော... ဒကာလေး... ကျေးဇူးပြုပြီး ညှာတာသောအားဖြင့် ဟွေရှင်းကို လွှတ်ပေးပါ"
ခေါင်းဆောင်ဘုန်းကြီးသည် လက်အုပ်ချီကာ ပြောလိုက်သည်။
"ကောင်စုတ်လေး... သူ့ကို ချက်ချင်း လွှတ်လိုက်စမ်း။ မဟုတ်ရင် ဒီဘုန်းကြီးက မင်းကို တမလွန်ကို ပို့ပေးလိုက်မယ်"
အခြားဘုန်းကြီးတစ်ပါးကတော့ ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဟုတ်လား..."
လုချင်းက တိုးညှင်းစွာ ရယ်မောလိုက်ပြီး သူ၏ လက်ကို အနည်းငယ် လိမ်ချိုးလိုက်သည်။
'ဂျွတ်' ဆိုသော အသံနှင့်အတူ ဘုန်းကြီးငယ်လေး၏ လည်ပင်းသည် သဘာဝမကျသော ပုံစံဖြင့် လိမ်ထွက်သွားပြီး လုချင်း၏ လက်ထဲတွင်ပဲ ခန္ဓာကိုယ် တက်သွားကာ အသက်ဓာတ်ကလည်း ဖြည်းညှင်းစွာဖြင့် ပျောက်ကွယ်သွားလေတော့သည်။
အခန်း ၂၇၈ - ဓားတစ်ချက်ဖြင့် စိန်ခန္ဓာအကာအကွယ်ချီကို ဖြိုခွင်းခြင်း
လုချင်းက သူ့လက်ထဲမှ ဘုန်းကြီးငယ်လေးလေးကို ညှစ်သတ်လိုက်ပြီးနောက် တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
လူတိုင်း မျက်လုံးပြူးကာ သူတို့ရှေ့မှ လူငယ်လေးကို ကြည့်နေကြသည်။ ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်တစ်ဦးကို ဤမျှ ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ရဲလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ကြပေ။
ဒါက ရွှမ်ခုန်းဘုရားကျောင်း ဖြစ်ကြောင်း သိထားရမည်။
မရေမတွက်နိုင်သော စွမ်းအားရှင်များ ပိုင်ဆိုင်ထားပြီး လျှို့ဝှက်ဆန်းကြယ်မှုများ ဖုံးလွှမ်းနေသော လျှို့ဝှက်နယ်မြေကြီး လေးခုထဲမှ တစ်ခုဖြစ်သည်။ ဤအင်အားကြီးမားသော အဖွဲ့အစည်းကြီး၏ အုတ်မြစ် မည်မျှနက်ရှိုင်းကြောင်း မည်သူမျှ မသိကြပေ။
ကျုံးကျိုးရှိ ဂိုဏ်းကြီးများပင်လျှင် ဤကဲ့သို့သော ဧရာမအဖွဲ့အစည်းကြီးနှင့် ရင်ဆိုင်ရသောအခါ၌ လုံလောက်သော ရိုသေလေးစားမှုကို ထားရှိကြရသည်။
ယခင်က လျှို့ဝှက်နယ်မြေမှ ထွက်လာသော အစေခံတစ်ဦးကိုပင် ကျုံးကျိုးရှိ ဂိုဏ်းကြီးများက အလွန်အမင်း လေးစားသမှုဖြင့် ဆက်ဆံကြပြီး အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲကြပေ။
ထို့ကြောင့် လုချင်းက ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်တစ်ဦးကို ပြတ်ပြတ်သားသား သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ၌ ဘေးမှ ကြည့်နေသူများသည် ထိတ်လန့်သွားကြရုံသာမက ယုတ္တိမရှိသလိုပင် ခံစားလိုက်ရလေ၏။
ဒီလူငယ်လေးက ဘယ်လိုလုပ် ဒီလောက်တောင် သတ္တိရှိရတာလဲ။
အထူးသဖြင့် လင်းကျိယွဲ့မှာ ရင်ဘတ်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ "သွားပြီပဲ..."
ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးအနည်းငယ်သည်ပင် ဘုန်းကြီးငယ်လေးလေး၏ အသက်ဓာတ် လုချင်းလက်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသောအခါ၌ ခေတ္တမျှ မှင်သက်သွားကြသည်။
ထို့နောက်မှပဲ ချက်ချင်းပင် ဝမ်းနည်းသံပါသော ဒေါသတကြီး ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာတော့၏။
"အား... ဟွေရှင်း...။ မင်း... ကောင်စုတ်လေး"
ထိုသူမှာ ဟွေရှင်း၏ ဆရာဖြစ်ပြီး မိမိ၏တပည့် လုချင်းလက်ထဲတွင် လည်ပင်းကျိုးသေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ၌ ဒေါသကြောင့် မျက်လုံးများ နီရဲလာပြီး အော်ဟစ်လိုက်လေသည်။
အနီရောင် သင်္ကန်းဝတ်ဆင်ထားသော သူ၏ ခန္ဓာကိုယ်သည် အနီရောင်တိမ်တိုက်တစ်ခုအလား လုချင်းဆီသို့ ပြေးဝင်လာလေ၏။
"လာထား..."
လုချင်းသည် အသက်မဲ့နေသော ခန္ဓာကိုယ်ကို ဘေးသို့ ပစ်လိုက်ပြီး လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ရှားကာ ခါးမှ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ နောက်တစ်ခဏတွင် ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်သည် ပတ်ဝန်းကျင်သို့ တစ်ဖန် ပျံ့နှံ့သွားပြီး မျက်စိကျိန်းမတတ် တောက်ပသော ဓားအလင်းတန်းတစ်ခုသည် အကြီးအကဲ ဘုန်းကြီးဆီသို့ ပိုင်းချလိုက်လေသည်။
"ကောင်စုတ်လေး... သေစမ်း..."
လုချင်း၏ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော တိုက်ကွက်ကို ရင်ဆိုင်နေရသော ဘုန်းကြီးသည်လည်း သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေလေ၏။ သူ့လက်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားကို သူ့လက်ဖြင့် တိုက်ရိုက် ဖမ်းဆုပ်ရန် ရည်ရွယ်လိုက်သည်။
"ဟမ်..."
လုချင်း အနည်းငယ် အံ့သြသွားသည်။
ဤခေါင်းပြောင်ဘုန်းကြီးများ၏ ကောက်ကျစ်သော သဘာဝအရ သူတို့သည် ဤမျှ မဆင်မခြင်ပြုမူမည့်ပုံ မပေါ်ပေ။
ထောင်ချောက်များ ဖြစ်နေမလား။
ဤအတွေး ဝင်လာသည်နှင့် သူ၏ ဓားကွက်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။ မူလက ဘုန်းကြီး၏ လက်ကို ပိုင်းဖြတ်မည့် ဓားသည် ဆန်းကြယ်သော မျဉ်းကွေးတစ်ခု ရေးဆွဲကာ လက်ကို ရှောင်ကွင်းပြီး မျက်နှာဆီသို့ တည့်မတ်စွာ ဦးတည်သွားလေသည်။
ဓားလမ်းကြောင်း ပြောင်းလဲမှုသည် ချောမွေ့ပြီး သေသပ်လှရာ လုချင်း၏ ဓားသိုင်းပညာ နက်ရှိုင်းမှုကို အမှန်တကယ် ပြသနေလေ၏။
လုချင်းက မျက်တောင်တစ်ခတ်အတွင်း ဤမျှ သိမ်မွေ့သော ပြောင်းလဲမှုကို လုပ်ဆောင်နိုင်လိမ့်မည်ဟု ဘုန်းကြီးကလည်း မျှော်လင့်မထားခဲ့ပေ။ အငိုက်မိသွားသဖြင့် မျက်နှာကို လာမည့် တိုက်ကွက်ကို ရှောင်တိမ်းရန် ခေါင်းကို မနည်း စောင်းလိုက်ရသော်လည်း လုချင်း၏ ဓားဖြင့် ခုတ်ပိုင်းခံရမည့် ပခုံးကိုမူ မည်သို့မျှ ရှောင်တိမ်းနိုင်ခြင်း မရှိတော့ပေ။
သို့သော် လုချင်း အံ့သြသွားသည်မှာ သူ၏ ဓားသည် ဘုန်းကြီးကို ပြင်းထန်စွာ ဒဏ်ရာ မရစေခဲ့ခြင်း ဖြစ်သည်။
ဓားသည် ပခုံးကို ထိမှန်သွားသော်လည်း ကြေးရုပ်တုကို ရိုက်ခတ်လိုက်သကဲ့သို့ သတ္တုချင်း ထိခတ်သံ ထွက်ပေါ်လာသည်။
"ဒါက မှတ်တမ်းထဲမှာ ပါတဲ့ 'စိန်ခန္ဓာ' ဆိုတာလား"
လုချင်း၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ဖြတ်သန်းသွားပြီး သူ၏နတ်မျက်စိစွမ်းရည်ဖြင့် ယခင်က ရှာတွေ့ခဲ့သော သတင်းအချက်အလက်များကို ပြန်လည် သတိရလိုက်၏။
ဒါပေမဲ့...
ကာကွယ်ရေး ချီနည်းစနစ်လေးတစ်ခုတည်းနဲ့ ငါ့ဓားကို လုံးဝ တားဆီးနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။
လုချင်း၏ မျက်လုံးများ အေးစက်သွားပြီး ဘုန်းကြီး၏ ပခုံးကို ထိမှန်ထားသော တိုက်ပွဲဝင်ဓားသည် ချက်ချင်းဆိုသလို မရေမတွက်နိုင်အောင် တုန်ခါသွားလေသည်။
ပြင်းထန်သော တုန်ခါမှုနှင့်အတူ အားဖြင့် ဆွဲယူလိုက်သောအခါ...
ရွှပ်...
ဘုန်းကြီး၏ ပခုံးမှ သွေးများ ပန်းထွက်လာပြီး ပခုံးမှ ရင်ဘတ်နှင့် ဝမ်းဗိုက်အထိ အရိုးပေါ်လုမတတ် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာကာ ခန္ဓာကိုယ် နှစ်ပိုင်းကွဲလုနီးပါး ဖြစ်သွားလေသည်။
"အား..."
ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း ဤအရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
လုချင်း၏ ဓားသိုင်းပညာသည် သူ ဂုဏ်ယူရသော စိန်ခန္ဓာပင် မခံနိုင်လောက်အောင် ပြင်းထန်လိမ့်မည်ဟု ဘုန်းကြီးမှာ လုံးဝ ထင်မှတ်မထားခဲ့ပေ။
တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ထိတ်လန့်တကြား နောက်သို့ ယိုင်နဲ့သွားလေသည်။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား"
အောင်မြင်စွာ တိုက်ခိုက်နိုင်လိုက်သဖြင့် လုချင်းသည် အခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်း ထပ်မံ ဖိအားပေးလိုက်ပြန်၏။ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် သူ၏ ပုံရိပ်သည် လျှပ်စီးကြောင်းတစ်ခုအလား ရှေ့သို့ ပြေးထွက်သွားပြီး ဓားအလင်းတန်း လက်ခနဲ ဖြစ်သွားကာ ဘုန်းကြီးကို ထပ်မံ ပိုင်းဖြတ်လိုက်သည်။
ဒါကိုမြင်တော့ ဘုန်းကြီးသည်လည်း ပေါ့ဆရဲခြင်း မရှိတော့ပေ။ လက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ရာ ကြေးဝါရောင် တုတ်တိုတစ်ချောင်း အင်္ကျီလက်ကြားမှ ထွက်ကျလာပြီး ဝင်ရောက်လာသော ဓားကို ပိတ်ဆို့လိုက်တော့၏။
ဘုန်း...
အငိုက်မိသွားပြီး အားကုန် မထုတ်နိုင်လိုက်သဖြင့် နောက်ဆုတ်နေရသော ဘုန်းကြီး၏ ကြီးမားသော ခန္ဓာကိုယ်သည် လုချင်း၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်ထွက်သွားလေသည်။
အခြားဘုန်းကြီးတစ်ပါး အပြေးအလွှား လာရောက် ဖမ်းထိန်းပေးမှသာ သူ ပြန်ပြီးတည်ငြိမ်သွားလေသည်။
ဘုန်းကြီးသည် သူ့ဘက်မှ လူများရှိရာသို့ ဆုတ်ခွာသွားသည်ကို မြင်သောအခါ လုချင်းလည်း ဆက်မလိုက်တော့ပေ။ သူသည် ရှိမြဲနေရာမှာပင် မောက်မာစွာ ရပ်နေလိုက်၏။
"ရွှမ်ခုန်းဘုရားကျောင်းဆိုတာ ဘာမှလည်း မဟုတ်ပါလား"
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။
လူတိုင်း သူတို့ရှေ့တွင် ဖြစ်ပျက်ခဲ့သည်များကို မျက်လုံးပြူးကာ စိုက်ကြည့်နေကြလေ၏။
"ငါ မြင်လိုက်တာ မှန်ရဲ့လား... ဆရာတော် ရွှမ်နူက ဟိုလူငယ်လေးရဲ့ ဓားချက်နဲ့ ဒဏ်ရာရသွားတာလား"
"ဆရာတော် ရွှမ်နူရဲ့ စိန်ခန္ဓာက အထွတ်အထိပ်အဆင့်ကို ရောက်နေတာ ကြာပြီလေ။ ပြီးတော့ သူ့ရဲ့ ကာကွယ်ရေးချီ နည်းစနစ်နဲ့ဆို ဝိညာဉ်လက်နက်တွေတောင် သူ့ကို ဒဏ်ရာရအောင်လုပ်ဖို့ ခက်ခဲတာ။ အဲဒါကို ဓားချက်တစ်ချက်တည်းနဲ့ အခုတ်ခံလိုက်ရတာလား။ ဒီလူငယ်လေးက ဘယ်သူလဲ"
"အဲဒါတင် မကသေးဘူး။ ဒီလူငယ်လေးက အခုထိ မွေးရာပါနယ်ပယ်က စစ်မှန်တဲ့ချီကို မသုံးဘဲ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ သွေးနဲ့ချီ စွမ်းအားကိုပဲ သုံးနေတာကို သတိထားမိကြလား"
"မွေးရာပါနယ်ပယ်က စစ်မှန်တဲ့ချီမပါဘဲနဲ့လား... ဒါဆို သူက မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်ပဲ ရှိသေးတာလား"
လုချင်းက ဆရာတော် ရွှမ်နူကို ဓားချက်တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော မြင်ကွင်းကြောင့် လူတိုင်း ကြောင်အသွားကြသည်။
ဆရာတော် ရွှမ်နူ၏ နောက်ခံကို သိသူများ၊ အထူးသဖြင့် အခြား လျှို့ဝှက်နယ်မြေကြီး သုံးခုမှ အဖွဲ့ဝင်များသည် ပို၍ပင် တုန်လှုပ်သွားကြသည်။
ဆရာတော် ရွှမ်နူသည် မွေးရာပါနယ်ပယ်၏ 'ပြီးပြည့်စုံခြင်းအဆင့်'သို့ ရောက်ရှိထားသော ကြောက်မက်ဖွယ် သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သူတို့ သိထားကြပါ၏။
ထို့အပြင် သူသည် အလွန် အစွမ်းထက်သော လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည့် စိန်ခန္ဓာကို ကျင့်ကြံထားသူ ဖြစ်သည်။
ယင်းသည် အလွန်အစွမ်းထက်သော ကာကွယ်ရေးချီ နည်းစနစ်တစ်ခု ဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။ ကျွမ်းကျင်ပိုင်နိုင်သွားပါက ဓားပြီး၊ မီးပြီး ဖြစ်လာစေပါ၏။
အဆင့်တူ သိုင်းပညာရှင်များပင် ထိုကာကွယ်မှုကို ဖောက်ထွင်းရန် ခက်ခဲသည်။
၎င်းသည် ရွှမ်ခုန်းဘုရားကျောင်း၏ ကျော်ကြားသော ကာကွယ်ရေး နည်းစနစ်တစ်ခုလည်း ဖြစ်သေးပါ၏။
မမျှော်လင့်ဘဲ လောကနှင့် ကင်းကွာနေသော နှစ်များစွာအကြာတွင် ဤနည်းစနစ် ပြန်လည် ပေါ်ထွက်လာသော်လည်း လူငယ်လေးတစ်ဦး၏ ဓားချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရသည်။
ပို၍ တုန်လှုပ်စရာ ကောင်းသည်မှာ ထိုလူငယ်လေးသည် မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင်သာ ဖြစ်သည်ဟု ကောလာဟလများ ထွက်နေခြင်းပင်။
မွေးဖွားပြီးနယ်ပယ် သိုင်းပညာရှင် တစ်ယောက်က လျှို့ဝှက်နယ်မြေကြီး လေးခုထဲမှ တစ်ခုဖြစ်သော နေရာမှ မွေးရာပါနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် သခင်တစ်ဦးကို ဓားချက်တစ်ချက်တည်းဖြင့် ဒဏ်ရာရစေခဲ့သည်တဲ့လား။
ခဏတာမျှ လူတိုင်း လုချင်းကို တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ကြည့်နေကြသည်။
သူ ဒါကို ဘယ်လို လုပ်လိုက်သလဲ ဆိုသည်ကို စဉ်းစား၍ပင် မရနိုင်အောင် ဖြစ်နေကြသည်။
"လုချင်းရဲ့ ခွန်အားက တကယ်ပဲ ဒီအဆင့်ထိ ရောက်နေပြီလား"
လင်းကျိယွဲ့လည်း ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။
လုချင်း၏ ခွန်အားသည် လွန်ခဲ့သော နှစ်နှစ်နှင့် ယှဉ်လျှင် သေချာပေါက် တိုးတက်လာလိမ့်မည်ဟု သူ ခန့်မှန်းထားခဲ့သည်။
သို့သော် ဤမျှအထိ တိုးတက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
စောစောက အစီအရင်ကို လက်သီးဖြင့် ဖျက်ဆီးခဲ့ခြင်း ဖြစ်စေ၊ ယခု ရွှမ်ခုန်းဘုရားကျောင်းမှ မွေးရာပါနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် မဟာသခင်တစ်ဦးကို ဓားချက်တစ်ချက်တည်းဖြင့် ဒဏ်ရာရစေခဲ့ခြင်း ဖြစ်စေ သူ၏ ကြောက်မက်ဖွယ် ခွန်အားသည် လင်းကျိယွဲ့၏ မျှော်လင့်ထားမှုများကို များစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဘေးပတ်ဝန်းကျင်မှ အံ့အားသင့်နေမှုများကို ကြားလိုက်ရသော်လည်း လုချင်း၏ မျက်နှာထားမှာတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။
ဘုန်းကြီး၏ စိန်ခန္ဓာကို သူ ဖျက်ဆီးနိုင်ခဲ့သည့် အကြောင်းရင်းမှာ အမှန်တကယ်တော့ အတော်လေး ရိုးရှင်းသည်။
ပထမအချက်မှာ 'ကောင်းကင်ကြွေသံမဏိ' ဖြင့် သွန်းလုပ်ထားသော သူ၏ တိုက်ပွဲဝင်ဓားသည် သာမန် ဝိညာဉ်လက်နက်များထက် များစွာသာလွန်ပြီး အလွန် ထက်မြက်သောကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ သူ အသုံးပြုခဲ့သော ဓားနည်းစနစ်ကြောင့် ဖြစ်သည်။
'တုန်ခါဆွဲယူအား နည်းစနစ်လေ'
တစ်ခဏအတွင်း ဓားကို အလွန်မြင့်မားသော ကြိမ်နှုန်းဖြင့် တုန်ခါစေပြီး ကာကွယ်ရေးချီကို အမှတ်တစ်နေရာတည်းတွင် ထိုးဖောက်လိုက်ခြင်း ဖြစ်သည်။
၎င်းသည် ကာကွယ်ရေးချီ နည်းစနစ်များကို တန်ပြန်ရန် သူ ကိုယ်တိုင် ဖန်တီးထားသော နည်းစနစ်တစ်ခုပင်။
ယင်းကို လုပ်ဆောင်ရန် အလွန်အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုနှင့် ဓားသိုင်းပညာတွင် မြင့်မားသော ကျွမ်းကျင်မှုအဆင့် လိုအပ်ပါ၏။
ဤသည်မှာ လက်တွေ့တိုက်ပွဲတွင် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပြီး အံ့သြစရာကောင်းလောက်အောင် အလုပ်ဖြစ်ကာ မွေးရာပါနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် မဟာသခင်တစ်ဦးကိုပင် သတ်မိလုနီးပါး ဖြစ်စေခဲ့သည်။
"ခင်ဗျားတို့ ရွှမ်ခုန်းဘုရားကျောင်းက ခေါင်းပြောင်အိုကြီးတွေ... ဘယ်သူ ရှေ့ထွက်ပြီး သေချင်သေးလဲ" လုချင်းက သူ့ဓားရှည်ဖြင့် ရှေ့သို့ ညွှန်ကာ ပေါ့ပါးစွာ ပြောလိုက်လေသည်။