အခန်း (၂၇၉-၂၈၀)
Vol. 28 Ch. 279-280
အခန်း ၂၇၉ - အဖြူကို အမည်းဖြစ်အောင်ပြောခြင်းနှင့် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအငွေ့အသက်
လုချင်းသည် ရွှမ်ခုန်းဘုရားကျောင်းမှ လူအုပ်ကြီးကို ဓားလက်ညှိုးဖြင့် ညွှန်လိုက်သည့်တိုင် သူ၏ မျက်နှာထားမှာ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။
ယခုတစ်ကြိမ်တွင်တော့ မည်သူမျှ သူ့စကားကို ပေါ့ပေါ့တန်တန် သဘောမထားရဲကြတော့ချေ။
အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်နယ်မြေကြီး လေးခုထဲမှ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို တိုက်ကွက်တစ်ကွက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သူအား မည်သူကမျှ လျှော့တွက်ရဲမည် မဟုတ်သောကြောင့် ဖြစ်သည်။
"မောက်မာလိုက်တာ"
တစ်ဖက်တွင်မူ ရွှမ်နူသည် အခြားဘုန်းကြီးများ၏ ကာကွယ်မှုအောက်တွင် တင်ပျဉ်ခွေထိုင်ကာ ကုသမှုကို စတင်နေပြီ ဖြစ်သည်။
သို့သော် လူငယ်လေးတစ်ဦး၏ မျက်နှာပြောင်တိုက် ခြိမ်းခြောက်မှုကို ခံလိုက်ရသဖြင့် ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးလေ့ရှိသော ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများသည် သည်းမခံနိုင်တော့ချေ။
အချို့က လုချင်း၏ မောက်မာမှုကို သင်ခန်းစာပေးရန် ရှေ့သို့တိုးလာကြသည်။
"ရွှမ်ရှင်း... ရပ်လိုက်"
ထိုအချိန်တွင် ခေါင်းဆောင်ဘုန်းကြီးက တိုးညှင်းစွာ လှမ်းတားလိုက်သဖြင့် ရွှမ်ရှင်းဟုခေါ်သော ဘုန်းကြီးမှာ ဆက်မတိုးရဲတော့ဘဲ ရပ်တန့်သွားသည်။
ထို့နောက် ခေါင်းဆောင်ဘုန်းကြီးက ရှေ့သို့တိုးလာပြီး လက်အုပ်ချီကာ လုချင်းကို ပြောလိုက်သည်။
"ဒကာလေး အထင်လွဲနေပါပြီ။ ကိုယ်တော့်ရဲ့တပည့်တွေနဲ့ ဒကာလေးရဲ့ဆရာက မိတ်ဆွေအချင်းချင်း ရင်းရင်းနှီးနှီး ပညာဖလှယ်ရုံ သက်သက်ပါ။ ဘာရည်ရွယ်ချက်ဆိုးမှ မရှိပါဘူး။ ဒါပေမဲ့ ဒကာလေးကသာ ကြားထဲက ဝင်နှောင့်ယှက်ပြီး ရွှမ်ခုန်းဘုရားကျောင်းက တပည့်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာပါ။ ဒီကိစ္စအတွက် ရှင်းပြရမှာက ဒကာလေးလို့ ထင်ပါတယ်"
ထိုစကားများသည် သမားတော်ကြီးကို ဒေါသထွက်စေရုံသာမက ဘေးမှ ကြည့်ရှုနေသူများကိုပါ ကြောင်အသွားစေသည်။
ဘုန်းကြီး၏စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြပုံရ၏။
ရွှမ်ခုန်းဘုရားကျောင်း၏ ပုံမှန်အကျင့်စရိုက်ကို သိကျွမ်းသူများကသာ နားလည်သဘောပေါက်သည့် မျက်နှာထားများကို ပြသကြသည်။
လူတစ်ယောက်ကမူ "ဟိုခေါင်းပြောင်အိုကြီး ရွှမ်မင်းကတော့ အရင်လိုပဲ အရှက်မရှိတုန်းပါလား" ဟုပင် မဲ့ရွဲ့ကာ တီးတိုးရေရွတ်လိုက်လေသည်။
"အထင်လွဲတာဟုတ်လား..."
လုချင်းမှာမူ ရွှမ်မင်း၏ စကားကို အံ့သြပုံမရပေ။ သူက အေးစက်စွာ ပြန်ပြောလိုက်၏။
"စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းရေး အစီအရင်ဆိုတာ ရွှမ်ခုန်းဘုရားကျောင်းရဲ့ လျှို့ဝှက်အစီအရင်တစ်ခုပဲ။ အဲဒီအစီအရင်က ဘုရားစာ ရွတ်ဖတ်သံတွေကို သုံးပြီး လူတစ်ယောက်ရဲ့ စိတ်ကို အတင်းအကျပ် ပြောင်းလဲပစ်နိုင်သလို ရုပ်သေးရုပ်ဖြစ်အောင်လည်း လုပ်နိုင်တယ်။ ခင်ဗျားတို့က အဲဒီယုတ်မာတဲ့ အစီအရင်ကို သုံးပြီး ကျွန်တော့်ဆရာကို ရွှမ်ခုန်းဘုရားကျောင်းရဲ့ ရုပ်သေးရုပ် ဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့ကြတာလေ။ အဲဒါကိုများ အထင်လွဲတာပါလို့ လာပြောနေသေးတယ်ပေါ့။
ရွှမ်ခုန်းဘုရားကျောင်းက အဖြူကို အမည်းဖြစ်အောင် ပြောတဲ့နေရာမှာ တကယ့်ကို ထူးချွန်တာပဲ။ လျှို့ဝှက်နယ်မြေကြီး လေးခုထဲက တစ်ခုဖြစ်တဲ့ နေရာက ဒီလောက်တောင် အရှက်မရှိတဲ့ မိစ္ဆာနေရာ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
သူ့ဆရာသည် စကားပြော မကောင်းမှန်း သိသောကြောင့် လုချင်းက ရွှမ်ခုန်းဘုရားကျောင်းမှ အသုံးပြုခဲ့သော အစီအရင်၏ ယုတ်မာပက်စက်သော သဘောသဘာဝကို ဒဲ့တိုးပင် ထောက်ပြလိုက်လေသည်။
လုချင်း၏ စကားများသည် အခြား လျှို့ဝှက်နယ်မြေသုံးခုမှ လူများမှလွဲ၍ ထိုနေရာတွင် ရှိနေသော သိုင်းပညာရှင်များအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့၏။
သူတို့သည် စောစောက အဖြစ်အပျက်ကို ကြည့်ရှုခဲ့ကြသော်လည်း ရွှမ်ခုန်းဘုရားကျောင်းမှ ခင်းကျင်းထားသော အစီအရင်၏ ကြောက်မက်ဖွယ် စွမ်းအားကို မသိခဲ့ကြပေ။
လူတစ်ယောက်၏ စိတ်ကို အတင်းအကျပ် ပြောင်းလဲပစ်ခြင်း၊ ဆန္ဒများကို လုယူခြင်းနှင့် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်ခြင်း...
ထိုအကြောင်းကို တွေးမိရုံဖြင့် သူတို့၏ ကျောရိုးထဲမှ စိမ့်တက်လာသော အကြောက်တရားကို ခံစားလိုက်ရသည်။
ရောက်ရှိနေကြသော သိုင်းပညာရှင်များသည် လက်ရှိ ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိရန် မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ကြရသူများ ဖြစ်သည်။ သူတို့အားလုံးသည် လွတ်လပ်မှုကို မြတ်နိုးသူများ၊ စိတ်ဓာတ်ခိုင်မာသူများနှင့် စိတ်စွမ်းအား ကြံ့ခိုင်သူများ ဖြစ်ကြသည်။
သေခြင်းတရားသည်ပင် သူတို့ကို သိပ်မခြိမ်းခြောက်နိုင်ပေ။
သို့သော် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးပြီး အခြားသူများ၏ ကြိုးဆွဲရာကရမည့် ရုပ်သေးရုပ် ဖြစ်သွားမည့်အရေးကို တွေးလိုက်မိသောအခါ သေခြင်းတရားထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။
တစ်ခဏချင်းမှာပင် ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများကို ကြည့်နေသော မျက်လုံးများအားလုံးသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားလေ၏။
ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများသည် လုချင်းက သူတို့၏ လျှို့ဝှက်ချက်ဖြစ်သော စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းရေး အစီအရင်အကြောင်း ဤမျှလောက် သိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
သူတို့ အနည်းငယ် လန့်ဖျပ်သွားသော်လည်း လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားကြသည်။
"အောမိတောဖော..." ဘုန်းကြီးရွှမ်မင်းက ရွတ်ဆိုလိုက်ပြီး "ဒကာလေး တကယ်ပဲ အထင်လွဲနေပါပြီ။ ကိုယ်တော့်တပည့်တွေက စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းရေး အစီအရင်ကို သုံးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီအစီအရင်က ဒကာလေး ပြောသလို လူတွေကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပေးတဲ့ ယုတ်မာတဲ့ အစီအရင် မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းရေး အစီအရင်ဆိုတာ ရွှမ်ခုန်းဘုရားကျောင်းရဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့ အစီအရင်ပါ။ မကောင်းဆိုးဝါး ဝိညာဉ်တွေကို နှိမ်နင်းပေးရုံတင်မက မိစ္ဆာစိတ်တွေကိုပါ နှိမ်နင်းပေးနိုင်ပါတယ်။ စောစောက ဒီဒကာကြီး မြင့်မြတ်သော ရေကန်ထဲကနေ ထွက်လာပြီး ထိုးထွင်းသိမြင်မှုတချို့ ရရှိထားပုံရတာကို ကိုယ်တော်တို့ သတိထားမိလိုက်တယ်။
ဒါ့အပြင် သူက မဟာယန ဗုဒ္ဓဘာသာ လိုက်စားသူတွေသာ ပိုင်ဆိုင်နိုင်တဲ့ ကုသိုလ်အလင်းကိုပါ ပိုင်ဆိုင်ထားတော့ ကိုယ်တော်တို့က ဆွေးနွေးချင်ခဲ့တာပါ။ ဒါပေမဲ့ ဆွေးနွေးနေတုန်းမှာပဲ ရေကန်ထဲက ရလာတဲ့ ထိုးထွင်းသိမြင်မှုတွေကြောင့် ဒကာကြီးဆီမှာ မိစ္ဆာစိတ် ဝင်နေတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် သူ့ရဲ့ မိစ္ဆာစိတ်တွေကို နှိမ်နင်းရာမှာ ကူညီပေးဖို့ စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းရေး အစီအရင်ကို သုံးဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ကံဆိုးတာကတော့ ဒါက ဒကာလေးကို အထင်လွဲစေခဲ့တာပါ၊ တကယ်ကို ဝမ်းနည်းစရာပါပဲ"
ရွှမ်မင်း၏ စကားများမှာ ရိုးသားပြီး စေတနာပါပုံ ပေါက်နေသည်။
ဘေးပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များသည် တစ်ဖန် အံ့အားသင့်သွားကြပြီး သူနှင့် လုချင်းကြားတွင် မည်သူက အမှန်ပြောနေသနည်း ဆိုသည်ကို ဝေခွဲမရနိုင် ဖြစ်ကာ တွေဝေသွားကြသည်။
လုချင်းမှာမူ အမှန်တရားကို ချောမွေ့စွာ လိမ်လည်လှည့်ဖြားနိုင်သော ရွှမ်မင်း၏ စွမ်းရည်ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
အရှက်မရှိသည့်နေရာတွင် ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများကို ယှဉ်နိုင်မည့်သူ မရှိပေ။
အကယ်၍ သူသာ သူတို့၏ ရည်ရွယ်ချက်များကို ချက်ချင်း ထွင်းဖောက်မြင်နိုင်သော နတ်မျက်စိစွမ်းရည် မရှိခဲ့ပါက သူကိုယ်တိုင်ပင် ရွှမ်မင်း၏ စကားများကို ယုံမှတ်မှားပြီး သူပဲ တကယ် အထင်လွဲခဲ့လေသလားဟု သံသယ ဝင်မိလိမ့်မည် ဖြစ်သည်။
"ဗုဒ္ဓဘာသာကို ကျင့်ကြံနေပါလျက်နဲ့ အဖြူကို အမည်းဖြစ်အောင် ပြောတတ်တဲ့ ခင်ဗျားတို့လို ခေါင်းပြောင်အိုကြီးတွေရဲ့ အရည်အချင်းကတော့ ပြိုင်ဘက်ကင်းပါပဲ။ ကျန်တဲ့ လျှို့ဝှက်နယ်မြေ သုံးခု ပေါင်းရင်တောင် ခင်ဗျားတို့ကို မမီလောက်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ ဘယ်လောက်ပဲ စကားတတ်တတ်၊ အမည်းကို အဖြူဖြစ်အောင်၊ သေလူကို ရှင်အောင် ပြောနိုင်ပါစေ... ဘာထူးမှာလဲ။ ကျွန်တော်ကတော့ ခေါင်းပြောင်လေးတစ်ကောင်ကို သတ်ပြီးသွားပြီ။ ခင်ဗျားတို့ ကျွန်တော်ကို ဘာလုပ်နိုင်မှာလဲ"
"အောမိတောဖော... ဒါတွေအားလုံးက အထင်လွဲမှုတစ်ခု ဖြစ်ပုံရပေမဲ့ ဒကာလေးက အမှားအမှန်ကို မခွဲခြားဘဲ ရွှမ်ခုန်းဘုရားကျောင်းက တပည့်ကို သတ်ဖြတ်လိုက်ပြီပဲ။ ကြည့်ရတာ ဒီဒကာကြီးလိုပဲ ဒကာလေးမှာလည်း သတ်ဖြတ်လိုစိတ်တွေ စုပုံနေပြီး ကိုယ့်ရင်ထဲက မိစ္ဆာစိတ်ကို သတိမထားမိဘူး ထင်ပါတယ်။ ကိုယ်တော့်မှာ အကြံတစ်ခု ရှိတယ်။ ဒကာတို့နှစ်ယောက် ဒီအစီအရင်ကို မသုံးစေချင်ရင်လည်း ကိုယ်တော်တို့နဲ့အတူ ရွှမ်ခုန်းဘုရားကျောင်းကို လိုက်ခဲ့ကြမလား။ ကိုယ်တော်တို့ရဲ့ စွမ်းရည်နဲ့ဆိုရင် ဒကာတို့ နှစ်ယောက်လုံးရဲ့ မိစ္ဆာစိတ်တွေကို ဖယ်ရှားပြီး စိတ်ကြည်လင်အောင် သေချာပေါက် ကူညီပေးနိုင်မှာပါ"
လုချင်း၏ ရန်စမှုများ ရှိသော်လည်း ရွှမ်မင်းသည် ဒေါသအလျဉ်း မထွက်ဘဲ လုချင်းနှင့် သမားတော်ကြီးကို အမှန်တကယ် စိတ်ပူပန်နေသကဲ့သို့ လေးနက်စွာ တုံ့ပြန်လေသည်။
ဤရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများသည် ၎င်းတို့၏ ကောင်းမွန်သော ပုံရိပ်ကို ထိန်းသိမ်းရန် ဆုံးဖြတ်ထားကြပြီး ကိုယ်ကျင့်တရားပိုင်းဆိုင်ရာတွင် တစ်ဖက်သားထက် အသာစီးရယူထားသည့် အနေအထားကို လုံးဝ လက်လွတ်ခံမည် မဟုတ်ကြောင်း လုချင်း နားလည်လိုက်သည်။
သူ ခေါင်းခါလိုက်ပြီး သူတို့နှင့် စကားပြောကာ အချိန်ဖြုန်းမနေတော့ရန် ဆုံးဖြတ်လိုက်တော့၏။
အသက်ရှူ လေ့ကျင့်ခန်း လုပ်နေသော သမားတော်ကြီးဘက်သို့ လှည့်ကာ မေးလိုက်၏။ "ဆရာ... အခု ဘယ်လို နေသေးလဲဗျ"
"ငါ အဆင်ပြေပါတယ်" သမားတော်ကြီးက ပြန်ဖြေလာသည်။
စောစောက သူသည် စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းရေး အစီအရင်၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခုခံနေခဲ့ရသဖြင့် ဝိညာဉ်စွမ်းအား အများအပြား ကုန်ဆုံးခဲ့ရသည်။
အစီအရင်မှ ရုန်းထွက်ပြီးနောက် သူသည် 'မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်' နှစ်စက်ကို တိတ်တဆိတ် သောက်သုံးခဲ့ပြီး အချိန်အတော်ကြာ အသက်ရှူ လေ့ကျင့်ခန်း လုပ်ခဲ့သဖြင့် ခွန်အားအများစု ပြန်လည် ပြည့်ဝလာခဲ့ပြီ ဖြစ်သည်။
လုချင်း ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင်လည်း သွားကြစို့"
သမားတော်ကြီးသည် တွန့်ဆုတ်မနေဘဲ မတ်တတ်ရပ်ကာ လုချင်းရှိရာသို့ လျှောက်လာခဲ့သည်။
ထိုအရာကို မြင်လိုက်ရသောအခါ ဟွေရှင်းကို သတ်ခြင်း၊ ရွှမ်နူကို ရန်စခြင်းနှင့် ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများနှင့် စကားနိုင်လုခြင်း စသည့် လုချင်း လုပ်ခဲ့သမျှ အရာအားလုံးသည် သူ့ဆရာ အသက်ရှူမှား ဖြေနိုင်စေရန် အချိန်ဆွဲပေးခဲ့ခြင်း ဖြစ်ကြောင်း ဘေးမှ ကြည့်နေသူများ နောက်ဆုံးတွင် နားလည်သွားကြလေသည်။
"ဒီလူငယ်လေးက တကယ့်ကို နက်နဲတဲ့ အကြံအစည် ရှိတာပဲ"
အခြား လျှို့ဝှက်နယ်မြေ သုံးခုမှ ကျွမ်းကျင်သူများသည် အံ့အားသင့်သွားကြသည်။
လုချင်းက ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများနှင့် စကားနိုင်လုနေခြင်းသည် မိုက်မဲသော လုပ်ရပ်ဟု သူတို့ အစက ထင်ခဲ့ကြပါ၏။
ထိုဘုန်းကြီးများသည် စကားပြော ကောင်းလှသည်ဟု နာမည်ကြီးသူများပင်။ သူတို့သည် အမည်းကို အဖြူ ဖြစ်အောင် ပြောနိုင်ပြီး ကျိုးကြောင်းဆီလျော်မှု မရှိသည်ကို ဆီလျော်အောင် ပြောနိုင်စွမ်း ရှိကြသည်။ စကားစစ်ထိုးပွဲတွင် သူတို့ကို အနိုင်ယူနိုင်သူ ရှားပါးလှပါ၏။
သို့သော် ရွှမ်ခုန်းဘုရားကျောင်း၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချနေသော လုချင်းသည် တကယ်တမ်းတွင် သူ့ဆရာအတွက် အချိန်ဆွဲပေးနေခြင်း ဖြစ်သည်ဟု မည်သူကများ ထင်ထားမိမည်နည်း။
"မကောင်းတော့ဘူး"
ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများသည် လုချင်း၏ လှည့်စားခြင်းကို ခံလိုက်ရမှန်း နောက်ဆုံးတွင် သတိထားမိသွားကြသည်။
သမားတော်ကြီးသည် သူတို့၏ အစီအရင်ဖြင့် အချိန်အကြာကြီး ဖိနှိပ်ခံထားရပြီး စောစောက ဓားချီနယ်မြေကို အသုံးပြုခဲ့သဖြင့် ခွန်အားအများအပြား ကုန်ဆုံးနေခဲ့သည်။ သူသည် ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီပင်။
သို့သော် သူတို့သည် လုချင်းကြောင့် အာရုံပြောင်းသွားခဲ့ပြီး သမားတော်ကြီး ခွန်အားအများစု ပြန်လည် ပြည့်ဝလာသည်ကို သတိမထားမိလိုက်ကြပေ။
"ဆရာ... သွားကြမယ်"
လုချင်းသည် သူ့ရှေ့မှ ခေါင်းပြောင်ဘုန်းကြီး အားလုံးကို သတ်ပစ်ချင်သော်လည်း လတ်တလောတွင်တော့ မဖြစ်နိုင်ကြောင်း အသိသာကြီးပင်။
သူ့ရှေ့မှ ခေါင်းဆောင်ဘုန်းကြီး အနည်းငယ်သည် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်နေကြသည်။
ထို့အပြင် သူတို့သည် လျှို့ဝှက်နယ်မြေကြီး လေးခုထဲမှ တစ်ခုဖြစ်သော ရွှမ်ခုန်းဘုရားကျောင်းမှ ဖြစ်ကြပြီး သေချာပေါက် အစွမ်းထက်သော ကျောထောက်နောက်ခံ ရှိပေလိမ့်မည်။
သူ့ဝှက်ဖဲအားလုံးကို ထုတ်မသုံးသရွေ့တော့ အနိုင်ရရန် ယုံကြည်မှု မရှိပေ။
ထို့အပြင် ဘေးပတ်ဝန်းကျင်တွင် ကျွမ်းကျင်သူ အများအပြား ရှိနေသဖြင့် တိုက်ပွဲစသည်နှင့် အခြေအနေကို အခွင့်ကောင်းယူမည့်သူ ရှိမလာနိုင်ဟု မည်သူ ပြောနိုင်မည်နည်း။
"နေပါဦး"
လုချင်းနှင့် သမားတော်ကြီးတို့ ထွက်သွားရန် ပြင်နေသည်ကို မြင်သောအခါ ရွှမ်မင်းသည် တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တော့ဘဲ အလျင်စလို လှမ်းအော်လိုက်သည်။
"ဘာလဲ ခေါင်းပြောင်အိုကြီး... ကျွန်တော်တို့ကို တားချင်လို့လား"
လုချင်းသည် ခါးတွင် ချိတ်ထားသော ဓားပေါ် လက်တင်လိုက်ရင်း မျက်လုံးများတွင် စူးရှသော အရောင်များ လက်သွားလေသည်။
ထူးဆန်းသော အငွေ့အသက်တစ်ခုက သူ့ထံမှ စတင် ထွက်ပေါ်လာသည်။
ထိုအချိန်၌ပင် ရှိနေသမျှ ကျွမ်းကျင်သူ အားလုံး၏ ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ် အငွေ့အသက်တစ်ခုက သူတို့စိတ်ထဲ ဝင်ရောက်လာပြီး ဦးရေပြားများကိုပင် ကျဉ်သွားစေခဲ့ပါ၏။
ရွှမ်မင်း ဦးဆောင်သော ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများသည် ထိုအငွေ့အသက်ကို အပြင်းထန်ဆုံး ခံစားလိုက်ရပြီး မျက်နှာပျက်ကာ ခြေလှမ်းများပင် ရပ်တန့်သွားကြတော့လေ၏။
အခန်း ၂၈၀ - ကြောက်ရွံ့ခြင်းနှင့် အကျပ်ကိုင်ခြင်း
"ခေါင်းပြောင်အိုကြီး... ခင်ဗျား နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးရဲရင် ကျွန်တော် တကယ် မသတ်ရဲဘူးလို့ ထင်နေလား"
လုချင်းက ခါးတွင် ဓားကို ကိုင်ထားရင်း သူ့ရှေ့ရှိ ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုသို့ ပြုမူလိုက်သည်နှင့် တစ်ပြိုင်နက် ရှိနေသူ အားလုံးသည် အရပ်မျက်နှာ အနှံ့အပြားသို့ လွှမ်းခြုံသွားသော အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည့် သတ်ဖြတ်ခြင်း အငွေ့အသက်ကို ခံစားလိုက်ရသည်။
ထိုအငွေ့အသက်ကြောင့် သူတို့၏ နှလုံးသားများ ထိန်းချုပ်မရအောင် တုန်လှုပ်သွားပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ ဦးခေါင်းခွံအထိ ထိုးတက်သွားသလို ခံစားလိုက်ရသည်။
လုချင်းနှင့် မျက်နှာချင်းဆိုင် ရပ်နေသော ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများအတွက်မူ ထိုခံစားချက်က ပို၍ ပြင်းထန်လေသည်။
သူတို့ နောက်ထပ် ခြေတစ်လှမ်းသာ ထပ်တိုးလိုက်ပါက စိတ်ကူးမယဉ်နိုင်လောက်အောင် ဆိုးရွားသော အရာတစ်ခု အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု ပြင်းပြင်းထန်ထန် ခံစားနေရသည်။
ခဏတာမျှ လူတိုင်း လုချင်းကို မယုံနိုင်ခြင်း၊ မရေရာခြင်းတို့ဖြင့် ငေးကြည့်နေမိကြသည်။
ဤလူငယ်လေးသည် မည်ကဲ့သို့သော ဝှက်ဖဲမျိုးကို ကိုင်ဆောင်ထားသဖြင့် ဤနေရာရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များစွာကို ဤမျှ သေမင်းတမန် ခြိမ်းခြောက်မှုမျိုး ပေးနိုင်ရသနည်းဟု အချို့က စဉ်းစား၍ပင် မရနိုင်အောင် ဖြစ်နေကြသည်။
ဘုန်းကြီးရွှမ်မင်းသည်ပင် လုချင်းကို စကားဖြင့် ထပ်မံ ရန်မစရဲတော့ပေ။ အကယ်၍ ရန်စမိပါက လုချင်းအား သေရေးရှင်ရေး တိုက်ပွဲတစ်ခု ဆင်နွှဲစေရန် တွန်းပို့သလို ဖြစ်သွားမည်ကို သူ စိုးရိမ်နေသည်။
"ဟက်... ကြောက်ရွံ့ခြင်းကင်းတယ်ဆိုတာက ဒီလောက်ပါပဲလား"
လုချင်းသည် ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများ၏ စိုးရိမ်ပူပန်နေသော မျက်နှာထားများကို တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ထွက်ခွာရန် လှည့်ထွက်လိုက်သည်။
သမားတော်ကြီးလည်း သူ့နောက်မှ လိုက်ပါသွားလေသည်။
သူတို့နှစ်ဦးစလုံး ကျောခိုင်းပြီး ထွက်ခွာသွားကြသော်လည်း ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများသည် မဆင်မခြင် လှုပ်ရှားမှု တစ်ခုလေးတောင် မပြုလုပ်ရဲကြချေ။
အဘယ်ကြောင့်ဆိုသော် လုချင်းထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အငွေ့အသက်က သူတို့ ပတ်ဝန်းကျင်တွင် ရှိနေဆဲ ဖြစ်ကြောင်း ခံစားနေရသောကြောင့် ဖြစ်သည်။
အကယ်၍ သူတို့ လှုပ်ရှားရဲပါက သူတို့ကို စောင့်ကြိုနေသည်မှာ ဖျက်ဆီးအား ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ဖြစ်ပေလိမ့်မည်။
ထိုနှစ်ယောက်၏ ပုံရိပ်များ ပျောက်ကွယ်သွားမှသာ လွှမ်းခြုံထားသော သတ်ဖြတ်ခြင်း အငွေ့အသက်များ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။
စွမ်းအားကြီး ပုဂ္ဂိုလ်များ အားလုံးသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ကြတော့သည်။
လူအများအပြားသည် အချင်းချင်း ကြည့်လိုက်ကြပြီး ကြောက်ရွံ့မှု အကြွင်းအကျန်များကို ခံစားနေရဆဲ ဖြစ်သည်။
မည်သူမျှ မတတ်နိုင်ခဲ့ကြပေ။ လုချင်းထံမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း အငွေ့အသက်သည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှပါ၏။
နှလုံးသား နက်ရှိုင်းရာမှ ထွက်ပေါ်လာသော သေမင်းတမန် အအေးဓာတ်သည် ဤစွမ်းအားကြီး ပုဂ္ဂိုလ်များပင် ယခင်က မကြုံဖူးခဲ့သော အရာတစ်ခု ဖြစ်သည်။
လူအုပ်ကြီး တည်ငြိမ်သွားသောအခါ၌ တစ်စုံတစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်သည်။
"အဲ့ဒီလူငယ်လေးက ဘယ်သူမို့လို့ ဒီလောက် ခွန်အားနဲ့ သတ္တိမျိုး ရှိနေရတာလဲ။ ဘာလို့ ငါတို့ တစ်ခါမှ မကြားဖူးရတာလဲ။ လောကကြီးမှာ ဒီလို သားရဲလို ပါရမီရှင်မျိုး ဘယ်တုန်းက ပေါ်ထွက်လာတာလဲ"
ဤမေးခွန်းကို ဤနေရာတွင် ရှိနေသူတိုင်း သိချင်နေကြပါ၏။
မျက်လုံးအားလုံးသည် ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများထံသို့ ရောက်သွားကြသည်။
သူတို့အမြင်တွင် ရွှမ်ခုန်းဘုရားကျောင်းက ဤလူငယ်၏ ဆရာကို ဖမ်းချုပ်ရန် အစီအရင် ခင်းကျင်းခဲ့သောကြောင့် သူတို့၏ သရုပ်မှန်ကို သိထားရမည်ဟု ယူဆကြသည်။
"အောမိတောဖော..."
လူတိုင်းက သူတို့ကို ကြည့်နေသည်ကို မြင်သောအခါ၌ ရွှမ်မင်းက လက်အုပ်ချီလိုက်သည်။
ထို့နောက် လေးလံသော လေသံဖြင့် "ဒီဘုန်းကြီးလည်း သူတို့ရဲ့ သရုပ်မှန်ကို မသိပါဘူး။ အဲဒီဒကာကြီးရဲ့ စိတ်နှလုံးကို မိစ္ဆာစိတ်တွေ ဝါးမျိုနေတာ တွေ့လို့ ဖယ်ရှားပေးဖို့အတွက် စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းရေး အစီအရင်ကို သုံးဖို့ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ သခင်လေးနဲ့ ဒီလို အထင်လွဲမှုမျိုး ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။ အခုတော့ ဒီအထင်လွဲမှုက ဖြေရှင်းလို့ မရတော့တဲ့ပုံပါပဲ။ တကယ်ကို ဆိုးရွားတဲ့ ကံကြမ္မာပါပဲ။ ဒါပေမဲ့ ဒီဘုန်းကြီးတို့ တွေ့လိုက်တာကတော့ အဲဒီသခင်လေးက စောစောက ဒကာကြီးတစ်ယောက်နဲ့ အတူ ရှိနေခဲ့တာ ဆိုတော့ အဲဒီဒကာကြီးကတော့ သူတို့ရဲ့ သရုပ်မှန်ကို သိလောက်ပါတယ်"
ထိုအခါ မျက်လုံးအားလုံးသည် လင်းကျိယွဲ့ထံသို့ ရောက်ရှိသွားကြတော့၏။
လျှို့ဝှက်နယ်မြေ လေးခုမှ လူများအပြင် စွမ်းအားကြီး ပုဂ္ဂိုလ်များစွာသည် လင်းကျိယွဲ့၏ အမှတ်အသားကို မှတ်မိကြသည်။
မည်သို့ပင်ဖြစ်စေ ထျန်းကျီမျှော်စင်၏ မျိုးဆက်သစ် လူငယ်များထဲတွင် အထူးချွန်ဆုံး တပည့်ဖြစ်သည့် လင်းကျိယွဲ့သည် ကျုံးကျိုးတွင် အတော်လေး နာမည်ကြီးနေဆဲ ဖြစ်သည်။
ကျင့်ကြံမှု အဆင့် အလွန်မြင့်မားသော စွမ်းအားကြီး ပုဂ္ဂိုလ်များစွာ၏ စိုက်ကြည့်ခြင်းကို ခံရသဖြင့် လင်းကျိယွဲ့မှာ ကြီးမားသော ဖိအားကို မခံစားဘဲ မနေနိုင်ချေ။
သို့သော် သူသည် သာမန်လူ မဟုတ်သဖြင့် အတွေးတစ်ချက်ဖြင့်ပင် သူ၏ ကိုယ်တွင်းစွမ်းအင်ကို တိတ်တဆိတ် လည်ပတ်စေလိုက်ကာ ဖိအားများကို ဖယ်ရှားလိုက်သည်။
သူ အနည်းငယ် ပြုံးလိုက်ပြီး "ဟုတ်ပါတယ်၊ အဲဒီနှစ်ယောက်ရဲ့ သရုပ်မှန်ကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ထုတ်ပြောဖို့ အဆင်မပြေပါဘူး။ အကယ်၍ ချန်ပေ့တို့ တကယ် သိချင်တယ် ဆိုရင် ထျန်းကျီမျှော်စင်ကို လာပြီး သခင်လေးလုကို ကိုယ်တိုင် မေးကြည့်လိုက်ကြပါလား။ အဲဒါက ပိုကောင်းမယ် မဟုတ်လား"
လင်းကျိယွဲ့၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ၌ လျှို့ဝှက်နယ်မြေ လေးခုမှ လူများ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
သူတို့ လှုပ်ရှားမှု မရှိဘဲ နေခဲ့သော ကာလရှည်ကြာပြီးနောက် ပြင်ပလောကတွင် ပါရမီရှင်များစွာ ပေါ်ထွက်လာပုံရသည်။
စောစောက လူငယ်လေး အကြောင်း မပြောနှင့်ဦး၊ သူတို့ရှေ့ရှိ ဤလူငယ်လေးသည်ပင် ရှားပါးသော အရည်အချင်းရှင် တစ်ဦး ဖြစ်သည်။
စွမ်းအားကြီး ပုဂ္ဂိုလ်များစွာ၏ ရှေ့မှောက်တွင် တည်ငြိမ်နေနိုင်ခြင်းသည် သူတို့၏ လျှို့ဝှက်နယ်မြေများရှိ တပည့်များစွာထက် သာလွန်ကြောင်း ပြသနေသည်။
"အောမိတောဖော... ဒကာလေး မသိလို့ပါ။ ဟိုလူငယ်လေးက သတ်ဖြတ်လိုစိတ်တွေ လွန်ကဲနေပြီး အချိန်မရွေး လူသတ်ဖို့ အသင့်ဖြစ်နေတယ်လေ။ သူက မိစ္ဆာလမ်းစဉ်ကို ရောက်မယ့် လက္ခဏာတွေ ပြနေပြီ။ သူ့ကို ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် အနာဂတ်မှာ ကြီးမားတဲ့ မိစ္ဆာကြီး ဖြစ်လာပြီး လောကကြီးကို ဘေးဒုက္ခ ပေးလိမ့်မယ်။ ဒါကြောင့် အများအကျိုးအတွက်၊ ပြီးတော့ အဲဒီနှစ်ယောက် မိစ္ဆာလမ်းစဉ်ထဲ ပိုပြီး သက်ဆင်းမသွားအောင် တားဆီးဖို့အတွက် သူတို့ရဲ့ သရုပ်မှန်ကို လောကကြီးကို ဖွင့်ဟပေးဖို့ ဒကာလေးကို တောင်းဆိုပါတယ်။ ဒါမှလည်း ဒီမှာ ရှိနေသူ အားလုံး ကြိုတင် ပြင်ဆင်နိုင်ကြမှာပါ"
ဘာပြောရမည်နည်း။ ဤကဲ့သို့သော စကားမျိုးကို ဘုန်းကြီးတစ်ပါးကသာ ပြောနိုင်ပေသည်။ ရွှမ်မင်း၏ စကားသည် သူ့ကိုယ်သူ တရားမျှတမှု၏ စံပြအဖြစ် ပုံဖော်လိုက်ရုံသာမက လုချင်းနှင့် သမားတော်ကြီးကိုပါ မိစ္ဆာများအဖြစ် တံဆိပ်ကပ်လိုက်ခြင်း ဖြစ်သည်။
သူသည် အများအကျိုးကို အကြောင်းပြကာ လုချင်း၏ သရုပ်မှန်ကို ဖွင့်ဟရန် လင်းကျိယွဲ့အား ဖိအားပေးလိုက်သည်။
သို့သော် ထိုအချိန်တွင် အေးစက်သော ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ရွှမ်မင်း... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ ရွှမ်ခုန်းဘုရားကျောင်းက လောကကြီးရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ကို ကိုယ်စားပြုခွင့် ဘယ်တုန်းက ရသွားတာလဲ"
လူတိုင်း အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ကြရာ စကားပြောသူမှာ လျှို့ဝှက်နယ်မြေကြီး လေးခုထဲမှ တစ်ခုဖြစ်သော 'ချင်းယန်ဘုရားကျောင်း' မှ လူတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
စကားပြောသူမှာ ဝတ်ရုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် တာအိုဆရာတစ်ဦး ဖြစ်ပြီး မထီမဲ့မြင် မျက်နှာထားဖြင့် ပြောလိုက်သည်။
"ရွှမ်ခုန်းဘုရားကျောင်းက အရင်အတိုင်း အရှက်မရှိတုန်းပါပဲလား။ ခင်ဗျားတို့က ဟိုအဘိုးကြီးဆီက ကုသိုလ်အလင်းကို လိုချင်လို့ မက်မောနေကြတာ သိသာလွန်းနေတဲ့ကိစ္စ။ အဲ့ဒါကြောင့် သူ့ကို ရုပ်သေးရုပ် ဖြစ်အောင် လုပ်ဖို့ စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းရေး အစီအရင်ကို သုံးခဲ့ကြတာလေ။ ခင်ဗျားတို့ အကြံအစည် မအောင်မြင်တော့ ဆရာတပည့် နှစ်ယောက်ကို မိစ္ဆာတွေလို့ စွပ်စွဲပြန်ရော။ ကျွန်တော်အမြင်ကတော့ ခင်ဗျားတို့ရဲ့ ခေါင်းပြောင်ပြောင်တွေထဲက ယုတ်မာတဲ့ အတွေးတွေနဲ့ ဆိုရင် ခင်ဗျားတို့ကသာ တခြားသူတွေထက် မိစ္ဆာနဲ့ ပိုတူနေပါသေးတယ်"
ထိုစကားများ ထွက်ပေါ်လာသည်နှင့် စွမ်းအားကြီး ပုဂ္ဂိုလ်များ အားလုံး တုန်လှုပ်သွားကြသည်။
စောစောက လုချင်း ပြောခဲ့သည်များကို သံသယ ဖြစ်နေကြသေးသော်လည်း ယခု အခြား လျှို့ဝှက်နယ်မြေ တစ်ခုမှ လူကပါ ဝင်ပြောလာသောအခါ၌ ရွှမ်ခုန်းဘုရားကျောင်းအပေါ် ထားရှိသော သံသယများကို ပြန်လည် စဉ်းစားလာကြသည်။
လူတိုင်း ရွှမ်မင်း၏ တုံ့ပြန်မှုကို ကြည့်လိုက်ကြ၏။
သို့သော် ရွှမ်မင်းကတော့ ဒေါသထွက်သည့် လက္ခဏာ မပြဘဲ မျက်လွှာချကာ အလွန် ဝမ်းနည်းပူဆွေးသည့် မျက်နှာထားကိုသာ ပြသနေသည်။
"အောမိတောဖော... အကြီးအကဲ တာအိုဆရာ ယန်မင်း ၊ ဒကာကြီးက ရွှမ်ခုန်းဘုရားကျောင်းကို အမြဲ အထင်လွဲပြီး ကိုယ်တော်တို့အပေါ် မလိုမုန်းထား ရှိနေတယ်ဆိုတာ ကိုယိတော် သိပါတယ်။ ဒါပေမဲ့ ဒီဘုန်းကြီးရဲ့ စကားတွေက လုံးဝ မှန်ကန်ပါတယ်။ ဟိုနှစ်ယောက်က သတ်ဖြတ်လိုစိတ်တွေ ဝင်ရောက်စီးနင်းနေပြီး မိစ္ဆာလမ်းစဉ်ထဲ ကျရောက်မယ့် အန္တရာယ် ရှိနေပါတယ်။ ကိုယိိတော်တို့သာ အချိန်မီ မတားဆီးရင် နောင်အနာဂတ်မှာ အမှားကြီး ဖြစ်လာတဲ့အခါကျ အရမ်း နောက်ကျသွားပါလိမ့်မယ်"
"ဟားဟား... ကောင်းပြီလေ၊ နှစ်တွေအကြာကြီး ပြီးတာတောင် ရွှမ်မင်းရဲ့ မျက်နှာပြောင်တိုက်နိုင်စွမ်းက ငယ်ငယ်ကထက် ပိုထူလာလိမ့်မယ်လို့ ထင်မထားမိဘူး။ ကြည့်ရတာ စောစောက လူငယ်လေး ပြောသလိုပဲ အရှက်မရှိတဲ့နေရာမှာတော့ ရွှမ်ခုန်းဘုရားကျောင်းက ကမ္ဘာမှာ နံပါတ်တစ်ပဲ။ ကျန်တဲ့ လျှို့ဝှက်နယ်မြေ သုံးခု ပေါင်းရင်တောင် ခင်ဗျားတို့ကို မမှီပါဘူး"
အကြီးအကဲ ယန်မင်းသည် ရွှမ်မင်း၏ အရှက်မရှိမှုက ဤအဆင့်ထိ ရောက်နေသည်ကို မယုံနိုင်အောင် ဖြစ်နေရ၏။ သူ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီး အေးစက်စွာ ဆက်လက် လှောင်ပြောင်လိုက်သည်။
ရွှမ်မင်းကတော့ သူ့ကို ပြန်မပြောတော့ဘဲ ပြောချင်ရာ ပြောခွင့် ပေးလိုက်သည်။
သူ လင်းကျိယွဲ့ဘက်သို့ လှည့်ကြည့်ပြီး "အဲဒီနှစ်ယောက်ရဲ့ သရုပ်မှန်ကို ဖွင့်ဟပေးဖို့ ဒကာလေးကို တောင်းဆိုပါတယ်။ သူတို့ရဲ့ ပါရမီက အံ့သြစရာ ကောင်းပေမဲ့ မိစ္ဆာလမ်းစဉ်ထဲ ကျရောက်လုနီးပါး ဖြစ်နေပါပြီ။ အချိန်မီ မတားဆီးရင် လောကကြီးက ကြီးမားတဲ့ ဘေးဒုက္ခနဲ့ ကြုံရပါလိမ့်မယ်"
ဒီတစ်ကြိမ် ရွှမ်မင်း စကားပြောလိုက်သည်နှင့် ဖော်ပြမရနိုင်သော ဖိအားတစ်ခု သူ့ထံမှ ထွက်ပေါ်လာပြီး ကြီးမားသော အရှိန်အဝါဖြင့် လင်းကျိယွဲ့ကို ဖိနှိပ်လိုက်သည်။
စွမ်းအားကြီး ပုဂ္ဂိုလ်များ၏ မျက်လုံးများအားလုံး လင်းကျိယွဲ့ထံသို့ တစ်ဖန် ရောက်ရှိလာကြသည်။
ရွှမ်ခုန်းဘုရားကျောင်းသည် လင်းကျိယွဲ့ထံမှ ဆရာတပည့် နှစ်ယောက်၏ သတင်းအချက်အလက်ကို ရယူရန် စိတ်ပိုင်းဖြတ်ထားကြောင်း သူတို့အားလုံး မြင်နိုင်ပါ၏။
သို့သော် မည်သည့် စွမ်းအားကြီး ပုဂ္ဂိုလ်ကမျှ ကူညီရန် အစီအစဉ် မရှိကြပေ။ ချင်းယန်ဘုရားကျောင်းမှ အကြီးအကဲ ယန်မင်းပင် ထပ်မံ ဝင်မပြောတော့ချေ။
အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း လုချင်း၏ သရုပ်မှန်ကို အလွန် သိချင်နေကြသောကြောင့် ဖြစ်သည်။
ယခင်ကထက် ပိုမိုပြင်းထန်သော ပတ်ဝန်းကျင်မှ ဖိအားများကို ခံစားလိုက်ရသဖြင့် လင်းကျိယွဲ့၏ စိတ်နှလုံး လေးလံသွားတော့၏။
သူ အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ဖြည်းညှင်းစွာ မေးလိုက်သည်။ "ဆရာတော်... တကယ်လို့ ကျွန်တော် ငြင်းရင်ရော"
"ဒီကိစ္စက သက်ရှိအားလုံးရဲ့ အသက်အိုးအိမ်နဲ့ သက်ဆိုင်နေပါတယ်။ အကယ်၍ ဒကာလေးက မပြောဘဲ ခေါင်းမာနေမယ်ဆိုရင် ဒီဘုန်းကြီးလည်း သီလပျက်ခံပြီးတော့ ဒကာလေးကို ထိန်းသိမ်းပြီး အသေးစိတ် မေးမြန်းရပါလိမ့်မယ်" ရွှမ်မင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ကြည့်ရတာ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး ထင်တယ်" လင်းကျိယွဲ့ ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။
"သက်ရှိအားလုံးရဲ့ အသက်အိုးအိမ်ကို ငဲ့ညှာဖို့ ဒကာလေးကို တောင်းဆိုပါတယ်"
"ကောင်းပါပြီ၊ ကျွန်တော် ပြောပြပါ့မယ်"
နောက်ဆုံးတွင်တော့ လင်းကျိယွဲ့ မှာ သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။