← Chapters

အခန်း (၃၆၅)

Vol. 34 Ch. 365

အခန်း (၃၆၅)

Vol. 34 Ch. 365

📝အပိုင်း - ၃၆၅

ဘာသာပြန် - Na Gar🐉

ဝိညာဉ်ပုတီးစေ့။

ကောင်းကင်နဲ့ မြေကြီးရဲ့ အရှိန်အဝါကို ချေးငှားတဲ့ မသေမျိုး စစ်ဗျူဟာ။

ကောင်းကင်ဘုံကျမ်းရဲ့ မှတ်တမ်းတွေအရဆိုရင် ကောင်းကင်ယံမှာ ဖြစ်ပေါ်တတ်တဲ့ ထူးခြားဆန်းပြားတဲ့ ဖြစ်စဉ်တိုင်းအတွက် သက်ဆိုင်ရာ စစ်ဗျူဟာတွေ ရှိနေကြတာ ဖြစ်သည်။

မိုးကြိုးမုန်တိုင်း၊ ရေကြီးမှု၊ လေပြင်းမုန်တိုင်း၊ ကောင်းကင်မီးနဲ့ ကြယ်တာရာတွေအထိပင် ပါဝင်သည်။

စစ်ဗျူဟာတစ်ခုချင်းစီဟာ။

သင့်တော်တဲ့ အချိန်အခါနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ထူးကဲလှတဲ့ စွမ်းအားတွေကို ထုတ်ဖော်နိုင်ကြသည်။ ဒီစွမ်းအားရဲ့ အနိမ့်အမြင့်ဟာ ဝိညာဉ်စွမ်းအား ဒါမှမဟုတ် စစ်ဗျူဟာမှာ ပါဝင်တဲ့သူတွေရဲ့ အင်အားပေါ်မှာ မူတည်နေခြင်း ဖြစ်သည်။

ငွေရောင်ထင်းရှူးတောင်ကုန်းက ကောင်းကင်မိုးကြိုး စစ်ဗျူဟာကမိုးကြိုးတွေကို ဆင့်ခေါ်နိုင်သလိုမျိုးပဲ၊ တကယ်လို့ မီးကြီးကြီးမားမား ရှိနေမယ်ဆိုရင်လည်း မီးလျှံတွေရဲ့ စွမ်းအားကို အသုံးချလို့ ရနိုင်သည် မဟုတ်ပါလား။

ကြယ်တာရာတွေဆီက စွမ်းအားကို ရယူတဲ့ အဲ့ဒီစစ်ဗျူဟာဆိုရင်လည်း ကောင်းကင်ဖြစ်စဉ်ကို ကျွမ်းကျင်စွာ ကြည့်ရှုနိုင်တဲ့သူအတွက် ကြယ်တံခွန် ကြွေကျချိန်မျိုးနဲ့ ကြုံရင် လုံလောက်တဲ့ ဝိညာဉ်စွမ်းအားနဲ့သာဆိုရင် ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်သလိုမျိုး ကြယ်တွေကိုပါ မြေပြင်ပေါ်ကို ကြွေကျလာအောင် လုပ်နိုင်ပေလိမ့်မည်။

ဒါပေမဲ့ အခုလက်ရှိ အတွေ့အကြုံအရဆိုရင်တော့ ဒါမျိုးလုပ်ဖို့အတွက် အလွန်များပြားလှတဲ့ ဝိညာဉ်စွမ်းအားတွေ လိုအပ်နေဦးမှာ ဖြစ်သည်။

သို့သော်လည်း အခုရှိနေတဲ့ ဝိညာဉ်စွမ်းအားဟာ။

ကောင်းကင်စစ်သည် စစ်ဗျူဟာရဲ့ စွမ်းအားကို ထုတ်ဖော်ဖို့အတွက်တော့ လုံလောက်နေပြီ ဖြစ်သည်။

နန်ရွှီ ရဲ့ စစ်သည် တစ်သိန်းဟာ ကောင်းကင်စစ်သည်တွေကို ဘယ်လိုများ ယှဉ်နိုင်ပါ့မလဲ။

သူတို့ရဲ့ ရှုံးနိမ့်မှုကတော့ ရှောင်လွှဲလို့ မရနိုင်တော့ပေ။

"အနက်ရောင်သံချပ်ကာစစ်သည်တော် သုံးထောင်"

"ငါ့နောက်က လိုက်ခဲ့ကြ"

"ထိုးစစ်ဆင်ကြ"

...

ထိုအချိန်မှာပင် နန်ရွှီ စစ်စခန်းအတွင်း။

ဗဟို စစ်စခန်းတဲ။

ဒီတိုက်ပွဲကြီးရဲ့ နက်နဲပုံရိပ်အဆင့် သိုင်းပညာရှင်တွေ အားလုံးကတော့... ညှိနှိုင်းနေကြတုန်းပင် ဖြစ်သည်။

"ဗိုလ်ချုပ်ဖန်... သေသေချာချာ စဉ်းစားပြီးပြီလား"

ဖန်ရှုကျိန်းက သူ၏ နောက်ဆုံး သတိပေးချက်ကို ထုတ်ပြန်လိုက်သည်။ "နောက်ထပ် ပြည်နယ်တစ်ခု ထပ်တိုးပေးဖို့ သဘောမတူနိုင်ဘူးလား"

"ဒါကတော့ အတော်လေးကို လွန်လွန်းနေပြီ မဟုတ်လား"

အတော်ကြာအောင် စဉ်းစားပြီးနောက်မှာတော့ ဖန်ချင်းယွမ်က ဖြည်းညှင်းစွာ ငြင်းဆိုလိုက်သည်။ "မင်းသားဖန်... ကျွန်တော့်အမြင်အရတော့ ခင်ဗျားတို့မှာ ဒီညှိနှိုင်းမှုအတွက် စိတ်ရင်းမရှိဘူးပဲ။ ဒါဟာ မဖြစ်နိုင်တာကို တောင်းဆိုနေတာပဲလေ"

"ဩော်"

ဖန်ရှုကျိန်းက မျက်မှောင်ကြုတ်လိုက်ရင်း "ဒါဆို ဗိုလ်ချုပ်ဖန် ရဲ့ ဆိုလိုရင်းက ညှိနှိုင်းဖို့ မလိုတော့ဘူးလို့ ပြောတာလား" ဟု မေးလိုက်သည်။

"ကျွန်တော့်ကို ထပ်ပြီး စဉ်းစားပါရစေဦး"

ဖန်ချင်းယွမ်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ "ခင်ဗျားတို့က အရမ်းကို ဖိအားပေးလွန်းနေတယ်လေ"

"နောက်ဆုံး နာရီဝက်ပဲ"

ဖန်ရှုကျိန်းက တည်ကြည်စွာ ပြောလိုက်သည်။ "ဗိုလ်ချုပ်ဖန်... ဆုံးဖြတ်ချက်ကို မြန်မြန်ချလိုက်တာ ပိုကောင်းပါလိမ့်မယ်"

...

ရှေ့တန်း စစ်မျက်နှာ။

စစ်ကြောင်းပြင်ထားပြီးသား ဖြစ်ကာ စစ်ဗုံတီးသံ ကြားတာနဲ့ ဟူလောင်တောင်ကြားကို ထိုးစစ်ဆင်ဖို့ အသင့်စောင့်နေတဲ့ နန်ရွှီ စစ်သည်တွေဟာ မနေ့ညက မြို့သိမ်းတိုက်ပွဲကို ရပ်တန့်ထားဖို့ အမိန့် ရခဲ့ကြသည်။

ဒါကြောင့်လည်း။

ကွင်းပြင်ကျယ်ပေါ်မှာ မိုင် ၂၀ လောက်အထိ ရှည်လျားနေတဲ့ စစ်သည် တစ်သိန်းဟာ တစ်ညလုံး စောင့်ဆိုင်းနေခဲ့ရသည်။

သူတို့တွေက တစ်ညလုံး မအိပ်ရဲကြပေ။

မိုးလင်းတဲ့အထိ ဘာမှ ဖြစ်မလာတဲ့အခါမှာတော့ သူတို့တွေဟာ ဆက်ပြီး တောင့်မခံနိုင်ကြတော့ဘဲ အုပ်စုလိုက် ထိုင်ချလိုက်ကြတော့သည်။

"ငါတို့ ဒီတိုက်ပွဲကို တကယ် တိုက်ရမှာလား"

"မတိုက်ရတော့ဘူး ထင်တယ်"

"ငါကြားတာတော့ ညှိနှိုင်းနေကြပြီတဲ့"

"မတိုက်ရရင်တော့ အကောင်းဆုံးပဲ။ ဟူလောင်တောင်ကြားထဲမှာလည်း လူသုံးသောင်းလောက် ရှိနေတယ်လို့ ကြားတယ်"

"ဒါ့အပြင် အဲ့ဒီ ဝတ်စုံဖြူနဲ့ ချန်ဆန်းရှီ ဆိုတဲ့လူက ကောင်းကင်မိုးကြိုးကိုတောင် ဆင့်ခေါ်ပြီး လူတွေကို ပစ်ချနိုင်တာတဲ့"

...

"အားလုံး မတ်တပ်ရပ်ကြစမ်း"

ရှေ့တန်းတပ်ကို ကွပ်ကဲရတဲ့ ဗိုလ်မှူး ချန်ကွမ်းယောင် ကမြင်းပေါ်ကနေ ငေါက်ငမ်းလိုက်သည်။ "စစ်ကြောင်းကို သေသေချာချာ ထိန်းထားကြ။ ဘယ်သူပဲဖြစ်ဖြစ် စကားများနေတာတွေ့ရင် လျှာကို ဖြတ်ပစ်မယ်"

"မြူတွေကလည်း ထူလိုက်တာ"

"ဟုတ်တယ်... ဘာမှကို မမြင်ရတော့ဘူး"

...

ကောင်းကင်ယံ လင်းထိန်လာတာနဲ့အမျှ။

မြူထုတွေဟာ ကွင်းပြင်တစ်ခုလုံးမှာ ပျံ့နှံ့လာပြီး အမြင်အာရုံကို သိသိသာသာ ပိတ်ဆို့လိုက်တော့သည်။

"မြူနှင်းတွေကြောင့်နဲ့ ဒီလောက်တောင် ဖြစ်နေကြသလား"

ချန်ကွမ်းယောင် ဟာ မြေပြင်ပေါ်မှာ နားနေတဲ့ စစ်သည်တွေကို မြင်းနှင်တံနဲ့ လိုက်ရိုက်တော့သည်။ "ထကြစမ်း... မြူတွေက မကြာခင် ကင်းစင်သွားမှာပါ... အင်၊ ဘာလို့ ဒီလောက်တောင် မြန်မြန် ပျောက်သွားရတာလဲ"

သူက မြင်းကို အကွာအဝေး အနည်းငယ်အထိ စီးကြည့်လိုက်သည်။

ခုနကတင် ကျလာတဲ့ မြူတွေဟာ ပုံမှန်မဟုတ်တဲ့ အရှိန်အဟုန်နဲ့ ပျောက်ကွယ်သွားတာကို သူ သတိပြုမိလိုက်သည်။ ရေနွေးတစ်အိုး တည်ရုံလောက် အချိန်အတွင်းမှာတင် မြူနှင်းတွေဟာ လုံးဝ ရှင်းလင်းသွားခဲ့သည်။

"ဒါ တကယ့်ကို ထူးဆန်းတာပဲ"

"ဒါ ဘယ်လို ရာသီဥတုမျိုးလဲ"

"ဟုတ်တယ်... မြူတွေ ဒီလောက် မြန်မြန် ပျောက်သွားတာမျိုး တစ်ခါမှ မမြင်ဖူးဘူး"

"တစ်ခုခုတော့ မှားနေပြီ"

"သေသေချာချာ ကြည့်စမ်း... မြူတွေက ပျောက်ကွယ်သွားတာ မဟုတ်ဘူး၊ အဲ့ဒါက..."

"ထွက်ပြေးနေတာ"

မှန်သည်။ မြူတွေက ထွက်ပြေးနေကြခြင်း ဖြစ်သည်။

သူတို့ခေါင်းပေါ်မှာ။

ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားတဲ့ မြူတွေဟာ ဦးတည်ချက် တစ်ခုတည်းကိုပဲ လွင့်ပါးနေကြသည်။

ဒါပေမဲ့။

လေကတော့ လုံးဝ တိုက်ခတ်ခြင်း မရှိပေ။

မြူတွေဟာ တစ်ခုခုရဲ့ ဆွဲဆောင်မှုကို ခံနေရသလိုမျိုး အသက်ဝင်နေကြပုံရသည်။

"ဟေ့"

"ဒါ မဖြစ်နိုင်တာ"

"ဘာတွေ ဖြစ်ကုန်တာလဲ"

"ဝိုး"

ဒီလို ထူးဆန်းတဲ့ မြင်ကွင်းအောက်မှာ တစ်ညလုံး မအိပ်ရလို့ ပင်ပန်းနေတဲ့ နန်ရွှီ စစ်သည်တွေဟာ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ကာ ရှင်းရှင်းလင်းလင်း မြင်ရဖို့ ခေါင်းကို ဆန့်ကြည့်နေကြတော့သည်။

ရှေ့ဘက်မှာတော့ မြောက်ဘက်အရပ် ရှိနေသည်။

အဲ့ဒါကတော့ ဟူလောင်တောင်ကြား ရှိရာ ဦးတည်ချက်ပင်။

မြူတွေဟာ မြောက်ဘက်မှာ ပိုပိုပြီး စုစည်းလာကာ နောက်ဆုံးမှာတော့ ဟူလောင်တောင်ကြား တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဖြူဖွေးနေတဲ့ နယ်မြေကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

နန်ရွှီ နိုင်ငံဟာ တောင်တွေ ရေတွေ ပေါများတဲ့ ဒေသဖြစ်ရာ စစ်သည်တွေဟာ မြူနှင်းတွေနဲ့ အလွန် ရင်းနှီးကြသည်။ ဒါကြောင့်လည်း အခု သူတို့ မြင်နေရတဲ့ မြင်ကွင်းက ပုံမှန်မဟုတ်ဘူးဆိုတာ သူတို့ ပိုပြီး သေချာနေကြခြင်း ဖြစ်သည်။

"ဘာဖြစ်နေတာလဲ"

ချန်ကွမ်းယောင် ကိုယ်တိုင်လည်း မှင်တက်နေမိရာ စည်းကမ်းထိန်းသိမ်းဖို့ တာဝန်ကိုတောင် မေ့လျော့နေတော့သည်။

"မြူတွေ"

"မြူတွေ ပြန်လာပြီ"

"ကြည့်ကြဦး... အားလုံး ကြည့်ကြဦး"

...

ဟူလောင်တောင်ကြား အပြင်ဘက်မှာ စုစည်းနေတဲ့ မြူထုကြီးဟာ ရုတ်တရက် ပြန်လည် လှုပ်ရှားလာပြီး တပ်မတော်ကြီးရှိရာ အရပ်ဆီသို့ လိပ်တက်လာတော့သည်။

"ဒါက ဘာကြီးလဲ"

"ဘုရားရေ"

"ဒီမြူတွေက အသက်ရှိနေတာလား"

...

မြူထုကြီး နီးကပ်လာတာနဲ့အမျှ အတွင်းထဲကနေ ထွက်ပေါ်လာတဲ့ အသံတွေကိုလည်း သဲ့သဲ့ ကြားလာရသည်။

အဲ့ဒီအသံတွေကတော့...

မြင်းခွာသံတွေ။

ပြီးတော့ စစ်ဗုံတီးသံတွေ။

"ဗုန်း... ဗုန်း... ဗုန်း..."

"ဒုန်း... ဒုန်း... ဒုန်း..."

အသံတွေက ပိုပိုပြီး ရှင်းလင်းလာသည်။

နန်ရွှီ စစ်သည်တွေဟာ မြေပြင်တုန်ခါလာတာကို ခံစားလာရသလို နားကွဲမတတ် ထွက်ပေါ်လာတဲ့ စစ်ဗုံသံတွေကြောင့် သူတို့ရဲ့ ရင်ထဲမှာပါ တုန်လှုပ်လာတော့သည်။ ခဏချင်းအတွင်းမှာပဲ မိုင်ပေါင်းများစွာ ဝေးကွာနေတဲ့ မြူထုကြီးဟာ နန်ရွှီ ရှေ့တန်းတပ်တွေဆီကို ရောက်ရှိလာခဲ့သည်။

"မကောင်းတော့ဘူး"

"ဒါက ရန်သူ..."

ချန်ကွမ်းယောင် တစ်ခုခုကို သတိပြုမိလိုက်သော်လည်း သူ အော်ဟစ်ဖို့ မမီလိုက်ပေ။ မြူထုထဲကနေ လျှပ်စီးအလား မြှားတစ်စင်း ပြေးထွက်လာပြီး သူ့ရဲ့ လည်ပင်းကို ဘာသတိပေးချက်မှ မရှိဘဲ ထိုးဖောက်သွားတော့သည်။

"ဗုန်း.."

သူသည် မြင်းပေါ်ကနေ အသက်မဲ့စွာ ပြုတ်ကျသွားတော့သည်။

"ရန်သူတွေ လာပြီ"

"ဝိုင်းရံခံလိုက်ရပြီ"

ထိုအချိန်မှာပင်။

နန်ရွှီ စစ်သည်တွေဟာ ရန်သူက မြူတွေထဲမှာ ပုန်းနေတာကို နောက်ဆုံးမှာတော့ သတိပြုမိသွားကြပြီ ဖြစ်သည်။

ကံဆိုးတာကတော့။

အားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ခဏချင်းအတွင်းမှာတင် ထူထပ်လှတဲ့ မြူထုကြီးက ရှေ့တန်းတပ် တစ်ခုလုံးကို ဝါးမျိုသွားတော့သည်။

မြူတွေထဲကို ရောက်သွားပြီးတဲ့နောက်မှာတော့...။

All Chapters