လူများရဲ့ ကြောက်ဖို့ ကောင်းတဲ့ နှလုံးသားများ
Vol. 26 Ch. 251
ငါက စိတ်ကျန်းမာရေး ဆရာ၀န်ဆိုတာ တကယ်ပါ
ဘာသာပြန် - ထွန်းလင်းအောင်
ကျိုးခဲ့ရှင်း သိချင်စိတ်ကို မထိန်းနိုင်စွာဖြင့် “ အဲ့ဒီ ဆန်စုန်းမက ဘာစကားတွေများ ပြောလိုက်လို့ ဂျိုအန်းနာလို မိန်းကလေးမျိုးကို ဒီလိုပုံစံမျိုး ဖြစ်လာရတာလဲတဲ့ ….”
ချန်ယွီ့က ဂျိုအန်းနာကို တစ်ချက်ကြည့်လိုက်၏။
ဂျိုအန်းနာက ဘဝင်ခိုက်သည့် အပြုံးကို ဆက်လက် ထိန်းထားရင်း ချန်ယွီ့ကို ခေါင်းညိတ်ပြသည်။
ဤသည်ကို မြင်တော့ ချန်ယွီ့ ပြောလိုက်၏။ “ အခမ်းအနားပြီးတော့ ဆန်းစုန်းက ထူးဆန်းတဲ့ စကားတွေကို သူ့ဘာသူ ရေရွတ်လာတယ် …”
“ တကယ်လို့ သူသာ မတော်တဆ ဖြစ်ပြီး သေသွားခဲ့မယ်ဆိုရင် လူဝင်စားပြီးတာ ကြာပြီ … ဝိဉာဏ်ဆင့်ခေါ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”
“ အဲ့စကားက ဂျိုအန်းနာရဲ့ ဦးခေါင်းကို ပိဿချိန်တူကြီးနဲ့ ထုနှက်လိုက်သလို မူးဝေသွားစေခဲ့တယ် ….”
“ ဖြောင်း ဖြောင်း ဖြောင်း ….”
ဂျိုအန်းနာ လက်ခုပ်လက်ဝါး တီးလိုက်၏။
“ ဒေါက်တာချန် … ရှင်က နတ်မင်းတစ်ပါး လူ့လောကထဲ ပြန်လည် ဝင်စားလာတဲ့ လူများလားလို့တောင်အောက်မေ့မိရတဲ့ အထိပါပဲ …”
“ ကျွန်မ အဲ့တုန်းက ဘယ်လိုတွေ ခံစားခဲ့ရလဲဆိုတာကို ရှင့်လက် မှောက်ခုန်လှန်သလို သိနေရုံ မကသေးဘူး …. စကားတစ်ခွန်းလေးတောင် မလွဲဘဲ ပြန်ပြောပြနိုင်နေတယ် ….”
“ လူနာရဲ့ စကားလုံးတွေ ၊ လုပ်ရပ်တွေ ၊ လူနာမျက်နှာပေါ်မှာ ဖြစ်ပေါ်လာတဲ့ မျက်နှာအမူအရာ သေးသေးလေးတွေကအစ သေချာ ပိုင်းခြား ဝေဖန်ပြီး လူနာရဲ့ အတိတ် အတွေ့အကြုံတွေကို ခန့်မှန်းကြည့်ကြတာ စိတ်ပညာရဲ့ အခြေခံ သဘောတရားပါပဲ ….” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်သည်။
သူ ထိုစကားမျိုး ပြောလိုက်သည်နှင့် ဂျိုအန်းနာက ချက်ချင်းပဲ လှောင်ပြောင်သရော်သည့် မျက်နှာအမူအရာမျိုး ပြုလုပ်လိုက်၏။
ချန်ယွီ့က လူတိုင်းကို အရူးလို့များ ထင်နေတာလား ….
တကယ်လို့ စိတ်ပညာရှင်တွေမှာသာ အဲ့လို လုပ်နိုင်တဲ့ အစွမ်းအစမျိုး ရှိလို့ကတော့ သူတို့အကုန်လုံးကို အမှုဖြေရှင်းပေးဖို့ ရဲတွေ ခေါ်ယူပြီးတာ ကြာပြီပေါ့ …
“ စစချင်းတုန်းကတော့ မင်းက ဆန်စုန်းမရဲ့ အစွမ်းအစတွေကို မယုံကြည်နိုင်သေးဘူး ….” ချန်ယွီ့ ဆက်လက်၍ “ ဟိုက မင်းရဲ့ အိမ်နာမည်နဲ့ ပန်းနာရင်ကြပ် ပြန်ထလာသေးလား မေးတော့မှ မင်း သူ့ကို လုံးဝ ဥဿုံ ယုံကြည်သွားခဲ့တယ် ….”
“ ငယ်ငယ်တုန်းက အချိန်တစ်ခုလောက်အထိ မင်း ပန်းနာရင်ကြပ် ဖြစ်ခဲ့တယ်ဆိုတာကို သိတဲ့လူက မင်းအမေတစ်ဦးတည်း ရှိတယ် ….”
“ ဆေးခန်း ခေါ်သွားပြပေးတာကလည်း မင်းရဲ့ အမေ … ၊ မင်းကို ဂရုစိုက်ပေးပြီး ပြန်သက်သာလာအောင် ဂရုစိုက်ပေးခဲ့တာကလည်း မင်းရဲ့ အမေ ….”
“ အဲ့ဒီ အတောအတွင်းက ဖြစ်ပျက်ခဲ့တဲ့ အရာသေးသေးလေးတိုင်းကို သူတစ်ယောက်တည်းပဲ သိတယ် ….”
ဂျိုအန်းနာ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
သွေးဆာလောင်မှုနှင့် ရူးသွပ်မှုတို့က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး မျက်ရည်စက်တို့က မျက်လုံးအိမ်ထဲကနေ တစ်စက်ချင်း စီးကျလာလေသည်။
ဆန်စုန်းမက သူမ အမေ မတော်တဆ ဖြစ်ပြီး ဆုံးပါးသွားခဲ့တာ မဟုတ်ဘူးဟု စကားဆိုလာသည့် အချိန်တုန်းက ဂျိုအန်းနာသည် အဆိုပါ အဖြစ်အပျက်ကို ခေါင်းထဲ ချက်ချင်းပဲ ပြန်အမှတ်ရလိုက်သည်။
နောက်တစ်နေ့၌ ဂျိုအန်းနာသည် သူမ၏ အခန်းဖော် သူငယ်ချင်းနှင့်အတူ ဆန်စုန်းမ၏ အိမ်သို့ နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့၏။
သူမ တစ်စုံတစ်ရာ မေးမြန်းဖို့ မေ့လျော့နေသည်ဟု အကြောင်းပြချက်ပေးရင်း ဆန်စုန်းမကို မိခင်ဖြစ်သူ၏ ဝိဉာဏ်အား ပြန်လည် ဆင့်ခေါ်ခိုင်းခဲ့သည်။
ဒုတိယအကြိမ် သားအမိနှစ်ယောက် ဆုံတွေ့သည့် အချိန်၌ ဂျိုအန်နာသည် လိုရင်းကို တိုက်ရိုက်ပဲ သွားလိုက်ပြီး သူမ အမေ အသတ်ခံခဲ့ရသောကြောင့် သေဆုံးသွားခဲ့လားဆိုတာကို မေးသည်။
ဆန်းစုန်းမ၏ အမူအရာက စိုးရိမ်တုန်လှုပ်နေပြီး မသက်မသာ ဖြစ်နေသည်။
သူမ ထပ်ခါတလဲလဲ ငြင်း၏။ ခြေချော်ပြီး ဟန်ချက်ပျက်၍ ကိုယ့်ဘာကိုယ် ပြုတ်ကျခဲ့တာဟုသာ ဆိုနေခဲ့သည်။
သူမ အမေ မဟုတ်ဘူးဟု ခေါင်းခံငြင်းနေလေလေ၊ ဂျိုအန်းနာကတော့ ပို၍ မယုံကြည်နိုင် ဖြစ်လာလေလေပင်။
ထိုအချိန်၌ … သူမ တစ်ကြိမ်တစ်ခါမျှ မလုပ်ခဲ့ဖူးသည့် လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့၏။
သစ်သီးလှီးဓားကို သူမ၏ လည်ပင်းပေါ် တင်လိုက်ပြီး အမေဖြစ်သူ အမှန်အတိုင်း ပြောဆိုလာစေရန် တွန်းအားပေးခဲ့သည်။
သမီးဖြစ်သူ ရူးမိုက်သည့် အရာများ ပြုလုပ်လာမှာကို စိုးရိမ်မိသည့် အတွက် မိခင်ဖြစ်သူလည်း ရွေးချယ်စရာ မရှိသည့် အဆုံး အမှန်အတိုင်း ပြောပြလိုက်ရတော့သည်။
သူမ အမေကို ဖခင် ဖြစ်သူက သတ်ဖြတ်ခဲ့၏။ ထို့ပြင် မသေမီ အချိန်တုန်းကလည်း ဖခင်၏ အငယ်အနှောင်း ယောင်လင်၏ မကြာခဏ အနိုင်ကျင့် စော်ကားခြင်းကို ခံခဲ့ရသည်။
သူမ၏ အဖေကတော့ မိခင်ဖြစ်သူအတွက် တရားမျှတမှု ရရှိအောင် မလုပ်ပေးသည့်အပြင် သူမ အမေ၏ အမှားဟုသာ ဘက်လိုက်တွေးပြီး အမြဲတစေ လက်သီးနှင့်ထိုး ၊ ခြေထောက်နှင့် ကန်ကျောက်၊ ဆဲဆိုကြိမ်းမောင်းခြင်းတို့ ပြုလုပ်လေ့ရှိ၏။
ထိုအချိန်၌ ဒေါသမီးက သူမ၏ ရင်ဘက်ထဲတွင် ပြင်းပြစွာ တောက်လောင်လာသည်။
ပထမဆုံးအကြိမ်အဖြစ် … ဂျိုအန်းနာ တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုစိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာမိတော့သည်။
ဝိဉာဏ်ဖြစ်နေသည့် သူမ၏ မိခင်ကတော့ သူမကို တားရှာသည်။
သူမ၏ ကံဆိုးမှုက ဖြစ်ပြီးခဲ့ပြီ ဖြစ်၏။ လူကလည်း သေပြီးနေလေပြီ။ အသက်ရှင်နေသူကတော့ ဆက်ပြီး အသက်ရှင်သွားရမှာပဲ ဖြစ်၏။
အကယ်၍ သမီးဖြစ်သူကသာ ယောင်လင်နှင့် ချောင်ပိုင်ရွှမ်တို့ကို သူမအား လက်စားချေဖို့အတွက် သတ်ဖြတ်လိုက်မည်ဆိုပါက တစ်မိသားစုလုံး ပြိုကွဲသွားရုံမျှမက ဂျိုအန်းနာကိုယ်တိုင်လည်း ထောင်ကျသွားလိမ့်မည်။
အဆုံးတွင် စောင့်မျှော်နေမည့် အရာကား သေခြင်းတရာပင်။
သမီးဖြစ်သူ သူမကိုယ်စား လက်စားချေမှာကို စိုးရိမ်သည့် အတွက်ကြောင့်လည်း ကနေဦးတုန်းက သူမ ဆက်တိုက် ငြင်းဆန်နေခဲ့ခြင်းပင်။
ချန်ယွီ့က ဂျိုအန်းနာ တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့သည့် အတွေးများကို စကားခွန်းအနည်းငယ်ဖြင့် ထုတ်ဖော်ပြသလိုက်သည်။
မလှုပ်ရှားနိုင် ဖြစ်နေသည့် ချောင်ပိုင်ရွှမ်နှင့် ယောင်လင်တို့မှာ သူတို့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာသည်အထိ ကြောက်ရွံ့နေမိတော့၏။
ဂျိုအန်းနာသည် သူတို့၏ လုပ်ရပ်များကို ထိုသို့သော နည်းလမ်းမျိုးဖြင့် ရှာတွေ့သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြချေ။
သူ သတ်ခဲ့သည့် ပထမဇနီးကလည်း သူ့လုပ်ရပ်ကို လျှို့ဝှက်ထားဖို့ ရွေးချယ်လိမ့်မည်ဟုလည်း မျှော်လင့်ထားမထားခဲ့ပါချေ။
“ အမေက တကယ်ပဲ တုံးအလွန်းတယ် ….”
ဂျိုအန်းနာက သူမ၏ မျက်ရည်များအား သုတ်လိုက်ပြီး “ သူပြောတဲ့ မိသားစုဆိုတာ ကျွန်မရဲ့ မိသားစု မဟုတ်တော့ဘူးဆိုတာကိုတော့ သူ ဘယ်သိမလဲ ….”
“ ယောင်လင်နဲ့ သူ့မျိုးမစစ်သားလေး အိမ်ထဲ ဝင်လာပါပြီဆိုကတည်းက ချောင်ပိုင်ရွှမ်က သူတို့နှစ်ဦးအပေါ်မှာပဲ အာရုံစိုက်ထားတယ် …”
ထိုအချိန်၌ ဂျိုအန်းနာက သွေးဆာသည့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး “ ယောင်လင် …. နင် ထူးဆန်းတယ်လို့ မထင်ဘူးလား … ချောင်ပိုင်ရွှမ်က ငါ့ကို အပနှင်ဖို့ ဘာကြောင့် အဲ့လောက်ထိ ပိုက်ဆံအများကြီး ကုန်ကျနေတယ်လို့ ထင်လဲ ….”
“ ငါ နင်တို့ မိသားစုထဲ ဝင်ချင်တာကိုတော့ လက်ခံတယ် … ဒါပေမယ့် နင့်အမေကို သတ်ဖို့တော့ နင့်အဖေကို ဖိအားမပေးခဲ့ဖူးဘူး ….” ယောင်လင်က ကြောက်ကြောက်လန့်လန့်နှင့် ပြောဆိုလိုက်ပြီး “ နင့် အဖေက သူ့စိတ်နဲ့သူ နင့်အမေကို သတ်ခဲ့တာ ….”
“ ငါလည်း ဘယ်တုန်းကမှ လွယ်ကူမနေခဲ့ဘူး … ဒါကြောင့်မို့ ဘုရားကျောင်းကို သွားပြီး မကြာခဏဆိုသလို သူ့အတွက် အမွှေးနံ့သာတွေ ထွန်းပေးပြီး နင့်အမေကို ဆုတောင်းပေးနေတာပဲ …..”
“ ရှင် လူတွေကိုပဲ အရူးလုပ်လို့ရမယ် … သရဲတွေကိုတော့ လုပ်လို့မရဘူး …” ဂျိုအန်းနာက နှာမှုတ်လိုက်ပြီး “ ကျွန်မ အမေ သေပြီး ခုနစ်ရက်ပြည့်တဲ့နေ့မှာ သူ အိမ်ရောက်လာတယ် … ကျွန်မကို နောက်ဆုံးအကြိမ် လာကြည့်ဖို့ပေါ့ … ဒါပေမယ့် သူ ရှင်တို့နှစ်ယောက် ပြောနေကြတဲ့ စကားတစ်ခွန်းကို မတော်တဆ ကြားလိုက်ရတယ် ….”
“ ရှင်ဘုရားကျောင်းသွားပြီး အမွှေးတိုင် ထွန်းပေးတယ်ဆိုတာက ကျွန်မအမေအတွက် ဆုတောင်းပေးဖို့ မဟုတ်ဘူး … ရှင့်ကိုယ်ရှင် လူကောင်းပုံစံ ဖမ်းချင်လို့ပဲ ….”
“ တခြားလူတွေကတော့ ရှင့်ကို သနားကြင်နာတတ်တဲ့ မိထွေး ၊ စာနာစိတ်ရှိတဲ့ မိထွေးလို့ မြင်ရင် မြင်ကြမှာပေါ့ ….”
“ ထားပါ … အဲ့ဒါတွေအကုန်လုံးက ပြီးခဲ့တဲ့ အတိတ်မှာပဲ … ရှင့် ရည်ရွယ်ချက်က ဘာပဲ ဖြစ်နေပါစေ … ကျွန်မအမေအတွက် ဆုတောင်းပေးခဲ့တာကတော့ ဟုတ်နေတာပဲ ….”
“ ဒီအကြောင်းအရင်းကြောင့်ပဲ ရှင့်ကို ဖြေရှင်းချက်တစ်ခုနဲ့ သေခွင့်ပြုပေးမယ် ….”
ချောင်ပိုင်ရွှမ်က ယွမ်သန်းငါးဆယ်ထုတ်ပြီး ဂျိုအန်းနာကို အပနှင်ပေးဖို့ ကြိုးစားခဲ့သည်။ သို့ပေမယ့်လည်း သူမ သမီးကို စိုးရိမ်သောကြောင့်တော့ မဟုတ်။ ဂျိုအန်းနာ သေဆုံးသွားခြင်း၊ မဟုတ်လည်း ရူးသွပ်သွားမှာကို ကြောက်ရွံ့သောကြောင့်ပင်။
အကယ်၍ ဂျိုအန်းနာသာ တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုပါက ချောင်ပိုင်ရွှမ်၏ အကြံအစည်သည်လည်း ဆက်လက် လည်ပတ်နိုင်တော့မှာ မဟုတ်ချေ။
“ အကြံအစည်ဟုတ်လား … ဘာအကြံအစည်လဲ ….”
ယောင်လင် မသိစိတ်အလျောက် မေးမြန်းလိုက်မိ၏။
“ သူက ကျွန်မကို ပစ္စည်းတစ်ခုလို သဘောထားပြီး ဒိတ်ဒိတ်ကျဲ တစ်ယောက်ဆီ ရောင်းဖို့ လုပ်နေတာလေ ….”
ပြောဆိုပြီးနောက် ဂျိုအန်းနာက တစ်ဖက်သို့လှည့်ပြီး ချန်ယွီ့ကို ချိုသာစွာ ပြုံးပြလိုက်သည်။
“ ဒေါက်တာချန် … ဒီ အဘိုးကြီး ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတာ ရှင်လည်း သိတယ်မလား ….”
“ ဟင်း ….”
ချန်ယွီ့ ညင်သာစွာ သက်ပြင်းချလိုက်သည်။
“ ဒီလို မြင်မကောင်း၊ ကြားမကောင်း၊ ကိုယ့်ပေါင်ကိုယ်လှန်းထောင်းတဲ့ကိစ္စရပ်မျိုးကို အပြင်လူတွေ ရှေ့မှာ ဒီလိုမျိုးပဲ ဖော်ထုတ်တော့မလို့လား ….”
“ မြင်မကောင်းဘူးဆိုမှတော့ အပြင်ထုတ်ပြီး နေပူထဲ အခြောက်လှန်းလိုက်တာက ပိုမကောင်းဘူးလား ….”
ဂျိုအန်းနာ ပြုံးလိုက်၏။ “ ဒေါက်တာချန် … “
“ ရှင် မရေမတွက်နိုင်တဲ့ လူတွေနဲ့ ဆုံခဲ့ဖူးတယ် ….”
“ ကျွန်မတို့လို မိသားစုမျိုးနဲ့ရော ရှင်ကြုံဖူးလား …..”
“ အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် …. ဟင့်အင်း … “
ချန်ယွီ့ ခေါင်းခါယမ်းလိုက်သည်။
လူတိုင်း၏ ဦးနှောက်ထဲတွင် အတွေးပေါင်း ရာနှင့်ချီ ဖြတ်ပြေးသွားခဲ့၏။
မြင်မကောင်းတဲ့ ဖခင်၊ မြင်မကောင်းတဲ့သမီး၊ ပြီးတော့ ယုတ်မာတဲ့ မယားငယ်။
ရိုးသားဟန်တူတဲ့ ဘဏ္ဍာထိန်းကတောင် ဒီလို ပတ်ဝန်းကျင်မျိုးမှာ ဘယ်လိုမျိုး အလိုက်သင့် နေထိုင်ရမလဲဆိုတာ သိနေတယ် …
ဒီအိမ်မှာ သန့်ရှင်းတဲ့အရာဆိုလို့ မျက်နှာကျက် တစ်ခုတည်းပဲ ရှိလိမ့်မယ် ….
ယခုအချိန်၌ ချောင်ပိုင်ရွှမ်စိတ်ထဲ တစ်ခုတည်းသာ ဖြစ်ချင်နေမိသည်။ ယင်းကတော့ သတိလစ်သွားဖို့ ဖြစ်၏။
သွေးအေးရက်စက်သည့် ချောင်ပိုင်ရွှမ်က မကောင်းသည့် လုပ်ရပ်အများအပြားကို လူမသိ၊ သူမသိ ပြုလုပ်ခဲ့ဖူးသည်။ သို့သော် ထိုသို့ဆိုတိုင်း အခြားသူများက သူ လုပ်ခဲ့သည့် မကောင်းမှုများကို ပြောဆိုနေချိန်၌ တည်ငြိမ်သည့် နှလုံးသားဖြင့် နားထောင်နိုင်လိမ့်မည်ဟု မဆိုလိုပေ။
“ အိုးမိုင်ဂေါ့ ဘုရားရေ … ငါ ဒီနေ့ လာခဲ့တာ အလကား မဖြစ်ဘူးပဲ …. အတင်းအဖျင်းတွေက တုန်လှုပ်စရာကြီးတွေ ….”
ကျိုးခဲ့ရှင်း သက်ပြင်းရှိုက်မိသွားခဲ့သည်။
ကနေဦးတုန်းကတော့ သူမ ဤနေရာသို့ လိုက်လာခဲ့သည်မှာ ချန်ယွီ့၏ အစွမ်းက မည်ရွေ့မည်မျှ ရှိမလဲဆိုတာကို ကိုယ်ပိုင် မျက်လုံးနှင့် တပ်အပ်မြင်လိုသောကြောင့်ဖြစ်သည်။
ထင်မှတ်မထားစွာဖြင့် … သရဲဖမ်းသည့် မြင်ကွင်းနှင့် အပနှင်သည့် မြင်ကွင်းက အစမျှသာ ရှိသေး၏။ ကြောက်စရာအကောင်းဆုံးက သရဲမဟုတ်ပါဘဲ ဤလူများ၏ နှလုံးသားများ ဖြစ်လို့နေသည်။
“ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ယောင်လင် ဟိုတယ်တစ်ခုကို အမျိုးသားတစ်ယောက်နဲ့ မကြာခဏ သွားနေတယ်ဆိုပြီး သတင်းရခဲ့တယ် ….” ချန်ယွီ့ တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး “ မင်းရဲ့ အဖေလည်း အဲ့တော့ကျမှ သူ ဦးထုပ်စိမ်း ဆောင်းပေးခံနေရပြီဆိုတာကို သတိထားမိသွားတော့တယ် ….”
“ ယောင်လင်နဲ့ သူ့ရဲ့ ချစ်သူက တက္ကသိုလ်အတူတက်တဲ့ သူငယ်ချင်းတွေ … ပြီးတော့ အရင်ရည်စားဟောင်းတွေ ဖြစ်ဖူးကြတယ် ….”
“ သူတို့နှစ်ဦးကြား ဆက်ဆံရေးက ဘယ်တုန်းကမှ မပျက်ယွင်းသွားခဲ့သလို ဆယ်နှစ်ကျော်ကြာတဲ့အထိ ခိုင်မြဲနေခဲ့တယ် ….”
“ အဲ့ဒီ သက်သေ သတင်းအချက်ကို လက်ထဲရပြီးတာနဲ့ ခင်များက ခင်များရဲ့ သတင်းပေးကို ချက်ချင်း လှုပ်ရှားဖို့ အမိန့်မပေးခဲ့ဘူး ….”
“ ချက်ချင်းပဲ ခင်များရဲ့ အငယ်ဆုံးသားကို DNA စစ်ဆေးမှု လုပ်တယ် ….”
“ ရလဒ်ထွက်လာခဲ့တာက … ခင်များတို့နှစ်ယောက်က သွေးသားရင်းတွေ မဟုတ်ကြဘူး ….”
“ ပြီးတော့ သတင်းပေးကလည်း ခင်များရဲ့ အယုံကြည်ရဆုံး ဘဏ္ဍာထိန်းကလွဲပြီး အခြားသူ ဟုတ်မနေဘူး ….”
“ သူ ဒီကိစ္စကို ဘာလို့ သိနေရလဲဆိုတာကတော့ …..”
ချန်ယွီ့ ဂျိုအန်းနာကို ကြည့်လိုက်သည်။
ယင်းက ဘာကြောင့်ဆိုတော့ အရာအားလုံး၏ နောက်ကွယ်တွင် သူမ၏ စီမံမှုတို့ ရှိနေသောကြောင့် ဖြစ်၏။