လက်စားချေဖို့ နည်းလမ်းအမှန်
Vol. 26 Ch. 253
သူ့ဇနီးသည်ကို သတ်ပြီးနောက်တွင် ချောင်ပိုင်ရွှမ်သည် နေ့ရက်တိုင်းကို ကြောက်လန့်မှုများ ၊ မသက်မသာ ဖြစ်မှုများနှင့် ကုန်ဆုံးခဲ့ရသည်။
ဇနီးဟောင်းဖြစ်သူနှင့် ရုပ်ချင်း အတော်လေး ဆင်တူသည့် ဂျိုအန်းနာ၏ မျက်နှာက ချောင်ပိုင်ရွှမ်ကို သူ့မိန်းမအကြောင်းများ နေ့စဉ်ရက်ဆက် သတိရအောင် ပြုလုပ်နေလျက်ရှိသည်။
လူတိုင်းရှေ့တွင်တော့ သူက ဒေသခံ တိုင်ကွန်းကြီး တစ်ဦး ဖြစ်၏။
မမြင်ရသည့် လူတိုင်း၏ နောက်ကွယ်တွင်တော့ … သူက လူသတ်သမား တစ်ဦးပင်။
“ ငါ မင်းအမေကို လှေကားထစ်ပေါ်ကနေ တွန်းချခဲ့တယ် …. သူလည်း ပြုတ်ကျပြီး သေသွားခဲ့တယ် … ယွမ်သန်း ငါးဆယ်ထုတ်ပြီး မင်းကို အပနှင်ပေးဖို့ လုပ်တာကလည်း မင်း တစ်ခုခု ဖြစ်သွားပြီး ငါ့ မိတ်ဆွေဟောင်းနဲ့ လက်မထပ်နိုင်တော့မှာကို စိုးရိမ်လို့ပဲ ….”
“ အစကတည်းကနေ ငါမင်းကို ငါ့ သမီးအရင်းလိုမျိုး ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဖူးဘူး ….”
“ မင်းရဲ့ မျက်နှာ မြင်မိတိုင်း အဲ့ဒီ ဝါကျင်ကျင် မျက်နှာနဲ့ မိန်းမကိုပဲ စိတ်ထဲ ပြေးမြင်မိတယ် …”
“ သူ သေသွားခဲ့တယ် … ဒါပေမယ့် သူ့မျက်နှာကိုတော့ မင်းဆီ ချန်ရစ်ပေးခဲ့တုန်းပဲ ….”
“ မင်းကို မြင်လိုက်တုန်း အဲ့နေ့တုန်းက မြင်ကွင်းကို ဦးနှောက်ထဲ ထပ်ခါတလဲလဲ မြင်ယောင်မိလာတယ် ….”
“ ဟုတ်လား … မပူနဲ့ … ရှင် မကြာခင် မှတ်မိစရာ မလိုတော့ပါဘူး ….”
“ ကျွန်မရဲ့ ဖခင်ကောင်း ပီသတဲ့ ဖေဖေကြီး … ရှင်က လောကကြီးထဲ အကောင်းဆုံး အဖေပဲ …. အပျက်မတစ်ယောက်နဲ့ မျိုးမစစ် သားလေး အတွက်နဲ့ ရှင်က ကိုယ့်ဇနီးကိုယ် သတ်ဖို့ ဝန်မလေးခဲ့ဘူး ….”
“ မျိုးမစစ်သားလေးက ရှင့်သွေးသား မဟုတ်ပါဘူးဆိုတာကို သိသွားတာတောင် ရှင့်လို ရက်စက်တဲ့ လူတစ်ယောက်က သူနဲ့ မခွဲနိုင် မခွာရက် ဖြစ်နေတယ် ….”
“ ရှင်က မခွဲနိုင်ဘူးဆိုတော့လည်း … ကျွန်မက ရှင်တို့ သုံးယောက်ကို ပေါင်းစည်းဖို့ လုပ်ပေးရတော့မှာပေါ့ ….”
“ ရှင်တို့ သားမိသားဖ သုံးယောက်လုံး တမလွန်ခရီးလမ်းကို အတူသွားခွင့် ပြုပေးမယ် … ကျွန်မကို မွေးပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်တယ်ပဲ မှတ်လိုက် ….”
ဂျိုအန်းနာ၏ အပြုံးက သရဲသဘက်တစ်ကောင်နှယ် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။ သူမ၏ အသံထဲတွင် လက်စားချေနိုင်တော့မည်ဟူသော သာယာကြည်နူးမှုတို့ ပြည့်နှက်နေသည်။
“ ရှင်တို့သုံးယောက်လုံးကို ကိုယ့်လမ်းကိုယ် ပို့ပေးမယ်ဆိုပေမယ့် ငရဲမှာ ရှင်တို သားအဖသုံးယောက်လုံး အတူဆုံဆည်းခွင့်တော့ မပြုပေးနိုင်ဘူး ….”
“ ရှင့်ရဲ့ ဝိဉာဏ်ကို ချုပ်နှောင်ထားပြီး ငရဲမီးနဲ့ နေ့ရောညပါ နှိပ်စက်မယ် ….”
“ လုံးဝ ပျောက်ကွယ်သွားတဲ့အထိ ရှင့်ရဲ့ ခန္ဓာနဲ့ ဝိဉာဏ်ကို လောင်မြိုက်ပေးမယ် …. ဒီလောကကြီးထဲကနေ ပြာမှုန်အဖြစ်နဲ့ လုံးဝ ပျောက်ကွယ်သွားစေရမယ် ….”
“ အဖေ …” ဂျိုအန်းနာက ချောင်ပိုင်ရွှမ်ကို မေးစေ့ကနေ ပင့်လိုက်ပြီး “ ရှင့်သမီးဆီက ပေးတဲ့ လက်ဆောင်ကို နှစ်သက်တယ်မလားဟင် ….”
ဂျိုအန်းနာ ဖြူစင်အပြစ်ကင်းစင်သည့် လေသံဖြင့် မေးမြန်းလိုက်၏။
သူ သေပြီးနောက်မှာပင် သရဲ မဖြစ်နိုင်တော့ဘူးဆိုတာကို သိလိုက်ရတော့ ချောင်ပိုင်ရွှမ်သည် အလွန် အေးစိမ့်သည့် ရေခဲလှိုဏ်ဂူအတွင်း ရောက်ရှိသွားသည့်နှယ် တစ်ကိုယ်လုံး အေးစက်တုန်ခိုက်သွားခဲ့သည်။
သူ့ ခန္ဓာကိုယ်အတွင်းရှိ သွေးများလည်း အေးခဲသွား၏။
ဂျိုအန်းနာက သူ့ကို အရိုးထဲထိ မုန်းတီးနေသည်။
သူမက သူ့ကို လူပြန်ဝင်စားခွင့်ပင် မပေးပေ။
“ ဒေါက်တာချန် … ကျွန်မ ရှင့်ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖိတ်ခေါ်လိုက်တယ်ဆိုပေမယ့် ရှင့်ကို ကျေးဇူးတော့ တင်ရဦးမယ် …” ဂျိုအန်းနာ ပြုံးလိုက်ပြီး “ ရှင်နဲ့ မိန်းကလေးကျိုးတို့ ထွက်ပေါ်လာတာက သူတို့က သေသင့် သေထိုက်တဲ့လူတွေဆိုတာကို သိတဲ့လူ လောကကြီးထဲ နှစ်ယောက်ပိုလာတာနဲ့ တူတယ် …”
“ ရှင် ကျွန်မအတွက် ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးမယ်မလား ဒေါက်တာချန် …”
“ ငါက ဘာလို့ မင်းအတွက် ထိန်းသိမ်းထားပေးရမှာ ….” ချန်ယွီ့က သာမန်လျှံကာ အမူအရာဖြင့် ပြန်မေးလိုက်၏။
“ ဘာလို့ဆို ရှင် မငြင်းဆန်နိုင်မယ့် လက်ဆောင်တစ်ခုကို ကျွန်မ ပေးမှာကြောင့်ပဲ ….”
ဂျိုအန်းနာက ချန်ယွီ့ထံသို့ လျှောက်လှမ်းလာခဲ့ပြီး သူမ၏ အင်္ကျီအဝတ်အစားများကို ချွတ်တော့သည်။
ဤသည်ကို မြင်တော့ ကျိုးခဲ့ရှင်း ကြက်သေသေသွားခဲ့၏။
ဂျိုအန်းနာ၏ အဝတ်အစားများ တစ်ထည်ပြီး တစ်ထည် ကြမ်းပြင်ပေါ် ပြုတ်ကျလာသည်။
ခပ်ဖျော့ဖျော့ အပြုံးက ချန်ယွီ့၏ မျက်နှာထက်တွင် တွဲလဲခိုနေသည်။ သို့သော် သူ မည်သည့်အရာကိုမျှ ထုတ်ဖော်ပြသခြင်း မပြုခဲ့ပေ။
မကြာမီ ဂျိုအန်းနာ၏ ခန္ဓာကိုယ်ထက်၌ အတွင်းဝတ်များသာလျှင် ကျန်ရစ်တော့၏။
ချန်ယွီ့၏ ပခုံးပေါ် လက်တစ်ဖက် တင်ထားရင်း ကလူ မြှူဆွယ်သည့် လေသံဖြင့် “ ကျွန်မကိုယ် ကျွန်မ ရှင့်ဆီ ပုံအပ်ပေးမယ် …. နောင်ကျ ရှင်လိုချင်တဲ့အခါတိုင်း ရှင့်ဘေးနားကို ကျွန်မရောက်လာပေးမယ် … ဒီလောက်ဆို ကျွန်မအတွက် လျှို့ဝှက်ချက် ထိန်းသိမ်းပေးဖို့ လုံလောက်တယ်မလား ….”
“ ဒေါက်တာချန် … ဒီစောက်ကောင်မ ပေါက်ကရပြောတာတွေ နားမယောင်နဲ့ .. သူ့ကို သတ်လိုက် … ငါ့စည်းစိမ် တစ်ဝက် မင်းကို ပေးမယ် …”
ထိုအချိန်၌ ချောင်ပိုင်ရွှမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ချောင်မိသားစုအား ကူညီသန့်ရှင်းပေးဖို့ ချန်ယွီ့အား အကူအညီအတောင်းနေခဲ့၏။
ဂျိုအန်းနာကို ဖယ်ရှားပြီးနောက်တွင် ချောင်ပိုင်ရွှမ်က သူ့မိသားစု စည်းစိမ်တစ်ဝက်ကို ချန်ယွီ့ထံ ပေးအပ်မည်။ ကျိုးခဲ့ရှင်းသည်ပင် ပိုက်ဆံငွေ အမြောက်အများကို ဝေစု ရရှိနိုင်မည်။
“ ဒေါက်တာချန် … သူ့လို ဗီလိန်တစ်ယောက်က သူ့စကားသူ တည်မယ်လို့ ရှင်ထင်လား ….”
ဂျိုအန်းနာက သွယ်လျသည့် ရေမြွေတစ်ကောင်နှယ် ချန်ယွီ့၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေပြီး သူမ၏ ကျစ်လျစ်လှပသည့် ခန္ဓာကိုယ်အလှတရားကို အသုံးပြုပြီး အထိအတွေ့အာရုံဖြင့် ချန်ယွီ့ကို စတင် ဖျားယောင်းသွေးဆောင်တော့သည်။
သူမ၏ အသံထဲတွင် ငြင်းဆန်၍ မရနိုင်သည့် ဆွဲငင်မှုတို့ သယ်ဆောင်နေသည်။
“ လူကြီးမင်းချောင် … ကျုပ်အစွမ်းအစက သူ့ထက်သာမယ်လို့ ဘာလို့ အဲ့လောက်တောင် သေချာနိုင်ရတာ ….”
“ မင်း စောနတုန်းက သူလုပ်ခဲ့တဲ့အရာတွေကို ထုတ်ပြောခဲ့တယ် မဟုတ်ဘူးလား … မင်းရဲ့ အစွမ်းအစက သူ့ထက် အပုံကြီးသာတယ်ဆိုတာ ရှင်းနေဝာာပဲ ….”
ချောင်ပိုင်ရွှမ် အဆုတ်ပေါက်ကွဲမတတ် ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ဂျိုအန်းနာကိုလည်း သူ့သမီး မဟုတ်ပါဘဲ ဆာလောင်နေသည့် မြေခွေးတစ်ကောင်ဟု ကျိန်ဆဲနေခဲ့သည်။
အကယ်၍ ချန်ယွီ့သာ သူမ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ ကူညီပေးလိုက်မည်ဆိုပါက သူသည်လည်း မကြာခင် နှုတ်ပိတ်ဖို့ အသတ်ခံလိုက်ရမှာ ဖြစ်၏။
“ ငါက လူကောင်းမဟုတ်ဘူးဆိုပေမယ့် ငါ့မှာ အသိစိတ်တော့ ရှိသေးတယ် …. ငါ့စကားငါ ပြန်ရုပ်သိမ်းခဲ့မယ်ဆိုရင် မင်း ငါ့ကို သတ်လိုက်လို့ရတယ် ….”
“ ဂျိုအန်းနာကတော့ မတူဘူး… မင်းနဲ့သူနဲ့ နှစ်ယောက်လုံးက ဆန်းကြယ်ပညာရပ်တွေကို တတ်မြောက်ထားတဲ့လူတွေ … သူ့မှာ မင်းကို သတ်ဖို့ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ် ….”
ချောင်ပိုင်ရွှမ်က သူ့ကိုယ်သူနှင့် ဂျိုအန်းနာကို နှိုင်းယှဉ်ပြောခဲ့သည်။
သူ ဘယ်လောက်ပဲ ချမ်းသာနေပါစေ ၊ သာမန်လူတစ်ဦးမျှသာ ဖြစ်၏။
ဂျိုအန်းနာကတော့ အဆိပ်ပြင်းသည့် ကင်းမြီးကောက်မကဲ့သို့ နှလုံးသားမျိုးကို ပိုင်ဆိုင်ထားရုံမက ဆန်းကြယ်သည့် ပညာရပ်များကိုပါ တတ်မြောက်ထားသူပင်။
သူမနှင့် အလုပ်တွဲလုပ်သည်က ကျားထံသွားပြီး သူ့အရေပြားပေးဖို့ တောင်းဆိုနေသည်နှင့် မခြားပေ။
ဘေးတွင် ရှိနေသည့် ယောင်လင်ကလည်း သူမ၏ ခေါင်းကို သဘောတူညီစွာဖြင့် ဆက်တိုက်ညိတ်ပြလာသည်။
ဂျိုအန်းနာက ကောက်ကျစ်စွာ ပြုံးလိုက်၏။ “ ကျွန်မရဲ့ ခန္ဓာကိုယ်တင် ပုံအပ်ပေးနိုင်ရုံမကဘူး … ချောင်မိသားစုရဲ့ စည်းစိမ်ကိုလည်း ရှင်နဲ့အတူ ဝေမျှလို့ရတယ်နော်…”
“ ဒေါက်တာချန် … ရှင်က ရိုမဆန်တတ်တဲ့လူတော့ မဟုတ်လောက်ပါဘူးနော်….”
ဂျိုအန်းနာက ချန်ယွီ့နောက်ကို စက်ဝန်းပုံစံလည်ပတ်လိုက်ပြီး သူမ၏ လက်ချောင်းများက ချန်ယွီ့၏ လည်ပင်းကို ကျီစယ်နေလျက်ရှိသည်။
ကျိုးခဲ့ရှင်းက မျက်လုံးအမြန်မှိတ်လိုက်၏။
ထို့နောက် တိတ်တိတ်လေး ပြန်ဖွင့်ကြည့်လာသည်။
ဤကဲ့သို့ ဇာတ်လမ်းမျိုးက တီဗွီဖန်သားပြင်ပေါ်၌ပင် ကြည့်ချင်တိုင်း ကြည့်၍မရသည့် မြင်ကွင်းမျိုး ဖြစ်၏။
တန်လွန်းသည်။
နောက်တစ်စက္ကန့်၌ ချန်ယွီ့က ရုတ်တရက်ဆိုသလို ဂျိုအန်းနာ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
“ ငါသာ မင်းကို ဖြေရှင်းချင်တယ်ဆိုရင် သူနဲ့ သီးသန့်ရှိတဲ့အချိန် မင်းဘာတွေ လုပ်ခဲ့လဲဆိုတာကို ပြောပြလောက်ပြီးပြီ …”
“ မင်းက ထက်မြက်တဲ့ အမျိုးသမီး … ဒါပေမယ့် တုံးအတဲ့ မိန်းကလေးလည်း ဟုတ်တယ်….”
“ မင်းရဲ့ လက်သည်းတွေကို သွေးနဲ့ထိတာနဲ့ အဆိပ်သင့်စေတဲ့ အရည်တစ်မျိုးနဲ့ သုတ်လိမ်းထားတယ် … ငါ့အရေပြားထဲ မင်းရဲ့ လက်သည်းတွေ ထိုးဖောက်ဝင်သွားတာနဲ့ အဆိပ်တွေက ငါ့ကိုယ်ထဲကို ချက်ချင်းရောက်သွားလိမ့်မယ် ….”
“ ဒီ အဆိပ်က ဆင်တစ်ကောင်ကိုတောင် တုံးခနဲ လဲသေစေနိုင်တယ် … လူသားတစ်ယောက်ဆိုလို့ကတော့ ပြောမနေနဲ့တော့ …”
ဂျိုအန်းနာ ရင်တစ်ချက် ထိတ်သွားခဲ့သည်။
“ ကျွန်မ အဖေလို မြေခွေးအိုကြီးနဲ့ တိုက်ခိုက်ရတာက ကြိုးတန်းမျှင်ပေါ် လမ်းလျှောက်နေရတာနဲ့ အတူတူပဲ …”
“ တကယ်လို့ ကျွန်မက သတိမထားဘူးဆိုရင် ကျွန်မရဲ့ အားနည်းချက်တွေကို ဖောက်ထွင်းမြင်သွားနိုင်တယ် … ဒါကြောင့်မို့ ကျွန်မရဲ့ အသက်ကို ကာကွယ်ဖို့အတွက် လက်သည်းတွေမှာ အဆိပ်စိမ်ထားရတာပဲ ….”
“ လုပ်ထားတာက ကောင်းတယ် … ဒါပေမယ့် မင်းက မှားယွင်းတဲ့ နည်းလမ်းနဲ့ အသုံးချနေမိတာပဲ …”
ထိုသို့ ပြောပြီးနောက် ချန်ယွီ့က ဂျိုအန်းနာကို ကြမ်းပြင်သို့ တွန်းချလိုက်သည်။
“ မင်းက တခြားလူတွေကို လှည့်စားတဲ့နေရာမှာ ထူးချွန်တာတော့ ဝန်ခံရမယ် ….”
ဤစကားကြားတော့ ဂျိုအန်းနာက ချန်ယွီ့၏ ခြေထောက်ထံ တွားသွားတက်လာ၍ ပေါင်ကိုဖက်ထားပြီး “ ကျွန်မ မတုံးအဘူး … တကယ်လို့ ကျွန်မသာ ရှင့်ဆီကနေ ဘာကိုမှ ဝှက်ထားလို့ မရမယ်မှန်းသိရင် ဘာမှ မလုပ်ခဲ့ပါဘူး …” သူမက ချိုသာသည့် အမူအရာဖြင့် ပြောဆိုလိုက်၏။
“ ဒီတိုင်း စိတ်လှုပ်ရှားဖို့ကောင်းအောင် ရှင့်ကို ကျီစယ်နေရုံ သပ်သပ်ပါပဲ ….”
ကျိုးခဲ့ရှင်းမှာ ရှော့ခ်ရလွန်း၍ နှုတ်ခမ်းများ ပွင့်အာနေမိ၏။
ဂျိုအန်းနာရဲ့ စိတ်က ဘယ်လောက်တောင် သန်မာနေတာ …
စောနတုန်းကပဲ ချန်ယွီ့ကို သတ်ဖို့ လုပ်နေတယ် … အခု နောက်တစ်စက္ကန့်ကျတော့ ချန်ယွီ့ကို ဖျားယောင်းဖို့ ကြိုးစားနေပြန်ပြီ …
“ တစ်ခါတစ်လေမှာ သတ်ဖြတ်ခြင်းကပဲ လူတွေကို လက်စားချေဖို့ တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူး ….” ချန်ယွီ့က ဂျိုအန်းနာကို အပေါ်သို့ ထူမပေးပြီး ပြောလိုက်သည်။
“ ဟမ် ….”
“ သူတို့နှစ်ယောက်ကို လွှတ်ပေးဖို့ ပြောနေတာ မဟုတ်ဘူးမလား ….” ဂျိုအန်းနာ၏ အသံက အေးစက်သွားသည်။
ချန်ယွီ့ ဂျိုအန်းနား၏ နားအနားသို့ တိုးကပ်လိုက်၏။
ဂျိုအန်းနာ၏ အမူအရာမှာ စစချင်းတွင် အထင်သေးနေသော်လည်း ဖြည်းဖြည်းချင်း တည်ကြည်လေးနက်လာသည်။
“ ဒါက အလုပ်ဖြစ်မယ်ဆိုတာ ရှင်သေချာလား ….”
ဂျိုအန်းနာ မေးလိုက်သည်။
“ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က မင်းလက်ခုပ်ထဲက ရေဖြစ်နေပြီ … တကယ်လို့ အသုံးမဝင်ဘူးထင်တယ်ဆိုလည်း သူတို့ကို သတ်ဖို့ နောက်မကျသေးပါဘူး ….”
“ မင်းက လက်စားချေဖို့အတွက်နဲ့ ခါးသီးတဲ့ ဒုက္ခတွေကို အဲ့လောက်အများကြီး ခံစားခဲ့ရတာ နှစ်နည်းနည်းလောက် ထပ်စောင့်လိုက်လို့ ဘာမှ ဖြစ်မသွားပါဘူး ….”
ဂျိုအန်းနာက ချန်ယွီ့၏ အကြံဉာဏ်ကို အတန်ငယ်ကြာ တွေးတောလိုက်ပြီး စမ်းကြည့်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဟု ခံစားမိလိုက်သည်။
အကယ်၍ အကျိုးသက်ရောက်မှု ရှိမည်ဆိုပါက သေခြင်းတရားထက် လှပသည့် လက်စားချေမှုကြီးကို သူမ ခံစားမိနိုင်မည်။
“ ဂရုစိုက်ပါ ….”
ချန်ယွီ့က သူ့ကုတ်အင်္ကျီကို ကြမ်းပြင်ကနေ ကောက်ယူလိုက်ပြီး ဂျိုအန်းနာကို လွှမ်းခြုံပေးလိုက်သည်။
ချောင်မိသားစု စံအိမ်ထဲကနေ ထွက်လာပြီးနောက် ကျိုးခဲ့ရှင်းက သူမ၏ ခေါင်းကို စောင်းငဲ့ပြီး “ ဒေါက်တာချန် … ရှင် ဂျိုအန်းနာကို ဘာပြောလိုက်တာလဲ … သူ လက်စားချေမယ့် အကြံဉာဏ်ကို လက်လျှော့လိုက်တော့မှာလားတဲ့ …..”
“ နိုး … သူ့ရင်ထဲက အမုန်းတရားက သူ့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ … မသေမချင်း ဘယ်တော့မှ လက်လွှတ်နိုင်မှာ မဟုတ်ဘူး ….”
ချန်ယွီ့က ရှေ့သို့ လျှောက်လှမ်းရင်း မနှေးမမြန် ပြောလိုက်သည်။
ဂျိုအန်းနာက လက်စားချေမည့် အကြံဉာဏ်ကို လက်မလျှော့ဘူးဆိုသော်ငြား ချောင်ပိုင်ရွှမ်နှင့် ကျန်နှစ်ယောက်တို့ သေလိမ့်မည်လို့တော့ မဆိုလိုပေ …