← Chapters

၀န်ဆောင်မှု ချဲ့ထွင်ခြင်း

Vol. 26 Ch. 254

၀န်ဆောင်မှု ချဲ့ထွင်ခြင်း

Vol. 26 Ch. 254

" အဲ့လို မလုပ်လို့ မရဘူးလား... ကျွန်မက အပြင်လူလည်း မဟုတ်ဘဲနဲ့ကို ... ပြောပြပါလို့ ... "

ကျိုးခဲ့ရှင်းက ချန်ယွီ့နောက် တောက်လျှောက် လိုက်ကပ်နေပြီး အဖြေကို သိချင်နေသည်။

"ကောင်းကင်ရဲ့ လျှို့ဝှက်ချက်ဆိုတာ ထုတ်ပြောလို့ရတဲ့ အရာမဟုတ်ဘူး... နောင်ကျ မင်းသိလာလိမ့်မယ် ... "

ပြောဆိုပြီးနောက် ချန်ယွီ့ လမ်းဘေးတွင် တက္ကစီ တစ်စင်းငှားလိုက်သည်။

၎င်းတို့၏ ရုပ်လက္ခဏာကို ကြည့်ရသလောက် ချောင်ပိုင်ရွှမ်တွင် ခုနစ်နှစ် အချိန်ကျန်သေးပြီး ယောင်လင်ထံတွင် ဆယ့်ငါးနှစ် အချိန်ကျန်သေး၏။

သူတို့၏ အငယ်ဆုံးသားလေးကတော့ အသက် ငါးဆယ့်တစ်နှစ်အထိ နေသွားရဖို့ ရှိသည်။

ဤုသည်က ၎င်းတို့ သုံးဦး၏ သာမန် ဘ၀သက်တမ်းဖြစ်၏။ အကယ်၍ ဂျိုအန်းနာက သူတို့အားလုံးကို သတ်လိုက်မည်ဆိုလျှင် လက်စားချေမှုကို အောင်မြင်နိုင်သော်ငြားလည်း ကံအကျိုးဆက်၏ သက်ရောက်မှုကိုတော့ ခံရပေလိမ့်မည်။

အဆုံးတွင် သူမကိုယ်သူမ ပါ၀င်ငြှိစွန်းသွားနိုင်သည်။

အစောပိုင်းတုန်းက ချန်ယွီ့နှင့်ဂျိုအန်းနာတို့ အပေးအယူ တစ်ခု ပြုလုပ်ခဲ့သည်။

ယောင်လင်နှင့်‌ ချောင်ပိုင်ရွှမ်တို့ နှစ်ဦးက သေဖို့ထိုက်တန်သော်လည်း ယောင်လင်၏ သားငယ်ကတော့ ဘာမှ မသိသူဖြစ်သည်။

သူက မည်သည့်အရာကိုမျှ မသိပေ။

သူက ချောင်ပိုင်ရွှမ်၏ သွေးသားရင်းချာ မဟုတ်မှန်း မသိသကဲ့သို့ ယောင်လင်နှင့် ချောင်ပိုင်ရွှမ်တို့ အတိတ်တွင် ပြုလုပ်ခဲ့သည့် မကောင်းသည့် လုပ်ရပ်များကိုလည်း မသိပေ။

ချန်ယွီ့က ဂျိုအန်းနာကို ကလေးအား လွှတ်ပေးဖို့အတွက် အခြေအနေ တစ်ရပ်နှင့်အတူ ဂျိုအန်းနာ၏ လက်စားချေမှုအား ကူညီပေးခဲ့သည်။

ယင်စွမ်းအင် ပမာဏ တစ်ချို့ကို ယောင်လင်နှင့် ချောင်ပိုင်ရွှမ်တို့၏ ခန္ဓာကိုယ်တွင်းသို့ ထိုးသွင်းခဲ့၏။

ဤသည်က ၎င်းတို့၏ ကိုယ်တွင်းအင်္ဂါရပ်များကို ပျက်စီးစေမည်။

ဂျိုအန်းနာက ၎င်းတို့နှစ်ဦးကို ဆေးရုံပို့ပြီး ဆေးပစ္စည်း ကိရိယာ အမျိုးမျိုးနှင့် အသက်ဆက်လက် ရှင်သန်နိုင်စေရန် သူတို့ အသက်များကို ဆွဲဆန့်ထားပေးလိမ့်မည်။

နှစ်ယောက်ကို အသက်ရှင်လျက် ထားပြီး နာကျင်မှု ဝေဒနာက သူတို့နှစ်ဦးလုံးကို နေ့ရောညပါ နှိပ်စက်သည့်ဒဏ်အား ခံစားစေပြီး အသက်ကြီးရင့်လာသည့် အချိန်ကျမှ သဘာ၀အလျောက် သေဆုံးစေမည်။

နောက်လာမည့် နှစ်များတွင် နှစ်ဦးသားမှာ အသက်ရှင်နေသည် ဆို‌သော်ငြားလည်း သေသည်ထက်ပင် နာကျင်ခံစားရလိမ့်မည်။

လှုပ်ရှားနိုင်သည့် စွမ်းရည်နှင့် စကားပြောဆိုနိုင်သည့် စွမ်းရည်ကို ဆုံးရှုံးသွားပြီး ကုတင်ပေါ်တွင် မလှုပ်နိုင် မယှက်နိုင် တစ်ချိန်လုံး လဲလျောင်းနေရလိမ့်မည်။

သို့ပေမယ့် ၎င်းတို့၏ စိတ်များကတော့ ကြည်လင်နေမည်။

ချောင်ပိုင်ရွှမ်နှင့် ယောင်လင်တို့ တစ်ယောက်ပြီးတစ်ယောက် ဆေးရုံတင်လိုက်ရပြီး ဂျိုအန်းနာ၏ နည်းလမ်းများဖြင့် ဆိုပါက ချောင်မိသားစုကို ဘဏ္ဍာထိန်းကတစ်ဆင့် ထိန်းချုပ်ဖို့ရာအတွက် မခက်ခဲပေ။

ယောင်လင်၏ သားငယ်နှင့် ပတ်သက်၍ကတော့ ဂျိုအန်းနာသည် သူ့အသက်ကို ချမ်းသာပေးပြီး သူ့တစ်သက်လုံး အေးအေးချမ်းချမ်း နေထိုင်သွားနိုင်မည့် ငွေပိုက်ဆံ ပမာဏ တစ်ခု ချန်ထားပေးဖို့ မျှော်လင့်မိလေသည်။

ရက်အနည်းငယ်ကြာပြီးနောက် အထူး ကြေညာချက် တစ်စောင်က ဒေသတွင်း သတင်းစာများတွင် ထွက်ပေါ်လာခဲ့သည်။

ချောင်ပိုင်ရွှမ်နှင့် သူ့ဇနီး ယောင်လင်တို့က ထူးဆန်းသည့် ရောဂါ ဝေဒနာကို ခံစားနေရပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရ၏။

ကုမ္ပဏီကိုတော့ ဂျိုအန်းနာက ယာယီ တာဝန်လွှဲယူထား၏။

ကျိုးခဲ့ရှင်း အလုပ်ဆင်းသွားပြီးနောက် ချန်ယွီ့လည်း ဆေးခန်းကို ပိတ်ပြီး ရေတစ်ခွက်ငှဲ့လိုက်သည်။ ထို့နောက် ဝုဘယ်ရီ အနည်းငယ်ကို ဖန်ခွက်ထဲ ထည့်လိုက်လေသည်။

ကွန်ပျူတာထိုင်ခုံသို့ ဖြည်းညင်းစွာ ထိုင်ချရင်း အချိန်ကို ရေတွက်ကြည့်လိုက်တော့ သူ နောက်ဆုံး လိုက်စထွင်း ပြုလုပ်ခဲ့သည်က လွန်ခဲ့သော တစ်ပတ်ကျော်ခန့်က ဖြစ်၏။

သူ့ရဲ့ ချစ်လှစွာသော လူနာများနဲ့ မတွေ့တာကြာတော့ ချန်ယွီ့ စိတ်ထဲ ကုသိုလ်နှင့် ကံကောင်းမှုများကိုပင် လွမ်းဆွတ်သတိရလာသည်။

ဘယ်ရီတီး တစ်ခွက်ကို အားပါးတရ တစ်ကျိုက်မော့ပြီးနောက် ကွန်ပျူတာကို ဖွင့်ပြီး သူ့ ချာနယ်ထဲသို့ ဝင်ရောက်လိုက်သည်။

“ ကောင်းကင်ဘုံ … ငါ အခု အဲ့လောက်တောင် ပေါ်ပြူလာ ဖြစ်နေပြီလားဟ ….”

သူ့လိုက်စထွင်း စတင်သည်နှင့် ချန်ယွီ့ ရှော့ခ်ရသွားခဲ့သည်။

လိုက်စထွင်းက ယခုမှ စတင်သော်လည်း ကြည့်ရှုသူဦးရေ သိန်းဂဏန်းကျော်က ချက်ချင်း ဝင်ရောက်လာသည်။

သူ ပြန်ကြည့်လိုက်သည့် အချိန်တိုင်း အပို နှစ်သိန်း ၊ သုံးသိန်း တိုးပွားလာတတ်၏။

တစ်ချို့က အံ့အားသင့်နေချိန် တစ်ချို့ကတော့ စိုးရိမ်ပူပန်နေကြသည်။

ချန်ယွီ့ လိုင်းတက်လာသည့် အခါတိုင်း အခြားသော ချာနယ်များရှိ စထွင်မာများ၏ ကြည့်ရှုသူများမှာ ပရမ်းပတာတွေ ဖြစ်ကုန်ပြီး ကြည့်ရှုသူ အရေအတွက်က အောက်ဆုံးထိကို ထိုးကျသွားတတ်၏။

ချာနယ်က မထွက်သွားမီ ဘိုင့်ဘိုင် ပြောခဲ့သည့် လူတိုင်းက အနှီ စထွင်မာ၏ အမာခံ ပရိသတ်ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။

လက်ရှိ လိုက်စထွင်း လုပ်နေကြသည့် စထွင်မာများအားလုံး သူတို့ကိုယ်သူတို့ ဤမျှ ကံဆိုးရကောင်းလားဟုဆိုကာ ညည်းတွားမိနေကြသည်။

ချန်ယွီ့ လိုက်စထွင်း လွှင့်သည့် အချိန်က ဘယ်တော့မှ တိတိကျကျ မရှိသည့်တိုင် သူ လိုက်စထွင်းလွှင့်သည်နှင့်တစ်ပြိုင်နက် ကြည့်ရှုသူများကို တွင်းနက်ကြီးသဖွယ် စုပ်ယူသွားတတ်သည်။

သူ့လိုက်စထွင်း စတင်သည်နှင့် အခြားသော ချာနယ်များမှ ကြည့်ရှုသူများမှာ ချောက်ကမ်းပါးဝက ပြုတ်ကျသည့်နှယ် တစ်ဟုန်ထိုး ပြုတ်ကျသွားခဲ့ကြပြီး အကုန်လုံးက ချန်ယွီ့၏ ချာနယ်ထဲသို့ အစုလိုက်အပြုံလိုက် ပြေးလာခဲ့ကြ၏။

စခရင်ထက်တွင် များပြားလှသည့် ကွန်းမန့်တို့ ဖြတ်ပြေးနေပြီး မေးခွန်းပေါင်းစုံလည်း မေးမြန်းထားလျက်ရှိ၏။

ချန်ယွီ့ တစ်ခုချင်း လိုက်ဖြေကတော့ မည်သို့မျှ စွမ်းသာနိုင်မှာ မဟုတ်ချေ။ သူ ချက်ချင်းပဲ ဟုန်ပေါင်း လွှတ်ပေးသည့် ကဏ္ဍသို့ တန်းသွားလိုက်တော့၏။

ကံကောင်းသူ သုံးဦးက ချက်ချင်းပဲ ထွက်ပေါ်လာသည်။

“ ကဲ … ငါတို့ရဲ့ ပထမဆုံးလူနာကို ဖိတ်ခေါ်လိုက်ကြရအောင် …” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်သည်။

နောက်တစ်စက္ကန့်၌ သက်လတ်ပိုင်း အမျိုးသား တစ်ဦး၏ မျက်နှာက စခရင်ထက်တွင် ထွက်ပေါ်လာခဲ့ပြီး ၎င်းကြည့်ရသည်မှာ ရွက်ဖျင်တဲ တစ်ခုထဲတွင် ရောက်ရှိနေဟန်ရသည်။

ကြည့်ရှုသူအများအပြားက လေပြင်းတိုက်သံများကို ကြားနေရလေသည်။

[ဘဝရဲ့ အောင်နိုင်သူ]က အလျင်အမြန် ပြောလိုက်၏။ “ ဒေါက်တာချန် … ငါ စည်းမျဉ်းတွေကို သိတယ် … မင်းဆီ ချက်ချင်းပဲ ယွမ်တစ်သောင်း လွှဲပေးမယ် ….”

“ ငါ့အဘိုး ပျောက်နေတာ ရက်အတော်ကြာပြီ … ကျေးဇူးပြုပြီး သူ့ကို ရှာပေးပါဦး …”

ဤသည်ကို ကြားတော့ ကြည့်ရှုသူများမှာ ရွှင်မြူးသွားခဲ့ကြသည်။

ပိုက်ဆံ အရင်ချေပြီး မေးခွန်းနောက်မှမေးတယ်။

[ဘဝရဲ့ အောင်နိုင်သူ]က ပရိသတ် အဟောင်းတစ်ယောက်ဆိုတာ ကျိန်းသေတယ် …

ချန်ယွီ့ရဲ့ စီးပွားရေးနယ်ပယ် ချဲ့ထွင်မှုက တဖြည်းဖြည်းနဲ့ တိုးလာပြီ …

သူက စိတ်ရောဂါ ကုသပေးရုံတင်ပဲ မဟုတ်တော့ဘူး … ကလေးပျောက်တွေ ရှာပေးပြီး မကောင်းသူတွေကို အပြစ်ပေးဖို့အတွက်လည်း တာဝန်ယူထားတယ် …

အခု ပျောက်ဆုံးနေတဲ့ သက်ကြီးရွယ်အိုတွေကို ရှာဖွေပေးဖို့ပါ ဖြစ်လာခဲ့ပြီ ..

သိပ်မကြာခင် ချန်ယွီ့ သရဲဖမ်းတဲ့ လိုက်စထွင်းကို လုပ်သင့်ပြီလို့ မထင်ဘူးလား ….

“ ဒီရဲ့လူနာ …” ချန်ယွီ့က ထူးဆန်းသည့် အမူအရာဖြင့် “ ခင်များရဲ့ ဖုန်းကို အရင်ထုတ်ပြီး လက်မှတ်ဝယ်တဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်လိုက်ပါ … ကျုပ် ပြောတဲ့အတိုင်း နိုင်ငံကို ပြန်ဖို့ လက်မှတ်တစ်စောင် ဖြတ်လိုက်ပါ ….”

ချန်ယွီ့က မေးခွန်းကို မဖြေတော့ ကြည့်ရှုသူများနှင့် [ဘဝရဲ့ အောင်နိုင်သူ]သည် တစ်ခဏလောက် ကြက်သေသေသွားခဲ့၏။

“ ဒေါက်တာချန် … ငါက ငါ့အဘိုး ဘယ်ပျောက်နေလဲလို့ မေးနေတာလေ …. ငါ့ဖုန်းနဲ့ ဘာလို့ လက်မှတ်ဖြတ်ခိုင်းနေတာလဲ ….”

“ မင်းက ငါ့ကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေစေချင်တာလား … ဒါပေမယ့် ငါ အခုလောလောဆယ် ဒီကနေ ထွက်လာလို့ မရသေးဘူး ဖြစ်နေတယ် ….”

ဤစကားကြားတော့ များပြားလှသည့် ကွန်းမန့်များက စခရင်ထက်သို့ ဖြတ်ပြေးသွားခဲ့သည်။

“ သူ့ အဘိုးတစ်ယောက်လုံး ပျောက်နေတာတောင် သူ့မှာ လိုက်ရှာဖို့ အချိန်မရှိဘူးဆိုပဲ … သိတတ်ချင်ယောင် ဆောင်နေမှန်း သိသာလွန်းတယ် ….”

“ ဒေါက်တာချန်က သူ့ကို လေယာဉ် လက်မှတ် ဖြတ်ခိုင်းနေတယ်ဆိုတော့ ဒီရဲ့ ညီကိုက နိုင်ငံခြားရောက်နေတာ ကျိန်းသေတယ် … ကိစ္စ တစ်ခုခု ရှိလို့ အချိန်တစ်ခုအထိ မပြန်နိုင်သေးတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ ….”

“ ပြောခါမှ ဒီဘက်ခေတ်မှာ သက်ကြီးရွယ်အိုတွေကို ကုန်ကူးတာမျိုးက မရှိတော့ဘူးမလား ….”

“ အဘိုးကြီး အယ်လ်ဇိုင်းမား ရောဂါရှိဖို့ များတယ် … ငါ့အိမ်က အဘိုးကြီးလည်း အတူတူပဲ … ထစ်ခနဲဆို အိမ်ကနေ သူ့ဘာသူ ထွက်ထွက်သွားတာ ….”

“ ငါ့အိမ်လည်း အတူတူပဲ … သူ့ကို ရဲစခန်းကနေ သွားသွားပြန်ခေါ်နေရတာ အကြိမ်ပေါင်း မနည်းတော့ဘူး …”

သူ့အား မသိတတ်သည့် အတွက် ဝေဖန်နေကြသည့် ကွန်းမန့်များကို မြင်တော့ [ဘဝရဲ့ အောင်နိုင်သူ]သည် အလျင်အမြန် ရှင်းပြလိုက်ရ၏။

သူက လက်ရှိတွင် နိုင်ငံခြားနှင့် ပူးပေါင်းဆောင်ရွက်သည့် ပရောဂျက်တစ်ခုတွင် ပါဝင်နေတာ ဖြစ်သည်။ ပြီးတော့ သူက ဆောက်လုပ်ရေး ပရောဂျက်၏ နည်းပညာဒါရိုက်တာလည်း ဖြစ်၏။

အကယ်၍ ယခုလို အရေးကြီးသည့် အချိန်အခါမျိုးတွင် သူ့ဘက်က ရုတ်ချည်း ထွက်ခွာသွားခဲ့မည်ဆိုပါက ဆောက်လုပ်ရေးကာလကို အချိန်တစ်ခုလောက်အထိ ရွေ့ဆိုင်းလိုက်ရနိုင်သည်။

စာချုပ် ချိုးဖောက်မှုအတွက် လျော်ပေးရမည့် လျော်ကြေးငွေပမာဏက အီစိမ့်နေလောက်အောင် ကြီးမားလွန်းလှသည်။

[ဘဝရဲ့ အောင်နိုင်သူ]၏ မိဘများက သူ ငယ်စဉ်ကတည်းက ကားအက်စီးဒင့် တစ်ခုတွင် ဆုံးပါးသွားခဲ့ကြ၏။

သူ့အဘိုးက ရေနွေးကြမ်းဆိုင်လေး တစ်ဆိုင်ဖွင်ပြီး သူ့အား ပျိုးထောင်ပေးခဲ့သည်။

တက္ကသိုလ်က ဘွဲ့ရပြီးနောက် သုတေသန ကုမ္ပဏီတစ်ခုသို့ ဝင်ရောက်ခဲ့၏။

လွန်ခဲ့သော နှစ်ဝက်ခန့်က အလုပ်ကိစ္စ တစ်ခုဖြင့် နိုင်ငံခြားသို့ စေလွှတ်ခြင်း ခံခဲ့ရသည်။

အပတ်တိုင်း သူ့အဘိုးထံသို့ အခြေအနေကို စစ်ဆေးမေးမြန်းရန်အတွက် ဖုန်းဆက်လေ့ရှိ၏။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူ့အဘိုးဆီ ဖုန်းခေါ်ဖို့ ကြိုးစားသော်လည်း မည်သို့မျှ ဆက်သွယ်မရဘဲ ဖြစ်နေသည်။

တစ်နေ့လုံး ဖုန်းကို ဘယ်သူကမှ မကိုင်ကြပေ။ သူ့အဘိုး တစ်ခုခု ဖြစ်မှာကို စိုးရိမ်သည့်အတွက် လုပ်ဖော်ကိုင်ဖက်များထံ ချက်ချင်း ဆက်သွယ်ပြီး သူ့အိမ်သို့ သွား၍ အခြေအနေကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့၏။

သူ့ လုပ်ဖော်ကိုင်ဘက် ပြောသည့်အတိုင်းဆိုပါက အိမ်တွင် မည်သူမျှ မရှိချေ။ သူ့အဘိုးဖွင့်ထားသည့် ရေနွေးကြမ်းဆိုင်သည်လည်း မဖွင့်သည်မှာ ရက်အတော်ကြာပြီ ဖြစ်၏။

[ဘဝရဲ့ အောင်နိုင်သူ]က သူ့အဘိုး ပြန်ပေးဆွဲ ခံလိုက်ရမှာကို မစိုးရိမ်ပေ။ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်လာမှာကိုပဲ စိုးရိမ်မိသည်။

သူ နိုင်ငံထဲက ထွက်မလာခင်တုန်းက သူ့အဘိုးနှင့် ပတ်သက်၍ တစ်ခုခု ထူးဆန်းနေမှန်းတော့ သတိထားမိသည်။ သူက မကြာခဏဆိုသလို မေ့တတ်လေသည်။

ယခု သူ တွေးကြည့်လိုက်တော့ ယင်းက အယ်လ်ဇိုင်းမား ရောဂါ၏ ကနေဦး လက္ခဏာရပ်များ ဖြစ်မည်ဟု ခန့်မှန်းမိသွားခဲ့သည်။

သူ အရင်ဦးဆုံး ရဲထံသို့ ဆက်သွယ်ပြီး အကူအညီ တောင်း၏။ တစ်ဖက်တွင်လည်း ဖိုရမ်အများအပြား၌ လူပျောက်ကြော်ငြာပို့စ်များ တင်ခဲ့သည်။

လွန်ခဲ့သော မိနစ် အနည်းငယ်ခန့်ကပဲ ဟူယွီပလတ်ဖောင်းတွင် ချန်ယွီ့ လိုက်စထွင်း လွှင့်နေပြီဖြစ်ကြောင်း အသိပေးစာ လက်ခံရရှိခဲ့၏။

သူ ကံစမ်းကြည့်လိုက်ပြီး ... ပထမဦးဆုံး တိုင်ပင်ဆွေးနွေးခွင့်ရမည့် လူနာ ဖြစ်လိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပေ။

[ဘဝရဲ့ အောင်နိုင်သူ]က ချန်ယွီ့ထံ ချက်ချင်းပဲ ယွမ်တစ်သောင်းလွှဲပြီး သူ့အဘိုးကို ကူရှာပေးဖို့ တောင်းဆိုခဲ့၏။

“ ခင်များ အခု ရောက်နေတဲ့ နိုင်ငံက အခုချိန် မနက်ခင်း …” ချန်ယွီ့ သက်ပြင်းချလိုက်ပြီး “ ညနေပိုင်းမှာ အပြန် တိုက်ရိုက်လေယာဉ် တစ်စင်းရှိတယ် ….”

“ မနက်ဖြန် နေ့လည်လောက်ကျရင် ခင်များရဲ့ မွေးရပ်မြေဖြစ်တဲ့ မြို့ကို ပြန်ရောက်နိုင်သေးတယ် ….”

“ ခင်များ လေယာဉ်ဆင်းတာနဲ့ ချက်ချင်းပဲ အနီးနားမြို့က အမှတ် (၃) ဆေးရုံကို သွား ….”

“ အဲ့ဒီကို ငါးနာရီမတိုင်ခင် မီအောင်သွား …. အဲ့လိုသာဆို ခင်များရဲ့ အဘိုးကို နောက်ဆုံးအကြိမ် မြင်တွေ့နိုင်ဦးမယ် ….”

[ဘဝရဲ့ အောင်နိုင်သူ]မှာ နေရာမှာတင် အေးခဲသွားခဲ့၏။ သူ့ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့လေသည်။

All Chapters