← Chapters

အပြစ်ကင်းစင်ကြောင်း အသက်နှင့် ရင်း၍ သက်သေပြခြင်း

Vol. 26 Ch. 255

အပြစ်ကင်းစင်ကြောင်း အသက်နှင့် ရင်း၍ သက်သေပြခြင်း

Vol. 26 Ch. 255

“ မဟုတ်တာ … မဖြစ်နိုင်တာ … အဲ့လို မဟုတ်ဘူး ….”

“ ဒေါက်တာချန် … မင်း ငါ့ကို လိမ်နေတာပဲ ဖြစ်ရမယ် … ငါ့အဘိုး သေတော့မယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ….”

[ဘဝရဲ့ အောင်နိုင်သူ] က သူ့ထိုင်ခုံကနေ ရုတ်ချည်း မတ်တပ်ရပ်ပြီး အော်ဟစ်လိုက်သည်။

လွန်ခဲ့သော ဆယ်ရက်ခန့်က သူ့အဘိုးနှင့် ဗွီဒီယိုကော ပြောဆိုမှုသည် နောက်ဆုံး နှုတ်ဆက်စကား ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

သူ့ ပုံမှန် အသိစိတ်က ချန်ယွီ့ သူ့ကို ညာနေခြင်း မဟုတ်ကြောင်း သိနေသော်ငြားလည်း ရင်တွင်း စိတ်ခံစားချက်များကတော့ သူ့ အဘိုးသေတော့မည်ဆိုတာကို မည်သို့မျှ မယုံကြည်နိုင် ဖြစ်နေသည်။

သူ့ မိဘများ ကွယ်လွန်သွားခဲ့ပြီးနောက်တွင် သူ့အဘိုးက ဘိုးဘွားများ လက်ဆင့်ကမ်းပေးလာသည့် ရေနွေးကြမ်းဆိုင်လေးတွင် သူ့အား ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနှင့် ပြုစုပျိုးထောင်ပေးခဲ့ရသည်။

သူ့ အလုပ်အကိုင် လမ်းကြောင်းက အခုမှ တိုးတက်ရုံမျှ ရှိသေး၏။ အဘိုးဖြစ်သူ၏ ကျေးဇူးများကိုပင် ပြန်မဆပ်ရသေးပေ။ ဘာကြောင့် သူ့အဘိုးက ထွက်သွားတော့မှာလဲ …

စခရင်ထက်တွင် ကြေကွဲဝမ်းနည်းနေသည့် သက်လတ်ပိုင်း အမျိုးသားကို မြင်တော့ ကြည့်ရှုသူများက စာနာသည့် ကွန်းမန့်များ ပေးပို့လာခဲ့ကြသည်။

မိမိတို့၏ ကွယ်လွန်သွားသည့် ဆွေမျိုးများကို ထိုအချိန်၌ ပြန်အမှတ်ရသွားကြသည့် ကြည့်ရှုသူများကလည်း ဝမ်းနည်းနေကြလေသည်။

“ ဒီရဲ့လူနာ ….” ချန်ယွီ့ ပြောလိုက်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။ “ ခင်များ လေယာဉ်လက်မှတ် အရင်ဖြတ်ထားတာ ကောင်းလိမ့်မယ် … အကြောင်းအရင်း အသေးစိတ်ကိုတော့ ကျုပ် နောက်မှပဲ ပြောပြမယ် ….”

“ ငါ့အဘိုး …..”

“ လေယာဉ်လက်မှတ် အရင်ဖြတ်လိုက်ပါ ….”

“ ခင်များ အခုချိန် လက်မှတ် မဖြတ်ထားဘူးဆို ….” ချန်ယွီ့ လေးနက်သည့် အသ့ဖြင့် “ ကျန်တဲ့ နောက်ဆုံး လေယာဉ်လက်မှတ်ကို သူများ ယူသွားတော့မယ် …..”

[ဘဝရဲ့ အောင်နိုင်သူ]က သူ့ပါးသူ နှစ်ချက်မျှ ခပ်ပြင်းပြင်း ဖြတ်ရိုက်လိုက်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

ချန်ယွီ့ ညွှန်ကြားမှုကို လိုက်နာရင်း ဖုန်းထုတ်ပြီး ယနေ့ည နိုင်ငံသို့ ပြန်မည့် လေယာဉ်လက်မှတ်ကို ဖြတ်လိုက်၏။

ဤ လစ်လပ်နေသည့် အချိန်ကို အခွင့်ကောင်းယူ၍ ကြည့်ရှုသူများက ကွန်းမန့် အမြောက်အများ ပေးပို့လာသည်။

လူတစ်ချို့က အဘိုးကြီး ဘာကြောင့် ဘေးချင်းကပ် မြို့ဆေးရုံတွင် လဲလျောင်းနေရလဲဆိုတာကို နားမလည်နိုင် ဖြစ်နေကြသည်။

တစ်ချို့ကလည်း အဘိုးကြီးတွင် အယ်လ်ဇိုင်းမား ရောဂါ ဖောက်လာသောကြောင့် သွားမိသွားရာ သွားရင်း အခြား မြို့တစ်မြို့ထံ ရောက်ရှိသွားခြင်း ဖြစ်မည်ဟု ထင်ကြေးပေးနေကြသည်။

ထိုသို့ သွားရင်း လမ်းတွင် ကားတိုက်ခြင်း ခံရခြင်း ၊ မဟုတ်လည်း အက်စီးဒင့် တစ်ခုခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဆေးရုံရောက်နေခြင်း ဖြစ်နိုင်သည်။

“ ဒေါက်တာချန် … ငါ အခု လေယာဉ်လက်မှတ် ဖြတ်ထားပြီးပြီ … အခု ငါ့အဘိုး ဘာကြောင့် သေတော့မယ်ဆိုတာ ပြောလို့ ရပြီလား ….”

“ အရင်တစ်ခေါက် ငါ သူနဲ့ ဗွီဒီယိုကော ပြောတုန်းက သူ့ စိတ်အခြေအနေ နည်းနည်းလေး ဆိုးရွားနေတာကလွဲရင် တခြား ပြဿနာလည်း မရှာတွေ့မိပါဘူး ….”

“ သူ့ခန္ဓာကိုယ်ကလည်း ကျန်းကျန်းမာမာ ရှိနေရဲ့သားနဲ့ ….”

“ ကျေးဇူးပြုပြီး အမြန်ပြောပြပေးပါ ဒေါက်တာချန်ရယ် ….”

[ဘဝရဲ့ အောင်နိုင်သူ]က အလွန်အမင်း စိတ်မရှည် ဖြစ်နေခဲ့သည်။

“ ခင်များရဲ့ အဘိုးက ဘာအက်စီးဒင့်မှ မဖြစ်ခဲ့ဘူး ….” ချန်ယွီ့ ပြောလိုက်ပြီး “ သူ့ဘာသူ အဆုံးစီရင်ဖို့ ရွေးချယ်ခဲ့တာကြောင့်ပဲ ….”

“ ဘယ် … ဘယ်လို …. ဒါပေမယ် …၊ ဘာလို့လဲ …. ဘာကြောင့် အဆုံးစီရင်ရမှာလဲ ….”

[ဘဝရဲ့ အောင်နိုင်သူ]၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့သည်။

ကြည့်ရှုသူများလည်း ရှော့ခ်ရနေမိကြ၏။

“ ငါ နားလည်သွားပြီ … သူ့ အဘိုးကြည့်ရတာ ကုလို့ အင်မတန် ခဲယဉ်းတဲ့ ရောဂါတစ်ခုခု သူ့မှာ ရှိနေပြီဆိုတာ သိသွားလို့ ဖြစ်လိမ့်မယ် … သူ့ မြေးလေးကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တော့ အဲ့လို လုပ်လိုက်တာ ဖြစ်မယ် ….”

“ သူ ဘာလို့ အဲ့လောက်တောင် ရူးမိုက်ရတာလဲ … သူ့မြေးကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တာနဲ့ပဲ ကိုယ့်ဘဝကိုယ် အဆုံးစီရင်လိုက်တယ်ပေါ့ … သူ အဲ့လို လုပ်လိုက်တာ သူ့မြေးတစ်လျှောက်လုံး နောင်တတွေ ရနေတော့မှာပဲ … ဒီဘိုးတော် ဘယ်လိုတွေ စဉ်းစားနေမှန်းကို နားမလည်နိုင်တော့တာ …..”

“ ငါကြားဖူးတာ ကျေးလက်တောရွာဘက်က တစ်ချို့ သက်ကြီးပိုင်းတွေဆိုရင် သူတို့မှာ ကုလို့ မရနိုင်တဲ့ ရောဂါ ကြီးကြီးမားမားတွေ ရှိနေပြီဆိုတာ သိတာနဲ့ ဆေးကုဖို့ကို လုံးဝ ငြင်းဆန်ကြတယ်ဆိုပဲ ….”

“ ဒါနဲ့ပဲ အဆုံးစီရင်တာကို အိမ်နီးချင်း မြို့အထိသွားလုပ်စရာ လိုလို့လားဟ ….”

ကြည့်ရှုသူများက ထင်ကြေးကိုယ်စီနှင့် ဖြစ်နေကြ၏။

“ အဘိုး ….. အူးဝါး ….”

[ဘဝရဲ့ အောင်နိုင်သူ]က ကြမ်းပြင်သို့ ဒူးထောက်ကျသွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးနေလျက်ရှိသည်။

သူ့ အဘိုး ဤသို့ မပြုလုပ်သင့်ပေ။

သူ ကုန်းကောက်စရာ မကျန်ရစ်တော့လျှင်ပင် အဘိုးရဲ့ ရောဂါကို ကျိန်းသေပေါက် ကုသပေးသွားမှာ ဖြစ်၏။

“ အဘိုးရယ် … ဘာကြောင့် ကျွန်တော့်အပေါ် ဒီလို လုပ်ရက်နိုင်ရတာလဲ …. အဘိုး ကျွန်တော့်ကို ပျိုးထောင်ခဲ့ပေးတယ် … အခု အဘိုးက အသက်ကြီးလာပြီ …. ကျွန်တော် ပြန်ပြီး စောင့်ရှောက်ပေးရမယ့် အလှည့်မဟုတ်ဘူးလားဗျာ …..”

“ ဘာကြောင့်မို့ ဒီလို လုပ်ရတာလဲ …..”

[ဘဝရဲ့ အောင်နိုင်သူ]က အော်ဟစ်မြည်တမ်းရင်း သူ့လက်သီးက မြေကြီးကို ထပ်ခါတလဲလဲ ထုနှက်နေသည်။

တစ်ခဏခန့်ကြာပြီးနောက် အလုပ်သမား အဝတ်အစားများနှင့် နိုင်ငံခြားသားများက အထဲသို့ ဝင်ရောက်လာခဲ့ကြ၏။

ဘာဘာညာညာတွေ ပြောဆိုရင်း သူတို့တွေ [ဘဝရဲ့ အောင်နိုင်သူ]ကို မတ်တပ်ပြန်ရပ်ဖို့ ကူညီပေးလိုက်ကြလေသည်။

“ ထွက်သွားကြ … မင်းတို့အကုန်လုံး ထွက်သွားကြ …”

[ဘဝရဲ့ အောင်နိုင်သူ]က နိုင်ငံခြားသား ဝန်ထမ်းများကို တဲအပြင်ဘက်သို့ မောင်းထုတ်လိုက်ပြီး သူ့ မျက်ရည်များအား ဖယ်သပ်လိုက်၏။

“ ဒေါက်တာချန် … ငါ့ အဘိုး အခုချိန်ထိ အသက်ရှိသေးတယ် … ဟုတ်တယ်နော်…”

“ မင်းရဲ့ အရည်အချင်းတွေကို ငါသိတယ် … ကျေးဇူးပြုပြီး ငါ့အဘိုးကို ကယ်တင်ပေးပါလား ….”

ထိုသို့ ပြောဆိုပြီးနောက် [ဘဝရဲ့ အောင်နိုင်သူ]က ဒူးထောက်ဦးချလိုက်သည်။

“ ဒီရဲ့လူနာ …. ခင်များ အဲ့လောက်ထိ လုပ်ဖို့ မလိုပါဘူး ….”

“ ကျုပ် ခင်များအဘိုးရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ ….”

ချန်ယွီ့ သူ့ကို ဖျောင်းဖျနှစ်သိမ့်လိုက်သည်။ ထို့နောက် စကားခေတ္တရပ်ထားပြီး ..

“ ခင်များ အဘိုး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာက သူ့မှာ ကုမရတဲ့ ရောဂါ ရှိနေလို့ မဟုတ်ဘူး … အခုလို သတ်သေအောင် ဖိအားပေး တွန်းပို့ခံရလို့ပဲ ….”

သူ ထိုသို့ ပြောလိုက်သည်နှင့် လိုက်စထွင်းတစ်ခုလုံး ခေတ္တ တိတ်ဆိတ်သွားခဲ့၏။

“ ခင်များ အဘိုးရဲ့ ရေနွေးကြမ်းဆိုင်က ခင်များတို့ ဧရိယာထဲမှာ နည်းနည်းပဲ ကျန်တော့ ရေနွေးကြမ်းဆိုင်ဟောင်း ဟုတ်တယ်နော်….”

[ဘဝရဲ့ အောင်နိုင်သူ]က ချန်ယွီ့ အဘယ်ကြောင့် ခေါင်းစဉ် အကြောင်းအရာ ပြောင်းလဲလိုက်လဲဆိုတာကို နားမလည်သော်လည်း တိကျသေချာသည့် အဖြေတစ်ခုကို ပေးလိုက်ဆဲပင်။

သူ့မိသားစုက ရေနွေးကြမ်းဆိုင် ဖွင့်ခဲ့သည်မှာ မျိုးဆက် လေးဆက် ရှိပြီ ဖြစ်၏။

ရေနွေးကြမ်းဆိုင်၏ သက်တမ်းက နှစ်တစ်ရာကျော် တည်ရှိလာခဲ့သည်။

အချိန်ကာလ ကြာရှည်လာသည်နှင့်အမျှ သူတို့ ရေနွေးကြမ်းဆိုင်ဟောင်းလေးသို့ လာရောက်ကျသည့် ဖောက်သည်တို့ကလည်း ဖြည်းဖြည်းချင်း လျော့နည်းလာသည်။

ဆိုင်၏ ဖောက်သည်အများစုက အသက်ကြီးပိုင်းများ ဖြစ်ကြ၏။

သူ့ အလုပ်စဝင်ပြီးနောက် [ဘဝရဲ့ အောင်နိုင်သူ]က သူ့အဘိုးကို ဆိုင်ပိတ်ပစ်လိုက်ဖို့ တစ်ကြိမ်ထက်မက နားချခဲ့ဖူး၏။

ဆိုင်၏ ရောင်းရငွေက ရေကြေး၊ မီးကြေး၊ တိုလီမှုတ်စကြေးများကို နှုတ်လိုက်လျှင် ဘယ်လောက်မျှ မကျန်ရစ်ပေ။

“ ငါ့အဘိုးပြောတာ ရေနွေးကြမ်းဆိုင်က ငါတို့ ဘိုးဘွားတွေ လက်ဆင့်ပေး ပေးလာခဲ့တဲ့ အမွေအနှစ် …. ငါ့မိသားစုက မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် ဒီ ရေနွေးကြမ်းဆိုင်ကိုပဲ မှီခိုရင်း အသက်ရှင်ရပ်တည်ခဲ့ကြတယ် …ပြီးတော့ ငါ့ကို ကျောင်းတက်နိုင်အောင် ၊ တက္ကသိုလ်တက်နိုင်အောင် လုပ်ပေးခဲ့တာလည်း အဲ့ဒီ ရေနွေးကြမ်းဆိုင်က ရတဲ့ ဝင်ငွေနဲ့ပဲ ….”

ရေနွေးကြမ်းဆိုင်၏ အမွေဆက်ခံမှု အကြောင်း နားထောင်ပြီးနောက် ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ ကျုပ် ရေနွေးကြမ်းဆိုင်ရဲ့ မူလအစကို မေးတယ်ဆိုတာ ဒါတွေအားလုံးနဲ့ ဆက်စပ်နေတာကြောင့်ပဲ ….”

“ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ခင်များအဘိုး မှားယွင်းစွပ်စွဲခံခဲ့ရတယ် ….”

“ တစ်ယောက်မှ သူ့ဘက်ကနေ တရားမျှတမှု ရှာဖွေပေးတာမျိုး မရှိခဲ့ဘူး … သူ့ရဲ့ ဖြူစင်မှုကို သက်သေပြဖို့အတွက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပဲ ….”

“ တကယ်လို့ သူသာ အဲ့နေရာမှ သေလိုက်မယ်ဆိုရင် တစ်ယောက်ယောက် မှတ်မိသွားပြီး ခင်များဆီ ဆက်သွယ်လာမယ် ….”

“ ခင်များက နိုင်ငံခြားမှာ အလုပ်လုပ်နေတာ … သူ့လို အဘိုးကြီး တစ်ယောက်ရဲ့ သေဆုံးမှုက ခင်များရဲ့ အလုပ်အပေါ် ထိခိုက်မှု ရှိလာနိုင်တယ် .. ဒါကြောင့်မို့ အဆုံးမှာ တစ်ခြားတစ်မြို့ကိုသွားပြီး သေဖို့ ဆုံးဖြတ်ခဲ့တာပဲ ….”

“ ကီလိုမီတာ ရာချီဝေးတဲ့ အိမ်နီးချင်းမြို့ဆီ ဘက်စ်ကားနဲ့ ရောက်အောင်သွားတယ် … ပြီးတဲ့နောက်မှာ လေးထပ်အဆောက်အဦး တစ်ခုကနေ ကိုယ့်ကိုယ်ကို ခုန်ချခဲ့တယ် ….”

“ ကံကောင်းချင်တော့ တရားမဝင် လုပ်ထားတဲ့ အမိုးတစ်ခုက အောက်မှာ ရှိနေလို့ပဲ … ခင်များ အဘိုးက အဲ့ဒီ အပေါ်ကို ကျသွားခဲ့တော့ ပြုတ်ကျလာတဲ့ အရှိန်ကို အတော်လေး လျှော့ချပြီးသား ဖြစ်သွားခဲ့တယ် … နောက်ဆုံး သူ မြေပြင်ပေါ် လှိမ့်ကျသွားခဲ့တာပဲ ….”

“ မသေဘူးဆိုပေမယ့် ခန္ဓာကိုယ် အခြေအနေကတော့ သေလုမြောပါး ဖြစ်နေပြီ …”

ကြည့်ရှုသူများ အံ့အားသင့်သွားကြသည်။

ဘယ်လို အမုန်းတရား ရန်ငြှိုးတွေ ရှိနေလို့ အဘိုကြီးက သူ့ကိုယ်သူ အပြစ်ကင်းစင်ကြောင်းကို အသက်နဲ့ ရင်းပြီးတောင် သက်သေပြချင်နေရတာလဲ ….

[ဘဝရဲ့ အောင်နိုင်သူ]သည် ဘာပြောလို့ ပြောရမှန်း မသိလောက်သည်အထိ ရှော့ခ်ရနေမိ၏။

သူ့အဘိုးက ကြင်နာတတ်ပြီး တည်ငြိမ်သည့်ကိုယ်ကျင့်စရိုက် ရှိသူပင်။ သူ့ကို ဆဲဆိုလာရင်တောင် ပြန်ပြုံးပြမည့် လူစားမျိုး ဖြစ်၏။

သူ့နှလုံးသားက ဘုရားလောင်းထက်ပင် ပို၍ ကြင်နာသေးသည်။

“ ဒေါက်တာချန် … ငါ့အဘိုးက ဘယ်လို မတရားမှုတွေ ခံစားနေရလို့ သူ့ရဲ့ အပြစ်ကင်းစင်မှုကို အခုလို လုပ်ပြီး သက်သေပြရတဲ့ အထိ ဖြစ်စေခဲ့တာလဲ ….”

[ဘဝရဲ့ အောင်နိုင်သူ]က အချက်အချာအကျဆုံး မေးခွန်းကို မေးမြန်းလိုက်၏။

သူ့အဘိုးက ဘာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ လုပ်ခဲ့ရတာလဲ …

သူ့အဘိုးက ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ နေတတ်ပြီး စိတ်ကျန်းမာရေးဆိုလည်း သူ့ထက်တောင် ကောင်းနေသေးတယ် ….

သူ ပုံမှန် အများဆုံး ပြောလေ့ရှိတဲ့ စကားတစ်ခွန်းက ဒုက္ခဆိုတာ သုခတစ်မျိုးပဲ …

“ခင်များနဲ့ ခင်များအဘိုး ဖုန်းပြောပြီးနောက်မှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်နှစ်ယောက် ရေနွေးကြမ်းဆိုင်ထဲကို ဝင်လာတယ် …” ချန်ယွီ့ စကားစတင် ပြောဆိုလိုက်ပြီး “ သူတို့နှစ်ယောက်က ရေနွေးကြမ်းသောက်ပြီးတဲ့နောက်မှာ ပိုက်ဆံရှင်းဖို့ ရည်ရွယ်ချက် မရှိကြဘူး ….”

“ ခင်များအဘိုးကလည်း အဲ့တာကို စိတ်ထဲမထားဘူး … အဲ့နှစ်ယောက်မှာ အခက်အခဲ တစ်ခုခု ရှိနေတာ နေမှာပေါ့ … အဲ့လိုမျိုးပဲ တွေးလိုက်တယ် …”

“ အဲ့မှာ ခင်များ အဘိုးလို လူကောင်းတစ်ယောက်ကိုတောင် သူ့ တစ်သက်မှာ ပထမဆုံးအကြိမ်အဖြစ် ဒေါသထွက်စေလောက်မယ့် ကိစ္စတစ်ခု ဖြစ်လာတယ် ….”

“ အဲ့ကိစ္စကလည်း သူ့ဘဝထဲကို ကပ်ဘေးကြီးတစ်ခု ဆောင်ကြဉ်းလာခဲ့တာပဲ ….”

ဤစကားကြားတော့ [ဘဝရဲ့ အောင်နိုင်သူ]က နှုတ်ကနေ လွှတ်ခနဲ ပြောမိသွားသည်။ “ ငါ့အဘိုးက တစ်စုံတစ်ယောက်ကို ဒေါသထွက်တယ်ဟုတ်လား … ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ …”

သူ ငယ်စဉ်တုန်းကတည်းကစပြီး အဘိုးဖြစ်သူ ဒေါသထွက်သည့် မြင်ကွင်းကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။

အခြားသူများက ရေနွေးကြမ်းဖိုး မပေးလျှင်ပင် ညင်သာစွာ ပြုံးလျက်ပဲ တုံ့ပြန်ခဲ့၏။

အဘိုးဖြစ်သူက မည်သို့ ဒေါသထွက်ရမှန်းပင် မသိသူဟု သူတစ်ချိန်က တွေးထင်ခဲ့ဖူးလေသည်။

တစ်ဘဝလုံး အေးချမ်းပြီး မေတ္တာစိတ်နှင့် နေလာခဲ့သည့် သူ့အဘိုးက ပထမဆုံးအကြိမ် ဒေါသထွက်သွားခဲ့သည်တဲ့လော …

အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ သူ့ကိုယ်သူ အဆုံးစီရင်ရအောင် အတင်းအကြပ် တွန်းအားပေးခံလိုက်ရတယ် …

ဘာတွေ ဖြစ်နေတာလဲ …

အဲ့ဒီ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်နှစ်ယောက်ကရော ဘယ်သူတွေလဲ …

All Chapters