← Chapters

ခေတ်သစ် သူတောင်းစား နှစ်ယောက်

Vol. 26 Ch. 256

ခေတ်သစ် သူတောင်းစား နှစ်ယောက်

Vol. 26 Ch. 256

“ သူတို့နှစ်ယောက်က ခင်များရဲ့ အဘိုးကို ရန်ငြှိုးထားပြီး သူနဲ့ ပတ်သက်တဲ့ ကောလဟာလတွေ ဖြန့်ခဲ့ကြတယ် ….”

“ ခင်များရဲ့ အဘိုး ဘယ်လောက်ပဲ သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားပါစေ … အချည်းနှီးပဲ ….”

“ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိတဲ့ အဲ့ဒီ နှစ်ယာက်က သူ့ကို အမြတ်ကြီးစားတဲ့သူဆိုပြီး တံဆိပ်တပ်ပေးကြတယ် ….”

“ ခင်များရဲ့ အဘိုးက တစ်သက်လုံး ဖြူဖြူစင်စင်၊ သန့်သန့်ရှင်းရှင်း နေထိုင်လာခဲ့တဲ့လူ … ဒါပေမယ့် ဘဝနေဝင်ချိန်နီးမှ သူ့ဘဝမှာ မတရားမှုကို ခံစားခဲ့ရတယ် …. အဲ့တာကလည်း ခင်များရဲ့ အဘိုးကို အစွန်းရောက်တဲ့ အတွေးတွေ ဖြစ်ပေါ်စေခဲ့တာပဲ ….”

ချန်ယွီ့ သက်ပြင်းချလိုက်သည်။

“ အမြတ်ကြီးစားတဲ့လူ ဟုတ်လား …. သူနဲ့ စီးပွားတူ ပြိုင်ဘက်တွေ တိုက်ခိုက်လာတာများလား ….”

“ လူတွေပြောကြတာ စီးပွားတူရင် ရန်သူပဲတဲ့ … ဒီစကားက တကယ်မှန်နေတာပဲ ….”

“ သူတို့သာ ငါ့အဘိုးကို အနိုင်ကျင့်ဝံ့တယ်ဆိုလို့ကတော့ ငါ ဒင်းတို့ကို ကျိန်းသေပေါက် သတ်ပစ်တယ် ….”

ကြည့်ရှုသူများက စီးပွားပြိုင်ဘက်များ ပြဿနာရှာနေခြင်း ဖြစ်မည်ဟု ထင်ကြေးပေးနေကြတာကို မြင်တော့ [ဘဝရဲ့ အောင်နိုင်သူ]သည် ကြက်သေသေသွားခဲ့သည်။

သူ့စိတ်ထဲတွင်တော့ ဤသည်က မဖြစ်နိုင်ဟု ခံစားနေရ၏။

“ ငါ့အဘိုး ဖွင့်တဲ့ ရေနွေးကြမ်းဆိုင်က တော်တော်လေးကို အိုတဲ့ဆိုင် … လက်ဖက်ခြောက်နဲ့ ရေနွေးကလွဲလို့ ကျန်တာ ဘာမှ ရှိတာ မဟုတ်ဘူး ….”

“ ဒီဘက်ခေတ် အသစ်ဖွင့်ကြတဲ့ ရေနွေးကြမ်းဆိုင်တွေက လှလှပပလေးတွေ ပြင်ဆင်ကြတယ် …. ဝိတ်တာတွေတောင်မှ လှပတဲ့ အမျိုးသမီးလေးတွေပဲ ခန့်ကြတာ …. ငါ့အဘိုးဆိုင်မှာဆို ဝန်ထမ်းဆိုလို့ သူ တစ်ယောက်တည်းပဲ ရှိတယ် …. ဖောက်သည်တွေ အကုန်လုံးကလည်း သက်ကြီးပိုင်းတွေချည်းပဲ ….”

“ တစ်ခြားဆိုင်က ပြိုင်ဘက်တွေ လာပြိုင်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ….”

ထိုအချိန်မှာပဲ ကြည့်ရှုသူ တစ်ဦးက ကွန်းမန့်တစ်ခုကို ပေးပို့လာခဲ့သည်။

သူက အိမ်ခြံမြေ ဆောက်လုပ်ရေးသမား တစ်ဦး၏ စနက်ဖြစ်ရမည်ဟု ထင်နေသည်။

“ လူတိုင်းပဲ …. လျှောက်တွေးနေကြတာတွေ တော်လိုက်ကြတော့ … အဲ့ဒီ ဖိတ်ခေါ်မထားတဲ့ ဧည့်သည်နှစ်ယောက်က စီးပွားပြိုင်ဘက်တွေလည်း မဟုတ်သလို အိမ်ခြံမြေဆောက်လုပ်ရေးသမားလည်း မဟုတ်ဘူး ….”

“ သူတို့ရဲ့ အထောက်အထားက ငါနဲ့အတူတူပဲ … စထွင်မာတွေ ….”

“ တိတိကျကျပြောရရင် ရီဗျူးပေးတဲ့ စထွင်မာတွေပေါ့ ….”

ချန်ယွီ့ ရှင်းပြလိုက်သည်။

ကြည့်ရှုသူများမှာ နားလည်သဘောပေါက်သွားခဲ့ကြ၏။

ထိုနှစ်ဦးက စားသောက်ပြီးနောက်တွင် ပိုက်ဆံပေးလိုစိတ် မရှိသည်မှာ မထူးဆန်းတော့ပေ။

အတိတ်တွင်တုန်းကဆိုလျှင် လူနှစ်မျိုးနှစ်စားတည်းသာ ထိုသို့သော အရာမျိုးကို ပြုလုပ်လေ့ရှိသည်။

ပထမတစ်မျိုးက ရည်ရွယ်ချက်ရှိရှိ ပြဿနာ ရှာလိုသူများနှင့် ကျန်တစ်မျိုးကတော့ ပိုက်ဆံမရှိဘဲ အစားအသောက် အလကား စားချင်သူများပင်။

အချိန်ကာလတို့ ပြောင်းလဲလာသည်နှင့်အမျှ နောက်ထပ် လူတစ်မျိုးတစ်စားကလည်း ထွက်ပေါ်လာခဲ့ပြန်သည်။

ဆိုင်များသို့ လိုက်လံသွားရောက်လည်ပတ်ပြီး ရီဗျူးပေးကြသည့် စထွင်မာများဖြစ်၏။

လိုက်စထွင်းနယ်ပယ်က ကဏ္ဍစုံလင်လှပြီး အချို့သော စထွင်မာများက သီဆိုကခုန်ဖျော်ဖြေပြ၍ အချို့ကလည်း ဂိမ်းကစားပြကြသည်။

ထိုအနက် ကြည့်ရှုသူ အရေအတွက် အများဆုံးကတော့ အစားအသောက်စားပြသည့် ရီဗျူးစထွင်မာများ ဖြစ်၏။

ဆိုင်အသစ် ဖွင့်သည့် အချိန်တိုင်း ဖောက်သည်များကို မည်သို့ ဆွဲဆောင်ရမလဲဆိုတာကို ကျင်လည်ကြသည့် ဆိုင်ရှင်တို့က မိမိတို့၏ ဆိုင်သို့ ထိုသို့သော စထွင်မာ ဒါဇင် သို့မဟုတ် လေးငါးယောက်ခန့် ဖိတ်ခေါ်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် ကြော်ငြာလေ့ရှိသည်။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာတော့ မိမိတို့ ကိုယ့်ကို စားသောက်ဆိုင်ပိုင်ရှင်ဟု အမည်ကင်ပွန်းပေးထားသူများသည် တစ်နှစ်တစ်နှစ် ယွမ်သန်းနှင့်ချီ ဝင်ငွေရသည့် အလုပ်များကို လက်လျှော့ပြီး ဆိုင်ရာ မွေးရပ်မြေများသို့ ပြန်၍ ဈေးကြီးသည့် စားသောက်ဆိုင် ကောင်းကောင်းတစ်ဆိုင်ကို ဖွင့်လှစ်ကြသူများ ဖြစ်ဟန်ပင်။

ပိုက်ဆံရှာဖို့ ရည်ရွယ်ချက်နှင့်မဟုတ်။ မိတ်ဆွေဖွဲ့ဖို့ ဖြစ်၏။

ယင်းက လူများကို သူတို့ အထူးတလှယ် ပြင်ဆင်ထားသည့် ထူးကဲသည့် အရသာများကို မြည်းစမ်းထားခွင့် ပြု၏။

ရီဗျူးစထွင်မာတိုင်းက ထိုကဲ့သို့ ကြော်ငြာပေးရသည့် စပွန်ဆာများ ရရှိကြတာ မဟုတ်ပေ။ သို့သော် အင်ဖလူရန့် ရှိသည့် မည်သည့် ရီဗျူးစထွင်မာများမဆို အိပ်နေရင်းဖြင့်ပင် အေးဆေး ငွေဝင်နိုင်သည်။

ရီဗျူးစထွင်မာ လောကထဲသို့ စတင်ဝင်ရောက်မည့် စထွင်မာအသစ်လေးကတော့ ကိုယ့်ဘာကိုယ် လိုက်ရှာဖွေကြရသည်။

ဤနေရာတွင်လည်း လူက နှစ်မျိုးနှစ်စား ကွဲနေပြန်သည်။

ပထမတစ်မျိုးကတော့ မိမိတို့ပိုက်ဆံနှင့် ဆိုင်ကို သွားရောက်စားသုံးပြီး ရီဗျူးပေးခြင်းနှင့် ဖြည်းဖြည်းချင်း နာမည်ရလာသည်ကို စောင့်ဆိုင်းကာ အခြားသူများ စပွန်ဆာကမ်းလှမ်းလာသည်ကို စောင့်ဆိုင်းခြင်းပင်။

ကျန်တစ်မျိုးကတော့ မိမိကိုယ်မိမိ ရီဗျူးစထွင်မာဟု ခေါင်းစဉ်တပ်ပြီး တစ်နှင့်တစ်ပိုး စားသောက်ရင်း ပိုက်ဆံရှင်းရမည့် အချိန်၌ ဆိုင်ပိုင်ရှင်များကို မိမိတို့က ရီဗျူးစထွင်မာတွေပါ၊ အခုလို စားသောက်ပေးနေတာက သူတို့ဆိုင် ဖောက်သည်များဖို့အတွက်ပါ ၊ စသည့် ဆင်ခြေများဖြင့် အလကား စားသောက်လေ့ရှိကြသည်။

“ ဒေါက်တာချန် … တကယ်ပဲ အဲ့လိုတွေလား ….”

[ဘဝရဲ့ အောင်နိုင်သူ]က အနှီ ရီဗျူး စထွင်မာများအကြောင်း သိပ်မသိပေ။

စကားပြောခန်းထဲ အမျိုးမျိုးသော ကွန်းမန့်များကို မြင်တော့မှ လောကကြီးက အမှန်တကယ်ကို ကျယ်ပြောလှပြီး ထူးဆန်းသည့် အရာတို့ မျိုးစုံနေအောင် ရှိသေးကြောင်းကို လက်ခံသွားခဲ့မိတော့သည်။

“ အမှန်ပဲ ….” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ ခင်များရဲ့ အဘိုးကို သေအောင် တွန်းအားပေးတဲ့ လူနှစ်ယောက်က ဒုတိယ အမျိုးအစားပဲ ….”

“ ဆိုင်တွေကို လိုက်လည်ပြီး ပိုက်ဆံရမယ်ဆိုတဲ့ အကြောင်းကို ကြားတော့ စုံတွဲက ကင်မရာ ပစ္စည်းတစ်ချို့ ဝယ်ပြီး ဆိုင်တွေကို လိုက်ပြီး လည်ပတ်တယ် …”

“ အမျိုးသမီးက စထွင်မာ အနေနဲ့ သရုပ်ဆောင်ပြီး အမျိုးသားကတော့ ရိုက်ကူးရေးအတွက် တာဝန်ယူပေးရတာပေါ့ ….”

“ သူတို့နှစ်ယောက်က နယ်ပယ်ထဲကို အခုမှ စဝင်လာတဲ့ ဘာမှမသိသေးတဲ့လူနှစ်ယောက်ပဲ …. သူတို့ စိတ်ထဲ ထင်ထားတာ သူတို့ အခုလို ကင်မရာတွေ ၊ ဘာတွေနဲ့ စားသောက်ဆိုင်ထဲ ဝင်သွားပြီး သူတို့ ဘယ်သူ ဘယ်ဝါပါဆိုတာကို ထုတ်ပြောလိုက်တာနဲ့ ဆိုင်ပိုင်ရှင်တွေက သူတို့ဆီ ချက်ချင်းပဲ စပွန်ဆာ ကမ်းလှမ်းလာမယ်ပေါ့….”

“ လအနည်းငယ်ကြာပြီးတဲ့နောက်မှာ အော်ဒါ သိပ်မရဘဲ နောက်ဆုံးမှာ ရီဗျူးစထွင်မာ လုပ်ရတာကလည်း မလွယ်ကူဘူးဆိုတာ သဘောပေါက်သွားခဲ့တယ် ….”

“ သူတို့နှစ်ယောက်က ပိုက်ဆံ မရကြဘူးဆိုပေမယ့် အလကား စားသောက်နိုင်မယ့် နည်းလမ်းကိုတော့ ကျွမ်းကျင်သွားခဲ့ကြတယ် ….”

“ အဲ့နေ့ ၊ သူတို့နှစ်ယောက် ထုံးစံအတိုင်း အခွင့်အရေးကောင်းတစ်ခု လိုက်ရှာဖို့ အပြင်ထွက်လာခဲ့တဲ့အချိန် ခင်များအဘိုးရဲ့ ရေနွေးကြမ်းဆိုင်ရှေ့က တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားတယ် …. ရေဆာလာတာနဲ့ ဆိုင်ထဲဝင်ပြီး ရေနွေးကြမ်း အလကားသောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ် ….”

“ သောက်ပြီးတဲ့နောက်မှာ သူတို့နှစ်ယောက် ထုံးစံအတိုင်းပဲ ခင်များရဲ့ အဘိုးကို သူတို့ရဲ့ အထောက်အထားက ဘာဖြစ်တယ်ဆိုတဲ့အကြောင်း ပြောပြတယ် ….”

“ အဲ့နှစ်ယောက် ပြောတာ သူတို့က ဆိုင်တွေကို နာမည်ကြီးအောင် လုပ်ပေးတဲ့ ရီဗျူးစထွင်မာတွေ …. သူတို့ ဘယ်နေရာပဲသွားသွား ပိုက်ဆံပေးစရာမလိုဘူး ….”

“ ခင်များရဲ့ အဘိုးကလည်း ခင်များအတိုင်းပဲ …. ရီဗျူးစထွင်မာဆိုတာ ဘာမှန်းတောင် သိတာမဟုတ်ဘူး ….”

“ သူ့စိတ်ထဲ ထင်သွားခဲ့တာကတော့ ဒီနှစ်ယောက်က ပိုက်ဆံမရှိကြဘူးပေါ့ .. အဲ့တာနဲ့ သူလည်း ဒီတိုင်း ထားပေးလိုက်တယ် ….”

“ အဲ့နှစ်ယောက်က ခင်များရဲ့ အဘိုးကို စကားပြောလို့ လွယ်ကူမယ့် လူစားမျိုးလို့ ခံစားမိတော့ အကြံအသစ်တစ်ခု ခေါင်းထဲ ပေါ်လာတယ် ….”

“ ခင်များရဲ့ အဘိုးနောက်ကို ဆက်တိုက်လိုက်ကပ်ပြီး စပွန်ဆာကြေးပေးဖို့ လိုက်တောင်းတယ် … ခင်များအဘိုးရဲ့ ဆိုင် နာမည်ကြီးသွားစေရမယ်လို့ ကျိန်းသေပေါက် အာမခံပါတယ်ပေါ့ ….”

ချန်ယွီ့ တဒင်္ဂ စကားရပ်နားသည့် အခိုက်အတန့်လေးကို အခွင့်ကောင်းယူ၍ [ဘဝရဲ့ အောင်နိုင်သူ]က မေးမြန်းလိုက်၏။ “ အဲ့တာကြောင့်မို့ ငါ့အဘိုးက ဒေါသထွက်သွားခဲ့တာလား ….”

“ မဟုတ်သေးဘူး ….”

ချန်ယွီ့ တည်တည်ငြိမ်ငြိမ်ပဲ တုံ့ပြန်လိုက်သည်။

“ ခင်များရဲ့ အဘိုးက အသက်ကြီးနေပြီ … နားကလည်း နည်းနည်းလေးတယ် ….”

“ ရီဗျူးစထွင်မာက ဘာဆိုတာကို သူမသိဘူး…. ဘယ်လို အလုပ်လုပ်လဲဆိုတာလည်း သူ မသိဘူး … သူ့စိတ်ထဲ ထင်တာတော့ ဒီလူနှစ်ယောက် စားစရာမဲ့ ၊သောက်စရာမဲ့ ခက်ခဲနေလို့ သူ့နား အကူအညီ လိုက်တောင်းနေတယ်ပေါ့ … အဲ့လိုနဲ့ ခင်များရဲ့ အဘိုးကလည်း ယွမ်တစ်ရာ ထုတ်ပေးလိုက်တယ် ….”

“ ယွမ်တစ်ရာတည်း ရတာကို သူတို့နှစ်ယောက်က မကျေနပ်ကြဘူး …. သူတို့ကိုယ်သူတို့ လွှမ်းမိုးမှုတွေ အများကြီးရှိတဲ့ ဘာညာတွေပေါ့ ….”

“ ပုံမှန် သူတို့ရဲ့ ကြေးက ယွမ်တစ်သောင်းအောက် မရှိဘူး ….”

“ ဒါပေမယ့် ခင်များအဘိုးရဲ့ ဆိုင်က အိုနေပြီ … ကြင်နာတတ်တဲ့ ပုံလည်း ပေါက်တော့ လျှော့ပေါ့ပြီး ငါးထောင်ပဲ တောင်းတယ် ….”

“ နှစ်ယောက်က ထပ်ခါတလဲလဲ ရှင်းပြနေတော့ ခင်များအဘိုးလည်း နောက်ဆုံး နားလည်သွားခဲ့တယ် … အဲ့မှာ သူ့ဆိုင်က လူသိများဖို့ မလိုဘူးဆိုပြီး ပြောလိုက်တယ် ….”

“ သူတို့နှစ်ယောက်ကလည်း ခင်များရဲ့ အဘိုးက အနိုင်ကျင့်လို့ လွယ်မယ့် လူစားမျိုး ဖြစ်တာကို ရိပ်မိကြတော့ ရဲကောင်းနဲ့ ရဲဆိုး ဇာတ်မျိုး ဖန်တီးရင်း သူတို့ရဲ့ လွှမ်းမိုးမှုတွေ ဘယ်လိုတောင် များကြောင်း၊ တကယ်လို့ သူတို့တောင်းတဲ့ကြေးကို မပေးဘူးဆိုရင် ခင်များအဘိုးရဲ့ ဆိုင်ကို မကောင်းတဲ့ ရီဗျူး ပေးပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ် ….”

“ ခင်များရဲ့ အဘိုးကလည်း စိတ်ရှုပ်လာပြီး နောက်ဆုံး ယွမ်ငါးဆယ် ထပ်ပေးလိုက်တယ် ….”

“ နှစ်ယောက်က မကျေနပ်တဲ့အဆုံး ဆိုင်ထဲမှာ ဗွီဒီယို စရိုက်တယ် …”

ဘန်း …

[ဘဝရဲ့ အောင်နိုင်သူ]၏ လက်သီးက စားပွဲပေါ် ကျရောက်သွားခဲ့သည်။

ဒါက ရီဗျူးပေါ့ … ဒါ ဓားပြတိုက်နေတာပဲ မဟုတ်လား …

“ အင်တာနက်ခေတ်ကြီးမှာ အနုကြမ်းဆွဲတဲ့ နည်းလမ်းအသစ်ပေါ့ ….”

“ ငါ့အိမ်ကလည်း စားသောက်ဆိုင်ပိုင်တယ် … တစ်နေ့ လူတစ်အုပ်ကြီး ရောက်လာပြီး ဟင်းဆယ်ပွဲကျော် မှာစားကြတယ် … ပိုက်ဆံရှင်းဖို့ ပြောတော့ သူတို့ကိုယ်သူတို့ အင်ဖလူရန်ဆာ အကြီးစားကြီးတွေပါ … သူတို့က ကြေညာပေးတဲ့ ဗွီဒီယိုကို အင်တာနက်ပေါ်တင်ပေးလိုက်ရင် ငါ့မိဘတွေဆိုင်လည်း နာမည်ကြီးလာမယ်ပေါ့ … အဲ့တာနဲ့ ရဲဆီပဲ တိုက်ရိုက် ဖုန်းခေါ်ပေးလိုက်တယ် ….”

“ မိုက်လိုက်တာ ညီကိုရာ ….”

“ အဲ့စထွင်မာတွေက လူမိုက်ဂန်းစတားတွေလိုပဲ ….”

“ ဆိုင်ဝင်ပေါက်ဝမှာ ရီဗျူးစထွင်မာများနှင့် ခွေးများ မဝင်ရဆိုပြီး စာကပ်ထားလိုက်တာက ပိုမကောင်းဘူးလား ….”

“ အင်ဖလူရန်ဆာတွေကို လူတွေ အမြင်မကြည်ကြတာလည်း အဲ့လို လူစားမျိုးတွေကြောင့်ပဲ ….”

“ တကယ်လို့ သူတို့သာ တကယ့် စစ်မှန်တဲ့ အင်ဖလူရန်ဆာတွေဆိုရင် ယွမ် တစ်ရာ ၊ နှစ်ရာလောက်လေးနဲ့ ဘယ်ငှားလို့ရမှာ … အဲ့လို အင်ဖလူရန်ဆာအတုတွေပဲ ရီဗျူးစထွင်မာဆိုတဲ့ ခေါင်းစဉ်အောက်မှာ လမ်းဘေးဆိုင်လေးတွေဆီပတ်ပြီး အလကား လိုက်စားနေကြတာ ….”

ကြည့်ရှုသူများမှာ မခံမရပ်နိုင် ဖြစ်နေကြသည်။

သူတို့တွေ အရင်ကလည်း အရှက်ကင်းမဲ့သည့် လူစားမျိုးများကို မြင်တွေ့ဖူးကြ၏။ သို့သော် အနှီ စုံတွဲလောက် အရှက်ကင်းမဲ့သည့် လူစားမျိုးတော့ နောက်ထပ် ရှိလောက်မည် မထင်ပေ။

[ဘဝရဲ့ အောင်နိုင်သူ]၏ အဘိုးက သူတို့ကို အလကားသပ်သပ် ယွမ် တစ်ရာ့ငါးဆယ် ပေးထားပြီး ဖြစ်၏။

အဘိုးကြီးဘက်က အကောင်းဆုံး လုပ်ထားပေးပြီးပြီဟု ဆိုနိုင်သည်။

သို့ပေမယ့် ထိုနှစ်ယောက်ကတော့ မထွက်သွားသည့်အပြင် ဆိုင်အကြောင်း မကောင်းသည့် ရီဗျူးဗွီဒီယို ရိုက်တင်လိုက်သေး၏။ ဤစုံတွဲ၏ အသိစိတ်ကို ခွေးစားသွားတာပဲ ဖြစ်ရမည်။

ထိုသို့သော လုပ်ရပ်မျိုးကို ဘယ်သူကမှ သည်းခံနိုင်မှာ မဟုတ်ချေ။

ချန်ယွီ့က ဆက်ပြီးတော့ စုံတွဲ၏ မကောင်းသည့် ရီဗျူး ဗွီဒီယိုအကြောင်း ဆက်ရှင်းပြသည်။

အမျိုးသမီးဖြစ်သူက ရေနွေးကြမ်းဆိုင်၏ လက်ဖက်ရည်ခွက်များများနှင့် ရေနွေးအိုးများကို လက်ညှိုးထိုးပြလေသည်။

[ဘဝရဲ့ အောင်နိုင်သူ]၏ အမူအရာမှာ အင်မတန် အကျည်းတန်နေပြီ ဖြစ်၏။

ဆိုင်တွင် ဖောက်သည်များအား ဧည့်ခံသည့် ခွက်များနှင့် ရေနွေးအိုးများက အသုံးပြုလာခဲ့သည်မှာ ဆယ်စုနှစ်နဲ့ချီနေပြီ ဖြစ်သည်။

ရေနွေးခွက်များတွင် အဖန်ရည်များစွန်းထင်းနေသည်က သံဘောလုံးနှင့် ပွတ်တိုက်လျှင်ပင် မပြောင်နိုင်တော့ချေ။

ရေနွေးကြိုသည့် အိုးကလည်း နေ့တိုင်းနေ့ မီးခိုးတိုက်ခံနေရသဖြင့် အပြင်ဘက်ခြမ်းတွင် ကျပ်ခိုးတစ်လက်မခန့်မျှ ထူထဲနေသည်။

“ လက်ဖက်ရည်ခွက်နဲ့ လက်ဖက်ရည်အိုးတွေက ခင်များရဲ့ အဘွား အသက်ရှင်လျက်ရှိတုန်းက ဝယ်ထားတဲ့ ပစ္စည်းတွေပဲ … သူ့အတွက်တော့ အဲ့တာတွေက အဖိုးတန်တဲ့ အမှတ်တရတွေ ….”

“ နှစ်ယောက်က ခင်များရဲ့ အဘိုးကို လက်ဖက်ရည်ခွက်တွေ စင်အောင် မဆေးဘူးဆိုပြီး အပြစ်ရှာတယ် … သူတို့ ပြောလေလေ ၊ ခင်များရဲ့ အဘိုး ပိုပြီး ဒေါသထွက်လာလေလေ …”

“ ခင်များအဘိုးရဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အဲ့တစ်ကြိမ် သူ့ဆိုင်ထဲကနေ ဖောက်သည်တစ်ဦးကို ဒေါသတကြီးနဲ့ မောင်းထုတ်ဖူးတာပဲ ….”

“ ဆိုင်ထဲက ထွက်လာပြီးတဲ့နောက်မှာ နှစ်ယောက်က ဗွီဒီယိုကို တည်းဖြတ်ပြီး အွန်လိုင်းပေါ်မှာ လူအာရုံစိုက်ခံရလောက်မယ့် နာမည်တစ်ခုနဲ့ တင်လိုက်တယ် …..”

All Chapters