မင်းလိုအပ်နေတာက ကောင်မလေးမဟုတ်ဘူး ၊ ကာယကြံ့ခိုင်ရေးနည်းပြပဲ …
Vol. 26 Ch. 258
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ကျေးဇူးတင်ပါတယ် ….”
ဘဝ၏ ဝမ်းနည်း၊ဝမ်းသာ ပျော်ရွှင်မှုများကို တွေ့ကြုံခံစားပြီးနောက် [ဘဝရဲ့ အောင်နိုင်သူ]သည် အလွန်အမင်း ကျေးဇူးတင်နေမိ၏။
“ ခဏစောင့်ဦး ….”
ချန်ယွီ့ မတ်တပ်ရပ်ပြီး ကွန်ပျူတာရှေ့က ထွက်ခွာသွားခဲ့သည်။ ထို့နောက် ပစ္စည်းထားသည့် စင်ဘက်သို့ လျှောက်လှမ်းသွားခဲ့၏။
ခါးကိုင်းလိုက်ပြီး စင်အောက်ခြေကနေ အမဲသားအစပ်ဘူးတစ်ထုပ်ကို ကောက်ယူလိုက်ပြီး လက်များကို ရစ်သီဝေ့ဝဲကာ တစ်စုံတစ်ရာ မန်းမှုတ်လိုက်သည်။
နှစ်မိနစ်ကြာပြီးနောက် ချန်ယွီ့ ကျိုးခဲ့ရှင်းထံ ဖုန်းဆက်လိုက်၏။
ယနေ့ အခြေအနေက အနည်းငယ် ထူးခြားသည်။ အမြန်ချောပို့ကတစ်ဆင့် ပေးပို့မည်ဆိုပါက အချိန်နောက်ကျသွားနိုင်သည်။
ကျိုးခဲ့ရှင်းက သူ့ နာ့စ်ဖြစ်၏။ လူနာထံသို့ ဆေးရောက်အောင် ပို့ပေးဖို့က သူမ၏ တာဝန် တစ်စိတ်တစ်ပိုင်း ဖြစ်လေသည်။
ညွှန်ကြားချက်များပေးပြီးနောက် ချန်ယွီ့ သူ့ ကွန်ပျူတာထံသို့ ပြန်ရောက်လာခဲ့သည်။
တိုင်ပင်ဆွေးနွေးမှုကို အဆုံးသတ်လိုက်၏။
“ ငါ့အလှည့်ရောက်ပြီ … ငါ့အလှည့်ရောက်ပြီ ….”
[ဘဝရဲ့ အောင်နိုင်သူ] ထွက်ခွာသွားပြီးနောက်မှာပဲ ဒုတိယ လူနာက ချက်ချင်း ဆက်သွယ်လာသည်။
ဝဖိုင့်ဖိုင့် မျက်နှာနှင့် အမျိုးသားတစ်ဦးက စခရင်ထက်တွင် ထွက်ပေါ်လာခဲ့၏။
အဆိုပါ ကြည့်ရှုသူ၏ အွန်လိုင်းနာမည်က [နှစ်သုံးဆယ် စင်ဂယ် ]ဟူ၍ပင်။ ကြီးမားလုံးဝန်းသည့် မျက်နှာအချိုးအစားနှင့် ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဝဖိုင့်နေသည်။
သူ့ပုံစံက အသားစိုင်များ စုပုံနေသည့် တောင်ကြီးတစ်လုံးနှင့်ပင် ဆင်တူနေသည်။
“ ဒေါက်တာချန်နဲ့ စကားပြောကြည့်မယ်ဆိုရင် ငါ့အိမ်ထောင်ရေးအတွက် မျှော်လင့်ချက် ရှိလောက်တယ် …..”
[နှစ်သုံးဆယ် စင်ဂယ် ]က စကားအင်မတန်ပေါသည့် အကျင့်စရိုက်ရှိပုံရသည်။ သူ ဝင်ရောက်လာသည်နှင့် ချက်ချင်းပဲ ချန်ယွီ့ကို နှုတ်ဆက်ပြီး စကားတွေ ပြောတော့၏။
“ သူ့ကိုယ်သူ [နှစ်သုံးဆယ် စင်ဂယ် ]ဆိုပြီး နာမည်ပေးထားတာ မဆန်းတော့ပါဘူး … တကယ့် လူပျိုကြီး ဖြစ်နေတာပဲ ….”
“ သူ လိုအပ်နေတာက အိမ်ထောင်ရေး မဟုတ်ဘူးဟ … အားကိုးလို့ရမယ့် fitness coach ပဲ ….”
“ သူသာ ဝိတ်မကျဘူးဆိုရင် မိန်းကလေးတစ်ယောက် သူ့ကို နှစ်သက်မှပဲ ထူးဆန်းနေဦးမယ် ….”
“ ဘရို … မင်း ဒေါက်တာချန်နဲ့တိုင်ပင်ဆွေးနွေးတိုင်း စော်ရမယ်လို့ မသေချာရဘူးလေ … အဲ့ဒီအစား စိတ်ကျရောဂါ ရသွားတာလည်း မဖြစ်နိုင်ဘူးလား …..”
“ ငါတို့ ပြောတာ နားထောင် …. ခဏတစ်ဖြုတ် စင်ဂယ်ဖြစ်တာက ကောင်းတယ် …. တစ်သက်လုံး စင်ဂယ်ဖြစ်မယ်ဆို ပိုလို့တောင် ကောင်းသေးတယ် …..”
[နှစ်သုံးဆယ် စင်ဂယ် ]က လက်တိုနှင့် စွပ်ကြယ်တစ်ထည် ဝတ်ဆင်ထားသည်။ သူ့ကြည့်ရသည်မှာ အိပ်ခန်းထဲရှိနေဟန်ပင်။
နံရံတွင် လှပသည့် အမျိုးသမီးများ၏ ဓာတ်ပုံများ၊ ရုပ်ရှင် မင်းသမီးများ၏ ဓာတ်ပုံ ပိုစတာများလည်း ကပ်ထားသေးသည်။
သူ၏ စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ပေါ်ရှိ အသားစိုင်တုံးကြီးများက ထိန်းချုပ်မရနိုင်စွာ တုန်ခါနေလျက် ရှိ၏။
“ ဟယ်လို လူနာ ….” ချန်ယွီ့ ခါးသက်စွာ ပြုံးလျက် “ ဘာများ ကူညီပေးရမလဲ ….”
“ ဒေါက်တာချန် … ငါ မိန်းမ လိုချင်တယ် … ငါ ကောင်မလေး လိုချင်တယ် ….”
[နှစ်သုံးဆယ် စင်ဂယ် ] လူပျိုကြီးက သူ၏ လိုအပ်ချက်ကို ကျယ်လောင်စွာ အော်ပြောလိုက်၏။
ပြီးသည့်နောက် သူက အတန်အသင့် ကောင်းမွန်သည့် ဝင်ငွေနှင့် senior programmer တစ်ဦးဖြစ်ကြောင်း ပြောဆိုလာသည်။
သူ့ အခြေအနေက မဆိုးလှပေ။ သို့တိုင် ဘာကြောင့် ကောင်မလေး တစ်ယောက်ပင် မရနိုင်လဲဆိုတာ နားမလည်နိုင် ဖြစ်နေမိ၏။
သူ ဘလိုင်းဒိတ်သွားသည့် အခါတိုင်း ကနေဦးပိုင်းတွင်တော့ အရာအားလုံးက အဆင်ပြေသည်။ သို့သော် နောက်ပိုင်းတွင်တော့ သူနှင့် တွေ့ဆုံခဲ့သည့် မိန်းကလေးတိုင်းက သူ့အား လျစ်လျူရှုသွားတတ်ကြသည်။
“ ဒေါက်တာချန် .. ငါ့ စိတ်တွေ အရမ်း ကျနေတယ် …..”
“ ငါက လူပျင်းလည်း မဟုတ်ဘူး … ငါ့ အလုပ်ကြောင့် ဒီလိုမျိုး ဝဖိုင့်နေတာ ….”
“ ငါတို့ ပရိုဂရမ်မာတွေက နေ့တိုင်းနေ့ တစ်နေကုန် ကွန်ပျူတာရှေ့မှာပဲ ထိုင်ရတယ် …. အိမ်ရောက်ရင်လည်း ကုတင်ပေါ် လှဲပြီး ဘာမှ မလုပ်ချင်တော့ဘူး …..”
သူ့ လုပ်ဖော်ကိုင်ဖက်များ တစ်ယောက်ပြီး တစ်ယောက် မင်္ဂလာဆောင်သွားပြီး ကလေးများနှင့် ပျော်ရွှင်နေသည်ကို မြင်တွေ့မိတိုင်း သူ့မှာ အားကျမှု တစ်သန်း ဖြစ်ရသည်။
[နှစ်သုံးဆယ် စင်ဂယ် ]က နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရပြီး ပညာရေးနောက်ခံနှင့် စပ်လျဉ်း၍လည်း မည်သည့် ပြဿနာတို့မျှ ရှိမနေချေ။
အလုပ်အကိုင်ကလည်း တောက်လျှောက် အဆင်ပြေနေသည်။
တစ်လကို ယွမ်သုံးသောင်းကျော် ရ၏။ ဝန်ထုပ်ဝန်ပိုးလည်း ဘာမျှ မရှိပေ။
ပုံမှန်ဆို သူ့ အနေအထားလောက်က ဘလိုင်းဒိတ်ဈေးကွက်တွင် လက်ခံနိုင်လောက်သည့် အခြေအနေမျိုး ဖြစ်သည်။
ဤနှစ်များတစ်လျှောက် … သူ ဘလိုင်းဒိတ်များအပေါ် ပိုက်ဆံ အတော်သုံးခဲ့သည်။ သို့သော် အကြိမ်တိုင်းလည်း အရာမထင်ပေ။
“ ဒေါက်တာချန် … ၊ ပြီးတော့ ချာနယ်ထဲက ဘရိုတို့ … မင်းတို့ ငါ့ကို ရယ်ချင်ရယ်ကြ …. ကောင်မလေး တစ်ယောက်ရနိုင်ဖို့အတွက် ငါ နည်းလမ်းပေါင်းစုံ တွေးကြည့်ခဲ့ဖူးတယ် ….”
“ ငါ ဒီတိုင်းကြီး တစ်သက်လုံး စင်ဂယ် မဖြစ်ချင်ဘူး ….”
“ ဘလိုင်းဒိတ်စီစဉ်ပေးတဲ့ ကုမ္ပဏီတွေကို သွားတဲ့အပြင် အားလပ်ရက်တိုင်းလည်း ဘုံကျောင်းသွားပြီး အမွှေးတိုင်တွေ ထွန်းတယ် ….”
“ ငါ့ကိုယ်ငါ ဂြိုဟ်ဆိုးဝင်နေလားတောင် မသိတော့ဘူး … ဒီလောက်ထိ ကြိုးစားနေတာ ကောင်မလေး တစ်ယောက်ကမှ ငါ့မကြိုက်ကြဘူး ….”
[နှစ်သုံးဆယ် စင်ဂယ် ] အမျိုးသားက သူ့ အခြေအနေကို စိတ်ဓာတ်ကျစွာဖြင့် ရှင်းပြလိုက်သည်။
“ တကယ်လို့ မင်း အဲ့လိုဆိုမယ်ဆိုရင် ….” ချန်ယွီ့ အပြုံးမမည်သည့် အပြုံးဖြင့် “ မင်းက တစ်ဖက်သတ် ဘက်လိုက်ပြီး ပြောနေတာပဲ …”
“ အမျိုးသမီးတွေက မင်းကို မကြိုက်တာ မဟုတ်ဘူး …. မင်းကိုက သူတို့ကို ပြန်မကြိုက်တာ ….”
“ ဥပမာပြောရရင် သိပ်ကြာခင်တုန်းက ကျန်းကျန်းမာမာ ရှိတဲ့ အမျိုးသမီးတစ်ယောက်ဆို မင်းအပေါ် သိပ်ကောင်းတဲ့ အမြင်တွေ ရှိတယ် ….”
“ သူက အမျိုးသမီး မဟုတ်တော့ ဘာလဲ ….”
[နှစ်သုံးဆယ် စင်ဂယ် ] အမျိုးသား၏ မျက်နှာထက်တွင် အထင်သေးမှုတို့ ပြည့်နှက်သွားခဲ့သည်။
“ မင်းပြောတာ မမှားဘူး ဒေါက်တာချန် … တကယ်လည်း ငါ့ကို ကြိုက်တဲ့ အမျိုးသမီးတွေ ရှိတယ် ….”
“ ဒါပေမယ့် သူတို့က သိပ် ‘ ကျန်းမာလွန်း’ နေတယ် … ယောက်ျားသား အများစုထက်တောင် ဗလတွေ ပိုရှိနေသေးတယ် … လုံးဝကို ကြွက်သားတုံးကြီး ….”
ဤစကားကြားတော့ ကြည့်ရှုသူများမှာ ကျယ်လောင်စွာ အော်ရယ်လုနီးပါး ဖြစ်သွားခဲ့ကြသည်။
[နှစ်သုံးဆယ် စင်ဂယ် ]က ကိုယ့်မျက်ချေးကိုယ်ကျ မမြင်ဘဲ တစ်ပါးသူ မျက်ချေးကိုသာ မြင်နေသလို ဖြစ်နေသည်။
သူကိုယ်တိုင်ကလည်း မထောင်မမောင်း(အရပ်မရှည်)၊ မချောမခန့်၊ ခန္ဓာကိုယ် ပေါင်အလေးချိန်ကလည်း ၁၆၀ ကနေ ၁၇၀ လောက်အထိ ရှိသည်။
သူများကို ကြွက်သားတုံးကြီးဟု မည်သည့်မျက်နှာနှင့်များ ပြောဝံ့နေရသနည်း။
“ ငါ ပြောတာကို မယုံမရှိနဲ့ … ငါ အတည်ပြောနေတာ ….”
[နှစ်သုံးဆယ် စင်ဂယ် ]က ဖုန်းနှင့်အတူ အိပ်ရာအောက်ကဆင်းပြီး အံဆွဲဖွင့်၍ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်သည်။
“ အောင်မယ်လေး ဘုရားရေ …. ဘရားသား … ငါ တောင်းပန်ပါတယ်ကွာ ….”
“ ဒါ ကျန်းဖေးရဲ့ အမျိုးသမီး ဗားရှင်းမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်နော်…”
“ မင်းတို့နှစ်ယောက်က ဘာကွာသွားလို့ ….”
“ သူ့ကို ဘယ်သူလဲ မင်းနဲ့ မိတ်ဆက်ပေးတာ …. အဲ့လူ မင်းကို ဘယ်လောက်တောင် မုန်းတီးနေလိုက်လဲ မသိဘူး ….”
“ သူများကို မပြောခင် ကိုယ့်ကိုယ်ကို မှန်ထဲ အရင်ပြန်ကြည့်ဦး … သူ့ခန္ဓာကိုယ် အချိုးအစားက တော်ရုံလူ မရနိုင်တဲ့ အမျိုးအစားနော်….”
[နှစ်သုံးဆယ် စင်ဂယ် ] ပြသည့် ဓာတ်ပုံထဲရှိ အမျိုးသမီးက အရပ် ၁.၉ မီတာလောက် မြင့်မားပြီး ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ထုဆစ်တည်ဆောက်ထားသည့် အမျိုးသမီးတစ်ဦးပင်။ အကြမ်းထည်ဆန်သည့် မျက်နှာနှင့် ညိုမည်းသည့် အသားအရေရှိသည်။
“ မင်းတို့ငါ့ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်တယ်ပြောပြော ငါ သူ့ကို မကြိုက်တာကတော့ အမှန်ပဲ ….”
“ မင်းတို့ဆိုရော အဲ့လို မိန်းမမျိုးနဲ့ လက်ထပ်မှာလား …..”
[နှစ်သုံးဆယ် စင်ဂယ် ]က သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။
“ ငါ့အမေရဲ့ သူငယ်ချင်းက ဘာတွေ စဉ်းစားနေလဲ ငါလည်း မသိတော့ဘူး … ဒါပေမယ့် တကယ်ပဲ သူနဲ့ ငါ့ကို မိတ်ဆက်ပေးလာတယ် ….”
“ ငါသူ့ကို ပထမ စမြင်မြင်ချင်းတုန်းကဆို ရှေးခေတ်တုန်းက စစ်ဘုရင်တစ်ယောက် ဒီဘက်ခေတ် ကူးပြောင်းလာတာလားဆိုပြီးတောင် အောက်မေ့သွားမိတယ် ….”
“ အဲ့တုန်းက အောင်သွယ်တော်လည်း ရှိနေတော့ သူ့ရှေ့မှာ ငါလည်း စကားပြောလို့က မကောင်းဘူး … ဒါနဲ့ ဘာမှမပြောဘဲ နေလိုက်တယ် … သူ့ကို ဧည့်ဝတ်ကျေကျေနဲ့ပဲ ထမင်းတစ်နပ် ကျွေးလိုက်တယ် ….”
“ မင်းတို့ မသိလို့နော်… ဒီ အမျိုးသမီး အရင်တုန်းက အစားအသောက်ပြိုင်ပွဲမှာ ဝင်ပြိုင် ဗိုလ်ဆွဲဖူးသလား မသိဘူး ….”
“ ပါးစပ်နဲ့ပဲ စားတာ မဟုတ်ဘူး … မျက်နှာကြီး တစ်ခုလုံးနဲ့ကို စားတာ ….”
“ ဝက်သုံးထပ်သားကင်တွေဆို ငါတောင် တစ်တုံး မမြည်းလိုက်ရဘူး … သူတစ်ယောက်တည်း ပန်းကန်ပြားလိုက်မပြီး ပါးစပ်ထဲ လောင်းထည့်ပစ်တာပဲ ….”
[နှစ်သုံးဆယ် စင်ဂယ် ]က ချဲ့ကားသည့် အမူအရာဖြင့် ရှင်းပြနေလျက် ရှိသည်။
“ သူ့ စိတ်ရင်းနှလုံးသားကတော့ ကောင်းပါတယ် ….” ချန်ယွီ့ ရယ်ချင်စိတ်ကို ဖိနှိပ်ရင်း ပြောလိုက်သည်။
“ အင်း … သူက တကယ်လည်း စိတ်ရင်းကောင်းတယ် ….”
“ ကောင်းလွန်းလို့ ဆိုင်ရှင်တောင် မနေနိုင်ဘဲ ငါတို့ဝိုင်းကို ဒစ်စကောင့် ပေးလာတဲ့အထိပဲ …..”
“ သူပြောတာ ချူးပါးဝမ် ထမင်းအိုးလှပ်တဲ့ ဒဏ္ဍာရီကို ကိုယ်တိုင် မြင်တွေ့ဖူးသွားပြီတဲ့ ….”
“ စားပြီးလို့ ဘေလ်ရှင်းတော့မယ် လုပ်တော့ ဆိုင်အပြင်ဘက်ကနေ လူတစ်ယောက်က ဆန်အိတ်တွေနဲ့ အထဲဝင်လာတယ် ….” [နှစ်သုံးဆယ် စင်ဂယ် ]က စကားကို ထပ်ပေါင်းပြောလာခဲ့သည်။
“ ဆန်လာပို့ပေးတဲ့ ဒီလီသမားက ပိန်ပိန်သေးသေးလေး … သူက ဆန်အိတ်ကို မနိုင့်တနိုင်နဲ့ သယ်လာတယ် ….”
“ ငါ့ဒိတ်ဖော်ကလည်း အဲ့တာကို မြင်တော့ ဆန်အိတ်တွေကို သယ်ကူပေးတယ် ….”
“ ဆန်ခြောက်အိတ် ၊ စုစုပေါင်း ပေါင် ၃၀၀ လေးတယ် … လက်တစ်ဖက်ကို သုံးအိပ်စီ သယ်ပြီး မီးဖိုချောင်ထဲ သယ်သွားပေးတောင် အသက်ရှူသံလေးတောင် တစ်ချက် ပြောင်းမသွားဘူး ….”
“ ဒါကြောင့်လည်း ဆိုင်ရှင်က ငါ့ကို ၂၀ ရာခိုင်နှုန်း ဒစ်စကောင့်ပေးပြီး …. ပြောသေးတယ် … ဒီကောင်မလေးနဲ့ လက်ထပ်လိုက်ပါလား သားလေးတဲ့ … သူနဲ့ လက်ထပ်လိုက်ရင် နောင်ကျ ဘယ်သူမှ ငါ့ကို အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူးတဲ့ ….”
“ ဒေါက်တာချန် … မင်းဆီလာပြီး ရည်းစားရှာဖို့ အကြံဉာဏ်တောင်းတာ မသင့်မှန်း ငါ့ကိုယ်ငါ့ သိတယ် … ဒါပေမယ့် ငါလည်း တကယ်ကို မသက်သာလို့ပါ ….”
“ မွေးပြီးကတည်းက ကောင်မလေး လက်တောင် အခုထိ တစ်ခါမှ မကိုင်ဖူးသေးဘူး …. ကောင်မလေး မရှာနိုင်ဘူးဆိုတဲ့ စိတ်ခံစားချက်ကြောင့် ကိုယ့်ကိုယ်ကို သိမ်ငယ်လာပြီး တစ်နေ့တစ်ခြား စိတ်ဓာတ်ကျလာတယ် … ပြောမရဘူး … တစ်နေ့ကျ အဲ့လိုနဲ့ စိတ်ကျရောဂါတောင် ဖြစ်သွားနိုင်တယ် ….”
“ မင်းငါ့ပြဿနာတွေကို ကူညီပေးမယ် မဟုတ်လား ဒေါက်တာချန် … ဒါလည်း စိတ်ပိုင်းဆိုင်ရာ ကုသပေးမှုရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ …. ဟုတ်တယ်ဟုတ် ….”
ချန်ယွီ့ သူ့လိုမျိုး လူနာနှင့် ပထမဆုံးအကြိမ် ကြုံဖူးတာပင်။ ငိုရမလား၊ ရယ်ရမလားပင် မသိတော့ဘဲ ခေါင်းသာ ခါရမ်းမိတော့သည်။
“ တကယ်တော့ ခင်များရဲ့ လက်တွဲဖော်က ခင်များရဲ့ဘေးနားလေးတင်မှာပဲ ရှိတယ် …. ဒီတိုင်း ခင်များက သတိမထားမိရုံလေးပဲ …”
“ ပြီးတော့ …. မကြာခင် ခင်များဆီ ရောက်လာတော့မယ် ….”
ချန်ယွီ့ စကားဆုံးသည်နှင့် တစ်စုံတစ်ယောက်က [နှစ်သုံးဆယ် စင်ဂယ် ]၏ အိပ်ခန်းတံခါးကို ခေါက်လာသည်။
အမျိုးသမီး တစ်ဦး၏ အသံက ကပ်လျက် လိုက်ပါလာခဲ့၏။
ကြည့်ရှုသူများမှာ ကြက်သေသေသွားခဲ့ကြသည်။
ဒီလောက် မြန်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ ….
ချန်ယွီ့ ပြောပြီးလို့ စကားဆုံးရုံ ရှိသေးတာလေ … သူနဲ့ လက်ထပ်မယ့် အမျိုးသမီးက တံခါးလာခေါက်နေပြီတဲ့လား …