ဘလိုင်းဒိတ် မအောင်မြင်ရတဲ့ နောက်ကွယ်က အကြောင်းအရင်း အမှန်
Vol. 26 Ch. 259
များပြားလှသည့် ကွန်းမန့်များ ပေးပို့ရင်း ကြည့်ရှုသူများက ချန်ယွီ့ ရည်ညွှန်းသည့် အမျိုးသမီးက မည်သူ ဖြစ်မလဲဆိုတာကို သိချင်စိတ် ပြင်းပြစွာဖြင့် မျှော်လင့်စောင့်စားနေခဲ့ကြ၏။
[နှစ်သုံးဆယ် စင်ဂယ် ]က တံခါးဝသို့ ဇဝေဇဝါ ဖြစ်စွာဖြင့် လျှောက်လှမ်းသွားပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။
အသက်ငါးဆယ်အရွယ် ကြင်နာတတ်သည့် သွင်ပြင်နှင့် အမျိုးသမီး တစ်ဦးက လူတိုင်း၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။
ဤသည်ကို မြင်တော့ ကြည့်ရှုသူများက စိတ်ပျက်သွားခဲ့ကြ၏။
ကြည့်ရှုသူ တော်တော်များများကတော့ ဤသည်က [နှစ်သုံးဆယ် စင်ဂယ် ]၏ မိခင် ဖြစ်သည်ဟု ပြောဆိုနေကြသည်။ ၎င်းတို့ ထင်မှတ်ထားသည့် အတိုင်းပင်။
“ ဟမ် အမေ … အန်တီဟွမ်နဲ့ မာကျောက်သွားကစားနေတာ မဟုတ်ဘူးလား …. ဘာလို့ အစောကြီး ပြန်လာခဲ့တာ …”
“ နင် လက်ထပ်ရမယ့် ကိစ္စကြောင့်မို့ပေါ့ ….”
အမျိုးသမီးက သူ့သားကို မျက်လုံးလှိမ့်ပြီး ကြည့်လိုက်သည်။
“ ရော့ … ဒါ အန်တီဟွမ် မိတ်ဆက်ပေးတဲ့ နင်နဲ့ ဘလိုင်းဒိတ်လုပ်မယ့် မိန်းကလေးပဲ ….”
“ သူနဲ့ ဒီတစ်ပတ် သွားတွေ့မယ့် အချိန်ကျရင် တက်တက်ကြွကြွ ဖြစ်မယ့် သွင်ပြင်လေးဖြစ်အောင် ဝတ်သွား …. အရင်တစ်ခါကလို ပုံတုံးကြီးတွေ မဝတ်သွားနဲ့ …”
ပြောရင်းဖြင့် [နှစ်သုံးဆယ် စင်ဂယ် ]၏ မိခင်က သူ့လက်ထဲသို့ ဓာတ်ပုံတစ်ပုံ ထည့်ပေးလာခဲ့ပြီး စကားလုံးအနည်းငယ်လည်း တီးတိုး ပြောလိုက်သေး၏။
အကွာအဝေးကြောင့် ကြည့်ရှုသူများက တစ်ဖက် မိန်းကလေး မိသားစုမှာ ကြွယ်ဝချမ်းသာသည့် မိသားစုဖြစ်ကြောင်းနှင့် အကျင့်စရိုက် ကောင်းမွန်သည့် အကြောင်းပဲ ရေးတေးတေး ကြားလိုက်ကြရသည်။ ခြုံငုံပြီး ဆိုရလျှင်တော့ ယခု တစ်ကြိမ်သွားတွေ့မည့် မိန်းကလေးက မိကောင်းဖခင် သမီးလေးပင်။
ကုတင်ရှေ့သို့ ပြန်ရောက်လာပြီးနောက် [နှစ်သုံးဆယ် စင်ဂယ် ]က စိတ်ပျက်သည့် အမူအရာဖြင့် “ ဒေါက်တာချန် … မင်း မှားသွားပြီ ….”
“ ငါ ပြောတာ မင်းရဲ့ လက်တွဲဖော်က မင်းဘေးမှာ ရှိနေတယ် … ပြီးတော့ မကြာခင် လာတော့မှာ ….” ချန်ယွီ့ အေးအေးလူလူ ပြောလိုက်ပြီး “ အခု တံခါး လာခေါက်တဲ့လူက မင်းရဲ့ လက်တွဲဖော်ပါလို့တော့ ငါ မပြောခဲ့ဖူးဘူး … ဒီရဲ့လူနာ … မင်း သိပ် အတွေးလွန်နေပြီ ….”
“ ငါလက်ထပ်ရမယ့်လူက ငါ့ဘေးမှာပဲ ရှိတယ် … ပြီးတော့ မကြာခင် ရောက်လာလိမ့်မယ် … မဟုတ်မှလွဲရော သူများလား ….”
[နှစ်သုံးဆယ် စင်ဂယ် ]က သူ့အမေပေးသည့် ဓာတ်ပုံထဲက မိန်းကလေးကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်သည်။
မဖြစ်နိုင်ပေ။
သူမက သူ့အပေါ် စိတ်ဝင်စားမှာ မဟုတ်ချေ။
[နှစ်သုံးဆယ် စင်ဂယ် ]က တစ်စုံတစ်ယောက်နှင့် ချစ်ကြိုက်လိုသော်လည်း သူ့တန်ရာတန်ရာတော့ သိသည်။
ပုံထဲရှိ အမျိုးသမီးက သူ့အပေါ် ဘယ်တော့မှ ချစ်ကျွမ်းဝင်လာမှာ မဟုတ်တာကိုတော့ ကျိန်းသေသည်။
“ ကျေးဇူးပြုပြီး အချိန်မဆွဲပါနဲ့တော့ ဒေါက်တာချန်ရယ် … ငါ့ကို တစ်ခါတည်း ပြောလိုက်ပါတော့ … ငါ လက်ထပ်ရမယ့်လူက ဘယ်သူလဲ ….”
“ ငါ စင်ဂယ်လုပ်နေရတာ တကယ်ပဲ ငြီးငွေ့လှပြီ … သူများတွေလို ကောင်မလေးနဲ့ တီတီတာတာလေးတွေ ပြောချင်တယ် … “
“ ငါ့အမေဆိုလည်း နေ့တိုင်းနေ့ အိမ်ထောင်ပြုဖို့ပဲ နားပူနားဆာလုပ်နေတာ … အလုပ်မှာဆိုလည်း လုပ်ဖော်ကိုင်ဘက်တွေက သူတို့ ကလေးလေးရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေ လာကြွားလိုက် ၊ မဟုတ်ဘူးဆိုလည်း သူတို့ ကောင်မလေးတွေနဲ့ စကားပြောလိုက်နဲ့ အဆင်ပြေနေကြတာ ….”
“ ငါလည်း ငါ့ကိုယ်ငါ ပြောင်းလဲဖို့ ကြိုးစားပါသေးတယ် … ဒါပေမယ့် အကုန် အလကားပဲ ….”
သူ ပြောရင်း ပိုပြီး စိတ်ဓာတ်ကျလာခဲ့တော့သည်။
သူနှင့် ဘလိုင်းဒိတ်ပြီးသည့် အမျိုးသမီးများက ဒိတ်လုပ်ပြီးနောက် သူ့အား လျစ်လျူရှုသွားခဲ့ကြသည်က သူ၏ ဝဖိုင့်သည့် ဤခန္ဓာကိုယ်ကြီးကြောင့် ဖြစ်နိုင်သည်။
မဟုတ်ဘူးဆိုလည်း သူ့ဘက်က ကောင်းကောင်းမွန်မွန် မဝတ်စားသွားသောကြောင့် ဖြစ်လောက်သည်။
သူလည်း မတတ်နိုင်ပေ။ သူတို့လို ပရိုဂရမ်မာတွေက ပေါ့ပေါ့ပါးပါးပဲ ဝတ်ဆင်လေ့ ရှိကြ၏။
နေ့စဉ်နေ့တိုင်းလည်း ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ပြီး လှုပ်လှုပ်ရှားရှား ပြုရသည်ကလည်း နည်းသည်။ သူလည်း ဝိတ်ချချင်သည်။ သို့သော် ချဖို့ အချိန်မရှိပေ။
ဖက်ရှင်ပိုင်းတွင်ဆိုလျှင်တော့ ပိုလို့တောင် အတွေ့အကြုံနည်းသေး၏။
သူ တစ်ခါက အွန်လိုင်းပေါ်တွင် ဘလိုင်းဒိတ် သွားသည့် အချိန်၌ ကောင်မလေး အထင်ကြီးစေရန် မည်သို့ မည်ပုံ ဝတ်စားဆင်ယင်သင့်ကြောင်း လေ့လာခဲ့ဖူးသည်။ သို့သော် ပိုတောင် ဆိုးသွားသေး၏။ ယင်းက သူ့ခန္ဓာကိုယ်ကို ပို၍ ဝဖိုင့်သည့် သွင်ပြင် ဖြစ်လာစေသည်။
“ သူ့ကို ကူညီပေးလိုက်ပါ ဒေါက်တာချန်ရာ … သူ့ပုံစံကြည့်ရတာ တကယ်လည်း စော်လိုချင်ပြီး အိမ်ထောင်ပြုချင်နေတဲ့ပုံပဲ …..”
“ ဝိတ်မကျဘူးဆိုရင်တောင် ဒေါက်တာချန် ကူညီပေးလိုက်ရင် အိမ်ထောင်ကျဖို့ မဝေးလောက်တော့ပါဘူး ….”
“ ညီကို … အရှိတရားကို လက်ခံလိုက် … အခုခေတ်က ရုပ်ရည်သည်သာ အရာရာကွ …” စကားပြောခန်းထဲရှိ ကွန်းမန့်များကို ကြည့်ရင်း [နှစ်သုံးဆယ် စင်ဂယ် ]က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
သူ့သွင်ပန်းသဏ္ဌာန်က သာမန်ပဲ ရှိတာကို ကိုယ်တိုင်လည်း သိသည့်အတွက်ကြောင့် သူ၏ တောင်းဆိုချက်တို့ကလည်း မမြင့်မားလှပေ။
တစ်ဖက်အမျိုးသမီးက ရုပ်ရည်အသင့်အတင့် ရှိပြီး ၊ ကျန်းမာမည်၊ ကောလိပ်ဘွဲ့တစ်ခုရထားမည်၊ မိဘအပေါ် သိတတ်သူ ဖြစ်မည်၊ ပွင့်လင်းတက်ကြွသည့် အကျင့်စရိုက်ရှိမည်ဆိုလျှင် သူ့အတွက် အဆင်ပြေသည်။
“ ဒီရဲ့လူနာ … မင်း ဒီကိစ္စကို စိုးရိမ်စိတ်ဖိစီးနေဖို့ မလိုဘူး …”
“ မင်း ကြင်ဖော် ရှာမရတဲ့ ပြဿနာက မင်းရဲ့ သွင်ပန်းသဏ္ဌာန်၊ ကိုယ်အလေးချိန်နဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေတယ်ဆိုပေမယ့် အဓိက အကြောင်းအရင်းတော့ မဟုတ်သေးဘူး ….”
ဤစကားက [နှစ်သုံးဆယ် စင်ဂယ် ] အမျိုးသားကို မှောင်ယံညထဲ ကြယ်အလင်းရောင်ကို တွေ့မြင်စေလိုက်သည့်နှယ် သူ့ခေါင်း ရုတ်တရက် မော့လာသည်။
“ ဒေါက်တာချန် … မင်း ဘာပြောလိုက်တယ် ….” [နှစ်သုံးဆယ် စင်ဂယ် ]က သူ့ကို ခေါင်းလောင်းကဲ့သို့ ကြီးမားသည့် မျက်လုံးကြီးများဖြင့် စိုက်ကြည့်လိုက်ပြီး “ ငါ ကောင်မလေး မရတဲ့ ပြဿနာက အခု ငါ့ရုပ်ရည်နဲ့ မဆိုင်ဘူးပေါ့ ဟုတ်လား ….”
“ မင်းရဲ့ ဒီခု သွင်ပြင်က ဘလိုင်းဒိတ်အပေါ် အတိုင်းအတာ တစ်ခုအထိ သက်ရောက်မယ်ဆိုတာ မှန်တယ် …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ ဒါပေမယ့် အဓိက အကြောင်းအရင်းတော့ မဟုတ်သေးဘူး ….”
“ ဒီရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဘေးချိတ်ထားလိုက်မယ်ဆိုရင် မင်းရဲ့ ကိုယ်ကျင့်စရိုက်လေးက မဆိုးတဲ့အထဲ ပါတယ် …”
“ ပြီးတော့ မင်းမှာ အိမ်လည်းရှိတယ် … နာမည်ကြီး တက္ကသိုလ်ကနေလည်း ဘွဲ့ရထားတယ် … မိဘတွေကလည်း သူတို့ရဲ့ ပင်စင်လစာတွေ ရှိထားပြီးသား …. “
“ မင်းက ပရိုဂရမ်မာတစ်ယောက် … တစ်လ ဝင်ငွေက နှစ်သောင်းကနေ သုံးသောင်းအထိ ရှိတယ် … ဒီအခြေအနေတွေနဲ့ဆိုရင် ဘလိုင်းဒိတ်ဈေးကွက်မှာ မင်းရဲ့ အနာဂတ်က တောက်ပနေပြီးသား ….”
“ ဒါပေမယ့် မင်းက ဘလိုင်းဒိတ်တွေ့လိုက်တိုင်း အဆင်မပြေ ဖြစ်နေတာ … မဟုတ်လည်း ဘလိုင်းဒိတ်မှာ မင်းနဲ့ အဆင်ပြေခဲ့တဲ့ မိန်းကလေးတွေ နောက်ပိုင်း မင်းကို လျစ်လျူရှုသွားခဲ့တယ်ဆိုတာက လူလုပ် အကြောင်းအရင်း တစ်ချက်ကြောင့်ပဲ ….”
“ ဘယ်လို လူလုပ် အကြောင်းအရင်းလဲ ….”
[နှစ်သုံးဆယ် စင်ဂယ် ]က စိုးရိမ်တကြီးနှင့် မေးမြန်းလိုက်သည်။
“ ဒီ မေးခွန်းကို မဖြေခင် …” ချန်ယွီ့ ပြောလိုက်ပြီး “ မင်းလက်ထဲရှိတဲ့ ဓာတ်ပုံကို လူတိုင်းမြင်အောင် တစ်ချက် ပြလိုက် ….”
“ အိုကေ ….”
[နှစ်သုံးဆယ် စင်ဂယ် ]က နှစ်ခါပင် မစဉ်းစားဘဲ သူ့ ဘလိုင်းဒိတ်အမျိုးသမီး ဓာတ်ပုံကို ကင်မရာရှေ့သို့ ထောင်ပြလိုက်သည်။
“ ဒါ ဘယ်လို နတ်သမီးမျိုးလေးလဲ အဲ့တာ …. လှရက်လိုက်တာကွာ ….”
“ နတ်သမီး ဟုတ်လား … ပလတ်စတစ် ဆာဂျရီ လုပ်ထားတာ ကျိန်းသေတယ် … သဘာဝအတိုင်း ဒီလောက်လှတဲ့ အမျိုးသမီး မရှိနိုင်ဘူး …..”
“ ဝေါင်း … လှလိုက်တဲ့ ရွှေသမင်မျက်လုံးလေးတွေ ….”
“ အမှန်အတိုင်း ဝန်ခံရရင် လူတော်တော်များများက အဲ့လို ကောင်မလေးမျိုးကို သေချာ ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ချက် မရှိကြဘူး … ငါဆိုရင်လည်း သူ့လို မိန်းကလေး တစ်ယောက်နဲ့ တွဲဖို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိမှာမဟုတ်ဘူး ….”
“ ကိုယ်က အတော်လေး ခန့်ညားချောမောနေမှပဲ မိန်းကလေးတစ်ယောက်က ဘယ်လောက်တောင် လှုပ်ရှားတတ်လိုက်လဲဆိုတာ နားလည်နိုင်လိမ့်မယ် …”
“ ငါ့ကောင်တို့ … စိတ်ကူးတွေ ယဉ်မနေကြနဲ့ … ဒီလို မိန်းကလေးမျိုးတွေဆိုတာ ငါတို့နဲ့ တန်တာ မဟုတ်ဘူး ….”
ပုံထဲရှိ အမျိုးသမီးက ဖြူစင်သော အလှတရားနှင့် သွယ်လျသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။
[နှစ်သုံးဆယ် စင်ဂယ် ]အမျိုးသားက သူမစိတ်ကူးထဲက ပုံစံနှင့် ကိုက်ညီမှာ မဟုတ်ချေ။
အကယ်၍ ပုံထဲက အမျိုးသမီးသာ တခြား ဖုံးကွယ်ထားသည့် ရည်ရွယ်ချက် မျိုး ရှိနေခဲ့ခြင်း ၊ ဒါမှမဟုတ် ဓာတ်ပုံထဲက ရုပ်ပုံသည် ပြုပြင်ထားခြင်း မရှိဘူးဆိုပါက မည်သည့်နေရာသွားသွား အလှကညာ တစ်ပါး ဖြစ်နေမည်မှာ ကျိန်းသေသည်။
ထိုမျှ လှနိုင်လွန်းသည့် အမျိုးသမီးတစ်ယောက် ဘလိုင်းဒိတ်တွေ့ဖို့ လိုအပ်၏လော။
ဟာသပင်။
သူမ ဘလိုင်းဒိတ် တွေ့ဖို့ လိုအပ်လျှင်ပင် [နှစ်သုံးဆယ် စင်ဂယ် ]နှင့်တော့ တွေ့ဖို့ လိုအပ်မှာ မဟုတ်ချေ။
“ ဒေါက်တာချန် … မင်း ပုံလည်း မြင်မြင်ပြီးပြီ … နောက်တော့ရော ….”
“ ငါ သူနဲ့ အခွင့်အရေး ရှိနိုင်မှာလား ….” [နှစ်သုံးဆယ် စင်ဂယ် ]က သတိချပ်လျက် မေးလိုက်သည်။
“ ဖြစ်နိုင်တာ မဖြစ်နိုင်တာတွေ ခဏဘေးချိတ်ထားဦး ….” ချန်ယွီ့ ပြောလိုက်ပြီး “ မင်းရဲ့ ဘလိုင်းဒိတ်တွေ ဘာကြောင့် ထပ်ခါတလဲလဲ ကျရှုံးနေရလဲဆိုတဲ့ အကြောင်းအရင်းကိုပဲ အရင် ပြောကြမယ် ….”
[နှစ်သုံးဆယ် စင်ဂယ် ]က ခေါင်းညိတ်လိုက်သည်။
သူလည်း ဘာကြောင့် ထပ်ခါတလဲလဲ အဆင်မပြေဖြစ်နေရလဲဆိုသည့် အကြောင်းအရင်းကို သိချင်မိသည်။
“ မင်း အရင်က တွေ့ခဲ့တဲ့ အမျိုးသမီးနဲ့ ဒီခုတစ်ခေါက် အမျိုးသမီးအပါအဝင် ….” ချန်ယွီ့ ပြောလိုက်ပြီး “ မင်းတွေ့ခဲ့တဲ့ အမျိုးသမီးတွေ အကုန်လုံးကို မင်းအမေရဲ့ သူငယ်ချင်းကပဲ မိတ်ဆက်ပေးခဲ့တာ မဟုတ်လား ….”
“ ဒေါက်တာချန်က အံ့ဩဖို့ သိပ်ကောင်းတာပဲ … ဒီကိစ္စကိုတောင် သိနေတယ် …”
“ အရင်တစ်ခေါက်က ငါတွေ့ခဲ့တဲ့ ကြွက်သားတုံးကြီးကို အန်တီဟွမ်ပဲ မိတ်ဆက်ပေးခဲ့တာ ….” သူ အမှန်အတိုင်း ပြောလိုက်ပြီး “ အခုလည်း အန်တီဟွမ်က ငါ့ကို ဒီမိန်းကလေးနဲ့ မိတ်ဆက်ပေးလာတယ် ….”
“ ပြောတာတော့ ဒီတစ်ပတ် ပိတ်ရက်ကျရင် သူနဲ့ သွားတွေ့ရမှာဆိုပဲ ….”
“ ဟင်း … အန်တီဟွမ်က ငါ့အပေါ် အတော်လေး ကောင်းတဲ့ အန်တီပါ … ဒါပေမယ့် ဘလိုင်းဒိတ်တွဲပေးတဲ့ အောင်သွယ်တော် တစ်ယောက်အနေနဲ့ကတော့ အဆင်မပြေလှဘူး ….”
“ သူ ငါနဲ့ တွဲပေးတဲ့ ပါတနာတိုင်းက ငါ့အတွက် အလှမ်းဝေးလွန်းနေတာမျိုး မဟုတ်ရင် ထူးဆန်းတဲ့ အမျိုးသမီးတွေချည်းပဲ ….”
“ ဘလိုင်းဒိတ် ကုမ္ပဏီက မင်းကို အချိန်တိုင်းလိုလို ဒိတ်အသစ်တွေ စီစဉ်ပေးတယ် …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ မင်း တစ်ယောက်ယောက်နဲ့ တွေ့တော့မယ့် အချိန်တိုင်း မင်းက သူတို့ရဲ့ အချက်အလက်တွေကို အန်တီဟွမ်ဆီ ပို့ပေးတယ် … ပြီးတော့ သူက မင်း ကိုယ်စား စစ်ဆေးပေးတယ် … ဟုတ်တယ်မလား …”
“ အင်း … တကယ်လည်း အဲ့လိုမျိုးပဲ ….”
“ အန်တီဟွမ် အနားယူပြီးသွားတော့ အားလပ်ချိန်တွေမှာ ငါတို့လို လူငယ်လေးတွေကို စီစဉ်ပေးနေကြ ….” သူက ခေါင်းညိတ်ရင်း ပြောလိုက်ပြီး “ သူ ပြောတာ ဒီဘက်ခေတ်မှာ ဘလိုင်းဒိတ် စီစဉ်ပေးတဲ့ ဝန်ဆောင်မှုတွေက အများကြီးရှိတယ် … အပေါ်ယံအမြင်မှာ အဲ့ဒီ မိန်းကလေးတွေက ရိုးရိုးသားသားနဲ့ ဒိတ်လုပ်ဖို့ လာခဲ့တယ် ထင်ရပေမယ့် နောက်ကွယ်မှာတော့ ကိုယ့် ဒိတ်ပါတနာရဲ့ ပိုက်ဆံတွေကို နည်းမျိုးစုံနဲ့ ညှစ်ဖို့ ကြိုးစားကြတတ်တယ်ဆိုပဲ….”
“ အန်တီဟွမ်က ငါ အလိမ်ခံရမှာကို စိတ်ပူနေတာ ….”
“ ဘလိုင်းဒိတ်ကုမ္ပဏီက ငါ့ကို ဒိတ်တစ်ခု စီစဉ်ပေးတိုင်း ငါက အန်တီဟွမ်ဆီ သူတို့ရဲ့ အချက်အလက်တွေကို ပို့ပေးပြီး သူတို့ကို ငါ့ကိုယ်စား စစ်ဆေးကြည့်ခိုင်းတယ် ….”
စကားထိုနေရာအရောက်မှာပဲ [နှစ်သုံးဆယ် စင်ဂယ် ]က သူ့ပေါင်သူ ဖြန်းခနဲ ရိုက်လိုက်၏။