ရှုပ်ထွေးတဲ့ မိသားစုနောက်ခံ
Vol. 26 Ch. 260
“ ဒေါက်တာချန် … ငါ ဘလိုင်းဒိတ်တွေ အများကြီး လုပ်ခဲ့တာ မအောင်မြင်ဘူး … လူလုပ် အကြောင်းအရင်း တစ်ခုကြောင့်ဆိုတော့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ခုခုတော့ ကျိန်းသေပေါက်ကို ရှိနေရမယ် မှန်တယ်မလား ….”
“ မဟုတ်မှလွဲရော အန်တီဟွမ်များလား ….”
[နှစ်သုံးဆယ် စင်ဂယ် ] စကားဆုံးသည်နှင့် မရေမတွက်နိုင်သည့် ကွန်းမန့်များ တက်လာသည်။
“ ညီကို … မင်းက ပရိသတ်အဟောင်း တစ်ယောက်မှန်း သိသာတယ် … ဘယ်လို အရင်ဖြေရမလဲတောင် သိနေပြီပဲ …..”
“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းတွေကို မကြာခဏ ကြည့်တာက ဖိအားတွေကို ပြောလျော့စေရုံတင် မကဘူး …. အိုင်ကျူလည်း တိုးစေတယ် ….”
“ ငါ ခွဲခြမ်းစိတ်ဖြာကြည့်ရသလောက်ဆိုရင် ဒါက အမှန်တရားပဲ ….”
“ အကြောင်းအရင်းက ဘာတဲ့လဲ …..”
“ သူ့ ဘလိုင်းဒိတ်တွေ တစ်ခုပြီးတစ်ခု အဆင်မပြေ ဖြစ်နေတာက အန်တီဟွမ်နဲ့ တစ်ခုခုတော့ ပတ်သက်နေရမယ် … ဧကန္တ အန်တီဟွမ်က သူ့မိသားစုအပေါ် ရန်ငြှိုးတစ်ချို့ ရှိနေတာကြောင့်များလား ….”
ကြည့်ရှုသူများက စတင် စဉ်းစားသုံးသပ်ကြပြီး ရှုပ်ထွေးသည့် မိသားစုတွင်း ဒရာမာ မြင်ကွင်းများကို စိတ်ကူးယဉ်ကြတော့သည်။
အမျိုးမျိုးသော ခန့်မှန်းမှုမျိုးကို ကြည့်ရင်း [နှစ်သုံးဆယ် စင်ဂယ် ]သည်ပင် ငိုချင်သွားခဲ့၏။
ဒါ ဘာတွေလဲ ….
ဇာတ်ညွှန်းရေးဆရာတွေရဲ့ အတွေးစိတ်ကူးကတောင် ဒီခု ကြည့်ရှုသူတွေကို မှီနိုင်မှာ မဟုတ်ဘူး …..
“ လူတိုင်းပဲ … ကွန်းမန့်မန်နေ့တာတွေ ရပ်ပေးကြပါ ….”
ချန်ယွီ့ စားပွဲကို ညင်သာစွာ ခေါက်လိုက်သည်နှင့် ကွန်းမန့်အရေအတွက်က သိသိသာသာ လျော့ကျသွားခဲ့သည်။ “ ဒေါက်တာချန် … တကယ်ပဲ အန်တီဟွမ်က ပြဿနာတွေ ရှာနေတာလားဟင် ….”
[နှစ်သုံးဆယ် စင်ဂယ် ]က ဝမ်းနည်းစွာဖြင့် မေးလိုက်ပြီး “ သူ ဘာလို့ ငါ့ အိမ်ထောင်ရေးကို ဖျက်စီးချင်နေရတာလဲ ….”
“ မင်းမှန်တယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ဘလိုင်းဒိတ် အဆင်မပြေရတဲ့ အကြောင်းအရင်းက မင်းရဲ့ ခန္ဓာကိုယ်ကြောင့် မဟုတ်သလို ပုံပန်းသွင်ပြင်ကြောင့်လည်း မဟုတ်ဘူး … အန်တီဟွမ်ကြောင့်ပဲ ….”
“ သူ ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတော့ မင်းရဲ့ တောင်းဆိုမှု လိုအပ်ချက်တွေကို နည်းနည်းချင်းစီ လျော့ချသွားဖို့ပေါ့ ….”
[နှစ်သုံးဆယ် စင်ဂယ် ]သည် တိမ်တွေပေါ်မှ ပြုတ်ကျသည့် အိပ်မက်မက်ကို မက်နေသည့်နှယ် ခံစားနေရသည်။
သူ့ရဲ့ မျှော်လင့်ချက်တွေကို နည်းနည်းချင်းစီ လျှော့ချတယ်ဆိုတာက ဘာကို ပြောချင်တာ …
အစကတည်းကနေ သူ့မျှော်လင့်တာတွေကလည်း ဘယ်လောက်မှ မမြင့်ဘူးလေ …
သူလိုချင်တာက အသင့်အတင့် ရှိတဲ့ ရုပ်ရည်၊ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ပညာတတ် အမျိုးသမီးတစ်ယောက်ပါပဲ ….
ဒါ အရမ်းမြင့်နေလို့လား …
သူ့ တောင်းဆိုချက်များကို ရှင်းပြပြီးနောက် မည်သို့မျှ မနေနိုင်တော့ဘဲ အလျင်အမြန် မေးမြန်းလိုက်၏။ “ ဒေါက်တာချန် … ပြီးတော့ အခု ကြည့်နေတဲ့သူတွေ … ကျေးဇူးပြုပြီး ဝေဖန်ပေးကြစမ်းပါ … ငါ စောနကပြောသွားတဲ့ တောင်းဆိုချက်တွေက အရမ်း မြင့်နေလို့လား ….”
“ ငါတော့ မထင်ဘူး ….” ချန်ယွီ့ လက်မောင်းပိုက်လျက် ပြုံးလိုက်ပြီး “ ပုံမှန်ဆို မင်းရဲ့ တောင်းဆိုချက်တွေက မမြင့်ပါဘူး ….”
“ ဒါပေမယ့် အန်တီဟွမ်အတွက်ကတော့ မင်းရဲ့ တောင်းဆိုချက်တွေက အရမ်း မြင့်လွန်းနေတယ် ….”
“ သူ မင်းကို မိတ်ဆက်ပေးတဲ့ အမျိုးသမီးတွေမှာ တူညီတဲ့ လက္ခာဏာတွေ ရှိကြတယ် …”
“ အမျိုးသမီးက မင်း လက်လှမ်းမမီလောက်အောင် မြင့်မားနေတဲ့ မိန်းကလေး ဟုတ်ရင်ဟုတ်၊ မဟုတ်ဘူးဆို မင်း လက်မခံနိုင်လောက်အောင် ထူးဆန်းနေတဲ့ အမျိုးသမီးတွေပဲ ….”
“ အမှန်ပဲ။။။ သူတို့ ချန်ရစ်သွားတဲ့ ပုံရိပ်တွေက သိပ်နက်ရှိုင်းလွန်းနေတော့ ငါ မေ့ချင်ရင်တောင် လုံးဝ မေ့လို့မရဘူး ….” [နှစ်သုံးဆယ် စင်ဂယ် ]က သူ့ အံဆွဲကို ဖွင့်ပြီး ဓာတ်ပုံ အနည်းငယ် ထုတ်ပြ၍ စခရင်ရှေ့တွင် တစ်ခုပြီးတစ်ခု ပြလိုက်သည်။
ပုံထဲရှိ အမျိုးသမီးများက ထူးဆန်းမနေလျှင် မော်ဒယ်လ်တစ်ဦးကဲ့သို့ လှပသည့် အမျိုးသမီးများ ဖြစ်ကြ၏။
“ သူ လိုချင်တဲ့ ပန်းတိုင်ကို ရရှိနိုင်ဖို့အတွက် အန်တီဟွမ်က နည်းလမ်းနှစ်မျိုးနှစ်စားကို အသုံးပြုခဲ့တယ် ….”
“ ပထမဦးဆုံး ဘလိုင်းဒိတ်ကုမ္ပဏီက မင်းနဲ့ မိတ်ဆက်ပေးတဲ့ ပါတနာရဲ့ အချက်အလက်တွေကို ဘလိုင်းဒိတ်ကုမ္ပဏီဆီ ဆက်သွယ်ပြီးရယူတယ် …”
“ ပြီးတဲ့နောက်မှာ မင်းရဲ့ အမေအသွင်ဆောင်ပြီး သူတို့ကို ဝီချက်အပ်တယ် …”
“ အကြင်နာမဲ့တဲ့ ယောက္ခမကြီးတစ်ယောက်လို ရည်ရွယ်ချက် ရှိရှိ ဟန်ဆောင်ပြီး မင်းနဲ့ တွေ့ခဲ့တဲ့ မိန်းကလေးတွေကို ရာဇဝတ်သား စစ်မေးသလိုမျိုး မေးမြန်းတယ် ….”
“ ဒီလိုနည်းနဲ့ကြောင့်မို့ မင်းအပေါ် အမြင်ကောင်းတွေ ရှိခဲ့တဲ့ မိန်းကလေးတွေကလည်း မင်းနဲ့ တဖြည်းဖြည်း ခွာလာခဲ့ကြတော့တာပဲ ….”
“ ဘယ်လိုပဲပြောပြော ဘယ်လိုမိန်းကလေးမဆို အိမ်ထောင်ကျပြီးသွားရင် ကျိုးကြောင်းမဆီလျော်တဲ့ ယောက္ခမနဲ့ တွေ့မှာကို ကြောက်ကြတာပဲလေ ….”
“ အဲ့ဒီအစား အချိန်မလွန်ခင် အမြန်ဆုံး အဆက်အသွယ်ဖြတ်လိုက်တာက ပိုကောင်းတယ် ….”
ထိုစကားများ ပြောထွက်လာသည်နှင့် ကြည့်ရှုသူ အများအပြားက ချန်ယွီ့နှင့် [အိမ်က ချစ်စရာ ကလေးလေး] တို့၏ တိုင်ပင်ဆွေးနွေးမှုကို ပြန်မြင်ယောင်မိသွားကြသည်။
သူမက ခင်ပွန်းကောင်းတစ်ယောက်နှင့် လက်ထပ်ခဲ့မိ၏။ သို့သော် ယောက္ခမကောင်းနှင့်တော့ မဆုံတွေ့ခဲ့ရပေ။
သူမ၏ ယောက္ခမက စနှိုးဝှိုက် မိထွေးထက်ပင် ကြောက်စရာ ကောင်းလှ၏။
သူမတို့နှစ်ယောက်ကို ခွဲဖို့အတွက် [အိမ်က ချစ်စရာ ကလေးလေး]၏ ယောက္ခမက ကလေးတွင် မွေးရာပါ နှလုံးရောဂါ ရှိနေသည်ဟူသော အရေးကြီး ကိစ္စကိုပင် ဖုံးကွယ်ထားခဲ့လေသည်။
ကိုယ်ဝန်ရင့်လာသည့်အချိန်ကျမှ ဖျက်ချခိုင်းပြီး မိခင်စိတ်ကြီးမားသည့် [အိမ်က ချစ်စရာကလေးလေး]ကိုလည်း တစ်သက်လုံး ကလေး မယူနိုင်တော့အောင် ဖျက်စီးဖို့ ကြံစည်ခဲ့သည်။
အကယ်၍ အမျိုးသမီးတစ်ယောက်သာ ထိုကဲ့သို့သော ယောက္ခမျိုးနှင့် ဆုံတွေ့ခဲ့မည်ဆိုလျှင် သူမ၏ အိမ်ထောင်ရေးသည်လည်း ကြေကွဲဝမ်းနည်းစရာကောင်းဖို့ ရာခိုင်နှုန်း အင်မတန် များ၏။ လက်ထပ်ပြီးနောက်တွင် ပျော်ရွှင်ရမှာ မဟုတ်ချေ။
“ သူက မင်းအမေရဲ့ သူငယ်ချင်းကောင်း … သူ့မျက်လုံးအောက်မှာပဲ မင်းက ကြီးပြင်းလာခဲ့တာဆိုတော့ …” ချန်ယွီ့ စကားကို ဆက်ပြော၏။ “ အဲ့ဒီ အမျိုးသမီးတွေ မင်းကို ဘာကြောင့် လျစ်လျူရှုသွားလဲဆိုတာကို နားမလည်တာတောင်မှ မင်းသူ့ကိုတော့ ဘယ်တုန်းကမှ သံသယ မဝင်ခဲ့ဖူးဘူး ….”
“ အရင်အတိုင်းပဲ … မင်း ကောင်မလေး အသစ် တစ်ယောက်နဲ့ တွေ့တော့မယ့် အချိန်တိုင်း အန်တီဟွမ်ဆီကို ပြောပြတယ် ….”
“ အန်တီဟွမ်ကလည်း မကောင်းတဲ့ ယောက္ခမ ဇာတ်ကောင်နေရာကို မမောနိုင်၊မပမ်းနိုင် သရုပ်ဆောင်ပြီး မင်းနဲ့ ဘလိုင်းဒိတ်လုပ်ခဲ့တဲ့ မိန်းကလေးတိုင်းကို ခြောက်လန့်ပစ်ခဲ့တယ် ….”
“ တစ်ဖက်မှာကျ သူက မင်းကို မိန်းကလေးတွေနဲ့ ဆက်တိုက် မိတ်ဆက်ပေးတယ် ….”
ထိုနေရာအရောက်၌ ချန်ယွီ့က [နှစ်သုံးဆယ် စင်ဂယ် ]၏ ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
“ မင်းရဲ့ ဖုန်းထဲမှာ အန်တီဟွမ်ရဲ့ ဝီချက် အကောင့် ရှိတယ်မလား … သူ့ကို အခုချက်ချင်းပဲ မက်ဆေ့ချ်ပို့ပြီး မင်းက ဒီပုံထဲက မိန်းကလေးနဲ့ ဒိတ်ဖို့ တန်တယ်မထင်ဘူးလို့ ပြောလိုက် ….”
“ မင်းသူနဲ့ တွေ့ရင်တောင် ဘယ်လို ရလဒ်မျိုးမှ ထွက်လာမှာမဟုတ်ဘူး … သူ့ကို တခြား မိန်းကလေး အသစ် တစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုလိုက် ….”
“ သူ ဘယ်လို အရင် ပြောလာမလဲ ကြည့်ကြတာပေါ့ … ပြီးမှ ဘယ်လို ပြန်ဖြေရမလဲဆိုတာ ငါမင်းကို သင်ပေးမယ် ….”
“ အိုကေ … ငါအခုပဲ မက်ဆေ့ချ်ပို့လိုက်တော့မယ် ….”
အမှန်တရား ထွက်ပေါ်လာတော့မည်ကို ခံစားမိတော့ [နှစ်သုံးဆယ် စင်ဂယ် ]သည် ဝီချက်ကို တွေဝေတုံ့ဆိုင်းခြင်း မရှိ ဖွင့်လိုက်ပြီး အန်တီဟွမ်၏ အကောင့်ကို ရှာတွေ့သွားခဲ့သည်။
သူ အလျင်အမြန်ပဲ စာတွေစီပြီး ရိုက်လိုက်၏။
ခေတ္တကြာပြီးနောက် တစ်ဖက်က စာပြန်လာသည်။
“ အန်တီဟွမ်က ငါ့ကို နှစ်သိမ့်ပေးပြီး သူ့ စာအုပ်ထဲမှာ တစ်ခြား မိန်းကလေးတစ်ယောက် ရှိသေးတယ် ပြောတာ … ငါ တောင်းဆိုထားတဲ့ အချက်တွေနဲ့လည်း အတော်လေး ကိုက်ညီတယ်ဆိုပဲ ….”
“ တစ်ဖက် မိန်းကလေးရဲ့ မိသားစုကလည်း သူတို့သမီးကို လက်ထပ်ပေးဖို့ အလျင်လိုနေကြတာ … ငါသာ သူနဲ့ ဘလိုင်းဒိတ်သွားတွေ့မယ်ဆိုရင် အောင်မြင်နိုင်ချေရာခိုင်နှုန်းက အတော်လေး များတယ် ….”
“ ဒါပေမယ့် … အဲ့မိန်းကလေးရဲ့ မိသားစု နောက်ခံက နည်းနည်း ရှုပ်ထွေးတယ်လို့တော့ ပြောတယ် ….” [နှစ်သုံးဆယ် စင်ဂယ် ]က ပြောလာခဲ့သည်။
“ အန်တီဟွမ်ကို အဲ့မိန်းကလေးရဲ့ နောက်ခံက ဘယ်လောက် ရှုပ်ထွေးလဲ မေးကြည့်လိုက် ….” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ မိန်းကလေးရဲ့ မိသားစုဝင်တွေက လူမိုက်လောကနဲ့ ပတ်သက်ဆက်နွယ်နေတာလည်း ဖြစ်နိုင်တာပဲလေ ….”
“ လူမိုက်လောက ….”
[နှစ်သုံးဆယ် စင်ဂယ် ]က ရေရွတ်မိသွားခဲ့သည်။
အကယ်၍ ထိုအတိုင်း အမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါက သူ အန်တီဟွမ်ကို သေမတတ် ကျိန်ဆဲမိမှာ ဖြစ်၏။
ဒေါသစိတ်ကို ဖိနှိပ်ထားရင်း [နှစ်သုံးဆယ် စင်ဂယ် ]က ချန်ယွီ့ ညွှန်ကြားသည့်အတိုင်း သူ့ မေးခွန်းကို စာရိုက်လိုက်သည်။
ဒူ ဒူ ဒူ …
စက္ကန့်အနည်းငယ်ကြာပြီးနောက် အန်တီဟွမ်က စာပြန်လာခဲ့၏။
“ ဘန်း ….”
[နှစ်သုံးဆယ် စင်ဂယ် ]မှာ ဒေါသထွက်လွန်း၍ သူ့မျက်နှာထက်ရှိ အဆီပါးပြင်များပင် တဆတ်ဆတ် တုန်ခါနေသည်။
“ ဒေါက်တာချန် မှန်တယ် … မိန်းကလေးရဲ့ အဖေနဲ့ အစ်ကိုနှစ်ယောက်က တကယ်လည်း လူမိုက်တွေပဲ ….”
“ အန်တီဟွမ်ပြောတာတော့ သူတို့မိသားစုက လက်တွေကို ဆေးကြောသန့်စင်ပြီးပါပြီတဲ့…. ချီးပဲ ….”
“ သူ ငါ့ကို မီးတွင်းထဲ ခုန်ချစေချင်နေတာ အသိသာကြီး ….”
ကြည့်ရှုသူများမှာ မည်သို့မျှ မနေနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောနေမိကြသည်။
အန်တီဟွမ်က တကယ့်ကို ‘ ထူးချွန် ‘လှသည့် အောင်သွယ်တော် ဖြစ်၏။ သူမက [နှစ်သုံးဆယ် စင်ဂယ် ]ကို တမူထူးခြားမှုရှိသည့် အမျိုးသမီးများကို တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ပေးခဲ့သည်။
မော်ဒယ်လို လှသည့် မိန်းကလေး တစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့သလို ကာယဗလမောင် ရှုံးသည့် အမျိုးသမီးနှင့်လည်း မိတ်ဆက်ပေးခဲ့သည်။
ယခု လူမိုက်လောက နောက်ခံနှင့် မိန်းကလေးတစ်ယောက်ကိုပါ မိတ်ဆက်ပေးနေပြန်သည်။
အန်တီဟွမ်က [နှစ်သုံးဆယ် စင်ဂယ် ]ကို တစ်သက်လုံး လူပျိုကြီး လုပ်စေချင်နေတာများလားဟ …
သာမန်ဦးနှောက်နှင့် မည်သူမဆို ထိုသို့သော မိသားစုနှင့် ဆွေမျိုးတော်စပ်ချင်ကြမှာ မဟုတ်ချေ။ [နှစ်သုံးဆယ် စင်ဂယ် ]သည်လည်း ခြွင်းချက် မရှိပါချေ။
ကောင်မလေးက ဘယ်လောက်ပဲ စက်စက်ယိုအောင်လှနေပါစေ၊ ရှုပ်ထွေးသည့် မိသားစု နောက်ခံကပါ လူအများစုကို တွန့်ဆုတ်သွားစေဖို့ လုံလောက်၏။
တစ်နေ့ အမှန်တရား ထွက်ပေါ်လာသည့် အချိန်၌ ဘာတွေ ဖြစ်သွားမလဲဆိုတာကို မည်သူမျှ စဉ်းစားဝံ့မှာ မဟုတ်ချေ။
“ အဲ့အချိန်ကျရင် အခြေအနေနှစ်ရပ် ရှိလာမယ် … မင်း ငါ့သမီးကို လက်မထပ်ဘူးဆိုရင် သေမယ် … ငါ့သမီးကို လက်ထပ်ချင်တယ်ဆိုလည်း သေမယ် …”
“ ဒီနေ့ တိုင်ပင်ဆွေးနွေးမှုက ငါ့ဦးနှောက်ကို မလောင်ကျွမ်းစေဘူးဆိုပေမယ့် နှလုံးသားကိုတော့ တောက်လောင်ကျွမ်းစေသားပဲ …..”
“ နှလုံးသား လောင်ကျွမ်းတယ်ဆိုတဲ့ စကားလုံးက စင်ဂယ်အမျိုးသားတစ်ယောက် အခု ဘယ်လိုခံစားနေရလဲဆိုတာကို ကွက်တိ ရှင်းပြပေးနိုင်သားပဲ ….”
“ ငါ့ကောင်တို့ … မင်းတို့ စော်ရချင်တယ်ဆိုရင် အန်တီဟွမ်ရဲ့ အကောင့်ကို မြန်မြန် ဘလော့ထားကြ … မင်းတို့ အမေတွေကိုလည်း အန်တီဟွမ်နဲ့ ဝေးဝေးရှောင်ကြဖို့ပြောထား ….”
ကြည့်ရှုသူများက ဝါးလုံးကွဲ ရယ်မောလိုက်ကြသည်။ တစ်ချို့ဆို မျက်ရည်ပေါက်များ ထွက်ကျလာသည်အထိပင် ရယ်မောနေခဲ့ကြ၏။
ချန်ယွီ့၏ သတိပေးမှုသာ မရှိဘူးဆိုပါက [နှစ်သုံးဆယ် စင်ဂယ် ]သည် ဤအမျိုးသမီးနှင့် ချစ်ကျွမ်းဝင်သွားနိုင်သည်။
အကယ်၍ တစ်နေ့ သူ့ကောင်မလေးကို မပျော်မရွှင် ဖြစ်အောင် လုပ်မိမည်ဆိုပါက ….
[နှစ်သုံးဆယ် စင်ဂယ် ]အတွက်တော့ မတွေးဝံ့စရာပင်။
စာစဉ် (၂၆) ပြီး၏။