အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း (၈၇)-ကျမ်းစာလိပ်စင်မြင့်... မျှော်လင့်ချက်လမ်းစဉ်
"ခေတ်ကာလတွေကို ဖြတ်ကျော်ပြီး တာအို ဆွေးနွေးငြင်းခုံခြင်း လုပ်လို့ရတာလား..."
လင်းရီက စိတ်ဝင်စားသွားခဲ့၏။
"ရှေးခေတ်နဲ့ ခေတ်သစ် ထင်ရှားသူများ အဆင့်သတ်မှတ်ချက်ဆိုတာ စာရင်းတစ်ခုဖြစ်သလို တောင်ပင်လယ် အင်မော်တယ်ဂိုဏ်းရဲ့ အမြင့်ဆုံး ရတနာတစ်ခုလည်း ဖြစ်တယ်..."
"အဆင့်သတ်မှတ်ချက်အတွင်းမှာ ကောင်းချီးနယ်မြေထက် မနိမ့်တဲ့ ပန်းချီကား ဟင်းလင်းပြင်တစ်ခုရှိတယ်... စာရင်းထဲမှာ ပါဝင်သူတိုင်းမှာ အဲဒီထဲမှာ အပ်နှင်းထားတဲ့ အမှတ်အသားတစ်ခုစီ ရှိကြတယ်..."
"အဲဒီထဲဝင်ရောက်ခြင်းအားဖြင့် ရှေးခေတ်ကနေ ယနေ့အထိ အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေနဲ့ တာအိုဆွေးနွေးငြင်းခုံခြင်း ပြုလုပ်နိုင်တယ်..."
"အဲ့ဒီအဆင့်သတ်မှတ်ချက်က နှစ်တစ်ထောင်ကို တစ်ကြိမ်ပွင့်ပြီး ငါတို့ ဝိညာဉ်ကုန်းမြေရဲ့ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားကြီးတွေထဲကတစ်ခုပဲ..."
"မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ရောက်ရှိသူတိုင်း ပါဝင်နိုင်တယ်..."
လောကသခင်အားခုံးက အပြုံးဖြင့် ပြောလိုက်၏။
"ဒီလိုကိုး..."
လင်းရီက ချက်ချင်း နားလည်သွားခဲ့သော်လည်း တောင်ပင်လယ်အင်မော်တယ်ဂိုဏ်းတွင် ဤကဲ့သို့ ကောင်းကင်အလိုကို ဆန့်ကျင်သော အမြင့်ဆုံး ရတနာတစ်ပါး ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
"လင်းဗုဒ္ဓ၊ ရှေ့မှာ ကျောက်ဂူတောင်ရှိတယ်..."
လောကသခင် အားခုံးက မလှမ်းမကမ်းရှိ တောင်ကြီးတစ်လုံးကို ညွှန်ပြလိုက်၏။
တောင်ကြီး၏ ကိုယ်ထည်မှာ နတ်ဘုရားရွှေဖြင့် သွန်းလုပ်ထားသကဲ့သို့ ရွှေရောင်တောက်ပနေပြီး အတွင်း၌ ဗုဒ္ဓအလင်းရောင်များနှင့် ဇင်အရိပ်အယောင်များရှိကာ ညနေခင်း ဗုံသံများမှသည် နံနက်ခင်း ခေါင်းလောင်းသံများအထိ ပဲ့တင်ထပ်နေလေသည်။
အနီးသို့ ရောက်သွားရုံဖြင့်ပင် ကြီးကျယ်ခမ်းနားပြီး ကျယ်ပြောလှသော အငွေ့အသက်ကို ခံစားလိုက်ရ၏။
"ကျောက်ဂူတောင်ဟာ ကောင်းကင်လိုဏ်ဂူရဲ့ ဝင်ပေါက်တစ်ခုအနေနဲ့ ကောင်းကင်လိုဏ်ဂူရဲ့ လွှမ်းမိုးမှုကို မခံရတဲ့အတွက် မူလကတော့ အရမ်းကို သာမန်ဆန်ခဲ့တယ်..."
"ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ ငါ့ဗုဒ္ဓရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်တွေနဲ့ နှစ်ခြင်းပေးခံရပြီး ကိုယ်ပိုင် အသွင်ပြောင်းလဲမှုကို ပြီးမြောက်သွားခဲ့တာပဲ..."
လောကသခင်အားခုံးက ပြောလိုက်သည်။
လင်းရီက ခေါင်းညိတ်လိုက်၏။
ဤနေရာသည် ဗုဒ္ဓဘာသာ သန့်စင်သော မြေမြတ်တစ်ခုဖြစ်ပြီး ဗုဒ္ဓ၏ အခြေခံအုတ်မြစ်အားလုံး ဤနေရာတွင် ရှိနေလေသည်။
ကျောက်ဂူတောင်သည် လောကရှိ ရဟန်းတော်များအားလုံးထံမှ နေ့စဉ်နေ့တိုင်း ကျမ်းစာရွတ်ဖတ်မှုများနှင့် သန့်စင်မှုများကို လက်ခံရရှိနေပြီး ဗုဒ္ဓ စည်းချက်များဖြင့် လွှမ်းမိုးထားသဖြင့် သဘာဝကျကျပင် အံ့မခန်း ဗုဒ္ဓသဘာဝကို ပိုင်ဆိုင်ထားပေသည်။
လောကသခင် အားခုံးသည် လင်းရီအား တောင်ပေါ်သို့ ဦးဆောင်ခေါ်သွားခဲ့ပြီး လမ်းတစ်လျှောက်တွင် ရဟန်းတော်များအားလုံးက လက်အုပ်ချီကာ လောကသခင်နှင့် ဗုဒ္ဓအား အရိုအသေပေးကြလေသည်။
ခဏအကြာတွင် လင်းရီနှင့် အခြားသူများသည် တောင်တံခါးဝသို့ ရောက်ရှိလာခဲ့ကြ၏။
၎င်းသည် ရှေးဟောင်း တံခါးကြီးတစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် ဗုဒ္ဓ စည်းချက်များ ယှက်နွယ်နေကာ ၎င်းအတွင်း၌ ဗုဒ္ဓတစ်သောင်း ထိုင်နေသကဲ့သို့ အဆုံးမရှိသော ဗုဒ္ဓ စည်းချက်များ စီးဆင်းနေပြီး လောကရှိ ဆင်းရဲဒုက္ခအားလုံးကို သန့်စင်ပေးနိုင်စွမ်း ရှိပေသည်။
"ဒီတံခါးက လန်ခဲကောင်းကင်လိုဏ်ဂူရဲ့ ဝင်ပေါက်ပဲ..."
"၎င်းအတွင်းမှာ ဗုဒ္ဓတစ်သောင်းပူဇော်ခြင်းဝင်္ကပါလို့ ခေါ်တဲ့ ဝင်္ကပါတစ်ခု ရှိတယ်..."
"ဒါက လက်ရှိခေတ်မှာ အစွမ်းအထက်ဆုံး ကာကွယ်ရေးဝင်္ကပါပဲ..."
"လင်းဗုဒ္ဓ၊ မင်းက ငါတို့ လန်ခဲကျောင်းတော်ရဲ့ ဗုဒ္ဓတစ်ပါး ဖြစ်နေပြီဆိုတော့ အနာဂတ်မှာ ကျောင်းတော်ကို မလွဲမသွေ ပြန်လာရလိမ့်မယ်..."
"ဒီကျောက်စိမ်းပြားက ငါတို့ လန်ခဲကျောင်းတော်ရဲ့ ဗုဒ္ဓ ကျောက်စိမ်းပြားပဲ..."
"ဒီကျောက်စိမ်းပြားနဲ့ဆိုရင် မင်း အနာဂတ်မှာ လန်ခဲကျောင်းတော်ကို လွတ်လပ်စွာ ဝင်ထွက်ခွင့်ရလိမ့်မယ်..."
လောကသခင်အားခုံးက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ လင်းရီအား ကမ်းပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် လောကသခင်..."
လင်းရီက ကျောက်စိမ်းပြားကို စစ်ဆေးကြည့်လိုက်ရာ နောက်ကျောဘက်တွင် မိုးထိအောင် မြင့်မားနေသော ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်ကို ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။
ရှေးဟောင်းသစ်ပင်ကြီး၏ ဘေးတွင် အလင်းတန်းပေါင်း သောင်းသိန်းချီဖြင့် နှစ်ခြင်းပေးခံထားရသော ကျောင်းတော်တစ်ခုက တောက်ပစွာ လင်းလက်နေ၏။
ကျောက်စိမ်းပြား၏ ရှေ့ဘက်တွင် ကရုဏာအပြည့်ရှိသော အမူအရာဖြင့် ရှေးဟောင်းဗုဒ္ဓ ရုပ်တုတစ်ခု ရှိလေသည်။
လောကသခင်ဗောဓိ။
ရှေးဟောင်းဗုဒ္ဓ ရုပ်တုမှာ ဗုဒ္ဓ၏ ပထမမျိုးဆက် လောကသခင်ဖြစ်သော လောကသခင်ဗောဓိပင် ဖြစ်လေသည်။
လင်းရီက ကျောက်စိမ်းပြားကို သူ့ခါးတွင် လေးနက်စွာ ချိတ်ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်တစ်ခုက လင်းရီ၏ တစ်ကိုယ်လုံးကို ကောင်းချီးပေးလိုက်၏။
၎င်းက လင်းရီ၏ စိတ်အခြေအနေကို အဆက်မပြတ် အာဟာရ ဖြည့်တင်းပေးနေလေသည်။
"ဒီကျောက်စိမ်းပြားက ကိုယ်ပိုင် အမှတ်အသားပြားတစ်ခုထက် ပိုလိမ့်မယ် မဟုတ်လား..."
လင်းရီက တွေးတောလိုက်သည်။
"ဒီကျောက်စိမ်းပြားကို ဆရာဘိုးဘေးရဲ့ ဗုဒ္ဓက ကောင်းချီးပေးထားတာပါ... ၎င်းကို ဝတ်ဆင်ထားသူဟာ သဘာဝကျကျပဲ နတ်ဆိုးအားလုံးကို ကာကွယ်နိုင်တယ်..."
"အကယ်၍ လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ နတ်ဆိုးတစ်ခု ဖြစ်ပေါ်လာခဲ့ရင်တောင် ၎င်းက အဲဒီလူရဲ့ စိတ်ကို ကာကွယ်ပေးနိုင်တယ်..."
"ဘေးအန္တရာယ်ကို ရှောင်လွှဲဖို့ပေါ့..."
လောကသခင်အားခုံးက ပြုံးလိုက်ပြီး လင်းရီအား တံခါးကို ဖြတ်သန်းသွားရန် ဦးဆောင်ခေါ်သွားခဲ့၏။
"ဗုဒ္ဓကျောင်းတော်ကို ပြန်လာတာကို ငါတို့ လေးစားစွာနဲ့ ကြိုဆိုပါတယ်..."
လင်းရီသည် လန်ခဲကောင်းကင်လိုဏ်ဂူ အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် လန်ခဲကောင်းကင်လိုဏ်ဂူ တစ်ခုလုံး ပဲ့တင်ထပ်သွားသော စိတ်အားထက်သန်ပြီး ရိုးသားသည့် ကြိုဆိုသံများကို ကြားလိုက်ရလေသည်။
ကောင်းကင်လိုဏ်ဂူအတွင်း၌ မရေမတွက်နိုင်သော ရဟန်းတော်များအားလုံးက လေးစားကြည်ညိုစွာဖြင့် ဦးညွှတ်နေကြ၏။
ဤသည်မှာ ကောင်းကင်လိုဏ်ဂူတစ်ခုဖြစ်သလို ဗုဒ္ဓနိုင်ငံတော်တစ်ခုလည်း ဖြစ်လေသည်။
ကျယ်ပြောလှသော ကောင်းကင်လိုဏ်ဂူသည် ဖြူစင်သော ဗုဒ္ဓအလင်းရောင် များဖြင့် နှစ်ခြင်းပေးခံထားရ၏။
ကြီးကျယ်ခမ်းနားသော တောင်တန်းများသည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားပြီး ကျေးငှက် တိရစ္ဆာန် များအားလုံးမှာလည်း သန့်ရှင်းစင်ကြယ်ကြလေသည်။
ကောင်းကင်လိုဏ်ဂူ၏ နက်ရှိုင်းသော နေရာတွင် ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်သည် ကောင်းကင်ယံသို့ ထိုးတက်နေပြီး ၎င်း၏ နောက်တွင် ကျောင်းတော်တစ်ခုက ဗုဒ္ဓ ရွတ်ဆိုသံ လှိုင်းလုံးများနှင့်အတူ ပဲ့တင်ထပ်နေကာ ၎င်း၏ တည်ကြည်ပြီး ကြီးကျယ်ခမ်းနားသော အသွင်အပြင်ကို ပြသနေခဲ့၏။
"လင်းဗုဒ္ဓ... ငါ့နောက်က လိုက်ခဲ့..."
လောကသခင်အားခုံးက အပြုံးဖြင့် လမ်းပြသွားခဲ့သည်။
"ဟိုဟာက ကျမ်းစာလိပ်စင်မြင့်လား..."
လူအုပ်ကြီး တစ်ဝက်ခန့် ခရီးရောက်သောအခါ ကျောက်ကမ်းပါးများကြားတွင် ဖြန့်ကျက်တည်ရှိနေပြီး တာအိုပုံစံများ တစ်လွှာပြီးတစ်လွှာ ယှက်နွယ်နေသော ချောမွေ့သည့် ဧရာမကျောက်တုံးကြီးတစ်ခုကို မလှမ်းမကမ်းတွင် မြင်တွေ့လိုက်ရ၏။
ဧရာမကျောက်တုံးကြီး၏ အထက်တွင် ကျင့်ကြံသူများ လှိမ့်နေကြသည်ကိုလည်း တွေ့လိုက်ရသည်။
အချို့သော ကျင့်ကြံသူများသည် သုံးကြိမ်တိုင်တိုင် လှိမ့်လိုက်သော်လည်း ဘာမှမရရှိပုံပေါ်သဖြင့် ချက်ချင်းပင် သူတို့၏ မျက်နှာများ ပျက်ယွင်းသွားကြ၏။
အကြိမ်အနည်းငယ် လှိမ့်လိုက်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်များ တာအိုအလင်းတန်းများဖြင့် လင်းလက်လာသော ကျင့်ကြံသူများလည်း ရှိလေသည်။
သူတို့သည် ဧရာမကျောက်တုံးကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြပြီး သူတို့၏ ကိုယ်ပိုင် အချုပ်အနှောင်များကို အမှန်တကယ် ချိုးဖျက်နိုင်ခဲ့ကြပြီ ဖြစ်၏။
"မှန်တယ်..."
"အဲဒါက ဝိညာဉ်ကုန်းမြေရဲ့ ကြီးမြတ်တဲ့ ဉာဏ်အလင်းပွင့်ခြင်းစင်မြင့် သုံးခုထဲက တစ်ခုဖြစ်တဲ့ ကျမ်းစာလိပ်စင်မြင့်ပဲ..."
လောကသခင်အားခုံးက ခေါင်းညိတ်လိုက်သည်။
"ကျမ်းစာလိပ်စင်မြင့် ၊ ဒါက ကောင်းတဲ့အရာပဲ..."
"တောင်သခင်၊ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး၊ ဒီအဘိုးကြီး သွားပြီး နှစ်ခေါက်သုံးခေါက်လောက် လှိမ့်လိုက်ဦးမယ်..."
ထန်ကျင်းကျုံးသည် ကျမ်းစာလိပ်စင်မြင့်ကို မြင်သောအခါ ချက်ချင်းပင် ဝမ်းသာသွားပြီး ၎င်းပေါ်သို့ တိုက်ရိုက် တက်သွားကာ ရူးသွပ်စွာ လှိမ့်တော့လေသည်။
"လင်းဗုဒ္ဓ၊ မင်း မသွားဘူးလား..."
ကျဲစဲ့သည် ထန်ကျင်းကျုံး ကျမ်းစာလိပ် စင်မြင့် ပေါ်သို့ တက်သွားသည်ကို ကြည့်နေသော်လည်း လင်းရီကမူ မလှုပ်မယှက် ရှိနေသဖြင့် သူ့ကို တိုက်တွန်းလိုက်၏။
"ကျမ်းစာလိပ်စင်မြင့်က ပိတ်ဆို့မှုတွေကို ချိုးဖျက်ဖို့အတွက် ရတနာတစ်ခုပဲ..."
"သူ့ရဲ့အကြီးမားဆုံး အားသာချက်က ကိုယ့်ရဲ့ ကိုယ်ပိုင် အချုပ်အနှောင်တွေကို ချိုးဖျက်ပေးတာပဲ၊ ငါ့မှာ ချိုးဖျက်စရာ အချုပ်အနှောင်မှမရှိတာ၊ ဘာလို့ စင်မြင့်ပေါ် တက်ရမှာလဲ..."
လင်းရီက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"နှမြောစရာပဲ..."
ကျဲစဲ့က နောင်တရစွာဖြင့် ပြောလိုက်၏။
လင်းရီက ကျမ်းစာလိပ် စင်မြင့်ပေါ်တွင် လှိမ့်နေသည်ကို မမြင်ရသည့်အတွက် သူ အလွန် စိတ်ပျက်နေခဲ့သည်။
"ဘာလို့ နှမြောစရာ ဖြစ်ရမှာလဲ..."
လင်းရီက မေးလိုက်၏။
"ဒီကျမ်းစာလိပ်စင်မြင့်ဟာ ငါတို့ ဝိညာဉ်ကုန်းမြေရဲ့ ကြီးမြတ်တဲ့ ဉာဏ်အလင်းပွင့်ခြင်းစင်မြင့် သုံးခုထဲက တစ်ခုလို့ လူတွေက ပြောကြတယ်..."
"အကြောင်းရင်းကတော့ မြေကမ္ဘာအင်မော်တယ် အဘိုးကြီးတစ်ယောက်က အဲဒီပေါ်မှာ လှိမ့်ပြီးနောက် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း သွားလို့ပဲ..."
"ဒါပေမဲ့ လက်တွေ့မှာတော့ လူတွေက အစဉ်အဆက်ကို ပြောင်းပြန် မှတ်ထားကြတာ..."
"ဒီကျမ်းစာလိပ်စင်မြင့်ဟာ တကယ်တော့ လန်ခဲကောင်းကင်လိုဏ်ဂူထဲက သာမန် ကျောက်တုံးတစ်တုံးပါပဲ..."
"မြေကမ္ဘာအင်မော်တယ်တစ်ပါးက အဲဒီပေါ်မှာ ဉာဏ်အလင်းပွင့်ခြင်းကို ရရှိခဲ့ပြီး သူ အရမ်း ဝမ်းသာသွားတဲ့အတွက် လွတ်လွတ်လပ်လပ် လှိမ့်လိုက်တာကြောင့်ပဲ..."
"တစ်ယောက်ယောက်က အဲဒါကို မြင်သွားပြီး သတင်းမှားတွေကတစ်ဆင့် ဒီကျမ်းစာလိပ်စင်မြင့်ဟာ ပိတ်ဆို့မှုတွေကို ချိုးဖျက်ပေးနိုင်တဲ့ အကျိုးသက်ရောက်မှု ရှိတယ်လို့ ပျံ့နှံ့သွားခဲ့တာပဲ..."
ကျဲစဲ့က ဖြည်းညင်းစွာ ပြောလိုက်လေသည်။
နှမြောစရာပဲ...
အကယ်၍ လင်းရီသာ အပေါ်တက်ပြီး နှစ်ခေါက်သုံးခေါက်လောက် လှိမ့်လိုက်မယ်ဆိုရင် ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်မလဲ။
"စီနီယာအစ်ကိုကျဲစဲ့၊ အဲဒါ မမှန်ပါဘူး..."
လင်းရီသည် ဤစကားကို ကြားသောအခါ လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
"အဲဒါက ဘာအဓိပ္ပာယ်လဲ..."
ကျဲစဲ့က လင်းရီအား ကြည့်ကာ အံ့အားသင့်စွာ မေးလိုက်သည်။
"အဲဒါက သာမန်ကျောက်တုံးတစ်တုံးပဲ ဖြစ်ဖြစ်၊ ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံးပဲ ဖြစ်ဖြစ်..."
"တကယ်တော့ အဲဒါက အရေးမကြီးပါဘူး..."
"အရေးကြီးတာက ကျမ်းစာလိပ်စင်မြင့်ရဲ့ နာမည်ပျံ့နှံ့သွားပြီးနောက်ပိုင်းမှာ အဲဒါဟာ အချုပ်အနှောင်တွေကြောင့် ပိတ်မိနေတဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေအတွက် နောက်ဆုံး မျှော်လင့်ချက် နေရာတစ်ခု ဖြစ်လာခဲ့တာပဲ..."
"အကယ်၍ လူတစ်ယောက်က နည်းလမ်းပေါင်းထောင်ချီ ကြိုးစားပြီး ဘာမှမရခဲ့ဘူးဆိုရင် ဘယ်သူက ကျောက်တုံးတစ်တုံးပေါ်မှာ မျှော်လင့်ချက် သွားထားမှာလဲ..."
"ကျမ်းစာလိပ်စင်မြင့်မှာ အံ့ဖွယ် အကျိုးသက်ရောက်မှု ရှိပါတယ်..."
"ဘာလို့လဲဆိုတော့ အဲဒါက မျှော်လင့်ချက်တစ်ခုကို သယ်ဆောင်ထားလို့ပဲ..."
"ရှေးခေတ်ကနေ ယနေ့အထိ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေဟာ ဒီကျမ်းစာလိပ်စင်မြင့်ပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင် အချုပ်အနှောင်တွေကို ချိုးဖျက်ပြီး ပိုမိုမြင့်မားတဲ့ နယ်ပယ်ထဲ ဝင်ရောက်နိုင်ခဲ့တာက ဒီကျမ်းစာလိပ် စင်မြင့်ဟာ ဝိညာဉ်ကုန်းမြေရဲ့ ကြီးမြတ်တဲ့ ဉာဏ်အလင်းပွင့်ခြင်းစင်မြင့် သုံးခုထဲက တစ်ခုဖြစ်တယ်ဆိုတာကို သက်သေပြဖို့ လုံလောက်ပါတယ်..."
"ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ အန္တရာယ်များတယ်၊ မျှော်လင့်ချက်ဆိုတာ အဖိုးတန်ဆုံးအရာပဲ..."
လင်းရီသည် ကျမ်းစာလိပ်စင်မြင့်ပေါ်ရှိ ကျင့်ကြံသူများကို ကြည့်ကာ တိုးညင်းစွာ သက်ပြင်းချလိုက်၏။
လူတွေ...
အကြောက်ရဆုံး အရာကမျှော်လင့်ချက်မဲ့ခြင်းပင် ဖြစ်လေသည်။
လူတွေ...
အဆုံးမရှိသော အလားအလာများကို ပိုင်ဆိုင်ထားကြ၏။
ထို့ကြောင့် မျှော်လင့်ချက်မဲ့နေချိန်တွင် ဤမှေးမှိန်သော အလင်းရောင်လေးကို မြင်တွေ့ရခြင်းက ကျမ်းစာလိပ်စင်မြင့်ကို ဝိညာဉ်ကုန်းမြေ၏ ကြီးမြတ်သော ဉာဏ်အလင်းပွင့်ခြင်းစင်မြင့် သုံးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ပင် ဖြစ်လေသည်။
"သူ့ရဲ့ အနှစ်သာရက တကယ့်ကို စစ်မှန်ပြီး ၎င်းအတွင်းမှာ ယုံကြည်မှု ပါဝင်နေတယ်..."
"တာအိုက အရာအားလုံးကို မွေးဖွားပေးတယ်၊ ဒါကြောင့် အရာအားလုံးမှာ တာအိုရှိတယ်..."
"ကျမ်းစာလိပ်စင်မြင့်ဟာ သာမန် ကျောက်တုံးတစ်တုံး ဖြစ်ပေမယ့် သူက မျှော်လင့်ချက်လမ်းစဉ်ကို ပါဝင်ထားတဲ့အတွက် ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံးလည်း ဖြစ်တယ်..."
"၎င်းက ကျင့်ကြံသူပေါင်း သောင်းချီရဲ့ မျှော်လင့်ချက်ကို သယ်ဆောင်ထားတယ်..."
"ပြန်သွားပြီး 'လန်ခဲ ကျမ်းစာ'ကို အခေါက်တစ်ရာ ကူးရေးလိုက်..."
"ပြီးရင် လင်းဗုဒ္ဓအတွက် ဇင်အခန်းတစ်ခန်း ပြင်ဆင်ပေးလိုက်..."
လောကသခင်အားခုံးက လင်းရီအား အသိအမှတ်ပြုသော အကြည့်ဖြင့် ဦးစွာ ကြည့်လိုက်ပြီးနောက် သူ၏ လက်ချောင်းများကို ပူးကပ်ကာ ကျဲစဲ့၏ နဖူးကို ခေါက်လိုက်လေသည်။
အခန်း( ၈၈)-ဗုဒ္ဓတပည့် ရွှေအမြူတေ ရရှိသောနေ့တွင် သံသရာဝိုင် အဆင်သင့် ဖြစ်နေပြီ
"ဟုတ်ကဲ့ပါ..."
"ဒီတပည့် သွားလိုက်ပါဦးမယ်..."
ကျဲစဲ့က အလျင်အမြန် ဦးညွှတ်ပြီး ထွက်ခွာသွားကာ လင်းရီအား ရင်ထဲမှ လေးစားမှုဖြင့် ကြည့်လိုက်၏။
ဉာဏ်ပညာ အခြေခံအုတ်မြစ်နဲ့ ပတ်သက်ရင်...
သူက လင်းရီထက် အောက်ကျနေလေသည်။
"လင်းဗုဒ္ဓ၊ သူက အမြဲတမ်း အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ပုံရတယ်..."
လောကသခင်အားခုံးက အံ့ဩစွာ ပြောလိုက်၏။
"ဖြစ်တည်မှုနဲ့ နတ္ထိ နှစ်ခုလုံးဟာ တည်ထောင်ထားတာ မဟုတ်ပါဘူး၊ အမှန်တရားဟာ ဖြစ်တည်မှုနဲ့ နတ္ထိ နှစ်ခုလုံးရဲ့ အတွင်းမှာ ရှိနေပါတယ်..."
"လောကမှာ အမှန်တရားတွေ၊ အတုအယောင်တွေ အများကြီး ဘယ်လိုလုပ် ရှိနိုင်မှာလဲ၊ အားလုံးက နှလုံးသားထဲမှာပါပဲ..."
လင်းရီက ခေါင်းခါယမ်းလိုက်သည်။
"ကျမ်းစာလိပ်စင်မြင့်က ငါ့အတွက်တော့ အသုံးမဝင်ပုံရတယ်..."
ထန်ကျင်းကျုံးသည် ကျမ်းစာလိပ်စင်မြင့် ပေါ်တွင် ရူးသွပ်စွာ လှိမ့်ပြီးနောက် အနည်းငယ် စိတ်ပျက်သွားခဲ့၏။
လင်းရီနှင့် လောကသခင်အားခုံးတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားလုံးမလိုဘဲ အရာအားလုံးကို နားလည်သွားကြလေသည်။
မျှော်လင့်ချက်မဲ့နေသူများအတွက် ကျမ်းစာလိပ်စင်မြင့်သည် တာအိုမေးမြန်းခြင်းအတွက် ရတနာတစ်ခု ဖြစ်ပေသည်။
မျှော်လင့်ချက်မဲ့ခြင်းမရှိဘဲနှင့် ၎င်းသည် သာမန်ကျောက်တုံးတစ်တုံးနှင့် ခြားနားမှု မရှိချေ။
သူတို့နှစ်ဦးလုံး ဤအချက်ကို ထုတ်ဖော်မပြောခဲ့ကြဘဲ လန်ခဲကျောင်းတော်ဆီသို့ သူတို့၏ ခရီးစဉ်ကို ဆက်လက် ထွက်ခွာသွားကြ၏။
ခဏအကြာတွင် လူတိုင်းသည် ဗောဓိပင် အောက်သို့ ရောက်ရှိသွားကြသည်။
ဗောဓိပင်၏ အကိုင်းအခက်များနှင့် အရွက်များမှာ မျက်နှာကြက်တစ်ခုကဲ့သို့ ဖြစ်နေပြီး အကိုင်းအခက်များကြားတွင် ဗုဒ္ဓအလင်းရောင်များ ကျဆင်းနေကာ ပန်းနှင့် အရွက်တိုင်းမှ ကျမ်းစာများ ထွက်ပေါ်နေပြီး ရှေးဟောင်းဗုဒ္ဓများ ရွတ်ဆိုနေကာ အဆုံးမရှိသော ဇင်အဓိပ္ပာယ်များ စီးဆင်းနေလေသည်။
သစ်ပင်အောက်တွင် စစ်တုရင်ခုံတစ်ခု အလျားလိုက် ရှိနေ၏။
အင်မော်တယ်နှစ်ပါးစစ်တုရင် ကစားစဉ်က ထိုင်ခဲ့သော နေရာတွင် အတိအကျပင် အစိမ်းရောင် ကျောက်တုံးနှစ်တုံး မျက်နှာချင်းဆိုင် တည်ရှိနေလေသည်။
စစ်တုရင် ခုံဖြစ်စေ၊ အစိမ်းရောင် ကျောက်တုံးများဖြစ်စေ ၎င်းတို့အတွင်း၌ အင်မော်တယ် စည်းချက်များ စီးဆင်းနေ၏။
လင်းရီ နားထောင်လိုက်သောအခါ တာအိုအသံတစ်ခု တစ်ခါတစ်ရံ ရှိနေပြီး တစ်ခါတစ်ရံ မရှိသကဲ့သို့ ခံစားလိုက်ရသည်။
အကယ်၍ သူက သတိမထားဘဲ နားထောင်မည်ဆိုပါက တာအိုအသံမှာ အဆုံးမရှိ ဖြစ်နေပေမည်။
သို့သော် သူက အာရုံစိုက်ပြီး နားထောင်မည်ဆိုပါက တာအိုအသံမှာ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်၏။
"လင်းဗုဒ္ဓ၊ ထိုင်ပါ..."
လောကသခင် အားခုံးက ကျောက်တုံးတစ်တုံးကို ရွေးချယ်ကာ ထိုင်လိုက်ပြီး သူ့ကို ပါဝင်ရန် လက်ဟန်ပြလိုက်သည်။
လင်းရီသည် လောကသခင် အားခုံး၏ ရှေ့တွင် ထိုင်လိုက်ပြီး ဟွေကွမ်သံချပ်ကာနှင့် ထန်ကျင်းကျုံးတို့က လင်းရီ၏ ဘယ်နှင့် ညာတွင် ရပ်နေကြ၏။
"လင်းဗုဒ္ဓ၊ မင်းမှာ မေးစရာ မေးခွန်းတွေ ရှိရင် လွတ်လွတ်လပ်လပ် မေးပါ..."
"ဒီရဟန်းအိုကြီးက ဘာမှ မဖုံးကွယ်ထားဘဲ သူသိသမျှ အားလုံးကို သေချာပေါက် ပြောပြမှာပါ..."
လောကသခင် အားခုံးက ပြောလိုက်သည်။
"ရီကွမ်ပွဲတော်တုန်းက လောကသခင်က အရသာငါးပါးကို ဖြတ်တောက်ထားသူတွေဟာ ချီခြောက်ပါးကို မသိနိုင်ဘူး၊ စိတ်ခံစားမှု ခုနစ်ပါးကို ဖြတ်တောက်ထားသူတွေဟာ ဆင့်ကဲပညတ်တော် ဆယ်ပါးကို မသိနိုင်ဘူးလို့ အလွန် ထက်မြက်စွာ ပြောခဲ့ဖူးပါတယ်... ဒီစကားလုံးတွေကို ကျွန်တော် ဘယ်လို နားလည်သင့်သလဲ..."
လင်းရီက နှိမ့်ချစွာဖြင့် လမ်းညွှန်မှု တောင်းခံလိုက်၏။
ချီခြောက်ပါး။
၎င်းသည် အတိအကျပင် သေခြင်းရှင်ခြင်းသံသရာဝိုင်၏ အရန် လမ်းညွှန်ပင် ဖြစ်လေသည်။
"ကောင်းကင်မှာ ချီခြောက်ပါးရှိတယ်၊ အရသာငါးပါးကို ဖြစ်ပေါ်စေတယ်၊ အရောင်ငါးရောင်အဖြစ် ထွက်ပေါ်လာပြီး အသံငါးမျိုးအဖြစ် ပေါ်ထွက်လာတယ်..."
"ချီခြောက်ပါးဆိုတာ ယင်၊ ယန်၊ လေ၊ မိုး၊ အမှောင် နဲ့ အလင်းတို့ပဲ..."
"လူတွေမှာ ဝမ်းမြောက်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ တွေးတောခြင်း၊ ပူဆွေးခြင်း၊ ကြောက်ရွံ့ခြင်း နဲ့ ထိတ်လန့်ခြင်းဆိုတဲ့ စိတ်ခံစားမှု ခုနစ်ပါးရှိတယ်..."
"ဆင့်ကဲပညတ်တော်ဆယ်ပါးဆိုတာ ငါတို့ ဗုဒ္ဓဂိုဏ်းရဲ့ အဓိက ပညတ်တော် ဆယ်ပါးပဲ... မသတ်ရ၊ မခိုးရ၊ ကာမဂုဏ် မကျူးလွန်ရ..."
"ဆင့်ကဲပညတ်တော် ဆယ်ပါးကို ပြဋ္ဌာန်းထားတာက ငါတို့ဗုဒ္ဓဂိုဏ်းရဲ့ တပည့်တွေ နှလုံးသား ကို မဖက်တွယ်ထားဖို့နဲ့ ခန္ဓာကိုယ်ကို မဖက်တွယ်ထားဖို့အတွက်ပဲ..."
"ရုပ်၊ ခံစားမှု၊ မှတ်သားမှု၊ စိတ်အာရုံနဲ့ အသိစိတ်ဆိုတဲ့ ခန္ဓာငါးပါးရဲ့ ဗလာနတ္ထိကို ရရှိဖို့ပဲ..."
လောကသခင် အားခုံးက ပြောလိုက်၏။
"ဒါဆို ချီခြောက်ပါးဆိုတာ ယင်၊ ယန်၊ လေ၊ မိုး၊ အမှောင် နဲ့ အလင်းတို့ကို ရည်ညွှန်းတာလား..."
လင်းရီက တွေးတောလိုက်သည်။
"အင်း..."
လောကသခင် အားခုံးက ခေါင်းညိတ်လိုက်ပြီးနောက် အကြောင်းအရာကို ပြောင်းလိုက်သည်။
"လင်းဗုဒ္ဓ၊ ငါတို့ ဗုဒ္ဓဂိုဏ်းရဲ့ ကျင့်ကြံသူတွေက ခန္ဓာငါးပါးရဲ့ ဗလာနတ္ထိကို အလေးထားတယ်ဆိုတာ မင်း သိရမယ်..."
"ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီရဟန်းအိုကြီးလည်း ဝိုင်တောင်က ရီကွမ်ပွဲတော်တုန်းက ဇဝေဇဝါ ဖြစ်ခဲ့တာလေးတွေ ရှိတယ်..."
"ခန္ဓာငါးပါးရဲ့ ဗလာနတ္ထိဆိုတာ လူတစ်ယောက် ဗုဒ္ဓ ဖြစ်လာနိုင်တယ်လို့ အဓိပ္ပာယ်ရတယ်..."
"ဒါဆိုရင် ရဟန်းတော်တွေရဲ့ စည်းမျဉ်းတွေနဲ့ ပညတ်တော်တွေကို လိုက်နာနေသရွေ့ လူတစ်ယောက်က ခန္ဓာငါးပါးရဲ့ ဗလာနတ္ထိကို ရရှိပြီး ချက်ချင်း ဗုဒ္ဓ ဖြစ်သွားနိုင်တာလား..."
လောကသခင် အားခုံးက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်၏။
"သေချာတာပေါ့ မဟုတ်ဘူးလေ..."
လင်းရီက ခေါင်းခါယမ်းလိုက်သည်။
"ဟုတ်တယ်၊ ချက်ချင်း ဗုဒ္ဓ ဖြစ်လာဖို့က ဘယ်လိုလုပ် အဲဒီလောက် ရိုးရှင်းမှာလဲ..."
လောကသခင် အားခုံးက ခေါင်းခါယမ်းကာ ပြုံးလိုက်သည်။
"လင်းဗုဒ္ဓ ရဲ့ 'ဝိုင်နဲ့ အသားက အူလမ်းကြောင်းထဲ ဖြတ်သွားပေမယ့် ဗုဒ္ဓကတော့ နှလုံးသားထဲမှာ ကျန်ရစ်တယ်'ဆိုတဲ့ စကားက ဒီရဟန်းအိုကြီးအတွက် တကယ့်ကို ဉာဏ်အလင်းပွင့်စေခဲ့တာပဲ..."
"စစ်မှန်တဲ့ခန္ဓာငါးပါးရဲ့ ဗလာနတ္ထိဆိုတာ ရဟန်းတော်တွေရဲ့ စည်းမျဉ်းတွေနဲ့ ပညတ်တော်တွေရဲ့ ကန့်သတ်ချက်တွေထဲမှာ မရှိဘူး..."
"နှလုံးသားထဲမှာပဲရှိတယ်..."
"အကယ်၍ ငါ့ရဲ့ နှလုံးသားက မလှုပ်မယှက် ရှိနေမယ်ဆိုရင် ခန္ဓာငါးပါးက သဘာဝကျကျပဲ ဗလာနတ္ထိ ဖြစ်သွားလိမ့်မယ်..."
လောကသခင် အားခုံးက လက်အုပ်ချီလိုက်၏။
"ရုပ်ဆိုတာ နတ္ထိနဲ့ မကွာခြားဘူး၊ နတ္ထိဆိုတာ ရုပ်နဲ့ မကွာခြားဘူးဆိုတာ ဒီနိယာမ အတိအကျပဲ..."
လင်းရီက အပြုံးဖြင့် ပြောလိုက်သည်။
"အမှန်ပဲ..."
"ဝိုင်နဲ့ အသားက အူလမ်းကြောင်းထဲ ဖြတ်သွားပေမယ့် ဗုဒ္ဓကတော့ နှလုံးသားထဲမှာ ကျန်ရစ်တယ်..."
"လင်းဗုဒ္ဓ၊ မင်းရဲ့ ဗုဒ္ဓတာအိုက မွေးရာပါ သဘာဝဆီကို တိုက်ရိုက်ဦးတည်နေတာမို့ အန္တရာယ်တချို့လည်းရှိတယ်..."
"အဲဒါက လီတိရှန်းရဲ့ နတ်ဆိုးခုနစ်ပါးကပ်ဘေးခြောက်ပါး အင်မော်တယ်သိုင်းနဲ့ အရမ်း ဆင်တူတယ်..."
လောကသခင်အားခုံး၏ မျက်လုံးများတွင် ဉာဏ်ပညာများဖြင့် ပြည့်နှက်နေခဲ့၏။
"ဘာကိုဆိုလိုတာလဲ လောကသခင်..."
လင်းရီက ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"လင်းဗုဒ္ဓ၊ မင်းရဲ့ ဗုဒ္ဓတာအိုက နှလုံးသားထဲမှာ ဗုဒ္ဓရှိနေသရွေ့ ပြင်ပအရာတွေကြောင့် လှုပ်ရှားမှာ မဟုတ်ဘူးလို့ ယုံကြည်ထားတယ်..."
"ဒုက္ခအားလုံးကို တိုက်ရိုက် ရင်ဆိုင်နိုင်ပြီး ဘယ်အရာကမှ ဒုက္ခမပေးနိုင်တဲ့ ပြီးပြည့်စုံခြင်း အခြေအနေတစ်ခုကို ရရှိနိုင်တယ်..."
"ဒီစကားတွေက သေချာပေါက် ဒီရဟန်းအိုကြီးကို အရမ်းထိရှစေခဲ့ပေမယ့် အကယ်၍ လူတစ်ယောက်ရဲ့ စိတ်သဘာဝက မခိုင်မာဘူးဆိုရင် အဲ့ဒီတာအိုထဲ ဝင်ဖို့အတွက် စိတ်ခံစားမှု ခုနစ်ပါးကို အရင်ကြုံတွေ့ရပြီး တာအိုထဲဝင်ဖို့ စိတ်ခံစားမှု ခုနစ်ပါးကို အသုံးပြုရလိမ့်မယ်..."
"စိတ်ခံစားမှုခုနစ်ပါးရဲ့ တာအိုက အန္တရာယ်အများဆုံးပဲ..."
"အကယ်၍ အဲဒီထဲကနေ မထွက်နိုင်ဘူးဆိုရင် မလွှဲမရှောင်သာ နတ်ဆိုးတစ်ကောင် ဖြစ်လာလိမ့်မယ်..."
"ဘယ်လိုပဲဖြစ်ဖြစ် လောကမှာ လီတိရှန်းတစ်ယောက်တည်းပဲ ရှိတာလေ..."
"နတ်ဆိုးခုနစ်ပါးကပ်ဘေးခြောက်ပါးကို ခံစားနေရချိန်မှာ ခြေတစ်လှမ်း မှားသွားတာနဲ့ အဝီစိငရဲထဲကို ကျဆင်းသွားလိမ့်မယ်..."
လောကသခင် အားခုံးက လေးနက်စွာ ပြောလိုက်၏။
"လောကသခင်၊ သင် မသိပါဘူး..."
"တကယ်တော့ ဒီစကားပုံမှာ ဒုတိယ တစ်ဝက် ရှိသေးတယ်..."
လင်းရီက လောကသခင် အားခုံးအား ကြီးမားသော လေးစားမှုဖြင့် ကြည့်လိုက်သည်။
လောကသခင်အားခုံး။
သူသည် ဤခေတ်၏ ထိပ်တန်း ဗုဒ္ဓတာအို ပုဂ္ဂိုလ်ဟူသော သူ၏ နာမည်ဂုဏ်သတင်းနှင့် တကယ်ပင် ထိုက်တန်လှပေသည်။
သူသည် ကြီးမားသော ဉာဏ်ပညာကို ပိုင်ဆိုင်ထား၏။
သူသည် တစ်ချိန်က စကားပုံမှ ဉာဏ်အလင်းပွင့်ခြင်း ကို ရရှိခဲ့သော်လည်း ပြဿနာကိုလည်း မြင်တွေ့ခဲ့ရသည်။
သူသည် မျက်ကန်း ယုံကြည်သူ မဟုတ်ချေ။
"ဒုတိယ တစ်ဝက်ရှိသေးတယ် ဟုတ်လား..."
လောကသခင် အားခုံး အံ့အားသင့်သွားခဲ့၏။
"အကယ်၍ လောကကြီးက ကျွန်တော့်ဆီက သင်ယူမယ်ဆိုရင် နတ်ဆိုးလမ်းစဉ်ထဲ ဝင်သွားသလို ဖြစ်လိမ့်မယ်..."
လင်းရီက လေးနက်စွာ ပြောလိုက်သည်။
"အကယ်၍ ဒီလိုဆိုရင်တော့ အဓိပ္ပာယ်ရှိပါတယ်..."
လောကသခင် အားခုံးက လက်ခုပ်တီးကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"လင်းဗုဒ္ဓရဲ့ တာအိုဟာ သဘာဝအလျောက် မွေးဖွားလာတဲ့ ဗုဒ္ဓအရိုးရဲ့ တာအိုပဲ၊ သာမန်လူတွေအတွက် တာအို မဟုတ်ဘူး..."
မည်သို့ပင်ဆိုစေကာမူ လောကတွင် မိမိဆန္ဒရှိသည့်အတိုင်း အရာအားလုံးကို လုပ်ဆောင်နိုင်သော်လည်း သူတို့၏ မူလ နှလုံးသားကို စွဲကိုင်ထားနိုင်သူ အလွန် နည်းပါးလွန်းလှပေသည်။
"အကယ်၍ ချီခြောက်ပါးက ယင်၊ ယန်၊ လေ၊ မိုး၊ အမှောင် နဲ့ အလင်းတို့ဆိုရင် ဒီ ချီခြောက်ပါး အရန်လမ်းညွှန်က သူတို့ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ဆုပ်ကိုင်ရမယ်လို့ ဆိုလိုတာလား..."
"ယင်နဲ့ယန် တာအိုလား..."
"လေနဲ့မိုး တာအိုလား..."
"ပြီးတော့ အမှောင်နဲ့အလင်း တာအိုလား..."
လင်းရီသည် နက်ရှိုင်းသော အတွေးများဖြင့် သူ့ဘာသာ ရေရွတ်လိုက်၏။
"လင်းဗုဒ္ဓ၊ မင်း နည်းနည်း မျက်စိလည်နေပုံရတယ်..."
"ဒီချီခြောက်ပါးက ကျင့်ကြံခြင်းနဲ့ ဆက်စပ်နေလို့လား..."
လောကသခင် အားခုံးက မေးလိုက်သည်။
"ဒါက ဒီတပည့်ရဲ့ ရွှေအမြူတေတာအိုနဲ့ သက်ဆိုင်နေတယ်..."
လင်းရီက သေချာပေါက် ပြောလိုက်၏။
"ရွှေအမြူတေတာအိုလို့ မင်း ပြောတာလား..."
"အကယ်၍ ဒီလိုဆိုရင်တော့ ဒီ ချီခြောက်ပါးက ငါပြောခဲ့တဲ့ ချီခြောက်ပါး မဟုတ်လောက်ဘူး..."
လောကသခင် အားခုံးက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး လောကသခင်၊ ကျွန်တော့်ရဲ့ ဇဝေဇဝါ ဖြစ်မှုတွေကနေ လမ်းညွှန်ပေးပါ..."
လင်းရီက ဦးညွှတ်လိုက်၏။
"လင်းဗုဒ္ဓ၊ ကြည့်စမ်း..."
လောကသခင် အားခုံး စကားပြောနေစဉ်မှာပင် ဗောဓိပင်မှ လွင့်ကျလာသော ပန်းဖတ်တစ်ခုကို ပေါ့ပေါ့ပါးပါး ဖမ်းယူလိုက်ပြီး စကားမပြောဘဲ ပြုံးလိုက်လေသည်။
လင်းရီသည် လောကသခင်အားခုံးကို ကြည့်လိုက်ရာ သူ၏ နှလုံးသား တုန်လှုပ်သွားခဲ့၏။
လောကသခင်အားခုံးသည် လင်းရီ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပုံရသည်ကို မြင်သောအခါ တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျင့်ကြံခြင်းက တာအိုကို နားလည်ဖို့နဲ့ နိယာမတွေကို ရှင်းလင်းဖို့ ဦးစားပေးတယ်... မဟာတာအိုကို နားမလည်ဘဲနဲ့ သမားရိုးကျ မဟုတ်တဲ့ လမ်းကြောင်းတွေပေါ်ကို ရောက်သွားလိမ့်မယ်... အမြင့်ဆုံး နိယာမတွေကို ရှင်းလင်းစွာ မသိဘဲနဲ့ မျက်ကန်း ကျင့်ကြံခြင်းထဲကို ကျဆင်းသွားလိမ့်မယ်..."
"ဒါပေမဲ့ တာအိုကို နားလည်ဖို့နဲ့ နိယာမတွေကို ရှင်းလင်းဖို့ဆိုတာ အပေါ်ယံ အသွင်အပြင်တွေမှာ မရှိပါဘူး..."
"လင်းဗုဒ္ဓ၊ ဒီရဟန်းအိုကြီးက မင်းရဲ့ ရွှေအမြူတေတာအိုကို မသိပေမယ့် ရွှေအမြူတေတာအိုဟာ ကိုယ့်ကိုယ်တွင်းမှာပဲ ရှိတယ်ဆိုတာကိုတော့ သိပါတယ်..."
"ကောင်းကင်နဲ့ မြေကြီးမှာ ယင်၊ ယန်၊ လေ၊ မိုး၊ အမှောင် နဲ့ အလင်းဆိုတဲ့ ချီခြောက်ပါးရှိရင် လူတစ်ယောက်မှာရော ချီခြောက်ပါးမရှိဘူးလားဆိုတာကို မင်း စဉ်းစားဖူးလား..."
လောကသခင်အားခုံးက အလျင်စလို မရှိဘဲ ပြောလိုက်၏။
ရွှေအမြူတေတာအို ။
၎င်းကျင့်ကြံသောအရာမှာ ကိုယ်ပိုင်ချီသာဖြစ်ပြီး ပြင်ပအရာများ လုံးဝ မဟုတ်ချေ။
"ကျွန်တော် နားလည်ပြီ..."
"ပန်းလေးကို ခူးယူလိုက်တဲ့ လောကသခင်ရဲ့ အပြုံးက ပန်းလေးအကြောင်း မဟုတ်ဘဲ ခူးယူခြင်း အကြောင်းပဲ..."
"လောကသခင် ခူးယူလိုက်တာက သူ့ရဲ့ ကိုယ်ပိုင်တာအိုပဲ..."
"လောကသခင်ရဲ့ အမြင်မှာ ဒီပန်းလေးက လောကသခင်ရဲ့ တာအို ပဲ..."
ဤအချိန်တွင် လင်းရီသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ နှလုံးသားထဲတွင် ဝိညာဉ်ရေးရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။
"သေခြင်းရှင်ခြင်းသံသရာဝိုင်..."
"အဓိကလမ်းညွှန်ဖြစ်တဲ့ သေခြင်းရှင်ခြင်းတံခါးက ငါ့ရဲ့ သေခြင်းရှင်ခြင်းတာအိုပဲ..."
"ချီခြောက်ပါးဆိုတာ ငါ့ခန္ဓာကိုယ်ထဲက စစ်မှန်သော တစ်ခုတည်းသောချီ ဖြစ်ရမယ်..."
"ခြောက်ဆိုတာ ပုံရိပ်ယောင် ကိန်းဂဏန်းတစ်ခုပဲ..."
"သတ်မှတ်ထားတဲ့ နည်းလမ်းမရှိဘူး..."
"ခုနစ် ဒါမှမဟုတ် ရှစ်ကလည်း အလုပ်ဖြစ်နိုင်သလို ကိုး ဒါမှမဟုတ် ဆယ်ကလည်း အလုပ်ဖြစ်နိုင်တယ်..."
“သေမျိုးကမ္ဘာရဲ့ရသတစ်ရာနဲ့ ပတ်သက်ရင်တော့ လောကကြီးထဲက အရာအားလုံးဟာ ပင်ကိုယ်အားဖြင့် ငါ့ရဲ့ နှလုံးသားထဲမှာ ရှိနေတာပဲ..."
လင်းရီက မတ်တတ်ရပ်လိုက်ရာ သူ၏ အသံမှာ ခေါင်းလောင်းကြီးတစ်ခုကဲ့သို့ တာအိုအသံများ လိမ့်ဆင်းလာပြီး တာအို စည်းချက် အလွှာပေါင်းများစွာက သူ၏ ပတ်လည်တွင် ပျံ့နှံ့သွားခဲ့လေသည်။
သူ၏ ချီပင်လယ်အတွင်း၌ ဝိုင်တာအို ရတနာပုလင်းသည် ပြင်းထန်စွာ တုန်ခါသွားပြီး ကြီးမားလှသော အစစ်အမှန်ချီတစ်မျှင်ကို လင်းရီက ဆွဲယူလိုက်၏။
"ငါ့ရဲ့ တာအိုက ဝိုင်တာအိုပဲ..."
"ဝိုင်က သေခြင်းရှင်ခြင်းကို ပါဝင်နိုင်တယ်၊ ယင်နဲ့ယန်ကို ဖော်ပြနိုင်တယ်၊ ချီခြောက်ပါးကို စုပ်ယူနိုင်ပြီး သေမျိုးကမ္ဘာရဲ့ရသတစ်ရာကို ပေါင်းစပ်နိုင်တယ်..."
လင်းရီက စကားပြောနေစဉ်မှာပင် ရှင်သန်ခြင်း စိတ်ဆန္ဒ၊ သေဆုံးခြင်း စိတ်ဆန္ဒ၊ ယင် စိတ်ဆန္ဒ၊ ယန် စိတ်ဆန္ဒ၊ ဓားစိတ်ဆန္ဒ... အစစ်အမှန်စိတ်ဆန္ဒအမျိုးမျိုးတို့သည် သူ၏ ချီပင်လယ်အတွင်းရှိ ဝိုင်တာအို ရတနာပုလင်းထဲသို့ စုစည်းဝင်ရောက်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် လမ်းခွဲရခြင်း ဆန္ဒများ၊ မလိုလားခြင်း ဆန္ဒများ… သေမျိုးကမ္ဘာရဲ့ရသအမျိုးမျိုး တို့သည်လည်း ၎င်းအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကြ၏။
ဤဝိုင်ကို သံသရာယဇ်ပလ္လင်တွင် ဖော်စပ်ထားခြင်း မဟုတ်ချေ။
ယင်းအစား ၎င်းကို လင်းရီ၏ ချီပင်လယ် အခြေခံအုတ်မြစ်အတွင်း၌ ဖော်စပ်ထားခြင်းဖြစ်ပြီး ဝိုင်ဖွဲ့စည်းသွားမည့် နေ့သည် ရွှေအမြူတေ ဖွဲ့စည်းသွားမည့် နေ့ပင် ဖြစ်ပေလိမ့်မည်။
"လင်းဗုဒ္ဓ၊ ဒီနေ့ မင်းရဲ့ ရွှေအမြူတေတာအို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်..."
လောကသခင် အားခုံးက လင်းရီအား ကြည့်ကာ အပြုံးဖြင့် မတ်တတ်ရပ်လိုက်ပြီး သူ၏ အမူအရာတွင် စိတ်သက်သာရာရမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။