အခန်း (၄၈၃-၄၈၄)
Vol. 25 Ch. 483-484
အပိုင်း(၄၈၃) စစ်ဆင်ရေး နေရာချထားခြင်း
လူအုပ်ထဲတွင် ဟန်ရှန်းမန်က ခေါင်းခါလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "သူတို့ဘက်မှာ မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်တွေ အရမ်းများတော့ ကျွန်မတို့ တောင့်ခံထားနိုင်မယ် မထင်ဘူး"
သူမက ဂိုဏ်းကြီးသုံးဂိုဏ်း၏ နောက်ခံအချို့ကို သိရှိထားပြီး ထိုဂိုဏ်းကြီးသုံးဂိုဏ်းတွင် မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင် အများအပြား ရှိနေကြောင်းကို ပို၍ ရှင်းရှင်းလင်းလင်း သိထားပေသည်။
လူတိုင်းက သူတစ်ပေါက် ကိုယ်တစ်ပေါက်ဖြင့် အလျင်စလို ထင်မြင်ချက်များ ပေးနေကြရာ ကျောက်ခိုင်ကို အလွန် ခေါင်းကိုက်သွားစေသည်။
သူ့အနေဖြင့်လည်း တစ်ခဏမျှ တွေဝေသွားမိသည်။ ထိုက်ယန်တောင်က အရေးကြီးသည်မှာ သေချာလှပြီး စီးပွားရေးအဆောက်အအုံဖြစ်စေ၊ ယန်ကွမ်းမြို့သစ်၏ အရေးကြီးသော ဌာနဗဟိုချက်များဖြစ်စေ မဖြစ်မနေ ကာကွယ်ရမည်သာ ဖြစ်သည်။
သို့သော် မိန်တောင်ဘက်ကလည်း ထိုနည်းတူ အရေးကြီးလှသည်။ ထိုနေရာတွင် ယွင်ချွမ်ဘုရားကျောင်း စခန်း ရှိရုံသာမက ကျဲ့ဆစ် စာသင်ကျောင်းလည်း ရှိနေသေးပေသည်။
အဓိကအချက်မှာ မိန်တောင်ရှိ စွမ်းအင်ကျောက်တုံး သတ္တုတွင်း အရင်းအမြစ်က အရေးအကြီးဆုံး ဖြစ်နေခြင်းပင်။
လင်းယွင်တောင်စောင်းကတော့ အလွန် မတ်စောက်လွန်းပြီး နေထိုင်သူ သိပ်မရှိသည့်အပြင် ချင်းဟွာ စက္ကူစက်ရုံနှင့် ပိုးစာတော အရင်းအမြစ်များသာ ရှိသောကြောင့် ယာယီ လက်လွှတ်လိုက်ရလျှင်လည်း လက်မခံနိုင်စရာ မရှိပေ။
ကျောက်ခိုင်က ရန်မေနှင့် ဆုန့်ဝမ်တို့ဘက်သို့ မကြည့်ဘဲ မနေနိုင်တော့ချေ။
ဤနှစ်ယောက်က လင်းယွမ်၏ အမျိုးသမီးများ ဖြစ်ကြရာ သူက ၎င်းတို့၏ အမြင်ကို တောင်းခံချင်နေသည်။
ဆုန့်ဝမ်ကလည်း ဤသို့သော အခြေအနေမျိုးကို မကြုံဖူးသဖြင့် တစ်ခဏမျှ အကြံအစည်မဲ့နေမိသည်။
သို့ရာတွင် ရန်မေကမူ ခိုင်မာသော မျက်နှာထားဖြင့် ကျောက်ခိုင်အား ပြောလိုက်သည်။ "ကျောက်ခိုင်... နင့်ရဲ့ အစ်ကိုလင်းက ထိုက်ယန်တောင်ကို နင့်လက်ထဲ အပ်ခဲ့တာ... နင်ပဲ ဆုံးဖြတ်ချက်ချပါ... ငါတို့အားလုံး နင့်စကားကို နားထောင်မယ်"
ဤစကားကို ကြားလိုက်ရသည်နှင့် လူအများ၏ အသံများက ချက်ချင်း တိတ်ကျသွားကြသည်။
ရန်မေက လင်းယွမ်၏ ပထမဆုံး အမျိုးသမီး ဖြစ်ရာ ထိုက်ယန်တောင်ရှိ လူများ၏ ရင်ထဲတွင် သူမ၏ နေရာက သာမန် မဟုတ်ပေ။
သူမက ကျောက်ခိုင်အား ဆုံးဖြတ်ချက်ချရန် ထောက်ခံစကား ပြောလိုက်သည်ကို မြင်သောအခါ လူတိုင်းက သူတို့၏ အကြည့်များကို ကျောက်ခိုင်ထံသို့ ပို့လွှတ်လိုက်ကြသည်။
ကျောက်ခိုင်က နှိုင်းယှဉ်၍မရနိုင်သော ကြီးမားလှသည့် တာဝန်ဝတ္တရားနှင့် ဖိအားများကို တစ်ခဏချင်းအတွင်း ခံစားလိုက်ရသည်။
ဤအချိန်ရောက်မှသာ အင်အားစုတစ်ခု၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ၏ အစ်ကိုလင်း နေ့စဉ် မည်မျှလောက် ဖိအားများကို ထမ်းပိုးထားရကြောင်း သူ နားလည်သွားတော့သည်။
ကျောက်ခိုင်က လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးများတွင် စူးရှသော အရိပ်အယောင်များ ပေါ်ထွက်လာကာ ပြောလိုက်သည်။ "ပစ္စည်းတွေ ဘာတွေက ဆုံးရှုံးသွားရင်တောင် ပြန်ရှာလို့ ရသေးတယ်"
"အစ်ကိုလင်း ပြောဖူးတယ်... လူတွေက အရေးအကြီးဆုံးပဲတဲ့"
"လူအားလုံးကို ထိုက်ယန်တောင်ပေါ် ချက်ချင်း ပြန်တက်ခိုင်းလိုက်... ငါတို့ ပထမဆုံးအနေနဲ့ ထိုက်ယန်တောင် မကျဆုံးအောင် ကာကွယ်ရမယ်"
ဤစကားထွက်လာသည်နှင့် လူတိုင်းက ချက်ချင်း ခေါင်းညိတ်လိုက်ကြသည်။
လူတိုင်းက အလျင်အမြန် စတင် စီစဉ်ကြတော့သည်။
ထိုက်ယန်တောင် တစ်ခုလုံးတွင်လည်း ပထမဆုံး အချိန်မှာပင် သတိပေး ဥဩသံများ ထွက်ပေါ်လာသည်။
လူအားလုံးက ထိုက်ယန်တောင်ပေါ်သို့ အလျင်အမြန် ပြောင်းရွှေ့သွားကြသည်။
သာမန်လူများက တောင်တောအုပ်၏ အလယ်ဗဟိုပိုင်းသို့ ပုန်းခိုဝင်ရောက်သွားကြသည်။
အစွမ်းပိုင်ရှင်များက ထိုက်ယန်တောင်၏ အဓိက လမ်းကြောင်းများနှင့် အရေးကြီးသော နေရာများကို စောင့်ကြပ်နေကြသည်။
အရာအားလုံး ပြင်ဆင်ပြီးစီးသွားသောအခါ ကျောက်ခိုင်က ဟန်ရှန်းမန်၊ ဝမ်ရှောင်ယာ၊ လီရှောင်ကျွင်း၊ ကျန်းဖန်နှင့် ခုံရှန်းတို့ အပါအဝင် ရေဓာတ် အစွမ်းပိုင်ရှင် တစ်စုကို အစည်းအဝေး ခေါ်ယူလိုက်သည်။
"အားလုံးပဲ... ငါတို့ ဒီအတိုင်း အသေအလဲ ကာကွယ်နေရုံနဲ့ မရဘူး... တန်ပြန်တိုက်ခိုက်မှုတွေ လုပ်ပြီး ငါတို့ကို အထင်သေးလို့မရဘူးဆိုတာ တစ်ဖက်လူ သိအောင် ပြရမယ်"
ဟန်ရှန်းမန်က ကြားလိုက်ရသဖြင့် မေးလိုက်သည်။ "ရှင် ဘာတွေ စဉ်းစားထားလဲ"
"ကျွန်တော်က ခင်ဗျားတို့ကို အဖွဲ့ငယ်လေးတွေ ဖွဲ့ပြီး ရေအောက်ကနေ သူတို့ရဲ့ စစ်သင်္ဘောတွေကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်စေချင်တယ်" ကျောက်ခိုင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"စစ်သင်္ဘောတွေကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မယ်"
"ဘယ်လို တိုက်ခိုက်မှာလဲ"
"သူတို့ရဲ့ စစ်သင်္ဘောတွေမှာ သင်္ကေတအစီအရင် အကာအကွယ်တွေ ရှိနေတဲ့ပုံပဲနော်"
"လုပ်လို့ရမယ်လို့ ကျွန်တော် ထင်တယ်... ကျွန်တော်တို့က ချိတ်ပိတ် သင်္ကေတ ကျောက်တုံးတွေကို သုံးပြီး သူတို့ရဲ့ အကာအကွယ် အစီအရင်တွေကို ဖျက်ဆီးမယ်... ပြီးတော့ သူတို့ရဲ့ စစ်သင်္ဘောတွေကို ဖျက်ဆီးပြီး သူတို့ကို အပြန်လမ်းမရှိအောင် လုပ်ပစ်မယ်"
"ဒီနည်းလမ်း ကောင်းတယ်... ငါတို့ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး... သူတို့ကို ပညာနည်းနည်းလောက် ပြရမယ်"
"ဟုတ်တယ်... တစ်ဖက်က မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်တွေ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါတို့က သူတို့ကို ရှောင်ပြီး သူတို့ရဲ့ သင်္ဘောတွေကို သွားဖောက်ကြမယ်"
လူအများက ဆွေးနွေးတိုင်ပင်လိုက်ကြရာ ချက်ချင်းပင် တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်သည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
အားလုံးက ဤနည်းလမ်းကို အကောင်အထည်ဖော်နိုင်မည်ဟု ထင်နေကြသည်။
ဟန်ရှန်းမန်ကလည်း ကျောက်ခိုင်ကို အံ့သြတကြီးဖြင့် တစ်ချက် ကြည့်လိုက်မိသည်။ ကျောက်ခိုင်၌ စစ်ဆင်ရေး နေရာချထားသည့် စွမ်းရည် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမက ချက်ချင်းပင် ပြောလိုက်သည်။ "ကောင်းပြီ... ကျွန်မ လူတွေကို အခုပဲ ခေါ်သွားလိုက်မယ်"
ကျောက်ခိုင်က သတိပေးလိုက်သည်။ "သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနက ဆရာလီဆီ သွားပြီး ရေရှောင် သင်္ကေတ ကျောက်တုံးတွေ ယူသွားဖို့ မမေ့နဲ့ဦး"
ရေအောက်တိုက်ပွဲတွင် ရေရှောင် သင်္ကေတ ကျောက်တုံးက အလွန် အရေးပါလှပေသည်။
သေချာပေါက် ဟန်ရှန်းမန်တို့အဖွဲ့ ကိုယ်တိုင်က ရေဓာတ် အစွမ်းပိုင်ရှင်များ ဖြစ်ကြရာ ရေကို ထိန်းချုပ်သည့် အပိုင်းအတွက် စိုးရိမ်စရာ မလိုပေ။
သို့သော် သူတို့က အခြားလူများကိုပါ ခေါ်ဆောင်သွားရမည် ဖြစ်ရာ ထိုသူများအားလုံးက ရေဓာတ် အစွမ်းပိုင်ရှင်များ ဖြစ်ချင်မှ ဖြစ်ပေမည်။
ထို့နောက် ကျောက်ခိုင်က ဦးလေးမာထံသို့ ထပ်ကြည့်လိုက်ပြီး လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။ "ဦးလေးမာ... ခင်ဗျားတို့ ဆောက်လုပ်ရေး အင်ဂျင်နီယာဌာနက လူတွေ အကုန် ပြန်ရောက်ပြီလား"
မာကောချိုင်က ခေါင်းညိတ်လိုက်သည်။ "အကုန် ပြန်ရောက်ပါပြီ"
"ကောင်းပြီ... ခင်ဗျားတို့ထဲက မြေဓာတ် အစွမ်းရှိတဲ့ သူတွေက ထိုက်ယန်တောင်ထဲမှာ အချိန်မရွေး ကူညီပေးဖို့ လိုအပ်တယ်... နောက်ပြီး အလျင် အမျိုးအစား အစွမ်းပိုင်ရှင်တွေ အကုန်လုံးကို ဒီကို လာခိုင်းစေချင်တယ်"
"အလျင် အမျိုးအစား အစွမ်းပိုင်ရှင်တွေလား... ဘာလုပ်ဖို့လဲ" ဦးလေးမာက သံသယဖြင့် မေးလိုက်သည်။
ကျောက်ခိုင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနဘက်က သေနတ်လိုမျိုး အစွမ်းလက်နက် တချို့ကို တီထွင်ထုတ်လုပ်ပြီးပြီ... အလျင် အမျိုးအစား အစွမ်းပိုင်ရှင်တွေက အလွန်မြန်ဆန်တဲ့ လှုပ်ရှားနိုင်စွမ်း ရှိကြတယ်... သူတို့ကို ဒီလက်နက်တွေ တပ်ဆင်ပေးလိုက်ရင် အဝေးကနေ ထိထိရောက်ရောက် တိုက်ခိုက်နိုင်လိမ့်မယ်"
"ပြီးတော့ ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်တွေက ဒူးလေး လက်နက်တွေကို သွားယူကြ... သံချပ်ကာဝတ်စုံ ဝတ်ဖို့ မမေ့နဲ့"
"သေနတ်လိုမျိုး အစွမ်းလက်နက်တွေလား... တီထွင်ထုတ်လုပ်ပြီးသွားပြီလား" ဦးလေးမာက ချက်ချင်းပင် အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည်။
ကျောက်ခိုင်က ဘေးနားရှိ လီဟန်ကျုံးကို လှမ်းကြည့်လိုက်သည်။
လီဟန်ကျုံးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "လွန်ခဲ့တဲ့ တစ်လကတည်းက ဆရာလင်းက ကျွန်တော်တို့ကို သေနတ်လိုမျိုး အစွမ်းလက်နက်တွေ စတင် သုတေသနလုပ်ဖို့ မှာကြားခဲ့တာပါ"
"ကွမ်ဖူဘက်က အစွမ်းနည်းပညာတွေက ကျွန်တော်တို့ထက် အများကြီး ပိုအဆင့်မြင့်နေတယ်ဆိုတာ သိရတော့... ကျွန်တော်တို့လည်း မနားမနေ သုတေသနတွေ စလုပ်ခဲ့ကြတာလေ"
"ကံကောင်းတာက သေနတ်ထုတ်လုပ်တဲ့ သဘောတရားက မခက်ခဲဘူး... ခက်တာက အဲဒီအရာကို အစွမ်းနဲ့ ဘယ်လို ပေါင်းစပ်မလဲဆိုတာပဲ... လွန်ခဲ့တဲ့ လဝက်လောက်က နည်းပညာပိုင်းဆိုင်ရာ ပြဿနာကို ကျော်လွှားနိုင်ခဲ့ပြီး ထုတ်လုပ်မှုကို စတင်နေပြီ"
"ဒါပေမဲ့ အချိန် ကန့်သတ်ချက် ရှိနေတော့ လက်ရှိမှာ သုံးဆယ့်လေးလက်ပဲ ထုတ်လုပ်နိုင်သေးတယ်"
ကျောက်ခိုင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "မရှိတာထက်စာရင်တော့ ရှိတာ ပိုကောင်းပါတယ်... ယုံကြည်ရတဲ့ ညီအစ်ကိုတွေကို ဝေပေးလိုက်ပါ"
"ထိုက်ယန်တောင်က သူတို့ သဘောကျ အနိုင်ကျင့်လို့ရတဲ့ အပျော့စားလေးတွေ မဟုတ်ဘူးဆိုတာ ဂိုဏ်းကြီးသုံးဂိုဏ်းက လူတွေသိအောင် ငါတို့ ပြရမယ်"
လူတိုင်းက အသီးသီး ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
——
အဆုံးအစမရှိ ကျယ်ပြောလှသော ရေလွှမ်းမိုးမှုကြီးပေါ်တွင် စစ်သင်္ဘော အစင်းပေါင်းများစွာက ရှေ့ဆင့်နောက်ဆင့် ချီတက်လာကြပြီး အသီးသီးသော ဦးဆောင် စစ်သင်္ဘောကြီးများက အရှေ့ဆုံးတွင် တန်းစီ နေရာယူထားကြသည်။
ရေနတ်ဘုရားဂိုဏ်းဘက်ရှိ ဦးဆောင် စစ်သင်္ဘောကြီးပေါ်တွင် မျက်နှာဖုံး တပ်ဆင်ထားခြင်း မရှိသော အပြာရင့်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သစ်သားတောင်ဝှေး တစ်ချောင်းကို ကိုင်ဆောင်ထားသည်။
ထိုတောင်ဝှေးပေါ်တွင် အစိမ်းရောင် မှိုပွင့်များကဲ့သို့သော အရာများဖြင့် ပြည့်နှက်နေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အစက်အပြောက်ပုံစံ မှိုပွင့်များ ရှိနေပေသည်။
ပတ်ဝန်းကျင်ရှိ ရေနတ်ဘုရားဂိုဏ်း အဖွဲ့ဝင်များက ဤလူကို ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ကိန်းအောင်းနေကြသည်။
ဤလူမှာ ရေနတ်ဘုရားဂိုဏ်း ရေသန့်စင် ယဇ်ပုရောဟိတ်အဖွဲ့၏ ယဇ်ပုရောဟိတ်ကြီး လေးပါးထဲမှ တစ်ပါးဖြစ်သော ကပ်ရောဂါ ယဇ်ပုရောဟိတ် ဟန်ထိုက်ပင် ဖြစ်သည်။
ဟန်ထိုက်က အသက် ငါးဆယ် ကျော်နေပြီ ဖြစ်သော်လည်း အစွမ်းပိုင်ရှင်အဖြစ် နိုးထလာပြီးနောက် ခန္ဓာကိုယ် ခွန်အားများက အသက် လေးဆယ်ကျော်အရွယ်သို့ ပြန်လည် ရောက်ရှိသွားရုံသာမက ရုပ်ရည်ကလည်း အများကြီး ပိုနုပျိုသွားပုံရသည်။
သူက မူလက ကွမ်ဖူခရိုင် ပြည်သူ့ဆေးရုံမှ ဌာနမှူးဆရာဝန် တစ်ဦး ဖြစ်ပြီး အဆင့်မြင့်ဆေးရုံကြီး၏ ဆရာဝန်တစ်ဦးအနေဖြင့် ရေကြီးမှုကြီး မဖြစ်ပွားမီက သူ၏ ဝင်ငွေမှာ မနည်းလှပေ။
တရားမဝင် ဝင်ငွေအချို့နှင့် ပေါင်းလိုက်လျှင် သူ၏ ဘဝက အတော်လေး သာယာဖြောင့်ဖြူးခဲ့သည်ဟု ဆိုနိုင်သည်။
သို့သော် ရေကြီးမှုကြီး ဖြစ်ပွားပြီးနောက် သူ နေထိုင်သည့် အိမ်ရာက ပထမဆုံး ရေနစ်မြုပ်ခံရသည့် အသုတ်ထဲတွင် ပါဝင်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကွမ်ဖူ၏ မြေမျက်နှာပြင်က မြင့်မားနေပြီး သူ ပြောင်းရွှေ့မှု မြန်ဆန်သောကြောင့် သူ၏ မိသားစုကို ခေါ်ဆောင်ကာ အိမ်ရာမှ ပထမဆုံး အချိန်မှာပင် ထွက်ခွာခဲ့ပြီး သူ၏ အထပ်မြင့် တိုက်ခန်းသို့ သွားရောက်နိုင်ခဲ့သည်။
သို့ရာတွင် အထပ်မြင့် တိုက်ခန်းသို့ ဝင်ရောက် နေထိုင်ပြီးနောက် ရေကြီးမှုကြီးက ကျဆင်းသွားခြင်း မရှိဘဲ ရေမျက်နှာပြင်က ဆက်တိုက် မြင့်တက်လာသောကြောင့် သူတို့၏ အထပ်မြင့် တိုက်ခန်းကို အခြားလူများက မျက်စိကျလာကြသည်။
ရလဒ်ကတော့ ပြောစရာပင် မလိုတော့ချေ။ သူ၏ မိန်းမက ရိုက်သတ်ခံလိုက်ရပြီး သူ၏ သမီးမှာ အရှက်ခွဲခံရမှုကို မခံရပ်နိုင်သဖြင့် တိုက်ပေါ်မှ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။
သူက အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး မှိုတက်နေသော လှေကားထစ်တွင် ပုန်းအောင်းနေခဲ့ရာ မှိုရောဂါ ကူးစက်ခံလိုက်ရပြီး သေလုနီးပါး ဖြစ်နေချိန်တွင် မမျှော်လင့်ဘဲ အစွမ်းတစ်ရပ် နိုးထလာခဲ့သည်။
သူ၏ အစွမ်းက မှိုများနှင့် ပတ်သက်ဆက်နွှယ်နေပြီး မှိုစပိုးမွှားများကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။ သူနှင့် နီးကပ်လေလေ ကူးစက်ခံရမှု ပိုမြန်လေလေ ဖြစ်ပြီး ရောဂါဖောက်လာချိန်တွင် ရောဂါအခြေအနေက ပို၍ ဆိုးရွားလေလေ ဖြစ်သည်။
ဤအစွမ်းကို အားကိုးလျက် သူက အဆောက်အအုံထဲတွင် ပုန်းအောင်းနေကာ သူ့အား အနိုင်ကျင့်ခဲ့ဖူးသူများကို တစ်ယောက်ပြီးတစ်ယောက် အဆိပ်ခတ်၍ ရောဂါသည်များ ဖြစ်လာစေပြီးနောက် ထပ်တလဲလဲ နှိပ်စက်ကာ သူ၏ ဇနီးနှင့် သမီးအတွက် လက်စားချေခဲ့သည်။
ဤဖြစ်စဉ်အတွင်း ကမ္ဘာပျက်ကပ် ကာလကြီးတွင် မည်သို့ ရပ်တည်ရမည်ကို သူ တဖြည်းဖြည်း သင်ယူတတ်မြောက်သွားခဲ့သည်။
ဆရာဝန်တစ်ဦး ဖြစ်သည့်အားလျော်စွာ သူက လူ့သဘာဝ၏ တစ်ကိုယ်ကောင်းဆန်မှုကို အလွန် နားလည်ထားပြီး အချို့သော လူများက အသက်ရှင်သန်ရေးအတွက် ရောဂါကျွမ်းလာချိန်တွင် ကမူးရှူးထိုး ကုသမှုခံယူတတ်သည့် အသိစိတ်မဲ့မှုကို ပို၍ပင် သဘောပေါက်ထားပေသည်။
ထို့ကြောင့် ဤအချက်ကို အသုံးချကာ သူက မိမိကိုယ်ကို နတ်ဘုရား၏ ကိုယ်စားလှယ်တစ်ဦးအဖြစ် စတင် ဖန်တီးခဲ့သည်။
ထို့နောက် သူက တစ်ဖက်မှ မှိုစပိုးမွှား ဗိုင်းရပ်စ်များကို ထုတ်လွှတ်ကာ အခြားတစ်ဖက်မှလည်း ဘာသာဝင်များကို စတင် စုဆောင်း၍ ရိုက်သွင်းခြင်းများကို ပြုလုပ်ခဲ့သည်။
သူ၏ မှိုဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ထဲတွင်ပင် ပုန်းအောင်းနေနိုင်ပြီး သူ၏ ထိန်းချုပ်မှုအောက်တွင် အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သည်။
ဤစွမ်းရည်ကို အားကိုးလျက် သူက သူ၏ ဘေးနားတွင် လူအင်အား အများအပြားကို စုစည်းနိုင်ခဲ့ပြီး အင်အားစုကလည်း တဖြည်းဖြည်း ကြီးမားလာခဲ့သည်။
သူ၏ ကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်မှုများကလည်း ပို၍များပြားလာပြီး သူ၏ ရိုက်သွင်းခြင်းကို ခံရသူများလည်း ပိုများလာခဲ့သည်။
နောက်ပိုင်းတွင် သူ၏ မိတ်ဆွေဟောင်း အချို့နှင့် တွေ့ဆုံခဲ့ပြီး နှစ်ဖက် ပူးပေါင်း တိုင်ပင်လိုက်ကြမှ ယခုလက်ရှိ ရေနတ်ဘုရားဂိုဏ်းကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူကဲ့သို့သော ဤကပ်ရောဂါ ယဇ်ပုရောဟိတ်မှာ ရေနတ်ဘုရားဂိုဏ်း၏ အဓိက တည်ထောင်သူ အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
"ထိုက်ယန်တောင်... ဟားဟား... ဘယ်လောက်တောင် ကောင်းတဲ့ နေရာလေးလဲ... အဲဒီနေရာကို လူမိုက်တစ်စုက သိမ်းပိုက်ထားကြတယ်ဆိုပဲ"
ဟန်ထိုက်က သရော်လှောင်ပြောင်သည့် အမူအရာတစ်ချက် ပြသလိုက်ပြီး ရေကြီးမှုကြီး မဖြစ်ပွားမီ သီတင်းပတ်ကုန်ရက် တစ်ရက်တွင် သူ၏ သမီးဖြစ်သူက သူနှင့် ဇနီးဖြစ်သူတို့ကို ထိုက်ယန်တောင်သို့ တောင်တက်ရန် ချိန်းဆိုခဲ့သည်ကို ခေါင်းထဲတွင် ပြန်လည် အမှတ်ရလာခဲ့သည်။
ဤနေရာကို ပုရွက်ဆိတ်တစ်အုပ်က သိမ်းပိုက်ထားရန် မသင့်တော်ပေ။
"ယဇ်ပုရောဟိတ် ဟန်... မိုးကြိုးအမြောက်တွေကို ပြင်ဆင်ပြီးပါပြီ"
ရေနတ်ဘုရားဂိုဏ်း၏ တမန်တစ်ဦးက ချဉ်းကပ်လာပြီး ဟန်ထိုက်နှင့် ခြောက်ပေခန့် အကွာတွင် အလျင်အမြန် ရပ်တန့်ကာ အစီရင်ခံလိုက်သည်။
ဟန်ထိုက်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ပစ်ကွင်းထဲ ရောက်ပြီလား"
"မိုင်ဝက်လောက် လိုပါသေးတယ်"
"အမြန်ဆုံး နှုန်းနဲ့ ရှေ့ဆက်သွား... ပစ်ကွင်းထဲ ရောက်တာနဲ့ အမြောက်နဲ့ ပစ်"
"ဟုတ်ကဲ့ပါ... အရှင်"
"မြေမိခင်ဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းဘက်ကရော ဘာအခြေအနေရှိလဲ"
"မြေမိခင်ဂိုဏ်းက မိန်တောင်ကို တိုက်ခိုက်နေပါပြီ... ဝိညာဉ်စွမ်းအင် ထောက်လှမ်းရေးအိမ်မြှောင်ရဲ့ ပြသချက်အရ မိန်တောင်ဘက်က ဝိညာဉ်စွမ်းအင် ဖိအားက ပိုများနေတယ်... အဲဒီဘက်မှာ စွမ်းအင်ကျောက်တုံး သတ္တုတွင်းတွေ အများကြီး ရှိနေနိုင်တယ်"
"လင်းယွင်တောင်စောင်းဘက်က ဝိညာဉ်စွမ်းအင် ဖိအားက ထိုက်ယန်တောင်လောက် မများဘူး... ဝိညာဉ်စွမ်းအင်ဂိုဏ်းက လူအင်အား မများတော့ အဲဒီဘက်ကို သွားကြပါတယ်"
ဟန်ထိုက်က အေးစက်စက် ပြုံးလိုက်သည်။ "မြေမိခင်ဂိုဏ်းက ဒီမြေတွင်းထဲက ကြွက်တွေ... မြေဝါနတ်ဘုရားလွင်ပြင်ကို သိမ်းပိုက်ရုံနဲ့ မလုံလောက်ဘဲ စွမ်းအင်ကျောက်တုံး အရင်းအမြစ်တွေကို ဒီလောက် အလျင်စလို ရှာဖွေနေကြတာကို ကြည့်ရရင် ပြီးခဲ့တဲ့ မြေဝါနတ်ဘုရားလွင်ပြင် တိုက်ပွဲနဲ့ မြူခိုးမြို့တော် တိုက်ပွဲတွေမှာ သူတို့ လူအင်အား အများကြီး ဆုံးရှုံးခဲ့ရပုံပဲ"
"ယဇ်ပုရောဟိတ် ဟန်... ဒီထိုက်ယန်တောင်ကမှ တကယ့်ကို ကိုက်ရခဲတဲ့ အရိုး ဖြစ်လောက်တယ်... စောစောက ကင်းမျှော်စင် စောင့်ကြည့်ရေးသမားက ပြန်လည် အစီရင်ခံတာတော့ ထိုက်ယန်တောင်က လူတွေ အားလုံးကို တောင်တစ်တောင်တည်းပေါ် စုစည်းလိုက်ပြီတဲ့"
"သူတို့က ထိုက်ယန်တောင်ကို အသေအလဲ ကာကွယ်မယ့်ပုံပဲ"
ဟန်ထိုက်က ချက်ချင်းပင် လှောင်ပြောင် ရယ်မောလိုက်သည်။ "ငတုံးတွေ... လင်းယွင်တောင်စောင်းနဲ့ မိန်တောင်ကို စွန့်လွှတ်လိုက်တာက ငါတို့ကို ခြေကုပ်ယူဖို့ နေရာပေးလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား"
"ကြည့်ရတာ အတွေ့အကြုံ သိပ်မရှိတဲ့ ဒုက္ခသည် တစ်စုသာသာပဲ နေမှာပါ"
လူတိုင်းကလည်း ချက်ချင်းပင် ရယ်မောလိုက်ကြသည်။
သင်္ဘော၏ ဥဩသံများက တပေါ်ပေါ် မြည်ဟည်းနေပြီး စစ်သင်္ဘောအားလုံးက အဆက်မပြတ် ဖိကပ်ချဉ်းကပ်လာကြသည်။
တစ်ချိန်တည်းမှာပင် ထိုက်ယန်တောင်ဘက်၌ ဟန်ရှန်းမန်က အစွမ်းပိုင်ရှင် တစ်စုကို ဦးဆောင်ကာ ဆိပ်ကမ်းမှတစ်ဆင့် ရေအောက်သို့ အလျင်အမြန် ငုပ်လျှိုးသွားကြသည်။
သင်္ဘောများ အဆက်မပြတ် ချဉ်းကပ်လာသည်နှင့်အမျှ ထိုက်ယန်တောင်နှင့် ပေရာပေါင်းများစွာခန့် အကွာအဝေးသို့ ရောက်ရှိလာချိန်တွင်...
ရေနတ်ဘုရားဂိုဏ်း၏ စစ်သင်္ဘောများက ချက်ချင်း ရပ်တန့်သွားကြသည်။
ထိုက်ယန်တောင်ပေါ်မှ လူအများက ဤမြင်ကွင်းကို လှမ်းကြည့်လိုက်ကြပြီး သံသယဖြစ်သည့် အရိပ်အယောင်များ ပေါ်ထွက်လာကြသည်။
နောက်တစ်ခဏတွင်တော့ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံကို ကြားလိုက်ရသည်။
"ဝုန်း"
ယင်းနှင့်အတူ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း"
ရေနတ်ဘုရားဂိုဏ်း၏ စစ်သင်္ဘောများပေါ်မှ မရေမတွက်နိုင်သော ခရမ်းရောင် မိုးကြိုးစွမ်းအင်ကျည်များက ကျယ်လောင်သော အသံများနှင့်အတူ ပစ်လွှတ်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကြိုးများက ရေမျက်နှာပြင်ကို ဆုတ်ဖြဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအလင်းတန်းများကို ဖြစ်ပေါ်စေသည်။
ကမ်းရိုးတန်းတစ်လျှောက်ရှိ သစ်ပင်များ အစီအရီ ပေါက်ကွဲသွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်လှိုင်းများက ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့အပြားသို့ ခဏချင်းအတွင်း လွှမ်းခြုံသွားတော့သည်။
မိုးကြိုးမီးတောက်များ ပေါက်ကွဲထွက်လာကာ မီးတောက်များ လောင်ကျွမ်းသွားပြီး သစ်ပင်များ အပိုင်းပိုင်းအစစ ကြေမွသွားကြသည်။
ဤအချိန်လေးအတွင်းမှာပင် တိုက်ပွဲကြီးက တရားဝင် စတင် ဖြစ်ပွားသွားခဲ့ပြီ ဖြစ်တော့သည်။
ဆက်ရန်...
အပိုင်း(၄၈၄) မြေဓာတ်ခွန်အား
"အမြောက်တွေပဲ"
"သူတို့ဆီမှာ အမြောက်တွေ ရှိနေတယ်"
ထိုက်ယန်တောင်မှ လူများအားလုံးက ချက်ချင်းပင် အံ့သြတုန်လှုပ်သွားကြပြီး သူတို့၏ မျက်နှာထက်တွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ပေါ်လွင်သွားတော့၏။
ကျောက်ခိုင်၏ မျက်နှာကလည်း ချက်ချင်းပင် လေးနက်သွားသည်။ "အစ်ကိုလင်းယွမ် ပြောတာ တကယ် မှန်နေတာပဲ... ကွမ်ဖူရဲ့ အစွမ်းသုံး လက်နက်နည်းပညာက ငါတို့ဘက်ထက် အများကြီး ပိုသာနေတယ်"
ဆုန့်ဝမ်က အလျင်စလို ပြောလိုက်သည်။ "ကမ်းရိုးတန်းတစ်လျှောက်က လူတွေကို တောင်ပေါ်မြန်မြန် ပြေးပုန်းခိုင်းလိုက်တော့... ဒီလို အမြောက်ဒဏ်ကို အစွမ်းပိုင်ရှင်တွေကလွဲရင် သာမန်လူတွေက အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
"သာမန်လူတွေကို ပြောင်းရွှေ့ပြီးသွားပြီ... အခု ရှေ့တန်းမှာ ကျန်နေခဲ့တာက အခြေခံအားဖြင့် အစွမ်းပိုင်ရှင်တွေချည်းပဲ" ချန်ကျန့်ဖုန်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။
ကျောက်ခိုင်က မေးလိုက်သည်။ "အားလုံး အကာအကွယ် ဝတ်စုံတွေ ဝတ်ထားကြရဲ့လား"
"အားလုံး ဝတ်ထားတယ်... အကာအကွယ်ဝတ်စုံ အားလုံးကိုလည်း လင်းယာကို အစွမ်းသွင်းပေးဖို့ အကူအညီ တောင်းထားပြီးပြီ" လက်နက်စက်ရုံမှ ချီတယ်လုံက ချက်ချင်း ပြန်ဖြေလိုက်သည်။
လင်းယာ၏ မာကျောအစွမ်း က ယခုအချိန်တွင် အလွန် ကြီးမားသော အသုံးဝင်မှု ရှိနေခဲ့ပြီ ဖြစ်၏။
လက်နက်များနှင့် အကာအကွယ်ဝတ်စုံများကို မာကျောအစွမ်း သွင်းထားရုံသာမက ထိုက်ယန်တောင် ပတ်လည်ရှိ အဆောက်အအုံများနှင့် နံရံများကိုပါ သူမက အစွမ်းသွင်းပေးထားသဖြင့် ကာကွယ်နိုင်စွမ်းက အလွန်အမင်း မြင့်တက်နေခဲ့သည်။
ထို့အပြင် ဤအဆောက်အအုံများပေါ်တွင် မူလကတည်းက အကာအကွယ် သင်္ကေတ အစီအရင်များကို ထပ်မံ ပေါင်းထည့်ထားသဖြင့် မြို့ရိုး၏ ခိုင်ခံ့မှု အတိုင်းအတာက သေချာပေါက် ပြဿနာ မရှိနိုင်ဟု ဆိုနိုင်ပေသည်။
"ဝုန်း"
ကြီးမားလှသော ပေါက်ကွဲသံကြီးက ထပ်မံ ထွက်ပေါ်လာပြီး တောင်ခြေတွင် ပေါက်ကွဲသွားသကဲ့သို့ပင်။
ရေနတ်ဘုရားဂိုဏ်း၏ စစ်သင်္ဘောများက ကမ်းစပ်သို့ တရွေ့ရွေ့ ချဉ်းကပ်လာကြသည်။ သို့သော်လည်း ကမ်းစပ်အနီးတွင် ရေတိမ်လွန်းသဖြင့် သင်္ဘောကြီးများက ဆိပ်ကမ်းမှသာ ဆိုက်ကပ်နိုင်ပေသည်။
သို့သော်လည်း ရေပေါ်တံတား ဆိပ်ကမ်းဘက်တွင်မူ သဘာဝကျစွာပင် ထိုက်ယန်တောင်မှ လူများက အပြင်းအထန် ကာကွယ်စောင့်ရှောက်ထားသော နေရာဖြစ်၏။
ရေနတ်ဘုရားဂိုဏ်း၏ စစ်သင်္ဘောများက ထိုက်ယန်တောင်နှင့် ပေရာပေါင်းများစွာ အကွာအဝေးတွင် ရပ်တန့်သွားကြသည်။ တကယ်တမ်း၌ သူတို့က ထပ်မံ ချဉ်းကပ်၍ မရနိုင်တော့သည့်အပြင် မိုးကြိုးအမြောက်များ၏ ထိရောက်သော ပစ်ခတ်နိုင်သည့် အကွာအဝေးမှာလည်း မိုင်အနည်းငယ်ခန့်သာ ရှိပေသည်။
ထို့ပြင် မိုးကြိုးအမြောက်ကို တစ်ကြိမ် ပစ်ခတ်တိုင်း စွမ်းအင်ကျောက်တုံး အမြောက်အမြားကို ကုန်ဆုံးစေသည်။
ထို့ကြောင့် ရေနတ်ဘုရားဂိုဏ်းက ထိုက်ယန်တောင်၏ ကမ်းရိုးတန်း ကာကွယ်ရေးကို အမြောက်ဖြင့် ပစ်ခတ် ဖျက်ဆီးပြီးနောက် လှေငယ်များကို ချက်ချင်း စေလွှတ်ကာ ကမ်းစပ်သို့ စတင် တက်ရောက်လာကြတော့သည်။
ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲက မျက်စိတစ်မှိတ်အတွင်းမှာပင် စတင် ပေါက်ကွဲထွက်ပေါ်လာတော့၏။
ထိုက်ယန်တောင်၏ ရေပေါ်တံတားဆိပ်ကမ်း၊ လင်းယွင်တောင်စောင်းနှင့် ထိုက်ယန်တောင် ကြားရှိ ဆိပ်ကမ်းများကလည်း အလားတူပင် ပြင်းထန်သော တိုက်ခိုက်မှုများကို ခံနေရသည်။
ထိုဆိပ်ကမ်းနှစ်ခုက အဓိက စစ်တလင်းပြင်များ ဖြစ်လာခဲ့ပြီ ဖြစ်၏။
ပေါက်ကွဲသံများက ကမ်းစပ်မှနေ၍ အဆက်မပြတ် ထွက်ပေါ်လာနေသည်။
မာကျီ၏ လှုပ်ရှားမှုက လျှပ်စီးကဲ့သို့ လျင်မြန်နေပြီး သူ၏ လက်ထဲတွင် အစွမ်းသုံး သေနတ်တစ်လက်ကို ကိုင်ဆောင်ထားသည်။ သေနတ်ကျည်ကတ် နေရာတွင် ကျည်ဆန်များ မဟုတ်ဘဲ စွမ်းအင်ကျောက်တုံး တစ်တုံးလုံးကို မြှုပ်နှံထားခြင်း ဖြစ်၏။
သူက တောင်ပေါ်တောအုပ်ကို အလျင်အမြန် ဖြတ်သန်းသွားကာ ရေအိုင်ငယ်တစ်ခု အနီးတွင် ပေါ်လာခဲ့သည်။
ရှေ့ဘက်ရှိ ရေနတ်ဘုရားဂိုဏ်း၏ တမန်တော် အချို့က ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြပြီး လက်ထဲတွင် ဓားများကို ကိုင်ဆောင်ကာ ကမ်းစပ်သို့ အလျင်အမြန် ပြေးတက်လာကြသည်။
ရုတ်တရက် မြေအောက်မှ လက်တစ်စုံက အကြမ်းပတမ်း ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် ထိုလူနှစ်ယောက်က မြေအောက်သို့ အတင်းအဓမ္မ ဆွဲချခံလိုက်ရတော့သည်။
သို့သော်လည်း ထိုရေနတ်ဘုရား တမန်တော် နှစ်ယောက်က ထိတ်လန့်သွားခြင်း မရှိဘဲ အေးစက်စက် အပြုံးတစ်ခုကိုပင် ဖော်ပြလိုက်ကြသည်။
"ငတုံး... မင်းကို စောင့်နေတာ ကြာလှပြီ"
"ဝုန်း"
ရေနတ်ဘုရား တမန်တော်က ခြေထောက်ကို အပြင်းအထန် ဆောင့်နင်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မြေကြီးက တုန်ခါသွားပြီး မြေအောက်မှ ညည်းတွားသံ တစ်သံ ချက်ချင်း ထွက်ပေါ်လာတော့သည်။
ထို့နောက် ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ မြေကြီးများက မူလအခြေအနေသို့ အလျင်အမြန် ပြန်လည်ရောက်ရှိသွား၏။
အခြား ရေနတ်ဘုရား တမန်တော် တစ်ယောက်က မြေကြီးများကို အကဲခတ် ကြည့်ရှုလိုက်ပြီး ရုတ်တရက် သူ၏ အကြည့်များက စူးရှသွားသည်။ "ဒီမှာပဲ"
"ဝှစ်"
သူက လှံရှည်ကို ကိုင်ဆောင်ကာ မြေပြင်ဆီသို့ အပြင်းအထန် ထိုးစိုက်လိုက်သည်။
"ဒုတ်"
လှံရှည်က မြေအောက်သို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားပြီး ထိုအပေါ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် လူရိပ်တစ်ခုက လှံရှည်ဖြင့် မြေအောက်မှ ချက်ချင်း ဆွဲထုတ်ခံလိုက်ရတော့သည်။
ယွမ်ရွေ့၏ ခန္ဓာကိုယ်ပေါ်တွင် မြေဝါရောင် အလင်းတန်းများ လှည့်ပတ်နေပြီး အကာအကွယ် ချပ်ဝတ်တန်ဆာတစ်ခု ဖြစ်ပေါ်လာသည်။ သူက လှံရှည်ကို အသေအလဲ ဖမ်းဆုပ်ထားပြီး သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေပေသည်။
"ဟားဟားဟား... မျိုးရိုးဗီဇမျိုးစေ့တောင် မဖွဲ့စည်းနိုင်သေးတဲ့ အကောင်ပေါက်လေးကများ ငါတို့ကို ချောင်းမြောင်း တိုက်ခိုက်ရဲသေးတယ်ပေါ့"
"သေစမ်း"
အခြားတစ်ယောက်ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဓားကို အပြင်းအထန် ခုတ်ပိုင်းချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်ပြီး အားကောင်းလှသော ဓားအလင်းတန်း တစ်ခုက အစစ်အမှန် အရာဝတ္ထုတစ်ခုကဲ့သို့ လေခွင်းသံနှင့်အတူ ခုတ်ပိုင်းလာတော့သည်။
ဓားအလင်းတန်းက အပြာနုရောင် ဖြစ်နေပြီး ဓားရိုးနှင့် ဓားသွားပေါ်တွင်လည်း သင်္ကေတ အမြောက်အမြားက တောက်ပနေ၏။
ဤသည်မှာ လေဓာတ် သင်္ကေတ လက်နက်တစ်ခု ဖြစ်ကြောင်း ထင်ရှားနေပေသည်။
ဤဓားချက်က ယွမ်ရွေ့၏ စွမ်းအင် ချပ်ဝတ်ပေါ်သို့ ခုတ်ပိုင်းမိတော့မည့် အချိန်လေးတွင်ပင်။
သူက သွားကြိတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "လုပ်တော့လေ"
နောက်တစ်စက္ကန့်တွင် တောအုပ်ထဲမှ တဝီဝီ မြည်သံနှင့် တုန်ခါသံများ ထွက်ပေါ်လာတော့သည်။
ထို့နောက် ချက်ချင်းပင် စွမ်းအင်ကျည်ဆန် အများအပြားက ပြင်းထန်စွာ ပစ်ခတ်လာခဲ့၏။
ရေနတ်ဘုရား တမန်တော် နှစ်ယောက်စလုံး အလွန်အမင်း အံ့သြသွားကြပြီး သူတို့၏ အစွမ်းများကို ချက်ချင်း အသက်သွင်းလိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ် ပတ်လည်တွင် ရေစီးကြောင်းများ လှိမ့်တက်လာပြီး ရေဘောလုံးပုံစံ အကာအကွယ်ဒိုင်းတစ်ခု အလျင်အမြန် ဖြစ်ပေါ်လာတော့သည်။
သူတို့၏ တုံ့ပြန်မှုက လုံလောက်အောင် လျင်မြန်ခဲ့သော်လည်း စွမ်းအင်ကျည်ဆန်များ၏ အထိကိုတော့ ခံလိုက်ရဆဲပင်။
ဖုန်းခနဲ မြည်သံတစ်ခုနှင့်အတူ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်က ချက်ချင်း တုန်ခါသွားတော့သည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အပြာရောင် ဝတ်ရုံရှည်များက တိုက်ရိုက်ပင် ပေါက်ကွဲစုတ်ပြဲသွားခဲ့၏။
အနီရောင် သင်္ကေတ အလင်းတန်းတစ်ခုက သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် လင်းလက်လာသည်။
သူတို့နှစ်ယောက်က အစွမ်းများ ရပ်တန့်သွားသည်ကို ချက်ချင်း ခံစားလိုက်ရပြီး အစွမ်းများကို လုံးဝ အသက်သွင်း၍ မရနိုင်တော့ပေ။
မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်၏ မျက်နှာများက ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။
"ချိတ်ပိတ် သင်္ကေတ"
"သူတို့ဆီမှာ ဘယ်လိုလုပ်ပြီး ချိတ်ပိတ် သင်္ကေတတွေ ရှိနေရတာလဲ"
သူတို့နှစ်ယောက်က ထိတ်လန့်မှုနှင့် ဒေါသများ ရောယှက်သွားကြပြီး ချက်ချင်းပင် သွေးသားခွန်အားများကို ရူးသွပ်စွာ တုန်ခါစေကာ ချိတ်ပိတ် သင်္ကေတ၏ စွမ်းအင် ချိတ်ပိတ်မှုကို ဆေးကြောဖယ်ရှားလိုက်ကြတော့သည်။
သူတို့နှစ်ယောက်စလုံးက မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ အစွမ်းပိုင်ရှင်များ ဖြစ်ကြပြီး ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များက သာမန် အစွမ်းပိုင်ရှင်များထက် များစွာ သာလွန်ကာ ပြင်းထန်အားကောင်းလှပေသည်။
ချိတ်ပိတ် သင်္ကေတက အစွမ်းများ လည်ပတ်မှုကို တားဆီးပိတ်လှောင်နိုင်သော်လည်း ပစ်မှတ်၏ စွမ်းအင်က အလွန်အမင်း မြင့်မားနေပါက ချိတ်ပိတ် သင်္ကေတ၏ အာနိသင်က တိုက်ရိုက်ပင် ဖြိုခွင်းခံလိုက်ရမည် ဖြစ်သည်။
သို့သော်လည်း ဤအတွက် အချိန်တော့ လိုအပ်ပေသည်။
သို့တိုင်အောင် စစ်တလင်းပြင်ပေါ်တွင် အရှားပါးဆုံး အရာက အချိန်ပင် ဖြစ်၏။
တောအုပ်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ချန်ယန်း၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"အုန်း... အုန်း"
ရေနတ်ဘုရား တမန်တော် နှစ်ယောက်က ချက်ချင်း ညည်းတွားလိုက်မိပြီး ခေါင်းမူးနောက်သွားကြတော့သည်။
သူတို့က မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ အစွမ်းထက်သူများ ဖြစ်ကြပြီး စိတ်စွမ်းအင်က အားကောင်းလှသဖြင့် ချန်ယန်း၏ စိတ်စွမ်းအင် တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်တော့ အသက်မသေနိုင်ပေ။
သို့သော်လည်း အနည်းနှင့်အများတော့ အထိအခိုက် ရှိမည်မှာ သေချာပေသည်။
ပြီးတော့ ထိုအနည်းငယ်သော အထိအခိုက်လေးကပင် သူတို့၏ အသက်ကို ပေးဆပ်လိုက်ရစေရန် လုံလောက်နေခဲ့ပြီ ဖြစ်၏။
တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ရှိသည့် လူငယ်တစ်ယောက်က တောအုပ်ထဲမှ ရူးသွပ်စွာ ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။
သူ၏ လက်သီးနှစ်ဖက်ပေါ်တွင် မြေဝါရောင် အလင်းတန်းများ လင်းလက်လာသည်။
သူ၏ နုနယ်သော မျက်နှာပေါ်တွင် မြေကြီးကဲ့သို့ ကြီးမားလေးလံလှသော ဖိအားများ ရှိနေသကဲ့သို့ပင်။
သူက ရေနတ်ဘုရား တမန်တော် တစ်ယောက်၏ ရှေ့သို့ ချက်ချင်း ပြေးဝင်သွားပြီး ထိုလူ၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်ကို တွေ့လိုက်ရသည်။
အခြားလက်တစ်ဖက်က လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး အပြင်းအထန် ထိုးချလိုက်တော့သည်။
"အုန်း... အုန်း... အုန်း"
ထိုလူငယ်က ရူးသွပ်သွားသည့်အလား သူ၏ လက်သီးက ကြီးမားလှသော အသားတူကြီး တစ်ခုကဲ့သို့ ရူးသွပ်စွာ ထုနှက်နေတော့သည်။
သုံးလေးချက်ခန့် ထိုးလိုက်ရုံဖြင့် ထိုရေနတ်ဘုရား တမန်တော်၏ ခေါင်းက ခွပ်ခနဲ အသံနှင့်အတူ ပေါက်ကွဲထွက်သွားပြီး အရိုးများနှင့် သွေးသားများက နေရာအနှံ့ လွင့်စဉ်သွားတော့သည်။
လူငယ်လေးက ကြောင်အမ်းအမ်း ဖြစ်သွားသည်။ "ဒီလောက်တောင် ပျော့တာလားဟ"
"ကျုံးဆန်း... ငေးမနေနဲ့... နောက်တစ်ယောက် ကျန်သေးတယ်"
ယွမ်ရွေ့က မလှမ်းမကမ်းမှနေ၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျုံးဆန်း၏ ခပ်ဝဝ ခန္ဓာကိုယ်က အလျင်အမြန် လှည့်လိုက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုရေနတ်ဘုရားဂိုဏ်းမှ လူက ပြန်လည် သတိရလာခဲ့ပြီ ဖြစ်၏။
အစွမ်းထက်လှသော မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ အစွမ်းပိုင်ရှင်၏ စိတ်စွမ်းအင် ပြန်လည် ကောင်းမွန်လာမှုက အလွန် လျင်မြန်လှပြီး ချိတ်ပိတ် သင်္ကေတ၏ ချုပ်နှောင်မှုမှလည်း ချက်ချင်း ရုန်းထွက်နိုင်ခဲ့သည်။
သူက ပထမဆုံး အကြည့်ဖြင့်ပင် သူ၏ အဖော်ဖြစ်သူ သနားစရာကောင်းလောက်အောင် သေဆုံးသွားသည့် ပုံစံကို မြင်တွေ့လိုက်ရရာ ချက်ချင်းပင် သူ၏ မျက်နှာက ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။
"မင်းတို့ကောင်တွေ..."
သူ့ကို စကားပြောခွင့် မပေးဘဲ ကျုံးဆန်းက လက်သီးဖြင့် အပြင်းအထန် ထိုးချလိုက်သည်။
"ဝှီး"
ကြမ်းတမ်းလှသော မြေဓာတ်ခွန်အား အစွမ်းက အသက်ဝင်လာပြီး ဤအခိုက်အတန့်တွင် ကျုံးဆန်း၏ ခန္ဓာကိုယ်ထဲ၌ တောင်တစ်တောင်၏ ဧရာမ ခွန်အားများ ရှိနေသကဲ့သို့ပင်။
ရေနတ်ဘုရား တမန်တော်က မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွားပြီး ဤလက်သီးချက်က သူ့ဆီသို့ ထိုးနှက်လာသည်မှာ ကြီးမားလှသော တောင်ကြီးတစ်တောင်က ဖိချလာသကဲ့သို့ ခံစားလိုက်ရတော့သည်။
"သေစမ်း... ဒီကောင်က မျိုးရိုးဗီဇမျိုးစေ့တောင် မနိုးထသေးဘူး မလား"
သူက စိတ်ထဲတွင် ထိတ်လန့်ဒေါသထွက်မှုကို မထိန်းချုပ်နိုင်တော့ဘဲ အလျင်အမြန် လက်ဝှေ့ယမ်းလိုက်ရာ ရေစီးကြောင်းများက ဝေါခနဲ ထွက်ပေါ်လာပြီး ရှေ့တွင် လှည့်ပတ်ကာ တစ်ဖက်လူ၏ လက်သီးကို ကာကွယ်လိုက်တော့သည်။
"ဘုန်း"
ရေစီးကြောင်းများ ပေါက်ကွဲသွားပြီး ဝတုတ်လေး ကျုံးဆန်း၏ လက်သီးက ရေစီးကြောင်းများကို အရှင်လတ်လတ် ထိုးဖောက်သွားကာ လက်သီးအားက ရေနတ်ဘုရား တမန်တော်၏ ခန္ဓာကိုယ်ထဲသို့ အပြင်းအထန် ဝင်ရောက်သွားတော့သည်။
"ဝုန်း"
ရေနတ်ဘုရား တမန်တော်၏ ရင်ဘတ်မှ အပြာရောင် ဝတ်ရုံရှည်က ပေါက်ကွဲစုတ်ပြဲသွားပြီး အတွင်းပိုင်းရှိ ချပ်ဝတ်တန်ဆာကလည်း ဝုန်းခနဲ ပေါက်ကွဲကြေမွသွားတော့သည်။
သူ ကြိုတင် မခန့်မှန်းနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမ ခွန်အားတစ်ရပ်က သူ၏ ခန္ဓာကိုယ်ကို ဝါးမျိုသွားပြီး အရိုးများနှင့် ကြွက်သားများက မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်သွားတော့သည်။
သွေးများ လွင့်စဉ်သွားပြီး သွေးသားများ စီးကျလာသည်။
ကွဲကြေသွားသော ခန္ဓာကိုယ်က စုတ်ပြဲနေသော အဝတ်အိတ် တစ်လုံးကဲ့သို့ နောက်သို့ လွင့်စဉ်သွားတော့၏။
ဖုန်းခနဲ အသံတစ်ခုနှင့်အတူ မလှမ်းမကမ်းရှိ သစ်ပင်ပေါ်သို့ ရိုက်ချမိသွားတော့သည်။
ဤမြင်ကွင်းကြောင့် မာကျီ၊ ချန်ယန်းနှင့် ယွမ်ရွေ့တို့က ချက်ချင်း သက်ပြင်းချလိုက်နိုင်ပြီး တစ်ချိန်တည်းမှာပင် အားလုံး စိတ်လှုပ်ရှားသွားကြသည်။
ယွမ်ရွေ့က အလျင်အမြန် ပြေးလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ငါတို့က မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်ကိုတောင် သတ်နိုင်ခဲ့တာပဲ"
မာကျီကလည်း ကျုံးဆန်း၏ ပခုံးကို လက်သီးဖြင့် ခပ်ပြင်းပြင်း တစ်ချက် ထိုးလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "တကယ် မိုက်တာပဲ... ဝတုတ်... မင်းက အရမ်း ကြမ်းလွန်းနေပြီ"
ချန်ယန်းက လျှောက်လာပြီး ရေနတ်ဘုရားဂိုဏ်း တမန်တော်၏ ပစ္စည်းများကို ကောက်ယူကာ ပြောလိုက်သည်။ "ကျုံးဆန်းရဲ့ အစွမ်းက မြေဓာတ်ခွန်အား လေ... သူ မြေကြီးပေါ်မှာ ရပ်နေသရွေ့ မြေဓာတ်ခွန်အားတွေကို အဆက်မပြတ် စုပ်ယူပြီး တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးအဖြစ် ပြောင်းလဲနိုင်တယ်"
"ဒီလူနှစ်ယောက်ရဲ့ အကာအကွယ်ကို ငါတို့က အရင်ဆုံး ဖျက်ဆီးလိုက်နိုင်လို့... ကျုံးဆန်းရဲ့ မြင့်မားတဲ့ ပေါက်ကွဲအားက အရာရောက်သွားတာ... တကယ်လို့ မျက်နှာချင်းဆိုင် တိုက်ခိုက်ရမယ်ဆိုရင် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တွေကို ဒီလို အလွယ်တကူ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
ယွမ်ရွေ့ကလည်း ချက်ချင်း ခေါင်းညိတ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒီလူနှစ်ယောက်က အစကနေအဆုံးထိ နှစ်ကြိမ်ပဲ တိုက်ခိုက်ရသေးတာ... ခုနက သူ မြေအောက်ထဲက ငါ့ကို လှံနဲ့ ထိုးလိုက်တဲ့ အချိန်မှာ ငါ အကာအကွယ် သင်္ကေတကျောက်တုံး ဘယ်နှစ်တုံးတောင် သုံးလိုက်ရလဲ မင်းတို့ သိလား"
"ဘယ်နှစ်တုံးလဲ" မာကျီက အလျင်အမြန် မေးလိုက်သည်။
ယွမ်ရွေ့က လက်နှစ်ချောင်းကို ထောင်ပြလိုက်သည်။ "နှစ်တုံး... လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံး တစ်တုံးရယ်၊ ကျောက်အကြေးခွံအကာအကွယ် သင်္ကေတကျောက်တုံး တစ်တုံးရယ်ပဲ"
"သောက်ကျိုးနည်း... သူတို့ရဲ့ တိုက်ခိုက်စွမ်းအားက တော်တော်မြင့်တာပဲ"
"ဒါကြောင့်မလို့ ငါတို့က ဉာဏ်နဲ့ ယှဉ်ပြီးပဲ တိုက်နိုင်မှာ... မျက်နှာချင်းဆိုင် သွားမချနဲ့"
"မင်းပြောတာ မှန်တယ်... တခြားလူတွေဘက်ကရော ဘယ်လို အခြေအနေ ရှိနေလဲ မသိဘူး" ချန်ယန်းက တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"အရင်သွားရအောင်... ချုံခိုတိုက်ခိုက်ရမယ့် နေရာကို သွားကြစို့" ယွမ်ရွေ့က တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"သွားမယ်"
သူတို့အချို့က ချက်ချင်း လှည့်ထွက်သွားကြချိန်တွင် ရုတ်တရက် သိပ်သည်းနေသော မိုးရေများက ချက်ချင်း ရပ်တန့်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် မရေမတွက်နိုင်သော ရေဓားသွားများအဖြစ် ပြောင်းလဲသွားပြီး လေခွင်းသံနှင့်အတူ ကျဆင်းလာတော့၏။
ကျုံးဆန်းက ချက်ချင်းပင် အလွန်အမင်း အံ့သြသွားပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။ "သတိထား"
သူက ကျောပြင်ရှိ ဒိုင်းလွှားကို ဆွဲယူလိုက်ပြီး ခေါင်းပေါ်တွင် အပြင်းအထန် ကာကွယ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ဘေးရှိ ချန်ယန်းကို အတင်းဆွဲယူကာ ဒိုင်းလွှားအောက်တွင် ကာကွယ်ပေးလိုက်၏။
မာကျီ၏ တုံ့ပြန်မှုကလည်း အလွန် လျင်မြန်လှပြီး သူက ချက်ချင်း အလျင်ကို ပေါက်ကွဲစေကာ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော်လည်း ဤရေဓားသွားများ၏ ဖုံးလွှမ်းမှု ဧရိယာက အလွန် ကြီးမားလွန်းလှသဖြင့် သူ၏ အလျင်က မည်မျှပင် လျင်မြန်ပါစေ ဤနယ်မြေအတွင်းမှ ချက်ချင်း လွတ်မြောက်ရန်ကား ခက်ခဲလှပေသည်။
အန္တရာယ်ကြုံတွေ့နေရသော အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေကြေးခွံချပ်ဝတ်ကို အသက်သွင်းလိုက်ရုံသာ ရှိတော့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ကိုယ်လုံးကို ကာကွယ်လိုက်တော့သည်။
ယွမ်ရွေ့ကလည်း ကြိုတင် မပြင်ဆင်ထားနိုင်သဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ် သင်္ကေတကျောက်တုံးကို အလျင်အမြန် အသက်သွင်းလိုက်ရသည်။
"ဖုန်း... ဖုန်း... ဖုန်း... ဖုန်း"
သိပ်သည်းလှသော ရေဓားသွားများက မရေမတွက်နိုင်သော ဓားသွားများကဲ့သို့ အဆက်မပြတ် ခုတ်ပိုင်းကျဆင်းလာသည်။
သူတို့ သုံးယောက်ထဲတွင် မာကျီ၏ အကာအကွယ်ဒိုင်းက သိပ်သည်းဆ မြင့်မားလွန်းလှသော ရေဓားသွားများ၏ ခုတ်ပိုင်းမှုကြောင့် ချက်ချင်းပင် ကျိုးပဲ့ပျက်စီးသွားတော့သည်။
"ခွမ်း... ခွမ်း... ခွမ်း"
သူက အကူအညီတောင်းရန်ပင် အချိန်မရလိုက်ဘဲ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ရေဓားသွားများက ဒဏ်ရာများ ဖြစ်ပေါ်စေခဲ့ပြီး စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် အသားစိမ်းငါးစိမ်းများကဲ့သို့ တုံးတစ်ခံလိုက်ရတော့သည်။
ချန်ယန်းနှင့် ကျုံးဆန်းတို့၏ မျက်လုံးများက ချက်ချင်းပင် နီရဲသွားကြတော့သည်။
"မာကျီ"
"တောက်..."
သို့သော်လည်း ထိုလူနှစ်ယောက်က ရန်သူ ဘယ်နေရာတွင် ရှိနေသည်ကိုပင် မမြင်နိုင်ဘဲ အစွမ်းအစမဲ့စွာဖြင့် ဒေါသတကြီး အော်ဟစ်နေရုံသာ တတ်နိုင်တော့၏။
ယွမ်ရွေ့က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အံကြိတ်လိုက်ပြီး ရုတ်တရက် ကိုယ်ကို လှည့်ကာ ထိုလူနှစ်ယောက်၏ ခြေထောက်များကို လှမ်းဆွဲလိုက်သည်။
နောက်တစ်စက္ကန့်တွင် မြေလျှိုးအစွမ်းကို တိုက်ရိုက် အသုံးပြုကာ မြေအောက်သို့ လျင်မြန်စွာ ပုန်းကွယ် ထွက်ပြေးသွားတော့သည်။
လူသုံးယောက်က မြေအောက်တွင် ပျောက်ကွယ်သွားပြီးနောက် လေထဲရှိ မိုးရေမြူခိုးများထဲမှ ရေဓာတ်ဖြင့် ဖွဲ့စည်းထားသော လူရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။
ရောက်လာသူက အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ရေနတ်ဘုရားဂိုဏ်းမှ လူပင် ဖြစ်ပေသည်။
သူက မြေပြင်ပေါ်ရှိ အလောင်းသုံးလောင်းကို အကဲခတ် ကြည့်ရှုလိုက်ပြီး အထူးသဖြင့် ရေနတ်ဘုရားဂိုဏ်းမှ လူနှစ်ယောက်၏ အလောင်းကို မြင်သောအခါ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
"တကယ်ကို အမှိုက်က အမှိုက်ပဲ... မျိုးရိုးဗီဇမျိုးစေ့ ဖွဲ့စည်းနိုင်တာတောင် မျိုးရိုးဗီဇမျိုးစေ့ အဆင့်မဟုတ်တဲ့ ကောင်တွေ လက်ထဲမှာ သေရတယ်လို့"
ထို့နောက် သူက မြေပြင်ကို ထပ်မံ ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ ထိုမြေကြွက်၏ တည်နေရာကို မခံစားနိုင်တော့ပေ။
"ဟမ့်... ဒီကြွက်ပေါက်စလေးတွေနဲ့ ဆော့ကစားဖို့ အချိန်မရှိဘူး"
သူ၏ ခန္ဓာကိုယ်က လက်ခနဲ ဖြစ်သွားပြီး တောင်ခါးပန်းရှိ ထိုက်ယန်တောင် ဌာနချုပ်ဆီသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။
...
လင်းယွင်တောင်စောင်းနှင့် ထိုက်ယန်တောင်၏ ဆိပ်ကမ်း တောအုပ်နက်ထဲတွင် အသက် တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိ နိချီက ယိုင်တိယိုင်တိုင်ဖြင့် ထိုက်ယန်တောင် တောအုပ်ထဲသို့ တစ်လျှောက်လုံး ပြေးလွှားနေသည်။
သူနှင့် လီချင်းဟွာ၏ ဆက်ဆံရေးက အလွန် ကောင်းမွန်ပြီး လီချင်းဟွာ၏ လေးစားယုံကြည်မှုကို အလွန်အမင်း ရရှိထားပေသည်။
အကြောင်းမှာ သူ၏ ပစ္စည်းချုံ့ခြင်း အစွမ်း က ပစ္စည်းများကို အလွန် သေးငယ်သွားသည်အထိ ချုံ့ပစ်နိုင်သောကြောင့် ဖြစ်၏။
လီချင်းဟွာ၏ ဟင်းလင်းပြင် ဝင်ဆံ့နိုင်စွမ်းက အကန့်အသတ် ရှိနေသဖြင့် ဤကဲ့သို့ ပစ္စည်းများကို ချုံ့ပစ်နိုင်သော အစွမ်းမျိုးကို အတိအကျ လိုအပ်နေပြီး သူ၏ ဟင်းလင်းပြင် ဝင်ဆံ့နိုင်စွမ်းကို ကြီးမားစွာ မြှင့်တင်ပေးနိုင်ပေသည်။
တကယ်တမ်း၌ နိချီက သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ ဝင်ရောက်နေပြီ ဖြစ်ပြီး ဆေးတောင့် စီမံကိန်း၏ သုတေသန လုပ်ငန်းစဉ်တွင် ပါဝင်နေပြီ ဖြစ်သည်။
လင်းယွမ်က သူ၏ အစွမ်းကို အသုံးပြုကာ ပစ္စည်းများကို သေးငယ်သွားစေပြီး သယ်ဆောင်ရ လွယ်ကူသော ဆေးတောင့် အခြေအနေသို့ ပြောင်းလဲပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
သို့သော်လည်း ဤစီမံကိန်းက ရှေ့ဆက်နေဆဲ ဖြစ်ပြီး အပြည့်အဝ အကောင်အထည် မပေါ်သေးပေ။
ယခုအချိန်တွင် နိချီက ယိုင်တိယိုင်တိုင် ဖြစ်နေပုံရပြီး အသက်ရှူသံများက ပြင်းထန်နေကာ အချိန်မရွေး လဲကျသွားနိုင်သည့် ပုံစံမျိုး ဖြစ်နေပေသည်။
သို့သော်လည်း သူ၏ အကြည့်များက အေးစက်နေပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခုက လက်ခနဲ ဖြတ်ပြေးသွား၏။
ရုတ်တရက် သူ၏ ခြေလှမ်းများက ရပ်တန့်သွားပြီး ရှေ့ဘက် တောအုပ်ထဲတွင် လူရိပ်တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ရောက်လာသူ၏ ခန္ဓာကိုယ်က အရည်ပျော်နေသော သတ္တုတစ်မျိုးကဲ့သို့ ဖြစ်နေပြီး အနာဂတ် နည်းပညာထဲမှ နာနိုစက်ရုပ်များကဲ့သို့ လူသားပုံစံအဖြစ်သို့ ဖြည်းညင်းစွာ စုစည်းဖြစ်ပေါ်လာတော့သည်။
ဤသည်မှာ သတ္တုဓာတ် အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ကြောင်း ထင်ရှားနေပေသည်။
ထို့အပြင် တစ်ဖက်လူ၏ သတ္တုပြောင်းလဲခြင်းက အခဲ အခြေအနေ မဟုတ်ဘဲ အရည်ပျော် သတ္တုကဲ့သို့ ဖြစ်နေပြီး အခဲ အခြေအနေသို့လည်း ပြောင်းလဲနိုင်သလို အရည် အခြေအနေသို့လည်း ပြောင်းလဲနိုင်ပေသည်။
နိချီ၏ မှတ်ဉာဏ်ထဲတွင် တစ်ခုလုံးသော ထိုက်ယန်တောင်၌ ယခုလေးတင် ထိုက်ယန်တောင်သို့ ဝင်ရောက်လာသော လီချုံမင် တစ်ယောက်တည်းသာ ဤကဲ့သို့ အစွမ်းမျိုး ရှိပေသည်။
သူ၏ မျက်နှာက လေးနက်နေပြီး ဤလူက ခုနက တစ်လျှောက်လုံး လာရာလမ်းတွင် ထိုက်ယန်တောင်မှ အစွမ်းပိုင်ရှင် အချို့ကို ချောင်းမြောင်း သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်၏။
အခု နောက်ဆုံးမှာ သူ့ကို ပစ်မှတ်ထားလိုက်ချေပြီတည်း။
"ဟဲဟဲ... ချာတိတ်လေး... ဘယ်သွားမလို့လဲ"
ငွေဖြူရောင် သတ္တုလူသားက လူသားပုံစံအဖြစ် ပြောင်းလဲသွားပြီး နိချီကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။
သူ၏ မျက်လုံးများထဲတွင် မတော်မတရား လုပ်ချင်သော အရိပ်အယောင်များပင် ပါဝင်နေခဲ့၏။
ဤသည်က နိချီ၏ စိတ်ထဲတွင် ချက်ချင်းပင် ရွံရှာစက်ဆုပ်မှုကို ခံစားလိုက်ရစေတော့သည်။
ဆက်ရန်...