← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 25 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 25 Ch. 497-498

အပိုင်း(၄၉၇) ရွှေ၏တန်ဖိုး

ထိုက်ယန်တောင်၏ နောက်ဆက်တွဲ ရှင်းလင်းရေး လုပ်ငန်းများကို အလျင်အမြန် စီစဉ်လိုက်သည်။

ဤတိုက်ပွဲတွင် ထိုက်ယန်တောင်မှ လူအချို့ သေဆုံးခဲ့သော်လည်း အရေအတွက်မှာ များပြားလှခြင်း မရှိသောကြောင့် လင်းယွမ်အတွက် အနည်းငယ် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။

စာရင်းကောက်ယူ စစ်ဆေးပြီးနောက် စုစုပေါင်း သေဆုံးသူ တစ်ရာကျော်ခန့်သာ ရှိပေသည်။

ထိုအထဲမှ အချို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် ခြေချော်ကာ ရေပြင်ထဲသို့ ပြုတ်ကျသွားပြီးနောက် ရေထဲရှိ သန္ဓေပြောင်း ငါးများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

လူဦးရေ အများအပြား ဆုံးရှုံးမသွားခဲ့ခြင်းက တော်သေးသည်ဟု သူ၏ စိတ်ထဲတွင် ကျိတ်၍ ဝမ်းသာနေမိသည်။

သို့သော်လည်း ထိုက်ယန်တောင်၏ အခြေခံ အဆောက်အအုံများစွာမှာမူ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

သင်္ဘောများ ပြင်းထန်စွာ ပျက်စီးသွားရုံသာမက ခံတပ်များနှင့် ရေပေါ်တံတားများကဲ့သို့သော အရေးကြီးသည့် တည်ဆောက်မှုများလည်း ဖျက်ဆီးခံလိုက်ရသည်။

သို့သော် လင်းယွမ် ပြောခဲ့သည့်အတိုင်း ဤအရာအားလုံးက ပြင်ပရုပ်ဝတ္ထုပစ္စည်းများသာ ဖြစ်ပြီး ပြန်လည် ပြုပြင်နိုင်သည် သို့မဟုတ် အသစ်ပြန်လည် တည်ဆောက်နိုင်ပေသည်။

လူတွေ အသက်ရှင်နေသရွေ့ အရာအားလုံးကို အစကနေ ပြန်လည် စတင်နိုင်ခြေ ရှိနေသေးသည်။

တောင်သုံးလုံးအနက် ဆုံးရှုံးမှု အများဆုံးနှင့် အပြင်းထန်ဆုံးမှာ အစောဆုံး အကာအကွယ်ကို စွန့်လွှတ်လိုက်သည့် မိန်တောင်နှင့် လင်းယွင်တောင်စောင်းတို့ မဟုတ်ဘဲ ထိုက်ယန်တောင်ပင် ဖြစ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ ခုခံမှုက အပြင်းထန်ဆုံး ဖြစ်ပြီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကလည်း အကြမ်းတမ်းဆုံး ဖြစ်သောကြောင့်ပင်။

ဆန့်ကျင်ဘက်အားဖြင့် မိန်တောင်နှင့် လင်းယွင်တောင်စောင်းတို့မှာမူ အစကတည်းက အင်အားစိုက်ထုတ်ကာ ကာကွယ်ရန် မကြိုးစားခဲ့သဖြင့် ပြင်းထန်သော တိုက်ပွဲများ သိပ်မဖြစ်ပွားခဲ့ပေ။

မြေမိခင်ဂိုဏ်းမှ လူများက မိန်တောင်ကို သိမ်းပိုက်ပြီးနောက်တွင်လည်း မိန်တောင်ကို ၎င်းတို့၏ နောင်တစ်ခေတ်အတွက် နယ်မြေအဖြစ် အလိုအလျောက် သတ်မှတ်လိုက်ကြသဖြင့် သဘာဝကျစွာပင် ဖျက်ဆီးခြင်းများ မပြုလုပ်ခဲ့ကြပေ။

ဤအချက်ကပင် မိန်တောင်၏ အခြေခံ အဆောက်အအုံများ၏ လုံခြုံရေးကို အမြင့်မားဆုံး အတိုင်းအတာအထိ ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

သန္ဓေပြောင်း နေကြာပန်း စိုက်ခင်းရှိ နေရောင်ခြည်ဇုန်ပင်လျှင် အကောင်းပကတိ အတိုင်း ရှိနေသေးသည်။

လင်းယွင်တောင်စောင်း၏ အခြေအနေကလည်း မိန်တောင်နှင့် သိပ်မကွာခြားလှပေ။

ရန်သူများက လင်းယွင်တောင်စောင်းကို များများစားစား ဖျက်ဆီးခဲ့ခြင်း မရှိပေ။

ထိုက်ယန်တောင် ခေါင်းဆောင်စံအိမ်တွင် လင်းယွမ်က ဝမ်လင်းအာ၊ ဝမ်ယွိအာနှင့် လင်းယွီကျွန်း အဖွဲ့ဝင်များကို နေရာယူရန် ဖိတ်ကြားလိုက်သည်။

ကျန်းဇီယန်က သူမ၏ သူငယ်ချင်းဟောင်း ဖြစ်သော ရန်ဆန်းမင်ကို တွေ့လိုက်ရသောအခါ လှပသော ကပြားမလေး၏ မျက်နှာပေါ်တွင် သက်ပြင်းချကာ စိတ်လှုပ်ရှားနေမှုများ အပြည့် ရှိနေခဲ့သည်။

"ဒေါက်တာရန်... ကျွန်မတို့ ပြန်တွေ့ရမယ့် အချိန်ရှိဦးမယ်လို့ ထင်မထားခဲ့ဘူး"

ရန်ဆန်းမင်က ခါးသက်သက် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဒေါက်တာကျန်း... ကျွန်တော်လည်း ကျွန်တော်တို့တွေ ဒီလိုပုံစံမျိုးနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

သူတို့နှစ်ဦးမှာ တစ်ခဏမျှ အချင်းချင်း ကြည့်ကာ စကားမပြောနိုင်ဘဲ ဖြစ်နေပြီး ရင်ထဲတွင် စကားများ ပြည့်နှက်နေသော်လည်း မည်သည့်နေရာမှ စတင်ပြောရမည်ကို မသိဖြစ်နေကြသည်။

ဝမ်ယွိအာကမူ ခေါင်းဆောင်စံအိမ်ကို တစ်ပတ်လှည့်ပတ် ကြည့်ရှုပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။ "မမ... ကိုကြီးလင်းယွမ်တို့ နေတဲ့ နေရာက သမီးတို့ဆီထက် အများကြီး ပိုကောင်းတာပဲနော်"

"သူတို့ဆီမှာ ပရိဘောဂတွေလည်း အများကြီး ရှိတယ်... ဈေးဝယ်စင်တာတောင် ရှိသေးတယ်"

ဝမ်လင်းအာကလည်း ဝင်လာကတည်းက ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အဆောက်အအုံ အမျိုးမျိုးကို သဘာဝကျစွာပင် သတိထားမိခဲ့သည်။

သူမ၏ စိတ်ထဲတွင်လည်း အံ့သြချီးကျူးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤထိုက်ယန်တောင်က သူမတို့၏ လင်းယွီကျွန်းကဲ့သို့ လွတ်လပ်စွာ ရွေ့လျားနိုင်ခြင်း မရှိသော်လည်း ဤတောင်ပေါ်ရှိ ရုပ်ဝတ္ထုပစ္စည်း အခြေအနေများက လင်းယွီကျွန်းပေါ်ထက် အများကြီး ပိုမို ကောင်းမွန်နေပေသည်။

လင်းယွမ်က ဝမ်ယွိအာကို ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။ "ရှောင်ယွိ... နင် ဟိုနားဒီနား လျှောက်ကြည့်လေ... သဘောကျတာရှိရင် ပြော... ငါ လူလွှတ်ပြီး နင့်ဆီ ပို့ပေးခိုင်းလိုက်မယ်"

ဝမ်ယွိအာ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော အမူအရာ ပေါ်လာပြီး ပြောလိုက်သည်။ "မဟုတ်တာ မဟုတ်တာ... သမီးက ဒီတိုင်း ပြောကြည့်တာပါ... လိုချင်လို့ မဟုတ်ပါဘူး"

ဝမ်လင်းအာကမူ ပွင့်လင်းသူပီပီ ဆံပင်ကို သပ်တင်လိုက်ရင်း ပြောလိုက်သည်။ "လင်းယွမ်... ကျွန်မ လိုတာရှိရင် ဝယ်လို့ရမလား"

လင်းယွမ်က ပြုံးလိုက်သည်။ "ဘာလို့ ဝယ်မှာလဲ... မင်းတို့က ဒီတစ်ကြိမ် ထိုက်ယန်တောင်ကို အကူအညီ အကြီးကြီး ပေးခဲ့တာပဲ... နောက်ဆို လင်းယွီကျွန်းက ငါတို့ ထိုက်ယန်တောင်ရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်သွားပြီ... မင်းတို့ ဘာလိုချင်လဲ ရန်မေကို သွားပြောလိုက်... ဈေးဝယ်စင်တာဆီ တိုက်ရိုက်သွားပြီး ပစ္စည်းထုတ်ယူလိုက်ရုံပဲ"

ဝမ်လင်းအာက လက်ခါလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ညီအစ်ကို မောင်နှမ အရင်းတွေတောင် စာရင်းရှင်းရသေးတာပဲ... တစ်ခုနဲ့တစ်ခု မရောရဘူးလေ... ကျွန်မ တကယ် လိုအပ်တဲ့ ပစ္စည်းရှိရင် သေချာပေါက် အလကားတော့ မယူနိုင်ဘူး"

"အကူအညီပေးတယ် ဆိုတာကလည်း ကျွန်မတို့နဲ့ ရေနတ်ဘုရားဂိုဏ်းက အစကတည်းက ရန်သူတွေ ဖြစ်နေလို့ပါ"

လင်းယွမ်ကလည်း ပြုံးလိုက်သည်။ "မင်းပဲ ပြောတယ်လေ... တစ်ခုနဲ့တစ်ခု မရောရဘူးဆို... မင်းတို့နဲ့ သူတို့က ရန်သူတွေ ဖြစ်ပေမယ့် ငါတို့ကို ကူညီစရာ အကြောင်းမှ မရှိတာ... ဒီတစ်ကြိမ် မင်းတို့က ငါတို့ကို ကူညီဖို့ ရွေးချယ်ခဲ့တာဆိုတော့ ဒီကျေးဇူးကို ငါ မှတ်ထားရမှာပေါ့"

"အို... ဘာမှလည်း သိပ်ကူညီလိုက်ရတာ မဟုတ်ပါဘူး... ဂိုဏ်းကြီးသုံးဂိုဏ်းက လူတွေ အားလုံးကို ရှင် တစ်ယောက်တည်း ဖြေရှင်းလိုက်တာပဲ မဟုတ်လား" ဝမ်လင်းအာက ပါးစပ်ကိုအုပ်ကာ ပြုံးရင်း ပြောလိုက်သည်။

လင်းယွမ်က ခေါင်းခါလိုက်သည်။ "လိပ်ကြီးသာ မရှိရင် ငါ ဒီလောက် မြန်မြန် ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး... ထားလိုက်ပါတော့ ဒါတွေ မပြောတော့ဘူး... ကပ်ရောဂါ ယဇ်ပုရောဟိတ် ထွက်ပြေးလွတ်မြောက်သွားတာပဲ နှမြောစရာ ကောင်းတယ်... ဒီလို အစွမ်းပိုင်ရှင်မျိုးက ချန်ထားရင် အမြဲတမ်း ဘေးဒုက္ခတစ်ခု ဖြစ်နေမှာပဲ"

ဝမ်လင်းအာက ထိုစကားကို ကြားသောအခါ လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ကပ်ရောဂါ ယဇ်ပုရောဟိတ်က တကယ်ကို ရင်ဆိုင်ရခက်တဲ့ ပြိုင်ဘက်ပဲ... သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သိပ်အစွမ်းထက်လှတာ မဟုတ်ပေမယ့် ဒီလူရဲ့ လူတွေကို သွေးဆောင်ဖြားယောင်းနိုင်တဲ့ အရည်အချင်းက မသေးဘူး"

"အထူးသဖြင့် သူ့ရဲ့ အစွမ်းပဲ... တကယ်လို့ သူ့ကိုသာ မှောင်ရိပ်ထဲမှာ ပုန်းအောင်းခွင့် ပြုလိုက်မယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို မှန်းဆလို့ရမှာတောင် မဟုတ်ဘူး"

လင်းယွမ်က ထိုစကားကို ကြားသောအခါ မျက်နှာ အနည်းငယ် မှောင်ကျသွားပြီး ပြောလိုက်သည်။ "လင်းအာ... ရေနတ်ဘုရားဂိုဏ်းရဲ့ အသိုက်အမြုံ ဖြစ်တဲ့ မီယွမ်မိုးသစ်တောကျွန်း က ဘယ်နေရာမှာ ရှိလဲဆိုတာ မင်း သိလား"

ဝမ်လင်းအာက အနည်းငယ် ခေါင်းခါလိုက်သည်။ "မီယွမ်မိုးသစ်တောကျွန်းက ရေနတ်ဘုရားဂိုဏ်းရဲ့ အခြေစိုက်စခန်း ဖြစ်ပြီး ရေပေါ်ကျွန်းလည်း ဖြစ်နေတော့ တစ်နေရာတည်းမှာ ရပ်တန့်နေမှာ မဟုတ်ဘူး"

"ကျွန်မ ပြီးခဲ့တဲ့ အခေါက် မီယွမ်မိုးသစ်တောကျွန်းကို ဝင်သွားခဲ့တာတောင် တစ်လကျော်လောက်ရှိသွားပြီ"

"မီယွမ်မိုးသစ်တောကျွန်းက ကျွန်မတို့ လုယက်ခံရပြီးနောက်ပိုင်း နေရာပြောင်းသွားလောက်ပြီ ထင်တယ်"

လင်းယွမ်က စိတ်ပျက်အားငယ်သွားသော အမူအရာ မရှိဘဲ ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။ ရှင်းဖုန်းဟု ခေါ်သော ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ တပည့်ဖြစ်သူမှာ ထိုက်ယန်တောင် အကျဉ်းထောင်ထဲသို့ ဖမ်းဆီးထိန်းသိမ်းခံထားရပြီ ဖြစ်သည်။

ထိုက်ယန်တောင်ဘက်ရှိ အခြေအနေများ တည်ငြိမ်သွားသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူကို သူ့အား ကွမ်ဖူသို့ ခေါ်ဆောင်သွားခိုင်းကာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ တည်နေရာများကို သွားရောက် ရှာဖွေနိုင်ပြီ ဖြစ်သည်။

ထိုသို့တွေးမိသည်နှင့် လင်းယွမ်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခုက လက်ကနဲ ဖြတ်ပြေးသွားခဲ့သည်။

ချက်ချင်းပင် သူက ဝမ်လင်းအာဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ ခေါင်းပေါ်ရှိ သရဖူပုံစံ ခေါင်းဆောင်းကို သတိထားမိသွားပြီး ထိုအချိန်က ရှင်းဖုန်း၏ ခေါင်းပေါ်တွင် ဆောင်းထားသော ရွှေချပ်ဝတ်ခေါင်းဆောင်းကို ရုတ်တရက် သတိရသွားခဲ့သည်။

ထို့နောက် သူ၏ စိတ်ထဲတွင် လှုပ်ရှားသွားကာ ချက်ချင်းပင် မေးလိုက်သည်။ "လင်းအာ... မင်း ဆောင်းထားတဲ့ ခေါင်းဆောင်းက သာမန် အလှဆင်ဖို့ သက်သက် မဟုတ်ဘူးမလား"

ဝမ်လင်းအာက သူမ၏ ရွှေရောင် သရဖူကို ကိုင်တွယ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "မဟုတ်ပါဘူး... ကျွန်မက ဒီလို ရွှေရောင် သရဖူကြီးကို ဆောင်းပြီး ကြွားဝါချင်တဲ့ သူဌေးပေါက်စမှ မဟုတ်တာ"

"အစ်ကိုလင်းယွမ်ကို အမှန်တိုင်း ပြောရရင် ဒီသရဖူက သာမန် ရွှေလက်ဝတ်ရတနာ မဟုတ်ဘူး... သူ့ရဲ့ အတွင်းပိုင်းမှာ စိတ်စွမ်းအင် အကာအကွယ် သင်္ကေတ အစီအရင်တွေကို ထွင်းထုထားတယ်... ပြီးတော့ ဒီအပေါ်က ကျောက်မျက်ရတနာတွေကလည်း သာမန် ကျောက်မျက်ရတနာတွေ မဟုတ်ဘဲ စိတ်စွမ်းအင် အမျိုးအစား စွမ်းအင်ကျောက်တုံးတွေပဲ"

"ယေဘုယျပြောရရင် ဒါက စိတ်စွမ်းအင် အစွမ်းပိုင်ရှင်တွေရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ သန္ဓေပြောင်းစွမ်းအင် အကာအကွယ် ပစ္စည်းတစ်ခုပါ"

လင်းယွမ်က ဤအဖြေကို ကြိုသိနေသော်လည်း ထိုစကားများကို တကယ် ကြားလိုက်ရချိန်တွင်မူ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိပြီး မေးလိုက်သည်။ "ကွမ်ဖူဘက်မှာ ဒီလို အကာအကွယ်ပစ္စည်းတွေ များလား"

ဝမ်လင်းအာက ခေါင်းညိတ်လိုက်သည်။ "မနည်းဘူး... အခုဆို ကွမ်ဖူမှာ ရွှေဈေးတွေက တစ်ဟုန်ထိုး တက်နေပြီး ရေကြီးရေလျှံမှု မဖြစ်ခင်ကထက်တောင် ပိုပြီး အခြေအနေ ဆိုးနေသေးတယ်"

"အဲဒါက ဘာဖြစ်လို့လဲ" ဘေးတွင်ရှိနေသော ရန်ဆန်းမင်က မနေနိုင်တော့ဘဲ ဝင်မေးလိုက်သည်။

သူက ရွှေ၏ အသုံးဝင်ပုံကို မသိသေးပေ။

ဝမ်လင်းအာက ပြောလိုက်သည်။ "ရှင်တို့ မသိကြဘူးလား... ရွှေဆိုတာက နာမည်ကြီး ဓာတ်ပြုနိုင်စွမ်းနည်းတဲ့ သတ္တုတစ်မျိုး ဖြစ်ပြီး တခြား ဒြပ်စင်တွေရဲ့ စားသုံးဖျက်ဆီးမှုကို ခံရဖို့ အရမ်းခက်ခဲတယ်လေ"

"ကွမ်ဖူမှာရှိတဲ့ လူတစ်ယောက်က စိတ်စွမ်းအင်တွေ ရွှေကို ထိုးဖောက်ဝင်ရောက်တဲ့အခါ ခုခံနိုင်စွမ်းက အရမ်း ကြီးမားလာတယ်ဆိုတာကို တွေ့ရှိသွားခဲ့တယ်... အဲဒီတော့ တစ်ချို့လူတွေက ဒီထူးခြားချက်ကို အသုံးချပြီး စိတ်ပင်လယ်ကို ဝင်ရောက်တိုက်ခိုက်တဲ့ စိတ်စွမ်းအင်တွေကို အထူး ကာကွယ်ဖို့အတွက် ရွှေအမျိုးအစား သန္ဓေပြောင်းစွမ်းအင် အကာအကွယ်ပစ္စည်းတွေကို ဒီဇိုင်းဆွဲ ဖန်တီးခဲ့ကြတယ်"

"ဒါပေမယ့် ဒါက စိတ်စွမ်းအင်အပေါ် ရည်ရွယ်တဲ့ ကာကွယ်မှု သက်သက်ပါပဲ... တကယ်လို့ စိတ်အဝေးထိန်းအစွမ်းသာ ဖြစ်မယ်ဆိုရင်တော့ ရုပ်ဝတ္ထုပစ္စည်းတွေကို ထိန်းချုပ်နိုင်စွမ်း ရှိလို့ အဲဒါက တကယ့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု တစ်ခုထဲမှာ ပါဝင်နေပြီ"

"ရွှေကို စိတ်စွမ်းအင် အကာအကွယ် သင်္ကေတတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ... အရမ်းကို အစွမ်းထက်တဲ့ သန္ဓေပြောင်းစွမ်းအင် အကာအကွယ်ပစ္စည်းတွေ ဖြစ်ပေါ်လာတော့တာပဲ"

"ရှင်လည်း သိတဲ့အတိုင်းပဲ... စိတ်စွမ်းအင် အစွမ်းပိုင်ရှင်တွေရဲ့ အထူးဆန်းဆုံး အချက်က ကာကွယ်လို့ မရနိုင်တဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှုတွေပဲ"

"ဒီလို အကာအကွယ်ပစ္စည်းမျိုး ရှိမယ်ဆိုရင် စိတ်လှည့်စားတာ... စိတ်စွမ်းအင် ထိန်းချုပ်မှု... စိတ်စွမ်းအင် တိုက်ခိုက်တာ စတဲ့ အစွမ်းတွေကို ကာကွယ်တားဆီးနိုင်ပြီ"

"တကယ်လို့ မကာကွယ်နိုင်ခဲ့ရင်တောင် စိတ်စွမ်းအင် တိုက်ခိုက်တာကို အားပျော့သွားစေနိုင်တယ်... ဒါကြောင့် ရွှေက သန္ဓေပြောင်းစွမ်းအင် ပစ္စည်းတွေလိုပဲ အဖိုးတန်တဲ့ အရာတစ်ခု ဖြစ်လာခဲ့ပြီ"

"နှမြောစရာကောင်းတာက ကျွန်မ ဒီအတောအတွင်းမှာ မြို့လယ်ခေါင်က နေရာအများကြီးမှာ လိုက်ရှာခဲ့ပေမယ့် ရေအောက်မှာ အရင်က ရွှေဆိုင်တွေကို မတွေ့ခဲ့ရဘူး... မဟုတ်ရင် သေချာပေါက် အများကြီး ရလာနိုင်တယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

သူက အစောပိုင်း ဟန်လုံစင်တာမှ ထွက်လာချိန်တွင် အထဲရှိ ကျိုးတဖူ၊ လောင်ဖုန်းရှန် စသည့် ရွှေဆိုင်များကို ပြောင်သလင်းခါအောင် သိမ်းဆည်းလာခဲ့ဖူးသည်။

ထို့ကြောင့် သူ၏ လက်ထဲတွင် အမှန်တကယ်ပင် ရွှေများစွာ ရှိနေပေသည်။

သို့သော် သူ ပို၍ ဂရုစိုက်မိသည်မှာ ဤသို့ဖြစ်လာပါက စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များ၏ တိုက်ခိုက်နိုင်စွမ်းက များစွာ အားနည်းသွားမည် မဟုတ်ပါလား။

သိထားသင့်သည်မှာ အစွမ်းပိုင်ရှင်အားလုံးတွင် စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များက အတော်ဆုံးနှင့် အထူးချွန်ဆုံး ဖြစ်တည်မှုများပင် ဖြစ်သည်။

ယခင်က မိန်တုဥယျာဉ်တွင် ဝမ်ကျဲက သူ၏ စိတ်လှည့်စားမှု အစွမ်းကို အားကိုးကာ အမှတ် (၇၆) တိုက် တစ်ခုလုံးကို နီးပါး သိမ်းပိုက်နိုင်ခဲ့သည်။

ဟန်လုံစင်တာအတွင်းရှိ ထိုခေါင်းကြီးကလေး သန္ဓေပြောင်း မိစ္ဆာကောင်သည်လည်း စိတ်စွမ်းအင် အမျိုးအစား သန္ဓေပြောင်းလဲခြင်းပင် ဖြစ်ပြီး ၎င်း၏ စွမ်းရည်မှာလည်း ကြောက်မခန်းလိလိ အစွမ်းထက်လှပေသည်။

သို့သော် ယခုအခါ လူတိုင်းက ရွှေအမျိုးအစား အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်လာကြမည်ဆိုပါက စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များ၏ တိုက်ခိုက်မှုများကို ကြီးမားစွာ အားနည်းသွားစေမည် မဟုတ်ပါလား။

ထိုသို့တွေးမိသည်နှင့် လင်းယွမ်က မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူကိုယ်တိုင်ကလည်း စိတ်စွမ်းအင် အမျိုးအစား အရည်အသွေးများ မြှင့်တင်ရန်အတွက် အမြဲတမ်း ဂရုစိုက်နေခဲ့သူ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စိတ်စွမ်းအင် အရည်အသွေးက စိတ်စွမ်းအင် အမျိုးအစား အစွမ်းများ၏ အဓိက အရည်အသွေး ဖြစ်ရုံသာမက အမျိုးမျိုးသော ဓာတ်သဘာဝ အစွမ်းများ၏ အဓိက အချက်လည်း ဖြစ်နေသောကြောင့်ပင်။

အကြောင်းအကျိုး အမျိုးအစား အစွမ်းများပင်လျှင် စိတ်စွမ်းအင်နှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။

ယခု ရွှေအမျိုးအစား အကာအကွယ်ပစ္စည်းများ ပေါ်ထွက်လာခြင်းက သာမန် စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များစွာကို ပြဿနာထဲသို့ ကျရောက်သွားစေမည် မဟုတ်ပါလား။

ဝမ်လင်းအာက လင်းယွမ်ကို တစ်ချက် ကြည့်လိုက်ရာ သူ မျက်မှောင်ကြုတ်ထားသည်ကို မြင်တွေ့လိုက်ရသဖြင့် သဘာဝကျစွာပင် သူ၏ အတွေးများကို ခန့်မှန်းမိသွားခဲ့သည်။

ထို့နောက် ပြုံးကာ ပြောလိုက်သည်။ "ရှင်က ရွှေအမျိုးအစား အကာအကွယ်ပစ္စည်းတွေကြောင့်... စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်တွေ အရှုံးကြီး ရှုံးသွားလိမ့်မယ်လို့ ထင်နေတာလား"

"အဲ့ဒီလို မဟုတ်ဘူးလား"

"ခစ်ခစ်ခစ်... အဲဒီလိုဆိုရင်တော့ ရှင်က အစွမ်းပိုင်ရှင်တွေကို အထင်သေးသွားတာပဲ... အစွမ်းတိုင်းမှာ တကယ်လို့ သာမန် အသုံးပြုနည်း တစ်မျိုးတည်းပဲ ရှိတယ်ဆိုရင် အဲ့ဒါက အစွမ်းပိုင်ရှင် အသုံးမကျလို့ပဲ"

"သာမန်အားဖြင့် အဓိက အရည်အသွေးက စိတ်စွမ်းအင်ဖြစ်တဲ့ အစွမ်းပိုင်ရှင်တွေဟာ... အစပိုင်းမှာတော့ စိတ်လှည့်စားတာ... စိတ်စွမ်းအင် တိုက်ခိုက်တာ... စတဲ့ အစွမ်းတွေကို အားကိုးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြရတယ်"

"ဒါပေမယ့် သူတို့ရဲ့ စိတ်စွမ်းအင်တွေက စဉ်ဆက်မပြတ် ကြီးထွားလာပြီး... အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားတဲ့အခါ... လက်တွေ့လောကကို စိတ်စွမ်းအင်နဲ့ ဝင်ရောက်စွက်ဖက်နိုင်တဲ့ အဆင့်အထိကို... နားလည်သဘောပေါက်သွားတတ်ကြတယ်"

"အဲဒါက စိတ်အဝေးထိန်းအစွမ်းပဲ"

ထိုသို့ပြောရင်း ဝမ်လင်းအာက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်လုံးက ချက်ချင်းပင် လေထဲသို့ လွင့်မျောလာခဲ့သည်။

သူမက ပြုံးကာ ပြောလိုက်သည်။ "ကျွန်မရဲ့ အစွမ်းက သားရဲထိန်းချုပ်အစွမ်း ဖြစ်ပေမယ့်... အဓိက အရည်အသွေးကလည်း စိတ်စွမ်းအင် အရည်အသွေးပဲလေ... အစတုန်းကတော့ ကျွန်မက စိတ်အဝေးထိန်းအစွမ်းလိုမျိုး အဆင့်မြင့်တဲ့ အရာတွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး"

"ကျွန်မ မျိုးရိုးဗီဇမျိုးစေ့ အဆင့်ကို ကျော်လွန်သွားပြီးနောက်ပိုင်းမှသာ... ဒီအစွမ်းကို သဘာဝအလျောက် ထိန်းချုပ်နိုင်လာခဲ့တာပါ"

"ဒါပေမယ့်... ဒါက မူလကတည်းက စိတ်အဝေးထိန်းအစွမ်း နိုးထထားတဲ့ အစွမ်းပိုင်ရှင်တွေနဲ့တော့ ကွာခြားချက် ရှိနိုင်တယ်"

"အနည်းဆုံးတော့ စိတ်အဝေးထိန်းအစွမ်းကို နိုးထထားတဲ့ အစွမ်းပိုင်ရှင်တွေအနေနဲ့... သူတို့ မျိုးရိုးဗီဇမျိုးစေ့ အဆင့်ကို ရောက်သွားရင် သေချာပေါက် တခြား ထူးခြားတဲ့ အစွမ်းတွေ ရှိလာမှာပဲ"

"ဘာပဲဖြစ်ဖြစ် စကားတစ်ခွန်းတည်းနဲ့ ပြောရရင်... ဒီကမ္ဘာပေါ်မှာ အသုံးမကျတဲ့ အစွမ်းဆိုတာ မရှိဘူး... အသုံးမကျတဲ့ အစွမ်းပိုင်ရှင်ပဲ ရှိတယ်"

လင်းယွမ်က မနေနိုင်ဘဲ ပြုံးလိုက်ပြီး ချီးကျူးလိုက်သည်။ "ပြောတာကောင်းတယ်"

"အစွမ်းပိုင်ရှင်တွေ စွမ်းအားကြီးတာက... အစွမ်းတွေ အပေါ်မှာချည်းပဲ မူတည်နေတာ မဟုတ်ဘူး... ကိုယ့်ရဲ့ အစွမ်းတွေကို ဘယ်လို ဖော်ထုတ်ပြီး အသုံးချရမလဲဆိုတာကို လေ့လာသင်ယူနိုင်တဲ့ သူတွေကမှ အစွမ်းအထက်ဆုံး ဖြစ်လာကြတာပဲ"

လင်းယွမ်က ဤခရီးတစ်လျှောက်တွင် ဖြတ်သန်းလာရင်း အမျိုးအစားစုံလင်လှသော အစွမ်းပိုင်ရှင်များကို တွေ့ကြုံခဲ့ဖူးသည်။ သူတို့အနေဖြင့် တစ်ဖက်တစ်လမ်းတွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သည်ဆိုပါက ၎င်းတို့၏ အစွမ်းများကို နက်ရှိုင်းစွာ ဖော်ထုတ်နိုင်ခဲ့သော အစွမ်းထက်သည့် ပုဂ္ဂိုလ်များပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူက ဤစကားများကို အလွန်ပင် သဘောတူ လက်ခံမိသည်။

သူတို့အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် လင်းယွမ်က လူတိုင်းကို ထိုက်ယန်တောင် ဈေးဝယ်စင်တာသို့ ခေါ်ဆောင်သွားကာ လည်ပတ်ကြည့်ရှုရန် အကြံပြုလိုက်သည်။

ဝမ်လင်းအာ၊ ဝမ်ယွိအာနှင့် အခြားသူများက လင်းယွမ်၏ နောက်သို့ လိုက်ပါသွားကာ ထိုက်ယန်တောင် ဈေးဝယ်စင်တာကို လည်ပတ်ကြည့်ရှုကြသည်။

အခြားနေရာများကိုမူ လည်ပတ်ကြည့်ရှုရန် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ပစ္စည်းများစွာ ဖျက်ဆီးခံလိုက်ရသဖြင့် လင်းယွမ်အနေဖြင့် မြင်တွေ့ရသည်မှာ စိတ်မကောင်း ဖြစ်နေရသောကြောင့်ပင်။

တစ်ခုတည်းသော အကောင်းပကတိ ကျန်ရှိနေသည်မှာ ဤထိုက်ယန်တောင် ဈေးဝယ်စင်တာ၏ မြို့ရိုးအတွင်းရှိ အဆောက်အအုံများပင် ဖြစ်သည်။

ဤနေရာတွင် ဈေးဝယ်စင်တာ၊ နေရောင်ခြည်ဇုန် ရှိရုံသာမက မွေးမြူရေးခြံနှင့် သားသတ်ရုံများလည်း ရှိနေပေသည်။

ယင်းက ကံဆိုးမှုများထဲမှ ကံကောင်းခြင်းတစ်ခုပင် ဖြစ်သည်။ ကျောက်ခိုင်၏ ကြိုးပမ်းအားထုတ်မှုက အလွန် ကြီးမားလှပြီး မြို့ရိုးကို ကာကွယ်နိုင်ခဲ့သဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်းက ဝင်ရောက်ရန် အခွင့်မသာခဲ့ပေ။

မျက်စိပသာဒ ဖြစ်ဖွယ်ကောင်းလှသော ဈေးဝယ်စင်တာနှင့် လျှပ်စစ်မီး ထောက်ပံ့မှုများကိုပင် မြင်တွေ့လိုက်ရသောအခါ ဝမ်လင်းအာ၏ မျက်လုံးများက ချက်ချင်းပင် နီရဲသွားခဲ့သည်။

"ရှင်တို့ဆီမှာ လျှပ်စစ်မီးတောင် ရှိသေးတာလား... မီးက ဘယ်ကရတာလဲ"

သူမက အလျင်စလို မေးမြန်းလိုက်သည်။ သူမအနေဖြင့် လင်းယွီကျွန်းပေါ်တွင်လည်း လျှပ်စစ်မီးများ ထောက်ပံ့ပေးနိုင်ရန် မည်မျှအထိ ဆန္ဒရှိနေခဲ့သည်ကို ဘုရားသာ သိပေလိမ့်မည်။

အကယ်၍ လင်းယွီကျွန်းပေါ်တွင်သာ လျှပ်စစ်မီး ထောက်ပံ့ပေးနိုင်မည်ဆိုပါက လင်းယွီကျွန်း၏ ဤလူဦးရေလေးဖြင့် သေချာပေါက် လူနေမှုအဆင့်အတန်း မြင့်မားစွာ နေထိုင်နိုင်မည်မှာ အသေအချာပင်။

ဆက်ရန်...

အပိုင်း(၄၉၈) အကအခုန်နှင့် သီချင်းသံ

လင်းယွမ်က ရယ်မောလိုက်သည်။ "လျှပ်စစ်မီးစက် တစ်လုံး အံကိုက် ရလာလို့လေ... ဒီနေရာကို လျှပ်စစ်မီး ပေးနိုင်သွားတာ"

"ဘယ်ကနေ ရလာတာလဲ... တခြား လျှပ်စစ်မီးစက်တွေရော ရှိသေးလား"

ဝမ်လင်းအာက အလျင်စလို မေးလိုက်သည်။

လင်းယွမ်က ခေါင်းခါပြလိုက်သည်။ "လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခုကနေ ရလာတာ"

သူက စနစ် ရှိနေပြီး ကံစမ်းမဲနှိုက်နိုင်ကြောင်းကိုတော့ သဘာဝကျကျပင် ထုတ်ပြောမည် မဟုတ်ပေ။

ဝမ်လင်းအာက ချက်ချင်းပင် စိတ်ပျက်သွားသော အရိပ်အယောင် ပြသလာသည်။

သို့သော်လည်း နောက်တစ်ခဏတွင် နေရောင်ခြည်ခန်းထဲရှိ အလင်းရောင် ထွက်ပေါ်နေသော နေကြာပန်းများကို မြင်လိုက်ရသောအခါ သူမက ချက်ချင်းပင် မျက်လုံးများ ထပ်မံ ပြူးကျယ်သွားတော့သည်။

"လင်းယွမ်... အစ်ကိုလင်းယွမ်... အစ်ကို့ဆီက ဒီသန္ဓေပြောင်း နေကြာပန်းလေးတွေ နည်းနည်းလောက် ညီမကို ရောင်းပေးလို့ ရမလား"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။ "မင်း လိုချင်လို့လား"

"အင်း... အစ်ကို မသိလို့... လင်းယွီကျွန်းပေါ်မှာ နေရောင်ခြည်မှ မရှိတာ... အဝတ်အစားတွေ စိုသွားရင်တောင် ရေဓာတ် အစွမ်းပိုင်ရှင်တွေကို အားကိုးပြီး ရေတွေကို ဖယ်ထုတ်ပစ်ရတာ"

"စောင်တွေ ခေါင်းအုံးတွေဆိုရင်လည်း အမြဲတမ်း စိုထိုင်းနေတော့ အရမ်း နေရခက်တာ... တကယ်လို့ ဒီလို နေရောင်ခြည်ခန်းမျိုးသာ ရှိမယ်ဆိုရင် လင်းယွီကျွန်းက နေထိုင်သူတွေရဲ့ ဘဝက သေချာပေါက် အများကြီး တက်လာမှာ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ လင်းယွီကျွန်းပေါ်ရှိ ၎င်းတို့၏ ခရုခွံအိမ်လေးများကို မဆိုင်းမတွ သတိရသွားမိသည်။

အမှန်တကယ်ပင် သူတို့အနေဖြင့် ခရုခွံအိမ် တစ်လုံးအတွင်း သန္ဓေပြောင်း နေကြာပန်း စိုက်ပျိုးလိုက်ရုံဖြင့် နေရောင်ခြည်ခန်း အသေးစားလေး တစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။

ထိုအခါကျလျှင် ရာသီဥတု အေးလာသည့်တိုင် အနွေးဓာတ် ရရှိရေး ပြဿနာအတွက် စိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။

အဝတ်အစား ခြောက်သွေ့ရေး ကဲ့သို့သော ပြဿနာများအတွက်လည်း စိုးရိမ်ရန် မလိုအပ်တော့ချေ။

သန္ဓေပြောင်း နေကြာပန်းများက ထိုက်ယန်တောင်၏ သီးသန့် အပင်များ ဖြစ်နေပုံရကြောင်း လင်းယွမ်က ရုတ်တရက် သတိပြုမိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤအရာက သူကိုယ်တိုင် စနစ်ထဲမှ ကံစမ်းမဲနှိုက်ပြီး ရရှိထားခြင်း ဖြစ်သောကြောင့်ပင်။

အခြားနေရာများတွင် လုံးဝ ရှိမည် မဟုတ်ပေ။

ထို့ကြောင့် ဤသန္ဓေပြောင်း နေကြာပန်းများကို ထိုက်ယန်တောင်၏ သီးသန့် အရင်းအမြစ် တစ်ခုအဖြစ် သတ်မှတ်၍ ရနိုင်မည် မဟုတ်ပါလား။

မည်သည့် အချိန်ကာလတွင်မဆို သီးသန့် ဟူသော စကားလုံး နှစ်လုံးနှင့် ပတ်သက်နေသရွေ့ ထိုအရာက တန်ဖိုးကြီးမားကြောင်း ကိုယ်စားပြုနေပေသည်။

လင်းယွမ်က လေးလေးနက်နက် တွေးတောနေမိသည်။ နောက်တစ်ဆင့်အနေဖြင့် သူက ကွမ်ဖူနှင့် ဂိုဏ်းကြီးသုံးဂိုဏ်းထံ သွားရောက်ကာ စာရင်းရှင်းရမည် ဖြစ်သည်။

သို့သော် တစ်ချိန်တည်းမှာပင် သူက ကွမ်ဖူနှင့် အဆက်အသွယ် ပြုလုပ်ရမည် ဖြစ်ပြီး ထိုဘက်တွင် သန္ဓေပြောင်းစွမ်းအင် နည်းပညာ အမြောက်အမြားနှင့် အစွမ်းပိုင်ရှင် ထိပ်သီးများစွာ ရှိနေပေသည်။

ထိုက်ယန်တောင်က မည်သို့လုပ်လျှင် ကွမ်ဖူကို ကျော်လွန်နိုင်မည်နည်း။

သေချာပေါက် ဤအရည်အချင်းရှိသူများကို ဆွဲဆောင်ခေါ်ယူရမည် ဖြစ်သည်။

သို့သော် မည်သို့ ဆွဲဆောင်ရမည်နည်း။

ထိုက်ယန်တောင်၏ သီးသန့် အရင်းအမြစ်များနှင့် အေးချမ်းသာယာသော ပတ်ဝန်းကျင်ကသာ လူများကို ဝင်ရောက်လာစေရန် ဆွဲဆောင်နိုင်မည့် အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။

သန္ဓေပြောင်း နေကြာပန်းများက သူတို့ကို ဆွဲဆောင်နိုင်မည့် အကောင်းဆုံး အရာများ ဖြစ်ကောင်း ဖြစ်လာနိုင်ပေသည်။

ရေကြီးရေလျှံမှု ကြီးမားသော ခေတ်ကာလတွင် နေရောင်ခြည်ဟူသည် မည်မျှပင် ဝေးကွာလှသော စကားလုံး တစ်ခု ဖြစ်နေခဲ့သနည်း။

လူတိုင်းက နေရောင်ခြည်ကို မမြင်ရသည်မှာ မည်မျှ ကြာမြင့်နေပြီမှန်းပင် မသိကြတော့ချေ။

နေရောင်ခြည်ကို မမြင်ဖူးသော လူများက ဤအရသာကို မည်သည့်အခါမျှ ခံစားနားလည်နိုင်မည် မဟုတ်ပေ။

အနည်းဆုံးတော့ ယခုအချိန်တွင် ဝမ်လင်းအာနှင့် ဝမ်ယွိအာတို့ အဖွဲ့က မည်သည့်နေရာကိုမျှ တကယ် သွားချင်စိတ် မရှိကြတော့ဘဲ ဤနေရောင်ခြည်ခန်းထဲတွင်သာ ဆက်နေချင်နေကြသည်။

မွန်းတည့်ချိန်တွင် လင်းယွမ်က သူတို့ကို ထမင်းစားရန် ဖိတ်ခေါ်သောအခါ၌ပင် သူတို့က ထွက်မသွားချင်ကြဘဲ နေရောင်ခြည်ခန်းထဲတွင်သာ စားပွဲခင်း၍ စားသောက်ရန် အတင်းအကျပ် တောင်းဆိုခဲ့ကြသည်။

လင်းယွမ်က ငိုရခက် ရယ်ရခက် ဖြစ်သွားပြီး သဘောတူလက်ခံလိုက်ရုံသာ တတ်နိုင်တော့သည်။

ဝမ်လင်းအာက ယခင်စကားကို ပြန်စလာကာ ထပ်ပြောလိုက်သည်။ "အစ်ကိုလင်းယွမ်... ညီမ တကယ် နောက်နေတာ မဟုတ်ဘူး... ဒီသန္ဓေပြောင်း နေကြာပန်းတွေက တကယ်ကို အရမ်း တန်ဖိုးကြီးလွန်းတယ်... ညီမရဲ့ လင်းယွီကျွန်းကို အရမ်း ယူသွားချင်လို့ပါ... အစ်ကိုသာ ဈေးတစ်ခု သတ်မှတ်ပေးပါ... ညီမ ပေးနိုင်သမျှ အကုန်ထုတ်ပေးပါ့မယ်"

လင်းယွမ်က သူမ၏ အလေးအနက် ပြောဆိုနေမှုကို မြင်လိုက်ရသောအခါ ဆက်လက် ဟန်မဆောင်တော့ဘဲ လေးနက်စွာ ပြောလိုက်သည်။ "လင်းအာ... မင်းက ဒီသန္ဓေပြောင်း နေကြာပန်းတွေကို လိုချင်တယ်ဆိုရင် ငါ သေချာပေါက် ငြင်းမှာ မဟုတ်ပါဘူး... ဒါပေမဲ့ ငါ့မှာ တောင်းဆိုချက် တစ်ခုတော့ ရှိတယ်... မင်း သဘောတူမှ ရမယ်"

ဝမ်လင်းအာက အလျင်အမြန် ပြောလိုက်သည်။ "အစ်ကိုလင်းယွမ် ပြောပါ... ညီမ လုပ်နိုင်သမျှ အကုန်လုပ်ပေးပါ့မယ်"

"အရမ်း လွယ်ပါတယ်... ဒီသန္ဓေပြောင်း နေကြာပန်းတွေကို လင်းယွီကျွန်းအတွက် ငါ ထောက်ပံ့ပေးနိုင်တယ်... ဒါပေမဲ့ မင်းတို့အနေနဲ့ တခြား ဘယ်သူ့ကိုမှ ဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းကိုမှ ဖြစ်ဖြစ် ပြန်ရောင်းချခွင့် မရှိဘူး"

ဝမ်လင်းအာက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် သက်ပြင်းချလိုက်နိုင်ပြီး ရယ်မောကာ ပြောလိုက်သည်။ "အစ်ကိုလင်းယွမ်... ဒီတောင်းဆိုချက်လေး တစ်ခုတည်းလား"

"ဒီတောင်းဆိုချက် တစ်ခုတည်းပဲ"

"ခစ်ခစ်... အစ်ကို စိတ်ချပါ... ဒီလောက်ကတော့ ညီမ နားလည်ပါတယ်... ဒီလို သန္ဓေပြောင်း နေကြာပန်းမျိုးက သေချာပေါက် ထိုက်ယန်တောင်ရဲ့ သီးသန့် အရင်းအမြစ် ဖြစ်လာမှာပဲ... အနည်းဆုံးတော့ ကွမ်ဖူမှာတောင် ဒီလို သန္ဓေပြောင်း နေကြာပန်းမျိုးကို ညီမ တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ"

"ဟိုဘက်က လူတွေ အလင်းရောင်အတွက် သုံးတဲ့ အရာတွေက မီးတုတ်တွေ ဒါမှမဟုတ် သန္ဓေပြောင်း မှိုတွေပဲ ဖြစ်နေတုန်းပဲ"

လင်းယွမ်က ရယ်မောလိုက်သည်။ ဝမ်လင်းအာက လင်းယွီကျွန်း၏ ကျွန်းသခင် ဖြစ်လာနိုင်သူပီပီ သေချာပေါက် အခြေအနေကို ချိန်ဆနိုင်စွမ်း ရှိပေသည်။

ထို့နောက် လင်းယွမ်က ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းပြီ... ခဏနေ မင်းတို့ ပြန်တဲ့အခါကျရင် လူတစ်ယောက်ကို ခိုင်းပြီး သန္ဓေပြောင်း နေကြာပန်း တစ်စိတ်တစ်ပိုင်းကို အဲ့ဒီဘက် ရွှေ့ပြောင်းစိုက်ပျိုးပေးဖို့ လုပ်ခိုင်းလိုက်မယ်"

"ကျေးဇူးတင်ပါတယ် အစ်ကိုလင်းယွမ်... ညီမ အစ်ကို့ကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခွက်လောက် တိုက်ပါရစေ" ဝမ်လင်းအာက အရက်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

လင်းယွမ်က ပြုံး၍ သူမနှင့်အတူ အရက်တစ်ခွက်ကို အဖော်ပြု သောက်လိုက်ပြီး ပြောလိုက်သည်။ "မလောပါနဲ့... ခဏနေ ဟင်းတွေ ရောက်လာမှ ဆက်သောက်ကြတာပေါ့"

ထို့နောက် နောက်ထပ် အရသာရှိသော အစားအသောက်များ တစ်သီတစ်တန်းကြီး ရောက်ရှိလာမှုက ဝမ်လင်းအာနှင့် သူမ၏ အဖွဲ့သားများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။

ထိုက်ယန်တောင်တွင် အရသာရှိသော အစားအသောက်များ အလွန် များပြားလှပြီး ဆန်နှင့် ဂျုံမှုန့်များ ရှိရုံသာမက အမျိုးအစား စုံလင်လှသော ဟင်းခတ်အမွှေးအကြိုင်များပင် ရှိနေပေသည်။

ဤအရာများက ကွမ်ဖူတွင် တွေ့ရခဲသော အရာများ မဟုတ်သော်လည်း မြို့သစ် နယ်မြေ တစ်ဝိုက်တွင်မူ အလွန် တန်ဖိုးကြီးမားလှပေသည်။

ဤနေရာက စောစီးစွာ ရေလွှမ်းမိုးခံခဲ့ရသောကြောင့် ဤပစ္စည်းများကို ရှာမတွေ့နိုင်တော့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

လင်းယွီကျွန်း၏ ကျွန်းသခင် ဖြစ်သူ ဝမ်လင်းအာပင်လျှင် ဤမျှ အရသာရှိသော ဆော့စ်များကို မကြာခဏ စားသုံးနိုင်ခြင်း မရှိခဲ့ပေ။

လူသားတို့၏ အကြီးကျယ်ဆုံးသော တီထွင်မှုမှာ ဤဟင်းခတ်အမွှေးအကြိုင်များပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

စားသောက်မှု အပိုင်းတွင် ဆင်းရဲချမ်းသာ ကွာဟချက် မရှိတော့သည့် အခြေအနေကို အမှန်တကယ်ပင် ဖန်တီးပေးနိုင်ခဲ့ပြီ ဖြစ်သည်။

အနည်းဆုံးတော့ ချမ်းသာသူများ စားသုံးကြသည်မှာလည်း ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်များသာ ဖြစ်ပြီး အလွန်ဆုံး ကွာဟပါက ဟင်းချက်စရာ ပါဝင်ပစ္စည်းများသာ ကွာခြားနိုင်သော်လည်း အရသာမှာမူ အလွန်အမင်း ကွာခြားသွားမည် မဟုတ်ပေ။

ထမင်း တစ်နပ်ကို ဗိုက်ဝအောင် စားသောက်ပြီးနောက် လင်းယွမ်က လူအများကို ခေါ်ဆောင်ကာ သတ္တုတွင်းနယ်မြေဘက်သို့ ထပ်မံ ထွက်ခွာသွားခဲ့သည်။

အဝေးမှနေ၍ သတ္တုတွင်းနယ်မြေဘက်မှ ငြိမ့်ညောင်းသော သီချင်းသံများကို အဆက်မပြတ် ကြားနေရသည်။

ဤသီချင်းသံများတွင် ကုသပေးနိုင်သော စွမ်းအားများ ပါဝင်နေပြီး လူများကို မသိမသာပင် စိတ်အပန်းပြေသွားစေကာ တစ်ကိုယ်လုံးကို ပျော်ရွှင်ကြည်နူးမှု ခံစားရစေသည်။

ဝမ်လင်းအာက အံ့သြတကြီးဖြင့် မေးလိုက်သည်။ "ဒါက စိတ်ပိုင်းဆိုင်ရာ ကုသပေးတာလား"

လင်းယွမ်က ချက်ချင်း နားလည်လိုက်သည်။ ယင်းမှာ မုန့်ယိုယိုက သတ္တုတွင်းနယ်မြေတွင် ဒဏ်ရာရရှိထားသော လူနာများကို ကူညီကုသပေးနေခြင်း ဖြစ်ရပေမည်။

မကြာမီမှာပင် သူတို့က တုံယန်နှင့် ဆုံတွေ့လိုက်ရသည်။

လင်းယွမ်က မေးလိုက်သည်။ "ယိုယို သီချင်းဆိုနေတာလား"

တုံယန်က ဝမ်လင်းအာကို သတိထားကာ တစ်ချက် ကြည့်လိုက်မိသည်။ ဤအမျိုးသမီးက အစ်ကိုလင်းယွမ်၏ ဇနီးမယားများနေရာအတွက် အနည်းငယ် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်ဟု ခံစားလိုက်ရသောကြောင့် သူမက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ယိုယို တစ်ယောက်တည်း မဟုတ်ဘူး... ယွီယန်ပါ ပါတယ်"

"သူတို့နှစ်ယောက်က စိတ်ပိုင်းဆိုင်ရာ ကုသပေးတဲ့ သီချင်းနဲ့ အကအဖွဲ့လေး ဖွဲ့ထားတာလေ... လူတော်တော်များများက သူတို့ရဲ့ အကနဲ့ သီချင်း ဖျော်ဖြေမှုကို သဘောကျနေကြတယ်"

လင်းယွမ်က ကြက်သေ သေသွားပြီး သံသယဖြင့် မေးလိုက်သည်။ "ယွီယန်လည်း ရှိနေတာလား"

"အင်း... အစ်ကို သွားကြည့်ချင်လို့လား" တုံယန်က ချက်ချင်း မေးလိုက်သည်။

လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ "လင်းအာတို့လည်း ရှိနေတာနဲ့ အံကိုက်ပဲ... အားလုံး အတူတူ သွားကြည့်ကြတာပေါ့"

ဝမ်လင်းအာနှင့် အခြားသူများကလည်း အနည်းငယ် သိချင်စိတ် ပြင်းပြနေကြသဖြင့် ချက်ချင်းပင် လင်းယွမ်တို့ နောက်မှ လိုက်ပါသွားကာ သတ္တုတွင်းနယ်မြေဘက်သို့ ဦးတည်သွားကြသည်။

သို့သော် သတ္တုတွင်းနယ်မြေ၏ မြို့ငယ်လေးတွင် အသေးစား နေရောင်ခြည်တဲလေး တစ်ခု တကယ်ပင် ရှိနေသည်ကို မြင်လိုက်ရသည်။

ကြီးမားသော ဝါးတဲကြီးအောက်တွင် သန္ဓေပြောင်း နေကြာပန်း အများအပြားကို စိုက်ပျိုးထားပြီး နေရောင်ခြည်က ပတ်ဝန်းကျင် အရပ်မျက်နှာ အနှံ့အပြားသို့ ဖြာကျနေကာ နွေးထွေးမှုများ လွှမ်းခြုံနေသည်။

နေကြာပန်းခင်းကြီး အလယ်တွင် စင်မြင့်ကြီး တစ်ခုကို တည်ဆောက်ထားသည်။

လှပသော စစ်သည်တော်လေးနှင့် တူညီသည့် အန်နီမေးရှင်းဆန်ဆန် မိန်းကလေး တစ်ယောက်က စင်မြင့်ထက်တွင် လှပစွာ ကပြနေသည်။

သူမ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် ကြယ်ရောင်လေးများသဖွယ် တောက်ပနေသော စွမ်းအင်များ ပျံ့လွင့်နေပြီး လေထဲတွင် ပျံသန်းနေသော အလင်းလိပ်ပြာလေးများနှင့် အလားသဏ္ဌာန်တူကာ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ ခန္ဓာကိုယ်များပေါ်သို့ စီးဆင်းသွားကြသည်။

အလင်းလိပ်ပြာလေးများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော လူများ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် သက်တောင့်သက်သာ ရှိသွားသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

စင်မြင့်၏ ဘေးတစ်ဖက်တွင်မူ မုန့်ယိုယိုက အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး တိုးညှင်းစွာ သီချင်းဆိုနေသည်။

စိတ်စွမ်းအင် လှိုင်းများ ပါဝင်နေသော သီချင်းသံက စီးဆင်းနေသော ကြည်လင်သည့် စမ်းရေပေါက်လေးများနှင့် အလားသဏ္ဌာန်တူကာ လူတိုင်း၏ နှလုံးသားထဲသို့ တတောက်တောက် ကျဆင်းလာပြီး လူတိုင်း၏ စိတ်နှလုံးကို ကုစားပေးနေသည်။

လင်းယွမ်က စင်မြင့်ထက်ရှိ လုယွီယန်ကို ကြည့်နေမိသည်။ သူမက အတိတ်က အထီးကျန်ဆန်ပြီး ပေါင်းသင်းဆက်ဆံရေး နည်းပါးခဲ့သော လုယွီယန်နှင့် လုံးဝ မတူညီတော့သည့်ပုံ ပေါ်နေပေသည်။

စင်မြင့်ထက်ရှိ သူမက လူတစ်ယောက် လဲလှယ်ခံလိုက်ရသကဲ့သို့ အတွင်းပိုင်းမှနေ၍ အပြင်ပိုင်းအထိ ယုံကြည်မှု အပြည့်ဖြင့် တောက်ပနေသည်။

ချစ်စရာကောင်းသော ကကွက်များနှင့် တက်ကြွမှု အပြည့်ရှိနေသော လန်းဆန်းမှုများက ဂျပန်အာနီမဲ ကမ္ဘာထဲမှ ထွက်ပေါ်လာသော အားအင်အပြည့်ရှိသည့် ကောင်မလေး တစ်ယောက်နှင့် အမှန်တကယ်ပင် တူညီနေတော့သည်။

သူမကို တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် လူများကို တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိသွားစေပြီး စိတ်အားထက်သန်မှုများ တက်ကြွလာစေနိုင်သည်။

လင်းယွမ်က မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

လင်းယွမ်တို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အလား စင်မြင့်ထက်တွင် မုန့်ယိုယို၏ ဂီတသံထဲ၌ နစ်မြောနေသော လုယွီယန်၏ အကြည့်များက သူတို့ဘက်သို့ မရည်ရွယ်ဘဲ ရောက်ရှိလာခဲ့သည်။

လင်းယွမ်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာအမူအရာက အနည်းငယ် မှင်သက်သွားပြီးနောက် ချက်ချင်းပင် လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးဖြာသွားသော အရိပ်အယောင်လေး တစ်ခု ထွက်ပေါ်လာသည်။

သို့သော် ကကွက်များက ရပ်တန့်မသွားဘဲ ဟန်ပန်တစ်ခု ပြောင်းလဲသွားကာ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်၍ လင်းယွမ် ရှိရာဘက်သို့ ညင်သာစွာ ဖိတ်ခေါ်သည့် ဟန်ပန်လေးတစ်ခု ပြုလုပ်လိုက်သည်။

ဤဟန်ပန်လေးက သူမ၏ ကကွက်များထဲတွင် အနည်းငယ်မျှပင် ကသိကအောက် ဖြစ်မနေခဲ့ချေ။

အစကတည်းက ဤဟန်ပန်လေး ပါဝင်နေသကဲ့သို့ ကကွက်များထဲတွင် စောစီးစွာကတည်းက ပေါင်းစပ်ဝင်ရောက်နေသည့်ပုံ ပေါ်နေသည်။

သို့သော် သူမက မိမိကို စင်မြင့်ပေါ်သို့ တက်လာရန် ဖိတ်ခေါ်နေခြင်း ဖြစ်ကြောင်း လင်းယွမ် သိလိုက်သည်။

လင်းယွမ်က မည်သို့လုပ် ကတတ်မည်နည်း။ သူက မနေနိုင်ဘဲ ပြုံး၍ ခေါင်းခါပြလိုက်ပြီး သူတို့ကို ဆက်လုပ်ရန် အချက်ပြလိုက်သည်။

လုယွီယန်၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားသော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်လည် ရယ်မောလာခဲ့သည်။

အစ်ကိုလင်းက သူမ ကနေသည်ကို လာကြည့်နေပေသည်။

ထို့ကြောင့် သူမက ပို၍ တက်ကြွစွာ ကပြလာတော့သည်။

သီချင်း တစ်ပုဒ် ပြီးဆုံးသွားသော်လည်း လူတိုင်းက အကနှင့် သီချင်းသံများထဲတွင် နစ်မြောနေကြပြီး အချိန်အတန်ကြာသည်အထိ သတိမဝင်နိုင် ဖြစ်နေကြသည်။

လူတိုင်းက ကိုယ်ရောစိတ်ပါ ပျော်ရွှင်ကြည်နူးမှုကို ခံစားလိုက်ကြရသည်။

လင်းယွမ်ကလည်း သူတို့၏ ကုသပေးနိုင်သော စွမ်းအားများကို ခံစားလိုက်ရပြီး မျက်နှာပေါ်ရှိ အပြုံးများက ပို၍ ပီပြင်လာသည်။

"တကယ် ကတတ်တာပဲ"

ဝမ်လင်းအာက သတိပြန်ဝင်လာပြီး ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။

ဝမ်ယွိအာကလည်း မနေနိုင်ဘဲ ပြောလိုက်သည်။ "မမ... သူတို့က အရမ်း လှတာပဲ... သမီးတို့ သူတို့ကို လင်းယွီကျွန်းမှာ ခဏလောက် လာနေဖို့ ဖိတ်ခေါ်လို့ ရမလား"

ဝမ်လင်းအာက မနေနိုင်ဘဲ လင်းယွမ်ကို ကြည့်လိုက်သည်။ "အစ်ကိုလင်းယွမ်... ရနိုင်မလား"

လင်းယွမ်က ပြုံးလိုက်သည်။ "ဒါကိုတော့ မင်း သူတို့ကိုပဲ မေးကြည့်ရမှာပေါ့"

ဝမ်လင်းအာက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "ညီမ ထိုက်ယန်တောင်ဘက်မှာ ခဏလောက် နေဖို့ စဉ်းစားထားတယ်... အဲ့ဒီအခါကျရင် သူတို့အဖွဲ့ကို ကျွန်မတို့ ကျွန်းပေါ်မှာ ရက်အနည်းငယ်လောက် ဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ရမယ်"

လင်းယွမ်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "ဒီကိစ္စတွေကို ငါ ဝင်မစွက်ဖက်ပါဘူး... မင်းတို့ဘာသာ တိုင်ပင်လိုက်ကြပေါ့"

လမ်းတစ်လျှောက်လုံး လျှောက်လာရင်း လူတိုင်းက ယခုတစ်ကြိမ် စစ်ပွဲကြောင့် စိတ်ဓာတ်ကျဆင်းသွားခြင်း မရှိသည်ကို လင်းယွမ် တွေ့လိုက်ရသည်။

လူအတော်များများက တည်ဆောက်ရေး လုပ်ငန်းများတွင် ပြန်လည် ပါဝင်နေကြပြီ ဖြစ်ပြီး အိမ်များကို တိတ်ဆိတ်စွာ ပြန်လည် တည်ဆောက်နေကြသည်။

အတိတ်က လောကီအမြင်များကို အဆုံးသတ် ကျော်လွှားနိုင်ခဲ့ပြီး သေရေးရှင်ရေး ဖိအားများကို ကြုံတွေ့ပြီးနောက် ပြတ်သားစွာဖြင့် အတူတကွ လက်တွဲသွားကြသူများလည်း ရှိနေပေသည်။

ဒုက္ခဆင်းရဲများ ကျော်လွန်သွားသော်လည်း ကျန်ရစ်ခဲ့သည်များက နာကျင်မှုများချည်းသာ မဟုတ်ဘဲ လှပသော အရာများလည်း ရှိနေပေသည်။

သို့သော် လင်းယွမ်က ယခင်က ကြုံတွေ့ခဲ့ရသော ဒုက္ခဆင်းရဲများကိုမူ လျစ်လျူရှုထားမည် မဟုတ်ပေ။

ဂိုဏ်းကြီးသုံးဂိုဏ်းကို သူက မဖြစ်မနေ တန်ဖိုးပေးဆပ်စေရမည် ဖြစ်သည်။

"ထိုက်ယန်တောင်မှာ လောလောဆယ် အဆင့်မြင့်ပညာရှင်တွေ အရမ်း နည်းနေသေးတော့... ငါ လောလောဆယ် ထွက်သွားလို့ မရသေးဘူး"

"ထိုက်ယန်တောင်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက်... ထိုက်ယန်တောင်က မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင် တစ်သုတ်ကို အမြန်ဆုံး မွေးထုတ်ပေးမှ ရမယ်"

"ဒါ့အပြင် ထိုက်ယန်တောင်ရဲ့ သန္ဓေပြောင်းစွမ်းအင် နည်းပညာကိုလည်း... အမြန်ဆုံး တိုးတက်လာအောင် လုပ်ဖို့ လိုအပ်နေပြီ"

"ကိုယ့်ဘာသာ သုတေသန လုပ်နေရတာက အရမ်း နှေးလွန်းတယ်... ဂိုဏ်းကြီးသုံးဂိုဏ်း ဒါမှမဟုတ် စစ်တပ်ဆီကနေ ပိုပြီး တိုးတက်တဲ့ သန္ဓေပြောင်းစွမ်းအင် နည်းပညာတွေကို ရယူနိုင်ဖို့ နည်းလမ်း ရှာရမယ်"

ယခုတစ်ကြိမ် တိုက်ပွဲက လင်းယွမ်ကို ထိုက်ယန်တောင်နှင့် ဂိုဏ်းကြီးသုံးဂိုဏ်း ကြားရှိ ကွာဟချက်ကို ရှာဖွေတွေ့ရှိသွားစေခဲ့သည်။

ထိုက်ယန်တောင်က စစ်ရေး ကာကွယ်မှု အပိုင်းတွင် အလွန် အားနည်းနေသေးပေသည်။

အဓိက အဆောက်အအုံများတွင် လင်းယွီကျွန်း၏ လိပ်ကြီး အကာအကွယ်ဒိုင်း ကဲ့သို့သော ကာကွယ်ရေး စနစ်များကို တည်ဆောက်သင့်ပေသည်။

အနည်းဆုံးတော့ မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ တိုက်ခိုက်မှုများကို ကာကွယ်နိုင်မှသာ အဆင်ပြေမည် ဖြစ်သည်။

"ဒါနဲ့... တင်းယန်ကို ဘာလို့ မတွေ့တာလဲ"

လင်းယွမ်က တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ သူ ပြန်ရောက်နေသည်မှာ အတော်ကြာနေပြီ ဖြစ်သော်လည်း တင်းယန်ကို မတွေ့ရသေးသည်မှာ အံ့သြစရာပင်။

သူက တုံယန်ကို ချက်ချင်း လှမ်းကြည့်ကာ မေးလိုက်သည်။ "ယန်ယန်... တင်းယန်ရော"

တုံယန်က ထိုစကားကို ကြားသောအခါ ပါးစပ် လှုပ်စိလှုပ်စိ ဖြစ်သွားပြီး ခဏမျှ တုံ့ဆိုင်းနေကာ ပြောလိုက်သည်။ "အမတင်းက ကျွန်မကို မပြောရဘူးတဲ့"

လင်းယွမ်က ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ "ဘာတွေ ဖြစ်ခဲ့လို့လဲ"

သူ၏ အသံက အနည်းငယ် လေးနက်သွားသဖြင့် တုံယန်က ချက်ချင်းပင် အနည်းငယ် ကြောက်လန့်သွားသည်။

သူမက နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်ရုံသာ တတ်နိုင်တော့သည်။ "အမတင်းက လီချင်းဟွာတို့နဲ့ အတူ မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါတွေကို အမဲလိုက်ဖို့ သွားကြတယ်... အမက ပြောတယ်... အမက ပြောတယ်..."

လင်းယွမ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်း ထပ်မေးလိုက်သည်။ "ဘာပြောတာလဲ"

"အမက အစ်ကို့ရဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူးတဲ့... သူ ပိုပြီး အင်အားကြီးလာချင်တယ်လို့ ပြောတယ်"

"သူက ကျွန်မတို့ကို အစ်ကို့ကို မပြောပြဖို့ မှာထားတာ"

လင်းယွမ်က မျက်မှောင် အကြီးအကျယ် ကြုတ်သွားသည်။ "အဓိပ္ပါယ်မရှိတာပဲ... သူတို့က မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သတ္တဝါတွေကို ဘယ်မှာသွားရှာကြမယ်လို့ ပြောသွားသေးလား"

သူကိုယ်တိုင်က သူတို့အတွက် မျိုးရိုးဗီဇမျိုးစေ့ ရယူနိုင်မည့် နည်းလမ်းများကို စောစီးစွာကတည်းက စီစဉ်ပေးထားပြီး ဖြစ်သော်လည်း တင်းယန်က မည်သို့လုပ် မိမိကို အသိပင် မပေးရသနည်း။

"မပြောသွားဘူး... ဒါပေမဲ့ ဒီတစ်ကြိမ် နေရာကို လီချင်းဟွာက ရှာတွေ့ထားတာ... နိချီတော့ နည်းနည်း သိလောက်တယ်"

လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "နိချီကို ငါ့ဆီ ခေါ်လာခဲ့"

တုံယန်က အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျွန်မ သူ့ကို သွားရှာလိုက်မယ်"

သူမက လင်းယွမ် ဒေါသထွက်မည်ကို ကြောက်လန့်နေသဖြင့် အမြန်ပြေးထွက်သွားတော့သည်။

မကြာမီမှာပင် နိချီကို ခေါ်ဆောင်လာခဲ့သည်။

လူငယ်လေးက လင်းယွမ်ကို မြင်သောအခါ လေးစားအားကျသော အရိပ်အယောင်များ ပြသကာ ပြောလိုက်သည်။ "ဆရာလင်း... ကျွန်တော့်ကို ရှာနေတာလား"

"နိချီ... လီချင်းဟွာတို့ ဘယ်သွားကြတာလဲ... မင်း သိလား"

နိချီက ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း အဆုံးတွင်မူ ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော် သိတယ်... ဆရာလင်း"

"ငါ့ကို လိုက်ပို့စမ်း"

လင်းယွမ်က ချက်ချင်းပင် လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ဆက်ရန်...

All Chapters